ငြိုးမာန်ဖွဲ့မိုးတွေစဲပါစေ

ငြိုးမာန်ဖွဲ့မိုးတွေစဲပါစေ(စ/ဆုံး)

———————————–

အခန်း ( ၁ )

အပြင်မှာ နေကကျဲကျဲတောက် ပူနေခဲ့တယ်။ လေတစ်ချက် သွဲ့သွဲ့
လေးဆော်တာတောင် အပူရှိန်ကို မတွန်းလှန်နိုင်ခဲ့ဘူး။ နွေနေ့လယ်
ရဲ့ ခြောက်ကပ်မှုက ပျင်းရိစရာ။ အိမ်ပြင်မထွက်ချင်တာနဲ့ ကျောင်း
ပိတ်ရက်တနင်္ဂနွေရက်လေးကို အခန်းထဲမှာပဲ ဝတ္ထုဖတ်ရင်းနေခဲ့တယ်။

“ဘွားဘွား ”

ဲ့မပီကလာအသံလေးရဲ့့ တစ်ဆက်တည်းမှာပဲ ပျော်မြူးသွားတဲ့ မေမေ့ အသံလေးကိုပါ ကြားလိုက်ရတာ။

“ဟယ် ဘွားမြေးလေး လာပါဥိး ”

ဖတ်လက်စ စာအုပ်လေးကိုချပြီး အပြင်ဘက်ကို ထထွက်မယ်အလုပ်မှာ
စကားသံတွေက ဆက်တိုက်ထွက်လာခဲ့တယ်။

“မြေးလေး ဘာစားပြီးပြီလဲ ”

“မေမေ့ဆီက အကြော်စားထားတယ် ဘွားဘွား ”

” ထမင်းစားချိန် လွန်နေပြီ။ မြေးလေး ဗိုက်ဆာမှာပေါ့။ ဘွားဘွား
ထမင်း ကျွေးမယ်နော် ”

“မေမေ။ မီးမီး ထမင်းစားရမလားဟင်။ မီးမီး ဗိုက်ဆာတယ် ”

“ဗိုက်ဆာရင် အိမ်ပြန်ပြီးမှ စားရအောင်နော်သမီး။ အိမ်ရောက်ရင် မေမေ ကြက်ဥကြော်ပေးမယ်လေ ”

“မီးမီး ဗိုက်ဆာလို့ပါ မေမေရဲ့.. ”

“သမီး.. ”

“အလတ်မ။ ကလေးဗိုက်ဆာတာကို ညည်း ကြားနေနိုင်တာလားဟဲ့။
ငါက ညည်းအမေပါအေ။ ဒီအိမ်က ညည်းမိဘအိမ်ပါအေ့ ”

“ဒါပေမယ့် သမီးကြောင့် ဖေဖေနဲ့မေမေအပြောခံရပေါင်းမှ မနည်း
တော့တာ မေမေရယ်။ ပြီးတော့ ဒီနေ့မောင်လေးရောရှိနေတယ်မလား။
နေပါစေ မေမေ၊ အိမ်ရောက်မှပဲ သမီးကိုကျွေးလိုက်ပါ့မယ် ”

ကြားနေရတဲ့စကားတွေက ရင်ထဲသံနဲ့ရိုက်သလို နာကျင်လိုက်ပါဘိ။
ဝဲတက်လာတဲ့ မျက်ရည်ကိုဖယ်ထုတ်ရင်း နာရီကိုတစ်ချက်မော့အကြည့်
နေ့လယ်တစ် နာရီနားကပ်နေခဲ့ပြီ။

မနက်ကနေဒီအချိန်ထိ တစ်လမ်းဝင်တစ်လမ်းထွက်၊ အကြော်ဗန်း
ခေါင်းပေါ်ရွက်ပြီး၊ သမီးလေးကို လက်တဖက်ကဆွဲရင်း အကြော်လည်
ရောင်းရာကနေ ခုချိန်မှအိမ်ပြန်ရတဲ့အဖြစ်။ ကလေးဆိုတာ ညာတတ် တာမျိုးမဟုတ်။ ဘယ်လောက်ဗိုက်ဆာနေပြီးမှန်း မပြောတတ်တော့။ မနေသာတဲ့အဆုံး အခန်းပြင်ထွက်လာခဲ့လိုက်တယ်။

“ကလေးဗိုက်ဆာနေတာကို ကျွေးလိုက်တာမဟုတ်ဘူး။ မီးမီးလာခဲ့။ လေးလေး ကျွေးမယ် ”

တူမလေးက မဝံ့မရဲလေးနဲ့ ကျွန်တော့်ကိုကြည့်နေရှာတယ်။ တူမလေး
ရဲ့ မျက်လုံးထဲမှာ အသံမဲ့စကားလေးတွေက တန်းစီဖြာထွက်နေခဲ့
တယ်။ ရင်ဘတ်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလို နာကျင်မူအတိ။
ဝဲချင်နေတဲ့ မျက်ရည်ကို ခေါင်းမော့ဖယ်ရှားရင်း မီးဖိုချောင်ထဲ ဝင်လာ
ခဲ့လိုက်ရတယ်။ ပန်းကန်လေး နှစ်ချပ်ချပေးရင်း ထမင်းနဲ့ဟင်းကို အဆင်သင့် ခူးခပ်ပေးပြီးခါမှ ..

“ကလေးကိုခေါ်ပြီးသွားစားလိုက်တော့ မလတ် ”

မလတ်မျက်နှာလေး တစ်ချက်ဝင်းထိန်သွားသလို၊ မျက်ဝန်းမှာလည်း
မျက်ရည် ပြည့်လျှံနေခဲ့ပြီ။ ကလေးလက်ကို ဆွဲရင်းမီးဖိုချောင်ထဲ
ဝင်သွားတဲ့ မလတ်နောက်ကျောလေးကို ကြည့်ပြီး မျက်ရည်ဝဲမိပါရဲ့။
ဧည့်ခန်းပက်လက်ခုံပေါ်မှာ မှိန်းနေတဲ့ဖေဖေက အစအဆုံးကြားပြီး
ပြီထင့်။ မျက်လုံးလေးဖွင့်ရင်း ကျွန်တော့်ကို ခေါင်းညိတ်ပြပြီး ခပ်ယဲ့
ယဲ့လေး ပြုံးပြနေခဲ့တယ်။

