အသိုက်ပျက်တဲ့ည

အသိုက်ပျက်တဲ့ည(စ/ဆုံး)
————————–

တစ်သွင်သွင် စီးစင်းနေသော ဧရာဝတီမြစ်ရေပြင်သည် စည်းချက်ညီတဲ့ တေးသွားတစ်ပုဒ်အလား လှပနေ၏။ ရေပြင်ထက် တရွေ့ရွေ့ ခုတ်မောင်းလာသော ရန်ကုန်ပုသိပ် ဇာက်ကူး သဘေင်္ာပေါ်မှာ ဦးလှမောင်တစ်ယောက် အမျိုးတွေရှိသော လက်ပွတ်တာ မြို့နယ် ကျောင်းစုရွာလေးသို့ အလည်သွားရင်း သဘေင်္ာကြီးအပေါ် လိုက်ပါ စီးနင်းခဲ့သည်။ မနက်အစောထဲက ထွက်လာပေမဲ့ ဘယ်အချိန်မှ ရောက်မည်ကို မသိသေးပေ။ ရောက်ခါနီးပြီလို့တော့ တစ်ချို့က ပြောကြပါတယ်။ ဦးလှမောင်လဲ ထိုင်ခုံတစ်ခုမှာထိုင်ရင်း သတင်းစာဖတ်နေခိုက်။

“…ဟဲလို…အမေကြီးလား…”

ဘေးနားမှ အမျိုးသမီးကြီးတစ်ဦး ဖုန်းကို စပီကာဖွင့်ပြီး စကားပြောနေခြင်းပင် ဖြစ်သည်။

“…အေး…ဟုတ်တယ်…သမီးငယ်…”

“…အဟင့်…ဟင့်…မေကြီး…အဖေ…ဆုံးပြီ… အမေကြီးရဲ့…အီး…ဟီး…ဟီး….”

ကြားလိုက်ရသော စကားသံကြောင့် အမျိုးသမီးကြီးမှာ ဘာမှပြန်မပြောနိုင်ပဲ မျက်ရည်များကျလျှက် နောက်ပြန်လဲကာ သတိလစ်သွားပါတော့သည်။

“ဟ…လုပ်ကြပါဦးဟ…”

“…ဟဲ့…ခြေမချိုး….လုပ်ကြပါဟ…”

တစ်ယောက်တစ်ပေါက်နဲ့ သဘေင်္ာပေါ်ရှိ ခရီးသွားများ ရောက်ယက်ခတ်ကုန်တော့သည်။
ထို့အဖြစ်ကို ဘေးနားမှ ကြည့်နေသော ဆရာတော်တစ်ပါးက ကြည့်လျှက် ပြုံးတော်မူနေတာကို ဦးလှမောင် အသေအခြာ တွေ့လိုက်ရ၏။ ခေတ္တမျှ ကြာတဲ့အခါ ထိုအမျိုးသမီးကြီး သတိရလာပြီး အော်ဟစ်ငိုနေတာကို သဘေင်္ာ အပေါ်ထပ်ရှိလူများ နားမခံနိုင်အောင်ပင် ကြားနေကြရသည်။

“အရှင်ဘုရား…ဘယ်ကိုကြွမလို့ပါလဲ…ဘုရား..”

ဦးလှမောင် ပြင်းပြင်းရှိတာနဲ့ ဘေးနားရှိဆရာတော်အား မေးလိုက်ခြင်းပင်ဖြစ်သည်။

“လက်ပွတ်တာဘက်က ဒကာအမျိုးတွေဆီ…ကြွမလို့ပါ…ဒကာကြီး…ဒကာကြီးကရော…”

“တင်ပါ့…တပည့်တော်လဲ…လက်ပွတ်တာဘက်က…အမျိုးတွေဆီ…သွားလည်မလို့ပါ…ဘုရား..”

ဦးလှမောင်လဲ ခုဏက ဆရာတော် ပြုံးလိုက်တာကိုကြည့်ပြီး သိလိုစိတ်က မထိန်းနိုင်တော့သည်မို့။

“အရှင်ဘုရား…ခုဏက..အမျိုးသမီးကို…ကြည့်ပြီးတော့…ပြုံးတော်မူတာကို…တပည့်တော်… တွေ့လိုက်ပါတယ်…ဘုရား…ဘာကြောင့်… ပြုံးရတာပါလဲ…ဘုရား..”

