မပန်းရယ်မငိုနဲ့

မပန်းရယ်မငိုနဲ့(စ/ဆုံး)

———————–

“ဖေဖေ သားတို့နှစ်ယောက်ထဲ ဒီအိမ်မှာနေလို့မရဘူးလားဟင်”

“အော် သားရယ်
ရတော့ရတာပေါ့ ဒါပေမဲ့ ဖေဖေ့မှာ အလုပ်ကိစ္စနဲ့ နယ်ထွက်ရရင် သားကိုနောက်ဆံတင်းနေရတာနဲ့ စိတ်မဖြောင့်ဘူးသားရဲ့”

“ဒေါ်ယုံရှိနေသားပဲ၊ သားနေတတ်ပါတယ်ဖေဖေရယ်”

“ဒေါ်ယုံက ကျန်းမာရေးမ‌ကောင်းလို့ သူ့သမီးတွေရှိတဲ့
တောကိုပြန်ချင်တယ်တဲ့၊
ပြောထားတာကြာပြီသားရဲ့”

“ဟင် ဒေါ်ယုံကလဲ…”

စိတ်ပျက်သံနဲ့ ပြောလိုက်တဲ့သားကို သူကပြုံးကြည့်ရင်း ပုခုံးကိုဖက်ထားကာ မေးလိုက်တယ်။

“သားလေးက ဖေဖေနောက်အိမ်ထောင်ပြုမှာမကြိုက်ဘူးလား”

သားကစဉ်းစားနေသေးတယ်။ အတန်ကြာမှ…

“မကြိုက်ဘူးရယ်တော့မဟုတ်ပါဘူး၊ မိထွေးဆိုတာ အရမ်းဆိုးတယ်ပြောလို့ ကြောက်တာပါဖေဖေ”

“ဖေဖေယူမဲ့မိန်းမက သားအပေါ်မဆိုးနိုင်ပါဘူးသားရယ်
သူကအပျိုလေး၊ ပြီးတော့သူ့အမေကလဲ ကလေးချစ်တတ်လို့ အိမ်နီးပါးချင်းကလေးတွေကိုတောင် အမြဲကျွေးမွေးနေတတ်သူသားရဲ့”

“ဟင် အဲဒီအန်တီရဲ့အမေပါသားတို့နဲ့ လာနေမှာလားဖေဖေ”

” အင်းပေါ့…သူတို့ကအမေတစ်ခု သမီးတစ်ခုဆိုတော့
ဖေဖေတို့အိမ် အတူလာနေကြမှာလေ၊ သားအတွက် အမေရော အဖွားရောရမယ်၊ ဖေဖေလဲသားကို နောက်ဆံတင်းစရာမလိုပဲ အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်မယ်”

သားဟာ သူ့ကို၀ယ်ပေးထားတဲ့ Samsung Tablet ကိုစူးစိုက်ကြည့်နေရာက လာပြတယ်။

“ဒီမင်းသမီးကအပျိုလေးတဲ့ဖေဖေ၊ သူယူထားတာက ကလေးသုံးယောက်အဖေ
ခု သူလဲတယောက်မွေးထားတယ်”

ယူကြည့်လိုက်ပြီး ပြုံးလိုက်မိတယ်။

“သားဘာပြောချင်လို့လဲဟင်”

“အော် အပျိုလေးက ကလေးသုံးယောက်အဖေကို
ယူတယ်ဆိုတာ ရတနာသူဌေးမို့ယူတာလို့ ဒေါ်ယုံကပြောလို့ပါဖေဖေ၊ ပိုက်ဆံမရှိတဲ့ယောက်ကျားဆိုရင် အဲဒီမင်းသမီးက လူပျိုကိုတောင်ယူမှာမဟုတ်ဘူးတဲ့ဖေဖေ”

“ဒေါ်ယုံကတော့ ခက်ပြီ၊
ကလေးကို သူထင်ရာအကုန်ပြောနေတော့တာပဲ”

” ပြီးတော့
ဒေါ်ယုံကပြောသေးတယ်ဖေဖေ”

“ထပ်ပြောသေးတာလား၊ ပြောပါဦး၊ ဘာတဲ့လဲ”

” ဟိုလူမှာပါလာတဲ့ကလေးတွေကို အဲဒီမင်းသမီးက ပြုစုပေးဖို့မှမလိုတာတဲ့၊ ကလေး ဆယ်ယောက်ပါလဲ အဲဒီမင်းသမီးပင်ပန်းဖို့မလိုဘူးတဲ့၊ အိမ်ဖော်တွေအများကြီးရှိတယ်တဲ့”

