ဖောက်ပြန်ကြသူများ

ဖောက်ပြန်ကြသူများ(စ/ဆုံး)

—————————–

‘ မစိမ်းလဲ့ဝေ ‘

နားထဲမှာ တာဝန်ကျနာ့စ်မလေးရဲ့အသံဝင်လာသည်။ မနက်ငါးနာရီထိုးပြီဆိုတဲ့အသိက ဝင်လာသည်။ မှေးခနဲအိပ်ပျော်တစ်ချက် မပျော်တစ်ချက် နိုးလာ၍ထင်သည် အိပ်မက်လိုလို စိတ်ကထင်မြင်ဆဲ။ အမှတ်စွဲနေသည့်စိတ်က အချိန်တစ်ခုဆိုတာကို တိတိကျကျသိနေသည်။

” နည်းနည်းနာမယ်နော် ပိုးသတ်ဆေးဆိုတော့လေ ”

ဆရာမလေးရဲ့စကားသံအဆုံး နာကျင်စွာအော်ဟစ်လိုက်သံနဲ့အတူ
သူမ အိပ်ရာမှ လန့်နိုးလာသည်။
ချွေးစေးတွေ နဖူးထက်ဆီမှ ရွှဲရွှဲနစ်နစ် စီးဆင်းလာသည်။ ဆေးရုံကဆင်းလာခဲ့တာ နှစ်လကျော်ကြာခဲ့ပေမယ့် ညတိုင်းလိုလိုဆေးရုံမှာတုန်းက ကြုံတွေ့ရင်ဆိုင်လာခဲ့သမျှ ပုံရိပ်တွေ စိတ်တွေ အိပ်မက်ထဲကို မကြာခဏ ရောက်ရောက်လာတတ်နေသေးသည်။ သက်ပြင်းမောကိုမှုတ်ထုတ်လိုက်ပြီး အိပ်ရာဘေးမှ ရေဘူးကို လက်က လှမ်းလိုက်မိချိန်မှာ သူမ မျက်လုံးထဲကို အလင်းရောင်တစ်မျိုးက
စူးရှစွာ တိုးဝင်လာသည်။
အိပ်ယာဘေးတစ်ဖက်မှာ အိပ်မောကျနေတဲ့ ချစ်သမီးလေး။ ချစ်သမီးလေးရဲ့ဘေးမှာတော့ ကျောပေးပြီး ဖုန်း တစ်လုံးနှင့် အလုပ်ရှုပ်နေဆဲ သူ့ကိုမြင်ရသည်။ မနက်နှစ်နာရီထိုးခါနီးနေပြီပဲ။ မြင်ရတဲ့အကွာအဝေးတစ်ခုကနေ အသာ အားယူကြည့်လိုက်တော့ အပြန်အလှန်စာပို့ စာယူခြင်းထဲ အရာအားလုံးကို မေ့လျော့နေတဲ့သူ။
သူမ နာကျင်စွာမဲ့ပြုံးပြုံးလိုက်မိပြီး
တဖက်ကို လှည့်လိုက်ရင်း မျက်ဝန်းအိမ်မှအလိုလိုမျက်ရည်တွေ စီးကျလာသည်။
လွန်ခဲ့တဲ့ သုံးလကျော်က အဖြစ်အပျက်တွေ သူမမျက် လုံးထဲပြန်ပေါ်လာကြပြန်သည်။
ဗိုက်က ခဏခဏအောင့်လို့ ဆေးခန်းပြနေရပြီး နောက်ဆုံးဆေးရုံပါတက်ခဲ့ရတဲ့အခါမှ အူမကြီးကင်ဆာဆိုပြီး ခွဲစိတ်ခဲ့ရသည်။ လူခွဲမရှိသည့် သူမတို့ မိသားစုလေး
အတော်ကသီလင်တဖြစ်ခဲ့ရသည်။
နေ့ပိုင်း အဒေါ်ဖြစ်သူက ဆေးရုံကူစောင့်ပေးရှာသည်။
ညပိုင်းတွေ သူ လာစောင့်သည်။
သူမတို့ရဲ့ တစ်ဦးတည်းသော ချစ်သမီးလေးကိုတော့ ဆွေမျိုးနီးစပ် အိမ်တစ်အိမ်မှာ ပို့ထားခဲ့ရသည်။
ရောဂါဝေဒနာတွေကြောင့် နာကျင်ခံစားရတာကတစ်မျိုး သမီးလေးကိုလွမ်းလို့ ငိုရတာကတစ်မျိုးနဲ့ ဆေးရုံပေါ်မှာ သူမ အတော်လေး စိတ်ဒုက္ခရောက်ခဲ့ရသည်။

