” စုန်းထီးကြီး ဦးဘသာနှင့် ဂျင်ကိုင်ဝက်သိုး “

” စုန်းထီးကြီး ဦးဘသာနှင့် ဂျင်ကိုင်ဝက်သိုး ”

*******************************************

(၁)
ကျုပ်တို့ရွာသားတွေ စပါးပေါ်ပြီ၊ ပဲတွေ နှမ်းတွေပေါ်ပြီဆိုရင် ရွာမှာ ပေါ်လာတတ်တာကတော့ ဂျင်ဝိုင်းတွေပါပဲဗျာ၊ ဂျင်က လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် အစုံရှိပေမယ့် ကျုပ်တို့ခေတ်တုန်းကတော့ လေးကောင်ဂျင်ပဲခေတ်စားတယ်၊ ဂျင်သမားတွေ စုပြီးတော့ တစ်နေရာရာမှာ ကြိတ်ပြီးလုပ်တဲ့ ဂျင်ဝိုင်းကိုတော့ ကြိတ်ဝိုင်းလို့ ခေါ်ကြတယ်ဗျ။ များသောအားဖြင့် ကြိတ်ဝိုင်းတွေကို အရိပ်ကောင်းတဲ့ ဝါးရုံကြီးတွေအောက်မှာဖြစ်စေ၊ စိတ်ချရတဲ့ အိမ်တစ်အိမ်အောက်မှာဖြစ်ဖြစ်စုပြီးလုပ်ကြတာပေါ့ဗျာ၊ ရွာမှာ အဲဒီတုန်းက အိမ်တော်တော်များများက ခြေတံရှည်အိမ်ကြီးတွေပေါ့ဗျာ၊ အခုတော့ အုတ်နဲ့တက်ပြီး တိုက်ခံအိမ်တွေဖြစ်ကုန်ကြတာပေါ့ဗျာ။
ရွာမှာ အဲဒီလိုကြိတ်ဝိုင်းလေးတွေက အမြဲဖြစ်နေတာဗျ၊ ငွေမပေါ်သေးတော့အချိန်တော့ နည်းနည်းပါးတာပေါ့ဗျာ၊ ရွာသားတွေလက်ထဲ ငွေစကလေးတွေရှိလာပြီဆိုရင်တော့ ဂျင်ဝိုင်းကပေါ်လာတာပေါ့၊ ဒါပေမယ့် ရွာထဲမှာ ဂျင်ဝိုင်း သုံးလေးဝိုင်းမရှိဘူးဗျ၊ ရွာခံကိုဝက်သိုးတို့က ရွာမှာ သူတို့တစ်ဝိုင်းပဲထားရမယ်ဆိုပြီး စည်းကမ်းထုတ်ထားတာကိုး၊ ဂျင်လောက ဆိုတာကလည်း တကယ့်လူမိုက်လောကကြီးဗျ၊ သူတို့က သတ်ပြီဟေ့ဆို ပုခက်ထဲက ကလေးကိုတောင်ချန်တာမဟုတ်ဘူးဗျာ၊ ရဲမရှောင်၊ စစ်သားမရှောင်ပဲကိုး။ ဒီတော့ ကျုပ်တို့အဖေဖြစ်တဲ့သူကြီးက ကြိတ်ဝိုင်းတွေကိုသိပေမယ့် မသိချင်ယောင်ဆောင်ထားရတယ်ဗျ၊ ကျုပ်တို့ရွာနဲ့ ခပ်လှမ်းလှမ်းက ရွာတစ်ရွာမှာဆိုရင် သူကြီးက ဂျင်ဝိုင်းကိုသတင်းပေးလို့ဆိုပြီး တစ်မိသားစုလုံးကို ဝင်သတ်ပြီး အိမ်ကိုမီးနဲ့ရှို့သွားကြတာဗျာ၊ အဲဒီခေတ်က ကျုပ်တို့လိုရွာတွေဆိုတာက သွားလာရခက်ခဲတော့ ရဲတို့ ဥပဒေတို့ဆိုတာလည်း လက်လှမ်းမမီဘူးပေါ့ဗျာ။
ကျုပ်တို့ရွာက ဂျင်ဝိုင်းကတော့ ကြိတ်ဝိုင်းဆိုပေမယ့် ပေါ်တင်နီးပါးပါပဲဗျာ၊ ဘယ်နေရာမှာလုပ်နေတယ်ဆိုတာ ကလေးကအစ လူတိုင်းသိကြတယ်ဗျ၊ ဂျင်ဝိုင်းဆိုလို့ ဖဲဝိုင်းလိုမျိုး လူလေး ငါးယောက်လောက်နဲ့ ပြီးသွားတာမဟုတ်ဘူးဗျ၊ ဂျင်ဝိုင်းဖွင့်ရင် လူက အနည်းဆုံးသုံးလေးဆယ်လောက်ရှိတာ၊ ဒီဝိုင်းကြီးကို မသိဘူးဆိုတဲ့သူတွေကတော့ ဘုရားတရားလုပ်ပြီး လောင်းကစားစိတ်မဝင်စားတဲ့ လူကြီးတွေရယ်၊ ပိုက်ဆံမရှိတဲ့ ကလေးတွေရယ်၊ နောက်ပြီး အဖေတို့လို မသိချင်ယောင်ဆောင်ထားတဲ့ လူတွေရယ်ပေါ့ဗျာ။
ဂျင်ဆော့တာ မကောင်းတဲ့သူတွေလို့ပြောရင် ကျုပ်တို့ရွာက ဘုန်းကြီးကအစ တစ်ခုလပ်တစ်လင်ကွာ မုဆိုးမပါမကျန်၊ ဂွေးတန်းလန်းနဲ့ ကလေးပါအဆုံး မကောင်းတဲ့သူတွေဖြစ်နေမှာပေါ့။ အဲဒီခေတ်က လောင်းကစားသိပ်မရှိတော့ ဂျင်ဝိုင်းဆိုတာနဲ့ကလေးကအစ ခွေးအဆုံး ဂျင်ဝိုင်းဆီသွားကြတာဗျ။ မိန်းမကြီးတွေ၊ မိန်းမလေးတွေ၊ နောက်ပြီး ဘုန်းကြီးတွေပါ ပါသေးတယ်ဗျို့။ ကျုပ်တို့ကတော့ ပေါက်ကြားမှာစိုးလို့ ဂျင်ဝိုင်းလို့မခေါ်ကြဘူးဗျ၊ စကားဝှက်နဲ့ လေးမျက်နှာဘုရားသွားဖူးတယ်လို့ ခေါ်ကြတာ။
