” အဖေနှင့်စုဗူးလေး ” (စ/ဆုံး)

” အဖေနှင့်စုဗူးလေး ” (စ/ဆုံး)

=============================

ရေတွေနေရာအနှံကြီးနေတော့
ဒီဇာတ်လမ်းလေးကိုပြန်တင်ပေးချင်မိတယ်…
မိဘနဲ့သားသမီး ချစ်ခြင်းမေတ္တာကို
နှလုံးသားဖြင့်ခံစားတတ်ကြပါစေ

@@@@@@@@@@@

“”သား ရေ သား မောင်ဖိုးလုံး””

ကျွန်တော်ကို အနောက်ကနေလှမ်းခေါ်နေတာကို
ကျွန်တော် ကြားပါရဲ့နှင့် မကြားသလို
ဆက်လျှောက်လာခဲ့သည်။
မိုးစက်အချို့က ခပ်ဖွဲ့ဖွဲ့လေးကျချင်နေသည်။
သို့ပေမယ့် ဖွဲရုံလေးသာမို့ ကျွန်တော် ကျောပိုးအိတ်ကိုလွယ်ပြီးကျောင်းကိုအမြန်ရောက်ဖို့
ခပ်သုတ်သုတ်လျှောက်လာခဲ့တာပါ။
အငယ်မလေး မိနှင်း နဲ့ မိစု က ထီးတစ်ချောင်းနဲ့သွားနှင့်ပြီဖြစ်သည်။

မနေ့က ကျောင်းအပြန် မိုးရောလေရောကျနေတော့
ကျွန်တော် ခိုထီးလေး ကိုင်းတစ်ချောင်း
ကျိုးသွားပြီမို့ မပြင်ရသေးသည့်အတွက်
အိမ်မှာထားခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်အသက်က ဆယ့်ခြောက်နှစ်လူပျိုပေါက်။
ဆယ်တန်းကျောင်းသား ကျွန်တော် ။
အမှန်ပြောရရင် လူပျိုစိတ်ဝင်နေပြီမို့ လှချင်တယ်။
ဝတ်ကောင်းစားလှ ဝတ်ချင်တယ်။
တခြားဟာကိုမပြောဘူ။
အရောင်မွဲနေပြီဖြစ်တဲ့ ထီးအစုတ်ကြီးကို
ဆောင်းရမှာ ရှက်တတ်နေပြီ။
မနေ့ကတော့ မိုးထဲလေထဲ ထီးစုတ်ကြီး ကိုင်းကျိုးသွားလေတော့ ကိစ္စအေးသွားခဲ့ပြီဖြစ်သည်။

“”ဖိုးလုံး…သား ရေ ဒီမှာထီးယူသွားလေ
ငါ့သား ဘယ်နားထားမိမှန်းမသိလို့
မယူသွားတာမို့လား
ရော့…ရော့ တော်ကြာ မိုးမိမယ်””

ကျွန်တော်တမင်ထားခဲ့တဲ့ ထီးစုတ်ကြီးကိုကိုင်ပြီး
အနောက်ကနေ ခြေတစ်ဘက် ထော့နင်း ထော့နင်းနဲ့
အဖေ အမှီလိုက်လာပါတော့သည်။
ဒေါသတို့သည် ရုတ်ချည်းမြင့်တတ်လာပြီး
ရန်လိုသောအကြည့်ဖြင့် ဖခင်ကို လှည့်ကြည့်လိုက်သည်။

“”မလိုချင်လို့ ထားခဲ့တာဗျာ
ဘာလို့မရမက လိုက်ပေးနေတာလဲ။
အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မိုးမိရုံမကလို့
မိုးကြိုးပဲပစ်ပစ် အဖေကိစ္စမပါဘူး””

ကျွန်တော် အော်ငေါက်လိုက်တော့ အဖေ
ဆက်မလိုက်လာပဲ ရပ်ကျန်ရစ်ခဲ့ပါသည်။
ကျွန်တော်..သိတ်မုန်းတယ်။
ကျွန်တော်အဖေကို ကျွန်တော် အရမ်းမုန်းတယ်။
ညာဘက်ခြေသလုံးပေါ်ကို သစ်တုံးပြုတ်ကျခဲ့ဘူးလို့ မစွမ်းမသန်ဖြစ်သွားတဲ့ ဒုက္ခိတ
အဖေကိုမုန်းတယ်။
မနက်တိုင်း ပဲပြုတ်တောင်းခေါင်းပေါ်ရွက်ပြီး
ရွာစဥ်လည့်ရောင်းရရှာတဲ့ မိခင်။
ကျောင်းဆင်းချိန် လမ်းထိပ်က ဆန်ဆိုင်မှာ
နေ့တစ်ပိုင်း ဆန်ရောင်းရတဲ့ကျွန်တော်။
အဆော့နဲ့အစားလောက်ပဲသိတဲ့ ကျွန်တော်အောက်ကညီမလေးနှစ်ယောက်။
ကျွန်တော့်တို့ ဘဝတွေက အရမ်းစုတ်ပြတ်နေတာမဟုတ်ပေမယ့် သူများနဲ့တန်းတူမညီခဲ့တာတော့ အမှန်ပါပဲ။

