ဘဝဟောင်းသို့မပြန်လိုပြီ(စ/ဆုံး)
————————————-
(၁၈၈၅)ခုနှစ် တိုင်းပြည်မတည်မငြိမ် ဖြစ်နေသည့် သီပေါမင်း နန်းကျပြီးစ အချိန်တွင် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စု
ပုံတောင်ရွာအနီးတွင် ကရင်မိသားစု
လေးဦးမှာ တောပုန်းဓားပြများ၏
လုယက်သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ ထိုကရင်မိသားစုတွင် မိဘနှစ်ပါးနှင့် သားတစ်ယောက်၊ သမီးတစ်ယောက် ဖြစ်သည်။
တောပုန်းဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည့် ကရင်မိသားစု လေးဦး၏
ဝိဉာဉ်များမှာ ထိုအနီးအနားတွင် ရှိသော ပုံတောင်သိုက်မှ သိုက်နန်းရှင်မ၏ အခြွေအရံများ အဖြစ်သို့ ရောက်ရှိခဲ့ကြရလေတော့သည်။
ထိုသို့ ပုံတောင်သိုက်နန်းရှင်မ၏ အခြွေအရံအရံအဖြစ် သိုက်နန်းထဲတွင်
နေရသည်ကို မပျော်ပိုက်သည့် သမီးငယ်လေးမှာ လူ့ပြည်သို့ ထွက်ပြေးလေသဖြင့် မိဘများမှ လိုက်လံ ခေါ်ယူရလေသည်။
မကြာခဏ ထွက်ပြေးနေလေသဖြင့်
သိုက်နန်းထဲတွင် ခြေ၊လက်များကို
ကြိုးများဖြင့် တုတ်နှောင်ထားကြလေတော့သည်။ ထိုသို့ ကြိုးများဖြင့် တုတ်နှောင်ခံထားရသည့် ညီမ၏ အဖြစ်ကို
မကြည့်ရက်သည့် အကိုဖြစ်သူမှ
သိုက်နန်းရှင်မနှင့် မိဘများအလစ်တွင် ကြိုးများကို ဖြေပေးပြီး လူ့ပြည်သို့ မောင်နှမနှစ်ယောက် ထွက်ပြေးလေတော့၏။ သို့သော်လည်း သိုက်နန်းရှင်မနှင့် မိဘများမှ သိရှိသွားပြီး ဖမ်းဆီးခေါ်ဆောင်ရန် နောက်မှလိုက်လာကြလေတော့သည်။ ထိုအခါတွင် ပြေး၍မလွတ်တော့သဖြင့် အကိုဖြစ်သူမှ
“ကဲ ညီမတော်ရေ။ အကိုတော်တို့ အတူတူ လူ့ပြည်ကို ပြေးဖို့ မဖြစ်နိုင်တော့ဘူး။
ညီမတော်လေးသာ လွတ်အောင်ပြေးပေတော့။ အကိုတော် သူတို့ကို လမ်းကြောင်းလွှဲပေးထားမယ်။ ညီမတော်လေး လူ့ပြည်ရောက်ရင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး အကိုတော်တို့ကို အမျှအတန်းပေးဝေပါ။ အကိုတော်လည်း အခါအခွင့်သင်ရင်
ညီမတော်လေး ရှိတဲ့ လူ့ပြည်ကို အရောက်
လာခဲ့ပါမယ်။ အခုတော့ သူတို့လက်က လွတ်အောင် ပြေးပေတော့”
ဟု ညီမဖြစ်သူကို မှာကြား၍
ပြေးခိုင်းလိုက်ပြီး သူကမူ နောက်မှ
လိုက်လံဖမ်းဆီးကြသည့် သိုက်စောင့်များကို အခြားတစ်ဖက်သို့ လမ်းလွှဲခေါ်ပြေးရင်း မကြာမှီမှာပင် ပြန်လည်၍ ဖမ်းမိသွားလေတော့သည်။ ထိုအခါ သိုက်နန်းရှင်မနှင့် မိဘများက ညီမဖြစ်သူအကြောင်းကို မေးမြန်းကြသော်လည်း လုံးဝမပြောဘဲ နေလေသည်။ ထို့ကြောင့် သိုက်နန်းရှင်မက အမျက်ဒေါသထွက်ကာ လူ့ပြည်သို့
ဘယ်သောအခါမျှ မသွားရဟု အပြစ်ပေးခြင်းကို ခံခဲ့ရလေတော့သည်။
********
သာရဘွင်ကျေးရွာတွင် နေထိုင်ကြသည့် ကိုဖိုးထွေးနှင့် မဝင်းဝင်းတို့ လင်မယားမှာ
မုန့်မျိုးစုံ လုပ်ကြပြီး ဘုရားပွဲဈေးများသို့ လှည်းဖြင့် သွားရောက်ရောင်းချလေ့ရှိ၏။
သူတို့ဇနီးမောင်နှံမှာ အိမ်ထောင်သက်
သုံးနှစ်ခန့်မျှရှိပြီး လွန်ခဲ့သောနှစ်က သားဦးလေးကို မွေးဖွားခဲ့သော်လည်း
ထိုသားလေးမှာ မီးတွင်းထဲ၌ပင် ဆုံးပါးသွားခဲ့ရရှာလေသည်။ ထို့ကြောင့်
ကိုဖိုးထွေးနှင့် မဝင်းဝင်းတို့မှာ အလွန်ပင် ဝမ်းနည်းကြေကွဲခဲ့ကြရပြီး နောက်ထပ် သားသမီးရတနာများကို အလွန်လိုချင်နေကြလေသည်။
တစ်ည။ မှတ်မှတ်ရရ ထိုညသည် ပုံတောင်ဘုရားပွဲသို့ မုန့်များကို သွားရောက်ရောင်းချခဲ့ပြီး ပြန်လာသော
ည ဖြစ်သည်။ ထိုညတွင် မဝင်းဝင်းသည် ထူးဆန်းသော အိပ်မက်တစ်ခုကို မြင်မက်လေ၏။ အိပ်မက်ထဲတွင် မဝင်းဝင်းမှာ
ရွာအပြင်တောစပ်နားတွင် ဆယ်နှစ်ခန့်
ရှိသော ကောင်လေးတစ်ယောက်နှင့်
ရှစ်နှစ်ခန့် ရှိသော ကောင်မလေးတစ်ယောက်တို့ကို တွေ့ရလေသည်။
ထိုကလေးနှစ်ယောက်မှာ အလွန်ပင် ချစ်စဖွယ်ကောင်းလှသဖြင့် မဝင်းဝင်းမှာ
မြင်မြင်ခြင်းပင် ချစ်မိသွားပြီး ငေးကြည့်နေမိလေသည်။
“ဒေါ်ဒေါ်။ ကျွန်တော်တို့ မောင်နှမ
ဒေါ်ဒေါ်တို့နဲ့ အတူလိုက်နေပါရစေ”
“သားနဲ့ သမီးက ဒေါ်ဒေါ်နဲ့ အတူနေချင်လို့လား။ ဒေါ်ဒေါ်လည်း သားနဲ့သမီးကို
မြင်မြင်ချင်း ချစ်ခင်မိပါတယ်။ လာ လာ အိမ်ကိုလိုက်ခဲ့ကြ”
ကောင်လေးမှ ခွင့်တောင်းလေသဖြင့်
မဝင်းဝင်းလည်း ဝမ်းသာသွားပြီး အိမ်သို့
ခေါ်ဆောင်လာခဲ့လေသည်။ သို့ဖြင့် အိမ်နားသို့ ရောက်သောအခါတွင် ကောင်မလေးသာ ပါလာပြီး ကောင်လေးကိုမူ မတွေ့ရတော့ချေ။ ထို့ကြောင့် အံ့အားသင့်သွားပြီး လိုက်လံရှာဖွေသော်လည်း မတွေ့ရတော့။ ထိုအချိန်မှာပင် အိပ်မက်မှ လန့်နိုးလာခဲ့လေတော့သည်။ မဝင်းဝင်းလည်း ဘေးတွင် အိပ်ပျော်နေသော
ခင်ပွန်းသည် ကိုဖိုးထွေးအား လှုပ်နှိုးလိုက်ပြီး
“ကိုဖိုးထွေး ကိုဖိုးထွေး။ ထပါဦး။ ကျွန်မ အိပ်မက် မက်လို့”
