ချစ်၍ညှိုးမိပါသည်

ချစ်၍ညှိုးမိပါသည်(စ/ဆုံး)

—————————-

သူ…
သူဆုံးသွားပြီတဲ့လား…
နှောင်းရင်ထဲကနှလုံးကပြင်းပြင်းထန်ထန်အောင့်မျက်နာကြင်လွန်းလှပါသောကြောင့်ဗယ်ဘက်ရင်အုံ‌နေရာကိုလက်ဖြင့်ဖိညှစ်ထားရပါသည်။

မဟုတ်ဘူး… ဒီလိုခံစားမှုမျိုးမဖြစ်ရဘူးလေ…

နှောင်းရဲ့ချစ်ခြင်းမေတ္တာ၊ စေတနာနဲ့ အနစ်နာခံမှုတွေကို ဒင်း တစ်ဆုံးထိနှိမ့်ချစော်ကားပြီး နှောင်းကို
မသတီစရာအမှိုက်တစ်စလိုတန်ဖိုးမထားပဲစွန့်ပစ်ထားခဲ့တဲ့သူ…

ဒီတစ်သက် သူ့မျက်နှာကိုမြင်ရဖို့၊ သူ့အသံကိုကြားရဖို့မပြောနဲ့ … သူ့နာမည်ကြားရင်‌တောင်ရင်ထဲမှာအော်ဂလီဆန်လာလောက်အောင်နာကျည်းမုန်းတီးခဲ့ပြီးပြီမဟုတ်ဘူးလား…

ဒီတစ်မနက်လုံး အိပ်ရာထကတည်းက အကြောင်းမဲ့ စိတ်ထဲမှာမကြည်မလင်နဲ့ လေးလံညှိုးနွမ်းနေခဲ့မိတာ သူမဆုံးခင် နှောင်းဆီကိုစိတ်ရောက်နေလို့များပြတဲ့နိမိတ်လေများလား….

ချစ်ခဲ့သည်… သိပ်ကိုရူးရူးမူးမူးချစ်ခဲ့ဖူးပါသည်…. ငယ်ငယ်ရွယ်ရွယ်နုနုနယ်နယ်လန်းလန်း‌ဆန်းဆန်းနှလုံးသားလေးထဲမှာအချစ်တွေနဲ့ချည်းထုံမွှန်းပြည့်နှက်နေတဲ့အထိတစ်ဘဝလုံးသူ့တစ်‌ယောက်တည်းကိုသာမြတ်မြတ်နိုးနိုးချစ်ခဲ့ပါသည်….

နှောင်းရဲ့မှတ်‌ကျောက်တင်ခံနိုင်တဲ့သစ္စာတရားတွေကို သေးသိမ်ညှိုးနွမ်းသွားအောင်စွပ်စွဲစော်ကားပြီးချန်ထားရစ်ခဲ့တဲ့အချိန်မတိုင်ခင်အထိပေါ့….

************

နှောင်းနှင့်ကိုကိုတို့နှစ်ယောက် တစ်ယောက်ကို
တစ်ယောက်တစ်နေ့မမြင်ရရင်မနေနိုင်အောင်အချစ်သည်းပြီးရူးရူးမိုက်မိုက်ခိုးပြေးခဲ့ကြချိန်တုန်းက နှောင်းကအသက်တစ်ဆယ့်လေးနှစ်၊ ကိုကိုကတစ်ဆယ့်ခြောက်နှစ်၊ ရှစ်တန်းကျောင်းသူနဲ့ဆယ်တန်းကျောင်းသား၊ သိပ်ကိုငယ်လွန်းတဲ့ကလေးအရွယ်သာရှိကြပါသေးသည်။

