“စုန်းထီးကြီးဦးဘသာနှင့် ကိုယ်တိုင်ဖော်တဲ့ဆေး”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ကိုယ်တိုင်ဖော်တဲ့ဆေး”(စ/ဆုံး)
—————————————————————————-
အတွဲ(၅) စာစဉ်(၄)

(၁)

“အလတ်ကောင် . . . အလတ်ကောင်”

ကျုပ်အော်ပြီး ငေါက်ခနဲထထိုင်လိုက်မိတယ်ဗျ၊ ကျုပ်ခေါင်းတွေဆို ကျိန်းနေတာပဲဗျာ၊ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ အိမ်တစ်လုံးထဲကိုရောက်နေတာဗျ၊ ဒါနဲ့ကျုပ်လည်း ဘေးဘီကိုပတ်ကြည့်နေတုန်း မိသက်က ကျုပ်အနားကိုပြေးလာတယ်။

“ဘဘကြီးနိုးလာပြီလား”

“အေးအေး၊ ဒါနဲ့ ဒါဘယ်နေရာကိုရောက်နေတာလဲ”

ဒီအချိန်မှာပဲ အောင်ရှိန်နဲ့ဘသိုက်တို့က အိမ်ထဲကိုဝင်လာကြတယ်၊ ညကြီးမိုးချုပ်ပဲရှိပါသေးတယ်ဗျာ၊ အိမ်ထဲမှာတော့ ရေနံဆီမီးခွက်ကလေးတွေ ထွန်းထားတယ်ဗျ။ သူတို့နှစ်ယောက်က ကျုပ်အနားကိုလာထိုင်တယ်။

“အောင်ရှိန်၊ မင်း . . မင်းက ခါးပိုက်နှိုက်ဘသိုက်မဟုတ်လား”

“ဟုတ်ပါတယ်အဘကြီး”

“ငါ . . . ငါကဘယ်လိုဖြစ်ပြီးတော့ ဒီကိုရောက်နေတာလဲ”

အောင်ရှိန်က ဘာမှမပြောဘဲ ဘသိုက်ကထပြောတယ်ဗျ။

“ဒီလိုပါအဘကြီးရာ၊ ကျုပ်တို့လမ်းလျှောက်လာရင်း အဘကြီးကိုသူတို့တွေသယ်လာတာတွေ့တာနဲ့ ကျွန်တော်တို့လည်းခေါ်လာခဲ့လိုက်တာ”

“မင်းတို့ကဘယ်လိုလုပ်ပြီးအဲဒီကိုရောက်လာခဲ့ကြတာလဲကွ”

ဘသိုက်က ခေါင်းကုပ်ရင်း

“အဲဒီလမ်းထဲက ခြံကြီးက ကျုပ်တို့ရဲ့ဆရာကြီးနေတဲ့ခြံလေဗျာ”

“ဟင်၊ ဒါဆို အလတ်ကောင်ထွက်လာတဲ့ခြံက . . .”

“ဟုတ်တယ်အဘကြီး၊ ကျုပ်တို့ကိုအောက်လမ်းနည်းလမ်းတွေနဲ့ ခိုးတက်ဝှက်တတ်အောင်သင်ပေးပြီးတော့ ရသမျှနှစ်ပုံကိုယူနေတဲ့ဆရာကြီးနေတဲ့ခြံပဲဗျာ၊ ကျုပ်တို့လည်း သရဲတွေလွတ်သွားတဲ့အကြောင်း၊ ပြီးတော့ဒီအလုပ်ကိုဆက်မလုပ်နိုင်တဲ့အကြောင်းပြောမယ်ဆိုပြီး လာခဲ့ပေမယ့် ခြံရှေ့အထွက်နားမှာ အဘကြီးကိုတွေ့တာနဲ့ အိမ်ကိုခေါ်လာရတာပါ၊ ကျုပ်တို့အိမ်က သိမ်နုပ်တော့ အဘကြီးကိုအားနာမိပါတယ်”

“ရပါတယ်ကွာ၊ မလိုပါဘူး”

ကျုပ်အိမ်ကိုဝေ့ကြည့်လိုက်တော့ အိမ်က ဓနိတွေမိုးထားတယ်ဗျ၊ ဓနိမိုးတစ်ချို့တောင်မှ ပေါက်ပြဲနေပါရောဗျာ၊ ကြမ်းခင်းကလည်း ဝါးကိုပဲကွပ်နဲ့ပေါက်ပြီး ခင်းထားတဲ့ဝါးကြမ်းခင်းဗျာ၊ ထရံတွေကာထားတယ်ဆိုပေမယ့် တစ်ချို့နေရာတွေမျာ ပေါက်ပြဲနေတာမို့လို့ ဂုန်နီအိတ်တွေ၊ မိုးရောကာဖျင်စတွေနဲ့ ဖာထေးထားကြပါသေးတယ်။ ဘသိုက်က ကျုပ်ကိုကြည့်ရင်း

“အဘကြီးရော၊ ဟောဒီကဆရာကြီးရော ရန်ကုန်မှာတည်းခိုဖို့ရာ အသိအကျွမ်းမရှိသေးဘူးဆိုရင်တော့ ကျွန်တော့်အိမ်မှာပဲ တည်းခိုနိုင်ပါတယ်၊ အိမ်ကသိပ်တော့မကောင်းဘူးပေါ့ဗျာ၊ ဒါပေမယ့် ဆရာကြီးတို့သုံးယောက်လောက်တော့ နေလောက်မှာပါ”

“ရပါတယ်ကွာ၊ ငါမင်းကိုဒုက္ခမပေးချင်ပါဘူး”

“မဟုတ်တာပဲအဘကြီးရာ၊ အဘကြီးက ကျုပ်အသက်ကိုကယ်ခဲ့တာဆိုတော့ ကျုပ်အပေါ်ကျေးဇူးရှိပါတယ်၊ ကျုပ်တို့အိမ်မှာတည်းပါဗျာ”

“တည်းတာတော့တည်းမယ်ကွာ၊ စားဖို့သောက်ဖို့ကတော့ တကူးတကမလုပ်စမ်းပါနဲ့၊ မင်းတို့လည်းပြေလည်တာမှမဟုတ်တာ၊ ဒါနဲ့အောင်ရှိန်၊ မင်းတို့သားအဖနှစ်ယောက် ဘယ်လိုဖြစ်ပြီး ရန်ကုန်ကိုရောက်လာခဲ့ကြတာလဲကွ”

ကျုပ်လှည့်မေးလိုက်တော့ အောင်ရှိန်က သက်ပြင်းတစ်ချက်ချပြီး

“ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲဟေ့”

“ဟ၊ မင်းက ပြောတောင်မပြောရသေးဘူး၊ ရှည်မယ်ဆိုတာက စနေပြန်ပါပြီကွာ”

ကျုပ်ဖောက်ပြောလိုက်တော့ အားလုံးက ရယ်တယ်ဗျ၊ အောင်ရှိန်က ကျုပ်ကိုကြည့်ရင်း

“သာဒင်ရာ၊ မင်းက ဒီအချိန်မှာတောင်မှ စနောက်နေနိုင်သေးတယ်နော်”

“မဟုတ်ပါဘူးကွာ၊ ငါက စိတ်ညစ်တဲ့အချိန်မှာတောင်မှ ပျော်ပျော်နေတတ်လို့ပါကွ၊ ကဲ ပြောစမ်းပါအုံးကွာ”

“ဒီလို သာဒင်ရ၊ ငါ့အိမ်မှာရှိတဲ့ ကြေးစည်ကလေး ပျောက်သွားတာကနေ စတာပဲကွ”

ကျုပ်လည်း မျက်ခုံးပင့်လိုက်ပြီး

“ကြေးစည်ပျောက်သွားတာများ အသစ်ဝယ်လိုက်ပေါ့ကွာ”

“ဟာ၊ ဟေ့ကောင် ဒီကြေးစည်က သာမန်ကြေးစည်မဟုတ်ဘူးကွ”

“သာမန်ကြေးစည်မဟုတ်ပုံထောက်တော့ ရွှေနဲ့လုပ်ထားလို့များလား”

“မင်း ငါစကားပြောတာကို ဖြတ်မပြောစမ်းနဲ့သာဒင်ရာ၊ ဒီကြေးစည်က အရမ်းအရေးကြီးတဲ့ ကြေးစည်ကွ၊ ဒီကြေးစည်လေးက လုံခြုံတဲ့နေရာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့အရာ၊ အဲဒီလုံခြုံတဲ့နေရာမှာလည်း အရမ်းအရေးကြီးတဲ့လူတစ်ယောက်ကို ဖမ်းချုပ်ထားတယ်”

အောင်ရှိန်က လေးလေးနက်နက်ပြောနေတာဆိုတော့ ကျုပ်လည်း သေသေချာချာနားထောင်နေမိတယ်ဗျ။

“ဘယ်နည်းနဲ့မှ အဲဒီလူက အဲဒီနေရာကနေလွတ်သွားလို့မဖြစ်ဘူးကွ သာဒင်ရ”

“နေပါအုံး၊ ဒီလောက်အရေးကြီးတဲ့ပစ္စည်းက မင်းကလွယ်လွယ်ကူကူထားတာပဲလားကွ”

“ဘယ်ကလာဟုတ်ရမှာလဲ သာဒင်ရာ၊ ငါလည်းသေသေချာချာထိန်းသိမ်းထားတာပေါ့ကွ၊ တို့အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုက ကြေးနဲ့သွန်းထားတဲ့ဘုရားကွ၊ အဲဒီဘုရားဆင်းတုအောက်ဘက်မှာ လှို့ဝှက်အကန့်လေးတစ်ခုငါလုပ်ထားတယ်၊ အဲဒီအကန့်ထဲမှာ ကြေးစည်ကလေးကို အသာညှပ်ပြီးထည့်ထားတာကွ”

“မင်းတစ်နေရာရာမှာ အထားမှားလို့များလား၊ ဒါမှမဟုတ် အိမ်သားတစ်ယောက်ယောက်ကများ ယူမိသေးလား”

ကျုပ်မေးတော့ အောင်ရှိန်က ခေါင်းခါပြီး

“မဟုတ်ဘူးကွ၊ အဲဒီကြေးစည်ကလေး အဲဒီနေရာမှာရှိတယ်ဆိုတာကို ငါကလွဲလို့ အိမ်ကလူတွေဘယ်သူမှမသိဘူး၊ နောက်ပြီးတော့ သာဒင်ရေ၊ ဒီကြေးစည်ပျောက်သွားတာကလည်း သွေးရိုးသားရိုးမဟုတ်ဘူးကွ”

“ဆက်ပြောပါအုံးကွာ”

“ဒီလိုသာဒင်ရေ၊ ပြီးခဲ့တဲ့တစ်လလောက်က ငါ့ကိုမောက်ရွာဘက်ကနေ လူနာလာပင့်ကြတယ်ကွ၊ ငါလည်း လူနာကုဖို့လိုက်သွားရင်း လမ်းရောက်တော့ စိတ်ထဲမသင်္ကာဘူးဖြစ်လာတယ်ကွ၊ ဒါနဲ့လှည်းမောင်းနေတဲ့လူကို လှည်းကိုရပ်ခိုင်းတော့ ဒီလူက ရပ်မပေးဘူးကွာ၊ ဆက်ပြီးဒုန်းစိုင်းမောင်းပါရော၊ နွားနက်ကြီးတွေကလည်း ပြေးလိုက်တာ လွန်ပါရောကွာ၊ နွားလှည်းသာဆိုတယ် သွားနေတာက ကားထက်မြန်တယ်ကွ၊ ဒါနဲ့ငါလည်း ပညာနဲ့ဒီလှည်းကိုရပ်ခိုင်းတော့မှ လှည်းကိုဆွဲနေတဲ့ နွားကြီးတွေက ရွံ့နွားကြီးတွေဖြစ်နေပြီး လှည်းကိုမောင်းနေတဲ့လူကလည်း လူသေကောင်ကြီးဖြစ်နေသကွာ”

“မင်းဟာက တော်တော်ထူးဆန်းတာပဲကွ”

“ရွာနဲ့လည်း တော်တော်လှမ်းလှမ်းကိုရောက်လာပြီဆိုတော့ ငါလည်းဘာကြောင့် ဒီလှည်းက ငါ့ကိုတင်ပြေးတာလဲဆိုတာကို စဉ်းစားမိတယ်ကွ၊ အဲဒီမှာ ငါ့ကိုအိမ်ကနေ ပထုတ်ချင်တာပဲလို့ သိလိုက်ပြီး ငါအိမ်ကိုအမြန်ပြန်ခဲ့တယ်၊ အိမ်ရောက်တော့ အိမ်က မွစာကျဲနေသကွ၊ ငါအိမ်ပေါ်ကိုအပြေးတက်ကြည့်လိုက်တဲ့အခါ ဘုရားကျောင်းဆောင်ပေါ်က ကြေးဆင်းတုတော်က နှစ်ခြမ်းကွဲနေပြီးတော့ ကြေးစည်ကလေးက မရှိတော့ဘူးကွာ၊ နှစ်ခြမ်းကွဲတာကလည်း တစ်ခုခုနဲ့ဖြတ်ထားသလိုမျိုး တိခနဲကွဲနေတာဟေ့၊ လှည်းစထွက်တဲ့အချိန်ကနေ ငါအိမ်ကိုပြန်ရောက်တဲ့အချိန်အထိဆိုရင် ဆယ့်ငါးမိနစ်တောင်မကြာဘူးကွာ၊ အဲဒီအချိန်အတွင်းမှာ အခုလိုဖြစ်သွားတာပဲ”

ကျုပ်လည်းအတော်စဉ်းစားနေရပြီဗျ။

“ဒါဆို အဆင့်မြင့်တဲ့ အစွမ်းရှိသူတစ်ယောက်ယောက်က လုပ်သွားတာများလားကွာ”

အောင်ရှိန်က ခေါင်းညိတ်ရင်း

“ငါစိတ်ထဲထင့်နေတာတစ်ခုရှိတယ်ကွ၊ အဲဒါကတော့ အဲဒီကြေးစည်ကလေးကိုရသွားတဲ့လူက ကြေးစည်နဲ့ဆက်သွယ်ထားတဲ့ လှို့ဝှက်အခန်းကြီးထဲမှာ ဖမ်းချုပ်ထားတဲ့လူကို သွားထိမှာစိုးရိမ်ရတာပဲ”

“နေစမ်းပါအုံး အဲဒီလူက ဘယ်သူများလဲကွ”

“ငထေရှင်လို့ခေါ်တဲ့လူတစ်ယောက်ပေါ့ကွာ”

ကျုပ်ဒီနာမည်ကို တစ်ခါမှမကြားဖူးပါဘူးဗျာ။

“နေပါအုံး၊ သူက တော်တော်စွမ်းလို့လား”

“စွမ်းတာကတော့ ပြောမနေပါနဲ့၊ တို့ဘုရားပျံတွေအဆက်ဆက် နှိမ်နင်းခဲ့ရတဲ့ ရန်သူတော်ကြီးပေါ့ကွာ၊ ဒီလူသာ လူ့ပြည်လူ့လောကကို ပြန်ရောက်လာရင် လူတွေအများကြီးသေဆုံးရပြီး သွေးချောင်းစီးမှာတော့ အမှန်ပဲဟေ့”

“ဟာ၊ ဒါဖြင့်ရင် ငါတို့ဒီလူကိုတားရမှာပေါ့ကွ၊ နေပါအုံး သူကအခုလွတ်သွားပြီလား”

အောင်ရှိန်က ခေါင်းညိတ်ရင်း

“လွတ်သွားလို့ ငါတို့ဒီကိုရောက်လာတာပေါ့ကွာ၊ ဒီလိုသာဒင်ရ တို့ဘုရားပျံတွေက အဲဒီငထေရှင်ဆိုတဲ့လူနဲ့ ရန်ငြိုးတွေရှိခဲ့ကြတယ်ဆိုပါတော့ကွာ၊ ဒါကြောင့်လည်း ငထေရှင်လူ့လောကကို ရောက်နေတယ်ဆိုရင် သူရှိတဲ့နေရာကို ငါတို့ဘုရားပျံတွေက အာရုံဖမ်းမိတယ်ကွ၊ ပြီးတော့ ငထေရှင်က သူ့ရဲ့မကောင်းတဲ့အစွမ်းတွေသုံးနေပြီဆိုရင် သူရှိတဲ့နေရာကို ရိပ်စားမိတယ်ကွာ”

“ဒါဆို မင်းတို့အခုရန်ကုန်ရောက်လာတယ်ဆိုတာက . . .”

“ဟုတ်တယ်သာဒင်၊ ငထေရှင်ရန်ကုန်မှာရောက်နေတယ်လို့ ငါ့အာရုံမှာပေါ်နေလို့ ငါနဲ့မိသက်နဲ့လိုက်လာတာပဲ”

“ဒါဆိုရင် သူကဘယ်မှာရှိတာလဲ”

“ဟောဒီအနီးတစ်ဝိုက်မှာပဲပေါ့ကွာ၊ ငါတို့လည်း ငထေရှင်ကိုအာရုံလိုက်ခံရင်း ဖြစ်ချင်တော့ မင်းနဲ့တွေ့တာပဲ၊ ငထေရှင်က သူ့ရဲ့မကောင်းတဲ့အစွမ်းတွေထုတ်သုံးနေတဲ့အချိန်မှာ ငါ့အာရုံထဲမှာ သူ့ပုံရိပ်က ပိုပြီးပေါ်လာခဲ့တယ်၊ ဒါနဲ့ အာရုံရတဲ့အတိုင်း ခြံကြီးအရှေ့ကိုပြေးလာခဲ့တော့ မင်းနဲ့ငထေရှင်နဲ့ တိုက်ခိုက်နေတာကိုမြင်လိုက်ရတာပါပဲ”

ကျုပ်အတော်ကြောက်လန့်သွားတယ်ဗျ၊ ခေါင်းနားပန်းတွေလည်းကြီးသွားတယ်။

“မဟုတ်ဘူး၊ မဟုတ်ဘူးအောင်ရှိန်၊ ငါနဲ့တိုက်ခိုက်နေတဲ့လူက ငထေရှင်မဟုတ်ဘူး၊ သူက ငါ့တူအရင်းလို ချစ်ရတဲ့ သူကြီးသားအလတ်ကောင်လေကွာ”

အောင်ရှိန်က သက်ပြင်းတစ်ချက်ချပြီး

“စိတ်ကိုခိုင်ခိုင်ထားပါ သာဒင်ရာ၊ မင်းတူလေးက အခုငထေရှင်ဖြစ်သွားပြီ၊ ငထေရှင်ရဲ့ နာမ်ဝိညာဉ်က မင်းတူလေးရဲ့ကိုယ်လုံးထဲကို ဝင်သွားပြီ”

“ဒါဆိုရင် ငါ့တူလေး . . . အလတ်ကောင်ရော၊ သူ . . . သူဘာဖြစ်သွားပြီလဲ”

“သေပြီ”

အောင်ရှိန်ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကိုကြားလိုက်ရတော့ ကျုပ်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်ဗျာ၊ ကျုပ်ရင်ဘတ်တွေပူတက်လာလို့ ရင်ဘတ်ကိုဖိလိုက်မိတယ်။

“အလတ်ကောင် . . . အလတ်ကောင်၊ ဒါတွေက ငါ့ကြောင့်ပါကွာ၊ ငါမကောင်းလို့ပါကွ”

ကျုပ်လက်သီးနဲ့ရင်ဘတ်ကို တဒုန်းဒုန်းနဲ့ထုနေမိတယ်ဗျ၊ မိသက်က ကျုပ်လက်ကိုပြေးဆွဲရင်း

“မဟုတ်ပါဘူး ဘဘကြီးရယ်၊ ဘဘကြီးနဲ့မဆိုင်ပါဘူး”

“ဆိုင်တယ်၊ ဆိုင်တယ်၊ ငါသာအလတ်ကောင်က ရွာကနေထွက်မသွားဖို့ တားနိုင်ခဲ့တယ်ဆိုရင် အလတ်ကောင်ဒီလိုဖြစ်မှာမဟုတ်ဘူး၊ ငါမတားနိုင်ခဲ့လို့ သူဒီလိုဖြစ်တာ”

ကျုပ်လည်းတော်တော်ပူလောင်ပြီးတော့ ငိုပဲငိုနေမိတော့တယ်ဗျာ၊ အောင်ရှိန်က ကျုပ်ပခုံးကိုလက်နဲ့ပုတ်ပြီးတော့

“သာဒင်၊ စိတ်လျော့၊ စိတ်ကိုလျော့ပါကွာ၊ မင်းမှာလည်း ဒဏ်ရာကြီးနဲ့မဟုတ်လား”

ကျုပ်အချိန်တော်တော်ကြာသွားတဲ့အထိ ခေါင်းငိုက်စိုက်ချပြီးထိုင်နေမိတယ်၊ ဘသိုက်ကသိပ်မကြာခင်မှာ ကျုပ်တို့ကိုလာခေါ်တယ်ဗျ။