“ဟေ့၊ ဘယ်သူ့အိမ်မှာ လေးမျက်နှာဘုရားကြွနေပြီကွဆိုရင် ရရာပိုက်ဆံဆွဲပြီး ပြေးကြတော့တာပဲဗျ”
လောင်းကစားဆိုတာကလည်း စွဲတတ်တဲ့အမျိုးလားဗျာ၊ အဲဒီခေတ်က အခုခေတ်လို နှစ်လုံးထီတို့ ဘာတို့မပေါ်သေးဘူးဗျ၊ သုံးလုံးထီက ရှိတယ်ဆိုပေမယ့် ကျုပ်တို့လိုရွာတွေမှာ မထွန်းကားသေးဘူးလေ၊ အစိုးရထီဆိုရင် ပိုဆိုးတာပေါ့ဗျာ။ ဒီတော့ လောင်းကစားဝိုင်း ဂျင်ဝိုင်းတွေက အပြင်းပြေဆော့ဖို့ နေရာတစ်ခုဖြစ်နေတာပေါ့ဗျာ။ အစကတော့ အပြင်းပြေဆိုပေမယ့် နောက်တော့ ခြံပေါင်၊ နွားပေါင်၊ လယ်ပေါင် တဲ့အထိကို စည်းစိမ်ပြုတ်သွားကြတဲ့သူတွေလည်း မနည်းဘူးပေါ့ဗျာ။
(၂)
ဂျင်အကြောင်းမသိတဲ့လူတွေအတွက် နည်းနည်းပြောပြမယ်ဗျ။ လေးကောင်ဂျင်ဆိုတာ အံစားတုံးပုံစံ ခပ်ရှည်ရှည်လုပ်ထားတာ မျက်နှာလေးဘက်မှာ ကြက်၊ ဝက်၊ ဖား၊ မြွေ ဆိုပြီး ပုံစံလေးတွေ ထွင်းထားတယ်ဗျ၊ ကျန်တဲ့မျက်နှာနှစ်ဖက်ကိုတော့ တုတ်ချောင်းတတ်ထားတာပေါ့ဗျာ၊ အဲဒီတုတ်ချောင်းကိုလှည့်ပြီးတော့ ကွမ်းအစ်လို အစ်ကလေးနဲ့ အုပ်လိုက်တာပေါ့ဗျာ၊ ဂျင်က အလည်ရပ်တသွားပြီဆိုတော့မှ ဘာကောင်ကျတယ်ဆိုပြီး ဖွင့်ကြည့်ကြတာ၊ အပေါ်ဆုံးက ကျနေတဲ့အကောင်ကတော့ ပေါက်ကောင်ပေါ့ဗျာ။ ဂျင်ဝိုင်းမှာ ဂျင်ဒိုင်ရယ်၊ ဂျင်ကိုင်ရယ်ဆိုပြီး ပါတတ်တယ်၊ ဝိုင်းကြီးရင်တော့ ရှပ်လဂွဲတို့၊ ဒလံတို့ ပါသေးတာပေါ့၊ ရွာက ကြိတ်ဝိုင်းမှာတော့ ဂျင်ဒိုင်၊ ဂျင်ကိုင်ဆိုရင် ပွဲပြီးပြီ၊ ဂျင်ဒိုင်ကတော့ များသောအားဖြင့် ပိုက်ဆံရှိတဲ့လူတွေ ကိုင်ကြတာပေါ့ဗျာ၊ ဂျင်ကိုင်ကတော့ ဂျင်ကိုကိုင်ပြီး လှည့်ရတဲ့သူပေါ့ဗျာ၊ ဂျင်ပွဲစမခင် ဂျင်ကိုင်က ဂျင်ကိုအစမ်းလှည့်ရတယ်ဗျ၊ အစမ်းလှည့်ရင်း ဂျင်ရဲ့လေးမျက်နှာစလုံးကျတော့မှ ပွဲစရတယ်၊ လေးကောင်စလုံးကျတယ်ဆိုပြီးတော့ ရှင်းပြတဲ့သဘောပေါ့ဗျာ။
ကြက်ရုပ်နဲ့ မြွေရုပ်ကို အနီရောင်ခြယ်ထားတယ်၊ ဖားနဲ့ ဝက်က အမဲပေါ့ဗျာ၊ ထိုးတဲ့လူတွေက အဲဒီအကောင်တွေကို ထိုးတာဗျ၊ ထိုးတဲ့နေရာမှာလည်း နည်းအမျိုးမျိုးရှိသေးတယ်။ ဂျင်ပွဲမှာ အနည်းဆိုးထိုးကြေးဘယ်လောက်ဆိုပြီးရှိတယ်ဗျ၊ ကျုပ်တို့ခေတ်ကတော့ အနည်းဆုံးက တစ်ဆယ်ပေါ့။ လက်ဖက်ရည်တစ်ခွက်ကို တစ်ကျပ်ခွဲလောက်ပဲ ကျတဲ့ခေတ်မှာ တစ်ဆယ်ဆိုတာ နည်းနည်းတော့များတယ်ပေါ့ဗျာ။
ထိုးစရာအကောင်က လေးကောင်ရှိတယ်၊ တစ်ကောင်တည်းကို ထိုးရင် “ဩ” တယ်လို့ခေါ်တယ်ဗျ၊ ကိုယ်က ဖားကို တစ်ဆယ်ထိုးတယ်ဆိုပါစို့၊ ဂျင်ကလည်း ဖားကျပြီဆိုရင် ထိုးတဲ့ငွေရဲ့ သုံးဆရတယ်။ တစ်ဆယ်ထိုးရင် သုံးဆယ်ရတယ်ပေါ့ဗျာ။
