နွားဘီလူး

နွားဘီလူး(စ/ဆုံး)

——————-

ဦးလှမောင်သည်မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာငယ်လေးတစ်ခုတွင် လယ်ယာစိုက်ပျိုးရေးအလုပ်ကိုလုပ်ကိုင်သော သာမာန် တောသူတောင်သားတစ်ယောက်ဖြစ်ပါသည်။
အချိန်ကာလအားဖြင့် ရောင်စုံသူပုန်သောင်းကျန်းသူများလည်း လျော့ပါးစပြုနေပြီ
ဖြစ်ပြီး ငြိမ်းချမ်းစဖြစ်နေသော အခြေအနေတစ်ခုဖြစ်ပါသည်။

သို့ပေမယ့် နိူင်ငံ၏ စီးပွားရေးမှာ တိုးတက်မှု့နှုန်း နှေးကွေးနေပြီး ကုန်စျေးနှုန်းကြီးမြင့်မှု့နှင့်
ဝင်ငွေမမျှတမှု့ကို တောရော မြို့ပြပါမကျန်
ခံစားနေရသောအချိန်အခါဖြစ်သည်။
မိသားစုဝမ်းရေးအတွက်အိမ်ရှိ လူကုန်
နိူင်ရာထမ်းနေရပါသည်။

ဦးလှမောင်မှာ လယ်စိုက်ပျိုးခြင်းအလုပ်တစ်ခု
ထဲနှင့် မိသားစုဦးရေများသော မိမိတို့မိသားစု၏ စားဝတ်နေရေးကို အဆင်ပြေစေရန် နွား၊ဝက်၊ကြက် အစသဖြင့် မွေးမြူထားရပါသေးသည်။

မိသားစု စားအိုးကကြီးလှသဖြင့်
ကြွေးမှီမရှိသော်ငြားဘသိပ်ပြီး
ပိုပိုလျှံလျှံတော့မရှိပေ။
လယ်ယာလုပ်ငန်းလုပ်ကိုင်သူမို့ ခိုင်းနွားအဖြစ်အသုံးပြုရန် နွားပေါက်လေးတစ်ကောင်ကို
ဝယ်မွေးထားခဲ့ရာ အခုဆို နှစ်ခါလည်ကျော်ပြီမို့ လယ်ထဲဆင်းနိူင်ရန် စတင်လေ့ကျင့်ရပေတော့မည်။
သို့ပေမယ့် နွားကလေးမှာ အစာနိူင်အောင်မည်မျှပင်ကျွေးစေကာမူ ဖွံ့ထွားမှု့ဘသိပ်မရှိပေ။
ပိန်လှီနေသည့်အတွက် အားမရ ဖြစ်မိသည်။

ဇနီးသည်နှင့် တိုင်ပင်၍ သန်သန်မာမာ
ထွားထွားကြိုင်းကြိုင်း ခိုင်းနွားတစ်ကောင်ကို
အလဲအထပ်လုပ်ကြရန်ပြောဆိုတိုင်ပင်မိသေးသည်။

“”သြော်.. ကိုလှမောင်ရယ်
ဒါက တိုင်ပင်ဖို့တောင်မလိုဘူး။
လယ်သမားအိမ်က နွား က နွားကောင်းဖြစ်ဖို့
လိုတာပေါ့။
စျေးလေးအသင့်အတင့်ဆိုရင်တော့
အလိုက်ပေးပြီးလဲ ရမှာပေါ့။
အိမ်က နွားကလေ နောက်တစ်ခါလည် လည်း
ဒီထက်ပိုဝ လာမှာ မဟုတ်ဘူး။
ပြီးတော့ နွားပျင်းလား မသိဘူး…
အလကားနေ အိပ်နေလေရဲ့..””

