စုန်းထီးကြီးဦးဘသာနှင့် ခွေးကြီးထိပ်ဖြူ
အတွဲ(၁) စာစဉ်(၄၃)
(၁)
တစ်ရက်တော့ ကျုပ်ရွာထဲကလှည့်ပြီး အိမ်ပြန်လာရင်း ခွေးပေါက်တစ်ကောင်က အနောက်ကနေလိုက်လာသဗျ၊ ရွာထဲမှာလည်း ခွေးလေခွေးလွင့်က အများသားမဟုတ်လားဗျာ၊ ဒီခွေးပေါက်ကလေးက တစ်ကိုယ်လုံးအနက်ရောင်ကလေးဗျ၊ ခေါင်းပေါ်ထိပ်မှာတော့ အဖြူရောင်အကွက်ကလေးပါတယ်၊ ကျုပ်လမ်းလျှောက်တဲ့ အနောက်ကနေပြီးတော့ ရစ်သီရစ်သီနဲ့လိုက်လာနေရင်းက ခြံဝအထိရောက်လာပါရောဗျာ၊ ကျုပ်ခြံတံံခါးကိုဖွင့်ပြီး ဝင်လိုက်တော့လည်း အနောက်ကနေလိုက်လာချင်ပုံရတယ်ဗျ။
“ဟာ၊ ဟဲ့ခွေး၊ သွားစမ်းကွာ၊ ရှူး . . .ရှူး”
ကျုပ်မောင်းထုတ်ပေမယ့် ခွေးကမသွားဘဲ ပေတိပေကပ်လုပ်နေသဗျ၊ ဒီအခါ ဘယ်အချိန်ကတည်းက အိမ်ရောက်နေမှန်းမသိတဲ့ ဦးဘသာက အိမ်ထဲကနေလှမ်းအော်တယ်။
“ဟေ့အလတ်ကောင်၊ ဘာတွေမောင်းနေပြန်တာလဲကွ”
ဦးဘသာရောက်နေတာနဲ့ ကျုပ်လည်း အိမ်ဘက်ကိုလျှောက်လာရင်း
“ဟာ၊ ဦးဘသာကြီး ဘယ်ကနေဘယ်လိုလုပ်ပြီး အိမ်ရောက်နေတာလဲဗျ”
“ဒီလိုပါပဲကွာ၊ ခုတလော သူကြီးမကျန်းမာဘူးမဟုတ်လား၊ အဲဒါအားရှိအောင်လို့ နွားနို့လာပေးတာကွ၊ ဒါနဲ့ မင်းခုနက ဘယ်သူ့ကိုမောင်းနေတာလဲ”
“ဘယ်သူရှိရမှာလဲ ဦးဘသာရာ၊ ခွေးပေါ့ဗျ၊ ဘယ်က ကလေကဝခွေးက ကျုပ်အနောက်လိုက်လာသလဲမသိဘူးဗျို့၊ ရွာလယ်လမ်းအတိုင်း တကောက်ကောက်လိုက်လာတာ၊ အခုတောင် ခြံထဲဝင်ချင်လို့ဆိုပြီး ခြံရှေ့မှာ ရစ်သီရစ်သီလုပ်နေသေးတယ်”
“ဟာ၊ အလတ်ကောင်ရာ၊ အဲဒီခွေးကို ခြံထဲပေးဝင်လိုက်ပါကွ”
“ဘာဖြစ်လို့လဲ ဦးဘသာရ”
“တို့ဗမာအယူအဆအရ ကိုယ်နဲ့မသိတဲ့ခွေးတွေ ကိုယ့်နောက်လိုက်လာပြီး အိမ်ထဲဝင်ချင်တယ်ဆိုရင် အဲဒီခွေးကိုမွေးရတယ်ကွ၊ အဲဒီခွေးမျိုးက အကျိုးပေးတတ်တယ်”
“ဟာဗျာ၊ ခွေးတော့ မမွေးချင်ပါဘူးဗျာ၊ အိမ်ရှုတ်တယ်ဗျ”
ပြောနေတုန်းရှိသေးတယ် ဒီခွေးလေးက ခြံတံခါးအောက် နေရာလွတ်ကလေးကနေ မရမကတိုးဝင်လာပြီးတော့ ကျုပ်တို့ဆီကိုတန်းတန်းမတ်မတ်လာပါရောဗျာ၊ ကျုပ်အနားရောက်တော့ ကျုပ်ပုဆိုးစကို သူ့ခေါင်းနဲ့ပွတ်နေသေးတယ်၊
“အဲဒါသာကြည့်တော့ ဦးဘသာ၊ ဘယ်ဘဝကရေစက်မှန်းတော့မသိဘူး၊ ကျုပ်ကိုတော့ တော်တော်ခင်နေတာဗျ”
ဦးဘသာက ခွေးကလေးကို သေချာကုန်းကြည့်ရင်း
“ဟ၊ ခွေးက ခွေးနက်ကွ၊ ခွေးနက်မှာမှ ထိပ်ကအဖြူကွက်နဲ့ဟေ့၊ ဒီလိုခွေးမျိုးကတော့ မွှွေးသင့်တယ်ကွ၊ ဟောကြည့် ဖင်မှာလည်း အဖြူကြားလေးပါလားကွ၊ “ထိပ်ဖြူဖင်ကြား စည်းစိမ်ပွားတဲ့” စာဆိုတောင်ရှိသေးတယ်၊ ဒီခွေးမျိုးကိုတော့ ရဲရဲသာမွေးစမ်းဟေ့ အကျိုးပေးတယ်ကွ”
“ဦးဘသာကတော့ စွတ်ပြောနေပြန်ပါပြီဗျာ၊ ကျုပ်နဲ့ခွေးတွေနဲ့ အစေးမကပ်တာ ဦးဘသာအသိပဲမဟုတ်လား၊ ကျုပ်ကလည်း ခွေးဆိုရင် ချစ်ကိုမချစ်တတ်တာ”
“မဆိုင်ပါဘူးကွ၊ အခုခွေးကလေးကတော့ မင်းကိုချစ်ပုံရပါတယ်ကွ”
“ဒါဆို တကယ်ပဲအကျိုးပေးမှာလား”
“ငါပြောတာ ဘယ်တုန်းကလွဲခဲလို့လဲ အလတ်ကောင်ရ၊ ဗမာတွေရဲ့ ရှေးအယူအဆအရဆိုရင် ကိုယ့်နောက်လိုက်လာတဲ့ခွေးကို မွေးကောင်းတယ်ကွ၊ စီးပွားတက်တတ်တယ်၊ ပြီးတော့ အခုလို ထိပ်ဖြူခွေး၊ ဖင်မှာအကြားပါတဲ့ခွေးဆိုရင် ပိုကောင်းတယ်၊ ထိပ်ဖြူတဲ့ခွေးက လာဘ်ကောင်းတယ်၊ ဖင်ကျားတဲ့ခွေးကတော့ ရန်လုံတယ်တဲ့ကွ၊ အခုခွေးကလေးက ထိပ်လည်းဖြူတယ်၊ ဖင်လည်းကျားတယ်ဆိုတော့ မွေးသာမွေးကြည့်လိုက်စမ်းပါ အလတ်ကောင်ရာ”
ဒီအခါ အိမ်နောက်ဖေးဝင်သွားတဲ့အကိုကြီးက ထွက်လာပြီး
“မွေးမယ်၊ ဒီကောင်မမွေးရင်နေ၊ ကျုပ်မွေးမယ်ဗျာ”
အကိုကြီးက ပြောပြောဆိုဆိုနဲ့ ဦးဘသာအရှေ့ချထားတဲ့ နွားနို့ခွက်ထဲကနေ အကြမ်းပန်းကန်လုံးနဲ့ နွားနို့နည်းနည်းခပ်ပြီး ခွေးလေးအရှေ့ကိုချပေးလိုက်တာ ခွေးလေးက နို့တွေကို ကုန်းကုန်းပြီးလျက်ပါရောလားဗျာ။ ကျုပ်ကတော့ သိပ်ကြည့်မရပေမယ့် ခွေးချစ်တတ်တဲ့အကိုကြီးကတော့ တော်တော်ချစ်တဲ့ပုံပဲဗျ။
“ခွေးမွေးမယ်ဆိုတော့ နာမည်တော့ပေးရမယ်၊ ဒီကောင့်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ”
“ဒီကောင်က ခေါင်းထိပ်ဖြူနေတော့ ထိပ်ဖြူလို့ပဲ ခေါ်တာပေါ့အကိုကြီးရာ၊ ဘာခက်တာမှတ်လို့”
“အေးအေး၊ ထိပ်ဖြူ၊ ထိပ်ဖြူ။ မဆိုးဘူးကွ ခေါ်လို့တော့အကောင်းသား”