ကြိုးတင်တယ်ဆိုတဲ့ ထိုးနည်းလည်းရှိသေးတယ်ဗျ၊ အဲဒါကတော့ ဂျင်လေးကောင်ထဲမှာ ကိုယ်ကနှစ်ကောင်ထိုးထားတာပေါ့ဗျာ၊ မြွေရယ်၊ ကြက်ရယ်က အနီရောင်ဆိုတော့ အဲဒီနှစ်ကောင်ကို ခွထိုးတာကို အနီကြိုးတင်တယ်လို့ခေါ်တယ်၊ ဖားရယ်၊ ဝက်ရယ်က အနက်ဆိုတော့ ဒီကောင်နှစ်ကောင်ထိုးရင် အနက်ကြိုးတင်တာပေါ့ဗျာ၊ ဒါမှမဟုတ်ရင်လည်းကိုယ်ကြိုက်တဲ့ နှစ်ကောင်ကို ကြိုက်သလို ကြိုးတင်လို့ရပါတယ်။ ကြိုးတင်ထားတဲ့အကောင်ထဲက ကိုယ်ထိုးထားတဲ့နှစ်ကောင်ထဲမှာ ကြိုက်တဲ့အကောင်ပေါက် ကိုယ်က တစ်ဆပြန်ရတယ်၊ တစ်ဆယ်ထိုးရင် နောက်ထပ်တစ်ဆယ်ထပ်ရတယ်၊ ကိုယ်ထိုးထားတဲ့နှစ်ကောင်မဟုတ်ရင်တော့ ဒိုင်ကစားတာပေါ့ဗျာ၊ အဲဒီနည်းက ငါးဆယ် ငါးဆယ်ပဲ၊ ခေါင်းပန်းလှန်သလိုပေါ့ဗျာ၊ အရနည်းတယ်။
နောက်တစ်နည်းကတော့ ခေါင်းတိုက်တယ်လို့ခေါ်တယ်ဗျ၊ သူကလည်း နှစ်ကောင်ခွထိုးတာပဲ၊ ဒါပေမယ့် တစ်ကောင်ကို ပိုပြီးတင်ထိုးတာပေါ့ဗျာ၊ ခေါင်းတင်ထားတဲ့အကောင်ကျရင် နှစ်ဆရတယ်၊ ဖင်ပြန်ထားတဲ့အကောင်ကိုကျရင်တော့ အလျော်မရဘူးပေါ့၊ ဒိုင်ကလည်း စားလို့မရဘူး။
ဥပမာ ကိုယ်က ဝက်ကျနိုင်တယ်ထင်ရင် ဝက်ကို ခေါင်းတိုက်ထားပေါ့၊ ကြက်ကိုတော့ ဖင်ပြန်ထားတာပေါ့ဗျာ၊ ဝက်ရော ကြက်ရော တစ်ဆယ်ဆီထိုးထားတာပေါ့၊ ဝက်ကျရင် နှစ်ဆယ်ထပ်ရမယ်၊ ကြက်ကျရင်တော့ အရင်းပေါ့၊ တခြားအကောင်ကျရင် ဒိုင်စားပဲ။ထိုးတဲ့ ထိုးသားတွေမှာလည်း အမျိုးမျိုးရှိတယ်ဗျ၊ အဲဒါက နောက်တော့ဆက်ပြောပြမယ်ဗျာ။
(၃)
ဂျင်ကိုင် ဝက်သိုးဆိုတာကတော့ လူက မည်းမည်း တုတ်တုတ်လူကြီးပါ၊ ဒါပေမယ့် သူက လူမိုက်တွေလို ဗလတောင့်တာမဟုတ်ဘဲနဲ့ အထိုင်များပြီး အစားသန်လို့ အဆီတွေတက်ပြီး ဗိုက်ကြီးက တအိအိနဲ့ပေါ့ဗျာ၊ သူကတော့ ရွာမှာဆိုရင် လောင်းကစားဘုရင်ပေါ့၊ ဂျင်ဒိုင်တွေသာ ပြောင်းချင်ပြောင်းမယ် ဂျင်ကိုင် ကိုဝက်သိုးကတော့ ပွဲတိုင်းကျော်ပေါ့ဗျာ။
ဘုန်းကြီးသေရင် ရွာကြေသတဲ့ဗျာ၊ အခုရွာဦးကျောင်းက ကျုပ်တို့ဘကြီးဘုန်းကြီး ပျံလွန်သွားပြီလေ၊ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဘကြီးက သိပ်မမာတော့ဘူးဗျ၊ ရွာကလူတွေကတော့ ဘုရားတနေရတယ်ပေါ့ဗျာ၊ ဘုန်းကြီးကို ချစ်လွန်းလို့တော့မဟုတ်ဘူးဗျ၊၊ စပါးမပေါ်၊ ငွေမပေါ်တဲ့အချိန် ဘုန်းကြီးပျံသွားရင် ပွဲကောင်းကောင်းသွင်းလို့မရမှာရယ်၊ ကောင်းကောင်းမသုံးဖြုန်းနိုင်မှာ ကြောက်လို့ပေါ့ဗျာ၊ အဲဒီအချိန်ကတော့ ကျုပ်တို့ရွာသားတွေ ဆုတောင်းတူတယ်ပြောရမယ်၊ ကျုပ်တို့ကအစ အရက်ဆိုင်က အရက်သမားအဆုံး ဘုန်းကြီးစပါးမပေါ်ခင် မပျံပါစေနဲ့လို့ပဲ ဆုတောင်းနေကြတာဗျ၊ အားလုံးရဲ့ ဆုတောင်းလည်း ပြည့်တယ်ထင်ပါတယ်ဗျာ၊ စပါးပေါ်ပြီးလို့ တစ်လာလောက်နေတော့ ဘကြီးဘုန်းကြီး ပျံလွန်တော်မူသွားပါရော။
ဆွေမျိုးသားချင်းတွေက ဝမ်းနည်းနေကြပေမယ့် တစ်ရွာလုံးကတော့ ပျော်နေတာဗျာ၊ ဘုန်းကြီးမနက်ပိုင်းပျံလွန်ပြီးတော့ ညနေရောက်တော့ ကျုပ်တို့အိမ်မှာ ရွာခံတွေက စုရုံးနေကြပြီဗျ။ ဘုန်းကြီး ဈာပနကို တိုင်ပင်သလိုလိုနဲ့ တကယ်တော့ ဘယ်ပွဲငှားမယ်၊ ဘယ်ဆိုင်းကောင်းတယ်၊ ဘယ်သူ့ကို ဧရင့်ကျူးခိုင်းမယ်၊ စသည်ဖြင့် ငြင်းခုံနေကြတာပေါ့ဗျာ။
