” ဘွားမယ်စိန်နှင့် အထိန်းချုပ်ခံဝိညာဥ် “

” ဘွားမယ်စိန်နှင့် အထိန်းချုပ်ခံဝိညာဥ် “(စ/ဆုံး)

==================================

တစ်နေ့၌ဘွားမယ်စိန်နှင့် ဒေါ်ဝင်းတို့သည်
မောင်တိုးတို့ကိုအဖော်ခေါ်၍ မြို့စျေးသို့
နွားလှည်းဖြင့်ထွက်လာခဲ့ကြသည်။

“အမေ…အမေ့မြေးမအတွက်
ဟိုရောက်ရင်အဝတ်အစားလေးတွေဝယ်ဦးမယ်နော်…”

“ကြိုက်တာတွေ့ရင်ဝယ်ခဲ့ပေါ့အေ…”

ဒေါ်ဝင်းက အိမ်၌ဦးဘထော်နှင့်ကျန်ရစ်ခဲ့သော
သမီးဖြစ်သူ နန်း​ကြိုင်လေးအတွက်အဝတ်အစားအသစ်များ
ဝယ်လိုကြောင်းဘွားမယ်စိန်ကိုခွင့်တောင်းရှာသည်။
ဘွားမယ်စိန်ကလည်းခွင့်ပြုပေးရှာ၏။
ထိုသို့ဖြင့်မြို့စျေး သို့ရောက်တော့
အိမ်အတွက်လိုအပ်သည်များကို ဒေါ်ဝင်းကဝယ်လေသည်။
အိမ်အတွက်လိုအပ်သည်များကိုဝယ်ပြီးသည့်နောက်
တခြားသူများမှာလိုက်သည့်ပစ္စည်းများကိုပါဝယ်ရပြန်၏။
ဘွားမယ်စိန်နှင့်မောင်တိုး၊မောင်အုန်းတို့ကတော့
ဒေါ်ဝင်းစျေးဝယ်အပြီးကိုသားထိုင်၍စောင့်နေခဲ့ကြရသည်။

“ဒါကြောင့်မလို့လည်း…စျေးသွားရင်ကိုယ်ဘာသာသွားပါလို့
ပြောတာကို မောင်ရင်တို့အရီးကလက်မခံဘူး…
အခုလည်းကြည့်လေ…ညနေတောင်ရောက်တော့မယ်ကွဲ့”

ဟုဘွားမယ်စိန်ကသမီးဖြစ်သူဒေါ်ဝင်းအကြောင်းကို
မောင်တိုးတို့အားပြော​လေသည်။
မောင်တိုးကရယ်ရယ်မောမောဖြင့်…

“ကျုပ်တို့ကလည်းသိလို့အခုလိုရေနွေးကြမ်းနဲ့လက်ဖက်အုပ်တွေသယ်လာခဲ့တာပေါ့ဘွားရယ်…
အရီးစျေးဝယ်ကြာတာက တခြားမဟုတ်ဘူးဗျ…
အရီးကပစ္စည်းတစ်ခုကိုအသေးစိပ်ကြည့်တာ…
ကြည့်​ပြီးလို့ကြိုက်ရင်တောင်စျေးကဆစ်သေးတယ်ဗျ…
ဒါကြောင့်အတော်ကြာတာဘွားရဲ့…”

“ဟုတ်ပကွယ်…”

ဘွားမယ်စိန်ကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွားရှိုက်နေခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကတော့ စျေးဘက်ကိုမျက်နှာမူ၍
ရေနွေးကြမ်းလေးသောက်လိုက်…လက်ဖက်လေးစားလိုက်ဖြင့်
သွားလာလှုပ်ရှားနေကြသူများကိုကြည့်နေခဲ့ကြသည်။

အတော်​လေးကြာလေတော့ ကြိမ်ခြင်းတောင်းကြီးကို
မနိုင်မနင်းဆွဲ၍ဒေါ်ဝင်းရောက်လာခဲ့သည်။
မောင်တိုးလည်းပြာပြာသလဲနွားလှည်းပေါ်မှဆင်း၍
ဒေါ်ဝင်းလက်ထဲမှကြိမ်ခြင်းတောင်းကို ကူဆွဲပေးရှာ၏။

“ဟူးးးး…မောလိုက်တာတော်…”

ဒေါ်ဝင်းကခေါင်းအထက်၌တင်ထားသော ချည်တဘက်လေးကိုလက်ထဲကိုင်၍ ယပ်တောင်သဖွယ်ခတ်ရင်း
ငြီးငြူလိုက်သည်။

“ဝယ်စရာကုန်ပြီလားအေ့…”

“ကိုယ့်ပစ္စည်းကော…သူများပစ္စည်းကောအကုန်ဝယ်ခဲ့ပြီအမေ”

“အေးပါအေ…ကျုပ်တို့​ဖြင့် ညည်းတစ်စျေးလုံးကိုများ
ဝယ်နေသလားလို့…”

“ဟောတော်…အမေက ကျုပ်ကိုဘာမကျေနပ်နေတာလဲတော့်”

“မကျေနပ်စရာမရှိပါဘူးအေ”

“သိပါဘူးတော်…ကျုပ်ကိုများစိတ်မကြည်နေသလားလို့”

ဘွားမယ်စိန်နှင့်ဒေါ်ဝင်းတို့စကားပြောနေကြ၍
မောင်တိုးတို့မှာ ဒေါ်ဝင်းဝယ်လာသောပစ္စည်းများကိုသာ
လှည်းအထက်သို့တင်ပြီးငြိမ်နေခဲ့ကြသည်။

“ပြန်ကြတာပေါ့ အမေ…”

“အေး…ညည်းဝယ်စရာကုန်ရင်လည်း
ပြန်ကြတာပေါ့အေ…”

“ဝယ်လို့ပြီးပါပြီးအမေရဲ့…
အဲ့တာကြောင့်လည်းပြန်လို့ရပြီလို့ပြောတာပေါ့တော်… ”

ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရဲ့နွားလှည်းကလေးသည်
မြို့စျေးမှထွက်လာခဲ့တော့၏။
လမ်းမအထက်၌သွားလာနေကြသော
လူများ၊နွားလှည်းများကလည်းအပြည့်ပင်။
တစ်နေရာသို့ရောက်တော့…

“ဟင်းးးး….ဟင်း…ဟင်း….”