“ဆရာကြီးတို့ အဘကြီးတို့ ထမင်းစားဖို့ကြွပါ”

“ငါမစားချင်ဘူး၊ ငါဘာမှမစားချင်ဘူးကွာ”

“မဟုတ်တာပဲ သာဒင်ရာ၊ ထမင်းလေးဘာလေး စားလိုက်ပါကွ၊ မင်းအားရှိနေမှဖြစ်မယ်နော်၊ ငထေရှင်ကြောင့် ရတဲ့ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူးကွ”

“ငါမစားချင်တော့ဘူး အောင်ရှိန်ရာ၊ ဒီကောင်လေးသေပြီဆိုမှတော့ ငါလည်းဆက်မနေချင်တော့ပါဘူးကွာ၊ ငါသေမယ်၊ ငါလည်းလိုက်သေမယ်”

“စိတ်လိုက်မာန်ပါမလုပ်စမ်းပါနဲ့ သာဒင်ရာ၊ မင်းကောင်လေး သေပြီ မသေဘူးလို့တော့ ကံသေကံမပြောလို့မရသေးပါဘူးကွ”

“မင်းပဲ ငထေရှင်က သူ့ကိုယ်ထဲဝင်နေတယ်ဆိုကွ”

“ဟုတ်တာတော့ဟုတ်ပါတယ်၊ ဒါပေမယ့် သူ့ကိုသေသေချာချာစမ်းသပ်ရအုံးမယ်ကွ၊ ငါခုနက သေသေချာချာစဉ်းစားကြည့်လိုက်တော့ မင်းကောင်လေး မသေဖို့များတယ်ကွ”

ကျုပ်ရင်ထဲမှာ မျှော်လင့်ချက်တွေဖြစ်လာတယ်ဗျာ၊ ဒါနဲ့အောင်ရှိန်လက်ကိုဆွဲလိုက်ပြီး

“ဟုတ်ရဲ့လားအောင်ရှိန်၊ မင်းငါ့ကိုစိတ်ချမ်းသာအောင်များ တမင်လီဆယ်ပြီးပြောတာလား”

“မင်းက ငါ့ကိုအထင်သေးနေပါပြီ သာဒင်ရ၊ ငါးပါးသီလကို ငါလုံအောင်စောင့်ပါတယ်ကွ၊ ငါးပါးသီလထဲမှာ ဖောက်လို့အလွယ်ဆုံးနဲ့ အပြစ်အကြီးဆုံးကတော့ မုသာဝါဒဆိုတဲ့ကံပဲကွ၊ မြတ်စွာဘုရားတောင် ဟောထားတယ်မဟုတ်လား၊ မုသားပြောတဲ့လူတစ်ယောက်က မကောင်းမှုမလုပ်ဝံ့တာ မရှိဘူးဆိုပြီးတော့ပေါ့ကွာ၊ ဒီတော့ ငါက ကံငါးပါးထဲမှာ မုသာဝါဒကို လုံအောင်ထိန်းတယ်၊ ငါဘယ်တော့မှ မလိမ်ဘူး သာဒင်၊ ငါစဉ်းစားကြည့်လိုက်တော့ ငထေရှင်ရှိနေတယ်ဆိုရင် ငါအစောကြီးကတည်းက ရိပ်စားမိခဲ့ရမယ်၊ အာရုံရခဲ့ရမယ်မဟုတ်လား၊ ဒါပေမယ့် အခုထိ အာရုံက ရတစ်ဝက်၊ မရတစ်ဝက်ဖြစ်နေသေးတယ်”

“မင်းက ဘာကိုဆိုလိုချင်တာလဲ”

“ငထေရှင်ဆိုတာ နည်းလမ်းမျိုးစုံသုံးတတ်တယ်ကွ၊ ငါ့တုန်းကလည်း လူသေတစ်ယောက်စီဝင်ပြီးတော့ ဘုရားပျံတွေ အာရုံခံမရနိုင်အောင်လို့ ဘုရားတရားတွေချည်းလှိမ့်လုပ်နေတယ်မဟုတ်လား၊ အခုလည်း ငါအာရုံမခံနိုင်အောင်လို့ဆိုပြီးတော့ သူကတစ်နည်းကြံပုံရတယ်ကွ၊ ပုံမှန်ဆိုရင်တော့ ငထေရှင်ကလူတစ်ယောက်ကိုသေအောင်လုပ်ပြီးတော့ သူ့ကိုယ်ထဲဝင်နေတတ်တယ်၊ အခုတော့ ငါအာရုံမခံနိုင်အောင်ဆိုပြီး မသေသေးတဲ့လူတစ်ယောက်ကိုယ်ထဲဝင်နေပုံပဲ”

“ဒါဆိုမင်းပြောပုံအရ ငထေရှင်က အလတ်ကောင်ကိုယ်ထဲဝင်ပြီး တစ်ကိုယ်နှစ်စိတ်သဘောနဲ့ နေနေတဲ့သဘောများလား”

“ငါထင်ရင်လွဲခဲတယ်သာဒင်ရ၊ အခုလည်း ဒီသဘောပဲဖြစ်မယ်ကွ၊ ပုံမှန်အချိန်မှာဆိုရင် ဒီကောင်လေးရဲ့စိတ်နဲ့ဖြစ်နေပြီး သူလိုအပ်တဲ့အချိန်မှ ငထေရှင်ကဝင်ထိန်းချုပ်တဲ့သဘောဖြစ်မယ်၊ ဒီအတိုင်းသာဆိုရင်တော့ ဒီကောင်လေးကိုယ်ထဲဝင်နေတဲ့ ငထေရှင်ကို ငါတို့နှင်ထုတ်နိုင်ရင် မင်းကောင်လေး အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်ကွ”

ကျုပ်လည်း အောင်ရှိန်ရဲ့စကားကိုနားထောင်ပြီး ခေါင်းညိတ်မိလိုက်တယ်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျေးဇူးပါပဲအောင်ရှိန်ရာ၊ ဒါဆို အလတ်ကောင်ကို ငါပြန်ခေါ်မယ်၊ မင်းပြောတဲ့ငထေရှင်ဆိုလား အဲဒီကောင်ရဲ့နာမ်ဝိညာဉ်ကို အလတ်ကောင်ကိုယ်ထဲကနေ မောင်းထုတ်မယ်”

အောင်ရှိန်က ခေါင်းညိတ်တယ်ဗျ၊ ဘသိုက်က ကျုပ်ကိုကြည့်ရင်း

“ကဲ အဘကြီးရေ၊ မောင်းထုတ်တာကနောက်၊ အခုတော့ ထမင်းစားလေးကြွပါဗျာ”

ကျုပ်လည်း ထမင်းစားဖို့အတွက် မတ်တပ်ထရပ်လိုက်တာပေါ့ဗျာ။

(၂)

ထမင်းစားပွဲခုံကြီးကို အိမ်ရှေ့နားမှာခင်းထားတယ်ဗျ၊ အောက်လင်းမီးအိမ်ကြီးရဲ့အလင်းရောင်က အိမ်ရှေ့တစ်ခန်းလုံးကို ဖြာကျနေပါရောဗျာ၊ ထမင်းစားပွဲခုံကြီးပေါ်မှာတော့ ထမင်းဟင်းတွေခူးထားတယ်၊ ကျုပ်ရယ်၊ အောင်ရှိန်တို့သားအဖရယ် အဲဒီထမင်းစားပွဲခုံကြီးမှာ ဝင်ထိုင်လိုက်ကြတယ်၊

“မင်းရောစားလေ ဘသိုက်ရာ”

“ကျုပ်တို့မိသားစုက စားပြီးပြီဗျ၊ ဆရာကြီးတို့ပဲကျန်တော့တာ”

ကျုပ်တို့ထမင်းစားရင်း အိမ်သားတွေက ကျုပ်တို့ကိုထိုင်ကြည့်နေကြတယ်ဗျ၊ တဲကြီးထဲမှာ လူတွေကတော့အများကြီးပဲဗျာ၊ ကျုပ်စားနေရင်း ကောင်မလေးတစ်ယောက်က ထိုင်ဆော့နေတယ်ဗျ။ ကျုပ်လည်း ကောင်မလေးကိုကြည့်ရင်း

“ဟာ၊ ဟဲ့ကလေးမ၊ နင် ရေခဲရေရောင်းတဲ့ကလေးမ မဟုတ်လား”

ကလေးမက ကျုပ်ကိုမမှတ်မိသလိုနဲ့ကြည့်ရင်း

“အဘကြီးက မနက်ကတစ်ယောက်လား၊ နေ့လည်ကတစ်ယောက်လား၊ ညနေက တစ်ယောက်လား”

“ဟ၊ ငါ့ကိုတောင် နင်မမှတ်မိဘူးလား”

ဘေးနားထိုင်နေတဲ့ဘသိုက်က

“ဟာဗျာ၊ ကျုပ်တို့နဲ့အဘကြီးတို့နဲ့က ရေစက်ရှိတဲ့ပုံပဲဗျာ၊ အဲဒါ ကျုပ်သမီးအငယ်မဗျ၊ သူက ရေခဲရေပုံးနဲ့ဂွင်ဖန်တယ်”

“ဘယ်လိုကွ၊ ဂွင်ဖန်တယ်ဆိုတာ ဘာကိုပြောတာလဲ”

“ပြောရရင် ရိုက်စားလုပ်တာပေါ့အဘကြီးရာ၊ သမီးက ရေခဲရေပုံးယူတယ်၊ ရေခဲတုံးသေးသေးလေးရယ်၊ ပိန်လိန်နေတဲ့ ရေခွက်တွေရယ်ကိုင်ပြီးတော့ ယောင်ပေပေ၊ ထုံအအလူကိုရှာရတာပေါ့ဗျာ၊ အဘကြီးတို့လို နယ်ကနေတစ်ယောက်တည်းတက်လာတဲ့လူတွေဆိုရင်တော့ ကျုပ်တို့ပစ်မှတ်ပေါ့ဗျာ၊ ပြီးရင် ရေခဲရေတိုက်ပြီးတော့ ပြဿနာဖြစ်အောင်လုပ်ရတယ်ဗျ၊ ပြီးတော့ ရေခဲရေပုံးကိုမှောက်ပြီး အော်ငိုရတယ်၊ ဒီအခါ အသင့်စောင့််နေတဲ့ကျုပ်တို့လူတွေက ဝိုင်းလာပြီးတော့ မတန်တဆလျော်ကြေးတောင်းတာပေါ့ဗျာ၊ မပေးဘူးဆိုရင် ထိုးလားကြိတ်လားလုပ်ရတာပေါ့၊ ဒါပေမယ့် ကျုပ်တို့ဂွင်ဖန်တဲ့လုပ်ငန်းတစ်လျှောက် မလျော်တဲ့လူဆိုတာ မကြားဖူးပါဘူးဗျာ”

ကျုပ်ဖြင့်လန့်သွားတာပဲဗျာ။

“ဟ၊ မင်းတို့ဟာကလည်း အဆန်းပါလားကွ”

“ဟုတ်တယ်အဘကြီးရေ၊ ရေခဲရေဖိုးကလည်း ဈေးတင်ထားတာ၊ အပြင်မှာဝယ်သောက်ရင် တစ်ခွက်ငါးပြား၊ ဆယ်ပြားပေါ့ဗျာ၊ ကျုပ်တို့က ဈေးမသိတဲ့လူတွေဆိုရင် တစ်ခွက်ငါးမူးနဲ့ဈေးတင်ပြီးတော့ ရေပုံးထဲပါတဲ့ရေကိုတွက်ပြီး လျော်ကြေးတောင်းတာကိုးဗျ၊ အနည်းဆုံးမရဘူးဆိုရင်တောင် အစိတ်၊ ငါးဆယ်တော့ရတယ်”

“အားလားလား၊ မင်းတို့တစ်မျိုးလုံးက မဟုတ်တာလုပ်တဲ့လူတွေချည်းပါပဲလားကွ”

“ဒါကတော့ အဘကြီးရာ၊ ကျွန်တော်က မကောင်းမှုနဲ့အသက်မွေးတာဆိုတော့ ကျွန်တော်မွေးတဲ့သမီးက ဒီလမ်းလိုက်တာ မဆန်းပါဘူးဗျာ”

ကျုပ်ဖြင့် စားနေတဲ့ထမင်းတောင် ဆက်မစားချင်တော့ပါဘူးဗျာ။

“မင်းတို့ထမင်းစားရတာတောင် စားမဝင်တော့ဘူးကွာ၊ မင်းတို့ဟာက သူများဆီကနေလိမ်ပတ်ပြီးတော့ ရထားတဲ့ငွေတွေမဟုတ်လား”

“စားပါအဘကြီးရာ၊ ကျွန်တော်ကတိပေးပါတယ်၊ မနက်ဖြန်ကစလို့ ကျွန်တော်တို့ မကောင်းတာမလုပ်တော့ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားပါတော့မယ်အဘကြီးရာ”

“အေးကွာ၊ ဒါနဲ့ ကလေးမနာမည်က ဘယ်လိုခေါ်သလဲကွ၊ ကျောင်းတွေဘာတွေရော မနေဘူးလား”

ကျုပ်မေးလိုက်တော့ ကလေးမလေးက မျက်နှာအောက်ချသွားတယ်။ ဘသိုက်ကလည်းမျက်နှာပျက်သွားပြီးတော့

“နေချင်တာပေါ့ အဘကြီးရာ၊ ဒါပေမယ့် ဝမ်းရေးကလည်းရှိသေးတယ်မဟုတ်လား”

ကျုပ်တို့စကားပြောနေတုန်း ဘသိုက်တို့နေတဲ့ဆင်းရဲသားရပ်ကွက်ကလေးထဲမှာ ဆူဆူညံညံဖြစ်ကုန်သဗျ။ ဘသိုက်တို့လည်း ဟိုဟိုဒီဒီကြည့်ရင်း

“ဟာ၊ ဟေ့ကောင်ထွန်းရင် ဘာဖြစ်တာလဲကွ”

ငွေပွားထွန်းရင်ဆိုတဲ့သူက ကလေးလေးချီလို့ဗျ။

“ကျုပ်သားအကြီးကောင် ထုံးစံအတိုင်းတက်သွားလို့ဗျ”

“ဟေ၊ ညရှစ်နာရီကျော်နေပြီဆိုတော့ ဆေးခန်းကဖွင့်ပါတော့မလား”

ကျုပ်လည်းမနေနိုင်တာနဲ့

“ဟေ့၊ ကလေးတက်နေတာလား၊ ဒါဆို ဒီကိုခေါ်လာခဲ့”

ကျုပ်အော်လိုက်တော့ ထွန်းရင်လည်း ကလေးပိုက်ပြီး အိမ်ပေါ်ကိုပြေးတက်လာတယ်ဗျ၊ ကျုပ်က ကလေးကိုသေချာကြည့်လိုက်တော့ ကလေးက မျက်ဖြူဆိုက်နေပြီးတော့ တစ်ကိုယ်လုံးလည်းပျော့လို့ဗျ၊ ပါးစပ်က အံတွေကြိတ်ပြီး သွားရေတွေလည်း စီးကျနေပါရောဗျာ။ ကလေးကတော့ အသက်လေးနှစ်လောက်ပဲရှိမယ့်ပုံပဲ။ ဒါနဲ့ ကျုပ်လည်း ဘသိုက်ကိုကြည့်ုလိုက်ပြီး

“ဘသိုက်ရေ မင်းတို့အိမ်မှာ သားငါးဟင်းသီးဟင်းရွက်တွေ ခုတ်ဖြတ်တဲ့ သစ်သားစဉ်းတီတုံးရှိလားကွ”

“ရှိတာပေါ့ အဘကြီးရာ”

“အေး၊ ဒါဆိုရင် ဓါးထက်ထက်ယူသွားပြီးတော့ အဲဒီစဉ်းတီတုံးကို ဓါးနဲ့ခပ်နက်နက်တစ်ချက်ထဲခုတ်ကွာ၊ ပြီးတော့ အဲဒီဓါးကိုပြန်ထုတ်ရင်း ပဲ့ကျလာတဲ့သစ်သားစကိုယူလာခဲ့၊ စဉ်းတီတုံးဘေးဘက်တွေကိုခုတ်ရင် ထွက်တတ်တယ်ကွ”

ကျုပ်ပြောတော့ ဘသိုက်လည်း အိမ်နောက်ဖေးကိုပြေးဝင်သွားတာပေါ့ဗျာ၊ မကြာပါဘူး ဘသိုက်တစ်ယောက် ဓါးမကြီးကိုင်ပြီးပြန်ထွက်လာတယ်၊ လက်ထဲမှာလည်း စဉ်းတီတုံးက အပဲ့စသေးသေးရှည်ရှည်ကလေးတစ်ခု ပါလာတယ်။ ကျုပ်လည်း သစ်သားစကိုလှမ်းယူလိုက်ပြီးတော့ ထွန်းရင်ဘက်လှည့်လိုက်ပြီး

“ထွန်းရင်၊ မင်းသားအခုဝတ်ထားတဲ့ အင်္ကျီစကိုဖြဲလိုက်စမ်းကွာ”

ထွန်းရင်က သူ့သားအင်္ကျီအောက်အနားစကိုဖြဲလိုက်တယ်ဗျ၊ စွပ်ကျယ်သားလိုအင်္ကျီဆိုတော့ ဖြဲရတာလွယ်ပါတယ်၊ ရှည်ရှည်အပိုင်းလေးရလာတာနဲ့ ကျုပ်လည်း အင်္ကျီစကို လက်နှစ်ဖက်နဲ့ပွတ်လိုက်လိုက်တော့ ကြိုးကလေးတစ်ချောင်းလိုဖြစ်သွားပါရောဗျာ။ နောက်တော့ ခုနကသစ်သားအပဲ့စကို အင်္ကျီစနဲ့ချည်လိုက်ပြီး ကလေးရဲ့ညာဘက်လက်ကိုဆွဲယူလိုက်တယ်။

“မှတ်ထားကွ၊ ယောက်ျားလေးဆို ညာဘက်၊ မိန်းကလေးဆို ဘယ်ဘက်လက်မှာချည်ရတယ်”

ကျုပ်လည်း ကောင်လေးရဲ့ညာဘက်လက်မှာ ခုနကအစကလေးကို ချည်မန်းကွင်းလိုချည်ပေးလိုက်ပြီးတော့ ကလေးရဲ့ငယ်ထိပ်ကိုပုတ်ရင်း

“ဟေ့ကောင်လေး၊ ဟေ့ကောင်လေး၊ ထစမ်း . .ထတော့”

ကလေးက ဘယ်လိုမှတော့မနေဘူးဗျ၊ ဒါနဲ့ ထွန်းရင်ကို ခေါ်နှိုးခိုင်းရတယ်၊ ထွန်းရင်လေးငါးခါလောက် ခေါ်နှိုးပြီးတော့မှ ကလေးက မျက်လုံးတွေပွင့်လာပြီးတော့ ကြောင်တောင်တောင်နဲ့ဖြစ်နေတယ်၊ ထွန်းရင်က ကျုပ်ကို တော်တော်လေးစားအားကိုးသွားတဲ့ရုပ်နဲ့ကြည့်တယ်ဗျ။

“စွမ်းလိုက်တာအဘကြီးရာ၊ အဘကြီးကိုကျုပ်ကျေးဇူးတင်ပါတယ်”

“မလိုပါဘူးကွာ၊ ငါလည်း ကူခွင့်ရလို့ ကူရတယ်လို့ပဲမှတ်ပါတယ်၊ အဲဒီကြိုးကလေးကို မဖြေသေးနဲ့အုံးကွာ၊ လေးငါးရက်လောက်ကြာမှဖြုတ်လိုက်၊ နောက်တစ်ခါထပ်တက်တယ်ဆိုရင်လည်း အဲဒီနည်းကိုမှတ်ထားပြီးလုပ်ပေါ့ကွာ”

အောင်ရှိန်ကတော့ ကျုပ်ကိုပြုံးကြည့်ရင်း ခေါင်းညိတ်နေပေမယ့် မိသက်ကတော့ တော်တော်ထူးဆန်းတဲ့ပုံနဲ့ကြည့်နေသဗျာ၊ နောက်တော့ အောင်ရှိန်ဘက်ကိုလှည့်လိုက်ပြီး

“အဖေကြီး၊ ဘဘကြီး ကုပေးလိုက်တာ စုန်းနည်းလမ်းနဲ့ကုပေးလိုက်တာများလား”

စုန်းနည်းလမ်းဆိုလို့ ဘသိုက်ရော၊ ထွန်းရင်ပါတစ်ချက်တွန့်သွားကြတယ်ဗျ၊ အောင်ရှိန်က ခေါင်းခါရင်း

