သူလိုချွေးမ

သူလိုချွေးမ(စ/ဆုံး)
——————-

“အဲ့ဟာ သောက်မှာ ..အီး ဟီးး…အဲ့ဟာ သောက်ချင်တာ”

သား အငယ်ကောင်ရဲ့ အော်ဟစ်ငိုယိုနေသံက ကျွန်တော့် နားထဲ စူးစူးရှရှတိုးဝင်လာတယ်။တစ်အိမ်ကျော်က မိငယ်ရဲ့ အသက်၂၀ပြည့် သူ့မွေးနေ့မို့ဆိုပြီး လေဖြတ်နေတဲ့ အသက်၆၀ကျော် ကျွန်တော့် အမေသောက်ဖို့ ငှက်သိုက် ပုလင်းလေး လာကန်တော့သွားတာ။သူတို့ခမျာမှာလည်း လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တဲ့ သူတွေ။ကုသိုလ်လေး လိုချင်ရှာလို့သာ ပိုက်ဆံစုပြီး ဝယ် ကန်တော့ရှာတာ။အကြောင်းသိတွေဆိုတော့ အမေ့ကို သနားတာလည်း ပါမှာပေါ့လေ။

အစား သိပ်မဝင်တော့တဲ့ အမေဟာ အားအင်ဆုတ်ယုတ်နေပြီး အသက်ရှူနေတာတောင် မောမောပန်းပန်းနဲ့လေ။ကျွန်တော့် မိသားစုကလည်း ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ ဘဝမို့ အမေ့အတွက် အားဖြစ်စေတာတွေလဲ မကျွေးနိုင်တော့တာ ကြာပါပြီ။

လေဖြတ်တာ ၆ လလောက်သာရှိသေးပေမဲ့ အမေပုံစံက နာတာရှည် ရောဂါသည်လိုပဲ အရိုးနဲ့အရေကပ်ပြီး အိုစာသွားလိုက်တာများ လေမဖြတ်ခင်က အော်ကျယ်အော်ကျယ်နဲ့ ပြောဆို လှုပ်ရှားခဲ့တဲ့ ဒေါ်ဝိုင်းခင် မဟုတ်တဲ့အတိုင်းပင်။အမေလည်း အိပ်ယာထဲ လဲကတည်းက စိတ်ဒုံးဒုံးချလိုက်သလားမသိ။ဆေးဖိုးဝါးခ မပြောနဲ့။စားဖို့တောင် အနိုင်နိုင် ဘဝတွေမဟုတ်လား။ကျွန်တော့် မှာ သားသမီးက သုံးယောက်။အကြီးကောင်က ၇တန်း၊အလတ်မက ၅တန်း၊အငယ်ကောင်က ခုမှ ၄ နှစ်။အိမ်မှာ အငယ်ဆုံးနဲ့ အဆိုးဆုံးကောင်။အရမ်း ဂျီကျတဲ့ကောင်။သူ့အမေ အလိုလိုက်တာ ခံရတဲ့ကောင်ပေါ့။သူ့အဘွား လေမဖြတ်ခင်ကတော့ အချစ်ဆုံး မြေးပေါ့။

အခုတော့ အမေ့ခမျာမှာ သူ့မြေးနဲ့လည်း တီတီတာတာမပြောနိုင်တော့။ဗလုံးဗထွေးနဲ့ သူ့စကားကိုလဲ ဘယ်သူကမှ အချိန်ပေး နားမထောင်ကြတော့။သူ့မြေးတောင် သူနားမကပ်တော့ဘူးလေ။

ပြုစုသူ ကျွန်တော့်မိန်းမ သူ့ချွေးမရဲ့ ငြိုငြိုငြင်ငြင် ဆောင့်ဆောင့်အောင့်အောင့် အပြုအမူတွေကိုလဲ စိတ်ဆင်းရဲမယ်ထင်ပါရဲ့။တစ်ခါတလေ အမေ့ကို ဘာမှ ကျွေးမရ။စိတ်မရှည်တဲ့ ကျွန်တော့်မိန်းမ မခင်မြင့်ကလည်း “မစား နေပေါ့တော်” ဆိုပြီး နှစ်ခါပြန် ကျွေးရိုးထုံးစံမရှိ။အမေ့ အညစ်အကြေး သန့်ရှင်းပေးရုံနဲ့တင် ကျွန်တော့်မှာ ကျေးဇူးတင်နေရသူမို့ သူ့အပြုအမူတွေအတွက် ဘာမှ ဟန့်တားပြောဆိုခြင်း မလုပ်ဖူးခဲ့။ပြောလည်း ကျွန်တော်ဘက် လှည့် အပြစ်တွေ တရစပ်လာမှာ သိနေတယ်လေ။