“အင်း အာ မိန်းမရာ။ ဘာအိပ်မက် မက်နေလို့လဲ။ ဒီမှာ အိပ်လို့ကောင်းနေတာကို”
“ကျွန်မ အိပ်မက်ထဲမှာ ရွာအပြင်
တောစပ်နားမှာ ကလေးလေးနှစ်ယောက်က ကျွန်မနဲ့ အတူလိုက်နေပါရစေဆိုလို့ ခေါ်လာတာ အိမ်နားရောက်တော့ ကောင်မလေးပဲ ပါလာတော့တယ်။
ကောင်လေးက ဘယ်နားကျန်နေခဲ့လဲ
မသိဘူး။ ကျွန်မလည်း လိုက်ရှာရင်းနဲ့
လန့်နိုးလာတာ။ အိပ်မက်ဆိုပေမဲ့ အပြင်မှာ တစ်ကယ်ဖြစ်နေသလိုကြီး ခံစားနေရတယ်တော့”
“ဟင် ဟုတ်လား။ ဒါဆို ငါတို့ ကလေးရတော့မလား မသိဘူး။ ငါကြားဖူးတာကတော့ အဲ့ဒီလို အိပ်မက်တွေမက်ရင် ကလေးရတော့မှာမလို့တဲ့ဟ။ ငါတို့သားသမီး ဖြစ်မဲ့သူက အိပ်မက်ပေးတာလို့ ထင်တယ်”
“တစ်ကယ် ကလေးရတော့မှာလား။ ဝမ်းသာလိုက်တာတော်။ ကျုပ် ကလေးအရမ်းလိုချင်နေတာ။ မြန်မြန် ရပါစေတော်”
“အေး ငါလည်း အတူတူလိုချင်တာဘဲ။ မြန်မြန် ကလေးရပါစေလို့ဘဲ ဆုတောင်းနေရတာ”
ထိုသို့ အိပ်မက်မက်ပြီး၍ သုံးလခန့်ကြာသောအခါတွင် မဝင်းဝင်းတွင် ကိုယ်ဝန်ရှိလာလေတော့သည်။ ထိုအခါ လင်မယားနှစ်ယောက်မှာ ပျော်ရွှင်၍မဆုံး ဖြစ်နေကြရလေသည်။ မဝင်းဝင်း ကိုယ်ဝန်ဆောင်သည်မှစ၍ သူတို့၏ မုန့်လုပ်ငန်းမှာ အဆင်ပြေလာပြီး ရွှေတိုရွှေစလေးများပင် ပိုင်ဆိုင်လာခဲ့ကြလေသည်။
******
ထိုသို့ဖြင့် မဝင်းဝင်း၏ ကိုယ်ဝန်မှာ
ကိုးလကျော်၍ ဆယ်လပြည့်မြောက်သော
အခါတွင် မွေးဖွားချင်သဖြင့် ဗိုက်နာလာလေရာ ကိုဖိုးထွေးလည်း အရပ်လက်သည် ဒေါ်တုတ်အား သွားရောက်ခေါ်ဆောင်ပြီး
မွေးဖွားပေးခိုင်းလေသည်။ မဝင်းဝင်း
ဗိုက်နာနေသဖြင့် မဝင်းဝင်း၏ မိခင်ကြီး
ဒေါ်အေးဝင်းနှင့် ဆွေမျိုးများလည်း
လာရောက်၍ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေကြသည်။ ကိုဖိုးထွေးမှာ မီးနေခန်း အပြင်ဘက်မှနေ၍ တတ်သမျှ ဘုရားစာများကို ရွတ်ဆိုနေရင်းမှ ဇနီးသည်မဝင်းဝင်း အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ပါစေဟု ဆုတောင်းနေမိလေ၏။
“အား အမေရေ နာလိုက်တာ အား”
“မွေးတော့မယ်။ ညှစ်ထား ညှစ်ထား။ ဟုတ်ပြီ”
“အဲ့ အဲ့ အူဝဲ အူဝဲ အူဝဲ”
“မွေးပြီဟေ့ မိန်းကလေးတော့။ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေး။ ဟင် ကလေးလက်နဲ့ ခြေထောက်တွေမှာ ဘာတွေပါလိမ့်”
“ဟင်”
“အို ဘုရား ဘုရား”
လက်သည်ဒေါ်တုတ်နှင့် မဝင်းဝင်း၏ မိခင်ကြီးဒေါ်အေးဝင်းမှာ ကလေးငယ်လေး၏ လက်နှင့် ခြေထောက်များမှ နီရဲနေသော အရာများကို မြင်တွေ့လိုက်ရသဖြင့် အံ့သြသွားပြီး သေချာကြည့်ရှုလိုက်သောအခါတွင် အလွန်ပင် အံ့အားသင့်သွားကြရလေတော့သည်။ အကြောင်းမှာ မွေးကင်းစ ကလေးငယ်လေး၏ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်စလုံးတွင် ကြိုးဖြင့်တုတ်နှောင်ထားသည့် ဒဏ်ရာလို အရာများကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်လေ၏။
“ဟင်း ^&&*&^=///^—
&^^^&*=&^ဟင်း ဟင်း”
ထိုအချိန်တွင် မဝင်းဝင်းမှာမိန်းမောနေရာမှထ၍ငုတ်တုတ်ထိုင်ပြီးလျှင် မည်သည့် ဘာသာစကားမှန်းမသိသော စကားများကို ကလေးအား လက်ညှိုးထိုးပြီး
ပြောဆိုနေသောကြောင့် မဝင်းဝင်း၏
မိခင်ကြီးဒေါ်အေးဝင်းနှင့် လက်သည်
ဒေါ်တုတ်တို့မှာ မဝင်းဝင်းအား ကြည့်လိုက်ကြရာ သူမ၏ အမူအရာမှာလည်း မျက်ထောင့်နီကြီးဖြင့် တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်ကို တွေ့ရသဖြင့် အခြေအနေမဟန်မှန်း ရိပ်မိကြပြီး အပြင်တွင် စောင့်နေကြသည့် ကိုဖိုးထွေးတို့အား လှမ်း၍ခေါ်လိုက်လေသည်။
“ဟဲ့ လာကြပါဦး။ ဒီမှာ ဝင်းဝင်း ဘာဖြစ်နေတာလဲ မသိဘူး”
ဒေါ်အေးဝင်း၏ စကားကြောင့် ကိုဖိုးထွေးနှင့် ဆွေမျိုးများ မီးနေခန်းထဲသို့ ဝင်လာကြ၏။
“မိန်းမ ဘာဖြစ်နေတာလဲ။ ဘာတွေ ပြောနေတာလဲ”
ကိုဖိုးထွေးက မေးလိုက်သော်လည်း မဝင်းဝင်းမှာ ကလေးအား လက်ညှိုးထိုးကာ မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ ကိုဖိုးထွေးတို့ နားမလည်သော စကားများကိုသာ
ဒေါသတကြီး ပြောဆိုနေလေသည်။ ထိုအခါတွင် ကိုဖိုးထွေးတို့၏ အိမ်သို့ရောက်ရှိနေကြသူများထဲမှ ဒေါ်အေဝင်း၏ မတ်’တော်စပ်သူ ကရင်လူမျိုးစောဖိုးခွားမှ
“အစ်မ ဝင်းဝင်းပြောနေတာ ကရင်စကားတွေ။ ကလေးကို တောင်းနေတာ”
“ဟင်..ဟုတ်လို့လားဟယ်။ ဝင်းဝင်းက ကရင်စကား လုံးဝမတတ်ဖူးလေ”
“ဟုတ်တယ် အစ်မရဲ့။ သူပြောနေတာက ‘လူ့ပြည်ကို ဒီလောက်လာချင်နေတဲ့ကလေး တစ်ခါထဲ ပြန်ခေါ်သွားမယ်
ပေးစမ်း’ တဲ့။ ဝင်းဝင်း ကြည့်ရတာ အခြေအနေမဟုတ်ဖူးနော်။ ကလေးကို အန္တရာယ်ပြုမဲ့ပုံစံ ဖြစ်နေတယ်”
“ဟုတ်တယ်။ သူ့ကိုကြည့်ရတာ ပုံမှန် မဟုတ်ဖူး။ တစ်ယောက်ယောက်က ဝင်ပူးကပ်နေသလိုဘဲ။ ဟဲ့ ကလေးကို အပြင်ခေါ်သွားကြစမ်း”