ဆရာတော်မှာ ဦးလှမောင်အမေးကို သဘောကြဟန်ဖြင့်ပြုံးလျှက်။

“..သြော်…ဒါကာကြီးရယ်…ပြုံးဆိုရင်… အခုဒကာမကြီးက…သူ့ခင်ပွန်းတစ်ယောက်ပဲ…. ဆုံးရှုံးခဲ့ရတာ…ဘုန်းကြီး…ပုထုစဥ်ဘဝက… ဆုံးရှုံးမှု့နဲ့စာရင်… မပြောပလောက်သေးပါဘူး…”

ဦးလှမောင် ဘုန်းကြီးရဲ့ အမိန့်စကားကြောင့် ပို၍စိတ်ဝင်စားပြီးနောက် သဘေင်္ာစက်သံကလဲ ကျယ်လောင်သည်မို့ ဘုန်းကြီးအနား တိုးထိုင်ကာ။

“တပည့်တော်ကို…​ပြန်ပြောပြလို့..ရမလားဘုရား…”

ဘုန်းကြီး လွယ်အိတ်ထဲမှ ကွမ်းဗူးလေးထုတ်ကာ ကွမ်းတစ်ယာကို ထုတ်ဝါးရင်း ဧရာဝတီဖြစ်ရေပြင်ကိုကြည့်ကာ။

“ဒကာကြီး…ဒီဧရာဝတီမြစ်ရေဟာ…လှပသလောက်…မာယာများလှပါတယ်… ကြုံခဲ့ရတဲ့.. ဘဝအချိုးအကွေ့တွေနဲ့… ရင်ဆိုင်ခဲ့ရတဲ့… အပူသောကတွေဟာ… သာမာန်လူတစ်ယောက်.. ရူးနှမ်းသွားလောက်ပါရဲ့…”

“…တင်ပါ့ဘုရား…”

“..အင်း..ဘုန်းကြီးရဲ့.. အတိတ်ဇာတ်လမ်းဟာလဲ…ဧရာဝတီနဲ့…ဒီလိုအစပြုခဲ့တယ်… ဒကာကြီး…”

ဟု ဆိုကာ ဆရာတော်မှ သူကြုံခဲ့ရသော ဆို့နင့် ကြေကွဲဖွယ် ဇာတ်လမ်းအား အောက်ပါအတိုင်း ပြောပြပါတော့သည်။

~~~~~~

မနက်ခင်းသည် ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေနုအေးကြောင့် ပို၍ လတ်ဆတ်နေသည်။ ပင်လယ်ကမ်းခြေ ရွာလေးဖြစ်သော လက်ပွတ်တာမြို့နယ်အပိုင် “အုန်းတောရွာ” သည် တံငါအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုရသော တံငါရွာလေးပင် ဖြစ်၏။

“ဟေ့…မှတ်ကြီး…ဝတ်ကောင်းစားလှတွေနဲ့… ဘယ်သွားမလို့လဲကွ….”

ရွာထဲမှ တံငါလုပ်ဖော်ကိုင်ဖက် ကိုအေးနိုင်၏ အမေးကြောင့် မှတ်ကြီး ခြေလှမ်းတို့ရပ်တန့်ကာ။

“ဟာ…ကိုအေးနိုင်…ခင်များကလဲဗျာ…ဒီနေ့… ထွန်းခင်နဲ့ခင်စောတို့… မဂ်လာပွဲ…ရှိတယ်လေဗျာ… ခင်များရော…မလိုက်ဘူးလား…”

မှတ်ကြီးစကားကြောင့် ကိုအေးနိုင် လုပ်လက်စ ငါးဖမ်းပိုက်များကို ပစ်ချပြီး။

“အေး…ဟုတ်သားပဲကွ… မသွားလို့ရမလား… မှတ်ကြီးရယ်… ထွန်းခင်က… အင်မတန်လူမှု့ရေး…သိတတ်တဲ့ကောင်ကွ… အချစ်ဆုံးသူငယ်ချင်းကြီးကို…ဂုဏ်ပြုရမှာပေါ့ကွာ…. ခဏစောင့်…ငါလဲလိုက်မယ်ကွာ…”

ကိုအေးနိုင် အဝတ်အစားများ လဲပြီးနောက် မှတ်ကြီးနဲ့အတူ ကိုထွန်းခင်တို့ မင်္ဂလာပွဲသို့ ချီတတ်ကြပါတော့သည်။

အချိန်အားဖြင့် ၂၀၀၀ ခုနှစ်ထဲမှာ ကိုထွန်းခင်နှင့် မခင်စောတို့ နှစ်ဦးသဘောတူ တောဓလေ့အတိုင်း မဂ်လာဆောင်ခဲ့ကြသည်။ ကိုထွန်းခင်သည် အသက် ၃၂နှစ်ခန့်ရှိပြီး ငယ်စဥ်ကတည်းက မိဘများ မရှိကြတော့ပဲ ဦးလေးနှင့်သာ နေသော မိဘမဲ့လူပျိုကြီး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုထွန်းခင်၏ ရိုးသားမှု့ကြောင့် မခင်စော၏ မိဘများမှာ သဘောကြ၍ ကြည့်ဖြူစွာနဲ့ သူတို့အား လက်ထပ်ပွဲလေး ကျင်းပပေးခဲ့ခြင်ပင် ဖြစ်သည်။

“မိန်းမရေ…”

“….ရှင်…”

စုတ်ပြဲနေသော ပိုက်များကို ဖာရင်းနဲ့ ကိုထွန်းခင် အသစ်ဆက်ဆက် ဇနီးလေးအား ခေါ်လိုက်ခြင်းပင်ဖြစ်၏။

“ဒီနေ့…အကို…ဟိုင်းကြီးဘက်ကို..သွားမလို့… မင်းညနေစာကို…စားနှင့်နော်…ကိုယ့်ကိုမစောင့်နဲ့…ကိုယ်က…မှန်းလို့မရဘူး…အပြန်မိုးချုပ်နိုင်တယ်…စားနှင့်ပါ…ကျမ်းမာရေး..ထိခိုက်နေမယ်…”

မခင်စော နှုတ်ခမ်းစူကာဖြင့်။

“စိတ်မချပါဘူး..ကိုထွန်းရယ်..ကျွန်မလဲ.. လိုက်မယ်လေ..”

ကိုထွန်းခင် ချစ်ဇနီး၏ သိတတ်မှု့ကြောင့် ကျေနပ်ပီတိ ဖြစ်လျှက်။

“မလိုက်ပါနဲ့…မိန်းမရယ်… နေပူပါတယ်ကွာ… ငါ့မိန်းမက..အိမ်မှာလှလှလေးပဲနေ…ဟုတ်ပြီလား…”

ကိုထွန်းခင်တို့ လင်မယား တစ်ဦးနှင့်တစ်ဦး သိပ်ချစ်ကြတာကို အလုပ်သွားဖို့ လာခေါ်တဲ့ ကိုအေးနိုင်နှင့်မှတ်ကြီးတို့ သဘောကြလျှက်။

“…ကဲ…နောက်မှ….ချစ်ကြပါကွာ…အလုပ်က.. အချိန်မမှီပဲနေပါ့မယ်…”

ကိုအေးနိုင် စကားကြောင့် မခင်စော ရှက်ရှက်နှင့် မီးဖိုချောင်ဘက် ပြေးဝင်သွားပါတော့သည်။

“..ကဲ…မိန်းမရေ… ကိုယ်အလုပ်သွားတော့မယ်… ညနေစာကို…စားထားနှင့်နော်…”

ပိုက်များကို ပခုံးပေါ်တင်ကာ လှော်တတ်ကလေးကို လက်မှာကိုင်လျှက် ကိုအေးနိုင်တို့နှင့် ငါးရှာရန် ထွက်ခဲ့ပါတော့သည်။ ကိုထွန်းခင်တို့ လင်မယားမှာ အိမ်ထောင်ကြသည်နှင့် အုန်းတောရွာ၏ ကမ်းခြေ သောင်စပ်နား၌ တဲအိမ်ကလေးဆောက်ကာ နေခဲ့ကြသည်မို့ တဲလေးထဲမှ ပင်လယ်ပြင်သို့ လှမ်း၍ မြင်နေရလေသည်။

