Unicode Version
” စုန်းထီးကြီးဦးဘသာနှင့် ဣတ္ထိယဘသာ “(စ/ဆုံး)
————————————————————–
အတွဲ(၅) စာစဉ်(၆)
ယခုအပိုင်းမှစ၍ အလတ်ကောင်နေရာမှ တင်ဆက်ပါမည်။
(၁)
ဂျိန်းခနဲထစ်ချုန်းပြီး ချိန်းလိုက်တဲ့ မိုးခြိမ်းသံကြီးကိုကြားလိုက်ရပြီးတဲ့နောက်မှာ ကျုပ်လန့်နိုးလာခဲ့ပါတယ်၊ ရန်ကုန်မိုးကြောင့် ကောင်းကင်ကြီးက မဲမှောင်ညို့နေပါရောဗျာ၊ မိုးကမရွာသေးပေမယ့် မိုးခြိမ်းသံတွေကတော့ ဆူညံနေပါတယ်၊ တစ်ချက်တစ်ချက်လျှပ်စီးလက်သွားတဲ့အခါ ပတ်ဝန်းကျင်တစ်ခွင် ထိန်လင်းသွားပါရောဗျာ၊ ကျုပ်လဲကျနေတဲ့နေရာက အမှိုက်ပုံကြီးတစ်ခုဖြစ်နေတယ်ဗျ။ ဒီတော့မှ ကျုပ်လည်း အလင်းလုံးကြီးပြောသွားတဲ့စကားတွေကို သတိရသွားတော့တယ်။
“တစ်ရက်အတွင်းသေသွားတဲ့လူကိုရှာရမယ်၊ ဟုတ်ပြီ၊ ဟုတ်ပြီ”
ဒါနဲ့ကျုပ်လည်း မိုးရေထဲပြေးလာခဲ့မိတာပေါ့ဗျာ၊ အချိန်ကတော့ ညနေစောင်းလောက်ဖြစ်မယ်ထင်တယ်ဗျ၊ ဒါပေမယ့် မိုးမှောင်ကျနေတာဆိုတော့ တော်တော်ကိုမှောင်မိုက်နေတာပေါ့ဗျာ၊ ပြေးရင်းလွှားရင်းနဲ့ ရပ်ကွက်တစ်ခုထဲရောက်လာတယ်ဗျာ၊ ဆိုင်တစ်ဆိုင်ထဲကိုဝင်သွားပြီးတော့
“လုပ်ပါဗျာ၊ ဒီရက်ကွက်ထဲမှာ လောလောလတ်လတ်သေထားတဲ့လူများရှိသလား”
ဆိုင်ထဲကလူတွေက ကျုပ်ကိုတအံ့တသြနဲ့ကြည့်နေကြတယ်ဗျ၊ သေထားတဲ့လူကို လိုက်ရှာတယ်ဆိုတော့ သူတို့အတွက်ထူးတော့ထူးနေမှာပဲလေဗျာ၊ ဒါနဲ့ကျုပ်လည်း ဆိုင်ထဲကနေပြန်ပြေးထွက်လာခဲ့လိုက်တယ်၊ နောက်ရပ်ကွက်တစ်ခုကိုဖြတ်လိုက်တဲ့အခါ ရပ်ကွက်လမ်းထိပ်ထောင့်မှာ လက်ဖက်ရည်ဆိုင်ကလေးတစ်ခုကိုတွေ့လိုက်ရပါရောဗျာ၊ လက်ဖက်ရည်ဆိုင်ထဲကိုဝင်လိုက်ပြီး စားပွဲထိုးကလေးကို လက်ပြေးဆွဲလိုက်တယ်ဗျ။
“ငါ့ညီ၊ ဒီရပ်ကွက်ထဲမှာ လောလောလတ်လတ်သေထားတဲ့လူများရှိသလားညီ”
စားပွဲထိုးကလေးက တစ်ကိုယ်လုံးနံစော်ပြီးတော့ ချွေးတွေသံတွေရွဲနေတဲ့ကျုပ်ကိုမျက်လုံးပြူးနဲ့ကြည့်နေတယ်ဗျ၊ နောက်တော့ ကျုပ်ကိုတွန်းလွှတ်ပြီး
“ခင်ဗျားဘာတွေလာမေးနေတာလဲဗျာ”
“ဒီနားမှာ သေသွားတဲ့လူများမရှိဘူးလား”
“မသိဘူး၊ မရှိဘူး၊ ဘယ်လိုလူလဲမသိဘူး အူကြောင်ကြားနဲ့”
ကျုပ်အနားကို စားပွဲထိုးတွေဝိုင်းလာတာနဲ့ ကျုပ်လည်းဆိုင်ထဲကနေပြေးထွက်လာခဲ့လိုက်တော့တယ်၊ ခုနက ကောင်ကင်တစ်ခွင် တဂျိန်းဂျိန်းနဲ့ထစ်ချုန်းသံပေးနေတဲ့မိုးက အခုမှ တဝေါဝေါနဲ့ရွာချတော့တာပဲဗျာ၊ ရန်ကုန်မိုးက အညိုးကြီးတယ်ဗျ၊ သဲသဲမဲမဲကို တဝေါဝေါနဲ့ရွာချနေတော့တာ၊ မိုးရွာနေတယ်ဆိုပေမယ့် ကျုပ်လည်းမနားရသေးပါဘူးဗျာ၊ မိုးရေထဲဆက်ပြေးရင်း ရပ်ကွက်တစ်ခုပြီးတစ်ခု ဆက်ရှာနေမိတယ်၊ တစ်နေရာရောက်တော့ ဘုံဆိုင်ကလေးတစ်ခုတွေ့တယ်ဗျ၊ ကျုပ်လည်း ဘုံဆိုင်ထဲကိုပြေးဝင်လိုက်မိတယ်။
မိုးရွာနေတာဆိုတော့ ဘုံဆိုင်ထဲမှာ လူတွေအုံခဲနေတာပါပဲဗျာ၊ ထိုင်ခုံမရလို့ မတ်တပ်ရပ်နေတဲ့သူတွေတောင်ရှိသဗျ၊ မိုးအေးအေးနဲ့ အနွေးဓါတ်လိုလို့ လာဖြည့်ကြတဲ့လူတွေဖြစ်မှာပေါ့ဗျာ၊ ကျုပ်လည်း ဆိုင်ကောင်တာအနားကိုတိုးကပ်သွားလိုက်ပြီး
“ဆိုင်ရှင်၊ ဒီအနားမှာ လောလောလတ်လတ်လူသေတာမျိုးမရှိဘူးလား”
ဆိုင်ရှင်က ကျုပ်ကိုခေါင်းခါပြတယ်။
“တကယ်မရှိဘူးလားဗျာ”
နှစ်ခွန်းမေးလိုက်တော့ ဆိုင်ရှင်က စိတ်မရှည်တော့ဘူးဗျ။
“ဟေ့ကောင်၊ မင်းက ဘယ်သူသေလဲ ဘယ်ဝါသေလဲဆိုပြီး လိုက်မေးရအောင် ငါတို့ဆိုင်ကို မသာအိမ်များထင်နေသလားကွ”
ဒီအခါ ဘေးနားမှာရပ်နေတဲ့လူကြီးက ကျုပ်ရင်ဘတ်ကိုတွန်းလွှတ်လိုက်တယ်၊ ကျုပ်လည်း ဆိုင်ထဲက မြေပြင်မှာလဲကျသွားပါတော့တယ်ဗျာ။
“ဟေ့ကောင် ပြဿနာမရှာနဲ့နော်၊ ဒီဆိုင်ထဲကလူတွေက မင်းထက်မိုက်တဲ့လူတွေချည်းပဲကွ၊ သောက်ချင်ရင်အမူးသောက်၊ ပြဿနာတော့မရှာနဲ့”
“ကျုပ်ပြဿနာရှာတာမဟုတ်ပါဘူးဗျာ၊ ဒီနားမှာ လူသေတဲ့အိမ်ရှိသလားလို့ပါ”
အဲဒီလူကြီးက ဒေါသထွက်သွားပြီး
“ဒီလောက်ပြောနေတာတောင်မင်းက အမှတ်မရှိပါလား၊ မင်းအသားနာချင်လို့လားကွ”
ဆိုင်ထဲထိုင်နေတဲ့လူတွေက ဝိုင်းကြည့်ပြီးတော့
“ဧကန္တဒီကောင်လေးက ကိုဗိုက်ကြီးရဲ့လက်သီးကို မြည်းကြည့်ချင်လို့နဲ့တူပါတယ်ဗျာ”
“ဟုတ်တယ်၊ ကိုဗိုက်ကြီးအကြောင်းသိသွားအောင်၊ တစ်လုံးနှစ်လုံးလောက် အမြည်းကျွေးလိုက်စမ်းပါ”
ဆိုင်ထဲကလူတွေကလည်းမြှောက်ပေးတယ်ဗျ၊ ကိုဗိုက်ကြီးဆိုတဲ့လူက နာမည်အတိုင်း လူကောင်ထွားထွား ဗိုက်ပူပူရွှဲရွှဲကြီးဗျာ၊ ဒီလူကြီးက ကျုပ်ဆီကိုလျှောက်လာတယ်။ နောက်တော့ ကျုပ်လည်ဂုတ်ကိုလက်တစ်ဖက်နဲ့လှမ်းဆွဲပြီး
“မင်းကိုအမြည်းကျွေးရသေးတာပေါ့ကွာ”
သူ့လက်သီးကြီးမြှောက်ပြီး ကျုပ်မျက်နှာကိုတည်ထိုးဖို့လုပ်တာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒီအချိန်မှာ ကျုပ်ညာလက်က သူ့အလိုလိုလှုပ်ရှားလာပြီးတော့ ကိုဗိုက်ကြီးရဲ့ ပေါင်ခွကြားက ချက်ကောင်းကို ထိုးထည့်လိုက်တော့တာပဲဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေပါရော၊
“ဟေ့အလတ်ကောင်၊ အဲဒါငါလုပ်တာကွ”
နားထဲမှာ ဦးဘသာအသံကြားရတယ်။
“ဟင်၊ ဦးဘသာလုပ်လိုက်တာလား”
ကိုဗိုက်ကြီးကတော့ ပေါင်ကြားကိုလက်နှစ်ဖက်နဲ့အုပ်ပြီး မြေပြင်မှာခုန်ဆွခုန်ဆွလုပ်နေပါရောဗျာ၊ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ လက်သီးကိုမိုးပေါ်မြှောက်ရင်း
“ဟား၊ ဟား ဘယ်လိုလဲကွ ငါ့လက်သီးကရော ချိုရဲ့လား”
ဒီစကားတွေက ကျုပ်ပြောနေတာလုံးဝမဟုတ်ပါဘူးဗျာ၊ ကျုပ်ကိုယ်ကျုပ်ထိန်းလို့မရပုံထောက်ရင် ဦးဘသာက ကျုပ်ကိုယ်ကိုဝင်သုံးနေတဲ့ပုံစံပဲဗျ၊ ကိုဗိုက်ကြီးအထိုးခံရတော့ တစ်ဆိုင်လုံးကလူတွေ ဟာခနဲဟင်ခနဲဖြစ်သွားတယ်ဗျ၊ နောက်တော့ ကျုပ်က ကိုဗိုက်ကြီးရဲ့နှာနုကိုလက်သီးတစ်လုံးပစ်သွင်းလိုက်ပါရောဗျာ၊ ကိုဗိုက်ကြီးခမျာလက်သီးချက်မှန်ပြီးတော့ မြေပေါ်မှာလဲကျသွားတယ်၊ လဲကျသွားတဲ့ကိုဗိုက်ကြီးရဲ့ ခြေထောက်တစ်ဖက်ကို ကျုပ်က လက်တစ်ဖက်တည်းနဲ့ဆွဲလိုက်ပြီးတော့
“ကဲ၊ မင်းတို့ဗိုက်ကြီးကို ကမ္ဘာ့အပြင်ရောက်အောင် ပို့ပေးမယ်ကွ”
ပြောပြီးတာနဲ့ ကျုပ်လည်း ကိုဗိုက်ကြီးကိုလက်တစ်နဲ့ကိုင်ပြီး လှည့်တော့တာပဲဗျာ၊ လူကောင်ထွားထွားကြီးကို ကျုပ်လိုငဖျံကလေးက လက်တစ်ဖက်တည်းနဲ့ခြေထောက်ကိုင်ပြီး ဆွဲလှည့််နေတာကိုတွေ့တာ ဆိုင်ထဲကလူတွေ တော်တော်လန့်သွားကြတယ်ဗျ၊
“ဟာ၊ ဒီကောင်လေးက ဗိုက်ကြီးကိုနိုင်တယ်တဲ့ဟ”
“အေးလေကွာ၊ လူနံပိန်၊ ကျွဲချိုလိမ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာကွ”
ကျုပ်လည်း ဆယ့်လေးငါးပတ်လောက်လှည့်ပြီးတော့ အရှိန်ရတာနဲ့ လက်ကိုလွှတ်ပေးလိုက်ပါရောဗျာ၊ ဗိုက်ကြီးက ဆိုင်ထဲလွင့်ပျံထွက်သွားပြီးတော့ ဆိုင်နံရံနဲ့တိုက်မိပြီး ဆိုင်နံရံကြီးပါ ပွင့်ထွက်သွားတယ်ဗျာ၊ ဆိုင်ထဲကလူတွေအားလုံးကလည်း ကျုပ်ကိုပြူးကြောင်ကြည့်နေကြတယ်၊ နောက်တော့ အားလုံးရုတ်ရုတ်သဲသဲနဲ့ဆိုင်ထဲက ပြေးထွက်သွားကြပါရောလား၊ ဆိုင်ထဲကလူတွေအကုန်ကုန်သွားတော့မှ ဟိုးထောင့်မှာထိုင်နေတဲ့လူတစ်ယောက်က မတ်တပ်ထရပ်လိုက်တယ်၊ ဒီလူက ဘိလပ်မြေအိတ်ခွံကို ခေါင်းပေါ်ဆောင်းထားတယ်ဗျ၊ ထလာပြီး ကောင်တာခုံပေါ်တင်ထားတဲ့ အရက်ဖြူပုလင်း လေးလုံးကိုယူလိုက်ပြီးတော့ လက်နဲ့ပိုက်ထည့်လိုက်တယ်၊ နောက်တော့ ကျုပ်ဘက်ကိုလှည့်ကြည့်ရင်း
“မင်းကလူသေရှာနေတယ်ဆိုကွ၊ ဒါဆိုရင် ငါမင်းကိုလမ်းပြပေးနိုင်တယ်”
“ဗျာ၊ အဲဒီလူသေက ဘယ်တုန်းကသေတာလဲ”
“ခုမနက်ပိုင်းကမှသေတာ”
ဒီလူက ဆိုင်အပြင်ကိုထွက်သွားတော့ ကျုပ်လည်း သူ့အနောက်ကလိုက်သွားမိတယ်ဗျ။ ဆိုင်နဲ့ခပ်လှမ်းလှမ်းက ဗန်ဒါပင်ရိပ်အောက်မှာရပ်ထားတဲ့ ဆိုက်ကားကလေးပေါ်ကို ဒီလူက လွှားခနဲခုန်တက်သွားတယ်၊ နောက်တော့ ကျုပ်ကိုကြည့်ရင်း “တက်” လို့တစ်လုံးတည်းပြောလိုက်တာနဲ့ ကျုပ်လည်းသူ့ဆိုက်ကားပေါ်ခုန်တက်လိုက်တယ်ဆိုပါတော့ဗျာ၊ ကျုပ်တက်ပြီးတာနဲ့ ဆိုက်ကားက အရှိန်နဲ့မောင်းထွက်ခဲ့ပါရောဗျာ။
(၂)
ဗွက်ထနေတဲ့လမ်းကြီးအတိုင်း ဆိုက်ကားက နင်းလာခဲ့တယ်ဗျ၊ မိုးကလည်း သဲလိုက်တာပြောမနေပါနဲ့၊ ကျုပ်တစ်ကိုယ်လုံး မိုးတွေရွှဲစိုကုန်တယ်၊ လမ်းကြီးအတိုင်းနင်းလာရင်း တဖြည်းဖြည်းနဲ့လူနေအိမ်တွေကျဲသွားတယ်၊ ခြံဝင်းအလွတ်ကြီးတွေ ကွင်းကြီးတွေကိုဖြတ်သန်းရတယ်ဗျ၊ နောက်ဆုံးတော့ အိမ်အစုကလေးတစ်ခုအနားကိုရောက်လာခဲ့တယ်။ အိမ်ကလေးတစ်အိမ်ရှေ့ရောက်တော့ ဆိုက်ကားက ထိုးရပ်သွားတယ်ဗျ၊ အိမ်ကလေးက တဲသာသာတစ်ထပ်အိမ်ကလေးပါဗျာ၊ ဒါပေမယ့် အိမ်ကလေးအရှေ့မှာတော့ လူတွေက တာပေါ်လင်စတွေ၊ ဝါးလုံးကြီးတွေနဲ့ ကနားဖျင်းတစ်ခုလုပ်နေတယ်ဗျ၊ ဒါကိုကြည့်လိုက်ရင် ဒီအိမ်က မသာအိမ်ဆိုတာကြိမ်းသေပါပဲ၊ ကျုပ်လည်း ဆိုက်ကားသမားကိုတောင် နှုတ်မဆက်တော့ဘဲ ဆိုက်ကားပေါ်က ခုန်ဆင်းလိုက်တယ်၊ ပြီးတော့ အိမ်ထဲကိုပြေးဝင်ခဲ့တာပေါ့ဗျာ။
အိမ်ရှေ့ခန်းအလယ်မှာ မသာလောင်းကိုချထားတယ်ဗျ၊ ဖျာတစ်ချပ်ပေါ်မှာချပြီး အိပ်နေသလိုလုပ်ထားတာပေါ့ဗျာ၊ အနားမှာလည်း သူ့မိသားစုတွေထိုင်နေကြတယ်၊ မသာရှင်အမေဖြစ်ပုံရတဲ့ မိန်းမ၀၀ကြီးက ရင်ထုပြီး ငိုငိုနေတယ်ဗျ။
“အောင်မယ်လေး အဖြစ်ဆိုးလှချည်လား သမီးလေးရယ်”
ကျုပ်လည်းအိမ်ပေါ်ကိုပြေးတက်လိုက်တော့တယ်ဗျာ၊ ကျုပ်ကိုမြင်တော့ ငိုနေတဲ့အဒေါ်ကြီးပါ အငိုရပ်သွားပြီးတော့ တစ်အိမ်လုံးကလူတွေက ကြောင်တောင်တောင်နဲ့ကြည့်နေသဗျ၊ ကျုပ်ကတော့ ဘယ်သူ့ကိုမှမကြည့်ပါဘူးဗျာ၊ လူသေကိုပဲကြည့်လိုက်တာပါ၊ လူသေက မိန်းကလေးဗျ၊ အသက်ဆယ့်ကိုးနှစ်ဆယ်လောက်ပဲရှိမယ်ထင်တယ်၊ အသားကလေးက ဝင်းဖြူနေပြီးတော့ ပါးကလေးတွေကလည်း မို့မို့ကလေးဗျာ၊ သေနေတယ်လို့ပြောရင် ယုံကြမှာမဟုတ်ဘူးဗျ၊ မသိရင် အိပ်နေသလိုပါပဲ။
ကျုပ်လည်း စဉ်းစားမနေတော့ဘဲ လူသေကောင်ကြီးကိုခုန်အုပ်ထည့်လိုက်တော့တယ်၊ ပြီးတော့ လူသေကောင်ရဲ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်တယ်ဗျာ၊ ချောလိုက်တာ၊ လှလိုက်တာပြောမနေပါနဲ့၊ ရုပ်ကတော့ ကရင်လိုလို မွန်လိုလို တိုင်းရင်းသူရုပ်ပါဗျာ၊