ကျဆင်းချင်နေတဲ့ မျက်ရည်ကို ထိန်းဖို့ခက်ပါဘိ။ အခန်းထဲပြန်ဝင်ရင်း
အိပ်ရာထဲ မှောက်အချမှာ မျက်ရည်တချို့ ခေါင်းအုံးလေးဆီ စွန်းထင်း
သွားခဲ့ပြီ။

သူ့ခြေ၊သူ့လက်နဲ့ တစ်အိမ်လုံးနှံ့နေခဲ့တဲ့ မလတ်။ အိမ်သားတစ်
ယောက်ယောက် အမှိုက်ပစ်ချမိရင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ မြည်တွန်
တောက်တီး ခဲ့ဖူးတဲ့ မလတ်။ ခုတော့ သူ့နေရာဟောင်း လေးကိုတောင်
ခြေမချဝံ့အောင်ဖြစ်နေခဲ့တာတဲ့လား။ ဘယ်လောက်တောင်ကြာ
နေခဲ့ပြီလဲ။

****

အခန်း ( ၂ )

တစ်မိပေါက် တစ်ယောက်ထွန်းတော့မဟုတ်။စုန်းပြူးတစ်ယောက်
ရယ်လို့လည်းမပြောရက်။ ကိုကြီး၊မကြီး၊မလတ် ပြီးမှ ကျွန်တော်။ မွေးချင်းလေးယောက်ထဲမှာမှ မလတ်က ဥာဏ်အထိုင်းဆုံးပြောရမလား။
ဆယ်တန်းကို အခါခါကျပြီး ကျောင်းထွက်ခဲ့ရသူ။ မေမေနဲ့အတူကူပြီး
တစ်မိသားစုလုံးအဝတ်တွေ လျှော်ဖွတ် ချက်ပြုတ်ပေးခဲ့သူ။ တစ်အိမ်
လုံးကို အမှိုက်တစ်စမကျန်အောင် လှဲကျင်းရှင်းလင်းထားတတ်ပါပေရဲ့။

တစ်ခါတလေ ကျွန်တော့်သူငယ်ချင်းတွေ အိမ်လာလည်လို့ စားစရာ
တစ်ခုခု စားသောက်ပြီး အိတ်ခွံလေးကို အမှတ်တမဲ့ ပစ်ချမိရင် အားမ
နာတမ်း ပြောတတ်သူတစ်ယောက်ပင်။

“ဟေ့ ဒီမှာ ခုလာကောက်၊ ဒီလောက်ရှင်းလင်းထားတာတောင်
ပစ်ချရသလား။ အမှိုက်ပုံးထဲ သွားမထည့်တတ်ဘူးလား ”

အဲသလိုမျိုးပြောတတ်လို့ ကျွန်တော်နဲ့စကားများရတာ ခဏခဏ။
သူငယ်ချင်းတွေကို မျက်နှာပူရတာအကြိမ်ကြိမ်ရယ်။ ကျွန်တော့်သူငယ် ချင်းတွေချည်း မဟုတ်သေး။ ကိုကြီးသူငယ်ချင်းတွေနဲ့ မကြီးသူငယ်ချင်းတွေပါ မလတ်က ငဲ့မနေဘဲ ဒိုးဒိုးဒေါက်ဒေါက် ပြောချ တတ်တယ်။

ထိုသို့သောမလတ်က စိတ်ပုတ်တာလား ဆိုတော့လည်းမဟုတ်
ပြန်ဘူး။ ကျွန်တော့်သူငယ်ချင်းတွေစားဖို့ စေတနာပါပါ လုပ်ကျွေးတတ် သေးရဲ့။

“မင်းရဲ့မလတ်က အပြောမတတ်တာကွ။ စေတနာကတော့ တစ်အိမ်
လုံးမြာ သူကအသာဆုံးပဲ ”

မောင်နှမတွေနဲ့ပတ်သက်ပြီး လာသမျှ သူငယ်ချင်းတွေက မလတ်အပြောနဲ့ လွတ်ခဲ့တာတော့ မရှိဘူး။ အပြောမလွတ်သလို အကျွေးမွေးလည်း မလွတ်ခဲ့။ တစ်ခါတလေ မောင်နှမတွေရဲ့ သူငယ်ချင်း တချှို အိမ်လာလည်ရင်း ထမင်းစားချိန် ကျော်နေခဲ့ရင် မလတ် က အတင်း ခေါ်ကျွေးတတ်မြဲ။

“အလတ်မက အပြောမတတ်တာမဟုတ်ဘူး။ စည်းကမ်းရှိတာ။
အမေ့ကိုယ်စား သူက အကုန်ဝင်လုပ်ပေးနေရတော့ အမေပြောမဲ့ စကားတွေ သူကဝင်ပြောပေးနေတာပဲ ”

သားသမီးတွေနဲ့ပတ်သက်လာရင် ဘက်မလိုက်တတ်တဲ့ ဖေဖေ့ရဲ့
ဆုံးမစကားကိုတော့ ကျွန်တော်တို့နားထောင်ရမြဲ။ဒါပေမယ့်
တလောတုန်းဆီကမှ သူဌေးချွေးမဖြစ်သွားတဲ့ မမကြီးဆီက စကား
တချိူ့ထွက်လာခဲ့တယ်။

“စည်းကမ်းရှိတာကရှိတာပါ ဖေဖေ။ အလတ်မ ကိုယ်က ရိုင်းတာ။
ပညာမတတ်တော့ စဉ်းစားချင့်ချိန်ဉာဏ်နည်းတယ်လေ ”

ထိုစကားကို ကျွန်တော်မနှစ်သက်ခဲ့မိတာတော့ အမှန်ပါပဲ။
ကိုယ့်ထက်အကြီးတွေချည်းမို့ ကျွန်တော် ဝင်ပြောဖို့ခက်နေခဲ့တယ်။
ဖေဖေနဲ့မေမေကတော့ သူစိမ်းဖက်သွားပြီဖြစ်တဲ့ သမီးကြီးကို သိပ်
ပြောလိုပုံမရဘူး။ အတိုင်ဖောက်ညီတတ်တဲ့ အထက်နဲ့အောက်
မောင်နှမ ပီပီ ကိုကြီးကမကြီးရဲ့စကားကို ရာနှုန်းပြည့်ထောက်ခဲ့
နေခဲ့တယ်။ မလတ်ကတော့ မျက်ရည်အဝဲသားနဲ့ပေါ့လေ။