ဟူသောငြီးငြူသံကြီးတစ်သံသည်
ဘွားမယ်စိန်၏နားအတွင်းသို့ဝင်ရောက်လာခဲ့သည်။
ထိုအသံကြီးကြောင့်ဘွားမယ်စိန်လည်း
ဘေးဘယ်ညာကိုကြည့်မိလေတော့
စံအိမ်ကြီးတစ်အိမ်ကိုတွေ့လိုက်ရသောအခါ…

“နွားလှည်းခဏရပ်ဦး…”

ဟုဘွားမယ်စိန်ကတားလိုက်လေရာ
မောင်တိုးကလည်းနွားလှည်းကိုရပ်ပေးလေသည်။

“ဘွားဘာဖြစ်လို့လဲ…” ဟုမောင်အုန်းကမေးလေတော့
ဘွားမယ်စိန်က လက်ကိုကာ၍…

“နေပါဦးကွယ်..ဘွားကိုဘာမှမမေးကြပါနဲ့ဦး…”

ဟုတားလေသည်။
အဲ့တာကြောင့်မောင်တိုးနဲ့ဒေါ်ဝင်းတို့လည်းငြိမ်နေကြတော့သည်။
ဘွားမယ်စိန်ကလည်းနွားလှည်းပေါ်မှဆင်းပြီးစံအိမ်ကြီးကိုအပြင်မှအကဲခတ်နေခဲ့၏။
စံအိမ်ကြီး၏ပိတ်ထားသောခြံတံခါးအနီးဆီသို့ဘွားမယ်စိန်ရောက်လာသောအခါ…

“ဘယ်သူတွေလဲ…”

ဟုအမေးခံလိုက်ရသည်။မေးသူက
ခြံကြီး၏အတွင်းပိုင်းခြံတံခါးအနီး၌မတ်တပ်ရပ်နေခဲ့သည်။
ထိုသူသည်အသက်အားဖြင့်ငါးဆယ်ကျော်အရွယ်ရှိသည့်
ဘိုးတော်ကြီးတစ်ယောက်ပင်ဖြစ်သည်။
ဘွားမယ်စိန်ကထိုဘိုးတော်ကြီးကိုတစ်ချက်ကြည့်ပြီး…

“ဒီအိမ်ကြီးထဲမှာဘယ်သူတွေနေတာလဲ…”
ဟုမေးတော့ ဘိုးတော်ကြီးကမျက်မှောင်ကြီးကျုံ့၍…

“ခင်ဗျားဘယ်သူဆိုတာကိုသာအရင်ဖြေစမ်းပါ…
ဘာကိစ္စရှိလို့ ဒီခြံရှေ့ကိုရောက်နေရတာလဲ…”
ဟုမေးပြန်သည်။
အခြေအနေကိုစောင့်ကြည့်နေသော မောင်တိုးတို့လည်း
နွားလှည်းပေါ်မှဆင်းလာခဲ့ကြသည်။
မောင်တိုးကဘွားမယ်စိန်အနီးသို့လာရပ်ပြီး…

“ဦးကြီး…ကျုပ်တို့ကလူကောင်းတွေပါဗျာ…
ဘွားကအခုလိုမေးရတာလည်းအကြောင်းရှိပုံ
ရလောက်ပါတယ်ဗျာ..ကျုပ်တို့ရဲ့ဘွားက
ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ပေးနေတဲ့သူပါဗျ…”

လို့ဝင်ပြောတာ့မှဘိုးတော်ကြီးရဲ့အမူအရာက
ပြောင်းလဲသွားသည်။

အဲ့သည်အချိန်ဘွားမယ်စိန်က…

“ဒီအိမ်ကြီးကတစ်ခုခုဖြစ်ထားပုံရတယ်…
မသန့်ရှင်းဘူး…အော်သံတွေ…ငြီးတွားသံတွေ…
မကျေနပ်သံတွေကိုကြားနေရတယ်…”

ဟု…နှုတ်မှ ဘေးလူတွေကြားစေလောက်သောအသံဖြင့်
ပြောလေတော့ဘိုးတော်ကြီးမျက်လုံးပြူးသွားသည်၊။
မျက်လုံးအပြူးသားဖြင့်…

“ခင်ဗျားကဘယ်လိုသိတာလဲ…ဒီစံအိမ်ကြီးမှာသရဲရှိလို့…
ဝယ်ထားမိတဲ့ကျုပ်သူဠေးလင်မယားတောင်
လာမနေရဲကြဘူးဗျ…
နောက်ပြီးဒီစံအိမ်ကို ပြန်ရောင်းပစ်နိုင်ဖို့အတွက်…
ဒီသတင်းကိုလည်းဘယ်သူမှမသိအောင်ဖုံးဖိထားကြတာပါ…”

ဟုပြောလေတော့ဘွားမယ်စိန်က…

“ကျုပ်ကိုဘယ်သူမှမပြောပါဘူး…ကျုပ်ကြားရတာကို
ပြောပြတာပါ…နောက်ပြီး…ဒီစံအိမ်ထဲမှာရှိတဲ့
သရဲကအငြိုးကြီးနေတယ်…တခြားမသိတဲ့သူကို
မရောင်းပါနဲ့…အသက်သေနိုင်တယ်ကွဲ့ …”