မီးနေခန်းအပြင်သို့ ကလေးကို ခေါ်ထုတ် သွားကြလေသည်။ ထိုအခါတွင် မီးနေခန်းထဲမှ မဝင်းဝင်းမှာ ဒေါသတစ်ကြီးအော်ဟစ်၍ နေလေ၏။ ထို့ကြောင့်
ဒေါ်အေးဝင်းမှရွာထဲရှိ ပယောဂဆရာကြီး ဦးစံထွန်းအား သွား၍ပင့်ခိုင်းလေရာ ကိုဖိုးထွေးလည်း အမြန်ပင်သွား၍ ပင့်လေတော့သည်။ ဆရာကြီးဦးစံထွန်းမှာ သရဘွင်ကျေးရွာမှပင်ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရွာများအထိ ပယောဂကုသပေးနေသော အထက်လမ်း ဆရာတစ်ဦးဖြစ်သည်။
ကိုဖိုးထွေးမှ အကြောင်းစုံကို ပြောပြပြီး လိုက်၍ကုသပေးရန် ပင့်လေသောအခါတွင် ဆရာကြီးဦးစံထွန်းမှ
“မောင်ဖိုးထွေးရေ။ ဆရာကြီးက မီးနေသည်အိမ်ကို လိုက်ပြီး ကုသပေးလို့ မရဘူးကွဲ့”
“ဗျာ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ဆရာကြီးရယ်။ ကျွန်တော့ မိန်းမက အခုမှ မီးဖွားပြီးတာ။ အခု ဘာကောင်ဝင်ပူးကပ်နေလဲ မသိဘူး။ လုပ်ပါဦး ဆရာကြီရယ်”
“အင်း ဒီလိုဆိုရင်တော့ မဝင်းဝင်းကို ဘေးအိမ်ကို ခေါ်ခဲ့ပါ။ အဲ့ဒီအိမ်ကို ဆရာကြီးလိုက်ကုသပေးပါမယ်”
“အဲ့ဒီလိုခေါ်လို့ အဆင်ပြေပါ့မလား ဆရာကြီး။ ပူးကပ်နေတဲ့သူက လိုက်ပါ့မလား”
“ဆရာကြီး အိမ်အပြင်ကနေ ကူညီပြီးအမိန့်ပေးညွှန်ကြားပေးပါမယ်။ မင်းတို့က ဘေက တွဲပြီး ခေါ်ခဲ့ကြပေါ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ ဆရာကြီး။ ဒါဆိုလည်း အခုပဲ လိုက်ခဲ့ပေးပါ ဆရာကြီး”
“ကောင်းပါပြီကွယ်။ ဆရာကြီး ဘုရားရှိခိုး၊ဆေးလွယ်အိတ်ယူပြီး လိုက်ခဲ့ပါမယ်”
ဆရာကြီးဦးစံထွန်းလည်း ကိုဖိုးထွေး၏ အိမ်ရှေ့သို့ လိုက်လာခဲ့ပြီး အိမ်ရှေ့မှ
မဝင်းဝင်း၏ ခန္ဓာကိုယ်၌ ပူးကပ်နေသူအား တစ်ဖက်အိမ်သို့ အမိန့်ပေး၍
ခေါ်ဆောင်လေသည်။
“ကဲ ဒီ ဗုဒ္ဓဟူးသမီးရဲ့ ခန္ဓာကိုယ်မှာ
ပူးကပ်နှောက်ယှက်နေတဲ့ပုဂ္ဂိုလ်။
အသင်နဲ့ ကျွန်ုပ် ဆွေးနွေးလို့ရအောင်
ဟိုဘက်အိမ်ကို လာခဲ့စေ။ အထက်ဆရာကြီးများအမိန့်၊ ငါဆရာရဲ့ အမိန့်။
ဆိုင်ရာပိုင်ရာက ပုဂ္ဂိုလ်များကလည်း ကူညီခေါ်ဆောင်ပေးကြပါ”
ထိုအခါတွင် မဝင်းဝင်းအား ပူကပ်နေသူမှာ ဆရာကြီးဦးစံထွန်း ခေါ်ဆောင်ရာ တစ်ဖက်အိမ်သို့ တစ်ဖြည်းဖြည်းခြင်း
လာနေလေတော့သည်။ ဘေးမှ ကိုဖိုးထွေးနှင့် ဒေါ်အေးဝင်းတို့မှ တွဲကူ၍ ပို့ကြလေ၏။ တစ်ဖက်အိမ်သို့ ရောက်သောအခါတွင် ဆရာကြီး ဦးစံထွန်းမှ
“ဟဲ့ ဒီကလေးမရဲ့ ခန္ဓာကိုယ်မှာ ဝင်ရောက်ပူးကပ်နှောက်ယှက်နေတာ ဘယ်သူလဲ”
မဝင်းဝင်းအား ပူးကပ်နေသူမှာ အခြားသူများကို မည်သို့မျှ ရန်ပြုခြင်းမရှိဘဲ ကလေးငယ် ရှိရာကိုသာ လက်ညှိုးထိုးပြီး
ပြောနေလေ၏။
“ဟဲ့ သင်က လူမျိုးခြားလား။ အားလုံးနားလည်အောင် မြန်မာလို ပြောစေ”
ဆရာကြီးဦးစံထွန်းမှာ
မဝင်းဝင်း၏ခန္ဓာကိုယ်တွင် ပူးကပ်နေသူ၏ ပြောစကားများကို နားမလည်သဖြင့်
မြန်မာလိုပြောရန် အမိန့်ပေးလိုက်၏။ ထိုအခါတွင် ပူးကပ်နေသူမှ အသံဝဲဝဲဖြင့် မြန်မာလို ပြောလေတော့သည်။
“ကျွန်မ ကရင်လူမျိုးပါ။ ပုံတောင်သိုက်နန်းရှင်မရဲ့ အခြွေအရံတွေပါ။ ဟောဒီကလေးမလေးက ကျွန်မရဲ့သမီးလေးပါ။ သူက သိုက်နန်းထဲမှာ မပျော်လို့ လူ့ပြည်ကို ခဏခဏထွက်ပြေးလွန်းလို့ သိုက်နန်းထဲမှာ ကြိုးနဲ့တုတ်ပြီး ထားခဲ့တာ။ ဒါကို
ကျွန်မတို့ အလစ်မှာ သူ့အစ်ကိုက
ကြိုးတွေဖြည်ပေးပြီး လူ့ပြည်ကို
မောင်နှမနှစ်ယောက် ထွက်ပြေးကြတယ်။ ကျွန်မတို့သိလို့ လိုက်ခေါ်တဲ့အခါမှာ
သူ့အစ်ကိုကိုပဲ ပြန်တွေ့ပြီး သူ့ကို
မတွေ့တော့ဘူး။ နောက်မှ ဗုဒ္ဓဟူးသမီး
ဆီမှာ လူဝင်စားလာဖြစ်နေတာ သိရတယ်။ အဲ့ဒါကြောင့် သိုက်နန်းကို အခုပြန်ခေါ်သွားမလို့ လာခဲ့တာ”
“ဟာ အဲ့ဒီလို လုပ်လို့မရဘူးလေ။ အခုက သူက လူ့ဘဝရောက်နေပြီ။ ပြီးတော့ သူမိဘတွေကလည်း ရှိသေးတယ်။ သင် ပြန်ခေါ်သွားရင် သူတို့မှာလည်း အလွန်ခံစားကြရမှာဘဲ။ သင် ကိုယ်ချင်းစာကြည့်လေ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီကလေးမလေးကို ပြန်ခေါ်သွားမှ ဖြစ်မှာပါ။ မဟုတ်ရင် သိုက်နန်းရှင်မက အပြစ်ပေးတာ ခံရလိမ့်မယ်”
“အဲ့ဒီလို လုပ်လို့မရဘူးလေ။ ပြီးတော့ ကလေးနဲ့ သင်တို့က ဘဝခြားနေကြပြီ။
ပြန်ခေါ်ဖို့ ခွင့်မပြုနိုင်ဘူး။ သင်တို့ကို အပြစ်မပေးရလေအောင် ဆရာ
သိုက်နန်းရှင်မကို ခေါ်ပြောမယ်”
“ကောင်းပါပြီ။ သိုက်နန်းရှင်မက ခွင့်ပြုတယ်ဆိုရင် ကျွန်မတို့လည်း သဘောတူပါတယ်”
“ကောင်းပြီ။ သင်လည်း အလိုရှိရာ သွားနိုင်ပြီ။ သင် ဝင်ပူးနေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က အခုမှ မီးဖွားပြီးထားတာ။ ကြာနေရင် မကောင်းဘူး။ အမြန်ထွက်ခွာပေတော့”