ကျွန်တော်က အိမ်မှာနေရချိန်သိပ်မရှိ။ကျွန်တော့်အလုပ်က အစုံ။ခြံရှင်း ပေါင်းရှင်းခေါ်ရင်လည်း လုပ်တယ်။ပန်းရံအဖွဲ့ထဲ လူလိုလည်း လိုက်တယ်။စျေးနားမှာလည်း ကုန်အတင်အချ လုပ်တယ်။စျေးသည်တွေရဲ့ ရောင်းကုန်ဝယ်ကုန်တွေ ဟိုပို့သည်ပို့ လုပ်ပေးပါဦးဆိုလဲ ပိုက်ဆံသာ ပေး၊ကျွန်တော် လုပ်ပေးလိုက်တာပဲ။တစ်နေ့တစ်နေ့ အလုပ်နဲ့ လက်လည်း မပြတ်။ရတဲ့ ငွေလည်း မလောက်တဲ့ ဘဝ။

ကျွန်တော့် အစ်ကိုနဲ့ အစ်မကတော့ လာပြုစုဖို့ နေနေသာသာ အမေ လေဖြတ်ကတည်းက တစ်ခါလာကြည့်ပြီး နောက်ပိုင်း အရိပ်လည်း မမြင်ရ၊အသံလည်း မကြားရတော့။

“အဲ့ဒီ ကလေးမကလည်း တော်…ပါးစပ်တစ်ငုံစာလောက်ရှိတဲ့ ဟာများ စျေးကြီးပေး ဝယ်ကန်တော့နေသေး..အဲ့ တန်ဖိုး လေး ငါး ခြောက်ထောင်လောက်ဆို ဟင်းကောင်းကောင်း စားလို့ရတယ်..ပိုက်ဆံပဲ ကန်တော့ရင် ကောင်းသား…အဲ့ဒီ ငှက်သိုက်ပုလင်းလေး သောက်လိုက်လို့လဲ ဘယ်လောက် အားရှိမှာမို့လဲ…ကျုပ်တော့ နှမြောပါ့”

သူများတကာက အမေ အစာမဝင်လို့ နည်းနည်းဝင်လည်း အားရှိမဲ့ ဟာမျိုး လာကန်တော့တာတောင် ကြားကနေ စျေးတွက်တွက်ပြီး တွန့်တိုနေတဲ့ မိန်းမကို ကြည့်ပြီး ကျွန်တော့်မှာ အမေ့ကို အားနာမိသေးတယ်။တဲအိမ် အစုတ်လေးထဲက ဝါးပက်လက် ကုလားထိုင်လေးပေါ်မှာ မှီပေးထားတဲ့ အမေကတော့ ဒီအသံတွေကို နားရည်ဝနေပြီလား မသိ။သူ့မြေး ငိုနေတာ လှမ်းကြည့်ရင်း အကြည့်တွေက တွေတွေရီရီ။

“ကဲ ကျုပ် နားမခံနိုင်တော့ဘူး၊ရှင့်သားကိုကြည့်ဦး တစ်ညလုံး ဂျစ်တော့မှာ…သူ့ပဲ တိုက်လိုက်တော့”

“ဟ…ဖြစ်မလားကွ..အမေ့အတွက် ပေးခဲ့တာကို…ကိုယ် ဝယ်မတိုက်နိုင်တာ သူများ ဝယ်တိုက်တာပဲ ကျေးဇူးတင်ရမှာကို…မင်းမို့ ပြောထွက်တယ်”

“အောင်မယ်…ကြီးကြီးကျယ်ကျယ် သားလိမ်မာဖြစ်ချင်နေသေး…ရှင့်လုပ်စာက ဘယ်လောက်ရှိလို့ ဝယ်တိုက်ချင်တာတုန်း…အိမ်မှာ စောင့်ရှောက်ပြုစုပေးတာပဲ ကျုပ်ကို ကျေးဇူးတင်အုန်း…”

ကျွန်တော့်ဘက် လှည့်လာတဲ့ ရန်စကားကြောင့် သားငယ်ကိုပဲ လှမ်းချော့လိုက်တယ်။

“သား…အဲ့ဒါက လူကြီးပဲ သောက်ရတာ..ဆေးတွေ …
ခါးတယ်နော်…နောက်နေ့မှ ကလေးသောက်တဲ့ဟာ အဖေဝယ်ပေးမယ်..”