~~~~~~

အချိန်များသည် တစ်ရွေ့ရွေ့နဲ့ ကုန်ဆုံးလာလိုက်တာ ကိုထွန်းခင်တို့ လင်မယားမှာ သမီးအကြီး “ချစ်မွှေးခင်”နဲ့ သားအငယ်”ထွန်းလင်း” ဟု၍ သားသမီးနှစ်ဦး ထွန်းကားခဲ့ပါသည်။ အိမ်ထောင်သက်တမ်း တစ်လျှောက် ကိုထွန်းခင်ဟာ ဇနီးနှင့် သားသမီးများအပေါ် တံငါအလုပ်ကို ရှာဖွေကျွေးရင်း အရက်မသောက် ဆေးလိပ်မသောက် ကွမ်းတစ်မျိုးသာ စားတတ်ပြီး ဖခင်ကောင်းတစ်ယောက် လင်ကောင်းတစ်ယောက်အဖြစ် တာဝန်များ ကျေပြွန်ခဲ့ပါသည်။

“..အကို…”

ရေစိုနေသော ပိုက်များကို ကိုထွန်းခင် နေလှန်းနေစဥ် မခင်စော ခေါ်လာသောကြောင့် ထူးလိုက်၏။

“ဒီနှစ်လေ…သမီးကြီးကို… ကျောင်းထားလို့ရပြီတဲ့….”

“ဟေ…ကျောင်းထားလို့ရပြီ..ဟုတ်လား…”

“ဟုတ်တယ်…အကို…”

ကိုထွန်းခင် ခေတ္တမျှ တွေဝေသွားသည်။ မိမိသည် မွေးကတည်းက အဖေအမေဆိုတာ မမြင်ခဲ့ရ၍ ကျောင်းဆိုတာလဲ ဘာမှန်းတောင် မသိခဲ့တာမို့ ကိုထွန်းခင် စာကောင်းကောင်း မတတ်ပါ” ခေတ္တမျှကြာအောင် တွေးနေပြီနောက် ကိုထွန်းခင် ပြုံးလျှက်။

“…ထားရမှာပေါ့…မိန်းမရယ်…ငါ…ငါ့လို… စာမတတ်ပေမတတ်… တံငါသည်ဘဝတော့… ငါ့သားသမီးတွေကို…. အရောက်မခံနိုင်ဘူး…ငါဘယ်လောက်ပဲရှာရပါစေ… ရှာမယ်ဟာ..”