ဆရာကြီးဦးစံမြင့်မှ အမိန့်ပေးလိုက်ရာ ပူးကပ်နေသူမှာ ထွက်ခွာသွားလေတော့သည်။ ထိုအခါ မဝင်းဝင်း၏ မိခင်ကြီးဒေါ်အေးဝင်းနှင့် ဆွေမျိုးများက ဝိုင်းဝန်းပြုစုကြလေသည်။
“ကဲ ဒေါ်အေးဝင်းရေ။ သိုက်နန်းရှင်မကို ခေါ်ပြီး နောက်ကို အနှောက်အယှက်
မပေးအောင် ပြောရမယ်။ ဒါမှ ကလေးအတွက် စိတ်ချရမှာ”
” ဆရာကြီး ကောင်းသလိုသာ
စီစဉ်ပါ။ အရေးကြီးတာက ကလေးကို နောက်ထပ် အန္တရာယ်မပေးဖို့ပဲ”
“ဟုတ်ကဲ့။ မဝင်းဝင်းနဲ့ ကလေးအတွက် အန္တရာယ်ကင်းရအောင် ချည်မန်းကြိုးလေးတွေ လုပ်ပေးခဲ့မယ်။ သူတို့လည်ပင်းမှာ ဆွဲပေးထားလိုက်ပါ။ ဘယ်လို အမှောင့်ပယောဂမှ မကပ်နိုင်ပါဘူး။ သိုက်နန်းရှင်မကိုခေါ်ပြီး ကလေးရဲ့ အသက်ကို
တောင်းဖို့ကတော့ နောက်လေးငါးရက်နေမှ
လုပ်မယ်။ ဒီကြားထဲမှာ စီစဉ်စရာရှိတာတွေ စီစဉ်ရဦးမယ်”
ဟု ပြော၍ မဝင်းဝင်းနှင့် ကလေးငယ်အတွက် ချည်မန်းကြိုးများကို ပေးထားခဲ့ပြီး ပြန်သွားလေတော့သည်။
*****
ဒေါ်အေးဝင်းလည်း ဆရာကြီးဦးစံထွန်းပေးခဲ့သော ချည်မန်းကြိုးများကို
မဝင်းဝင်းနှင့် ကလေးငယ်လေး၏ လည်ပင်းတွင် ချည်နှောင်ပေးလိုက်သည်။
ဆရာကြီးဦးစံထွန်းမှာ မဝင်းဝင်း
မီးထွက်ပြီးသည့် အချိန်အထိ စောင့်ဆိုင်းနေခဲ့ပြီး မီးထွက်ပြီး၍ ငါးရက်ခန့်
ကြာသောအခါတွင် ပုံတောင်သိုက်နန်းရှင်မကိုခေါ်၍ ကလေးငယ်၏ အသက်တောင်းခြင်းကို ပြုလုပ်လေတော့သည်။
ရွာထဲမှ ရွာသူ/ရွာသားများလည်း
စိတ်ဝင်တစား လာ၍ကြည့်ရှုကြလေသည်။
“သမီးမဝင်းဝင်း။ ဘုရားရှိခိုးပြီး ဆရာကြီးကို အသက်နဲ့ခန္ဓာ အပ်ပါ”
မဝင်းဝင်းလည်း ဘုရားရှိခိုးပြီး ဆရာကြီးဦးစံထွန်အား အသက်နှင့်ခန္ဓာကို အပ်နှံလေသည်။
“ကဲ ပုံတောင်သိုက်နန်းရှင်မ သင်နဲ့ကျွန်ုပ်
ဟောဒီကလေးငယ်လေးအကြောင်းကို
ဆွေးနွေးလိုပါသဖြင့် အခုချက်ချင်း ကျွန်ုပ်ရှေ့သို့ လာရောက်ခဲ့ပါ။ မသိ မကြား မရှိစေရ။ လိမ်ညာလှည့်ဖြားခြင်း မရှိစေရ။ ဆိုင်ရာ ပိုင်ရာက ပုဂ္ဂိုလ်များက ခေါ်ဆောင်လာခဲ့ကြစေ။ ဘုရားငါးဆူ အမိန့်၊
အထက်ဆရာကြီးများ အမိန့်၊ ငါဆရာ အမိန့်၊ ယခုချက်ချင်းရောက်စေ”
ဆရာကြီးဦးစံထွန်းမှ အမိန့်ပြန်ပြီး
ခဏအကြာတွင် မဝင်းဝင်းမှ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာပြီး
“ဆရာကြီး။ ကျွန်ုပ်ကို ဘာကိစ္စကြောင့် ခေါ်ရတာလဲ”
“သင်က ပုံတောင်သိုက်နန်းရှင်မ ဟုတ်ပါသလား”
“ဟုတ်တယ်။ ကျွန်ုပ်က ပုံတောင်သိုက်နန်းကို အုပ်ချုပ်နေတဲ့ သိုက်နန်းရှင်မဘဲ။
ဘာအကြောင်းကိစ္စရှိလို့ ကျွန်ုပ်ကိုခေါ်တာလဲ”
“သင့်ကို ခေါ်ရတဲ့ကိစ္စကတော့ ဟောဒီကလေးမလေးအကြောင်း ဆွေးနွေးခြင်လို့ဘဲ။ ဒီကလေးမလေးက သင်ရဲ့အခြွေအရံထဲကဆိုတာ ဟုတ်ပါသလား”
“ဟုတ်တယ်။ သူက ကျွန်ုပ်ရဲ့သိုက်နန်းက အခြွေအရံဘဲ။ ခဏခဏထွက်ပြေးလွန်းလို့ သိုက်နန်းထဲမှာ ကြိုးနဲ့တုတ်နှောင်ထားခဲ့တာ။ ဒါကို သူ့အကိုက ကြိုးတွေဖြည်ပေးပြီး ကူညီခဲ့လို့ လူ့ပြည်ကို ထွက်ပြေးလာတာဘဲ”
“ကောင်းပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အခုဒီကလေးမလေးက လူ့ပြည်ကို ရောက်နေပြီ။ ဒါကြောင့် သင်တို့အနေနဲ့ အန္တရာယ်
မပြုကြဖို့ ဆရာကြီး မေတ္တာရပ်ခံပါတယ်”
“ဒါတော့ မဖြစ်ပေဘူး။ သူ့ကို သိုက်နန်းထဲကို ပြန်ခေါ်ရမယ်”
“ဒါပေမဲ့ အခုကလေးမလေးက လူ့ပြည်ကို ရောက်နေပြီလေ။ ဒါကို သင်က ပြန်ခေါ်သွားမယ်ဆိုရင် ဒီက ကလေးမလေးရဲ့ မိဘတွေ ဘယ်လိုခံစားကြရမလဲ။ သူတို့ရဲ့ ရင်သွေးငယ်လေးက လူဖြစ်လာတာမှ
မကြာသေးဘူး ချက်ချင်းခွဲခွာကြရမယ် ဆိုရင် သူတို့ခမျာမှာ ဘယ်လောက်တောင် ခံစားကြရလေမလဲ။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကလေးမလေးကို လူ့ပြည်မှာ အချိန်ကာလတစ်ခုအထိ နေထိုင်ခွင့်ပြုဖို့ ဆရာကြီး မေတ္တာရပ်ခံနေတာပါ”
“ကောင်းပါပြီ။ ဆရာကြီးရဲ့ မေတ္တာရပ်ခံချက်အရ ကျွန်ုပ် ဒီကလေးမလေးကို
လူတို့အသက် (၁၇)နှစ်အထိ နေထိုင်ခွင့် ပြုပေးခဲ့မယ်”
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီ(၁၇)နှစ်အတွင်းမှာ ကလေးမလေးကို လုံးဝ အန္တရာယ်မပြုပါဘူးလို့ သစ္စာကတိ ပြုခဲ့ပေးပါ”
“ဆရာကြီးတောင်းတဲ့ကတိကို ကျွန်ုပ်ပေးပါမယ်။ ကျွန်ုပ် ခွင့်ပြုပေးထားတဲ့ (၁၇)နှစ်တာကာလအတွင်းမှာ ကျွန်ုပ်တို့သိုက်နန်းက မည်သူမှ အန္တရာယ်မပေးစေရပါဘူး။ ကျွန်ုပ် ကတိပေးပါတယ်။ ကျွန်ုပ်တို့ကိုလည်း ကုသိုလ်ကောင်းမှုတွေ ပြုပြီး အမျှအတန်းဝေပေးပါ”
“ကောင်းပါပြီ။ သင်တောင်းဆိုတာတွေကိုလည်း ဆရာကြီးဆောင်ရွက်ပေးပါမယ်။
ပြီးတော့ ကလေးမလေးရဲ့ လက်နဲ့ခြေထောက်က ကြိုးတုတ်ခံထားရတဲ့ ဒဏ်ရာတွေကိုလည်း ပြန်ယူသွားပေးပါ။
သင်လည်း အလိုရှိရာကို သွားနိုင်ပါပြီ”
“ကောင်းပါပြီဆရာကြီး။ ကလေးမလေးရဲ့
ဒဏ်ရာတွေကို ပြန်ယူသွားပေးပါမယ်။ နောက်ပြီး ဆရာကြီးကို ကျွန်ုပ်
