အပျက်မပျိုးသည့်ပန်း(စ/ဆုံး)
——————————
᠌᠌᠌ ᠌᠌᠌ ကလင်…ကလင်…ကလင်…
မော်တာစက်ချုပ်သံများ ဆူညံနေသည့် ကြားမှ ပေါ်ထွက်လာသည့် ဘဲလ် မြည်သံက နားအတွင်းသို့ ပျားရည်များ ဖြည်းဖြည်းခြင်း လောင်းထည့်လိုက်သည့်နှယ်။ ချုပ်လက်စ အထည်အား လက်စ သိမ်းလိုက်ပြီး ဖြေးညင်းစွာ မတ်တပ်ရပ်လိုက်၏။ တစ်နေကုန် ထိုင်ထားရသည့် ဒဏ်ကြောင့် အကြောအချင်များက ဖြန်းကနဲ။ ထမင်းချိုင့် ထည့်ထားသည့် ဆွဲခြင်းလေးအား လှမ်းယူ၍ များပြားလှသည့် အမျိုးသမီး ငယ်လေးများနှင့်အတူ စက်ရုံအပြင်သို့ ထွက်လာခဲ့လိုက်သည်။
” ချောမေရေ… ချောမေ ”
အနောက်မှ ခေါ်သံကြားလိုက်ရ၍ ချောမေ အနောက်သို့ လှည့်ကြည့်လိုက်၏။ အပြေးတပိုင်း လိုက်လာသည့် မသန္တာအား တွေ့လိုက်ရ၍ မတ်တပ်ရပ်ကာ စောင့်နေလိုက်သည်။
” ဘာကိစ္စအရေးကြီးလို့လဲ မသန္တာရယ် အမောတကောနဲ့ ”
အနားသို့ ရောက်လာသည့် မသန္တာအား ချောမေ မေးလိုက်၏။
” ဒီည အလုပ်ရှိတယ်အေ့၊ ကိုလှဖေ ဖုန်းဆက်ထားတယ် ”
မသန္တာ၏ စကားကြောင့် ချောမေ ငိုင်သွားရသည်။ အလုပ်လုပ်ဖို့ မပြောနှင့် လမ်းပင် မလျှောက်ချင်။ ခန္ဓာကိုယ်က ကိုင်ရိုက်ခံထားရသည်နှယ်။ သို့သော် ငြင်းခွင့်မရှိ။ ငြင်းချင်ပေမယ့် ငြင်းခွင့်မရှိသေးသည့် ဘဝ မဟုတ်လား။
” သွားတာပေါ့ အမရယ်၊ ဒါနဲ့ အမ ကျွန်မတို့ နှစ်ယောက်ထဲလား ”
” မဟုတ်ဘူးအေ့ ညီမရယ် အမရယ်စန္ဒာရယ် သုံးယောက် ”
” အိမ်ကို လာခေါ်နော် အမ ”
” လာခေါ်မှာပေါ့ဟယ်၊ ဘယ်တုန်းက လာမခေါ်ပဲ နေဘူးလို့လဲ ”
ချောမေ ပြန်ပြောမည့် စကားကိုပင် မစောင့်ဘဲ မသန္တာ ခပ်သုတ်သုတ် ထွက်ခွာသွား၏။ ချောမေကမူ အိမ်ပြန်လမ်းကိုပင် ဆက်၍မလှမ်းချင်။ လေးလံသည့် ခြေလှမ်းများဖြင့် အိမ်ပြန်လမ်အား စလိုက်သည်နှင့် လေပြင်လေညှင်းက ဝေ့တိုက်လိုက်၍ ခန္ဓာကိုယ်တစ်ခုလုံး အေးမြသွားရသည်။ ပူလောင်နေသည့် စိတ်အတွင်း၌တော့ အေးမြမှု မဖြစ်ပေါ်ခဲ့။ လွင့်မျောသွားသည့် ထိုလေနှင့် အတူ ချောမေ၏ စိတ်သည်လည်း အတိတ်သို့ လွင့်ပါသွားခဲ့တော့သည်။
——————————————————-
” အမေရေ… အမေ…”
” ဟဲ့ကောင်လေး ချော်လဲဦးမယ် ဘယ်လိုဖြစ်လာတာလဲ ”
” မလဲပါဘူး ဖွားရဲ့၊ သားပျော်လာလို့ပါ မေမေရောဟင် ”
” မြေးအမေ အိမ်နောက်ဖေးမှာ အလုပ်သွားဖို့ ထမင်းချိုင့်ထည့်နေမှာပေါ့ ”
အိမ်ရှေ့မှ မြေးအဖွားနှစ်ယောက်၏ စကားပြောနေသံများအား ထမင်းချိုင့် ဆင့်နေရင်းနှင့် ချောမေ ကြားနေရ၍ ဆင့်ပြီးသွားသော ထမင်းချိုင့်လေးအား ဆွဲခြင်းလေးထဲထည့်ကာ အိမ်ရှေ့သို ဆွဲယူလာခဲ့ပြီး
” သားရေ အမေဒီမှာ ”
” အမေ သားဆယ်တန်းအောင်တယ် ဂုဏ်ထူး နှစ်ခုတောင်ပါတယ် ”