***

အခန်း ( ၃ )

မကြီးအိမ်ထောင်ပြုပြီး နောက်တစ်နှစ်မှာ ကိုကြီးကသူ့ချစ်သူ နဲ့
လက်ထပ်သွားခဲ့တယ်။ ကိုကြီးရော၊ မကြီးပါ ယောက္ခမ အိမ်
အသီးသီးရောက်သွားကြချိန် မလတ်နဲ့ကျွန်တော်ပဲကျန်ခဲ့တော့တယ်။
ကျွန်တော်ဆယ်တန်း စတက်တဲ့နှစ်မှာမလတ်က သူ့ချစ်သူနောက်
ကို ခိုးရာလိုက်သွားပြန်ရော။

မလတ်ကိုယ်တိုင်က ပညာမတတ်ခဲ့သလို၊ သူ လိုက်ပြေးသွားတဲ့
ယောက်ျားက ဆိုက္ကားသမားဖြစ်နေတော့ မိဘတွေထက် ကိုကြီးနဲ့
မကြီးက ဒေါသူပုန်ထနေခဲ့ပါရဲ့။

“အိမ်ရိပ်တောင် မနင်းစေနဲ့ ”

တစ်ချက်လွတ်အမိန့်ကို လာထုတ်ပြန်သွားသူက ဖေဖေနဲ့မေမေ
မဟုတ်ဘဲ ကိုကြီးနဲ့မကြီးတို့ ဖြစ်နေခဲ့တယ်။ တိုက်ဆိုင်မှုလေလား။
အဲဒီနှစ်မှာ ဖေဖေ က လေဖြန်းဝေဒနာကို ကောက်ကာငင်ခါ ရလိုက်
တော့တယ်။

“အလတ်မကြောင့်…”

ကိုကြီးနဲ့မကြီးတို့ရဲ့ အငြိုးတကြီး လက်ညှိုးတွေက မလတ်ဆီမှာ
ဦးတည်လို့။ ခါတိုင်းဖေဖေ့လစာရယ်၊မေမေ့အိမ်ဆိုင်လေး
ရယ် အမှီသဟဲပြုနေရတဲ့ ကျွန်တော်တို့အိမ်မှာ ဖေဖေက ဆေးပင်စင်
ယူလိုက်ရတယ်။ မေမေ့ အိမ်ဆိုင်လေးကိုပဲ အားကိုးသဖွယ် ဖြစ်လာရ
တာပေါ့။ နာတာရှည်လို ဖေဖေ့ဝေဒနာကို ကုစားရ တာနဲ့ဆယ်တန်း
ကျောင်းသား ကျွန်တော့်အတွက် ကုန်ကျရတာနဲ့လိုက်မီမှူမရှိခဲ့
တာတော့အမှန်။

အိမ်အတွက်စားစရိတ်နဲ့ ဖေဖေ့အတွက်ဆေးဖိုးဝါးခ ဆိုပြီး ထောက်ပံ့
လာကြတဲ့ ကိုကြီးနဲ့မကြီးဆီမှာ ထောင်လွှားမှုတချို့ ပါဝင်နေခဲ့တယ်။
သွေးသားဆိုတဲ့အသိတစ်ခုက ကျွန်တော့်စိတ်ကို ဖြေသာနိုင်အောင်
ဇောင်းပေးပြီး တွေးပေးမိပါရဲ့။ ဒီကြားထဲ မလတ် သတင်းက ရံဖန်ရံခါ
ရောက်လာတတ်ခဲ့တယ်။ မွန်းကြပ်မှူက လေပူအဖြစ်အခါခါထုတ်မြဲ။

“ဗိုက်ကလေးတစ်လုံးနဲ့ အကြော်လည်ရောင်းနေတာ တွေ့တယ် ”

သတင်းကြားနေခဲ့ပေမယ့် ကျွန်တော် နဲ့တော့မဆုံဖြစ်ခဲ့။ ရပ်ကွက်ချင်း
က တော်တော်လေးခြားနေတော့ မတွေ့ဖြစ်ခဲ့တာလည်းအမှန်ပါ။
ကျွန်တော်ကိုယ်တိုင်ကလည်း မလတ်ကို မတွေ့ မမြင်ချင်တဲ့စိတ်က ပိုများနေခဲ့တယ်။

“အငယ်ကောင်နော် အလတ်မနဲ့သွားတွေ့ရင် နင်လည်း သေခန်း
ပြတ်ပဲ။ မိသားစုကိုအရှက်ခွဲသွားတဲ့ဟာမ ”

မကြီးစကားကို နာခံခြင်းရယ်တော့မဟုတ်ဘူး။ မလတ်ပုံစံကို ကျွန်တော်ကမတွေ့မြင်ချင်ရုံသက်သက်။ ပေးတာယူ၊ ပြောတာ
နားထောင်ဆိုတဲ့ပုံစံမျိုးအချိုးကို မနှစ်မြို့မိခဲ့ဘူး။ ဒါကြောင့်လည်း
ဖေဖေနဲ့ညီလေးအတွက်ဆိုပြီး ခေါင်းစဉ်လှလှတပ်ပေးလာတဲ့ ကိုကြီး
ငွေတွေကို ကျွန်တော်ခေါင်းခါဖြစ်ခဲ့ခြင်းပင်။

ဖေဖေ့အတွက်လောက်ပဲ လက်ခံစေခဲ့တဲ့ ကျွန်တော့်မာနကို ကိုကြီး
ရဲ့ မျက်ထောင့်နီကြီးက သရော်နေသလိုလို။ မကြီးရဲ့ခပ်ရွဲ့ရွဲ့နှုတ်ခမ်း
က အထင်သေးသလိုလို။ ကျွန်တော့်ပညာရေးအတွက် မေမေရဲ့
ကုန်စုံဆိုင်ငယ်လေးက ရတဲ့ငွေလေးနဲ့ လောက်ငှအောင် နေတတ်ခဲ့တယ်။

ကျွန်တော့်မောင်နှမတွေကို မချစ်တာတော့မဟုတ်ပြန်ဘူး။ ဒါပေမယ့်
သဘောမကျမိဘူး။ တစ်အိမ်လုံးမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်က
စကားအနည်းဆုံး။ အငယ်ဆုံးပီပီ မိသားစုအရေးကို ဝင်မပါဖြစ်တာ
များတယ်။