ဟုပြောလေတော့မောင်တိုးတို့ အားလုံးလည်းစံအိမ်ကြီးကို
သေချာကြည့်နေခဲ့ကြသည်။

“ကဲ…သွားကြစို့ကွဲ့…”

ဟုဘွားမယ်စိန်ကပြောရင်းနောက်ပြန်လှည့်၍
နွားလှည်းဆီကိုသွားလေသည်။
မောင်တိုးတို့လည်း ဘွားမယ်စိန်အနောက်မှ
လိုက်လာခဲ့ကြသည်။
ဘွားမယ်စိန် နွားလှည်းပေါ်သို့တက်ဖို့ပြင်နေစဉ်
ဘိုးတော်ကြီးကခြံတံခါးကိုအလျင်အမြန်ဖွင့်ပြီး…

“နေကြပါဦး…နေကြပါဦးဗျာ…”ဟု…
ပြော၍နွားလှည်းအနီးသို့ ရောက်လာခဲ့သည်။

ဘွားမယ်စိန်တို့လည်းနွားလှည်းပေါ်ပြန်မတက်သေးဘဲ
အနောက်သို့ပြန်လှည့်လာကြသည်။

“ခင်ဗျားက ဒီသရဲတွေကိုရှင်းပေးနိုင်တဲ့သူလား”

လို့ဘိုးတော်ကြီးကမေးလေသည်။
ဘွားမယ်စိန်ကခေါင်းညိတ်လိုက်တော့ ဘိုးတော်ကြီးက
ဝမ်းသာအားရဖြင့်…

“ဒါဆို ကျုပ်သူဌေးသဘောကျမှာဗျ…
လာကြပါဗျာ…ကျုပ်အိမ်မှာခဏနားကြပါဦး…
ကျုပ်သူဌေးနဲ့ခေါ်တွေ့ပေးပါရစေဗျာ…”

ဟုပြောတော့ ဘွားမယ်စိန်ကိုမောင်တိုးတို့
မည်သို့ဆုံးဖြတ်လေမလဲဟုကြည့်နေကြ၏။

“ဒါဖြင့်လည်း သွားကြတာပေါ့…”

ဘိုးတော်ကြီးကစံအိမ်ကြီးနှင့်မလှမ်းမကမ်းရှိ
အိမ်ကလေးဆီသို့ဘွားမယ်စိန်တို့ကိုခေါ်သွားသည်။
မောင်တိုးကတော့နွားလှည်းကိုမောင်း၍လိုက်လာခဲ့၏။

“ငါ့တူ…နွားတွေကို ခြံထဲကအပင်မှာချည်ထားလိုက်ကွ…”

“ဟုတ်ကဲ့…”

“လာပါ…ထိုင်ကြပါဦးဗျာ…
အေးကြည်…ဟေ့…အေးကြည်…”

“ရှင်အဖေ…”

“ဒီကိုလာခဲ့ဦး”

ဘိုးတော်ကြီးကဘွားမယ်စိန်တို့ကိုနေရာထိုင်ခင်းပေးပြီး
သမီးဖြစ်သူကိုလှမ်း၍အော်ခေါ်လေသည်။
အိမ်နောက်ဖက်ဆီမှ ​အေးကြည်ဆိုတဲ့အမျိုးသမီးကလည်း
အနီးသို့ရောက်လာခဲ့သည်။

“အဖေ…ဧည့်သည်တွေလား…”

“အေး…အဖေ့သူဌေးနဲ့တွေ့ပေးရမယ့်ဧည့်သည်တွေသမီးရဲ့…
အိမ်မှာခဏထားခဲ့ဦးမယ်…သေချာဧည့်ခံလိုက်ဦးကြားလား…”

“ဟုတ်ကဲ့အဖေ…”

“ဒီက…မိတ်ဆွေတွေလည်းခဏလောက်အနားယူကြပါဦး
ကျုပ်…ကျုပ်သူဌေးကိုသွားခေါ်ပေးပါ့မယ်…”

“ဟုတ်ကဲ့…”

ဘိုးတော်ကြီးက ဘွားမယ်စိန်တို့ကိုသမီးဖြစ်သူနှင့်အတူ
ထားခဲ့ပြီးသူ၏သူဌေးဖြစ်သူနေသော
အိမ်ဆီသို့ထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သောဘွားမယ်စိန်တို့ကို မအေးကြည်က
ရေနွေးနှင့်လက်ဖက်ပွဲများချကာဧည့်ခံပေးရှာသည်။

“ကြည့်ရတာ…အမေကြီးတို့က
စံအိမ်ကြီးကိုလာဝယ်ကြတဲ့သူတွေထင်တယ်…”

ဟု…မအေးကြည်ကမေးတော့ဘွားမယ်စိန်က…

“မဟုတ်ပါဘူးကွယ်…
ဘွားတို့ကမြို့ကိုစျေးဝယ်လာတဲ့သူတွေပါ…”

“ဟောတော်…ဒါဖြင့်ကျုပ်အဖေကဘွားတို့ကို
ဘာကြောင့်များသူဌေးနဲ့တွေ့ပေးချင်ရတာလဲ”

လို့မအေးကြည်ကမေးလေတော့ မောင်တိုးက…

“ကျုပ်တို့ဘွားက အဲ့သည်စံအိမ်ကြီးမှာ
မကောင်းတာရှိနေတယ်လို့အာရုံရနေတာဗျ…
ခင်ဗျားအဖေနဲ့လည်းစကားပြောပြီးပါပြီ…
ဒါကြောင့်လည်း သူ့ သူဌေးနဲ့တွေ့ပေးချင်ပါတယ်ဆိုပြီး
ခင်ဗျားအဖေကတားလို့အခုလိုစောင့်နေရတာဗျ…”