လောလောဆယ် အငိုတိတ်ဖို့အတွက် လုပ်ကြံချော့ရတယ်။ကျွန်တော့်သားငယ်ကလည်း ဇွဲမလျော့ဘူး။

“ရဘူး ရဘူး…အဲ့မမက ပြောသွားတယ်..သောက်လို့ကောင်းတယ်တဲ့…အားရှိတယ်တဲ့…အီးဟီးးး သား သောက်မှာပဲ”

“သောက်စရာလားကွ…အဘွား အားမရှိလို့ပါဆို…အဘွား မချစ်ဖူးလား ဟမ်”

“ချစ်ဖူး ချစ်ဖူးလို့…သား သောက်ချင်တာလို့ ”

“ကဲပါတော် …သားပဲ တိုက်လိုက်တော့..အဲ့ကလေးမ မေးရင် တော့်အမေကို တိုက်လိုက်တယ်ပြောလိုက်ရုံပေါ့…သူ ဘာသိမှာလဲ…တော့်အမေလဲ သူ့မြေးတိုက်တာပဲ ဘာမှမပြောပါဘူး…ပြောလည်း ဘယ်သူက နားလည်လို့လဲ”

မခင်မြင့် စကားကြားပြီး ကျွန်တော့်စိတ်ထဲ တစ်စုံတစ်ခုကို သတိရပြီး အမေ့ကို ဖျတ်ကနဲ လှမ်းကြည့်လိုက်မိတယ်။ကျွန်တော့်ကို လှမ်းကြည့်နေရင်း အရိပ်တစ်မျိုးထင်ဟပ်နေတဲ့ အမေ့မျက်လုံးတွေနဲ့ သွား ဆုံမိတယ်။ဟင်…အမေ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝေ့ လို့ပါလား။ကျွန်တော့်အတွေးထဲ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ပုံရိပ်တွေ တဖျတ်ဖျတ်ပြေးလို့။

===========================

ကျွန်တော် မှတ်မိသလောက်တော့ အဖေရဲ့ အဖေ ကျွန်တော့် အဘိုးက အသက်၈၀ကျော်နေပြီ။သွားတွေလည်း သိပ် မရှိတော့သလောက်ပဲ။ခါးကိုင်းနေပေမဲ့ အနီးအနားလောက်ကတော့ တုတ်တစ်ချောင်းနဲ့ သွားနေနိုင်တုန်းပဲ။တစ်ခါတလေ သွေးတိုးတတ်တာက လွဲရင် ကျန်းမာရေးကောင်းပါတယ်။

ကျွန်တော်က ခုနှစ်နှစ်သားလောက်ပေါ့။အစ်ကိုက ဆယ့်သုံးနှစ်။အစ်မကြီးက ဆယ့်ငါးနှစ်လောက်ရှိပြီ။အမက ကျောင်းမနေတော့ဘူး။အမေတို့နဲ့အတူ ယာတွေ လယ်တွေထဲ အငှားလိုက်လုပ်နေရပြီ။အစ်ကိုက ရှစ်တန်း။အတန်းတိုင်း ဆုရတတ်တဲ့ အစ်ကို့ကို အမေက အချစ်ဆုံး။အဖေကတော့ တစ်ချိန်လုံး အရက်တွေသောက် မူးနေတာ များတယ်။

