ဝဋ်ကြွေးရှိကကျေပါစေ(စ/ဆုံး)
——————————–
သီတာ လျှော်ပြီးသားအဝတ်များကို ကြိုးတန်းတွင် လှမ်းနေစဉ် ခြံထဲသို့ဝင်လာသော နုနုကိုတွေ့လိုက်ရသောကြောင့်
“လာ နုနု အိမ်ပေါ်တက် နင့်ကို မနက်ကတည်းက မျှော်နေတာ။ နင်အဆင်ပြေရဲ့လား ဟင်”
နုနုသည် သီတာ၏အမေးကို မဖြေဘဲ မချိပြုံးသာ ပြုံးပြလိုက်သည်။ မျက်နှာညှိုးနေသော နုနုကို သီတာ စိတ်မသက်သာစွာကြည့်၍ သက်ပြင်းချလိုက်မိသည်။
“နုနု ခဏထိုင်ဦးနော်၊ ငါဖုန်းသွားယူလိုက်ဦးမယ်”
ဟုဆို၍ အိပ်ခန်းအတွင်းမှ ဖုန်းကိုယူပြီး ပြန်ထွက်လာသည်။
“ဒီမှာ ဓါတ်ပုံတွေ။ ငါရိုက်ထားတာ တစ်ပတ်လောက်ရှိသွားပြီ။ နင့်ကိုပြသင့်၊မပြသင့် ငါစဉ်းစားနေတာနဲ့ကြာသွားတာဟ”
သီတာပြသော ဖုန်းထဲမှ ဓါတ်ပုံများကိုကြည့်ပြီး နုနုချုံးပွဲချ ငိုလိုက်မိသည်။
“အဟီး….ဟီး….ဟီး….လုပ်ရက်လိုက်တာ ကိုသီဟရယ် အဟီး…ဟီး…ဟီး……”
ဓါတ်ပုံများမှာ နုနု၏ခင်ပွန်းဖြစ်သူ ကိုသီဟနှင့်တခြားမိန်းမတစ်ယောက်တို့ ချစ်ကြည်နူး၊ပျော်မြူးနေသော ပုံများဖြစ်သည်။ကိုသီဟကိုသာ အသားပေးရိုက်ထားသဖြင့် ဖောက်ပြန်သည့် မိန်းမ၏မျက်နှာကိုတော့ ပီပီပြင်ပြင် မတွေ့ရပေ။
“ငါစုံစမ်းပြီးသွားပြီ။ အဲဒီမိန်းမ ဈေးထိပ်က “လှသူဇာ”အထည်ဆိုင်မှာ အထည်ဝိုင်းရောင်းပေးတဲ့ အလုပ်လုပ်တယ်။ နာမည်က သဇင်ဦးတဲ့”
သီတာပြောလိုက်သည့် သဇင်ဦးဆိုသည့် နာမည်ကြောင့် နုနု ထိတ်လန့်သွားသည်။
“ဘာ ဘာပြောတယ်။ သူ့… သူ့နာမည်က သ… သဇင်ဦး ဟုတ်လား”
“ဟုတ်တယ် နုနု။ သူ့နာမည်က သဇင်ဦး”
မိမိသိခဲ့ဖူးသော သဇင်ဦးမဖြစ်ပါစေနဲ့ဟု နုနုစိတ်ထဲမှ ဆုတောင်းလိုက်မိသည်။
“သီတာ ငါသူ့ကိုတွေ့ချင်တယ်။ နင်လိုက်ခဲ့ပေးပါလား။”
“နင်သူ့ကိုရန်သွားတွေ့မလို့လား။ ကောင်းတယ်နုနု။ သူများလင်ကိုခိုးချင်တဲ့ ကောင်မကို မှတ်သားလောက်အောင် ပြော၊ဆိုပစ်ရမယ်။ လူတွေကြားထဲ မျက်နှာမပြနိုင်အောင် အရှက်ခွဲပေးရမယ်။ ငါလည်းဝိုင်းပြီး ရန်တွေ့ပေးမယ်။ သွားကြစို့။”
“လှသူဇာ”အဝတ်အထည်များ အရောင်းဆိုင်ရှေ့သို့ရောက်သော် သီတာက
“နုနု ဟိုမှာ ခရမ်းရောင်ဝမ်းဆက်ဝတ်ထားတဲ့ တစ်ယောက်ကို တွေ့တယ်မဟုတ်လား။ အဲဒါ သဇင်ဦးပဲ”