” အားမငယ်ပါနဲ့ကွာ မိန်းမ အနားမှာ ယောင်္ကျားတစ်ယောက်လုံး ရှိပါတယ် ”

ခင်ပွန်းသည်ရဲ့အားပေးစကားတွေကြားမှာ စိတ်အား တင်းထားပြီး သူမအတတ်နိုင်ဆုံး အားအင်ယူကြိုးစား
ရုန်းထွက်ခဲ့ရသည့် အချိန်ကာလတချို့ပင်။

၂။
ဆေးရုံပေါ်မှာတုန်းက ဘေးချင်းကပ် ခုတင်ကလူတွေအမြင်မှာ ခင်ပွန်းကောင်းတစ်ယောက်အဖြစ်
ရပ်တည်နိုင်ခဲ့သူ။

” တော်လိုက်တာနော်၊ မစိမ်းလဲ့ဝေ အမျိုးသားက မနက်ဆိုလည်း အလုပ်သွားရသေးတယ်၊ ညဆိုလည်း မိန်းမကို အရိပ်တကြည့်ကြည့်နဲ့တော်တော်နဲ့ မအိပ်ဘူး ”

ဒီလိုစကားသံတွေ ကြားရတဲ့အခါတိုင်းမှာ ပြုံးနေပေမယ့် သူမကိုလာစောင့်ပေးနေတဲ့ သူမရဲ့ အဒေါ်ကတော့ မျက်နှာ ပျက်ပျက်သွားသည်ကို တွေ့ရသည်။

” အန်တီ သမီး ခဏထိုင်ချင်တယ် ”

နှာခေါင်းပိုက်၊ ဆီးပိုက်တွေတန်းလန်းနဲ့ သူမဟာ သူများ ထူပေးမှ ထိုင်လို့ရတာမို့
စိတ်ပျက်အားငယ်နေချိန်များသာ။ သူမအဒေါ်ကသူမကိုထိုင်စေပြီးတဲ့အခါ သူမသိချင်တာကိုမေးလိုက်သည်။

” အန်တီ…ဘေးနားကလူတွေက အိမ်က အမျိုးသားကို ချီးကျူးတဲ့အခါ အန်တီ့မျက်နှာက ဘာလို့ ပျက်ပျက်သွားတာလဲ၊
သမီး ကြည့်ကြည့်နေတာကြာပြီ
အခုမှပဲ မေးကြည့်ဖြစ်တာ ”

သူမအဒေါ်ကတော့ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့ သူမကိုငေးကြည့်ရင်း သက်ပြင်းတွေသာအထပ်ထပ်ချလို့သာပင်။

” တူမလေးမေးလို့သာ ပြောရမှာ၊ စိတ်မကောင်းတော့မဖြစ်နဲ့ပေါ့အေ၊ ညည်းယောင်္ကျားက ညည်းခွဲခန်းဝင်နေတဲ့ အချိန်တွေတုန်းကလည်း ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတာ။ စာတွေတဂွမ်ဂွမ်နဲ့ သူ့ဆီလာနေတာ။ သူကလည်း ပြန်ပို့တယ်။ အန်တီလည်း အမှတ်တမဲ့ မြင်လိုက်ရတာတော့ ကောင်မလေးတစ်ယောက်ပုံနဲ့ပဲ
ဖုန်းတွေလာတော့လည်း
အန်တီကြားမှာစိုးလို့ ဝေးဝေးမှာ သွားပြောနေတာ။ ကျုပ်မှာတော့ ညည်းအတွက်
စိတ်ပူနေတာ။ သူကတော့ စိတ်ပူဖို့ အချိန်တောင်မရဘူး။ ညဘက်ဆိုလည်း ညည်းကိုစောင့်တယ်သာပြောတာ သူ့ဖုန်းနဲ့ပဲ အလုပ်ရှုပ်နေတာလို့ ငါ့ကိုပြန်ပြောတဲ့သူရှိတယ်၊ ညည်းကအိပ်ပျော်နေတော့ ဘာသိမှာလဲ”