ဒါနဲ့ပဲ ပွဲဖြစ်သွားတာပေါ့ဗျာ၊ ပွဲဆိုတာမျိုးက ဖြစ်ဖို့ရှားတယ်ဗျ၊ အခုတော့ ကြုံတောင့်ကြုံခဲပေါ့ဗျာ၊ မုံရွာတက်ပြီး နာမည်ကြီးတဲ့ ဇတ်ကိုငှားတယ်၊ ဇတ်ရုံတွေဆောက်တယ်၊ ပွဲရှိမှန်းသိတော့ ဈေးသည်တွေလည်း လိုက်လာကြတာပေါ့ဗျာ၊ ကျုပ်တို့ရွာရဲ့ဘုန်းကြီးပျံပွဲကတော့ အတော်စည်တာဗျ၊ အနားကရွာတွေတင်မက ဟိုးဝေးလံခေါင်သီတဲ့ ရွာတွေကပါ လှည်းတွေနဲ့လာအားပေးကြတာဗျာ။
ဘုရားပွဲဆိုတော့ ဂျင်ဝိုင်းပါပြီပေါ့ဗျာ၊ ဂျင်ဝိုင်းသုံးလေးဝိုင်းရှိပေမယ့် ကိုဝက်သိုးတို့ဂျင်ဝိုင်းက ဒေသခံမို့လို့ အကြီးဆုံးပဲဗျ။ မြိုင်သာမြို့ပေါ်က ဂျင်ဒိုင်က ပိုက်ဆံတွေကိုင်ပြီးတော့ကို ဆင်းလာတာ၊ သူ့မှာလည်း တပည့်တပန်းက ဆယ်ယောက်လောက်ရှိတယ်ဗျာ။
ကျုပ်တို့ ခြစ်ကုပ်စုဆောင်းထားတဲ့ ပိုက်ဆံတွေ ဒီနေရာမှာ မသုံးရင် ဘယ်နေရာမှာ သုံးမလဲဗျာ၊ မဟုတ်ဘူးလား၊ ကျုပ်တို့လဲ ပွဲခင်းထဲရောက်ကုန်တာပေါ့၊ ကျုပ်နဲ့ အကိုကြီးကတော့ ဂျင်ဝိုင်းမှာထိုင်ဖြစ်တယ်ဗျ၊ ပထမတော့ ရပ်ကြည့်ကြတာပေါ့၊ နောက်တော့ အကိုကြီးက ဆော့ချင်တယ်ဆိုပြီး ဝင်ဆော့တာဗျ၊ အကိုကြီးက လောင်းကစားတော့ ဝါသနာပါတယ်၊ ရွာမှာ ကြိတ်ဝိုင်းရှိရင် သူ့မိန်းမမသိအောင် သွားသွားဆော့တယ်ဗျ။
အကိုကြီးက ဂျင်ဝိုင်းမှာထိုင်ပြီး ခါးကြားထိုးလာတဲ့ ဗလာစာအုပ်နဲ့ ခဲတံနဲ့ထုတ်လိုက်တယ်၊ ကျုပ်လည်းထူးဆန်းနေတာပေါ့ဗျာ။ ဂျင်ဆော့ပါတယ်ဆိုနေမှ ဘာလို့စာအုပ်ထုတ်တာလဲပေါ့။
“ကဲ၊ အစမ်းလှည့်ပြီနော်”
လူတွေအားလုံး ငြိမ်ကျသွားတယ်၊ ကိုဝက်သိုးက ကြွေပန်းကန်ပြားကလေးပေါ်ကို ဂျင်သီးကိုလှည့်လိုက်တယ်၊ ဂျင်သီးက လည်ရင်းနဲ့ကျသွားတာပေါ့ဗျာ၊ ဒီအခါ အကိုကြီးက ဘာကောင်ကျတယ်ဆိုတာကို ရေးမှတ်ထားတာပေါ့၊ ကိုဝက်သိုးလှည့်ရင်း ဆယ်ခါလောက်ရောက်တော့ ဂျင်က လေးကောင်စလုံး စုံအောင်ကျသွားတဲ့အတွက် ပွဲစကြတာပေါ့ဗျာ။ အကိုကြီးက စာအုပ်ကိုကြည့်နေတယ်။
“မြွေ၊ ဖား၊ ဖား၊ ဝက်၊ ဖား၊ ကြက် ကွ”
“အကိုကြီး ဘာတွေအော်နေတာလည်း”
“သူ့ရဲ့ကျစဉ်ကိုစောင့်နေတာဟ၊ ငါမထိုးသေးဘူးကွာ၊ တခြားဘာတွေကျအုံးမလဲလို့ ကြည့်လိုက်မယ်”
ပထမနှစ်ပွဲလောက် ဆက်စောင့်ကြည့်တယ်ဗျ၊ နောက်ပွဲကျတော့ အကိုကြီးက သိသွားပြီ။
“ခုနက မြွေကျထားတယ်ဆိုတော့ ငါ့တွက်ကိန်းအရ အခု ဖားကျမှာကွ၊ ဖားကို ဩမယ်ဟေ့”
သူက ပိုက်ဆံနှစ်ဆယ်ကို ဖားထဲကိုထည့်လိုက်တယ်၊ သူပြောတဲ့အတိုင်းပဲ နောက်တစ်လှည့်ဖားကျတယ်ဗျာ၊ ကျုပ်ဖြင့် အကိုကြီးကို အတော်ကိုလေးစားသွားခဲ့တာ၊ ခြောက်ဆယ်ရတဲ့အပြင် ထိုးကြေးပါပြန်ရတာဆိုတော့ အချီကြီးပေါ့ဗျာ။
“အကိုကြီးက ဟုတ်လှချည်လား”
“အေးကွ၊ ငါတို့လိုထိုးတဲ့လူတွေကို လမ်းသမားလို့ ခေါ်တယ်ကွ”