နုနုသည် ဝေးနေသောကြောင့် သဇင်ဦီးကို သဲကွဲစွာ မမြင်ရသဖြင့် ဆိုင်နားသို့တိုးကပ်၍ သေချာစိုက်ကြည့်လိုက်၏။ သဇင်ဦးက နုနုကို မမြင်ပါ။ အထည်ဝယ်မည့်သူများကို အထည်များထုတ်ပြနေသည်။ သဇင်ဦး၏မျက်နှာကို သေချာစွာ မြင်လိုက်ရသည့် တခဏတွင် နုနုသည် မျက်စိများပြာလာပြီး မူးဝေလာသဖြင့် လဲကျမသွားစေရန် သီတာကိုတွဲထားလိုက်ရသည်။
“ရရဲ့လား နုနု။ ဒုက္ခပါပဲ အားတင်းထားစမ်းပါဟာ။၊ ဒီပုံစံအတိုင်းဆို နင်သူ့ကို ဘယ်လိုရန်တွေ့လို့ ရမှာလဲ။”
သီတာပြောသည်များကို နုနုမကြားပါ။ နုနု၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်ခြင်းများဖြင့်သာလွှမ်းမိုးနေသည်။
“ဘုရားရေ သူမှသူအစစ်၊ ဟုတ်ပါတယ်။ ငါလူမမှားပါဘူး။ သူ့နှုတ်ခမ်းပေါ်ကမှဲ့နက်ကလေးက ငါစိတ်ထဲစွဲထင်နေတာပဲ။ ဘယ်အငြိုးတွေကြောင့် ငါ့ကိုဒုက္ခလိုက်ပေးနေရတာလဲ သဇင်ဦးရယ်။”
နုနုပြောနေသည်များကို သီတာ နားမလည်နိုင်ပါ။ ထို့ကြောင့်
“ဟဲ့နုနု ဘာတွေပြောနေတာလဲ။ နင်သူ့ကိုပြော၊ဆိုရမှာ ကြောက်နေရင်လည်း ဒီမှာနေခဲ့။ ငါပဲသွားရန်တွေ့လိုက်မယ်။”
“သီတာ… ဟင့်အင်းသီတာ မသွားနဲ့။ ငါ…ငါ အိမ်ပဲပြန်ချင်တယ်။ ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါနော်။”
သီတာသည် သဇင်ဦးကို စိတ်ထဲတွင် မကျေနပ်သော်လည်း နုနု၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေသဖြင့် ဘာမှမပြောတော့ဘဲ နုနု၏အိမ်သို့သာ ပြန်လိုက်ပို့ပေးခဲ့သည်။
( ၂ )
သဇင်ဦးဆိုသောသူသည် ကမ္ဘာပေါ်တွင် နုနုအမုန်းဆုံး၊ ပြန်မဆုံချင်သော လူတစ်ယောက်ဖြစ်သည်။ သဇင်ဦးနှင့်ပတ်သက်၍ ယခင်က ရင်နာခဲ့ရသော အတိတ်ဆိုးတို့ကို ပြန်မြင်ယောင်လာတော့သည်။
ထိုစဉ်ကနုနု၏အမည်သည် နုနုမဟုတ်ချေ။ နုနု၏အမည်အရင်းမှာ နွယ်နွယ်စိုးဖြစ်၏။ သန်လျင်မြို့နယ်၊ပါဒကြီးကျေးရွာတွင် နေထိုင်သော နွယ်နွယ်စိုးသည် အသက်နှစ်ဆယ်အရွယ်တွင် တစ်ရွာတည်းသားခင်ထွန်းနှင့် အိမ်ထောင်ကျပြီး သာယာသော ဘဝကိုဖြတ်သန်းခဲ့ကြသည်။ အိမ်ထောင်သက်လေးနှစ်အရောက်တွင် နွယ်နွယ်စိုးတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ နွယ်နွယ်စိုး ကိုယ်ဝန်ခုနစ်လအရောက်တွင် ခင်ထွန်းသည် မိန်းမတစ်ယောက်နှင့်ဖောက်ပြန်ခဲ့သည်။ ထိုအကြောင်းကို နွယ်နွယ်စိုး ကလေးမွေးပြီး လေးလကြာမှ သိခဲ့ရခြင်းဖြစ်သည်။
