ရွာသူ မဝင်ရ

ရွာသူ မဝင်ရ “”
****************
( အဟောင်းလေးပါ၊ မဖတ်ရသေးရင်တော့အသစ်ပေါ့နော့် 😍😁)
{ စ/ ဆုံး }
*** *** *** *** *** *** *** *** *** *** ***
” ကျီးမကန် ” လို့ခေါ်တဲ့ ရွာသို့၊ ရပ်ကွက်ကျောင်း ဆရာ
တော်နဲ့ အတူ ဓမ္မစကူးလ်ပြရန်အတွက် ရောက်ရှိခဲ့စဉ်ကပေါ့။
ပုံမှန်ဆို ရပ်ကွက်ကျောင်း ဆရာတော်က ဝေးကွာလွန်းလှတဲ့ ရွာတွေကို ဓမ္မစကူးလ် သင်တန်းပြ သွားတိုင်း၊
ကျွန်တော်ရယ်၊ ဆရာလင်းညို ( အလင်္ကာလင်းညို ) ရယ်၊
ကျောင်းဆရာလင်းထက်ရယ် ၊ လိုက်ပါလေ့ရှိတယ်။
ဒါမေ့ ဒီတစ်ခါတော့ ကျောင်းဆရာလင်းထက်
အလုပ်မအား၍ သူ မလိုက်နိုင်တာကြောင်း ဆရာတပည့် သုံးယောက်ပဲ ခရီးထွက်ခဲ့ကြတယ်ပေါ့ဗျာ။။
တစ်ချို့ တစ်ချို့ ရွာတွေမှာဆို အချိန်က တစ်လ သို့မဟုတ်
နှစ်လ အထိကြာမြင့်တတ်ပါတယ်။
ကိုယ်ဒွေကတော့ အကူဆိုပါတော့။
ရွာတွေမှာ ဓမ္မစကူးလ်ပြ၊ ကြာလာတော့ အဲရွာက ကလေး
တွေနဲ့ သံယောဇဉ်တွေဖြစ်၊
ပြန်ကာနီး သူတို့က လိုက်ပို့ရင်း ငိုခဲ့ရတဲ့ အကြိမ်တွေလည်း
မနည်းတော့ပါဘူး။
ထားပါတော့။
ခု ကျွန်တော်တို့ ရောက်နေတာက ” ကျီးမကန်” လို့ခေါ်တဲ့
အိမ်ခြေ ၁၀၀ ကျော်သာသာပဲရှိတဲ့ ရွာကလေးသို့ဗျ။
ရွာအဝင် အရှေ့အခြမ်းက လွဲရင် ဘေးပတ်ပတ်လည်
တောတန်းတောင်တန်းတွေဝိုင်းလို့ဗျ။
အေးစိမ့်ပြီး မြူထူထပ်တဲ့ နေရာတစ်ခုပေါ့ဗျာ။
ရွာကတော့ အဝေးက ကြည့်လိုက်ရင် လက်ရာမြောက်ပြီး
ဆေးရောင်စုံခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
ဒါမေ့ ရွာထဲဝင်လိုက်တော့ ကျောထဲစိမ့်တတ်သွားရောဗျို့။
ရွာထဲရောက်ရောက်ချင်းပဲ ကျွန်တော်တို့ တွေ့မြင်လိုက်
သည်က ရွာအဝင်ဝ မှာ ချိတ်ဆွဲထားတဲ့၊
” ရွာသူ မဝင်ရ ” ဟူသော သစ်သားပြားကလေးကိုပင်
တည်း။
” ထူးမြတ်၊ ဒီရွာမှာ တစ်ခုခုတော့ ထူးဆန်းနေတယ်ကွ၊
မင်းအတွက် ဇာတ်လမ်းတစ်ပုဒ်ရနိုင်တယ်” ဆိုပြီး၊
ဆရာလင်းညို ( အလင်္ကာလင်းညို ) က
ကျွန်တော့်နားကို ကပ်ပြီး တိုးတိုးကလေးပြောတယ်ဗျ။
” ဟုတ်လောက်မယ်ဆရာ၊ ဒီရွာထဲ ဝင်ကတည်းက
ကျွန်တော့်ကျော စိမ့်တတ်သွားတာဗျ၊
ပြီးတော့ …
” ရွာသူ မဝင်ရ ” ဆိုတဲ့ သစ်သားပြားလေးကလည်း
တစ်မျိုးပဲ၊
ဟူး ဟူးးးးး ပြောရင်း ကြက်သီးပါထတယ် ”
ကျွန်တော်ထိုသို့ ပြောလိုက်တော့ ဆရာလင်းညို သဘော
ကျသွား၍ပြုံးလိုက်တော့၏။
***** **** ******
ည ရောက်တော့ ရွာမှ လူကြီး တစ်ချို့ ရောက်လာကြပြီး၊
ကျွန်တော်တို့ ဆရာတော်ရယ် ကိျီးမကန် ဆရာတော်ရယ်
စကားဝိုင်းဖွဲ့ ကြပါတော့တယ်။
ကျွန်တော်နဲ့ ဆရာလင်းညို ကတော့ ကျောင်းသားတွေနေတဲ့ အဆောင်မှာ အနားယူနေကြတာပေါ့။
အဲ ရွာက အရွယ်တူ ကျောင်းသားတွေနဲ့ စကားဝိုင်းဖွဲ့
နေကြတာပေါ့ဗျာ။
ပြောရအုန်းမယ်။
ကျွန်တော်တို့နေတဲ့အဆောင်နဲ့ သုဿာန်နဲ့ နီးနီးလေးပဲဗျို့။
သံဆူးတွေနဲ့ကာထားတဲ့ ခြံလေးပဲခြားတာ။
ဒါပေမဲ့ သုဿာန် ဆိုတိုင်း အထင်မသေးနဲ့ဗျို့။
မထင်မှတ်လောက်အောင် သပ်ရပ်တာဗျ၊ ဂူသေး
သေးလေးတွေကလည်း အကုန်လုံးပုံစံတူချည်းပဲ၊
ကြည့်ရတာ ကြောက်စရာတောင်မကောင်းဘူးဗျ။
သုဿာန်ပေမယ့် တစ်မျိုးကြည့်ကောင်းနေပြန်ရော။
********* ****** ****** ***** ********
ပြဿနာက သန်းခေါင်ယံလောက်မှာ စတာဗျ။
အကုန်လုံး အိပ်မောကျနေတုန်း
” ဒုန်း ၊ ဒုန်း ၊ ဒုန်း ”
“ဝုန်း၊ ဝုန်း ” မြည်သံတွေဆက်တိုက် ထွက်ပေါ်လာပါ
လေရော။
ပြောရရင် သွပ်မိုးပေါ်မှာ တစ်စုံတစ်ယောက် ပြေးလွှားနေသလိုပေါ့ဗျာ။