“သားဖေဖေက ရတနာသူဌေးလိုချမ်းသာတာမလုပ်ဘူး၊ သာမာန်မရှိမရှားကုန်သည်လေးပဲဖြစ်တာတဲ့၊ သားဝေရာ၀စ္စတွေကို လုပ်ကိုင်ပေးတဲ့
ဒေါ်ယုံလိုမျိုး သားမိထွေးက
စိတ်ရှည်မယ်မထင်ဘူးတဲ့ဖေဖေ”

“ခက်ပြီ၊ ဒေါ်ယုံနဲ့တော့
သား ဒေါ်ယုံပြောတာနဲ့ ကြောက်နေတာလား”

“ကြောက်တော့မကြောက်ပါဘူးဖေဖေ၊ ဒါပေမဲ့ ဟိုမင်းသမီးလိုပဲ ၊ သားရဲ့ stepmom က ကလေးတစ်ယောက်အဖေကိုယူတာဟာ
သူတို့ထက် ဖေဖေက ပိုက်ဆံရှိတယ်၊ အိမ်နဲ့ကားရှိတယ် ၊ဒါကြောင့်များလားလို့ သားစဉ်းစားနေတာပါ၊ ဟိုအဖွားတော်ရမဲ့မိန်းမကြီးကလဲ သူ့သမီးအပျိုလေးကို ဖေဖေ့လို မုဆိုးဖိုနဲ့ သဘောတူတာဟာ
သူတို့ဆင်းရဲလို့ပဲ သားထင်နေတာ”

ဆယ်နှစ်အရွယ်သားဟာ အရာရာကိုစဉ်းစားတွေးတောတတ်နေပြီပဲ။ သူ့အမေဟာ သူ့ကိုမွေးရင်းဆုံးပါးသွားခဲ့တယ်။
မိတဆိုးလေးကို မိခင်မေတ္တာပါပေးပြီး ဂရုစိုက်ကျွေးမွေးနေခဲ့ရချိန်က နောက်တစ်ယာက်ယူဖို့ စိတ်ပင်မကူးခဲ့မိ။

ခုအခြေအနေမှာတော့ မြို့ပြကရပ်ကွက်တစ်ခုမှာ
တိုက်ပိုင်ကားပိုင်လေးနှင့် အသင့်အတင့်ကြွယ်၀လာခဲ့ပြီလေ။
သူ့အသက်လည်း လေးဆယ်ကျော် အရွယ်ကောင်း။ သားသားကလည်း ကောင်းဆိုးဝေဖန်တတ်တဲ့အရွယ်မဟုတ်သေးသည့်တိုင် ဆယ်နှစ်ဆိုတဲ့
အသက်နဲ့မလိုက်အောင် ရင့်ကျက်ဉာဏ်ရှိသူ။ ဒီတော့
သူနဲ့လက်ထပ်မဲ့ မပန်းတို့သားအမိနဲ့ သင့်မြတ်မယ်လို့
ယုံကြည်ထားတယ်။

” မဟုတ်ပါဘူးသားရယ်၊ သူတို့ကဆင်းရဲပေမဲ့ ရိုးသားလို့
ဖေဖေက သားအတွက်လဲအဖော်ရအောင် ရွေးချယ်လိုက်တာပါသား၊ သားကိုအမေလို၊ အစ်မလို သူစောင့်ရှောက်နိုင်ပါတယ်လို့
ဖေဖေ့ကိုပြောပါတယ်သားရယ်”

” ဖေဖေစိတ်ချမ်းသာရင် ပြီးပါတယ်ဖေဖေ”

“လိမ္မာလိုက်တဲ့ ဖေဖေ့သားလေး”

(၂)

” မပန်းရယ် နားပါဦး
ဒေါဒေါ်လဲ နားပါဦးခင်ဗျာ၊ နားနားနေနေလုပ်ကြပါ
ကျွန်တော် နောက်တစ်ခေါက်ပြန်လာရင် ကူဖော်လောင်ဖက်ရအောင်
တစ်ယောက်ခေါ်လာပေးပါ့မယ်”

ခြံရှင်း။ အလှ ပန်းအိုးတွေကိုနေရာချနေရာက လှည့်လာတယ်။

” အို မောင်တင်ဆင့်နှယ်
ဒါကိုယ့်အိမ်လေ၊ ကိုယ့်အိမ်ကိုသန့်ရှင်းလှပအောင် ကိုယ်တိုင်ပဲလုပ်ရမှာပေါ့၊ သူများခေါ်မလာနဲ့ အပိုကုန်ပါတယ်ကွယ်”

” ဟုတ်တယ် ကိုကို၊ ပန်းတို့က ရွာမှာတုန်းကစပါးတောင်ထမ်းစားခဲ့ရတာပါ၊ဒါကြောင့်သာ စပါးကုန်သည် ကိုကိုနဲ့ဖူးစာဆုံခဲ့တာပေါ့ ဟင်းဟင်းဟင်း”