ဟုပြောလေတော့ မအေးကြည်မျက်လုံးအပြူးသားဖြင့်…

“ဒါဆိုအမေကြီးကသရဲတွေနှိမ်နင်းပေးနိုင်သူပေါ့နော်…”

ဟုမေးတော့ဘွားမယ်စိန်ကခေါင်းညိတ်၍…

“အဲ့သည်အိမ်မှာဘာတွေများဖြစ်ထားတာလဲကလေးမ…
ကလေးမ သိရင်ဘွားတို့ကိုပြောပြပါလားကွဲ့”

ဟု…ပြောလေတော့ မအေးကြည်ကဘွားမယ်စိန်ကို
သေချာစိုက်ကြည့်သည်။
ပြီးနောက်ခေါင်းညိတ်၍…

“ကျုပ်အဖေကအဲ့သည်အိမ်ရဲ့ခြံစောင့်ပါ…
ဒါပေမယ့်နေ့ပဲနေပြီးညဆို ကိုယ့်အိမ်ကိုပြန်နေပါတယ်…
အရင်ကတော့အဲ့သည်အိမ်ပိုင်ရှင်က တခြားတစ်ယောက်ပါ…”

“ဒါဖြင့်ကလေးမ အဖေကအရင်ပိုင်ရှင်နဲ့တုန်းကလည်း
အဲ့သည်အိမ်ရဲ့ခြံစောင့်ပဲလားကွဲ့…”

“မဟုတ်ဘူးရှင်…အခုပိုင်ရှင်နဲ့ကျမှ ခြံစောင့်ငှားမရလို့ဆိုပြီး
စံအိမ်နဲ့နီးတဲ့အဖေ့ဆီကိုအကူအညီလာတောင်းကြလို့
အဖေကအဲ့သည့်စံအိမ်မှာခြံစောင့်လုပ်ဖြစ်သွားတာပါ…”

“သြော်…အေး..အေး…
ဒါဖြင့်အရင်ပိုင်ရှင်တွေကဘယ်သူတွေများလဲကွဲ့”

“အရင်ပိုင်ရှင်က မျက်နှာဖြူအရာရှိတစ်ယောက်ပါရှင့်
သူ့အမျိုးသမီးကတော့ မြန်မာလူမျိုးပါပဲ…
ဒီမြို့မှာဒေါ်ထိပ်ထားစံဆိုရင်မသိတဲ့သူမရှိပါဘူးအမေကြီး”

“ဒါဖြင့်သူတို့ကဘယ်ကိုရောက်သွားကြတာလဲ”

“သူတို့အကြောင်းပြောရရင်တော့ အစကနေပြောရမလားပဲ…
ကျုပ်လည်းလူကြီးတွေပြောပြလို့သာသိထားတာ…
သူတို့ရှိစဥ်က ကျုပ်ကဆယ်နှစ်အရွယ်ပဲရှိသေးတာလေ…”

လို့မအေးကြည်ကပြောလေသည်။
ထိုစဥ် ခြံဝိုင်းထဲသို့မအေးကြည်အဖေနှင့်သူဌေးဖြစ်သူတို့ရောက်လာခဲ့၏။

“သူဌေး…ထိုင်ပါခင်ဗျ…
ဟောသည်က အမေကြီးပါပဲ…”

လို့ဘိုးတော်ကြီးက ဘွားမယ်စိန်နှင့်သူဌေးဖြစ်သူကို
မိတ်ဆက်ပေးလေသည်။
သူဌေးဖြစ်သူကဘွားမယ်စိန်ကိုသေချာကြည့်ပြီး…

“ကျုပ်နာမည်က ဦးစိုင်းနောင်ပါ…
အမေကြီးက ကျုပ်စံအိမ်ကြီးထဲမှာရှိတဲ့သရဲကို
ဖယ်ရှားပေးမယ်ဆိုတာအမှန်ပဲလားဗျ…”

“အေးကွယ်…အရင်ဆုံးအနေနဲ့တော့
မောင်ရင်တို့တွေ ကြုံတွေ့ရသမျှကို
ပြောပြပေးရင်ပိုကောင်းလိမ့်​မယ်ကွဲ့…”

ဟုဘွားမယ်စိန်ကပြောတော့ သူဌေးဦးစိုင်းနောင်သည်
ခေါင်းကိုညိတ်၍…

“ကျုပ်ပြောပြပါ့မယ်…
တကယ်တော့ ကျုပ်ဒီစံအိမ်ကြီးကိုအရမ်းကြိုက်လို့သာ
ဝယ်ခဲ့မိတာပါ…ဒီစံအိမ်ရဲ့အကြောင်းကိုတော့
ကျုပ်သေချာမစုံစမ်းခဲ့မိဘူးဗျ …
တခြားသူတွေပြောသလို မျက်နှာဖြူအရာရှိတို့မိသားစု
နေထိုင်ခဲ့တာလောက်ပဲသိထားတာပါ…
အဲ့သည်လိုကနေဝယ်ပြီးနောက်ရက်ကျုပ်လည်း
ကျုပ်အိမ်ကအိမ်အကူတွေကိုခေါ်ပြီး သန့်ရှင်းရေး
လုပ်ခိုင်းခဲ့ပါတယ်…အဲ့သည်အထိမထူးခြားသေးဘူးဗျ…
ဒါပေမယ့်ညဘက်ဆို အစောင့်နေခဲ့တဲ့သူတွေက
မိန်းမတစ်ယောက်လမ်းလျှောက်နေတာကိုမြင်ကြောင်း…
ငိုယိုသံတွေကြားရကြောင်းပြောလာတယ်ဗျ…
ကျုပ်တို့ကတော့ယုံသလိုလိုမယုံသလိုလိုပါပဲဗျာ…
ဒါပေမယ့် ကျုပ်ရဲ့အစောင့်တစ်ယောက်ဆုံးသွားမှ
ကျုပ်ယုံသွားတာဗျ…”