အကိုကြီးက ခွေးလေးရဲ့ဇက်ပိုးကို လက်နဲ့ပွတ်ရင်း
“ဟေ့ကောင်ထိပ်ဖြူ၊ ဒီနေ့ကစပြီး မင်းနာမည်ထိပ်ဖြူဖြစ်သွားပြီ၊ ကိုယ့်နာမည်ကိုယ်မှတ်ထား၊ ကြားလား”
ခွေးလေးက နားလည်သလိုလိုနဲ့ အကိုကြီးကိုတစ်ချက်မော့ကြည့်လိုက်ပါရော။
(၂)
ဒီလိုနဲ့အချိန်တွေကြာလာတယ်ဆိုပါတော့ဗျာ၊ ထိပ်ဖြူအိမ်ရောက်တာ ခြောက်လလောက်တောင်ရှိတော့မှာပေါ့။ အိမ်ကလူတွေကလည်း ဒီကောင့်ကိုချစ်တယ်ဗျ၊ ဒီကောင်ကလည်း လူရိပ်လူခြေဆိုရင် သိပ်သိတဲ့ကောင်၊ ကျွေးကြမွေးကြလွန်းလို့ ဒီကောင်ကြီးထွားလိုက်တာလည်း ပြောမနေပါနဲ့၊ အရောင်ဆိုရင်လည်း စိုပြီးတော့ နက်နေတာဗျ။
ဦးဘသာပြောသလို အကျိုးပေးတာလားတော့ မပြောတတ်ဘူးဗျို့၊ အဲဒီနှစ်က ကျုပ်တို့လယ်တွေ အထွက်ကောင်းတယ်ဗျာ၊ စပါးဈေးကောင်းတဲ့အချိန်ကိုလည်း မှီလိုက်တာဆိုတော့ အိမ်မှာငွေရွင်သွားတာတော့အမှန်ပဲ၊ အကိုကြီးက ဘာစိတ်ကူးပေါက်တယ်တော့မသိဘူး၊ သူ့ယာထဲမှ ငရုတ်တွေကြဲထားလိုက်တာ၊ အဲဒီနှစ်က ငရုတ်ရှားပြီး ဈေးကောင်းရလို့ ကျုပ်မရီးဆို ရွှေဆွဲကြိုးတွေဘာတွေတောင် လုပ်ဝတ်နိုင်တယ်ဗျာ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါထိပ်ဖြူကြောင့်များလားလို့ ကျုပ်တော့တွေးမိတယ်။
အိမ်မှာ နွားတွေနာပြီဟေ့ဆိုရင် ဦးဘသာကြီးကိုပဲ ခေါ်တာများတယ်ဗျ၊ နွားဆေးကုတဲ့လူကိုတော့ နွားဆရာလို့ခေါ်ကြတယ်၊ ဦးဘသာကတော့ နွားဆရာဖြစ်မှန်းမသိဖြစ်နေတာပေါ့ဗျာ၊ ရွာမှာ တခြားနွားဆရာတွေရှိတယ်ဆိုပေမယ့် ဦးဘသာကြီးက စေတနာနဲ့လိုက်လုပ်ပေးတတ်တာကိုးဗျ၊ တခြားနွားဆရာတွေဆိုရင် ဆရာကြေးပေးရတယ်၊ အနည်းဆုံးတော့ ဆန်တစ်ပြည်၊ ငွေတစ်မတ်နဲ့ ကန်တော့တဲ့တောင်းတစ်တောင်းပေးရတာမျိုးကိုဗျ၊ ဒီနေရာမှာ ကြုံလို့တစ်ခုပြောချင်သဗျာ၊ ကျုပ်တို့အညာမှာ ဟိုးအရင်ကတော့ ဆရာတွေ၊ သမားတွေကိုဆိုရင် တောင်းနဲ့ကန်တော့တတ်တယ်ဗျ၊ တောင်းကတော့ သိပ်အကြီးကြီးမဟုတ်ဘူးပေါ့ဗျာ၊ ခွဲတောင်းတို့ တင်းတောင်းတို့ပေါ့၊ အဲဒီအထဲကို ဆရာအတွက် စေတနာရှိသလောက် ပစ္စည်းတွေဖြည့်ရတဲ့၊ ငရုတ်ကြက်သွန်တတ်နိုင်တဲ့လူက ငရုတ်ကြက်သွန်ပေါ့ဗျာ၊ ပဲတတ်နိုင်တဲ့လူက ပဲထည့်၊ ဆန်တတ်နိုင်တဲ့လူက ဆန်ထည့်တာပေါ့၊ ဒီလိုလုပ်ရတာ ပညာကိုပူဇော်တာတဲ့ဗျာ၊ တစ်အိမ်တည်းဆိုရင်တော့ တောင်းကမစုံတတ်ပေမယ့် လူများရင်တော့ ဟိုလူနည်းနည်း၊ ဒီလူနည်းနည်းဝိုင်းထည့်ကြရင်း တောင်းကပြည့်လျှံသွားတတ်တာပဲ၊ ဒါကြောင့်လည်း “အများကောင်းတော့ တောင်းလှ” ဆိုတဲ့ စကားပုံဖြစ်လာတယ်ထင်ပါ့ဗျာ။
အဲဒီနေ့က ဦးဘသာကြီးအိမ်ကိုရောက်နေတယ်ဗျ၊ နွားနှစ်ကောင်က ဝမ်းတွေကျနေလို့ သူလာကုပေးတာ၊ ထုံးစံအတိုင်း အဖေကတော့ အိမ်မှာမရှိဘူးပေါ့ဗျာ၊ မနက်ခင်းပိုင်းဆိုရင် ရွာဦးကျောင်းကိုရောက်ရင်ရောက်၊ မရောက်ရင်လည်း ရွာထဲက တစ်အိမ်အိမ်မှာ စကားပြောနေတတ်တယ်မဟုတ်လား၊ ဦးဘသာကြီး ခြံထဲဝင်လာတယ်ဆိုရင်ပဲ ထိပ်ဖြူက အိမ်ထဲကနေ ပြေးကြိုသဗျာ၊ ဦးဘသာကတော့ သူ့ခေါင်းတွေပါးတွေကို ပွတ်သပ်ပေးတော့ ဒီကောင်က အမြှီးလေး တနံ့နံ့နဲ့ဗျ။ ဦးဘသာ နွားတွေကိုဆေးကုပေးပြီးတော့ အိမ်မှာပဲထိုင်နေတယ်၊ ကျုပ်ကလည်း အကြမ်းရေ၊ ပဲလှော်၊ ထန်းလျက်ခဲလေးနဲ့ ဧည့်ခံရင်း စကားဆုံဖြစ်ကြတယ်ပေါ့ဗျာ။
“ဦးဘသာပြောသလိုပဲဗျာ၊ ဒီကောင်ထိပ်ဖြျူကိုမွေးပြီးကတည်းက လုပ်ငန်းကိုင်ခန်းတွေ အဆင်ပြေလာတယ်ဗျ”
ကွမ်းဝါးနေတဲ့ဦးဘသာက ကွမ်းတံတွေးကို ထွေးခံထဲ ပျစ်ခနဲထွေးထုတ်လိုက်ပြီး
“ဒါပေါ့ကွ၊ ဒါလည်းပါမှာပေါ့”
“ဦးဘသာပြောသလို ခွေးကအကျိုးပေးတယ် ဘာညာဆိုတော့ ခွေးနဲ့ပတ်သက်တဲ့ တခြားအယူအဆတွေရော ရှိသလားဗျ”
“ရှိပါရောကွာ၊ ခွေးဆိုတာမျိုးက ငါဖတ်ဖူးမှတ်ဖူးသလောက် ဟိုးသမိုင်းမတင်မီခေတ်၊ ပြောရရင်တော့ လူရိုင်းတွေခေတ်ကတည်းက လူနဲ့အတူတူနေထိုင်ကြတဲ့ မိတ်ဆွေတွေပဲကွ၊ လူသားတွေကို ကူညီပြီးအမဲလိုက်ပေးတယ်၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို စောင့်ရှောက်ပေးတယ်၊ လူသားတွေကလည်း အပြန်အလှန်အနေနဲ့ သူတို့ကိုကျွေးမွေးထားရင်း တစ်ဦးနဲ့တစ်ဦး အဖော်သဟဲပြုနေကြတယ်ဆိုပါတော့”
“ဒါနဲ့ ကျုပ်တစ်ခုလောက်မရှင်းလို့ မေးပါရစေအုံး၊ ခွေးမွေးရင် စီးပွားတက်တယ်ဆိုတာ တကယ်ပဲလား”