ရပ်ကွက်ထဲမှာ အဘိုးက အသက်အကြီးဆုံးဖြစ်လေတော့ အခါကြီးရက်ကြီးတွေဆို အဘိုးကို လာလာ ကန်တော့ကြတယ်။ လာ ကန်တော့ကြတဲ့ မုန့်တွေ ပုဆိုးတွေဆို အမေပဲ အကုန်သိမ်းတာ။ပြန်ရောင်းစားတာ။တစ်ချို့မုန့်တွေကျ ကျွန်တော်တို့ စားရတယ်။အဘိုးကတော့ ဘီစကစ်လေးတွေဆို ရေနွေးကြမ်းလေးနဲ့ တို့တို့ စားရှာတယ်။တစ်ခါတလေ အမေ စိတ်ကောင်းဝင်နေရင်တော့ ကော်ဖီလေးနဲ့ပေါ့။

အမေက အဘိုးအပေါ် တော်တော်မကြည်ဖြူဘူး။ပြုစုပေးရတာ မဟုတ်တာတောင် အဘိုးကို ကျွေးရတာပဲ တဖျစ်တောက်တောက်။အဖေ့ကို မဲမရလို့ အဘိုးကို မဲတာလို့တော့ အဖေပြောဖူးတယ်။အဖေကတော့ သောက်နေရရင် ပြီးပြီ။အိမ်က ကိစ္စဘာမှ စိတ်မဝင်စားဘူး။တစ်ကယ်က အဘိုးပိုင်တဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ အိမ်။အဘိုး မြေတွေ ရောင်းစားလာလိုက်တာ နောက်ဆုံး အိမ်တစ်လုံးစာပဲ ကျန်တော့မှ အဘိုးကို ငြိုငြင်နေကြတာ။

အဘိုးကို ပိုက်ဆံ လာကန်တော့လို့ ကန်တော့တဲ့သူ ပြန်ပြီဆိုတာနဲ့ အဖေနဲ့ အမေက သူ့ထက်ငါ အပြိုင် ယူကြပြီ။သူတို့မရှိတုန်း လာကန်တော့တဲ့အခါမျိုးဆို အဘိုးက အိမ်ရှေ့အဖီရဲ့ ခေါင်မိုးကြားမှာ ဝှက်ထားတတ်တယ်။ပြီးရင် အမေမရှိချိန် ကျွန်တော့် လက်ဆွဲပြီး ရပ်ကွက် အိမ်ဆိုင်လေးတွေဆီ မုန့် လေးတွေ ဝယ်စားတတ်တယ်။စျေးပေါပေါ မုန့်လေးတွေပေါ့။အဘိုး အကြိုက်ဆုံးက ရှောက်သီးခွံလေးတွေကို ယိုထိုးထားတဲ့ အထုပ်လေး။အဲ့တာလေး ဖဲ့ဖဲ့ပြီး ပါးစပ်ထဲထည့် ၊ တမြုံ့မြုံ့နဲ့ အရသာ တွေ့နေတတ်တာ။ ကျွန်တော်ကတော့ အဘိုး မုန့်တွေ ဝယ်ကျွေးရင် သဘောတွေကျ ပျော်နေရော။အဘိုးက ကျွန်တော့်ကို အချစ်ဆုံးလေ။ကျွန်တော်ပဲ အဘိုးနား ကပ်တာ။အိမ်မှာ အဘိုးနဲ့ ကျွန်တော်ပဲ အမြဲနေရတာကိုး။

တစ်ရက်မှာ အိမ်နီးချင်း အဒေါ်ကြီးတစ်ယောက်က အဘိုးစားစေချင်လို့ဆိုပြီး အမဲသားချက်လေး တစ်ပန်းကန် အဘိုးတစ်ယောက်စာ လာပေးတယ်။ဟိုတလောက အဘိုး စားချင်တယ်ပြောဖူးလို့တဲ့။အဖတ် သိပ် မဝါးနိုင်တော့တဲ့ အဘိုးအတွက် အသားကို တောက်တောက်စဥ်းပြီး အချိုရည်လေးထွက်အောင် ချက်လာတာ။”အဘ အဲ့ ဟင်းရည်လေးနဲ့ ထမင်းဆမ်းစားနော်။အားရှိတယ်၊အမဲသားက သွေးမတိုးဘူး၊သွေးအားကောင်းတာ ၊အားရှိတာ” တဲ့။

