တမလွန်လော ကိုယ်ပျောက်လော

အောက်လမ်းဘိုးထင် နှင့် တမလွန်လော ကိုယ်ပျောက်လော
(၆၂)
◾အခန်း (၁)
လူတို့၏သဘောသဘာ၀သည် အမြဲတွေ့နေက သာမာန်သာ သဘောထားကြသည်။နေ့တိုင်း တွေ့မြင်နေရသူ၏တန်ဖိုးကို မမြင်ရမတွေ့ရသောအခါမှ ပိုသိလာပြီး လိုအပ်ချက်အား ပို၍ နားလည်လာတတ်ကြသည်။ယခုလည်း ပျောက်ဆုံးနေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်သော မောင်ဘိုးထင်၊ပေတူးနှင့် သာအေးတို့အား သတိရအောက်မေ့နေကြသည် ။ဦးအုန်းဆိုလျှင် မောင်ဘိုးထင်တို့အား လိုက်ရှာနေသည်မှာ အခုထိ ရွာကို ပြန်မရောက်သေးပေ။သာရ၊ဖိုးထွေး၊ပေါက်တူး၊ချိုးသိမ်း၊မင်းနောင်တို့အပြင် ရွာထဲမှ လူကြီးလူရွယ်လူငယ်၊မိန်းမ၊ယောကျာ်းနှင့် စကားမပြောတတ်ပြောတတ်ကလေးမှအစ ဘိုးကြီးမြ၏ အိမ်ရှိခွေးအဆုံး မောင်ဘိုးထင်တို့အား သတိရနေကြသည်။ဖိုးထွေးတို့သည် ရွာလယ်မှ မန်ကျည်းပင်ကြီး၏အရိပ်အောက်တွင် ရွာမှလူငယ်လူရွယ် ကလေးများနှင့်အတူ မောင်ဘိုးထင်တို့အကြောင်းအား ပြောနေကြသည် ။
“ကိုဖိုးထွေး”
“ပြော အောင်သန်း”
“ဘိုးထင်တို့ သေတော့ မသေပါဘူးနော် “
“ဒီကောင်တွေ သေမှာတော့ မဟုတ်လောက်ဘူးကွ အဲ့ကောင်တွေသာသေရင် ငါတို့ကို အရင်ခြောက်မှာ “
“မသေဘဲ ဘယ်တွေသွားနေတာလဲ “
“သိရင် ငါ သွားခေါ်လိုက်ပြီပေါ့ အောင်သန်းရာ “
“အေးဗျာ ကိုဖိုးထွေးတို့တတွေ ဘိုးထင်တို့ကို လိုက်ရှာမှာမလား ကျုပ်တို့ပါ လိုက်ခဲ့မယ် “
“လိုက်တော့ ရှာရမှာပေါ့ကွာ “
“ဒါနဲ့ ဘိုးထင်တို့အိမ်ကို ရောက်နေတဲ့ဧည့်သည်တွေရော ကိုဖိုးထွေး “
“သူတို့လည်း ပြန်သွားကြပြီလေကွာ သူတို့လည်း လမ်းတလျှောက် လိုက်ရှာပေးမယ်ပြောတယ် တွေ့ ရင် အကြောင်းကြားမယ်တဲ့ “
“ဘိုးထင်တို့ကို ဒီနှစ်ရက်သုံးရက်မှာ မတွေ့ရတာနဲ့ မနေတတ် တော့ဘူးဗျာ “
ဖိုးထွေးနှင့် သာရသည် ဘိုးထင်တို့နှင့် တရွာတည်းနေ လူလေးများ၏စကားကြောင့် မောင်ဘိုးထင်တို့ သုံးယောက်ကို ပိုသတိရလာသည်။ဘာမှ မဖြစ်ပါစေနဲ့ဟုလည်း ဆုတောင်းနေကြသည် ။
◾အခန်း (၂)
ပေပင်ရွာသင်္ချိုင်းအနီးမှ ဥနှဲပင်ကြီး၏အောက်တွင် ကိုယ် ပျောက်နေသော မောင်ဘိုးထင်တို့သုံးယောက် ထိုင်နေသည် ။ သူတို့သည် ယခုအချိန်ထိ ဘာဖြစ်နေမှန်းလည်း မသိသေးပေ။သူတို့ကိုယ်သူတို့ သေပြီအထင်နှင့် အလောင်းများကို လိုက်ရှာသော်လည်း သူတို့၏ ရုပ်အလောင်းသည်က ရှိမနေသဖြင့် ‌‌ သေသည်လား ရှင်သည်လား သူတို့ကိုယ်တိုင် မသိဖြစ်ကာ ညည်းညူနေကြသည်။
“ဟေ့ကောင် တို့တတွေ ဘာမှ မစားပဲနေတာတောင် ဗိုက်မဆာဘူးကွ မထူးဆန်းဘူးလား”
“အေး ဟုတ်တယ် ငါလည်းမဆာဘူး ဒါနဲ့ ငါတို့က ဘာဖြစ်သွားတာလဲ ဟိုကောင် ဘိုးထင် မင်းက ဆရာကြီးဆို‌ပြီး အခု တော့ ဘာမှလည်း မသိပါလား”
သာအေးမှ မကျေမနပ်နှင့် မောင်ဘိုးထင်အား စကားဆိုလိုက်ရာ မောင်ဘိုးထင် ခေါင်းကို တချက်ညိတ်လိုက်ပြီးနောက်
“ဟေ့ကောင်တွေ ငါတို့ကို ဘယ်သူမှ မမြင်ရဘူးနော် “
“ဘယ်သူမှလို့တော့ မပြောနဲ့ကွ ဟိုမှာ ငါတို့ကို ကြည့်နေတာ တွေ့လား “
“အဲ့တာတွေက တစ္ဆေသရဲတွေလေကွာ လူတွေက မမြင်ဘူးမလား”
“အေး လူတွေကတော့ မမြင်ဘူး “
“ထိလို့ ကိုင်လို့လည်း မရဘူးနော် ငါတို့ ဘာဖြစ်တယ်ဆိုတာ တိတိကျကျသိမှ ဖြစ်မယ် “
“နှစ်ရက်တောင် ရှိပြီ မသိပါဘူးဆို မင်းက ဒီလိုဖြစ်နေတာတောင် ဆရာကြီးပုံစံ ချိုးနေသေးတယ် “
သာအေးသည် မကျေမနပ်နှင့် မောင်ဘိုးထင်အား စကားဆိုပြန်လေသည်။ထို့နောက် သူတို့သည် မည်သို့ ပြုလုပ်ရမည်လဲ ဆိုသည်အား မတွေးတတ်အောင်ပင် ဖြစ်နေကြသည်။မောင်ဘိုးထင်မှာတော့ သူတို့ သေသည် မဟုတ်ကြောင်း အခိုင်အမာပြောထားသည်။အဘယ်ကြောင့်ဆိုသော် သူတို့ သေသည်မှန်လျှင် မမြင်အပ်မြင်အပ်များအား မြင်နိုင်စွမ်းသော ဦးအုန်းအနေဖြင့် သူတို့ သုံးယောက်အား မမြင်မတွေ့သဖြင့် သူတို့ သေသည်မှာ လုံးဝ မဖြစ်နိုင်ဟု မောင်ဘိုးထင်ယုံကြည်ထားသည်။သို့‌သော်လည်း ပေတူးနှင့် သာအေးမှာတော့ လုံး၀အယုံအကြည်မရှိပေ။ထို့ကြောင့် သူတို့မသေဘူးဆိုသည်အား မောင်ဘိုးထင်အား သက်သေပြစေလိုသည် ။
“ငါတို့မသေဘူးဆိုတာ မင်းက ဘယ်လိုသက်သေပြနိုင်မလဲ ဘိုးထင် “
“မင်းတို့ကို ငါပြောသားပဲ ငါတို့သေပြီးလို့ သရဲတွေ ဘာတွေ ဖြစ်နေတယ်ဆိုရင် ငါ့အဘက မြင်ကို မြင်ရမှာကွ ငါတို့ ကိုယ်ပျောက်နေတာ ဖြစ်ဖို့ များတယ် “