ကျွန်တော် ငယ်စဥ်က အတန်းစဥ်တိုင်းမှာ
အဆင့်တစ်ရခဲ့တဲ့သူပါ။
ကျွန်တော် ခြောက်တန်းနှစ်လောက်မှာ အဖေ ခြေထောက်ဒဏ်ရာရပြီး သစ်စက်ကနေ
အလုပ်နားလိုက်ရတယ်။
အဲ့အချိန်ကစလို့ ကျွန်တော်တို့မိသားစု စီးပွားရေးကြပ်တည်းခဲ့ကြသည်။
ဒီနှစ်ဆယ်တန်းကို ကျွန်တော် ကျုရှင်မယူနိူင်ခဲ့ဘူး။
ကျုရှင်မယူနိူင်တဲ့အပြင် နေ့တဝက် ဆန်ဆိုင်မှာအလုပ်လုပ်ရသေးတယ်။
လာဝယ်တဲ့ တပြည်သား၊ နှစ်ပြည်သားတွေကို
ချင်တွယ်ပေးရသလို အိတ်လုံးဝယ်တဲ့
သူတွေကိုတော့ အိမ်အရောက်
ဆိုင်ကယ်နဲ့ ပို့ပေးရပါသည်။
လဆန်းရက်ဆို အိတ်ဆွဲသမားတွေများ၍
အလုပ်လုပ်ရတာအရမ်းပင်ပန်းပြီး
ညဘက်ဆိုတစ်ကိုယ်လုံး ကိုက်ခဲ၍နေတတ်ပါသည်။

ထိုအချိန်တိုင်း ဆေးပူဆေးပြင်းတွေလိမ်းရင်း
ခြင်ထောင်ထဲမှာ မျက်ရည်ကျမိသည်။
ကျွန်တော်ဒီနှစ်ဆယ်တန်းစာမေးပွဲ
အောင်ပါ့မလား..
စာတွေက သိတ်လိုက်မမှီတော့ပေ။
စာမေးပွဲနားနီးလျှင် သုံးလပြတ် အနီးကပ်တတ်၍
အတော်လေးကြိုးစားရပါမည်။
ထိုအတွက် ပိုက်ဆံလေးတွေ ခြစ်ကုတ်ပြီးကျွန်တော်စုထားတာ ပြည့်လုနီးပါးဖြစ်နေပါပြီ။
အပိုငွေလည်း အကုန်မခံနိူင်ပေ။

ကျွန်တော့် အိပ်ယာခေါင်းရင်းက စင်လေးပေါ်မှာ
ဇီးကွတ်ရုပ်စုဗူးလေးတင်ထားသည်။
မိစု နှင့် မိနှင်းကို လက်ဖြင့်ပင် မတို့မထိဖို့
မှာထားရသည်။
ထီးလိုနေပေမယ့် မဝယ်ခဲ့ပေ။
နောက်နှစ်လဆို ကျွန်တော်ဆန်ဆိုင်က အလုပ်ထွက်၍ ကျုရှင်သုံးလပြတ်တတ်ရတော့မည်ဖြစ်သည်။

ဒုက္ခိတဖခင်က ဘယ်မှာမှ အလုပ်မရ၍
အိမ်မှာနေပြီး ထမင်းချက် အဝတ်လျှော် အမေ့အတွက်ညပိုင်းပဲပြုတ်ပေး။
ထိုတာဝန်လောက်နှင့်ဝတ္တရားကျေနေပြီဟု
ထင်မှတ်နေပုံရသည်။
သောက်တတ်စားတတ်သူ မဟုတ်ပေမယ့်
နူံချာလွန်းသည်။
လခစားအလုပ်မရလျှင် စျေးရောင်းစျေးဝယ်လုပ်၍ရသည်ကို အဖေမလုပ်ခဲ့။
စျေးမရောင်းတတ်ဘူး…ဟူသောစကားတစ်လုံးဖြင့် အိမ်မှာတောက်တိုမယ်ရ လျှောက်လုပ်နေသည်။