ချစ်စဖွယ်ရယ်နေတဲ့မပန်းရဲ့ ပါးကွက်လေးကို အဖွားကြီးအလစ် ရွှတ်ကနဲလုပ်လိုက်တယ်ဆိုရင်…

“ဟင့် ကိုကိုနော်”
ဆိုတဲ့ မပန်းရဲ့မူနွဲ့နွဲ့အသံလေးကို နား၀င်ပီတိ ဂွမ်းဆီထိသို့ ကြားလိုက်ရတယ်။

ကိုတင်ဆင့်ပြုံးကာ မျက်စေ့တစ်ဖက်မှိတ်ပြပြီး နှုတ်ဆက်လိုက်တယ်။

” သွားမယ် ပန်းလေး၊ ဒေါ်ဒေါ် ကျွန်တော်သွားမယ်နော်”

“အေး အေး”

“ကိုကိုရေ အမြန်ပြန်လာခဲ့နော်၊ ပန်းလေးမျှော်နေမှာ”

ကိုတင်ဆင့်ကခေါင်းညိတ်ပြပြီး ကားမောင်းထွက်လာခဲ့တယ်။ လမ်းတစ်၀က်ရောက်မှ
သတိရတာက သားကိုနှုတ်မဆက်ခဲ့ရဘူးဆိုတာပဲ။

သနားပါတယ်ငါ့သားလေး။
ခါတိုင်းဆို သားလေးကိုမွှေးပြီးမှ အပြင်သွားနေကြ။
သားတို့ကျောင်းပိတ်ထားချိန် နွေရာသီမှာ မပန်းနဲ့လက်ထပ်လိုက်ပြီးနောက် မပန်းအမေကြီးပါ သူတို့အိမ်ကိုရောက်လာခဲ့တယ်။

မပန်းတို့လဲရောက်ရော ဒေါ်ယုံလဲ သူ့သမီးရွာကို ပြန်တာပါပဲ။

မပန်းတို့သားအမိကို သားလေးက ခပ်စိမ်းစိမ်းရှိနေသေးလို့ သူကပဲအတူဆုံစေကာ ရင်းနှီးအောင် လုပ်ပေးရတယ်လေ ။

တခုတော့ရှိတယ်။
မင်္ဂလာဆောင်ထားတဲ့ သတို့သမီးငယ်ငယ်လေးအလိုကျ ဟိုပို့သည်ပို့နဲ့ အပြင်မှာပဲအချိန်ကုန်ကာ သားကိုမပန်းအမေနဲ့အပ်ထားရတာ
ကြာပြီပဲ။

ဒီနေ့က မင်္ဂလာဆောင်ပြီး
တစ်လအကြာမှာ ဖြစ်ပါတယ်။ သားလေးနဲ့မပန်းတို့သားအမိလဲ အနည်းငယ်ရင်းနှီးကျွမ်း၀င်နေကြပြီဆိုတော့
သူလဲ ခရီးထွက်ရမဲ့အချိန်မို့
အလျင်စလိုထွက်လာခဲ့ရာက
သားကိုနှုတ်ဆက်ဖို့ မေ့ခဲ့ခြင်းပါ။

ကားကိုပြန်လှည့်ကာ
အိမ်ရှေ့ရပ်ပြီး။၀င်လာခဲ့တယ်။

“ဟင် ကိုကို ခရီးမသွားတော့ဘူးလားဟင်”

“သွားမယ်ပန်းလေး၊ သားလေးကို နှုတ်မဆက်ခဲ့ရလို့ ပြန်၀င်လာခဲ့တာ”

” အော် ကိုကိုကလဲ ဒါများ ဖုန်းနဲ့နှုတ်ဆက်လိုက်ရောပေါ့၊ ဆီကုန်ခံပြီး ပြန်လာရတယ်လို့”

” သားအဖကြားက အစဉ်အလာကို ငွေကြေးကုန်ကျမှာ တွက်ပြီးဖျက်ပစ်လို့မရဘူးလေပန်း၊ ကိုကို သားအခန်းကိုသွားလိုက်မယ်နော်”

“ဟုတ်”

မပန်းနဲ့သူ့အမေ တယောက်ကိုတယောက် ကြည့်လိုက်ကြတဲ့အကြည့်ကို ကိုတင်ဆင့်မမြင်ခဲ့ပါ။

တံခါးကစေ့ထားတာမို့ ၀င်လိုက်တယ်ဆိုရင်…
သားလေးဟာ သူ့အခန်းထဲမှာခွေနေတာကိုတွေ့ရတယ်။
ခုတလော မင်္ဂလာကိစ္စ၊ အလုပ်ကိစ္စနဲ့ သားကိုသူသိပ်မတွေ့ဖြစ်ခဲ့တာအမှန်။

“သားလေး
သားဉာဏ်”