“ငါတို့က မင်းအဘ မမြင်နိုင်တဲ့သရဲတွေ ဖြစ်နေတယ်ဆိုရင်ရော ဘယ်လို လုပ်မလဲ အဖေနဲ့ အ‌မေရေ ကျုပ် လူပေါင်းမှားပြီ ပေတူး နဲ့ ဘိုးထင်ဆိုတဲ့ လူမိုက်နှစ်ယောက်နဲ့ ပေါင်းမိတာ အခု တော့ ကျုပ် သရဲဖြစ်နေပြီ အဖေ နဲ့ အမေရဲ့”
သာအေး၏ ခပ်ကျယ်ကျယ်အော်ငိုသံကြောင့် မောင်ဘိုးထင် နှင့် ပေတူးတို့ မကြည်သလို တချက်ကြည့်လိုက်ပြီး
“ဟေ့ကောင် မင်းဘာဖြစ်နေတာလဲ မသေသေးပါဘူးဆို “
“မသေရင် ငါ့တို့က ဘာဖြစ်နေတာလဲ “
“မသိဘူးကွာ စိတ်ညစ်နေပါတယ်ဆို မင်းက အသံပြဲကြီးနဲ့ ငိုနေတယ် “
သူတို့သုံးယောက် ဥနှဲပင်တပင်၏အောက်တွက် ထိုင်ပြီး စကားများပြောနေကြစဉ် ရွာထဲမှခွေးနှစ်ကောင်သည် အမြီးလေး ထောင်ပြီး လှည်းလမ်းအတိုင်း လာနေလေသည်။ထိုအခါ မောင်ဘိုးထင်သည် သာအေးကိုကြည့်ကာ
“သာအေး ငါတို့ မသေသေးဘူးဆိုတာ မင်းကို သက်သေပြမယ်။မင်းကြားဖူးမှာပေါ့ ခွေးတွေက သရဲတစ္ဆေတွေကို မြင်နိုင် တယ် ဆိုတာလေ “
“အေး ကြားဖူးတယ်”
“ဟိုမှာ လာနေတာ ငါတို့ရွာက အရီးစံရဲ့ခွေး အောင်နက် မဟုတ်လား ဒီကောင်က တော်တော်လည်း ကြမ်းတယ် ညည ဆို ဒီကောင် တော်တော်အူတယ် အဲ့တာ မင်းသိတယ်နော် “
“အေးသိတယ်လေ ဘာဖြစ်လို့လဲ “
“သူ အူနေတယ်ဆိုတာ သရဲတွေ မြင်လို့နေမှာပေါ့ အဲ့တော့ မင်း အဲ့ဒီခွေး ရှေ့ကိုသွားပြီး မျက်စိနောက်အောင် လုပ်ကွာ သူက ဟောင်တာ ဒါမှမဟုတ် ထွက်ပြေးတယ်ဆို ငါတို့သရဲ ဖြစ်နေလို့ပဲ သူ မမြင်ဘူးဆို ငါတို့ ကိုယ်ပျောက်နေလို့ “
“အေး ဟုတ်ပြီကွာ ငါ စမ်းကြည့်မယ် “
သာအေးသည် ဥနှဲပင်အောက်မှ ထွက်ပြီး ခွေးနှစ်ကောင် အနက် အောင်နက်၏အရှေ့တွင် မျက်စိနောက်အောင် လုပ်နေလေသည်။ခွေး၏မျက်နှာနှင့် သူ့မျက်နှာ ထိလုမတတ် ကပ်ကြည့်သည်။သို့ပေမဲ့ ခွေးသည် သူ့အား မမြင်ပေ။သူသည် ခွေး၏ဘေးမှနေ၍ ကုန်းကိုင်းကိုင်းနှင့် ခွေးနှင့်အတူ ယှဉ်ပြေးလိုက်ပြန်သည်။ခွေးကြီးအောင်နက်သည်က သူ့လမ်းသူ သွားနေလေရာ သာအေး ဝမ်းပန်းတသာဖြစ်သွားပြီး မောင်ဘိုးထင်တို့အနား ပြန်ရောက်လာကာ
“ဟုတ်တယ်ဟ အောင်နက် ငါ့ကို မမြင်ဘူးဟေ့ အဲ့တာဆို ငါတို့ မသေဘူးပေါ့ “
“အေးပေါ့ဟ “
သူတို့သုံးယောက် စကားပြောနေစဉ်မှာပင် တောင်းလေးများအား ခါးတွင်ပိုက်သူက ပိုက် ပလိုင်းလေးများအား လွယ်သူက လွယ်နှင့် မိကျော့၊လှရင် အပါအဝင် အခြားရွာမှ မိန်းမပျိုလေးများသည် ရွာအနောက်ဘက်ရှိ ကြံခင်းများနှင့် လယ်ကွက်များတခွင်တွင် ဟင်းရွက်ခူးရန် ထွက်လာကြလေသည်။မောင်ဘိုးထင်တို့သည် သူတို့ခင်မင်ရသောသူများကို မြင်လိုက်သည့် အတွက် ဝမ်းသာသွားကာ မိကျော့တို့အနားသို့ သွားလေ၏။ထို့နောက် မိကျော့တို့အနားကပ်ကာ သူမတို့ ပြောစကားများအား နားထောင်လေသည် ။
မိကျော့သည် ‌ခွဲတောင်းလေးအား ခါးတွင်ပိုက်ထားသလို ပုဆိုးတထည်အား ပခုံးပေါ်တင်ထားကာ ဘေးတွင်ရှိသော လှရင် နှင့် အပေါင်းအပါများအား စကားဆိုလေသည်။
“အခုတလော ဖိုးထွေးနဲ့ သာရ မှိုင်နေတာပဲဟဲ့ “
“မှိုင်မှာပေါ့ မိကျော့ရာ သူတို့ရဲ့အပေါင်းအသင်း ဘိုးထင်တို့ ပျောက်နေတယ်လေ ငါလည်း ဘိုးထင်တို့ကို သတိရတယ် ဒီကောင်လေးသုံးယောက်က ရွှတ်နောက်နောက်သာနေတာ ခင်ဖို့ကောင်းတယ် “
“တူတူပဲပေါ့ လှရင်ရယ် ငါတို့ရွာက ဘယ်လောက်မှ သိပ်မကျယ်တာ တယောက်ပျောက်တာတို့ ဆုံးပါးသွားတာတို့ဖြစ်ရင် သိပ် သိသာတာတယ် “
“အေးဟယ် သာအေးတို့ ပေတူးတို့ ဘိုးထင်တို့ ဘယ်များရောက်နေပါလိမ့်နော် ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတယ် ငါလည်း ပြောင်ချော်ချော်သူတို့သုံးယောက်ကို သိပ်သတိရမိတယ် သင်္ကြန်ဆို ပိတောက်ပန်းတွေလိုက်ပေး သီတင်းကျွတ် အခါတွင်းဆို သူတို့တွေက အိမ်တိုင်းလိုက်ကန်တော့ ငါ့ဆီကို မုန့်တွေ ပိုထည့်ပေးဖို့ လာတောင်းဆိုတာတွေကို မျက်လုံးထဲကကို မထွက်ဘူး”