“အကြမ်းဖျင်းအားဖြင့်တော့မှန်တယ်ကွ၊ ခွေးဆိုတာက တနင်္လာနံလေကွ၊ တနင်္လာနံဆိုတော့ ငွေနံပဲ၊ အဲဒီတနင်္လာနံကို ကုသိုလ်ပြုရင် ငွေရွှင်တယ်လို့တော့ ရှေးက ယူဆကြတယ်ကွ၊ ဒါကြောင့် ဗေဒင်ဆရာတွေဆိုရင် စီးပွားရေးသိပ်မကောင်းတဲ့လူကို ကျီးစာ၊ ငှက်စာ၊ ခိုစာ၊ ငါးစာတွေ ကျွေးခိုင်းတယ်မဟုတ်လား၊ တစ်ချို့လည်း ခွေးစာကျွေးခိုင်းတာပေါ့ကွ၊ ငွေနံကို ကျွေးတာ လာဘ်ကောင်းတယ်ဆိုတာကိုး”
“အဲဒါတကယ်လားဗျာ”
ဦးဘသာက ကွမ်းဖတ်တွေကိုထွေးလိုက်ရင်း
“ငါ့ အတွေ့အကြုံအရဆိုရင်တော့ တကယ်ပဲကွ၊ ခွေးတွေကျွေးလို့ တိရစ္ဆာန်တွေကိုကျွေးမွေးလို့ ဆင်းရဲသွားတဲ့လူဆိုတာ ငါမမြင်ဖူးသေးဘူး၊ တို့ငယ်ငယ်က မြိုင်သာမှာနေတော့ ဦးဒေါနဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်ကွ၊ သူက ခွေးတွေကိုသေသေချာချာကျွေးမွေးတတ်တာ၊ သူ့အပြောအရဆိုရင်တော့ ခွေးတွေကို ကျွေးလေလေ သူ့စီးပွားက ကောင်းလာလေလေပဲကွ၊ အဲ . . . ဒီနေရာမှာ ကျွေးတဲ့မွေးတဲ့ပုံခြင်းကွာတာပေါ့ကွာ၊ ကျွေးတယ်ဆိုပေမယ့် ဒီအတိုင်းပစ်ချပြီး ရော့အင့်စားဆိုပြီးကျွေးတာထက်၊ သူတို့လေးတွေ ဆာနေတာတွေပျောက်ပါစေဆိုပြီး စေတနာလေးနဲ့ ကျွေးရတယ်၊ အဲဒီတော့မှ ပိုပြီးအကျိုးဖြစ်တယ်ဆိုပဲကွ၊ ဦးဒေါနကိုကြည့်ပြီးတော့ ဒီအယူက မှန်တယ်လို့ ငါယူဆလိုက်တာပဲဟေ့၊ သူတစ်ခါတစ်ခါကျွေးတာ နည်းတာမှမဟုတ်တာ”
“အင်း၊ ဟုတ်တော့ဟုတ်မယ်နော်ဗျ”
“အေး၊ ဒါပေမယ့် ကျွေးတာကတော့ ကိစ္စမရှိပေမယ့် မွေးတာကတော့ ကိစ္စရှိတယ်ကွ၊ ဗမာအယူမှာ အိမ်မှာ မမွှေးသင့််တဲ့ခွေးတွေရှိတယ်၊ အဲဒါကတော့ ဟောင်လွန်းတဲ့ခွေး၊ အူလွန်းတဲ့ခွေး၊ ကန်းနေတဲ့ခွေး၊ ကျိုးနေတဲ့ခွေးကို မမွှေးကောင်းဘူးတဲ့ကွ၊ ဒီအယူကို သေသေချာချာလေ့လာကြည့်ရင် ဟောင်လွန်းတဲ့ခွေးကျတော့ အိမ်ဆူတယ်၊ အရပ်ဆူတယ်ပေါ့ကွာ၊ အူလွန်းတဲ့ခွေးလည်း ဒီအတိုင်းပဲကွ၊ တချို့ခွေးတွေဆိုရင် ဘာမှအကြောင်းမရှိဘဲ အလကားနေရင်း အူနေတာမဟုတ်လား၊ ခွေးအူတယ်ဆိုတာကို မကောင်းဘူးလို့ လူတွေက ယူဆကြလေတော့ ဒီလိုခွေးလည်း မမွေးသင့်ဘူးကွ၊ ကန်းနေတဲ့ခွေးဆိုတာထက် စုံလုံးကန်းတဲ့ခွေးပေါ့ကွာ၊ ခွေးက စုံလုံးကန်းနေတော့ သခင်ရောဘာရောမသိတော့ဘဲ တွေ့ရာရန်မူတတ်လို့ဖြစ်မှာပေါ့၊ ကျိုးနေတဲ့ခွေးဆိုတာလည်း သုံးစားမရတော့ မမွေးကြနဲ့ဆိုပြီး ပြောခဲ့တယ်ထင်ပါတယ်ကွာ”
“ခွေးအူတာနဲ့ပတ်သက်လို့ကတော့ မကောင်းတာတော့ အမှန်ပဲနော်ဗျ”
“ဒါပေါ့၊ ခွေးဆိုတာကတော့ အူတတ်တဲ့အမျိုးပဲကွ၊ ဒါပေမယ့် ဘယ်လိုအချိန်မှာ မကောင်းဘူးလဲဆိုတော့ ည(၁၀)နာရီနဲ့ သန်းခေါင်ကျော်ချိန်မှာ အူတာဟာ နာနာဘာဝမကောင်းဆိုးဝါးတွေ မြူးလို့ အူတာလို့ယူဆကြတယ်၊ ခွေးက ဘာမှမရှိတဲ့နေရာကို ကြည့်ပြီးအူနေတယ်ဆိုရင် အဲဒီနေရာမှာ မမြင်နိုင်တဲ့ပရလောကသားတွေ ရှိနေကြလို့တဲ့ကွ၊ တစ်ခါ ခွေးအူတာကလည်း တိုတိုအူသလား၊ ရှည်ရှည်အူသလားဆိုပြီးတော့လည်းရှိသေးတယ်၊ ခွေးတိုတိုအူရင် ဒုက္ခသေးသေးကြုံမယ်၊ ခွေးက ရှည်ရှည်အူရင်တော့ ဒုက္ခများမယ်တဲ့ကွ၊ တစ်ခါ ခွေးဘယ်နှစ်ကောင်အူသလဲဆိုတာ ရှိသေးတယ်ကွ၊ သာမန်တစ်ကောင်တစ်လေ အူတာက မကောင်းဆိုးဝါးမြင်လို့အူတာကိုး၊ တစ်ရွာလုံးက ခွေးတွေအူတယ်ဆိုရင်တော့ အဲဒီရွာမှာ မကောင်းဆိုးဝါးတွေရှိနေတဲ့ပုံစံပဲ၊ ဒီလိုအူတာတောင်မှ ခွေးတွေက တစ်နေရာကိုကြည့်ပြီးအူတာက ခံသာသေးတယ်လို့ဆိုသကွ၊ တစ်ရွာလုံးက ခွေးတွေက ဆူဆူညံညံထိုးပြီးအူကြပြီဆိုရင်တော့ ရွာခိုက်နေပြီတဲ့”
“ဟာ၊ ဒါဆိုရင်တော့ ထူးတယ်ဦးဘသာရာ၊ ဘာဖြစ်လို့လဲဆိုတော့ ရွာမှာဆွမ်းစားအုန်းမောင်းခေါက်ရင် ခွေးတွေအကုန်အူတယ်မဟုတ်လား၊ ပြီးတော့ ရွာဦးကျောင်းက ဦးဇင်းတွေ ညနေပိုင်းဝတ်တက်ပြီးလို့ ကြေးစည်ထုပြီဆိုရင်လည်း အူကျတာပဲမဟုတ်လား”
“ဒါကတော့ ခွေးတွေက လူတွေလိုမျိုး သာဓုခေါ်တယ်ပေါ့ကွာ၊ ဒါမျိုးကျတော့ သွားယူလို့မရဘူးကွ၊ ဥပမာ လော်စပီကာသံကြားလို့ အူတာမျိုး၊ ဆွမ်းခံကြွရင်း ကြေးစည်ထုလို့၊ မောင်းထုလို့ အူတာမျိုးကျတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ပဲပြောရမယ်၊ တို့လူတွေဆိုရင်တော့ နားညီးလို့ တော်ပါတော့ဆိုပြီး ပြောသလိုပေါ့ကွာ”