ကိုကြီးနဲ့မကြီးတို့ အိမ်ကိုလာလည်တဲ့အခါမျိုး ကျွန်တော်က ကိုယ့်အခန်း ဝင်ပြီး စာဖတ်နေဖြစ်တာက ခပ်များများ။ အပ်ကြောင်းထပ် နေတဲ့ မလတ် မကောင်းကြောင်းကို ကျွန်တော်မကြားလိုတော့။ သူတို့ကိုရှောင်ဖယ်နေတတ်ခဲ့ပေမယ့် သူတို့သားသမီး ဖြစ်တဲ့ ကျွန်တော့်တူ၊ တူမလေးတွေပါလာရင်တော့ ကလေးတွေကိုချီပိုး ပြီး ကလေးတွေနဲ့အတူ ဝင်ကစားဖြစ်ခဲ့ပါရဲ.။

***

အခန်း ( ၄ )

“သမီးမိန်းကလေး မွေးတယ် ”

တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိခဲ့တယ်။ သားဆိုးသမီးဆိုး ပစ်ရိုး
ထုံးစံမရှိဘူးဆိုတာကို မေမေက သက်သေပြလိုက်တာပါပဲ။ မလတ် ကလေးမျက်နှာမြင်တဲ့အချိန် မေမေ ကိုယ်တိုင်သွားနေပေးခဲ့တယ်။

“မြင်ရတာ ရင်ထဲမချိလိုက်တာ အစ်ကိုရယ်။ ကျွန်မ သမီးလေးဘဝ
ကိုကြည့်ပြီး မခံစားနိုင်ဘူး။ အိမ်ကလည်း အစုတ်လေးကို ငှားနေ
ကြတာ။ ကောင်လေးမှာလည်း ဖအေကမရှိတော့ဘူး။ အမေမုဆိုးမ
ကလည်း ဘာမှမလုပ်တတ်မကိုင်တတ်။ ကောင်လေးဆိုက္ကားနင်း
တာလေးကို အားကိုးပြီးနေရတာတဲ့။ အစ်ကို့ သမီးက အကြော်လေး
ရောင်းရင်းတစ်ဖက်ကနေဝင်ငွေရှာတာတဲ့လေ။ ခု ကလေးမွေးဖို့ ပိုက်ဆံကိုအတိုးနဲ့ ချေးထားရတယ်တဲ့ ”

ဖေဖေ့ကို မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောပြနေတဲ့ မေမေ့လည်ပင်း
လေးမှာ ငါးမူးသားရွှေဆွဲကြိုးလေး မတွေ့တော့ဘူး။ ကျွန်တော်
ကတော့ ဘာမှမပြောလိုခဲ့။ ကိုကြီးနဲ့ မကြီးရောက်လာချိန်မှာတော့
တစ်အိမ်လုံး ညံနေခဲ့ပြီ။

“နင်တို့က မောင်နှမအချင်းချင်း ပစ်ထားနိုင်ပေမယ့် ဒီမအေ က
ဗိုက်နဲ့လွယ်ပြီး မွေးထားတာအေ့ မပစ်နိုင်ဘူး။ မျက်နှာမလွှဲနိုင်ဘူး
ရှင်းလား ”

မေမေရဲ့စကားသံပြတ်အောက်မှာ ကိုကြီးနဲ့မကြီးက ဘာမှ မတတ်သာတော့ စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ပေါ်ကနေ ဆင်းသွားကြတယ်။
တစ်လလောက် အိမ်ဘက်ကိုလှည့်လာဖော်တောင် မရခဲ့ဘူး။ အဲဒီကတည်းက မေမေနဲ့မလတ် အဆက်သွယ်ရှိခဲ့သလို မလတ်သ
တင်းတွေလည်း အဆက်မပြတ်ခဲ့ဘူး။

ချို့တဲ့ပေမယ့် ရိုးသားဖြူစင်မှူကို အခြေခံထားကြတဲ့ မလတ်ရဲ့တစ်
ဖက်က မိသားစုတွေကြောင့် နည်းနည်းတော့ စိတ်ကျေနပ်စရာရှိခဲ့ပါ
တယ်။ နီတာရဲလေးဘဝနဲ့ မလတ်သမီးလေး ကို မေမေချီယူလာ
တုန်းက သုံးလေးခါလောက်တွေ့ဖူးပါရဲ့၊ မလတ်နဲ့တော့ အမြဲလွဲ
ခဲ့ရတာချည်း။

“အလတ်မ ရောက်လာတယ် ”

ထမင်းစားခုံပေါ်မှာ အကြော်တချို့တွေ့တိုင်း မလတ် ရောက်လာခဲ့
တာကို ကျွန်တော် သိလာခဲ့ရပြီ။ အကြော်ကို ယူစားမိတဲ့အချိန်တိုင်း
ရင်ထဲ ဝမ်းနည်းနာကျင်မိသလိုပါပဲ။ မလတ်ကို ကျွန်တော်လွမ်းမိတာ
တော့အမှန်။ သုံးလေးခါလောက် အဝေးကနေလှမ်းမြင်ခဲ့ပေမယ့်
ရှောင်တိမ်းသွားတတ်တဲ့ မလတ်ပုံစံကို ကျွန်တော် အနာကျင်ဆုံးပဲ။ ပြေး
ပြီးလိုက်မခေါ်မိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်းခွင့်မလွှတ်ချင်ခဲ့ ဘူး။

မလတ်နဲ့ပတ်သက်ရင် တော်စပ်နေရတဲ့ ယောက်ဖ ဖြစ်သူရဲ့ မျက်နှာ
ကိုတောင် ကျွန်တော်မမှတ်မိချင်ဘူး။ တစ်နေ့ကျွန်တော်တို့သူငယ်ချင်း တွေ လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း ရောက်လာခဲ့တယ်။

“ညီလေအိမ်ပြန်ရင် ဒီဆေးလေးကို အဖေ့ အတွက်ယူသွားပေးပါနော်။
အစ်ကိုတို့တတ်နိုင်တာလေးနဲ့ ကန်တော့်ပေးတာပါ ”

ဖေဖေလိမ်းနေကျ လင်ဇီးတိုင်းရင်းဆေးဘူး ငါးဘူးကို ကြွတ်ကြွတ်အိတ်
လေးနဲ့ထည့်ရင်း လာပေးနေသူက မလတ်ရဲ့ ယောက်ျားမှန်း နီးနီးကပ်
ကပ်မြင်ဖူးတဲ့အဖြစ်ရယ်။ လက်ခံယူလိုက်တာနဲ့ ဝမ်းသာသွားတဲ့ ဟန်လေးက ကျွန်တော့်ရင်ထဲဘယ်လို ဖြစ်သွားမှန်းပင်ပြောမပြတတ်
တော့။