သားလေးနဖူးကိုစမ်းကြည့်တော့ ကိုယ်နွေးနေပါလား။

“မပန်းရေ….
မပန်း”

“ရှင်…ကိုကို”

အနားရောက်လာတဲ့မပန်းကို ဆေးနဲ့နို့တစ်ခွက်ယူလာခိုင်းလိုက်တယ်။

” ရော့ ပါရာလေးသောက်လိုက်ပါဦးသားလေး”

သားက ဖအေစကား မပယ်ရှားလိုသူပါ။ ဆေးကို နို့နဲ့တကျိုက်ထဲ မျှောချလိုက်ပြီး မျက်လုံးကို ပြန်မှိတ်ထားလိုက်တယ်။

“ဖေဖေ နယ်ဆင်းလို့မှ ဖြစ်ပါ့မလားသားရယ် ဟင်”

သားကဘာမှပြန်မပြော။
မပန်းနဲ့သူ့အမေက …

“ကိုယ်လေးနွေးရုံပဲကိုကိုရယ်။မပန်းတို့ရွာက ကလေးတွေဆို ဒီလောက်လေးကို ငပိရည်စပ်စပ်နဲ့ထမင်းစားလိုက်တာနဲ့တင် ပျောက်တယ်”

“ဟုတ်ပ မောင်တင်ဆင့်ရယ်
သားယောက်ကျားလေးကို သမီးမိန်းကလေးလို နုမထားရဘူး ၊ ပျော့ညံ့သွားတတ်တယ်ကွဲ့၊ တို့တွေရှိတာပဲ သွားမှာသာသွားစမ်းပါ”

“သားဉာဏ်၊ ဖေဖေ တစ်ညပဲအိပ်ခဲ့မှာပါ ဖြစ်လားဟင်သား”

သားဉာဏ်က လှည့်မလာပဲ

“ဖြစ်ပါတယ်ဖေဖေ”

ဟုပြောကာ စောင်ကိုခေါင်းမြီး ခြုံလိုက်တော့လို့ အသာလေးပြန်ထွက်လာခဲ့တယ်။
မျက်ရည်များးနဲ့ သားဉာဏ်ကျန်ခဲ့တာကို သူမသိခဲ့ရဘူး။

(၃)

တစ်ညသာအိပ်မယ်
ပြောခဲ့ပေမဲ့ အလုပ်ကိစ္စကမပြတ်လေတော့ နှစ်ပတ်ခန့်ကြာမဲ့အဖြစ်။

မပန်းနဲ့ဖုန်းပြောပြီး သားဖုန်းကိုခေါ်တိုင်း သားအသံကိုမကြားရ။ စက်ပိတ်ထားတတ်တယ်။
သားလေး ဖေဖေ့က်ို စိတ်ဆိုးနေပြီလားမသိ။

ဒီနေ့လဲ သားဖုန်းကိုခေါ်လိုက်တယ်။
သားက သူ့ဖုန်းကိုမကိုင်။ မပန်းဖုန်းကိုခေါ်လိုက်တယ်။

“သား နေမကောင်းလို့လား မပန်း”

“ကောင်းပါတယ်ကိုကို၊ သက်သာနေပါပြီ
အောက်ထပ်မှာ ဆော့နေတယ်”

“အော်…
သားကို ဖုန်းပေးလိုက်ပါဦး”

“ဟုတ် ကိုကို”

အတန်ကြာမှ ဟဲလို သံကိုကြားရတယ်။
မပန်းအမေကြီးအသံ။

” အော် ဒေါ်ဒေါ်”

“အေး ဟုတ်တယ်ကွဲ့၊ မပန်းဖုန်းသွားပေးတော့ မင်းသားကတွန်းထည့်လိုက်လို့ လဲသွားပါရောလား၊ ခု ခါးနာသွားပြီလေ”

“ဟင်၊ သားကအဲလိုမရိုင်းတတ်ပါဘူး ဒေါ်ဒေါ်”

” အော် သူက တို့သားအမိကို
အိမ်မှာမနေစေချင်လို့လားမသိပါဘူးကွယ်၊
ထမင်းကျွေးတော့လဲ အော်လွှတ်၊ ပန်းကန်တွေပစ်ခွဲနဲ့
မပန်းခမျာ သူ့သားကြောင့် မျက်ရည်မျက်ခွက်ပါပဲ”

“မင်းစိတ်ဆင်းရဲမှာစိုးလို့
မပြောတာပါ”

” သားကို ဖုန်းသွားပေးလိုက်ပါဒေါ်ဒေါ်”

” အမလေး ငါကြောက်တယ်မောင်တင်ဆင့်၊ အသက်ကကြီးနေပြီ တွန်းခံလိုက်ရရင် အရိုးကျိုးမှာကွဲ့””