လမ်းသမားဆိုတာ ကျုပ်တို့နှစ်လုံးအခေါ်နဲ့ပြောရရင် ကလန်ဒါ ကျစဉ် သမားတွေလိုပေါ့ဗျာ၊ ဘာပြီးရင် ဘာလာတယ်ဆိုတာကို မှတ်ထားပြီးတော့ အဲဒီကျစဉ်အတိုင်း ခန့်မှန်းပြီးထိုးတာပေါ့၊ အစပိုင်းက ခန့်မှန်းတာမှန်ပေမယ့် နောက်ပိုင်းကျတော့ တစ်ကောင်တည်း ဩမရတော့ဘူးဗျ၊ ဒီအခါတော့ ကြိုးတင်ဆော့ရင်ဆော့တယ်၊ ကျနိုင်ခြေများတဲ့အကောင်ကို ခေါင်းတိုက်ပြီး ကျန်တဲ့အကောင်ကို ဖင်ပြန်ထားတာပေါ့ဗျာ။ နိုင်တစ်လှည့် ရှုံးတစ်လှည့်ပေါ့ဗျာ၊
“ငါ့ညီ မင်းဂျင်လှည့်ခါနီး စကားမပြောနဲ့”
စကားများတဲ့ကျုပ်ကို ကိုဝက်သိုးက သတိပေးတယ်ဗျ၊ ကျုပ်လည်း ငြိမ်နေတာပေါ့ဗျာ၊ ဂျင်လှည့်ပြီဆိုရင် ဆူညံနေတတ်တဲ့ ကစားဝိုင်းကြီးက တိတ်ဆိတ်သွားတယ်ဗျ။ တစ်ပွဲပြီးတော့မှ ကျုပ်လည်း အကို့ကိုမေးကြည့်တာပေါ့ဗျာ။
“ဒီလိုကွ၊ ဂျင်ကျတဲ့အသံကို နားထောင်ပြီးထိုးတဲ့ သူတွေရှိတယ်၊ သူတို့ကို နားသမားတွေ၊ အကြားသမားတွေလို့ခေါ်တယ်ကွ၊ ဂျင်လည်ပြီး အရှိန်ရပ်သွားလို့ ပန်းကန်ပြားနဲ့ထိတဲ့အခါမှာ ဂျင်မျက်နှာပြင်နဲ့ ကြွေပန်းကန်နဲ့ထိပြီး ထွက်လာတဲ့အသံကို နားထောင်ပြီး ဘာအကောင်၊ ညာအကောင်ဆိုပြီး ခန့်မှန်းတဲ့လူတွေပေါ့ကွာ”
ရွာထဲက နှဲဆရာကြီး ဦးမြ ဆိုရင် ဂျင်ပန်းကန်နဲ့ အနီးဆုံးမှာထိုင်နေရင်း နားကြီးစွင့်လို့ဗျ၊ သူက ဂီတသမားဆိုတော့ အသံကိုသိတယ်မဟုတ်လား၊ ဥပမာ ကြွေပန်းကန်နဲ့ ကြက်ပုံစံ ဂျင်မျက်နှာနဲ့ထိပြီဆိုပါစို့ဗျာ၊ ကြက်ပုံကိုထွင်းတဲ့အခါ မြွေတွေ၊ ဖားတွေထက် ပိုပြီးအစင်းကြောင်းများများထွင်းထားရတော့ သူ့အသံကနည်းနည်းတော့ ကွဲတယ်လို့ပြောတယ်ဗျ၊ ကျုပ်တို့တော့ လိုက်နားထောင်တာပဲ သိပ်ပြီးမသိပါဘူးဗျာ၊ တကယ်လို့ ကြက်အသံကြားရင် သူ့ရဲ့ဆန့်ကျင်ဘက်က မြွေက ပေါက်ကောင်ပေါ့ဗျာ၊ နားသမားတွေ တကယ်အတွေ့အကြုံများရင် ဘယ်ကောင်ဆိုတာ တန်းသိတယ်တဲ့ဗျ။ အခုလည်း ဦးမြကြီးရှေ့မှာ ပိုက်ဆံတွေပုံထားတာ အပုံလိုက်ကြီးပဲဗျာ။
ဂျင်ဝိုင်းနားမှာလည်း လူတွေက အုံခဲနေတာဗျ။ ကွမ်းယာ၊ ဆေးလိပ်၊ လက်ဖက်ရည်၊ မုန့် ရောင်းတဲ့သူတွေလည်း ဝိုင်းနေတာပေါ့၊ သူတို့က လောင်းကစားသမားတွေကို ဈေးတင်ပြီးရောင်းကြတာ၊ အပြင်မှာ ဆေးပေါ့လိပ်တစ်လိပ်မှာ တစ်မတ်ဆိုရင် သူတို့က ငါးမူးနဲ့ရောင်းကြတာဗျာ၊ ဈေးတင်မှန်းသိပေမယ့် လောင်းကစားသမားတွေက ဝယ်စားတာပါပဲ၊ ငွေက လွယ်လွယ်ရနေတာရယ်၊ နောက်ပြီးလောင်းကစားဝိုင်းကနေ ဖင်မကြွချင်တော့ဘူးမဟုတ်လား၊ ကျုပ်တို့ဆိုရင်လည်း တော်တော်ဝယ်စားဖြစ်ပါတယ်။
လောင်းကစားဆိုတာက ဒိုင်ကချည်းစားဖို့လုပ်ထားတာမဟုတ်လားဗျာ၊ ညသန်းခေါင်လောက်ရောက်တော့ ကျုပ်တို့နှစ်ယောက် ပါသမျှကုန်ပြီပေါ့။
“ဟိုကောင်လေးတွေ၊ မထိုးရင်ထွက်တော့”
ကိုဝက်သိုးကလည်း ကျုပ်တို့ကိုနှင်နေပြီမဟုတ်လား၊ ဒီအချိန်မှာ အကိုကြီးက သူ့လက်စွပ်ကိုချွတ်ကြည့်တယ်ဗျ။ ကျုပ်လည်း သိလိုက်ပြီပေါ့။
“အကိုကြီး၊ ဖြစ်ပါ့မလား၊ အကိုကြီးလက်စွပ်က မရီးမရွှေဥ လုပ်ပေးထားတာမဟုတ်လား၊ သူသိသွားရင် ဒုက္ခ”
“ဟာကွာ၊ ညက ပွဲခင်းထဲ ကျပျောက်သွားတယ်လို့ပြောရင် ပြီးပြီပေါ့၊ မင်းသာ နှုတ်လုံအောင်နေ”