လှရင်မှ ထို‌သို့ပြောသောအခါ ကျန်သောလုံမပျိုလေးများ သည်လည်း ‌ မောင်ဘိုးထင်တို့အား သတိရသည့်အကြောင်းများ ပြောနေကြလေသည်။သူတို့အပေါ် ဘယ်လို စနောက် ကြောင်း၊အုန်းသီးခိုးသည့် တရားခံမှာ သာအေးလက်ချက်ဖြစ် ကြောင်းကို သူမတို့သိကြောင်း အဘကို တမင်မပြောခြင်းဖြစ် ကြောင်း၊နောက်တယောက်သည်လည်း အိမ်မှ မျိုးရင်းထားသော သခွားသီးကြီးအား မောင်ဘိုးထင်တို့ ခိုးဆွတ်သွားကြောင်း စသဖြင့်ပြောဆိုနေကြရာ သူမတို့ မမြင်တွေ့နိုင်သည် မောင်ဘိုးထင်တို့ သုံးယောက်သည် သူတို့အား သတိရနေကြောင်းသိရသဖြင့် ဝမ်းသာနေကြကာ မျက်ရည်များပင် ရစ်ဝဲလာကြသည်။ထို့‌နောက် သူတို့သုံးယောက်သည် မိကျော့တို့နောက်သို့ ဆက်မလိုက်တော့ကြပဲ ရွာထဲသို့ ဝင်ရောက်သွားလိုက်ကြသည်။
◾အခန်း (၃)
ပေပင်အသေနှင့် ပေပင်အရှင်များရောလျက်ရှိ‌သော ရွာအဝင်လမ်းတွင် မည်သည့်လူသားမှ မြင်နိုင်စွမ်းမရှိသော မောင်ဘိုးထင်တို့သုံးယောက် လမ်းလျှောက်နေသည်။သူတို့သည် ‌ပေါ့ပါးစွာသွားလာနေနိုင်သောကြောင့် ပေတူး တချက်တချက် ထခုန်နေပြီး ကိုးပေဝန်းကျင်အမြင့်အထိ ရောက်သောကြောင့် အဆက်မပြတ်ခုန်လာရာ မောင်ဘိုးထင်မှ ပေတူး၏ လည်ကုတ်ကို ဆွဲပြီး ငြိမ်ငြိမ်နေရန် သတိပေးလိုက်သည်။
“မင်းက ရောက်လေရာနေရာမှာ တော်တော်ကမြင်းတယ် ငြိမ်ငြိမ် လမ်းလျှောက်စမ်းပါ ငါ့ကောင်ရာ “
“‌မင်းတို့ကလည်း ငါတို့တွေ လူပြန်ဖြစ်ရင် ဒီလို ခုန်နိုင်မှာ မဟုတ်ဘူးကွ ခုန်နိုင်တုန်းလေး ခုန်နေတာ “
“မင်းကသာ ခုန်နေ ငါတို့က မျက်စိနောက်လာပြီ “
“ပေတူး မင်းက ဘိုးထင်ပြောလည်း ပြောချင်စရာကွာ “
ဘိုးထင်၏စကားကို ထောက်ခံလိုက်သူမှာ သာအေး ဖြစ် သည်။သူတို့နှစ်ယောက် ပြောမည်ဆိုလည်း ပြောချင်စရာပင်။ ပေတူးသည် လမ်းပေါ်တွင် ခုန်၍ခုန်၍ သွားနေသည်ကို ကြည့်ရ သည်မှာ အတော်မျက်စိနောက်စရာ ဖြစ်နေ၏။သူတို့တွေးမိ သည်က ဗိုက်လည်း မဆာ၊စားချင်စိတ်လည်း မရှိ သစ်ရွက်တရွက်ကဲ့သို့ ပေါ့ပါးနေပြီး မည်သည့်အရာကိုမှ ထိကိုင်လို့ မရသည့်အပြင် မည်သူမှ မမြင်ဖြစ်နေသော သူတို့မှာ အဘယ်ဘဝ ရောက်နေမှန်းမသိ ဖြစ်နေကြသည်။သာအေးနှင့် ပေတူးမှာ‌ တော့ သေပြီးနောက် ဝိညဥ်ဘ၀ရောက်နေသည်ဟု အထင်ရှိပြီး မောင်ဘိုးထင်မှာတော့ ကိုယ်ပျောက်နေသည်ဟုသာ အထင်ရှိလေသည်။သူတို့သည် စကားတပြောပြောနှင့် လမ်းလျှောက်လာရာ ရွာလယ် မန်ကျည်းပင်အရိပ်အောက်တွင် ခြင်းခတ်နေသော ‌ဖိုးထွေးနှင့် သာရအပြင် လောက်စာလုံးလှိမ့်နေသော အောင်သန်းတို့အဖွဲ့ကို တွေ့လိုက်ရ၍ မကျေမနပ်ဖြစ်သွားကြသည် ။
“တောက် ငါတို့ကတော့ အမမိကျော့တို့ပြောပုံအရ ဒင်းတို့က လွမ်းနေမယ်ထင်ထားတာ အခုကြည့် သူတို့က ခြင်းတောင်ခတ်နေသေးတယ် အမမိကျော့တို့နဲ့များကွာပါ့ “
“အေးကွာ အပေါင်းသင်းအရင်းကြီးတွေ ပျောက်သွားတာကို သူတို့က ခြင်းခတ်မပျက်ဘူး အဲ့လူတွေ တွေ့ မယ် ဟိုကောင်အောင်သန်းတို့ကလည်း ငါတို့မရှိမှပဲ လောက်စာလုံးလှိမ့်လို့ ကောင်းနေတယ်ထင်တယ် “
“အေးကွာ ပြုံးနေတာပဲ ဟေ့ကောင် ဒီကောင်တွေအနား သွားကြည့်ရအောင်”
မောင်ဘိုးထင်တို့သုံးယောက်သည် လောက်စာလုံးလှိမ့်နေသော အောင်သန်းတို့ရှိရာ ကလေးသာသာကောင်လေးများအနီးသို့ သွား၍ရပ်ကြည့်နေကြ၏။လောက်စာလုံးအား လှိမ့်ရန် ပြင်နေသော ကျော်လွင်ဟု အမည်ရကောင်လေးသည် လောက်စာ လုံးကို လှိမ့်လိုက်ပြီး သူ၏ဘေးတွင်ရှိသော မြင့်မောင်အား အမေးစကားဆိုလိုက်သည်။
“မြင့်မောင် ဘိုးထင်တို့က သေသွားတာလား”
“ငါလည်း ဘယ်လိုလုပ်သိမလဲဟ ရွာလူကြီးကတော့ ရက်နည်းနည်း ထပ်စောင့်မယ်တဲ့ကွ”
“ရက်စောင့်ပြီး ဘာလုပ်မှာလဲ “
“ဆွမ်းသွပ်မလို့ နေမှာပေါ့ကွာ “
“အဲ့တာဆို ငါးပိလိမ္မာ စားရတော့မှာပေါ့ “
“ငါ့လခွမ်း ကျော်လွင် ဟိုကောင်တွေက သေသလား ရှင်သ လား မသိသေးပါဘူးဆို မင်းက ငါးပိလိမ္မာအကြောင်း တွေးနေတယ်။သုံးယောက်လုံး ငါးပိလိမ္မာဆိုရင်တော့ အဆင်မပြေဘူးကွ တယောက်ယောက်က ပုဇွန်ခြောက်ချက်လေး ကျွေးရင်ကောင်းမယ် “
သူတို့နှစ်ယောက်၏စကားကို နားထောင်နေသော မောင်ဘိုးထင်တို့ သုံးယောက်သည် ကျော်လွင်၏စကားကို မကျေမနပ် ဖြင့် ပြန်ဖြေနေသော မြင့်မောင်၏စကားကြောင့် သဘောကျပြီး ပြုံးနေမိသော်လည်း နောက်ဆုံးပိတ် ပုဇွန်ခြောက်ကျွေးလျှင် ကောင်းမည်ဟူသော စကားကြောင့် လက်သီးနှင့် ထိုးလိုက်ကြသည်။သို့ပေမဲ့ မောင်မြင့်အား ထိနိုင်မစွမ်းပေ။ထို့ကြောင့် ‌မောင်ဘိုးထင်သည် မကျေမနပ်ဖြင့် စကားဆိုလေသည်။