“အလတ်ကောင်မလုပ်နဲ့၊ ဒါကြီးတော့မလုပ်ပါနဲ့အလတ်ကောင်ရာ”
ကျုပ်ခေါင်းထဲက အသံကြားရတယ်၊ ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ လူသေကောင်နဲ့မျက်နှာချင်းအပ်လိုက်ပြီး လူသေရဲ့နှုတ်ခမ်းကို ကျုုပ်ရဲ့နှုတ်ခမ်းနဲ့အပ်လိုက်မိတော့တယ်၊ နှုတ်ခမ်းကလေးက နုအိနေတာပဲဗျာ၊ ခင်ဗျားတို့ယုံမလားတော့မသိဘူး၊ ဒီအနမ်းက ကျုပ်ဘဝမှာ ပထမဆုံးအနမ်းဗျ၊ သူများတွေပြောကြတာ ပထမဆုံးအနမ်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ရိုကြတယ်မဟုတ်လားဗျာ၊ ကျုပ်ဘဝရဲ့ပထမဆုံးအနမ်းကတော့ လူသေကောင်ကြီးနဲ့နမ်းခဲ့ရတာဗျ၊ ဒါပေမယ့် တန်တော့တန်ပါတယ်ဗျာ၊ လူသေကောင်ကလည်း ချောချောလှလှကလေးကိုဗျ။
ကျုပ်နမ်းနေတုန်း လူသေကောင်ကြီးက မျက်လုံးတွေဖြတ်ခနဲပွင့်လာတယ်ဗျာ၊ ပြီးတော့ ကျုပ်ရင်ဝကိုသူ့လက်နဲ့ တွန်းထည့်လိုက်ပါရော၊ အရှိန်ကအတော်များသားဗျ၊ ကျုပ်ဖြင့်လွင့်သွားပြီး ခပ်လှမ်းလှမ်းမှာသွားကျတယ်ဗျာ။ အိမ်သားတွေလည်း မျက်လုံးကြီးတွေပြူးလို့ဗျ၊ ဒီမိန်းကလေးက ငေါက်ခနဲကောက်ထိုင်တယ်။ ပြီးတာနဲ့ သူ့ခြေမတွေမှာချည်ထားတဲ့ အပ်ချည်ကြိုးတွေထောင်းခနဲပြတ်ကုန်ပြီးတော့ ကုန်းထလာပြီး ကျုပ်ဆီကိုပြေးလာပါရောဗျာ၊ ကျုပ်လက်ကိုဆွဲပြီးတော့ အိမ်ပေါ်ကတန်းဆင်းပြေးပါရော။
“ဟဲ့ သမီး၊ သမီး ဖိုးမူ”
အဒေါ်ကြီးက အော်တော့တယ်ဗျာ၊ ကျုပ်နဲ့ဒီမိန်းကလေးလဲ အိမ်အောက်ရောက်ရော အိမ်ပေါ်ကနေ အိမ်သားတွေက ပြေးဆင်းလာကြတယ်၊ ဒါနဲ့မိန်းကလေးက အိမ်ဘက်ကိုလှည့်လိုက်ပြီးတော့ လက်ဝါးနဲ့ကာပြလိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့မှာထိုးထားတဲ့ ကနားဖျင်းက ဝါးလုံးတွေက တဖြောင်းဖြောင်းနဲ့ကျိုးကျပြီးတော့ တာပေါ်လင်စတွေ၊ ဖျင်စတွေက အိမ်အတက်အဆင်းအပေါ်ကျသွားပါရောဗျာ၊ အိမ်ပေါ်ကဆင်းလာတဲ့လူတွေ ရှုပ်ထွေးနေကြတဲ့အချိန်မှာ ကျုပ်တို့နှစ်ယောက်လည်း ဆက်ပြေးခဲ့ပါရော။
မိန်းကလေးက ပြေးတာမြန်လိုက်တာဗျာ၊ ကျုပ်တို့ခပ်လှမ်းလှမ်းရောက်တော့မှ ခုနက အိမ်ထဲကလူတွေထွက်လာကြတယ်၊ ကျုပ်တို့ကွေ့ပတ်ပြေးရင်း တစ်နေရာရောက်တော့ ခြံဝင်းကြီးတစ်ခုထဲဝင်ပြေးလိုက်ကြတယ်၊ ခြံဝင်းကြီးက လူနေပုံမရဘူးဗျ၊ ခြံဝင်းထဲက ချုံတွေအောက်နားမှာ ဝပ်နေကြတုန်း အသုဘအိမ်ကလူတွေက ခြံရှေ့ကနေအပြေးဖြတ်သွားကြတယ်၊ အတော်ကြာသွားတော့မှ မိန်းကလေးက ကုန်းထလာတယ်။ မိုးတွေကတော့ ရွာနေတုန်းပဲဗျာ၊ ခြံဝင်းကြီးအနောက်နားမှာ အိမ်ပျက်တစ်လုံးတွေ့လိုက်ရတာနဲ့ ကျုပ်တို့လည်း အိမ်ပျက်ဆီကိုလာခဲ့လိုက်တယ်၊ အိမ်က အမိုးတွေအကာတွေက ပေါက်ပြဲနေပေမယ့် အိမ်ထောင့်တစ်နေရာမှာတော့ မိုးလုံလေလုံရှိတာနဲ့ ကျုပ်နဲ့အဲဒီမိန်းကလေး အိမ်ထောင့်နားကိုသွားပြီး ထိုင်လိုက်မိကြတယ်။
ဘာမပြောညာမပြော မိန်းကလေးက ထပြီးငိုပါရောဗျာ၊ ကျုပ်ဖြင့် အခုထိဝေခွဲမရသေးဘူးဗျ၊ ဒီဟာက ဦးဘသာလား၊ ဒါမှမဟုတ်သေသွားတဲ့မိန်းကလေးများလားဆိုပြီးတော့ပေါ့ဗျာ။
“သွားပါပြီ၊ သွားပါပြီကွာ”
အသံကတော့ မိန်းကလေးအသံပဲဗျ၊ ဒါပေမယ့် စကားပြောတာကတော့ ယောက်ျားတစ်ယောက်သုံးနှုန်းသလိုပဲ၊ ဒါနဲ့ကျုပ်လည်း မိန်းကလေးအနားကပ်ခဲ့ပြီးတော့
“ဦး . . . ဦးဘသာလား”
မိန်းကလေးက ကျုပ်ကိုစူးစူးစိုက်စိုက်ကြည့်ရင်း
“မင်းကိုငါပြောသားပဲအလတ်ကောင်ရာ၊ ဒါကြီးတော့မလုပ်ပါနဲ့ဆိုကွာ”
ဒီတော့မှ ဦးဘသာမှန်းကျုပ်သိလိုက်ရတယ်ဗျာ၊ ဦးဘသာတစ်ယောက် မိန်းမကိုယ်လုံးထဲရောက်သွားတာသိလိုက်တာနဲ့ ကျုပ်ဖြင့်ခွက်ထိုးခွက်လန်ရယ်မိတော့တာပဲဗျာ။
“ဟေ့ကောင်၊ ဒါရယ်စရာမဟုတ်ဘူးကွ”
ကျုပ်ဖြင့် ရယ်ရင်းပက်လက်လန်ကျသွားတယ်ဗျ၊ ဦးဘသာကြီးကို လက်ညှိုးထိုးပြီးရယ်လိုက်ရတာဆိုတာ အူတောင်တက်တော့မယ်ဗျ။
“ဟား၊ ဟား ဖြစ်ရမယ်ဦးဘသာရာ၊ ဖြစ်ရမယ်”
“မင်းကိုငါပြောသားပဲကွ၊ ဒီကိုယ်လုံးကို မလုပ်ပါနဲ့ဆို”
“ဟာဗျာ၊ လူသေက ရှာရတာလွယ်တင်ထင်လို့လားဦးဘသာ၊ ဒီတစ်ယောက်တောင်မှ မိုးထဲလေထဲ မနည်းခဲရာခဲဆစ်ရှာထားရတာနော်”
“ဒါတော့ဒါပေါ့ကွာ၊ ဒါပေမယ့် အခုငါက မိန်းမကိုယ်ကြီးနဲ့ဖြစ်သွားပြီလေကွာ”
ဦးဘသာကပြောရင်း မျက်ရည်တွေကျလာတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကိုကြည့်ရင်း
“ဒါငိုစရာမဟုတ်ပါဘူးဦးဘသာရာ”
ဦးဘသာက မျက်ရည်တွေသုတ်ရင်း
“ငါငိုနေတာမဟုတ်ဘူးကွ၊ ငါစိတ်မကောင်းဖြစ်နေတာ၊ မျက်ရည်က သူ့အလိုလိုကျတာ”
ဒီတော့မှ ကျုပ်လည်းသဘောပေါက်တယ်၊ ဦးဘသာက မိန်းမကိုယ်ထဲရောက်နေတာဆိုတော့ မိန်းကလေးရဲ့စိတ်နေသဘောထားတွေ၊ မိန်းကလေးရဲ့သဘာဝတွေက ကျန်နေခဲ့တဲ့ပုံစံပဲဗျ။ ဒါပေမယ့် မိန်းကလေးက ချောတော့အတော်ချောသား၊ အသားကလေးတွေဆိုရင်လည်း ဝင်းဝင်းကလေးရယ်ဗျ။
“ဒီကောင်မလေးက ဦးဘသာမှန်းသိနေလို့ပေါ့ဗျာ၊ ချောတာတော့ တော်တော်ချောတာဗျ၊ ကျုပ်ဖြင့် ဖက်ဖက်ပြီးနမ်းပစ်လိုက်ချင်တာ”
ကျုပ်အရှေ့တိုးသွားတော့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး
“ဟေ့ကောင်၊ အချင်းချင်းတွေကို မလုပ်ရဘူးနော်ကွ”
“မလုပ်ပါဘူးဗျာ၊ ဒါနဲ့ ဦးဘသာ ဟိုအောက်မှာရော ဟဲ . . ဟဲ”
ကျုပ်က ခါးအောက်ပိုင်းကိုလက်ညှိုးထိုးပြလိုက်တော့ ဦးဘသာက တုန်တက်သွားပြီးတော့
“ဟေ့ကောင်၊ မလေးမစားမလုပ်နဲ့နော်၊ ဒီခန္ဓာကိုယ်က ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ကွ၊ ဘာပဲဖြစ်ဖြစ် ငါတို့သေပြီးတဲ့လူကိုတော့ လေးစားရမယ်”
“မဟုတ်ပါဘူးဗျာ၊ ကျုပ်သိချင်တာတစ်ခုရှိတယ်ဦးဘသာ၊ ဒီအချိန်မှာ ဦးဘသာနဲ့ကျုပ်နဲ့ အတူတူနေကြတယ်ဆိုရင် ဦးဘသာဘယ်လိုများခံစားရမလဲဆိုတာပါ”
“ခွေးကောင်၊ တိတ်စမ်း၊ မင်းအနားကပ်ရဲကပ်လာကြည့်နော် ငါမင်းကိုလုပ်ထည့်လိုက်မှာကွ”
ဦးဘသာကြီး စိတ်ဆိုးနေတဲ့ပုံကိုကြည့်ရတာ သိပ်ရယ်စရာကောင်းတာပဲဗျာ၊ ကျုပ်လည်းရယ်နေမိတယ်၊ ခဏကြာတော့မှ မိန်းကလေးတစ်ဖြစ်လဲ ဦးဘသာက
“အဲဒါအသာထားစမ်းပါ၊ ဟိုလူကြီးပြောတဲ့အတိုင်းဆိုရင် ငါက ခုနစ်ရက်အတွင်း ငါ့ကိုယ်ထဲကိုပြန်ဝင်နိုင်မှ ရမယ်မဟုတ်လားကွ”
“ကျုပ်တို့နည်းလမ်းရှာကြတာပေါ့ဦးဘသာရာ”
“ဒါနဲ့အလတ်ကောင်၊ မင်းရွာကထွက်သွားပြီးတော့ ဘာတွေဖြစ်ကုန်သလဲဆိုတာ ငါသေချာသိချင်တယ်၊ ပြီးတော့ မင်းပြောတဲ့ သူတော်ကောင်းလင်မယားဆိုတာကိုလည်း ငါသေသေချာချာသိချင်သကွာ”
“ပြောပြမယ်ဦးဘသာ၊ ဦးဘသာသိချင်ရင် ပြောပြရသေးတာပေါ့ဗျာ”
အပြင်မှာ မိုးကလည်း နည်းနည်းစဲသွားပြီဗျ၊ ခုနကလောက် မသဲတော့ပေမယ့် ရွာတော့ရွာနေဆဲပါပဲဗျာ။
“ဒီလိုဦးဘသာရ၊ ကျုပ်ရန်ကုန်ရောက်တော့ လူလိမ်ခံရပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဦးဆိုနီအိမ်ကိုရောက်သွားတာ ဦးဘသာ သိပြီးပါပြီနော်”
“အေးလေ၊ မင်းထည့်လိုက်တဲ့စာထဲမှာ ပါတယ်မဟုတ်လား”
“ဒါဆို စာထဲမပါတဲ့အကြောင်းတွေစပြောတာပေါ့ဗျာ”
(၃)
ရန်ကုန်ရောက်ပြီးမှ ဦးဆိုနီက ဘာမှမဟုတ်တဲ့လူဆိုတာကို သိလိုက်ရတယ်၊ သူတို့လင်မယားက သူဌေးအိမ်ကြီးတစ်အိမ်ရဲ့အနောက်ဘက်မှာ နှစ်ထပ်အိမ်ကလေးဆောက်ပြီး ကပ်နေတာပါဗျာ၊ သူ့မိန်းမကတော့ သူဌေးအိမ်မှာ ထမင်းချက်ဟင်းချက်လုပ်တယ်၊ ဦးဆိုနီကတော့ အဲဒီသူဌေးကြီးကို ငွေဖော်ပေးရတယ်ဗျ၊ အဲဒိသူဌေးကြီးက အစိုးရအရာရှိကြီးတစ်ယောက်တဲ့ဗျာ၊ ဒီအချိန်ကလည်း နိုင်ငံခြားဖြစ်ပစ္စည်းတွေကို မှောင်ခိုပစ္စည်းတွေဆိုပြီး တရားဝင်တင်သွင်းရောင်းချခွင့်ကိုပိတ်ပင်ထားတယ်မဟုတ်လားဗျာ၊ ဒါပေမယ့် ကျုပ်တို့ကျေးလက်တောရွာကလူတွေက ပြည်တွင်းဖြစ်ပစ္စည်းတွေကိုပဲ သုံးနိုင်စွဲနိုင်ကြပေမယ့် ရန်ကုန်လိုမြို့ကြီးပြကြီးက လူတွေကျတော့ နိုင်ငံခြားဖြစ် ပစ္စည်းကောင်းတွေကို သုံးချင်ကြသဗျ၊ ဒီတော့ အဲဒီနိုင်ငံခြားဖြစ်ပစ္စည်းတွေကိုပဲ တရားမဝင်ကူးသန်းရောင်းဝယ်ကြတယ်၊ အဲဒီပစ္စည်းတွေကိုမှောင်ခိုလို့ ခေါ်ကြတာပေါ့ဗျာ။
မှောင်ခိုပစ္စည်းထဲမှာ အစုံပါတယ်ဗျ၊ ကလေးကစားစရာကစလို့ ကက်ဆက်၊ ရေဒီယို၊ အဝတ်အထည်တွေ အစုံပဲပေါ့ဗျာ၊ အဲဒီမှောင်ခိုပစ္စည်းတွေကို ကမ်းနားလမ်းတို့ လေဟာပြင်ဈေးတို့မှာ ပေါ်ပေါ်တင်တင်ရောင်းချကြပါရောဗျာ၊ ဖမ်းတဲ့သူလည်းမရှိဘူးဗျ၊ ဘယ်ဖမ်းမလဲ အားလုံးက သူ့လမ်းကြောင်းနဲ့သူရှိတာကိုးဗျ၊ လူတစ်ယောက်လက်ထဲမှာ မှောင်ခိုပစ္စည်းတွေ့ရင်သာ ဖမ်းချင်ဖမ်းမယ်၊ ဒီလိုမျိုးဆိုင်နဲ့ကန္နားနဲ့ ပေါ်တင်ရောင်းနေတာတွေကျတော့ ဖမ်းခဲတယ်ဗျ။ ဆက်ရရင်တော့ အဲဒီအရာရှိကြီးတို့လင်မယားက ယိုးဒယားက မှောင်ခိုပစ္စည်းတွေကို အောက်လမ်းကနေသယ်လာပြီးတော့ ဦးဆိုနီကိုဆိုင်ဖွင့်ရောင်းခိုင်းတယ်ပေါ့ဗျာ၊ ရလာတဲ့အမြတ်ထဲကမှ ဦးဆိုနီကိုနည်းနည်းပါးပါးပြန်ပေးတာပေါ့၊ အမြတ်ကတော့ အမြတ်ကြမ်းတယ်ဗျ၊ ဦးဆိုနီလည်း ဒီအလုပ်နဲ့ဝင်ငွေဖြောင့်နေတယ်ဆိုပါတော့။
ကျုပ်ရောက်သွားတော့ ကျုပ်လည်းသူတို့ဆိုင်မှာကူရောင်းပေးရတယ်ဆိုပါတော့၊ လစာငွေရယ်လို့တော့် သတ်သတ်မှတ်မှတ်မရဘူးပေါ့ဗျာ၊ ဝိုင်းလုပ်ဝိုင်းစားပေါ့၊ အရာရှိကြီးအိမ်က ခိုင်းတာတွေလည်း လုပ်ကိုင်ပေးရသေးတယ်ဗျ၊ လုပ်ရင်းကိုင်ရင်း ကြာလာတော့ ရင်းနှိးလာတယ်ပေါ့ဗျာ၊ တစ်ခုပြောရအုံးမယ်ဗျ၊ အဲဒီအရာရှိကြီးလင်မယားကလည်း ဂမ္ဘီရဆန်တာတွေကို သိပ်သဘောကျတာ၊ သူတို့ကလည်း ဗေဒင်ဆရာတွေ၊ အောက်လမ်းဆရာတွေ လိုင်းပေါင်းစုံလိုက်နေတာ မနည်းဘူးဗျာ၊ ကျုပ်လည်းကြုံတုန်း ဦးဘသာကြီးအကြောင်းကိုဖောက်သည်ချမိပါရော၊ သူတို့က ဦးဘသာကြီးရဲ့စွန့်စားခန်းတွေအကြောင်းကြားရတော့ သိပ်ကြိုက်ကြတယ်ဗျ၊ ဦးဘသာကိုတောင် တစ်ခါလောက်တွေ့ချင်တယ်ဆိုပဲဗျာ၊ ဦးဆိုနီတို့ ညွှန်းတာလည်းပါတာပေါ့လေ၊ တစ်ရက်ကျတော့ ဦးဆိုနီတို့လင်မယားက ညဘက်ကြီးတိုင်ပင်နေကြတယ်ဗျ၊ သူတို့နှစ်ထပ်အိမ်ကလေးမှာ ကျုပ်ကအပေါ်ထပ်မှာနေရတယ်၊ သူတို့လင်မယားက အောက်ထပ်အခန်းမှာအိပ်တယ်ပေါ့ဗျာ၊ အဲဒီညက ကျုပ်လည်း တရေးနိုးကြီးဗိုက်နာလို့ဆင်းလာတော့ သူတို့လင်မယား တီးတိုးတီးတိုးပြောနေတာကိုကြားလိုက်ရတာပဲ။