“စုန်းပညာရယ်လို့တော့မဟုတ်ဘူးပေါ့သမီးရာ၊ အဲဒီနည်းလမ်းတွေကို စတိနည်းလမ်းလို့ခေါ်တယ်ကွ၊ မြန်မာ့ရိုးရာ စတိနည်းလမ်းနဲ့ ကုတယ်ပေါ့ကွာ”

မိသက်က တအံ့တသြနဲ့

“စတိနည်းလမ်းဆိုတာ ဘာကိုပြောတာလဲ အဖေကြီး”

အောင်ရှိန်က ကျုပ်ကိုလှည့်ကြည့်ပြီး

“ကဲ သာဒင်ရေ၊ မင်းသုံးတဲ့နည်းလမ်းတွေကို မင်းပဲပြောပြလိုက်စမ်းပါကွာ”

ကျုပ်က ခေါင်းညိတ်ရင်း

“စတိဆိုတာ တို့မြန်မာတွေ ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက်သုံးလာတဲ့ နည်းလမ်းတွေပဲသမီးရဲ့၊ စတိဆိုတဲ့စကားက စုန်းသိဆိုတဲ့ စကားကနေ ဆင်းသက်လာတာ၊ စုန်းပညာလို့ပြောရမှာထက် ဂမ္ဘီရဆန်တဲ့ပညာရပ်တစ်ခုပေါ့၊ စတိနည်းလမ်းတွေက တွေးကြည့်ရင် အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ရှေးလူကြီးတွေလက်ဆင့်ကမ်းသုံးစွဲလာခဲ့ပြီး တကယ်လည်းအသုံးဝင်တာကြောင့်မို့လို့ ခုချိန်အထိသုံးနေကြတာပဲပေါ့”

မိသက်က ခေါင်းညိတ်ရင်း

“ထူးတာတော့ ထူးဆန်းတယ်ဘဘကြီးရာ”

“အေးပေါ့၊ စတိနည်းလမ်းဆိုတာ ထောင်သောင်းနဲ့ချီပြီးရှိတတ်ကြတယ်၊ ခက်တာက အဲဒီနည်းလမ်းတွေကို တိတိကျကျရေးမှတ်ထားတာမျိုးမရှိဘဲ နှုတ်နဲ့လက်ဆင့်ကမ်းလာခဲ့ကြတာဆိုတော့ တစ်ချို့နည်းလမ်းတွေကတော့ ပျောက်ကွယ်သွားကြပြီပေါ့”

“အဲဒီစတိနည်းတွေက ဘာတွေလဲဟင်ဘဘကြီး”

“ငါ့သမီး ငရုတ်သီးထောင်းလို့ မျက်စိထဲငရုတ်ဖတ်ဝင်ရင် ဘာလုပ်သလဲ”

မိသက်က စဉ်းစားရင်း

“မေမေကြီးပြောတာကတော့ အဲဒီလိုဖြစ်ရင် ညာဘက်မျက်စိငရုတ်သီးစဝင်ရင် ဘယ်ဘက်ခြေမျက်စိကိုရေလောင်း၊ ဘယ်ဘက်မျက်စိထဲ ငရုတ်သီးစဝင်ရင် ညာဘက်ခြေမျက်စိကိုရေလောင်းပြီးတော့ အေးပါစေ၊ ချမ်းပါစေလို့ လေးငါးခါလောက် ရွတ်ပေးရတယ်ဆိုပဲ”

ကျုပ်လည်း ပြုံးလိုက်ရင်း

“အဲဒါ စတိနည်းလမ်းပဲပေါ့ သမီးရယ်”

ဒီတော့မှ မိသက်လည်း လက်ခံသွားတယ်၊ ကျုပ်တို့ကုပေးလိုက်မှန်းသိတော့ တစ်ရပ်ကွက်လုံးက လူတွေက အိမ်မှာလာစုကုန်တယ်ဗျ၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားပြီး ထွန်းရင်သားကို ဆေးကုပေးလိုက်တဲ့ကျုပ်ကို တအံ့တသြနဲ့လာကြည့်ကြတာပေါ့ဗျာ၊ ဘသိုက်က ကျုပ်ကိုကြည့်ပြီး

“ဒါဆိုရင် အူကျရောဂါကိုရော ကုသနိုင်တဲ့ စတိနည်းလမ်းရှိပါသလားဆရာကြီး”

“မင်းကျနေလို့လားကွ”

ကျုပ်မေးတော့ အားလုံးက ဝိုင်းရယ်တယ်ဗျ၊ ဘသိုက်က ရှက်သွားတဲ့မျက်နှာပေးနဲ့

“ကျုပ်ဖြစ်တာတော့မဟုတ်ပါဘူးဗျာ၊ တစ်အိမ်ကျော်မှာနေတဲ့ ဦးဘတူက အူကျနေတာကြာပြီဗျ၊ အမြဲတမ်းတော့မကျဘူး၊ ဒါပေမယ့် အူကျနေပြီဆိုရင် အော်လိုက်တာ ညည်းလိုက်တာများလွန်ပါရောဗျာ၊ ပိုက်ဆံကလည်းမရှိရှာလေတော့ ဆရာဝန်တွေဘာတွေနဲ့လည်း မပြနိုင်ဘူးဗျ”

ကျုပ်လည်း ခေါင်းညိတ်ပြီး

“ဒါက လွယ်ပါတယ်ကွာ၊ ဈေးတစ်ခုကိုသွားပြီး ခရမ်းသီးရောင်းတဲ့ဆိုင်ကနေ ခရမ်းသီးတစ်လုံးကို ပိုင်ရှင်မသိအောင်ယူရမယ်ကွ၊ ခရမ်းသီးခပ်သေးသေးဆိုလည်းရပါတယ်ကွာ၊ ပြီးတော့ အဲဒီခရမ်းသီးနဲ့ ရောဂါဖြစ်တဲ့နေရာကို အသက်အောင့်ပြီး ခုနစ်ချက်ရိုက်ရမယ်ကွ၊ ပြီးရင် ထင်းမီးဖို၊ မီးသွေးမီးဖိုတွေရှိတဲ့ အပေါ်တည့်တည့်နားမှာ ကြိုးတစ်ချောင်းနဲ့ချည်သာထားလိုက်ကွာ၊ မီးနဲ့တော့ မမြှိုက်နဲ့နော်၊ ငါချည်ခိုင်းတာက တန်းတစ်ခုခုမှချည်ခိုင်းတာ”

“အဲလိုချည်ပြီးတော့ ဘာဆက်လုပ်ရမလဲ”

“လေးငါးရက်လောက်ကြာရင် ခရမ်းသီးက ပိန်ရှုံ့သွားလိမ့်မယ်ကွ၊ ဒီတော့မှ ခရမ်းသီးကို ညနေဆည်းဆာအချိန်မှာဖြုတ်၊ ဘယ်သူ့ကိုမှစကားမပြောဘဲနဲ့ ခြံအပြင်ကိုလွှင့်ပစ်ရတယ်၊ နောက်ဆို အဲဒီအူက ကျပါဆိုလို့တောင် မကျတော့ဘူးပေါ့ကွာ”

ကျုပ်စကားပြောပြီးတော့ ကလေးချီထားတဲ့အမေတစ်ယောက်က

“ဒါဆိုဆရာကြီး၊ ကျွန်မသားလေးကိုရော မကုပေးနိုင်တော့ဘူးလား”

“ကလေးက ဘာဖြစ်နေတာလဲ”

သူချီထားတဲ့ အခါလည်သားလောက်ရှိတဲ့ ကလေးကိုပြရင်း

“ကလေးက ဇက်စောင်းနေလို့ပါ”

“အေး၊ ဇက်စောင်းနေရင်း နင်တို့အိမ်မှာ သုံးလက်စ ဆီးသားယောက်မကိုယူ၊ ဘယ်ဘက်ကိုစောင်းရင် ညာဘက်ပခုံးကို၊ ညာဘက်စောင်းရင် ဘယ်ဘက်ပခုံးကို မိခင်ဖြစ်ဖြစ်၊ အဘွားဖြစ်ဖြစ် မိန်းမတစ်ယောက်ယောက်က အသက်အောင့်ပြီး ခုနစ်ချက်ဖိပေးရတယ်၊ တစ်ခါမပျောက်ရင် သုံးလေးခါလောက်လုပ်ပေး၊ ကောင်းသွားလိမ့်မယ်ဟုတ်ပြီလား”

ကလေးအမေက ပြုံးပြတယ်ဗျ။ နောက်လူတစ်ယောက်က အရှေ့ကိုတိုးလာပြီး

“ကျုပ်က အစိုးရရုံးကစာရေးတစ်ယောက်ပါ အဘကြီး၊ ကျုပ်အခုတလော ခေါင်းအုံခေါင်းကိုက်ဖြစ်နေတာကြာပြီဗျ၊ ဆေးတွေသောက်လည်း ခဏပဲသက်သာတယ်၊ ပြီးရင်ပြန်ကိုက်တာပဲ၊ ခေါင်းကိုက်နေတာ့ အလုပ်တွေလည်းကောင်းကောင်းမလုပ်နိုင်လို့ အခုဆိုအလုပ်က ထွက်ရမလိုတောင်ဖြစ်နေပါပြီ အဘကြီးရာ၊ ကျုပ်ကို ကုလို့ရရင် ကုပေးပါဗျာ”

“ဒါများလွယ်လွယ်လေးပါ၊ မင်းအခုဝတ်လက်စ ပုဆိုးအဟောင်းတစ်ထည်ကိုယူကွာ၊ ပြီးတော့ မန်ကျည်းပင်က မန်ကျည်းရွက်အနုအရင့်တွေများများခူးပြီး ခုနကပုဆိုးထဲကို အစာသွပ်၊ ခေါင်းအုံးပုံစံလေးဖြစ်အောင် ပုဆိုးကိုခေါက်ပေါ့ကွာ၊ ပြီးရင်တော့ အဲဒီမန်ကျည်းရွက်ခေါင်းအုံးနဲ့ ခုနစ်ညအိပ်ပေးရမယ်ကွ၊ ခုနစ်ညပြည့်ရင်တော့ ရေစီးနေတဲ့ မြစ်ထဲ၊ ချောင်းထဲကို အဲဒီမန်ကျည်းရွက်ခေါင်းအုံးကြီးကို မြောသာချလိုက်ကွာ၊ ခေါင်းကိုက်ပျောက်သွားလိမ့်မယ်၊ ဒါပေမယ့် အဲဒီမန်ကျည်းရွက်ခေါင်းအုံးကို သူများတော့ယူမအိပ်စေနဲ့နော်၊ အဲဒီလူဆီကို ခေါင်းကိုက်ကူးသွားလိမ့်မယ်”

ဒီလူက ပြုံးရင်း

“ဟာ၊ ဘာမှမခက်ပါလားအဘကြီးရာ၊ ကျုပ်မနက်ဖြန်ပဲ စပြီးစမ်းကြည့်မယ်ဗျာ”

မိန်းမကြီးတစ်ယောက်က ထပ်ကပ်လာပြန်ပါရောဗျာ။

“လက်စနဲ့ ကျွန်မသမီးကိုလည်းကြည့်ပေးပါအုံးဆရာကြီးရာ၊ သူ့ခါးမှာရေယုန်တွေပေါက်နေလို့ပါ”

ဆယ်နှစ်လောက်အရွယ်ကောင်မလေးက သူဝတ်ထားတဲ့ ရှင်မီးအင်္ကျီကိုလှန်ပြတယ်ဗျ၊ ဟုတ်ပါ့ဗျာ၊ ခါးမှာရေယုန်တွေချည်းပါပဲ၊

“အဲဒီရေယုန်က ခါးတစ်ပတ်ပြည့်ရင် လူသေတတ်တယ်နော်ကွ၊ နည်းကတော့ လွယ်ပါတယ်၊ မီးသေလက်စ မီးဖိုကိုကျောပေးပြီးထိုင်၊ ပြီးတော့ လက်မ၊ လက်ညှိုး၊ လက်ခလယ်သုံးချောင်းနဲ့ ပြာနွေးနွေးကို လက်နောက်ပြန်လှမ်းယူရတယ်၊ ပြီးရင်တော့ အဲဒီပြာကိုကြည့်ပြီး “နင်ကရေယုန်၊ ငါကပြာပူဟဲ့” လို့ခုနစ်ကြိမ်ရွတ်ပြီး ရေယုန်ကိုပွတ်လိမ်းပေး၊ ခုနစ်ရက်ဆက်တိုက်လိမ်းရင် ပျောက်တာပေါ့”

ကျုပ်လည်း နည်းလမ်းတွေပေးပြီး တစ်ယောက်ပြီးတစ်ယောက် ပြောနေမိတယ်၊ အောင်ရှိန်ကတော့ ကျုပ်ကိုပြုံးပြီးတော့ ကြည့်နေသဗျာ၊ တော်တော်ကြာတော့မှ လူတွေကျေနပ်ပြီး ပြန်သွားကြတော့တာပဲ၊ ကျုပ်လည်း စကားတော်တော်များများပြောလိုက်ရလို့ထင်ပါ့ဗျာ၊ ချောင်းတွေဆက်တိုက်ဆိုးလာပါရော၊ ချောင်းဆိုးတာကိုလက်နဲ့ကာလိုက်တော့ လက်မှာသွေးစက်တွေလာစင်တယ်ဗျာ။ အောင်ရှိန်က ကျုပ်ကိုကြည့်ပြီး

“မင်းက သူများကိုတော့ ကုသပေးနေပြီး၊ မင်းကိုယ်တိုင်ကုဖို့ကျတော့ မေ့နေတယ်ထင်ပါ့ သာဒင်ရေ”

“အေးလကွာ၊ ငါလည်းအခုမှ ဒဏ်ရာကိုသတိရတယ်”

ကျုပ်လည်း အင်္ကျီကြယ်သီးကိုဖြုတ်လိုက်တော့ ရင်ဘတ်မှာလက်ဝါးရာကြီးကိုတွေ့လိုက်ရသဗျာ၊ လက်ဝါးရာကြီးက ညိုမည်းပြီးတော့ ပုပ်စပ်စပ်ဖြစ်နေပါရော၊

“သွေးလက်ဝါးဖြစ်မယ်ကွ၊ ဒီလောက်တော့ ငါလည်းကုတတ်ပါတယ်”

ကျုပ်လည်း ရင်ဘတ်ကိုလက်နဲ့ဖိပြီး တတ်သလောက်မှတ်သလောက် ပညာရပ်တွေနဲ့ကုကြည့်တယ်ဗျ၊ ဒါပေမယ့် စုန်းပညာနဲ့ကုတာ ပြန်ကောင်းမလာတဲ့အပြင် ပိုပိုပြီးတော့ဆိုးလာသဗျာ၊ ပါးစပ်ထဲအန်ချင်သလိုဖြစ်ပြီး သွေးတွေချည်းလှိမ့်အန်တော့တာပဲ၊ အောင်ရှိန်က ကျုပ်ကိုကြည့်ရင်း

“ငါပြောသားပဲကွ၊ ငထေရှင်ရဲ့အစွမ်းက တော်ရုံမဟုတ်ပါဘူးဆိုနေ”

“အေးကွာ၊ ငါတစ်ခါမှ ဒီလိုဒဏ်ရာမျိုး မတွေ့ဖူးဘူးကွ”

“မပူပါနဲ့သာဒင်ရာ၊ မင်းက သူများတွေကိုတောင်မှ ကုသပေးနေတဲ့လူပဲကွ၊ မင်းကိုလည်း ကုလို့ရမှာပါ၊ ကဲ ရေတစ်ခွက်ပေး၊ ငါကုပေးမယ်”

ဘသိုက်က ရေတစ်ခွက်ပြေးခပ်လိုက်တယ်ဗျ၊ အောင်ရှိန်က အဲဒီရေခွက်ကို ကျုပ်ဆီကိုလှမ်းပေးပြီးတော့

“သစ္စာရေစင်အကြောင်းကို မင်းသိတယ်မဟုတ်လား သာဒင်”

ကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့ မျက်လုံးအစုံကိုမှိတ်ထားလိုက်တယ်။ ရေခွက်ကိုနဖူးအနားကိုကပ်ပြီးတော့

“ကျွနု်ပ်သည် ယနေ့ယခုအချိန်တွင် ရောဂါစွဲကပ်နေသူလူအများကို စတိနည်းလမ်းများပေးပြီး ကုသလမ်းညွှန်ပေးခဲ့ပါသည်၊ အချို့မှာလည်း ပျောက်ကင်းသက်သာသွားခဲ့ပါသည်၊ ဤစကားသည် မှန်သော ဝစီသစ္စာစကားဖြစ်ပါသည်။ ဤမှန်သော ဝစီသစ္စာစကားကို ဆိုရခြင်းကြောင့် ကျွနု်ပ်ကုသပေးခဲ့သူများကဲ့သို့ အကျွနု်ပ်တွင်ခံစားနေရသော ရောဂါဝေဒနာသည်လည်း ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာသွားပါစေသား”

ကျုပ်သစ္စာဆိုပြီးတော့ ရေခွက်ကိုကိုင်တဲ့အခါ အောင်ရှိန်က

“သာဒင်၊ လက်ပြန်ပက်နော်ကွ”

ကျုပ်လည်း လက်နောက်ပြန်နဲ့ ရင်ဘတ်က ဒဏ်ရာကို ရေနဲ့ပက်ထည့်လိုက်တယ်ဗျာ၊ ကျုပ်သစ္စာမှန်လို့ထင်ပါရဲ့၊ ရေနဲ့ပက်ပြီးတာနဲ့ အဲဒီလက်ရာကြီးက တဖြည်းဖြည်းပါးပါးသွားပြီးတော့ နောက်ဆုံးအသားအရောင်အတိုင်းပြန်ဖြစ်သွားတယ်ဗျာ၊ အောင်ရှိန်က

“မင်းက သူများကိုကယ်ခဲ့တဲ့လူဆိုတော့ မင်းကိုယ်မင်းပြန်ကယ်ရတာလည်း မခက်ဘူးပေါ့ သာဒင်ရာ”

(၃)

ကျုပ်တို့ပြောဆိုပြီး ရယ်မောနေကြတုန်းမှာ အိမ်ရှေ့ကနေခေါ်သံကြားလိုက်ရတယ်ဗျ၊ ညကလည်း နက်နေပြီ၊ ကျုပ်အထင်တော့ ညကိုးနာရီလောက်နီးနီးရှိပြီထင်ပါ့ဗျာ။

“ဘသိုက်၊ ဟေ့ကောင်ဘသိုက်၊ အိမ်ထဲမှာ မင်းရှိတာ ငါသိတယ်နော်၊ မင်းအခုချက်ချင်းထွက်ခဲ့စမ်း”

ဘသိုက်က အသံကြားပြီးတော့ ဇက်ကလေးပုသွားတယ်ဗျ၊

“ဘယ်သူလဲဘသိုက်”

“ကျုပ်တို့ကို မကောင်းတာတွေလုပ်ခိုင်းပြီး ခေါင်းပုံဖြတ်စားနေတဲ့ ဆရာကြီးဆိုတဲ့သူပါ”

“အော်၊ ဒင်းကိုး၊ ဒင်းငါနဲ့တွေ့မယ်”

ဘသိုက်က တားရင်း

“အကျယ်အကျယ်တွေဖြစ်ကုန်ပါ့မယ် အဘကြီးရာ၊ အဘကြီးတို့အေးအေးနေပါ၊ ကျုပ်ကိစ္စကျုပ်သွားရှင်းပါ့မယ်”

ဒီအခါ အပြင်ကနေထပ်အော်ပြန်တယ်ဗျာ။

“ဘသိုက်၊ ဘသိုက်၊ မင်းက မင်ကိုယ်မင်းအရည်အချင်းရှိတယ်ထင်လို့ တစ်စင်ထောင်ချင်တာလားကွ၊ မင်းက ဘာကောင်မှမဟုတ်ဘူး၊ မင်းက ငါမရှိရင် ခွေးဖြစ်မယ့်ကောင်ကွ”

ဘသိုက်လည်း ပြေးဆင်းသွားတော့တယ်၊ ခြံရှေ့မှာသူတို့ပြောဆိုနေတဲ့အသံတွေကြားတယ်ဗျ၊ ကျုပ်လည်း မနေနိုင်တာနဲ့အပြင်ထွက်ဖို့လုပ်လိုက်တယ်၊ အောင်ရှိန်နဲ့ မိသက်လည်း ကျုပ်အနောက်ကနေထွက်လိုက်လာကြတယ်ဗျ၊ ခြံရှေ့မှာတော့ ရှပ်အင်္ကျီဝတ်ထားပြီး ၀၀ဖိုင့်ဖိုင့်နဲ့လူကြီးတစ်ယောက်က ဘသိုက်နဲ့ရန်ဖြစ်နေသဗျာ။

“ဘာကွ၊ မင်းက ဆက်မလုပ်တော့ဘူးတဲ့လား၊ ဘသိုက်၊ မင်းလိုခါးပိုက်နှိုက်က ဒီအလုပ်ဆက်မလုပ်တော့ဘူးဆိုရင် ဘာသွားလုပ်စားမှာလဲကွ”