ကိုဝက်သိုးက သူတို့ဂျင်ဝိုင်းအနောက်မှာထိုင်နေတဲ့ လူကြီးကိုထိုးပြတယ်၊ ကုလားကြီးပါဗျာ၊ သူ့ဆီသွားတော့ သူက ပက်လက်ကုလားထိုင်နဲ့ စားပွဲခုံနဲ့၊ တပည့်တွေနဲ့ဗျ။ သူက အရောင်းအဝယ် တာဝန်ခံပေါ့ဗျာ၊ ပိုက်ဆံကုန်ရင် သူ့ဆီမှာ သွားရောင်းလို့ရတယ်၊ ပေါင်လို့ရတယ်စသဖြင့်ပေါ့။
“သုံးရာပေးမယ် ယူချင်ယူ မယူချင်နေ”
ကျုပ်တို့လည်းမရတော့ဘူးမဟုတ်လား၊ ပိုက်ဆံက နည်းတယ်ဆိုပေမယ့် ယူလိုက်ရတာပေါ့ဗျာ၊ အဲဒီသုံးရာနဲ့ ဆက်ထိုးရင်း နိုင်လိုက်၊ ရှုံးလိုက်၊ ပိန်လိုက်၊ ဖောင်းလိုက်ပါပဲဗျာ၊ အလုပ်ဖြစ်သွားတာကတော့ ဘေးနားက ဈေးသည်တွေပေါ့ဗျာ။ ဈေးကြီးကြီးရောင်းမှန်းသိပေမယ့် ငွေက လွယ်လွယ်ရတာဆိုတော့ ဟိုဟာဝယ်စားလိုက်၊ ဒီဟာဝယ်စားလိုက်နဲ့ပေါ့ဗျာ၊ တစ်နာရီလောက်ကြာတော့ အဲဒီငွေ သုံးရာလည်း ကုန်သွားပါရော၊ အကိုကြီးက ကုလားကြီးဆီကိုထသွားတယ်။
(၄)
“တော်လောက်ပါပြီအကိုကြီးရာ၊ ကျုပ်တို့ပြန်ကြရအောင်”
“မရဘူးကွ၊ ငါ့ကို ဒီလိုအကြောတော့မခံနိုင်ဘူး၊ တစ်ခါ တစ်ခါ ထဖောက်တာကလွဲလို့ ငါ့ပေါက်လမ်းတွေက မှန်တယ်မဟုတ်လား”
“ကျုပ် လယ်ပေါင်မယ်”
အကိုကြီးပြောတော့ ကျုပ်ဖြင့် ခေါင်းကိုထူပူသွားတာပဲဗျာ၊ အကိုကြီး ကလေးမွေးတော့ အဖေက သူတို့ကို လယ်ငါးဧကခွဲပေးလိုက်တယ်ဗျ၊ ကုလားကြီးကလည်း ခေါင်းညိတ်တယ်။
“မင်းတို့ကိုဘယ်သူထောက်ခံမလဲ”
အဲဒီအခါ ကိုဝက်သိုးက အနောက်ကိုလှည့်ပြီး
“ဒီကောင်တွေက သူကြီးသားတွေဗျ၊ ယုံလို့ရပါတယ်”
လယ်ငါးဧကကို ပိုက်ဆံသုံးထောင်ပဲရပါတယ်ဗျာ၊ အကိုကြီးက တားမရတော့ဘူးဗျာ။ သူ့ရုပ်ကြီးက ဒေါသတွေထွက်နေပြီးတော့ ရှူးရှူးရှဲရှဲနဲ့ဖြစ်နေတာဗျ၊ ညသန်းခေါင်လောက်ရောက်တာ့ ရှိသမျှပိုက်ဆံ ကုန်တာပဲဗျာ၊ ကျုပ်ဖြင့် အိမ်တောင်မပြန်ရဲဘူး၊ ပိုက်ဆံမထိုးနိုင်တော့ ဝိုင်းထဲကနေလည်း မောင်းထုတ်လိုက်ကြတာပေါ့ဗျာ၊ ဒီတော့မှ အကိုကြီးခေါင်းငိုက်စိုက်ကျသွားတယ်။
“အကိုကြီး၊ ကျုပ်တို့ဘယ်လိုလုပ်မလဲ”
အကိုကြီးက တွေတွေကြီးရပ်နေတာဗျ။
“ငါယောက်ျားပဲကွာ၊ ငါ့စကားငါ တာဝန်ယူရမှာပေါ့”
အမရွှေဥသိသွားရင်တော့ လင်မယားကွဲမလားမသိ၊ အဖေကတော့ အကိုကြီးကို ဆော်ပလော်တီးမှာ အသေချာပဲမဟုတ်လား၊ ပြီးရင် ကျုပ်ဘက်လှည့်လာမယ်လေ၊ ကျုပ်ပါရဲ့သားနဲ့ ဘာလို့မတားလဲဆိုပြီးတော့ပေါ့။
ကျုပ်တို့ စိတ်ညစ်ညစ်နဲ့ ပွဲခင်းထဲက ထွက်လာတော့ လမ်းမှာ ဦးဘသာကြီးနဲ့တွေ့တယ်ဗျ၊ ဦးဘသာကြီးက အခုမှရွာထဲကထွက်လာတာ။
“မင်းတို့နှစ်ကောင်မျက်နှာတွေက လင်းတတွေလိုမှိုင်နေပါလားကွ၊ မင်းတို့ လောင်းကစားရှုံးလာပြီထင်တယ်”
“ဒါပေါ့ဗျာ၊ အကိုကြီးပေါ့၊ ကိုဝက်သိုးတို့ဝိုင်းမှာ ဝင်ဆော့လိုက်တာ ရှိသမျှပိုက်ဆံကုန်တဲ့အပြင် လက်စွပ်လဲဆုံးတယ်၊
နောက်ပြီးလယ်ငါးဧကကိုလည်း သုံးထောင်နဲ့ပေါင်လာခဲ့တယ်လေဗျာ”
ဦးဘသာကြီးက အံ့ဩသွားတယ်ဗျ။
“မင်းတို့ကွာ၊ ဝက်သိုးအကြောင်းကိုသိရဲ့သားနဲ့ မင်းတို့အခုခံလိုက်ရပြီမဟုတ်လား”
“ကိုဝက်သိုးက ဘာဖြစ်လို့လဲဗျ”