ဖုန်းကကျသွားခဲ့ပြီ။
အလုပ်ကိစ္စ အမြန်လက်စ သပ်ရတယ်။ မပန်းက ငိုတိုင်တာကိုလဲ စိတ်မချမ်းသာ
ကြားနေရတယ်။
စိတ်ညစ်ညူးလိုက်တဲ့အဖြစ်ပါပဲ။

သားကတော့ကွာ။
ဘယ်လိုဖြစ်နေတာပါလိမ့်။
ဖုန်းကိုလဲ စက်ပိတ်ထားတာ
လွန်ရော။

စပါးကိစ္စ မပြတ်သေးလဲ
သူပြန်မှ ဖြစ်တော့မှာ။
မပန်းက ဘယ်တော့လာမလဲ မေးတာကို မဖြေပဲ သူ့ဟာသူ
ရောက်ချလာခဲ့တယ်။ တံခါး၀ကနေ မြင်နေရတဲ့မြင်ကွင်းကြောင့် သူအံ့ဩမှင်တက်မိကာ ငုတ်တုတ်မေ့သွားမလို့ မနည်းသတိထားလိုက်ရတဲ့အဖြစ်။

“ဟင်..”

(၄)

သားလေးက ကြမ်းတိုက်နေပါလား။
မပန်းအမေက စားပွဲပေါ်က
ဆုတံဆိပ်တွေကို ဖုန်သုတ်နေတယ်။

မပန်းက ဆက်တီပေါ်အခန့်သားထိုင်ကာ နေကြာစေ့စားရင်း ကြမ်းပေါ်ပစ်ချလိုက်
သားလေးက ကောက်ကာ အမှိုက်ကျုံးဂေါ်ပြားထဲ ထည့်လိုက်နဲ့။

တံခါးအကွယ်မှာရပ်ပြီး
သူကြည့်နေတာကို တယောက်မှ မတွေ့သေး။

“သားဉာဏ်ရေ…သန့်ရှင်းရေးလုပ်ပြီးရင် ဘေစင်ပေါ်က အိုးတွေ ပန်းကန်တွေပုံနေတာ ဆေးလိုက်ပါဦးသားရေ”

သားဉာဏ်ဟာ မပန်းအမေကြီးကို မကျေနပ်သလိုကြည့်လိုက်တယ်။ မပန်းက ထလာပြီး …

“ဘာလဲ နင်မလုပ်ချင်ဘူးလား
ငါက ကိုယ်၀န်နဲ့၊ အလုပ်ကြမ်းလုပ်လို့မရဘူးလို့ နင့်အဖေက်ိုယ်တိုင်မှာထားတာ၊
ငါ့အမေက တအိမ်လုံးအလုပ် လုပ်ရရင် သေရောပေါ့ဟဲ့
နင့်အဖေစီးပွား မပျက်စီး မလေလွင့်အောင် ငါ့အမေကထိန်းသိမ်းပေးနေတာ၊ သူ့ခမျာ နင့်အဖေက အိမ်ဖော်ငှားပေးပါမယ်ဆိုတာတောင် ငွေကုန်မှာစိုးလို့ မငှားပဲ လုပ်နေရှာတာလေ”

“အော် သမီးရယ်၊ ကိုယ့်အိမ်ကိုယ့်ယာကို ကိုယ်ထိမ်းသိမ်း
ရမှာမဟုတ်လား၊ ခုတလော မောင်တင်ဆင့်က စပါးဈေးတွေကျလို့ ညည်းညူနေတာ အမေမကြည့်ရက်ဘူးလေ
အိမ်ဖော်အတွက်ပါ စားရိတ်ထောင်းအောင် ဘာလို့လုပ်မလဲ”

“လာ သားဥာဏ် ၊ အဖွားတို့
ပန်းကန်ဆေးရအောင်နော်

“မဆေးဘူး”

“ဘာ”

“ဟုတ်တယ် မဆေးဘူး၊ အဒေါ်တို့စားသမျှပုံထားတာကို သားကဆေး စရာလား၊
အရင်တခါလဲ သားကို ဖေဖေမရှိတုန်းဆေးခိုင်းလို့ အအေးပတ်ပြီးဖျားတာ
အရမ်းခံရတာပဲ၊”

သားလေးရယ်။ ဒေါသနဲ့တုန်ရီနေတဲ့ကိုတင်ဆင့်။ တခုခုမလုပ်မိအောင်ထိန်းချုပ်ပြီး
ပုန်းကြည့်နေမိပြန်ရဲ့။

” ဟယ် မိုက်ရိုင်းလိုက်တာကြည့်စမ်း”

နေကြာစေ့အိတ်ခွံနဲ့ လှမ်းပေါက်တော့ ကြမ်းပြင်ပေါ် ပျံ့ကျဲသွားရော။

“ကောက် အဲဒါတွေကို”