“ဒီကောင်တွေက ကိုယ့်သူငယ်ချင်းပျောက်နေတာကို ဆွမ်းသွပ်မှာ ထမင်းစားဖို့ ကြံနေရတယ်လို့ တကယ့်ကောင်တွေ “
“စိတ်ချော့ပါ အဲ့ဒီကောင်တွေက ဘာသိတာမှတ်လို့ စိတ်ထင် ရာလျှောက်ပြောနေတာ ဟိုမှာကြည့် လက်နောက်ပစ်ပြီး ကြည့်နေတဲ့ အောင်သန်း တွေ့လား အဲ့ဒီကောင်ကမှ အသိတရားရှိတာကြည့်စမ်း လာပြီ တွေ့လား မောင်မြင့်နဲ့ ကျော်လွင်ကို ပြော တော့မယ် “
ပေတူး‌ပြောသည့်အတိုင်း ဟုတ်ပေသည်။အောင်သန်းသည် လက်နောက်ပစ်ကာ မောင်ဘိုးထင်တို့အကြောင်းအား ပြောနေသော ကျော်လွင်နှင့် မောင်မြင့်၏အနီးသို့ တိုးလာပြီး မကျေမနပ်ဖြင့် စကားဆိုလေသည်။
“ဟေ့ မင်းတို့ကောင်တွေ နိမိတ်မရှိ နမာမရှိ ဘာတွေလျှောက်ပြောနေတာလဲ အဲ့ဒီကောင်တွေ မသေဘူးကွ ဒီကောင်တွေ မသေးဘူးဆိုတာ ငါ သေချာသိတယ်”
ဆွေးဆွေးငေးငေးပြောလာသော အောင်သန်း၏စကားကြောင့် မောင်ဘိုးထင်တို့ အားရဝမ်းသာ ဖြစ်သွားကြသည်။သူတို့၏စိတ်ထဲတွင် သူငယ်ချင်းကောင်း ဟူ၍လည်း ချီးမွန်းနေကြ၏။ထို့နောက် အောင်သန်းသည် နောက်ထပ်စကား ဆိုပြန် သည် ။
“မင်းတို့ မှတ်ထား ဘိုးထင်၊ပေတူး၊သာအေးတို့ သုံးယောက် လုံး မသေဘူးကွ “
“မင်းက ဘယ်လိုလုပ် သေချာပြောနိုင်တာလဲ အောင်သန်း “
“သေချာတာပေါ့ကွာ ဒီကောင်တွေ သေရင် သရဲတန်းဖြစ်မှာ အဲ့ဒီကောင်တွေ သေရင် တို့ရွာကို ခြောက်တာဖြင့် ကြာပြီ ဒီကောင်တွေက လူပျက်တွေဆိုတာ မင်းတို့လည်း သိသားနဲ့ အဲ့ကောင်တွေ သေကြည့်ပါလား ရွာထဲက ခွေးတောင်အလွတ်မပေးမှာ မဟုတ်ဘူး အဲ့ဒီကောင်တွေ ခြောက်မှာ “
“အေး ဟုတ်တယ် အခု မခြောက်ဘူးဆိုတော့ မသေလို့ပေါ့ ဒါနဲ့ ဒီကောင်တွေ နတ်ပြည်တွေ ဘာတွေ “
“နတ်ပြည် ဟုတ်လား ဟားးး ဟားးး ဒီကောင်တွေနဲ့ နတ်ပြည်က နံ့သာဆီနဲ့ ဘာလဲ မင်းတို့ သိပါတယ် “
ထိုစကားကို ပြောပြီး ပြုံးစိစိလုပ်နေကြသော အောင်သန်းတို့အဖွဲ့အား မောင်ဘိုးထင်တို့သည် စူးရဲစွာကြည့်ပြီး
“အောင်သန်း မင်း ငါတို့နဲ့ တွေ့ပြီပေါ့ကွာ “
မောင်ဘိုးထင်တို့သည် အောင်သန်းအား ကြိမ်းမောင်းကာ စိတ်ရှိလက်ရှိ ထိုးကြိတ်နေပေမဲ့ အောင်သန်းသည်က သူ့အား ထိတွေ့လို့ မရသောကြောင့် မည်သည်ကိုမှ မခံစားရပါပဲ လက်နောက်ပစ်ပြီး လောက်စာလုံး လှိမ့်ဖို့ သွားနေပါတော့သည်။
◾အခန်း (၄)
ဖိုးထွေးနှင့် သာရသည် စိတ်မပါလက်မပါနှင့် ခြင်းခတ်နေ ကြသည်။ကျန်သောသူများသည်က ဖိုးထွေးနှင့် သာရ၏ပုံစံကို ကြည့်ရင်း ခြင်းခတ်ရင်းမှ စကားဆိုလေသည် ။
“ဖိုးထွေးနဲ့ သာရ မင်းတို့ ဘာမှပူမနေနဲ့ မင်းတို့ကောင်တွေ သုံးယောက် ဘာမှမဖြစ်ဘူး “
“နှစ်ရက် ရှိပြီဗျ “
“မင်းကောင်တွေက တပတ်လောက် ပျောက်ရင်လည်း ပျောက်နေတတ်တဲ့ကောင်တွေပါကွာ “
“မဟုတ်သေးဘူးဗျ ဒီကောင်တွေက ကျုပ်တို့နှစ်ယောက်မပါပဲ ဘယ်မှ သိပ်သွားတာ မဟုတ်ဘူး”
ဖိုးထွေးမှ သူ့ဆီလာသည့်ခြင်းကို ခြေခွင်ဖြင့် ခတ်လိုက်ရင်းမှ စကားဆိုလိုက်ရာ သာရမှ အပေါ်မြောက်တက်သွားသော ခြင်းလုံးကို ကြည့်ရင်း ဖိုးထွေး၏စကားကို ထောက်ခံလိုက်သည် ။
“ဖိုးထွေးပြောတာ ဟုတ်တယ် ဒီကောင်တွေ ကျုပ်တို့မပါပဲ ဘယ်မှ မသွားဘူး ဒုက္ခတွေများ ရောက်နေကြလား မသိပါဘူးဗျာ ဟေ့ကောင်ဖိုးထွေး ငါကတော့ ခြင်းဆက်မခတ်နိုင်တော့ဘူး ဒီကောင်တွေ နောက်ဆုံးသွားခဲ့တာ ဘယ်ကိြလဲ”
“အောင်သန်းတို့ကို မေးကြည့်တာပေါ့ ဒီကောင်တွေများ သိမလားပဲ “
ဖိုးထွေးနှင့် သာရသည် ခြင်းခတ်နေရာမှ ထွက်လိုက်ပြီး လောက်စာလုံး လှိမ့်နေသော အောင်သန်းတို့ဖက် ထွက်သွားလေ၏။သူတို့ နှစ်ယောက်မမြင်နိုင်သော မောင်ဘိုးထင်တို့ သုံး ‌ယောက်သားသည် သူတို့နှစ်ယောက်၏အပြောနှင့် လုပ်ရပ်ကို သဘောကျကာ အနောက်မှ ပြုံးဖြီးဖြီးနှင့် လိုက်လာပြီး
“ဒါပဲကွ ငါတို့ရဲ့ကိုဖိုးထွေး နဲ့ ကိုသာရဆိုတာ ဒါပဲ”
မောင်ဘိုးထင်တို့ကိုသာ မြင်နိုင်စွမ်းရှိရင် ယခု မန်ကျည်းပင် အရိပ်အောက်တွင်ရှိသော ပေပင်ရွာသားများ ဝမ်းသာကြမည်မှာ အမှန်ဧကန်ပင်ဖြစ်သည်။သို့ပေမဲ့ သူတို့အား မည်သူမှ မြင်နိုင်မစွမ်းကြပေ။ဖိုးထွေးနှင့် သာရသည် ခြင်းဝိုင်းနှင့် မလှမ်းမ ကမ်းတွင် လောက်စာလုံး လှိမ့်နေသော အောင်သန်းတို့ အနီးသို့ ‌သွားလိုက်ပြီးနောက် ဖိုးထွေးသည် အောင်သန်း၏နားရင်းကို တချက်အုပ်လိုက်ကာ