ဘသိုက်ကလည်း ခပ်မာမာပဲဗျာ။

“အိုဗျာ၊ ရန်ကုန်မြို့ထဲမှာ လုပ်စရာတွေမှပေါလို့ဗျာ၊ ဒီလိုမကောင်းတဲ့နည်းလမ်းကို ကျုပ်မလုပ်တော့ဘူး၊ ကျုပ်ဖာသာ ချီးပုံးထမ်းရထမ်းရ ကျုပ်ထမ်းစားမယ်”

“ဘသိုက်ရာ၊ မင်းကတော့ ကောင်းစေချင်လို့ ကုန်းပေါ်တင်ပေးပေမယ့် ချီးတွင်းထဲပျော်တဲ့လောက်လို ချီးတောထဲပဲပြန်ဆင်းချင်တဲ့ကောင်ပါလား၊ မင်းချီးပုံးထမ်းတော့ရော တစ်နေ့ဘယ်နှပြားရမယ်ထင်လဲကွ”

“ဘယ်လောက်ရရဗျာ၊ ကျုပ်ဒီအလုပ်မလုပ်တော့ဘူး၊ ကျုပ်ထပ်ပြီးတော့ မလုပ်နိုင်တော့ဘူး”

“အောင်မာ၊ အေးကွာ၊ ဒါဖြင့်ရင်လည်း ငါ့အကောင်တွေပြန်ပေး”

ဘသိုက်က မျက်နှာကိုတစ်ဖက်လှည့်လိုက်ပြိး

“မရှိတော့ဘူး”

“ဘာကွ၊ မင်းဘာပြောတယ်”

“မရှိတော့ဘူး၊ ခင်ဗျားရဲ့သရဲတွေအကုန် ကျုပ်လွှတ်ပေးလိုက်ပြီ”

“မင်းကွာ၊ မင်းတော်တော်အသုံးမကျတဲ့ကောင်ပဲ၊ မင်းတော့ . . . မင်းတော့ သေပြီသာမှတ်”

အဲဒီလူကြီးက ပြောဆိုရင်း ဒေါသထွက်လာပြီးတော့ ဘသိုက်ကိုလက်ဝါးနဲ့ရိုက်ဖို့ပြင်လိုက်တယ်ဗျ၊ သူ့လက်ဝါးက အနီရောင်ကြီးတစ်ချက်လင်းထွက်သွားပါရောဗျာ၊ ဒါရိုးရိုးလက်ဝါးမဟုတ်ဘူးဗျာ၊ ပညာနဲ့ရိုက်တဲ့လက်ဝါးဗျ၊ ကျုပ်လည်း ဝင်တားမယ်ကြံရုံရှိသေးတယ်၊ ဒီလူကြီးလက်က ဖြောင်းခနဲအသံမြည်ပြီးတော့ အနောက်ကိုခြေသုံးလေးလှမ်းဆုတ်သွားပါရောဗျာ။ ဒီအချိန် အောင်ရှိန်တို့သားအဖက အရှေ့ကိုတက်လာတယ်။

“သြော်၊ ဘယ်သူများလဲလို့ မိတ်ဆွေဟောင်းကြီးပါလား”

ဒီလူကြီးက အောင်ရှိန်ကို တအံ့တသြနဲ့ကြည့်ရင်း

“ဟင် . . . မင်း . . မင်းမောင်ရှိန်မဟုတ်လား”

“အစစ်ပေါ့ဗျာ၊ မတွေ့တာကြာလို့ ခင်ဗျားတောင် တော်တော်ဝလာတယ်နော် ဦးဖိုးထူး”

“နေစမ်းပါအုံးမောင်ရှိန်၊ မင်းက ဒီအိမ်မှာ ဘယ်လိုဖြစ်လို့ရောက်နေတာလဲ”

အောင်ရှိန်က ခပ်မျဉ်းမျဉ်းရယ်လိုက်ပြီးတော့

“ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ဦးဖိုးထူး၊ ခင်ဗျားမနာချင်ရင် အခုကျုပ်ရှေ့ကနေထွက်သွားလိုက်တော့”

ဒီအခါ ဦးဖိုးထူးဆိုတဲ့လူက တဟားဟားနဲ့ခွက်ထိုးခွက်လန်ရယ်သဗျ။

“ဟား၊ ဟား ရယ်ရတယ်အောင်ရှိန်ရာ၊ မင်းလို ဟိုမရောက်ဒီမရောက် ဝိဇ္ဇာကန့်လန့်ကောင်ကများ ငါ့ကိုမောင်းထုတ်တယ်တဲ့လား၊ ငါဒီနှစ်တွေအတွင်းမှာ ဘယ်လောက်တောင်အစွမ်းတွေတိုးခဲ့ပြီလဲဆိုတာ မင်းသိရဲ့လားကွ၊ လာစမ်းပါ၊ ငါ့အစွမ်းသိရအောင် မင်းနဲ့ငါနဲ့ယှဉ်ကြစို့ကွာ”

အောင်ရှိန်ကလည်းရယ်ရင်း

“ကောင်းတာပေါ့ ဦးဖိုးထူးရာ၊ ဒါပေမယ့် ခင်ဗျားအဆင့်လောက်နဲ့ ကျုပ်နဲ့ယှဉ်ဖို့ရာ မထိုက်တန်ဘူးဗျ၊ တော်ကြာလူတွေကြားကုန်မှ ကျုပ်က ခင်ဗျားလိုအိုကြီးအိုမကို အနိုင်ကျင့်တယ်ဆိုပြီး ဖြစ်နေပါအုံးမယ်၊ သမီး မိသက်”

မိသက်က အရှေ့ထွက်လာပြီးတော့

“ရှင်အဖေကြီး”

“ဒီလူကြီးကို သမီးပဲကြည့်ရှင်းလိုက်ပါကွယ်”

“ဟုတ်ကဲ့ပါအဖေကြီး”

အောင်ရှိန်က ဦးဖိုးထူးကိုကြည့်ရင်း

“ဒီမှာဦးဖိုးထူး၊ ခင်ဗျားကျုပ်နဲ့မယှဉ်ခင်၊ ကျုပ်ရဲ့တပည့်မလေး မိသက်နဲ့အရင်ယှဉ်လိုက်ပါအုံးဗျာ၊ ညှာညှာတာတာတော့လုပ်ဗျ၊ ဒီကလေးက ကျုပ်တပည့်ဖြစ်တာ သိပ်မကြာသေးဘူး”

အောင်ရှိန်ပြောလိုက်တော့ ဦးဖိုးထူးမျက်နှာကြီး နီရဲသွားသဗျာ။

“အောင်မာ၊ မလောက်လေးမလောက်စားကောင်မလေးကများ ငါ့ကိုယှဉ်မတဲ့လား၊ စိတ်ချမောင်ရှိန်၊ မင်းတပည့်ကလေးကို မသေမရှင်ဖြစ်အောင်ငါလုပ်ပေးလိုက်မယ်”

ဦးဖိုးထူးပြောနေတုန်း မိသက်က သူ့လက်မှာပတ်ထားတဲ့ပုတီးကလေးကိုဖြုတ်လိုက်သဗျ၊ ပုတီးကတော့ သိပ်မကြီးပါဘူးဗျာ၊ ကျုပ်အထင်တော့ နှစ်ဆယ့်ခုနစ်လုံးပုတီးထင်တာပါပဲ၊ မိသက်က အဲဒိပုတီးကလေးကို လက်ညှိုးမှာတပ်ပြီးတော့ တဝှီးဝှီးနဲ့လှည့်တယ်။ ပြီးတာနဲ့ ဦးဖိုးထူးဆီကို လှမ်းပစ်ထည့်လိုက်တော့တာပါပဲဗျာ၊ ပုတီးက လေထဲမှာတဝှီးဝှီးနဲ့ပျံသန်းသွားရင်း အလင်းရောင်တွေ ဖြန်းခနဲ ဖြန်းခနဲလက်သွားတယ်ဗျ၊ ပုတီးက ပျံသွားပြီး ဦးဖိုးထူးကိုသွားထိပါရောဗျာ။

ဝုန်းခနဲအသံကြီးနဲ့အတူတူ ဦးဖိုးထူးက အနောက်ကိုလန်ထွက်သွားသဗျ၊ ပုတီးက တစ်ခါပြန်လည်လာပြီးတော့ ဦးဖိုးထူးကိုပြန်ထိပြန်တယ်၊ ဒီတစ်ခါထိတော့ ဦးဖိုးထူးက မြေပေါ်ကိုခွေကျသွားသဗျာ၊ ပုတီးက ကောင်းကင်ပေါ်ကိုပျံတက်သွားပြီး တစ်ခါ ဦးဖိုးထူးဆီကိုပျံလာပြီးထိပါရော၊ ဦးဖိုးထူးမှာ မြေကြီးပေါ်လိမ့်နေအောင်ခံရပါရောဗျာ၊ အဝတ်အစားတွေဆိုတာလည်း ပေကျံကုန်တာပေါ့၊ မိသက်က ပုတီးကိုသေချာစိုက်ကြည့်နေပြီး ပါးစပ်ကလည်း တတွတ်တွတ်နဲ့ရွတ်နေသဗျာ၊ ကျုပ်အထင် သူ့အကြည့်အနောက်ကို ပုတီးကလိုက်ပြီးထိနေတယ်ထင်ပါ့ဗျာ။

ခုနစ်ချက်လောက်ထိပြီးတဲ့အခါ ဦးဖိုးထူးလည်း တော်တော်ကိုနာနေပြီဗျ၊ မြေပေါ်မှာဝက်လို လူးနေတာပဲဗျာ၊ အောင်ရှိန်က မိသက်ပခုံးကိုပုတ်လိုက်ပြီး

“တော်ပြီသမီး၊ ရပ်လိုက်တော့၊ ဒီအတိုင်းဆို ကိုးချက်ထိရင် ဒီလူသေပြီ၊ ကိုယ့်လက်ကိုသွေးမစွန်းစေနဲ့”

မိသက်က ခေါင်းညိတ်ပြီးတော့ လက်ကိုမိုးပေါ်ထောင်လိုက်တယ်၊ ဒီအခါ ပုတီးကလေးက သူ့လက်မှာပြန်ပတ်သွားတယ်။ ဦးဖိုးထူးက လူးလဲပြီးကုန်းထတယ်ဗျ။

“ဒီမှာဦးဖိုးထူး၊ ခင်ဗျားကျုပ်ကိုမပြောနဲ့ မနေ့တစ်နေ့ကမှ ကျုပ်တပည့်ဖြစ်တဲ့ ဒီကလေးမလေးကိုတောင် မနိုင်ပါလားဗျ”

ဦးဖိုးထူးက အံကြီးတကြိတ်ကြိတ်နဲ့ဗျ၊ မိသက်က ဦးဖိုးထူးကိုကြည့်ရင်း

“ဘယ်လိုလဲ ပဋ္ဌာန်းပုတီးရဲ့အရသာက ကောင်းရဲ့လားအဘကြီး၊ ဒီပဋ္ဌာန်းပုတီးက ပဋ္ဌာန်းအပတ်ရေ နှစ်သောင်းလေးထောင်တိတိကို အဓိဋ္ဌာန်နဲ့စိပ်ထားတာဆိုတော့ မကောင်းဆိုးဝါးတွေ တော်တော်ကြောက်ကြတယ် အဘကြီးရဲ့”

မိသက်က ခပ်ကြွားကြွားပြောလိုက်တော့ ဦးဖိုးထူးက မိသက်ကိုလက်ညှိုးထိုးပြီး

“ကောင်မလေး၊ နင့်ကိုငါအရင်သတ်မယ်၊ နောက်ဆို နင့်ကိုငါအရင်သတ်မယ်”

ဒီအချိန်လူတစ်ယောက်က အမှောင်ထဲကနေထွက်လာတယ်ဗျ၊ ဦးဖိုးထူးရဲ့ဘေးနားကိုဝင်ရပ်လိုက်တယ်ဆိုရင်ပဲ ဦးဖိုးထူးက

“သခင်ကြီး၊ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်စမ်းပါ”

ထွက်လာတဲ့လူက အလတ်ကောင်ဖြစ်နေတယ်ဗျာ၊ ကျုပ်ဖြင့်မျက်လုံးပြူးသွားတာပါပဲ၊ မိသက်က အလတ်ကောင်ကိုတွေ့တာနဲ့ သူ့ရဲ့ပဋ္ဌာန်းပုတီးကို ပစ်ထည့်လိုက်ပါရောဗျာ၊ အလတ်ကောင်က မျက်မှောင်တစ်ချက်ကြုတ်ပြီးတော့ သူ့ဆီပျံဝင်လာတဲ့ ပဋ္ဌာန်းပုတီးကို ဘက်ဖက်လက်တစ်ဖက်တည်းနဲ့ လမ်းဆုပ်ပြီးဖမ်းလိုက်တယ်၊ နောက်တော့ ပဋ္ဌာန်းပုတီးကို ပြန်ပစ်မယ်အလုပ်မှာ ကျုပ်ကအရှေ့ကိုတက်သွားပြီးတော့

“အလတ်ကောင်၊ အလတ်ကောင်”

အလတ်ကောင်က ကျုပ်ပြေးတက်လာတာလဲမြင်ရော တစ်ချက်ငြိမ်သွားတယ်ဗျ၊ နောက်တော့ ကျုပ်ကိုတွေတွေကြီးကြည့်နေရင်း

“ဟင်၊ ဦး . . .ဦးဘသာ”

“အလတ်ကောင်၊ မင်းမှတ်မိပြီလား၊ ငါဦးဘသာလေကွာ၊ မင်းကိုတွေ့ချင်လို့ ရွာကနေလိုက်လာတာကွ”

ဦးဖိုးထူးက တအံ့တသြဖြစ်နေပြီးတော့ အလတ်ကောင်ရဲ့လက်ကိုကိုင်ရင်း

“သခင်ကြီး၊ ဒီကောင်တွေက ကျုပ်ကိုစော်ကားတယ်၊ ကျုပ်ကိုနာကျင်အောင်လုပ်တယ်၊ ဒီကောင်တွေကို သခင်ကြီးအကြောင်းသိသွားအောင် ပြလိုက်စမ်းပါသခင်ကြီးရာ”

အလတ်ကောင်က မတုန်မလှုပ်ရပ်နေရာကနေ ဘက်ဘက်လက်သီးကို ကျစ်နေအောင်ဆုပ်ကိုင်ထည့်လိုက်တယ်ဗျ၊ သူ့လက်ထဲက မိသက်ရဲ့ပဋ္ဌာန်းပုတီးကလေးက ထောက်ခနဲပြတ်သွားပြီးတော့ ပုတီးစေ့တွေအကုန်လုံးမြေပေါ်ကိုကျကုန်တာပေါ့ဗျာ၊ ပြီးတာနဲ့ အလတ်ကောင်က တစ်ဖက်ကိုလှည့်ထွက်သွားပြီး အမှောင်ထဲဝင်သွားတော့တယ်၊ ဦးဖိုးထူးက တအံ့တသြနဲ့ကျန်ခဲ့ရင်း ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးတော့ အလတ်ကောင်အနောက်ကိုပြေးလိုက်သွားပါရော၊ မိသက်က ပဋ္ဌာန်းပုတီးကလေးကို ပြေးကောက်မယ်အလုပ်မှာ အောင်ရှိန်က မိသက်လက်ကိုဆွဲထားလိုက်တယ်။

“မကောက်နဲ့တော့၊ ပျက်ချိန်တန်လို့ပျက်ရတယ်လို့ပဲ မှတ်လိုက်ပါတော့”

မိသက်က လူငယ်ဆိုတော့ စိတ်မထိမ်းနိုင်ဘူးဗျ။

“ဒီလူက ဒီလောက်စွမ်းတဲ့ ပဋ္ဌာန်းပုတီးကိုတောင် ခံနိုင်ရည်ရှိနေပါလား အဖေကြီး”

“ငထေရှင်က ပေါ့သေးသေးမဟုတ်ဘူးသမီး၊ နောက်ဆို ပိုပြီးတော့ သတိထားရတော့မယ်”

ကျုပ်ကတော့ပျော်သွားတယ်ဗျ၊ ပျော်တာက အကြောင်းမဲ့တော့မဟုတ်ဘူး၊ အလတ်ကောင်ကြည့်ရတာ ကျုပ်ကိုမှတ်မိနေတဲ့ပုံပဲ၊ ကျုပ်ကိုမြင်တော့ ဦးဘသာဆိုပြီးခေါ်လိုက်တယ်မဟုတ်လား၊ ဒီအတိုင်းဆို အောင်ရှိန်ပြောတာဖြစ်နိုင်တယ်၊ အလတ်ကောင်မသေသေးဘူး၊ အလတ်ကောင်မသေသေးဘူးဗျ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ကိုယ္တိုင္ေဖာ္တဲ့ေဆး”(စ/ဆုံး)
—————————————————————————-
အတြဲ(၅) စာစဥ္(၄)

(၁)

“အလတ္ေကာင္ . . . အလတ္ေကာင္”

က်ဳပ္ေအာ္ၿပီး ေငါက္ခနဲထထိုင္လိုက္မိတယ္ဗ်၊ က်ဳပ္ေခါင္းေတြဆို က်ိန္းေနတာပဲဗ်ာ၊ ပတ္ဝန္းက်င္ကိုေဝ့ၾကည့္လိုက္ေတာ့ အိမ္တစ္လုံးထဲကိုေရာက္ေနတာဗ်၊ ဒါနဲ႔က်ဳပ္လည္း ေဘးဘီကိုပတ္ၾကည့္ေနတုန္း မိသက္က က်ဳပ္အနားကိုေျပးလာတယ္။

“ဘဘႀကီးႏိုးလာၿပီလား”

“ေအးေအး၊ ဒါနဲ႔ ဒါဘယ္ေနရာကိုေရာက္ေနတာလဲ”

ဒီအခ်ိန္မွာပဲ ေအာင္ရွိန္နဲ႔ဘသိုက္တို႔က အိမ္ထဲကိုဝင္လာၾကတယ္၊ ညႀကီးမိုးခ်ဳပ္ပဲရွိပါေသးတယ္ဗ်ာ၊ အိမ္ထဲမွာေတာ့ ေရနံဆီမီးခြက္ကေလးေတြ ထြန္းထားတယ္ဗ်။ သူတို႔ႏွစ္ေယာက္က က်ဳပ္အနားကိုလာထိုင္တယ္။

“ေအာင္ရွိန္၊ မင္း . . မင္းက ခါးပိုက္ႏႈိက္ဘသိုက္မဟုတ္လား”

“ဟုတ္ပါတယ္အဘႀကီး”

“ငါ . . . ငါကဘယ္လိုျဖစ္ၿပီးေတာ့ ဒီကိုေရာက္ေနတာလဲ”

ေအာင္ရွိန္က ဘာမွမေျပာဘဲ ဘသိုက္ကထေျပာတယ္ဗ်။

“ဒီလိုပါအဘႀကီးရာ၊ က်ဳပ္တို႔လမ္းေလွ်ာက္လာရင္း အဘႀကီးကိုသူတို႔ေတြသယ္လာတာေတြ႕တာနဲ႔ ကြၽန္ေတာ္တို႔လည္းေခၚလာခဲ့လိုက္တာ”

“မင္းတို႔ကဘယ္လိုလုပ္ၿပီးအဲဒီကိုေရာက္လာခဲ့ၾကတာလဲကြ”

ဘသိုက္က ေခါင္းကုပ္ရင္း

“အဲဒီလမ္းထဲက ၿခံႀကီးက က်ဳပ္တို႔ရဲ႕ဆရာႀကီးေနတဲ့ၿခံေလဗ်ာ”

“ဟင္၊ ဒါဆို အလတ္ေကာင္ထြက္လာတဲ့ၿခံက . . .”