“ဒါဆို ခွေးက ပရလောကသားတွေနဲ့ ဆက်စပ်နေတာပေါ့နော်”
“အစစ်ပေါ့အလတ်ကောင်ရာ၊ စုန်းကခွေးယောင်ဆောင်တယ်တို့ ဘာတို့ မင်းမကြားဖူးဘူးလား၊ ပြီးတော့ ခွေးနက်ကြီးတို့ ဘာတို့ဆိုရင်လည်း နတ်စိမ်းတွေ၊ အောက်နတ်တွေက ယောင်ဆောင်ထားတယ်ဆိုကြတယ်၊ ခွေးက နာနာဘာဝကိုမြင်နိုင်စွမ်းရှိတယ်ဆိုပဲ၊ ဒါကြောင့် သရဲမြင်နိုင်တဲ့ မျက်ကွင်းဆေးဖော်တဲ့အခါ ခွေးချေးထည့်ပြီး ဖော်ရတာပေါ့ကွာ၊ နောက်ပြီး အောက်လမ်းဆရာတွေက ခွေးနဲ့တိုက်တဲ့ အတိုက်အခိုက်တွေ အစုံရှိတာပဲမဟုတ်လား”
“ခွေးနက်ဆိုလို့ အခုမှသတိရတယ်ဗျာ၊ ကျုပ်ဟိုတစ်ညက အိပ်မက်မက်တော့ ခွေးနက်ကြီးတစ်ကောင်က ကျုပ်ကိုပြေးလိုက်တာတဲ့ဗျ၊ ကျုပ်လည်း လှည့်ပြေးလိုက်ရတာမောနေတာပဲ”
ကျုပ်ပြောလိုက်တော့ ဦးဘသာက ပြာပြာသလဲနဲ့
“ဟ၊ အဲဒီခွေးက မင်းကိုကိုက်မိသွားသေးလားကွ”
“ကိုက်တော့မကိုက်မိဘူးဗျ၊ အိပ်မက်ပဲဗျာ၊ ဦးဘသာက ဘာဖြစ်နေတာလဲ”
“မဟုတ်ဘူးကွ၊ အိပ်မက်ထဲမှာ ခွေးလိုက်ခံရတယ်ဆိုတာ ကံနိမ့်တာကိုပြတာ၊ ပြဿနာတစ်ခုခုဖြစ်တော့မယ့်သဘောပဲကွ၊ ခွေးနက်ဆိုရင်တော့ ပိုဆိုးတယ်ဟေ့၊ ခွေးနက်အလိုက်ခံရတယ်ဆိုတာ တစ်ယောက်ယောက်က မင်းကိုမကောင်းတာ ကြံစည်နေပြီလို့ ကောက်ချက်ချနိုင်တယ်ကွ၊ မကိုက်မိတာ တော်သေးတာပေါ့ကွာ၊ ကိုက်များကိုက်မိလို့ကတော့ မင်းတစ်ခုခုဖြစ်ပြီပဲ”
“ဒီလောက်တောင်ပဲလား ဦးဘသာရာ”
“လူမှာ အစောင့်အရှောက်ပုဂ္ဂိုလ်တို့ ကိုယ်စောင့်နတ်တို့ရှိတယ်မဟုတ်လား၊ အဲဒီလိုအိပ်မက်တွေဆိုတာလည်း ကိုယ်စောင့်နတ်က ကိုယ့်ကိုအိပ်မက်ပေးပြီး သတိထားနိုင်အောင် သတိပေးတာကွ၊ မင်းသတိထားနော်”
ကျုပ်ဖြင့် လန့်သွားတယ်ဗျာ၊ ဒီအချိန် အကိုကြီးတို့လင်မယားက လက်ချင်းတွဲလို့ ခြံတံခါးဖွင့်ပြီး ခြံထဲကိုဝင်လာကြသဗျ၊ ထိပ်ဖြူကလည်း ပြေးကြိုတာပေါ့ဗျာ၊ ပြေးကြိုရင်းထိပ်ဖြူက အကိုကြီးနဲ့မရီးရဲ့ကြားထဲကနေ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ဖြတ်ပြေးနေသဗျ။ အကိုကြီးက အလန့်တကြားနဲ့
“ဟေ့ကောင်ထိပ်ဖြူ၊ မင်းဘာဖြစ်နေတာလဲကွ”
ဦးဘသာက ဒီအဖြစ်ကိုကြည့်ပြီးတော့ မျက်မှောင်ကြုတ်ရင်း
“နိမိတ်တော့မကောင်းဘူးဟေ့၊ မင်းတို့အကိုကြီးလင်မယားတော့ ထသတ်တော့မယ်ထင်ပါ့”
“ဦးဘသာက ဘာကိုကြည့်ပြောတာလဲဗျ”
“ခွေးက အဲဒီလိုစုံတွဲသွားလာနေတဲ့လူတွေရဲ့ကြားကနေ ဖြတ်ပြေးတယ်ဆိုတာ ဒီနှစ်ယောက် ရန်ဖြစ်တော့မယ်ဆိုတဲ့ နိမိတ်တဲ့ကွ၊ နောက်ပြီးတော့ ခွေးက ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ ခြေထောက်ကိုတိုးသွားတာ၊ ခြေထောက်နှစ်ချောင်းကြားက ဖြတ်သွားတာမျိုးဆိုရင် အဲဒီလူက ကြိမ်းသေပေါက်အဆူခံရတော့မဲ့ နိမိတ်ပဲကွ”
ကျုပ်လည်း တစ်ချက်ရယ်လိုက်ရင်း
“ဒါတော့ ဦးဘသာမှားပြီဗျ၊ အကိုကြီးနဲ့မရီးက အရင်ကတောင်မှ ရန်တွေဘာတွေဖြစ်ကြသေးတယ်၊ အခုကျတော့ စီးပွားရေးအဆင်ပြေလို့ အကြည်ဆိုက်နေကြတယ်ဗျ၊ ရန်မဖြစ်တာတောင်မှ အတော်ကြာနေပြီဗျ”
“စောင့်ကြည့်လိုက်ပေါ့ကွာ”
ဒီအချိန် အကိုကြီးနဲ့မရီးက အနားရောက်လာတယ်။
“ဟ၊ ဦးဘသာရောက်နေပါလား၊ ဘာတွေများပြောနေကြတာလဲဗျ”
“ဒီလိုပါပဲကွာ၊ ဒီကောင့်ကို ခွေးအကြောင်းတွေပြောပြနေတာကွ”
အကိုကြီးက ခုံမှာဝင်ထိုင်လိုက်ရင်း
“ဒါဆိုပြောဗျာ၊ ကျုပ်က ခွေးချစ်တတ်လို့ ခွေးအကြောင်းတော့ သိချင်သဗျ”
“ခွေးတစ်ကောင်မြက်စားနေပြီဆိုရင် မကြာခင်မိုးရွာတော့မယ်လို့ ယူဆတယ်၊ မိုးရာသီရောက်လို့ အိမ်ခွေးတွေက အိမ်ရဲ့အကြိုအကြားမှာ သွားဝပ်နေပြီဆိုရင်တော့ လေတွေမိုးတွေ ပြင်းထန်နိုင်တယ်တဲ့ကွ၊ ခွေးဖင်သီရင် ဧည့်လာတယ်ဆိုတဲ့ အယူလည်းရှိသေးတယ်၊ ခြံထဲမှာ ခွေးကတွင်းတွေဘာတွေတူးနေပြီဆိုရင်တော့ ရိုက်ပုတ်လိုက်ဟေ့၊ ခြံထဲတွင်းတူးတာ မကောင်းဘူး၊ အခိုက်အညံ့တွေကြုံရတတ်တယ်၊ မနက်ခင်းလမ်းသွားတဲ့အချိန်မှာ ခွေးဟောင်ခံရတာ ကံမကောင်းဘူးဆိုတဲ့သဘောပဲ၊ ညဘက်ညနေ အပြင်သွားလို့ ကိုယ့်ရှေ့က ခွေးမည်းဖြတ်ရင် အဲဒီလမ်းခရီးမှာ ကိုယ့်ကိုမလိုတဲ့လူတွေရှိတယ်ဆိုပဲကွ၊ ညဘက်ခွေးမည်းကြောင်မည်းတွေ့ရင် လိုက်မရိုက်ရဘူး၊ အဲဒါ စုန်းတွေကဝေတွေဖြစ်နေတတ်တယ်ဆိုပါတော့”