“အောင်သန်း မင်းတို့ကောင်တွေ အေးအေးဆေးဆေး လောက်စာလုံး လှိမ့်နေနိုင်သေးတယ်နော် “
“ကိုဖိုးထွေးကလည်း ပါးစပ်ကပဲ ပြောစမ်းပါဗျာ နားရင်းမအုပ်စမ်းပါနဲ့ နာလိုက်တာ ကျုပ်တို့က ဘာတတ်နိုင်မှာလဲ လူကြီးတွေ ရှာနေကြတာပဲ မဟုတ်လား ကျုပ်ကတော့ ဒီကောင်တွေ လျှောက်သွားနေတာလို့ပဲ ထင်တယ် သေတော့ မသေတာ သေချာတယ် “
“အေး ဟုတ်ပြီ မင်းတို့ကောင်တွေ ဘိုးထင်တို့ကို မရှာချင်ကြဘူးလား”
“ဟာ ရှာချင်တာပေါ့ဗျ ဒီကောင်တွေမရှိတော့ ကျုပ်တို့လည်း ပျင်းတယ် “
“အေး အဲ့တာဆို ဒီကောင်တွေ ‌နောက်ဆုံးဘယ်ကို သွားတာ ဖြစ်နိုင်လဲ “
ဖိုးထွေး၏အမေးအား အောင်သန်းတို့အဖွဲ့ တချက်စဉ်းစားလိုက်ပြီး ကျော်လွင်မှ စကားဆိုလေသည် ။
“အဲ့ဒီနေ့က ဒီကောင်တွေ ညောင်ပင်အကွက်ထဲ သွား‌သေးတယ် ထင်တယ်ဗျ။ကျုပ်တို့ ညောင်ပင်အကွက်နားမှာ ကပ်ဘိ ယက်လက်စ ဝါးခြမ်းတွေ တွေ့တယ် “
“ဟုတ်တယ် ကျုပ်တို့အဲ့နေ့က ညောင်ပင်အကွက်က တော ကြက်တောင် ရလိုက်သေးတယ် သူတို့ ညောင်ပင်ကွက်နားမှာ ကပ်ဘိယက်‌နေတာ တွေ့တယ် “
အောင်သန်းတို့မှ သူတို့တွေ့ခဲ့သည်များကို ပြောသောအခါ သာရသည် ဖိုးထွေးကို ကြည့်ပြီး
“ဟုတ်တယ် ငါတို့ ညောင်ပင်အကွက်ကို သွားမကြည့်ရသေးဘူး တို့ သွားကြည့်မလား “
“အေး သွားကြည့်ကြတာပေါ့ကွာ “
‌ဖိုးထွေးနှင့် သာရ ထွက်သွားမည်ပြုစဉ် အောင်သန်းမှစကား‌ဆိုလေသည် ။
“ကိုဖိုးထွေး ကျုပ်တို့လည်း လိုက်ခဲ့လို့ရမလား”
“အခုတော့ မလိုက်သေးနဲ့ ဦးကွာ”
ဖိုးထွေးသည် ထိုမျှသာပြောပြီး သာရနှင့်အတူ မန်ကျည်းပင်အရိပ်အောက်မှ ထွက်သွားလေသည်။ကျန်ခဲ့သော အောင်သန်းတို့သည် တယောက်ကို တယောက်ကြည့်ကာ
“တောက် ဘိုးထင်တို့ကို မြန်မြန်ပြန်တွေ့ပါစေကွာ ဒီကောင်တွေ မရှိတာ တအားပျင်းနေပြီ ဒီကောင်တွေရှိရင် အခုချိန်ဆို အော်ကျယ်အော်ကျယ်နဲ့ ပျော်ဖို့ကောင်းတယ် “
အောင်သန်းသည် ယခု လေးလေးနက်နက်စကားများပြောနေ၍ သူ၏ ဘေးတွင်ရှိနေသော မောင်ဘိုးထင်တို့မှ ကျေနပ်နေပါလေတော့သည်။
◾အခန်း (၅)
ညောင်ပင်အကွက်ဟုအမည်ရသော ကြံခင်းဘေး ညောင်ပင်ကြီးအနီးသို့ ဖိုးထွေးနှင့် သာရတို့ ရောက်နေကြသည် ။သူတို့နည်းတူ မောင်ဘိုးထင်တို့သုံးယောက်လည်း ရောက်နေကြသည်။သို့ပေမဲ့ သူတို့သုံးယောက်အား ထုံးစံအတိုင်း ဖိုးထွေးတို့နှစ်ယောက်မှ မမြင်နိုင်ပေ။ဖိုးထွေးနှင့် သာရသည် ညောင်ပင် ကြီးဝန်းကျင်နှင့် ညောင်ပင်အောက်အထိ လိုက်လံရှာနေသည်။ ထို့‌နောက် ယက်လက်စကပ်ဘိကို တွေ့သောအခါ ဖိုးထွေးမှ စကားဆိုလေ၏ ။
“သာရ ဒါ ဘိုးထင်တို့ ယက်သွားတဲ့ ကပ်ဘိကွ ဒီလက်ရာက ပေတူး လက်ရာပဲ ဒီကောင်က ကပ်ဘိယက်ရင် အမြဲတမ်း စောင်းနေတာ “
ဖိုးထွေးသည် ပျောက်သွားသော မောင်ဘိုးထင်တို့၏ အကြောင်းအား ပြောပြီး ပြုံးလိုက်မိသည်။သူ့နည်းတူ သာရသည်လည်း မယက်ပဲ ကျန်နေသေးသော ဝါးဆစ်လေးများကို ကြည့်ကာ
“အဲ့ဝါးခုတ်တဲ့ကောင်က ဘိုးထင်ပဲ ကြည့်ပါလားကွ ဒီကောင်က အဆစ်ကို ညီအောင် မခုတ်ဘူး ဝါးခွဲတာက သာအေး “
သူတို့နှစ်ယောက် ယက်လက်စ ကပ်ဘိလေးကို ကြည့်ပြီး မောင်ဘိုးထင်တို့ကို သတိတရ စကားဆိုနေကြခြင်းဖြစ်သည်။ သူတို့ ထိုသို့ပြောသောအခါ မောင်ဘိုးထင်တို့သုံးယောက်သည် ဦးခေါင်းကို ညိတ်ကာ
“ဟုတ်တယ် ကိုဖိုးထွေးနဲ့ ကိုသာရ ခင်ဗျားတို့ ပြောတာ ကွက်တိပဲဗျာ ကျုပ်လည်း ခင်ဗျားတို့နှစ်ယောက်ကို သတိရတယ် “
“ဟုတ်တယ် ကိုဖိုးထွေး “
သူတို့ စကားကို မည်မျှပင် ကျယ်လောင်စွာပြောနေပါစေ ဖိုးထွေးနှင့် သာရသည်က မကြားနိုင်ကြပေ။ထိုစဉ် ညောင်ပင်ကြီး၏အောက်ခြေတွင် တိုက်ပုံအဖြူရောင် ဝတ်ထားပြီး ခေါင်းပေါင်းအဖြူ၊ပုဆိုးအပြာရောင်ကို ဝတ်ထားသော လူကြီးတယောက် ‌သူတို့ကို ကြည့်နေသဖြင့် ‌ပေတူးမှ သတိထားမိပြီး မောင်ဘိုးထင်အား ပြောပြလိုက်လေသည် ။
“ဘိုးထင် ဟိုညောင်ပင်အောက်ကလူကြီးက ငါတို့ကို ကြည့်နေတယ်ကွ “
“ဟာ ဟုတ်လို့လားကွာ ငါတို့ကို ဘယ်သူမှ မမြင်ကြပါဘူး “
“ဟိုမှာ ကြည့်ပါလား ငါတို့ကို ကြည့်နေတာပါဆို “
“ကိုဖိုးထွေးတို့ကို ကြည့်နေတာရော မဖြစ်နိုင်ဘူးလား”
“အေး ဟုတ်တယ်ကွ အဲ့တာလည်း ပြောလို့မရဘူး “