“ဒါဖြင့် ဒီစံအိမ်မှာ မောင်ရင်တို့မနေခင်ကတည်းက
သရဲရှိနေတာပေါ့…အရင်လူတွေတုန်းကရော
ဘာတွေများဖြစ်ပျက်ခဲ့ကြတာလဲကွဲ့”

ဘွားမယ်စိန်ကမေးတော့ ဘိုးတော်ကြီးက…

“အဲ့သည်အ​ကြောင်းကိုတော့ ကျုပ်ပဲပြောပြပါ့မယ်ဗျ…
အဲ့သည်စံအိမ်ရဲ့အရင်ပိုင်ရှင်က
မျက်နှာဖြူအရာရှိတစ်ယောက်ပါ…
မျက်နှာဖြူအရာရှိကမြန်မာအမျိုးသမီးတစ်ယောက်ကို
ယူထားတာဗျ…အဲ့သည်အမျိုးသမီးနာမည်က
ဒေါ်ထိပ်ထားစံလို့ခေါ်ကြတယ်ဗျ…
အတော်ချောအတော်လှတဲ့အမျိုးသမီးပါပဲ…
ဒေါ်ထိပ်ထားစံကိုမျက်နှာဖြူအရာရှိက
အတော်လေးချစ်ခင်ရှာပါတယ်….
သူတို့မှာကျုပ်သမီးနဲ့အရွယ်တူတဲ့ သားလေး
တစ်ယောက်လည်းရှိတယ်ဗျ…
ဘယ်လိုပဲစည်းစိမ်ပြည့်စုံနေပါစေ…
ဒေါ်ထိပ်ထားစံက မျက်နှာဖြူအရာရှိအပေါ်
မချစ်မနှစ်သက်ပဲယူထားတဲ့ပုံရပါတယ်…
အဲ့သည်လိုနဲ့သူတို့ချင်းဘာပြသာဒ်နာတွေတက်တယ်
မသိပါဘူးဗျာ…ဒေါ်ထိပ်ထားစံတစ်ယောက်ဆုံးသွားတာလိုလို
အသတ်ခံရတာလိုလိုသတင်းတွေကြားရတယ်ဗျ…
ဒေါ်ထိပ်ထားစံဆုံးပြီးတဲ့နောက်…
မျက်နှာဖြူအရာရှိက ဒီစံအိမ်ကြီးကိုရောင်းထားခဲ့ပြီး
သူ့ကလေးကိုအပါခေါ်…အပြီးထွက်သွားတော့တာပဲဗျ”

လို့ဘိုးတော်ကြီးကပြောပြလေသည်။
နားထောင်ပြီးတဲ့အချိန် ဘွားမယ်စိန်က…

“ဘွားတို့…ဒီစံအိမ်ကြီးထဲကိုဝင်ကြည့်လို့ရမလားကွဲ့…”

လို့သူဌေးဦးစိုင်းနောင်ကိုပြောတော့…

“ရပါတယ်ဗျာ…ကျုပ်ခွင့်ပြုပါတယ်…
နောက်ပြီးလိုအပ်တာရှိရင်လည်းပြောပါအမေကြီး…
ကျုပ်ဘက်ကလုပ်ပေးဖို့အသင့်ပါပဲဗျ…”

လို့ပြောတော့…

“ရတယ်ကွဲ့…အရင်ဆုံးဘွားတို့ဒီစံအိမ်ကြီးထဲကို
ဝင်ကြည့်ပါဦးမယ်…”

ဟုသာဘွားမယ်စိန်ကပြောလေသည်။
ထိုသို့ဖြင့် ဒေါ်ဝင်းကိုမအေးကြည်တို့အိမ်၌ထားခဲ့ပြီး
စံအိမ်ကြီးဆီသို့ထွက်လာခဲ့ကြသည်။
စံအိမ်ကြီးကိုတော့သော့ခတ်ထားသည်မလို့ ခြံစောင့်ဘိုးတော်ကြီးကသော့ဖွင့်ပေး၏။

“ကျွီ….”

တံခါးဖွင့်ဖွင့်ခြင်းဖုန်များက ထွက်လာ၍
ဘွားမယ်စိန်ကသူ၏ချည်တဘက်လေးဖြင့်နှာခေါင်းကိုအုပ်ထားလေသည်။

“ဝင်လို့ရပြီခင်ဗျ…”

သူဌေးဦးစိုင်းနောင်နှင့်ဘိုးတော်ကြီးတို့ကလည်း
ဘွားမယ်စိန်တို့နှင့်အတူလိုက်လာပေးကြသည်။
စံအိမ်ကြီးကအတွင်းပိုင်း၌အတော်ကျယ်ပြီး
ခန့်ညားထည်ဝါလွန်းလှ၏။
ပြတင်းတံခါးများကိုပိတ်ထားသည်မလို့
အတွင်း၌အမှောင်ရိပ်များနေခဲ့သည်။
ဘွားမယ်စိန်ကတော့စံအိမ်ကြီး၏ဧည့်ခန်း၌ချိတ်ဆွဲထားသော
ပန်းချီကားတစ်ချပ်ကိုကြည့်နေခဲ့သည်။
ထိုပန်းချီကားအတွင်း၌ ရေကန်တစ်ခုကိုမျက်နှာမူကာထိုင်နေသောအမျိုးသမီးတစ်ယောက်ရဲ့နောက်ကျောပုံကိုရေးဆွဲလို့ထားလေသည်။
လက်ရာကလည်းသေသပ်လွန်းလှ၏။
ပန်းချီကားကိုဘွားမယ်စိန်ကြည့်နေရင်း…