“ဖြစ်ပါ့မလား ကိုနီရဲ့၊ သူကရှင်တို့အမျိုးနော်”
“မဖြစ်လည်း ဖြစ်အောင်လုပ်ရမှာပဲကွာ၊ ဆရာကြီးကိုယ်တိုင်က လုပ်ခိုင်းနေတာဆိုတော့ ငါတို့ငြင်းလို့မရဘူးကွ”
ကျုပ်ကတော့ ကျုပ်နဲ့ဆိုင်မယ်လို့ ဘယ်ထင်မှာလဲဗျာ၊ ဒါနဲ့အေးအေးဆေးဆေးပဲနေမိတာပေါ့၊ သုံးရက်လောက်ကျတော့ ကျုုုပ်မှောင်ခိုဆိုင်ခင်းနေတုန်း ဦးဆိုနီက ဟိုနားဒီနားသွားမယ်ဆိုပြီးထွက်သွားတယ်ဗျာ၊ ဒီအချိန်မှာ ရဲတွေရောက်လာပြီးတော့ ကျုပ်ကိုဖမ်းသွားကြတာပဲဗျ၊ ဒါနဲ့ ကျုပ်ကိုကျောက်တံတားဆိုလား၊ လမ်းမတော်ဆိုလား ရဲစခန်းကိုခေါ်သွားပြီးတော့ ချုပ်ထားတာပေါ့ဗျာ၊ အချုပ်ထဲရောက်တော့ ဘယ်သူမှလည်းကျုပ်ကိုလာမကြည့်ကြဘူးဗျ၊ ညရောက်တော့ ဗိုက်တွေဆာလာတယ်၊ ရင်တွေလဲပူလောင်နေတယ်၊ ဒီအချိန် တခြားအချုပ်ကျတဲ့လူတွေကို မိသားစုတွေက ထမင်းတွေလာကျွေးကြတာပေါ့ဗျာ၊ ကျုပ်ရှေ့ခပ်လှမ်းလှမ်းက လူကြီးဆိုရင် ထမင်းတွေဟင်းတွေအစုံပဲဗျာ၊ စားစရာတွေလည်းအစုံပဲဗျ၊ သူစားနေတာလည်း အားရပါးရကြီးဗျာ၊ ကျုပ်ဖြင့် သူစားနေတာကြည့်ပြီး သွားရည်တောင်ကျမိတယ်။
ဒီလူကြီးက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ ကျုပ်အနားလာပြီးတော့ ထမင်းပန်းကန်ကိုထိုးပေးတယ်၊
“စားမှာသာစားစမ်းပါကွာ၊ မင်းဗိုက်ဆာနေတယ်မဟုတ်လား”
ကျုပ်လည်း ဆာနေတာနဲ့ ထမင်းတွေကို ကျုံးစားမိတာပေါ့ဗျာ။ ထမင်းစားပြီးတော့ သူနဲ့ကျုပ်နဲ့ရင်းနှီးသွားတယ်၊ ကျုပ်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တော့ သူကတော်တော်သနားသွားတဲ့ပုံပါပဲ။
“အေးကွာ၊ မင်းအဖြစ်ကလည်း ဓါးခုတ်ရာလက်ဝင်လျှိုသလိုဆိုပါလားကွ၊ ဒါမင်းကို သူတို့တမင်သက်သက်ချောက်တွန်းတာကွ၊ ဘာမှမပူနဲ့ မင်းအပြင်ရောက်အောင် ငါလုပ်ပေးမယ်”
“ဗျာ၊ တကယ်ပြောတာလား”
“တကယ်ပေါ့ကွာ၊ ငါ့နာမည်လည်းမှတ်ထားအုံး ငါ့နာမည်ဖိုးထူးတဲ့ကွ၊ ငါနဲ့တွေ့လို့ကတော့ အဟုတ်ထူးပြီလို့သာမှတ်တော့ကွာ”
“ကျုုပ်နာမည်က ခင်မောင်ပါ၊ ရွာကလူတွေကတော့ ကျုပ်ကိုအလတ်ကောင်လို့ခေါ်တယ်”
“ဟား၊ ဟား ကောင်းတယ်ကောင်းတယ်၊ မနက်ဖြန် ငါ့မိန်းမလာလိမ့်မယ်ကွ၊ သူက အထက်လူကြီးတွေနဲ့လည်းပိုင်တယ်ဆိုတော့ ငါထွက်ရဖို့များတယ်၊ ငါထွက်ရရင် မင်းကိုပါတစ်ခါတည်း ထွက်လို့ရအောင်ဖန်ပေးမယ်၊ ဟုတ်ပြီလား”
ကျုပ်လည်းပျော်သွားတယ်ဗျ၊ ဒါပေမယ့် ကျုပ်ဘဝအကြောင်းကိုစဉ်းစားမိပြီးမှိုင်ကျသွားတယ်၊ ဒီလူကြီးက ကျုပ်ကိုရိပ်စားမိတဲ့ပုံပါပဲဗျာ။
“မင်းက အချုပ်ထဲကလွတ်မှာ မပျော်ဘူးလားကွ”
“ပျော်တာကတော့ ပျော်ပါတယ်၊ ဒါပေမယ့် ဒီထဲကထွက်လည်း ကျုပ်မှာသွားစရာမှမရှိတာ၊ ငွေဆိုတာလည်း တစ်ပြားမှမရှိ၊ ပြီးတော့ ဦးဆိုနီတို့ဆီပြန်သွားလို့ကလည်းမဖြစ်ဘူးမဟုတ်လား”
“ဒါဆိုဘာမှမပူနဲ့ ငါနဲ့သာလိုက်ခဲ့”
“ဖြစ်ပါ့မလားဗျာ”
“ဖြစ်ပါတယ်ကွာ၊ မင်းတစ်ယောက်လောက်ကတော့ ငါတို့တင်ကျွေးနိုင်ပါတယ်၊ တို့အိမ်မှာ တောက်တိုမယ်ရအလုပ်သမားလိုတာနဲ့အတော်ပဲကွာ၊ မင်းက ငါတို့ကိုနည်းနည်းပါးပါးကူပေါ့ကွ”
“တကယ်ဆိုရင်တော့ ကျေးဇူးပါပဲ ဦးဖိုးထူးရာ”
“တကယ်ပါဆိုနေမှ မင်းကတော့ကွာ”
ဒါနဲ့မနက်ဖြန်မနက်ရောက်တော့ ဦးဖိုးထူးမိန်းမရောက်လာတယ်ဗျ၊ ရဲတွေနဲ့စကားခဏပြောပြီးတော့ ရဲတွေက ဦးဖိုးထူးကိုလွှတ်ပေးလိုက်တာပါပဲဗျာ၊ ဦးဖိုးထူးက သူ့မိန်းမနဲ့တီးတိုးပြောနေရင်း မကြာပါဘူးကျုပ်ကိုလည်း လာပြီးလွှတ်ပေးတယ်။
“မင်းနာမည်ဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည်ခင်မောင်ပါ”
“ငါ့နာမည်ကတော့ မရွှေတောင်လို့ခေါ်တယ်၊ မင်းငါတို့အိမ်ကိုလိုက်မယ်ဆိုရင် ငါတို့အိမ်စည်းကမ်းကိုတော့ လိုက်နာရမယ်နော်”
“စိတ်ချပါဗျာ”
သူတို့က တော်တော်ချမ်းသာတာပဲဗျ၊ ဆလွန်းကားကလေးမောင်းပြီးတော့ ကျုပ်ကိုခေါ်သွားတယ်ဗျာ၊ သူတို့နေတဲ့ခြံက အကျယ်ကြီးဗျ၊ အိမ်ကြီးကလည်းတော်တော်ကောင်းတယ်ဗျာ၊ ထူးဆန်းတာက သူတို့အိမ်မှာ သူတို့ကလွဲလို့ လူတစ်ယောက်မှအပိုမရှိတာပဲ။
အိမ်ကြီးထဲဝင်လိုက်တော့ မရွှေတောင်က
“ဒီအိမ်မှာ စည်းကမ်းသုံးချက်ပဲရှိတယ်၊ တစ်အချက်က ငါတို့စကားကိုမင်းနားထောင်ရမယ်၊ နှစ်အချက် ဘာကိစ္စကိုမှ မင်းဝင်မပါရဘူး၊ သုံးအချက် အမေးအမြန်းမထူရဘူး၊ မသိရင် မသိသလိုပဲနေပါ”
ကျုုပ်လည်းခေါင်းညိတ်လိုက်မိတယ်၊ ကျုပ်ကိုရောက်တာနဲ့ အိပ်ခန်းတစ်ခုပေးတာပဲဗျာ၊ ကုတင်ဆိုတာလည်း ကျွန်းကုတင်အကြီးကြီးဗျ၊ အိပ်ရာခင်းတွေ၊ မွေ့ရာတွေဆိုတာကလည်း နိုင်ငံခြားဖြစ် မှောင်ခိုပစ္စည်းတွေချည်းပဲဗျာ၊ သူတို့က ကျုပ်ကိုအဝတ်အစားတွေလည်းဆင်ပေးသေးတယ်၊ အကြွေးအမွေးကတော့ ပြောမနေပါနဲ့ဗျာ၊ ဦးဖိုးထူးဆိုတဲ့လူကြီးက အစားသိပ်မက်တဲ့လူကြီးဗျ၊ အချိန်ပြည့်ဆိုသလို တစ်ခုမဟုတ်တစ်ခုတော့ စားသောက်နေတာ၊ သူ့မိန်းမ မရွှေတောင်ကတော့ သူနဲ့ပြောင်းပြန်ဗျ၊ ဘာကိုမှမစားဘူး၊ စားတာသောက်တာလည်း တစ်ခါမှမတွေ့ဖူးဘူးဗျာ။
ကျုပ်မနက်အိပ်ရာနိုးတော့ ခြံထဲတံမြက်စည်းလှဲမယ်ဆိုပြီးတော့ ဆင်းလာခဲ့တယ်၊ ခြံထဲမှာ သရက်ပင်၊ မရန်းပင်၊ ပိန္နဲပင်ကြီးတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းကြီးပါဗျာ၊ ဝါးရုံပင်တွေလည်းရှိသေးတယ်၊ ဒါပေမယ့် ထူးဆန်းတာတစ်ခုက သူတို့ခြံအကျယ်ကြီးထဲမှာ အမှိုက်တစ်စ၊ သစ်ရွက်ခြောက်တစ်ရွက်တောင်ရှိမနေဘဲ ပြောင်သလင်းခါနေတာထူးဆန်းတယ်ဗျာ၊ ကျုပ်အထင်တစ်ယောက်ယောက်က မနက်ခင်းသန့်ရှင်းရေးလုပ်သွားတယ်ထင်တာ၊ ဒါနဲ့ အိမ်ထဲမှာ ဖုန်သုတ်ပေးမယ်ဆိုပြီးတက်လာတော့လည်း အိမ်ထဲမှာသန့်ရှင်းပြောင်လက်နေပြီးတော့ ဖုန်တစ်မှုန်တောင်မရှိတာပါပဲဗျာ၊ ဦးဖိုးထူးစားပြီးပစ်ထားခဲ့တဲ့ စားပွဲကြီးကလည်း ပြောင်လက်နေပြီးတော့ ပန်းကန်တွေအားလုံးလည်း ဆေးပြီးသားကြီးဖြစ်နေသဗျ။
ကျုပ်ဆိုရင် ဘာအလုပ်မှကိုမရှိဘူးဗျာ၊ အဲ . . . တစ်ခုရှိတာကတော့ခြံတံခါးသွားသွားဖွင့်ပေးရတာပဲဗျ၊ ညနေလောက်ဆိုရင် အိမ်ကြီးဆီကို လူတွေရောက်လာကြတယ်၊ ပြီးတော့ ဦးဖိုးထူးနဲ့တွေ့ပြီး ငွေတွေပေးကြတယ်ဗျ၊ ဦးဖိုးထူးကပြောတာတော့ သူများတွေလုပ်ကိုင်စားဖို့ အရင်းအနှီးချပေးထားလို့ သူတို့လာပြန်ပေးတယ်လို့ပြောတာပဲဗျာ၊ ဟုတ်ချင်လည်းဟုတ်မှာပေါ့၊ ဦးဖိုးထူးတို့က ပိုက်ဆံရှိတယ်ဆိုတော့ အကြွေးတွေဘာတွေချထားမှာပေါ့ဗျာ။
ညဘက်ထမင်းဝိုင်းဆိုရင် ကျုပ်ရယ်ဦးဖိုးထူးရယ်ပဲ စားတာများတယ်ဗျ၊ မရွှေတောင်ကတော့ ဘေးကနေထိုင်ကြည့်နေတတ်တယ်၊ တစ်လုပ်မှဝင်မစားဘူးဗျာ၊ ရေဆိုရင်လည်း တစ်ခွက်မှမသောက်ဘူး၊ ကျုပ်လည်းမနေနိုင်တာနဲ့ မရွှေတောင်ကိုမေးကြည့်မိတယ်။
“မမလေးက ထမင်းစားတာ ရေသောက်တာလည်း မတွေ့ဘူးနော်”
ကျုပ်မေးတော့ မရွှေတောင်က မျက်ထောင့်နီကြီးနဲ့ကျုပ်ကိုစိုက်ကြည့်ရင်း
“မင်းကိုဘာပြောထားသလဲအလတ်ကောင်၊ ဒီအိမ်မှာနေရင် ကိုယ်နဲ့မဆိုင်တာကို မစပ်စုနဲ့လို့ပြောထားတယ်မဟုတ်လား”
ဘာမဟုတ်တာလေးနဲ့ သူကငေါက်တော့ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ဦးဖိုးထူးက မျက်စိမျက်နှာပျက်နေတယ်ဗျ၊ ဒီတော့မှ မရွှေတောင်က ဒေါသကိုလျှော့လိုက်ပြီး
“ဘာမှမဟုတ်ပါဘူး၊ ငါကအလုပ်ထဲမှာ စားလာလို့ပါ”
ကျုပ်လည်းယုံတာပေါ့ဗျာ၊ မရွှေတောင်က မနက်မိုးလင်းတာနဲ့အိမ်ကနေထွက်ထွက်သွားတယ်ဗျ၊ မိုးကြီးချုပ်မှ ကားတစ်စီးနဲ့အိမ်ကိုပြန်လာတတ်တာ၊ ဦးဖိုးထူးကတော့ ဘာမှကိုမလုပ်ဘူး၊ အပြင်ထွက်တယ်ဆိုရင်လည်း သောက်စားပျော်ပါးနေတာချည်းပဲဗျ၊ ကျုပ်အထင်တော့ ဒီအိမ်ရဲ့စီးပွားရေးကို မရွှေတောင်တို့က အုပ်စိုးထားတယ်ထင်တာပါပဲဗျာ။
ဒီအိမ်မှာ ကျုပ်ကောင်းကောင်းနေရတယ်၊ ကောင်းကောင်းစားရတယ်ဗျာ၊ တစ်ခါတစ်ခါ ဦးဖိုးထူးဖဲရိုက်တဲ့အနောက်လိုက်သွားရင် ဦးဖိုးထူးက ကျုပ်ကို မုန့်ဖိုးတွေတောင်ပေးသဗျ၊ ဖဲရိုက်ရင်လည်း ဦးဖိုးထူးပဲ အမြဲနိုင်တာများပါတယ်ဗျာ၊ ရွှေတိုရွှေစလေးတွေတောင်မှ စုမိလာတယ်ဗျ၊ ဦးဖိုးထူးကြည့်ရတာ သိပ်စိတ်မှန်ပုံမရဘူးဗျာ၊ တစ်ခါတစ်ခါဆို ထထဖောက်တတ်သေးတာ၊ ဒါကြောင့်လည်း မရွှေတောင်က သူ့ကိုအိမ်မှာထားတာဖြစ်မှာဗျ။
ဦးဖိုးထူးက သူဘယ်မှမသွားတဲ့ရက်ဆိုရင် အိမ်မှာအရက်သောက်တယ်၊ ဒီအခါ ကျုပ်ကိုဟိုမေးဒီမေး မေးတယ်ဗျ၊ ကျုပ်လည်း စကားပြောဖော်လိုနေတာနဲ့အတော်ပဲပေါ့ဗျာ၊ ဦးဘသာကြီးအကြောင်းတွေပြောပြတဲ့အခါ ဦးဖိုးထူးက သိပ်ကြိုက်သဗျ၊ ဒါနဲ့ ကျုပ်တို့ရွာနားကအဖြစ်အပျက်တွေ၊ ပြီးတော့ ယောဒေသကိုသွားပြီး ဦးအောင်ရှိန်တို့နဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်တွေကို ပြောပြတာပေါ့။
(၄)
တစ်ရက်နှစ်ရက်နေတော့ မရွှေတောင်က ခရီးထွက်ကြမယ်လို့ပြောလာသဗျ၊ အစက ကျုပ်ကိုအိမ်စောင့်ထားခဲ့မယ်ထင်တာ၊ နောက်မှကျုပ်ကိုပါခေါ်သွားမှာတဲ့ဗျာ၊ ခေါ်သွားမယ့်နေရာကလည်း ပုဂံတဲ့ဗျ၊ ကျုပ်ဖြင့်သိပ်ပျော်တာပေါ့ဗျာ။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့ စာချိုးတောင်ရှိတယ်မဟုတ်လား၊ ကျုပ်မရောက်ဖူးတဲ့နေရာကိုရောက်ရမယ်ဆိုတော့ စိတ်ထဲပျော်နေမိတယ်၊ ဒီလိုနဲ့နောက်တစ်နေ့ပဲ ကောက်ကာငင်ကာ ခရီးထွက်ခဲ့ကြပါရောဗျာ၊ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ ပျော်စရာပေါ့၊ မရွှေတောင်က ကားမောင်းတယ်၊ ဦးဖိုးထူးကတော့ အနောက်ခန်းမှာ အိပ်ပြီးတစ်လမ်းလုံးလိုက်လာတယ်ဗျ။
ပုဂံရောက်ပေမယ့် သူတို့က ဘုရားတစ်ဆူမှ မသွားဘူးဗျာ၊ ဟိုတယ်မှာပဲ တည်းကြတယ်၊ ပုဂံရောက်ပြီးတော့မှ ဘုရားမဖူးလို့ ကျုပ်တောင် တော်တော်ထူးဆန်းနေသေးတာ၊ နောက်တစ်နေ့ညမှာပဲ မရွှေတောင်က ကျုပ်နဲ့ဦးဖိုးထူးနဲ့ကို ဟိုတယ်အခန်းထဲကိုခေါ်လိုက်တယ်ဗျ၊ ကျုပ်ကိုလည်းအရေးကြီးတာခိုင်းမလို့ဆိုပဲဗျာ၊ အခန်းထဲရောက်တော့ မရွှေတောင်က ကြေးပြားကလေးတစ်ခုကိုထိုးပေးတယ်ဗျ။