အားရ၀မ်းသာပြောလာသည့် သားဖြစ်သူ၏ စကားမှာ ချောမေ၏ ရင်ထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာသည်။ ဘာစကားမှ ပြန်မပြောဖြစ်။ ပြည့်လျှံလာသည့် မျက်ဝန်းအိမ်အတွင်းမှ အရည်များက ပါးပြင်ပေါ်သို့ မိုးအဖြစ်နှင့် ရွာချနေ၏။ သူ့ဖခင်၏ ဆန္ဒပြည့်ဝပေတော့မည်။ သူ့သားအား ရှေ့နေတစ်ယောက်ဖြစ်စေချင်လွန်း၍ သူ့မိခင်နှင့် ချောမေ တားနေသည့်ကြားမှ ညဘက် ဆိုင်ကယ် ကယ်ရီ ထွက်ဆွဲရင်း တရာခံမပေါ်သည့် ကားတစ်စီး ကြောင့် သားဖြစ်သူနှင့် ပန်းနာရင်ကျပ် ရောဂါသည် မိခင်အား ချောမေ လက်တွင်အပ်၍ လူ့ပြည်မှ ထွက်ခွာသွားခဲ့၏။ ယ္ခု သူဖြစ်စေချင်သည့် အတိုင်းဖြစ်တော့မည်။ ဘေး၌ရှိသည့် စားပွဲခုံပေါ်သို့ ဆွဲးခြင်းအား တင်လိုက်ပြီး ပါးပြင်ပေါ်မှ စိုစွတ်နေသည့် အရာအား လက်ဖဝါးဖြင့် သုတ်လိုက်ကာ
” အရမ်းတော်တာပဲ သားရယ်၊ ကဲပြော ငါ့သားလေးဘာလုပ်ချင်တုန်း ”
” ဘာမှ မလုပ်ချင်ပါဘူးအမေရယ် အဖေဖြစ်စေချင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ဖို့ သားဥပဒေကျောင်းပဲ တက်ခွင့်ရချင်တယ် ”
သားဖြစ်သူ၏ စကားကြောင့် ရင်ထဲ၌ နင့်ကနည်းဖြစ်သွားရ၏။ မျက်ရည်အိမ်ကိုလည်း ထိန်းမထားနိုင်တော့။
” တက်ရမှာပေါ့သားရယ် အမေရအောင် ထားပေးမှာပါ၊ ခုတော့ သားမုန့်ဘိုးယူပြီး သားသူငယ်ချင်းတွေကို မုန့်ဝယ်ကြွေးလိုက်ဦး အမေအလုပ်သွားလိုက်ဦးမယ်နော် ”
သားဖြစ်သူအား မုန့်ဖိုးပေးရန်အတွက် စာပွဲပေါ်တင်ထားသည့် ဆွဲခြင်းထဲမှ ပိုက်ဆံအိတ်လေးကိုယူ၍ ရေတွက်စရာမလိုတော့သည့် ငွေတစ်သောင်းအား ထုတ်၍ ပေးလိုက်ပြီး ဆွဲခြင်းလေးအား ဆွဲကာ အလုပ်ရှိရာသို့ ထွက်ခဲ့လိုက်တော့၏။
——————————————————–
ပီတိဖြစ်မိသည့် နေ့ဖြစ်၍ ထင်သည်။ နေမင်း၏ အရောင်မှိန်သွားသည်ပင် မသိလိုက်။ လက်မှနာရီအား ကြည့်မိ၏။ လေးနာရီပင် ထိုးနေပြီ။ မဖြစ်သေး။ မသန္တာဆီ သွားရဦမည်။ လက်ကျန်ငွေ မဲ့နေသည့် ပိုက်ဆံအိတ်လေးအားယူ၍ မသန္တာရုံးခန်းရှိရာသို့ ထွက်လာခဲ့ လိုက်သည်။ မသန္တာ၏ ရုံးခန်းရှေ့သို့ အရောက်၌ မှန်တံခါးအား ခေါက်လိုက်၏။ မသန္တာက မော့ကြည့်၍ လက်ယက်ပြကာ လှမ်းခေါ်သဖြင့် ရုံးခန်းအတွင်းသို့့ လှမ်း၀င်လိုက်ပြီး မသန္တာ အလုပ်စာပွဲးရှေ့ရှိ ထိုင်ခုံလေးအား ဆွဲယူ၍ ထိုင်လိုက်သည်။
“ ဘာကိစ္စရှိလို့လဲ ချောမေ ”
မသန္တာက မေးသော်လည်း ချောမေ၏ ပါးစပ်က ဖြေဆိုဖို့ ဆိုးရွံ့နေခဲ့သည်။ အားနာတာလည်း ပါမည်။ မပြောလို့ကလည်း မဖြစ်။ ငွေကြေး အကူအညီလိုတိုင်း မသန္တာထံမှ ယူရ၏။ သူမနိုင်သည့် ငွေကြေးဖြစ်ပါက သူ့ သူဋ္ဌေးထံမှ အကူအညီတောင်းပေးသည်။ ပြီးခဲ့သည့်လက ယောက္ခမဖြစ်သူ ပန်းနာရင်ကျပ် ပြန်ထသဖြင့် ဆေးရုံတက်ရသည်။ ငွေမရှိသည့် အတွက် သူ့အား အိမ်ဂရန်လေး ပေါင်ခိုင်းခဲ့ရသေးသည်။ အတိုးရော အရင်းပါ ယခုထိမပေးနိုင်သေး။ ထို့ကြောင့် အားနာနေမိသော်လည်း မတတ်နိုင်။ သားဖြစ်သူ အတွက်ပြောရမည်။ ချောမေ ကိုယ့်ကိုယ်ကို အားပေးလိုက်ပြီး