သိစက သူမရင်ထဲ တော်တော်လှုပ်ရှားသွားပါရဲ့။

” ကဲ…ကဲ… မိုးချုပ်တော့မယ်၊ ညည်းယောင်္ကျား လာခါနီးပြီ အန်တီပြန်တော့မယ်။ ဘာမှတွေးမနေနဲ့
ကိုယ့် ကျန်းမာရေးသာ ကိုယ်ဂရုစိုက် ကြားလား၊ သွားပြီ မနက်ကျ စောစောလာခဲ့မယ် ”

၃။
အဲ့ဒီနေ့က သူမ အဒေါ် ပြန်သွားတဲ့အခါ သူမအတွေးပေါင်းစုံနဲ့ ကျန်နေရစ်ခဲ့ရသည်။ စိတ်တွေ ထွေထွေ ပြားပြား။ အောင့်အီးမြိုသိပ်ထားရအောင်ကလည်း ဘယ်တုန်းကမှ မတွေးဖူးမကြုံဖူး ရှိမနေခဲ့ဖူးသည့် ခံစားမှု။
သံသယလား၊ ပူပင်သောကလား ဝေဝေဝါးဝါး။

” ကိုကို့ကို မေးစရာရှိလို့ ”

သူမ မကွယ်မဝှက် နိဒါန်းမစ တိခနဲ ထုတ်မေးလိုက်ခဲ့မိပါသည်။

” ညဘက်မအိပ်ဘဲလိုင်းပေါ်ကနေ ဘယ်သူနဲ့စကားပြောနေတာလည်း။ ဘေးခုတင်က လူနာစောင့်တွေရော အန်တီရော
ရိပ်မိနေကြပြီ”

သူမစကားကို သူက ငြိမ်ပြီး နားထောင်နေခဲ့သေးရဲ့။ ပြီးတော့ သက်ပြင်းရှည်ကိုချခဲ့သေးရဲ့။ မထူးတော့တဲ့ ပုံစံမျိုး သူ့မျက်နှာမှာပေါ်လာတော့ သူမ အထိတ်တလန့် ကြည့်ငေးနေမိခဲ့ပါသည်။

” အင်း ကိုကိုလည်း စိမ်းက်ိုပြောချင်နေတာ။ ကိုယ် အွန်လိုင်းပေါ်ကနေ မိန်းကလေးတစ်ယောက်နဲ့ သံယောဇဉ်ဖြစ်နေရင်းက အခုတော့ ကိုယ်တို့ချစ်သူဖြစ်နေကြပြီ။ မင်းကလည်း ကင်ဆာရောဂါသည်ဆိုတော့ ရှေ့ဆက် ကိုယ်တို့ အိမ်ထောင်ရေးက သာယာနိုင်မယ်မထင်ဘူး။ ဒီတော့ ကိုယ့်ကို ကွာရှင်းပေးပါ။ သူကလည်း မင်းဆီက ကွာရှင်းစာချုပ် ယူလာခိုင်းနေတာ။ အဲဒါရရင် ကိုယ်တို့လက်ထပ်ကြမလို့ ”

အသက်ရှုဖို့ သူမမေ့သွားခဲ့မည် ထင်သည်။ရုတ်တရက်ကြီး မောပန်းတကြီး သတိပြန်ဝင်လာ
တော့ သူက သူမမျက်နှာကိုပင် ငဲ့ကြည့်မနေခဲ့။ ဘာမှမဖြစ်သလို အေးအေးလူလူ။