ပြောလဲပြော မျက်ရည်များလဲ ကျလာသော ယောကျ်ားဖြစ်သူ ကိုထွန်းခင်ကိုကြည့်ရင်း မခင်စောပါ မျက်ရည်ကျလျှက် ဤသို့သော ဖခင်ကောင်းအား ပိုင်ဆိုင်ခဲ့ရသည်အတွက် သားသမီးများအစား သူမ ကျေနပ်ပီတီ ဖြစ်မိပါသည်။

မှတ်မှတ်ရရ ထိုနေ့က ၂၀၀၈ခုနှစ် မေလ တစ်ရက်နေ့ပင် ဖြစ်သည်။ မခင်စော ရေဒီယိုမှလာသော မုန်တိုင်း သတင်းကြောင့် စိုးရိမ်စိတ်များဖြင့် အိမ်ရှေ့၌ ငါးခြောက်များ နေလှန်းနေသော ခင်ပွန်းဖြစ်သူ ကိုထွန်းခင်အား လှမ်းခေါ်လိုက်သည်။

“…ကိုထွန်းရေ…ဝေ့ကိုထွန်း…”

“ဘာလဲ…မိန်းမရဲ့…”

မခင်စော ရေဒီယိုကို လက်ညှိုးထိုးကာ။

“မုန်တိုင်း..လာနေတယ်တဲ့…ကိုထွန်းရဲ့..အကိုဒီရက်ထဲ…ငါးဖမ်းမထွက်ပါနဲ့နော်….”

ကိုထွန်းခင် သဘောကြပြီး ရယ်မောကာဖြင့်။

“…ဟား…ဟား…မိန်းမရယ်… တံငါသည်နဲ့မုန်တိုင်းဟာ….သူစိမ်းတွေမှ…မဟုတ်တာကွာ…ခါတိုင်းလဲ…ဒီလိုကြေငြာတာပဲလေ.. နောက်ပြီး…မင်းယောကျော်းက… မွေးကတည်း က…ပင်လယ်ပြင်နဲ့..ဖက်ပြီးတော့…ကြီးလာတဲ့လူပါကွ….”

မခင်စော စိတ်များလေးလံလျှက် ကိုထွန်းခင် အလုပ်မသွားဖို့ကိုသာ အတွင်တွင် ပြောနေမိပါသည်။

“…မသွားပါနဲ့…ကိုထွန်းရယ်…နော်…”

ကိုထွန်းခင်လဲ မိန်းမစိတ်ချမ်းသာအောင် ထိုနေ့က မသွားပဲ နေလိုက်ပါသည်။

(၂၀၀၈ခုနှစ် မေလ ၂ရက်နေ့)

ထိုနေ့က အိမ်မှာ ဝက်သားဟင်းနဲ့ ကိုထွန်းခင်တို့ မိသားစု ဝိုင်းဖွဲ ထမင်းစားခဲ့ပြီး အိပ်ရာဝင်ခဲ့ကြသည်။ ည၇နာရီလောက်ကြတော့ လေက အတော်ကြမ်းလာခဲ့သည်။ ကိုထွန်းခင် မအိပ်ပဲ ရေနွေးတစ်ခွက် ငှဲ့ကာ တံငါသည်ပီပီ ပင်လယ်ပြင်အား လှမ်းကြည့်ကာ မုန်းတိုင်းအခြေအနေကို အကဲခတ်နေပါသည်။ကောင်းကင်တစ်ခုလုံး အမှောင်ကြီးကြလျှက် လေပြင်းများက တဲအိမ်ကလေးကို တစ်ချက်တစ်ချက် ဝင်ဆောင့်တဲ့အခါ တစ်သိမ့်သိမ့် တုန်ခါသွားတတ်၏။

“ကိုထွန်း”

မခင်စောပါ နိုးလာ၍ ကိုထွန်းခင် အနောက်သို့လှည့်ကာ ထူးလိုက်၏။

“ဘာလဲ..မိန်းမရဲ့…”

“မအိပ်သေးဘူးလား…ကိုထွန်းရဲ့…ခါတိုင်းလဲ.. မုန်တိုင်းတွေ…မကြာခဏတိုက်နေတာပဲ… ဘာမှမဖြစ်လောက်ပါဘူး…ကိုထွန်းရဲ့…အိပ်ပါတော့…”

ကိုထွန်းခင် သက်ပြင်းချကာ။

“…မဟုတ်သေးဘူး..မိန်းမ… ငါတွေ့ဖူးသမျှထဲမှာ…ဒီမုန်တိုင်းဟာ…သာမာန်မုန်တိုင်းမျိုး… မဟုတ်ဘူးကွ…အတော်ကြီးမဲ့ပုံပဲ….”