“အဲဒါ ဘယ်သူလဲကွ ”

ကိုယ့်ထက်အသက်ငယ်ရွယ်သူတစ်ယောက်ကို မဝံ့မရဲပုံစံလေးနဲ့
ခပ်ယို့ယို့လေး ပြောလာသူ တစ်ယောက်ကို သူငယ်ချင်းတွေရှေ့မှာ

“ဒါ ငါ့ယောက်ဖ ”

ရယ်လို့ ခပ်မော့မော့လေးတော့ ကျွန်တော် မပြောဖြစ်ခဲ့ပါဘူး။

“မလတ်ယောက်ျား ”

ရင်ထဲက တကယ်အသိမှတ် ပြုလိုက်တဲ့ စကားတစ်ခွန်းဆိုတာတော့
သေချာနေခဲ့တယ်။ မကြီးယောက်ျားကို ကျွန်တော်က”အစ်ကို”
ခေါ်သလို၊ ကိုကြီးမိန်းမကိုလည်း “အစ်မ ” သာခေါ်ဖြစ်ပြီး သိပ်တော့
အရောတဝင်မနေတတ်ခဲ့။

“မိသားစုထဲမှာ အငယ်ကောင်ကမဆိုးဘူး ”

ပတ်ဝန်းကျင်ဆီက အမြဲကြားနေခဲ့ရတဲ့ ကျွန်တော့်သတင်းလေး အကောင်းဘက်မှာတော့ ရှိနေခဲ့တယ်။ အလိမ္မာဆုံးတော့ဖြင့်မဟုတ်ပါ။ သေချာ ပြန်စဉ်းစားကြည့်ရင် ကိုကြီးကနေအစ ကျွန်တော်ထိ မောင်နှမလေးယောက်လုံး အလိမ္မာဆုံးစာရင်းထဲ ဘယ်သူမှ ဝင်မနေခဲ့တာအမှန်ပါပဲ။

******

အခန်း ( ၅ )

ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်ကလည်း အိမ်မှာဂယက်နည်းနည်း
ထခဲ့သေးတယ်။

“အလုပ်လုပ်ရင်း အဝေးသင်ပဲတက်မယ် ”

ဖေဖေနဲ့မေမေရော သဘောမကျခဲ့သလို။ ကိုကြီးနဲ့ မကြီးကလည်း ကန့်ကွက်ခဲ့ကြတယ်။ သူတို့အထောက်အပံ့ကို စကတည်းက မလို
ချင်ခဲ့တဲ့ကျွန်တ်ာက ခေါင်းခါမြဲခါပြခဲ့တယ်။ တောက် ခေါက်သံနဲ့
မျက်စောင်းအချို့ကို ကျွန်တော် လစ်လျူထားခဲ့တယ်။

“မေမေ့မှာ သားငယ်အတွက် စုထားတာရှိတယ် ”

အိမ်ဆိုင်လေးကနေ ဖဲ့ပြီးစုထားမှန်းလည်း သိပါရဲ့။ ဒါပေမယ့်
ကျွန်တော့်အတွက် တာဝန်တစ်ခုမဖြစ်စေချင်။ ကျွန်တော့်ထက်စာရင် မလတ်ကပို အခက်ခဲကြုံနေတဲ့ကိစ္စ။ ကျွန်တော့်အတွက် ကုန်ကျမဲ့
ငွေတွေနဲ့ မလတ်ကို တစ်ခုခုတော့ လုပ်ပေးစေချင်ခဲ့တယ်။ ဒါပေမယ့်
ကျွန်တော့် နှူတ်ကပြောမထွက်ဖြစ်ခဲ့ဘူး။

မလတ်ခမြာ မိသားစုရိပ်မြုံလေးကို လွမ်းဆွတ်ပြီး လာလည်တုန်းက
မကြီးရောက်လာတာနဲ့တိုးတော့ခွေးမောင်းသလို မောင်းချ ခံလိုက်ရမှန်း သိခဲ့တယ်။ ကျွန်တော်အပြင်သွားနေတုန်ူမို့ မဆုံလိုက်ရ၊မသိလိုက်ရ။
အဲဒီအချိန်ကတည်းက မလတ်နဲ့ မလတ်သမီးလေးအရိပ်အရောင်လေး
တောင် မမြင်ရတော့ဘူး။

“မလတ်ကို ကူညီလိုက်ပါ ”

ခုနေချိန် အဲသလိုပြောခဲ့ရင်များ ကိုကြီးနဲ့မကြီးက ကျွန်တော့် ကို သေခန်းဖြတ်လေမလားပဲ။ မလတ်အပေါ် ကျွန်တော်လည်း စိတ်ဆိုး
ခဲ့တာပါပဲ။ ကိုကြီးနဲ့မကြီးလောက်တော့ မပြင်းထန်ခဲ့တာအမှန်။ ဟို
တစ်ချိန်တုန်းဆီက နှူတ်စွာစွာနဲ့ ဒိုးခနဲဒေါက်ခနဲ ပြောတတ်တဲ့ မလတ်
ရဲ့စိတ်ဓါတ်တွေ သိမ်ငယ်မှုထဲ ဝင်ရောက်ပျောက်ကုန်ပြီထင်ရဲ့။

မလတ်ရောက်မလာတော့ ကျွန်တော် ကျောင်းပိတ်ရက်တိုင်း မေမေ
က မလတ်ဆီသွားလည်ရင်း မလတ်အလွမ်းပြေ ဖေဖေ့ကို ပြန်လည်
ဖောက်သည်ချတတ်မြဲ။ အဲဒီအခါမျိုးမှာ လေဖြန်းထားတဲ့ကြားက
ပီတိဖြာနေတတ်တဲ့ ဖေဖေ့ရဲ့ဝမ်းသာရိပ်က အထင်းသားလေ။

“အလတ်မယောက်ျား ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်တယ် ”