ပြီးတော့ ကျွန်တော် တို့ အိပ်တဲ့ အဆောင်ရဲ့ ပြူတင်းတွေလည်း လေမတိုက်ပဲ ဖွင့် ချည် ပိတ်ချည် မြည်တော့တာဗျို့။
ကျွန်တော်တို့လည်း မအိပ်ရဲတော့ပဲ ထ ထိုင်နေကြတယ်။
အဲမှာ ကျုပ်တို့ထက် အသက်နည်းနည်းကြီးတဲ့
ကျောင်းသားတစ်ယောက်က
” ဘာတုန်းဟ၊ ဘာဖြစ်တာတုန်း၊ ငလျှင်လှုပ်တာလား၊
ဒီအသံက ခဲကျတဲ့အသံလည်းမဟုတ်ဘူး၊
ဘုန်းကြီးကျောင်းကိုကော ဘယ်ကလေကဝ က ခဲနဲ့ပစ်မှာတုန်း” ဟု
ညဉ်းနေတော့တာပဲ။
ပထမတော့ ကျွန်တော်တို့ အဆောင်တစ်ဆောင်ပဲ ဒီလို
ဖြစ်တယ်ထင်နေတာ၊
ဘယ်ဟုတ်မလဲဗျ၊
တစ်ရွာလုံးနီးပါး ဒီလိုဖြစ်မှန်း မနက်ရောက်မှ သိရတာဗျို့။
******* ****** ********* ****
မနက်ရောက်တော့ ဘုန်းကြီးကျောင်း ဝင်းထဲ လူတွေ
ပြည့်နေပါလေရော။
ကျွန်တော်တို့လည်း လူအုပ်နားသွားပြီး ဘာဖြစ်တာလဲ
နားစွင့်ရတေ့ာတာပေါ့။
” သူကြီး၊ တစ်ခုခု လုပ်အုန်းဗျာ၊ ဒီတိုင်း ဆက်ဖြစ်လာရင် ရွာအတွက် မကောင်းဘူး၊
သူကြီး တစ်ခုခု လုပ်မှ ဖြစ်တော့မယ်”
အသက်ခပ်ကြီးကြီး လူတစ်ယောက်က ထိုသို့ အော်ပြောလိုက်တော့ ကျန်တဲ့သူတွေကလည်း
” ဟုတ်တယ်၊ ဟုတ်တယ် ” ဆိုပြီး ထောက်ခံကြတယ်ဗျ။
” နေပါအုန်း၊ ညွန့်မောင် ရယ်၊ ကျုပ် စဉ်းစားပါရစေအုန်း၊
ဒီလို မဖြစ်တာတောင် တော်တော်လည်းကြာပြီ၊
ခုမှကောက်ကာငင်ကာ ထဖြစ်တယ်တယ်ဆိုတော့၊
ဘယ် ကောင်တွေ လက်ကမြင်းလိုက်တာတုန်း၊
မှန်မှန်ပြောကြနော်၊ အေး၊ ကိုယ့်အပြစ်ကိုယ်
ဝန်မခံပဲနေကြည့် ငါ သိရတဲ့တစ်နေ့တော့ မသက်သာဘူးဆိုတာ မှတ်ထားကြ”
သူကြီး ရဲ့ သြဇာအာဏာအသံအောက်မှာ မည်သူကမျှ
ခေါင်းမဖောရဲပေ။
” ဟေ့၊ နေကြစမ်းပါအုန်း၊ ဘာဖြစ်တာလဲဆိုတာ
အကြောင်းစုံသိရရင် ကျုပ်တပည့် ကူညီနိုင်ပါလိမ့်မယ်”
ရုတ်တရတ် ကျွန်တော်တို့ရဲ့ ဆရာတော်ဘုရား
မိန့်လိုက်သော စကားကြောင့် အကုန်လုံးရဲ့ အကြည့်က ဆရာတော့်ဆီသို့ ဦးတည်လိုက်ကြတော့၏။
” ဆရာတော်ဘုရား၊ ဆရာတော်ဘုရား ရဲ့တပည့်တွေက ကူညီ နိုင်ရင်တော့ ကောင်းတာပေါ့ဘုရား”
” အင်း၊ ဟောဒီက ကျုပ်တပည့်ကြီးက အဲလိုကိစ္စတွေမှာ တဖက်ကမ်းခတ်ပဲကွဲ့၊ အဲအတွက် အကြောင်းစုံကို သိရဖို့တော့ လိုလိမ့်မယ်ကွဲ့”
ဆရာတော်ဘုရားမှ ဆရာလင်းညိုအား ညွှန်ပြမိန့်ဆိုတော် မူလိုက်၏။
” တင်ပါ့ဘုရား၊ အရှင်ဘုရား ရဲ့ တပည့်ကြီးက
ကူညီနိုင်ရင်တော့အတိုင်းမသိ ဝမ်းသာစရာပေါ့ဘုရား၊ အဲဒီအတွက်လည်း တပည့်တော်
ဖက်က အကြောင်း စုံလျောက်ထားပါ့မယ် ဘုရား ”
” အိမ်း၊ ဟုတ်ပြီကွဲ့၊ ဟုတ်ပြီ”
” ဒီလိုပါဘုရား၊ တပည့်တော်တို့ရဲ့ အဘိုးအဘွားတွေစကားအရ
တစ်ဆင့်စကား ကြားဖူးသည်က ……
သည်ရွာကို ရွာစတည်တုန်းက ရွာသူ မိညို ဆိုပြီး
ရွာသူတစ်ယောက်ရှိခဲ့တယ်တဲ့ဘုရား၊
အဲရွာသူက လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေလေ့ရှိသလို၊
ဘယ်သူ့ကိုမှလဲ ဒုက္ခမပေးပါဘူးတဲ့ဘုရား။
ဒါပေမဲ့ တောပုန်းဓားပြတွေ သောင်းကျန်းတဲ့
ခေတ်ဆိုတော့ တစ်နေ့ ရွာသူမိညို ယာခင်းထဲက အပြန်မှာ အသတ်ခံလိုက်ရတာတဲ့ ဘုရား၊
ပုံမှန်ဆို မိညို ကို သတ်ဖို့မပြောနဲ့ အနားတောင် ဘယ်သူမှ ကပ်ရဲတာ မဟုတ်ဘူးတဲ့ဘုရား၊
ဒါပေမဲ့ အဲဒီနေ့က ဓားပြတွေက ရုတ်တရက် ပလိန်းကြီး
ဝင်ရောက်ပြီး သတ်ပစ်ခဲ့တော့ မိညိုခမျာ ကိုယ့်ကိုကိုယ် ကာကွယ်ချိန်တောင်မရလိုက်ဘူးပေါ့၊
ရွာသူမိညိုက ဘိုးဘွားအစဉ်အဆက် ချမ်းသာခဲ့တာတဲ့
ဘုရား၊ သူမရဲ့လက်ထက်တုန်းလဲ ချမ်းသာတုန်းပါတဲ့။
ပြီးတော့ ဘယ်လောက်ပဲချမ်းသာပါစေ ယာခင်းစိုက်တာ