တစ်ခုလောက် တောင်းဆိုချင်ပါသေးတယ်။ အဲ့ဒါကတော့ ဟောဒီကလေးမလေးရဲ့ အကိုဖြစ်သူက သူ့နှမလေးကို ခေတ္တခဏမျှ ကြည့်ချင်လို့ပါတဲ့။
ဘာအန္တရာယ်မှ မပေးပါဘူးလို့
ကျွန်ုပ် တာဝန်ယူပါတယ်။
တွေ့ခွင့်ပြုပေးပါ ဆရာကြီး။ ဆရာကြီး
ခွင့်ပြုတယ်ဆိုရင် ကျွန်ုပ်ထွက်ခွာသွားတာနဲ့ သူ့အကိုဖြစ်သူကို ခေတ္တဝင်ခိုင်းလိုက်ပါမယ်။ ခွင့်ပြုပေးပါ ဆရာကြီး”
“ကောင်းပြီ။ ကလေးမလေးကို အန္တရာယ်
မပြုဘူးဆိုရင် ခဏတွေ့ခွင့်ပေးပါမယ်”
“ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဒီလိုဆိုရင် ကျွန်ုပ်ကို သွားခွင့်ပြုပါ”
“ကောင်းပါပြီ။ သင် အလိုရှိရာ သွားနိုင်ပါပြီ”
ဆရာကြီးဦးစံထွန်းမှ အမိန့်ပေးလိုက်သောအခါတွင် ပုံတောင်သိုက်နန်းရှင်မလည်း ဘုရားဦးချ၍ ထွက်ခွာသွားလေတော့သည်။ ပုံတောင်သိုက်နန်းရှင်မ
ထွက်ခွာသွားသည်နှင့် ကလေးမလေး၏ အကိုဖြစ်သူမှ ပူးဝင်လာကာ တွေ့ခွင့်တောင်းသဖြင့် ဆရာကြီးဦးစံထွန်းမှ ခဏတာမျှ တွေ့ခွင့်ပြုလေသည်။ မဝင်းဝင်း၏
ခန္ဓာကိုယ်တွင် ပူးဝင်နေသော ကလေးမလေး၏ အကိုဖြစ်သူမှာ ကလေးမလေးကို ကြည့်နေရင်းမှ မျက်ရည်များ စီးကျနေလေပြီး ခဏမျှအကြာတွင် ထွက်ခွာသွားလေတော့သည်။ ကြည့်ရှုနေကြသူများမှာလည်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရလေသည်။
******
ကိုဖိုးထွေးနှင့် မဝင်းဝင်းတို့မှာ သမီးလေးအား အသက်တောင်းပြီးချိန်မှ စ၍ နောက်ပိုင်းတွင် မည်သည့်အနှောက်အယှက်မျှ မကြုံတွေ့ရတော့သဖြင့်
စိတ်အေးရလေသည်။ ထို့အပြင် အသက်တောင်းပြီး ဆယ်ရက်ခန့်အကြာတွင် ကလေးငယ်လေး၏ လက်နှင့် ခြေထောက်တို့မှ ကြိုးတုတ်ရာများသည်လည်း တဖြည်းဖြည်း ပျောက်ကင်းသွားလေသည်။ ကလေးငယ်လေး၏ အမည်ကိုလည်း မေသဇင်မြိုင် ဟုမှည့်ခေါ်ခဲ့ကြလေသည်။
ထိုသို့ဖြင့် မေသဇင်မြိုင်လေး စကားပြောတတ်စ အရွယ်တွင် ထိုင်းနိုင်ငံထဲသို့ မိသားစုလိုက် ပြောင်းရွှေ့၍ အလုပ်လုပ်ကိုင်ကြလေသည်။ ထိုအခါတွင် မေသဇင်မြိုင်လေး ပြောဆိုသမျှမှာ မှန်ကန်နေတတ်လေ၏။ မေသဇင်မြိုင်သည် သိတတ်စအရွယ်မှာပင် ဘုရား တရား သံဃာ ရတနာသုံးပါးကိုအလွန်ကြည်ညို၏။ သူမ၏ ဘေးနားတွင် ဝတ်ဖြူစင်ကြယ်နှင့် အဖိုးအိုတစ်ဦး အမြဲရှိနေသည်ဟု စိတ်ထဲမှ သိနေသည်။
ထိုအဖိုးအိုက ‘သမီး ဘုရားတရား
မမေ့လေနဲ့။ သမီးကို ကယ်တင်နိုင်တာ ဘုရား တရား သံဃာရတနာသုံးပါးပဲ ရှိတယ်ကွဲ့’ ဟု အိပ်မက်ထဲတွင် မကြာခဏ ပြောဆိုလေ့ရှိသည်။ သို့သော် ထိုအဖိုးအိုမှာ မည်သူမည်ဝါမှန်း မေသဇင်မြိုင် မသိရပေ။
ကိုဖိုးထွေးနှင့် မဝင်းဝင်းတို့မှာ သမီးလေးမေသဇင်မြိုင် အသက်ငါးနှစ်အရွယ်သို့ ရောက်သောအခါတွင် ကျောင်းတက်ရန်အတွက် မဝင်းဝင်း၏ မိခင်ကြီး
ဒေါ်အေးဝင်းဆီသို့ ပို့၍ ကျောင်းတက်စေလေ၏။ ထိုအချိန်တွင် ဒေါ်အေးဝင်းတို့မှာ သာရဘွင်ကျေးရွာမှ တကူကျေးရွာသို့ပြောင်းရွှေ့နေထိုင်ကြသဖြင့်
မေသဇင်မြိုင်လေးမှာလည်း တကူကျေးရွာရှိ ကျောင်းနှင့်နီးရာ အဒေါ်ဖြစ်သူ၏ အိမ်၌ နေထိုင်ကျောင်းတက်ရင်း ကြီးပြင်းလာခဲ့လေသည်။ မေသဇင်မြိုင်
လေးတန်းသို့ ရောက်သောအချိန်တွင် ထူးဆန်းသောအိပ်မက်ကို မက်လေ၏။ အိပ်မက်ထဲတွင် နန်းတော်လို အဆောက်အဦးကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီး ရှေးခေတ်အဝတ်အစားများဖြင့် လူများမှာ ပွဲတော်ကြီးတစ်ခု ကျင်းပနေသကဲ့သို့ ရှိနေကြပြီး ထိုလူများကို
သူမစိတ်ထဲတွင် ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော် စကားပြောခွင့်မရ။
ထိုလူများထဲတွင် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်မှာ အခြားသူများကဲ့သို့
ပျော်ရွှင်နေခြင်းမရှိပဲ ငေးမှိုင်နေသည်ကို တွေ့ရလေသည်။ ထိုကောင်လေးမှ
မေသဇင်မြိုင် မသိသော နာမည်တစ်ခုကို သူမအား ရည်ရွယ်ပြီးခေါ်နေသော်လည်း ထူးခွင့်မရ။ ငေးကြည့်နေရင်းရင်ဘတ်ထဲမှ အောင့်လာသလို ခံစားရပြီး မျက်ရည်များ စီးကျနေမိလေသည်။ ထိုအချိန်မှာပင် အိပ်မက်မှ လန့်၍နိုးလာခဲ့လေတော့သည်။ အိပ်မက်ဆိုသော်လည်း သူမစိတ်ထဲတွင် အပြင်မှာပင် လက်တွေ့ဖြစ်ပျက်နေသလို ခံစားရပြီး ဝမ်းနည်းနေမိ၏။ လူကြီးများ စိတ်ပူကြရမည်ကို စိုးရိမ်သဖြင့် အိပ်မက်အကြောင်းကို မည်သူ့ကိုမှ မပြောပဲ နေခဲ့လေသည်။ ထိုသို့ အိပ်မက် မက်သည်မှလွဲ၍ အခြားမည်သည့်အနှောက်အယှက်မှ မဖြစ်တော့လေသဖြင့် လူကြီးများမှာလည်း မေ့မေ့ပျောက်ပျောက်ပင် နေခဲ့ကြလေတော့သည်။
*******
မေသဇင်မြိုင် အသက်(၁၇)နှစ် ပြည့်သောနှစ်တွင် ကျန်းမာရေးချို့တဲ့လာပြီး မကြာခဏ နေမကောင်းဖြစ်လာသည်။
စာကျက်၍ မရနိုင်လောက်အောင် ပြင်းထန်စွာ ခေါင်းကိုက်သည်။