မောင်ဘိုးထင်တို့သည် သူတို့ ထင်ရာမြင်ရာများကို ပြောကာ ညောင်ပင်အောက်တွင် ကြည့်နေသော လူကြီးအား စူးစမ်းသကဲ့ သို့ ပြန်ကြည့်နေသည်။ပေတူးသည် ထိုလူကြီးအား လက်လှမ်း ပြပြီး အော်၍ စကားဆိုလိုက်သေးသည် ။
“ဗျို့ဦးကြီး ကျုပ်တို့ကို မြင်ရလို့လားဗျ”
ညောင်ပင်အောက်ကလူကြီးထံမှ မည်သည့်တုန့်ပြန်မှုမှ မရသောအခါ ပေတူးသည် ကျန်သော မောင်ဘိုးထင်နှင့် သာအေးကို ကြည့်၍
“ပြောသားပဲ ငါတို့ကို ကြည့်တာ မဟုတ်ပါဘူးဆို ကိုဖိုးထွေး နဲ့ ကိုသာရကို ကြည့်တာ နေမှာကွ ဒါနဲ့ ဒီလူကြီးကို တို့ရွာမှ တခါမှ မမြင်ဖူးဘူးနော်”
“ဧည့်သည်နေမှာပေါ့ကွာ ပုံစံကြည့်ရတာတော့ ချမ်းသာမဲ့ပုံပဲ ဟ “
သူတို့ စကားပြောနေစဉ် ဖိုးထွေးနှင့် သာရသည် ညောင်ပင်ကြီးအနီးသို့ သွားလေသည်။ညောင်ပင်ကြီးအနီးတွင် ရပ်နေသောလူကြီးအား စကားပြောမည်ဟု မောင်ဘိုးထင်တို့ ထင်ထားသော်လည်း သူတို့နှစ်ယောက်မှာ မရပ်ဘဲ ရွာဘက်အပြန်လမ်းသို့ သွားနေလေရာ သူတို့သုံးယောက်သည် ညောင်ပင်ကြီးအနီးမှ လူကြီးအား ကွက်ကြည့်ကွက်ကြည့်လုပ်ကာ ဖိုးထွေးနှင့် သာရတို့ နောက်လိုက်နေစဉ်
“ကောင်လေးတွေ မမြင်ရတဲ့လူတွေနောက် လိုက်ပြီး ဘာလုပ် မလို့လဲ “
“ဦး ဦးကြီးက ကျုပ်တို့ကို မြင်တာလား “
“မြင်လို့ စကားပြောတာပေါ့ကွာ “
“‌ဦး ဦးကြီးက ဘယ်သူတုန်းဗျာ ကျုပ်တို့ကို တရွာလုံး မမြင်ရဘူး ဦးကြီးပဲ မြင်ရတယ် ကျုပ် ကျုပ်တို့က ဘာဖြစ်တာ “
“ဟားးးဟားးးးဟားးး”
ညောင်ပင်အနားတွင် ရပ်နေသောလူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ ဟားတိုက်ရယ်မောနေသည်။ထိုလူကြီး၏ အသံသည် ကျယ်လောင်လွန်းသဖြင့် သူတို့သုံးယောက်လုံး နား ပါ ပိတ်ထားရသည်အထိ ဖြစ်၏။ထို့နောက် ထူးဆန်းသော ပုဂ္ဂိုလ်သည် ရယ်မောနေသည်ကို ရပ်လိုက်ပြီး
“ကောင်လေးတို့ ငါပြောမယ် သေချာ နားထောင် မင်းတို့ ဘာအမှားတွေ လုပ်ခဲ့ကြလဲ ပြောကြ”
“ကျုပ်တို့ ဘာအမှားလုပ်လို့လဲ ဘာမှမလုပ်ပါဘူး “
“မင်းတို့တွေကို ငါအပြစ်ပေးထားတာ ငါ ဘယ်သူလဲဆိုတာ သိလား “
“အထက်လမ်းဆရာလား ဦးကြီးက “
“ဘယ်ကသာ ငါက ဒီညောင်ပင်က ရုက္ခစိုးကွ “
“ရုက္ခစိုး ဟုတ်လား ကျုပ်တို့ကို ဒီလိုဖြစ်အောင်လုပ်ထားတာ ခင်ဗျား လုပ်ထားတာလား”
မောင်ဘိုးထင်မှ ရုက္ခစိုးကြီးကိုကြည့်ပြီး စကားဆိုလိုက်သော အခါ ရုက္ခစိုးကြီးသည် ဦးခေါင်းကို ညိတ်ကာ ဖြေလေသည်။ ထို့နောက် မောင်ဘိုးထင်မှ မကျေမနပ်စကားဆိုမည် ပြင်လိုက် သော်လည်း သာအေးနှင့် ပေတူးသည် ငုတ်တုတ်ထိုင်ချပြီး လက်အုပ်ချီထားလိုက်ကြသဖြင့် မောင်ဘိုးထင်ကိုလည်း ထိုင်ပြီး သူတို့နည်းတူ လိုက်လုပ်ဖို့ရာ အချက်ပြလေသည်။နှစ်ယောက်တယောက်ဖြစ်နေသည်မို့ သူလည်း ပေတူးနှင့်သာအေးနည်းတူ ငုတ်တုတ်ထိုင်ကာ လက်အုပ်ချီထားလိုက်ရသည်။ ထို့နောက် ပေတူးသည် ‌
“ရုက္ခစိုးကြီးခင်ဗျာ ကျုပ်တို့ မိုက်မဲခဲ့တာရှိရင် ခွင့်လွှတ်ပါ ကျုပ်တို့ ရွာကို ပြန်ချင်နေပါပြီ ရွာမှာ နောက်လဆို တန်ဆောင်မုန်းလမို့ပါ “
“ဟုတ်ပါတယ် ရုက္ခစိုးကြီးရယ် ကလေးတွေ မိုက်မဲတာကို ခွင့်လွှတ်ပေးပါ မသိလို့ နေဝင် မသိလို့ မိုးချုပ် ဟို ဟို “
“ဟေ့ကောင်သာအေး မင်း မသိရင်လည်း လျှောက်ပြောမနေနဲ့ ပေတူး မင်းဆက်ပြော “
အထစ်အထစ် အငေါ့ငေါ့နှင့် ရုက္ခစိုးအား တောင်းပန်နေသော သာအေးအား မောင်ဘိုးထင်မှ ဟန့်လိုက်ပြီး ပေတူးအား ဆက်စကားပြောစေသည်။ထိုအခါ ပေတူးသည်
“မလိမ်မိုးမလိမ်မာလေးတွေမို့ ခွှင့်လွှတ်ပေးပါ ရုက္ခစိုးကြီးရယ် ကျုပ်တို့ကို ပြန်လွှတ်ပေးပါတော့ “
ပေတူးမှာ ရုက္ခစိုးကြီးအား တရစပ်တောင်းပန်နေလေရာ ရုက္ခစိုးကြီးမှ လက်ကာပြလိုက်ပြီး
“‌ တော် တော်တော့ ကောင်လေး ‌မင်း တယောက်တည်းတောင်းပန်တာက သားဆုပန်တဲ့ လူအယောက်တရာ ဆု‌တောင်း တာနဲ့ညီနေပြီ အဲ့တော့ မင်းတို့ကောင်တွေ လူ့ဘဝကို ပြန်သွားသင့် မပြန်သွားသင့်ကို မင်းတို့ ရွာသားတွေကို ဆုံးဖြတ်ခိုင်းမယ် “
“ဘယ် ဘယ်လို ဆုံးဖြတ်ခိုင်းမှာလဲဗျ”
“မင်းတို့ကို ပြန်လာစေချင်သူတွေ များရင် မင်းတို့ လူ့ဘဝကို ပြန်သွားနိုင်မယ် ပြန်လာစေချင်သူတွေ သိပ်မရှိဘူးဆို မင်းတို့ ဒီအတိုင်းပဲ ဆက်နေရမယ် “
“ဟာ အဲ့တာတော့ မတရားဘူးဗျာ ရုက္ခစိုးကြီး မတရားမလုပ်ပါနဲ့ “
မောင်ဘိုးထင်မှ ရုပ်က္ခစိုးကြီးကို မကျေမနပ် စကားဆိုလိုက်ရာ ရုပ်က္ခစိုးကြီးမှ မောင်ဘိုးထင်အား သေချာကြည့်ကာ