ကိုတော့ မပျက်စေဘူးတဲ့ဘုရား။
ရွာသူမိညိုလည်း အမြဲတမ်း ရွှေတွဲလွဲငွေတွဲလွဲနဲ့ဘုရား။
မိညို အသတ်ခံရတဲ့နေ့ကလည်း အလောင်းကို ရွာသား
တွေတွေ့တော့ နားတွေအဖြတ်ခံထားရတာတွေ့ရသလို၊
လက်ချောင်းအနည်းငယ်လည်းအဖြတ်ခံထားရတာတဲ့
ဘုရား၊
ပြောရရင် ရွှေတွေကြောင့် အသတ်ခံလိုက်ရတာပေါ့ ဘုရား၊
ရွာသူမိညို သေတော့ ခြောက်လိုက်တဲ့ သရဲ၊
ရွာပျက်လုနီးပါး ဖြစ်သွားတယ်တဲ့ ဘုရား၊
တစ်ချို့လူတွေဆို ရွာပြောင်းလိုပြောင်း နဲ့ ဖြစ်သွားကြတာတဲ့ ဘုရား၊
ဘာသာရေးနဲ့လည်း မနိုင်၊ ဟိုလိုလုပ်လည်းမရ၊
ဒီလိုလုပ်လည်းမရနဲ့
ရွာကလူတွေ တော်တော်လည်း အခတ်တွေ့နေတာပေါ့။
မိညို နေခဲ့တဲ့ အိမ်ကလည်း ဘယ်သူမှ ခြံဝင်းထဲ
မဝင်ရဲတော့ဒီအတိုင်းရှိနေတာပေါ့ ဘုရား၊
အဲဒါနဲ့ပဲ တစ်နေ့တော့ ဒေသစာရီ ကြွချီလာတဲ့
ရဟန်းတော်တစ်ပါးက တပည့်တော်တို့ ရွာမှာ တစ်ညတာတည်းခိုရင်း ရွာသူမိညို အကြောင်းကိုသိသွားတော့၊
ဟိုက ဘုရားရင်ပြင်မှာ တစ်ညလုံး တရားထိုင်နေတော့တာပဲတဲ့ဘုရား”
ကျီးမကန် ရွာသူကြီးက မနီးမဝေးမှာရှိတဲ့ ဘုရားကို ညွှန်ပြရင်းပြောတယ်ဗျ။
ကျန်နော် တို့ အားလုံး လှည့်ကြည့်ကြတာပေါ့ဗျာ။
” အဘယရက္ခိတ စံတော်မူဘုရားကြီး ” ဆိုပြီး
ကျောင်းဆောင်ရဲ့
မုခ်ဝမှာ ရေးထားတာကို တွေ့လိုက်ရတယ်ဗျ။
ဆင်းတုတော်ကတော့ ထိုင်တော်မူပါပဲ။
သွန်းစက်တော်ပါ။
သူကြီးက ဆက်ပြီးပြောတယ်ဗျ။
” အဲဒီရဟန်းတော်က တစ်ညလုံးတရားထိုင်တော်မူပြီး၊
အရုဏ်မတတ်မီမှာပဲ တရားထိုင်ရာမှ ထတော်မူပါတယ်တဲ့ ဘုရား၊
ပြီးတာနဲ့ ရွာက လူကြီးတစ်ချို့ကို ခေါ်ပြီး၊ သစ်သားပြားပေါ်မှာ
” ရွာသူ မဝင်ရ ” ဆိုတဲ့ စာတန်းလေးကို ရေးဆွဲတော်မူကာ၊
အဲဒီရဟန်းတော် ကိုယ်တိုက်ပဲ အဲဒီနေရာမှာ ချိတ်ဆွဲထားခဲ့တာပါတဲ့ဘုရား၊
ပြီးတော့ ရဟန်းတော်က ရွာကလူကြီးတွေကို
” ဘယ်လို အကြောင်းနဲ့မှ အဲဒီသစ်သားပြားလေးကို
မပျက်စီးစေနဲ့ ” ဟု မိန့်မှာတော်မူကာ၊
ကျီးမကန် ရွာမှ အရှေ့စူးစူးသို့ ကြွသွားသတဲ့ဘုရား၊
အဲဒီ ရဟန်းတော်က ဘာလုပ်လိုက်တယ် မသိပေမဲ့၊ အဲဒီကတည်းက သရဲခြောက်တာတွေလည်း မရှိတော့ပဲ၊
ရွာလည်း အရင်လို ပြန်ဖြစ်သွားတာပေါ့ ဘုရား၊
ဒီတော့မှ ရွာသားတွေကလည်း ရွာသူမိညို ရဲ့ အိမ်ကို
ဖျတ်ပြီး၊
သူမလည်း ကုသိုလ်ရအောင် ၊ ပစ္စည်းပစ္စယတွေလည်း
အလဟဿမဖြစ်ရအောင်အတွက် ရွာသူမိညို ရဲ့ အိမ်က ရတဲ့ ပစ္စည်းတွေနဲ့
သုဿာန်မှာ ဇရပ်ဆောက်လိုက်ကြတာတဲ့ဘုရား ၊
တပည့်တော် သိသလောက်က ဒီလောက်ပါပဲ ဘုရား ”
” အိမ်း၊ ဟုတ်ပါပြီ၊
အော်၊ ဒါနဲ့ သူကြီး၊ ” ရွာသူ မဝင်ရ” ဆိုတဲ့
သစ်သားပြားလေးက ခု ဘာဖြစ်သွားလို့တုန်း ”
ကျနော်တို့ရဲ့ ဆရာတော်က မိန့်တာဗျ။
” တင်ပါ့ဘုရား၊ ညနေ ရွာမှာ ရုန်းရန်းဆန်ခတ်ဖြစ်တာ
ကြောင့် စောနကပဲ တပည့်တော်သွားကြည့်တော့
သစ်သားပြားက ကျိုးပဲ့နေလို့ပါဘုရား ”
ထိုအခိုက် လူအုပ်ကြားမှ ကျနော့်အရွယ်
ကောင်လေးနှစ်ယောက်
လက်ပိုက်ပြီး ခေါင်းလေးငုံ့ကာ ထွက်လာတယ်ဗျ။
” ဟေ့၊ မောင်ထိန် နဲ့ မောင်ဝေ ဘာဖြစ်လို့တုန်း ”
သူကြီးက အာဏာသံပါပါ နဲ့ မေးလိုက်တာပေါ့ဗျာ။
မောင်ထိန် နဲ့ မောင်ဝေ ဆိုသူတို့က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး အသံ ကတုန်ကယင်နဲ့
့ပြောပါလေရော။
” သူကြီး၊ ကျနော်တို့ မှားသွားပါတယ်၊ မနေ့ညက
ဟိုဘက်ရွာရဲ့
ဇာတ်ပွဲက အပြန်မှာ နည်းနည်း သောက်လာတာကြောင်း
မတော်တဆ သစ်သားပြားကို ချိုးမိ……….