“က်ိုယ့်ဟာကိုယ်ကောက်
သားလုပ်တာမဟုတ်ဘူး
အဒေါ်လုပ်တာ”

“ငါက ကိုယ်၀န်သည်ဟဲ့၊ နင့်အဖေက ဘာမှမလုပ်နဲ့လို့ပြောထားတာ”

“မသိဘူးဗျာ၊ သားဗိုက်ဆာပြီ
သားမကြိုက်တဲ့ ငါးခူ‌မည်းမည်းကြီးတွေ မစားချင်ဘူး
ကြေးအိုး၀ယ်ပေး ဒါပဲ”

“အံမာ ပိုက်ဆံအပိုကုန်အောင်
မ၀ယ်ပေးဘူး
ချက်တာနဲ့စား”

” အဒေါ်ကျတော့ မနက်ကလဲ
Grabနဲ့ ykkoကြေးအိုးမှာစားသေးတယ်လေ၊ သားဖုန်းကိုလဲ မတော်တဆဆိုပြီး ရေထဲပစ်ချလိုက်တာ ခုထိ ပြင်မပေးသေးဘူး”

“နင်က ငါ့ကိုတွန်းလိုက်လို့ ခါးနာသွားတာပဲလေ၊ ကျေရောပေါ့ ဟင်း ဟင်း ဟင်း”

မပန်းကိုကြည့်ရင်း ဘီလူးမရုပ်ကိုသာမြင်လာခဲ့တယ်။
သူ့ရှေ့တမျိုး။ ကွယ်ရာတမျိုး။ ဘီလူးမလေး။ အစွယ်တငေါငေါနဲ့ပါလား။
ကြည့်ပါဦး ယူတာမှ တစ်လမပြည့်သေး။ သူက ကိုယ်၀န်နဲ့တဲ့။
ကိုတင်ဆင့်ဟာ သူများသားပျိုသမီးပျိုကို တရား၀င်မယူသေးပဲ ကျူးလွန်တတ်သူမဟုတ်ခဲ့။

ဒီကိုယ်၀န်က ဘယ်သူ့ကိုယ်၀န်လဲ။ ကိုယ်၀န်ကိုအကြောင်းပြပြီး ငါ့သားလူမမယ်လေးကို အိမ်မှုကိစ္စခိုင်းထားရက်တာ။ ကြည့်စမ်းပါဦး။

“မြေးရယ် ကိုယ့်အိမ်အလုပ်ကို ကူကောင်းပါတယ်ကွာ
လာ အဖွားတို့မြေးအဖွားတွေ အတူလုပ်ရအောင်”

“မလုပ်ဘူးဗျာ”

အဖွားကြီးက သမီးကျ မြှောက်ပေးပြီး သားလေးကို အပျော့ဆွဲခိုင်းနေတာ ရွံစရာ။

“သား ပန်းကန်မဆေးချင်ရင်
သန့်ရှင်းရေးဆက်လုပ်လိုက်နော်၊ အဖွားတို့အိမ်ဟာ မြင်သူတိုင်း သဘောကျအောင် သန့်ရှင်းနေရမယ်လေ”

“ဘာ အဖွားတို့အိမ်လဲ
ဒါ သားဖေဖေအိမ်”

အဖွားကြီးက အတင်းလာထည့်လို့ ကိုင်ထားရတဲ့ ကြမ်းတိုက်တန်ကို ပစ်ချပြီး
သားကအော်တယ်။ မပန်းကပြေးလာပြီး ရိုက်မလိုလဲပြင်ရော…

“မပန်း”

စိတ်မထိန်းနိုင်တော့ပါ။
အကျယ်ကြီးအော်လိုက်ရင်း ပြေးသွားကာ လွှဲရိုက်ပစ်လိုက်‌ေတာ့တယ်။

(၅)

ခွေကနဲလဲကျသွားတဲ့ သူ့သမီးကိုပြေးပွေ့ပြီး
အဖွားကြီးက အော်နေသေး။

” မင်း ဘာလုပ်လိုက်တာလဲ
မောင်တင်ဆင့် ငါ့သမီးလေးကို ယူထားတာ တလတောင်မပြည့်သေးဘူး၊ ကိုယ်ထိလက်ရောက် မအေရှေ့နှိပ်စက်တာ ကောင်းသလား”

မပန်းဟာ ဆက်တီကိုမှီထိုင်လိုက်ပြီး အကယ်ဒမီရှုံးလောက်အောင်ငိုနေလေရဲ့။

“တလတောင်မပြည့်သေးပဲ
မစားဖူးတာစားရ၊ မမြင်ဖူးတာမြင်ရ၊ မနေဖူးတာနေရလို့
ခင်ဗျားတို့သားအမိ ဘ၀င်ကြွပြီး ကျုပ်သားကို နှိပ်စက်နေကြတာ မသိဘူးထင်လား”