အရင်က ဖခင်ကို မုန်းတီးစိတ်မဖြစ်ခဲ့ပေမယ့်
ကျောင်းမှာ လပတ်စာမေးပွဲ reportcard ပေးတိုင်း
အမှတ်လေးငါးဆယ်ကျော်ကျော်သာ
ရရှိတော့သည့် ကျွန်တော်အမှတ်စရင်းကို
ကြည့်ပြီး ပို ပို ၍မုန်းတီးစိတ်ဝင်မိသည်။
အကယ်၍သာ တဘက်တလမ်းမှ
ဖခင်သာမိသားစုအတွက်ငွေရှာပေးနိူင်ခဲ့လျှင် ကျွန်တော်လည်းအလုပ်ထွက်လုပ်စရာမလိုပဲ
ကျုရှင်တတ်ခွင့်ရမည်ဖြစ်သည်။
အခုတော့…..နေသာသလိုနေတတ်သောဖခင်ကို
မရိုသေချင်တော့သလို မုန်းတီးစိတ်နာလာမိပါသည်။

ဖခင်ကမေးလျှင် ဖြေချင်မှဖြေသည်။
စကားအကောင်းလည်း ကျွန်တော်ပြန်
မပြောတော့ပေ။
အကယ်၍သာကျွန်တော် သည်ထူးထူးချွန်ချွန်ဖြင့်
နောင်တစ်ချိန်ဘဝကို ရပ်တည်လာနိူင်ပါက
ကျွန်တော့်၏အသီးအပွင့်တို့ကို ဖခင်စားသုံးမည်မှာအမှန်ပင်ဟု တွေးပြီး စိတ်နာနေမိပါသည်။

###################
…………….

ကျွန်တော်ကျောင်းကိုရောက်ရုံရှိသေးသည်။
မိုးမှာသဲကြီးမဲကြီးပြိုဆင်း၍လာလေတော့သည်။
မနေ့ကတည်းကရွာထားသည့် မိုးရေ လက်ကျန်များကမြောင်းများမှာအကုန်ပင်မစီးဆင်းနိူင်သေးပေ။
လေရောမိုးရောတမဟုတ်ချင်းရွာချလိုက်ရာ
အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့်ကျွန်တော်တို့ရပ်ကွက်လေးမှာရေများအဆမတန် လွှမ်းမိုးလာပါတော့သည်။
ပိုဆိုးသည်ကကျွန်တော်တို့အိမ်ရှိရာလမ်းသည်ဒယ်အိုးပုံသဏ္ဍာန် ချိုင့်ဖြစ်နေသောလမ်းဖြစ်သည့်အပြင် ချောင်းရိုးတစ်ခုက ကျနော်တို့ခြံဝိုင်း၏
ခေါင်းရင်းမှ စီးဆင်းနေခြင်းဖြစ်သည်။

မိုးအနည်းငယ်များသည်နှင့် ချောင်းရေက ခြံဝိုင်းအတွင်းဝင်ရောက်နေပြီး ခြံစည်းရိုးများလည်း
မကြာခဏရေတိုက်စား၍မျောပါသွားတတ်ကြသည်။
သာမန်ရေလျှံမူ့မျိုးဖြစ်ပါက ကျနော်အပါအဝင်
ညီမလေးနှစ်ယောက်ပါ ရေစပ်စပ်ထဲဆင်း၍
မရွံမရှာ ရေကစားတတ်ကြပါသေးသည်။
ချောင်းရေတအားများလာလျှင် ရေစီးသန်လာပြီး
လူပါမျောပါနိူင်သည့်အတွက်ထိုအချိန်တွင် အိမ်ပေါ်မှအိမ်အောက်သို့ မဆင်းရဲကတော့ပေ။
မိုးမှာ တဖြည်းဖြည်း ပိုများလာပြီး
ကျောင်းဝင်းတစ်ခုလုံးပင်ရေအတိ
ဖုံးလွှမ်းလာပါတော့သည်။

“”ကျောင်းသားတွေ အိမ်ပြန်လို့ရပြီနော်။
အငယ်တန်းလေးတွေကတော့ အိမ်ကမိသားစုဝင်တွေလာခေါ်မှ ပြန်ပါ။
အကြီးတွေလည်း အိမ်တန်းပြန်ကြနော်။
ရေတွေတအားများနေတယ်။
အန္တရယ်ဖြစ်မယ့် နေရာတွေမှာ ရေမဆော့ကြနဲ့။
ဖိုးလုံး မင်းတို့လမ်းက ရေစီးသန်တယ်နော်။
ညီမလေး တွေသေချာခေါ်သွားနော်””