မေမေယူဆောင်လာတဲ့ သတင်းကို ကြားချိန်မှာ မလတ်သမီးလေး
မီးမီး က နှစ်နှစ်အရွယ် ရှိနေခဲ့ပြီ။ ယောက်ျားလုပ်သူ မရှိတော့ယောက္ခ
မ တာဝန်နဲ့ သမီးလေးအတွက်ကို မလတ် တစ်ယောက်တည်း
အကြော်လည်ရောင်းရင်း ရုန်းကန်နေခဲ့ရတယ်။

မီးမီးကို တစ်ခါတလေမေမေက အိမ်လည်ခေါ်လာတတ်ပေမယ့်
လူကြီးရိပ်တွေကို ကြည့်နေတတ်တဲ့ မီးမီးက မကြီးတို့ကလေးတွေ
လောက် ရဲရဲတင်းတင်းရှိမနေခဲ့ဘူး။ အထူးသဖြင့် ကျွန်တော့်ကို မြင်ရင်
လန့်သလို၊ကြောက်သလိုရှိနေတတ်တဲ့ မီးမီးလေးကို ကျွန်တော်
အသနား ပိုခဲ့တာတော့မငြင်းချင်။

ကိုကြီးနဲ့မကြီးတို့သားသမီးတွေလာရင် ကျွန်တော့်အခန်းကို ဗြောင်းဆန်ကုန်အောင် မွှေနှောက်တတ်ကြသလောက် မီးမီးလေး ကျတော့ တုတ်တုတ်လေးမှတောင် မလှုပ်ရဲခဲ့ဘူးရယ်။

တစ်ခါက မီးမီးကိုမေမေခေါ်လာမှန်းလည်း ကျွန်တော်မသိသေး။ စာအုပ်ဖတ်ရင်း အိပ်ပျော်နေခဲ့တယ်။ အိပ်မက်လိုလို၊ဘာလိုလို တစ်စုံတစ်ယောက် လက်က ကျွန်တော့်မျက်နှာကို လာတို့ထိနေတယ်
ဆိုပြီး လန့်နိုးလာခဲ့ရတယ်။ ကျွန်တော့်မျက်နှာကို မမှိတ်မသုန်လေး
ကြည့်နေတဲ့ မီးမီးလေးကို တွေ့လိုက်ရတော့တာပဲ။

“မီးမီး ရောက်နေတာလား ”

“ဟုတ် ”

“မေမေရော မပါဘူးလား ”

“မေမေက လာရဲဘူးတဲ့။ ကြီးကြီးတို့ စိတ်ဆိုးမှာ စိုးလို့တဲ့ ”

“ဟာ .. ”

ရင်ထဲမှာနင့်ခနဲဖြစ်သွားပြီး ဘာပြောရမှန်းမသိတော့။ မီးမီးက ကျွန်
တော့်မျက်နှာကို မရဲတရဲလေးကြည့်နေတယ်။ ပြီးမှ

“လေးလေး ”

“ဗ် ”

“မီးမီးကို ချစ်လားဟင် ”

“ချစ်တာပေါ့ မီးမီးရဲ့ ”

“ဘဘကြီးနဲ့ကြီးကြီးက မီးမီးကို မချစ်ကြဘူး။ အရုပ်မသမီးတဲ့ ”

အယုတ်မလို့ပြောလိုက်မှန်း နားလည်လိုက်တဲ့ခဏမှာ ကျွန်တော့်
ရင်ခွင်တစ်ခုလုံး လောင်မြိုက်သွားသလို ခံစားလိုက်ရပါရဲ့.. ။
ဒါတွေလားပညာတတ်အုပ်စု။ ဒါတွေလား သွေးသားသံယောဇဉ်။
နုနယ်လွန်းတဲ့ ကလေးတစ်ယောက် ကို စိတ်ဒဏ်ရာတွေ ပေးခဲ့ကြပြီ။

တက္ကသိုလ်ပညာဆည်းပူးနေပါတယ် ဆိုတဲ့ ကျွန်တော်ကရော ဒီကလေး
အပေါ် ဘယ်လောက်အပြစ်တွေ လုပ်မိခဲ့ပြီလဲ။ မီးမီးလေးကို
ရင်ခွင်ထဲ ဆွဲသွင်းပြီး နမ်းရှိုက်လိုက်တယ်။ ကျွန်တော့်မျက်ဝန်း
ဆီက မျက်ရည်စက်တွေ မီးမီးလေးပါးပြင်ပေါ်ကို ကျဆင်းသွား
တယ် ထင်နေခဲ့တာ။

မီးမီးလေးက မထင်မှတ်ဘဲရရှိလိုက်တဲ့ ကျွန်တော့် ချစ်ခင်မှုအတွက်
ငိုနေခဲ့တယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ
မီးမီးလေးကို ကျွန်တော် အကြွေးတင်နေသလိုခံစားနေခဲ့ရတာတော့
အမှန်ပါပဲ။

****
အခန်း ( ၆ )

အတွေးယဉ်ကြောထဲ နစ်မြှုပ်နေရာကရုန်းထွက်မိချိန် အာခေါင်တွေ ခြောက်သွေ့နေခဲ့တယ်။ မီးဖိုချောင်ဘက်ကို ရေသောက်ဖို့
ကျွန်တော် ဝင်သွားတော့ သမီးလေးကို ခွံကျွေးရင်း သူပါ စားမဲ့ဆဲဆဲ ထမင်းလုတ်လေးက ရပ်တန့်သွားရှာတယ်။ ကျွန်တော့်ကို မကြည့်ရဲဘဲ ငုံ့ထားတဲ့ မလတ်ပုံစံက ရင်ထဲမချိလိုက်ပါဘိ။

“စားလေ မလတ်၊ ဘာဖြစ်နေတာလဲ ကိုယ့်အိမ်ပဲဟာ”

ကျွန်တော့်ဆီက နွေးထွေးမှုတစ်ခုကို မျှော်လင့်မထားခဲ့ဘူးထင်ပါရဲ့။ မလတ်မျက်နှာက ကြည်နူးကြေကွဲခြင်းတွေနဲ့လေ။

“မောင်လေး .. ”

“အရူးမ ငိုမနေပါနဲ့။ ကလေးလန့်နေပါ့မယ် မလတ်ရယ်။ မီးမီးစား
နော်။ ပြီးရင် လေးလေးနဲ့ဆော့ဖို့ကျန်နေခဲ့။ ညနေမှ လေးလေး ပြန်လိုက်ပို့ပေးမယ်နော် ”

“မလတ်တို့အိမ်ကို နင်လာလည်မလို့လား မောင်လေး ”