“တစ်ခါ ခွေးနှစ်ကောင်ကိုက်တာမြင်ရင် ပြဿနာတက်တော့မယ်လို့သိရမယ်၊ ခွေးမကြီးက ခွေးလေးတွေကိုချီသွားတာမြင်ရင်တော့ဖြင့် ကံကောင်းတတ်တယ်ကွ၊ ပြီးတော့ ခွေးသားပေါက်တဲ့အခါ စပါးကျီတို့၊ ပုတ်တို့၊ လှေကားအောက်တို့မှာပေါက်ရင် စီးပွားတက်တတ်တယ်၊ ဒီလိုမှမဟုတ်ဘဲ အိမ်ဦးခန်းတို့၊ အိမ်လယ် တို့မှာသားပေါက်ရင် စီးပွားလျှောတယ်၊ မိးဖိုချောင်မှာ သားပေါက်ရင်တော့ အိမ်မီးဘေးသင့်တတ်တယ်၊ နောက်ဆုံးတစ်ခုကတော့ ခွေးက ဘယ်နည်းနဲ့မှ အိမ်ခေါင်မိုးပေါ် မရောက်ကောင်းဘူးကွ၊ “ခွေးမရောက်အိမ်ခေါင်၊ လူမရောက်မြင်းမိုရ်တောင်” ဆိုတဲ့စကားပုံလို ခွေးနဲ့အိမ်ခေါင်နဲ့က မအပ်စပ်ဘူး၊ “အိမ်ခေါင် ခွေးတက် စီးပွားပျက်” ဆိုပြီး ရှေးလူကြီးတွေက မှတ်သားထားခဲ့ကြတယ်”
“ခွေးက ပျံနိုင်တာမှမဟုတ်ဘဲဗျာ၊ ဘယ်လိုလုပ်ပြီး အိမ်ခေါင်မိုးပေါ်ရောက်မှာတဲ့လဲ”
“ဒါကတော့ ဖြစ်ချင်ရင်ဖြစ်တာပဲကွ၊ အိမ်ခေါင်မိုးပေါ်ကို ဒီအတိုင်းခုန်တက်သွားတာတော့ ဘယ်ဟုတ်မလဲ၊ လှည်းပေါ်၊ တောင်းပေါ်တက်ရင်းကနေ အဖီပေါ်ရောက်၊ အဲဒီကနေ ဆက်တက်ရင်း အိမ်ခေါင်ပေါ်ရောက်သွားတာပေါ့ကွာ၊ ရှေးလူကြီးတွေက ခွေးက ကိုယ့်အိမ်ခေါင်မိုးပေါ်တက်မိပြီဆိုရင် အဲဒီအိမ်ကိုဖျက်ပြီး အိမ်အသစ်ပြန်ဆောက်ကြလေ့ရှိသကွ”
“ဆန်းတယ်ဗျာ၊ ဆန်းတယ်”
“နောက်ပြီး မှတ်သားစရာတစ်ခုလည်းကျန်သေးသဟေ့၊ အဲဒါကတော့ “ရောခွေး၊ ဒုကြက်၊ ဝတ်သတ်” တဲ့ကွ”
“အဲဒါဘာတွေလဲဗျ”
“အလွယ်မှတ်ထားတာပေါ့ကွာ၊ ရောခွေးဆိုတာကတော့ ရောဂန္တရကပ်လို့ခေါ်တဲ့ ရောဂါဆိုးတွေကျတော့မယ်ဆိုရင် မြို့ရွာတွေက ခွေးတွေအကုန်လုံး အူကြတယ်ဆိုပဲ၊ အူတာမှ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ကြာအောင် ဆွဲဆွဲငင်ငင်အူကြတယ်ကွ၊ ဒီလိုဆိုရင် မကြာခင် အဲဒီအရပ်မှာ ကပ်ရောဂါဘေး ကျတော့မှာပဲ၊ ဒုကြက်ဆိုတာကတော့ ဒုဗ္ဘိက္ခန္တရကပ်လို့ ခေါ်တဲ့ အငတ်ဘေးကျမယ်ဆိုရင် ရပ်ရွာတွေမှာရှိတဲ့ကြက်တွေက အိပ်တန်းတက်ချိန်မမှန်တော့ဘဲ လန့်နေတတ်တယ်ကွ၊ ကျီးတွေဆိုရင်လည်း ညဘက်ကြီးပါ အစာရှာထွက်တတ်ကြတယ်၊ ဝတ်သတ်ဆိုတာကတော့ သတ္တန္တရ ဆိုတဲ့ စစ်ဘေးကျတော့မယ်ဆိုရင် အသင်းအဖွဲ့တွေအချင်းချင်း မညီမညွတ်ဖြစ်တတ်ကြတယ်၊ တစ်သင်းနဲ့တစ်သင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ နိုင်လိုမင်းထက်လုပ်နေပြီဆိုရင်တော့ စစ်ဘေးကျတော့မယ်ဆိုတဲ့ နိမိတ်ပဲပေါ့ကွာ”
“မှတ်သားရပါတယ် ဦးဘသာရယ်”
“ကဲ ငါလည်းအိမ်ပြန်တော့မယ်ကွာ၊ မင်းတို့ထိပ်ဖြူကလေးက အကျိုးပေးမယ့်ကောင်ကွ၊ ဆက်မွေးထား . . .ဟုတ်ပြီလား”
ဦးဘသာပြန်မယ်လုပ်တုန်း မရီးက အိမ်ပေါ်ကနေဆင်းလာသဗျ၊ ပြီးတော့ ကျုပ်ဆီလာရင်း
“ဟဲ့အလတ်ကောင်၊ နင် နင့်အကိုဆီကနေ တစ်ရာချေးထားတယ်ဆို”
“ဟာဗျာ၊ ကျုပ်က တစ်ရာတောင်ဘာလို့ချေးရမှာလဲဗျ”
အကိုကြီးမျက်နှာကိုကြည့်လိုက်တော့ အကိုကြီးက မျက်လုံးတွေမှိတ်ပြ၊ ပါးစပ်တွေရွဲ့ပြနဲ့ဗျ၊ ကျုပ်လည်းအခုမှမြင်လိုက်တာမဟုတ်လား၊ မရီးက အကိုကြီးဘက်ကိုချာခနဲလှည့်ပြီး
“ဟင်၊ ရှင်ပြောတော့ အလတ်ကောင်ကချေးထားတာဆို”
“ဟို၊ ဟိုလေ အလတ်ကောင်ချေးတာမဟုတ်ပါဘူးကွ၊ မငယ်က အသုံးလိုတယ်ဆိုလို့ ငါက ခဏလှည့်ပေးလိုက်တာပါ”
မရီးမျက်နှာက ချက်ချင်းဒေါသတွေဆူတက်လာတယ်ဗျာ၊ ဒါနဲ့ခါးထောက်ပြီး
“ဒီမှာ မငယ်က ရှင့်ငယ်ချစ်ဆိုတာ ကျုပ်သိပြီးသား၊ ရှင်က လက်ထဲမှာပိုက်ဆံလေးနည်းနည်းရှိတာနဲ့ ငယ်ချစ်ကိုပိုက်ဆံတွေဘာတွေ ခိုးပေးနေပြီပေါ့၊ ဘာလဲ ရှင်က ငွေရွှင်လာတော့ နောက်မယားယူချင်လာပြီလား”
အကိုကြီးလည်း ဒေါသထွက်သွားပြီး ဝုန်းခနဲကောက်ထလိုက်တယ်။
“ဟေ့၊ မင်းအဲဒီလိုမပြောနဲ့ကွ၊ မင်းပြောတာ မငယ်ရဲ့ ဂုဏ်သိက္ခာကို စော်ကားသလိုဖြစ်နေပြီကွ”
“သြော်၊ ရှင်က ရှင့််ဟာမကိုထိတော့နာတယ်ပေါ့လေ၊ နေစမ်းပါအုံး၊ ကျုပ်က ဘာမှတောင်မပြောရသေးဘူး ရှင်က စော်ကားတယ်လေးဘာလေးနဲ့ပြောရအောင် ရှင်က ဘာတွေအိုးမလုံအုံပွင့်နေတာလဲ”
“ဟာ၊ ဒီမိန်းမတော့ နာတော့မယ်”
အကိုကြီးက လက်နဲ့ရွယ်တယ်ဗျ။