” တိတ်စမ်း၊ မင်းတို့ လုပ်ရဲ့ကြောင်း ရွာကလူတွေ
ဘယ်လောက်ထိ ဒုက္ခများသွားလဲ တွေ့ပြီမလား၊
ရွာထဲမှာ အရက်မသောက်ရလို့ စည်းကမ်းထုတ်တော့
တစ်ခြားရွာကိုသွားသောက်တယ်ပေါ့လေ၊
နေ နေ ပြီးမှ ငါနဲ့တွေ့မယ် ”
မောင်ထိန် တို့ နှစ်ယောက် တုတ်တုတ်မျှ မလှုပ်ကြပေ။
ရွာသူရွာသားတွေကလည်း သူတို့ကို ဝိုင်းပြီး အပြစ်ဖို့နေ
ကြ၏။
” ကဲ၊ ကဲ၊ သူကြီးလည်း နောက်မှဆူ၊
တပည့်ကြီး လင်းညို ဘယ်လိုတုန်းကွဲ့၊ ဒီကိစ္စကို
ဖြေရှင်းနိုင်ပါ့မလား၊
ဖြေရှင်းနိုင်ရင် ဒီကလူတွေကို ကူညီစမ်းပါအုန်း ”
ကျနော်တို့ဆရာတော်က ငြိမ်ငြိမ်လေး နားထောင်နေတဲ့ ဆရာလင်းညို ကို မေးတော်မူလိုက်တယ်ဗျ။
” တင်ပါ့ဘုရား၊
ဒီတစ်ညတော့ အခြေအနေကို တပည့်တော်
စောင့်ကြည့်ချင်ပါသေးတယ်ဘုရား၊
တပည့်တော် သံသယ နည်းနည်းရှိလို့ပါဘုရား ”
ဆရာလင်းညို က လက်အုပ်ကလေး ချီပြီး ရိုကျိုးစွာပြော
တယ်ဗျ။
” ငါ့တပည့်က ဘာကိုများ သံသယ ရှိလို့တုန်းကွဲ့ ”
” တင်ပါ့ဘုရား၊ မနေ့က အခြေအနေကိုရော ရွာသူကြီး
ပြောတဲ့
အကြောင်းအရာတွေကိုရော တပည့်တော်သုံးသပ်မိတော့၊
ခုလို သောင်းကြမ်းနေတဲ့ အကောင်က ရွာသူမိညိုတော့
မဟုတ် ဘူးထင်ပါတယ်ဘုရား၊
ကြည့်ရတာ ရွာသူမိညို မွေးထားခဲ့တဲ့ အကောင်တစ်
ကောင်ကောင်ထင်ပါတယ်ဘုရား ”
” ဟေ”
“ဟင်၊ ဟာ ” ” ဗုဒ္ဓေါ ”
ရွာသားတွေရာ ဆရာတော် ဘုရား နှစ်ပါးပါ
အံ့သြကြကုန်တာပေါ့ဗျာ။
အဲဒီအထဲ ကျနော်ကတော့ ရှေ့ဆုံးကပေါ့လေ။
” ဘယ်လိုမျိုးလဲကွဲ့၊ ကျုပ်သိပ်မရှင်းလို့ ရှင်းစမ်းပါအုန်း၊ တကာ”
ကျီးမကန် ဆရာတော်က မိန့်တာဗျ။
” တင်ပါ့ဘုရား၊ တပည့်တော် သတိထားမိသလောက်ဆို
ရရင် တပည့်တော်တို့ ပညာရပ်က ရွာတစ်ရွာ၊ ဒါမှမဟုတ် ရပ်ကွက်တစ်ခုကို ဝင်တာနဲ့ ၊
ပညာသည်တွေ ရှိမရှိ သိနိုင်ပါတယ် ဘုရား၊
တပည့်တော် ဒီရွာကို စဝင်တော့ သစ်သားပြားလေးက
အစွမ်းတစ်ခုခု ရှိမှန်း သိလိုက်ရပြီး၊
ဘာအနှောက်အယှက်မှ မတွေ့ရပါဘူးဘုရား၊
တကယ်လို့ ရွာသူသာ ရှိနေသေးရင် တပည့်တော်တို့က
ခွင့်တောင်းပြီးမှ ဝင်ရပါမယ်ဘုရား၊
ရွာသူက သရဲ ဖြစ်နေမယ်ဆိုရင်တောင်မှပေါ့ ဘုရား၊
အဲတုန်းက ရွာသူမိညို ရှိနေနိုင်ပေမဲ့ နောက်ပိုင်း ကျွတ်
လွတ်သွားတာ၊ ဒါမှမဟုတ် တစ်ခုခုဖြစ်သွားပုံရတယ်၊
ကြည့်ရတာ ရွာသူကြီးပြောပြတဲ့ ရဟန်းတော်က
သိဒ္ဓိပေါက် တောနေရဟန်းဖြစ်ပုံရတယ် ဘုရား ”
” ဟေ ”
ဆရာတော်ဘုရားက ထပ်ပြီး အံ့သြပြန်တယ်ဗျ။
” ဟုတ်ပါတယ် ဘုရား၊ ဒါ့ကြောင်းလဲ သစ်သားပြားရှိနေ