“နွယ်နွယ်စိုး ငါတို့ကွာရှင်းကြရအောင်”
ခင်ထွန်းစကားကြောင့် နွယ်နွယ်စိုး ရုတ်တရက် အံ့အားသင့်သွားသည်။ ခင်ထွန်းနောက်နေသည်ဟုသာ ထင်မိသည်။
“ဘာ ဘာပြောတယ်။ ခင်ထွန်း ဒါနောက်စရာမဟုတ်ဘူးနော်”
“ဒီလိုကိစ္စကိုငါကနာက်မလားဟ။ ငါတကယ်ပြောနေတာ”
“ငါဘာအပြစ်တွေများ လုပ်ထားမိလို့ ကွာရှင်းဖို့ပြောရတာလဲ ခင်ထွန်းရယ်။”
“နင်အပြစ်မလုပ်ထားပေမဲ့ နင့်ကိုငါမချစ်တော့ဘူး နွယ်နွယ်စိုး။ ငါ့မှာချစ်ရတဲ့သူရှိလာပြီ။ သူ့ကိုငါချစ်တယ်။သူက သူနဲ့အတူနေချင်ရင် နင့်ဆီက ကွာရှင်းခွင့်ရအောင်တောင်းလာခိုင်းတယ်။ ငါ့ကိုကွာပေးပါနော် နွယ်နွယ်စိုး။”
နွယ်နွယ်စိုး၊ ခင်ထွန်း၏မျက်နှာကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ ခင်ထွန်းကနောက်ပြောတာမဟုတ်ဘဲ အတည်ပြောနေခြင်းဖြစ်သည်။
“ဟင့်အင်း ခင်ထွန်း နင့်ကိုငါမကွာပေးနိုင်ဘူး။ ပြန်စဉ်းစားပါဦး ခင်ထွန်းရယ်။ ငါတို့မှာ သမီးလေးရှိသေးတယ်လေ။ သမီးလေးမျက်နှာကို ထောက်ပါဦးဟာ”
“ငါ့ကိုကလေးနဲ့ ချုပ်ကိုင်ဖို့ မစဉ်းစားနဲ့ နွယ်နွယ်စိုး။ ကလေးကိုနင်မွေးမယ်ဆို ပေးမယ်။ နင်မမွေးရင် ငါ့အမေကိုမွေးခိုင်းမယ်။ ငါကတော့နင်နဲ့ မရ၊ရအောင်ကွာရှင်းမှာပဲ”
“မရက်စက်ပါနဲ့ခင်ထွန်းရယ် ငါတောင်းပန်ပါတယ်နော်။ နင့်ကိုငါချစ်တယ်။ ငါ့မှာနင်မကြိုက်တဲ့ အချက်တွေရှိရင် ငါပြင်ပါ့မယ်။ ငါ့ကိုမထားခဲ့ပါနဲ့နော်။”
“တော်ပြီနွယ်နွယ်စိုး နင်နဲ့မပေါင်းချင်တော့ဘူးလို့ ငါပြောနေတယ်လေ။ ငါဒီအိမ်မှာလည်း ဆက်မနေတော့ဘူး။ ဒီနေ့ကစပြီးနင်နဲ့ငါနဲ့ပြတ်ပြီ”
ခင်ထွန်းသည် နွယ်နွယ်စိုးမကွာပေးသည့်အတွက် အိမ်မှဆင်းသွားသည်။ နွယ်နွယ်စိုးသည် ခင်ထွန်းကိုမပြတ်နိုင်သည့်အတွက် ခင်ထွန်းရှိရာကို စုံစမ်းပြီးလိုက်သွားခဲ့သည်။
“ခင်ထွန်းရယ် အိမ်ကိုပြန်လာခဲ့ပါနော်။ ငါအားလုံးကိုခွင့်လွှတ်ပေးပါ့မယ်။ နင် သူနဲ့ပေါင်းချင်ရင်လည်း ဆက်ပေါင်းပါ။ ငါနားလည်ပေးပါ့မယ်။ ငါ့ကိုတော့ပစ်မထားပါနဲ့နော်”