“အောင်မာ၊ လုပ်စမ်းပါ၊ ရှင်လက်ပါလိုက်စမ်းပါ၊ ရှင်ကျုပ်ကိုလက်နဲ့ရိုက်လိုက်စမ်းပါ၊ သူကြီးသားဖြစ်ပြီး မယားကိုနှိပ်စက်နေပါတယ်ဆိုတာ တစ်ရွာလုံးသိသွားစေရမယ်”
နောက်တော့ ကျုပ်လည်းမနေနိုင်တာနဲ့ အကိုကြီးတို့ကြားထဲကို ပြေးဝင်ရပါရောဗျာ၊ အကိုကြီးကလည်း ဗြန်းခနဲအရိုက်၊ ကျုပ်ကလည်းအဝင်ဆိုတော့ ကျုပ်နားသယ်ကိုဖြောင်းခနဲရိုက်မိသွားပါရောဗျာ၊ ဦးဘသာကြီးကိုလှမ်းကြည့်လိုက်တော့ ဦးဘသာက ကွမ်းအစ်ကြီးပိုက်ပြီး ခြံထဲကနေပြေးထွက်သွားပါရောလား။ ကျုပ်ဖြင့်အရိုက်ခံရပြီး ပူထူသွားတာပါပဲဗျာ။
“ဦးဘသာ၊ ဦးဘသာ၊ ဒီတစ်ခါလည်း ဦးဘသာပြောတာ မှန်တယ်ဗျာ၊ မှန်တယ် မှန်တယ်”
(၃)
ထိပ်ဖြူက လိမ်မာတာတော့ တော်တော်လိမ်မာတဲ့ကောင်၊ ကျုပ်ကိုလည်း သိပ်ခင်ရှာတာဗျ၊ ကျုပ်ရွာထဲထွက်မယ်ဆိုရင် ဒီကောင်က အရှေ့ကနေအမြှီးတနံ့နံ့နဲ့ နေရောဗျို့၊ ဒီကောင်က ရွာထိပ်အကြော်တဲက ပဲကပ်ကြော်တော့ သိပ်ကြိုက်တဲ့ကောင်ဗျ၊ ကျုပ်ကလည်း ရွာထိပ်ရောက်ရင် ဒီကောင့်အတွက် ပဲကပ်ကြော် ငါးပြားဖိုး၊ ဆယ်ပြားဖိုး ဝယ်ဝယ်ကျွေးတာဆိုတော့ ဒီကောင်က စားရလို့ကျုပ်ကို ကပ်နေတာလဲ ပါတာပေါ့ဗျာ။ လယ်ထဲ ယာထဲဆင်းပြီဆိုရင်လည်း လယ်ကွင်းထဲအထိကို လိုက်ပို့တတ်တာဗျ၊ လယ်ထဲရောက်မှ “ဟေ့ကောင် ပြန်တော့” လို့ငေါက်လိုက်တော့မှ အမြီးကော့ကော့နဲ့ ရွာထဲပြန်ဝင်သွားတတ်တာမျိုး။
အဲဒီလိုနဲ့ သုံးရက်လောက်ကြာတော့ ကျုပ်ယာထဲဆင်းလာတယ်ပေါ့ဗျာ၊ လယ်တွေသိမ်းပြီးသွားတော့ ယာခင်းတွေထဲ ပဲတွေကျဲထားတဲ့အချိန်ပေါ့၊ ဖြစ်ချင်တော့ အဲဒီနေ့က အကိုကြီးနေမကောင်းတာနဲ့ ကျုပ်တစ်ယောက်တည်း ယာထဲဆင်းခဲ့ရတယ်၊ ထုံးစံအတိုင်း ထိပ်ဖြူက ကျုပ်အရှေ့ကပေါ့ဗျာ။
ရွာကထွက်ပြီး သုဿန်နားရောက်တော့ သုဿန်ထဲကနေ ခွေးနက်ကြီးတစ်ကောင် ပြေးထွက်လာသဗျာ၊ ကျုပ်မျက်လုံးထဲ လှစ်ခနဲလှမ်းတွေ့လိုက်ရတာ၊ အကောင်ကြီးကလည်း နည်းတာကြီးမဟုတ်ဘူးဗျ၊ ဒိုဘာမင်တို့လို့ ခွေးမျိုးကြီး၊ အဲဒီလိုခွေးမျိုးဆိုတာ နိုင်ငံခြားခွေးတွေမဟုတ်လား၊ အဲဒီတုန်းက ကျုပ်တို့ရွာမှာမပြောနဲ့ မြိုင်သာလိုမြို့မှာတောင်မှ ဒီလိုခွေးကြီးမျိုးမရှိဘူးဗျ၊ သုဿန်ထဲကနေ ဝုန်းဆိုခုန်ထွက်လာပြီး ကျုပ်ဆီကိုပြေးလာတော့ ကျုပ်တော်တော်လန့်သွားတယ်။
ဒီအချိန်ပဲ ထိပ်ဖြူက ပြေးလာပြီး ဒီခွေးကြီးနဲ့ဝင်လုံးတော့တာပဲဗျာ၊ သူတို့အရွယ်အစားက သားအဖလောက်ရှိတယ်ဗျ၊ နှစ်ကောင်သား ဖက်လုံးပြီး ကိုက်နေကြတဲ့အချိန်မှ ကျုပ်သတိဝင်လာပြီးတော့ လက်ထဲကကိုင်ထားတဲ့ ပေါက်ပြားနဲ့ ဒီခွေးကြီးကိုဝင်ရိုက်ထည့်တာဗျာ၊ ယောက်ျားအားနဲ့ သုံးလေးချက်လောက်ရိုက်တာတောင်မှ ဒီခွေးကြီးက ဘာမှမဖြစ်ဘူးဗျ၊ ကျုပ်ဆက်ရိုက်ရင်း နောက်တော့မှ သုဿန်ထဲကိုဝင်ပြေးရောဗျာ၊ ကျုပ်လည်း ပေါက်ပြားကိုင်ပြီး အသေရိုက်သတ်မယ်ဆိုပြီး အနောက်ကလိုက်တာ၊ ဒီခွေးကြီးက အုတ်ဂူတွေကြားပြေးလွှားရင်း ဘယ်လိုပျောက်သွားတယ်မသိဘူး၊ ဒီတော့မှ ကျုပ်လည်း ကျောနည်းနည်းချမ်းလာတာနဲ့ သုဿန်ထဲကနေအပြေးထွက်ခဲ့လိုက်တာ။
ထိပ်ဖြူကတော့ လက်မောင်းလိုနေရာကို ကိုက်မိပြီး အသားတွေပြဲသွားတယ်ဗျာ၊ ဒီကောင်လမ်းတောင်မလျှောက်နိုင်တော့ဘူး၊ ဒီကောင့်ကို ကျုပ်ပွေ့ချီပြီးအိမ်ကိုပြန်လာရတယ်၊ ထုံးနည်းနည်းထဲမှာ ဆနွင်းထည့်ပြီး ဆေးရွက်ကြီးအမှုန့်ထောင်းထားတာကိုရောနယ်ပြီး ပွတ်ပေးထားရတယ်၊ ဒါတောင် တစ်ပတ်လောက်နေတော့မှ ဒီကောင်တော်တော်သက်သာသွားတာ။ ဒီကောင့်ကို ကျုပ်တော်တော်လည်းချစ်သွားတယ်ဗျ၊ ဒီကောင်ကယ်ပေလို့သာပေါ့ဗျာ၊ နို့မဟုတ်လို့ ခုနကခွေးကြီးသာ ကျုပ်ကိုကိုက်သွားရင်တော့ သေတာမသေတာအပထား တော်တော်တော့နာမှာဗျ။
အဲဒီအကြောင်း ဦးဘသာကိုပြောတော့ သတိထားဖို့ပဲမှာတယ်၊ ဘယ်သူလုပ်တယ်ဆိုတာ သူသိတယ်တဲ့ဗျာ၊ ဒါပေမယ့် မပြောပြဘူးတဲ့၊ နောက်မင်းတို့ကို မလုပ်ရဲအောင်လို့ သူပြောလိုက်မယ်လို့တော့ပြောတယ်၊ အဲဒီနောက်ပိုင်းတော့ ဘာမှကိုမဖြစ်တော့ဘူးဗျ၊ တစ်ယောက်ယောက်က ကျုပ်ကိုမကောင်းကြံတာတော့ အဟုတ်ပဲ။
ဒီနောက်ပိုင်းကစပြီး ထိပ်ဖြူကို ယာခင်းထဲမလိုက်ခိုင်းတော့ဘူး၊ ဒါပေမယ့် ကျုပ်ကတော့ မနက်ဆိုရင်သူ့အတွက် ပဲကပ်ကြော်ဝယ်ပေးရတာ ထုံးစံဖြစ်နေပြီဗျ၊ ဒီကောင်က နေမကောင်းဖြစ်လို့ ထမင်းမစားဘူးဆိုရင်တောင် ပဲကပ်ကြော်မြင်ရင် ခေါင်းထောင်ထတတ်တဲ့ ကောင်မျိုး၊ ကျုပ်များ ပဲကပ်ကြော်တွေကို သတင်းစာစက္ကူနဲ့ထုပ်ပိုးလာပြီဆိုရင် ဒီကောင်က အနံ့ရတာနဲ့ ခြံဝကနေထွက်စောင့်နေပြီဗျ။