တုန်း အဲဒီ အကောင်က ဘာမှ မလုပ်နိုင်ပဲ
ခု သစ်သားပြား ပျက်စီးသွားမှ လုပ်နိုင်သွားတာပါဘုရား ”
” ဟေ၊ တယ်လည်း အံ့သြစရာကောင်းပါလား”
ရွာသူရွာသားတွေလည်း တစ်အံ့တသြနဲ့ကြည့်နေကြတာဗျို့။
” မောင်ရင်၊ ကျုပ်တို့ကို ကူမယ်လို့ကြားသိရတာ အရမ်းပဲ
ဝမ်းမြောက်မိပါတယ်၊ မောင်ရင် လိုအပ်တဲ့ အရာကိုပြောပါ၊ ရစေရပါမယ် ”
ရွာသူကြီးက ပြောတာဗျ။
ဒါပေမဲ့ ဆရာလင်းညို က
” ကျုပ်အတွက် မလိုပါဘူး ရွာသူကြီး၊
မောင်ထိန် နဲ့ မောင်ဝေ အပြစ်လျော့သွားအောင်
သူတို့နှစ်ယောက်က ကျုပ်တို့ကို ကူပေးပေါ့ ”
” ဟင် ”
ဆရာလင်းညို ရဲ့ စကားကို ကျနော် နားမလည်နိုင်ဖြစ်သွားတယ်ဗျ။
” ဆရာလင်းညို၊ ဆရာနဲ့ မောင်ထိန်တို့ နှစ်ယောက်ပဲ
မလား၊
ဆရာပြောတဲ့ ကျနော်တို့ ဆိုတာက ……….
ဆရာလင်းညိုက သဘောကျသွားသည်ထင့်။
ပြုံးလိုက်တယ်ဗျ။
ပြီးမှ ဆက်ပြောတာ၊ သူက
” ဘယ်သူရှိရမလဲ၊ မင်းပေါ့ကွ ထူးမြတ် ရ “တဲ့လေ။
” ဟာ၊ ဆရာလင်းညိုကလည်းဗျာ၊ ကျနော်ကြောက်
တတ်တယ်ဆိုတာသိရဲ့သားနဲ့၊
မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျနော် မိန်းမ တောင်မရသေးဘူး၊
တော်ကြာ သရဲက ကျနော့်ကို ဂုတ်ချိုးလိုက်ရင်
ဘယ်လိုလုပ်မလဲ၊
ကျနော် မိန်းမ ယူရအုန်းမယ်ဗျ ”
” ဟား၊ ဟား၊ ဟား၊ ဟား ”
တတ်လည်းတတ်နိုင်ပါပေ့ကွာ။
ကျနော့် စကားကြောင်း ရွာသားတွေ ရယ်မောလိုက်ကြ
သည်မှာကျီးမကန် တစ်ရွာလုံး ညံသွားတယ်ဗျိူ့။
****** ****** ****** ******* ********
ထိုနေ့ နေ့လည်ပိုင်း အချိန်မှာတော့ ကျနော်၊
ဆရာလင်းညို ၊ မောင်ထိန်၊ မောင်ဝေတို့ လေးယောက်
ရွာသူမိညို ရဲ့ အိမ်ရာဟောင်းကို သွားကြည့်ကြတာပေါ့။
သွားရင်းလာရင်း၊ စီစဉ်စရာ ရှိတာတွေကို စီစဉ်ရင်းနဲ့
မောင်ထိန် တု့ိနဲ့ ရင်းနှီးလာခဲ့ကြ၏။
” လူအကြောင်း ပေါင်းမှသိ ” ဆိုသလိုပါပဲ၊ နောက်တော့မှ မောင်ထိန်
တို့နှစ်ယောက်က စိတ်ကောင်းရှိသူတွေမှန်း
သိလာခဲ့ရတယ်ဗျ။
အဲဒီနေ့ည ……..
ကျနော်တို့က ရွာသူမိညို ရဲ့ အိမ်ရာဟောင်း နဲ့ မနီးမဝေးမှာနေပြီး အခြေအနေကိုစောင့်ကြည့်နေကြတယ်ဗျ။
ကျနော်ကတော့ ဘုရားတလျှက်ပေါ့လေ။
အချိန်ကတဖြည်းဖြည်းညနက်လာတော့ ကျနော်
အိပ်ငိုက်စ ပြုလာပြီ၊
မောင်ထိန် နဲ့ မောင်ဝေ ကတော့ ဆရာလင်းညိုကို သရဲအကြောင်းတွေချည်း လျှောက်မေးနေကြတာဗျို့။
ကျနော် ကြောက်ပါတယ်ဆိုမှ သကောင့်သားနှစ်ကောင်က ဖြဲခြောက်နေသလိုပဲ။
သန်းခေါင်ယံအချိန် ………..