“ဒီမှာနွယ်နွယ်စိုး နင့်ကိုရွံလို့၊မပေါင်းချင်လို့ အိမ်ပေါ်ကတောင် ဆင်းလာတာ။ ဘာကိစ္စငါက အိမ်ပြန်လာရမှာလဲ။ ငါလိုချင်တာ နင်နဲ့ကွာရှင်းရဖို့ပဲ။ နင့်ကြောင့်သဇင်ကငါ့ကို သူ့ဆီမလာခိုင်းတော့ဘူး။ နင့်ဆီကကွာပြီးမှ သဇင်ကငါ့ကိုလက်ခံမှာ။ ဒါ့ကြောင့်နင်မြန်မြန် ငါ့ကိုကွာပေးစမ်း”
“သဇင်တဲ့လား သူ့နာမည်က သဇင်ဟုတ်လား ခင်ထွန်း”
“အေး ဟုတ်တယ် သူ့နာမည်က သဇင်ဦးတဲ့”
နွယ်နွယ်စိုးသည် ခင်ထွန်းအိမ်ပြန်လာရေးအတွက် မိဘ၊ဆွေမျိုးများထံတွင်လည်း အကူအညီတောင်းခဲ့သည်။ သို့သော် ခင်ထွန်းကား မည်သူမျှ နားချ၍မရတော့ပေ။ သဇင်ဦးမှ သဇင်ဦးဖြစ်နေ၏။ ဗေဒင်၊နတ်ဆရာများထံသို့ သွားပြီးလည်း ခင်ထွန်အိမ်ပြန်လာစေရန် ဓါက်ရိုက်၊ဓါတ်ဆင် ယတြာများပြုလုပ်ခဲ့သည်။ ခင်ထွန်းအိမ်သို့ပြန်လာခဲ့ပါသည်။ သို့သော် နွယ်နွယ်စိုးဆီသို့ ပြန်လာခဲ့ခြင်းမဟုတ်ပါ။ နွယ်နွယ်စိုး မကွာရှင်းပေးသဖြင့် ကွာရှင်းပေးစေရန် လာရောက်ရိုက်နှက်ခြင်းသာဖြစ်သည်။
ခင်ထွန်းသည် သဇင်ဦးက နွယ်နွယ်စိုးထံမှ ကွာရှင်းခွင့်မရလျှင် မယားငယ်မလုပ်နိုင်၊လက်မထပ်နိုင်ဟုဆိုသဖြင့် ကွာရှင့်ခွင့်ရဖို့အရေး နွယ်နွယ်စိုးကို ရိုက်နှက်ညှင်းပန်းလေတော့သည်။ ခင်ထွန်းဘယ်လိုပင် ရက်စက်ပါစေ။ နွယ်နွယ်စိုး၊ ခင်ထွန်းကိုမပြတ်နိုင်ဘဲ မကွာရှင်းပေးဘဲနေခဲ့သည်။ နောက်ဆုံးတွင် နွယ်နွယ်စိုး၊ သဇင်ဦးကိုသွားတွေ့ခဲ့သည်။ ခင်ထွန်းနှင့်မပတ်သက်ရန် တောင်းပန်ရာ သဇင်ဦးက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောသဖြင့် သည်းမခံနိုင်တော့ဘဲ သဇင်ဦးကို ရိုက်မိလေတော့သည်။ သဇင်ဦးဘက်က ပိုင်နက်ကျူးကျာ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများဖြင့် အမှုဖွင့်သဖြင့် နွယ်နွယ်စိုး အချုပ်ကျခဲ့သည်။
နွယ်နွယ်စိုးမိဘများဘက်ကလည်း ခင်ထွန်းနှင့်သဇင်ဦးကို ဖောက်ပြန်မှုဖြင့် တရားပြန်စွဲခဲ့သည်။
“သမီး ခင်ထွန်းတို့ဘက်က လာညှိတယ်။ သူတို့ကိုအမှု ရုပ်သိမ်းပေးပြီး ကွာရှင်းပေးရင် သမီးကိုလည်း သူတို့တရားစွဲထားတဲ့ အမှုပြန်ရုပ်ပေးမယ်တဲ့။ ကျေအေးပြီးကွာရှင်းလိုက်ပါတော့သမီးရယ်။ သမီးရဲ့သမီးလေးလည်း မအေမရှိတော့ နို့လည်းမစို့ရ၊ နို့ဗူးလည်းမစို့နဲ့ အခုနေမကောင်းဖြစ်နေတယ်။ သူတို့ပြောတဲ့အတိုင်း လက်ခံလိုက်ပါတော့နော်”