“အင်းလေ ဘာဖြစ်လဲ။ ဟာ ငိုပြန်ပြီ၊ ကဲ စားစရာရှိတာစား။
မီးမီးလေးမေမေ က ဝမ်းသာလို့ ငိုနေတာနော်။ မီးမီးလေး နား
လည်တယ်ဟုတ် ”

“ဟုတ် လေးလေး ”

“ကလေးစိတ်မကောင်းဖြစ်နေမယ် မလတ်။ မငိုနဲ့တော့ ”

“အင်းပါ ငါ့မောင်လေးနဲ့ ခုမှစကားပြန်ပြောရလို့ ဝမ်းသာမိလို့ပါ ”

“ကဲ အေးဆေးစားကြ ”

ဆက်နေရင် ကျွန်တော်ပါ ငိုမိတော့မယ်။ အခန်းထဲဝင်ရုံရှိသေးတယ်၊
ခြေသံနဲ့အတူ အသံတွေက ဆက်တိုက်အိမ်ပေါ်ကိုလွင့်ကြဲကျလာခဲ့တာ။

“အလတ်မတို့ရောက်နေတာလား။ ဘာလဲ ငတ်ပြတ်တော့ မိဘ
အိမ်ကို အရှက်မရှိတက်ပြီးစားနေတာလား”

အမှန်တကယ် ဝန်ခံရရင် မကြီးဒီလောက်ရိုင်းစိုင်းခက်ထန်လိမ့်မယ်လို့
ကျွန်တော်မထင်ခဲ့။ အဲသလိုပဲ ကိုကြီးကရော “အစ်ကိုကြီးတော့ အဖအရာ”မွေခံထိုက်သူတဲ့လား။ ပြောထွက်လာတဲ့ စကားတွေက
ကျွန်တော်တောင် ခံနိုင်ရည်မရှိခဲ့ဘူး။

“သေခန်းဖြတ်ထားပါတယ်ဆိုမှ ခွေးမတစ်ကောင်ကို အိမ်ပေါ်တင်
ပြီးအစာကျွေးနေတယ်။ အဖေနဲ့အမေ တို့လုပ်တာ မဟုတ်သေးဘူး”

ကိုကြီးရဲ့တောက်တချက်အခေါက်မှာ မေမေ့ ငိုသံလေးက လွင့်ကျလာ
ခဲ့တယ်။

“ပြောကြဟေ့ ပြောကြ၊ နင်တို့ပေးစာ၊ကမ်းစာ စားနေရတဲ့ မိအို
ဖအိုဆိုတော့ ပြောထားကြ။ မောင်နှမတွေတဲ့ ကြားလို့မှ ကောင်းသေး
ရဲ့လားဟင်။ မိဘတွေတောင် မသေသေးဘူး။ ရက်စက်နေကြတာ
ကျွန်မတို့ ဘယ်လိုသားသမီးတွေကို မွေးထားရတာလဲ အစ်ကိုရဲ့ ”

ဝေဒနာသည်ဖေဖေ့ဆီက မပီမသ ငိုသံလေးကြားတဲ့အခိုက်မှာ ကျွန်တော့်တစ်ကိုယ်လုံး သရဲပူးသလို တုန်လာခဲ့တယ်။ အပြင်မှာ ကျွန်တော်တို့အိမ်လေးကမ္ဘာပျက်နေခဲ့ပြီ။

အခန်းထဲကနေ ဝုန်းဆိုပြေးထွက်လာခဲ့တယ်။ အပြင်ဧည့်ခန်းမှာဒေါသူ
ပုန်ထနေကြတဲ့ ကိုကြီးနဲ့မကြီး။ ထောင့်လေးမှာ ရင်ဘတ်ထုရင်းငိုနေ
တဲ့မေမေ။ ပက်လက်ထိုင်ခုံလေးမှာ လက်ဝါးအုပ်ငိုနေတဲ့ ဖေဖေ။
မီးဖိုချောင်ထဲဝင်တော့ထမင်းလုတ်လေးတန်းလန်းနဲ့ ကျစ်ကျစ်နေအောင်ဖက်ပြီး ငိုနေကြတဲ့မလတ်တို့ သားအမိ။ မြင်ကွင်းက ကျွန်တော့်ရင်ကို တူနဲ့ခပ်ပြင်းပြင်းထုပစ်သလိုခံစားလိုက်ရတယ်။
မီးဖိုချောင်နံရံမှာ ချိတ်ဆွဲထားတဲ့ဓါးရှည်ကို ဆွဲယူလိုက်တယ်။

“မောင်လေး မောင်လေး မလုပ်ရဘူး၊ မလုပ်ရဘူး။ မလတ်ပြန်သွား
ပါ့မယ်။ မောင်လေး စိတ်ကိုလျှော့နော် ”

မလတ်ကဝင်ဆွဲဖို့လုပ်တာကို တွန်းဖယ်ရင်း အိမ်ရှေ့ပြေးထွက်လာ
တဲ့ ကျွန်တော့်ကိုအမြင်မှာ အကြီးနှစ်ယောက်က မျက်လုံးပြူးသွားတယ်။

“အငယ်ကောင် .. မင်း . ”

ကိုကြီးအော်သံ ဆုံးခွင့်မပေးလိုက်တော့ဘူး။ ခါတိုင်း မော့မကြည့်ဝံ့ခဲ့
တဲ ကိုကြီးနဲ့မကြီးကို ဓါးနဲ့တည့်တည့်ချိန်ရွယ်ရင်း