“အလတ်ကောင်၊ နင်မကြောက်တတ်ဘူးမဟုတ်လား”
“ကျုပ်မကြောက်တတ်ပါဘူး”
“ပြီးတော့ ထူးဆန်းတာတွေကို အမြဲသိချင်နေတယ်မဟုတ်လား”
ကျုပ်ခေါင်းညိတ်လိုက်တော့တယ်၊ မရွှေတောင်က တစ်ချက်ပြုံးပြီး
“မင်းကိုငါခိုင်းစရာရှိတယ်၊ ဒီကြေးစည်ကလေးကို ကိုင်ပြီး နောင်ဝေေ၀လို့အော်လိုက်တာနဲ့ မင်းက နေရာတစ်ခုကိုရောက်သွားလိမ့်မယ်”
“ဘယ်လိုနေရာလဲဗျာ”
“အသေးစိတ်တော့ ငါတို့မသိဘူး၊ ဂူတစ်ခုဖြစ်ချင်ဖြစ်မယ်၊ အဲဒီဂူထဲမှာ ကျောက်ဖြစ်နေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီကျောက်ဖြစ်နေတဲ့လူနဲ့တွေ့တဲ့အခါ ဟောဒီကြာပန်းကုံးကလေးကို သူ့လည်ပင်းမှာချိတ်ဆွဲပေးလိုက်ပါ”
မရွှေတောင်က ကြာဆစ်ကြိုးကလေးပေးတယ်ဗျ၊ ကြာပန်းပွင့်ကလေးပါပြီးတော့ ကြာနွယ်ဆစ်ကလေးတွေကို လက်နဲ့ဆစ်ပြီးလုပ်ထားတဲ့ ပန်းကုံးကလေးပေါ့ဗျာ။
“ဒါပြီးရင် ဘာဖြစ်မှာလဲ”
“ဘာမှမဖြစ်ဘူး၊ အဲဒီကြေးစည်ကလေးကိုကိုင်ပြီး နောင်ဝေေ၀လို့ပြန်အော်လိုက်ရင် ဒီကိုပြန်ရောက်လာလိမ့်မယ်”
ကျုပ်ဖြင့်ယုံတစ်ဝက် မယုံတစ်ဝက်ပဲဗျာ၊ ဒါပေမယ့် မရွှေတောင်ခိုင်းတာဆိုတော့လည်း လုပ်ရတော့တာပေါ့၊ ကြေးစည်အဝိုင်းကလေးကိုကိုင်ပြီး နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ဘဲ ကျုပ်မတ်တပ်ရပ်နေတဲ့ကြမ်းပြင်ကြီးက အောက်ကိုပေါက်ကျသွားသလိုခံစားရပြီး ကျုပ်လည်း တဝှီးဝှီးနဲ့ပြုတ်ကျတော့တာပေါ့ဗျာ။
တစ်နေရာရောက်သွားတော့မှ ရပ်သွားသဗျာ၊ ကျုပ်ရောက်နေတဲ့နေရာက မှောင်မိုက်နေတဲ့လျှောက်လမ်းတစ်ခုဗျ၊ ကျုပ်ခေါင်းတွေ အုံတက်လာပြီးတော့ ကျုပ်အန်ပါအန်ချလိုက်မိတယ်ဗျာ၊ လျှောက်လမ်းတစ်ဖက်ဆုံးမှာ အလင်းရောင်လဲ့လဲ့ကလေးတွေ့တာနဲ့ ကျုပ်လည်း လျှောက်လမ်းအတိုင်းလိုက်လာခဲ့မိတယ်။
အထဲမှာတော့ ခန်းမကြီးတစ်ခုဗျာ၊ ခန်းမထိပ်နားမှာတော့မီးလုံးကြီးတစ်လုံးကလင်းနေတယ်၊ ခန်းမအလယ်မှာတော့ ကျောက်ဆင်းတုတစ်ခုရှိတယ်ဗျ၊ ကျုပ်လည်းလျှောက်ကြည့်နေရင်း ထိုင်နေတဲ့လူတွေကိုတွေ့လိုက်ရသဗျာ၊ ကျုပ်ဖြင့်လန့်သွားတာပဲဗျ၊ လူတွေက တန်းစီပြီးတော့ထိုင်နေကြတာ၊ ကျုပ်လိုက်ခေါ်ပေမယ့် ဘယ်သူမှမလှုပ်ရှားကြဘူး၊ ဒီလူတွေက လူသေကြီးတွေများလားပဲဗျာ၊ ကျုပ်ကြောက်ပြီး ထွက်သွားမယ်အလုပ်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်နဲ့တိုက်မိသဗျ၊ ကျောက်ရုပ်ကြီးက ဒူးထောက်ထိုင်လျှက်သားနဲ့ လက်ကိုမိုးပေါ်မြှောက်ထားတဲ့ပုံစံပဲဗျ၊
“အင်း၊ ဒီခန်းမကြီးထဲမှာ ကျောက်ရုပ်က ဒီတစ်ခုထဲရှိတာဆိုတော့ မရွှေတောင်ပြောတာ ဒီကျောက်ရုပ်ပဲဖြစ်ရမယ်”
ကျုပ်လည်း အိတ်ထဲပါလာတဲ့ ကြာပန်းကုံးကလေးကို ထုတ်ပြီးတော့ ဒီကျောက်ရုပ်ရဲ့လည်ပင်းမှာချိတ်ပေးလိုက်တယ်ဗျ၊ ဒီအချိန်ငလျင်လှုပ်သလိုလို တစ်ချက်တုန်ခါသွားတယ်၊ ဘာမှတော့ မထူးဘူးဗျာ၊ ကျုပ်လည်း တခြားဘက်တွေသွားကြည့်မယ်ဆိုပြီး လိုက်ကြည့်နေတုန်းမှာ ကြမ်းပြင်ကိုကျောက်တုံးတွေ တဖြုတ်ဖြုတ်ကျလာတဲ့ အသံတွေကြားရသဗျ၊ ဒါနဲ့လှည့်ကြည့်လိုက်တော့ ခုနက ကျောက်ရုပ်ကြီးက တဖြည်းဖြည်းနဲ့လူကြီးတစ်ယောက်ဖြစ်လာသဗျာ၊
ကျုပ်တော်တော်လန့်သွားတယ်၊ ထွက်ပြေးဖို့လုပ်ပေမယ့် ဒီလူကြီးက ကျုပ်ကိုလှမ်းဆွဲပြီးတော့ သူ့ဘက်ကိုလှည့်တယ်၊ ပြီးတော့ ကျုပ်ရင်ဘတ်ကိုလက်ဝါးနဲ့တစ်ချက်ရိုက်ထည့်လိုက်တဲ့အချိန်မှာပဲ ကျုပ်က လေပေါ်မြောသွားသလိုမျိုး ပေါ့ပေါ့ကြီးဖြစ်သွားပါတော့တယ်ဗျာ။
ကျုပ်ပြန်သတိရတော့ ဟိုတယ်ထဲပြန်ရောက်နေပြီဗျ၊ ကျုပ်ခေါင်းတွေဆိုရင် လေးလံနေတာပဲဗျာ၊ ကျုပ်ကုန်းထလိုက်တော့ ဦးဖိုးထူးက ကျုပ်အရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်ပြီးတော့ သခင်ကြီးလို့ခေါ်တယ်ဗျ။
“သခင်ကြီးမဟုတ်ပါဘူးဗျာ၊ ကျုပ်ပါဗျ ဦးဖိုးထူးရ”
ဒီလိုပြောလိုက်မှ ဦးဖိုးထူးက ရှက်ကိုးရှက်ကန်းနဲ့မတ်တပ်ထတယ်၊ ကျုပ်နိုးတော့ နေ့လည်ဘက်တောင်ဖြစ်နေပါပြီဗျာ၊ ဦးဖိုးထူးက ကျုပ်ကိုကားနဲ့ခေါ်သွားတယ်ဗျ၊ ကားစီးရင်း တော်တော်ကြာတော့ ဘုရားအမြင့်ကြီးတစ်ဆူစီရောက်တယ်။
“ဒါဘယ်နေရာလဲ ဦးဖိုးထူး”
“ရွှေဆံတော်ဘုရားလို့ခေါ်တယ်ကွ”
ကျုပ်လည်း ဘုရားကိုလက်အုပ်ချီလိုက်မိတယ်၊ ဒီအချိန်ဦးဖိုးထူးက ကျုပ်ကိုခေါ်သွားပြီးတော့
“ဘုရားနောက်မှဖူးပါ၊ ငါ့အနောက်လိုက်ခဲ့”
တစ်နေရာရောက်တော့ ဘုရားရင်ပြင်ပေါ်မှာ အုတ်ပုံတစ်ခုတွေ့လိုက်ရသဗျ၊ ဦးဖိုးထူးက ကျုပ်ကိုအဲဒီအုတ်ပုံကြီးဆီ လက်ညှိုးထိုးပြရင်း
“ဟောဒီအုတ်ပုံက ၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီးလှုပ်ခတ်တော့ မြေခသွားတဲ့ ရွှေဆံတော်ဘုရားထိပ်ပိုင်းပဲကွ”
“အဲဒါဘာလုပ်ရမှာလဲဗျာ”
“အဲဒီအုတ်ပုံထဲမှာ သံလျက်တစ်ခုရှိတယ်ကွ”
“ဟာဗျာ၊ သံလျက်ကိုဘယ်သူက ဒီထဲလာထားမှာလဲ”
ဦးဖိုးထူးက ခေါင်းခါပြီး
“ဒီသံလျက်က အရေးကြီးတဲ့သံလျက်ပဲကွ၊ ငါတို့ထင်တာက ဒီသံလျက်ကို ရွှေဆံတော်ဘုရားကြီးရဲ့ အထက်ဌာပနာတိုက်ထဲမှာ ထည့်ထားတယ်ထင်တာ၊ ဒါပေမယ့် မဟုတ်ဘူးကွ၊ တကယ်တော့ သံလျက်ကို ငှက်ပျောဖူးထဲမှာ ထည့်ခဲ့တာပဲ”
“အုတ်ဆိုတော့ ကျုပ်ဘာနဲ့တူးရမလဲ”
“ဘာနဲ့မှတူးစရာမလိုဘူး၊ အဲဒီအုတ်ပုံထဲကို လက်သာနှိုက်လိုက်စမ်းကွာ”
ကျုပ်လည်း ကြောင်အမ်းအမ်းနဲ့ လာခဲ့တယ်၊ အုတ်လုံးကြီးက အကြီးကြီးပဲဗျ၊ မယုံတာနဲ့ လက်တစ်ဖက်ကိုအုတ်ထဲထိုးထည့်လိုက်တော့ အုတ်သားတွေကိုလက်က ဖောက်ဝင်သွားသဗျာ၊ ကျုပ်ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ဘူး။ ဦးဖိုးထူးက ကျုပ်ကိုပြုံးကြည့်ရင်း
“အထဲမှာစမ်းရှာလိုက်စမ်းပါကွာ”
ကျုပ်လည်း လက်ကိုထည့်ပြီးစမ်းရှာတုန်း တစ်နေရာရောက်တော့ လက်ကစူးခနဲဖြစ်သွားသဗျ၊ အဲဒီအရာကိုသေချာစမ်းကြည့်တော့ အေးစက်စက်အထိအတွေ့တစ်ခုရတယ်၊ လက်နဲ့သေချာကိုင်ပြီး အပြင်ကိုဆွဲထုတ်လိုက်တော့မှ သံလျက်တစ်ခုဖြစ်နေပါရောဗျာ၊ သံလျက်ရဲ့အသွားကို ကိုင်လိုက်မိတဲ့ကျုပ်လက်က သွေးတွေထွက်နေပါရော၊ ဦးဖိုးထူးက ကျုပ်ကိုကြည့်ရင်း တော်တော်ပျော်နေတာဗျ။
“ဟား၊ ဟား အောင်ပြီ၊ အောင်ပြီ၊ ဒီတစ်ခါတော့ ငါတို့အောင်ပြီ”
“ဘာကိုအောင်တာလဲဗျ၊ အဆက်အစပ်မရှိ”
“ဟေဟေ့၊ ငထေရှင်လည်းရပြီ၊ ငထေရှင်ရဲ့သံလျက်လည်းရပြီ”
“နေပါအုံး ငထေရှင်ဆိုတာက ဘယ်သူလဲ”
ဦးဖိုးထူးက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့
“ငထေရှင်ဆိုတာ မင်းလေကွာ”
ကျုပ်လည်း တော်တော်ကိုထူးဆန်းသွားတာပေါ့ဗျာ။
ဦးဘသာတစ်ဖြစ်လဲမိန်းကလေးက ကျုပ်ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေရင်း
“နောက်တော့ဘာဆက်ဖြစ်သွားသလဲကွာ”
“ဘာဆက်ဖြစ်သလဲဆိုတော့ ကျုပ်တို့ပုဂံကနေပြန်ခဲ့တာပါပဲ၊ အဲဒီနောက်ပိုင်း ကျုပ်စိတ်တွေနေရာတစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ တစ်ခါတလေဆိုရင် ဘာကိုမှမသိတော့သလိုပဲဗျာ”
“အဲဒါ ငထေရှင်က မင်းကိုယ်ထဲဝင်နေတာကွ”
“ဗျာ၊ အဲဒီငထေရှင်ဆိုတာ ဘာလဲ”
“ဘာလဲဆိုတာတော့ ငါလည်းသေသေချာချာမသိဘူး၊ ဒါပေမယ့် ငါပြောနိုင်တာကတော့ ငထေရှင်က မကောင်းတဲ့လူပဲကွ၊ တို့အတိအကျသိချင်ရင် အောင်ရှိန်ဆီကိုသွားမှရမယ်”
“ဘယ်လိုဗျ၊ အောင်ရှိန်ဆီဆိုတော့ ဟိုးယောနယ်ကိုသွားရမှာလား”
“မဟုတ်ပါဘူးကွာ၊ အောင်ရှိန်နဲ့မိသက် အခုရန်ကုန်ရောက်နေသကွ”
“ဗျာ၊ တကယ်ပြောတာလား”
ကျုပ်ပျော်သွားတယ်ဗျ၊ ယောနယ်က ပြန်လာပြီးကတည်းက ဦးအောင်ရှိန်ကိုမတွေ့တာ ကြာပြီမဟုတ်လားဗျာ၊ ပြီးတော့ မိသက်လည်းပါတယ်ဆိုပဲဗျ။
“ငထေရှင်က မင်းကိုယ်ထဲကိုဝင်ပြီး မင်းကိုအသုံးချနေတာပဲ၊ ဒါနဲ့ မင်းရွာကိုပြန်ရောက်ဖြစ်သေးတယ်မဟုတ်လား”
“ဟုတ်တယ်ဦးဘသာ၊ ထူးဆန်းတာက ညညဆိုရင် ကျုပ်အိပ်ပျော်နေတုန်း ကိုယ်ကလေနဲ့လွင့်နေသလိုပဲဗျာ၊ ကျုပ်ရွာကိုသတိအရမ်းရတဲ့အချိန် ရွာကိုပြန်ရောက်သွားတယ်၊ မနေ့ကညကလည်း ကျုပ်ဒီနည်းနဲ့ ဦးဘသာဆီလာခဲ့တာ၊ ကျုပ်ကိုယ်ထဲမှာ လူကြီးတစ်ယောက်ဝင်နေတာတော့သိပါတယ်၊ သူက မနက်နဲ့ညနေအထိကျုပ်ကိုချုပ်ထားတယ်ဆိုတာလည်း ကျုပ်ခံစားမိတယ်”
“အဲဒါတွေနောက်မှာအသာထားစမ်းပါကွာ၊ ငါတို့အချိန်မနှောင်းခင် အောင်ရှိန်ဆီကိုသွားကြစို့ကွ၊ ဒီအတိုင်းဆိုရင် အောင်ရှိန်ဒုက္ခရောက်နိုင်တယ်”
“ဘယ်လိုဗျ၊ ဘာကြောင့်သူက ဒုက္ခရောက်မှာလဲ”
“ညံ့ပါ့အလတ်ကောင်ရာ၊ ငါပြောပြမယ်၊ ဘာလို့ငထေရှင်က ငါ့ကိုယ်ခန္ဓာကိုယ်လိုချင်တာလဲ”
“ဦးဘသာဆီက အစောင့်အရှောက်အစွမ်းကြောင့်ဆိုဗျ”
“ဒါလည်းတစ်ချက်ပေါ့၊ နောက်တစ်ချက်က အောင်ရှိန်ကို ချည်းကပ်ချင်လို့ပဲကွ၊ မင်းအခုပြောပုံအရ ဒီကိစ္စတွေက သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူးကွ၊ အောင်ရှိန်ရန်ကုန်ရောက်လာအောင်ရော၊ ငါဒီကိုရောက်လာအောင်ပါ သူတို့က သေသေချာချာအကွက်ချပြီးစီစဉ်ခဲ့တာ”
“ထားပါတော့၊ သူတို့ကဘာကိုလိုချင်တာလဲဗျ”
“အောင်ရှိန်ကိုသတ်ဖို့ပေါ့ကွာ၊ အခုငါ့ခန္ဒာကိုယ် ငထေရှင်က ရသွားပြီ၊ ဒါကို အောင်ရှိန်မသိသေးဘူး၊ ငါ့အထင် ငထေရှင်က အောင်ရှိန်ကို ငါ့ပုံစံနဲ့ချဉ်းကပ်ပြီးတော့ အသေကြံမယ့်ပုံပဲကွ၊ အောင်ရှိန်နဲ့ငါနဲ့က သိပ်ခင်ကြတဲ့သူငယ်ချင်းတွေဆိုတော့ အောင်ရှိန်က ငါ့ကိုပေါ့ပေါ့လျော့လျော့ဆက်ဆံမှာပဲ၊ ငထေရှင်ရဲ့အကြံကိုငါသိပြီ၊ အောင်ရှိန်ပြောဖူးတာ ငထေရှင်နဲ့ ဘုရားပျံတွေနဲ့က ခေတ်အဆက်ဆက်ရန်ငြိုးတွေရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် ကိစ္စတုံးအောင် ကြံစည်နေကြတယ်လို့ဆိုတယ်၊ ဒီအတိုင်းဆိုရင် ဒီပွဲမှာငထေရှင်နိုင်သွားလိမ့်မယ်၊ ငထေရှင်က အခုငါ့ပုံယောင်ဆောင်ပြီး အောင်ရှိန်ရဲ့နောက်ကျောကို ဓါးနဲ့ထိုးလိမ့်မယ်ကွ”
ဦးဘသာကပြောဆိုပြီး ထသွားတယ်ဗျ၊ ကျုပ်လည်းအနောက်က ထလိုက်လာခဲ့တယ်၊ ကျုပ်တို့နှစ်ယောက် ခြံကြီးရဲ့အဝကိုရောက်တယ်ဆိုရင်ပဲ လူတစ်စုက ကျုပ်တို့ကိုဝိုင်းလိုက်ကြတယ်၊ ခပ်၀၀မိန်းမကြီးက
“သမီး ဖိုးမူ၊ အမေတို့နဲ့ပြန်လိုက်ခဲ့ပါသမီးရယ်”