နွယ်နွယ်စိုး၏ အမေက နွယ်နွယ်စိုးကို ခင်ထွန်နှင့်ကွာရှင်းရန် ဖျောင်းဖြပြောဆိုခဲ့သည်။
“ကိုယ့်အပေါ် ဒီလောက်ရက်စက်တဲ့သူကို စွဲလန်းမနေပါနဲ့တော့။ ဝဋ်ကြွေးတွေဆပ်လိုက်တယ်လို့ပဲ တွေးလိုက်ပါတော့ သမီးရယ်”
နွယ်နွယ်စိုးသည် လသားအရွယ်သာရှိသေးသည့် သမီးလေးပန်းအိဖြူကို သနားသဖြင့် လက်လျှော့ပြီး ခင်ထွန်းကိုကွာရှင်းပေးခဲ့သည်။ သမီးလေးကို ခင်ထွန်းကွာရှင်းရန်ပြောကတည်းက ယောကျာ်းစိတ်ဖြင့် ဂရုမစိုက်ဘဲပစ်ထားခဲ့မိသည်။
( ၃ )
နွယ်နွယ်စိုး၊ ခင်ထွန်းနှင့် ကွာရှင်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အဒေါ်အိမ်သို့ သမီးကလေးကိုခေါ်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့သည်။ နွယ်နွယ်စိုး ရွာမှထွက်လာပြီးနောက် ခင်ထွန်းနှင့် သဇင်ဦးတို့ ယူလိုက်ကြသည်ဟု သိရသည်။ အဒေါ်အိမ်တွင် နေထိုင်စဉ် နွယ်နွယ်စိုး အမည်ကိုနုနုသို့ပြောင်းခဲ့သည်။ အင်းစိန် ဒညင်းကုန်းဈေးထဲတွင် ကုန်စိမ်းရောင်းရင်း မိမိကဲ့သို့ ကုန်စိမ်းရောင်းသည့် ကိုသီဟနှင့်ဆုံခဲ့ခြင်းဖြစ်သည်။ ကိုသီဟသည် နုနုအပေါ်အလွန်ကောင်းခဲ့သည်။ နုနု၏ အတိတ်ကဖြစ်ရပ်များအတွက်လည်း စာနာသနားခဲ့သည်။ နုနု၏သမီးလေး ပန်းအိဖြူအပေါ်တွင်လည်း သမီးအရင်းကဲ့သို့ ချစ်ခင်ပေးခဲ့သည်။ ပန်းအိဖြူငါးနှစ်သမီးအရွယ်တွင် ကိုသီဟနှင့် ကိုယ်ဝန်ရလာသဖြင့် ကုန်စိမ်းရောင်းခြင်းကို ရပ်နားခဲ့သည်။
သမီးငယ်မြတ်ပန်းဖြူကိုမွေးဖွားပြီးသောအခါ ကိုသီဟ၏ဦးလေးအကူအညီဖြင့် တောင်ဥက္ကလာသို့ပြောင်းလာခဲ့ပြီး မြင်သာဈေးထဲတွင် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ဈေးထဲကဆိုင်သို့ ယခင်ကပစ္စည်းဝိုင်းရောင်းပေးရန် နုနုရောက်ခဲ့ပါသော်လည်း မြတ်ပန်းဖြူ ကျောင်းစနေချိန်မှစ၍ မအားတော့သဖြင့် ဆိုင်သို့မရောက် တော့ပေ။ ထို့ကြောင့်ကိုသီဟနှင့် သဇင်ဦးတို့ မည်သို့နီးစပ်သွားသည်ကို နုနုမသိခဲ့ခြင်းဖြစ်သည်။
( ၄ )
