” စုန်းထီးကြီးဦးဘသာနှင့် ဘုရားပျံဘသာ “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် ဘုရားပျံဘသာ “(စ/ဆုံး)
————————————————————-
အတွဲ(၅) စာစဉ်(၁၁)

(၁)

“ဖြစ်ပါ့မလားအောင်ရှိန်ရာ ဘုရားပျံဂိုဏ်းဆိုတာ အထက်လမ်းဂိုဏ်းလေကွ၊ ပြီးတော့ ငါကစုန်းမဟုတ်လား”

ဦးအောင်ရှိန်အပြောကို ချောချောတစ်ဖြစ်လဲ ဦးဘသာက အကြောက်အကန်ငြင်းရှာတယ်ဗျ၊ ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း

“ဖြစ်ပါတယ်ကွာ၊ ငါပြောပြမယ် သာဒင်ရ၊ ဘုရားပျံဂိုဏ်းဆိုတာက ဂိုဏ်းအဖွဲ့ဆိုတာထက် လမ်းစဉ်တစ်ခုပဲကွ၊ ဒီလမ်းစဉ်က အထက်လမ်းစဉ်မဟုတ်သလို အောက်လမ်းစဉ်လည်းမဟုတ်ဘူး၊ ဘုရားပျံတွေရဲ့တာဝန်က မကောင်းသူပယ်ဖို့ပဲကွ၊ ဘုရားပျံတွေရဲ့အဓိက ရန်သူကတော့ ငထေရှင်ဆိုတဲ့အဲဒီလူပဲဟေ့၊ ငထေရှင်ရဲ့ရန်ကို တွန်းလှန်ဖို့က ဘုရားပျံရဲ့တာဝန်ပဲ၊ ဒါပေမယ့် ရှေးကဘုရားပျံအဆက်ဆက်က ငထေရှင်ကိုလည်း စောင့်ကြည့်နေတဲ့အပြင် အားရင်အားသလို မကောင်းမှုလုပ်တဲ့စုန်းတွေ၊ ကဝေတွေ၊ အောက်လမ်းဆရာတွေကို တိုက်ခိုက်နှိမ်နင်းခဲ့ကြတာပဲ”

“မင်းပြောတာက ဟုတ်ပါတယ်အောင်ရှိန်ရာ၊ ဒါပေမယ့် ငါကစုန်းလေကွာ”

“စုန်းက ဘုရားပျံမဖြစ်ရဘူးဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူးကွာ၊ ဘုရားပျံတစ်ယောက်က တခြားဘယ်သူ့ကိုမဆို ဘုရားပျံအဖြစ်လွှဲပြောင်းပေးလို့ရတယ်ကွ၊ အခု ငါ့အခြေအနေနဲ့ပြောရရင် ငါကမစွမ်းနိုင်တော့ဘူး၊ ငါ့ရဲ့အသက်ကို အဓိဋ္ဌာန်နဲ့ဆက်ထားလို့သာ ရှင်နေတာ၊ ငါကသေလူဖြစ်နေပြီကွ၊ ဒါကြောင့် ဒီအတောအတွင်းမှာ ဘုရားပျံတစ်ယောက်ကို အမြန်လွှဲပြောင်းပေးပြီးတော့ ခုနစ်ရက်မပြည့်ခင် ငထေရှင်ကိုတားမှဖြစ်လိမ့်မယ်၊ ဟောဒီနံရံက ရုပ်ပုံတွေဆိုတာ ဘယ်တော့မှ မမှားဖူးသလို ဘုရားပျံတစ်ယောက်ရဲ့ဆုံးဖြတ်ချက်က မှားတယ်ဆိုတာ မရှိဘူး၊ ငါပြောတာကိုယုံစမ်းပါ သာဒင်၊ သုံးဆယ့်ရှစ်ယောက်မြောက်ဖြစ်ရမယ့်ဘုရားပျံက မင်းမှမင်းအစစ်ပဲ”

နောက်ဆုံးတော့ ဦးဘသာလည်း ခေါင်းညိတ်လိုက်တော့သဗျာ၊

“ကဲ ဒါဆိုရင် ငါဘာဆက်လုပ်ရမလဲ”

“တို့ဘုရားပျံဂိုဏ်းကိုတည်ထောင်ထားတာ ဟောဒီဓမ္မပါလရသေ့ကြီးပဲ သာဒင်ရေ၊ အရင်ဆုံး ရသေ့ကြီးနဲ့မင်းကိုပေးတွေ့ရမယ်”

ဦးအောင်ရှိန်က ပြောဆိုပြီးတာနဲ့ကျောက်ဆင်းတုကလေးကို ကုန်းကန်တော့တယ်ဗျာ။

“ဆရာရသေ့၊ ဘရသေ့ တပည့်တို့ရှေ့မှာ ကိုယ်ထင်ပြတော်မူပါ”

ဒီအခါ ကျောက်ဆင်းတုလေးခေါင်းပေါ်မှာ အလင်းလုံးကလေးတစ်လုံးပေါ်လာတယ်ဗျ၊ စစပေါ်လာခါစတုန်းကတော့ ဇီးသီးလောက်အရွယ်ပဲဗျာ၊ နောက်တော့ တဖြည်းဖြည်းနဲ့ကြီးလာပြီး ဥသျှစ်သီးအရွယ်၊ ဒီကနေ ဘောလုံးကြီးတစ်လုံးအရွယ်ဖြစ်သွားပါရောဗျာ။

ဦးအောင်ရှိန်က ကျုပ်တို့ဘက်ကိုလှည့်ပြီး

“ဟောဒါ ဘုရားပျံဂိုဏ်းရဲ့တည်ထောင်သူ ဓမ္မပါလရသေ့ကြီးပဲ၊ ငါကတော့ ဦးဖြူစင်လို့ခေါ်တယ်”

ကျုပ်နဲ့ဦးဘသာလည်း အံ့သြသွားတယ်။

“မင်းက ဒီအလင်းလုံးကြီးကို ဦးဖြူစင်လို့ခေါ်တာလား အောင်ရှိန်”

“ဟုတ်တယ် ဦးအောင်ရှိန်၊ ဒီအလင်းလုံးကြီးကို ကျုပ်တို့တွေ့ခဲ့ပြီးပြီဗျ”

ဦးအောင်ရှိန်က တော်တော်ထူးဆန်းသွားတဲ့မျက်နှာပေးနဲ့ အလင်းလုံးကြီးကိုကြည့်လိုက်တယ်။

“ဦးဖြူစင်၊ သူတို့တွေနဲ့ တွေ့ပြီးခဲ့ပြီလား”

အလင်းလုံးကြီးက ကြည်လင်ပြတ်သားတဲ့အသံသြကြီးနဲ့

“တွေ့ပြီးပြီ အောင်ရှိန်၊ တွေ့ရုံတင်မကသေးဘူး သူတို့အသက်ကို ငါကယ်တင်ထားလိုက်တာ၊ ဒီကောင်တွေကို ငထေရှင်ဝိညာဉ်နှုတ်တဲ့အချိန်မှာ ငါက သူတို့ဝိညာဉ်ကို ငါနေထိုင်တဲ့ဘုံကို ခနခေါ်ထားလိုက်တာပဲ”

“ဘရသေ့နဲ့တွေ့ပြီးပြီဆိုတော့ ကျုပ်အထူးပြောစရာမရှိတော့ပါဘူးဗျာ”

“မဟုတ်ဘူးဦးအောင်ရှိန်၊ ကျုပ်တို့ ဒီအလင်းလုံးကြီး အဲလေ . . ဘရသေ့နဲ့တွေ့ခဲ့တယ်ဆိုပေမယ့် သူဘယ်သူလဲဆိုတာ ကျုပ်တို့လုံးဝမသိခဲ့ဘူး”

အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ရင်း

“မင်းတို့နှစ်ယောက်ကို ငါကဘာဖြစ်လို့ကယ်တင်ခဲ့တယ်ထင်သလဲကွ၊ တကယ်တော့ ဟောဒီကသာဒင်က ဘုရားပျံဖြစ်မယ်ဆိုတာ သိနေလို့ငါကယ်တင်ခဲ့တာပဲ၊ ငါ့ကို ဘယ်သူမှလွယ်လွယ်နဲ့တွေ့ခွင့်မရဘူး၊ ဘုရားပျံအဖြစ် ဖြစ်မယ့်လူတွေပဲ တွေ့ခွင့်ရကြတာကွ”

“ဟာ၊ ဒါ့ကြောင့်ကိုးဗျ”

“ဘုရားပျံဖြစ်မယ့်လူကို ကံကြမ္မာက ရွေးချယ်တဲ့ဆိုပေမယ့် အဲဒီကံကြမ္မာကို ငါကပဲဖန်တီးနေခဲ့တာပဲ၊ ဒါကြောင့် သာဒင်ရေ၊ မင်းဘုရားပျံဖြစ်ရမယ့်ကံကို ဘယ်တော့မှ သံသယမဖြစ်စမ်းပါနဲ့ကွာ”

ဒီအခါ အမေးအမြန်းထူတဲ့ကျုပ်က ထမေးပါရောဗျာ။

“နေပါအုံး ဘရသေ့ရဲ့၊ ဘုရားပျံဆိုတာဘာလဲ ငထေရှင်ဆိုတဲ့လူကရော ဘာလဲဗျာ”

“ဇာတ်ရည်လည်သွားအောင် အစအဆုံးရှင်းပြရတော့မကွာ၊ ဒီလိုကွ ငထေရှင်ဆိုတာ လူအစစ်မဟုတ်ဘူး၊ ဘီလူးပဲကွ၊ ဟိုးပုဂံခေတ် အလယ်လောက်ကပေါ့ကွာ၊ ပုဂံပြည်က အခုပုဂံနေရာမဟုတ်သေးဘူးကွ၊ တမ္ပဝတီလို့ခေါ်တဲ့ ပြည်ပဲရှိသေးတယ်၊ တမ္ပဝတီလို့ကို မင်းငခွေးဆိုတဲ့ မင်းကအုပ်ချုပ်နေတယ်ပေါ့ကွာ၊ ငထေရှင်ရဲ့အမေက သူကြွယ်တစ်ယောက်ရဲ့ကျွန်ပဲကွ၊ တစ်နေ့တော့ ကျွန်မကို ယာခင်းစောင့်ခိုင်းထားရင်း ဘုမ္မိယဘီလူးတစ်ကောင်နဲ့ သံဝါသပြုပြီး ပေါင်းသင်းမိပါရော၊ ဘီလူးက လုလင်အသွင်နဲ့ပေါင်းသင်းခဲ့တာပဲဖြစ်မှာ၊ သုံးရက်သုံးညတိတိပေါင်းသင်းပြီးတဲ့အခါ အဲဒီကျွန်မမှာ ဘီလူးနဲ့ရတဲ့ကိုယ်ဝန်ကျန်ခဲ့တယ်၊ ဘီလူးဆိုတော့ လူတွေလိုကိုးလလွယ် ဆယ်လဖွားမဟုတ်ဘဲနဲ့ အချိန်သုံးနှစ်တိတိကိုယ်ဝန်ဆောင်ခဲ့ရတယ်၊ နောက်ပြီးတော့ သားကလေးတစ်ယောက်မွေးတယ်ဆိုပါတော့၊ စနေသားကလေးဖြစ်လို့ သူ့နာမည်ကို ငထေရှင်လို့ပေးလိုက်တယ်”

“ဘရသေ့ပြောတာ ဟုတ်ရဲ့လားဗျာ၊ တုတ်ထိုးရာဇဝင်တွေများလား”

“အောင်မာ၊ ငါကမင်းကို ဘာဖြစ်လို့လိမ်ရမှာလဲကွ၊ သက္ကရာဇ်တိတိကျကျပြောမယ်ဆိုရင် သက္ကရာဇ်၅၇ ခုနစ်မှာ ငထေရှင်ကိုမွေးခဲ့တာပဲဟေ့”

“ဟုတ်ပါပြီ၊ ယုံပါပြီ၊ ဆက်ပြောပါအုံးဗျာ”

“ငထေရှင်က ဘီလူးနဲ့ရတာဖြစ်တဲ့အတွက် ခွန်အားအလွန်ကြီးတယ်၊ သာမန်လူတွေထက်ကို အဆပေါင်းများစွာသန်စွမ်းတယ်၊ သူ့အမေ ကျွန်မကြီးအလုပ်အကျွေးပြုတဲ့ သူကြွယ်ဆီမှာပဲ ကျွန်ငယ်အဖြစ်အလုပ်အကျွေးပြုနေတယ်ကွ၊ သူက သန်စွမ်းတဲ့လူဆိုတော့ သူ့ကို သူကြွယ်က မြင်းတွေထိန်းခိုင်းတယ်၊ ဒီလိုနဲ့ ငထေရှင်အသက်ဆယ့်ခြောက်နှစ်ရောက်တဲ့အခါမှာ မြင်းကျောင်းသွားရင်း သူ့အဖေရှိတဲ့ ယာခင်းအပြင်စားကျက်ကိုရောက်သွားတယ်၊ ဒီမှာ အဖေဖြစ်သူက လူယောက်ျားလာတယ်ဆိုပြီး ဖမ်းစားဖို့အလုပ်မှာ သူ့သားဖြစ်နေတာကိုသွားတွေ့လိုက်တယ်၊ သူ့သားနိမ့်ကျတဲ့ကျွန်ဖြစ်နေတာကို မမြင်လိုတာနဲ့ ဘုရင်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး သားတော်ငထေရှင်ကို ယောက်ျားတွေတတ်အပ်တဲ့အတတ်ပညာတွေသင်ပေးတယ်၊ ဒါတွေတင်မကဘူး ဘီလူးတွေတပ်အပ်တဲ့ အစွမ်းတန်ခိုးတွေကိုလည်း သင်ကြားပေးလိုက်သေးတယ်”

“ဒါနဲ့ ငထေရှင်က ဘုရင်ဖြစ်ရောလားဗျ”

“ဘုရင်တော့ တန်းမဖြစ်သေးဘူးကွ၊ အသက်ဆယ့်ရှစ်နှစ်ရောက်တဲ့အခါ ဘုရင်ဖြစ်အောင်ကြံစည်မယ်ဆိုပြီးတော့ အစီအစဉ်လုပ်တယ်၊ ဒီအစီအစဉ်ကို ဦးဆောင်တဲ့လူကတော့သူ့အဖေ ဘီလူးကြီးပဲဟေ့၊ ဘီလူးကြီးနာမည်က ယဘူတေတဲ့ကွ၊ ဘီလူးမျိုးအများကြီးရှိတဲ့အထဲက သူတို့အမျိုးကို မြေဖုတ်ဘီလူးတွေလို့ခေါ်ကြတယ်၊ မြေတစ်ခုမှာ ပျော်မြူးနေထိုင်ကြတဲ့ ဘီလူးတွေပေါ့ကွာ၊ သူ့အဖေဘီလူးကြီး ယဘူတေက ရှစ်ကျိပ်သောမြေဖုတ်ဘီလူးတွေရဲ့ အကြီးအကဲဆိုပဲကွ”

“ဒါနဲ့ သူ့သားကိုခေါ်ပြီးတော့ သူကိုယ်တိုင်က သိင်္ဂသမြင်းအဖြစ် ဖန်ဆင်းလိုက်တယ်၊ သိင်္ဂသမြင်းဆိုတာက ခေါင်းမှာဦးချိုပါပြီးတော့ အလွန်လျှင်မြန်တဲ့မြင်းပျံပေါ့ကွာ၊ ဒီမြင်းက ရတနာထိုက်တဲ့မြင်းကွ၊ အဲဒီမြင်းကို ငထေရှင်က စီးပြီးတော့ တမ္ပဝတီပြည်ကိုသွားတယ်၊ မင်းဖြစ်နေတဲ့ မင်းငခွေးကို ဒီရတနာမြင်းဆက်သလိုက်တော့ မင်းငခွေးက အားရတော်မူပြီး မြင်းကိုလည်းသိမ်းလိုက်တယ်၊ ငထေရှင်ကိုတော့ မြင်းဇောင်းကိုကြီးကြပ်ရတဲ့ မြင်းခံအဖြစ်ခန့်လိုက်တယ်”

“အကွက်ကတော့ စေ့တယ်ဗျာ”

“ဒီမြင်းကို ငထေရှင်ကလွဲလို့ ဘယ်သူမှစီးမရဘူး၊ မြင်းက ရိုင်းနေတယ်၊ ဒါကြောင့် ငထေရှင်က မြင်းကိုယဉ်အောင်ထိန်းချော့တာကို မင်းငခွေးက အမြဲလာကြည့်တတ်တယ်၊ ဒီလိုနဲ့ ဘုရင်နဲ့တော်တော်ရင်းနှီးသွားတော့တယ်၊ ဘုရင်ရဲ့မိဖုရားတစ်ဦးကလည်း ငထေရှင်နဲ့ဖောက်ပြားမိပြီးတော့ ငထေရှင်ထီးနန်းရဖို့ သူကူညီမယ်ဆိုပြီးတော့ ပြောရောဟေ့”

“ဟာ၊ အတွင်းလူပါတယ်ဆိုတော့ ပြီးပြီပေါ့ဗျာ”

“အေးပေါ့ကွာ၊ ဒီလိုနဲ့ သုံးနှစ်သုံးမိုးတိတိ မင်းငခွေးကိုအယုံသွင်းပြီးတဲ့အချိန်မှာ သိင်္ဂသမြင်းက ယဉ်ပါးသွားပြီဖြစ်လို့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး စီးနင်းနိုင်ပြီလို့ မင်းငခွေးကိုလျှောက်တင်တယ်၊ မင်းငခွေးကလည်း အားရတာနဲ့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး မြင်းကိုစီးပါရောဟေ့၊ ဒီအခါ မြင်းက မင်းငခွေးကိုခေါ်ပြီး နန်းတော်အပြင်ဘက်ရောက်အောင် ကျော်ပြီးပြေးပါရော၊ မြင်းကလည်း မြင်းအစစ်မှမဟုတ်တာကွာ၊ ငထေရှင်ကလည်း မြင်းနောက်လိုက်တယ်ဆိုပြီး အနောက်ကနေလိုက်သွားသတဲ့၊ မြေဖုတ်ဘီလူးတွေရှိတဲ့နေရာရောက်တော့ ငထေရှင်က မင်းငခွေးကို အစိမ်းလိုက်ကိုက်ဖြတ်စားသောက်ပြီးတော့ မင်းမြောက်တန်ဆာငါးပါးဝတ်ပြီး ရတနာမြင်းစီးလို့ နန်းတော်ကိုပြန်လာပါရောကွာ၊ သူ့အဖေ ယဘူတေကလည်း သူ့နောက်လိုက်နောက်ပါ မြေဖုတ်ဘီလူးတွေကို မြင်းအဖြစ်ယောင်ဆောင်စေပြီးခေါ်လာခဲ့ပါရော၊ ဒီလိုနဲ့ ညနေနေဝင်ရီတရောလောက်အချိန်မှာ ငထေရှင်က နန်းတော်ထဲကို ဘုရင်အသွင်နဲ့ တစ်ခါတည်း ဝင်ချသွားတော့တာပဲဟေ့”