“ဟုတ္တယ္အဘႀကီး၊ က်ဳပ္တို႔ကိုေအာက္လမ္းနည္းလမ္းေတြနဲ႔ ခိုးတက္ဝွက္တတ္ေအာင္သင္ေပးၿပီးေတာ့ ရသမွ်ႏွစ္ပုံကိုယူေနတဲ့ဆရာႀကီးေနတဲ့ၿခံပဲဗ်ာ၊ က်ဳပ္တို႔လည္း သရဲေတြလြတ္သြားတဲ့အေၾကာင္း၊ ၿပီးေတာ့ဒီအလုပ္ကိုဆက္မလုပ္ႏိုင္တဲ့အေၾကာင္းေျပာမယ္ဆိုၿပီး လာခဲ့ေပမယ့္ ၿခံေရွ႕အထြက္နားမွာ အဘႀကီးကိုေတြ႕တာနဲ႔ အိမ္ကိုေခၚလာရတာပါ၊ က်ဳပ္တို႔အိမ္က သိမ္ႏုပ္ေတာ့ အဘႀကီးကိုအားနာမိပါတယ္”

“ရပါတယ္ကြာ၊ မလိုပါဘူး”

က်ဳပ္အိမ္ကိုေဝ့ၾကည့္လိုက္ေတာ့ အိမ္က ဓနိေတြမိုးထားတယ္ဗ်၊ ဓနိမိုးတစ္ခ်ိဳ႕ေတာင္မွ ေပါက္ၿပဲေနပါေရာဗ်ာ၊ ၾကမ္းခင္းကလည္း ဝါးကိုပဲကြပ္နဲ႔ေပါက္ၿပီး ခင္းထားတဲ့ဝါးၾကမ္းခင္းဗ်ာ၊ ထရံေတြကာထားတယ္ဆိုေပမယ့္ တစ္ခ်ိဳ႕ေနရာေတြမ်ာ ေပါက္ၿပဲေနတာမို႔လို႔ ဂုန္နီအိတ္ေတြ၊ မိုးေရာကာဖ်င္စေတြနဲ႔ ဖာေထးထားၾကပါေသးတယ္။ ဘသိုက္က က်ဳပ္ကိုၾကည့္ရင္း

“အဘႀကီးေရာ၊ ေဟာဒီကဆရာႀကီးေရာ ရန္ကုန္မွာတည္းခိုဖို႔ရာ အသိအကြၽမ္းမရွိေသးဘူးဆိုရင္ေတာ့ ကြၽန္ေတာ့္အိမ္မွာပဲ တည္းခိုႏိုင္ပါတယ္၊ အိမ္ကသိပ္ေတာ့မေကာင္းဘူးေပါ့ဗ်ာ၊ ဒါေပမယ့္ ဆရာႀကီးတို႔သုံးေယာက္ေလာက္ေတာ့ ေနေလာက္မွာပါ”

“ရပါတယ္ကြာ၊ ငါမင္းကိုဒုကၡမေပးခ်င္ပါဘူး”

“မဟုတ္တာပဲအဘႀကီးရာ၊ အဘႀကီးက က်ဳပ္အသက္ကိုကယ္ခဲ့တာဆိုေတာ့ က်ဳပ္အေပၚေက်းဇူးရွိပါတယ္၊ က်ဳပ္တို႔အိမ္မွာတည္းပါဗ်ာ”

“တည္းတာေတာ့တည္းမယ္ကြာ၊ စားဖို႔ေသာက္ဖို႔ကေတာ့ တကူးတကမလုပ္စမ္းပါနဲ႔၊ မင္းတို႔လည္းေျပလည္တာမွမဟုတ္တာ၊ ဒါနဲ႔ေအာင္ရွိန္၊ မင္းတို႔သားအဖႏွစ္ေယာက္ ဘယ္လိုျဖစ္ၿပီး ရန္ကုန္ကိုေရာက္လာခဲ့ၾကတာလဲကြ”

က်ဳပ္လွည့္ေမးလိုက္ေတာ့ ေအာင္ရွိန္က သက္ျပင္းတစ္ခ်က္ခ်ၿပီး

“ေျပာရမယ္ဆိုရင္ေတာ့ အရွည္ႀကီးပဲေဟ့”

“ဟ၊ မင္းက ေျပာေတာင္မေျပာရေသးဘူး၊ ရွည္မယ္ဆိုတာက စေနျပန္ပါၿပီကြာ”

က်ဳပ္ေဖာက္ေျပာလိုက္ေတာ့ အားလုံးက ရယ္တယ္ဗ်၊ ေအာင္ရွိန္က က်ဳပ္ကိုၾကည့္ရင္း

“သာဒင္ရာ၊ မင္းက ဒီအခ်ိန္မွာေတာင္မွ စေနာက္ေနႏိုင္ေသးတယ္ေနာ္”

“မဟုတ္ပါဘူးကြာ၊ ငါက စိတ္ညစ္တဲ့အခ်ိန္မွာေတာင္မွ ေပ်ာ္ေပ်ာ္ေနတတ္လို႔ပါကြ၊ ကဲ ေျပာစမ္းပါအုံးကြာ”

“ဒီလို သာဒင္ရ၊ ငါ့အိမ္မွာရွိတဲ့ ေၾကးစည္ကေလး ေပ်ာက္သြားတာကေန စတာပဲကြ”

က်ဳပ္လည္း မ်က္ခုံးပင့္လိုက္ၿပီး

“ေၾကးစည္ေပ်ာက္သြားတာမ်ား အသစ္ဝယ္လိုက္ေပါ့ကြာ”

“ဟာ၊ ေဟ့ေကာင္ ဒီေၾကးစည္က သာမန္ေၾကးစည္မဟုတ္ဘူးကြ”

“သာမန္ေၾကးစည္မဟုတ္ပုံေထာက္ေတာ့ ေ႐ႊနဲ႔လုပ္ထားလို႔မ်ားလား”

“မင္း ငါစကားေျပာတာကို ျဖတ္မေျပာစမ္းနဲ႔သာဒင္ရာ၊ ဒီေၾကးစည္က အရမ္းအေရးႀကီးတဲ့ ေၾကးစည္ကြ၊ ဒီေၾကးစည္ေလးက လုံၿခဳံတဲ့ေနရာတစ္ခုနဲ႔ ဆက္သြယ္ထားတဲ့အရာ၊ အဲဒီလုံၿခဳံတဲ့ေနရာမွာလည္း အရမ္းအေရးႀကီးတဲ့လူတစ္ေယာက္ကို ဖမ္းခ်ဳပ္ထားတယ္”

ေအာင္ရွိန္က ေလးေလးနက္နက္ေျပာေနတာဆိုေတာ့ က်ဳပ္လည္း ေသေသခ်ာခ်ာနားေထာင္ေနမိတယ္ဗ်။

“ဘယ္နည္းနဲ႔မွ အဲဒီလူက အဲဒီေနရာကေနလြတ္သြားလို႔မျဖစ္ဘူးကြ သာဒင္ရ”

“ေနပါအုံး၊ ဒီေလာက္အေရးႀကီးတဲ့ပစၥည္းက မင္းကလြယ္လြယ္ကူကူထားတာပဲလားကြ”

“ဘယ္ကလာဟုတ္ရမွာလဲ သာဒင္ရာ၊ ငါလည္းေသေသခ်ာခ်ာထိန္းသိမ္းထားတာေပါ့ကြ၊ တို႔အိမ္မွာကိုးကြယ္ထားတဲ့ ဘုရားဆင္းတုက ေၾကးနဲ႔သြန္းထားတဲ့ဘုရားကြ၊ အဲဒီဘုရားဆင္းတုေအာက္ဘက္မွာ လႈိ႕ဝွက္အကန႔္ေလးတစ္ခုငါလုပ္ထားတယ္၊ အဲဒီအကန႔္ထဲမွာ ေၾကးစည္ကေလးကို အသာညႇပ္ၿပီးထည့္ထားတာကြ”

“မင္းတစ္ေနရာရာမွာ အထားမွားလို႔မ်ားလား၊ ဒါမွမဟုတ္ အိမ္သားတစ္ေယာက္ေယာက္ကမ်ား ယူမိေသးလား”

က်ဳပ္ေမးေတာ့ ေအာင္ရွိန္က ေခါင္းခါၿပီး

“မဟုတ္ဘူးကြ၊ အဲဒီေၾကးစည္ကေလး အဲဒီေနရာမွာရွိတယ္ဆိုတာကို ငါကလြဲလို႔ အိမ္ကလူေတြဘယ္သူမွမသိဘူး၊ ေနာက္ၿပီးေတာ့ သာဒင္ေရ၊ ဒီေၾကးစည္ေပ်ာက္သြားတာကလည္း ေသြး႐ိုးသား႐ိုးမဟုတ္ဘူးကြ”

“ဆက္ေျပာပါအုံးကြာ”

“ဒီလိုသာဒင္ေရ၊ ၿပီးခဲ့တဲ့တစ္လေလာက္က ငါ့ကိုေမာက္႐ြာဘက္ကေန လူနာလာပင့္ၾကတယ္ကြ၊ ငါလည္း လူနာကုဖို႔လိုက္သြားရင္း လမ္းေရာက္ေတာ့ စိတ္ထဲမသကၤာဘူးျဖစ္လာတယ္ကြ၊ ဒါနဲ႔လွည္းေမာင္းေနတဲ့လူကို လွည္းကိုရပ္ခိုင္းေတာ့ ဒီလူက ရပ္မေပးဘူးကြာ၊ ဆက္ၿပီးဒုန္းစိုင္းေမာင္းပါေရာ၊ ႏြားနက္ႀကီးေတြကလည္း ေျပးလိုက္တာ လြန္ပါေရာကြာ၊ ႏြားလွည္းသာဆိုတယ္ သြားေနတာက ကားထက္ျမန္တယ္ကြ၊ ဒါနဲ႔ငါလည္း ပညာနဲ႔ဒီလွည္းကိုရပ္ခိုင္းေတာ့မွ လွည္းကိုဆြဲေနတဲ့ ႏြားႀကီးေတြက ႐ြံ႕ႏြားႀကီးေတြျဖစ္ေနၿပီး လွည္းကိုေမာင္းေနတဲ့လူကလည္း လူေသေကာင္ႀကီးျဖစ္ေနသကြာ”

“မင္းဟာက ေတာ္ေတာ္ထူးဆန္းတာပဲကြ”

“႐ြာနဲ႔လည္း ေတာ္ေတာ္လွမ္းလွမ္းကိုေရာက္လာၿပီဆိုေတာ့ ငါလည္းဘာေၾကာင့္ ဒီလွည္းက ငါ့ကိုတင္ေျပးတာလဲဆိုတာကို စဥ္းစားမိတယ္ကြ၊ အဲဒီမွာ ငါ့ကိုအိမ္ကေန ပထုတ္ခ်င္တာပဲလို႔ သိလိုက္ၿပီး ငါအိမ္ကိုအျမန္ျပန္ခဲ့တယ္၊ အိမ္ေရာက္ေတာ့ အိမ္က မြစာက်ဲေနသကြ၊ ငါအိမ္ေပၚကိုအေျပးတက္ၾကည့္လိုက္တဲ့အခါ ဘုရားေက်ာင္းေဆာင္ေပၚက ေၾကးဆင္းတုေတာ္က ႏွစ္ျခမ္းကြဲေနၿပီးေတာ့ ေၾကးစည္ကေလးက မရွိေတာ့ဘူးကြာ၊ ႏွစ္ျခမ္းကြဲတာကလည္း တစ္ခုခုနဲ႔ျဖတ္ထားသလိုမ်ိဳး တိခနဲကြဲေနတာေဟ့၊ လွည္းစထြက္တဲ့အခ်ိန္ကေန ငါအိမ္ကိုျပန္ေရာက္တဲ့အခ်ိန္အထိဆိုရင္ ဆယ့္ငါးမိနစ္ေတာင္မၾကာဘူးကြာ၊ အဲဒီအခ်ိန္အတြင္းမွာ အခုလိုျဖစ္သြားတာပဲ”

က်ဳပ္လည္းအေတာ္စဥ္းစားေနရၿပီဗ်။

“ဒါဆို အဆင့္ျမင့္တဲ့ အစြမ္းရွိသူတစ္ေယာက္ေယာက္က လုပ္သြားတာမ်ားလားကြာ”

ေအာင္ရွိန္က ေခါင္းညိတ္ရင္း

“ငါစိတ္ထဲထင့္ေနတာတစ္ခုရွိတယ္ကြ၊ အဲဒါကေတာ့ အဲဒီေၾကးစည္ကေလးကိုရသြားတဲ့လူက ေၾကးစည္နဲ႔ဆက္သြယ္ထားတဲ့ လႈိ႕ဝွက္အခန္းႀကီးထဲမွာ ဖမ္းခ်ဳပ္ထားတဲ့လူကို သြားထိမွာစိုးရိမ္ရတာပဲ”

“ေနစမ္းပါအုံး အဲဒီလူက ဘယ္သူမ်ားလဲကြ”

“ငေထရွင္လို႔ေခၚတဲ့လူတစ္ေယာက္ေပါ့ကြာ”

က်ဳပ္ဒီနာမည္ကို တစ္ခါမွမၾကားဖူးပါဘူးဗ်ာ။

“ေနပါအုံး၊ သူက ေတာ္ေတာ္စြမ္းလို႔လား”

“စြမ္းတာကေတာ့ ေျပာမေနပါနဲ႔၊ တို႔ဘုရားပ်ံေတြအဆက္ဆက္ ႏွိမ္နင္းခဲ့ရတဲ့ ရန္သူေတာ္ႀကီးေပါ့ကြာ၊ ဒီလူသာ လူ႔ျပည္လူ႔ေလာကကို ျပန္ေရာက္လာရင္ လူေတြအမ်ားႀကီးေသဆုံးရၿပီး ေသြးေခ်ာင္းစီးမွာေတာ့ အမွန္ပဲေဟ့”

“ဟာ၊ ဒါျဖင့္ရင္ ငါတို႔ဒီလူကိုတားရမွာေပါ့ကြ၊ ေနပါအုံး သူကအခုလြတ္သြားၿပီလား”

ေအာင္ရွိန္က ေခါင္းညိတ္ရင္း

“လြတ္သြားလို႔ ငါတို႔ဒီကိုေရာက္လာတာေပါ့ကြာ၊ ဒီလိုသာဒင္ရ တို႔ဘုရားပ်ံေတြက အဲဒီငေထရွင္ဆိုတဲ့လူနဲ႔ ရန္ၿငိဳးေတြရွိခဲ့ၾကတယ္ဆိုပါေတာ့ကြာ၊ ဒါေၾကာင့္လည္း ငေထရွင္လူ႔ေလာကကို ေရာက္ေနတယ္ဆိုရင္ သူရွိတဲ့ေနရာကို ငါတို႔ဘုရားပ်ံေတြက အာ႐ုံဖမ္းမိတယ္ကြ၊ ၿပီးေတာ့ ငေထရွင္က သူ႔ရဲ႕မေကာင္းတဲ့အစြမ္းေတြသုံးေနၿပီဆိုရင္ သူရွိတဲ့ေနရာကို ရိပ္စားမိတယ္ကြာ”

“ဒါဆို မင္းတို႔အခုရန္ကုန္ေရာက္လာတယ္ဆိုတာက . . .”

“ဟုတ္တယ္သာဒင္၊ ငေထရွင္ရန္ကုန္မွာေရာက္ေနတယ္လို႔ ငါ့အာ႐ုံမွာေပၚေနလို႔ ငါနဲ႔မိသက္နဲ႔လိုက္လာတာပဲ”

“ဒါဆိုရင္ သူကဘယ္မွာရွိတာလဲ”

“ေဟာဒီအနီးတစ္ဝိုက္မွာပဲေပါ့ကြာ၊ ငါတို႔လည္း ငေထရွင္ကိုအာ႐ုံလိုက္ခံရင္း ျဖစ္ခ်င္ေတာ့ မင္းနဲ႔ေတြ႕တာပဲ၊ ငေထရွင္က သူ႔ရဲ႕မေကာင္းတဲ့အစြမ္းေတြထုတ္သုံးေနတဲ့အခ်ိန္မွာ ငါ့အာ႐ုံထဲမွာ သူ႔ပုံရိပ္က ပိုၿပီးေပၚလာခဲ့တယ္၊ ဒါနဲ႔ အာ႐ုံရတဲ့အတိုင္း ၿခံႀကီးအေရွ႕ကိုေျပးလာခဲ့ေတာ့ မင္းနဲ႔ငေထရွင္နဲ႔ တိုက္ခိုက္ေနတာကိုျမင္လိုက္ရတာပါပဲ”

က်ဳပ္အေတာ္ေၾကာက္လန႔္သြားတယ္ဗ်၊ ေခါင္းနားပန္းေတြလည္းႀကီးသြားတယ္။

“မဟုတ္ဘူး၊ မဟုတ္ဘူးေအာင္ရွိန္၊ ငါနဲ႔တိုက္ခိုက္ေနတဲ့လူက ငေထရွင္မဟုတ္ဘူး၊ သူက ငါ့တူအရင္းလို ခ်စ္ရတဲ့ သူႀကီးသားအလတ္ေကာင္ေလကြာ”

ေအာင္ရွိန္က သက္ျပင္းတစ္ခ်က္ခ်ၿပီး

“စိတ္ကိုခိုင္ခိုင္ထားပါ သာဒင္ရာ၊ မင္းတူေလးက အခုငေထရွင္ျဖစ္သြားၿပီ၊ ငေထရွင္ရဲ႕ နာမ္ဝိညာဥ္က မင္းတူေလးရဲ႕ကိုယ္လုံးထဲကို ဝင္သြားၿပီ”

“ဒါဆိုရင္ ငါ့တူေလး . . . အလတ္ေကာင္ေရာ၊ သူ . . . သူဘာျဖစ္သြားၿပီလဲ”

“ေသၿပီ”

ေအာင္ရွိန္ခပ္ျပတ္ျပတ္ေျပာလိုက္တဲ့စကားကိုၾကားလိုက္ရေတာ့ က်ဳပ္ရင္ထဲ ဒိန္းခနဲျဖစ္သြားတယ္ဗ်ာ၊ က်ဳပ္ရင္ဘတ္ေတြပူတက္လာလို႔ ရင္ဘတ္ကိုဖိလိုက္မိတယ္။

“အလတ္ေကာင္ . . . အလတ္ေကာင္၊ ဒါေတြက ငါ့ေၾကာင့္ပါကြာ၊ ငါမေကာင္းလို႔ပါကြ”

က်ဳပ္လက္သီးနဲ႔ရင္ဘတ္ကို တဒုန္းဒုန္းနဲ႔ထုေနမိတယ္ဗ်၊ မိသက္က က်ဳပ္လက္ကိုေျပးဆြဲရင္း

“မဟုတ္ပါဘူး ဘဘႀကီးရယ္၊ ဘဘႀကီးနဲ႔မဆိုင္ပါဘူး”

“ဆိုင္တယ္၊ ဆိုင္တယ္၊ ငါသာအလတ္ေကာင္က ႐ြာကေနထြက္မသြားဖို႔ တားႏိုင္ခဲ့တယ္ဆိုရင္ အလတ္ေကာင္ဒီလိုျဖစ္မွာမဟုတ္ဘူး၊ ငါမတားႏိုင္ခဲ့လို႔ သူဒီလိုျဖစ္တာ”

က်ဳပ္လည္းေတာ္ေတာ္ပူေလာင္ၿပီးေတာ့ ငိုပဲငိုေနမိေတာ့တယ္ဗ်ာ၊ ေအာင္ရွိန္က က်ဳပ္ပခုံးကိုလက္နဲ႔ပုတ္ၿပီးေတာ့

“သာဒင္၊ စိတ္ေလ်ာ့၊ စိတ္ကိုေလ်ာ့ပါကြာ၊ မင္းမွာလည္း ဒဏ္ရာႀကီးနဲ႔မဟုတ္လား”

က်ဳပ္အခ်ိန္ေတာ္ေတာ္ၾကာသြားတဲ့အထိ ေခါင္းငိုက္စိုက္ခ်ၿပီးထိုင္ေနမိတယ္၊ ဘသိုက္ကသိပ္မၾကာခင္မွာ က်ဳပ္တို႔ကိုလာေခၚတယ္ဗ်။

“ဆရာႀကီးတို႔ အဘႀကီးတို႔ ထမင္းစားဖို႔ႂကြပါ”

“ငါမစားခ်င္ဘူး၊ ငါဘာမွမစားခ်င္ဘူးကြာ”

“မဟုတ္တာပဲ သာဒင္ရာ၊ ထမင္းေလးဘာေလး စားလိုက္ပါကြ၊ မင္းအားရွိေနမွျဖစ္မယ္ေနာ္၊ ငေထရွင္ေၾကာင့္ ရတဲ့ဒဏ္ရာက ေပါ့ေသးေသးမဟုတ္ဘူးကြ”

“ငါမစားခ်င္ေတာ့ဘူး ေအာင္ရွိန္ရာ၊ ဒီေကာင္ေလးေသၿပီဆိုမွေတာ့ ငါလည္းဆက္မေနခ်င္ေတာ့ပါဘူးကြာ၊ ငါေသမယ္၊ ငါလည္းလိုက္ေသမယ္”

“စိတ္လိုက္မာန္ပါမလုပ္စမ္းပါနဲ႔ သာဒင္ရာ၊ မင္းေကာင္ေလး ေသၿပီ မေသဘူးလို႔ေတာ့ ကံေသကံမေျပာလို႔မရေသးပါဘူးကြ”

“မင္းပဲ ငေထရွင္က သူ႔ကိုယ္ထဲဝင္ေနတယ္ဆိုကြ”

“ဟုတ္တာေတာ့ဟုတ္ပါတယ္၊ ဒါေပမယ့္ သူ႔ကိုေသေသခ်ာခ်ာစမ္းသပ္ရအုံးမယ္ကြ၊ ငါခုနက ေသေသခ်ာခ်ာစဥ္းစားၾကည့္လိုက္ေတာ့ မင္းေကာင္ေလး မေသဖို႔မ်ားတယ္ကြ”