ဇနီးသည် စကားကြောင့် ဦးလှမောင် ရယ်မိသေးပြန်သည်။
ရွာထဲကို နွားသမားတွေ မကြာခဏလာကြသည်။
ဘာပဲဖြစ်ဖြစ် ရှိတာလေးနဲ့ နွားကောင်းကောင်းလေးတစ်ကောင်တော့ မရ ရအောင် အလဲအထပ်
လုပ်ရပေမည်။
သိပ်အများကြီးလည်း မတတ်နိူင်ပေ။
ဒီနွားပိန် နဲ့ဘကတော့ လယ်ထဲဆင်းချိန်
ဘယ်နည်းနဲ့မှ မဖြစ်လို့ တွေးရင်း ရွာလမ်းမကြီးထဲ ရံဖန်ရံခါ နွားများဆွဲ၍ လာကြသော
အခြားရွာသား များကိုမျှော်နေမိပါတော့သည်။

&&&&&&&&&&&&&&&&&&&&&&&&&&

အခန်း(နှစ်)

.အဖန်ရည်သောက်ရင်းရွာလမ်းမ
ဆီသို့ဦးလှမောင်ကြည့်လိုက်ရာ တခါဘူးမှ
မမြင်တွေ့ဘူးသော လူတစ်ယောက်က
ခပ်ဝဝ၊ခပ်ပြည့်ပြည့် နွားချောကြီးတစ်ကောင်ကိုဆွဲ၍ ရွာလည်ရှိ အိမ်များဆီ လှမ်းကြည့်ပြီး လျှောက်လာသည်ကို တွေ့လိုက်ရပါသည်။

“”မအေးမိရေ…ဟို နွားကြီးက ချောပေ့သန့်ပေကွာ။
အလဲအထပ်လုပ်ရင် အတော်လိုက်ရမယ်ထင်တယ်””

ဦးလှမောင် စကားကြောင့် ဇနီးဖြစ်သူ
မအေးမိက ရွာလမ်းကို လှမ်းကြည့်လိုက်ပါသည်။.
မအေးမိမျက်နှာသည် အလွန်တရာ ပြုံးရွှင်သွားပါတော့သည်။

“”ကိုလှမောင် နွားကြီးက တကယ့်နွားကောင်း
ဖြစ်မယ့်ပုံပဲ..အိမ်ထဲ ခဏ လှမ်းခေါ်လိုက်ပါလား။
စျေးလေးဘာလေး တီးခေါက်ကြည့်ရအောင်လေ..””

ဦးလှမောင်တို့ လင်မယားလည်း နွားသမားကို
ခြံရှေ့မှ ထွက်ခေါ်လိုက်ကြသည်။
နွားသမားလည်း သူ့၏နွားချောကြီးကိုဆွဲ၍
ဦးလှမောင်တို့ ခြံဝန်းထဲ့သို့ ရောက်လာပါတော့သည်။
ဦးလှမောင်၏ သားသမီးများကလည်း
နွားချောကြီးကိုအတော်လေး သဘောကျ နေကြပါသည်။

နွားသမားနှင့်စျေးစကားပြောသောအခါ
လိုက်ရမည့် ငွေပမာဏမှာ အလွန်များပြားနေပါတော့သည်။

“လိုတော့လိုချင်ပါတယ်။
ဒါပေမယ့်စျေးကမလိုက်နိုင်ဘူး ရောင်းရင်းရေ””

နောက်ဆုံးတော့သူ့ဘက် ကိုယ့်ဘက်
အလျှော့အတင်းလုပ်ရင်း စျေးတည့်သွားလေတော့သည်။
အလိုက်ပေးရမည့်ငွေကို မအေးမိကထုတ်ပေးရင်း နွားချောကြီး၏ ကျောပြင်ကိုပွတ်သပ်၍ သဘောကျနေလေသည်။
ဦးလှမောင်တို့ အိမ်ကနွားပိန်နွားကလေးကတော့ သခင်အသစ်ခေါ်ရာနောက်သို့ မလိုက်ချင်လိုက်ချင်နှင့် ပါသွားခဲ့ရပါတော့သည်။

&&&&&&&&&&&&&&&&&&&&&&&&&&&

အခန်း(သုံး)

မှောင်ရီပျိုးစကတည်းက နွားတင်းကုတ်အတွင်း
နွားမီးခို့မှိုင်းတိုက်၊နွားရေထည့်၊ နွားစာ အချို့
ထည့်ပြီးမှ ဦးလှမောင်အိမ်ပေါ် ပြန်တက်လာခဲ့သည်။
ဦးလှမောင်တို့ ရွာဘက်တွေက ခြင်၊မှတ်၊ဖြုတ် ဟူသောပိုးကောင်လေးများ သိပ်မရှိပေ။
နွားတင်းကုတ်မှာ ခြင်မီးခိုးအဖြစ် မှောင်ရီပျိုးစအချိန်လောက်မှ ထည့်ပေးလိုက်ပါလျှင်
အဆင်ပြေသည်။
အချို့ရွာတွေဆို ဤမျှလောက်နှင့်မရပေ။
နွားကို ဂုန်နီစ ဖြင့်ချုပ်လုပ်ထားသော
ခြင်ထောင်ကြီးများဖြင့်ပင် ထောင်ပြီးသိပ်ရပါသည်။