“တော်တော်ရဲတဲ့လူဗျာ”

“နန်းတော်ထဲကလူတွေက မင်းငခွေးပဲထင်တာပေါ့၊ ဒါပေမယ့် မိဖုရားခေါင်ကြီးက မင်းငခွေးမဟုတ်မှန်းသိတယ်၊ ဒီအခါ ငထေရှင်က မင်းငခွေးကို သတ်ပစ်ပြီး တမ္ပဝတီထီးနန်းကို သိမ်းပိုက်တယ်လို့ကြေငြာလိုက်ပါရော၊ ဒီမှာ မခံမရပ်နိုင်ဖြစ်တဲ့ မင်းချင်းတွေက ငထေရှင်ကိုတိုက်ခိုက်ကြပါရော၊ ဘီလူးတွေဆီက အတတ်ပညာတွေကိုတတ်တဲ့ ငထေရှင်ကို ဘယ်တိုက်ခိုက်နိုင်ပါ့မလဲ၊ ငထေရှင်က ဒီလူတွေကိုသတ်ဖြတ်ပြီး သူနဲ့မပူးပေါင်းတဲ့ မူးမတ်တွေအကုန်လုံးကို သတ်ပစ်မယ်လို့ခြိမ်းခြောက်ပြီးတော့ မိဖုရားခေါင်ကြီးကို အစိမ်းလိုက်ဝါးစားပြန်သတဲ့၊ မူးမတ်တွေလည်းကြောက်တာနဲ့ ငထေရှင်ကိုမင်းမြှောက်လိုက်ရပါရောဟေ့၊ မမြှောက်လို့လည်းမရဘူးလေ၊ နန်းတော်အပြင်မှာ ဘီလူးရှစ်ကျိပ်ကလည်း အသင့်စောင့်ပြီးဝိုင်းထားပြီကိုး မင်းမဖြစ်ခင်က မြင်းထိန်းလုပ်ပြီး မြင်းစာကျွေးခဲ့ရလို့ သူ့ကိုလူတွေက မြင်းကျွေးမင်းလို့ခေါ်ကြတယ်ဆိုပါတော့”

“နန်းသိမ်းတာလည်း ပိုင်လိုက်တာဗျာ၊ သူတို့ကျ ဘုရင်ဖြစ်တာ တယ်လွယ်တာကိုးနော်၊ ခပ်တည်တည်နဲ့ပုလ္လင်ပေါ်တက်ထိုင်ပစ်လိုက်တာပဲဗျာ”

“မပြီးသေးဘူးကွ၊ ဇာတ်လမ်းက အခုမှစတာ၊ ငထေရှင်ဘုရင်ဖြစ်တော့ ဘီလူးတွေကို လူတွေနဲ့အတူတူနေထိုင်ခွင့်ပေးလိုက်သကွာ၊ အဲဒီမှာအနယ်နယ်အရပ်ရပ်က ဘီလူးတွေ တမ္ပဝတီကိုရောက်လာပြီး ရပ်ရွာတည်ဆောက်ပြီးနေကြပါရော၊ ငထေရှင်ရဲ့လက်ရုံးတပ်တွေမှာလည်း ဘီလူးတွေချည်းခန့်ထားသတဲ့၊ ဒါနဲ့ ဝေသာလီပြည်ကိုဘီလူးကျသလို တမ္ပဝတီပြည်ကြီးလည်း ဘီလူးကျပါလေရောကွာ၊ ပိုဆိုးသွားတာက ငသန်ပျင်ဆိုတဲ့ အောက်လမ်းမိစ္ဆာကောင်ကြီးကို ပုရောဟိတ်ခန့်မိတာပဲ”

“ငသန်ပျင်ဆိုရင် အရိပ်ဘုရင် ငသန်ပျင်ဆိုတာများလား၊ အဲဒါက ဟောဒီက ဦးဘသာကိုယ်ထဲရောက်နေပြီလေဗျာ”

“ငထေရှင်ဘုရင်ဖြစ်တော့ ဘီလူးကိုးကွယ်မှုစတင်လာတယ်၊ လူတွေကိုလည်း စိတ်ကြိုက်ဖမ်းဆီစားသောက်လာခဲ့တယ်၊ ငထေရှင်ကိုယ်တိုင်လဲ ဘီလူးကြီးတစ်ကောင်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်၊ အဲဒီအချိန်မှာ သူက သူ့အဖေ ယဘူတေရဲ့ သန်လျက်ပဲ၊ သူစွမ်းတယ်ဆိုတာ သူ့အဖေရဲ့တစ်ဝက်တောင်မရှိဘူးမဟုတ်လား၊ သူ့အဖေကလည်း သန်လျက်အစွမ်းနဲ့ ဘီလူးတွေကိုအုပ်ချုပ်နေတယ်ဆိုတော့ အဲဒီသန်လျက်ကိုရလိုဇောနဲ့အဖေအရင်းဖြစ်သူကို ဥပါယ်တံမျဉ်နဲ့ လုပ်ကြံသတ်ဖြတ်ပြီး သံလျက်ရခဲ့တာပဲ”

“ဟုတ်ပြီဗျာ၊ ကျုပ်သဘောပေါက်ပြီ၊ ဒါဆို ရွှေဆံတော်ဘုရား ငှက်ပျောဖူးက ကျုပ်ယူပေးခဲ့တဲ့သန်လျက်က လက်စသတ်တော့ ယဘူတေရဲ့သန်လျက်၊ သူ့အဖေရဲ့သန်လျက်ပေါ့”

“ဒါပေါ့ကွာ၊ ဖအေအရင်းကိုပြန်သတ်ပြီး ဆိုးချင်တိုင်းဆိုးနေတဲ့ ငထေရှင်ကြောင့် လူတွေအတော်ဘေးဒုက္ခရောက်ကုန်ကြတယ်၊ ဒါကြောင့်မို့လို့ နတ်သိကြားတွေက ငထေရှင်ကိုနှိပ်ကွပ်ဖို့အတွက် ငါ့ကိုတာဝန်ပေးအပ်ခဲ့တယ်၊ ငါက ဝေဘူလတောင်မှာ တစ်ပါးတည်းကျင့်စဉ်ကျင့်နေတဲ့ ပါလရသေ့ကြီးပဲ၊ ဟောဒီမင်းကိုင်ထားတဲ့ ကသစ်ဖြူသားတောင်ဝှေးရယ်၊ သင်္ကန်းနက်သား ပုတီးနဲ့ သံရှင်ဓါတ်လုံးကိုပေးသနားခဲ့တာပေါ့၊ ငါဒီလက်နက်သုံးမျိုးအစွမ်းနဲ့ တမ္ပဝတီပြည်က ငထေရှင်ကိုတိုက်ခိုက်ဖို့လုပ်ရပါရော၊ ခက်တာက ငထေရှင်ကို ငါတစ်ယောက်တည်းဆိုရင် မနိုင်ဘူးလေ၊ ဒီအတွက် လူရှာကြည့်တော့၊ အဖကိုပြန်သတ်ပြီး လုပ်ချင်တိုင်းလုပ်နေတဲ့ငထေရှင်ကို စက်ဆုပ်ရွံရှာနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသကွ၊ အဲဒီလူကတော့ တခြားသူမဟုတ်ဘူး၊ ငထေရှင်ရဲ့ ပုရောဟိတ်ကြီး ငသန်ပျင်ပဲ”

“ဟာဗျာ၊ ဒါဆို ငသန်ပျင်နဲ့ဘရသေ့နဲ့က မဟာမိတ်တွေပေါ့”

“ဟုတ်တယ်၊ ငသန်ပျင်ရဲ့အကူအညီနဲ့ ငါမြို့တွင်းကိုထွင်းဖောက်ဝင်နိုင်ခဲ့တယ်၊ မြို့အတွင်းကိုဝင်ပြီးတော့ ဘီလူး၊ သရဲ၊ သဘက်၊ စုန်း၊ ကဝေပေါင်း ကိုးထောင်ကျော်ကို သုတ်သင်နိုင်ခဲ့တယ်၊ ဒါပေမယ့် ငါနန်းတွင်းထဲဝင်သွားချိန်မှာတော့ ငထေရှင်က ငသန်ပျင်ကိုသတ်ဖြတ်ခဲ့ပြီးပြီ”

“ဒါဆိုရင် ဘရသေ့က ငထေရှင်ကို မသတ်နိုင်ခဲ့ဘူးပေါ့”

“ငထေရှင်ရဲ့ရုပ်ခန္ဓာကို သတ်ဖြတ်နိုင်ပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်ကတော့လွတ်မြောက်သွားခဲ့တယ်၊ ပြီးတော့ ဘုမ္မိယဘီလူးဖြစ်တဲ့အတွက် မြေအောက်မှာ ပုန်းခိုနေနိုင်ခဲ့တယ်၊ ငထေရှင်ပြန်လာမယ်မှန်းသိတဲ့အတွက် ငထေရှင်ကိုဆက်လက်သုတ်သင်နိုင်ဖို့ ကြိုးစားခဲ့တယ်၊ ဒီအတွက် ဘုရားပျံဂိုဏ်းကိုတည်ထောင်ခဲ့ပြီး ငထေရှင်ကို ခေတ်အဆက်ဆက်လိုက်လံခြေမှုန်းဖို့ တာဝန်ပေးခဲ့တာပဲ”

“ဘရသေ့တောင် ငထေရှင်ကို မသတ်နိုင်တာ ဦးဘသာက နိုင်ပါ့မလားဗျ”

“နိုင်နိုင်တယ်ကွ၊ အရင်က ငထေရှင်ရဲ့နောက်ကြောင်းကို ငါမသိခဲ့ဘူး၊ ငထေရှင်က ဘဝတစ်ခုမှာ ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းလှူခဲ့ဖူးတယ်၊ အဲဒီဘဝက သူက စစ်သူကြီးတစ်ပါးပေါ့၊ ဆွမ်းလှူပြီးတောင်းတဲ့ဆုကတော့ ဖြစ်လေရာဘဝမှာ သူ့ကိုဘယ်ယောက်ျားမှ သတ်ဖြတ်လို့မရပါစေနဲ့ဆိုပြီးတောင်းခဲ့တာ၊ စစ်တိုက်တယ်ဆိုတာကလည်း ယောက်ျားတွေချည်းတိုက်တာမဟုတ်လားကွာ၊ အဲဒီဆုတောင်းကြောင့် ဖြစ်လေရာဘ၀ သူ့ကိုယောက်ျားတွေက သတ်ဖြတ်လို့မရခဲ့တာပဲ”

“ဒါဆိုရင် ဒီတစ်ခါ တကယ်နိုင်ပြီပေါ့နော်”

“သေချာတာကတော့ သာဒင်က မိန်းမဖြစ်နေပြီ၊ ငသန်ပျင်လည်း သူ့ကိုယ်ထဲမှာရှိနေပြီ၊ သာဒင်သာ ဘုရားပျံဖြစ်ဖို့ပဲလိုတော့တာ၊ ဒီပွဲက ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲပဲ အလတ်ကောင်”

“ကျုပ်တို့တိုက်ရင်း ဟိုတစ်ခါလိုထွက်ပြေးသွားရင် ဘယ့်နှယ့်လုပ်မလဲဗျာ”

“အဲဒါကို ငသန်ပျင်က ကြည့်ရှင်းပါလိမ့်မယ်၊ ငသန်ပျင်ကိုသာ ငထေရှင်က အရင်မသတ်ခဲ့ဘူးဆိုရင် တမ္ပဝတီမှာကတည်းက ငထေရှင်အသက်ဆုံးခဲ့ပြီပေါ့”

ဦးဘသာက ဒီတော့မှခေါင်းညိတ်တယ်။

“ကောင်းပြီဗျာ၊ ဒီလောက်ဆိုးသွမ်းတဲ့ငထေရှင်ကို နှိမ်နင်းဖို့အတွက် ကျုပ်ဘုရားအဖြစ်ခံယူပါ့မယ်”

“သေချာရဲ့လား သာဒင်”

“သေချာပါတယ်”

“ဘုရားပျံထဲဝင်ပြီးသွားတော့မှ နောက်ပြန်လှည့်လို့မရဘူးနော်”

“စိတ်ချစမ်းပါဗျာ”

ဒီအခါ ဦးအောင်ရှိန်က ဦးဘသာကို ဒူးထောက်ထိုင်ခိုင်းလိုက်ပြီးတော့

“ဘုရားပျံရသေ့ကြီး ဓမ္မပါလကို လျှောက်ထားအပ်ပါသည်ရသေ့ကြီး၊ ဘုရားပျံဂိုဏ်းရဲ့ ထုံးစံအရ၊ ဘုရားပျံတစ်ယောက်မှ တစ်ယောက်သို့လွှဲပြောင်းပေးအပ်ပါတော့မည်။ ယခုသာဒင်အမည်ရ သောကြာသားဟာ ဘုရားပျံများရဲ့လမ်းစဉ်ကိုလိုက်နာပြီး ဘုရားပျံဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်သည့် စိတ်ဆန္ဒနှင့်အညီ အကျွနု်ပ်ကလည်း သာဒင်အား ဘုရားပျံဂိုဏ်းအတွင်းသို့ သွပ်သွင်းစေလိုပါသဖြင့် ရသေ့ကြီးအနေနဲ့ သာဒင်အား ဘုရားပျံတစ်ယောက်အဖြစ် လက်ခံပေးပါရသေ့ကြီးခင်ဗျား”

ဦးအောင်ရှိန်က ပြောဆိုပြီးတော့ ဦးဘသာကို ကန်တော့ခိုင်းလိုက်တယ်ဗျာ၊ ဦးဘသာက သုံးကြိမ်သုံးခါ ကန်တော့ပြီးတဲ့အချိန်မှာ

“ကဲ ဒုတိယအဆင့်ကတော့ ဟောဟိုမှာထိုင်နေတဲ့ ဘုရားပျံကြီးတွေဆီကနေ ပညာတွေတောင်းယူရမယ် သာဒင်၊ ဘုရားပျံကြီးတွေ တစ်ယောက်ချင်းစီရှေ့မှာထိုင်ချပြီးတော့ ပညာတောင်းပေတော့၊ မင်းနဲ့ကံစပ်တဲ့လူက မင်းကိုပညာပေးလိမ့်မယ်”

ဦးဘသာက တန်းစီထိုင်နေတဲ့လူကြီးတစ်ယောက်ရဲ့အရှေ့မှာ ထိုင်ချလိုက်တယ်ဗျ။

“ဆရာကြီးခင်ဗျ၊ ဆရာကြီးတတ်ကျွမ်းထားတဲ့ ပညာအစွမ်းတွေ ကျွန်တော့်ကိုပေးတော်မူပါ”

ဦးဘသာပြောလိုက်တာနဲ့ ထိုင်နေတဲ့လူကြီးက မျက်တောင်ပွင့်သွားပြီးတော့ ဦးဘသာကိုစိုက်ကြည့်တယ်ဗျ၊ စိုက်ကြည့်နေရင်း သူ့မျက်လုံးကနေ ရွှေရောင်ငွေရောင်အမျှင်တန်းကလေးတွေက ဦးဘသာမျက်လုံးထဲကိုတိုးဝင်သွားပါရောဗျာ၊ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ဘုရားပျံကြီးတွေအကုန်လုံး ခေါင်းတွေစောင်းလာကြပြီး ဦးဘသာကိုစိုက်ကြည့်တယ်၊ သူတို့အားလုံးရဲ့ကိုယ်ထဲကနေလည်း ရွှေရောင်ငွေရောင်တွေထွက်လာကုန်ကြပါရော၊ ဘုရားပျံဖြစ်ခဲ့တဲ့ ဦးအောင်ရှိန်တောင်မှ တော်တော်အံ့သြလို့ရယ်ဗျ။

“ဟာ၊ ပညာတွေ၊ ပညာတွေ၊ ဘုရားပျံကြီးတွေဆီက ပညာတွေအကုန် မင်းရခဲ့တာပဲသာဒင်ရေ”

ဦးဘသာက မတ်တပ်ထရပ်လိုက်တော့ ဦးအောင်ရှိန်က သူ့လည်ပင်းမှာ ဆွဲထားတဲ့ပုတီးကုံးကိုဖြုတ်ပေးတယ်။

“ဟောဒါ သင်္ကန်းနက်နဲ့လုပ်ထားတဲ့ပုတီးပဲ၊ ဘုရားပျံတွေအတွက်တော့ အကာအကွယ်လုံခြုံရေးအဖြစ်နဲ့ အသုံးပြုနိုင်တယ်၊ အဆင့်နိမ့်တဲ့ စုန်းတိုက်၊ ကဝေတိုက်၊ ပယောဂမျိုးဆိုရင် ဒီပုတီးဆွဲထားတာနဲ့တင် ကာကွယ်ပြီးဖြစ်တယ်”

နောက်တော့ သူ့လက်မှာစွပ်ထားတဲ့ လက်စွပ်ကလေးကိုချွတ်ပြီး ဦးဘသာလက်ညှိုးမှာဝတ်ပေးလိုက်တယ်၊ လက်စွပ်ကလေးရဲ့အလယ်မှာတော့ ခဲရောင်အလုံးကလေးတစ်လုံးပါသဗျ။

“ဒါကတော့ နတ်မင်းကြီးတွေရဲ့ ဓါတ်ပေါင်းဖိုကနေထွက်တဲ့ သံရှင်ဓါတ်လုံးပဲ၊ မင်းအလိုရှိရာ အသုံးပြုနိုင်တယ်”

နောက်ဆုံးတော့ ကျုပ်လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကိုလှမ်းတောင်းပြီး ဦးဘသာကိုပေးလိုက်တယ်။

“ဒီတောင်ဝှေးကတော့ နတ်ပြည်က ကသစ်ဖြူသားနဲ့လုပ်ထားတယ်လို့ပြောတယ်ကွ၊ လိုရာသုံးပေါ့ကွာ”

ဦးဘသာကို ဦးအောင်ရှိန်က လက်နက်တွေတပ်ဆင်ပေးလိုက်ပြီဗျ၊ အလင်းလုံးကြီးက နိမ့်ချည်မြင့်ချည်လုပ်ရင်း

“ငထေရှင်သေဖို့အတွက်ဆိုရင် ကြာသပတေးကြယ်က လကိုဖောက်ထွင်းဝင်ရောက်ရလိမ့်မယ်”

“အဲဒါဘယ်အချိန်လဲ”

“မနက်ဖြန်ည သန်းခေါင်ကျော်အချိန်မှာ လကိုကြာသပတေးကြယ်က ထိုးဖောက်လိမ့်မယ်”

“ဒါဆို ကျုပ်တို့မနက်ဖြန်ပဲ ငထေရှင်ကို အပြီးတိုင်အဆုံးသတ်ပေးရမှာပေါ့”