ကလေးနှစ်ယောက်ကတော့ အိပ်ပျော်နေကြပြီး လေပြင်းများက ပို၍ တိုက်ခတ်လာပါတော့သည်။ ကိုထွန်းခင်လဲ မိန်းမဖြစ်သူကို ပြန်အိပ်ရန် ပြောပြီး ထိုင်စောင့် နေခဲ့သည်။ မုန်တိုင်းဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရဖူးသူမို့ သည်တစ်ကြိမ်လဲ ခါတိုင်းလိုပဲ အဆင်ပြေသွားမယ်လို့ မျှော်လင့်ရင်း ကိုထွန်းခင် ကျောဆန့်ကာ တစ်ဖြေးဖြေး ငိုက်မြည်း အိပ်ပျော်သွားပါတော့သည်။ တဲအိမ်ကလေးကတော့ မုန်တိုင်းကြားထဲမှာ လေပြင်းဒဏ်ကို အလူးအလဲ ခံနေရပါတယ်။

ကိုထွန်းခင် မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ရုတ်တရက် ကျောကုန်းကို ရေလာထိတော့မှ လန့်နိုးသွားတော့သည်။

“ဟဲ့…မခင်စော…ထစမ်း…အမြန်ထတော့…ရေတွေတတ်လာပြီကွ…ကလေးတွေနှိုးလိုက်တော့…”

မခင်စော အိပ်ယာမှ အလူးအလဲထပြီး ကလေးများကို နှိုးလိုက်သည်။ ကိုထွန်းခင်တို့အိမ်လေးမှာ ရေလွတ်အောင် ခြေတံရှည် အိမ်လေး ဆောက်လုပ်ထားသော်လဲ ယခုတတ်လာသော မုန်တိုင်း ဒီရေသည် သူတို့အိမ်လေးကြမ်းပြင်သို့ ရောက်လာခဲ့လေပြီ။

“….အား….လုပ်ကြပါဦး….ကယ်ကြပါဦး….”

နားထဲ၌ ကယ်ပါယူပါ တစ်စာစာနှင့် အော်သံများကို ကြားနေရသောကြောင့် ကိုထွန်းခင် တံခါးကို ဆောင့်ကန်ဖွင့်လိုက်တဲ့အခါ လူပင် ပက်လက်လန်ကြအောင် လေပြင်းများက တိုက်ခတ်နေခဲ့ပြီ ဖြစ်၏။

“…ဖေကြီး…သားကြောက်တယ်…အီး… ဟီး…ဟီး..”

သားငယ် ထွန်းလင်းလေး ကြောက်၍ ငိုနေပေပြီ။ ကိုထွန်းခင် ကမ်းနားဘက်သို့ လှမ်းကြည့်တဲ့အခါ ချည်ထားသော လှေလဲ မရှိတော့ပေ ဘယ်နေရာကို ကြည့်ကြည့် အမှောင်ကြီးစိုးလျှက် လှိုင်းလုံးကြီးများမှာ ​၁၀ပေအထက်ခန့်မျှ ရှိနိုင်ပြီး ကိုထွန်းခင်တို့ တဲအိမ်လေးကို ရိုတ်နှက်ဖျက်စီးနေပါတော့သည်။

“…မိန်းမ…လာ….အကိုလက်ကိုကိုင်ထား…ဘုန်းကြီးကျောင်းကို…သွားကြမယ်…”

ကိုထွန်းခင် ကလေးနှစ်ယောက်ကို လက်မှာဆွဲရင်း ထိုသို့ပြောသောအခါ မခင်စောမှာ မျက်ရည်များဖြင့်။

“မဟုတ်တာ…ကိုထွန်းရယ်….ကျွန်မနဲ့..ကလေးနှစ်ယောက်ကို တစ်ပါတည်းခေါ်ရင်…အားလုံး.. သေကုန်မှာပေါ့….ကလေးနှစ်ယောက်ကို… အရင်ပို့နော်…”

ကိုထွန်းခင် ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက်။

“ကဲဒါဆိုလဲ…မိန်းခဏနေခဲ့…အကို..ကလေးနှစ်ယောက်ကို…အရင်သွားပို့မယ်နော်… မိန်းမခဏပဲစောင့်….အကိုချက်ခြင်းပြန်လာခဲ့မယ်…ခဏလေးပဲနော်”

ထိုသို့သာ ပြောနေခဲ့ပေမဲ့ ကိုထွန်းခင်မှာလဲ မျက်ရည်များနဲ့ပါ။

ကိုထွန်းခင် ကလေးနှစ်ယောက်ကို ငါးဖမ်းပိုက်မှာ အသုံးပြုသော ဖော့သီးများဖြင့်ချည်ကာ အိမ်အောက်သို့ ဆင်းသောအခါ ရေများက လူတစ်ရပ်ပင် မမှီတော့ပေ တံငါသည်မို့ ရေကူး ကျွမ်းကျင်သူဖြစ်ပေမဲ့ လှိုင်းတံပိုးများကြား မြုပ်ချည်ပေါ်ချည်နဲ့ ကူးခတ်ရင်း ကံကောင်းစွာနဲ့ ဘုန်းကြီးကျောင်းနားသို့ ရောက်လာခဲ့ပါတော့သည်။