က်ဳပ္ရင္ထဲမွာ ေမွ်ာ္လင့္ခ်က္ေတြျဖစ္လာတယ္ဗ်ာ၊ ဒါနဲ႔ေအာင္ရွိန္လက္ကိုဆြဲလိုက္ၿပီး

“ဟုတ္ရဲ႕လားေအာင္ရွိန္၊ မင္းငါ့ကိုစိတ္ခ်မ္းသာေအာင္မ်ား တမင္လီဆယ္ၿပီးေျပာတာလား”

“မင္းက ငါ့ကိုအထင္ေသးေနပါၿပီ သာဒင္ရ၊ ငါးပါးသီလကို ငါလုံေအာင္ေစာင့္ပါတယ္ကြ၊ ငါးပါးသီလထဲမွာ ေဖာက္လို႔အလြယ္ဆုံးနဲ႔ အျပစ္အႀကီးဆုံးကေတာ့ မုသာဝါဒဆိုတဲ့ကံပဲကြ၊ ျမတ္စြာဘုရားေတာင္ ေဟာထားတယ္မဟုတ္လား၊ မုသားေျပာတဲ့လူတစ္ေယာက္က မေကာင္းမႈမလုပ္ဝံ့တာ မရွိဘူးဆိုၿပီးေတာ့ေပါ့ကြာ၊ ဒီေတာ့ ငါက ကံငါးပါးထဲမွာ မုသာဝါဒကို လုံေအာင္ထိန္းတယ္၊ ငါဘယ္ေတာ့မွ မလိမ္ဘူး သာဒင္၊ ငါစဥ္းစားၾကည့္လိုက္ေတာ့ ငေထရွင္ရွိေနတယ္ဆိုရင္ ငါအေစာႀကီးကတည္းက ရိပ္စားမိခဲ့ရမယ္၊ အာ႐ုံရခဲ့ရမယ္မဟုတ္လား၊ ဒါေပမယ့္ အခုထိ အာ႐ုံက ရတစ္ဝက္၊ မရတစ္ဝက္ျဖစ္ေနေသးတယ္”

“မင္းက ဘာကိုဆိုလိုခ်င္တာလဲ”

“ငေထရွင္ဆိုတာ နည္းလမ္းမ်ိဳးစုံသုံးတတ္တယ္ကြ၊ ငါ့တုန္းကလည္း လူေသတစ္ေယာက္စီဝင္ၿပီးေတာ့ ဘုရားပ်ံေတြ အာ႐ုံခံမရႏိုင္ေအာင္လို႔ ဘုရားတရားေတြခ်ည္းလွိမ့္လုပ္ေနတယ္မဟုတ္လား၊ အခုလည္း ငါအာ႐ုံမခံႏိုင္ေအာင္လို႔ဆိုၿပီးေတာ့ သူကတစ္နည္းႀကံပုံရတယ္ကြ၊ ပုံမွန္ဆိုရင္ေတာ့ ငေထရွင္ကလူတစ္ေယာက္ကိုေသေအာင္လုပ္ၿပီးေတာ့ သူ႔ကိုယ္ထဲဝင္ေနတတ္တယ္၊ အခုေတာ့ ငါအာ႐ုံမခံႏိုင္ေအာင္ဆိုၿပီး မေသေသးတဲ့လူတစ္ေယာက္ကိုယ္ထဲဝင္ေနပုံပဲ”

“ဒါဆိုမင္းေျပာပုံအရ ငေထရွင္က အလတ္ေကာင္ကိုယ္ထဲဝင္ၿပီး တစ္ကိုယ္ႏွစ္စိတ္သေဘာနဲ႔ ေနေနတဲ့သေဘာမ်ားလား”

“ငါထင္ရင္လြဲခဲတယ္သာဒင္ရ၊ အခုလည္း ဒီသေဘာပဲျဖစ္မယ္ကြ၊ ပုံမွန္အခ်ိန္မွာဆိုရင္ ဒီေကာင္ေလးရဲ႕စိတ္နဲ႔ျဖစ္ေနၿပီး သူလိုအပ္တဲ့အခ်ိန္မွ ငေထရွင္ကဝင္ထိန္းခ်ဳပ္တဲ့သေဘာျဖစ္မယ္၊ ဒီအတိုင္းသာဆိုရင္ေတာ့ ဒီေကာင္ေလးကိုယ္ထဲဝင္ေနတဲ့ ငေထရွင္ကို ငါတို႔ႏွင္ထုတ္ႏိုင္ရင္ မင္းေကာင္ေလး အသက္ရွင္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္ကြ”

က်ဳပ္လည္း ေအာင္ရွိန္ရဲ႕စကားကိုနားေထာင္ၿပီး ေခါင္းညိတ္မိလိုက္တယ္။

“ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ေက်းဇူးပါပဲေအာင္ရွိန္ရာ၊ ဒါဆို အလတ္ေကာင္ကို ငါျပန္ေခၚမယ္၊ မင္းေျပာတဲ့ငေထရွင္ဆိုလား အဲဒီေကာင္ရဲ႕နာမ္ဝိညာဥ္ကို အလတ္ေကာင္ကိုယ္ထဲကေန ေမာင္းထုတ္မယ္”

ေအာင္ရွိန္က ေခါင္းညိတ္တယ္ဗ်၊ ဘသိုက္က က်ဳပ္ကိုၾကည့္ရင္း

“ကဲ အဘႀကီးေရ၊ ေမာင္းထုတ္တာကေနာက္၊ အခုေတာ့ ထမင္းစားေလးႂကြပါဗ်ာ”

က်ဳပ္လည္း ထမင္းစားဖို႔အတြက္ မတ္တပ္ထရပ္လိုက္တာေပါ့ဗ်ာ။

(၂)

ထမင္းစားပြဲခုံႀကီးကို အိမ္ေရွ႕နားမွာခင္းထားတယ္ဗ်၊ ေအာက္လင္းမီးအိမ္ႀကီးရဲ႕အလင္းေရာင္က အိမ္ေရွ႕တစ္ခန္းလုံးကို ျဖာက်ေနပါေရာဗ်ာ၊ ထမင္းစားပြဲခုံႀကီးေပၚမွာေတာ့ ထမင္းဟင္းေတြခူးထားတယ္၊ က်ဳပ္ရယ္၊ ေအာင္ရွိန္တို႔သားအဖရယ္ အဲဒီထမင္းစားပြဲခုံႀကီးမွာ ဝင္ထိုင္လိုက္ၾကတယ္၊

“မင္းေရာစားေလ ဘသိုက္ရာ”

“က်ဳပ္တို႔မိသားစုက စားၿပီးၿပီဗ်၊ ဆရာႀကီးတို႔ပဲက်န္ေတာ့တာ”

က်ဳပ္တို႔ထမင္းစားရင္း အိမ္သားေတြက က်ဳပ္တို႔ကိုထိုင္ၾကည့္ေနၾကတယ္ဗ်၊ တဲႀကီးထဲမွာ လူေတြကေတာ့အမ်ားႀကီးပဲဗ်ာ၊ က်ဳပ္စားေနရင္း ေကာင္မေလးတစ္ေယာက္က ထိုင္ေဆာ့ေနတယ္ဗ်။ က်ဳပ္လည္း ေကာင္မေလးကိုၾကည့္ရင္း

“ဟာ၊ ဟဲ့ကေလးမ၊ နင္ ေရခဲေရေရာင္းတဲ့ကေလးမ မဟုတ္လား”

ကေလးမက က်ဳပ္ကိုမမွတ္မိသလိုနဲ႔ၾကည့္ရင္း

“အဘႀကီးက မနက္ကတစ္ေယာက္လား၊ ေန႔လည္ကတစ္ေယာက္လား၊ ညေနက တစ္ေယာက္လား”

“ဟ၊ ငါ့ကိုေတာင္ နင္မမွတ္မိဘူးလား”

ေဘးနားထိုင္ေနတဲ့ဘသိုက္က

“ဟာဗ်ာ၊ က်ဳပ္တို႔နဲ႔အဘႀကီးတို႔နဲ႔က ေရစက္ရွိတဲ့ပုံပဲဗ်ာ၊ အဲဒါ က်ဳပ္သမီးအငယ္မဗ်၊ သူက ေရခဲေရပုံးနဲ႔ဂြင္ဖန္တယ္”

“ဘယ္လိုကြ၊ ဂြင္ဖန္တယ္ဆိုတာ ဘာကိုေျပာတာလဲ”

“ေျပာရရင္ ႐ိုက္စားလုပ္တာေပါ့အဘႀကီးရာ၊ သမီးက ေရခဲေရပုံးယူတယ္၊ ေရခဲတုံးေသးေသးေလးရယ္၊ ပိန္လိန္ေနတဲ့ ေရခြက္ေတြရယ္ကိုင္ၿပီးေတာ့ ေယာင္ေပေပ၊ ထုံအအလူကိုရွာရတာေပါ့ဗ်ာ၊ အဘႀကီးတို႔လို နယ္ကေနတစ္ေယာက္တည္းတက္လာတဲ့လူေတြဆိုရင္ေတာ့ က်ဳပ္တို႔ပစ္မွတ္ေပါ့ဗ်ာ၊ ၿပီးရင္ ေရခဲေရတိုက္ၿပီးေတာ့ ျပႆနာျဖစ္ေအာင္လုပ္ရတယ္ဗ်၊ ၿပီးေတာ့ ေရခဲေရပုံးကိုေမွာက္ၿပီး ေအာ္ငိုရတယ္၊ ဒီအခါ အသင့္ေစာင့္္ေနတဲ့က်ဳပ္တို႔လူေတြက ဝိုင္းလာၿပီးေတာ့ မတန္တဆေလ်ာ္ေၾကးေတာင္းတာေပါ့ဗ်ာ၊ မေပးဘူးဆိုရင္ ထိုးလားႀကိတ္လားလုပ္ရတာေပါ့၊ ဒါေပမယ့္ က်ဳပ္တို႔ဂြင္ဖန္တဲ့လုပ္ငန္းတစ္ေလွ်ာက္ မေလ်ာ္တဲ့လူဆိုတာ မၾကားဖူးပါဘူးဗ်ာ”

က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ။

“ဟ၊ မင္းတို႔ဟာကလည္း အဆန္းပါလားကြ”

“ဟုတ္တယ္အဘႀကီးေရ၊ ေရခဲေရဖိုးကလည္း ေဈးတင္ထားတာ၊ အျပင္မွာဝယ္ေသာက္ရင္ တစ္ခြက္ငါးျပား၊ ဆယ္ျပားေပါ့ဗ်ာ၊ က်ဳပ္တို႔က ေဈးမသိတဲ့လူေတြဆိုရင္ တစ္ခြက္ငါးမူးနဲ႔ေဈးတင္ၿပီးေတာ့ ေရပုံးထဲပါတဲ့ေရကိုတြက္ၿပီး ေလ်ာ္ေၾကးေတာင္းတာကိုးဗ်၊ အနည္းဆုံးမရဘူးဆိုရင္ေတာင္ အစိတ္၊ ငါးဆယ္ေတာ့ရတယ္”

“အားလားလား၊ မင္းတို႔တစ္မ်ိဳးလုံးက မဟုတ္တာလုပ္တဲ့လူေတြခ်ည္းပါပဲလားကြ”

“ဒါကေတာ့ အဘႀကီးရာ၊ ကြၽန္ေတာ္က မေကာင္းမႈနဲ႔အသက္ေမြးတာဆိုေတာ့ ကြၽန္ေတာ္ေမြးတဲ့သမီးက ဒီလမ္းလိုက္တာ မဆန္းပါဘူးဗ်ာ”

က်ဳပ္ျဖင့္ စားေနတဲ့ထမင္းေတာင္ ဆက္မစားခ်င္ေတာ့ပါဘူးဗ်ာ။

“မင္းတို႔ထမင္းစားရတာေတာင္ စားမဝင္ေတာ့ဘူးကြာ၊ မင္းတို႔ဟာက သူမ်ားဆီကေနလိမ္ပတ္ၿပီးေတာ့ ရထားတဲ့ေငြေတြမဟုတ္လား”

“စားပါအဘႀကီးရာ၊ ကြၽန္ေတာ္ကတိေပးပါတယ္၊ မနက္ျဖန္ကစလို႔ ကြၽန္ေတာ္တို႔ မေကာင္းတာမလုပ္ေတာ့ပါဘူး၊ ေကာင္းေရာင္းေကာင္းဝယ္ပဲ လုပ္စားပါေတာ့မယ္အဘႀကီးရာ”

“ေအးကြာ၊ ဒါနဲ႔ ကေလးမနာမည္က ဘယ္လိုေခၚသလဲကြ၊ ေက်ာင္းေတြဘာေတြေရာ မေနဘူးလား”

က်ဳပ္ေမးလိုက္ေတာ့ ကေလးမေလးက မ်က္ႏွာေအာက္ခ်သြားတယ္။ ဘသိုက္ကလည္းမ်က္ႏွာပ်က္သြားၿပီးေတာ့

“ေနခ်င္တာေပါ့ အဘႀကီးရာ၊ ဒါေပမယ့္ ဝမ္းေရးကလည္းရွိေသးတယ္မဟုတ္လား”

က်ဳပ္တို႔စကားေျပာေနတုန္း ဘသိုက္တို႔ေနတဲ့ဆင္းရဲသားရပ္ကြက္ကေလးထဲမွာ ဆူဆူညံညံျဖစ္ကုန္သဗ်။ ဘသိုက္တို႔လည္း ဟိုဟိုဒီဒီၾကည့္ရင္း

“ဟာ၊ ေဟ့ေကာင္ထြန္းရင္ ဘာျဖစ္တာလဲကြ”

ေငြပြားထြန္းရင္ဆိုတဲ့သူက ကေလးေလးခ်ီလို႔ဗ်။

“က်ဳပ္သားအႀကီးေကာင္ ထုံးစံအတိုင္းတက္သြားလို႔ဗ်”

“ေဟ၊ ညရွစ္နာရီေက်ာ္ေနၿပီဆိုေတာ့ ေဆးခန္းကဖြင့္ပါေတာ့မလား”

က်ဳပ္လည္းမေနႏိုင္တာနဲ႔

“ေဟ့၊ ကေလးတက္ေနတာလား၊ ဒါဆို ဒီကိုေခၚလာခဲ့”

က်ဳပ္ေအာ္လိုက္ေတာ့ ထြန္းရင္လည္း ကေလးပိုက္ၿပီး အိမ္ေပၚကိုေျပးတက္လာတယ္ဗ်၊ က်ဳပ္က ကေလးကိုေသခ်ာၾကည့္လိုက္ေတာ့ ကေလးက မ်က္ျဖဴဆိုက္ေနၿပီးေတာ့ တစ္ကိုယ္လုံးလည္းေပ်ာ့လို႔ဗ်၊ ပါးစပ္က အံေတြႀကိတ္ၿပီး သြားေရေတြလည္း စီးက်ေနပါေရာဗ်ာ။ ကေလးကေတာ့ အသက္ေလးႏွစ္ေလာက္ပဲရွိမယ့္ပုံပဲ။ ဒါနဲ႔ က်ဳပ္လည္း ဘသိုက္ကိုၾကည့္ုလိုက္ၿပီး

“ဘသိုက္ေရ မင္းတို႔အိမ္မွာ သားငါးဟင္းသီးဟင္း႐ြက္ေတြ ခုတ္ျဖတ္တဲ့ သစ္သားစဥ္းတီတုံးရွိလားကြ”

“ရွိတာေပါ့ အဘႀကီးရာ”

“ေအး၊ ဒါဆိုရင္ ဓါးထက္ထက္ယူသြားၿပီးေတာ့ အဲဒီစဥ္းတီတုံးကို ဓါးနဲ႔ခပ္နက္နက္တစ္ခ်က္ထဲခုတ္ကြာ၊ ၿပီးေတာ့ အဲဒီဓါးကိုျပန္ထုတ္ရင္း ပဲ့က်လာတဲ့သစ္သားစကိုယူလာခဲ့၊ စဥ္းတီတုံးေဘးဘက္ေတြကိုခုတ္ရင္ ထြက္တတ္တယ္ကြ”

က်ဳပ္ေျပာေတာ့ ဘသိုက္လည္း အိမ္ေနာက္ေဖးကိုေျပးဝင္သြားတာေပါ့ဗ်ာ၊ မၾကာပါဘူး ဘသိုက္တစ္ေယာက္ ဓါးမႀကီးကိုင္ၿပီးျပန္ထြက္လာတယ္၊ လက္ထဲမွာလည္း စဥ္းတီတုံးက အပဲ့စေသးေသးရွည္ရွည္ကေလးတစ္ခု ပါလာတယ္။ က်ဳပ္လည္း သစ္သားစကိုလွမ္းယူလိုက္ၿပီးေတာ့ ထြန္းရင္ဘက္လွည့္လိုက္ၿပီး

“ထြန္းရင္၊ မင္းသားအခုဝတ္ထားတဲ့ အက်ႌစကိုၿဖဲလိုက္စမ္းကြာ”

ထြန္းရင္က သူ႔သားအက်ႌေအာက္အနားစကိုၿဖဲလိုက္တယ္ဗ်၊ စြပ္က်ယ္သားလိုအက်ႌဆိုေတာ့ ၿဖဲရတာလြယ္ပါတယ္၊ ရွည္ရွည္အပိုင္းေလးရလာတာနဲ႔ က်ဳပ္လည္း အက်ႌစကို လက္ႏွစ္ဖက္နဲ႔ပြတ္လိုက္လိုက္ေတာ့ ႀကိဳးကေလးတစ္ေခ်ာင္းလိုျဖစ္သြားပါေရာဗ်ာ။ ေနာက္ေတာ့ ခုနကသစ္သားအပဲ့စကို အက်ႌစနဲ႔ခ်ည္လိုက္ၿပီး ကေလးရဲ႕ညာဘက္လက္ကိုဆြဲယူလိုက္တယ္။

“မွတ္ထားကြ၊ ေယာက္်ားေလးဆို ညာဘက္၊ မိန္းကေလးဆို ဘယ္ဘက္လက္မွာခ်ည္ရတယ္”

က်ဳပ္လည္း ေကာင္ေလးရဲ႕ညာဘက္လက္မွာ ခုနကအစကေလးကို ခ်ည္မန္းကြင္းလိုခ်ည္ေပးလိုက္ၿပီးေတာ့ ကေလးရဲ႕ငယ္ထိပ္ကိုပုတ္ရင္း

“ေဟ့ေကာင္ေလး၊ ေဟ့ေကာင္ေလး၊ ထစမ္း . .ထေတာ့”

ကေလးက ဘယ္လိုမွေတာ့မေနဘူးဗ်၊ ဒါနဲ႔ ထြန္းရင္ကို ေခၚႏႈိးခိုင္းရတယ္၊ ထြန္းရင္ေလးငါးခါေလာက္ ေခၚႏႈိးၿပီးေတာ့မွ ကေလးက မ်က္လုံးေတြပြင့္လာၿပီးေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔ျဖစ္ေနတယ္၊ ထြန္းရင္က က်ဳပ္ကို ေတာ္ေတာ္ေလးစားအားကိုးသြားတဲ့႐ုပ္နဲ႔ၾကည့္တယ္ဗ်။

“စြမ္းလိုက္တာအဘႀကီးရာ၊ အဘႀကီးကိုက်ဳပ္ေက်းဇူးတင္ပါတယ္”

“မလိုပါဘူးကြာ၊ ငါလည္း ကူခြင့္ရလို႔ ကူရတယ္လို႔ပဲမွတ္ပါတယ္၊ အဲဒီႀကိဳးကေလးကို မေျဖေသးနဲ႔အုံးကြာ၊ ေလးငါးရက္ေလာက္ၾကာမွျဖဳတ္လိုက္၊ ေနာက္တစ္ခါထပ္တက္တယ္ဆိုရင္လည္း အဲဒီနည္းကိုမွတ္ထားၿပီးလုပ္ေပါ့ကြာ”

ေအာင္ရွိန္ကေတာ့ က်ဳပ္ကိုၿပဳံးၾကည့္ရင္း ေခါင္းညိတ္ေနေပမယ့္ မိသက္ကေတာ့ ေတာ္ေတာ္ထူးဆန္းတဲ့ပုံနဲ႔ၾကည့္ေနသဗ်ာ၊ ေနာက္ေတာ့ ေအာင္ရွိန္ဘက္ကိုလွည့္လိုက္ၿပီး

“အေဖႀကီး၊ ဘဘႀကီး ကုေပးလိုက္တာ စုန္းနည္းလမ္းနဲ႔ကုေပးလိုက္တာမ်ားလား”

စုန္းနည္းလမ္းဆိုလို႔ ဘသိုက္ေရာ၊ ထြန္းရင္ပါတစ္ခ်က္တြန႔္သြားၾကတယ္ဗ်၊ ေအာင္ရွိန္က ေခါင္းခါရင္း