“ဒီပန်းချီကားက မောင်ရင်ပိုင်တာလား”

လို့ သူဌေးဦးစိုင်းနောင်ကိုမေးတော့…

“မဟုတ်ဘူးဗျ…စံအိမ်ဝယ်ကတည်းကပါလာတာပါ…
ကျုပ်လည်းသဘောကျတာနဲ့ဒီအတိုင်းပဲ
ထားထားပါအမေကြီး…”

လို့ပြောတော့ဘွားမယ်စိန်လည်းစံအိမ်ကြီးထဲသို့
မျက်လုံးဝေ့ဝိုက်ကြည့်နေစဥ် အခန်းတစ်ခုထဲသို့ဝင်သွားသော
အရိပ်တစ်ခုကိုတွေ့၍…

“ဒီမှာနေခဲ့ကြဦး…”

ဟုမှာကာထိုအခန်းဆီသို့သွားလေသည်။

“ကျွီ…”

ဘွားမယ်စိန်အခန်းတံခါးကိုဖွင့်ဝင်လိုက်သည်။
အခန်းထဲကိုရောက်တော့ ပြတင်းတံခါးအနီး၌
ဘွားမယ်စိန်ကိုကျောပေးကာရပ်နေသော အမျိုးသမီးတစ်ဦးကို
ဘွားမယ်စိန်တွေ့လိုက်သည်။
ထိုအမျိုးသမီးသည် ကျောလယ်လောက်ထိရှည်လျားသောဆံပင်ကြီးကိုဖြန့်ထားပြီးထဘီအနက်နှင့်အင်္ကျီအဖြူလေးကို
ဝတ်ဆင်လို့ထားသည်။

“ညည်းဘယ်သူလဲ…”

လို့ဘွားမယ်စိန်ကမေးတော့ အနောက်သို့လှည့်မလာသော်လည်း…

“ကျုပ်ကထိပ်ထားစံပါ…”

လို့ဖြေသည်။

“သြော်…ဒါဖြင့် ညည်းက ဒီစံအိမ်ရဲ့အရင်ပိုင်ရှင်ပေါ့…”

“ပိုင်ရှင်…ဟင်းးးးဟင်းးးဟင်းးးးးးးး…ဟားးးး….
ဟားးး….ဟားးး…ဟားး…..ဟားးး….”

အမျိုးသမီးဆီကခြောက်ကပ်ကပ်ရယ်မောသံကြီး
ထွက်ပေါ်လာခဲ့သည်။
ထိုသို့ရယ်မောရင်း ဆတ်ခနဲဘွားမယ်စိန်ဘက်သို့ခန္ဓာကိုယ်
လှည့်လာပြီး…

“ပိုင်ရှင်…ကျုပ်ကဒီစံအိမ်ရဲ့ပိုင်ရှင်မဟုတ်ဘူး…
ကျုပ်အတွက်ဒီစံအိမ်ကအကျဥ်းထောင်ပဲ…
အကျဥ်းထောင်….”

ဟုဒေါသတကြီးအော်ဟစ်လေသည်။
ထိုအမျိုးသမီး၏မျက်နှာတစ်ခုလုံးသည် ရုပ်ပျက်ဆင်းပျက်ဖြစ်လွန်းနေ၏။
နဖူးတည့်တည့်၌လည်းသေနတ်ဖြင့်အပစ်ခံထားရသလို
အပေါက်ကြီးဖြစ်လို့နေလေသည်။

“အကျဥ်းထောင်…
ညည်းကိုဘယ်သူကဒီမှာချုပ်ထားလို့လဲ…
ဒါဆိုညည်းက တခြားကိုသွားလို့မရဘူးဖြစ်နေတာပေါ့…”

လို့ဘွားမယ်စိန်ကမေးတော့…

“ဟိုမသာ…ကျုပ်အသက်ကိုသတ်ယုံမကဘူး…
ကျုပ်ဝိညာဥ်ကိုလည်းဘယ်မှသွားမရအောင်လုပ်ခဲ့တာ…
ကျုပ်….သတ်ချင်တယ်…ကျုပ်သတ်ပစ်ချင်တယ်….”

အမျိုးသမီးသည်ဒေါသတကြီးဖြင့်အော်ဟစ်လေသည်။

“ညည်းမကျေနပ်တာကိုဘွားနားလည်တယ်…
ဘွားဒီကိုရောက်လာတာကလည်းညည်းအတွက်လာခဲ့တာပါ…
ညည်းဒီကနေလွှတ်မြှောက်ဖို့အတွက်ဘွား
ဘာလုပ်ပေးရမလဲ…”

ဟု…ဘွားမယ်စိန်ကပြောတော့အမျိုးသမီးသည်
ဒေါသစိတ်များပျောက်သွားပြီး ဝမ်းသာသွားပုံရ၏။

“တကယ်…တကယ်ပြောတာလား…”