သားလေးက ကြောင်ကြည့်နေရာက ဖအေဆီပြေးလာတာကို ဆီးဖက်ထားရင်း…

” ဖေဖေ သား နေ့တိုင်းပန်းကန်ဆေးရတယ်၊ ကိုယ့်အိမ်အလုပ်ကိုယ်ပဲလုပ်ရမယ် ဆိုပြီး သူတို့စားထားတဲ့ပန်းကန်
တွေပါဆေးခိုင်းတယ်ဖေဖေ”

” ပြီးတော့ရော…သား’

” သားကို သားမကြိုက်တဲ့ဟင်းတွေပဲချက်ကျွေးတယ် ဖေဖေ..ငါးခူတို့ငါးရံ့တို့ သားရွံပါတယ်ဆိုတဲ့ဟာကို”

“ဖေဖေ၀ယ်ပေးထားတဲ့ ကိုရီးယား ခေါက်ဆွဲခြောက်တွေ ဖာလိုက်ရှိတယ်လေသား”

ဘီလူးမသားအမိက မျက်နှာငယ်လေးနဲ့ ကြည့်နေကြတယ်။

” သူတို့ရွာက ဘုန်းကြီးကျောင်းအတွက်ဆိုပြီး ဧည့်သည်နဲ့ အကုန်ထည့်ပေးလိုက်တယ်ဖေဖေ၊ သား
သားက ၀ယ်ပေးပါဆိုတော့
ငွေရှာရခက်တယ် အပိုတွေမ၀ယ်ပေးဘူးတဲ့”

” ဟာ ကွာ”

သားလေးက ၀မ်းနည်းနေရှာကာ ငိုရော။ ရင်ထဲမကောင်းလ်ိုက်တာလေ။ ဘယ်လောက်များ ဆာလောင်၀မ်းနည်း
နေလိုက်မလဲ။

သားလေးက သူ့ကိုလှမ်းတိုင်မှာစိုးလို့ ကလေးဖုန်းကိုရေထဲပစ်ချလိုက်တဲ့မိန်းမယုတ်။
ခုတော့ သူ့အပြစ်သူမဖုံးနိုင်ပဲ
မျက်နှာငယ်လေးနဲ့။ မျက်ရည်တွေတွေ စီးကျနေလေရဲ့။

“သားက ပန်းကန်တွေကိုပစ်ပေါက်တယ်ဆို

“မဟုတ်ပါဘူးဖေဖေ
ဖေဖေသွားမဲ့နေ့က သားဆီပြန်လှည့်လာပြီး ဆေးတိုက်တာကို မကျေနပ်လို့ဆိုပြီး
အဒေါ်မပန်းက ပန်းကန်တွေကိုပစ်ခွဲလိုက်တာ၊ သားကဗီဒီယိုရိုက်ထားလို့ဆိုပြီး ဖုန်းကိုရေကန်ထဲ ပစ်ချလိုက်တယ်၊ သားအရမ်းကြောက်တာပဲ”

“ဟာ… ခင်ဗျား တို့ဗျာ
ခင်ဗျားတို့……”

ကိုတင်ဆင့်ဟာ ဒေါသများနဲ့တုန်ရီကာ သားကိုသာတင်းတင်းဖက်ထားခဲ့တယ်။
ဟိုသားအမိက ဘယ်လိုပင်တောင်းပန်စေဦးတော့ သူလက်မခံတော့ပါ။

သူတို့လုပ်ရပ်အားလုံးကို CCTV ကဖမ်းထားတာကိုလဲ
ဗဟုသုတမရှိသူများမို့ သတိမထား။ အိမ်ကြီးရှင်ဂုဏ်ဖမ်းကာ ထင်ရာစိုင်းနေကြခြင်းဖြစ်ပါတယ်။

“ကဲ….ကလေးကိုအကြမ်းဖက်ထားတာကို ရဲတိုင်ရမလား
ကိုယ့်ဟာကိုယ် ပြန်ကြမလား”

“အံမာ လင့်ပစ္စည်း မယားတစ်၀က်ပိုင်တယ်၊ ငါတို့ကိုနှင်ချင်တိုင်း နှင်လို့ရမလား”

“ဟုတ်ပြီလေ
Cctvမှာ ဖျားနေတဲ့ကလေးရှေ့ ပန်းကန်ခွဲတာတွေ၊ ထမင်းမကျွေးပဲထားတာတွေ
ကြမ်းတိုက် ပန်းကန်အိုးခွက်ဆေးခိုင်းတာတွေ အကုန်ရှိတယ်၊ မင်းတို့ကို တိုင်လို့ရမဲ့သက်သေတွေပဲ၊ ပြီးတော့ ကိုယ်၀န်က ဘယ်သူနဲ့ရတဲ့ကိုယ်၀န်လဲ ပြော၊ ငါနဲ့ယူထားတာ တစ်လမပြည့်သေးဘူး
ကိုယ်၀န်အကြောင်းပြ ငါ့သားခိုင်းရအောင် ဘယ်ကကိုယ်၀န်လဲ၊ ပြောစမ်း ခု ပြော