ထိုအချိန်တွင် အိပ်မက်များလည်း မကြာခဏ မက်လေသည်။
သူမငယ်စဉ်က မက်ခဲ့သော အိပ်မက်ထဲမှ ကောင်လေးမှ
“ညီမတော်။ ညီမတော်ကို အကိုတော် လွမ်းလှပြီ။ ဖထီးတို့ အမိုးတို့ကလဲ လွမ်းနေကြပြီ။ သိုက်နန်းရှင်မကြီးကလဲ ပြန်ခေါ်ခိုင်းနေပြီ။ အဲ့ဒါကြောင့် အကိုတော် လာခေါ်တာ။ အကိုတော်နဲ့ သိုက်နန်းကို ပြန်လိုက်ခဲ့တော့နော်”
မေသဇင်မြိုင်မှာ သူမအား ခေါ်နေသည့် ကောင်လေးကို ငေးကြည့်မိနေရင်းမှ
ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
ထိုကောင်လေးအား စိတ်ထဲမှ အလွန်ရင်းနှီးနေမိသဖြင့် ကောင်လေး ခေါ်ဆောင်ရာနောက်သို့ လိုက်သွားလျှင် ကောင်းလေမလားဟု တွေးမိချိန်တွင် နားထဲ၌
“သမီးငယ်။ မလိုက်သွားလေနဲ့။ ရခဲလှတဲ့ လူ့ဘဝကြီးမှာနေပြီး ကုသိုလ်တရားတွေ ပွားများပါ သမီးငယ်”
ဟု ပြောလိုက်သော ဝတ်ဖြူစင်ကြယ်နှင့်
အဖိုးအို၏အသံကို ကြားလိုက်ရသဖြင့်
“အို…ရှင့်ကိုလည်း ကျွန်မ မသိဘူး။
ရှင်ခေါ်တဲ့ဆီကိုလည်း မလိုက်နိုင်ဘူး”
ဟု ပြောဆိုလိုက်လေရာ သူမကိုခေါ်နေသော ကောင်လေး၏ မျက်နှာမှာ ညှိုးငယ်သွားပြီး ထွက်ခွာသွားလေသည်။
ထိုသို့သော အိပ်မက်များကို ဆက်တိုက်မက်နေသဖြင့် အဒေါ်ဖြစ်သူအား
ပြောပြသော်လည်း မယုံကြည်ကြပဲ
အမှုမဲ့အမှတ်မဲ့သာ နေကြလေသည်။
ထိုမှ အလွန်ပင် နေထိုင်မကောင်းဖြစ်လာသည့် အချိန်ကျမှ အဒေါ်ဖြစ်သူမှ ပုံတောင်သိုက်နန်းရှင်မထံတွင်
အသက်တောင်းထားသည့်အကြောင်းကို
သတိရသွားပြီး ဒေါ်အေးဝင်းအား ပြောပြလေတော့မှ စိုးရိမ်သွားကြရပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော
မေသဇင်မြိုင်၏ မိဘများထံသို့ အကြောင်းကြားလေရာ ကိုဖိုးထွေးနှင့်
မဝင်းဝင်းတို့လည်း မေသဇင်မြိုင်ရှိရာ
တကူရွာသို့ ချက်ချင်းပြန်လာခဲ့ကြလေတော့သည်။ ထို့နောက် ပယောဂဆရာတစ်ယောက်အား ပင့်၍ပြသကြလေသည်။
(ထိုအချိန်တွင် မေသဇင်မြိုင် ငယ်စဉ်က အသက်တောင်းပေးခဲ့သော ဆရာကြီး
ဦးစံထွန်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။)
ပယောဂဆရာမှ မေသဇင်မြိုင်အား စမ်းသပ်စစ်ဆေးပြီး
“ကလေးမလေးက သိုက်ကလာတာ။ တောင်းထားတဲ့အသက်ပြည့်လို့
အရင်ဘဝက သူ့အကိုတော်စပ်ခဲ့သူက ပြန်လာခေါ်နေတာပါ။ ကလေးမလေးကို စောင့်ရှောက်နေသူက ခွင့်မပြုလို့ ခေါ်လို့မရသေးတာ”
“ဟင် ဒါဆို ဘယ်လိုလုပ်ရမလဲဆရာ။ ကူညီပါဦး”
“ကျွန်တော်က အဲ့ဒီလောက်အထိ
လုပ်မပေးနိုင်ပါဘူး။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာကိုရှာပြီး သိုက်ကြိုးဖြတ်မှ စိတ်ချရပါမယ်။ မဟုတ်ရင်
မကြာခင်မှာဘဲ ကလေးမလေးကို
သိုက်က ပြန်ခေါ်သွားပါလိမ့်မယ်”
ဟု ပြောလေသဖြင့် ဒေါ်အေးဝင်းတို့လည်း
သိုက်ကြိုးဖြတ်ပေးနိုင်မည့်ဆရာကို အပူတပြင်း လိုက်လံရှာဖွေကြလေတော့သည်။ ထိုအခါတွင် ပြည်ကြီးမဏ္ဍိုင်ရွာမှ နယ်လှည့်ကုသနေသော အထက်လမ်းဆရာမ ဒေါ်နမ်းခမ်းမှာ အမှောင့်ပယောဂအတိုက်များ၊ အောက်လမ်းစုန်းကဝေတို့၏
ပြုစားနှောက်ယှက်ခြင်းများ၊ သိုက်ကြိုးဖြတ်ခြင်း စသည်တို့ကို ကျွမ်းကျင်နိုင်နင်းစွာ ကုသပေးသည်ဟု ကြားရသဖြင့်
ကိုဖိုးထွေးလည်း သွားရောက်၍ ပင့်လာခဲ့လေသည်။ တကူရွာသူ/ရွာသားများမှာလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုကြလေသည်။
ဆရာမဒေါ်နန်းခမ်းမှ မေသဇင်မြိုင်အား အသက်နှင့်ခန္ဓာ အပ်နှံခိုင်းပြီးလျှင် စစ်ဆေးလေရာ ကျန်းမာရေးမကောင်းအောင် ပြုလုပ်ထားသည်ကို သိရသဖြင့် ခေါ်ယူစစ်မေးလေသည်။ ထိုအခါ နှောက်ယှက်ထားသူမှ ပူးဝင်လာပြီးလျှင်
“ကျွန်တော်က အရင်ဘဝက သူ့အကိုပါ။ ပုံတောင်သိုက်နန်းရှင်မရဲ့ အခြွေအရံတွေပါ။ အခု ညီမတော်မှာ သိုက်နန်းရှင်မ
ခွင့်ပြုထားသည့် သက်တမ်းပြည့်ပြီဖြစ်လို့ ပြန်ခေါ်မလို့ပါ”
“အဲ့ဒီလို လုပ်လို့မရဘူးလေ။ အခု သင်နှောက်ယှက်ထားလို့ ဒီဘဝက မိဘများနဲ့ ဆွေမျိုးများမှာ အလွန်စိုးရိမ်ပူပန်နေကြရပြီ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ပြန်ခေါ်မှ ဖြစ်မှာပါ။ ဖထီးနဲ့ အမိုးကလည်း ပြန်လာစေချင်နေပါပြီ။ သိုက်နန်းရှင်မကလည်း ပြန်ခေါ်ခိုင်းနေပါပြီ။ အဲ့ဒါကြောင့် ပြန်ခေါ်ဖို့ လုပ်နေရတာပါ”
“သင်တို့ ပြန်ခေါ်ချင်တိုင်းခေါ်ဖို့ ဆရာမ ခွင့်မပြုနိုင်ပါဘူး။ ဒီကြာသပတေးသမီးနဲ့ သင်တို့က ဘဝခြင်းခြားနေကြပြီလေ။
ပြီးတော့ သူက ဘဝဟောင်းကိုပြန်လိုတဲ့စိတ် မရှိတော့ဘူးဆိုရင် သင်တို့ မခေါ်ပါနဲ့တော့။ လူ့ဘဝမှာဘဲ သက်တမ်းစေ့နေပြီး ကုသိုလ်တရား ပွားများပြီး ကောင်းရာမွန်ရာ ဘုံဘဝကို တက်လှမ်းခွင့် ပြုပေးလိုက်ပါလို့ ဆရာမ မေတ္တာရပ်ခံပါတယ်”