“ အမတူ ဒီနှစ်ဆယ်တန်းအောင်တယ်လေ အဲဒါကြောင့် ဆွမ်းလေးကျွေးပြီး သူ့အဖေကို အမျှအတန်းလေး ဝေချင်တယ်၊ ပြီးတော့ ကျောင်းတွေမဖွင့်ခင် အမတူကို ကွန်ပျူတာ သင်တန်းလေးဘာလေး တက်ခိုင်းချင်လို့ ငွေနည်းနည်း ထပ်လိုချင်လို့ပါ အမ ”
“ ဘယ်လောက်တောင်မို့လဲ ချောမေရယ် ”
“ နှစ်သိန်းလောက်ပါ အမ ”
“ အဲ့ လောက်ငွေ အမမှာမရှိဘူး ချောမေရယ် ရှိရင် အမကူညီလိုက်ပါတယ် ”
“ ဟုတ် ရပါတယ်အမရယ် အမကိုလည်း အားနာပါတယ်၊ ကျွန်မရဲ့ အိမ်ဂရန်လေးပေါင်ထားတဲ့ အထဲက တောင်းပေးပါလား အမရယ် ”
“ သြော်…..ဟုတ်သားပဲ၊ အမဖုန်းဆက် ကြည့့်လိုက်ဦးမယ် ”
မသန္တာက ဤကဲ့သို့ ကူညီတတ်သူဖြစ်သည်။ ချောမေ တို့ကဲ့သို့ သာမန်စက်ချုပ်သမား ဘ၀မှ မန်နေဂျာ ရာထူးသို့ ခုန်ကူးသွားပေမယ့် ဘ၀တူ အလုပ်သမားများအပေါ်၌ ကောင်းရှာသည်။ သူသည်လည်း ချောမေကဲ့သို့ အဖေ၊ အမေနှင့် သား၊ သမီးနှစ်ယောက်အား ရှာကျွေးနေသည့် မုဆိုးမလေးပင်။ သူမ၏ မကောင်းသတင်းမှာ သူဋ္ဌေး၏ အငယ်အနှောင်း ဆိုသည့် သတင်းပင်။
“ ချောမေရေ… အဆင်ပြေတယ်ဟေ့၊ အလုပ်ဆင်းရင် လာယူချေတဲ့ ”
တောင်စဉ်ရေမရ တွေးနေမိသည့် ချောမေအား မသန္တာက ဖုန်းဆက်၍ ပြီးသွားသဖြင့် ပြောလိုက်သည့် စကားကြောင့် လက်မှနာရီအား ကြည့်မိလိုက်၏။ ငါးနာရီပင် ထိုးတော့မည်။
“ ဒါဆို ညီမ ပစ္စည်းတွေ သွားသိမ်းလိုက်တော့မယ်အမ အလုပ်ဆင်းတော့မယ်၊ ပိုက်ဆံသွားယူရင် အမလိုက်ပို့ပေးမှာမှတ်လား ”
“ လိုက်ပို့မှာပေါ့အေ ကဲမြန်မြန်သွားသိမ်းချေတော့ အလုပ်ဆင်းတော့မယ်”
မသန္တာ၏ စကားဆုံးသည်နှင့် ချောမေသည် စက်ချုပ်ခုံလေး ရှိရာသို့အမြန်သွားလိုက်ပြီး ပစ္စည်းသိမ်းပြီးချိန်နှင့် အလုပ်းဆင်းသည့် ဘဲလ်တီးချိန် ကွက်တိပင်။ မိန်းမပျိုလေးများအား တိုးဝှေ့၍ မသန္တာရှိရာသို့ ထွက်ခဲ့ရပြန်သည်။
——————————————————-
လိုင်းကားစီး၍ ရသည့်လမ်းအား TAXI ငှားစီးသည့် မသန္တာအား နားမလည်သလို ကြည့်မိ၏။ ပိုက်ဆံမရှိ၍ သွားချေးမည့်သူမှာ အငှားကားနှင့် ဆိုလျှင် မသင့်တော်ဟု ထင်မိသည်။ မသန္တာကမူ မသိသလိုပင်။ ဘာမှမပြောလိုတော့၍ သူငှားသည့် ကားပေါ်သို့ တက်လိုက်ပြီး အတွေးများနှင့်အတူ လိုက်ပါစီးနင်း ခဲ့လိုက်၏။
အချိန်သည်မည်မျှ ကြာသွားသည်မသိ။ ကားရပ်သွားမှပင် ချောမေ အသိ၀င်လာတော့သည်။ ကားတံခါးဖွင့်၍ ဆင်းလိုက်ချိန်၌ မသန္တာက ကားခရှင်းပြီးနေပြီ။ ချောမေ ပတ်၀န်းကျင်အား လေ့လာမိချိန်၌ မျက်လုံးပြူးရ၏။ နားမလည်ဖြစ်မိသည်။ ထို့ကြောင့် မသန္တာအား ဒုတိယအကြိမ်မြောက် ကြည့်မိ၏။ ချောမေအား မသန္တာမှ ပြုံးပြ၏။ မသန္တာအပြုံးက အရောင်ကင်းမဲ့လျက်။ ချောမေ၏ လက်အားဆွဲ၍
“ တစ်ခါတစ်ရံမှာ မသိချင်ယောင်ဆောင်နေတာ အကောင်းဆုံးပဲ ”