“မှတ်ထားကွ၊ လောင်းကစားမှာ ကံဆိုတာမရှိဘူး၊ ဉာဏ်သမားတွေချည်းဘဲကွ၊ ငါ့အထင်တော့ ဝက်သိုးက မကောင်းတဲ့နည်းလမ်းတစ်ခုခုသုံးထားတယ်ထင်တယ်”
“ဟာဗျာ၊ ကျုပ်တို့ရှေ့မှာတင်ကို ဂျင်လှည့်နေတာပါဗျ”
အကိုကြီးက ဝင်ထောက်ပြောလိုက်တော့ ဦးဘသာကြီးက ရယ်လိုက်တယ်ဗျ။
“မင်းတို့က မြင်ရတာပဲသိတာကိုး၊ မမြင်ရတာကိုမှ မသိကြတာ”
“ကျုပ်တို့ကို ကူညီပါအုံး ဦးဘသာကြီးရာ၊ ကျုပ်တို့ အိမ်တောင်မပြန်ရဲတော့ဘူးဗျ”
ကျုပ်ကြောက်ကြောက်လန့်လန့်နဲ့ အကူအညီတောင်းတော့ ဦးဘသာကြီးက စဉ်းစားနေတယ်ဗျ။
“အေးလေ၊ တစ်ဖက်က ညစ်ပတ်တာပဲ၊ ငါလည်း ပြန်ညစ်ပတ်ရမှာပေါ့၊ မင်းတို့ ဆော့ကြကွာ ငါကတော့မဆော့ဘူး အဝေးကနေပဲ ရပ်ကြည့်နေမယ်”
ဦးသဘာကြီးက သူ့အိတ်ထဲက ငါးဆယ်တန်တစ်ရွက်ကို ထုတ်ပေးတယ်။
“ငါဝိုင်းအပြင်ကနေ ရပ်ကြည့်နေမယ်ကွာ၊ ငါ လက်ထောင်ပြတဲ့အတိုင်း မင်းတို့ဩကြ၊ လက်တစ်ချောင်းထောင်ရင် မြွေ၊ လက်နှစ်ချောင်းထောင်ရင် ကြက်၊ လက်သုံးချောင်းထောင်ရင် ဝက်၊ လက်လေးချောင်းထောင်ရင် ဖားကွာ၊ ဟုတ်ပြီလား”
ကျုပ်တို့လည်း ဂျင်ဝိုင်းထဲပြန်ရောက်လာတာပေါ့ဗျာ။ သန်းခေါင်ကျော်ပြီဆိုတော့ လူလည်းတော်တော်ပါးသွားပြီ၊ ကျုပ်တို့လို ကုန်တဲ့လူတွေလည်း ပြန်သွားကြပြီမဟုတ်လားဗျာ။
ကျုပ်တို့ဝိုင်းထဲဝင်ထိုင်လိုက်တယ်၊ ဂျင်ကိုလှည့်ပြီးတော့ ကျုပ်တို့ထိုးလို့ရပြီ၊ ကျုပ်တို့လည်း ဦးဘသာကြီးကို လှမ်းကြည့်လိုက်တယ်၊ ဦးဘသာကြီးက မေးစေ့ပွတ်သလိုလိုနဲ့ လက်တစ်ချောင်းကိုထောင်ပြတယ်ဗျ၊ ကျုပ်တို့ ပိုက်ဆံငါးဆယ်စလုံးကို မြွေကိုပုံအောထိုးလိုက်တာပေါ့ဗျာ၊ ဂျင်ကိုဖွင့်လိုက်တော့ မြွေပဲဗျာ၊ ကျုပ်တို့ဖြင့်ပျော်သွားတာပေါ့၊ ဒီလိုနဲ့ ဦးဘသာပြောသမျှ အကောင်တွေကို ရှိတဲ့ပိုက်ဆံချည်း အကုန်ဩပြီးထိုးနေတော့တာပဲ၊ ဒိုင်ကလည်း လျော်ရတာပေါ့ဗျာ၊ ဂျင်ကိုင်ကိုဝက်သိုးကတော့ မျက်နှာပျက်နေပြီဗျ၊ ဆယ်ပွဲလောက်ဆော့ပြီးတော့ ကျုပ်တို့ သုံးထောင့်ငါးရာလောက်နိုင်နေပြီဗျ၊ ဦးဘသာကြီး ဝိုင်းထဲကထွက်သွားတာနဲ့ ကျုပ်တို့လည်း အိပ်ချင်တယ်ဆိုပြီး ပြန်ထွက်ခဲ့တာပေါ့ဗျာ၊ ကိုဝက်သိုးကတော့ မကျေနပ်ဘူးပေါ့။
ကုလားကြီးကို သုံးထောင်ဆပ်လိုက်တယ်၊ ရွှေလက်စွပ်ကိုလည်း သုံးရာနဲ့ပြန်ဝယ်တယ်၊ ကုလားကြီးက ငါးရာတောင်းတယ်ဗျာ၊ ငါးရာ မရရင် မရောင်းဘူးတဲ့၊ ဒါနဲ့ပဲ ပြန်ဝယ်ခဲ့ရတာပေါ့ဗျာ၊ ကျုပ်တို့ဝိုင်းအပြင်ထွက်တော့ ဦးဘသာကြီးက ဇာတ်ရုံနားမှာ မတ်တပ်ရပ်နေတယ်ဗျ။ အကိုကြီးက သူ့အိပ်ကပ်ထဲက တစ်ရာထုတ်ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်ဦးဘသာကြီးရာ၊ ဦးဘသာကြီးကို ကျန်တဲ့ငွေနဲ့ပဲ ကန်တော့ပါတယ်ဗျာ”
“အေးကွ၊ ဒီကောင်တွေ တော်တော်ယုတ်မာတဲ့ကောင်တွေကွာ၊ ဂျင်မှာ နတ်စိမ်းသွင်းပြီးတော့ လုပ်စားနေတာကွ၊ ငါရောက်တော့ ဒီကောင့်နတ်စိမ်းကို လှုပ်မရအောင်ချုပ်ထားလိုက်တော့ ဒီကောင်ရွှေ့ခိုင်းချင်တိုင်း ရွှေ့လို့မရဘူးပေါ့ကွာ၊ ဝက်သိုးက ဂျင်မှာ လူထိုးနည်းတဲ့ အကောင်ကို နတ်စိမ်းကိုချခိုင်းတာကွ၊ သူလှည့်လို့ကျတာက တစ်ခုဖြစ်ပေမယ့် ထိုးပြီးသွားရင် နည်းတဲ့အကောင်ကိုပဲ ချပေးခိုင်းတာကွ”