ဘုန်ကြီးကျောင်းသည် ကုန်းမြင့်ပေါ်မှာ တည်ရှိသောကြောင့် ရေများက တော်တော်နှင့် မရောက်နိုင်ပေ။ ကိုထွန်းခင် အားစိုက်ကာ ကူးခတ်သွားရင်း ကုန်းမြေကို နင်းမိသည်နှင့် ဘုန်းကြီးကျောင်းမှာ ရွာသားတစ်ချို့လဲ ရောက်နေတာကို ဆိုလာမီးမှိန်မှိန်အောက်မှာ မြင်လိုက်ရသည်။ ကလေးများကို ရွာသားများထံ အမြန်အပ်နှံပြီး မိန်းမဖြစ်သူ မခင်စောဆီသို့ ကိုထွန်းခင် ဖော့သီးများ ကပ်တွယ်ချည်နှောင်ကာ အမြန်ပြန်ကူးခဲ့လေသည်။

အိမ်တွေ အကုန်နီးပါး ရေများဖြင့် ဖုံးလွှမ်းနေပြီး လေတိုက်သံသည် ဂျက်လေယာဥ် နားဝမှာ ကပ်ပျံသည့်အလားပင်။ သစ်ပင်ကြီးများ ကျိုးကျသံ လူတစ်ချို့ရဲ့ မပီပြင် ဝိုးတဝါးဖြင့် အော်ဟစ် အကူအညီ တောင်းခံသံတွေကိုလဲ ငရဲတမျှ တစ်ခါတစ်ခါ ကြားနေရပါသည်။ ကိုထွန်းခင် မြုပ်ရင်းပေါ်ရင်းနဲ့ အားစိုက်ပြီး ကူးခတ်လာသောကြောင့် မကြာမီမှာ ကိုထွန်းခင်တို့ အိမ်နေရာသို့ ရောက်ရှိခဲ့ပါတော့သည်။

“…မိန်းမရေ…မခင်စော…”

ကိုထွန်းခင်တို့အိမ်လေး မရှိတော့ပေ လှိုင်းလုံးကြိီးများအောက် ရောက်သွားခဲ့ပြီ ထင်ပါရဲ့။ ကိုထွန်းခင် တကြော်ကြော် အော်ခေါ်ပါသော်လဲ မ ခင်စောတစ်ယောက် အစအနပင် ရှာမတွေ့တော့ပါ။

“…မိန်းမရေ…မိန်းမ….အီး….ဟီး…..ဟီး…”

ပတ်ဝန်းကျင်တစ်ခုလုံး ငရဲသို့ ရောက်နေသည့် အလား ရုတ်တရက် လှိုင်းတံပိုးတစ်ခုသည် ကိုထွန်းခင်အား ရိုတ်နှက်လိုက်သည့်အတွက် လွင့်စင်ထွက်သွားပြီး ရေပေါ်သို့အနည်းငယ်မျှ ပေါ်နေသော အုန်းပင်အဖျားနှင့် ခပ်ပြင်းပြင်း ရိုတ်မိသွား၍ ကိုထွန်းခင်၏ ငိုသံသည်လဲ ပြင်းထန်သော မုန်တိုင်းကြားမှာ တိုးဝင်ပျောက်ကွယ် သွားပါတော့သည်။

ကိုထွန်းခင် အသိစိတ်ထဲ၌ စူးရှနာကျင်သော ဝေဒနာကို ခံစားရသောကြောင့် မျက်လုံးကို အသာဖွင့်ကြည့်မိသည်။

“….ဟင်…”

ကိုထွန်းခင် အုန်းပင်အဖျား၌ သူ၏ ခန္ဓာကိုယ်မှာ ပတ်ထားသော ဖော့ကြိုးများနှင့်ငြိကာ တင်နေခဲ့ခြင်းပင်ဖြစ်သည်။ ပတ်ဝန်းကျင်မှာတော့ မနက်မိုးလင်းပြီ ဆိုပေမဲ့ လေပြင်းများက တိုက်ခတ်နေစဲ ရွာဘက်သို့ ကြည့်လိုက်တဲ့အခါ သူနေတဲ့ရွာလေးလဲ ရေအောက် ရောက်သွားခဲ့ပါပြီ။ခန္ဓာကိုယ်တစ်ခုလုံးလဲ အေးစက်နေပြီး တောင့်သွားမတတ်ပင်။

“….အား….သ…သမီး…နဲ့….သား…သားငယ်လေး…”

ညကအဖြစ်အပျက်များကို ပြန်တွေးရင်း အရူးတစ်ယောက်သဖွယ် မျက်ရည်များဖြင့် ညက သမီးကြီးနဲ့ သားငယ်ကို အသက်လုကာ ပို့ထားသော ဘုန်းကြီးကျောင်းမှာလဲ မရှိတော့ပေ။ အရာအားလုံးသည် ရေများဖုံးလွှမ်းလျှက် လေပြင်းများက ညကလောက်တော့ မတိုက်ခတ်တော့ပေ။ရေလဲ အနည်းငယ်ပြန်ကြသွားပြီဖြစ်လို့ ကိုထွန်းခင် အောက်သို့ဆင်းကာ အသဲအသန် လိုက်ရှာခဲ့ပေမဲ့ မည်သူကိုမှ သူမတွေ့ရတော့ပါ။နောက်ဆုံး ကိုထွန်းခင် သိလိုက်ရသည်က သူတို့ရွာလေးမှာ အသက်ရှင်ကျန်သူဟာ ကိုထွန်းခင်အပါအဝင် လူ၈ယောက်ပဲ ရှိတော့တယ် ဆိုတာပါပဲ။