ကျွန်တော် မှတ်မိသေးတယ်။မွှေးပျံ့ပြီး ပူပူနွေးနွေး နဲ့ လတ်ဆတ်တဲ့ အမဲသားဟင်းချက်နံ့လေး။ကျွန်တော်လည်း စားချင်လို့ အဘိုးကို လှမ်းကြည့်မိတော့ အဘိုးလည်း စားချင်နေတဲ့ပုံပဲ။

အဲ့ဒီအချိန်မှာပဲ အမေက ဟင်းခွက်ကို လာယူရင်း

“ထမင်းမကျက်သေးဘူး…ခဏနေမှ စားတော့နော် အဖေ” ဆိူပြီး ကြောင်အိမ်ထဲ ထည့်လိုက်တာ။
အဲ့ဒီကြောင်အိမ်ထဲ ထည့်ပြီဆိုရင် အများအားဖြင့် အစ်ကို့ အတွက်ပဲ။ကျွန်တော်တို့ ကန်စွန်းရွက်ကြော် ငပိဖုတ်နဲ့ စားရလည်း အစ်ကို့အတွက်ကတော့ ကြက်ဥကြော် သီးသန့်ပါတယ်။အငယ်ဖြစ်တဲ့ ကျွန်တော်တောင်မစားရဘူး။အစ်ကိုက စာကျက်ရတာ။စာမေးပွဲရှိရင် အိပ်ရေးပျက်လို့ အားရှိအောင်ဆိုပြီး အစ်ကို့ကိုတော့ ကောင်းကောင်းကျွေးတာမှတ်မိသေးတယ်။အခုလို အမေ လေဖြတ်တော့ ဆည်မြောင်းအရာရှိကြီးဖြစ်နေတဲ့ အစ်ကို၊ ပိုက်ဆံလည်း မလာ။လူလည်း မလာ။အမေ ပြုစုကျွေးမွေးခဲ့ရကျိုးနပ်ရဲ့လားလို့ ကျွန်တော် မေးလိုက်ချင်ရဲ့။

အဲ့ဒီ ကြောင်အိမ်ထဲ ရောက်သွားတာမြင်ပြီး ကျွန်တော်လဲ အဲ့ဒီဟင်းစားဖို့ စိတ်မကူးတော့ဘူး။အဘိုးက “လမ်းလျှောက်ကြရအောင် ငါ့မြေး” ဆိုလို့ အဘိုးနဲ့ ရပ်ကွက်တစ်ပတ် ဖြည်းဖြည်းချင်း လျှောက်ပြီး ပြန်လာတော့ အစ်ကို ကျောင်းကပြန်ရောက်ပြီး ရေချိုးပြီးနေပြီ။စာအုပ်လေးကိုင်ပြီး သရက်ပင်အောက်က ခုံမှာ စာထိုင်ကျက်ဖို့ သွားနေတဲ့ အစ်ကို့ကိုကြည့်ပြီး ထမင်းစားပြီးပြီဆိုတာ ကျွန်တော်သိလိုက်တယ်။

“အမေ့ ထမင်းဆာပြီ” လို့ ကျွန်တော်ပြောတော့ အမေက …

” အေး…ထမင်းတော့ကျက်ပြီ…ဟင်းက အစ်ကို စာတွေကျက်ပြီး ခေါင်းမူးနေလို့ အားရှိအောင် ကျွေးလိုက်တယ်..အဖေရေ…အဖေ့မြေး စားလိုက်လို့ ထမင်းပူလေးနဲ့ ငပိရည်လေးပဲ ဆမ်းစားလိုက်နော်…ဘာဟင်းမှ မရှိသေးလို့ တစ်ခါတလေ စားလိုက်ဦးနော်…သွေး မတိုးတာ ကြာပြီမလား…နက်ဖြန်မှ ကျွန်မ အမဲသားဝယ်ပြီး ချက်ကျွေးမယ်နော် အဖေ”

ချိုသာနေတဲ့ အမေ့စကားသံ​ကို ကျွန်တော် ထူးဆန်းနေခဲ့တာပေါ့။အဘိုးကတော့ ” အေးပါကွယ်” ဆိုပြီး ထမင်းဝိုင်းဆီ သွားရှာတယ်။ကျွန်တော်လည်း အဘိုးနဲ့အတူ ဝင်ထိုင်လိုက်တယ်။အမေက ထမင်းပူပေါ် ငပိရည်လေး တစ်ဇွန်းစီ ဆမ်းပြီး အဘိုးနဲ့ကျွန်တော့်ကို တစ်ဇလုံစီပေးတယ်။အဘိုးက ထမင်းလည်း နည်းနည်းပဲစားနိုင်တော့တာ။ကျွန်တော်ကမှ အဘိုးထက် စားနိုင်သေးတယ်။