ဟုပြောကာ တေးသီချင်းသံများ ဆူညံံနေသည့် အခန်းတွင်းသို့ ဆွဲခေါ်ခဲ့သည်။
အခန်းတစ်ခုလုံး လျှပ်စစ်မီးရောင် ကောင်းကောင်းမရှိ။ မှိန်လိုက်လင်းလိုက်ဖြစ်နေသည့် သုံးဆယ့်နှစ်လက်မ TV ၏ အလင်းရောင်က စလိုက်မီးသဖွယ်။ အခန်းတွင်းသို့ ရောက်သည်နှင့့် ချောမေသည် မျက်စိနှစ်လုံးအား အလုပ်ပေးလိုက်၏။ မိုက်ကိုင်၍ မွေးမေကျေးဇူးဆပ်နေသူ တစ်ဦးနှင့့် ဘီယာခွက်အား ဟန်ပါပါကိုင်ပြီး သောက်နေသူတစ်ဦီး။
“ ဟော… ရောက်လာပြီလား… အကိုကြီးကမျှော်နေတာ သန္တာရဲ့၊ လာအကိုကြီးနားကိုလာ ”
“ အကိုကြီးတို့ကတော့လုပ်ပြီ၊ ဧည့်သည်ပါတာလေးတော့ သတိထားပါဦး ”
“ သြော်… ဟုတ်သားပဲ ”
မသန္တာ၏ စကားကြောင့့် ဦးလှဖေသည် စားပွဲခုံပေါ်မှ ပိုက်ဆံအိတ်အားလှမ်းယူ၍
“ ရော့… ချောမေ၊ ဒါက ညီမချေးတဲ့ငွေနှစ်သိန်း၊ ဒါကတော့ မုန့်ဖိုး ငါးသောင်း၊ ထိုင်လေ ပျော်ပျော်ပါးပါးပေါ့ တစ်ခုခုမှာစား ”
ချောမေ ဦးလှဖေပေးသည့် ငွေများအား မယူသေးဘဲ မသန္တာ အားကြည့်လိုက်၏။ မသန္တာ မျက်လုံးတစ်ဖက် မှိတ်ပြမူ့ကြောင့် ငွေများအားလှမ်းယူလိုက်ပြီိးချိန်၌ မသန္တာမှာ ဦးလှဖေ၏ ဘေးနား၌ ထိုင်နေပေပြီ။ ချောမေလည်း လွတ်သည့် ခံုံတစ်လုံး၌ ၀င်ထိုင်လိုက်၏။ အနောက်တိုင်း တေးသွားတစ်ခု၏ သံစဉ်များကြား၌ ဦးလှဖေ၏ လက်များသည် အငြိမ်မနေကြ။ မသန္တာ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပွတ်သပ်လျက်ရှိသည်။ မသန္တာကမူ ဘီယာခွက်အားကိုင်၍ ဘာမှမသိသလိုပင်။ ချောမေ၏ မျက်နှာသည် ပန်းနုရောင်သန်းလျက် ခေါင်းငုတ်မိလိုက်ချိန်၌ ဦးလှဖေ သူငယ်ချင်း၏ လက်တစ်ဖက်က ချောမေ၏ ပုခုံးပေါ်သို့ ရောက်လာ၏။ ငြင်းပယ်ဖို့ စဉ်းစားမိချိန်၌ ငွေငါးသောင်း နှင့် သားဖြစ်သူ၏ မျက်နှာအား မြင်ယောင်မိလိုက်၏။
——————————————————–
ထိုနေ့ည ပြန်လာသည့် အချိန်မျစ၍ ချောမေ မိမိ၏ ခန္ဓာကိုယ်အား မသတီဖြစ်ရ၏။ အတူနေခြင်းဆိုသည့် ပန်းတိုင်အား မရောက်ရှိခဲ့ပေမယ့် ပွတ်သပ် နမ်းရှုပ်မှုများအောက်မှ ရုန်းမထွက်နိုင်ခဲ့။ စဉ်းစားမိတိုင်း မျက်ရည် လည်ရ၏။ ထို့ကြောင့် သားဖြစ်သူ၏ ပညာရေးနှင့် ယောက္ခမဖြစ်သူ၏ ဆေးဖိုးဝါးခအတွက် လိုအပ်သည့် ငွေကြေးရစေရန် အလုပ်မှပြန်လာသည်နှင့် ရပ်ကွက်အတွင်းမှ လာရောက် အပ်နှံကြသည့် အပ်ထည်လေးများချုပ်၍ အပို၀င်ငွေလေးရှာ၏။ လူပင်ပန်းပေမယ့် စိတ်ချမ်းသာသည်။ သားဖြစ်သူ သီဟကလည်း ကျောင်းဆင်းချိန်နှင့် ကျောင်းပိတ်ရက်များ၌ သူအဖေ၏ ဆိုင်ကယ်လေးအားပြင်၍ အပို၀င်ငွေလေး ရှာပေး၏။ ခင်ပွန်းဖြစ်သူအား ဆိုင်ကယ်ကြောင့် ဆုံးရှုံးထားရသဖြင့် မလုပ်စေချင်သော်လည်း သီဟက တားမရ။
“ အန်တီရေ….အန်တီ ”