ဦးလှမောင်တို့ ရွာကတော့ ထိုလောက်
မဆိုးဝါး၍ တော်ပါသေးသည်။
တနေကုန်လည်း ပင်ပန်းထားရသည့်အချိန်
ဦးလှမောင်လည်း ခပ်စောစောပင်အိပ်ရာဝင်ခဲ့ရာ ခဏအတွင်းမှပင် အိပ်ပျော်သွားပါတော့သည်။

&&&&&&&&&&&&&&&&&&&&&&&&

နားထဲမှာ ပုံမှန်မဟုတ်သော အသံတစ်ခုကဝင်ရောက်လာသဖြင့် ဦးလှမောင်လန့်နိုးသွားသည်။

ဘုန်း….ဘုန်း….ဘုန်း….

အသံတို့သည် ဘယ်ကနေဘယ်လိုပေါ်ထွက်လာသည်ကို မသိရပေ။
ဦး​လှမောင်လည်း အိပ်နေရာမှ ထ၍အသံလာရာကို နားစွင့်လိုက်ရာ အိမ်​အနောက်ဘက်
နွားတင်းကုတ်မှလာသော အသံဖြစ်ကြောင်း
သိလိုက်ရပါသည်။

စိတ်ထဲမတင်မကျလည်းဖြစ်နေ၍ မီးခွက်မထွန်းပဲ
အိပ်ရာဘေးမှ ယမ်းမီးခြစ်ကို ယူကာ
ခြေသံလုံလုံဖြင့် နောက်ဖေးတင်းကုတ်သို့
လျှောက်လာခဲ့လိုက်တော့သည်။

(ထိုခေတ်အခါက. ယမ်းမီးခြစ်ကို သာအသုံးပြုကြပါသည်)

နွားတင်းကုတ်အဝရောက်တော့

ဘုန်း.. ဘုန်း

အသံတို့က ထပ်မံထွက်ပေါ်လာပြန်ပါသည်။
စိတ်အတွင်း ကြောက်ရွံ့ နေပေမယ့်
အရဲကိုးသော စိတ် ကို မွေးကာ တင်းကုတ်အတွင်းဝင်၍ ယူလာသော ယမ်းမီးခြစ်ဖြင့်
မီးခြစ်ဆံ တစ်ချောင်းကို ခြစ်ချလိုက်တော့သည်။

အလို….လေး ဘုရား ဘုရား

မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လူမှာ ကြက်သေသေသွားသကဲ့သို့ ခံစားလိုက်ရသည်။
နေ့လည်က အလဲအထပ်လုပ်ထားသော
နွားချောကြီးမှာ လူကဲ့သို့ ငုတ်တုတ်ကြီးထိုင်လျက် ဦးလှမောင်တို့ အိမ်ဘက်သို့မျက်နှာလှည့်ကာသူ၏ရင်ဘက်ကိုလက်နှစ်ဘက်ဖြင့်
ထုနေခြင်းဖြစ်ပါသည်။

လူတို့၏လောကအသုံးအနှုန်း၌

“ရင်ထုမနာ” ..,,ဟူသောစကားရပ်ကို

ဦးလှမောင် ချက်ချင်းသတိရသွားသည်။
ယခုအဖြစ်အပျက်သည် မူမမှန်သလိုခံစားမိသည်။

သိပ္ပံနည်းအရ တိရစ္ဆာန် တစ်ကောင်၏ ထူးခြားသောအမူအကျင့်ဟုသတ်မှတ်ကောင်းသတ်မှတ်ကြပေလိမ့်မည်။
ကိုလှမောင်ကတော့ တောသားတစ်ယောက်လည်းဖြစ်နေသည့်အတွက် ရှေးရိုးအယူအဆတို့ကိုလည်း ယုံကြည်သူဖြစ်သည်။