စည်းကမ်းတင်းကြပ်လွန်းတဲ့နှစ်ဖက်မိဘတွေကိုကြောက်ရတာကြောင့် အလည်လွန်သွားတဲ့တစ်နေ့မှာ အိမ်မပြန်ရဲတော့တာမို့ နှောင်းရော ကိုကိုပါ
တစ်ခြားတစ်မြို့တစ်ရွာကို နှစ်ဦးသဘောတူထွက်ပြေးခဲ့ကြပါသည်။ မိုက်ရူးရဲဆန်တဲ့အရွယ်မို့ ပေါက်စီတစ်လုံးကိုတစ်ယောက်တစ်ဝက်စီဝေမျှစားပြီး၊ လမ်းဘေးရေအိုးစင်ကရေကိုသောက် ၍ဝမ်းဖြည့်ရလည်း တစ်ယောက်လက်တစ်ယောက်မြဲမြဲတွဲပြီးအားအင်တွေအပြည့်နဲ့ ဘဝသစ်တစ်ခုရဲ့အစမှာစိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြပါသည်။

ကံအားလျော်စွာ ကိုကိုကရေခဲစက်တစ်ခုမှာအလုပ်ကြမ်းသမားအလုပ်ရပြီး၊ နှောင်းကတော့ ရေခဲစက်ဘေးကလမ်းဘေးထမင်းဆိုင်လေးမှာပန်းကန်ဆေး၊ တောက်တိုမယ်ရကူလုပ်ပေးရတဲ့ဆိုင်အကူအလုပ်ရခဲ့ပါသည်။ နှစ်ယောက်စလုံးကရုပ်ရည်ဖြူဖြူသန့်သန့်ချောချောလေးတွေဖြစ်ပြီး၊ မျက်နှာလေးတွေချိုကာ ခိုင်းကောင်းဖင်ပေါ့တာမို့ အလုပ်ရှင်တွေကသဘောကျကြပါသည်။

ရေခဲစက်ပိုင်ရှင်က နှောင်းတို့ကလေးလင်မယားကို စက်ရုံအနောက်ကစတိုခန်းမှောင်မှောင်ကျဉ်းကျဉ်းလေးထဲမှာနေခွင့်ပြုထားတော့ လတ်တလောစားဝတ်နေရေးအကုန်အဆင်ပြေသွားခဲ့ပါသည်။ ရောက်ခါစက အလုပ်ရှင်က သားသမီးချင်းကိုယ်ချင်းစာပြီး နှောင်းတို့ကို‌စောင့်ရှောက်ထားရင်း နှစ်ဖက်မိဘကိုလှမ်းဆက်သွယ်ကာအကြောင်းကြားပေးခဲ့သေးသော်လည်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိဘများက မလိမ္မာတဲ့သားသမီးကိုမကျွေးရ၊ ကျောင်းထားမပေးရလည်းဝန်ပေါ့တာပဲဆိုကာ သူတို့ထိုက်နဲ့သူတို့ကံရုန်းကန်ကြပါစေလို့သာတုံ့ပြန်ခဲ့ကြပါသည်။ အဲဒီလိုမိဘတွေက သူတို့နှစ်ယောက်ကိုဥပေက္ခာပြုလိုက်ကြပေမယ့် မမှုရေးချမမှုသည့်အပြင် ဘယ်လိုပဲ အနေအစားပင်ပန်းဆင်းရဲကြပါစေ၊ နှစ်ယောက်အတူရှိနေကြရတဲ့ဘဝကိုအကျေနပ်ကြီးကျေနပ်ကာ အိမ်ထောင်ဦးကာလတွေကိုပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြပါသည်။

ကိုကိုသည်အသက်ငယ်သော်လည်း ဇွဲ၊ လုံ့လ၊
ဝီရိယနှင့်ပြည့်စုံကာ အလုပ်မကြောက်၊ အလုပ်မရွေးတတ်သူဖြစ်သလို၊ နှောင်းကလည်းမောင်တစ်ထမ်းမယ်တစ်ရွက်နှင့် ရောက်ရာအရပ်မှာ သမ္မာအာဇီဝဖြင့်ရရာအလုပ်ဝင်လုပ်ပြီး အရောင်းအဝယ်ပဲဖြစ်ဖြစ်၊ အချက်အပြုတ်ပဲဖြစ်ဖြစ် ရရာပညာကိုကျားကုပ်ကျားခဲသင်ယူ
တတ်သူဖြစ်ပါသည်။