“ပြောတာကတော့ လွယ်တယ်ဗျ၊ ဒါပေမယ့် ငထေရှင်ကရော ဒါကိုမသိဘဲနေမလား”

“ငထေရှင်က သူ့အိမ်ထဲကြာကြာမပုန်းနိုင်ပါဘူးကွာ၊ လကိုကြယ်ခွင်းတယ်ဆိုတာ သူ့ရဲ့သေချိန်ဆိုတာ သူလည်းသိထားပြီးသားပါ၊ အဲဒီသေချိန်မှာပဲ သူက ရှင်သန်ထမြောက်လာလိမ့်မယ်”

“ဘယ်လိုရှင်သန်မှာလဲ ဘရသေ့”

“ပြည်လမ်းနံဘေးမှာ ချပ်သင်းတောဆိုတာရှိတယ်၊ အဲဒီတောကြီးထဲမှာ တောင်ကုန်းတစ်လုံးရှိတယ်၊ အဲဒီတောင်ကုန်းအောက်မှာ ဘီလူးသိုက်ရှိတယ်၊ ဘီလူးသိုက်တောင်မှ သူ့အဖေ ယဘူတေလိုမျိုး မြေဖုတ်ဘီလူးတွေနေတဲ့ ဘီလူးသိုက်ကွ၊ အဲဒီသိုက်ကို သူရထားတဲ့ ဘုရားစိန်ဖူးတော်စိန်သွားနဲ့ ဖောက်လိမ့်မယ်၊ မြေဖုတ်ဘီလူးတွေကို ထိန်းကြောင်းဖို့အတွက် သူ့မှာ သန်လျက်လည်းရှိနေပြီမဟုတ်လား၊ အဲဒီဘီလူးသိုက်ထဲမှာ ဘီလူးမင်းသားတစ်ပါးရဲ့ရုပ်အလောင်းရှိတယ်၊ ငထေရှင်က အဲဒီရုပ်အလောင်းထဲဝင်ပြီး မြေဖုတ်ဘီလူးတွေကို ဦးဆောင်ပြီး ဘီလူးတစ်ခေတ်ပြန်ဆန်းသစ်စေလိမ့်မယ်”

“ဒီလောက်သိနေတာများဘရသေ့ရယ်၊ ဘရသေ့ကိုယ်တိုင်ဆင်းလာပြီးတော့ ငထေရှင်နဲ့တိုက်ပါတော့လား”

“မရလို့ပေါ့ကွာ၊ ကာမ၊ ရူပ၊ အရူပဆိုတဲ့ ဘုံသုံးမျိုးရှိတဲ့အထဲမှာ အခုငါရောက်နေတဲ့ဘုံက အရူပဘုံလို့ခေါ်တဲ့ ရုပ်ခန္ဓာမရှိတဲ့ဘုံကွ၊ ရုပ်ခန္ဓာမရှိမှတော့ ငထေရှင်ကို ငါဘယ်လိုလုပ်ပြီးတော့ တိုက်လို့ရမှာလဲ၊ ဒါကြောင့် ငါက ဘုရားပျံလမ်းစဉ်ကို ထွင်ခဲ့တာပေါ့ကွာ”

ဦးဘသာက ကျုပ်ကိုလက်ကုပ်ပြီးတော့ နောက်ဆုတ်ခိုင်းလိုက်တယ်။

“ဒါဆို ကျုပ်တို့မနက်ဖြန်ည ငထေရှင်ဆီကိုသွားမယ်၊ ပြီးတော့ သူသိုက်မဖောက်ခင်မှာ သူ့ကိုတားကြရမယ်”

ကျုပ်ရော ဦးအောင်ရှိန်ရော ခေါင်းညိတ်လိုက်တယ်၊ အလင်းလုံးကြီးက နိမ့်ချည်မြင့်ချည်ဖြစ်ပြီးတော့ ပျောက်ကွယ်သွားတော့တာပါပဲဗျာ။

“ကဲ ကျုပ်တို့ပြန်ကြမယ်”

ဦးအောင်ရှိန်ကပြောပြီး ကြေးစည်ဝိုင်းကလေးထုတ်ကိုင်လိုက်တယ်။

“သာဒင်၊ ခင်ဗျားသွားချင်တဲ့နေရာကို အာရုံပြုစမ်းဗျာ”

ဦးဘသာက မျက်မှောင်ကြုတ်အာရုံပြုရင်း နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ပဲ ကျုပ်တို့သုံးယောက်စလုံး မြေအောက်ကိုတစ်ရှိန်ထိုး ကျသွားပါလေရောဗျာ။

(၂)

အပြင်ရောက်တော့ မိုးတောင်လင်းနေပြီဗျ၊ ကျုပ်တို့ရောက်သွားတဲ့နေရာက အိမ်တစ်လုံးဗျ၊ အိမ်ထဲမှာလည်း လူတွေစည်လို့၊ ဒါနဲ့ဆက်လျှောက်လာခဲ့တော့ ဘသိုက်တို့အိမ်ဖြစ်နေသဗျာ၊ အိမ်ရှေ့မှာ ဘသိုက်အလောင်းကိုပြင်ပြီးစောင်တွေခြုံပေးထားကြတယ်၊ ဘေးနားမှာလည်း ဘသိုက်တို့မိသားစုတွေက ငိုယိုလို့ပေါ့ဗျာ။

အနားမှာ ကဝေရှင်ဘသောင်းကိုလည်းတွေ့လိုက်ရတယ်၊ ဘသောင်းကို ကျုပ်တို့ကို တအံ့တသြနဲ့ကြည့်ရင်း

“ခင်ဗျားတို့ ဘယ်ရောက်သွားကြတာလဲဗျာ”

ဦးအောင်ရှိန်က ဘာမှမပြောဘဲ

“ဘသိုက်ဆုံးသွားတာလား”

ဘသောင်းက ခေါင်းကိုအသာညိတ်ပြတယ်ဗျ။ ဦးဘသာက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးတော့

“အဲဒါတွေအားလုံးက ငါ့ကြောင့်ပါကွာ”

“မဆိုင်ပါဘူး သာဒင်ရာ၊ ဒါတွေက ငထေရှင်ကြောင့်ပါကွ၊ ဘသိုက်အခုလိုသေရတာ ငထေရှင်သတ်တာ၊ သူ့ရဲ့အသက်သေဆုံးမှုကို အလဟဿမဖြစ်စေနဲ့ကွ၊ ငါတို့ငထေရှင်ကိုပြန်နှိမ်နင်းပြီး ဘသိုက်အတွက် လက်စားပြန်ချေရမယ်”

နေ့လည်လောက်ရောက်တော့ ဘသိုက်အလောင်းကိုမြေချပါရောဗျာ၊ ဘသိုက်က သေသာသေတယ်မျက်နှာက ပြုံးပြုံးလေးဗျ၊ ကျုပ်တို့လည်း သူ့ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ကြတာပေါ့ဗျာ၊ အရှေ့က ကြေးစည်ကြီးတနောင်နောင်ထုပြီးအနောက်က လိုက်ပို့ကြတယ်၊ ဘသိုက်က မျက်နှာမွဲဆိုတော့ လိုက်ပို့တဲ့လူတောင် သိပ်မရှိပါဘူးဗျာ၊ သူ့မိသားစုလောက်ပဲပါတာပါ၊ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့အခါ ကျုပ်တို့ သုဿန်တစ်ခုစီကိုရောက်လာခဲ့ကြတယ်၊ ဆင်းရဲသားသုဿန်ဆိုတော့ ဂူတောင်ရှားတယ်ဗျာ၊ အကုန်လုံးက မြေကျင်းတွေချည်းပါပဲ၊ ဘသိုက်အလောင်းကို မြှုပ်နှံပြီးတဲ့အချိန်မှာပဲ ကောင်းကင်မှာ တဝီဝီတဝေါဝေါနဲ့အသံတွေကြားရတယ်ဗျာ၊ ရုတ်တရက်မိုးမှောင်ကြီးလည်းကျလာပါရော၊ တိမ်မည်းကြီးတစ်လိပ်က မိုးပေါ်ကနေနိမ့်ကျလာတာမို့လို့ အသုဘပို့လာတဲ့လူတွေအကုန်လုံး ကြောက်ကြောက်နဲ့ထွက်ပြေးကုန်ကြတော့တယ်။

“ဟာ ဦးဘသာ၊ ဟိုဟာတိမ်တိုက်ကြီးပါလားဗျ၊ အသံတွေလည်းမြည်လို့နော်”

“အဲဒါတိမ်တိုက်မဟုတ်ဘူးကွ၊ ပိတုန်းကောင်တွေ”

“ဗျာ၊ ပိတုန်းတွေကလည်း များလိုက်တာဗျာ”

“ဒါရိုးရိုးပိတုန်းမဟုတ်ဘူးကွ၊ စုန်းတွေပဲ၊ ပိတုန်းယောင်ဆောင်ပြီးတော့ ငါတို့ဆီကိုပျံလာတာ၊ ကြည့်ရတာ ငါတို့ကိုတိုက်ခိုက်ဖို့နဲ့တူပါတယ်ကွာ”

“ဟာ၊ ဒါဆိုဒုက္ခပဲဗျာ၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

ဒီအခါ ဦးအောင်ရှိန်က

“မပူစမ်းပါနဲ့အလတ်ကောင်ရာ၊ ငါတို့မှာ အသစ်စက်စက်ပူပူနွေးနွေး ဘုရားပျံကြီးတစ်ယောက်ရှိပါတယ်ကွ”

“ဖြစ်ပါ့မလားဦးဘသာ၊ ပိတုန်းတစ်ကောင်က စုန်းတစ်ယောက်သာဆိုရင် စုန်းတွေထောင်ချီလာတာဗျနော်”

“ဒါကို ပိတုန်းသိုက်လို့ခေါ်တယ်ကွ၊ ကြည့်ရတာ ငထေရှင်က စုန်းသိုက်ကိုငှားပြီး တို့ကိုဒုက္ခပေးချင်တယ်နဲ့တူပါတယ်ကွာ၊ ဒီလောက်ကတော့ ငါ့အတွက်ပမွှားလေးပါကွ”

ပြောရင်းဆိုရင်း ပိတုန်းတွေက ကျုပ်တို့ခေါင်းအပေါ်ရောက်လာကြသဗျာ၊ လှည့်ပတ်ပျံသန်းရင်း ပိတုန်းတစ်ကောင်က ကျုပ်ဆီကို အစိမ်းရောင်အလုံးတစ်လုံးနဲ့လှမ်းပစ်ထည့်ပါရော၊ ဒီအခါ ဦးဘသာက အဲဒီအစိမ်းရောင်အလုံးကို လေထဲမှာပဲ လက်နဲ့ဖမ်းကိုင်ထည့်လိုက်တယ်။

“အောင်မာ၊ နင်တို့ပညာလောက်နဲ့များ ငါ့ကိုလုပ်ချင်တယ်ပေါ့”

ှုဦးဘသာက အစိမ်းလုံးကို မိုးပေါ်ပြန်ပစ်တင်လိုက်တော့ ပိတုန်းတစ်ကောင်နဲ့ထိမိပြီးတော့ ပိတုန်းက ပြုတ်ကျလာသဗျာ၊ ဒါပေမယ့် မြေကြီးပေါ်ရောက်တာနဲ့ ပိတုန်းကောင်က လူခေါင်းပြတ်ကြီးတစ်ခုဖြစ်သွားပါရော၊ လူခေါင်းကြီးဆိုပေမယ့် မသေဘူးဗျ၊ အသက်ရှူနေသေးတယ်။

ဒီအချိန်ပိတုန်းတွေက အစိမ်းလုံးတွေအများကြီး ကျဲချပါရောဗျာ၊ မသိရင်မိုးရွာသလိုကျလာတာဗျ၊ ဦးဘသာက တောင်ဝှေးကိုခေါင်းအထက်နားတင်ပြီးတော့ ပန်ကာလှည့်သလိုလှည့်ပါရောဗျာ။ မိုးပေါ်ကနေကျလာတဲ့ အစိမ်းရောင်အလုံးကလေးတွေဟာဆိုရင်ဖြင့် ဦးဘသာရဲ့တောင်ဝှေးနဲ့ထိပြီးတော့ သူ့အလိုလိုပြန်ကန်တက်သွားပါရော၊ ပြီးတာနဲ့ တောင်ဝှေးလှည့််တဲ့အပေါ်မှာ လေဝဲကြီးလိုတစ်ခုဖြစ်လာပါရောဗျာ၊ လေဝဲလည်တာပြင်းလွန်းတော့ ပိတုန်းကောင်တွေဆိုရင် လေဝဲထဲအကုန်လုံးမြောပါကုန်ကြတယ်ဗျ၊ ဦးဘသာ အတော်ကြာကြာလှည့််ပြီးတဲ့အချိန် တောင်ဝှေးကိုတွန်းလိုက်တဲ့အခါမှာ လေဝဲကြီးက ပျက်သွားပြီး ပိတုန်းတွေအကုန်လုံး မြေပေါ်ကိုတဖြုတ်ဖြုတ်နဲ့ပြုတ်ကျတယ်၊ အရှေ့က အကောင်တွေအတိုင်း မြေပေါ်ကျတဲ့အခါကျတော့ လူခေါင်းတွေဖြစ်သွားပါရော၊ ယောက်ျားတွေရော မိန်းမတွေရောစုံလို့ဗျာ။

နောက်ဆုံးလေပေါ်မှာကျန်နေခဲ့တာကတော့ ရွှေရောင်ပိတုန်းကလေးတစ်ကောင်ပဲဗျ၊ အဲဒီပိတုန်းက ပျံပြေးမလို့လုပ်နေတဲ့အချိန် ဦးဘသာက ပိတုန်းကိုလက်ညှိုးနဲ့ထိုးလိုက်တော့ ရွှေပိတုန်းခမြာ လေပေါ်ကနေပြုတ်ကျလာပြီး ဦးဘသာလက်ထဲကိုရောက်လာပါရောဗျာ၊ ဦးဘသာလက်ထဲရောက်တော့ ခေါင်းပြတ်တစ်ခုဖြစ်သွားတယ်၊ ခေါင်းကတော့ အဘွားကြိးတစ်ယောက်ရဲ့ခေါင်းဗျ။

“နင်တို့အစွမ်းလောက်နဲ့ ငါ့ကိုရန်ပြုလို့ရမယ်လို့များထင်နေတာလား”

အဘွားကြီးက ကြောက်ကြောက်နဲ့

“ကြောက်ပါပြီဆရာကြီးရယ်၊ ကျွန်မတို့ကိုမသတ်ပါနဲ့ချမ်းသာပေးပါ၊ ကျွန်မတို့လည်း သူများခိုင်းလို့လုပ်ရတာပါ”

“သြော်၊ သူများခိုင်းတိုင်းလုပ်စရာလား၊ ဒါဆိုသူများက နင်တို့ကိုချေးစားခိုင်းရင် နင်တို့စားမှာလား”

“မဟုတ်ပါဘူးဆရာကြီး၊ အဲဒီလူက ကျုပ်တို့ကိုဖမ်းချုပ်ထားပါတယ်၊ ကျုပ်တို့ရဲ့ကိုယ်လုံးတွေကို သူက ဖမ်းဆီးထားပြီးခေါင်းတွေလွှတ်ပြီးတော့ တိုက်ခိုက်ခိုင်းတာပါ”

“အဲဒီလူက ဘယ်သူလဲ၊ မဟုတ်မှလွဲရော ငထေရှင်ဆိုတဲ့လူများလား”

အဘွားကြီးက ခေါင်းညိတ်တယ်ဗျ၊ ဒီအချိန်မှာပဲ သူ့ခေါင်းက အလယ်နှစ်ခြမ်းကနေ ထက်ခြမ်းကွဲကျသွားပြီးတော့ ခေါင်းနှစ်ခြမ်းပြတ်ထွက်သွားပါရောဗျာ၊ ဦးဘသာက ကြောင်တောင်တောင်နဲ့ကြည့်နေတယ်ဗျ၊ နောက်တော့ တခြားမြေပေါ်ကျထားတဲ့ခေါင်းတွေလည်း သူ့အလိုလို အပိုင်းပိုင်းအတစ်တစ်ဖြစ်ကုန်တယ်။

“ငါလုပ်တာ မဟုတ်ဘူး၊ ဒါတွေက ငါလုပ်တာမဟုတ်ဘူး”

ဦးဘသာက ရေရွတ်လိုက်တယ်ဗျ၊ အုတ်ဂူတစ်ခုအပေါ်မှာတင်နေတဲ့ခေါင်းတစ်လုံးက ရယ်မောရင်း

“ငါခိုင်းရင်အောင်မြင်တယ်ဆိုတာပဲ လိုချင်တယ်၊ မအောင်မြင်ရင်တော့ ဒင်းတို့အားလုံး သေလမ်းကိုသွားရမှာပဲ”

အဲဒီခေါင်းကြီးက ရယ်မောရင်းနဲ့ နှစ်ခြမ်းကွဲကျသွားပါရောဗျာ၊ သုဿန်တစ်ဝိုက် ခေါင်းပြတ်တွေဆိုတာ နည်းတောင်မနည်းဘူးဗျ။

“ဒါငထေရှင်လက်ချက်ပဲ၊ ငထေရှင်က စုန်းတွေကိုဖမ်းဆီးပြီးတော့ အတင်းအကြပ်စေခိုင်းခဲ့တာပဲ”

ဦးအောင်ရှိန်က မကျေမနပ်နဲ့ရေရွတ်တယ်၊ ဦးဘသာက ခေါင်းပြတ်တွေကိုကြည့်ပြီး

“မင်းတို့လွတ်မြောက်သွားပါပြီ၊ မင်းတို့သွားလိုရာသွားကြပါ”

ဆိုရင်း ခြေထောက်ကိုမြေကြီးပေါ် ဆောင့်နင်းလိုက်တော့ ခေါင်းပြတ်တွေအကုန်လုံးက ယင်မဲကြီးတွေအဖြစ်ပြောင်းသွားပြီး တဝီဝီနဲ့ပျံသန်းသွားကြပါရောဗျာ။

ဦးဘသာက မျက်မှောင်ကြုတ်ရင်း

“ပြောနေကြာပါတယ်ကွာ၊ တို့တွေ ငထေရှင်ဆီအရင်သွားကြမယ်၊ ဒီကောင့်အစီအစဉ်က ညကျမှစမှာဆိုတော့ ငါတို့အခုပဲလိုက်သွားကြတာပေါ့ကွာ”