“အဲ့ဒီလိုတော့ မရက်စက်ပါနဲ့ ဆရာမရယ်။ ကျွန်တော်တို့ မိသားစုသံယောဇဉ်ကိုလည်း ငဲ့ညှာပေးပါဦး”
“အခုဘဝမှာလည်း သူ့မှာ မိသားစုရှိနေပြီလေ။ ကောင်းပြီ ကာယကံရှင်ကို ဆရာမ မေးပေးမယ်။ သူက ဘဝဟောင်းကို ပြန်လိုတဲ့စိတ် ရှိတယ်ဆိုရင် ပြန်ခေါ်ခွင့် ပြုပေးမယ်။ မပြန်ချင်တော့ဘူးဆိုရင်တော့
ပြန်ခေါ်ခွင့် မပြုနိုင်ဘူး။ သင် ခေတ္တခဏမျှ ထွက်ခွာပေတော့”
ဆရာမနန်းခမ်းမှ အမိန့်ပေးလိုက်လေရာ ပူးကပ်နေသူမှာ ထွက်ခွာသွားလေသည်။ ထိုအခါ ဆရာမနန်းခင်မွှေးမှ မေသဇင်မြိုင်အား
“ကဲ သမီး။ သမီးရဲ့အရင်ဘဝက
အကိုတော်က သိုက်နန်းကို ပြန်ခေါ်မလို့တဲ့။ သမီးရဲ့ ဆန္ဒကရော သိုက်နန်းကို ပြန်လိုတဲ့စိတ် ရှိပါသလား။ သေချာစဉ်းစားပြီး
ဖြေပါ။ သမီးစိတ်ပြတ်မှ ဆရာမလည်း လုပ်စရာရှိတာ ဆက်လုပ်လို့ရမှာ”
“သမီး ပြန်မလိုက်ချင်ပါဘူး ဆရာမ”
“သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ
ဖြေနော် သမီး”
“သမီး သေချာစဉ်းစားဆုံးဖြတ်ပြီး ပြောတာပါ။ လူ့ဘဝမှာပဲ သက်တမ်းစေ့နေပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ချင်ပါတယ်”
“သေချာပြီနော် သမီး”
“သေချာပါပြီ ဆရာမ”
“ကောင်းပြီသမီး။ သမီး လူ့ဘဝမှာ သက်တမ်းစေ့နေပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်စေဖို့ သိုက်ကြိုးဖြတ်ပေးမယ်။ သမီး သဘောတူပါသလား”
ဆရာမနန်းခမ်း၏ အမေးကို ခဏတာမျှ စဉ်စားလိုက်ပြီး
“သမီး သဘောတူပါတယ်။ သိုက်နန်းကို လုံးဝပြန်သွားချင်တဲ့စိတ် မရှိပါဘူး။ ဆရာမ ကောင်းသလိုသာ စီစဉ်ပေးပါ”
ဟု ပြောလေသဖြင့် ဆရာမဒေါ်နန်းခမ်းလည်း ကန်တော့ပွဲများကို ပြင်ဆင်ခိုင်းပြီး
ဘုရားပွဲ၊ အထက်ဝိဇ္ဇာကြီးများပွဲနှင့်
သိုက်ပွဲများပေး၍ မေသဇင်မြိုင်အား သိုက်ကြိုးဖြတ်ရန် စီစဉ်လေတော့သည်။
ဆရာမဒေါ်နန်းခမ်းအား ဂိုဏ်းတူဆရာတစ်ယောက်မှ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလေသည်။ အားလုံးစီစဉ်ပြီးသောအခါတွင် ပုံတောင်သိုက်နန်းရှင်မအား ခေါ်ယူ၍ ဆွေးနွေးပြောဆိုလေသည်။
“ပုံတောင်သိုက်နန်းရှင်မရှင့်။ ဟောဒီကလေးမလေးက သင်တို့ရဲ့ သိုက်နန်းကို လုံးဝမပြန်လိုတော့တဲ့အတွက် သင်တို့အနေနဲ့လည်း ကလေးမလေးကို နောက်နောင် ဘယ်သောအခါမှ ပတ်သက်ခြင်း၊ အန္တရာယ်ပြုခြင်းများ မပြုလုပ်ကြဖို့ဆရာမ မေတ္တာရပ်ခံချင်ပါတယ်”
“မဖြစ်နိုင်ဘူး ဆရာမ။ ကျွန်ုပ်ရဲ့ သိုက်နန်းက အစောင့်တွေကို လူ့ပြည်ကို သွားခွင့်
မပေးခဲ့ဘူး။ ဒီကလေးမလေးကလည်း
သိုက်နန်းက ခိုးထွက်ပြီး လူ့ပြည်ကိုရောက်လာတာ။ အရင်တစ်ခါ အသက်တောင်းတုန်းက ကျွန်ုပ် ခွင့်ပြုခဲ့ပြီးပြီ။
ဒီတစ်ခါတော့ ခွင့်မပြုနိုင်ဘူး”
“ကာယကံရှင်က ပြန်ချင်တဲ့စိတ် မရှိတော့ဘူးလေ။ အဲ့ဒါကြောင့် လူ့ဘဝမှာဘဲ သက်တမ်းစေ့နေပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး အေးအေးချမ်းချမ်းနေခွင့်ပြုပေးပါ။ သင်တို့အတွက်လဲ အမျှအတန်းပေးဝေပေးပါလိမ့်မယ်”
“မဖြစ်ဖူး ဆရာမ။ ကျွန်ုပ်ပေးထားတဲ့ အသက်ပြည့်ပြီဖြစ်လို့ သိုက်နန်းကို ပြန်ခေါ်ရပါမယ်။ ကျွန်ုပ် ခွင့်ပြုထားခဲ့တဲ့ အချိန်အတွင်းမှာ ကတိပြုထားတဲ့အတိုင်း
အနှောက်အယှက် မပြုခဲ့ပါဘူး”
“ဆရာမက သင့်ကိုမေတ္တာရပ်ခံနေတာပါ။ ဒါကို လက်မခံဘူးဆိုရင်တော့ သင်တို့ရဲ့ အကြီးအကဲသိုက်ချုပ်ဘိုးတော်ကို ခေါ်ပြီး ပြောရလိမ့်မယ်။ ဆရာမ အခုလိုပြောနေတာကလည်း ကာယကံရှင်ဖြစ်တဲ့
ကလေးမက သိုက်နန်းကို လုံးဝပြန်လိုတဲ့စိတ် မရှိတော့ပြီဖြစ်လို့ သင့်ကို မေတ္တာရပ်ခံရခြင်း ဖြစ်ပါတယ်”
ဆရာမဒေါ်နန်းခမ်းမှ သိုက်ချုပ်ဘိုးတော်အား ခေါ်၍ ပြောဆိုမည်ဟု ဆိုသောအခါတွင် သိုက်နန်းရှင်မမှာ ငြိမ်၍သွားလေတော့၏။
“ကျွန်ုပ် ဆရာမရဲ့ ပညာကိုလေးစားပါတယ်။ ကျွန်ုပ်တို့ရဲ့ အကြီးအကဲဖြစ်တဲ့ သိုက်ချုပ်ကိုလည်း ခေါ်ယူဆွေးနွေးနိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သိုက်နန်းမှာလဲ ကလေးမလေးရဲ့ အရင်ဘဝဟောင်းက မိဘတွေနဲ့ အကိုရှိပါတယ်။ သူတို့ရဲ့ သံယောဇဉ်တွေကိုရော ဆရာမ ထည့်မတွက်ပေးတော့ဘူးလား”
ပုံတောင်သိုက်နန်းရှင်မမှာ ဆရာမ
ဒေါ်နန်းခမ်း၏ပညာကို မယှဉ်နိုင်မှန်း
သိသဖြင့် မေသဇင်မြိုင်၏ ဘဝဟောင်းမှ မိဘများအကြောင်းကို ပြောဆိုပြန်သည်။
“အခုဘဝမှာလည်း ဒီကလေးမလေးမှာ ဘဝသစ်က မိသားစုတွေ ရှိနေပြီလေ။
သင်တို့က ပြန်ခေါ်သွားရင်လည်း လူ့ဘဝက မိဘတွေမှာလည်း ခံစားကြရမှာပဲ။
ဒါကြောင့် အခုနေမြဲအတိုင်းပဲ နေခွင့်ပြုလိုက်ကြရင် ပိုကောင်းပါလိမ့်မယ်။ ဘဝဟောင်းက မိဘညီအစ်ကိုမောင်နှမများကလည်း ဒီကလေးမလေး လူ့ဘဝမှာ သက်တမ်းစေ့နေပြီး ကုသိုလ်ကောင်းမှုတွေပြုပြီး မြင့်မြတ်တဲ့ဘုံဘဝကို တက်လှမ်းသွားနိုင်ဖို့ ကူညီပေးကြစေချင်ပါတယ်”