“ဟုတ်တယ်ညီမလေး၊ ညီမလေးဒီလူနဲ့ညားချင်လို့ သေဟန်ဆောင်တာမဟုတ်လား၊ အခု အကိုကြီးတို့ နောင်တရပါပြီညီမလေးရယ်၊ ညီမလေးချစ်တဲ့သူနဲ့ ညီမလေးကိုပေးစားပါ့မယ်”
ကျုပ်ရော မိန်းမတစ်ဖြစ်လဲ ဦးဘသာရော ပါးစပ်တွေဟောင်းလောင်းဖြစ်သွားကြပါရောဗျာ။
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီးဦးဘသာႏွင့္ ဣတၳိယဘသာ “(စ/ဆုံး)
————————————————————–
အတြဲ(၅) စာစဥ္(၆)
ယခုအပိုင္းမွစ၍ အလတ္ေကာင္ေနရာမွ တင္ဆက္ပါမည္။
(၁)
ဂ်ိန္းခနဲထစ္ခ်ဳန္းၿပီး ခ်ိန္းလိုက္တဲ့ မိုးၿခိမ္းသံႀကီးကိုၾကားလိုက္ရၿပီးတဲ့ေနာက္မွာ က်ဳပ္လန႔္ႏိုးလာခဲ့ပါတယ္၊ ရန္ကုန္မိုးေၾကာင့္ ေကာင္းကင္ႀကီးက မဲေမွာင္ညိဳ႕ေနပါေရာဗ်ာ၊ မိုးကမ႐ြာေသးေပမယ့္ မိုးၿခိမ္းသံေတြကေတာ့ ဆူညံေနပါတယ္၊ တစ္ခ်က္တစ္ခ်က္လွ်ပ္စီးလက္သြားတဲ့အခါ ပတ္ဝန္းက်င္တစ္ခြင္ ထိန္လင္းသြားပါေရာဗ်ာ၊ က်ဳပ္လဲက်ေနတဲ့ေနရာက အမႈိက္ပုံႀကီးတစ္ခုျဖစ္ေနတယ္ဗ်။ ဒီေတာ့မွ က်ဳပ္လည္း အလင္းလုံးႀကီးေျပာသြားတဲ့စကားေတြကို သတိရသြားေတာ့တယ္။
“တစ္ရက္အတြင္းေသသြားတဲ့လူကိုရွာရမယ္၊ ဟုတ္ၿပီ၊ ဟုတ္ၿပီ”
ဒါနဲ႔က်ဳပ္လည္း မိုးေရထဲေျပးလာခဲ့မိတာေပါ့ဗ်ာ၊ အခ်ိန္ကေတာ့ ညေနေစာင္းေလာက္ျဖစ္မယ္ထင္တယ္ဗ်၊ ဒါေပမယ့္ မိုးေမွာင္က်ေနတာဆိုေတာ့ ေတာ္ေတာ္ကိုေမွာင္မိုက္ေနတာေပါ့ဗ်ာ၊ ေျပးရင္းလႊားရင္းနဲ႔ ရပ္ကြက္တစ္ခုထဲေရာက္လာတယ္ဗ်ာ၊ ဆိုင္တစ္ဆိုင္ထဲကိုဝင္သြားၿပီးေတာ့
“လုပ္ပါဗ်ာ၊ ဒီရက္ကြက္ထဲမွာ ေလာေလာလတ္လတ္ေသထားတဲ့လူမ်ားရွိသလား”
ဆိုင္ထဲကလူေတြက က်ဳပ္ကိုတအံ့တၾသနဲ႔ၾကည့္ေနၾကတယ္ဗ်၊ ေသထားတဲ့လူကို လိုက္ရွာတယ္ဆိုေတာ့ သူတို႔အတြက္ထူးေတာ့ထူးေနမွာပဲေလဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ဆိုင္ထဲကေနျပန္ေျပးထြက္လာခဲ့လိုက္တယ္၊ ေနာက္ရပ္ကြက္တစ္ခုကိုျဖတ္လိုက္တဲ့အခါ ရပ္ကြက္လမ္းထိပ္ေထာင့္မွာ လက္ဖက္ရည္ဆိုင္ကေလးတစ္ခုကိုေတြ႕လိုက္ရပါေရာဗ်ာ၊ လက္ဖက္ရည္ဆိုင္ထဲကိုဝင္လိုက္ၿပီး စားပြဲထိုးကေလးကို လက္ေျပးဆြဲလိုက္တယ္ဗ်။
“ငါ့ညီ၊ ဒီရပ္ကြက္ထဲမွာ ေလာေလာလတ္လတ္ေသထားတဲ့လူမ်ားရွိသလားညီ”
စားပြဲထိုးကေလးက တစ္ကိုယ္လုံးနံေစာ္ၿပီးေတာ့ ေခြၽးေတြသံေတြ႐ြဲေနတဲ့က်ဳပ္ကိုမ်က္လုံးျပဴးနဲ႔ၾကည့္ေနတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုတြန္းလႊတ္ၿပီး
“ခင္ဗ်ားဘာေတြလာေမးေနတာလဲဗ်ာ”
“ဒီနားမွာ ေသသြားတဲ့လူမ်ားမရွိဘူးလား”
“မသိဘူး၊ မရွိဘူး၊ ဘယ္လိုလူလဲမသိဘူး အူေၾကာင္ၾကားနဲ႔”
က်ဳပ္အနားကို စားပြဲထိုးေတြဝိုင္းလာတာနဲ႔ က်ဳပ္လည္းဆိုင္ထဲကေနေျပးထြက္လာခဲ့လိုက္ေတာ့တယ္၊ ခုနက ေကာင္ကင္တစ္ခြင္ တဂ်ိန္းဂ်ိန္းနဲ႔ထစ္ခ်ဳန္းသံေပးေနတဲ့မိုးက အခုမွ တေဝါေဝါနဲ႔႐ြာခ်ေတာ့တာပဲဗ်ာ၊ ရန္ကုန္မိုးက အညိဳးႀကီးတယ္ဗ်၊ သဲသဲမဲမဲကို တေဝါေဝါနဲ႔႐ြာခ်ေနေတာ့တာ၊ မိုး႐ြာေနတယ္ဆိုေပမယ့္ က်ဳပ္လည္းမနားရေသးပါဘူးဗ်ာ၊ မိုးေရထဲဆက္ေျပးရင္း ရပ္ကြက္တစ္ခုၿပီးတစ္ခု ဆက္ရွာေနမိတယ္၊ တစ္ေနရာေရာက္ေတာ့ ဘုံဆိုင္ကေလးတစ္ခုေတြ႕တယ္ဗ်၊ က်ဳပ္လည္း ဘုံဆိုင္ထဲကိုေျပးဝင္လိုက္မိတယ္။
မိုး႐ြာေနတာဆိုေတာ့ ဘုံဆိုင္ထဲမွာ လူေတြအုံခဲေနတာပါပဲဗ်ာ၊ ထိုင္ခုံမရလို႔ မတ္တပ္ရပ္ေနတဲ့သူေတြေတာင္ရွိသဗ်၊ မိုးေအးေအးနဲ႔ အေႏြးဓါတ္လိုလို႔ လာျဖည့္ၾကတဲ့လူေတြျဖစ္မွာေပါ့ဗ်ာ၊ က်ဳပ္လည္း ဆိုင္ေကာင္တာအနားကိုတိုးကပ္သြားလိုက္ၿပီး
“ဆိုင္ရွင္၊ ဒီအနားမွာ ေလာေလာလတ္လတ္လူေသတာမ်ိဳးမရွိဘူးလား”
ဆိုင္ရွင္က က်ဳပ္ကိုေခါင္းခါျပတယ္။
“တကယ္မရွိဘူးလားဗ်ာ”
ႏွစ္ခြန္းေမးလိုက္ေတာ့ ဆိုင္ရွင္က စိတ္မရွည္ေတာ့ဘူးဗ်။
“ေဟ့ေကာင္၊ မင္းက ဘယ္သူေသလဲ ဘယ္ဝါေသလဲဆိုၿပီး လိုက္ေမးရေအာင္ ငါတို႔ဆိုင္ကို မသာအိမ္မ်ားထင္ေနသလားကြ”
ဒီအခါ ေဘးနားမွာရပ္ေနတဲ့လူႀကီးက က်ဳပ္ရင္ဘတ္ကိုတြန္းလႊတ္လိုက္တယ္၊ က်ဳပ္လည္း ဆိုင္ထဲက ေျမျပင္မွာလဲက်သြားပါေတာ့တယ္ဗ်ာ။
“ေဟ့ေကာင္ ျပႆနာမရွာနဲ႔ေနာ္၊ ဒီဆိုင္ထဲကလူေတြက မင္းထက္မိုက္တဲ့လူေတြခ်ည္းပဲကြ၊ ေသာက္ခ်င္ရင္အမူးေသာက္၊ ျပႆနာေတာ့မရွာနဲ႔”
“က်ဳပ္ျပႆနာရွာတာမဟုတ္ပါဘူးဗ်ာ၊ ဒီနားမွာ လူေသတဲ့အိမ္ရွိသလားလို႔ပါ”
အဲဒီလူႀကီးက ေဒါသထြက္သြားၿပီး
“ဒီေလာက္ေျပာေနတာေတာင္မင္းက အမွတ္မရွိပါလား၊ မင္းအသားနာခ်င္လို႔လားကြ”
ဆိုင္ထဲထိုင္ေနတဲ့လူေတြက ဝိုင္းၾကည့္ၿပီးေတာ့
“ဧကႏၲဒီေကာင္ေလးက ကိုဗိုက္ႀကီးရဲ႕လက္သီးကို ျမည္းၾကည့္ခ်င္လို႔နဲ႔တူပါတယ္ဗ်ာ”
“ဟုတ္တယ္၊ ကိုဗိုက္ႀကီးအေၾကာင္းသိသြားေအာင္၊ တစ္လုံးႏွစ္လုံးေလာက္ အျမည္းေကြၽးလိုက္စမ္းပါ”
ဆိုင္ထဲကလူေတြကလည္းေျမႇာက္ေပးတယ္ဗ်၊ ကိုဗိုက္ႀကီးဆိုတဲ့လူက နာမည္အတိုင္း လူေကာင္ထြားထြား ဗိုက္ပူပူ႐ႊဲ႐ႊဲႀကီးဗ်ာ၊ ဒီလူႀကီးက က်ဳပ္ဆီကိုေလွ်ာက္လာတယ္။ ေနာက္ေတာ့ က်ဳပ္လည္ဂုတ္ကိုလက္တစ္ဖက္နဲ႔လွမ္းဆြဲၿပီး
“မင္းကိုအျမည္းေကြၽးရေသးတာေပါ့ကြာ”
သူ႔လက္သီးႀကီးေျမႇာက္ၿပီး က်ဳပ္မ်က္ႏွာကိုတည္ထိုးဖို႔လုပ္တာဗ်၊ က်ဳပ္လည္း ဘာလုပ္ရမွန္းမသိေတာ့ဘူး၊ ဒီအခ်ိန္မွာ က်ဳပ္ညာလက္က သူ႔အလိုလိုလႈပ္ရွားလာၿပီးေတာ့ ကိုဗိုက္ႀကီးရဲ႕ ေပါင္ခြၾကားက ခ်က္ေကာင္းကို ထိုးထည့္လိုက္ေတာ့တာပဲဗ်ာ၊ က်ဳပ္ျဖင့္ ကိုယ့္ကိုယ္ကိုယ္ေတာင္ အံ့ၾသေနပါေရာ၊
“ေဟ့အလတ္ေကာင္၊ အဲဒါငါလုပ္တာကြ”
နားထဲမွာ ဦးဘသာအသံၾကားရတယ္။
“ဟင္၊ ဦးဘသာလုပ္လိုက္တာလား”
ကိုဗိုက္ႀကီးကေတာ့ ေပါင္ၾကားကိုလက္ႏွစ္ဖက္နဲ႔အုပ္ၿပီး ေျမျပင္မွာခုန္ဆြခုန္ဆြလုပ္ေနပါေရာဗ်ာ၊ က်ဳပ္လည္း ကုန္းထလိုက္ၿပီးေတာ့ လက္သီးကိုမိုးေပၚေျမႇာက္ရင္း
“ဟား၊ ဟား ဘယ္လိုလဲကြ ငါ့လက္သီးကေရာ ခ်ိဳရဲ႕လား”
ဒီစကားေတြက က်ဳပ္ေျပာေနတာလုံးဝမဟုတ္ပါဘူးဗ်ာ၊ က်ဳပ္ကိုယ္က်ဳပ္ထိန္းလို႔မရပုံေထာက္ရင္ ဦးဘသာက က်ဳပ္ကိုယ္ကိုဝင္သုံးေနတဲ့ပုံစံပဲဗ်၊ ကိုဗိုက္ႀကီးအထိုးခံရေတာ့ တစ္ဆိုင္လုံးကလူေတြ ဟာခနဲဟင္ခနဲျဖစ္သြားတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္က ကိုဗိုက္ႀကီးရဲ႕ႏွာႏုကိုလက္သီးတစ္လုံးပစ္သြင္းလိုက္ပါေရာဗ်ာ၊ ကိုဗိုက္ႀကီးခမ်ာလက္သီးခ်က္မွန္ၿပီးေတာ့ ေျမေပၚမွာလဲက်သြားတယ္၊ လဲက်သြားတဲ့ကိုဗိုက္ႀကီးရဲ႕ ေျခေထာက္တစ္ဖက္ကို က်ဳပ္က လက္တစ္ဖက္တည္းနဲ႔ဆြဲလိုက္ၿပီးေတာ့
“ကဲ၊ မင္းတို႔ဗိုက္ႀကီးကို ကမာၻ႔အျပင္ေရာက္ေအာင္ ပို႔ေပးမယ္ကြ”
ေျပာၿပီးတာနဲ႔ က်ဳပ္လည္း ကိုဗိုက္ႀကီးကိုလက္တစ္နဲ႔ကိုင္ၿပီး လွည့္ေတာ့တာပဲဗ်ာ၊ လူေကာင္ထြားထြားႀကီးကို က်ဳပ္လိုငဖ်ံကေလးက လက္တစ္ဖက္တည္းနဲ႔ေျခေထာက္ကိုင္ၿပီး ဆြဲလွည့္္ေနတာကိုေတြ႕တာ ဆိုင္ထဲကလူေတြ ေတာ္ေတာ္လန႔္သြားၾကတယ္ဗ်၊
“ဟာ၊ ဒီေကာင္ေလးက ဗိုက္ႀကီးကိုႏိုင္တယ္တဲ့ဟ”
“ေအးေလကြာ၊ လူနံပိန္၊ ကြၽဲခ်ိဳလိမ္ဆိုတာ ဒါမ်ိဳးကိုေျပာတာေနမွာကြ”
က်ဳပ္လည္း ဆယ့္ေလးငါးပတ္ေလာက္လွည့္ၿပီးေတာ့ အရွိန္ရတာနဲ႔ လက္ကိုလႊတ္ေပးလိုက္ပါေရာဗ်ာ၊ ဗိုက္ႀကီးက ဆိုင္ထဲလြင့္ပ်ံထြက္သြားၿပီးေတာ့ ဆိုင္နံရံနဲ႔တိုက္မိၿပီး ဆိုင္နံရံႀကီးပါ ပြင့္ထြက္သြားတယ္ဗ်ာ၊ ဆိုင္ထဲကလူေတြအားလုံးကလည္း က်ဳပ္ကိုျပဴးေၾကာင္ၾကည့္ေနၾကတယ္၊ ေနာက္ေတာ့ အားလုံး႐ုတ္႐ုတ္သဲသဲနဲ႔ဆိုင္ထဲက ေျပးထြက္သြားၾကပါေရာလား၊ ဆိုင္ထဲကလူေတြအကုန္ကုန္သြားေတာ့မွ ဟိုးေထာင့္မွာထိုင္ေနတဲ့လူတစ္ေယာက္က မတ္တပ္ထရပ္လိုက္တယ္၊ ဒီလူက ဘိလပ္ေျမအိတ္ခြံကို ေခါင္းေပၚေဆာင္းထားတယ္ဗ်၊ ထလာၿပီး ေကာင္တာခုံေပၚတင္ထားတဲ့ အရက္ျဖဴပုလင္း ေလးလုံးကိုယူလိုက္ၿပီးေတာ့ လက္နဲ႔ပိုက္ထည့္လိုက္တယ္၊ ေနာက္ေတာ့ က်ဳပ္ဘက္ကိုလွည့္ၾကည့္ရင္း
“မင္းကလူေသရွာေနတယ္ဆိုကြ၊ ဒါဆိုရင္ ငါမင္းကိုလမ္းျပေပးႏိုင္တယ္”
“ဗ်ာ၊ အဲဒီလူေသက ဘယ္တုန္းကေသတာလဲ”
“ခုမနက္ပိုင္းကမွေသတာ”
ဒီလူက ဆိုင္အျပင္ကိုထြက္သြားေတာ့ က်ဳပ္လည္း သူ႔အေနာက္ကလိုက္သြားမိတယ္ဗ်။ ဆိုင္နဲ႔ခပ္လွမ္းလွမ္းက ဗန္ဒါပင္ရိပ္ေအာက္မွာရပ္ထားတဲ့ ဆိုက္ကားကေလးေပၚကို ဒီလူက လႊားခနဲခုန္တက္သြားတယ္၊ ေနာက္ေတာ့ က်ဳပ္ကိုၾကည့္ရင္း “တက္” လို႔တစ္လုံးတည္းေျပာလိုက္တာနဲ႔ က်ဳပ္လည္းသူ႔ဆိုက္ကားေပၚခုန္တက္လိုက္တယ္ဆိုပါေတာ့ဗ်ာ၊ က်ဳပ္တက္ၿပီးတာနဲ႔ ဆိုက္ကားက အရွိန္နဲ႔ေမာင္းထြက္ခဲ့ပါေရာဗ်ာ။
(၂)
ဗြက္ထေနတဲ့လမ္းႀကီးအတိုင္း ဆိုက္ကားက နင္းလာခဲ့တယ္ဗ်၊ မိုးကလည္း သဲလိုက္တာေျပာမေနပါနဲ႔၊ က်ဳပ္တစ္ကိုယ္လုံး မိုးေတြ႐ႊဲစိုကုန္တယ္၊ လမ္းႀကီးအတိုင္းနင္းလာရင္း တျဖည္းျဖည္းနဲ႔လူေနအိမ္ေတြက်ဲသြားတယ္၊ ၿခံဝင္းအလြတ္ႀကီးေတြ ကြင္းႀကီးေတြကိုျဖတ္သန္းရတယ္ဗ်၊ ေနာက္ဆုံးေတာ့ အိမ္အစုကေလးတစ္ခုအနားကိုေရာက္လာခဲ့တယ္။ အိမ္ကေလးတစ္အိမ္ေရွ႕ေရာက္ေတာ့ ဆိုက္ကားက ထိုးရပ္သြားတယ္ဗ်၊ အိမ္ကေလးက တဲသာသာတစ္ထပ္အိမ္ကေလးပါဗ်ာ၊ ဒါေပမယ့္ အိမ္ကေလးအေရွ႕မွာေတာ့ လူေတြက တာေပၚလင္စေတြ၊ ဝါးလုံးႀကီးေတြနဲ႔ ကနားဖ်င္းတစ္ခုလုပ္ေနတယ္ဗ်၊ ဒါကိုၾကည့္လိုက္ရင္ ဒီအိမ္က မသာအိမ္ဆိုတာႀကိမ္းေသပါပဲ၊ က်ဳပ္လည္း ဆိုက္ကားသမားကိုေတာင္ ႏႈတ္မဆက္ေတာ့ဘဲ ဆိုက္ကားေပၚက ခုန္ဆင္းလိုက္တယ္၊ ၿပီးေတာ့ အိမ္ထဲကိုေျပးဝင္ခဲ့တာေပါ့ဗ်ာ။
အိမ္ေရွ႕ခန္းအလယ္မွာ မသာေလာင္းကိုခ်ထားတယ္ဗ်၊ ဖ်ာတစ္ခ်ပ္ေပၚမွာခ်ၿပီး အိပ္ေနသလိုလုပ္ထားတာေပါ့ဗ်ာ၊ အနားမွာလည္း သူ႔မိသားစုေတြထိုင္ေနၾကတယ္၊ မသာရွင္အေမျဖစ္ပုံရတဲ့ မိန္းမ၀၀ႀကီးက ရင္ထုၿပီး ငိုငိုေနတယ္ဗ်။
“ေအာင္မယ္ေလး အျဖစ္ဆိုးလွခ်ည္လား သမီးေလးရယ္”
က်ဳပ္လည္းအိမ္ေပၚကိုေျပးတက္လိုက္ေတာ့တယ္ဗ်ာ၊ က်ဳပ္ကိုျမင္ေတာ့ ငိုေနတဲ့အေဒၚႀကီးပါ အငိုရပ္သြားၿပီးေတာ့ တစ္အိမ္လုံးကလူေတြက ေၾကာင္ေတာင္ေတာင္နဲ႔ၾကည့္ေနသဗ်၊ က်ဳပ္ကေတာ့ ဘယ္သူ႔ကိုမွမၾကည့္ပါဘူးဗ်ာ၊ လူေသကိုပဲၾကည့္လိုက္တာပါ၊ လူေသက မိန္းကေလးဗ်၊ အသက္ဆယ့္ကိုးႏွစ္ဆယ္ေလာက္ပဲရွိမယ္ထင္တယ္၊ အသားကေလးက ဝင္းျဖဴေနၿပီးေတာ့ ပါးကေလးေတြကလည္း မို႔မို႔ကေလးဗ်ာ၊ ေသေနတယ္လို႔ေျပာရင္ ယုံၾကမွာမဟုတ္ဘူးဗ်၊ မသိရင္ အိပ္ေနသလိုပါပဲ။