နုနု ယခင်ကအကြောင်းများကို တွေးနေရာမှ ဖုန်းအလန်းပေးသံမြည်လာသဖြင့် သမီးနှစ်ယောက်ကျောင်းကြိုဖို့ကိုသတိရလိုက်သည်။ သမီးနှစ်ယောက်ကိုကြိုပြီး ဝေယျာဝစ္စများလုပ်ပေးနေရသော်လည်း ရင်ထဲမှာပူလောင်နေသည်။ သမီးနှစ်ယောက်စိတ်ဆင်းရဲမှာစိုးသဖြင့် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်မြိုသိပ်နေရသည်။ နောက်တစ်နေ့ ကိုသီဟဆိုင်သို့သွားချိန်နှင့် သမီးများကျောင်းသွားချိန်တွင် ရွာမှသူငယ်ချင်းဆီသို့ ဖုန်းဆက်မေးခဲ့သည်။
“ညိုညို ငါနွယ်နွယ်စိုးပါ။ ခင်ထွန်းနဲ့သဇင်ဦးတို့အကြောင်းသိချင်လို့”
“သူတို့နှစ်ယောက်ကွဲသွားတာ ကြာပြီဟ။ တစ်နှစ်လောက်ပဲ ပေါင်းလိုက်ကြပြီး ကွဲသွားကြတယ်။ ခင်ထွန်းရော သဇင်ဦးပါ ရွာကထွက်သွားတာ ဘယ်ရောက်နေမှန်း ဘယ်သူမှမသိကြဘူး”
ညိုညိုပြောပြီးဖုန်းချသွားသည်။
“ဪ ခင်ထွန်း၊ ခင်ထွန်း ငါမကွာရှင်းပေးလို့၊ သဇင်ဦးနဲ့ မပေါင်းရလို့ဆိုပြီး ငါ့ကိုရိုက်နှက်သောင်းကျန်းခဲ့တာ။ ခုတော့ တစ်နှစ်လောက်ပဲပေါင်းပြီး ကွဲလိုက်ကြသတဲ့လား။ ငါ့ကိုဒုက္ခပေးပြီး ယူထားရင်လည်း အဆုံးထိမြဲအောင် ပေါင်းကြပါလား။ အခုတော့…….”
“ဝဋ်ကြွေးရှိလျှင် ကုန်အောင်ဆပ်ရမည်” စကားအတိုင်း နုနုအတွက် တစ်ခါဆပ်ပြီးရုံနှင့်မလုံသေးဘူးထင်သည်။ နွယ်နွယ်စိုးဘဝတွင် ခင်ပွန်းဖြစ်သူအလုခံခဲ့ရသည်။ ယခုနုနုဘဝတွင်လည်း ထပ်အလုခံရသည်။ သဇင်ဦးအပေါ် အတိတ်ဘဝက ဘယ်လောက်များအပြစ်လုပ်ခဲ့မိသလဲ မသိချေ။
“သဇင်ဦး နင်လည်း ကံတော်တော်ဆိုးတာပဲ။ ပတ်သက်မိသမျှ ယောကျာ်းတိုင်း မယားရှိလင်တွေချည်းပဲ။ အိမ်ထောင်ရှိယောကျာ်း သန်းချီရှိတဲ့ကြားက ငါ့လင်တွေနဲ့ပဲ ဖောက်ပြန်နေတာဆိုတော့ နင့်ကို ပေးဆပ်ရမဲ့ အကြွေးတွေမကျေသေးဘူး ထင်ပါရဲ့။ ဒီဘဝ ငါအကြေဆပ်ခဲ့ပါမယ်လေ”
နုနုဆုံးဖြတ်ချက်ကို ခိုင်မာစွာချပြီးနောက် ကိုသီဟထံသို့ ဖုန်းဆက်လိုက်သည်။
“ကိုသီဟ သမီးတွေကျောင်းသွားနေတုန်း ရှင်နဲ့ သဇင်ဦးတို့အကြောင်း ပြောချင်လို့ ဆိုင်ပိတ်ပြီး အိမ်ကိုပြန်လာခဲ့ပါ”