“အကို…အနာတွေ….ဆေးထည့်မယ်နော်…”

ကိုထွန်းခင် သတိလစ်နေတုန်းက အုန်းပင်မှ အုန်လက်များနှင့် ပွတ်တိုက်ခြစ်မိထားသည့် အနာများမှာ ညိုမည်းလျှက်။ကယ်ဆယ်ရေး ပရဟိတအဖွဲ့များ ရောက်လာပြီး ဆရာမလေးက ဆေးထည့်ဖို့ ပြောပေမဲ့ ကိုထွန်းခင် ဘာမှမပြောနိုင်တော့ပဲ ငူငူကြီးဖြစ်ကာ မျက်ရည်များသာ ကျလျှက် အသိုင်းအဝိုင်းမရှိ မိဘမဲ့သော ကိုထွန်းခင်မှာ သူ၏ ခင်တွယ်ရာ အသိုက်အမြုံလေး ပျက်သုန်းခဲ့ရသည့် ထို့နေ့ညကို သူနာကျည်းနေမှာ သေချာပါသည်။ သူရဲ့ဆုံးရှုံးမှု့မျိုးဟာ သာမာန်လူတစ်ယောက် အတွက်တော့ သည်းခြေပျက် ရူးနမ်းသွားလောက်ပါရဲ့။

သူထင်မှတ်မထားသော နာဂစ်မုန်တိုင်းကြီးဟာ တစ်နာရီကို မိုင်၁၃၀ကျော် တိုက်ခတ်ခဲ့ပြီး ရေလှိုင်းအမြင့် ၁၂ပေခန့်ရှိကာ လူပေါင်း နှစ်သိန်းနီးပါးကို သေကြေပျက်စီးစေပြီး ကမ္ဘာ့ဘေးအန္တရာယ်ဆိုး သမိုင်းများထဲတွင် နံပတ်(၈)အဖြစ် မှတ်တမ်းဝင်ခဲ့သည်။သူနေထိုင်ခဲ့သည့် လက်ပွတ်တာမြို့နယ် တစ်ခုထဲပင်လျှင် လူဦးရေ ရှစ်သောင်းကျာ် သေဆုံးခဲ့ရပြီး အသိုက်အမြုံ များစွာကိုလဲ ဖြိုလှဲဖျက်ဆီးသွားခဲ့ပါသည်။
(စာရေးသူ ကျွန်တော် လေလွင့်လူ(တွံတေး) သည်ပင်လျှင် ငှင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပစ္စည်းများ တစ်ခုမှပြန်မရအောင် ဆုံးရှုံးပျက်စီးခဲ့ရတဲ့ အထဲမှာ ပါခဲ့ပါသည်)

မုန်တိုင်းကြီး ပြီးသွားသောအခါ ကိုထွန်းခင် ဒီရွာလေးမှာပဲနေပြီး အရက်များ အလွန်အကျွံသောက်ရင်း မူးလာရင် သူတို့နေခဲ့သော သောင်စပ်နားကိုသွားပြီး မခင်စောအား အော်ခေါ်နေတတ်ပါသည်။ တစ်ခြားမှ ပြောင်းလာသော တံငါသည်တွေဟာလဲ ငါးရှာပြီး ကမ်းသို့ပြန်တဲ့အခါ အမျိုးသမီးတစ်ယောက် သောင်စပ်အနားမှာ ကလေးနှစ်ယောက်ကို လက်မှာဆွဲလျှက်။

“ကိုထွန်းရေ….ဝေ့…ကိုထွန်း…”