ဟု…မေးတော့ဘွားမယ်စိန်ကခေါင်းကိုညိတ်ပြ၏။
ထိုအခါ​ဖျော့တော့သောအသံလေးဖြင့်

“တကယ်တော့လေ…ကျုပ်တကယ်ချစ်ရတဲ့
ကိုတင်မောင်ဆိုတဲ့ကျုပ်ချစ်ရတဲ့သူက ကျုပ်အတွက်
ပန်းချီကားတစ်ချပ်လက်ဆောင် ပို့ပေးခဲ့ပါတယ်…
ဒါကိုဟိုလူသိသွားပြီးကျုပ်နဲ့ရန်ဖြစ်ရာက
ကျုပ်ကလည်းစိတ်ထဲရှိသမျှမကျေနပ်ချက်တွေကို
ပြောလိုက်မိပါတယ်အမေကြီးရယ်…
အဲ့သည်မှာကျုပ်ကိုသေနတ်နဲ့ပစ်သတ်ပြီး
ကျုပ်ဝိညာဥ်ကိုတောင်ဟောသည်အိမ်ထဲက
မထွက်နိုင်အောင်လို့အောက်လမ်းဆရာနဲ့ ပေါင်းပြီး
ဟိုဧည့်ခန်းထဲက ပန်းချီကားမှာချုပ်ထားခဲ့တာပါ…
ကျုပ်ကို အမေကြီးကူညီမယ်ဆိုရင်
ကျုပ်အတွက်အဲ့သည်ပန်းချီကားကိုမီးရှို့ပေးပါရှင်…”

လို့ပြောလာတော့ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“စိတ်ချပါ…ဒီလောက်တော့ဘွားလုပ်ပေးနိုင်ပါတယ်အေ…
ဒါပေမယ့်တစ်ခုတော့ပြောမယ်အေ့…
ဟောသည်အိမ်ကိုဝယ်ထားတဲ့သူဌေးနဲ့သူ့ရဲ့တပည့်တွေကိုတော့
မခြောက်လန့်ပါနဲ့…သူတို့လည်းညည်းကို
ကြောက်နေကြလို့….
သည်အိမ်မှာ​တောင်လာမနေရဲကြဘူးအေ့…”

“စိတ်ချပါ…ကျုပ်ဒီအိမ်ရဲ့အချုပ်အနှောင်ကနေလွှတ်တာနဲ့
ကျုပ်လည်းဒီအိမ်မှာမနေပါဘူး…
ဘယ်သူ့ကိုမှလည်းအန္တရာယ်မပေးတော့ပါဘူးရှင်…”

“ကောင်းပြီလေ…ညည်းကဒီလိုပြောမှတော့
ဘွားကလည်းညည်းဆန္ဒအတိုင်းလုပ်ပေးရတော့မှာပေါ့…”

ဟုဘွားမယ်စိန်ကလည်းပြောလိုက်တော့သည်။
ပြီးနောက်ဘွားမယ်စိန်လည်း အခန်းထဲမှထွက်လာခဲ့တော့၏။
အခန်းအပြင်၌ကျန်ရစ်သောမောင်တိုးတို့နှင့်
သူဌေးဦးစိုင်းနောင်ကို…

“ဧည့်ခန်းထဲကပန်းချီကားကိုဘွားတို့မီးရှို့ပေးရလိမ့်မယ်…
ဒါမှလည်း သူ့ဝိညာဥ်ကဒီစံအိမ်ကြီးထဲကထွက်လို့ရမှာ…”

ဟု…ပြောလိုက်တော့…သူဌေးဦးစိုင်းနောင်က…

“နေပါဦးအမေကြီးရဲ့…ဒီစံအိမ်မှာရှိတဲ့သရဲက
ဘယ်သူများလဲဆိုတာ ကျုပ်တို့ကိုအရင်ပြောပြပါဦးဗျာ…”

ဟုပြောလာတော့…

“တခြားသူမဟုတ်ပါဘူးကွယ်…
ဒီစံအိမ်ရဲ့အရင်ပိုင်ရှင်​ဖြစ်တဲ့သူဌေးကတော်
ထိပ်ထားစံပါပဲ…သူ့ခမျာလည်းအသတ်ခံရပြီးတာတောင်…
ပန်းချီကားမှာချုပ်ထားခံခဲ့ရတာ…
ဒါကြောင့်လည်းလာသမျှလူကိုခြောက်လန့်နေတာကွဲ့…”

ဟုဘွားမယ်စိန်ကပြောတော့အားလုံးအံ့သြကုန်ကြသည်။

“ဟာဗျာ…သူကအသတ်ခံရတာလား”

ဟု…သူဌေးဦးစိုင်းနောက်ကပြောလေတော့
ဘွားမယ်စိန်ကခေါင်းညိတ်၍…

“အဲ့သည်လိုပေါ့ကွယ်…
ကဲ…လာကြကွဲ့…ပန်းချီကားဆီသွားကြတာပေါ့”

ဟုပြော၍ဘွားမယ်စိန်ကအရင်ထွက်လာခဲ့တော့သည်။
ပန်းချီကားအားမောင်တိုးတို့ကိုဖြုတ်ယူစေပြီး
ခြံဝိုင်းထဲ၌ပင်မီးရှို့ပေးခဲ့၏။
မီးများလောင်မြိုက်နေသောပန်းချီကားကို
ဘွားမယ်စိန်စိုက် ကြည့်၍…

“ကဲ….ထိပ်ထားစံရေ…
ညည်းရဲ့အချုပ်အနှောင်တွေလည်းလွှတ်ကင်းသွားပြီ…
ညည်းသွားလိုရာကိုသွားနိုင်ပါပြီ…”

ဟုပြောလိုက်လေသည်။

ပန်းချီကားတစ်ချပ်လုံးပြာဖြစ်သွားလေမှ…

“မောင်ရင်တို့အတွက်ဘွားလုပ်ပေးသင့်တာကိုလည်း
လုပ်ပေးပြီးပြီဆိုတော့ဘွားတို့လည်းပြန်တော့မယ်ကွဲ့…
ဒီအိမ်ကြီးပေါ်နေဖြစ်ရင်တော့ အရင်ဆုံးဘုန်းကြီးပင့်ပြီး
ပရိတ်တရားလေးနာပေါ့ကွယ်…အဲ့သည်လို
လုပ်ဖြစ်ခဲ့ရင်တော့ထိပ်ထားစံအတွက်ပါ
ကုသိုလ်လုပ်အမျှဝေပေးပေါ့…”