” အု၊ ဝု ဝူးးးး ဝူးးးးးး ”
ခွေးအူသံကြောင်း အိပ်ငိုက်နေတဲ့ ကျနော် လန့်နိုးသွားခဲ့
၏။
” ဆရာလင်းညို၊ ဘာဖြစ်တာလဲ ”
“ရှူးးးးး၊ ဟိုကိုကြည့်နေ ”
ဆရာလင်းညို က ကျနော့်ကို ကြည့်ပြီး တိုးတိုးနေဖို့ပြော
၏။
သူကတော့ တစ်ခုခုကိုမြင်နေသလိုပဲ။
အမူအရာထူးဆန်းနေ၏။
” ငါထင်တဲ့အတိုင်းပါပဲလား၊ ထူးမြတ်၊ နည်းတဲ့အကောင်
ကြီးလားကွာ”
” ဆရာ၊ ဆရာ၊ ဘာမြင်လို့လဲ၊ ကျုပ်တို့ဘာမှမမြင်တော့၊
ဆရာမြင်နေတာကို မြင်ချင်လိုက်တာဗျာ ”
ကျနော့်မှာသာ ကြောက်လွန်းလို့ကြက်သီးတွေ တဖျန်းဖျန်းထနေပေမဲ့မောင်ထိန်တို့ နှစ်ယောက်ကတော့ လွန်စွာမှ
တတ်ကြွနေကြ၏။
” မောင်ထိန်၊ ခင်ဗျားတို့ မြင် ချင်တာ သေချာလို့လား၊
မကြောက်ဖို့တော့ လိုမယ်နော် ”
” စိတ်ချစမ်းပါဗျာ၊ ကျုပ်တို့ မြင်ဖူးချင်ရုံပါ ”
” ကဲ၊ ဟုတ်ပြီလေ၊ မင်းတို့ ဒီလောက်ထိ စိတ်ထက်သန်နေမှတော့ ပြရတာပေါ့လေ၊
မျက်လုံးခဏ မှိတ်ထားလိုက်ကြ၊
ငါက ဖွင့်ဆိုတာနဲ့ ဖြေးဖြေးချင်းဖွင့်၊ ထူးမြတ် …..
မင်းရောပါတယ် ”
“ဟာ၊ ဆရာလင်းညိုကလည်း ကျနော် ကြောက်တယ်ဗျ ”
ဆရာလင်းညို က ကျနော့်အကြောင်းသိပါတယ်။
ဒါပေမဲ့ သူက အမြဲအဲလိုပဲ၊ ကြောက်ပါတယ်ဆို ဖြဲခြောက်
ချင်တာမျိုးဗျ။
ကျနော်လည်း ငြင်းလို့ မလွတ်တော့ မှိတ်ထားရတော့
တာပေါ့ဗျာ။
ငါးမိနစ်လောက်တော့ ကြာမယ်ထင်တယ်ဗျ။
ဆရာလင်းညို ဘာတွေဆိုလို့ဆိုနေမှန်းတော့မသိ၊
ကျနော် နားလည်လိုက်တဲ့ တစ်ခွန်းတည်းသော စကားက
” ဒိဗ္ဗစက္ခုံ ဝိသောဓယိ ” ဆိုတာပါပဲ။
ဆရာလင်းညို ဘာတွေရွတ်ပြီး၊ ဘာတွေ လုပ်လိုက်တယ်
မသိ၊
တစ်ကိုယ်လုံး ကျင်ကနဲဖြစ်သွားတယ်ဗျ။
” ကဲ၊ မျက်လုံးဖွင့်လို့ရပြီ၊ ဖြေးဖြေးလေးဖွင့် ပြီးရင်
ဘာမြင်ကြလဲ ငါ့ကိုပြောကြ ”
” အောင်မလေးဗျာ ”
ကျနော် မျက်လုံးကို နည်းနည်းလေးဖွင့်ရုံသာရှိသေး
ရှေ့တည့်တည့်မှာ မြင်နေရာသောအရာကြောင်း လန့်သွားတယ်ဗျ။
လန့်ဆို မြင်နေရတဲ့အရာက နည်းတာကြီးမှတ်လို့။
” ထူးမြတ်၊ ဘာမြင်ရလည်း ”
ဆရာလင်းညို က ပြုံးပြီးမေးတာဗျ။
” ဆ ဆ ဆရာ ”
ကျနော့်အသံက ကတုန်ကယင်ဖြစ်ကာ ထစ်ငေါ့ကုန်၏။
ထို့ကြောင့် မျက်လုံးကိုသာမှိတ်ထားလိုက်တော့၏။
” ဟာ၊ နည်းတဲ့အကောင်ကြီးလားဗျာ၊ အရွယ်အစားက
လူဝံလောက်ရှိမယ်ဆရာ။
ပြီးတော့ မျက်လုံးနှစ်လုံးက ပုံမှန် မဟုတ်သလိုပဲဗျ၊
အပြင်သို့ပြူးထွက်ပြီး နီရဲနေတာဗျို့၊
လက်တွေခြေတွေမှာလည်း အမွှေးရှည်တွေပဲ ဆရာ၊
ဟော၊ အောက်သို့ တွဲလျားကျနေတာ လျှာကြီးထင်တယ် ”
မောင်ဝေ က မကြောက်မလန့်နဲ့ အားရဝမ်းသာပြောနေတာဗျ။
ကျနော့်မှာတော့ ကြောက်လွန်းလို့ ဒူးတွေပါတုန်လာရော။
” ဟုတ်တယ်ဆရာ၊ အဲဒါ လျှာကြီးဗျ၊ အောက်သို့ တွဲလျားကျနေတာ တတောင်နီးပါးရှိမယ်ထင်တယ်၊
ပြီးတော့ သူ့ထိပ်မှာ နီနီကြီးတစ်ခုက ဦးချိုနဲ့ခပ်ဆင်ဆင်ပဲ၊
ပါးစပ်မှာလည်း အစွယ်တစ်ဖွေးသားနဲ့ဗျ၊
ကြည့်ရတာ ဒီအကောင်ကြီး တစ်ခုခုကို ရှာနေသလိုပဲ ၊
အောင်မလေး အဲအကောင် ကျုပ်တို့ကို စိုက်ကြည့်နေ
တယ်ဆရာ၊
ဟော့ ရွှေ့လာပြီ ရွှေ့လာပြီ၊ ကျုပ်တို့ဖက် လာနေတယ် ဆရာ၊
ဘယ်လိုလုပ်ကြမလဲ၊ ကျုပ်တို့ ဘယ်လို လုက်ကြမလဲ”
မောင်ထိန် အလန့်တကြားပြောတာကြောင်း ကျနော်လည်း