“”ဟုတ်ကဲ့ပါ ဆရာမ””

တကယ်တမ်းကျောင်းကထွက်တော့ အငယ်မလေးနှစ်ယောက် ဘယ်ရောက်သွားမှန်းမသိရတော့ပေ။
ရေတွေဆော့ရင်း အိမ်ပြန်သွားပြီထင်ပါသည်။
ကျွန်တော်လည်း ကျောပိုးအိတ်ကို ပလပ်စတစ်အိတ်တစ်လုံးနဲ့ပတ်၍ အိမ်သို့ မိုးတောထဲပြန်လာလိုက်ပါတော့သည်။

###################
………………

ကျွန်တော်တို့လမ်းမှာ ရေစီးတအားသန်နေပါပြီ။
ကျွန်တော်တို့ခြံရှေ့မှာပင်ရေက ရင်ခေါင်းလောက်ရောက်နေခဲ့ပြီဖြစ်သည်။
ညီမလေး နှစ်ယောက်ကို အရမ်းစိုးရိမ်မိသွားပြီး
ခြံဝကနေ အသံကုန်အော်ခေါ်လိုက်ပါသည်။

“”မိနှင်း နဲ့ မိစု အိမ်ပြန်ရောက်ပြီလား””

“”ရောက်နေပြီသားရေ..အဲမှာခဏနေဦး
လွယ်အိတ်ရေမစိုအောင် အဖေလာယူမယ်။
သားကလွတ်လွတ်ခါခါကူးလာပေါ့””

အဖေဟာခြေမသန်ပေမယ့် ရေကူးကျွမ်းကျင်သူဖြစ်သည်။
ကျွန်တော် ရှိရာသို့ တမဟုတ်ချင်းကူးခတ်လာပါတော့သည်။

“”ပေး….ပေး လွယ်အိတ် သားသတိနဲ့ကူးနော်
ရေစီးအရမ်းသန်နေတယ်””

ကျွန်တော်တို့အိမ်ရဲ့ကြမ်းပြင်ဟာမြုပ်လုမြုပ်ခါနီးဖြစ်နေပါပြီ။
ညီမလေးနှစ်ယောက်က အိမ်ရှေ့ ကျနော်အိပ်သည့်နေရာရှိပြတင်းပေါက်နားတွင် ရေပြင်ကိုကြည့်ပြီး
ပျော်နေပါတော့သည်။
အိမ်ပေါ်ရောက်တော့ ဖခင်ကရေစိုအဝတ်များကို
အမြန်လဲစေပြီး ကျွန်တော်ခေါင်းကရေစိုဆံပင်ကို
သဘက်ကြမ်းဖြင့်လာသုတ်ပေးနေပါသည်။

“”ဒီ ရေကြီးပုံနဲ့ဆို ပဲ ဘယ်လိုပြုတ်ရမလဲ
ကိုသာမြရယ်””

“”မပြုတ်နဲ့ပေါ့ မြရီရယ်
အကို မနက်က ဦးဝင်းမောင်တို့အိမ်ရေဝင်နေလို့
သွားကူရွှေ့ပေးတာ မုန့်ဖိုး ငါးထောင်ရလာတယ်။
အဲ့ငါးထောင် ဘုရားစင်ပေါ်ကစာအုပ်လေးထဲမှာ။
သိတ်ပူမနေနဲ့ ညနေ တကယ်လို့ရေကျသွားရင်
မဝေတို့ တိုက်ခန်းတွေမှာ သွားပြီး ရေကူဆေး
သန့်ရှင်းရေးလုပ်ပေးရင် မုန့်ဖိုးရဦးမှာပါကွာ
ငါ့သား ဖိုးလုံးလည်း ညနေဆန်ဆိုင်သွားမနေနဲ့
ပြီးတော့ အဖေလေညစောင့်အလုပ် လျှောက်ထားတာ လကုန်ရက်လောက်ကျရင်ဆင်းရမှာ
ငါ့သားလေး ကျုရှင်တတ်ဖို့
ငွေစုစရာမလိုတော့ဘူး။
မနက်က ငါ့သားထီးကိုင်းလေးက ကျိုးနေတာ
အဖေကမသိလို့ လိုက်ပေးတာ။
အခုအဖေပြင်ပေးထားပြီနော်””