က်ဳပ္လည္း စဥ္းစားမေနေတာ့ဘဲ လူေသေကာင္ႀကီးကိုခုန္အုပ္ထည့္လိုက္ေတာ့တယ္၊ ၿပီးေတာ့ လူေသေကာင္ရဲ႕မ်က္ႏွာကိုေသခ်ာစိုက္ၾကည့္လိုက္တယ္ဗ်ာ၊ ေခ်ာလိုက္တာ၊ လွလိုက္တာေျပာမေနပါနဲ႔၊ ႐ုပ္ကေတာ့ ကရင္လိုလို မြန္လိုလို တိုင္းရင္းသူ႐ုပ္ပါဗ်ာ၊
“အလတ္ေကာင္မလုပ္နဲ႔၊ ဒါႀကီးေတာ့မလုပ္ပါနဲ႔အလတ္ေကာင္ရာ”
က်ဳပ္ေခါင္းထဲက အသံၾကားရတယ္၊ က်ဳပ္လည္း ဘာမွေတြးမေနေတာ့ဘဲ လူေသေကာင္နဲ႔မ်က္ႏွာခ်င္းအပ္လိုက္ၿပီး လူေသရဲ႕ႏႈတ္ခမ္းကို က်ဳုပ္ရဲ႕ႏႈတ္ခမ္းနဲ႔အပ္လိုက္မိေတာ့တယ္၊ ႏႈတ္ခမ္းကေလးက ႏုအိေနတာပဲဗ်ာ၊ ခင္ဗ်ားတို႔ယုံမလားေတာ့မသိဘူး၊ ဒီအနမ္းက က်ဳပ္ဘဝမွာ ပထမဆုံးအနမ္းဗ်၊ သူမ်ားေတြေျပာၾကတာ ပထမဆုံးအနမ္းက ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုၿပီးေတာ့ ႐ိုၾကတယ္မဟုတ္လားဗ်ာ၊ က်ဳပ္ဘဝရဲ႕ပထမဆုံးအနမ္းကေတာ့ လူေသေကာင္ႀကီးနဲ႔နမ္းခဲ့ရတာဗ်၊ ဒါေပမယ့္ တန္ေတာ့တန္ပါတယ္ဗ်ာ၊ လူေသေကာင္ကလည္း ေခ်ာေခ်ာလွလွကေလးကိုဗ်။
က်ဳပ္နမ္းေနတုန္း လူေသေကာင္ႀကီးက မ်က္လုံးေတြျဖတ္ခနဲပြင့္လာတယ္ဗ်ာ၊ ၿပီးေတာ့ က်ဳပ္ရင္ဝကိုသူ႔လက္နဲ႔ တြန္းထည့္လိုက္ပါေရာ၊ အရွိန္ကအေတာ္မ်ားသားဗ်၊ က်ဳပ္ျဖင့္လြင့္သြားၿပီး ခပ္လွမ္းလွမ္းမွာသြားက်တယ္ဗ်ာ။ အိမ္သားေတြလည္း မ်က္လုံးႀကီးေတြျပဴးလို႔ဗ်၊ ဒီမိန္းကေလးက ေငါက္ခနဲေကာက္ထိုင္တယ္။ ၿပီးတာနဲ႔ သူ႔ေျခမေတြမွာခ်ည္ထားတဲ့ အပ္ခ်ည္ႀကိဳးေတြေထာင္းခနဲျပတ္ကုန္ၿပီးေတာ့ ကုန္းထလာၿပီး က်ဳပ္ဆီကိုေျပးလာပါေရာဗ်ာ၊ က်ဳပ္လက္ကိုဆြဲၿပီးေတာ့ အိမ္ေပၚကတန္းဆင္းေျပးပါေရာ။
“ဟဲ့ သမီး၊ သမီး ဖိုးမူ”
အေဒၚႀကီးက ေအာ္ေတာ့တယ္ဗ်ာ၊ က်ဳပ္နဲ႔ဒီမိန္းကေလးလဲ အိမ္ေအာက္ေရာက္ေရာ အိမ္ေပၚကေန အိမ္သားေတြက ေျပးဆင္းလာၾကတယ္၊ ဒါနဲ႔မိန္းကေလးက အိမ္ဘက္ကိုလွည့္လိုက္ၿပီးေတာ့ လက္ဝါးနဲ႔ကာျပလိုက္တယ္ဆိုရင္ပဲ အိမ္ေရွ႕မွာထိုးထားတဲ့ ကနားဖ်င္းက ဝါးလုံးေတြက တေျဖာင္းေျဖာင္းနဲ႔က်ိဳးက်ၿပီးေတာ့ တာေပၚလင္စေတြ၊ ဖ်င္စေတြက အိမ္အတက္အဆင္းအေပၚက်သြားပါေရာဗ်ာ၊ အိမ္ေပၚကဆင္းလာတဲ့လူေတြ ရႈပ္ေထြးေနၾကတဲ့အခ်ိန္မွာ က်ဳပ္တို႔ႏွစ္ေယာက္လည္း ဆက္ေျပးခဲ့ပါေရာ။
မိန္းကေလးက ေျပးတာျမန္လိုက္တာဗ်ာ၊ က်ဳပ္တို႔ခပ္လွမ္းလွမ္းေရာက္ေတာ့မွ ခုနက အိမ္ထဲကလူေတြထြက္လာၾကတယ္၊ က်ဳပ္တို႔ေကြ႕ပတ္ေျပးရင္း တစ္ေနရာေရာက္ေတာ့ ၿခံဝင္းႀကီးတစ္ခုထဲဝင္ေျပးလိုက္ၾကတယ္၊ ၿခံဝင္းႀကီးက လူေနပုံမရဘူးဗ်၊ ၿခံဝင္းထဲက ခ်ဳံေတြေအာက္နားမွာ ဝပ္ေနၾကတုန္း အသုဘအိမ္ကလူေတြက ၿခံေရွ႕ကေနအေျပးျဖတ္သြားၾကတယ္၊ အေတာ္ၾကာသြားေတာ့မွ မိန္းကေလးက ကုန္းထလာတယ္။ မိုးေတြကေတာ့ ႐ြာေနတုန္းပဲဗ်ာ၊ ၿခံဝင္းႀကီးအေနာက္နားမွာ အိမ္ပ်က္တစ္လုံးေတြ႕လိုက္ရတာနဲ႔ က်ဳပ္တို႔လည္း အိမ္ပ်က္ဆီကိုလာခဲ့လိုက္တယ္၊ အိမ္က အမိုးေတြအကာေတြက ေပါက္ၿပဲေနေပမယ့္ အိမ္ေထာင့္တစ္ေနရာမွာေတာ့ မိုးလုံေလလုံရွိတာနဲ႔ က်ဳပ္နဲ႔အဲဒီမိန္းကေလး အိမ္ေထာင့္နားကိုသြားၿပီး ထိုင္လိုက္မိၾကတယ္။
ဘာမေျပာညာမေျပာ မိန္းကေလးက ထၿပီးငိုပါေရာဗ်ာ၊ က်ဳပ္ျဖင့္ အခုထိေဝခြဲမရေသးဘူးဗ်၊ ဒီဟာက ဦးဘသာလား၊ ဒါမွမဟုတ္ေသသြားတဲ့မိန္းကေလးမ်ားလားဆိုၿပီးေတာ့ေပါ့ဗ်ာ။
“သြားပါၿပီ၊ သြားပါၿပီကြာ”
အသံကေတာ့ မိန္းကေလးအသံပဲဗ်၊ ဒါေပမယ့္ စကားေျပာတာကေတာ့ ေယာက္်ားတစ္ေယာက္သုံးႏႈန္းသလိုပဲ၊ ဒါနဲ႔က်ဳပ္လည္း မိန္းကေလးအနားကပ္ခဲ့ၿပီးေတာ့
“ဦး . . . ဦးဘသာလား”
မိန္းကေလးက က်ဳပ္ကိုစူးစူးစိုက္စိုက္ၾကည့္ရင္း
“မင္းကိုငါေျပာသားပဲအလတ္ေကာင္ရာ၊ ဒါႀကီးေတာ့မလုပ္ပါနဲ႔ဆိုကြာ”
ဒီေတာ့မွ ဦးဘသာမွန္းက်ဳပ္သိလိုက္ရတယ္ဗ်ာ၊ ဦးဘသာတစ္ေယာက္ မိန္းမကိုယ္လုံးထဲေရာက္သြားတာသိလိုက္တာနဲ႔ က်ဳပ္ျဖင့္ခြက္ထိုးခြက္လန္ရယ္မိေတာ့တာပဲဗ်ာ။
“ေဟ့ေကာင္၊ ဒါရယ္စရာမဟုတ္ဘူးကြ”
က်ဳပ္ျဖင့္ ရယ္ရင္းပက္လက္လန္က်သြားတယ္ဗ်၊ ဦးဘသာႀကီးကို လက္ညႇိဳးထိုးၿပီးရယ္လိုက္ရတာဆိုတာ အူေတာင္တက္ေတာ့မယ္ဗ်။
“ဟား၊ ဟား ျဖစ္ရမယ္ဦးဘသာရာ၊ ျဖစ္ရမယ္”
“မင္းကိုငါေျပာသားပဲကြ၊ ဒီကိုယ္လုံးကို မလုပ္ပါနဲ႔ဆို”
“ဟာဗ်ာ၊ လူေသက ရွာရတာလြယ္တင္ထင္လို႔လားဦးဘသာ၊ ဒီတစ္ေယာက္ေတာင္မွ မိုးထဲေလထဲ မနည္းခဲရာခဲဆစ္ရွာထားရတာေနာ္”
“ဒါေတာ့ဒါေပါ့ကြာ၊ ဒါေပမယ့္ အခုငါက မိန္းမကိုယ္ႀကီးနဲ႔ျဖစ္သြားၿပီေလကြာ”
ဦးဘသာကေျပာရင္း မ်က္ရည္ေတြက်လာတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာကိုၾကည့္ရင္း
“ဒါငိုစရာမဟုတ္ပါဘူးဦးဘသာရာ”
ဦးဘသာက မ်က္ရည္ေတြသုတ္ရင္း
“ငါငိုေနတာမဟုတ္ဘူးကြ၊ ငါစိတ္မေကာင္းျဖစ္ေနတာ၊ မ်က္ရည္က သူ႔အလိုလိုက်တာ”
ဒီေတာ့မွ က်ဳပ္လည္းသေဘာေပါက္တယ္၊ ဦးဘသာက မိန္းမကိုယ္ထဲေရာက္ေနတာဆိုေတာ့ မိန္းကေလးရဲ႕စိတ္ေနသေဘာထားေတြ၊ မိန္းကေလးရဲ႕သဘာဝေတြက က်န္ေနခဲ့တဲ့ပုံစံပဲဗ်။ ဒါေပမယ့္ မိန္းကေလးက ေခ်ာေတာ့အေတာ္ေခ်ာသား၊ အသားကေလးေတြဆိုရင္လည္း ဝင္းဝင္းကေလးရယ္ဗ်။
“ဒီေကာင္မေလးက ဦးဘသာမွန္းသိေနလို႔ေပါ့ဗ်ာ၊ ေခ်ာတာေတာ့ ေတာ္ေတာ္ေခ်ာတာဗ်၊ က်ဳပ္ျဖင့္ ဖက္ဖက္ၿပီးနမ္းပစ္လိုက္ခ်င္တာ”
က်ဳပ္အေရွ႕တိုးသြားေတာ့ ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး
“ေဟ့ေကာင္၊ အခ်င္းခ်င္းေတြကို မလုပ္ရဘူးေနာ္ကြ”
“မလုပ္ပါဘူးဗ်ာ၊ ဒါနဲ႔ ဦးဘသာ ဟိုေအာက္မွာေရာ ဟဲ . . ဟဲ”
က်ဳပ္က ခါးေအာက္ပိုင္းကိုလက္ညႇိဳးထိုးျပလိုက္ေတာ့ ဦးဘသာက တုန္တက္သြားၿပီးေတာ့
“ေဟ့ေကာင္၊ မေလးမစားမလုပ္နဲ႔ေနာ္၊ ဒီခႏၶာကိုယ္က ဒီမိန္းကေလးရဲ႕ခႏၶာကိုယ္ကြ၊ ဘာပဲျဖစ္ျဖစ္ ငါတို႔ေသၿပီးတဲ့လူကိုေတာ့ ေလးစားရမယ္”
“မဟုတ္ပါဘူးဗ်ာ၊ က်ဳပ္သိခ်င္တာတစ္ခုရွိတယ္ဦးဘသာ၊ ဒီအခ်ိန္မွာ ဦးဘသာနဲ႔က်ဳပ္နဲ႔ အတူတူေနၾကတယ္ဆိုရင္ ဦးဘသာဘယ္လိုမ်ားခံစားရမလဲဆိုတာပါ”
“ေခြးေကာင္၊ တိတ္စမ္း၊ မင္းအနားကပ္ရဲကပ္လာၾကည့္ေနာ္ ငါမင္းကိုလုပ္ထည့္လိုက္မွာကြ”
ဦးဘသာႀကီး စိတ္ဆိုးေနတဲ့ပုံကိုၾကည့္ရတာ သိပ္ရယ္စရာေကာင္းတာပဲဗ်ာ၊ က်ဳပ္လည္းရယ္ေနမိတယ္၊ ခဏၾကာေတာ့မွ မိန္းကေလးတစ္ျဖစ္လဲ ဦးဘသာက
“အဲဒါအသာထားစမ္းပါ၊ ဟိုလူႀကီးေျပာတဲ့အတိုင္းဆိုရင္ ငါက ခုနစ္ရက္အတြင္း ငါ့ကိုယ္ထဲကိုျပန္ဝင္ႏိုင္မွ ရမယ္မဟုတ္လားကြ”
“က်ဳပ္တို႔နည္းလမ္းရွာၾကတာေပါ့ဦးဘသာရာ”
“ဒါနဲ႔အလတ္ေကာင္၊ မင္း႐ြာကထြက္သြားၿပီးေတာ့ ဘာေတြျဖစ္ကုန္သလဲဆိုတာ ငါေသခ်ာသိခ်င္တယ္၊ ၿပီးေတာ့ မင္းေျပာတဲ့ သူေတာ္ေကာင္းလင္မယားဆိုတာကိုလည္း ငါေသေသခ်ာခ်ာသိခ်င္သကြာ”
“ေျပာျပမယ္ဦးဘသာ၊ ဦးဘသာသိခ်င္ရင္ ေျပာျပရေသးတာေပါ့ဗ်ာ”
အျပင္မွာ မိုးကလည္း နည္းနည္းစဲသြားၿပီဗ်၊ ခုနကေလာက္ မသဲေတာ့ေပမယ့္ ႐ြာေတာ့႐ြာေနဆဲပါပဲဗ်ာ။
“ဒီလိုဦးဘသာရ၊ က်ဳပ္ရန္ကုန္ေရာက္ေတာ့ လူလိမ္ခံရၿပီး အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ဦးဆိုနီအိမ္ကိုေရာက္သြားတာ ဦးဘသာ သိၿပီးပါၿပီေနာ္”
“ေအးေလ၊ မင္းထည့္လိုက္တဲ့စာထဲမွာ ပါတယ္မဟုတ္လား”
“ဒါဆို စာထဲမပါတဲ့အေၾကာင္းေတြစေျပာတာေပါ့ဗ်ာ”
(၃)
ရန္ကုန္ေရာက္ၿပီးမွ ဦးဆိုနီက ဘာမွမဟုတ္တဲ့လူဆိုတာကို သိလိုက္ရတယ္၊ သူတို႔လင္မယားက သူေဌးအိမ္ႀကီးတစ္အိမ္ရဲ႕အေနာက္ဘက္မွာ ႏွစ္ထပ္အိမ္ကေလးေဆာက္ၿပီး ကပ္ေနတာပါဗ်ာ၊ သူ႔မိန္းမကေတာ့ သူေဌးအိမ္မွာ ထမင္းခ်က္ဟင္းခ်က္လုပ္တယ္၊ ဦးဆိုနီကေတာ့ အဲဒီသူေဌးႀကီးကို ေငြေဖာ္ေပးရတယ္ဗ်၊ အဲဒိသူေဌးႀကီးက အစိုးရအရာရွိႀကီးတစ္ေယာက္တဲ့ဗ်ာ၊ ဒီအခ်ိန္ကလည္း ႏိုင္ငံျခားျဖစ္ပစၥည္းေတြကို ေမွာင္ခိုပစၥည္းေတြဆိုၿပီး တရားဝင္တင္သြင္းေရာင္းခ်ခြင့္ကိုပိတ္ပင္ထားတယ္မဟုတ္လားဗ်ာ၊ ဒါေပမယ့္ က်ဳပ္တို႔ေက်းလက္ေတာ႐ြာကလူေတြက ျပည္တြင္းျဖစ္ပစၥည္းေတြကိုပဲ သုံးႏိုင္စြဲႏိုင္ၾကေပမယ့္ ရန္ကုန္လိုၿမိဳ႕ႀကီးျပႀကီးက လူေတြက်ေတာ့ ႏိုင္ငံျခားျဖစ္ ပစၥည္းေကာင္းေတြကို သုံးခ်င္ၾကသဗ်၊ ဒီေတာ့ အဲဒီႏိုင္ငံျခားျဖစ္ပစၥည္းေတြကိုပဲ တရားမဝင္ကူးသန္းေရာင္းဝယ္ၾကတယ္၊ အဲဒီပစၥည္းေတြကိုေမွာင္ခိုလို႔ ေခၚၾကတာေပါ့ဗ်ာ။
ေမွာင္ခိုပစၥည္းထဲမွာ အစုံပါတယ္ဗ်၊ ကေလးကစားစရာကစလို႔ ကက္ဆက္၊ ေရဒီယို၊ အဝတ္အထည္ေတြ အစုံပဲေပါ့ဗ်ာ၊ အဲဒီေမွာင္ခိုပစၥည္းေတြကို ကမ္းနားလမ္းတို႔ ေလဟာျပင္ေဈးတို႔မွာ ေပၚေပၚတင္တင္ေရာင္းခ်ၾကပါေရာဗ်ာ၊ ဖမ္းတဲ့သူလည္းမရွိဘူးဗ်၊ ဘယ္ဖမ္းမလဲ အားလုံးက သူ႔လမ္းေၾကာင္းနဲ႔သူရွိတာကိုးဗ်၊ လူတစ္ေယာက္လက္ထဲမွာ ေမွာင္ခိုပစၥည္းေတြ႕ရင္သာ ဖမ္းခ်င္ဖမ္းမယ္၊ ဒီလိုမ်ိဳးဆိုင္နဲ႔ကႏၷားနဲ႔ ေပၚတင္ေရာင္းေနတာေတြက်ေတာ့ ဖမ္းခဲတယ္ဗ်။ ဆက္ရရင္ေတာ့ အဲဒီအရာရွိႀကီးတို႔လင္မယားက ယိုးဒယားက ေမွာင္ခိုပစၥည္းေတြကို ေအာက္လမ္းကေနသယ္လာၿပီးေတာ့ ဦးဆိုနီကိုဆိုင္ဖြင့္ေရာင္းခိုင္းတယ္ေပါ့ဗ်ာ၊ ရလာတဲ့အျမတ္ထဲကမွ ဦးဆိုနီကိုနည္းနည္းပါးပါးျပန္ေပးတာေပါ့၊ အျမတ္ကေတာ့ အျမတ္ၾကမ္းတယ္ဗ်၊ ဦးဆိုနီလည္း ဒီအလုပ္နဲ႔ဝင္ေငြေျဖာင့္ေနတယ္ဆိုပါေတာ့။
က်ဳပ္ေရာက္သြားေတာ့ က်ဳပ္လည္းသူတို႔ဆိုင္မွာကူေရာင္းေပးရတယ္ဆိုပါေတာ့၊ လစာေငြရယ္လို႔ေတာ့္ သတ္သတ္မွတ္မွတ္မရဘူးေပါ့ဗ်ာ၊ ဝိုင္းလုပ္ဝိုင္းစားေပါ့၊ အရာရွိႀကီးအိမ္က ခိုင္းတာေတြလည္း လုပ္ကိုင္ေပးရေသးတယ္ဗ်၊ လုပ္ရင္းကိုင္ရင္း ၾကာလာေတာ့ ရင္းႏွိးလာတယ္ေပါ့ဗ်ာ၊ တစ္ခုေျပာရအုံးမယ္ဗ်၊ အဲဒီအရာရွိႀကီးလင္မယားကလည္း ဂမၻီရဆန္တာေတြကို သိပ္သေဘာက်တာ၊ သူတို႔ကလည္း ေဗဒင္ဆရာေတြ၊ ေအာက္လမ္းဆရာေတြ လိုင္းေပါင္းစုံလိုက္ေနတာ မနည္းဘူးဗ်ာ၊ က်ဳပ္လည္းႀကဳံတုန္း ဦးဘသာႀကီးအေၾကာင္းကိုေဖာက္သည္ခ်မိပါေရာ၊ သူတို႔က ဦးဘသာႀကီးရဲ႕စြန႔္စားခန္းေတြအေၾကာင္းၾကားရေတာ့ သိပ္ႀကိဳက္ၾကတယ္ဗ်၊ ဦးဘသာကိုေတာင္ တစ္ခါေလာက္ေတြ႕ခ်င္တယ္ဆိုပဲဗ်ာ၊ ဦးဆိုနီတို႔ ၫႊန္းတာလည္းပါတာေပါ့ေလ၊ တစ္ရက္က်ေတာ့ ဦးဆိုနီတို႔လင္မယားက ညဘက္ႀကီးတိုင္ပင္ေနၾကတယ္ဗ်၊ သူတို႔ႏွစ္ထပ္အိမ္ကေလးမွာ က်ဳပ္ကအေပၚထပ္မွာေနရတယ္၊ သူတို႔လင္မယားက ေအာက္ထပ္အခန္းမွာအိပ္တယ္ေပါ့ဗ်ာ၊ အဲဒီညက က်ဳပ္လည္း တေရးႏိုးႀကီးဗိုက္နာလို႔ဆင္းလာေတာ့ သူတို႔လင္မယား တီးတိုးတီးတိုးေျပာေနတာကိုၾကားလိုက္ရတာပဲ။