ကျုပ်တို့အားလုံး ငထေရှင်ရဲ့ခြံကျယ်ကြီးဆီကိုရောက်လာပါရောဗျာ၊ ခြံကြီးဆီမရောက်ခင်မှာပဲ လူတွေရှုပ်ယှက်ခပ်နေတာနဲ့ မေးကြည့်တော့ ဒီခြံကြီးတစ်ခြံလုံး မီးဟုန်းဟုန်းတောက်ပြီးတော့ လောင်နေပါရောဗျာ၊ လောင်တာမှ သရက်ပင်တွေ၊ ပိန္နဲပင်တွေလို အပင်စိမ်းကြီးတွေက မီးတွေတဟုန်းဟုန်းလောင်နေတယ်၊ လူတွေကလည်း မီးငြိမ်းနေကြတယ်၊ ကျုပ်တို့ရောက်တာ နောက်ကျသွားလို့ အိမ်ကြီးတစ်ခုလုံးက ပြာဖြစ်နေပြီဗျ။

လူအုပ်ထဲကပြန်ထွက်ပြီးတော့ ချပ်သင်းတောကြီးဆီကိုခြေဦးလှည့်ကြတယ်၊ တောအုပ်ကြီးက စိမ့်နေအောင်အေးတယ်ဗျာ၊ သစ်ရိပ်ဝါးရိပ်တွေကလည်း ထူထူထပ်ထပ်ရယ်ဗျ၊ ရန်ကုန်လိုမြို့ကြီးမှာ ဒီလိုတောကြီးရှိတယ်လို့တောင် မထင်ရဘူးဗျာ၊ သွားလာနေရင်း တစ်နေရာရောက်တော့ ဦးဘသာအရိပ်က စကားထပြောတယ်ဗျ။

“မင်းတို့ဒီအတိုင်းသွားလို့မရဘူးနော်”

အရိပ်က စကားပြောတယ်ဆိုတော့ ငသန်ပျင်ပေါ့ဗျာ။

“ပြောစမ်းပါအုံး ဘာဖြစ်လို့ဒီအတိုင်းသွားလို့မရတာလဲ”

“ငထေရှင်ဆိုတာ အရမ်းယုတ်မာကောက်ကျစ်တဲ့လူတစ်ယောက်ပဲ၊ သူ့ကိုငါတို့ ဒီအတိုင်းရင်ဆိုင်လို့မရနိုင်ဘူးကွ”

အမေးအမြန်းထူတဲ့ကျုပ်နဲ့ ငသန်ပျင်နဲ့စတွေ့ပြီပေါ့ဗျာ။

“ဒါနဲ့နေပါအုံး၊ ခင်ဗျားကိုမေးပါအုံးမယ်၊ ခင်ဗျားက ငထေရှင်ရဲ့ပုရောဟိတ်လို့လည်းပြောသေးတယ်၊ ဘာဖြစ်လို့ ငထေရှင်ကိုမကျေမနပ်တာလဲ”

“ပုရောဟိတ်လို့ပြောတာထက် ယောက်ဖလို့ပြောရင် ပိုပြီးမှန်တယ်ကွ”

“အလိုဗျာ၊ ဒါဆို ငထေရှင်နဲ့ခင်ဗျားနဲ့က အမျိုးပါတော်တယ်ပေါ့၊ ဒါနဲ့များဘာဖြစ်လို့ အချင်းချင်းစိတ်ဝမ်းကွဲသွားရတာလဲ”

အရိပ်ကြီးက လူတစ်ယောက်လို လက်တွေခြေတွေလှုပ်ရင်း

“ပြောရမယ်ဆိုရင်တော့ ငါ့ဘဝအစကိုပြောရမှာပဲကွာ၊ ငါက အရင်ကတည်းက တမ္ပဝတီပြည်ရဲ့ မင်းမျိုးမင်းနွယ်မျိုးရိုးပဲ၊ ပုပ္ပါးစောရဟန်းမင်းရဲ့ သားတော်တစ်ပါးက အိုးထိန်းသည်နဲ့အကြောင်းပါပြီး ငါ့ကိုမွေးတယ်၊ မင်းသွေးတစ်ဝက်၊ သာမန်အရပ်သည်သွေးတစ်ဝက်ဆိုတော့ တော်မဝင်ခဲ့ပေမယ့် ဘုရင်အဆက်ဆက်က မြှောက်စားချီးမြှင့်ခဲ့တယ်။ ကလန်၊ သံပျင်တွေကို အုပ်ချုပ်ရတဲ့လူမို့လို့ ငါ့ကိုငသန်ပျင်လို့ လူတွေကခေါ်ကြတယ်၊ ငါက စာပေပညာကိုလေ့လာနေရင်း အရည်းတွေကို ကိုးကွယ်မိတယ်၊ အရည်းတွေထဲမှာမှ ထူးဆန်းတဲ့မှော်အတတ်ရှိတဲ့ အရည်းကြီးတစ်ယောက်ကို ဆရာတင်ရင်း သူ့ဆီကနေ အရိပ်အယောင်ကို ခိုင်းစေပြုစားနိုင်တဲ့ မှော်ပညာတစ်ခုကို တတ်မြောက်ခဲ့တယ်၊ ဒါကြောင့် ငါ့ကိုအရိပ်သခင်လို့ လူတွေက ခေါ်ကြတာပေါ့ကွာ”

“တစ်ခါတော့ မင်းငခွေးက ငါ့ကိုနက္ခတ်သဘင်ပွဲမှာ အရှက်ခွဲခဲ့တယ်၊ ငါ့အမေက အိုးထိန်းသည်မမို့လို့ မင်းငခွေးက သူ့အတွက်အိုးကောင်းလုပ်ပေးပါဆိုပြီး ငါ့ကိုရွှံ့ငါးပိဿာဆုချတယ်၊ ဒါကိုငါမကျေနပ်လို့ ဒီမင်းအပေါ် အငြိုးအတေးထားခဲ့တယ်၊ ငါ့နှမ မိစောသင်ကို မင်းငခွေးက မိဖုရားငယ်အဖြစ်ကောက်ခဲ့တယ်၊ ငါတို့မောင်နှမနှစ်ယောက်ပေါင်းပြီးတော့ ဒီမင်းကိုလက်စားချေဖို့ကြိုးစားရင်း ငထေရှင်နဲ့တွေ့ခဲ့တာပဲ”

“ဟုတ်ပြီဗျာ၊ ဒါဆို ငထေရှင်နဲ့ပေါင်းခဲ့တဲ့ မိဖုရားဆိုတာက ခင်ဗျားနှမ မိစောသင်ပေါ့”

“အမှန်ပေါ့၊ ငါ့နှမကို အကြောင်းပြုပြီး မင်းငခွေးကို ရတနာမြင်းကိုတစ်ယောက်တည်းစီးရအောင် တိုက်တွန်းခဲ့တာလည်း ငါပဲ၊ မင်းကြီးအနောက်ကို မင်းချင်းတွေလိုက်မသွားနိုင်အောင် နန်းမြို့တံခါးကိုပိတ်ခိုင်းခဲ့တာလည်းငါပဲ၊ ငါ့အကြံအစည်ကောင်းလို့ ဒီကောင်မင်းဖြစ်လာတာပါကွ”

“ဒါကြောင့်လည်း ခင်ဗျားကို ပုရောဟိတ်ခန့်ခဲ့တာမဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဒါပေမယ့် ငထေရှင်က နောက်ပိုင်းကျတော့ အရမ်းမောက်မာလာတယ်၊ ဘီလူးတွေအားကိုးနဲ့သူစိတ်ထင်တာလုပ်တယ်၊ အဆိုးဆုံးကတော့ ငါ့နှမ မိစောသင်ကို ဘီလူးသုံးကောင်ဆီကို ဆုချီးမြှင့်တယ်ဆိုပြီးတော့ ပေးအပ်ခဲ့တာပဲ၊ ဘီလူးသုံးကောင်က ငါ့နှမကို သိမ်းပိုက်တာကို ဒင်းက ကြည့်ကောင်းကောင်းနဲ့ကြည့်နေခဲ့တယ်၊ ပြီးတော့ ဒီဘီလူးတွေက ငါ့နှမကိုစားသောက်လိုက်ကြတယ်”

“အင်းဗျာ၊ ခင်ဗျားစိတ်နာမယ်ဆိုရင်လည်း နာစရာပါပဲ”

“သာမာန်လူဆိုရင် အရိပ်ထဲကနေပြုစားလို့ရပေမယ့် ဘီလူးတွေက အရိပ်မထွက်လို့ ငါပြုစားလို့မရတာကို ငထေရှင်က သိနေခဲ့တယ်၊ ဒါကြောင့် နောက်ပိုင်းမှာ ပါလရသေ့ကြီးနဲ့ ငါနဲ့ပူးပေါင်းပြီးတော့ ငထေရှင်ကိုလုပ်ကြံခဲ့တာပဲ၊ ဒါပေမယ့် ကောက်ကျစ်တဲ့ငထေရှင်က ငါတို့အကြံအစည်ကိုရိပ်မိနေခဲ့တယ်၊ တမ္ပဝတီမြို့ရိုးပွင့်သွားပြီဆိုတာနဲ့ ငါ့ကိုလုပ်ကြံသတ်ဖြတ်ခဲ့တယ်၊ ပြီးတော့ ငါ့ဆီကနေ မဟူရာချက်ကျောက်ကိုယူသွားခဲ့တယ်”

“အဲဒီ မဟူရာချက်ကျောက်ဆိုတာ ဘာလဲဗျ”

“အနက်ရောင်ရှိတဲ့ကျောက်တစ်မျိုးပါ၊ ဒါပေမယ့် အဲဒီကျောက်က သဘာဝတွင်းထွက်မဟုတ်ဘူး၊ မိုးပြဲဒယ်ကြီးတွေနဲ့ ချက်လုပ်ထားရတဲ့ကျောက်တစ်မျိုး၊ ဒီကျောက်ရှိတဲ့လူဟာ သေဆုံးခါနီးအချိန်မှာ အရိပ်တစ်ခုအနေနဲ့ထွက်ပြေးလွှတ်မြောက်သွားနိုင်တယ်”

“ကျုပ်သဘောပေါက်ပြီ၊ ဒါဆိုရင် ရသေ့ကြီးငထေရှင်ကိုသတ်တဲ့အချိန်မှာ သူကဒီနည်းလမ်းနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုလိုချင်တာလား”

“ဟုတ်တယ်၊ အခုလည်း ဒီကောင်ထွက်ပြေးမှာပဲ၊ အဲဒီတုန်းက ငါမရှိတော့လို့သာ ဒီကောင်ထွက်ပြေးနိုင်တာ၊ အခုငါပြန်လာပြီ ဒီကောင်အရိပ်အဖြစ်ထွက်ပြေးသွားတာနဲ့ ငါဒီကောင့်ကိုဖမ်းမယ်”

“ဒါဖြင့် သွားကြတာပေါ့ဗျာ”

“နေအုံး၊ ငါစိတ်ထင့်နေတာတစ်ခုရှိတယ်”

“အဲဒါဘာလဲ”

“ဒီကောင် မြေဖုတ်ဘီလူးသိုက်ကိုဖောက်တယ်ဆိုတာ သာမန်မဟုတ်ဘူး၊ သူ့အဖေယဘူတေသေသွားတဲ့အချိန်မှာ ဘီလူးတွေက လောင်းလှေပေါ်တင်ပြီး အောက်ပြည်အောက်ရွာကိုဆင်းသွားကြတယ်ဆိုတယ်၊ ဒီကောင် ဒီဘီလူးသိုက်ကို အသည်းအသန်ဖောက်ပုံထောက်တော့ ဒီသိုက်ထဲမှာရှိနေတဲ့အလောင်းကောင်က သူ့အဖေ ယဘူတေရဲ့အလောင်းကောင်ဖြစ်ဖို့များတယ်”

“ဟာ၊ ဒါဆိုရင်ဘာတွေဖြစ်နိုင်သလဲဗျာ”

“ယဘူတေသာဆိုရင်တော့ သူ့သန်လျက်ပြန်ရသွားရင် ငထေရှင်ထက် ပိုပြီးဆိုးရွားတာတွေဖြစ်နိုင်တယ်၊ ငါကြည့်ရသလောက်တော့ ဒီတစ်ခေါက် ငထေရှင်က သူကိုယ်တိုင်မင်းလုပ်မှာထက် သူ့အဖေယဘူတေကို အသက်ပြန်သွင်းပြီးတော့ အရင်ကလို ဘီလူးတစ်ပိုင်း၊ လူတစ်ပိုင်းအုပ်ချုပ်မယ်ထင်တာပဲ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ကျုပ်နားလည်ပြီ၊ ဒီလိုသာမှန်ရင် ဒီကောင့်အကြံက မသေးဘူးပဲ”

“ဒီလိုသာတကယ်ဖြစ်ခဲ့ရင် ကျုပ်တို့မနိုင်ဘူး၊ ငထေရှင်ကို ဘုရားပျံက နိုင်တယ်ထားအုံး၊ ယဘူတေကို ကျုပ်တို့မနိုင်လောက်ဘူး”

“ဒါဆိုဘယ်လိုလုပ်ကြမှာလဲဗျာ”

“ကျုပ်မှာအကြံတစ်ခုရှိတယ်၊ ခင်ဗျားတို့ လိုက်လုပ်မယ်ဆိုရင်တော့ ကျုပ်တို့ရဲ့နိုင်နိုင်ချေကို အများကြီးအထောက်အကူပြုလိမ့်မယ်”

“ဘယ်လိုအကြံလဲဗျာ”

ငသန်ပျင်က လူတွေကိုသေချာကြည့်နေသေးသဗျာ။

“ကျုပ်အကြံအတိုင်းလုပ်မယ်လို့ ကတိပေးတော့မှ ကျုပ်ပြောပြမယ်”

ဦးအောင်ရှိန်က ဦးဘသာလက်ကိုဆွဲရင်း

“သာဒင်၊ မင်းသတိတော့ထားနော်၊ ငသန်ပျင်ဆိုတာ ငထေရှင်ရဲ့ယောက်ဖတော်တယ်၊ ပြီးတော့ အရင်ကလည်း သူတို့က အလိုတူအလိုပါတွေဆိုတာ မင်းမမေ့နဲ့၊ ဒီကောင်က မင်းကိုလှည့်စားချင်လို့ တမင်လုပ်တာဆိုရင်ရော”

ဦးဘသာက ခေါင်းခါရင်း

“ကျုပ်သူ့ကိုယုံတယ်၊ ဒီအခြေအနေမှာ သူကျုပ်ကိုမလိမ်ဘူးလို့ ကျုပ်ထင်တယ်”

ဦးအောင်ရှိန်က တားမရတဲ့အဆုံး

“အေးကွာ၊ ငသန်ပျင်တကယ်ယုံရမယ်ထင်ရင် မင်းလုပ်ပေါ့ကွ၊ ဒါပေမယ့် သာဒင်၊ တို့အားလုံးရဲ့အသက်၊ ဟောဒီတစ်လောကလုံးက လူတွေရဲ့အသက်က မင်းလက်ထဲမှာရှိနေတာ မင်းမမေ့နဲ့”

ဦးဘသာက

“ကဲ ငသန်ပျင်၊ မင်းရဲ့အကြံအစည်က ဘာလဲဆိုတာကိုသာပြောပေတော့”

ငသန်ပျင်အနားကို ကျုပ်တို့အားလုံး စုစည်းလိုက်ကြတယ်။

“ကျုပ်အကြံကတော့ ဒီလိုဗျ”

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ဘုရားပ်ံဘသာ “(စ/ဆုံး)
————————————————————-
အတြဲ(၅) စာစဥ္(၁၁)

(၁)

“ျဖစ္ပါ့မလားေအာင္ရွိန္ရာ ဘုရားပ်ံဂိုဏ္းဆိုတာ အထက္လမ္းဂိုဏ္းေလကြ၊ ၿပီးေတာ့ ငါကစုန္းမဟုတ္လား”

ဦးေအာင္ရွိန္အေျပာကို ေခ်ာေခ်ာတစ္ျဖစ္လဲ ဦးဘသာက အေၾကာက္အကန္ျငင္းရွာတယ္ဗ်၊ ဦးေအာင္ရွိန္က ေခါင္းညိတ္ရင္း

“ျဖစ္ပါတယ္ကြာ၊ ငါေျပာျပမယ္ သာဒင္ရ၊ ဘုရားပ်ံဂိုဏ္းဆိုတာက ဂိုဏ္းအဖြဲ႕ဆိုတာထက္ လမ္းစဥ္တစ္ခုပဲကြ၊ ဒီလမ္းစဥ္က အထက္လမ္းစဥ္မဟုတ္သလို ေအာက္လမ္းစဥ္လည္းမဟုတ္ဘူး၊ ဘုရားပ်ံေတြရဲ႕တာဝန္က မေကာင္းသူပယ္ဖို႔ပဲကြ၊ ဘုရားပ်ံေတြရဲ႕အဓိက ရန္သူကေတာ့ ငေထရွင္ဆိုတဲ့အဲဒီလူပဲေဟ့၊ ငေထရွင္ရဲ႕ရန္ကို တြန္းလွန္ဖို႔က ဘုရားပ်ံရဲ႕တာဝန္ပဲ၊ ဒါေပမယ့္ ေရွးကဘုရားပ်ံအဆက္ဆက္က ငေထရွင္ကိုလည္း ေစာင့္ၾကည့္ေနတဲ့အျပင္ အားရင္အားသလို မေကာင္းမႈလုပ္တဲ့စုန္းေတြ၊ ကေဝေတြ၊ ေအာက္လမ္းဆရာေတြကို တိုက္ခိုက္ႏွိမ္နင္းခဲ့ၾကတာပဲ”

“မင္းေျပာတာက ဟုတ္ပါတယ္ေအာင္ရွိန္ရာ၊ ဒါေပမယ့္ ငါကစုန္းေလကြာ”

“စုန္းက ဘုရားပ်ံမျဖစ္ရဘူးဆိုတဲ့ ကန႔္သတ္ခ်က္မရွိပါဘူးကြာ၊ ဘုရားပ်ံတစ္ေယာက္က တျခားဘယ္သူ႔ကိုမဆို ဘုရားပ်ံအျဖစ္လႊဲေျပာင္းေပးလို႔ရတယ္ကြ၊ အခု ငါ့အေျခအေနနဲ႔ေျပာရရင္ ငါကမစြမ္းႏိုင္ေတာ့ဘူး၊ ငါ့ရဲ႕အသက္ကို အဓိ႒ာန္နဲ႔ဆက္ထားလို႔သာ ရွင္ေနတာ၊ ငါကေသလူျဖစ္ေနၿပီကြ၊ ဒါေၾကာင့္ ဒီအေတာအတြင္းမွာ ဘုရားပ်ံတစ္ေယာက္ကို အျမန္လႊဲေျပာင္းေပးၿပီးေတာ့ ခုနစ္ရက္မျပည့္ခင္ ငေထရွင္ကိုတားမွျဖစ္လိမ့္မယ္၊ ေဟာဒီနံရံက ႐ုပ္ပုံေတြဆိုတာ ဘယ္ေတာ့မွ မမွားဖူးသလို ဘုရားပ်ံတစ္ေယာက္ရဲ႕ဆုံးျဖတ္ခ်က္က မွားတယ္ဆိုတာ မရွိဘူး၊ ငါေျပာတာကိုယုံစမ္းပါ သာဒင္၊ သုံးဆယ့္ရွစ္ေယာက္ေျမာက္ျဖစ္ရမယ့္ဘုရားပ်ံက မင္းမွမင္းအစစ္ပဲ”