ဖခင်က ကျွန်တော်ကို ကြည့်ပြီးပြောနေခြင်းဖြစ်သည်။
အဖေဟာ အပြင်အလုပ်မလုပ်နိူင်ပေမယ့်
အိမ်ရှိအလုပ် ကို ယောကျာ်းအလုပ်၊မိန်းမအလုပ်
မခွဲခြားပဲလုပ်ခဲ့သူပါ။
အမေအတွက် ပဲပြုတ်တောင်းကိုအဆင်သင့်ဖြစ်စေသူပါ။
ကောင်းကွက်လေးတွေမေ့ပြီး ကျွန်တော်အဖေ့အပေါ်ပြစ်မှားနေမိသည်ကို စိတ်ထဲမလုံမလဲ
ဖြစ်နေမိသည်။

“”ဟာ:…ကိုကြီးဖိုးလုံးစုဗူး မိစုလက်နဲ့တိုက်မိပြီး
ရေထဲကျသွားပြီ””

မိနှင်း၏အလန့်တကြားအော်သံကြောင့်လှမ်းကြည့်လိုက်ရာ စုဗူးလေးမှာ ရေထဲမျောပြီးချောင်းရိုးထဲတောင်ရောက်နေပါပြီ။
ဖခင်မှာ အလွန်လျှင်မြန်သောအရှိန်ဖြင့် ခေါင်းရင်းပြတင်းပေါက်မှာရေထဲခုန်ချလိုက်ပြီး စုဗူးမျောပါရာသို့အမှီလိုက်ဆယ်နေပါသည်။
စုဗူးကို လှမ်းမှီသွားပါသည်။
ခဏချင်းမှာပင် ဖခင်လည်းရေအောက်သို့မြုပ်သွားပါတော့သည်။

အချိန်အတော်ကြာသည်အထိပြန်ပေါ်မလာပေ။
ကျွန်တော်စုဗူးကို ကျွန်တော်မနှမြောပါ။
ကျွန်တော် မုန်းတီးနေသည်ဟု ထင်မှတ်ထားသောဖခင်ကိုသာနှမြောပါသည်။

“”အဖေ….အဖေ…အမေရေဖေကြီး ပြန်မပေါ်လာတော့ဘူး။
လုပ်ကြပါဦး..ကယ်ကြပါဦး
ကျွန်တော့်အဖေကို ကယ်ကြပါဗျို့””

ကျွန်တော်ရဲ့ အော်သံဟာ တစ်လမ်းလုံးညံသွားပါသည်။
ကျွန်တော့အဖေကို ကျွန်တော်မမုန်းတော့ပါ။
ကျွန်တော် ချစ်ပါသည်။
ကျွန်တော်အဖေကို ရှာဖို့ ရေထဲခုန်ချရန်ဟန်ပြင်တော့အမေက အတင်းဆွဲထားပါသည်။
ကျွန်တော် ရှိုက်ကြွးတငင်ငိုကြွေးမိပါသည်။
အဖေဟာ သူ့ဘဝအနေအထားလေးနဲ့ နိူင်ရာတာဝန်ထမ်းနေတဲ့ အဖေပါ။
ကျွန်တော် စိတ်ကွက်ပြီးမုန်းခဲ့မိဘူးသည်။
ကျွန်တော်အဖေသာ ပြန်ရမယ်ဆိုရင်
ကျွန်တော်တသက်တာလုံး တန်ဖိုးထားပြီး
ချစ်တော့မှာပါ။
လူအချို့ ရေကူးပြီးရောက်လာကြသည်။
ရုတ်ရုတ်သဲသဲဖြစ်နေစဥ်မှာပင်

“”ငါ့သားကလည်းကွာ…အဖေက စတာပါ
အဖေဘာမှမဖြစ်ပါဘူး””…………

အဖေ ခြံဝိုင်းအတွင်းရေမျက်နှာပြင်ကနေပြန်ပေါ်လာပါသည်။
ကျွန်တော် မျက်ရည်တွေကြားကနေ

“”ဟာဗျာ….အဖေရာ””…….ဟု ပြောရင်း
အိမ်ပေါ်သို့ တက်နိူင်ရန် အဖေကို လက်ကမ်းပေးလိုက်ပါတော့သည်။
ချစ်လှစွာသော ကျွန်တော်ရဲ့အဖေဟာ စုဗူးလေးကိုပိုက်လျှက် ရေစိုစက်လက်မှာ
ပြုံးပြီးအိမ်ပေါ်တက်လာပါတော့သည်။

#ယွန်းနှင်းဆီခိုင်

#crd