“ငါက ဘာမတရားတာလုပ်လဲ ကောင်လေး ပြောစမ်းပါဦး”
“ရွာက လူတွေကို ကျုပ်တို့မှ လိုက်ပြောလို့မရတာ သူတို့က ကျုပ်တို့ကို ပြန်လာစေချင်တယ် မလာစေချင်ရင် ဘယ်လို လုပ်သိမှာလဲ “
“အဲ့ဒီအတွက် မပူနဲ့ မင်းတို့ကောင်တွေ သုံးယောက်ကို အိပ်မက်တခါစီ ပေးနိုင်အောင် ငါခွင့်ပြုမယ်။မင်းတို့ ယုံရတဲ့ သူတွေကို အိပ်မက်ပေး သူတို့က လာစေချင်တယ်ဆို ဒီညောင် ပင်မှာ ပွဲပေးပြီး မင်းတို့ ပြန်လာဖို့ တောင်းဆိုခိုင်း ဘယ်လိုလဲ “
“ကောင်းတော့ ကောင်းပါတယ် ကျုပ်တို့က ဘယ်လို အိပ် မက်ပေးရမှာလဲ “
“လွယ်ပါတယ် မင်းတို့ စိတ်ထဲက အိပ်မက်ပေးချင်တဲ့သူကို တွေးပြီး မင်းတို့ပြောချင်တာသာ ပြောလိုက်ရုံပဲ ကဲ ကဲ “
ရုက္ခစိုးကြီးသည် မောင်ဘိုးထင်တို့သုံးယောက်အား ခေါင်းကို တယောက်တချက်စီ ပုတ်လိုက်ပြီးနောက် ပျောက်ကွယ်လို့ သွားပါလေတော့သည်။ထို့‌နောက် မောင်ဘိုးထင်တို့သည် တယောက်ကို တယောက်ကြည့်ကာ
“ဘယ်သူ့ကို အိပ်မက်ပေးရမလဲ ငါတို့ တယောက်ကို တကြိမ် ပဲ ပေးလို့ရတာနော် “
“ငါကတော့ ငါ့အဘကိုပဲ အိမ်မက်ပေးမယ်ကွာ “
မောင်ဘိုးထင် ဦးအုန်းအား အိမ်မက်ပေးမည် ပြောသော အခါ ပေတူးသည်
“ငါကတော့ ကိုသာရကို ပေးမယ်ကွာ သာအေး မင်းကရော ဘယ်သူ့ကိုပေးမလဲ “
” ငါ့အဘကို ပေးရင်ရော “
“မင်းအဘက သိပ်ပြီး စပ်စပ်စုစု မရှိတော့ လူတွေကို စည်း ရုံးနိုင်မှာ မဟုတ်ဘူး သာအေးရ မင်း ရွာလူကြီး ဦးမောင်ကြီးကို ပေးပါလား “
“ကိုဖိုးထွေးဆိုရင်ရော ဘိုးထင် “
“ကိုဖိုးထွေးနဲ့ ကိုသာရက အတူရှိနေတာဆိုတော့ ကိုဖိုးထွေးအဘရွာလူကြီး ဦးမောင်ကြီးကိုပဲ ပေးကွာ ဘယ်လိုလဲ “
“အေးကွာ မင်းအကြံမဆိုးဘူး ကဲ အဲ့တာဆို အခုပဲ လုပ်ငန်း စလိုက်ကြရအောင် “
မောင်ဘိုးထင်တို့သည် လူအနေဖြင့် ရွာသို့ပြန်ရမည့် အခွင့် အရေးရလာပြီမို့ ဝမ်းသာနေကြသည်။ထို့‌နောက် သူတို့သည် တိုင်ပင်မထားပဲ ညောင်ပင်ကြီးအား သုံးယောက်လုံး ပြိုင်တူဦးချလိုက်ကြပါလေတော့သည် ။
◾အခန်း (၆)
“ရွာလူကြီး ညက ကျုပ်အိပ်မက်မက်တယ် ကျုပ် ကောင်လေး ဘိုးထင်က သူတို့ကို လာပြီးခေါ်ပါတဲ့ “
“ခင်ဗျားပါ မက်တာလား ညက ကျုပ်ကိုလည်း သာအေးက သူတို့ကို လာခေါ်ဖို့အိပ်မက်‌ပေးတယ် “
ရွာလူကြီး၏အိမ်အောက်တန်းလျားတွင် မနက်စောစောစီး စီး ဦးအုန်းရောက်လာပြီး ညက မောင်ဘိုးထင်မှ သူ့အားအိပ်မက်ပေးသည့်အကြောင်း လာပြောနေခြင်း ဖြစ်သည် ။ ရွာလူကြီးသည်လည်း သူ့အား သာအေးမှ အိမ်မက်ပေးကြောင်းပြောလိုက်သောအခါ နှစ်ယောက်လုံး အံ့အားသင့်နေချိန် အိမ်ဝိုင်းထဲသို့ သာရတယောက် ရေးကြီးသုတ်ပြာနှင့် ရောက်လာကာ
“ရွာလူကြီး ရွာလူကြီး “
“အေး သာရ ပြော ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲဟ “
“ကျုပ် ကျုပ်ကို ညက ပေတူး အိပ်မက်ပေးလာလို့ဗျ”
“ဟေ့ မင်းတကယ်ပြောတာလား ဘယ်လိုအိပ်မက်ပေးတာလဲ ပြောစမ်းပါဦး “
“သူတို့ကို ရွာသားတွေလာခေါ်မှရမယ်တဲ့လေ ကန်တော့ပွဲနဲ့ ညောင်ပင်က ရုက္ခစိုးကြီးကို တောင်းပန်ပြီး လာခေါ်ပါတဲ့ ရွာလူကြီး”
သာရ၏ စကားကြားသောအခါ ဦးအုန်းနှင့် ရွာလူကြီးသည် မျက်လုံးအဝိုင်းသား နှင့် အံဩနေ‌လေသည်။ထို့နောက် ရွာလူကြီးသည်
“ငါ့လည်း သာအေးက အဲ့လိုပဲ အိပ်မက်ပေးတာဟ “
“ကျုပ်ကောင်လေးဘိုးထင်လည်း အဲ့လိုပဲ အိပ်မက်ပေးတာ “
သူတို့စကားပြောနေကြစဉ် အိမ်အောက်မှမောင်းသံ တဒူဒူ အော်မြည်လာ၍ လန့်သွားကြပြီး အသံလာရာ မောင်းကြီးဆိီသို့ ကြည့်လိုက်သည့်အခါ ဖိုးထွေးမှာ မောင်းကြီးအား အဆက်မပျက်ထုနေသည်ကို တွေ့ရလေသည်။။မကြာသောအချိန်တွင် ရွာသူရွာသားများသည် ရွာလူကြီးအိမ်သို့သုတ်ခြေတင်ပြေးလာကြလေသည်။
“ဘာ ဘာဖြစ်တာတုန်းဟ ရွာလူကြီးအိမ်က မောင်းထုတာ “
နေရောင်အနည်းငယ်ရလာသောအချိန်တွင်တော့ ‌ရွာလူကြီး ၏အိမ်တွင် ရွာသားများပြည့်နေပြီဖြစ်သည်။ထို့‌နောက် ရွာလူကြီးနှင့် ဦးအုန်းအပြင် သာရတို့သည် သူတို့၏အိပ်မက်များကိုပြောပြပြီး မောင်ဘိုးထင်တို့အား သွားခေါ်ရန် စည်းရုံးနေကြပါလေတော့သည် ။
◾အခန်း (၇)