ေနာက္ဆုံးေတာ့ ဦးဘသာလည္း ေခါင္းညိတ္လိုက္ေတာ့သဗ်ာ၊

“ကဲ ဒါဆိုရင္ ငါဘာဆက္လုပ္ရမလဲ”

“တို႔ဘုရားပ်ံဂိုဏ္းကိုတည္ေထာင္ထားတာ ေဟာဒီဓမၼပါလရေသ့ႀကီးပဲ သာဒင္ေရ၊ အရင္ဆုံး ရေသ့ႀကီးနဲ႔မင္းကိုေပးေတြ႕ရမယ္”

ဦးေအာင္ရွိန္က ေျပာဆိုၿပီးတာနဲ႔ေက်ာက္ဆင္းတုကေလးကို ကုန္းကန္ေတာ့တယ္ဗ်ာ။

“ဆရာရေသ့၊ ဘရေသ့ တပည့္တို႔ေရွ႕မွာ ကိုယ္ထင္ျပေတာ္မူပါ”

ဒီအခါ ေက်ာက္ဆင္းတုေလးေခါင္းေပၚမွာ အလင္းလုံးကေလးတစ္လုံးေပၚလာတယ္ဗ်၊ စစေပၚလာခါစတုန္းကေတာ့ ဇီးသီးေလာက္အ႐ြယ္ပဲဗ်ာ၊ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ႀကီးလာၿပီး ဥသွ်စ္သီးအ႐ြယ္၊ ဒီကေန ေဘာလုံးႀကီးတစ္လုံးအ႐ြယ္ျဖစ္သြားပါေရာဗ်ာ။

ဦးေအာင္ရွိန္က က်ဳပ္တို႔ဘက္ကိုလွည့္ၿပီး

“ေဟာဒါ ဘုရားပ်ံဂိုဏ္းရဲ႕တည္ေထာင္သူ ဓမၼပါလရေသ့ႀကီးပဲ၊ ငါကေတာ့ ဦးျဖဴစင္လို႔ေခၚတယ္”

က်ဳပ္နဲ႔ဦးဘသာလည္း အံ့ၾသသြားတယ္။

“မင္းက ဒီအလင္းလုံးႀကီးကို ဦးျဖဴစင္လို႔ေခၚတာလား ေအာင္ရွိန္”

“ဟုတ္တယ္ ဦးေအာင္ရွိန္၊ ဒီအလင္းလုံးႀကီးကို က်ဳပ္တို႔ေတြ႕ခဲ့ၿပီးၿပီဗ်”

ဦးေအာင္ရွိန္က ေတာ္ေတာ္ထူးဆန္းသြားတဲ့မ်က္ႏွာေပးနဲ႔ အလင္းလုံးႀကီးကိုၾကည့္လိုက္တယ္။

“ဦးျဖဴစင္၊ သူတို႔ေတြနဲ႔ ေတြ႕ၿပီးခဲ့ၿပီလား”

အလင္းလုံးႀကီးက ၾကည္လင္ျပတ္သားတဲ့အသံၾသႀကီးနဲ႔

“ေတြ႕ၿပီးၿပီ ေအာင္ရွိန္၊ ေတြ႕႐ုံတင္မကေသးဘူး သူတို႔အသက္ကို ငါကယ္တင္ထားလိုက္တာ၊ ဒီေကာင္ေတြကို ငေထရွင္ဝိညာဥ္ႏႈတ္တဲ့အခ်ိန္မွာ ငါက သူတို႔ဝိညာဥ္ကို ငါေနထိုင္တဲ့ဘုံကို ခနေခၚထားလိုက္တာပဲ”

“ဘရေသ့နဲ႔ေတြ႕ၿပီးၿပီဆိုေတာ့ က်ဳပ္အထူးေျပာစရာမရွိေတာ့ပါဘူးဗ်ာ”

“မဟုတ္ဘူးဦးေအာင္ရွိန္၊ က်ဳပ္တို႔ ဒီအလင္းလုံးႀကီး အဲေလ . . ဘရေသ့နဲ႔ေတြ႕ခဲ့တယ္ဆိုေပမယ့္ သူဘယ္သူလဲဆိုတာ က်ဳပ္တို႔လုံးဝမသိခဲ့ဘူး”

အလင္းလုံးႀကီးက တဟားဟားနဲ႔ရယ္ရင္း

“မင္းတို႔ႏွစ္ေယာက္ကို ငါကဘာျဖစ္လို႔ကယ္တင္ခဲ့တယ္ထင္သလဲကြ၊ တကယ္ေတာ့ ေဟာဒီကသာဒင္က ဘုရားပ်ံျဖစ္မယ္ဆိုတာ သိေနလို႔ငါကယ္တင္ခဲ့တာပဲ၊ ငါ့ကို ဘယ္သူမွလြယ္လြယ္နဲ႔ေတြ႕ခြင့္မရဘူး၊ ဘုရားပ်ံအျဖစ္ ျဖစ္မယ့္လူေတြပဲ ေတြ႕ခြင့္ရၾကတာကြ”

“ဟာ၊ ဒါ့ေၾကာင့္ကိုးဗ်”

“ဘုရားပ်ံျဖစ္မယ့္လူကို ကံၾကမၼာက ေ႐ြးခ်ယ္တဲ့ဆိုေပမယ့္ အဲဒီကံၾကမၼာကို ငါကပဲဖန္တီးေနခဲ့တာပဲ၊ ဒါေၾကာင့္ သာဒင္ေရ၊ မင္းဘုရားပ်ံျဖစ္ရမယ့္ကံကို ဘယ္ေတာ့မွ သံသယမျဖစ္စမ္းပါနဲ႔ကြာ”

ဒီအခါ အေမးအျမန္းထူတဲ့က်ဳပ္က ထေမးပါေရာဗ်ာ။

“ေနပါအုံး ဘရေသ့ရဲ႕၊ ဘုရားပ်ံဆိုတာဘာလဲ ငေထရွင္ဆိုတဲ့လူကေရာ ဘာလဲဗ်ာ”

“ဇာတ္ရည္လည္သြားေအာင္ အစအဆုံးရွင္းျပရေတာ့မကြာ၊ ဒီလိုကြ ငေထရွင္ဆိုတာ လူအစစ္မဟုတ္ဘူး၊ ဘီလူးပဲကြ၊ ဟိုးပုဂံေခတ္ အလယ္ေလာက္ကေပါ့ကြာ၊ ပုဂံျပည္က အခုပုဂံေနရာမဟုတ္ေသးဘူးကြ၊ တမၸဝတီလို႔ေခၚတဲ့ ျပည္ပဲရွိေသးတယ္၊ တမၸဝတီလို႔ကို မင္းငေခြးဆိုတဲ့ မင္းကအုပ္ခ်ဳပ္ေနတယ္ေပါ့ကြာ၊ ငေထရွင္ရဲ႕အေမက သူႂကြယ္တစ္ေယာက္ရဲ႕ကြၽန္ပဲကြ၊ တစ္ေန႔ေတာ့ ကြၽန္မကို ယာခင္းေစာင့္ခိုင္းထားရင္း ဘုမၼိယဘီလူးတစ္ေကာင္နဲ႔ သံဝါသျပဳၿပီး ေပါင္းသင္းမိပါေရာ၊ ဘီလူးက လုလင္အသြင္နဲ႔ေပါင္းသင္းခဲ့တာပဲျဖစ္မွာ၊ သုံးရက္သုံးညတိတိေပါင္းသင္းၿပီးတဲ့အခါ အဲဒီကြၽန္မမွာ ဘီလူးနဲ႔ရတဲ့ကိုယ္ဝန္က်န္ခဲ့တယ္၊ ဘီလူးဆိုေတာ့ လူေတြလိုကိုးလလြယ္ ဆယ္လဖြားမဟုတ္ဘဲနဲ႔ အခ်ိန္သုံးႏွစ္တိတိကိုယ္ဝန္ေဆာင္ခဲ့ရတယ္၊ ေနာက္ၿပီးေတာ့ သားကေလးတစ္ေယာက္ေမြးတယ္ဆိုပါေတာ့၊ စေနသားကေလးျဖစ္လို႔ သူ႔နာမည္ကို ငေထရွင္လို႔ေပးလိုက္တယ္”

“ဘရေသ့ေျပာတာ ဟုတ္ရဲ႕လားဗ်ာ၊ တုတ္ထိုးရာဇဝင္ေတြမ်ားလား”

“ေအာင္မာ၊ ငါကမင္းကို ဘာျဖစ္လို႔လိမ္ရမွာလဲကြ၊ သကၠရာဇ္တိတိက်က်ေျပာမယ္ဆိုရင္ သကၠရာဇ္၅၇ ခုနစ္မွာ ငေထရွင္ကိုေမြးခဲ့တာပဲေဟ့”

“ဟုတ္ပါၿပီ၊ ယုံပါၿပီ၊ ဆက္ေျပာပါအုံးဗ်ာ”

“ငေထရွင္က ဘီလူးနဲ႔ရတာျဖစ္တဲ့အတြက္ ခြန္အားအလြန္ႀကီးတယ္၊ သာမန္လူေတြထက္ကို အဆေပါင္းမ်ားစြာသန္စြမ္းတယ္၊ သူ႔အေမ ကြၽန္မႀကီးအလုပ္အေကြၽးျပဳတဲ့ သူႂကြယ္ဆီမွာပဲ ကြၽန္ငယ္အျဖစ္အလုပ္အေကြၽးျပဳေနတယ္ကြ၊ သူက သန္စြမ္းတဲ့လူဆိုေတာ့ သူ႔ကို သူႂကြယ္က ျမင္းေတြထိန္းခိုင္းတယ္၊ ဒီလိုနဲ႔ ငေထရွင္အသက္ဆယ့္ေျခာက္ႏွစ္ေရာက္တဲ့အခါမွာ ျမင္းေက်ာင္းသြားရင္း သူ႔အေဖရွိတဲ့ ယာခင္းအျပင္စားက်က္ကိုေရာက္သြားတယ္၊ ဒီမွာ အေဖျဖစ္သူက လူေယာက္်ားလာတယ္ဆိုၿပီး ဖမ္းစားဖို႔အလုပ္မွာ သူ႔သားျဖစ္ေနတာကိုသြားေတြ႕လိုက္တယ္၊ သူ႔သားနိမ့္က်တဲ့ကြၽန္ျဖစ္ေနတာကို မျမင္လိုတာနဲ႔ ဘုရင္ျဖစ္ေအာင္လုပ္ေပးမယ္ဆိုၿပီး သားေတာ္ငေထရွင္ကို ေယာက္်ားေတြတတ္အပ္တဲ့အတတ္ပညာေတြသင္ေပးတယ္၊ ဒါေတြတင္မကဘူး ဘီလူးေတြတပ္အပ္တဲ့ အစြမ္းတန္ခိုးေတြကိုလည္း သင္ၾကားေပးလိုက္ေသးတယ္”

“ဒါနဲ႔ ငေထရွင္က ဘုရင္ျဖစ္ေရာလားဗ်”

“ဘုရင္ေတာ့ တန္းမျဖစ္ေသးဘူးကြ၊ အသက္ဆယ့္ရွစ္ႏွစ္ေရာက္တဲ့အခါ ဘုရင္ျဖစ္ေအာင္ႀကံစည္မယ္ဆိုၿပီးေတာ့ အစီအစဥ္လုပ္တယ္၊ ဒီအစီအစဥ္ကို ဦးေဆာင္တဲ့လူကေတာ့သူ႔အေဖ ဘီလူးႀကီးပဲေဟ့၊ ဘီလူးႀကီးနာမည္က ယဘူေတတဲ့ကြ၊ ဘီလူးမ်ိဳးအမ်ားႀကီးရွိတဲ့အထဲက သူတို႔အမ်ိဳးကို ေျမဖုတ္ဘီလူးေတြလို႔ေခၚၾကတယ္၊ ေျမတစ္ခုမွာ ေပ်ာ္ျမဴးေနထိုင္ၾကတဲ့ ဘီလူးေတြေပါ့ကြာ၊ သူ႔အေဖဘီလူးႀကီး ယဘူေတက ရွစ္က်ိပ္ေသာေျမဖုတ္ဘီလူးေတြရဲ႕ အႀကီးအကဲဆိုပဲကြ”

“ဒါနဲ႔ သူ႔သားကိုေခၚၿပီးေတာ့ သူကိုယ္တိုင္က သိဂၤသျမင္းအျဖစ္ ဖန္ဆင္းလိုက္တယ္၊ သိဂၤသျမင္းဆိုတာက ေခါင္းမွာဦးခ်ိဳပါၿပီးေတာ့ အလြန္လွ်င္ျမန္တဲ့ျမင္းပ်ံေပါ့ကြာ၊ ဒီျမင္းက ရတနာထိုက္တဲ့ျမင္းကြ၊ အဲဒီျမင္းကို ငေထရွင္က စီးၿပီးေတာ့ တမၸဝတီျပည္ကိုသြားတယ္၊ မင္းျဖစ္ေနတဲ့ မင္းငေခြးကို ဒီရတနာျမင္းဆက္သလိုက္ေတာ့ မင္းငေခြးက အားရေတာ္မူၿပီး ျမင္းကိုလည္းသိမ္းလိုက္တယ္၊ ငေထရွင္ကိုေတာ့ ျမင္းေဇာင္းကိုႀကီးၾကပ္ရတဲ့ ျမင္းခံအျဖစ္ခန႔္လိုက္တယ္”

“အကြက္ကေတာ့ ေစ့တယ္ဗ်ာ”

“ဒီျမင္းကို ငေထရွင္ကလြဲလို႔ ဘယ္သူမွစီးမရဘူး၊ ျမင္းက ႐ိုင္းေနတယ္၊ ဒါေၾကာင့္ ငေထရွင္က ျမင္းကိုယဥ္ေအာင္ထိန္းေခ်ာ့တာကို မင္းငေခြးက အၿမဲလာၾကည့္တတ္တယ္၊ ဒီလိုနဲ႔ ဘုရင္နဲ႔ေတာ္ေတာ္ရင္းႏွီးသြားေတာ့တယ္၊ ဘုရင္ရဲ႕မိဖုရားတစ္ဦးကလည္း ငေထရွင္နဲ႔ေဖာက္ျပားမိၿပီးေတာ့ ငေထရွင္ထီးနန္းရဖို႔ သူကူညီမယ္ဆိုၿပီးေတာ့ ေျပာေရာေဟ့”

“ဟာ၊ အတြင္းလူပါတယ္ဆိုေတာ့ ၿပီးၿပီေပါ့ဗ်ာ”

“ေအးေပါ့ကြာ၊ ဒီလိုနဲ႔ သုံးႏွစ္သုံးမိုးတိတိ မင္းငေခြးကိုအယုံသြင္းၿပီးတဲ့အခ်ိန္မွာ သိဂၤသျမင္းက ယဥ္ပါးသြားၿပီျဖစ္လို႔ မင္းေျမာက္တန္ဆာငါးပါးဝတ္ၿပီး စီးနင္းႏိုင္ၿပီလို႔ မင္းငေခြးကိုေလွ်ာက္တင္တယ္၊ မင္းငေခြးကလည္း အားရတာနဲ႔ မင္းေျမာက္တန္ဆာငါးပါးဝတ္ၿပီး ျမင္းကိုစီးပါေရာေဟ့၊ ဒီအခါ ျမင္းက မင္းငေခြးကိုေခၚၿပီး နန္းေတာ္အျပင္ဘက္ေရာက္ေအာင္ ေက်ာ္ၿပီးေျပးပါေရာ၊ ျမင္းကလည္း ျမင္းအစစ္မွမဟုတ္တာကြာ၊ ငေထရွင္ကလည္း ျမင္းေနာက္လိုက္တယ္ဆိုၿပီး အေနာက္ကေနလိုက္သြားသတဲ့၊ ေျမဖုတ္ဘီလူးေတြရွိတဲ့ေနရာေရာက္ေတာ့ ငေထရွင္က မင္းငေခြးကို အစိမ္းလိုက္ကိုက္ျဖတ္စားေသာက္ၿပီးေတာ့ မင္းေျမာက္တန္ဆာငါးပါးဝတ္ၿပီး ရတနာျမင္းစီးလို႔ နန္းေတာ္ကိုျပန္လာပါေရာကြာ၊ သူ႔အေဖ ယဘူေတကလည္း သူ႔ေနာက္လိုက္ေနာက္ပါ ေျမဖုတ္ဘီလူးေတြကို ျမင္းအျဖစ္ေယာင္ေဆာင္ေစၿပီးေခၚလာခဲ့ပါေရာ၊ ဒီလိုနဲ႔ ညေနေနဝင္ရီတေရာေလာက္အခ်ိန္မွာ ငေထရွင္က နန္းေတာ္ထဲကို ဘုရင္အသြင္နဲ႔ တစ္ခါတည္း ဝင္ခ်သြားေတာ့တာပဲေဟ့”

“ေတာ္ေတာ္ရဲတဲ့လူဗ်ာ”

“နန္းေတာ္ထဲကလူေတြက မင္းငေခြးပဲထင္တာေပါ့၊ ဒါေပမယ့္ မိဖုရားေခါင္ႀကီးက မင္းငေခြးမဟုတ္မွန္းသိတယ္၊ ဒီအခါ ငေထရွင္က မင္းငေခြးကို သတ္ပစ္ၿပီး တမၸဝတီထီးနန္းကို သိမ္းပိုက္တယ္လို႔ေၾကျငာလိုက္ပါေရာ၊ ဒီမွာ မခံမရပ္ႏိုင္ျဖစ္တဲ့ မင္းခ်င္းေတြက ငေထရွင္ကိုတိုက္ခိုက္ၾကပါေရာ၊ ဘီလူးေတြဆီက အတတ္ပညာေတြကိုတတ္တဲ့ ငေထရွင္ကို ဘယ္တိုက္ခိုက္ႏိုင္ပါ့မလဲ၊ ငေထရွင္က ဒီလူေတြကိုသတ္ျဖတ္ၿပီး သူနဲ႔မပူးေပါင္းတဲ့ မူးမတ္ေတြအကုန္လုံးကို သတ္ပစ္မယ္လို႔ၿခိမ္းေျခာက္ၿပီးေတာ့ မိဖုရားေခါင္ႀကီးကို အစိမ္းလိုက္ဝါးစားျပန္သတဲ့၊ မူးမတ္ေတြလည္းေၾကာက္တာနဲ႔ ငေထရွင္ကိုမင္းေျမႇာက္လိုက္ရပါေရာေဟ့၊ မေျမႇာက္လို႔လည္းမရဘူးေလ၊ နန္းေတာ္အျပင္မွာ ဘီလူးရွစ္က်ိပ္ကလည္း အသင့္ေစာင့္ၿပီးဝိုင္းထားၿပီကိုး မင္းမျဖစ္ခင္က ျမင္းထိန္းလုပ္ၿပီး ျမင္းစာေကြၽးခဲ့ရလို႔ သူ႔ကိုလူေတြက ျမင္းေကြၽးမင္းလို႔ေခၚၾကတယ္ဆိုပါေတာ့”