အလုပ်မှ ပြန်လာ၍ စက်ချုပ်နေသည့် ချောမေသည် အိမ်ရှေ့ လမ်းပေါ်ရှိ ဆိုင်ကယ်ပေါ်မှ အော်ခေါ်နေသည့် သီဟ၏ သူငယ်ချင်းကျော်ကျော့် အသံကြောင့်
“ သားရေ… အန်တီဒီမှာ သားသူငယ်ချင်း ကယ်ရီသွားဆွဲတာ ပြန်မလာသေးဘူးကွယ့်… သူပြန်လာရင်အန်တီဘာပြောပေးရမလဲ ”
“ မဟုတ်ဘူးအန်တီ ကျော်ကျော် ကယ်ရီဆွဲပြီးအပြန် ဆိုင်ကယ်ခြင်းတိုက်မိလို့ ရဲစခန်းရောက်နေတယ် အဲဒါသူကသွားပြောပေးပါဆိုလို့ ကျွန်တော်လာပြောပေးတာ ”
ကျော်ကျော်၏ စကားကြောင့် ချောမေ၏ ရင်ထဲ၌ နေဆယ်စင်း တပြိုင်တည်းပွင့်သွားသည်။ အိမ်ပေါ်၌ စက်ချုပ်နေရာမှ ကျော်ကျော်၏ ဆိုင်ကယ်အနားသို့ မည်သို့ ရောက်သွားသည်မသိ။
“ သားရယ် တစ်လက်စတည်း အန်တီကို ရဲစခန်း လိုက်ပို့ပေးပါနော်”
ချောမေသည် ကျော်ကျော်အား ပြောပြီးသည်နှင့် ဆိုင်ကယ်ပေါ်သို့ တက်ထိုင်လိုက်သည်။ ကျော်ကျော်လည်း ချောမေအား ဘာမှပြောမနေတော့ဘဲ ဆိုင်ကယ်အား မောင်းထွက်လိုက်၏်။ ချောမေ၏ ရင်ထဲ၌ ရောက်ယက်ခတ်လျက်။ မည်ကဲ့သို့ လုပ်ရမည်ကို စဉ်းစားရင်းနှင့်ပင် ရဲစခန်းသို့ ရောက်လာခဲ့၏။ ပခုံးပေါ်၌ နှစ်ပွင့်တင်ထားသူ၏ စာရေးစာပွဲခုံရှေ့ဖင်ထိုင်ခုံ၌ သီဟသည် မျက်နှာမသာမယာနှင့် ထိုင်နေသည်။ သီဟ၏ မျက်နှာအား မြင်လိုက်ရသည့် ချောမေ၏ ရင်သည် ကွဲလုမတတ် ခံစားရ၏။ ထိုနှစ်ပွင့်နှင့် လူအား ချောမေက အကျိုးအကြောင်း မေးလိုက်သည်။ အချင်းချင်း ပြေလည်လျှင် အမှု့မဖွင့်၍ ရသည်ဟုပြော၏။ ထိုစကားကပင် ချောမေအတွက် အားဖြစ်ရ၏။ ထို့ကြောင့် အတိုက်ခံရသည့့် မိသားစုအား တောင်းပန်လိုက်သည်။ ထိုမိသားစုမှ သူ၏သားဖြစ်သူ ကျိုးသွားသည့့် ခြေထောက်တစ်ချောင်းအတွက် ဆေးဘိုးဝါးခနှင့့် ဆိုင်ကယ်ပြုပြင်ရန် ငွေငါးသိန်းပေးပါက အမှု့မဖွင့်ဟုပြော၏။ ထိုစကားမှာ ချောမေအတွက် ၀မ်းသာရမည်လား ၀မ်းနည်းရမည်လား မသိ။ သားဖြစ်သူအား အချုပ်ထဲ၌ တစ်ညပင်မနေစေလို။ လက်မှနာရီအား ကြည့်မိတော့ ညကိုးနာရီပင်ရှိနေပြီ။ ဤအချိန်၌ ပိုက်ဆံမည်သို့ ရှာရမည်နည်း။ စိတ်ကူးထဲ၌ မသန္တာ၏ မျက်နှာအား ပြေးမြင်မိသည်။ ရဲအရာရှိနှင့် ဆိုင်ကယ်အတိုက်ခံရသည့့် မိသားစုအား ပိုက်ဆံမနက်လာပေးပါမည်ဟု တောင်းပန်မိ၏။ ထိုမိသားစုက မယုံသဖြင့် သားဖြစ်သူအား စခန်း၌ ထားခဲ့ရမည်။ ချောမေ၏ စိတ်တို့သည် ရောက်ယက်ခတ်လျက်။ သားဖြစ်သူ သီဟအား မနက်လာခေါ်မည်ကတိပေး၍ ကျော်ကျော်အား အကူအညီတောင်းကာ မသန္တာ၏ အိမ်သို့ပိုခိုင်းရသည်။
——————————————————-
“ ဖြစ်လိုက်ရင် အသည်းအသန်းကြီးပဲ ချောမေရယ်”
“ ကူညီပါဦး အမရယ် အမတူ ရဲစခန်းမှာကျန်ခဲ့လို့ပါ၊ ညီမကို ဖုန်းဆက်ပေးပါ ပိုက်ဆံ ရမှဖြစ်မှာမို့ပါ ”
“ အေးပါဟယ် အမဖုန်းဆက်ကြည့်ပါဦးမယ် ”
မသန္တာသည် သူ၏လက်ကိုင်ဖုန်းအား ယူလိုက်ပြီး ဖုန်းကွန်တတ်ထဲမှ ဦးလှဖေဟု ရေးထားသည့် နာမည်လေးအား လက်ညိုးနှင့် ဖိနှိပ်လိုက်ပြီး ဖုန်အား နားတွင်ကပ်လိုက်၏။