“ျဖစ္ပါ့မလား ကိုနီရဲ႕၊ သူကရွင္တို႔အမ်ိဳးေနာ္”
“မျဖစ္လည္း ျဖစ္ေအာင္လုပ္ရမွာပဲကြာ၊ ဆရာႀကီးကိုယ္တိုင္က လုပ္ခိုင္းေနတာဆိုေတာ့ ငါတို႔ျငင္းလို႔မရဘူးကြ”
က်ဳပ္ကေတာ့ က်ဳပ္နဲ႔ဆိုင္မယ္လို႔ ဘယ္ထင္မွာလဲဗ်ာ၊ ဒါနဲ႔ေအးေအးေဆးေဆးပဲေနမိတာေပါ့၊ သုံးရက္ေလာက္က်ေတာ့ က်ဳုုပ္ေမွာင္ခိုဆိုင္ခင္းေနတုန္း ဦးဆိုနီက ဟိုနားဒီနားသြားမယ္ဆိုၿပီးထြက္သြားတယ္ဗ်ာ၊ ဒီအခ်ိန္မွာ ရဲေတြေရာက္လာၿပီးေတာ့ က်ဳပ္ကိုဖမ္းသြားၾကတာပဲဗ်၊ ဒါနဲ႔ က်ဳပ္ကိုေက်ာက္တံတားဆိုလား၊ လမ္းမေတာ္ဆိုလား ရဲစခန္းကိုေခၚသြားၿပီးေတာ့ ခ်ဳပ္ထားတာေပါ့ဗ်ာ၊ အခ်ဳပ္ထဲေရာက္ေတာ့ ဘယ္သူမွလည္းက်ဳပ္ကိုလာမၾကည့္ၾကဘူးဗ်၊ ညေရာက္ေတာ့ ဗိုက္ေတြဆာလာတယ္၊ ရင္ေတြလဲပူေလာင္ေနတယ္၊ ဒီအခ်ိန္ တျခားအခ်ဳပ္က်တဲ့လူေတြကို မိသားစုေတြက ထမင္းေတြလာေကြၽးၾကတာေပါ့ဗ်ာ၊ က်ဳပ္ေရွ႕ခပ္လွမ္းလွမ္းက လူႀကီးဆိုရင္ ထမင္းေတြဟင္းေတြအစုံပဲဗ်ာ၊ စားစရာေတြလည္းအစုံပဲဗ်၊ သူစားေနတာလည္း အားရပါးရႀကီးဗ်ာ၊ က်ဳပ္ျဖင့္ သူစားေနတာၾကည့္ၿပီး သြားရည္ေတာင္က်မိတယ္။
ဒီလူႀကီးက က်ဳပ္ကိုလွည့္ၾကည့္တယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္အနားလာၿပီးေတာ့ ထမင္းပန္းကန္ကိုထိုးေပးတယ္၊
“စားမွာသာစားစမ္းပါကြာ၊ မင္းဗိုက္ဆာေနတယ္မဟုတ္လား”
က်ဳပ္လည္း ဆာေနတာနဲ႔ ထမင္းေတြကို က်ဳံးစားမိတာေပါ့ဗ်ာ။ ထမင္းစားၿပီးေတာ့ သူနဲ႔က်ဳပ္နဲ႔ရင္းႏွီးသြားတယ္၊ က်ဳပ္ျဖစ္တဲ့အေၾကာင္းကိုေျပာျပလိုက္ေတာ့ သူကေတာ္ေတာ္သနားသြားတဲ့ပုံပါပဲ။
“ေအးကြာ၊ မင္းအျဖစ္ကလည္း ဓါးခုတ္ရာလက္ဝင္လွ်ိဳသလိုဆိုပါလားကြ၊ ဒါမင္းကို သူတို႔တမင္သက္သက္ေခ်ာက္တြန္းတာကြ၊ ဘာမွမပူနဲ႔ မင္းအျပင္ေရာက္ေအာင္ ငါလုပ္ေပးမယ္”
“ဗ်ာ၊ တကယ္ေျပာတာလား”
“တကယ္ေပါ့ကြာ၊ ငါ့နာမည္လည္းမွတ္ထားအုံး ငါ့နာမည္ဖိုးထူးတဲ့ကြ၊ ငါနဲ႔ေတြ႕လို႔ကေတာ့ အဟုတ္ထူးၿပီလို႔သာမွတ္ေတာ့ကြာ”
“က်ဳုပ္နာမည္က ခင္ေမာင္ပါ၊ ႐ြာကလူေတြကေတာ့ က်ဳပ္ကိုအလတ္ေကာင္လို႔ေခၚတယ္”
“ဟား၊ ဟား ေကာင္းတယ္ေကာင္းတယ္၊ မနက္ျဖန္ ငါ့မိန္းမလာလိမ့္မယ္ကြ၊ သူက အထက္လူႀကီးေတြနဲ႔လည္းပိုင္တယ္ဆိုေတာ့ ငါထြက္ရဖို႔မ်ားတယ္၊ ငါထြက္ရရင္ မင္းကိုပါတစ္ခါတည္း ထြက္လို႔ရေအာင္ဖန္ေပးမယ္၊ ဟုတ္ၿပီလား”
က်ဳပ္လည္းေပ်ာ္သြားတယ္ဗ်၊ ဒါေပမယ့္ က်ဳပ္ဘဝအေၾကာင္းကိုစဥ္းစားမိၿပီးမႈိင္က်သြားတယ္၊ ဒီလူႀကီးက က်ဳပ္ကိုရိပ္စားမိတဲ့ပုံပါပဲဗ်ာ။
“မင္းက အခ်ဳပ္ထဲကလြတ္မွာ မေပ်ာ္ဘူးလားကြ”
“ေပ်ာ္တာကေတာ့ ေပ်ာ္ပါတယ္၊ ဒါေပမယ့္ ဒီထဲကထြက္လည္း က်ဳပ္မွာသြားစရာမွမရွိတာ၊ ေငြဆိုတာလည္း တစ္ျပားမွမရွိ၊ ၿပီးေတာ့ ဦးဆိုနီတို႔ဆီျပန္သြားလို႔ကလည္းမျဖစ္ဘူးမဟုတ္လား”
“ဒါဆိုဘာမွမပူနဲ႔ ငါနဲ႔သာလိုက္ခဲ့”
“ျဖစ္ပါ့မလားဗ်ာ”
“ျဖစ္ပါတယ္ကြာ၊ မင္းတစ္ေယာက္ေလာက္ကေတာ့ ငါတို႔တင္ေကြၽးႏိုင္ပါတယ္၊ တို႔အိမ္မွာ ေတာက္တိုမယ္ရအလုပ္သမားလိုတာနဲ႔အေတာ္ပဲကြာ၊ မင္းက ငါတို႔ကိုနည္းနည္းပါးပါးကူေပါ့ကြ”
“တကယ္ဆိုရင္ေတာ့ ေက်းဇူးပါပဲ ဦးဖိုးထူးရာ”
“တကယ္ပါဆိုေနမွ မင္းကေတာ့ကြာ”
ဒါနဲ႔မနက္ျဖန္မနက္ေရာက္ေတာ့ ဦးဖိုးထူးမိန္းမေရာက္လာတယ္ဗ်၊ ရဲေတြနဲ႔စကားခဏေျပာၿပီးေတာ့ ရဲေတြက ဦးဖိုးထူးကိုလႊတ္ေပးလိုက္တာပါပဲဗ်ာ၊ ဦးဖိုးထူးက သူ႔မိန္းမနဲ႔တီးတိုးေျပာေနရင္း မၾကာပါဘူးက်ဳပ္ကိုလည္း လာၿပီးလႊတ္ေပးတယ္။
“မင္းနာမည္ဘယ္လိုေခၚသလဲ”
“က်ဳပ္နာမည္ခင္ေမာင္ပါ”
“ငါ့နာမည္ကေတာ့ မေ႐ႊေတာင္လို႔ေခၚတယ္၊ မင္းငါတို႔အိမ္ကိုလိုက္မယ္ဆိုရင္ ငါတို႔အိမ္စည္းကမ္းကိုေတာ့ လိုက္နာရမယ္ေနာ္”
“စိတ္ခ်ပါဗ်ာ”
သူတို႔က ေတာ္ေတာ္ခ်မ္းသာတာပဲဗ်၊ ဆလြန္းကားကေလးေမာင္းၿပီးေတာ့ က်ဳပ္ကိုေခၚသြားတယ္ဗ်ာ၊ သူတို႔ေနတဲ့ၿခံက အက်ယ္ႀကီးဗ်၊ အိမ္ႀကီးကလည္းေတာ္ေတာ္ေကာင္းတယ္ဗ်ာ၊ ထူးဆန္းတာက သူတို႔အိမ္မွာ သူတို႔ကလြဲလို႔ လူတစ္ေယာက္မွအပိုမရွိတာပဲ။
အိမ္ႀကီးထဲဝင္လိုက္ေတာ့ မေ႐ႊေတာင္က
“ဒီအိမ္မွာ စည္းကမ္းသုံးခ်က္ပဲရွိတယ္၊ တစ္အခ်က္က ငါတို႔စကားကိုမင္းနားေထာင္ရမယ္၊ ႏွစ္အခ်က္ ဘာကိစၥကိုမွ မင္းဝင္မပါရဘူး၊ သုံးအခ်က္ အေမးအျမန္းမထူရဘူး၊ မသိရင္ မသိသလိုပဲေနပါ”
က်ဳုပ္လည္းေခါင္းညိတ္လိုက္မိတယ္၊ က်ဳပ္ကိုေရာက္တာနဲ႔ အိပ္ခန္းတစ္ခုေပးတာပဲဗ်ာ၊ ကုတင္ဆိုတာလည္း ကြၽန္းကုတင္အႀကီးႀကီးဗ်၊ အိပ္ရာခင္းေတြ၊ ေမြ႕ရာေတြဆိုတာကလည္း ႏိုင္ငံျခားျဖစ္ ေမွာင္ခိုပစၥည္းေတြခ်ည္းပဲဗ်ာ၊ သူတို႔က က်ဳပ္ကိုအဝတ္အစားေတြလည္းဆင္ေပးေသးတယ္၊ အေႂကြးအေမြးကေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ ဦးဖိုးထူးဆိုတဲ့လူႀကီးက အစားသိပ္မက္တဲ့လူႀကီးဗ်၊ အခ်ိန္ျပည့္ဆိုသလို တစ္ခုမဟုတ္တစ္ခုေတာ့ စားေသာက္ေနတာ၊ သူ႔မိန္းမ မေ႐ႊေတာင္ကေတာ့ သူနဲ႔ေျပာင္းျပန္ဗ်၊ ဘာကိုမွမစားဘူး၊ စားတာေသာက္တာလည္း တစ္ခါမွမေတြ႕ဖူးဘူးဗ်ာ။
က်ဳပ္မနက္အိပ္ရာႏိုးေတာ့ ၿခံထဲတံျမက္စည္းလွဲမယ္ဆိုၿပီးေတာ့ ဆင္းလာခဲ့တယ္၊ ၿခံထဲမွာ သရက္ပင္၊ မရန္းပင္၊ ပိႏၷဲပင္ႀကီးေတြနဲ႔ အုပ္အုပ္ဆိုင္းဆိုင္းႀကီးပါဗ်ာ၊ ဝါး႐ုံပင္ေတြလည္းရွိေသးတယ္၊ ဒါေပမယ့္ ထူးဆန္းတာတစ္ခုက သူတို႔ၿခံအက်ယ္ႀကီးထဲမွာ အမႈိက္တစ္စ၊ သစ္႐ြက္ေျခာက္တစ္႐ြက္ေတာင္ရွိမေနဘဲ ေျပာင္သလင္းခါေနတာထူးဆန္းတယ္ဗ်ာ၊ က်ဳပ္အထင္တစ္ေယာက္ေယာက္က မနက္ခင္းသန႔္ရွင္းေရးလုပ္သြားတယ္ထင္တာ၊ ဒါနဲ႔ အိမ္ထဲမွာ ဖုန္သုတ္ေပးမယ္ဆိုၿပီးတက္လာေတာ့လည္း အိမ္ထဲမွာသန႔္ရွင္းေျပာင္လက္ေနၿပီးေတာ့ ဖုန္တစ္မႈန္ေတာင္မရွိတာပါပဲဗ်ာ၊ ဦးဖိုးထူးစားၿပီးပစ္ထားခဲ့တဲ့ စားပြဲႀကီးကလည္း ေျပာင္လက္ေနၿပီးေတာ့ ပန္းကန္ေတြအားလုံးလည္း ေဆးၿပီးသားႀကီးျဖစ္ေနသဗ်။
က်ဳပ္ဆိုရင္ ဘာအလုပ္မွကိုမရွိဘူးဗ်ာ၊ အဲ . . . တစ္ခုရွိတာကေတာ့ၿခံတံခါးသြားသြားဖြင့္ေပးရတာပဲဗ်၊ ညေနေလာက္ဆိုရင္ အိမ္ႀကီးဆီကို လူေတြေရာက္လာၾကတယ္၊ ၿပီးေတာ့ ဦးဖိုးထူးနဲ႔ေတြ႕ၿပီး ေငြေတြေပးၾကတယ္ဗ်၊ ဦးဖိုးထူးကေျပာတာေတာ့ သူမ်ားေတြလုပ္ကိုင္စားဖို႔ အရင္းအႏွီးခ်ေပးထားလို႔ သူတို႔လာျပန္ေပးတယ္လို႔ေျပာတာပဲဗ်ာ၊ ဟုတ္ခ်င္လည္းဟုတ္မွာေပါ့၊ ဦးဖိုးထူးတို႔က ပိုက္ဆံရွိတယ္ဆိုေတာ့ အေႂကြးေတြဘာေတြခ်ထားမွာေပါ့ဗ်ာ။
ညဘက္ထမင္းဝိုင္းဆိုရင္ က်ဳပ္ရယ္ဦးဖိုးထူးရယ္ပဲ စားတာမ်ားတယ္ဗ်၊ မေ႐ႊေတာင္ကေတာ့ ေဘးကေနထိုင္ၾကည့္ေနတတ္တယ္၊ တစ္လုပ္မွဝင္မစားဘူးဗ်ာ၊ ေရဆိုရင္လည္း တစ္ခြက္မွမေသာက္ဘူး၊ က်ဳပ္လည္းမေနႏိုင္တာနဲ႔ မေ႐ႊေတာင္ကိုေမးၾကည့္မိတယ္။
“မမေလးက ထမင္းစားတာ ေရေသာက္တာလည္း မေတြ႕ဘူးေနာ္”
က်ဳပ္ေမးေတာ့ မေ႐ႊေတာင္က မ်က္ေထာင့္နီႀကီးနဲ႔က်ဳပ္ကိုစိုက္ၾကည့္ရင္း
“မင္းကိုဘာေျပာထားသလဲအလတ္ေကာင္၊ ဒီအိမ္မွာေနရင္ ကိုယ္နဲ႔မဆိုင္တာကို မစပ္စုနဲ႔လို႔ေျပာထားတယ္မဟုတ္လား”
ဘာမဟုတ္တာေလးနဲ႔ သူကေငါက္ေတာ့က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်ာ၊ ဦးဖိုးထူးက မ်က္စိမ်က္ႏွာပ်က္ေနတယ္ဗ်၊ ဒီေတာ့မွ မေ႐ႊေတာင္က ေဒါသကိုေလွ်ာ့လိုက္ၿပီး
“ဘာမွမဟုတ္ပါဘူး၊ ငါကအလုပ္ထဲမွာ စားလာလို႔ပါ”
က်ဳပ္လည္းယုံတာေပါ့ဗ်ာ၊ မေ႐ႊေတာင္က မနက္မိုးလင္းတာနဲ႔အိမ္ကေနထြက္ထြက္သြားတယ္ဗ်၊ မိုးႀကီးခ်ဳပ္မွ ကားတစ္စီးနဲ႔အိမ္ကိုျပန္လာတတ္တာ၊ ဦးဖိုးထူးကေတာ့ ဘာမွကိုမလုပ္ဘူး၊ အျပင္ထြက္တယ္ဆိုရင္လည္း ေသာက္စားေပ်ာ္ပါးေနတာခ်ည္းပဲဗ်၊ က်ဳပ္အထင္ေတာ့ ဒီအိမ္ရဲ႕စီးပြားေရးကို မေ႐ႊေတာင္တို႔က အုပ္စိုးထားတယ္ထင္တာပါပဲဗ်ာ။
ဒီအိမ္မွာ က်ဳပ္ေကာင္းေကာင္းေနရတယ္၊ ေကာင္းေကာင္းစားရတယ္ဗ်ာ၊ တစ္ခါတစ္ခါ ဦးဖိုးထူးဖဲ႐ိုက္တဲ့အေနာက္လိုက္သြားရင္ ဦးဖိုးထူးက က်ဳပ္ကို မုန႔္ဖိုးေတြေတာင္ေပးသဗ်၊ ဖဲ႐ိုက္ရင္လည္း ဦးဖိုးထူးပဲ အၿမဲႏိုင္တာမ်ားပါတယ္ဗ်ာ၊ ေ႐ႊတိုေ႐ႊစေလးေတြေတာင္မွ စုမိလာတယ္ဗ်၊ ဦးဖိုးထူးၾကည့္ရတာ သိပ္စိတ္မွန္ပုံမရဘူးဗ်ာ၊ တစ္ခါတစ္ခါဆို ထထေဖာက္တတ္ေသးတာ၊ ဒါေၾကာင့္လည္း မေ႐ႊေတာင္က သူ႔ကိုအိမ္မွာထားတာျဖစ္မွာဗ်။
ဦးဖိုးထူးက သူဘယ္မွမသြားတဲ့ရက္ဆိုရင္ အိမ္မွာအရက္ေသာက္တယ္၊ ဒီအခါ က်ဳပ္ကိုဟိုေမးဒီေမး ေမးတယ္ဗ်၊ က်ဳပ္လည္း စကားေျပာေဖာ္လိုေနတာနဲ႔အေတာ္ပဲေပါ့ဗ်ာ၊ ဦးဘသာႀကီးအေၾကာင္းေတြေျပာျပတဲ့အခါ ဦးဖိုးထူးက သိပ္ႀကိဳက္သဗ်၊ ဒါနဲ႔ က်ဳပ္တို႔႐ြာနားကအျဖစ္အပ်က္ေတြ၊ ၿပီးေတာ့ ေယာေဒသကိုသြားၿပီး ဦးေအာင္ရွိန္တို႔နဲ႔ေတြ႕ခဲ့တဲ့အျဖစ္အပ်က္ေတြကို ေျပာျပတာေပါ့။
(၄)
တစ္ရက္ႏွစ္ရက္ေနေတာ့ မေ႐ႊေတာင္က ခရီးထြက္ၾကမယ္လို႔ေျပာလာသဗ်၊ အစက က်ဳပ္ကိုအိမ္ေစာင့္ထားခဲ့မယ္ထင္တာ၊ ေနာက္မွက်ဳပ္ကိုပါေခၚသြားမွာတဲ့ဗ်ာ၊ ေခၚသြားမယ့္ေနရာကလည္း ပုဂံတဲ့ဗ်၊ က်ဳပ္ျဖင့္သိပ္ေပ်ာ္တာေပါ့ဗ်ာ။ ျမန္မာမွန္ရင္ ပုဂံေရာက္ဖူးရမယ္ဆိုတဲ့ စာခ်ိဳးေတာင္ရွိတယ္မဟုတ္လား၊ က်ဳပ္မေရာက္ဖူးတဲ့ေနရာကိုေရာက္ရမယ္ဆိုေတာ့ စိတ္ထဲေပ်ာ္ေနမိတယ္၊ ဒီလိုနဲ႔ေနာက္တစ္ေန႔ပဲ ေကာက္ကာငင္ကာ ခရီးထြက္ခဲ့ၾကပါေရာဗ်ာ၊ ကိုယ့္ကားနဲ႔ကိုယ္ဆိုေတာ့ ေပ်ာ္စရာေပါ့၊ မေ႐ႊေတာင္က ကားေမာင္းတယ္၊ ဦးဖိုးထူးကေတာ့ အေနာက္ခန္းမွာ အိပ္ၿပီးတစ္လမ္းလုံးလိုက္လာတယ္ဗ်။
ပုဂံေရာက္ေပမယ့္ သူတို႔က ဘုရားတစ္ဆူမွ မသြားဘူးဗ်ာ၊ ဟိုတယ္မွာပဲ တည္းၾကတယ္၊ ပုဂံေရာက္ၿပီးေတာ့မွ ဘုရားမဖူးလို႔ က်ဳပ္ေတာင္ ေတာ္ေတာ္ထူးဆန္းေနေသးတာ၊ ေနာက္တစ္ေန႔ညမွာပဲ မေ႐ႊေတာင္က က်ဳပ္နဲ႔ဦးဖိုးထူးနဲ႔ကို ဟိုတယ္အခန္းထဲကိုေခၚလိုက္တယ္ဗ်၊ က်ဳပ္ကိုလည္းအေရးႀကီးတာခိုင္းမလို႔ဆိုပဲဗ်ာ၊ အခန္းထဲေရာက္ေတာ့ မေ႐ႊေတာင္က ေၾကးျပားကေလးတစ္ခုကိုထိုးေပးတယ္ဗ်။