“နန္းသိမ္းတာလည္း ပိုင္လိုက္တာဗ်ာ၊ သူတို႔က် ဘုရင္ျဖစ္တာ တယ္လြယ္တာကိုးေနာ္၊ ခပ္တည္တည္နဲ႔ပုလႅင္ေပၚတက္ထိုင္ပစ္လိုက္တာပဲဗ်ာ”

“မၿပီးေသးဘူးကြ၊ ဇာတ္လမ္းက အခုမွစတာ၊ ငေထရွင္ဘုရင္ျဖစ္ေတာ့ ဘီလူးေတြကို လူေတြနဲ႔အတူတူေနထိုင္ခြင့္ေပးလိုက္သကြာ၊ အဲဒီမွာအနယ္နယ္အရပ္ရပ္က ဘီလူးေတြ တမၸဝတီကိုေရာက္လာၿပီး ရပ္႐ြာတည္ေဆာက္ၿပီးေနၾကပါေရာ၊ ငေထရွင္ရဲ႕လက္႐ုံးတပ္ေတြမွာလည္း ဘီလူးေတြခ်ည္းခန႔္ထားသတဲ့၊ ဒါနဲ႔ ေဝသာလီျပည္ကိုဘီလူးက်သလို တမၸဝတီျပည္ႀကီးလည္း ဘီလူးက်ပါေလေရာကြာ၊ ပိုဆိုးသြားတာက ငသန္ပ်င္ဆိုတဲ့ ေအာက္လမ္းမိစာၦေကာင္ႀကီးကို ပုေရာဟိတ္ခန႔္မိတာပဲ”

“ငသန္ပ်င္ဆိုရင္ အရိပ္ဘုရင္ ငသန္ပ်င္ဆိုတာမ်ားလား၊ အဲဒါက ေဟာဒီက ဦးဘသာကိုယ္ထဲေရာက္ေနၿပီေလဗ်ာ”

“ငေထရွင္ဘုရင္ျဖစ္ေတာ့ ဘီလူးကိုးကြယ္မႈစတင္လာတယ္၊ လူေတြကိုလည္း စိတ္ႀကိဳက္ဖမ္းဆီစားေသာက္လာခဲ့တယ္၊ ငေထရွင္ကိုယ္တိုင္လဲ ဘီလူးႀကီးတစ္ေကာင္ျဖစ္မွန္းမသိျဖစ္လာခဲ့တယ္၊ အဲဒီအခ်ိန္မွာ သူက သူ႔အေဖ ယဘူေတရဲ႕ သန္လ်က္ပဲ၊ သူစြမ္းတယ္ဆိုတာ သူ႔အေဖရဲ႕တစ္ဝက္ေတာင္မရွိဘူးမဟုတ္လား၊ သူ႔အေဖကလည္း သန္လ်က္အစြမ္းနဲ႔ ဘီလူးေတြကိုအုပ္ခ်ဳပ္ေနတယ္ဆိုေတာ့ အဲဒီသန္လ်က္ကိုရလိုေဇာနဲ႔အေဖအရင္းျဖစ္သူကို ဥပါယ္တံမ်ဥ္နဲ႔ လုပ္ႀကံသတ္ျဖတ္ၿပီး သံလ်က္ရခဲ့တာပဲ”

“ဟုတ္ၿပီဗ်ာ၊ က်ဳပ္သေဘာေပါက္ၿပီ၊ ဒါဆို ေ႐ႊဆံေတာ္ဘုရား ငွက္ေပ်ာဖူးက က်ဳပ္ယူေပးခဲ့တဲ့သန္လ်က္က လက္စသတ္ေတာ့ ယဘူေတရဲ႕သန္လ်က္၊ သူ႔အေဖရဲ႕သန္လ်က္ေပါ့”

“ဒါေပါ့ကြာ၊ ဖေအအရင္းကိုျပန္သတ္ၿပီး ဆိုးခ်င္တိုင္းဆိုးေနတဲ့ ငေထရွင္ေၾကာင့္ လူေတြအေတာ္ေဘးဒုကၡေရာက္ကုန္ၾကတယ္၊ ဒါေၾကာင့္မို႔လို႔ နတ္သိၾကားေတြက ငေထရွင္ကိုႏွိပ္ကြပ္ဖို႔အတြက္ ငါ့ကိုတာဝန္ေပးအပ္ခဲ့တယ္၊ ငါက ေဝဘူလေတာင္မွာ တစ္ပါးတည္းက်င့္စဥ္က်င့္ေနတဲ့ ပါလရေသ့ႀကီးပဲ၊ ေဟာဒီမင္းကိုင္ထားတဲ့ ကသစ္ျဖဴသားေတာင္ေဝွးရယ္၊ သကၤန္းနက္သား ပုတီးနဲ႔ သံရွင္ဓါတ္လုံးကိုေပးသနားခဲ့တာေပါ့၊ ငါဒီလက္နက္သုံးမ်ိဳးအစြမ္းနဲ႔ တမၸဝတီျပည္က ငေထရွင္ကိုတိုက္ခိုက္ဖို႔လုပ္ရပါေရာ၊ ခက္တာက ငေထရွင္ကို ငါတစ္ေယာက္တည္းဆိုရင္ မႏိုင္ဘူးေလ၊ ဒီအတြက္ လူရွာၾကည့္ေတာ့၊ အဖကိုျပန္သတ္ၿပီး လုပ္ခ်င္တိုင္းလုပ္ေနတဲ့ငေထရွင္ကို စက္ဆုပ္႐ြံရွာေနတဲ့လူတစ္ေယာက္ကိုေတြ႕လိုက္ရသကြ၊ အဲဒီလူကေတာ့ တျခားသူမဟုတ္ဘူး၊ ငေထရွင္ရဲ႕ ပုေရာဟိတ္ႀကီး ငသန္ပ်င္ပဲ”

“ဟာဗ်ာ၊ ဒါဆို ငသန္ပ်င္နဲ႔ဘရေသ့နဲ႔က မဟာမိတ္ေတြေပါ့”

“ဟုတ္တယ္၊ ငသန္ပ်င္ရဲ႕အကူအညီနဲ႔ ငါၿမိဳ႕တြင္းကိုထြင္းေဖာက္ဝင္ႏိုင္ခဲ့တယ္၊ ၿမိဳ႕အတြင္းကိုဝင္ၿပီးေတာ့ ဘီလူး၊ သရဲ၊ သဘက္၊ စုန္း၊ ကေဝေပါင္း ကိုးေထာင္ေက်ာ္ကို သုတ္သင္ႏိုင္ခဲ့တယ္၊ ဒါေပမယ့္ ငါနန္းတြင္းထဲဝင္သြားခ်ိန္မွာေတာ့ ငေထရွင္က ငသန္ပ်င္ကိုသတ္ျဖတ္ခဲ့ၿပီးၿပီ”

“ဒါဆိုရင္ ဘရေသ့က ငေထရွင္ကို မသတ္ႏိုင္ခဲ့ဘူးေပါ့”

“ငေထရွင္ရဲ႕႐ုပ္ခႏၶာကို သတ္ျဖတ္ႏိုင္ေပမယ့္ သူ႔ရဲ႕စိတ္ဝိညာဥ္ကေတာ့လြတ္ေျမာက္သြားခဲ့တယ္၊ ၿပီးေတာ့ ဘုမၼိယဘီလူးျဖစ္တဲ့အတြက္ ေျမေအာက္မွာ ပုန္းခိုေနႏိုင္ခဲ့တယ္၊ ငေထရွင္ျပန္လာမယ္မွန္းသိတဲ့အတြက္ ငေထရွင္ကိုဆက္လက္သုတ္သင္ႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္၊ ဒီအတြက္ ဘုရားပ်ံဂိုဏ္းကိုတည္ေထာင္ခဲ့ၿပီး ငေထရွင္ကို ေခတ္အဆက္ဆက္လိုက္လံေျခမႈန္းဖို႔ တာဝန္ေပးခဲ့တာပဲ”

“ဘရေသ့ေတာင္ ငေထရွင္ကို မသတ္ႏိုင္တာ ဦးဘသာက ႏိုင္ပါ့မလားဗ်”

“ႏိုင္ႏိုင္တယ္ကြ၊ အရင္က ငေထရွင္ရဲ႕ေနာက္ေၾကာင္းကို ငါမသိခဲ့ဘူး၊ ငေထရွင္က ဘဝတစ္ခုမွာ ပေစၥကဗုဒၶါတစ္ပါးကို ဆြမ္းလႉခဲ့ဖူးတယ္၊ အဲဒီဘဝက သူက စစ္သူႀကီးတစ္ပါးေပါ့၊ ဆြမ္းလႉၿပီးေတာင္းတဲ့ဆုကေတာ့ ျဖစ္ေလရာဘဝမွာ သူ႔ကိုဘယ္ေယာက္်ားမွ သတ္ျဖတ္လို႔မရပါေစနဲ႔ဆိုၿပီးေတာင္းခဲ့တာ၊ စစ္တိုက္တယ္ဆိုတာကလည္း ေယာက္်ားေတြခ်ည္းတိုက္တာမဟုတ္လားကြာ၊ အဲဒီဆုေတာင္းေၾကာင့္ ျဖစ္ေလရာဘ၀ သူ႔ကိုေယာက္်ားေတြက သတ္ျဖတ္လို႔မရခဲ့တာပဲ”

“ဒါဆိုရင္ ဒီတစ္ခါ တကယ္ႏိုင္ၿပီေပါ့ေနာ္”

“ေသခ်ာတာကေတာ့ သာဒင္က မိန္းမျဖစ္ေနၿပီ၊ ငသန္ပ်င္လည္း သူ႔ကိုယ္ထဲမွာရွိေနၿပီ၊ သာဒင္သာ ဘုရားပ်ံျဖစ္ဖို႔ပဲလိုေတာ့တာ၊ ဒီပြဲက ငါတို႔ရဲ႕ေနာက္ဆုံးတိုက္ပြဲပဲ အလတ္ေကာင္”

“က်ဳပ္တို႔တိုက္ရင္း ဟိုတစ္ခါလိုထြက္ေျပးသြားရင္ ဘယ့္ႏွယ့္လုပ္မလဲဗ်ာ”

“အဲဒါကို ငသန္ပ်င္က ၾကည့္ရွင္းပါလိမ့္မယ္၊ ငသန္ပ်င္ကိုသာ ငေထရွင္က အရင္မသတ္ခဲ့ဘူးဆိုရင္ တမၸဝတီမွာကတည္းက ငေထရွင္အသက္ဆုံးခဲ့ၿပီေပါ့”

ဦးဘသာက ဒီေတာ့မွေခါင္းညိတ္တယ္။

“ေကာင္းၿပီဗ်ာ၊ ဒီေလာက္ဆိုးသြမ္းတဲ့ငေထရွင္ကို ႏွိမ္နင္းဖို႔အတြက္ က်ဳပ္ဘုရားအျဖစ္ခံယူပါ့မယ္”

“ေသခ်ာရဲ႕လား သာဒင္”

“ေသခ်ာပါတယ္”

“ဘုရားပ်ံထဲဝင္ၿပီးသြားေတာ့မွ ေနာက္ျပန္လွည့္လို႔မရဘူးေနာ္”

“စိတ္ခ်စမ္းပါဗ်ာ”

ဒီအခါ ဦးေအာင္ရွိန္က ဦးဘသာကို ဒူးေထာက္ထိုင္ခိုင္းလိုက္ၿပီးေတာ့

“ဘုရားပ်ံရေသ့ႀကီး ဓမၼပါလကို ေလွ်ာက္ထားအပ္ပါသည္ရေသ့ႀကီး၊ ဘုရားပ်ံဂိုဏ္းရဲ႕ ထုံးစံအရ၊ ဘုရားပ်ံတစ္ေယာက္မွ တစ္ေယာက္သို႔လႊဲေျပာင္းေပးအပ္ပါေတာ့မည္။ ယခုသာဒင္အမည္ရ ေသာၾကာသားဟာ ဘုရားပ်ံမ်ားရဲ႕လမ္းစဥ္ကိုလိုက္နာၿပီး ဘုရားပ်ံဂိုဏ္းအတြင္းသို႔ ဝင္ေရာက္လိုက္သည့္ စိတ္ဆႏၵႏွင့္အညီ အကြၽႏု္ပ္ကလည္း သာဒင္အား ဘုရားပ်ံဂိုဏ္းအတြင္းသို႔ သြပ္သြင္းေစလိုပါသျဖင့္ ရေသ့ႀကီးအေနနဲ႔ သာဒင္အား ဘုရားပ်ံတစ္ေယာက္အျဖစ္ လက္ခံေပးပါရေသ့ႀကီးခင္ဗ်ား”

ဦးေအာင္ရွိန္က ေျပာဆိုၿပီးေတာ့ ဦးဘသာကို ကန္ေတာ့ခိုင္းလိုက္တယ္ဗ်ာ၊ ဦးဘသာက သုံးႀကိမ္သုံးခါ ကန္ေတာ့ၿပီးတဲ့အခ်ိန္မွာ

“ကဲ ဒုတိယအဆင့္ကေတာ့ ေဟာဟိုမွာထိုင္ေနတဲ့ ဘုရားပ်ံႀကီးေတြဆီကေန ပညာေတြေတာင္းယူရမယ္ သာဒင္၊ ဘုရားပ်ံႀကီးေတြ တစ္ေယာက္ခ်င္းစီေရွ႕မွာထိုင္ခ်ၿပီးေတာ့ ပညာေတာင္းေပေတာ့၊ မင္းနဲ႔ကံစပ္တဲ့လူက မင္းကိုပညာေပးလိမ့္မယ္”

ဦးဘသာက တန္းစီထိုင္ေနတဲ့လူႀကီးတစ္ေယာက္ရဲ႕အေရွ႕မွာ ထိုင္ခ်လိုက္တယ္ဗ်။

“ဆရာႀကီးခင္ဗ်၊ ဆရာႀကီးတတ္ကြၽမ္းထားတဲ့ ပညာအစြမ္းေတြ ကြၽန္ေတာ့္ကိုေပးေတာ္မူပါ”

ဦးဘသာေျပာလိုက္တာနဲ႔ ထိုင္ေနတဲ့လူႀကီးက မ်က္ေတာင္ပြင့္သြားၿပီးေတာ့ ဦးဘသာကိုစိုက္ၾကည့္တယ္ဗ်၊ စိုက္ၾကည့္ေနရင္း သူ႔မ်က္လုံးကေန ေ႐ႊေရာင္ေငြေရာင္အမွ်င္တန္းကေလးေတြက ဦးဘသာမ်က္လုံးထဲကိုတိုးဝင္သြားပါေရာဗ်ာ၊ တစ္ခ်ိန္တည္းမွာပဲ က်န္တဲ့ဘုရားပ်ံႀကီးေတြအကုန္လုံး ေခါင္းေတြေစာင္းလာၾကၿပီး ဦးဘသာကိုစိုက္ၾကည့္တယ္၊ သူတို႔အားလုံးရဲ႕ကိုယ္ထဲကေနလည္း ေ႐ႊေရာင္ေငြေရာင္ေတြထြက္လာကုန္ၾကပါေရာ၊ ဘုရားပ်ံျဖစ္ခဲ့တဲ့ ဦးေအာင္ရွိန္ေတာင္မွ ေတာ္ေတာ္အံ့ၾသလို႔ရယ္ဗ်။

“ဟာ၊ ပညာေတြ၊ ပညာေတြ၊ ဘုရားပ်ံႀကီးေတြဆီက ပညာေတြအကုန္ မင္းရခဲ့တာပဲသာဒင္ေရ”

ဦးဘသာက မတ္တပ္ထရပ္လိုက္ေတာ့ ဦးေအာင္ရွိန္က သူ႔လည္ပင္းမွာ ဆြဲထားတဲ့ပုတီးကုံးကိုျဖဳတ္ေပးတယ္။

“ေဟာဒါ သကၤန္းနက္နဲ႔လုပ္ထားတဲ့ပုတီးပဲ၊ ဘုရားပ်ံေတြအတြက္ေတာ့ အကာအကြယ္လုံၿခဳံေရးအျဖစ္နဲ႔ အသုံးျပဳႏိုင္တယ္၊ အဆင့္နိမ့္တဲ့ စုန္းတိုက္၊ ကေဝတိုက္၊ ပေယာဂမ်ိဳးဆိုရင္ ဒီပုတီးဆြဲထားတာနဲ႔တင္ ကာကြယ္ၿပီးျဖစ္တယ္”

ေနာက္ေတာ့ သူ႔လက္မွာစြပ္ထားတဲ့ လက္စြပ္ကေလးကိုခြၽတ္ၿပီး ဦးဘသာလက္ညႇိဳးမွာဝတ္ေပးလိုက္တယ္၊ လက္စြပ္ကေလးရဲ႕အလယ္မွာေတာ့ ခဲေရာင္အလုံးကေလးတစ္လုံးပါသဗ်။

“ဒါကေတာ့ နတ္မင္းႀကီးေတြရဲ႕ ဓါတ္ေပါင္းဖိုကေနထြက္တဲ့ သံရွင္ဓါတ္လုံးပဲ၊ မင္းအလိုရွိရာ အသုံးျပဳႏိုင္တယ္”

ေနာက္ဆုံးေတာ့ က်ဳပ္လက္ထဲကိုင္ထားတဲ့ ေတာင္ေဝွးကိုလွမ္းေတာင္းၿပီး ဦးဘသာကိုေပးလိုက္တယ္။

“ဒီေတာင္ေဝွးကေတာ့ နတ္ျပည္က ကသစ္ျဖဴသားနဲ႔လုပ္ထားတယ္လို႔ေျပာတယ္ကြ၊ လိုရာသုံးေပါ့ကြာ”

ဦးဘသာကို ဦးေအာင္ရွိန္က လက္နက္ေတြတပ္ဆင္ေပးလိုက္ၿပီဗ်၊ အလင္းလုံးႀကီးက နိမ့္ခ်ည္ျမင့္ခ်ည္လုပ္ရင္း

“ငေထရွင္ေသဖို႔အတြက္ဆိုရင္ ၾကာသပေတးၾကယ္က လကိုေဖာက္ထြင္းဝင္ေရာက္ရလိမ့္မယ္”

“အဲဒါဘယ္အခ်ိန္လဲ”

“မနက္ျဖန္ည သန္းေခါင္ေက်ာ္အခ်ိန္မွာ လကိုၾကာသပေတးၾကယ္က ထိုးေဖာက္လိမ့္မယ္”