အရဲစွန့်ပြီး မျက်လုံးကို မှေးမှေးကလေးဖွင့်ကာ
ကြည့်လိုက်တော့၊
” ဟာ၊ တကယ်ကို ကျနော်တို့ အနား လျှောက်လာနေတာဗျ”
ကျနော် လန့်ပြီး နောက်ဆုတ်မယ်လုပ်တော့ ဆရာလင်းညိုက ကျနော့်လက်ကို ဆွဲထားလိုက်တယ်ဗျ။
” ထူးမြတ်၊ ငါတို့ သူ့ကို မမြင်သလိုနေ၊ ပြီးတော့
အဲအကောင်ရဲ့မျက်နှာကို အသေအချာကြည့်စမ်း၊
ဒီအကောင် ငါတို့ကို ရန်မူမှာ မဟုတ်ဘူးကွ ”
ဆရာလင်းညို က အမြဲတမ်းအေးဆေးပဲဗျ။
ကျနော့်မှာတော့ လန့်လို့ သေတော့မယ်။
ဒီတော့မှ ကျနော်လည်း အဲဒီအကောင်ကြီးရဲ့ မျက်လုံးကို
ကြည့်မိတယ်။
” ဟာ၊ ဟုတ်ပါ့ဗျာ၊ အဲဒီအကောင်ကြီးက ဝမ်းနည်းနေသလိုပဲ၊
သူ့မျက်လုံးတွေက နီရဲနေပေမယ့် ဝမ်းနည်းနေပုံရတယ်ဗျ၊
အဲအကောင်ကြီးက ကျနော်တို့ကို စိုက်ကြည့်ပြီး
ရွာဖက်လှစ်ကနဲပြေးသွားမယ် လုပ်တော့၊
ဆရာလင်းညို က
” ဗျို့၊ မိတ်ဆွေကြီး ” ဆိုပြီး အော်ခေါ်လိုက်ပါလေရော။
ဟာ အဲအကောင်က သူ့ကို ကျနော်တို့မြင်နေရတာကို
သိသွားပုံပဲ၊
ကျနော်တို့ကို အစိမ်းကြီးကြည့်နေတော့တာဗျို့။
” မိတ်ဆွေကြီးက၊ ရွာသူမိညို ကို ရှာနေတာထင်တယ် ”
ဆရာလင်းညို က လုံးဝ မတုန်လှုပ်ပဲအေးဆေးမေးနေတာဗျ။
” မိတ်ဆွေကြီး ရဲ့ သခင်မ ရွာသူမိညို သေသွားခဲ့တာ ကြာပါပြီ၊
ဒါ့ကြောင်း မိတ်ဆွေကြီး သွားလိုရာ ရှိရင် သွားနိုင်ပါပြီ ၊
လွတ်လပ်ခွင့်ပေးပါတယ် ”
ဆရာလင်းညို က ထိုသို့ ပြောလိုက်တော့ အဲအကောင်ကြီးက ခုန်ပေါက်နေတာဗျို့၊
” ဝုန်း၊ ဒုန်း၊ ဝုန်း ”
ဘေးနားက သစ်ပင်တွေတောင် ယိမ်းယှိုင်သွားတာဗျာ။
ဒါပေမဲ့ ခဏလေးပါပဲ၊ သိပ်မကြာလိုက်ဘူး၊။
အဲ အကောင်ကြီးက ထိုင်ငိုတော့တာပဲ။
ဒါပေမဲ့ တဖြည်းဖြည်း နဲ့ လူပုံစံလို ဖြစ်လာတော့တာဗျို့။
” ဟော”
တစ်ကိုယ်လုံး လူပုံစံဖြစ်သွားပြီ၊ ဟာ ဟာ
ယောကျာ်းတစ်ယောက်ဗျ။
အသက် ၃၀ ကျော်အရွယ်လောက်ပဲ။
ဒါပေမဲ့ သူ့ရဲ့ ပင်ကို ရုပ်ရည်ကတော့ ဘယ်လိုမှန်းကြီးလဲ
မသိဘူး။
မှုန်ဝါးဝါး နဲ့ဗျ။
” ခင်ဗျားက၊ ဘယ်သူများတုန်း၊ မိညို နဲ့ ဘယ်လိုများ
ဆက်စပ်နေတာတုန်း ”
ဆရာလင်းညိုကမေးတာဗျ။
” ကျုပ်ကို ကယ်ပါ ”
” ဟာ”
ကျနော် အံ့သြသွားရပြန်တယ်။
ဒါက ကျနော် လုံးဝ မမျှော်လင့်ခဲ့သောအရာ။
” ကျုပ်ကို ကယ်ပါအုန်း၊ ကျုပ်က ရွာသူ မိညို ရဲ့ ယောကျာ်း
ဦးမာဃ ပါ၊ ကျုပ်သေပြီးကတည်းက မိညို ကြောင့်
ဒီလိုဘဝကို ရောက်နေရတာပါ၊
ကျုပ်ကို ကယ်ပါအုန်း၊ ဟီး ဟီး ဟီး ”
ဦးမာဃ သရဲကြီးက အသံဆိုးကြီးနဲ့ ငိုတော့တာပဲဗျ။
” ကျုပ်က ခင်ဗျားကို ဘယ်လို ကယ်ပေးရမှာတုန်း၊
ခင်ဗျား ရဲ့ မိန်းမ
အဲ ခင်ဗျားရဲ့ သခင်မ သေတာဖြင့် ကြာလှပြီ ”
” ကျုပ်ကို အမျှဝေပေးပါ၊ ကျုပ် ဒီဘဝကြီးမှာ မနေချင်တော့ဘူး၊ ဟီး ဟီး ဟီး ”
” ဟုတ်ပြီ၊ ကျုပ်တို့ ခင်ဗျားကို ကယ်ပေးမယ်၊ ခင်ဗျား
ဒီမှာပဲ နေခဲ့ပါ၊ ခင်ဗျား ဒီဘဝက ကင်းလွတ်အောင်
ကျုပ်ကူညီပေးမယ်၊
ဒါနဲ့ မနေ့ညက တစ်ရွာလုံးကို လျှောက်ပြေးနေတာ
ခင်ဗျားလား ”
ဆရာလင်းညို ရဲ့ မေးခွန်းကြောင်းလား မသိ၊ သရဲကြီး
ဦးမာဃ တိတ်ဆိတ်သွားတယ်ဗျ။
” ဦးမာဃ မနေ့ည ရွာကို ပတ်ပြေးနေတာ ခင်ဗျားလား ”
” ဟုတ်၊ ဟုတ်၊ ဟုတ်ပါတယ်၊ ကျုပ်ကို ကူညီပေးမဲ့သူ
ရှိမလားလို့၊ လိုက်ရှာနေတာပါ၊