“အလတ္ေကာင္၊ နင္မေၾကာက္တတ္ဘူးမဟုတ္လား”
“က်ဳပ္မေၾကာက္တတ္ပါဘူး”
“ၿပီးေတာ့ ထူးဆန္းတာေတြကို အၿမဲသိခ်င္ေနတယ္မဟုတ္လား”
က်ဳပ္ေခါင္းညိတ္လိုက္ေတာ့တယ္၊ မေ႐ႊေတာင္က တစ္ခ်က္ၿပဳံးၿပီး
“မင္းကိုငါခိုင္းစရာရွိတယ္၊ ဒီေၾကးစည္ကေလးကို ကိုင္ၿပီး ေနာင္ေဝေ၀လို႔ေအာ္လိုက္တာနဲ႔ မင္းက ေနရာတစ္ခုကိုေရာက္သြားလိမ့္မယ္”
“ဘယ္လိုေနရာလဲဗ်ာ”
“အေသးစိတ္ေတာ့ ငါတို႔မသိဘူး၊ ဂူတစ္ခုျဖစ္ခ်င္ျဖစ္မယ္၊ အဲဒီဂူထဲမွာ ေက်ာက္ျဖစ္ေနတဲ့လူတစ္ေယာက္ရွိတယ္။ အဲဒီေက်ာက္ျဖစ္ေနတဲ့လူနဲ႔ေတြ႕တဲ့အခါ ေဟာဒီၾကာပန္းကုံးကေလးကို သူ႔လည္ပင္းမွာခ်ိတ္ဆြဲေပးလိုက္ပါ”
မေ႐ႊေတာင္က ၾကာဆစ္ႀကိဳးကေလးေပးတယ္ဗ်၊ ၾကာပန္းပြင့္ကေလးပါၿပီးေတာ့ ၾကာႏြယ္ဆစ္ကေလးေတြကို လက္နဲ႔ဆစ္ၿပီးလုပ္ထားတဲ့ ပန္းကုံးကေလးေပါ့ဗ်ာ။
“ဒါၿပီးရင္ ဘာျဖစ္မွာလဲ”
“ဘာမွမျဖစ္ဘူး၊ အဲဒီေၾကးစည္ကေလးကိုကိုင္ၿပီး ေနာင္ေဝေ၀လို႔ျပန္ေအာ္လိုက္ရင္ ဒီကိုျပန္ေရာက္လာလိမ့္မယ္”
က်ဳပ္ျဖင့္ယုံတစ္ဝက္ မယုံတစ္ဝက္ပဲဗ်ာ၊ ဒါေပမယ့္ မေ႐ႊေတာင္ခိုင္းတာဆိုေတာ့လည္း လုပ္ရေတာ့တာေပါ့၊ ေၾကးစည္အဝိုင္းကေလးကိုကိုင္ၿပီး ေနာင္ေဝေ၀လို႔ေအာ္လိုက္တယ္ဆိုရင္ဘဲ က်ဳပ္မတ္တပ္ရပ္ေနတဲ့ၾကမ္းျပင္ႀကီးက ေအာက္ကိုေပါက္က်သြားသလိုခံစားရၿပီး က်ဳပ္လည္း တဝွီးဝွီးနဲ႔ျပဳတ္က်ေတာ့တာေပါ့ဗ်ာ။
တစ္ေနရာေရာက္သြားေတာ့မွ ရပ္သြားသဗ်ာ၊ က်ဳပ္ေရာက္ေနတဲ့ေနရာက ေမွာင္မိုက္ေနတဲ့ေလွ်ာက္လမ္းတစ္ခုဗ်၊ က်ဳပ္ေခါင္းေတြ အုံတက္လာၿပီးေတာ့ က်ဳပ္အန္ပါအန္ခ်လိုက္မိတယ္ဗ်ာ၊ ေလွ်ာက္လမ္းတစ္ဖက္ဆုံးမွာ အလင္းေရာင္လဲ့လဲ့ကေလးေတြ႕တာနဲ႔ က်ဳပ္လည္း ေလွ်ာက္လမ္းအတိုင္းလိုက္လာခဲ့မိတယ္။
အထဲမွာေတာ့ ခန္းမႀကီးတစ္ခုဗ်ာ၊ ခန္းမထိပ္နားမွာေတာ့မီးလုံးႀကီးတစ္လုံးကလင္းေနတယ္၊ ခန္းမအလယ္မွာေတာ့ ေက်ာက္ဆင္းတုတစ္ခုရွိတယ္ဗ်၊ က်ဳပ္လည္းေလွ်ာက္ၾကည့္ေနရင္း ထိုင္ေနတဲ့လူေတြကိုေတြ႕လိုက္ရသဗ်ာ၊ က်ဳပ္ျဖင့္လန႔္သြားတာပဲဗ်၊ လူေတြက တန္းစီၿပီးေတာ့ထိုင္ေနၾကတာ၊ က်ဳပ္လိုက္ေခၚေပမယ့္ ဘယ္သူမွမလႈပ္ရွားၾကဘူး၊ ဒီလူေတြက လူေသႀကီးေတြမ်ားလားပဲဗ်ာ၊ က်ဳပ္ေၾကာက္ၿပီး ထြက္သြားမယ္အလုပ္မွာ ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္နဲ႔တိုက္မိသဗ်၊ ေက်ာက္႐ုပ္ႀကီးက ဒူးေထာက္ထိုင္လွ်က္သားနဲ႔ လက္ကိုမိုးေပၚေျမႇာက္ထားတဲ့ပုံစံပဲဗ်၊
“အင္း၊ ဒီခန္းမႀကီးထဲမွာ ေက်ာက္႐ုပ္က ဒီတစ္ခုထဲရွိတာဆိုေတာ့ မေ႐ႊေတာင္ေျပာတာ ဒီေက်ာက္႐ုပ္ပဲျဖစ္ရမယ္”
က်ဳပ္လည္း အိတ္ထဲပါလာတဲ့ ၾကာပန္းကုံးကေလးကို ထုတ္ၿပီးေတာ့ ဒီေက်ာက္႐ုပ္ရဲ႕လည္ပင္းမွာခ်ိတ္ေပးလိုက္တယ္ဗ်၊ ဒီအခ်ိန္ငလ်င္လႈပ္သလိုလို တစ္ခ်က္တုန္ခါသြားတယ္၊ ဘာမွေတာ့ မထူးဘူးဗ်ာ၊ က်ဳပ္လည္း တျခားဘက္ေတြသြားၾကည့္မယ္ဆိုၿပီး လိုက္ၾကည့္ေနတုန္းမွာ ၾကမ္းျပင္ကိုေက်ာက္တုံးေတြ တျဖဳတ္ျဖဳတ္က်လာတဲ့ အသံေတြၾကားရသဗ်၊ ဒါနဲ႔လွည့္ၾကည့္လိုက္ေတာ့ ခုနက ေက်ာက္႐ုပ္ႀကီးက တျဖည္းျဖည္းနဲ႔လူႀကီးတစ္ေယာက္ျဖစ္လာသဗ်ာ၊
က်ဳပ္ေတာ္ေတာ္လန႔္သြားတယ္၊ ထြက္ေျပးဖို႔လုပ္ေပမယ့္ ဒီလူႀကီးက က်ဳပ္ကိုလွမ္းဆြဲၿပီးေတာ့ သူ႔ဘက္ကိုလွည့္တယ္၊ ၿပီးေတာ့ က်ဳပ္ရင္ဘတ္ကိုလက္ဝါးနဲ႔တစ္ခ်က္႐ိုက္ထည့္လိုက္တဲ့အခ်ိန္မွာပဲ က်ဳပ္က ေလေပၚေျမာသြားသလိုမ်ိဳး ေပါ့ေပါ့ႀကီးျဖစ္သြားပါေတာ့တယ္ဗ်ာ။
က်ဳပ္ျပန္သတိရေတာ့ ဟိုတယ္ထဲျပန္ေရာက္ေနၿပီဗ်၊ က်ဳပ္ေခါင္းေတြဆိုရင္ ေလးလံေနတာပဲဗ်ာ၊ က်ဳပ္ကုန္းထလိုက္ေတာ့ ဦးဖိုးထူးက က်ဳပ္အေရွ႕မွာ ဒူးတစ္ဖက္ေထာက္လိုက္ၿပီးေတာ့ သခင္ႀကီးလို႔ေခၚတယ္ဗ်။
“သခင္ႀကီးမဟုတ္ပါဘူးဗ်ာ၊ က်ဳပ္ပါဗ် ဦးဖိုးထူးရ”
ဒီလိုေျပာလိုက္မွ ဦးဖိုးထူးက ရွက္ကိုးရွက္ကန္းနဲ႔မတ္တပ္ထတယ္၊ က်ဳပ္ႏိုးေတာ့ ေန႔လည္ဘက္ေတာင္ျဖစ္ေနပါၿပီဗ်ာ၊ ဦးဖိုးထူးက က်ဳပ္ကိုကားနဲ႔ေခၚသြားတယ္ဗ်၊ ကားစီးရင္း ေတာ္ေတာ္ၾကာေတာ့ ဘုရားအျမင့္ႀကီးတစ္ဆူစီေရာက္တယ္။
“ဒါဘယ္ေနရာလဲ ဦးဖိုးထူး”
“ေ႐ႊဆံေတာ္ဘုရားလို႔ေခၚတယ္ကြ”
က်ဳပ္လည္း ဘုရားကိုလက္အုပ္ခ်ီလိုက္မိတယ္၊ ဒီအခ်ိန္ဦးဖိုးထူးက က်ဳပ္ကိုေခၚသြားၿပီးေတာ့
“ဘုရားေနာက္မွဖူးပါ၊ ငါ့အေနာက္လိုက္ခဲ့”
တစ္ေနရာေရာက္ေတာ့ ဘုရားရင္ျပင္ေပၚမွာ အုတ္ပုံတစ္ခုေတြ႕လိုက္ရသဗ်၊ ဦးဖိုးထူးက က်ဳပ္ကိုအဲဒီအုတ္ပုံႀကီးဆီ လက္ညႇိဳးထိုးျပရင္း
“ေဟာဒီအုတ္ပုံက ၁၉၇၅ ခုႏွစ္ ပုဂံငလ်င္ႀကီးလႈပ္ခတ္ေတာ့ ေျမခသြားတဲ့ ေ႐ႊဆံေတာ္ဘုရားထိပ္ပိုင္းပဲကြ”
“အဲဒါဘာလုပ္ရမွာလဲဗ်ာ”
“အဲဒီအုတ္ပုံထဲမွာ သံလ်က္တစ္ခုရွိတယ္ကြ”
“ဟာဗ်ာ၊ သံလ်က္ကိုဘယ္သူက ဒီထဲလာထားမွာလဲ”
ဦးဖိုးထူးက ေခါင္းခါၿပီး
“ဒီသံလ်က္က အေရးႀကီးတဲ့သံလ်က္ပဲကြ၊ ငါတို႔ထင္တာက ဒီသံလ်က္ကို ေ႐ႊဆံေတာ္ဘုရားႀကီးရဲ႕ အထက္ဌာပနာတိုက္ထဲမွာ ထည့္ထားတယ္ထင္တာ၊ ဒါေပမယ့္ မဟုတ္ဘူးကြ၊ တကယ္ေတာ့ သံလ်က္ကို ငွက္ေပ်ာဖူးထဲမွာ ထည့္ခဲ့တာပဲ”
“အုတ္ဆိုေတာ့ က်ဳပ္ဘာနဲ႔တူးရမလဲ”
“ဘာနဲ႔မွတူးစရာမလိုဘူး၊ အဲဒီအုတ္ပုံထဲကို လက္သာႏႈိက္လိုက္စမ္းကြာ”
က်ဳပ္လည္း ေၾကာင္အမ္းအမ္းနဲ႔ လာခဲ့တယ္၊ အုတ္လုံးႀကီးက အႀကီးႀကီးပဲဗ်၊ မယုံတာနဲ႔ လက္တစ္ဖက္ကိုအုတ္ထဲထိုးထည့္လိုက္ေတာ့ အုတ္သားေတြကိုလက္က ေဖာက္ဝင္သြားသဗ်ာ၊ က်ဳပ္ကိုယ့္ကိုယ္ကိုယ္ေတာင္မယုံႏိုင္ဘူး။ ဦးဖိုးထူးက က်ဳပ္ကိုၿပဳံးၾကည့္ရင္း
“အထဲမွာစမ္းရွာလိုက္စမ္းပါကြာ”
က်ဳပ္လည္း လက္ကိုထည့္ၿပီးစမ္းရွာတုန္း တစ္ေနရာေရာက္ေတာ့ လက္ကစူးခနဲျဖစ္သြားသဗ်၊ အဲဒီအရာကိုေသခ်ာစမ္းၾကည့္ေတာ့ ေအးစက္စက္အထိအေတြ႕တစ္ခုရတယ္၊ လက္နဲ႔ေသခ်ာကိုင္ၿပီး အျပင္ကိုဆြဲထုတ္လိုက္ေတာ့မွ သံလ်က္တစ္ခုျဖစ္ေနပါေရာဗ်ာ၊ သံလ်က္ရဲ႕အသြားကို ကိုင္လိုက္မိတဲ့က်ဳပ္လက္က ေသြးေတြထြက္ေနပါေရာ၊ ဦးဖိုးထူးက က်ဳပ္ကိုၾကည့္ရင္း ေတာ္ေတာ္ေပ်ာ္ေနတာဗ်။
“ဟား၊ ဟား ေအာင္ၿပီ၊ ေအာင္ၿပီ၊ ဒီတစ္ခါေတာ့ ငါတို႔ေအာင္ၿပီ”
“ဘာကိုေအာင္တာလဲဗ်၊ အဆက္အစပ္မရွိ”
“ေဟေဟ့၊ ငေထရွင္လည္းရၿပီ၊ ငေထရွင္ရဲ႕သံလ်က္လည္းရၿပီ”
“ေနပါအုံး ငေထရွင္ဆိုတာက ဘယ္သူလဲ”
ဦးဖိုးထူးက က်ဳပ္ကိုလက္ညႇိဳးထိုးၿပီးေတာ့
“ငေထရွင္ဆိုတာ မင္းေလကြာ”
က်ဳပ္လည္း ေတာ္ေတာ္ကိုထူးဆန္းသြားတာေပါ့ဗ်ာ။
ဦးဘသာတစ္ျဖစ္လဲမိန္းကေလးက က်ဳပ္ကိုမ်က္လုံးအျပဴးသားနဲ႔ၾကည့္ေနရင္း
“ေနာက္ေတာ့ဘာဆက္ျဖစ္သြားသလဲကြာ”
“ဘာဆက္ျဖစ္သလဲဆိုေတာ့ က်ဳပ္တို႔ပုဂံကေနျပန္ခဲ့တာပါပဲ၊ အဲဒီေနာက္ပိုင္း က်ဳပ္စိတ္ေတြေနရာတစ္မ်ိဳးႀကီးျဖစ္လာတယ္ဗ်၊ တစ္ခါတေလဆိုရင္ ဘာကိုမွမသိေတာ့သလိုပဲဗ်ာ”
“အဲဒါ ငေထရွင္က မင္းကိုယ္ထဲဝင္ေနတာကြ”
“ဗ်ာ၊ အဲဒီငေထရွင္ဆိုတာ ဘာလဲ”
“ဘာလဲဆိုတာေတာ့ ငါလည္းေသေသခ်ာခ်ာမသိဘူး၊ ဒါေပမယ့္ ငါေျပာႏိုင္တာကေတာ့ ငေထရွင္က မေကာင္းတဲ့လူပဲကြ၊ တို႔အတိအက်သိခ်င္ရင္ ေအာင္ရွိန္ဆီကိုသြားမွရမယ္”
“ဘယ္လိုဗ်၊ ေအာင္ရွိန္ဆီဆိုေတာ့ ဟိုးေယာနယ္ကိုသြားရမွာလား”
“မဟုတ္ပါဘူးကြာ၊ ေအာင္ရွိန္နဲ႔မိသက္ အခုရန္ကုန္ေရာက္ေနသကြ”
“ဗ်ာ၊ တကယ္ေျပာတာလား”
က်ဳပ္ေပ်ာ္သြားတယ္ဗ်၊ ေယာနယ္က ျပန္လာၿပီးကတည္းက ဦးေအာင္ရွိန္ကိုမေတြ႕တာ ၾကာၿပီမဟုတ္လားဗ်ာ၊ ၿပီးေတာ့ မိသက္လည္းပါတယ္ဆိုပဲဗ်။
“ငေထရွင္က မင္းကိုယ္ထဲကိုဝင္ၿပီး မင္းကိုအသုံးခ်ေနတာပဲ၊ ဒါနဲ႔ မင္း႐ြာကိုျပန္ေရာက္ျဖစ္ေသးတယ္မဟုတ္လား”
“ဟုတ္တယ္ဦးဘသာ၊ ထူးဆန္းတာက ညညဆိုရင္ က်ဳပ္အိပ္ေပ်ာ္ေနတုန္း ကိုယ္ကေလနဲ႔လြင့္ေနသလိုပဲဗ်ာ၊ က်ဳပ္႐ြာကိုသတိအရမ္းရတဲ့အခ်ိန္ ႐ြာကိုျပန္ေရာက္သြားတယ္၊ မေန႔ကညကလည္း က်ဳပ္ဒီနည္းနဲ႔ ဦးဘသာဆီလာခဲ့တာ၊ က်ဳပ္ကိုယ္ထဲမွာ လူႀကီးတစ္ေယာက္ဝင္ေနတာေတာ့သိပါတယ္၊ သူက မနက္နဲ႔ညေနအထိက်ဳပ္ကိုခ်ဳပ္ထားတယ္ဆိုတာလည္း က်ဳပ္ခံစားမိတယ္”
“အဲဒါေတြေနာက္မွာအသာထားစမ္းပါကြာ၊ ငါတို႔အခ်ိန္မေႏွာင္းခင္ ေအာင္ရွိန္ဆီကိုသြားၾကစို႔ကြ၊ ဒီအတိုင္းဆိုရင္ ေအာင္ရွိန္ဒုကၡေရာက္ႏိုင္တယ္”
“ဘယ္လိုဗ်၊ ဘာေၾကာင့္သူက ဒုကၡေရာက္မွာလဲ”
“ညံ့ပါ့အလတ္ေကာင္ရာ၊ ငါေျပာျပမယ္၊ ဘာလို႔ငေထရွင္က ငါ့ကိုယ္ခႏၶာကိုယ္လိုခ်င္တာလဲ”
“ဦးဘသာဆီက အေစာင့္အေရွာက္အစြမ္းေၾကာင့္ဆိုဗ်”
“ဒါလည္းတစ္ခ်က္ေပါ့၊ ေနာက္တစ္ခ်က္က ေအာင္ရွိန္ကို ခ်ည္းကပ္ခ်င္လို႔ပဲကြ၊ မင္းအခုေျပာပုံအရ ဒီကိစၥေတြက သူ႔အလိုလိုျဖစ္လာတာမဟုတ္ဘူးကြ၊ ေအာင္ရွိန္ရန္ကုန္ေရာက္လာေအာင္ေရာ၊ ငါဒီကိုေရာက္လာေအာင္ပါ သူတို႔က ေသေသခ်ာခ်ာအကြက္ခ်ၿပီးစီစဥ္ခဲ့တာ”
“ထားပါေတာ့၊ သူတို႔ကဘာကိုလိုခ်င္တာလဲဗ်”
“ေအာင္ရွိန္ကိုသတ္ဖို႔ေပါ့ကြာ၊ အခုငါ့ခႏၵာကိုယ္ ငေထရွင္က ရသြားၿပီ၊ ဒါကို ေအာင္ရွိန္မသိေသးဘူး၊ ငါ့အထင္ ငေထရွင္က ေအာင္ရွိန္ကို ငါ့ပုံစံနဲ႔ခ်ဥ္းကပ္ၿပီးေတာ့ အေသႀကံမယ့္ပုံပဲကြ၊ ေအာင္ရွိန္နဲ႔ငါနဲ႔က သိပ္ခင္ၾကတဲ့သူငယ္ခ်င္းေတြဆိုေတာ့ ေအာင္ရွိန္က ငါ့ကိုေပါ့ေပါ့ေလ်ာ့ေလ်ာ့ဆက္ဆံမွာပဲ၊ ငေထရွင္ရဲ႕အႀကံကိုငါသိၿပီ၊ ေအာင္ရွိန္ေျပာဖူးတာ ငေထရွင္နဲ႔ ဘုရားပ်ံေတြနဲ႔က ေခတ္အဆက္ဆက္ရန္ၿငိဳးေတြရွိတယ္၊ တစ္ေယာက္ကိုတစ္ေယာက္ ကိစၥတုံးေအာင္ ႀကံစည္ေနၾကတယ္လို႔ဆိုတယ္၊ ဒီအတိုင္းဆိုရင္ ဒီပြဲမွာငေထရွင္ႏိုင္သြားလိမ့္မယ္၊ ငေထရွင္က အခုငါ့ပုံေယာင္ေဆာင္ၿပီး ေအာင္ရွိန္ရဲ႕ေနာက္ေက်ာကို ဓါးနဲ႔ထိုးလိမ့္မယ္ကြ”
ဦးဘသာကေျပာဆိုၿပီး ထသြားတယ္ဗ်၊ က်ဳပ္လည္းအေနာက္က ထလိုက္လာခဲ့တယ္၊ က်ဳပ္တို႔ႏွစ္ေယာက္ ၿခံႀကီးရဲ႕အဝကိုေရာက္တယ္ဆိုရင္ပဲ လူတစ္စုက က်ဳပ္တို႔ကိုဝိုင္းလိုက္ၾကတယ္၊ ခပ္၀၀မိန္းမႀကီးက
“သမီး ဖိုးမူ၊ အေမတို႔နဲ႔ျပန္လိုက္ခဲ့ပါသမီးရယ္”
“ဟုတ္တယ္ညီမေလး၊ ညီမေလးဒီလူနဲ႔ညားခ်င္လို႔ ေသဟန္ေဆာင္တာမဟုတ္လား၊ အခု အကိုႀကီးတို႔ ေနာင္တရပါၿပီညီမေလးရယ္၊ ညီမေလးခ်စ္တဲ့သူနဲ႔ ညီမေလးကိုေပးစားပါ့မယ္”
က်ဳပ္ေရာ မိန္းမတစ္ျဖစ္လဲ ဦးဘသာေရာ ပါးစပ္ေတြေဟာင္းေလာင္းျဖစ္သြားၾကပါေရာဗ်ာ။
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