“ဒါဆို က်ဳပ္တို႔မနက္ျဖန္ပဲ ငေထရွင္ကို အၿပီးတိုင္အဆုံးသတ္ေပးရမွာေပါ့”

“ေျပာတာကေတာ့ လြယ္တယ္ဗ်၊ ဒါေပမယ့္ ငေထရွင္ကေရာ ဒါကိုမသိဘဲေနမလား”

“ငေထရွင္က သူ႔အိမ္ထဲၾကာၾကာမပုန္းႏိုင္ပါဘူးကြာ၊ လကိုၾကယ္ခြင္းတယ္ဆိုတာ သူ႔ရဲ႕ေသခ်ိန္ဆိုတာ သူလည္းသိထားၿပီးသားပါ၊ အဲဒီေသခ်ိန္မွာပဲ သူက ရွင္သန္ထေျမာက္လာလိမ့္မယ္”

“ဘယ္လိုရွင္သန္မွာလဲ ဘရေသ့”

“ျပည္လမ္းနံေဘးမွာ ခ်ပ္သင္းေတာဆိုတာရွိတယ္၊ အဲဒီေတာႀကီးထဲမွာ ေတာင္ကုန္းတစ္လုံးရွိတယ္၊ အဲဒီေတာင္ကုန္းေအာက္မွာ ဘီလူးသိုက္ရွိတယ္၊ ဘီလူးသိုက္ေတာင္မွ သူ႔အေဖ ယဘူေတလိုမ်ိဳး ေျမဖုတ္ဘီလူးေတြေနတဲ့ ဘီလူးသိုက္ကြ၊ အဲဒီသိုက္ကို သူရထားတဲ့ ဘုရားစိန္ဖူးေတာ္စိန္သြားနဲ႔ ေဖာက္လိမ့္မယ္၊ ေျမဖုတ္ဘီလူးေတြကို ထိန္းေၾကာင္းဖို႔အတြက္ သူ႔မွာ သန္လ်က္လည္းရွိေနၿပီမဟုတ္လား၊ အဲဒီဘီလူးသိုက္ထဲမွာ ဘီလူးမင္းသားတစ္ပါးရဲ႕႐ုပ္အေလာင္းရွိတယ္၊ ငေထရွင္က အဲဒီ႐ုပ္အေလာင္းထဲဝင္ၿပီး ေျမဖုတ္ဘီလူးေတြကို ဦးေဆာင္ၿပီး ဘီလူးတစ္ေခတ္ျပန္ဆန္းသစ္ေစလိမ့္မယ္”

“ဒီေလာက္သိေနတာမ်ားဘရေသ့ရယ္၊ ဘရေသ့ကိုယ္တိုင္ဆင္းလာၿပီးေတာ့ ငေထရွင္နဲ႔တိုက္ပါေတာ့လား”

“မရလို႔ေပါ့ကြာ၊ ကာမ၊ ႐ူပ၊ အ႐ူပဆိုတဲ့ ဘုံသုံးမ်ိဳးရွိတဲ့အထဲမွာ အခုငါေရာက္ေနတဲ့ဘုံက အ႐ူပဘုံလို႔ေခၚတဲ့ ႐ုပ္ခႏၶာမရွိတဲ့ဘုံကြ၊ ႐ုပ္ခႏၶာမရွိမွေတာ့ ငေထရွင္ကို ငါဘယ္လိုလုပ္ၿပီးေတာ့ တိုက္လို႔ရမွာလဲ၊ ဒါေၾကာင့္ ငါက ဘုရားပ်ံလမ္းစဥ္ကို ထြင္ခဲ့တာေပါ့ကြာ”

ဦးဘသာက က်ဳပ္ကိုလက္ကုပ္ၿပီးေတာ့ ေနာက္ဆုတ္ခိုင္းလိုက္တယ္။

“ဒါဆို က်ဳပ္တို႔မနက္ျဖန္ည ငေထရွင္ဆီကိုသြားမယ္၊ ၿပီးေတာ့ သူသိုက္မေဖာက္ခင္မွာ သူ႔ကိုတားၾကရမယ္”

က်ဳပ္ေရာ ဦးေအာင္ရွိန္ေရာ ေခါင္းညိတ္လိုက္တယ္၊ အလင္းလုံးႀကီးက နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ၿပီးေတာ့ ေပ်ာက္ကြယ္သြားေတာ့တာပါပဲဗ်ာ။

“ကဲ က်ဳပ္တို႔ျပန္ၾကမယ္”

ဦးေအာင္ရွိန္ကေျပာၿပီး ေၾကးစည္ဝိုင္းကေလးထုတ္ကိုင္လိုက္တယ္။

“သာဒင္၊ ခင္ဗ်ားသြားခ်င္တဲ့ေနရာကို အာ႐ုံျပဳစမ္းဗ်ာ”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္အာ႐ုံျပဳရင္း ေနာင္ေဝေ၀လို႔ေအာ္လိုက္တယ္ဆိုရင္ပဲ က်ဳပ္တို႔သုံးေယာက္စလုံး ေျမေအာက္ကိုတစ္ရွိန္ထိုး က်သြားပါေလေရာဗ်ာ။

(၂)

အျပင္ေရာက္ေတာ့ မိုးေတာင္လင္းေနၿပီဗ်၊ က်ဳပ္တို႔ေရာက္သြားတဲ့ေနရာက အိမ္တစ္လုံးဗ်၊ အိမ္ထဲမွာလည္း လူေတြစည္လို႔၊ ဒါနဲ႔ဆက္ေလွ်ာက္လာခဲ့ေတာ့ ဘသိုက္တို႔အိမ္ျဖစ္ေနသဗ်ာ၊ အိမ္ေရွ႕မွာ ဘသိုက္အေလာင္းကိုျပင္ၿပီးေစာင္ေတြၿခဳံေပးထားၾကတယ္၊ ေဘးနားမွာလည္း ဘသိုက္တို႔မိသားစုေတြက ငိုယိုလို႔ေပါ့ဗ်ာ။

အနားမွာ ကေဝရွင္ဘေသာင္းကိုလည္းေတြ႕လိုက္ရတယ္၊ ဘေသာင္းကို က်ဳပ္တို႔ကို တအံ့တၾသနဲ႔ၾကည့္ရင္း

“ခင္ဗ်ားတို႔ ဘယ္ေရာက္သြားၾကတာလဲဗ်ာ”

ဦးေအာင္ရွိန္က ဘာမွမေျပာဘဲ

“ဘသိုက္ဆုံးသြားတာလား”

ဘေသာင္းက ေခါင္းကိုအသာညိတ္ျပတယ္ဗ်။ ဦးဘသာက သက္ျပင္းရွည္ႀကီးတစ္ခ်က္ခ်ၿပီးေတာ့

“အဲဒါေတြအားလုံးက ငါ့ေၾကာင့္ပါကြာ”

“မဆိုင္ပါဘူး သာဒင္ရာ၊ ဒါေတြက ငေထရွင္ေၾကာင့္ပါကြ၊ ဘသိုက္အခုလိုေသရတာ ငေထရွင္သတ္တာ၊ သူ႔ရဲ႕အသက္ေသဆုံးမႈကို အလဟႆမျဖစ္ေစနဲ႔ကြ၊ ငါတို႔ငေထရွင္ကိုျပန္ႏွိမ္နင္းၿပီး ဘသိုက္အတြက္ လက္စားျပန္ေခ်ရမယ္”

ေန႔လည္ေလာက္ေရာက္ေတာ့ ဘသိုက္အေလာင္းကိုေျမခ်ပါေရာဗ်ာ၊ ဘသိုက္က ေသသာေသတယ္မ်က္ႏွာက ၿပဳံးၿပဳံးေလးဗ်၊ က်ဳပ္တို႔လည္း သူ႔ရဲ႕ေနာက္ဆုံးခရီးကိုလိုက္ပို႔ၾကတာေပါ့ဗ်ာ၊ အေရွ႕က ေၾကးစည္ႀကီးတေနာင္ေနာင္ထုၿပီးအေနာက္က လိုက္ပို႔ၾကတယ္၊ ဘသိုက္က မ်က္ႏွာမြဲဆိုေတာ့ လိုက္ပို႔တဲ့လူေတာင္ သိပ္မရွိပါဘူးဗ်ာ၊ သူ႔မိသားစုေလာက္ပဲပါတာပါ၊ နာရီဝက္ေလာက္ လမ္းေလွ်ာက္ၿပီးတဲ့အခါ က်ဳပ္တို႔ သုႆန္တစ္ခုစီကိုေရာက္လာခဲ့ၾကတယ္၊ ဆင္းရဲသားသုႆန္ဆိုေတာ့ ဂူေတာင္ရွားတယ္ဗ်ာ၊ အကုန္လုံးက ေျမက်င္းေတြခ်ည္းပါပဲ၊ ဘသိုက္အေလာင္းကို ျမႇဳပ္ႏွံၿပီးတဲ့အခ်ိန္မွာပဲ ေကာင္းကင္မွာ တဝီဝီတေဝါေဝါနဲ႔အသံေတြၾကားရတယ္ဗ်ာ၊ ႐ုတ္တရက္မိုးေမွာင္ႀကီးလည္းက်လာပါေရာ၊ တိမ္မည္းႀကီးတစ္လိပ္က မိုးေပၚကေနနိမ့္က်လာတာမို႔လို႔ အသုဘပို႔လာတဲ့လူေတြအကုန္လုံး ေၾကာက္ေၾကာက္နဲ႔ထြက္ေျပးကုန္ၾကေတာ့တယ္။

“ဟာ ဦးဘသာ၊ ဟိုဟာတိမ္တိုက္ႀကီးပါလားဗ်၊ အသံေတြလည္းျမည္လို႔ေနာ္”

“အဲဒါတိမ္တိုက္မဟုတ္ဘူးကြ၊ ပိတုန္းေကာင္ေတြ”

“ဗ်ာ၊ ပိတုန္းေတြကလည္း မ်ားလိုက္တာဗ်ာ”

“ဒါ႐ိုး႐ိုးပိတုန္းမဟုတ္ဘူးကြ၊ စုန္းေတြပဲ၊ ပိတုန္းေယာင္ေဆာင္ၿပီးေတာ့ ငါတို႔ဆီကိုပ်ံလာတာ၊ ၾကည့္ရတာ ငါတို႔ကိုတိုက္ခိုက္ဖို႔နဲ႔တူပါတယ္ကြာ”

“ဟာ၊ ဒါဆိုဒုကၡပဲဗ်ာ၊ က်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ”

ဒီအခါ ဦးေအာင္ရွိန္က

“မပူစမ္းပါနဲ႔အလတ္ေကာင္ရာ၊ ငါတို႔မွာ အသစ္စက္စက္ပူပူေႏြးေႏြး ဘုရားပ်ံႀကီးတစ္ေယာက္ရွိပါတယ္ကြ”

“ျဖစ္ပါ့မလားဦးဘသာ၊ ပိတုန္းတစ္ေကာင္က စုန္းတစ္ေယာက္သာဆိုရင္ စုန္းေတြေထာင္ခ်ီလာတာဗ်ေနာ္”

“ဒါကို ပိတုန္းသိုက္လို႔ေခၚတယ္ကြ၊ ၾကည့္ရတာ ငေထရွင္က စုန္းသိုက္ကိုငွားၿပီး တို႔ကိုဒုကၡေပးခ်င္တယ္နဲ႔တူပါတယ္ကြာ၊ ဒီေလာက္ကေတာ့ ငါ့အတြက္ပမႊားေလးပါကြ”

ေျပာရင္းဆိုရင္း ပိတုန္းေတြက က်ဳပ္တို႔ေခါင္းအေပၚေရာက္လာၾကသဗ်ာ၊ လွည့္ပတ္ပ်ံသန္းရင္း ပိတုန္းတစ္ေကာင္က က်ဳပ္ဆီကို အစိမ္းေရာင္အလုံးတစ္လုံးနဲ႔လွမ္းပစ္ထည့္ပါေရာ၊ ဒီအခါ ဦးဘသာက အဲဒီအစိမ္းေရာင္အလုံးကို ေလထဲမွာပဲ လက္နဲ႔ဖမ္းကိုင္ထည့္လိုက္တယ္။

“ေအာင္မာ၊ နင္တို႔ပညာေလာက္နဲ႔မ်ား ငါ့ကိုလုပ္ခ်င္တယ္ေပါ့”

ႈဦးဘသာက အစိမ္းလုံးကို မိုးေပၚျပန္ပစ္တင္လိုက္ေတာ့ ပိတုန္းတစ္ေကာင္နဲ႔ထိမိၿပီးေတာ့ ပိတုန္းက ျပဳတ္က်လာသဗ်ာ၊ ဒါေပမယ့္ ေျမႀကီးေပၚေရာက္တာနဲ႔ ပိတုန္းေကာင္က လူေခါင္းျပတ္ႀကီးတစ္ခုျဖစ္သြားပါေရာ၊ လူေခါင္းႀကီးဆိုေပမယ့္ မေသဘူးဗ်၊ အသက္ရႉေနေသးတယ္။

ဒီအခ်ိန္ပိတုန္းေတြက အစိမ္းလုံးေတြအမ်ားႀကီး က်ဲခ်ပါေရာဗ်ာ၊ မသိရင္မိုး႐ြာသလိုက်လာတာဗ်၊ ဦးဘသာက ေတာင္ေဝွးကိုေခါင္းအထက္နားတင္ၿပီးေတာ့ ပန္ကာလွည့္သလိုလွည့္ပါေရာဗ်ာ။ မိုးေပၚကေနက်လာတဲ့ အစိမ္းေရာင္အလုံးကေလးေတြဟာဆိုရင္ျဖင့္ ဦးဘသာရဲ႕ေတာင္ေဝွးနဲ႔ထိၿပီးေတာ့ သူ႔အလိုလိုျပန္ကန္တက္သြားပါေရာ၊ ၿပီးတာနဲ႔ ေတာင္ေဝွးလွည့္္တဲ့အေပၚမွာ ေလဝဲႀကီးလိုတစ္ခုျဖစ္လာပါေရာဗ်ာ၊ ေလဝဲလည္တာျပင္းလြန္းေတာ့ ပိတုန္းေကာင္ေတြဆိုရင္ ေလဝဲထဲအကုန္လုံးေျမာပါကုန္ၾကတယ္ဗ်၊ ဦးဘသာ အေတာ္ၾကာၾကာလွည့္္ၿပီးတဲ့အခ်ိန္ ေတာင္ေဝွးကိုတြန္းလိုက္တဲ့အခါမွာ ေလဝဲႀကီးက ပ်က္သြားၿပီး ပိတုန္းေတြအကုန္လုံး ေျမေပၚကိုတျဖဳတ္ျဖဳတ္နဲ႔ျပဳတ္က်တယ္၊ အေရွ႕က အေကာင္ေတြအတိုင္း ေျမေပၚက်တဲ့အခါက်ေတာ့ လူေခါင္းေတြျဖစ္သြားပါေရာ၊ ေယာက္်ားေတြေရာ မိန္းမေတြေရာစုံလို႔ဗ်ာ။

ေနာက္ဆုံးေလေပၚမွာက်န္ေနခဲ့တာကေတာ့ ေ႐ႊေရာင္ပိတုန္းကေလးတစ္ေကာင္ပဲဗ်၊ အဲဒီပိတုန္းက ပ်ံေျပးမလို႔လုပ္ေနတဲ့အခ်ိန္ ဦးဘသာက ပိတုန္းကိုလက္ညႇိဳးနဲ႔ထိုးလိုက္ေတာ့ ေ႐ႊပိတုန္းချမာ ေလေပၚကေနျပဳတ္က်လာၿပီး ဦးဘသာလက္ထဲကိုေရာက္လာပါေရာဗ်ာ၊ ဦးဘသာလက္ထဲေရာက္ေတာ့ ေခါင္းျပတ္တစ္ခုျဖစ္သြားတယ္၊ ေခါင္းကေတာ့ အဘြားႀကိးတစ္ေယာက္ရဲ႕ေခါင္းဗ်။

“နင္တို႔အစြမ္းေလာက္နဲ႔ ငါ့ကိုရန္ျပဳလို႔ရမယ္လို႔မ်ားထင္ေနတာလား”

အဘြားႀကီးက ေၾကာက္ေၾကာက္နဲ႔

“ေၾကာက္ပါၿပီဆရာႀကီးရယ္၊ ကြၽန္မတို႔ကိုမသတ္ပါနဲ႔ခ်မ္းသာေပးပါ၊ ကြၽန္မတို႔လည္း သူမ်ားခိုင္းလို႔လုပ္ရတာပါ”

“ေၾသာ္၊ သူမ်ားခိုင္းတိုင္းလုပ္စရာလား၊ ဒါဆိုသူမ်ားက နင္တို႔ကိုေခ်းစားခိုင္းရင္ နင္တို႔စားမွာလား”

“မဟုတ္ပါဘူးဆရာႀကီး၊ အဲဒီလူက က်ဳပ္တို႔ကိုဖမ္းခ်ဳပ္ထားပါတယ္၊ က်ဳပ္တို႔ရဲ႕ကိုယ္လုံးေတြကို သူက ဖမ္းဆီးထားၿပီးေခါင္းေတြလႊတ္ၿပီးေတာ့ တိုက္ခိုက္ခိုင္းတာပါ”

“အဲဒီလူက ဘယ္သူလဲ၊ မဟုတ္မွလြဲေရာ ငေထရွင္ဆိုတဲ့လူမ်ားလား”

အဘြားႀကီးက ေခါင္းညိတ္တယ္ဗ်၊ ဒီအခ်ိန္မွာပဲ သူ႔ေခါင္းက အလယ္ႏွစ္ျခမ္းကေန ထက္ျခမ္းကြဲက်သြားၿပီးေတာ့ ေခါင္းႏွစ္ျခမ္းျပတ္ထြက္သြားပါေရာဗ်ာ၊ ဦးဘသာက ေၾကာင္ေတာင္ေတာင္နဲ႔ၾကည့္ေနတယ္ဗ်၊ ေနာက္ေတာ့ တျခားေျမေပၚက်ထားတဲ့ေခါင္းေတြလည္း သူ႔အလိုလို အပိုင္းပိုင္းအတစ္တစ္ျဖစ္ကုန္တယ္။

“ငါလုပ္တာ မဟုတ္ဘူး၊ ဒါေတြက ငါလုပ္တာမဟုတ္ဘူး”

ဦးဘသာက ေရ႐ြတ္လိုက္တယ္ဗ်၊ အုတ္ဂူတစ္ခုအေပၚမွာတင္ေနတဲ့ေခါင္းတစ္လုံးက ရယ္ေမာရင္း

“ငါခိုင္းရင္ေအာင္ျမင္တယ္ဆိုတာပဲ လိုခ်င္တယ္၊ မေအာင္ျမင္ရင္ေတာ့ ဒင္းတို႔အားလုံး ေသလမ္းကိုသြားရမွာပဲ”