ညောင်ပင်ကြီး၏ အောက်ခြေအနားတွင် ရုက္ခစိုးကြီးသည် မတ်တတ်ရပ်နေသည်။သူနှင့်မလှမ်းမကမ်းတွင်တော့ မောင်ဘိုးထင်တို့ သုံးယောက်မှာ ထိုင်နေကြသည်။နေအနည်းငယ်ပူလာပြီမို့ မောင်ဘိုးထင်တို့၏ မျက်နှာတွင် စိုးရိမ်စိတ်များသမ်းစပြုနေပြီ ဖြစ်သည်။သူတို့အိပ်မက်ပေးထားသည်ကို မယုံ၍ မလာချင်းလော သို့တည်းမဟုတ် ရွာသားများမှ ပြန်မလာစေချင်၍ မလာသည်များလောဟု တွေးပြီး ရွာမှ ညောင်ပင်သို့လာသည့်လမ်းကို လှမ်းမျှော်လို့ ကြည့်နေကြသည်။ရုက္ခဆိုးကြီးသည်က မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ကောင်လေးတို့မင်းတို့ကို လာမခေါ်တော့ဘူး ထင်ပါတယ်ကွာ “
“ရုက္ခစိုးကြီးရာ စောင့်ပါဦး “
“တကယ်ဆို မိုးလင်းလင်းချင်းကတည်းက လာသင့်တယ်လေကွာ “
“ကျုပ်တို့ရွာသားတွေက ကျုပ်တို့ကို အဲ့လောက်မစိမ်းကားပါဘူးဗျာ “
သူတို့ ထိုသို့သာပြောနေပေမဲ့ စိုးရိမ်စိတ်တို့မှာ မြင့်တက်လျက်ရှိသည်။အကယ်၍သာ ရွာသားများလာမခေါ်က သူတို့ တသက်လုံး ယခုဘဝနှင့် နေရတော့မည်ဖြစ်သည်ဟု တွေးနေစဉ် ညောင်ပင်သို့ လာရသည့် ရွာဘက်လမ်းမှ အောင်သန်း နှင့် ကျော်လွင်တို့သည် စာပွဲခုံအဝိုင်းတလုံးကို ဝါးလုံးနှင့် လျှိုပြီးထမ်းလာသလို မယ်လှနှင့် တခြားသော ကလေးမများသည်လည်း အုန်းသီးနှင့်ငှက်ပျော်ဖီးများကို ခေါင်းပေါ်တင်ပြီး ရွက်လာကြသည်။သူတို့၏ နောက်တွင်တော့ ဖိုးထွေး၊သာရနှင့် တခြားသော ရွာမှလူရွယ်များသည် စားပွဲခုံများထမ်းသူထမ်း ပေါက်တူးများ ထမ်းသူထမ်းနှင့် ဖြစ်သည်။ပေါက်တူးများထမ်းလာသော လူများသည် ညောင်ပင်ရှေ့အား ရှင်းလင်းနေကြပြီး မိကျော့ ၊လှရင် အပါအဝင် မသန်းရင်တို့သည်လည်း ဖျာလိပ်များ ရွက်လာကြသလို ရွာလူကြီး၏မိန်းမ ဒေါ်သေးသွယ်နှင့် ရွာမှ အဒေါ် များသည်လည်း ကန်တော့ပွဲများရွက်ပြီး လမ်း လျှောက်လာနေကြသည်။ထိုအပြင် ခပ်ဖိုင့်ဖိုင့်ရွာလူကြီးမှာ သူ၏မျက်နှာမှာ ထွက်‌နေသော ချွေးများကိုသုတ်ပြီး
“ဟေ့ လာကြဟ နောက်ကျနေပြီ ကိုမြ ခင်ဗျားကို စောင့်နေရတာကိုက ကြာနေတာ “
“ဟ မောင်ကြီးရ ငါကအခုလောက်ထိ လမ်းလျှောက်တာမဟုတ်ဘူးဟ ကောင်လေးတွေပြန်တွေ့မယ်ဆိုလို့သာ လာတာ “
“ပေပင်ဆိုင်းအဖွဲ့ ကလေးတွေကို ပြန်တွေ့ ရင် မင်္ဂလာ‌ဗျော သံပေးမယ်နော် ဟိုက မတုတ်တို့‌ တယောကင်ပွန်းတွေ သေချာ လုပ်ထားလား “
ရွာလူကြီးသည် လိုလေသေးမရှိအောင်ပြောဆိုနေသည် ရွာသားများသည်လည်း ရွာမှကလေးများကို ပြန်‌တွေ့ရတော့မည်ဟု ယုံကြည်ကာ တရွာလုံးနီးပါး လိုက်လာခဲ့ခြင်းဖြစ်သည် ။ထိုအချင်းအရာကို မြင်တွေ့နေရသော ရုက္ခစိုးကြီးသည် အံ့ဩတကြီးကြည့်နေပြီး မောင်ဘိုးထင်တို့မှာဖြင့် ဝမ်းသာလွန်း၍ ငိုနေကြသည်။များမကြာသောအချိန်တွင် ပေါက်တူးဖြင့် ရှင်းထားသောနေရာသို့ ဖျာကို ခင်း ဖျာပေါ်တွင် စားပွဲခုံများချ ထိုစားပွဲခုံများပေါ်တွင် ကန်တော့ပွဲများတင်၍ ပေပင်ရွာသားများ သည် မောင်ဘိုးထင်တို့ သုံးယောက်အား ပြန်ပေးဖို့ရာ ရုက္ခစိုးကြီးအား တောင်းပန်ကြလေသည်။သူတို့ ‌ တောင်းပန်ပြီးသော အခါ မည်သူမှ မမြင်နိုင်သော ရုက္ခစိုးကြီးသည် မောင်ဘိုးထင်တို့ကိုကြည့်ကာ
“ကဲ ကောင်လေးတွေ မင်းတို့ရဲ့ ရွာသားတွေ မင်းတို့အပေါ်ထားတဲ့ မေတ္တာကိုမြင်ပြီ အဲ့‌တော့ မင်းတို့က ညောင်ပင်ဟိုဖက်အခြမ်းကိုသွားကြ ပြီးရင် ပြန်ထွက်လာခဲ့ ကြားလား “
ရုက္ခစိုးကြီးသည် ထိုမျှသာပြောပြီး ပျောက်ကွယ်သွားလေသည်။ထို့‌နောက် မောင်ဘိုးထင်တို့သည် ရုက္ခစိုးကြီး ပြောသည့်အတိုင်း ညောင်ပင်တဖက်အခြမ်းကို သွားလိုက်ပြီးနောက် ရွာသားများကိုမြင်နိုင်သည့်ဖက်မှ ပြန်ထွက်လာစဉ် ငုတ်တုတ် ထိုင်ပြီး ညောင်ပင်ကြီးကိုကန်တော့နေကြသော ရွာသားများထဲမှ အောင်သန်း၏ကျယ်လောင်သောအသံကြီးက ထွက်လာလေသည်။
“ဟို ဟိုမှာ တန်ဆောင်မုန်း ကြက်ခိုးမဲ့ကောင်တွေ ထွက်လာပြီ “
အောင်သန်း၏စကားနှင့်အတူ ပေပင်ရွာဆိုင်းသမားကြီးများ၏ မင်္ဂလာဗျောသံမှာ ထွက်ပေါ်လာပြီး ရွာသူရွာသားများ ၏ အားရဝမ်းသာဖြင့် ဘိုးထင်၊ပေတူး၊သာအေး စသည့်ခေါ်သံများညံစီလို့ သွားပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် တမလွန်လော ကိုယ်ပျောက်လော သည်က ဤမျှသာ။မကြာမီ အောက်လမ်းဘိုးထင် နှင့် သူခိုးကြီးည ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း