“ခင်ဗျားတို့ ခုအိမ်ပေါ်ကနေ ဆင်းမလား။ ကျုပ်အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်ရမလား။ မောင်နှမ။ ဒါလားဗျ မောင်နှမ။ ဒီမိဘကမွေးပြီး
ဒီသွေးသားတွေ စီးဆင်းနေတဲ့ သူတွေတဲ့လား။ သွေးက ရေထက်စေး
တယ်ဆိုဗျ။ အလတ်မအတွက် သိက္ခာကျတယ်၊ အရှက်ရတယ်
ဟုတ်လား။ မိဘအိမ်ကိုတက်ပြီး ရိုင်းစိုင်းနေကြတဲ့ ခင်ဗျားတို့လုပ်ရပ်က ဘယ်လောက်တောင်သိက္ခာ ရှိနေလဲ၊ ဂုဏ်ရှိနေလဲ ပြောလေ။ မောင်နှမ
အချင်းချင်း သေခန်းပြတ်မလေး၊ ဘာလေးနဲ့၊ ကောင်းပြီ၊ ခင်ဗျား
တို့ ဒီအိမ်ရိပ်လုံးဝလာမနင်းနဲ့။ မိဘအိမ်ဆိုပြီး ပိုင်မယ်ဆိုင်မယ်
လာမလုပ်နဲ့။ မိဘသေမှ အမွေလာခွဲကြ။ ခင်ဗျားတို့ နှစ်ယောက်
လုံးရော၊ သားသမီးတွေရော အရိပ်ရောင်တောင် မမြင်ရစေနဲ့။
ခင်ဗျားတို့သိအောင် ပြောလိုက်မယ်။ မလတ်ကို မနက်ဖန်ကစပြီး
ဒီအိမ်မှာပဲ ခေါ်ထားမယ်။ သူ့ကိုမောင်နှမ အဖြစ်လက်ခံနိုင်မှ
ခင်ဗျားတို့လာခဲ့ကြ။ သွာတော့ သွားကြတော့ဗျာ ”

“သားငယ် .. ”

မေမေ့ဆီက သတိပေးအော်သံကိုကြားပါရဲ့။ ဝမ်းနည်းနာကျင်မှူတွေ
ကအတောမသတ်နိုင်သေး။ ဆို့တက်လာတဲ့ ရင်ဘတ်ကို တဘုန်း
ဘုန်း ထုခြေနေမိတယ်။

“သား အရမ်းဝမ်းနည်းတယ် မေမေ။ သားတို့မောင်နှမ တွေ လား။
ဒါက မောင်နှမတွေတဲ့လား မေမေ။ တစ်ယောက်က ခွေးလိုမောင်းချခံ
နေရတယ်။ တစ်ယောက်က ဓါးနဲ့ရွယ်နေရတယ်။ နှစ်ယောက်က
ဘီလူးသရဲစီးနေတယ်။ သွေးသားသံယောဇဉ်ဆိုတာ ဘာလဲ မေမေ။
သူတို့ဂုဏ်သိက္ခာအတွက် သူတို့လုပ်နေတာကကော သိက္ခာရှိရဲ့လား။
သား ရင်နာလွန်းလို့ပါ။ ဘဝအဆက်ဆက် ဒီလို စိတ်ဓါတ်ရှိသူတွေနဲ့
သား မောင်နှမ မတော်ပါရစေနဲ့၊ မဆုံဆည်းပါရစေနဲ့ဗျာ ”

“သားငယ် ဘာပဲဖြစ်ဖြစ် အစ်ကို၊အစ်မတွေကို ဓါးနဲ့မရွယ်ကောင်းဘူး။
သား ငရဲကြီးမယ် ”

“တစ်ဘဝစာငရဲအတွက် သားခံပါ့မယ်မေမေ။ သား ရွယ်ရုံပဲ ရွယ်
တာပါ။ သူတို့ကို သား မသတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
သားရဲ့ အစ်ကိုနဲ့အစ်မ ဖြစ်နေလို့ပဲ။ သားရဲ့မောင်နှမ တွေကို သတ်ရ
လောက်အောင် သားအသိမလွတ်သေးပါဘူး မေမေ။ ဒီလိုသွေးသား
မဆန်တဲ့ မြင်ကွင်းကို ဆက်မကြည့်နိုင်တော့လို့ သားကိုယ်သား
စီရင်ဖို့ ယူလာတာပါ မေမေ ”

ကျွန်တော့်ကိုယ်ကျွန်တော် ဓါးနဲ့ချိန်ရွယ်လိုက်ချိန်မှာ အကုန်လုံး
ထိတ်ထိတ်ပြာပြာနဲ့ ဖြစ်သွားကြတယ်။ တစ်အိမ်လုံးရဲ့အချစ်ဆုံး၊ အငယ်ဆုံးလေးဖြစ်တဲ့ ကျွန်တော့်အသက်ကို စတေးပေးခဲ့လို့ ဒီမောင်နှမတွေ ချစ်ခင်စည်းရုံးမယ်ဆိုရင် ကျွန်တော်ပျော်ပျော်ကြီး
စတေးရဲပါတယ်။

“သားငယ် မလုပ်ရဘူး၊ မေမေ့ကိုသနားပါဦး သားရယ် ”

“မောင်လေး မလုပ်ပါနဲ့ မလတ်ကိုပဲ သတ်လိုက်ပါတော့။ မလတ်
ကြောင့်ပါ၊ အကုန်လုံးက ဟောဒီအလတ်မ ကြောင့်ပါ။ ငါ့ မောင်လေး
မလုပ်ပါနဲ့ ”

ကျွန်တော် ဓါးကိုလက်နှစ်ဖက်နဲ့ စုံကိုင်ရင်းအပေါ်ကို မြှောက်ချိန်မှာ
အရင်ဆုံးပြေးဝင်လာသူက မလတ်။ ပြီးတော့ ကိုကြီး ။ ပြီးတော့
မကြီး။ လက်ထဲက ဓါးကို လာယူသွာသူက လမ်းလျှောက်ရင်တောင်
အားယူပြီးလျှောက်နေရတဲ့ ကျွန်တော့်ဖေဖေ ကိုယ်တိုင်ပါပဲ။

ငိုသံလေးတွေက အိမ်လေးထဲမှာ ညံစည်နေခဲ့ပြီ။
မီးမီးလေးရဲ့ ကြောက်လန့်တကြားအော်ငိုသံလေးက ထွက်တစ်ချက်
မထွက်တစ်ချက်နဲ့။ ကလေး စိတ်ထဲ ဘယ်လောက်တောင် တုန်ရီ
နေခဲ့ပြီလဲ။

ငိုသံလေးတွေက ရပ်တန့်မသွားကြသေးဘူး။ မနက်ဖန်မှာ
အဖြေတစ်ခုတော့ ရှိလာမယ်ထင်ပါတယ်။ ကျွန်တော် မျှော်မှန်းထားတဲ့ မိသားစု၊ မောင်နှမ သံယောဇဉ်လေးတွေ ပြန်လည်ရှင်သန်ဖို့
ဆုတောင်းရုံမှတပါး … ။ ။

****
[ ပြီး ]

မဂ္ဂဇင်းဝတ္ထုရှည်၊
2019 Aug ငွေတာရီမဂ္ဂဇင်း

ချစ်ခင်တဲ့
လင်းအိမ်