ကျုပ်တို့လည်း သဘောပေါက်သွားတယ်၊ ကျုပ်ဆို တော်တော်ဒေါသဖြစ်တာပေါ့ဗျာ။
“ဒါဆိုလည်း ဦးဘသာကြီးရာ၊ ဒီလူတွေ မွဲသွားအောင် လုပ်ကြမယ်ဗျာ”
“တော်စမ်းကောင်လေး လောဘမတက်စမ်းနဲ့၊ ကိုယ်ကုန်သွားတာ ပြန်ရရင်တော်ပြီမဟုတ်လား၊ ငါက နတ်စိမ်းကိုပဲ လုပ်လို့ရမယ်၊ လူကိုတော့ လုပ်မရဘူးဟ၊ ဟိုကောင်တွေက မင်းတို့ကိုမကျေနပ်လို့ လုပ်ပါပြီတဲ့၊ မင်းတို့ဘယ်လိုလုပ်မလဲ”
ဦးဘသာပြောတာလည်း သဘာဝကျပါတယ်၊ ဒီကောင်တွေက နဂိုကတည်းက လက်ရဲဇက်ရဲသမားတွေမဟုတ်လား၊ ကျုပ်တို့ကို တစ်ခုခုလုပ်ရင် ခံရမှာပဲပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာကြီးနဲ့အတူတူ ပွဲခင်းထဲဝင်ခဲ့တာပေါ့ဗျာ၊ သန်းခေါင်ကျော်ပြီးရင် ရုံကကွဲနေပြီမဟုတ်လား၊ ကျုပ်တို့လည်း သူတို့ ကလက်စ ဇာတ်ထုတ်ကို အတူတူကြည့်ပြီး မနက်မိုးလင်းခါနီးမှ ပြန်လာကြတာပေါ့ဗျာ။
ရွာအဝင် တမာလမ်းကလေးကို ဖြတ်တော့ လူကရှင်းနေတယ်ဗျ၊ ရွာကလူတွေ တစ်ညလုံးပွဲကိုက်လို့များ အိပ်နေကြတာလားမသိပါဘူးဗျာ၊ ကျုပ်တို့သုံးယောက် လမ်းလျှောက်လာရင်း တမာပင်တွေကြားက လူတွေထွက်လာတယ်ဗျ၊ ကျုပ်တို့နဲ့မသိတဲ့လူတွေ လေးယောက်ဗျ။
“ဟေ့ကောင်တွေ၊ မပြေးနဲ့”
ကျုပ်တို့ဆီကို ပြေးလာကြတာဗျာ၊ သူတို့လက်ထဲမှာလည်း ဝါးရင်းတုတ်တွေကိုင်လို့ဗျ၊ ကျုပ်တို့လည်း လန့်သွားတာပေါ့ဗျာ။
“တယ်၊ လူမိုက်တွေ”
ဦးဘသာကြီးက မြေကြီးကိုခြေဖနောင့်နဲ့ ဆောင့်ထည့်လိုက်တော့ ဒီလူလေးယောက် မြေပေါ်ကို လဲကျသွားတာပဲဗျာ၊ သူတို့က ထပ်ပြီးကုန်းထတယ်၊ ကုန်းထပြီး မတ်တပ်ရပ်လိုက်တာနဲ့ အမူးသမားတွေလိုမျိုး ခြေမခိုင်လက်မခိုင်နဲ့ ပြန်ပြန်လဲကျတာပဲဗျို့၊
“လာကွာ၊ ဒီအမူးသမားတွေနဲ့ ဖက်ဖြစ်မနေနဲ့၊ သွားကြစို့”
ဦးဘသာပြောတော့ ကျုပ်တို့လည်း အဲဒီနေရာကနေထွက်လာခဲ့တယ်၊ ဟိုလူတွေကတော့ မတ်တပ်ရပ်လိုက်၊ ခွေပြီးလဲကျလိုက်နဲ့ ကျန်နေခဲ့တော့တာပဲဗျာ။
နောက်ရက်တော့ အကိုကြီးက သူတို့အိမ်နောက်ဖေးက ငှက်ပျောတစ်ခိုင်ခုတ်ပြီး ဦးဘသာကြီးကို ထမ်းပြီးသွားပေးလိုက်တယ်လေ၊ ဦးဘသာကြီးကယ်လို့ပေါ့ဗျာ၊ မဟုတ်ရင် အခုလောက်ဆို အကိုကြီးနဲ့မရွှေဥတို့ လင်မယားကွဲနေလောက်ပြီထင်တယ်ဗျ။ အဲဒီနောက်ပိုင်းကစပြီး ကျုပ်တို့ဂျင်ဝိုင်းဘက်ကို မလှည့်ကြတော့တာပါပဲဗျာ၊ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလိုမျိုး မှတ်သွားပြီကိုးဗျ၊ ကိုဝက်သိုးလည်း နောက်ပိုင်းကျတော့ သူများသတ်လို့ သေသွားပါတယ်၊ မကျေနပ်တဲ့လူက ချောင်းပြီးသတ်တယ်လို့ပြောတာပါပဲဗျာ၊ သူများအပေါ်မှာ ယုတ်မာတဲ့နည်းလမ်းနဲ့ ဖျံကျတဲ့လူတွေရဲ့ နိဂုံးပေါ့ဗျာ။
ကဲ ဒီနေ့တော့တော်လောက်ပြီဗျာ၊ နောက်တော့မှ ဦးဘသာအကြောင်းကို ဆက်ကြတာပေါ့ဗျာ။

ပြီးပါပြီ။

ရေးသားသူ- အဂ္ဂဇော်

#crd