အို…! သူမ အံ့သြထိတ်လန့်စွာနဲ့ သူ့မျက်နှာကို ငေးကြည့်နေရင်း ရင်ထဲမှာခံစားချက်ပေါင်းစုံနဲ့ တုန်ယင် လှုပ်ရှား လို့လာသည်။ ဘုရားရေ လွယ်ကူလှချည်လား ပြောထွက်လိုက်တာ။ ဆေးရုံခုတင်ပေါ်မှာ
ပိုက်ပေါင်းစုံနဲ့ မထနိုင် မလှုပ်ရှားနိုင်သေးတဲ့ ဇနီးသည်တစ်ယောက် အိမ်ထောင်သက်(၄)နှစ်ကျော်ကြာ အေးအတူပူအမျှ နေလာရင်း ချစ်စရာသမီးလေးတစ်ယောက် မွေးထားပေးတဲ့ သူမမျက်နှာကိုမှ မထောက် ပြောထွက်လိုက်တာရယ်လို့
ယုံကြည်ရ ခက်ခဲခဲ့မိရဲ့။

” နေပါဦး ရှင်က မကျန်းမမာဖြစ်နေတဲ့ ကျွန်မကိုကွာပြီး သမီးလေးကိုပါပစ်ပြီး ယူမယ်ပြောနေတဲ့ မိန်းမက
ဘယ်သူလဲ ဘယ်ကလဲ ”

” ဒါတွေ မင်းနဲ့မဆိုင်ပါဘူး။ မင်းမစောင့်ရှောက်နိုင်ရင် သမီးကို ငါခေါ်သွားမယ် သူကလည်းကြည်ဖြူတယ်။ ခေါ်လာခဲ့လို့ပြောပြီးသား မင်းသိပ်သိချင်နေရင်တော့ ပြောပြမယ် သူ့နာမည်က

• သက်ထား •

ဗေဒင်ဆရာမ လိုင်းပေါ်မှာ ဗေဒင်မေးရင်း ရင်းနှီးသွားကြတာ ကဲ…ရပြီလား။ သိပြီဆိုတော့ ကွာရှင်းပေးဖို့ စဉ်းစားထား ”

” အို…ရှင်တို့နှစ်ယောက် ယုတ်မာလှချည်လား တစ်ယောက်ကလည်း မကျန်းမာတော့တဲ့ဇနီးနဲ့ ၃နှစ်ကျော်အရွယ် လူမမယ်သမီးလေးကိုပါ ပစ်မယ်၊ တစ်ယောက်ကလည်း အိမ်ထောင်ရှိမှန်းသိရက်နဲ့ ကွာရှင်းခိုင်းတယ်
ကျွန်မလုံးဝ ကွာရှင်းမပေးနိုင်ဘူး ”

” ဒါတော့ မင်းသဘောပဲလေ။ ငါ့ဘက်ကတော့ ပြောစရာစကားကုန်ပြီ ”

သူမမျက်ဝန်းထဲမှ မျက်ရည်တွေ တလိမ့်လိမ့်စီးကျလာရင်း သူမကို အရမ်းချစ်ခဲ့ဖူးတဲ့ သူမရဲ့ခင်ပွန်းကို တခြားတစ်ယောက်များလားဆိုပြီး မယုံကြည်နိုင်သလို ငေးမောကြည့်နေမိပါရဲ့။ ဘယ်လောက်ရင်နာစရာကောင်းလှပါသလဲလေ။