စားရင်းနဲ့ အဘိုးကို ကြည့်မိတော့ မျက်ရည်တွေ ကျနေတာတွေ့တယ်။ငပိရည်က စပ်လို့များလားဆိုပြီး ကျွန်တော် ရေတစ်ခွက် ထခပ်ပြီး အဘိုးကို ပေးရင်း

“အဘိုး စပ်လို့လား…သားတော့ သိပ်တောင် မစပ်ဖူး” ဆိုတော့..

” အေးကွယ်…အသက်ကြီးတော့ စပ်တတ်လာတာ ထင်ပါရဲ့” ဆိုပြီး ရေခွက်လေး ယူ သောက်ရှာတယ်။

မနက်လင်းတော့ ကျွန်တော် အိပ်ယာထဲကနေ ဆူညံနေတဲ့ အသံတွေ ကြားလို့ နိုးလာမိတယ်။ကျွန်တော် အခန်းထဲက ထွက်ကြည့်တော့ အဘိုးအိပ်တဲ့ အိမ်ရှေ့အဖီလေးနားမှာ လူတွေ အုံလို့။ကျွန်တော်လည်း အိပ်မှုံစုံဝါး မျက်လုံးကို ပွတ်ရင်း သွားကြည့်လိုက်မိတယ်။လူအုပ်အလယ်မှာ စန့်စန့်ကြီး အိပ်နေတဲ့ အဘိုးကို မြင်တော့ မနက်ဆို အစောကြီးနိုးတတ်တဲ့ အဘိုးက ဘာလို့ ခုထိအိပ်နေတာလဲလို့ တွေးမိသေးတယ်။

” ဘယ်လိုဖြစ်လို့ ဆုံးသွားတာလဲ .မဝိုင်းရေ..မနေ့ ညနေကတောင် သူ့မြေးနဲ့ ရပ်ကွက်ထဲ လမ်းလျှောက်နေတာ အကောင်းပါ”

ရပ်ကွက်လူကြီးလို့ အမေတို့ ပြောတဲ့ လူကြီးတစ်ယောက်ရဲ့ အမေးကို အမေက
“မသိပါဘူးရှင် ညက လည်း အကောင်းကြီးပါ” ဖြေရင်း စိတ်မကောင်းဖြစ်နေပုံတော့ ရတယ်။

မနေ့ညနေက ဟင်းပေးတဲ့ အဒေါ်ကြီးလည်း ရောက်လာတယ်။

“အဘရယ် မနေ့က အကောင်းကြီးပါ”ဆိုပြီး ငိုနေရှာတယ်။

ကျွန်တော်လည်း အခုမှ အဘိုးက သေသွားပြီ ဆိုတာ သိပြီး “အဘိုး” လို့ အော်ငိုရင်း အမေ့နား ကပ်ထိုင်နေမိတယ်။အမေတို့ ပြောနေကျ လူ သေတာ၊ကလေးတွေ အနားမကပ်ရဘူးဆိုတဲ့ စကား​ကြားဖူးလို့ အဘိုးနားတော့ မသွားရဲဘူး။

ခဏနေတော့ ဆေးရုံမှာ အလုပ်လုပ်တဲ့ ဆရာမလေး ရောက်လာတယ်။အဘိုး သွေးတိုးရင် သွေးလာချိန်ပေး၊ဆေးအလကားပေးတတ်တဲ့ သူနာပြုလေးပေါ့။အဘိုးနားသွားထိုင်ကြည့်ရင်း သွေးတိုးပြီး ဆုံးတာထင်တယ်လို့ ပြောသံကြားလိုက်တယ်။

“မနေ့ညက ဘာတွေ စားလို့လဲ…ဘာဟင်းလဲ” လို့ အမေ့ကို လှမ်းမေးတယ်။
အဘိုးကို ငပိရည်တို့ ငါးခြောက်တို့ မကျွေးဖို့ အမေ့ကို မှာထားတာ ကြားဖူးတယ်။