“စုန္းပညာရယ္လို႔ေတာ့မဟုတ္ဘူးေပါ့သမီးရာ၊ အဲဒီနည္းလမ္းေတြကို စတိနည္းလမ္းလို႔ေခၚတယ္ကြ၊ ျမန္မာ့႐ိုးရာ စတိနည္းလမ္းနဲ႔ ကုတယ္ေပါ့ကြာ”

မိသက္က တအံ့တၾသနဲ႔

“စတိနည္းလမ္းဆိုတာ ဘာကိုေျပာတာလဲ အေဖႀကီး”

ေအာင္ရွိန္က က်ဳပ္ကိုလွည့္ၾကည့္ၿပီး

“ကဲ သာဒင္ေရ၊ မင္းသုံးတဲ့နည္းလမ္းေတြကို မင္းပဲေျပာျပလိုက္စမ္းပါကြာ”

က်ဳပ္က ေခါင္းညိတ္ရင္း

“စတိဆိုတာ တို႔ျမန္မာေတြ ေရွးကတည္းက ဘိုးစဥ္ေဘာင္ဆက္သုံးလာတဲ့ နည္းလမ္းေတြပဲသမီးရဲ႕၊ စတိဆိုတဲ့စကားက စုန္းသိဆိုတဲ့ စကားကေန ဆင္းသက္လာတာ၊ စုန္းပညာလို႔ေျပာရမွာထက္ ဂမၻီရဆန္တဲ့ပညာရပ္တစ္ခုေပါ့၊ စတိနည္းလမ္းေတြက ေတြးၾကည့္ရင္ အူေၾကာင္ေၾကာင္ႏိုင္တယ္ဆိုေပမယ့္ ေရွးလူႀကီးေတြလက္ဆင့္ကမ္းသုံးစြဲလာခဲ့ၿပီး တကယ္လည္းအသုံးဝင္တာေၾကာင့္မို႔လို႔ ခုခ်ိန္အထိသုံးေနၾကတာပဲေပါ့”

မိသက္က ေခါင္းညိတ္ရင္း

“ထူးတာေတာ့ ထူးဆန္းတယ္ဘဘႀကီးရာ”

“ေအးေပါ့၊ စတိနည္းလမ္းဆိုတာ ေထာင္ေသာင္းနဲ႔ခ်ီၿပီးရွိတတ္ၾကတယ္၊ ခက္တာက အဲဒီနည္းလမ္းေတြကို တိတိက်က်ေရးမွတ္ထားတာမ်ိဳးမရွိဘဲ ႏႈတ္နဲ႔လက္ဆင့္ကမ္းလာခဲ့ၾကတာဆိုေတာ့ တစ္ခ်ိဳ႕နည္းလမ္းေတြကေတာ့ ေပ်ာက္ကြယ္သြားၾကၿပီေပါ့”

“အဲဒီစတိနည္းေတြက ဘာေတြလဲဟင္ဘဘႀကီး”

“ငါ့သမီး င႐ုတ္သီးေထာင္းလို႔ မ်က္စိထဲင႐ုတ္ဖတ္ဝင္ရင္ ဘာလုပ္သလဲ”

မိသက္က စဥ္းစားရင္း

“ေမေမႀကီးေျပာတာကေတာ့ အဲဒီလိုျဖစ္ရင္ ညာဘက္မ်က္စိင႐ုတ္သီးစဝင္ရင္ ဘယ္ဘက္ေျခမ်က္စိကိုေရေလာင္း၊ ဘယ္ဘက္မ်က္စိထဲ င႐ုတ္သီးစဝင္ရင္ ညာဘက္ေျခမ်က္စိကိုေရေလာင္းၿပီးေတာ့ ေအးပါေစ၊ ခ်မ္းပါေစလို႔ ေလးငါးခါေလာက္ ႐ြတ္ေပးရတယ္ဆိုပဲ”

က်ဳပ္လည္း ၿပဳံးလိုက္ရင္း

“အဲဒါ စတိနည္းလမ္းပဲေပါ့ သမီးရယ္”

ဒီေတာ့မွ မိသက္လည္း လက္ခံသြားတယ္၊ က်ဳပ္တို႔ကုေပးလိုက္မွန္းသိေတာ့ တစ္ရပ္ကြက္လုံးက လူေတြက အိမ္မွာလာစုကုန္တယ္ဗ်၊ တစ္ဆင့္စကားတစ္ဆင့္နားနဲ႔ၾကားၿပီး ထြန္းရင္သားကို ေဆးကုေပးလိုက္တဲ့က်ဳပ္ကို တအံ့တၾသနဲ႔လာၾကည့္ၾကတာေပါ့ဗ်ာ၊ ဘသိုက္က က်ဳပ္ကိုၾကည့္ၿပီး

“ဒါဆိုရင္ အူက်ေရာဂါကိုေရာ ကုသႏိုင္တဲ့ စတိနည္းလမ္းရွိပါသလားဆရာႀကီး”

“မင္းက်ေနလို႔လားကြ”

က်ဳပ္ေမးေတာ့ အားလုံးက ဝိုင္းရယ္တယ္ဗ်၊ ဘသိုက္က ရွက္သြားတဲ့မ်က္ႏွာေပးနဲ႔

“က်ဳပ္ျဖစ္တာေတာ့မဟုတ္ပါဘူးဗ်ာ၊ တစ္အိမ္ေက်ာ္မွာေနတဲ့ ဦးဘတူက အူက်ေနတာၾကာၿပီဗ်၊ အၿမဲတမ္းေတာ့မက်ဘူး၊ ဒါေပမယ့္ အူက်ေနၿပီဆိုရင္ ေအာ္လိုက္တာ ညည္းလိုက္တာမ်ားလြန္ပါေရာဗ်ာ၊ ပိုက္ဆံကလည္းမရွိရွာေလေတာ့ ဆရာဝန္ေတြဘာေတြနဲ႔လည္း မျပႏိုင္ဘူးဗ်”

က်ဳပ္လည္း ေခါင္းညိတ္ၿပီး

“ဒါက လြယ္ပါတယ္ကြာ၊ ေဈးတစ္ခုကိုသြားၿပီး ခရမ္းသီးေရာင္းတဲ့ဆိုင္ကေန ခရမ္းသီးတစ္လုံးကို ပိုင္ရွင္မသိေအာင္ယူရမယ္ကြ၊ ခရမ္းသီးခပ္ေသးေသးဆိုလည္းရပါတယ္ကြာ၊ ၿပီးေတာ့ အဲဒီခရမ္းသီးနဲ႔ ေရာဂါျဖစ္တဲ့ေနရာကို အသက္ေအာင့္ၿပီး ခုနစ္ခ်က္႐ိုက္ရမယ္ကြ၊ ၿပီးရင္ ထင္းမီးဖို၊ မီးေသြးမီးဖိုေတြရွိတဲ့ အေပၚတည့္တည့္နားမွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ခ်ည္သာထားလိုက္ကြာ၊ မီးနဲ႔ေတာ့ မျမႇိဳက္နဲ႔ေနာ္၊ ငါခ်ည္ခိုင္းတာက တန္းတစ္ခုခုမွခ်ည္ခိုင္းတာ”

“အဲလိုခ်ည္ၿပီးေတာ့ ဘာဆက္လုပ္ရမလဲ”

“ေလးငါးရက္ေလာက္ၾကာရင္ ခရမ္းသီးက ပိန္ရႈံ႕သြားလိမ့္မယ္ကြ၊ ဒီေတာ့မွ ခရမ္းသီးကို ညေနဆည္းဆာအခ်ိန္မွာျဖဳတ္၊ ဘယ္သူ႔ကိုမွစကားမေျပာဘဲနဲ႔ ၿခံအျပင္ကိုလႊင့္ပစ္ရတယ္၊ ေနာက္ဆို အဲဒီအူက က်ပါဆိုလို႔ေတာင္ မက်ေတာ့ဘူးေပါ့ကြာ”

က်ဳပ္စကားေျပာၿပီးေတာ့ ကေလးခ်ီထားတဲ့အေမတစ္ေယာက္က

“ဒါဆိုဆရာႀကီး၊ ကြၽန္မသားေလးကိုေရာ မကုေပးႏိုင္ေတာ့ဘူးလား”

“ကေလးက ဘာျဖစ္ေနတာလဲ”

သူခ်ီထားတဲ့ အခါလည္သားေလာက္ရွိတဲ့ ကေလးကိုျပရင္း

“ကေလးက ဇက္ေစာင္းေနလို႔ပါ”

“ေအး၊ ဇက္ေစာင္းေနရင္း နင္တို႔အိမ္မွာ သုံးလက္စ ဆီးသားေယာက္မကိုယူ၊ ဘယ္ဘက္ကိုေစာင္းရင္ ညာဘက္ပခုံးကို၊ ညာဘက္ေစာင္းရင္ ဘယ္ဘက္ပခုံးကို မိခင္ျဖစ္ျဖစ္၊ အဘြားျဖစ္ျဖစ္ မိန္းမတစ္ေယာက္ေယာက္က အသက္ေအာင့္ၿပီး ခုနစ္ခ်က္ဖိေပးရတယ္၊ တစ္ခါမေပ်ာက္ရင္ သုံးေလးခါေလာက္လုပ္ေပး၊ ေကာင္းသြားလိမ့္မယ္ဟုတ္ၿပီလား”

ကေလးအေမက ၿပဳံးျပတယ္ဗ်။ ေနာက္လူတစ္ေယာက္က အေရွ႕ကိုတိုးလာၿပီး

“က်ဳပ္က အစိုးရ႐ုံးကစာေရးတစ္ေယာက္ပါ အဘႀကီး၊ က်ဳပ္အခုတေလာ ေခါင္းအုံေခါင္းကိုက္ျဖစ္ေနတာၾကာၿပီဗ်၊ ေဆးေတြေသာက္လည္း ခဏပဲသက္သာတယ္၊ ၿပီးရင္ျပန္ကိုက္တာပဲ၊ ေခါင္းကိုက္ေနတာ့ အလုပ္ေတြလည္းေကာင္းေကာင္းမလုပ္ႏိုင္လို႔ အခုဆိုအလုပ္က ထြက္ရမလိုေတာင္ျဖစ္ေနပါၿပီ အဘႀကီးရာ၊ က်ဳပ္ကို ကုလို႔ရရင္ ကုေပးပါဗ်ာ”

“ဒါမ်ားလြယ္လြယ္ေလးပါ၊ မင္းအခုဝတ္လက္စ ပုဆိုးအေဟာင္းတစ္ထည္ကိုယူကြာ၊ ၿပီးေတာ့ မန္က်ည္းပင္က မန္က်ည္း႐ြက္အႏုအရင့္ေတြမ်ားမ်ားခူးၿပီး ခုနကပုဆိုးထဲကို အစာသြပ္၊ ေခါင္းအုံးပုံစံေလးျဖစ္ေအာင္ ပုဆိုးကိုေခါက္ေပါ့ကြာ၊ ၿပီးရင္ေတာ့ အဲဒီမန္က်ည္း႐ြက္ေခါင္းအုံးနဲ႔ ခုနစ္ညအိပ္ေပးရမယ္ကြ၊ ခုနစ္ညျပည့္ရင္ေတာ့ ေရစီးေနတဲ့ ျမစ္ထဲ၊ ေခ်ာင္းထဲကို အဲဒီမန္က်ည္း႐ြက္ေခါင္းအုံးႀကီးကို ေျမာသာခ်လိုက္ကြာ၊ ေခါင္းကိုက္ေပ်ာက္သြားလိမ့္မယ္၊ ဒါေပမယ့္ အဲဒီမန္က်ည္း႐ြက္ေခါင္းအုံးကို သူမ်ားေတာ့ယူမအိပ္ေစနဲ႔ေနာ္၊ အဲဒီလူဆီကို ေခါင္းကိုက္ကူးသြားလိမ့္မယ္”

ဒီလူက ၿပဳံးရင္း

“ဟာ၊ ဘာမွမခက္ပါလားအဘႀကီးရာ၊ က်ဳပ္မနက္ျဖန္ပဲ စၿပီးစမ္းၾကည့္မယ္ဗ်ာ”

မိန္းမႀကီးတစ္ေယာက္က ထပ္ကပ္လာျပန္ပါေရာဗ်ာ။

“လက္စနဲ႔ ကြၽန္မသမီးကိုလည္းၾကည့္ေပးပါအုံးဆရာႀကီးရာ၊ သူ႔ခါးမွာေရယုန္ေတြေပါက္ေနလို႔ပါ”

ဆယ္ႏွစ္ေလာက္အ႐ြယ္ေကာင္မေလးက သူဝတ္ထားတဲ့ ရွင္မီးအက်ႌကိုလွန္ျပတယ္ဗ်၊ ဟုတ္ပါ့ဗ်ာ၊ ခါးမွာေရယုန္ေတြခ်ည္းပါပဲ၊

“အဲဒီေရယုန္က ခါးတစ္ပတ္ျပည့္ရင္ လူေသတတ္တယ္ေနာ္ကြ၊ နည္းကေတာ့ လြယ္ပါတယ္၊ မီးေသလက္စ မီးဖိုကိုေက်ာေပးၿပီးထိုင္၊ ၿပီးေတာ့ လက္မ၊ လက္ညႇိဳး၊ လက္ခလယ္သုံးေခ်ာင္းနဲ႔ ျပာေႏြးေႏြးကို လက္ေနာက္ျပန္လွမ္းယူရတယ္၊ ၿပီးရင္ေတာ့ အဲဒီျပာကိုၾကည့္ၿပီး “နင္ကေရယုန္၊ ငါကျပာပူဟဲ့” လို႔ခုနစ္ႀကိမ္႐ြတ္ၿပီး ေရယုန္ကိုပြတ္လိမ္းေပး၊ ခုနစ္ရက္ဆက္တိုက္လိမ္းရင္ ေပ်ာက္တာေပါ့”

က်ဳပ္လည္း နည္းလမ္းေတြေပးၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာေနမိတယ္၊ ေအာင္ရွိန္ကေတာ့ က်ဳပ္ကိုၿပဳံးၿပီးေတာ့ ၾကည့္ေနသဗ်ာ၊ ေတာ္ေတာ္ၾကာေတာ့မွ လူေတြေက်နပ္ၿပီး ျပန္သြားၾကေတာ့တာပဲ၊ က်ဳပ္လည္း စကားေတာ္ေတာ္မ်ားမ်ားေျပာလိုက္ရလို႔ထင္ပါ့ဗ်ာ၊ ေခ်ာင္းေတြဆက္တိုက္ဆိုးလာပါေရာ၊ ေခ်ာင္းဆိုးတာကိုလက္နဲ႔ကာလိုက္ေတာ့ လက္မွာေသြးစက္ေတြလာစင္တယ္ဗ်ာ။ ေအာင္ရွိန္က က်ဳပ္ကိုၾကည့္ၿပီး

“မင္းက သူမ်ားကိုေတာ့ ကုသေပးေနၿပီး၊ မင္းကိုယ္တိုင္ကုဖို႔က်ေတာ့ ေမ့ေနတယ္ထင္ပါ့ သာဒင္ေရ”

“ေအးလကြာ၊ ငါလည္းအခုမွ ဒဏ္ရာကိုသတိရတယ္”

က်ဳပ္လည္း အက်ႌၾကယ္သီးကိုျဖဳတ္လိုက္ေတာ့ ရင္ဘတ္မွာလက္ဝါးရာႀကီးကိုေတြ႕လိုက္ရသဗ်ာ၊ လက္ဝါးရာႀကီးက ညိဳမည္းၿပီးေတာ့ ပုပ္စပ္စပ္ျဖစ္ေနပါေရာ၊

“ေသြးလက္ဝါးျဖစ္မယ္ကြ၊ ဒီေလာက္ေတာ့ ငါလည္းကုတတ္ပါတယ္”

က်ဳပ္လည္း ရင္ဘတ္ကိုလက္နဲ႔ဖိၿပီး တတ္သေလာက္မွတ္သေလာက္ ပညာရပ္ေတြနဲ႔ကုၾကည့္တယ္ဗ်၊ ဒါေပမယ့္ စုန္းပညာနဲ႔ကုတာ ျပန္ေကာင္းမလာတဲ့အျပင္ ပိုပိုၿပီးေတာ့ဆိုးလာသဗ်ာ၊ ပါးစပ္ထဲအန္ခ်င္သလိုျဖစ္ၿပီး ေသြးေတြခ်ည္းလွိမ့္အန္ေတာ့တာပဲ၊ ေအာင္ရွိန္က က်ဳပ္ကိုၾကည့္ရင္း

“ငါေျပာသားပဲကြ၊ ငေထရွင္ရဲ႕အစြမ္းက ေတာ္႐ုံမဟုတ္ပါဘူးဆိုေန”

“ေအးကြာ၊ ငါတစ္ခါမွ ဒီလိုဒဏ္ရာမ်ိဳး မေတြ႕ဖူးဘူးကြ”

“မပူပါနဲ႔သာဒင္ရာ၊ မင္းက သူမ်ားေတြကိုေတာင္မွ ကုသေပးေနတဲ့လူပဲကြ၊ မင္းကိုလည္း ကုလို႔ရမွာပါ၊ ကဲ ေရတစ္ခြက္ေပး၊ ငါကုေပးမယ္”

ဘသိုက္က ေရတစ္ခြက္ေျပးခပ္လိုက္တယ္ဗ်၊ ေအာင္ရွိန္က အဲဒီေရခြက္ကို က်ဳပ္ဆီကိုလွမ္းေပးၿပီးေတာ့

“သစၥာေရစင္အေၾကာင္းကို မင္းသိတယ္မဟုတ္လား သာဒင္”

က်ဳပ္လည္းေခါင္းညိတ္လိုက္ၿပီးေတာ့ မ်က္လုံးအစုံကိုမွိတ္ထားလိုက္တယ္။ ေရခြက္ကိုနဖူးအနားကိုကပ္ၿပီးေတာ့

“ကြၽႏု္ပ္သည္ ယေန႔ယခုအခ်ိန္တြင္ ေရာဂါစြဲကပ္ေနသူလူအမ်ားကို စတိနည္းလမ္းမ်ားေပးၿပီး ကုသလမ္းၫႊန္ေပးခဲ့ပါသည္၊ အခ်ိဳ႕မွာလည္း ေပ်ာက္ကင္းသက္သာသြားခဲ့ပါသည္၊ ဤစကားသည္ မွန္ေသာ ဝစီသစၥာစကားျဖစ္ပါသည္။ ဤမွန္ေသာ ဝစီသစၥာစကားကို ဆိုရျခင္းေၾကာင့္ ကြၽႏု္ပ္ကုသေပးခဲ့သူမ်ားကဲ့သို႔ အကြၽႏု္ပ္တြင္ခံစားေနရေသာ ေရာဂါေဝဒနာသည္လည္း ပိန္းၾကာ႐ြက္တြင္ ေရမတင္သကဲ့သို႔ ေပ်ာက္ကင္းသက္သာသြားပါေစသား”

က်ဳပ္သစၥာဆိုၿပီးေတာ့ ေရခြက္ကိုကိုင္တဲ့အခါ ေအာင္ရွိန္က

“သာဒင္၊ လက္ျပန္ပက္ေနာ္ကြ”

က်ဳပ္လည္း လက္ေနာက္ျပန္နဲ႔ ရင္ဘတ္က ဒဏ္ရာကို ေရနဲ႔ပက္ထည့္လိုက္တယ္ဗ်ာ၊ က်ဳပ္သစၥာမွန္လို႔ထင္ပါရဲ႕၊ ေရနဲ႔ပက္ၿပီးတာနဲ႔ အဲဒီလက္ရာႀကီးက တျဖည္းျဖည္းပါးပါးသြားၿပီးေတာ့ ေနာက္ဆုံးအသားအေရာင္အတိုင္းျပန္ျဖစ္သြားတယ္ဗ်ာ၊ ေအာင္ရွိန္က

“မင္းက သူမ်ားကိုကယ္ခဲ့တဲ့လူဆိုေတာ့ မင္းကိုယ္မင္းျပန္ကယ္ရတာလည္း မခက္ဘူးေပါ့ သာဒင္ရာ”

(၃)

က်ဳပ္တို႔ေျပာဆိုၿပီး ရယ္ေမာေနၾကတုန္းမွာ အိမ္ေရွ႕ကေနေခၚသံၾကားလိုက္ရတယ္ဗ်၊ ညကလည္း နက္ေနၿပီ၊ က်ဳပ္အထင္ေတာ့ ညကိုးနာရီေလာက္နီးနီးရွိၿပီထင္ပါ့ဗ်ာ။

“ဘသိုက္၊ ေဟ့ေကာင္ဘသိုက္၊ အိမ္ထဲမွာ မင္းရွိတာ ငါသိတယ္ေနာ္၊ မင္းအခုခ်က္ခ်င္းထြက္ခဲ့စမ္း”