ဒီကောင်က လူစကားလည်းသိပ်နားလည်သလို လူရိပ်လူကဲလည်း သိပ်သိတတ်တဲ့ကောင်ကြီးဗျ၊ မနက်ခင်းဆွမ်းခံကြွပြီဆိုရင် ဆွမ်းခံက အိမ်နားရောက်လာတာနဲ့ ဒီကောင်က အမေ့ကိုအချက်ပေးပြီးဟောင်သဗျ၊ ဧည့်သည်လာရင် ခြံဝထွက်ပြီးကြိုတာလည်းသူပဲ၊ ဧည့်သည်ပြန်တော့လည်း ခြံဝကိုပြန်လိုက်ပို့ပေးသဗျာ၊ ညရေးညတာဆိုရင် အဖေက ထိပ်ဖြူကို ဧည့်သည်ပြန်ပို့လိုက်လို့ပြောရင် သူက အဖော်လိုက်ပေးတတ်သေးတာဗျ၊ ကျုပ်နဲ့အကိုကြီးကိုတော့ သိပ်ခင်တာ၊ ကျုပ်ကများ ဟိတ်ဆိုရင် ဒီကောင်က တန့်ခနဲရပ်သဗျာ၊ သူ့ကိုလူလိုပြောရင်လည်း နားလည်တယ်ဗျ၊ အေးပေါ့ဗျာ၊ ကျုပ်ကိုခင်လို့လည်း ကျုပ်အနောက်ကိုလိုက်လာခဲ့တာမဟုတ်ဘူးလား၊ ဒီကောင်နဲ့ ကျုပ်နဲ့ ဘယ်ဘဝက ရေစက်ရှိလို့များလဲ မသိပါဘူးဗျာ။
(၄)
ခုတလော အဖေ့ကျန်းမာရေးက ပိုပိုဆိုးလာတယ်ဗျာ၊ ငယ်ငယ်ကရခဲ့ဖူးတဲ့ ရိုးမငှက်ဖျားက ပြန်ပြီးထလာတာဗျ။ ဆေးဆရာဦးမှတ်ကြီးကုမရတော့လို့ မြိုင်သာက ဆေးမှူးပင့်ပြီးတော့ ဆေးထိုးဆေးသောက်လုပ်ယူရတယ်၊ ပေတောရွာက သမားတော်ဦးဖိုးခွေးကလည်း ခရီးလွန်နေတယ်ဆိုတာကိုးဗျ၊ တဖြည်းဖြည်းနဲ့ အဖေက အစားပျက် အသောက်ပျက်ပြီးတော့ လူကပိန်ချုံးကျလာတယ်၊ တစ်ပတ်လောက်ကြာတော့ အိပ်ရာထဲလဲသွားတာပေါ့ဗျာ၊ အမေဆိုရင် အဖေမသိအောင် ကြိတ်ကြိတ်ပြီးငိုရှာတာ၊ ကျုပ်တို့လည်း ဘယ်စိတ်ကောင်းပါ့မလဲဗျာ၊ ဒီအတိုင်းဆိုရင်တော့ အဖေတစ်ယောက် ဒီတောင်ကို ကျော်နိုင်ပါ့မလားပဲ။
ရပ်နီးရပ်ဝေးက အမျိုးတွေတောင် အိမ်မှာစုံနေပါပြီဗျ၊ အဖေက ဘာအစားမှမဝင်တော့တာခက်သဗျ၊ ပြောရရင်တော့ ဆေးသက်နဲ့အသက်ရှင်နေတာမျိုးပေါ့၊ သူကြီးဖြစ်တာဆိုတော့ ရွာကလူတွေကလည်း လာကြည့်ကြပါတယ်ဗျာ။ ဒီအထဲမှာ ဦးဘသာကြီးလည်းပါတယ်ပေါ့။ တစ်ညနေတော့ ဦးဘသာကြီးလည်းအိမ်ရောက်လာသဗျ၊ အဖေ့ကိုလာကြည့်ရင်း မေးမြန်းနေတာပေါ့၊ ဒီအခါ ထိပ်ဖြူက ဘာမပြောညာမပြောနဲ့ အိမ်ပေါ်ကိုတက်လာတယ်၊ ပုံမှန်ဆိုရင် ဒီကောင်က အိမ်ပေါ်ထပ်ကိုမတက်ဘူးဗျ၊ မသကာ အိမ်ပေါ်တက်တဲ့လှေကားထစ်ပေါ်တက်ပြီး မှိန်းနေတတ်တဲ့ကောင်၊ အခုကျတော့ ဘာစိတ်ကူးပေါက်တယ်မသိဘူးဗျာ၊ အိမ်ပေါ်ကိုတက်လာပြီး ဘုရားစင်ရှေ့အိပ်နေတဲ့အဖေ့ဘေးနားမှာ ဝင်ခွေသဗျ။
လူနာအနားကို ခွေးလာတာဆိုတော့ ကျုပ်တို့တွေဝိုင်းမောင်းကြတာပေါ့ဗျာ၊ ဒီကောင်ကြီးက ပေကပ်ကပ်လုပ်နေသဗျ၊ ဦးဘသာက နောက်တော့ လက်ကာပြတယ်၊ ကျုပ်တို့ကို မမောင်းနဲ့လို့ ဆိုလိုတယ်ထင်ပါ့။ အဖေကလည်း ထိပ်ဖြူကိုကြည့်ပြီးတော့
“ဟေ့ကောင်ထိပ်ဖြူ၊ မင်းဘာလာလုပ်တာလဲ”
ထိပ်ဖြူခေါင်းကို အဖေက သူ့ရဲ့အရိုးပြိုင်းပြိုင်းကျနေတဲ့လက်တွေနဲ့ ပွတ်သပ်ပေးတော့ ထိပ်ဖြူက အဖေ့လက်ကို လျှာနဲ့ပြန်လျက်ပြေးနေသဗျ၊ ဦးဘသာက ကျုပ်အနားကပ်ပြီး တိုးတိုးကလေးပြောတယ်။
“ခွေးက လူမမာအနားလာတယ်ဆိုတာ လူမမာကိုစောင့်ရှောက်ချင်လို့လာတာပဲကွ၊ မမောင်းထုတ်ကောင်းဘူး၊ ပြီးတော့ အခုလိုလျှာနဲ့လျက်ပေးတယ်ဆိုတာကလည်း ဆေးကုပေးတဲ့သဘောပဲကွ၊ အဲဒီလိုလုပ်ပေးရင် ရောဂါတွေဘာတွေ ပျောက်သွားတတ်တယ်”
“ဟုတ်လား၊ ဒါဆိုရင်တော့လုပ်ပါစေဗျာ”
ကျုပ်က ထိပ်ဖြူအနားကိုအသားတိုးကပ်သွားပြီး
“ဟေ့ကောင်ထိပ်ဖြူ၊ မင်းငါ့အဖေကို သေသေချာချာလေး ကုပေးလိုက်စမ်းပါကွာ”
ကျုပ်ပြောတော့ ထိပ်ဖြူက သူနားလည်တဲ့ပုံစံနဲ့ ကျုပ်ကိုလည်ပြန်မော့ကြည့်တယ်ဗျ။ အဲဒီညက အဖေက သတိလစ်ပြီးမြောသွားပါရော၊ တစ်အိမ်လုံးလည်း ပြာယာခတ်ကုန်ပြီ၊ ထိပ်ဖြူလည်း အဖေ့မျက်နှာကိုကြည့်ပြီး ဒီကောင့်မျက်လုံးကနေ မျက်ရည်တွေကျနေသလိုပဲဗျ၊ မျက်လုံးကြီးတွေကို ရွဲလို့ဗျို့။
အဖေ့ကိုခေါ်မရတော့ အိမ်မှာလည်း စီစဉ်စရာရှိတာတွေစီစဉ်နေကြရပြီ၊ အဖေက တစ်ညလုံးသတိလစ်ပြီး ခေါ်လို့ကိုမရတော့ဘူးဗျာ၊ ဒီလိုနဲ့ မနက်မိုးလင်းသွားပါရော၊ ထိပ်ဖြူလည်း ညလုံးပေါက် အဖေ့ဘေးနားမှာ စင်းစင်းကြီးစောင့်ပေးနေရှာတယ်ဗျာ။