အမေက ချက်ချင်း ပြန်မဖြေသေးပဲ ခဏကြာမှ တုံ့ဆိုင်းတဲ့ လေသံနဲ့…
“မနေ့ညနေက မရီပေးတဲ့ အမဲသားချက်နဲ့ ထမင်းစားတယ်”

“ဟင်…အမေ့…အဘိုးက…” ကျွန်တော် အမေ့ကို အံ့သြတကြီးကြည့်ပြီး ပြောဖို့ ဟန်ပြင်လိုက်တော့ အမေက ကျွန်တော့်ပေါင်ကို လက်နဲ့ လာထိရင်း မသိမသာ ဆိတ်လိုက်တယ်။အမေ အဲ့လိုလုပ်ရင် မပြောခိုင်းတာ ဟန့်တားတာဆိုတာ သိတဲ့ ကျွန်တော်က အမေ့ကိုပဲ နားမလည်နိုင်ဖြစ်ပြီး ပြူးကြောင် ကြည့်နေမိတယ်။

လူအုပ်ထဲကလည်း “အမဲသားက သွေးတိုးတယ်လေ…အဲ့တာကြောင့် ဖြစ်မှာ”နဲ့ တိုးတိုးပြောသံတွေ ကြားမိတယ်။

ဆရာမလေးက ” အဲ့ဒါနဲ့တော့ မဆိုင်ဘူး”လို့ ပြောတယ်။

ဟင်း ပေးတဲ့ အဒေါ်ကြီးကို လှမ်းကြည့်မိတော့ ခေါင်းငုံ့ပြီး ဖြေမဆည်နိုင် ဖြစ်နေရှာတယ်။ကျွန်တော် အမေ့ကို ပြန်ကြည့်မိတော့ မလုံမလဲအကြည့်နဲ့ အဘိုးကို လှမ်းကြည့်နေတယ်။အစ်ကိုကတော့ “ကျောင်းပျက်လို့ မဖြစ်ဖူး” ဆိုပြီး လွယ်အိတ်လေးလွယ်ပြီး ကျောင်းသွားတက်တယ်။

အဲ့ဒီ အချိန်က စပြီး ကျွန်တော်လည်း အမဲသားကို မစားဖြစ်တော့တာ အခုထိပါပဲ။

==========================

“အမလေးတော် …ခုထိ စကားပြန် မရဘူး…ကလေးက ငိုတာ တက်တော့မယ်,,,သားလေး တိတ်တိတ် အမေ တိုက်မယ်နော်”

​မခင်မြင့် အသံကျယ်ကျယ်ကြောင့် ကျွန်တော်လည်း အတိတ်ဆီက အတွေးတွေကို ရပ်တန့်ပစ်လိုက်မိတယ်။ကျွန်တော် လှည့်ကြည့်မိတော့ ငှက်သိုက်ပုလင်းလေးကို မခင်မြင့် ဖောက်ဖို့ကြိုးစားနေပြီ။ကျွန်တော်လည်း သူ့လက်ထဲက ပုလင်းကို ဆတ်ကနဲ ဆွဲယူလိုက်မိတယ်။

“ငိုရင် ချော့ပါလားကွ….သွား မင်းတို့သားအမိ အိမ်ပြင်ကို…နားညည်းတယ်…ငါ အမေ့ကို ဒီဟာ တိုက်မလို့…မင်း နောက်ကို ဘာ မဟုတ်တာလေးနဲ့ တစ်သက်လုံးနောင်တရစေမဲ့ အလိမ်အညာမျိုးမပြောမိစေနဲ့…ငါ့သားလဲ သိတတ်တဲ့ တစ်နေ့ကျ စိတ်မကောင်းဖြစ်ရမှာ”

မမာစဖူး လေသံမာမာနဲ့ ကျွန်တော့်အပြောကြောင့် မခင်မြင့်က ကျွန်တော့်ကို အံ့သြသလိုကြည့်တယ်။ကျွန်တော့် မျက်နှာထား တင်းနေတာတွေ့ပြီး ဘာမှ မပြောတော့ပဲ သားငယ်ကို ချီရင်း ချော့ရင်း အိမ်အပြင်ထွက်သွားတယ်။