“ အကိုကြီးလာ….သန္တာပါ ”
“ ……………………………… ”
“ ချောမေက ငွေငါးသိန်းလောက်လိုချင်လို့တဲ့ ”
“ ………………………………. ”
“ အကိုကြီးကတော့လုပ်ပြီ တင်းတိမ်တယ်ကို မရှိဘူး၊ မေးကြည့်လိုက်မယ်လေ အာမတော့မခံဘူးနော်… ဒါဆိုဖုန်းချလိုက်တော့့မယ် ”
ချောမေက မသန္တာ ဖုန်းပြောနေသည်အား ငေးကြည့်နေမိ၏။ တစ်ဘက်က ဘာပြန်ပြောသည်ကို မသိရ။ သိချင်နေမိသည်။ မသန္တာ ပြောလာမည့် စကားအား နားစွင့်ထားလိုက်၏။
ဟူးးးးးးးး
မသန္တာသည် သက်မမောကို ဖြေးညှင်းစွာချလိုက်ပြီး
“ အမထင်သလိုတော့ ဖြစ်လာပြီချောမေရေ ”
“ ဘာများလဲအမ ”
“ ချောမေ ဒီညသူနဲ့ အဖော်လာလုပ်ပေးရင် အရင်ကအကြွေးတွေရော ခုလိုတဲ့ပိုက်ဆံံရော ပေးမယ်တဲ့ အလိုမှမဟုတ်ရင်တော့ မပေးနိုင်ဘူးတဲ့လေ၊ စဉ်းစားပေါ့ ညီမရယ် ”
မသန္တာ၏ စကားမှာ ချောမေ၏ နားအနီး၌ သေနတ်တစ်ချက်ပစ်ဖောက်လိုက်သည့်နှယ်။ မျက်နှာတွင်လည်း သွေးမရှိသကဲ့သို့ ခံစားရ၏။ ရှက်ရွံ့ပူထူစွာ ငုတ်မိလိုက်သည့် ခေါင်းအတွင်း၌ အတွေးများက ခြာခြာလည်လျက်။ ရဲစခန်း၌ ကျန်နေခဲ့သည့် သားဖြစ်သူ၏ မျက်နှာအား မြင်ယောင်မိပြန်သည်။ ဆုံးဖြတ်ချက်ချလိုက်၏။ သားဖြစ်သူအတွက် အနစ်မွန်း ခံလိုက်မည်။ နားမလဲသည်မှာ
“ သူက အမရဲ့ လူမဟုတ်ဘူးလာ ”
“ ညီမ ထက်စာရင် အမကအိုပြီလေ၊ အိုရင်ပယ်တာ သူတို့လိုလူတွေရဲ့ သဘာ၀ပဲဆိုတာ ညီမတစ်နေ့ သိလာမှာပါ ”
ဤသို့ဖြင့် ထိုညသည် ချောမေ အဖို့ လရောင်ကွယ်ပျောက် ခဲ့ရ၏။ ထိုနေ့မှစ၍ ချောမေသည် ဦးလှဖေ၏ တံဆိပ်တပ်ခံရသည့် အငှားမယား ဘ၀သို့ ရောက်မှန်းမသိ ရောက်ခဲ့ရတော့့သည်။
——————————————————-
“ ချောမေရေ…. ချောမေ ”
အလုပ်မှပြန်လာသည့့် အချိန်မှစ၍ တွေးလာသည့် အတွေးစသည် ယခုသနပ်ခါးလိမ်းနေသည့် အချိန်ထိ မပျက်သေး။ မသန္တာနှင့့် စန္ဒာတို့၏ ခေါ်သံကြားမှ အတွေးစအား သနပ်ခါးလိမ်းခြင်းနှင့်အတူ အဆုံးသတ်လိုက်ပြီး
“ လာပြီအမရေ…အင်္ကျီလေးလဲနေလို့” ဟု အော်ပြောလိုက်ကာ အ၀တ်အစားအားအမြန်လဲလိုက်ရ၏။ ဘာလိုလိုနှင့် သားဖြစ်သူပင် ရှေ့နေတစ်ယောက်ဖြစ်တော့မည်။ ကျောင်းပြီး၍ လက်တွေ့ ( ချိန်ဘာ ) ဆင်းနေပေပြီ။ ချောမေသည်လည်း စန္ဒာဆိုသည့် အသစ်ကလေးပေါ်လာ၍ ဦးလှဖေ လက်ညှိးညွှန်သည့်သူနှင့် နေပေးရသည့် အိုပယ်ဖြစ်လာပြီ။ ယခုနှစ်ကုန်လျှင် သားဖြစ်သူ အလုပ်၀င်တော့မည်။ သူ၀င်ငွေလေးကောင်းလာလျှင် အသွေးအသားကိုသာ စားသုံးသည့် ကာမဘီလူး ဦးလှဖေ၏ ကာမ လုပ်သားဘ၀မှ ချောမေ အနားယူတော့မည်။ ယခုညတော့ မသန္တာတို့နှင့် လိုက်၍ ငရဲခန်းသို့ ၀င်ရဦးမည်။
“ အမေရေ…သမီးအချိန်ပို ဆင်းရမှာမို့ အလုပ်သွားပြီနော်၊ သားပြန်လာရင် OT ဆင်းရတယ်လို့ ပြောပေးပါဦး ”