မပန်း အော်ငိုပြီး
တောင်းပန်တယ်။

” ပန်းလေးလိမ်မိတာပါကိုကိုရဲ့၊ ပန်းလေးကိုခွင့်လွှတ်ပါ”

“တိတ်စမ်း၊ သူဇိမ်ခံချင်လို့
ငါ့သားကိုအလုပ်ခိုင်း၊ ထမင်းမကျွေးနဲ့ …ငါကွာ လုပ်လိုက်ရ”

” ထမင်းကျွေးသားပဲ သူ့သားကချေးများနေပြီးတော့”

“တော် မပန်း၊ ငါ့သားမစားတာကို ၀ယ်ချက်စားရင်
ငါ့သားကြိုက်တာလေးပါ မေးပြီး ချက်ကျွေးသင့်တာပေါ့ကွ၊ ခုတော့ ငါပေးတဲ့ပိုက်ဆံကို မင်းတို့ပဲ စားသောက်လှူဒါန်း၊ ငါ့သားကိုအငတ်ထားတဲ့အပြင် အိမ်အလုပ်ကိုအရွယ်နဲ့မလိုက် ခိုင်းထားတာ
တရားစွဲလို့ရတယ်ကြားလား”

ဗဟုသုမရှိသူများမို့
ကြောက်တော့ ကြောက်တတ်ကြသား။ ကိုတင်ဆင့်ပေးတဲ့ငွေကိုယူကာ ရှေ့နေရှေ့မှာ ကွာရှင်းစာချုပ်ကို လက်မှတ်
ထိုးပေးသွားကြတယ်လေ။

အသိတက်စီတစ်စီး‌ေခါ်ပေပြီး ရွာအရောက် ပို့ခိုင်းလိုက်တယ်။ မပန်းကတရှုံ့ရှုံ့ငိုလို့ပေါ့။ မသနားပါဘူး။
ခုမှ စိတ်ပေါ့သွားရတော့တယ်။

“ဖေဖေ”

” ဟင်”

“သားကို စိတ်ဆိုးလားဟင်”

“ဘာလို့စိတ်ဆိုးရမှာလဲသားရဲ့”

“သားကြောင့် ဖေဖေ့မိန်းမနဲ့ကွဲသွားလို့ပေါ့”

“ဖေဖေ မိန်းမယူတာ သားအတွက်အဆင်ပြေဖို့ပါကွယ်၊
နောက် ဘယ်တော့မှ ဖေဖေ အိမ်ထောင်ထပ်မပြုတော့ဘူး
သားလေးနဲ့ပဲအတူနေတော့မယ်နော်”

” ဒေါ်ယုံပြန်လာရင် အရမ်းကောင်းမှာပဲနော် ဖေဖေ”

“လာမှာပါခင်ဗျာ၊ သားဉာဏ်ကိုအောင်းမေ့လို့ ပြန်လာတော့မယ်တဲ့”

“ဟေး…”

ပျော်သွားတဲ့ သားလေးရဲ့မျက်နှာကိုကြည့်ပြီး ကြေကွဲမိတယ်။ ငါမကောင်းလို့ ငါ့သား‌ေလးစိတ်ဒါဏ်ရာ ရသွားရှာသေးရဲ့လို့ ယူကျုံးမရဖြစ်နေဆဲပါ။

မိတဆိုးလေးမို့ အမေအစားဘယ်တော့မှ ရှာမပေးတော့ဖို့ ဖေဖေဆုံးဖြတ်လိုက်ပါပြီသားရယ်။ ရိုးဟန်ဆောင်ပြီး စိတ်ယုတ်တဲ့ မပန်းလိုမိထွေးမျိုးနဲ့ သားကိုပေးတွေ့မိတာကို ဖေဖေတစ်သက်လုံးနောင်တ ရနေမိမှာပါ။

ဒီအတွက် ငါ့သားကိုဖေဖေ ပိုဂရုစိုက်ပါ့မယ်ကွယ်။

ကောင်းတဲ့မိထွေးလဲရှိကြမှာပါ။ ဒါပေမဲ့ အတော်ရှားမယ်ထင်ပါတယ်။

ချစ်ပရိတ်သတ်များကို အမြဲလေးစားချစ်ခင်ပါတယ်နော်။

ယုတ်ညံ့တဲ့မပန်းကို ခုမှတော့ ငိုမနေနဲ့လို့ တမင်ရွဲ့ပြီး
ခေါင်းစဉ်ပေးထားတာပါစင့်

 

ချစ်တဲ့, #တင်မိမိအောင်