ဟုပြောလေတော့သူဌေးဦးစိုင်းနောင်ကပြာပြာသလဲဖြင့်…

“အမေကြီးတို့ကချက်ချင်းကြီးပြန်တော့မလို့လားဗျ…
နေပါဦးဗျာ…ကျုပ်ကျေးဇူးဆပ်ချင်လို့
တစ်ညလောက်​ဖြစ်ဖြစ်ကျုပ်အိမ်မှာတည်းကြပါဦးဗျာ…”

လို့တောင်းဆိုလာသည်။

“ဘွားတို့ကလည်းရွာကနေစျေးဝယ်ဆိုပြီးပဲ
တက်လာကြတာ…ဒီမှာညအိပ်ရင်ရွာမှာ
ကျန်ခဲ့တဲ့သူတွေကစိတ်ပူနေကြမှာကွဲ့…
ဒါကြောင့်မလ်ို့ မတည်းတော့ပါဘူးကွယ်…”

ဆိုပြီးဘွားမယ်စိန်ကပြောတော့သူဌေးဦးစိုင်းနောင်က…

“ဒါဆိုလည်းဘယ်တတ်နိုင်မလဲဗျာ…
ဒါပေမယ့်ခဏတော့စောင့်ပေးကြပါဦး…”

လို့ပြောပြီးသူဌေးဦးစိုင်းနောင်ကဘိုးတော်ကြီးကို
မှာစရာရှိတာမှာပြီးထွက်သွားလေသည်။
ဘိုးတော်ကြီးကလည်းဘွားမယ်စိန်တို့ကို
သူ့အိမ်သို့ပြန်ခေါ်သွားခဲ့၏။
ဘွားမယ်စိန်တို့လည်းသူဌေးဦးစိုင်းနောင်ပြန်အလာကို
ထိုင်စောင့်နေကြစဥ် သူဌေးဦးစိုင်းနောင်ကသူ့ရဲ့
တပည့်တွေနဲ့ပြန်ရောက်လာခဲ့၏။

“ဟောသည်ကဆန်နဲ့ဆီတွေက အမေကြီးအတွက်
ကျုပ်ကန်တော့တာပါ…
ဒါကတော့အမေကြီးလိုရာသုံးဖို့ပါ”

ဆိုပြီးပိုက်ဆံများကိုပေးလေတော့ဘွားမယ်စိန်က
ခေါင်းက်ိုခါရမ်းပြီး…

“ငွေတော့ဘွားလက်မခံဘူးကွဲ့…”

ဟုငြင်းလေသည်။
သူဌေးဦးစိုင်းနောင်ကဘွားမယ်စိန်ကိုကျေးဇူးတင်လွန်း၍
ကျေးဇူးဆပ်ချင်သူဖြစ်သော်လည်း
ဘွားမယ်စိန်ကလက်မခံသည်မလိုထပ်၍မတောင်းဆိုရှာပေ။
သို့ပေမယ့်ဆန်နဲ့ဆီများကိုလှည်းပေါ်တင်နေစဥ်…
မောင်တိုးနဲ့မောင်အုန်းကိုပိုက်ဆံများပေးလိုက်ရှာသည်။

“ကဲ…ဘွားတို့ပြန်မယ်ကွဲ့…
တစ်ခုခုအကြောင်းရှိရင်သောင်ထွန်းရွာကိုလာခဲ့ပါ…
သောင်ထွန်းရွာကဘွားမယ်စိန်ဆိုရင်သိကြပါတယ်ကွယ်…”

ဟုပြောကာနှုတ်ဆက်လေတော့…

“စိတ်ချပါအမေကြီး…
ကျုပ်ဒီစံအိမ်ကိုလာနေတာနဲ့
အမေကြီးပြောထားခဲ့သလိုလုပ်ပေးမှာပါ…
ဒါပေမယ့်အမေကြီးဆီကိုလည်း
လာတွေ့ချင်ပါသေးတယ်ဗျာ…”

“အေး…အေး…လာခဲ့ပါကွယ်…
ဟိုကသမီးအေးကြည်တို့လည်းလာလည်ကြနော်…”

“ဟုတ်ကဲ့အမေကြီး…”

ဘွားမယ်စိန်တို့လည်းအားလုံးကိုနှုတ်ဆက်ပြီး
ပြန်လာခဲ့ကြသည်။
ပန်းချီကားကိုမီးရှို့ပေးထားပြီမလို့ ဒေါ်ထိပ်ထားစံလည်း
စံအိမ်ကြီးမှလွှတ်မြှောက်သွားပြီဟု
အားလုံးကလည်းယုံကြည်ကြ၏။
ထို့ကြောင့်ဘွားမယ်စိန်ကသောင်ထွန်းရွာသို့
တန်း၍ပြန်လာခဲ့ခြင်းပင်ဖြစ်သည်။
စံအိမ်၌နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ဒေါ်ထိပ်ထားစံ၏
ဝိညာဥ်သည် ထိုစံအိမ်မှလွှတ်မြှောက်သွားသည့်အခါ
ပြန် လာတော့မည်မဟုတ်ဟု ဘွားမယ်စိန်သိထားလေသည်။

ထိုသို့ဖြင့် ဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါသည်။

ပြီးပါပြီ။

ရေးသားသူ- ယဥ်မင်း(ကန့်ဘလူ)

#crd