ချောမေသည် ယောက္ခမဖြစ်သူအား မှာစရာရှိသည်များအား မှာလိုက်သည်။ ပြီးနောက် မသန္တာတို့နှင့် အတူ ဦးလှဖေနှင့် လူတစ်စုထံသို့ အသွေးအသားကိုရင်း၍ ပျော်တော်ဆက်ပေးရန် ထွက်လာခဲ့ကြတော့သည်။
——————————————————–
မြစ်ရေသည် အစဉ် စီးဆင်းနေ၏။ အချိန်သည်လည်း တရွေ့ရွေ့ သွားနေသည်။ ပြောင်းလဲခြင်း နိယာမသည်လည်း သူ့အလုပ် သူလုပ်နေသည်။ ချောမေ၏ ဘ၀သည်လည်း ယခုဆိုလျှင် အပြောင်းလဲကြီး ပြောင်းလည်းနေပေပြီ။ ငရဲကျနေသည့် အမှောင်အတွင်းမှ သားဖြစ်သူ သီဟကြောင့် လွပ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။ သီဟသည် ချိန်ဘာ ပြီးသည်နှင့် ကုမ္ပဏီတစ်ခု၌ ဥပဒေ အကြံပေး ၀င်လုပ်ခဲ့၏။ ရိုးသား ကြိုးစားမှုကြောင့် သူဋ္ဌေးသဘောကျခဲ့သည်။ ဥပဒေရေးရာ ကိစ္စများ၌ သီဟကြောင့် အကျိုး ဖြစ်ခဲ့၏။ ထို့ကြောင့် သီဟသည် သူဋ္ဌေး၏ လူယုံဖြစ်ခဲ့သည်။ သီဟ၏ လစာကြောင့် မိသားစု ချောင်လည်ခဲ့၍ ချောမေအလုပ် မလုပ်ရသည်မှာ ရာသီိငါးခုခန့်ပင် ရှိနေပြီ။ ကြာတော့ အိမ်မှာနေရသည်ပင် ချောမေအတွက် ပျင်းစရာကောင်းလာသည်။ ယမန်နေ့က ချွေးမလိုက်တောင်းပေးရန် သီဟပြောသည့် စကားကြောင့် ချောမေ ပျော်ရသည်။ အပျင်းပြေတော့မည်။ သီဟ၏ ဇနီးလောင်းမှာ သူ့သူဋ္ဌေး၏ သမီးဆိုခြင်းကြောင့် ချောမေ အတိုင်းမသိပျော်ရွှင်မိ၏။ ပီတိမျက်ရည်များသည်လည်း အကြိမ်ကြိမ်ပါးပြင်ပေါ်သုိ့ ခုန်ဆင်းခဲ့ရသည်။ သီဟ ကားသွားငှားနေသဖြင့် ချောမေအဆင်သင့်ပြင်၍ စောင့်နေခြင်းဖြစ်၏။ ယနေ့ မိန်းမလိုက်တောင်းပေးရမည်။
“ အမေရေ… ပြီးရင်သွားကြမယ်လေ ဒီမှာကားငှားလာပြ ီ”
သီဟ၏ ခေါ်သံကြောင့့် “ အေး….. အေး…. လာပြီိသားရေ ” ဟု အော်ကာရပ်ထားသည့် ကားဆီသို့ အပြေးတပိုင်း သွားလိုက်တော့၏။
——————————————————-
သီဟ၏ လမ်းညွှန်ပြသမှုနှင့့် လှပခမ်းနားသည့် ခြံ၀င်းကျယ်ကြီး အတွင်းသို့ ချောမေတို့စီးလာသည့် ကားလေးသည် လှပခမ်းနားသည့် ခြံ၀င်းကျယ်ကြီး အတွင်းသို့ မောင်း၀င်လာခဲ့သည်။ ကားထိုးရပ်လိုက်သည်နှင့်
“ ဟော… မောင်တို့ရောက်လာပြီ… လာအန်တီ ဧည့်ခန်းမှာခဏထိုင်ဦီးနော် သမီး ဖေဖေ၊ မေမေတို့ကို သွားခေါ်လိုက်ဦးမယ်”
ဧည့်၀တ်ပြု၍ ချောမေတို့အား ဧည့်ခန်း၌ ထိုင်စေပြီး သူမိဘများအားခေါ်ရန် အိမ်ပေါ်ထပ်သို့ တက်သွားသည့် သီဟ၏ဇနီးလောင်းလေး၏ နောက်ကျောအား ကြည့်၍ ချောမေပီတိဖြာမိသည်။ သားဖြစ်သူ ကောင်းစားပေတော့မည်။ အိမ်အပြင်အဆင်အား မျက်လုံးကစားလိုက်၏။ ကျမ်းပြင်၌ ခင်းထားသည့့် ကော်ဇောကပင် နင်းရက်စရာမရှိ။ ကျန်သည့် အရာများမှာ ပြောဖွယ်မရှိတော့ပြီ။ အရာရာ ပြီးပြည့်ဆုံသည့် ဘ၀အား သားဖြစ်သူ ပိုင်ဆိုင်ပေတော့မည်။ ချောမေပိတိဖြာ၍ မဆုံးသေး။ လှေကား အပေါ်မှ အသံများကြားရသဖြင့် လှေကားအပေါ်သို့ မော့ကြည့်လိုက်၏။
ဟင် ………….