ဟု တစ်ကြော်ကြော် ခေါ်နေတာကို မြင်ရကြားရသည်ဟု ​တစ်ယောက်တစ်မျိုး ပြောကြပါသည်။

ကိုထွန်းခင်လဲ ရွာပျက်မှာ ၃နှစ်ခန့် အရက်များ အလွန်အကျွံသောက်နေခဲ့ပြီး ရွာသို့ သာသနာလာပြုတဲ့ ဆရာတော်တစ်ပါးနှင့်တွေ့ကာမှ အကျွတ်တရားရကာ သာသနာ့ဘောင်သို့ အပြီးတိုင် ဝင်ခဲ့သည်မှာ ယနေ့အချိန်ထိပါပဲ။

~~~~~~

အတော်ကြာကြာ စကားပြောခဲ့တာကြောင့် ဆရာတော် မောသွားဟန်ရှိပါတယ် ရေတစ်ခွက်ကို ရေသန့်ဗူးထဲမှ ငှဲ့သောက်လိုက်ပြီး။

“….အဖြစ်အပျက်ကတော့…အဲ့ဒါပါပဲ…ဒကာကြီး… ဘုန်းကြီးရဲ့…ပုထုစဥ်နာမည်က…
“ထွန်းခင်”လို့…ခေါ်ပါတယ်…”

ဦးလှမောင်လဲ ဘယ်အချိန်ထဲက ကျနေမှန်းမသိသော မျက်ရည်စတို့ကို တဘက်ဖြင့် သုပ်လိုက်ရင်း။

“ကြောက်စရာ…ကောင်းလောက်အောင်… အရှင်ဘုရားရဲ့….အပူမီးတွေဟာ…ကြီးမားလှပါတယ်….”

ဆရာတော် ပြုံးလျှက်ဖြင့်။

“…မြတ်စွာဘုရား…လက်ထက်တုန်းက…
“ပဒါစာရီ”ကိုကြည့်ပါ…ဒကာကြီး…လင်ဖြစ်သူ.. “ကိုဒါဿ”က… မြွေဆိုးကိုက်လို့သေ… သားအငယ်ကို…သိန်းစွန်ချီ…သားအကြီးက..ရေထဲမြောပါသွား…မိဘတွေက… မီးသင့်လို့သေကြရတယ်…မဟုတ်လား…ဘုန်းကြီးရဲ့….အပူသောကဟာ…သူနဲ့ယှဥ်လိုက်ရင်… မပြောပလောက်ပါဘူး…ဒကာကြီး..”

ဆရာတော် ​မိန့်တော့မှ ဘုရားရှင်လက်ထက်တော်က ပဒါစာရီ သူဌေးသမီးအကြောင်းကို ဦးလှမောင် အမှတ်ရသွားမိသည်။

“တင်ပါ့….ဘုရား…”

“…အင်း…သူဆိုရင်…ရှိရှိသမျှ… အရာအားလုံး… ဆုံးရှုံးလို့…ရူးနှမ်းသွားတဲ့အထိပဲ…မဟုတ်လား…”

“…မှန်လှပါ…ဘုရား…”

“…ဘုန်ကြီးပြောချင်တာကတော့…လောကမှာ… ငါတစ်ယောက်ထဲ…အပူမီးဝိုင်းတယ်… ငါတစ်ယောက်ထဲ…ဒုက္ခတွေများတယ်…ငါတစ်ယောက်ထဲ… သောကတွေများနေတယ်လို့… မထင်လိုက်ပါနဲ့….မမှတ်ယူကြပါနဲ့… အပူဆိုတာ… လူတိုင်းမှာရှိပါတယ်… ဖြစ်တည်လာသမျှဟာ.. တစ်ချိန်မှာ… ပျက်စီးကြရမယ်… ပျောက်ကွယ်သွားရမှာပါပဲ…လောကအမှောင်မိုက်ရဲ့… ချုပ်ရာ ငြိမ်းရာ…သိမ်းရာဖြစ်တဲ့…မြတ်နိဗ္ဗာန်ကို… မရောက်မခြင်းကတော့… အပူသောကဆိုတာ… ရှိနေမှာပါပဲ…”

“တင်ပါ့ဘုရား..”

ဦးလှမောင် ဆရာတော်မိန့်သော သံဝေဂ စကားကို ကြားရပြီး အနည်းမျှ အေးချမ်းစပြုလာပါပြီ။ ဆရာတော် မိန့်သည့် စကားသည် အမှန်ပင်ဖြစ်၏။ လူတွေဟာ အခက်အခဲတွေ ပြသနာတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ။

ငါတစ်ယောက်ထဲ ခက်ခဲနေတယ်။
ငါတစ်ယောက်ထဲ ဒုက္ခရောက်နေတယ်။
ငါတစ်ယောက်ထဲ အပူမီးဝိုင်းရတယ်။လို့
တွေးထင်ပြီး လောင်သည်ထက် ပိုလောင်ကျွမ်းကြရပါတယ်။ အခုတော့ ဦးလှမောင် ငြိမ်းချမ်းတဲ့ အသိပညာတွေကို ဆရာတော်ဘုရားစီက.. ရလိုက်တဲ့အတွက် အထူးပင်ဝမ်းမြောက်ခါ ဆရာတော်အား ဦးခိုက်ကန်တော့ရင်း သဘေင်္ာကြီးလဲ ဆိုက်ကပ်ပြီဖြစ်လို့ ဆရာတော်နှင့် လမ်းခွဲခဲ့ကြပါတော့သည်။

ပြီးပါပြီ။

မှတ်ချက်။ ။ စည်းကမ်းအရ ရွာနာမည်နှင့် လူနာမည်များကို အမည်လွှဲထားပါသည်။ ဦးလှမောင်ဆိုသော ခရီးသွားသည် စာရေးသူနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေဖြစ်တာမို့ သူပြန်ပြောပြသည့် ဖြစ်ရပ်မှန် အကြောင်းအရာအား ပြန်လည်ရေးသား တင်ဆက်လိုက်ရပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။

လေလွင့်လူ(တွံတေး)
စာပြီးချိန် – 22.11.2023: 7:42am✍️