ကျွန်တော်လည်း အမေ့နား သွားထိုင်မိတော့ အမေ မျက်ရည်တွေ ကျနေရှာတယ်။အတိတ်က ဖြစ်ရပ်တွေ ပြန်မြင်ယောင်ပြီး နောင်တ ရနေတာလားလို့ ကျွန်တော် တွေးမိတယ်။ကျွန်တော် ဇွန်းသေးတစ်ချောင်းထယူပြီး အမေ့ကို ခွံဖို့ပြင်တော့ အမေက ခေါင်းခါပြတယ်။သူ့မြေးကို ကျွေးစေချင်တာ ထင်တယ်။

” အမေ ,,ကြိုးစားပြီး ဝင်အောင်စားလိုက်ပါ…အဲ့ဒါမှ ကန်တော့တဲ့သူကော..ကျွန်တော်တို့ပါ စိတ်ချမ်းသာရမှာ…ဘာ မဟုတ်တာလေးနဲ့ တစ်ချိန်မှာ ဘယ်သူ့ကိုမှ နောင်တတွေ မရစေချင်တော့ဘူး အမေ”

ကျွန်တော့်ရဲ့ လေးနက်မှုတွေနဲ့ ပြောစကားအဆုံးမှာ အမေက ကျွန်တော့်ကို ဝမ်းနည်းရိပ်တွေ စွက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေရှာတယ်။အဲ့ဒီနောက် ကျွန်တော် ငှက်သိုက်ရည်လေး နည်းနည်းကို ဇွန်းလေးနဲ့ ခပ်ပြီး နှုတ်ခမ်းဝတေ့ပေးတော့ ရွဲ့နေတဲ့ ပါးစပ်ကို အားယူပြီး ဟ ပေးရှာတယ်။ ကြိတ်မှိတ် မျိုချလိုက်တဲ့ အမေ့ကိုကြည့်ရင်း ကျွန်တော် ကြည်ကြည်နူးနူးပြုံးလိုက်မိတယ်။လေဖြတ်လို့ ပါးတခြမ်းရွဲ့နေတဲ့ အမေလည်း မျက်ရည်တွေနဲ့ ပြုံးနေတယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။

အမေ့ကို ကုန်အောင်ကျွေးပြီးတဲ့ ငှက်သိုက်ပုလင်းလေးကို သားငယ်မမြင်အောင် သိမ်းထားလိုက်ပြီး မခင်မြင့်တို့ သားအမိရှိတဲ့ အိမ်ပြင်ထွက်လာမိတယ်။

” သားလေးရေ လာ…အဖေနဲ့ လမ်းထိပ်မုန့်ဆိုင်သွားရအောင်..အဖေ မုန့်ဝယ်ကျွေးမယ်”

မခင်မြင့်ရဲ့ ပုခုံးပေါ်မှီအိပ်ရင်း ရှိုက်မပြေသေးတဲ့ သားကို ကျွန်တော် လှမ်းယူလိုက်တယ်။

“သားကြီးနဲ့ သမီးတော့ အိပ်ကုန်ပြီ…အမေ့ကိုလည်း အိပ်ယာထဲ ပို့ပြီး စောင်ခြုံပေးခဲ့ပြီ…မင်းတစ်ချက်သွားကြည့်လိုက်ဦး…ငါ သားကိူ မုန့် သွားဝယ်ကျွေးလိုက်ဦးမယ်”

မျက်နှာ မသာမယာနဲ့ ခေါင်းငြိမ့်ပြပြီး အိမ်ထဲဝင်သွားတဲ့ မခင်မြင့် ကျောပြင်ကြည့်ရင်း တစ်နေ့တော့ အတိတ်က ချွေးမ တစ်ယောက်အကြောင်း ပြောပြဖို့ ဆုံးဖြတ်လိုက်မိတယ်။အမေ့လို ချွေးမ ၊သူ လို ချွေးမတွေ မရှိစေဖို့ စဥ်းစားဆင်ခြင်နိုင်ဖို့နဲ့ အကျိုးနဲ့ အကြောင်းတရားတွေဟာ အမြဲ ဆက်စပ်မှု ရှိနေတတ်တဲ့ အကြောင်း သတိပြုမိစေချင်တယ်လေ။

💚စပယ်ဦး!
26•10•2021•