ချောမေ၏ မျက်၀န်းများ တိမ်ဖုန်းသွားရသည်။ ခေါင်းထဲ၌ မိုက်ကနဲ။ ထိုင်နေရာမှ မတ်တပ် ရပ်မိလျက်။ ရပ်ထားသည့် ခြေထောက်များမှာ တုန်ရင်နေ၏။ ၀င်လေ၊ ထွက်လေများ မမှန်ချင်ဖြစ်နေသည်။ ပါးပြင်နှင့် မျက်ရည်များက မိတ်ဆက်နေကြ၏။ မိသားစု ကောင်းစားရေးအတွက် ချောမေ ခွေးဇတ်ခင်းခဲ့သည်။ ပတ်၀န်းကျင်ပင်အသိမခံခဲ့။ ဤသို့ဖြစ်မယ်မှန်း သိခဲ့လျှင် ဤနေရာသို့ ချောမေ ရောက်လာခဲ့မည် မဟုတ်။ ယခုတော့ ချောမေအား သားဖြစ်သူက အပျက်မတစ်ယောက်မှန်းသိတော့မည်။ အပျက်မ တစ်ယောက်၏ သားနှင့် ဦးလှဖေက
သူ့သမီးနှင့် သဘောတူမည် မဟုတ်။ ကံကောင်းထောက်မ၍ သဘောမတူဘူးဟုသာ ပြောပါစေဟု ဆုတောင်းနေမိ၏။ သားဖြစ်သူအား ငရဲမရစေချင်။ တောင်းဆု ပြည့်ရန်သာ ဆုတောင်းနေမိသည်။ ဤသို့နှင့် ချောမေ၏ ရှေ့သို့ ဦးလှဖေတို့ မိသားစုရောက်လာခဲ့၏။
ချောမေအား မြင်လိုက်ရ၍ ဦးလှဖေ၏ မျက်နှာကွက်ကနဲ ပျက်သွားသည်။ သမီးအား အပျက်မတစ်ယောက်၏ သားနှင့်သဘောမတူနိုင်။
“ မောင်သီဟ မင်းကိုတော့ အားနာတယ်ကွာ မင်းကိုငါ သား၊ သမီးတစ်ယောက်လို ချစ်ခင်ယုံကြည်ခဲ့လို့ ငါ့သမီးနဲ့ သဘောတူခဲ့တာပါ၊ ဒါပေမယ့် မင်းအမေက လူတကာရဲ့ အသုံးတော်ခံ အပျက်မတစ်ယောက်မှန်း အခုမှသိလိုက်ရတယ်၊ အပျက်မတစ်ယောက်ရဲ့ သားနဲ့တော့ ငါ့သမီးကို မပေးစားပါရစေနဲ့ ကွာ ”
အပျက်မ…… အပျက်မ…… အပျက်မ ……..
ဆိုသည့် ဦးလှဖေ၏ စကားက ချောမေ၏ နားအတွင်းသို့ ပဲ့တင်ထပ် ၀င်ရောက်လာ၏။ ချောမေအိပ်ခဲ့ဘူးသည့် ယောက်ျားအရေအတွက်ထက် မနည်း ဦးလှဖေ မိန်းမတွေနှင့် အိပ်ခဲ့သည်။ ချောမေက အပျက်မဆိုလျှင် ဦးလှဖေကရော ဘာလဲဟု မျက်ရည်များ သွင်သွင် စီးကျလျက် စိတ်ထဲမှမေးမိနေ၏။ အံကြိတ်ထားသည့် နှုပ်ခမ်းမှ ဆစ်ကနဲ။ မတ်တပ်ရပ်နေသည့် ခန္ဓာကိုယ်အား ခြေထောက်များမှ မထိန်းနိုင်တော့ခြေ။ ချောမေ၏ ခန္ဓာကိုယ်သည် လေထုအတွင်မှနေ၍ ကျမ်းပြင်ပေါ်သို့
“ အမေ… ”
အံသြမင်သက်စွာ မိခင်ဖြစ်သူအား ကြည့်နေ၍ အခြေနေမဟန် လဲကျလာချိန်၌ သီဟ လှမ်းထိန်းလိုက်နိုင်သည်။ မိခင်ဖြစ်သူသည် ဤဘဝြဖင့် မိမိအား မြေတောင်မြှောက်ပေးခဲ့သည်အား သီဟ မသိခဲ့။ ဖြေမစည်းနိုင်သည့် မျက်ရည်စက်များနှင့် ဆို့နင့်ကျေကွဲနေသည့် စိတ်အားတင်းလိုက်ပြီး
“ ကျေးဇူးတင်ပါတယ်ဦး၊ မေမေဟာ သူ့ခန္ဓာကိုယ်ကို ရင်းပြီး ကျွန်တော့်ကို ဒီဘဝရောက်အောင် ပို့ပေးခဲ့တာ ဦးပြောမှ သိလိုက်ရလို့ပါ၊ ဦးပြောသလိုဆိုရင် ကျွန်တော်ဟာ အပျက်မရဲ့ သားပေါ့၊ အပျက်မ ပျိုးတဲ့ပန်းဟာ အပျက်မအတွက် လန်းစေရမယ်လို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပါပြီ၊ ဘယ်ဥယျဉ်မှူးမဆို သူတို့ပျိုးတဲ့ ပန်းကိုလန်းစေချင် ကြမှာပဲလေ၊ ကျွန်တော်လည်း မေမေအတွက် ကျွန်တော့်ရဲ့ သက်တမ်းကုန်တဲ့ အထိ ပွင့်လန်းပေးသွားမှာပါ၊ ဦးပျိုတဲ့ ပန်းလေးလဲ အမြဲပွင့်လန်းပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်”
သီဟသည် မိခင်အား ပွေ့ဖက်ထားရင်းနှင့် ပြောချင်သည့် စကားများအား ကရားရေလွှတ်သကဲ့သို့ ပြောလိုက်ပြီးနောက် လမ်းမလျှောက်နိုင်တော့သည့် မိခင်အားပွေ့ချီလိုက်ပြီး ခန်းနားထည်ဝါလှသည့် အိမ်ကြီးထဲမှ ကျောခိုင်းထွက်ခဲ့ လိုက်တော့သည်။
မင်းသိက္ခာ ( မှော်ဘီ)
….,… ……………………………………………………………..
ကမ်းလက်များ
ရသဝတ္ထုတို စုစည်းမှု
အမှတ်စဥ် (၈)