၄။
ဆေးရုံမှာ တစ်လကြာ ဆေးကုသခံယူပြီး အိမ်ပြန်ရောက်လာတဲ့အခါ အဖော်အဖြစ် ကောင်မလေးတစ်ယောက်ကို ရှာရပါသေးသည်။ ကိုယ့်ဘာသာလည်းမစွမ်းသာချိန်။
ဆီး-ဝမ်းကိစ္စတွေကအစ သူများကို အားကိုးရတဲ့ အခြေအနေ။ ဆွေမျိုးနီးစပ် အိမ်ခဏ ပို့ထားတဲ့ ချစ်သမီးလေးကိုလည်း လွမ်းလှသည်ကတစ်ရေး။ နှစ်ပတ်တစ်ခါ ကင်ဆာဆေး (ကီမို)တွေသွင်းရလို့ လူလည်း ဆံပင်တွေကျွတ်လွန်းလို့ ဒူးခေါက်ခွက်အထိရောက်နေတဲ့
မြတ်နိုးလွန်းရတဲ့ဆံပင်အရှည်ကြီးကို ဖြတ်ပြီး ကတုံးရိတ်ပစ်လိုက်ရသည်။ ကြေကွဲလိုက်ရတာတွေ။ သူမမြတ်နိုးရတဲ့အရာတွေ
တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရပေမယ့် ဘာမှမတတ်နိုင်ခဲ့။ ဘေးနားမှာ အဖော်သဟဲအဖြစ် ကောင်မလေး ရောက်လာပြီဆိုတော့ အမျိုးအိမ်ပို့ထားရတဲ့ ချစ်သမီးလေးကို ပြန်ခေါ်လိုက်ရသည်။
ချစ်သမီးလေးဟာ သူမကိုမြင်တဲ့အခါ စူးစူးဝါးဝါး အော်ငိုပါသေးသည်။ ခွဲနေရတဲ့အချိန်အတွင်း ကတုံးဆံပင်နဲ့
အရိုးပေါ်အရေတင် လူမမာရုပ်မို့ သမီးလေးက မမှတ်မိတော့ဘဲ ကြောက်ပြီးငိုတာမို့ သူမရင်တွေ
နာကျင်ရပြန်၏။ မငိုပါနဲ့သမီးရယ် မေမေ့မှာ အခုဆို ပိုင်ဆ်ိုင်တာဆိုလို့၊ ချစ်ရတာဆိုလို့ သမီးလေးပဲရှိတော့တာပါရယ်လို့
ရင်ထဲ တနင့်နင့် ဆိုမိသည်။
သမီးအဖေ သူမခင်ပွန်းကတော့ ချစ်သမီးလေး အိမ်ပြန်ရောက်လာပေမယ့် အရင်ကလို သမီးလေးကို ပွေ့ချီတာတွေ၊ အတူကစားပေးတာတွေ မလုပ်တော့။
သူ့မှာ အလုပ်ကပြန်လာတာနဲ့ အချိန်ပြည့် ဖုန်းကိုဖွင့်ပြီး ဘဝတစ်ခု လုံး မေ့လို့ ။ သမီးလေးဟာ သူ့အဖေကိုတော့ အတော်ခင်တွယ်ပြီး ကပ်ပါသည်။ လူမမာဖြစ်ပြီးရုပ်ပျက်နေတဲ့
ကတုံးမ အမေကို မကပ်တော့ပေမယ့်
အဖေကို သူက မှတ်မိပြီး အရင်ကလို မပီကလာပီကလာလေးနဲ့ . . .

” ပေပေဂျီး ပြန်လာပြီ ”

ဆိုပြီး ပြေးကြို၊ သူ့အဖေဖုန်းကိုယူပြီး အရင်ကသူကြည့်နေကျ ကာတွန်းကားလေးတွေ ပြခိုင်း။ တဏှာရေယာဉ်ကြောမှာ မျောနေပြီဖြစ်တဲ့ အဖေကတော့ သမီးလေးကို ဟိုအရင်ကလို ဂရုစိုက်ဖို့နေသာသာ
သူ့ဖုန်းကို လာကိုင်လို့ဆိုပြီး သမီးလေးကို အော်ငေါက်မောင်းထုတ် ။ ကြောက်စရာမယုံနိုင်စရာ အပြောင်းအလွဲများ။ မထင်မှတ်ထားတဲ့ အဖေရဲ့အပြုအမူကြောင့် သမီးလေးဟာ ရုတ်တရက် အပြောင်း အလွဲမှာ အသားကျဖို့ မည်မျှ ခက်ခဲလိုက်မလဲ။ ဒီလိုမြင်ကွင်းတွေကို အိပ်ရာပေါ်ကနေ မထနိုင်တဲ့ သူမဟာ ဝမ်းနည်း ကြေကွဲစွာနဲ့ ကြည့်နေယုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့။ အပူမီးတွေဟာ သူမရင်ထဲ တမြည့်မြည့်နဲ့ ဖွဲမီးလိုလောင်ကျွမ်းလို့။ အိမ်တွင်းရေးအခြေအနေတွေကို ရိပ်မိသိရှိလာတဲ့ ကူဖော်လောင်ဖက် ကောင်မလေးတောင် တဖြည်းဖြည်း မျက်နှာပျက်လာပြီး သူမတို့သားအမိအတွက်
စိတ်မကောင်းဖြစ်နေခဲ့ရှာရဲ့။
ဪ…သူမအဖြစ်က အိမ်အကူကတောင် ပြန်သနားနေရတဲ့ အခြေအနေပါလားလို့
သူမတွေးခဲ့မိတဲ့အထိ အပြောင်းအလွဲမြန်ဆန်လွန်းသည့်
ကံကြမ္မာရိုက်ချက်ပြင်းလွန်းချိန်ဘဝပါလား။