ယခုရောက်ရှိနေသော နွားကြီးသည်
သာမန်နွားတစ်ကောင်မဟုတ်ပဲ
နွားဘီလူးတစ်ကောင်သာဖြစ်သည်။
နွားဘီလူး ဟူသည်မှာ အိမ်တွင်မမွေးကောင်း၊သူ့၏ထူးခြားသောပုံမှန်မဟုတ်သည့်
အမူအကျင့်များကြောင့် မွေးမြူသူမိသားစုများ
ခိုက်တတ်သည် ဘေးဆိုးကျရောက်တတ်သည်ဟု အယူရှိကြသည်။
အဆုံးစွန်ဆိုရပါလျှင် အိမ်ရှင်မိသားစု၌
လူအသေအပျောက်ဖြစ်လာသည့်အထိရှိကြောင်း ရှေးလူကြီးများကလက်ဆင့်ကမ်းပြောဘူးကြသည်။ဦးလှမောင်မှာတင်းကုတ်အတွင်းမှ
အိမ်ပေါ်သို့ပြန်ရောက်လာသော်လည်း
အိပ်၍မပျော်တော့ပေ။
နွားဘီလူးကြီး၏ ရင်ထုသံကို
အသည်းတယားယားဖြစ် နားထောင်ရင်း
မိုးအမြန်လင်းဖို့သာ ဆုတောင်းနေမိတော့သည်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&

အခန်း(လေး)

နံနက်လင်းသောအခါ ဇနီးဖြစ်သူကို
အဖြစ်ပျက်တို့အားပြောပြရသည်။
နွားဘီလူးမို့ စျေးတန်တန်ဖြင့်ရခဲ့ခြင်းဖြစ်ကြောင်း အသိဝင်ရသည်။
ဇနီးသည်လည်း ကြောက်လန့်၍ တင်းကုတ်သို့ပင်
မသွားရဲတော့ပေ။
နောက်ဆုံးမှာတော့ နွားကြီးကိုဆွဲ၍
လေးရွာ၊ငါးရွာခန့်အထိဝေးသော ရွာသို့
နွားအလဲအထပ်လုပ်ရန် လျှောက်လာခဲ့လိုက်တော့သည်။

နောက်ဆုံးငါးရွာမြောက်မှာ နွားကို အလဲအထပ် လုပ်ခဲ့ရတော့သည်။
ဥိီးလှမောင်လည်း လက်ကလွတ် ဖို့သာ
အရေးကြီးသည်မို့ မဖြစ်ဖြစ်အောင် အလဲအထပ်လုပ်ပြီး ရွာသို့ပြန်လာခဲ့တော့သည်။

နောက်ရက်အနည်းငယ်မှာပင် ထိုရွာ၌
အိမ်မီးလောင်မူ ဖြစ်ပွားကြောင်း သတင်းရရှိသည်။
မီးလောင်သောအိမ်မှာ နွားဘီလူးကြီးကို
လက်ခံရယူထားသော အိမ်ဖြစ်နေကြောင်း
သိရှိရသည်။
ဘေးပယောဂကို ကြောက်ရွံ့၍မိမိလက်မှ
အခြားသူ၏လက် သို့ ထိုးထည့်ပေးခဲ့သလို
ဖြစ်ခဲ့သော မိမိ ကိုယ်ကို အပြစ်မကင်းသလို
ခံစားရပြန်သည်။

သ ဗ္ဗေ သ တ္တာ က မ္မ သ ကာ ဟူ၍ နှလုံးမှာပိုက်၍
ထိုမိသားစု အန္တရာယ်ဆိုးဆိုးဝါးဝါး ထပ်မံ
မကျရောက်ပါစေနှင့်ဟု ဘုရားမှာအမြဲ
ဆုတောင်းခဲ့မိပါတော့သည်။

ယခုအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်များစွာ၌ ကျေးလက်တောရွာတစ်ခုတွင် အမှန်တကယ်
ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။

သိပ္ပံနည်းအရ လက်မခံနိူင်သော်လည်း အံသြဖွယ်ရာ အကြောင်းအရာဖြစ်သည့်အတွက် မျှဝေရေးသားလိုက်ပါသည်။

#ယွန်းနှင်းဆီခိုင်