မိုးလင်းသွားတော့ အဖေက လှုပ်လာသဗျ၊ မျက်ခွံတွေပွင့်လာပြီးတော့ အသံဖျော့ဖျော့နဲ့ရေတောင်းတယ်၊ ကျုပ်တို့တွေ ဝမ်းသာလိုက်တာ ပြောမနေပါနဲ့ဗျာ။ နောက်တော့ အဖေက ဗိုက်ဆာတယ်ဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်ကြတယ်၊ ကျုပ်က ထိပ်ဖြူစားဖို့အတွက် ပဲကပ်ကြော်သွားဝယ်နေတော့ မသိလိုက်ဘူးဗျ၊ အဖေသတိရလာပြီဆိုတော့မှ ဝမ်းသာအားရနဲ့အိမ်ပေါ်တက်သွားပြီးတော့ အဖေ့နားစင်းစင်းကြီးလှဲအိပ်နေတဲ့ ထိပ်ဖြူကိုပုတ်လိုက်ရင်း
“ဟေ့ကောင်ထိပ်ဖြူ၊ မင်းကုပေးလိုက်လို့ ငါ့အဖေကောင်းသွားပြီကွ”
ထိပ်ဖြူကို ပုတ်လိုက်ပေမယ့် ထိပ်ဖြူရဲ့အသားတွေက တောင့်တင်းပြီးအေးစက်နေသဗျ၊ တုတ်တုတ်လည်း မလှုပ်ဖူးဗျို့။
“ဟေ့ကောင်ထိပ်ဖြူ၊ ထိပ်ဖြူ”
“ဟေ့ကောင်ထိပ်ဖြူ၊ ထပါအုံးကွာ၊ ဟောဒီမှာ မင်းကြိုက်တဲ့ ပဲကပ်ကြော်လေကွ၊ ထစားပါအုံးကွာ၊ ထစားပါအုံးကွ”
ကျုပ်ဘယ်လောက်နှိုးနှိုးထိပ်ဖြူက မနိုးတော့ပါဘူးဗျာ၊ ထိပ်ဖြူတစ်ကိုယ်လုံး တောင့်တင်းနေပြီးတော့ ဝင်သက်ထွက်သက်ကင်းမဲ့နေပြီဗျ၊ ဒီလိုနဲ့ နေ့လားညလားမသိတဲ့အဖေက မသေဘဲ၊ ထိပ်ဖြူတစ်ကောင်က အကောင်းကြီးကနေ ဗြုန်းစားကြီးသေသွားပါရောဗျာ။
ထိပ်ဖြူသေတော့ တစ်အိမ်သားလုံး ဝမ်းနည်းကြရတာပေါ့ဗျာ၊ ဒီကောင်ကြီးက သိပ်လိမ်မာတဲ့ကောင်ကြီးမဟုတ်လား၊ ဒီကောင့်ကို ခြံဝင်းထဲမှာ မမြှုပ်ရက်တာနဲ့ ရွာသုဿန်မှာ တခမ်းတနားနဲ့ အုတ်ဂူသွင်းပြီးမြှုပ်ထားလိုက်ကြတယ်၊ ထိပ်ဖြူကို ဂူသွင်းတဲ့နေ့မှာပဲ အကိုကြီးဆိုရင် ထိပ်ဖြူကိုဖက်ပြီး ငိုတာငိုတာဆိုတာ ပြောမနေပါနဲ့ဗျာ။ ကျုပ်လည်း ရင်ထဲတစ်ဆို့ဆို့ကြီးနဲ့ဗျ၊ ဂူမသွင်းခင် ငြိမ်သက်နေတဲ့ ထိပ်ဖြူရဲ့ခေါင်းကို တစ်ချက်သွားပွတ်ရင်း
“ထိပ်ဖြူရေ၊ ငါ့အဖေရဲ့အသက်ကို မင်းကယ်လိုက်တာပါကွာ၊ မင်းကယ်လိုက်တာပါကွ သားကြီးရ”
ကျုပ်လည်း ဘယ်လိုမှန်းမသိဘဲ မျက်ရည်တွေအလိုလိုစီးကျလာမိတယ်ဗျာ၊ ဒီတစ်ခါလည်း ထိပ်ဖြူက ကျုပ်ပြောတာကို နားလည်သလားတော့မသိပါဘူးဗျာ၊ သေနေတာတောင်မှ မျက်နှာက ခပ်ပြုံးပြုံးကလေးဗျ။
ခွေးတွေက သခင်ရဲ့အသက်ကို ကယ်ပေးတယ်ဆိုတာကို ကျုပ်က ကြားဖူးနားဝတော့ရှိသား၊ ဒါပေမယ့် အခုကတော့ မျက်မြင်ကိုယ်တွေ့ ယုံလိုက်ရပြီမို့လို့ ကျုပ်နားလည်လက်ခံလိုက်ပါပြီဗျာ။
အဖေက နားလန်ထလာတော့ ပြန်ပြောပြသဗျ၊ သူမြောနေတဲ့အချိန်တုန်းက တောနက်ကြီးတစ်ခုထဲကိုရောက်နေတယ်တဲ့ဗျာ၊ ဘေးနားမှာလည်း သစ်ပင်တွေပတ်ပတ်လည်ဝိုင်းနေလို့ ဘယ်ကိုသွားလို့ သွားရမှန်းတောင်မသိဘူးတဲ့၊ ဒီအချိန်ခွေးဟောင်သံကြားလို့ သူအသံနောက်ကိုလိုက်ခဲ့တော့ ထိပ်ဖြူနဲ့တွေ့သဗျ၊ ထိပ်ဖြူက သူ့ကိုပွတ်သီးပွတ်သပ်နဲ့ပြေးကြိုပြီးတော့ အရှေ့ကနေပြေးသွားသတဲ့၊ အဖေလည်း ထိပ်ဖြူအနောက်ကိုလိုက်လာခဲ့ရင်း မကြာခင် ရွာကိုလှမ်းမြင်ရသတဲ့ဗျာ၊ ရွာအဝင် ချောင်းအကူးတံတားကလေးကိုရောက်တော့ အဖေက တံတားကိုဖြတ်လိုက်တယ်၊ ဒါပေမယ့် ထိပ်ဖြူက ဖြတ်လိုက်မလာဘူးတဲ့ဗျာ၊ အဖေက ဘယ်လိုခေါ်ခေါ် ထိပ်ဖြူက တံတားတစ်ဖက်မှာရပ်နေပြီးတော့ အဖေ့ကိုစိုက်ကြည့်နေတယ်ဆိုပဲ။ ဒီအတိုင်းဆို အဖေ့ကိုကယ်ခဲ့တာ ထိပ်ဖြူဆိုတာ သေချာသွားပါပြီဗျာ။
ခုထိ ကျုပ်တို့ရွာသုဿန်ကလေးထဲမှာ အုတ်ဂူကလေးတစ်လုံးရှိသေးတယ်ဗျ၊ မသိတဲ့လူတွေအတွက်ကတော့ ကလေးအုတ်ဂူလေးလိုလို ဘာလိုလိုထင်ရင်ထင်ကြလိမ့်မယ်၊ တကယ်တော့ အဲဒါက ကျုပ်အဖေကိုအသက်ပေးပြီးကယ်သွားခဲ့တဲ့ ထိပ်ဖြူလို့ခေါ်တဲ့ ခွေးကလေးရဲ့အုတ်ဂူပါဗျာ၊ ကျုပ်ကတော့ ကြုံရင်ကြုံသလို ရွာထိပ်အကြော်တဲက ပဲကပ်ကြော်တွေဝယ်သွားပြီး အဲဒီအုတ်ဂူကလေးမှာ သွားသွားတင်ဖြစ်ပါသေးတယ်၊ ဒါပေမယ့် ကျုပ်သိပါတယ်၊ ထိပ်ဖြူလို စိတ်ကောင်းရှိတဲ့ခွေးကလေးက ကောင်းရာမွန်ရာကို ရောက်မှာသေချာတယ်ဗျ။
သေသောသူ ကြာလျင်မေ့ဆိုပေမယ့် ထိပ်ဖြူကိုတော့ ကျုပ်တို့မိသားစုက တစ်ရက်မှ မေ့ရတယ်ကိုမရှိပါဘူးဗျာ၊ အထူးသဖြင့် ပဲကပ်ကြော်မြင်တဲ့အခါ ကျုပ်ပထမဦးဆုံးပြေးသတိရမိတာ ထိပ်ဖြူကိုပဲ၊ ကျုပ် ပဲကပ်ကြော်ဝယ်ပြီး အိမ်ကိုပြန်လာတဲ့အခါ ခြံဝကနေ ပါးစပ်တပြင်ပြင် လျှာတသပ်သပ်နဲ့ စောင့်မျှော်နေတတ်တဲ့ ထိပ်ဖြူရဲ့မျက်နှာက ကျုပ်အာရုံထဲမှာ ဒီတစ်သက်မေ့လို့မရမှာ အသေအချာပဲပေါ့ဗျာ။
ပြီးပါပြီ။