၅။
သူမ ဒီအခြေအနေတွေကို ဘယ်လိုစိတ်ဓာတ်အင်အားတွေနဲ့ ကျော်ဖြတ်မလဲတွေးရင်း၊
ဘယ်လိုရင်ဆိုင်မလဲ တွေးရင်းနဲ့
တဖြည်းဖြည်းလမ်းလျှောက်နိုင်တဲ့အဆင့်ထိ
ကျန်းမာရေးကတိုးတက်လာခဲ့သည်။
လူယုတ်မာတွေကို ကလဲ့စားချေနိုင်ဖို့ရာ သူမ ကျန်းမာလာမှ သန်မာလာမှဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်အင်အားကို မွေးမြူထားရသည်။ အရင်ဆုံး သူမအမျိုးသား၏ ကောင်မလေးဆိုသူရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းသည်။ မထင်မှတ်ဘဲ သိလိုက်ရတာက

• သက်ထား •

ဆိုသည့် ဗေဒင်ဆရာမဟာ အိမ်ထောင်ကျနေတာ (၁၀)နှစ်ကျော်ရှိပြီဖြစ်တဲ့ အိမ်ထောင်သည်တစ်ယောက်ဆိုတာကိုပင်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အပျိုဟန်ဆောင်ပြီး ဗေဒင်ဆရာမလုပ်နေသူ။
အိုး…အံ့သြလိုက်တာ ဒီလိုမိန်းမယုတ်မတယောက်ကြောင့် သူမတို့ရဲ့အိမ်ထောင် ပြိုကွဲခံရတော့မှာလား မဖြစ်ဘူး။ သူမအမျိုးသားကို ပြောပြတဲ့အခါ

” မဟုတ်ပါဘူး…သူ့မှာ အမေနဲ့ သားအမိ၂ယောက်ထဲနေတာပါ”

ဆိုတဲ့စကားကိုသာ စိတ်ပျက်ဖွယ်ရာ ကြားခဲ့ရသည်။
ဘယ်လောက်တောင်မွှန်နေသလဲဆိုတာ၊
စဉ်းစားဥာဏ်မရှိသလဲဆိုတာ
ဟိုမိန်းမပြောသမျှ လိမ်သမျှကိုသာ အမှန်ထင်နေတော့သည်။

” ကောင်းပြီလေ…ဒါဆိုလည်း သက်သေပြရတော့မှာပေါ့ ”

ဆိုပြီး သူမစုဆောင်းရရှိထားသမျှ ထိုမိန်းမရဲ့ အချက်အလက်တွေကိုပြတော့မှ ငြိမ်ကျသွားတော့သည်။
ဒီလိုနဲ့ သူမအမျိုးသားဟာ

• သက်ထား •
ရဲ့အကြောင်း တွေအကုန်သိပြီး အချိန်မီ သူ့အမှားကိုပြုပြင်ပြီး အရင်လိုပျော်ရွှင်စရာ မိသားစုလေးအဖြစ် ပြန်နေရလိမ့်မယ်လို့ သူမက မျှော်လင့်ခဲ့မိသည်။ တစ်ကြိမ်တစ်ခါအမှားမို့ သမီးလေးမျက်နှာထောက်ပြီး ခွင့်လွှတ်ပေးလိုက်မယ်လေလို့လည်း
တွေးခဲ့မိသည်။
သူမ မျှော်လင့်သမျှတွေ
ဖြစ်လာမယ်ထင်ခဲ့ပေမယ့်လည်း နေ့လယ်ခင်းတစ်ခုမှာတော့ သူမဆီကို ဖုန်းတစ်ခုဝင်လာခဲ့သည်။