ဘသိုက္က အသံၾကားၿပီးေတာ့ ဇက္ကေလးပုသြားတယ္ဗ်၊

“ဘယ္သူလဲဘသိုက္”

“က်ဳပ္တို႔ကို မေကာင္းတာေတြလုပ္ခိုင္းၿပီး ေခါင္းပုံျဖတ္စားေနတဲ့ ဆရာႀကီးဆိုတဲ့သူပါ”

“ေအာ္၊ ဒင္းကိုး၊ ဒင္းငါနဲ႔ေတြ႕မယ္”

ဘသိုက္က တားရင္း

“အက်ယ္အက်ယ္ေတြျဖစ္ကုန္ပါ့မယ္ အဘႀကီးရာ၊ အဘႀကီးတို႔ေအးေအးေနပါ၊ က်ဳပ္ကိစၥက်ဳပ္သြားရွင္းပါ့မယ္”

ဒီအခါ အျပင္ကေနထပ္ေအာ္ျပန္တယ္ဗ်ာ။

“ဘသိုက္၊ ဘသိုက္၊ မင္းက မင္ကိုယ္မင္းအရည္အခ်င္းရွိတယ္ထင္လို႔ တစ္စင္ေထာင္ခ်င္တာလားကြ၊ မင္းက ဘာေကာင္မွမဟုတ္ဘူး၊ မင္းက ငါမရွိရင္ ေခြးျဖစ္မယ့္ေကာင္ကြ”

ဘသိုက္လည္း ေျပးဆင္းသြားေတာ့တယ္၊ ၿခံေရွ႕မွာသူတို႔ေျပာဆိုေနတဲ့အသံေတြၾကားတယ္ဗ်၊ က်ဳပ္လည္း မေနႏိုင္တာနဲ႔အျပင္ထြက္ဖို႔လုပ္လိုက္တယ္၊ ေအာင္ရွိန္နဲ႔ မိသက္လည္း က်ဳပ္အေနာက္ကေနထြက္လိုက္လာၾကတယ္ဗ်၊ ၿခံေရွ႕မွာေတာ့ ရွပ္အက်ႌဝတ္ထားၿပီး ၀၀ဖိုင့္ဖိုင့္နဲ႔လူႀကီးတစ္ေယာက္က ဘသိုက္နဲ႔ရန္ျဖစ္ေနသဗ်ာ။

“ဘာကြ၊ မင္းက ဆက္မလုပ္ေတာ့ဘူးတဲ့လား၊ ဘသိုက္၊ မင္းလိုခါးပိုက္ႏႈိက္က ဒီအလုပ္ဆက္မလုပ္ေတာ့ဘူးဆိုရင္ ဘာသြားလုပ္စားမွာလဲကြ”

ဘသိုက္ကလည္း ခပ္မာမာပဲဗ်ာ။

“အိုဗ်ာ၊ ရန္ကုန္ၿမိဳ႕ထဲမွာ လုပ္စရာေတြမွေပါလို႔ဗ်ာ၊ ဒီလိုမေကာင္းတဲ့နည္းလမ္းကို က်ဳပ္မလုပ္ေတာ့ဘူး၊ က်ဳပ္ဖာသာ ခ်ီးပုံးထမ္းရထမ္းရ က်ဳပ္ထမ္းစားမယ္”

“ဘသိုက္ရာ၊ မင္းကေတာ့ ေကာင္းေစခ်င္လို႔ ကုန္းေပၚတင္ေပးေပမယ့္ ခ်ီးတြင္းထဲေပ်ာ္တဲ့ေလာက္လို ခ်ီးေတာထဲပဲျပန္ဆင္းခ်င္တဲ့ေကာင္ပါလား၊ မင္းခ်ီးပုံးထမ္းေတာ့ေရာ တစ္ေန႔ဘယ္ႏွျပားရမယ္ထင္လဲကြ”

“ဘယ္ေလာက္ရရဗ်ာ၊ က်ဳပ္ဒီအလုပ္မလုပ္ေတာ့ဘူး၊ က်ဳပ္ထပ္ၿပီးေတာ့ မလုပ္ႏိုင္ေတာ့ဘူး”

“ေအာင္မာ၊ ေအးကြာ၊ ဒါျဖင့္ရင္လည္း ငါ့အေကာင္ေတြျပန္ေပး”

ဘသိုက္က မ်က္ႏွာကိုတစ္ဖက္လွည့္လိုက္ၿပိး

“မရွိေတာ့ဘူး”

“ဘာကြ၊ မင္းဘာေျပာတယ္”

“မရွိေတာ့ဘူး၊ ခင္ဗ်ားရဲ႕သရဲေတြအကုန္ က်ဳပ္လႊတ္ေပးလိုက္ၿပီ”

“မင္းကြာ၊ မင္းေတာ္ေတာ္အသုံးမက်တဲ့ေကာင္ပဲ၊ မင္းေတာ့ . . . မင္းေတာ့ ေသၿပီသာမွတ္”

အဲဒီလူႀကီးက ေျပာဆိုရင္း ေဒါသထြက္လာၿပီးေတာ့ ဘသိုက္ကိုလက္ဝါးနဲ႔႐ိုက္ဖို႔ျပင္လိုက္တယ္ဗ်၊ သူ႔လက္ဝါးက အနီေရာင္ႀကီးတစ္ခ်က္လင္းထြက္သြားပါေရာဗ်ာ၊ ဒါ႐ိုး႐ိုးလက္ဝါးမဟုတ္ဘူးဗ်ာ၊ ပညာနဲ႔႐ိုက္တဲ့လက္ဝါးဗ်၊ က်ဳပ္လည္း ဝင္တားမယ္ႀကံ႐ုံရွိေသးတယ္၊ ဒီလူႀကီးလက္က ေျဖာင္းခနဲအသံျမည္ၿပီးေတာ့ အေနာက္ကိုေျခသုံးေလးလွမ္းဆုတ္သြားပါေရာဗ်ာ။ ဒီအခ်ိန္ ေအာင္ရွိန္တို႔သားအဖက အေရွ႕ကိုတက္လာတယ္။

“ေၾသာ္၊ ဘယ္သူမ်ားလဲလို႔ မိတ္ေဆြေဟာင္းႀကီးပါလား”

ဒီလူႀကီးက ေအာင္ရွိန္ကို တအံ့တၾသနဲ႔ၾကည့္ရင္း

“ဟင္ . . . မင္း . . မင္းေမာင္ရွိန္မဟုတ္လား”

“အစစ္ေပါ့ဗ်ာ၊ မေတြ႕တာၾကာလို႔ ခင္ဗ်ားေတာင္ ေတာ္ေတာ္ဝလာတယ္ေနာ္ ဦးဖိုးထူး”

“ေနစမ္းပါအုံးေမာင္ရွိန္၊ မင္းက ဒီအိမ္မွာ ဘယ္လိုျဖစ္လို႔ေရာက္ေနတာလဲ”

ေအာင္ရွိန္က ခပ္မ်ဥ္းမ်ဥ္းရယ္လိုက္ၿပီးေတာ့

“က်ဳပ္ရွည္ရွည္ေဝးေဝးမေျပာခ်င္ဘူး ဦးဖိုးထူး၊ ခင္ဗ်ားမနာခ်င္ရင္ အခုက်ဳပ္ေရွ႕ကေနထြက္သြားလိုက္ေတာ့”

ဒီအခါ ဦးဖိုးထူးဆိုတဲ့လူက တဟားဟားနဲ႔ခြက္ထိုးခြက္လန္ရယ္သဗ်။

“ဟား၊ ဟား ရယ္ရတယ္ေအာင္ရွိန္ရာ၊ မင္းလို ဟိုမေရာက္ဒီမေရာက္ ဝိဇၨာကန႔္လန႔္ေကာင္ကမ်ား ငါ့ကိုေမာင္းထုတ္တယ္တဲ့လား၊ ငါဒီႏွစ္ေတြအတြင္းမွာ ဘယ္ေလာက္ေတာင္အစြမ္းေတြတိုးခဲ့ၿပီလဲဆိုတာ မင္းသိရဲ႕လားကြ၊ လာစမ္းပါ၊ ငါ့အစြမ္းသိရေအာင္ မင္းနဲ႔ငါနဲ႔ယွဥ္ၾကစို႔ကြာ”

ေအာင္ရွိန္ကလည္းရယ္ရင္း

“ေကာင္းတာေပါ့ ဦးဖိုးထူးရာ၊ ဒါေပမယ့္ ခင္ဗ်ားအဆင့္ေလာက္နဲ႔ က်ဳပ္နဲ႔ယွဥ္ဖို႔ရာ မထိုက္တန္ဘူးဗ်၊ ေတာ္ၾကာလူေတြၾကားကုန္မွ က်ဳပ္က ခင္ဗ်ားလိုအိုႀကီးအိုမကို အႏိုင္က်င့္တယ္ဆိုၿပီး ျဖစ္ေနပါအုံးမယ္၊ သမီး မိသက္”

မိသက္က အေရွ႕ထြက္လာၿပီးေတာ့

“ရွင္အေဖႀကီး”

“ဒီလူႀကီးကို သမီးပဲၾကည့္ရွင္းလိုက္ပါကြယ္”

“ဟုတ္ကဲ့ပါအေဖႀကီး”

ေအာင္ရွိန္က ဦးဖိုးထူးကိုၾကည့္ရင္း

“ဒီမွာဦးဖိုးထူး၊ ခင္ဗ်ားက်ဳပ္နဲ႔မယွဥ္ခင္၊ က်ဳပ္ရဲ႕တပည့္မေလး မိသက္နဲ႔အရင္ယွဥ္လိုက္ပါအုံးဗ်ာ၊ ညႇာညႇာတာတာေတာ့လုပ္ဗ်၊ ဒီကေလးက က်ဳပ္တပည့္ျဖစ္တာ သိပ္မၾကာေသးဘူး”

ေအာင္ရွိန္ေျပာလိုက္ေတာ့ ဦးဖိုးထူးမ်က္ႏွာႀကီး နီရဲသြားသဗ်ာ။

“ေအာင္မာ၊ မေလာက္ေလးမေလာက္စားေကာင္မေလးကမ်ား ငါ့ကိုယွဥ္မတဲ့လား၊ စိတ္ခ်ေမာင္ရွိန္၊ မင္းတပည့္ကေလးကို မေသမရွင္ျဖစ္ေအာင္ငါလုပ္ေပးလိုက္မယ္”

ဦးဖိုးထူးေျပာေနတုန္း မိသက္က သူ႔လက္မွာပတ္ထားတဲ့ပုတီးကေလးကိုျဖဳတ္လိုက္သဗ်၊ ပုတီးကေတာ့ သိပ္မႀကီးပါဘူးဗ်ာ၊ က်ဳပ္အထင္ေတာ့ ႏွစ္ဆယ့္ခုနစ္လုံးပုတီးထင္တာပါပဲ၊ မိသက္က အဲဒိပုတီးကေလးကို လက္ညႇိဳးမွာတပ္ၿပီးေတာ့ တဝွီးဝွီးနဲ႔လွည့္တယ္။ ၿပီးတာနဲ႔ ဦးဖိုးထူးဆီကို လွမ္းပစ္ထည့္လိုက္ေတာ့တာပါပဲဗ်ာ၊ ပုတီးက ေလထဲမွာတဝွီးဝွီးနဲ႔ပ်ံသန္းသြားရင္း အလင္းေရာင္ေတြ ျဖန္းခနဲ ျဖန္းခနဲလက္သြားတယ္ဗ်၊ ပုတီးက ပ်ံသြားၿပီး ဦးဖိုးထူးကိုသြားထိပါေရာဗ်ာ။

ဝုန္းခနဲအသံႀကီးနဲ႔အတူတူ ဦးဖိုးထူးက အေနာက္ကိုလန္ထြက္သြားသဗ်၊ ပုတီးက တစ္ခါျပန္လည္လာၿပီးေတာ့ ဦးဖိုးထူးကိုျပန္ထိျပန္တယ္၊ ဒီတစ္ခါထိေတာ့ ဦးဖိုးထူးက ေျမေပၚကိုေခြက်သြားသဗ်ာ၊ ပုတီးက ေကာင္းကင္ေပၚကိုပ်ံတက္သြားၿပီး တစ္ခါ ဦးဖိုးထူးဆီကိုပ်ံလာၿပီးထိပါေရာ၊ ဦးဖိုးထူးမွာ ေျမႀကီးေပၚလိမ့္ေနေအာင္ခံရပါေရာဗ်ာ၊ အဝတ္အစားေတြဆိုတာလည္း ေပက်ံကုန္တာေပါ့၊ မိသက္က ပုတီးကိုေသခ်ာစိုက္ၾကည့္ေနၿပီး ပါးစပ္ကလည္း တတြတ္တြတ္နဲ႔႐ြတ္ေနသဗ်ာ၊ က်ဳပ္အထင္ သူ႔အၾကည့္အေနာက္ကို ပုတီးကလိုက္ၿပီးထိေနတယ္ထင္ပါ့ဗ်ာ။

ခုနစ္ခ်က္ေလာက္ထိၿပီးတဲ့အခါ ဦးဖိုးထူးလည္း ေတာ္ေတာ္ကိုနာေနၿပီဗ်၊ ေျမေပၚမွာဝက္လို လူးေနတာပဲဗ်ာ၊ ေအာင္ရွိန္က မိသက္ပခုံးကိုပုတ္လိုက္ၿပီး

“ေတာ္ၿပီသမီး၊ ရပ္လိုက္ေတာ့၊ ဒီအတိုင္းဆို ကိုးခ်က္ထိရင္ ဒီလူေသၿပီ၊ ကိုယ့္လက္ကိုေသြးမစြန္းေစနဲ႔”

မိသက္က ေခါင္းညိတ္ၿပီးေတာ့ လက္ကိုမိုးေပၚေထာင္လိုက္တယ္၊ ဒီအခါ ပုတီးကေလးက သူ႔လက္မွာျပန္ပတ္သြားတယ္။ ဦးဖိုးထူးက လူးလဲၿပီးကုန္းထတယ္ဗ်။

“ဒီမွာဦးဖိုးထူး၊ ခင္ဗ်ားက်ဳပ္ကိုမေျပာနဲ႔ မေန႔တစ္ေန႔ကမွ က်ဳပ္တပည့္ျဖစ္တဲ့ ဒီကေလးမေလးကိုေတာင္ မႏိုင္ပါလားဗ်”

ဦးဖိုးထူးက အံႀကီးတႀကိတ္ႀကိတ္နဲ႔ဗ်၊ မိသက္က ဦးဖိုးထူးကိုၾကည့္ရင္း

“ဘယ္လိုလဲ ပ႒ာန္းပုတီးရဲ႕အရသာက ေကာင္းရဲ႕လားအဘႀကီး၊ ဒီပ႒ာန္းပုတီးက ပ႒ာန္းအပတ္ေရ ႏွစ္ေသာင္းေလးေထာင္တိတိကို အဓိ႒ာန္နဲ႔စိပ္ထားတာဆိုေတာ့ မေကာင္းဆိုးဝါးေတြ ေတာ္ေတာ္ေၾကာက္ၾကတယ္ အဘႀကီးရဲ႕”

မိသက္က ခပ္ႂကြားႂကြားေျပာလိုက္ေတာ့ ဦးဖိုးထူးက မိသက္ကိုလက္ညႇိဳးထိုးၿပီး

“ေကာင္မေလး၊ နင့္ကိုငါအရင္သတ္မယ္၊ ေနာက္ဆို နင့္ကိုငါအရင္သတ္မယ္”

ဒီအခ်ိန္လူတစ္ေယာက္က အေမွာင္ထဲကေနထြက္လာတယ္ဗ်၊ ဦးဖိုးထူးရဲ႕ေဘးနားကိုဝင္ရပ္လိုက္တယ္ဆိုရင္ပဲ ဦးဖိုးထူးက

“သခင္ႀကီး၊ ဒီေကာင္ေတြကို မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမလိုက္စမ္းပါ”

ထြက္လာတဲ့လူက အလတ္ေကာင္ျဖစ္ေနတယ္ဗ်ာ၊ က်ဳပ္ျဖင့္မ်က္လုံးျပဴးသြားတာပါပဲ၊ မိသက္က အလတ္ေကာင္ကိုေတြ႕တာနဲ႔ သူ႔ရဲ႕ပ႒ာန္းပုတီးကို ပစ္ထည့္လိုက္ပါေရာဗ်ာ၊ အလတ္ေကာင္က မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ၿပီးေတာ့ သူ႔ဆီပ်ံဝင္လာတဲ့ ပ႒ာန္းပုတီးကို ဘက္ဖက္လက္တစ္ဖက္တည္းနဲ႔ လမ္းဆုပ္ၿပီးဖမ္းလိုက္တယ္၊ ေနာက္ေတာ့ ပ႒ာန္းပုတီးကို ျပန္ပစ္မယ္အလုပ္မွာ က်ဳပ္ကအေရွ႕ကိုတက္သြားၿပီးေတာ့

“အလတ္ေကာင္၊ အလတ္ေကာင္”

အလတ္ေကာင္က က်ဳပ္ေျပးတက္လာတာလဲျမင္ေရာ တစ္ခ်က္ၿငိမ္သြားတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုေတြေတြႀကီးၾကည့္ေနရင္း

“ဟင္၊ ဦး . . .ဦးဘသာ”

“အလတ္ေကာင္၊ မင္းမွတ္မိၿပီလား၊ ငါဦးဘသာေလကြာ၊ မင္းကိုေတြ႕ခ်င္လို႔ ႐ြာကေနလိုက္လာတာကြ”

ဦးဖိုးထူးက တအံ့တၾသျဖစ္ေနၿပီးေတာ့ အလတ္ေကာင္ရဲ႕လက္ကိုကိုင္ရင္း

“သခင္ႀကီး၊ ဒီေကာင္ေတြက က်ဳပ္ကိုေစာ္ကားတယ္၊ က်ဳပ္ကိုနာက်င္ေအာင္လုပ္တယ္၊ ဒီေကာင္ေတြကို သခင္ႀကီးအေၾကာင္းသိသြားေအာင္ ျပလိုက္စမ္းပါသခင္ႀကီးရာ”

အလတ္ေကာင္က မတုန္မလႈပ္ရပ္ေနရာကေန ဘက္ဘက္လက္သီးကို က်စ္ေနေအာင္ဆုပ္ကိုင္ထည့္လိုက္တယ္ဗ်၊ သူ႔လက္ထဲက မိသက္ရဲ႕ပ႒ာန္းပုတီးကေလးက ေထာက္ခနဲျပတ္သြားၿပီးေတာ့ ပုတီးေစ့ေတြအကုန္လုံးေျမေပၚကိုက်ကုန္တာေပါ့ဗ်ာ၊ ၿပီးတာနဲ႔ အလတ္ေကာင္က တစ္ဖက္ကိုလွည့္ထြက္သြားၿပီး အေမွာင္ထဲဝင္သြားေတာ့တယ္၊ ဦးဖိုးထူးက တအံ့တၾသနဲ႔က်န္ခဲ့ရင္း က်ဳပ္တို႔ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ အလတ္ေကာင္အေနာက္ကိုေျပးလိုက္သြားပါေရာ၊ မိသက္က ပ႒ာန္းပုတီးကေလးကို ေျပးေကာက္မယ္အလုပ္မွာ ေအာင္ရွိန္က မိသက္လက္ကိုဆြဲထားလိုက္တယ္။

“မေကာက္နဲ႔ေတာ့၊ ပ်က္ခ်ိန္တန္လို႔ပ်က္ရတယ္လို႔ပဲ မွတ္လိုက္ပါေတာ့”

မိသက္က လူငယ္ဆိုေတာ့ စိတ္မထိမ္းႏိုင္ဘူးဗ်။

“ဒီလူက ဒီေလာက္စြမ္းတဲ့ ပ႒ာန္းပုတီးကိုေတာင္ ခံႏိုင္ရည္ရွိေနပါလား အေဖႀကီး”

“ငေထရွင္က ေပါ့ေသးေသးမဟုတ္ဘူးသမီး၊ ေနာက္ဆို ပိုၿပီးေတာ့ သတိထားရေတာ့မယ္”

က်ဳပ္ကေတာ့ေပ်ာ္သြားတယ္ဗ်၊ ေပ်ာ္တာက အေၾကာင္းမဲ့ေတာ့မဟုတ္ဘူး၊ အလတ္ေကာင္ၾကည့္ရတာ က်ဳပ္ကိုမွတ္မိေနတဲ့ပုံပဲ၊ က်ဳပ္ကိုျမင္ေတာ့ ဦးဘသာဆိုၿပီးေခၚလိုက္တယ္မဟုတ္လား၊ ဒီအတိုင္းဆို ေအာင္ရွိန္ေျပာတာျဖစ္ႏိုင္တယ္၊ အလတ္ေကာင္မေသေသးဘူး၊ အလတ္ေကာင္မေသေသးဘူးဗ်။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