သဒ္ဓိရှင် ရဟန်းတော်ရဲ့ အတားအမြစ်မန္တာန်ကြောင်း
ကျုပ် မနေ့ညကမှ ရွာထဲ ဝင်နိုင်လို့ပါ”
” အော်၊ ဒီလိုကိုး ”
ကျနော်လည်း ကြောက်စိတ်မပြယ်သေးပေမဲ့
ဦးမာဃကို သနားမိတာတော့အမှန်။
ကြောက်တာကကြောက်တာ၊ သနားတာကသနားတာ
သပ်သပ်စီပေါ့။
သူ့ခမျာ ဒီဘဝ က တော်တော်လေး လွတ်မြောက်ချင်နေမှာ။
” ဟုတ်ပြီ၊ ကျုပ်က ဒီရွာက တာဝန်ရှိတဲ့သူတွေကို
ခင်ဗျားအတွက် ကုသိုလ်လုပ်ပေးဖို့ ပြောပေးမယ်၊
ခင်ဗျား ဘယ်မှ လျှောက်မသွားပဲ ဒီမှာနေခဲ့ပါ ၊
အခု ကျုပ်တို့ ပြန်နှင့်တောာမယ် ”
ကျနော်တို့ ထိုနေရာမှ ထွက်ခဲ့တော့ သရဲကြီး ဦးမာဃ
က မျက်ရည်စက်လက်ကျန်နေခဲ့တာဗျို့။
***** ***** *******
နောက်တစ်နေ့ မနက်ရောက်တော့ ရွာသူကြီးရဲ့
ဦးဆောင်မှု့နဲ့၊ ရွာသူမိညို နေခဲ့တဲ့ နေရာမှာပဲ၊
ယာယီ မဏ္ဍပ်ထိုးပြီး၊ သံဃာတော်တို့ကို ဆွမ်းဆက်ကပ်
တယ်။
ပြီးတာနဲ့ ဆရာလင်းညို ကိုယ်တိုင် သရဲကြီး ဦးမာဃကို
ကုသိုလ်အဖို့ဘာဂ ကို သာဓုခေါ်ဖို့ သွားဖိတ်ပြီး၊
ရေးစက်သွန်းချ အမျှဝေကြတာပေါ့ဗျာ။
တကယ်ပဲ အဲနေ့က စပြီး ဘာအနှောက်အယှက်မှ
မရှိတော့ဘူးဗျ။
ဒါပေမဲ့ ရွာသားတွေရဲ့ တောင်းဆိုမှု့ကြောင့်၊
သစ်သားပြားလေး အသစ်တစ်ခုလုပ်ပြီး၊ ရွာသူမဝင်ရ
ဆိုတဲ့ ဆိုင်းဘုတ်လေးကို ပြန်ပြီး ချိတ်ဆွဲထားလိုက်ကြ
တယ်လေ။
မောင်ထိန် နဲ့ မောင်ဝေ တို့ကတော့ ဒီလောက်လုပ်ပေးတာတောင်
သူကြီးရဲ့ ထိတ်တုံး စာက မလွှတ်ခဲ့ချေ။
ဒါပေမဲ့ ကျနော် မရှင်းမလင်းဖြစ်နေတဲ့အရာက ………
” သူကြီး၊ ကျုပ်မရှင်းသေးတာ ရှိသေးတယ်ဗျ၊
ရွာသူ မိညို ရဲ့ ယောကျာ်းက ဘာလို့ သေသွားရတာလဲ ”
ကျနော်က သိချင်လွန်း၍ မေးလိုက်၏။
” အင်း၊ ရွာသူမိညိုက အရမ်းချောအရမ်းလှ လို့တော့
ကြားဖူးတယ်၊
ကျုပ်လည်း အတိအကျတော့ မသိပါဘူး၊
ဒါနဲ့ပဲ သူမကို လိုချင်တဲ့ သူတွေက များနေတာပေါ့လေ၊
ဒီကြားထဲ မိညိုက တစ်ကောင်ကြွက် ဆင်းရဲသားလေး
ဦးမာဃ ကိုပဲရွေးချယ်လိုက်တော့ ၊ လူတွေ ဦးမာဃကို
အငြိုးအတေးထားလာကြာတယ်တဲ့၊
နောက်တော့ ဦးမာဃ အသတ်ခံလိုက်ရတာပါပဲ။
အဲကတည်းက ရွာသူမိညိုလည်းလူတွေကို မုန်းလာပြီး၊
ကင်းနိုင်သမျှ ကင်းအောင်နေတော့တာပဲတဲ့။
သူ့ယောကျာ်းကို သရဲအဖြစ်မွေးထားလိမ့်မယ် လို့ ဘယ်သူကမှတွေးမိမှာ မဟုတ်ဘူးလေ၊”
” ရွာသူမိညိုက ချစ်လွန်းလို့နေမှာပေါ့ ”
ကျောင်းသားကြီးက ဝင်ပြောတာဗျ။
” အင်း၊ ဟုတ်ချင်လဲ ဟုတ်ပါလိမ့်မယ်၊ ဒါပေမဲ့
တစ်ခါတလေမှာအချစ်လွန်ပြီး အတ္တကြီးမိရင်လည်း
ကိုယ်ချစ်ရတဲ့ သူတွေကို
ဒုက္ခရောက်အောင် လုပ်သလို့ဖြစ်သွားတတ်တယ်၊
လွှတ်ပေးသင့်တဲ့ လက်တစ်စုံကို အတင်းဆွဲထားရင်
နောက်ဆုံး သူရောကိုယ်ပါ နာကျင်တတ်ရတယ်၊
ချစ်ပါ မနှစ်မိပါစေနဲ့ပေါ့ ”
ကျနော်လည်း သူကြီးပြောတာတွေကို နားထောင်ရင်း
ရွာသူမိညို ရော ဦးမာဃ ပါ၊ ကောင်းရာမွန်ရာရောက်ပါစေ လို့ ဆုတောင်းနေမိတော့တယ်။
ဒါပေမဲ့ ထိုရွာမှာ ကျနော်တို့ရှိနေခဲ့သမျှကာလပတ်လုံး
” ရွာသူ မဝင်ရ ” ဆိုတဲ့ သစ်သားပြားလေးကတော့
ကျနော် ရွာပြင်လို့ အထွက်/ အဝင်လုပ်တိုင်း
ကျနော့်ကို ခြောက်လှန့်နေဆဲပါပဲ။
****** ***** ******* ********
{ ပြီးပါပြီ }
အစဉ် ထာဝရ ရိုသေ လေးစားစွာဖြင့် = wizard { ဝိဇ္ဇာ }