ထိုသို့ ဆရာမဒေါ်နန်းခမ်းနှင့် ပုံတောင်သိုက်နန်းရှင်မတို့ အပြန်အလှန်ပြောဆိုနေကြချိန်တွင် မဝင်းဝင်းအား မေသဇင်မြိုင်၏ ဘဝဟောင်းမှ အစ်ကိုဖြစ်သူက
ဝင်ရောက်ပူးကပ်၍ ငိုယိုကာ ပြောဆိုလေသည်။
“အောင်မယ်လေး ဆရာမရယ်။ ကျွန်တော်တို့ မိသားစုကို မခွဲပါနဲ့။ ကျွန်တော်တောင်းပန်ပါတယ်။ အဟင့် အီး ဟီးဟီး။ ဖထီးနဲ့ အမိုးကလည်း နှမလေးကို အမြန်ပြန်လာစေချင်နေပါတယ်။ ဆရာမ သနားငဲ့ညှာပေးပါ”
ထိုအခါတွင် ဆရာမဒေါ်နန်းခမ်းက
“ဟဲ့ ဆရာမ မခေါ်ပဲ ဘာကြောင့် ဝင်လာတာလဲ။ မလေးမစား ပြုလုပ်တာလား”
“အီး ဟီး မဟုတ်ရပါဘူး ဆရာမရယ်။ ဆရာမကို လေးစားပါတယ်။ ဆရာမရဲ့ ပညာကိုလည်း သိပါတယ်။ အခုလာတာက ကျွန်တော်တို့ မိသားစုကို ခွဲမှာကြောက်လို့ ဆရာမကို လာပြီး တောင်းပန်တာပါ။ ကျွန်တော်တို့ကို မခွဲပါနဲ့ ဆရာမရယ် အဟင့် ဟင့်”
“သင်တို့ရဲ့ မိသားစုသံယောဇဉ်ကို နားလည်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်က သင်တို့ဆီကို လုံးဝပြန်လိုတဲ့စိတ် မရှိတော့တာဖြစ်တဲ့အတွက် သင်တို့ကလည်း နားလည်ခွင့်ပြုပေးစေချင်တယ်။ သင်တို့ရဲ့ သမီးလေးက လူ့ဘဝမှာ ကောင်းမှုကုသိုလ်တွေလုပ်ပြီး သင်တို့ဘုံဝထက် ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝကို
တက်လှမ်းသွားရမှာကို သင်တို့က ခွင့်မပြုကြဘူးဆိုရင်တော့ ဆရာမအနေနဲ့ အထက်ပုဂ္ဂိုလ်တွေကို ခေါ်ပြီး လုပ်စရာရှိတာကို လုပ်ရပါလိမ့်မယ်”
” အဟင့် အီးဟီးဟီး ရက်စက်လှပါလား ဆရာမရယ်။ ဆရာမရဲ့ ပညာကို ကျွန်တော်တို့ မယှဉ်နိုင်ပါဘူး။ ဆရာမစကားကို နားထောင်ပါ့မယ် အီး ဟီးဟီး”
ထိုအခါတွင် ဆရာမဒေါ်နန်းခမ်းမှ
မေသဇင်မြိုင်၏ ဘဝဟောင်းမှ မိဘနှစ်ပါးကို တစ်ဦးချင်းခေါ်ယူ၍ ကတိတောင်းလေသည်။ ဘဝဟောင်းမှ မိဘနှစ်ပါးကလည်း အစပိုင်းတွင် ငိုယို၍ ငြင်းဆန်နေကြသော်လည်း နောက်ဆုံးတွင် လက်ခံကြလေသဖြင့် ဆရာမဒေါ်နန်းခမ်းက
မေသဇင်မြိုင်၏ခန္ဓာကိုယ်တွင် ပူးကပ်နေသော ပုံတောင်သိုက်နန်းရှင်မအား
“ဘဝဟောင်းက မိဘတွေကတော့
ဒီကလေးမနဲ့ နောက်နောင် ဘယ်သောအခါမှ မပတ်သတ်ဖို့ သဘောတူကြပါပြီ။ အသင်သိုက်နန်းရှင်မကလည်း သဘောတူပါသလား”
“ကောင်းပါပြီ ဆရာမ။ ကလေးမရဲ့
မိဘများက ခွင့်ပြုတယ်ဆိုရင်
ကျွန်ုပ်လည်း ဆရာမရဲ့ ပညာကိုလေးစားကြည်ညိုလို့ သဘောတူခွင့်ပြုပေးပါမယ်”
“သာဓု သာဓု သာဓု။ အခုလို ကူညီပေးကြတဲ့အတွက် သင်တို့လည်း ကောင်းမွန်မြင့်မြတ်တဲ့ ဘုံဘဝကို အမြန်ရောက်ရှိနိုင်ကြပါစေလို့ ဆရာမ ဆုတောင်းပေးပါတယ်။ ကဲ အားလုံးက သဘောတူကြပြီဆိုရင် နောက်နောင် ဘယ်သောအခါမှ
ဒီကလေးမကို နှောက်ယှက်ခြင်း၊ အန္တရာယ်ပြုခြင်း၊ ဆက်သွယ်ခြင်းများ မပြုလုပ်ကြပါဘူးလို့ သစ္စာဆိုပြီး သစ္စာရေသောက်ကာ သင်တို့ အလိုရှိရာကို ပြန်ကြပေတော့”
ထို့နောက်တွင် ဆရာမဒေါ်နန်းခမ်းမှ ပုံတောင်သိုက်နန်းရှင်မနှင့် မေသဇင်မြိုင်၏ ဘဝဟောင်းမှ မိဘနှစ်ပါးနှင့် အကိုဖြစ်သူတို့ကို တစ်ဦးချင်းခေါ်ယူ၍ သစ္စာရေ တိုက်လေသည်။ ဘဝဟောင်းမှ မိဘနှစ်ပါးနှင့် အကိုဖြစ်သူတို့မှာ ငိုးကြွေးကြရင်း သစ္စာရေသောက်ကာ ထွက်ခွာသွားကြလေ၏။ လာရောက်ကြည့်ရှုနေကြသည့် ရွာသူ/ရွာသားများမှာလည်း အလွန်ပင် သနားကြပြီး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရလေသည်။ ဆရာမဒေါ်နန်းခမ်းလည်း မေသဇင်မြိုင်အား
သိုက်ဆက်များ ကုန်စင်အောင်ဖြတ်ပြီးလျှင် ဘုရားတရားမမေ့ရန်၊ ကုသိုလ်ကောင်းမှုများပြုပြီး သုံးဆယ့်တစ်ဘုံရှိ ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများအား
အမျှအတန်းပေးဝေရန်များ မှာကြားပြီး ပြည်ကြီးမဏ္ဍိုင်ရွာသို့ ပြန်သွားလေတော့သည်။ မေသဇင်မြိုင်မှာလည်း ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း
တကူရွာ၌ ယနေ့ထက်ထိ သက်ရှိထင်ရှား ရှိနေပါသည်။
******
(စာရေးဆရာမလေးတစ်ယောက်၏ ဖြစ်ရပ်များအား ဆရာမလေး ပြောပြသမျှ ကျွန်တော် တတ်စွမ်းသမျှ ပြန်လည်ရေးဖွဲ့ပါသည်။ ဆရာမလေး၏ ဆန္ဒအရ
လူနာမည်များကို လွှဲထားသည်မှအပ
ကျန်သောအကြောင်းအရာများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန် များ ဖြစ်ပါသည်။ သိုက်ကြိုးဖြတ်သည့် အချိန်တွင် ပြောပြသူ ဆရာမလေး၏ ခန္ဓာကိုယ်တွင် ပူးဝင်နေသဖြင့် သေချာစွာ မပြောပြနိုင်သဖြင့် ကျွန်တော် သိသမျှနှင့် နားလည်သော ဆရာများထံတွင် မေးမြန်းပြီး ရေးသားထားခြင်း ဖြစ်ပါသည်။
အမှားအယွင်းများ ရှိခဲ့ပါက ကျွန်တော့ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။)
ကိုဖြိုး(ကျိုက်လတ်)