အဲဒီေခါင္းႀကီးက ရယ္ေမာရင္းနဲ႔ ႏွစ္ျခမ္းကြဲက်သြားပါေရာဗ်ာ၊ သုႆန္တစ္ဝိုက္ ေခါင္းျပတ္ေတြဆိုတာ နည္းေတာင္မနည္းဘူးဗ်။

“ဒါငေထရွင္လက္ခ်က္ပဲ၊ ငေထရွင္က စုန္းေတြကိုဖမ္းဆီးၿပီးေတာ့ အတင္းအၾကပ္ေစခိုင္းခဲ့တာပဲ”

ဦးေအာင္ရွိန္က မေက်မနပ္နဲ႔ေရ႐ြတ္တယ္၊ ဦးဘသာက ေခါင္းျပတ္ေတြကိုၾကည့္ၿပီး

“မင္းတို႔လြတ္ေျမာက္သြားပါၿပီ၊ မင္းတို႔သြားလိုရာသြားၾကပါ”

ဆိုရင္း ေျခေထာက္ကိုေျမႀကီးေပၚ ေဆာင့္နင္းလိုက္ေတာ့ ေခါင္းျပတ္ေတြအကုန္လုံးက ယင္မဲႀကီးေတြအျဖစ္ေျပာင္းသြားၿပီး တဝီဝီနဲ႔ပ်ံသန္းသြားၾကပါေရာဗ်ာ။

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ရင္း

“ေျပာေနၾကာပါတယ္ကြာ၊ တို႔ေတြ ငေထရွင္ဆီအရင္သြားၾကမယ္၊ ဒီေကာင့္အစီအစဥ္က ညက်မွစမွာဆိုေတာ့ ငါတို႔အခုပဲလိုက္သြားၾကတာေပါ့ကြာ”

က်ဳပ္တို႔အားလုံး ငေထရွင္ရဲ႕ၿခံက်ယ္ႀကီးဆီကိုေရာက္လာပါေရာဗ်ာ၊ ၿခံႀကီးဆီမေရာက္ခင္မွာပဲ လူေတြရႈပ္ယွက္ခပ္ေနတာနဲ႔ ေမးၾကည့္ေတာ့ ဒီၿခံႀကီးတစ္ၿခံလုံး မီးဟုန္းဟုန္းေတာက္ၿပီးေတာ့ ေလာင္ေနပါေရာဗ်ာ၊ ေလာင္တာမွ သရက္ပင္ေတြ၊ ပိႏၷဲပင္ေတြလို အပင္စိမ္းႀကီးေတြက မီးေတြတဟုန္းဟုန္းေလာင္ေနတယ္၊ လူေတြကလည္း မီးၿငိမ္းေနၾကတယ္၊ က်ဳပ္တို႔ေရာက္တာ ေနာက္က်သြားလို႔ အိမ္ႀကီးတစ္ခုလုံးက ျပာျဖစ္ေနၿပီဗ်။

လူအုပ္ထဲကျပန္ထြက္ၿပီးေတာ့ ခ်ပ္သင္းေတာႀကီးဆီကိုေျခဦးလွည့္ၾကတယ္၊ ေတာအုပ္ႀကီးက စိမ့္ေနေအာင္ေအးတယ္ဗ်ာ၊ သစ္ရိပ္ဝါးရိပ္ေတြကလည္း ထူထူထပ္ထပ္ရယ္ဗ်၊ ရန္ကုန္လိုၿမိဳ႕ႀကီးမွာ ဒီလိုေတာႀကီးရွိတယ္လို႔ေတာင္ မထင္ရဘူးဗ်ာ၊ သြားလာေနရင္း တစ္ေနရာေရာက္ေတာ့ ဦးဘသာအရိပ္က စကားထေျပာတယ္ဗ်။

“မင္းတို႔ဒီအတိုင္းသြားလို႔မရဘူးေနာ္”

အရိပ္က စကားေျပာတယ္ဆိုေတာ့ ငသန္ပ်င္ေပါ့ဗ်ာ။

“ေျပာစမ္းပါအုံး ဘာျဖစ္လို႔ဒီအတိုင္းသြားလို႔မရတာလဲ”

“ငေထရွင္ဆိုတာ အရမ္းယုတ္မာေကာက္က်စ္တဲ့လူတစ္ေယာက္ပဲ၊ သူ႔ကိုငါတို႔ ဒီအတိုင္းရင္ဆိုင္လို႔မရႏိုင္ဘူးကြ”

အေမးအျမန္းထူတဲ့က်ဳပ္နဲ႔ ငသန္ပ်င္နဲ႔စေတြ႕ၿပီေပါ့ဗ်ာ။

“ဒါနဲ႔ေနပါအုံး၊ ခင္ဗ်ားကိုေမးပါအုံးမယ္၊ ခင္ဗ်ားက ငေထရွင္ရဲ႕ပုေရာဟိတ္လို႔လည္းေျပာေသးတယ္၊ ဘာျဖစ္လို႔ ငေထရွင္ကိုမေက်မနပ္တာလဲ”

“ပုေရာဟိတ္လို႔ေျပာတာထက္ ေယာက္ဖလို႔ေျပာရင္ ပိုၿပီးမွန္တယ္ကြ”

“အလိုဗ်ာ၊ ဒါဆို ငေထရွင္နဲ႔ခင္ဗ်ားနဲ႔က အမ်ိဳးပါေတာ္တယ္ေပါ့၊ ဒါနဲ႔မ်ားဘာျဖစ္လို႔ အခ်င္းခ်င္းစိတ္ဝမ္းကြဲသြားရတာလဲ”

အရိပ္ႀကီးက လူတစ္ေယာက္လို လက္ေတြေျခေတြလႈပ္ရင္း

“ေျပာရမယ္ဆိုရင္ေတာ့ ငါ့ဘဝအစကိုေျပာရမွာပဲကြာ၊ ငါက အရင္ကတည္းက တမၸဝတီျပည္ရဲ႕ မင္းမ်ိဳးမင္းႏြယ္မ်ိဳး႐ိုးပဲ၊ ပုပၸါးေစာရဟန္းမင္းရဲ႕ သားေတာ္တစ္ပါးက အိုးထိန္းသည္နဲ႔အေၾကာင္းပါၿပီး ငါ့ကိုေမြးတယ္၊ မင္းေသြးတစ္ဝက္၊ သာမန္အရပ္သည္ေသြးတစ္ဝက္ဆိုေတာ့ ေတာ္မဝင္ခဲ့ေပမယ့္ ဘုရင္အဆက္ဆက္က ေျမႇာက္စားခ်ီးျမႇင့္ခဲ့တယ္။ ကလန္၊ သံပ်င္ေတြကို အုပ္ခ်ဳပ္ရတဲ့လူမို႔လို႔ ငါ့ကိုငသန္ပ်င္လို႔ လူေတြကေခၚၾကတယ္၊ ငါက စာေပပညာကိုေလ့လာေနရင္း အရည္းေတြကို ကိုးကြယ္မိတယ္၊ အရည္းေတြထဲမွာမွ ထူးဆန္းတဲ့ေမွာ္အတတ္ရွိတဲ့ အရည္းႀကီးတစ္ေယာက္ကို ဆရာတင္ရင္း သူ႔ဆီကေန အရိပ္အေယာင္ကို ခိုင္းေစျပဳစားႏိုင္တဲ့ ေမွာ္ပညာတစ္ခုကို တတ္ေျမာက္ခဲ့တယ္၊ ဒါေၾကာင့္ ငါ့ကိုအရိပ္သခင္လို႔ လူေတြက ေခၚၾကတာေပါ့ကြာ”

“တစ္ခါေတာ့ မင္းငေခြးက ငါ့ကိုနကၡတ္သဘင္ပြဲမွာ အရွက္ခြဲခဲ့တယ္၊ ငါ့အေမက အိုးထိန္းသည္မမို႔လို႔ မင္းငေခြးက သူ႔အတြက္အိုးေကာင္းလုပ္ေပးပါဆိုၿပီး ငါ့ကို႐ႊံ႕ငါးပိႆာဆုခ်တယ္၊ ဒါကိုငါမေက်နပ္လို႔ ဒီမင္းအေပၚ အၿငိဳးအေတးထားခဲ့တယ္၊ ငါ့ႏွမ မိေစာသင္ကို မင္းငေခြးက မိဖုရားငယ္အျဖစ္ေကာက္ခဲ့တယ္၊ ငါတို႔ေမာင္ႏွမႏွစ္ေယာက္ေပါင္းၿပီးေတာ့ ဒီမင္းကိုလက္စားေခ်ဖို႔ႀကိဳးစားရင္း ငေထရွင္နဲ႔ေတြ႕ခဲ့တာပဲ”

“ဟုတ္ၿပီဗ်ာ၊ ဒါဆို ငေထရွင္နဲ႔ေပါင္းခဲ့တဲ့ မိဖုရားဆိုတာက ခင္ဗ်ားႏွမ မိေစာသင္ေပါ့”

“အမွန္ေပါ့၊ ငါ့ႏွမကို အေၾကာင္းျပဳၿပီး မင္းငေခြးကို ရတနာျမင္းကိုတစ္ေယာက္တည္းစီးရေအာင္ တိုက္တြန္းခဲ့တာလည္း ငါပဲ၊ မင္းႀကီးအေနာက္ကို မင္းခ်င္းေတြလိုက္မသြားႏိုင္ေအာင္ နန္းၿမိဳ႕တံခါးကိုပိတ္ခိုင္းခဲ့တာလည္းငါပဲ၊ ငါ့အႀကံအစည္ေကာင္းလို႔ ဒီေကာင္မင္းျဖစ္လာတာပါကြ”

“ဒါေၾကာင့္လည္း ခင္ဗ်ားကို ပုေရာဟိတ္ခန႔္ခဲ့တာမဟုတ္ဘူးလား”

“ဟုတ္တယ္၊ ဒါေပမယ့္ ငေထရွင္က ေနာက္ပိုင္းက်ေတာ့ အရမ္းေမာက္မာလာတယ္၊ ဘီလူးေတြအားကိုးနဲ႔သူစိတ္ထင္တာလုပ္တယ္၊ အဆိုးဆုံးကေတာ့ ငါ့ႏွမ မိေစာသင္ကို ဘီလူးသုံးေကာင္ဆီကို ဆုခ်ီးျမႇင့္တယ္ဆိုၿပီးေတာ့ ေပးအပ္ခဲ့တာပဲ၊ ဘီလူးသုံးေကာင္က ငါ့ႏွမကို သိမ္းပိုက္တာကို ဒင္းက ၾကည့္ေကာင္းေကာင္းနဲ႔ၾကည့္ေနခဲ့တယ္၊ ၿပီးေတာ့ ဒီဘီလူးေတြက ငါ့ႏွမကိုစားေသာက္လိုက္ၾကတယ္”

“အင္းဗ်ာ၊ ခင္ဗ်ားစိတ္နာမယ္ဆိုရင္လည္း နာစရာပါပဲ”

“သာမာန္လူဆိုရင္ အရိပ္ထဲကေနျပဳစားလို႔ရေပမယ့္ ဘီလူးေတြက အရိပ္မထြက္လို႔ ငါျပဳစားလို႔မရတာကို ငေထရွင္က သိေနခဲ့တယ္၊ ဒါေၾကာင့္ ေနာက္ပိုင္းမွာ ပါလရေသ့ႀကီးနဲ႔ ငါနဲ႔ပူးေပါင္းၿပီးေတာ့ ငေထရွင္ကိုလုပ္ႀကံခဲ့တာပဲ၊ ဒါေပမယ့္ ေကာက္က်စ္တဲ့ငေထရွင္က ငါတို႔အႀကံအစည္ကိုရိပ္မိေနခဲ့တယ္၊ တမၸဝတီၿမိဳ႕႐ိုးပြင့္သြားၿပီဆိုတာနဲ႔ ငါ့ကိုလုပ္ႀကံသတ္ျဖတ္ခဲ့တယ္၊ ၿပီးေတာ့ ငါ့ဆီကေန မဟူရာခ်က္ေက်ာက္ကိုယူသြားခဲ့တယ္”

“အဲဒီ မဟူရာခ်က္ေက်ာက္ဆိုတာ ဘာလဲဗ်”

“အနက္ေရာင္ရွိတဲ့ေက်ာက္တစ္မ်ိဳးပါ၊ ဒါေပမယ့္ အဲဒီေက်ာက္က သဘာဝတြင္းထြက္မဟုတ္ဘူး၊ မိုးၿပဲဒယ္ႀကီးေတြနဲ႔ ခ်က္လုပ္ထားရတဲ့ေက်ာက္တစ္မ်ိဳး၊ ဒီေက်ာက္ရွိတဲ့လူဟာ ေသဆုံးခါနီးအခ်ိန္မွာ အရိပ္တစ္ခုအေနနဲ႔ထြက္ေျပးလႊတ္ေျမာက္သြားႏိုင္တယ္”

“က်ဳပ္သေဘာေပါက္ၿပီ၊ ဒါဆိုရင္ ရေသ့ႀကီးငေထရွင္ကိုသတ္တဲ့အခ်ိန္မွာ သူကဒီနည္းလမ္းနဲ႔ထြက္ေျပးလြတ္ေျမာက္သြားတယ္လို႔ ဆိုလိုခ်င္တာလား”

“ဟုတ္တယ္၊ အခုလည္း ဒီေကာင္ထြက္ေျပးမွာပဲ၊ အဲဒီတုန္းက ငါမရွိေတာ့လို႔သာ ဒီေကာင္ထြက္ေျပးႏိုင္တာ၊ အခုငါျပန္လာၿပီ ဒီေကာင္အရိပ္အျဖစ္ထြက္ေျပးသြားတာနဲ႔ ငါဒီေကာင့္ကိုဖမ္းမယ္”

“ဒါျဖင့္ သြားၾကတာေပါ့ဗ်ာ”

“ေနအုံး၊ ငါစိတ္ထင့္ေနတာတစ္ခုရွိတယ္”

“အဲဒါဘာလဲ”

“ဒီေကာင္ ေျမဖုတ္ဘီလူးသိုက္ကိုေဖာက္တယ္ဆိုတာ သာမန္မဟုတ္ဘူး၊ သူ႔အေဖယဘူေတေသသြားတဲ့အခ်ိန္မွာ ဘီလူးေတြက ေလာင္းေလွေပၚတင္ၿပီး ေအာက္ျပည္ေအာက္႐ြာကိုဆင္းသြားၾကတယ္ဆိုတယ္၊ ဒီေကာင္ ဒီဘီလူးသိုက္ကို အသည္းအသန္ေဖာက္ပုံေထာက္ေတာ့ ဒီသိုက္ထဲမွာရွိေနတဲ့အေလာင္းေကာင္က သူ႔အေဖ ယဘူေတရဲ႕အေလာင္းေကာင္ျဖစ္ဖို႔မ်ားတယ္”

“ဟာ၊ ဒါဆိုရင္ဘာေတြျဖစ္ႏိုင္သလဲဗ်ာ”

“ယဘူေတသာဆိုရင္ေတာ့ သူ႔သန္လ်က္ျပန္ရသြားရင္ ငေထရွင္ထက္ ပိုၿပီးဆိုး႐ြားတာေတြျဖစ္ႏိုင္တယ္၊ ငါၾကည့္ရသေလာက္ေတာ့ ဒီတစ္ေခါက္ ငေထရွင္က သူကိုယ္တိုင္မင္းလုပ္မွာထက္ သူ႔အေဖယဘူေတကို အသက္ျပန္သြင္းၿပီးေတာ့ အရင္ကလို ဘီလူးတစ္ပိုင္း၊ လူတစ္ပိုင္းအုပ္ခ်ဳပ္မယ္ထင္တာပဲ”

ဦးဘသာက ေခါင္းညိတ္ရင္း

“က်ဳပ္နားလည္ၿပီ၊ ဒီလိုသာမွန္ရင္ ဒီေကာင့္အႀကံက မေသးဘူးပဲ”

“ဒီလိုသာတကယ္ျဖစ္ခဲ့ရင္ က်ဳပ္တို႔မႏိုင္ဘူး၊ ငေထရွင္ကို ဘုရားပ်ံက ႏိုင္တယ္ထားအုံး၊ ယဘူေတကို က်ဳပ္တို႔မႏိုင္ေလာက္ဘူး”

“ဒါဆိုဘယ္လိုလုပ္ၾကမွာလဲဗ်ာ”

“က်ဳပ္မွာအႀကံတစ္ခုရွိတယ္၊ ခင္ဗ်ားတို႔ လိုက္လုပ္မယ္ဆိုရင္ေတာ့ က်ဳပ္တို႔ရဲ႕ႏိုင္ႏိုင္ေခ်ကို အမ်ားႀကီးအေထာက္အကူျပဳလိမ့္မယ္”

“ဘယ္လိုအႀကံလဲဗ်ာ”

ငသန္ပ်င္က လူေတြကိုေသခ်ာၾကည့္ေနေသးသဗ်ာ။

“က်ဳပ္အႀကံအတိုင္းလုပ္မယ္လို႔ ကတိေပးေတာ့မွ က်ဳပ္ေျပာျပမယ္”

ဦးေအာင္ရွိန္က ဦးဘသာလက္ကိုဆြဲရင္း

“သာဒင္၊ မင္းသတိေတာ့ထားေနာ္၊ ငသန္ပ်င္ဆိုတာ ငေထရွင္ရဲ႕ေယာက္ဖေတာ္တယ္၊ ၿပီးေတာ့ အရင္ကလည္း သူတို႔က အလိုတူအလိုပါေတြဆိုတာ မင္းမေမ့နဲ႔၊ ဒီေကာင္က မင္းကိုလွည့္စားခ်င္လို႔ တမင္လုပ္တာဆိုရင္ေရာ”

ဦးဘသာက ေခါင္းခါရင္း

“က်ဳပ္သူ႔ကိုယုံတယ္၊ ဒီအေျခအေနမွာ သူက်ဳပ္ကိုမလိမ္ဘူးလို႔ က်ဳပ္ထင္တယ္”

ဦးေအာင္ရွိန္က တားမရတဲ့အဆုံး

“ေအးကြာ၊ ငသန္ပ်င္တကယ္ယုံရမယ္ထင္ရင္ မင္းလုပ္ေပါ့ကြ၊ ဒါေပမယ့္ သာဒင္၊ တို႔အားလုံးရဲ႕အသက္၊ ေဟာဒီတစ္ေလာကလုံးက လူေတြရဲ႕အသက္က မင္းလက္ထဲမွာရွိေနတာ မင္းမေမ့နဲ႔”

ဦးဘသာက

“ကဲ ငသန္ပ်င္၊ မင္းရဲ႕အႀကံအစည္က ဘာလဲဆိုတာကိုသာေျပာေပေတာ့”

ငသန္ပ်င္အနားကို က်ဳပ္တို႔အားလုံး စုစည္းလိုက္ၾကတယ္။

“က်ဳပ္အႀကံကေတာ့ ဒီလိုဗ်”

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