” မစိမ်းလဲ့ဝေလား ”

” ဟုတ်ပါတယ် ”

” ဪ…ကျွန်မ မဖြူပါ၊ အမအမျိုးသားအလုပ်က မန်နေဂျာရဲ့အမျိုးသမီးပါ ”

” ဟုတ်ကဲ့ရှင့် အိမ်ကလူများ အလုပ်ထဲ တစ်ခုခုဖြစ်လို့လား ”

” မဟုတ်ပါဘူး…ကျွန်မဈေးဝယ်ထွက်ရင်း မစိမ်းလဲ့ဝေအမျိုးသားကို မိန်းမတစ်ယောက်နဲ့
(- -)မိုတယ်ထဲကို
အတူတွဲဝင်သွားတာတွေ့လို့ ဖုန်းဆက်အကြောင်းကြားတာပါ။ သူနဲ့အတူတွဲဝင်သွားတဲ့ အမျိုးသမီးဟာ
အလုပ်ထဲကိုလည်း လိုက်လာတာ ခဏခဏရှိပါပြီ။ ကျွန်မလည်း မစိမ်းလဲ့ဝေကိုပြောရမှာ
ဘယ်က စပြောရမှန်း မသိလို့လေ၊
မိန်းမချင်းကိုယ်ချင်းစာလို့ ဆက်ကြည့်မနေနိုင်တော့ဘူး၊ မဖြစ်တော့ဘူး ပြောမှရတော့မယ်ဆိုပြီးပြောရတာပါ ”

” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ ညီမလေးမဖြူရေ ဒါပဲနော် ”

သူမကမ္ဘာမှာ ခဏတော့ ကောင်းကင်ကြီးပြိုကျသလို ခံစားလိုက်ရသည်။ ဒီလောက်အတန်တန် သတိပေး
တောင်းပန် နားချ အမျိုးစုံကြိုးစားပြီး အိမ်ထောင်လေးမပြိုကွဲအောင် ထိန်းသိမ်းနေပေမယ့် အခုတော့ မျက်မြင်တွေ့တဲ့သူက သတင်းပေးနေပြီ။
သူမ ဘာလုပ်ရမလဲ…။
ချစ်သမီးလေးကို လက်ဆွဲလို့
သတင်းကြားခဲ့ရတဲ့(- -)မိုတယ်ဆီ တက္ကစီငှါးပြီးထွက်လာခဲ့လိုက်သည်။ ရီဆက်ရှင်မှာ စုံစမ်းလိုက်တဲ့အခါ တွေ့ပါပြီ၊ ကာမပိုင်တွေ ကိုယ်စီရှိပါလျက်
အိမ်ထောင်ရေးဖောက်ပြန်သူ လူယုတ်မာ နှစ်ယောက်၏ နာမည်နဲ့ သူတို့ငှါးထားတဲ့အခန်း။ သူမ ဆုံးဖြတ်ချက်တခုကို ပိုင်နိုင်စွာချလိုက်ရင်း မကြာသေးခင်ကမှ စုံစမ်းရရှိထားတဲ့ ဖုန်းနံပါတ်တစ်ခုကို လှမ်းဆက်လိုက်ပါတော့သည်။

” ဟယ်လို…မသက်ထားရဲ့ အမျိုးသား ကိုခိုင်ထွန်း ဟုတ်ပါတယ်နော်…
အစ်ကိုတို့(- -)မြို့နယ်ထဲကို
အခုကျွန်မရောက်နေတာ။ အစ်ကိုတို့ရပ်ကွက်က ရပ်ကွက်လူကြီးတွေရယ်၊ အပိုင်ရဲစခန်းက
ရဲတပ်ဖွဲ့ဝင်တွေရယ်ကို ခေါ်လာခဲ့ပါနော်
(- -)မိုတယ်ကိုပါ။
ဘာဖြစ်လို့လဲ ဟုတ်လားအစ်ကို
ဘာဖြစ်လို့လဲဆိုတော့…အထဲမှာ “…….။ ။

အစိမ်းရောင်(ဧရာဝတီ)
[ ၂၀၁၈တွင် ရေးသားသည် ]