ကိုသီဟသည် သဇင်ဦးနှင့်ကိစ္စကို နနုသိသွားသဖြင့် စိုးရိမ်သွားသည်။ ထို့ကြောင့်အိမ်သို့အမြန်ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် နုနုဒေါသထွက်ပြီးပြောဆိုမည်ထင်ခဲ့သော်လည်း နုနုကမယုံနိုင်လောက်အောင် တည်ငြိမ်နေသည်။
“ကိုသီဟ ရှင် သဇင်ဦးနဲ့ပေါင်းဖို့အတွက် ကျွန်မကွာရှင်းပေးပါ့မယ်”
ကိုသီဟ၊ နုနုထံမှ မမျှော်လင့်ထားသည့် စကားကိုကြားလိုက်ရ၍ အံ့ဩသွားသည်။ သဇင်ဦးနှင့်နုနုနောက်ကွယ်တွင် ဖောက်ပြန်မိခဲ့သော်လည်း သူသဇင်ဦးကိုမချစ်ပေ။ သဇင်ဦးသည် လှသည်၊ ရဲတင်းပွင့်လင်းလွန်းသည်မို့ ခဏတာသာယာခဲ့မိခြင်းဖြစ်သည်။ထို့ကြောင့်
“ကိုယ်တောင်းပန်ပါတယ်နုနုရယ်၊ ကိုယ်မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါနော်။ ကိုယ်သူ့ကိုအဆက်ဖြတ်ပါ့မယ်။
“ဟင့်အင်းကိုသီဟ ကျွန်မ ပထမအိမ်ထောင်ဖောက်ပြန်လို့ ဘယ်လောက်ထိခံစားခဲ့ရတယ်ဆိုတာကို ရှင်သိနေတာပဲ။ ဒါကိုသိရက်နဲ့ဖောက်ပြန်တယ်ဆိုကတည်းက ရှင်ကိုဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။”
“နုနု”
“သမီးတွေအတွက်တော့မစိုးရိမ်ပါနဲ့ ကျွန်မသမီးတွေကို အရွယ်ရောက်တဲ့အထိ စောင့်ရှောက်မှာပါ။ ယောကျာ်းဆိုရင် ကြောက်သွားပြီမို့ နောက်အိမ်ထောင်လည်း မပြုတော့ပါဘူး။ သမီတွေမှာ ပထွေးဆိုတာလည်း ဘယ်တော့မှရှိတော့မှာမဟုတ်ပါဘူး။”
“ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလားနုနုရယ်။ ကိုယ်တကယ်ချစ်တာ နုနုကိုပါ။”
“ရှင် သဇင်ဦးဆီကိုသွားပါကိုသီဟ။ သဇင်ဦးကိုလည်းပြောပြလိုက်ပါ။ နွယ်နွယ်စိုးက သဇင်ဦးအပေါ်ဆပ်ရမဲ့ အကြွေးတွေကို ဒီဘဝမှာ အကုန်ဆပ်လိုက်ပါပြီလို့။ သူ ကျွန်မအပေါ်လုပ်ထားတဲ့ အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးပါတယ်။ ကွန်မနှစ်ယောက် သံသရာခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့အကြွေးမှ မဆပ်ရဘဲ ကိုယ့်ဘဝနဲ့ကိုယ်လျှောက်လှမ်းနိုင်ဖို့ပဲ ကျွန်မဆုတောင်းနေပါတယ်ဆိုတဲ့ အကြောင်းပြောပြပေးပါရှင်”
နုနုပြောနေသည်များကို ကိုသီဟနားမလည်ပါ။ သူသိသည်က ခဏတာသာယာမိသောကြောင့် အပျော်ရှာခဲ့သဖြင့် ချစ်ရသည့်ဇနီး၊သမီးများနှင့် ဝေးရတော့မည်ဆိုသည့် နောင်တ အသိများသာဖြစ်ပါသည်။
ပြီးပါပြီ။
crd_ယုယုငယ်
(20.1.2024)sat