နှောင်းတို့လင်မယားသည် အလွန်ရိုကျိုးအလိုက်သိတတ်စွာဖြင့် ကိုယ့်တာဝန်မရှိလည်း မိသားစုစိတ်ဓါတ်ထားကာ အလုပ်ရှင်မိသားစုကို လိုအပ်တဲ့နေရာတိုင်းမညီးမညူကူညီလုပ်ကိုင်ပေးတတ်တာကြောင့် အလုပ်ရှင်တွေကလည်းတစ်စထက်တစ်စပို၍ယုံကြည်အားကိုးလာခဲ့ပါသည်။
နှစ်နှစ်လောက်အကြာမှာတော့ ကိုကိုသည် ပိုင်ရှင်တောင်လှည့်ကြည့်စရာမလိုအောင် ရေခဲစက်ကိုကြီးကြပ်ပေးနိုင်လာခဲ့ပါသည်။ အလုပ်ရှင်၏ပံ့ပိုးပေးမှုကြောင့် ကိုကိုကဆယ်တန်းကိုအပြင်ဖြေဖြင့်အောင်မြင်ခဲ့ပြီး‌နောက် အဝေးသင်တက္ကသိုလ်တက်ကာဝိဇ္ဇာဘွဲ့တစ်ခုရယူနိုင်ခဲ့ပါသည်။ ကိုကိုဘွဲ့ရချိန်မှာတော့ နှောင်းတို့မှာ သမီးတစ်ယောက်၊ သားတစ်ယောက်ရနှင့်ခဲ့ပြီးဖြစ်လေသည်။

နှောင်းသည် ကျောင်းဆက်မတက်တော့ပေမယ့် အချက်အပြုတ်၊ အရောင်းအဝယ်ပညာမှာထိုက်သင့်သလောက်အတွေ့အကြုံရလာပြီး အတန်အသင့်ကျွမ်းကျင်မှုရှိလာခဲ့တာကြောင့်
ကိုကို့အလုပ်ရှင်လင်မယားက ငွေကြေးမတည်ပေးပြီး လမ်းမတန်းတွင်ထမင်းဆိုင်သန့်သန့်လေးတစ်ဆိုင်ဖွင့်စေလေသည်။
နှောင်းတို့မိသားစုလေးလည်း ထိုလူနေဆိုင်ခန်းမှာပြောင်းနေလိုက်ကြကာ အရှေ့ဘက်တွင်ဆိုင်
ဖွင့်ပြီး၊ ဆိုင်နောက်ဖက်တွင်အခန်းကန့်ကာမိသားစု‌ နေထိုင်ခဲ့ကြပါသည်။ နှောင်းသည်မပျင်းမရိတတ်သူမို့ အိမ်မှုကိစ္စ၊ ကလေးဝေယျာဝစ္စအပြင်၊ ဆိုင်ကိစ္စကိုပါအကူတစ်ယောက်ထား၍ နိုင်နိုင်နင်းနင်း ဖိဖိစီးစီးလုပ်နိုင်ခဲ့တာကြောင့် ထမင်းဆိုင်သည်အချိန်တိုအတွင်း အောင်မြင်လာခဲ့ပါသည်။

ကိုကိုသည်လည်း ကျေးဇူးရှင်ရေခဲစက်ပိုင်ရှင်မိသားစုအကျိုးအတွက် သစ္စာရှိရှိ အမြော်အမြင်ရှိရှိ ကြိုးစားလုပ်ကိုင်ပေးခဲ့တာကြောင့် အနီးအနားကမြို့တွေမှာပါ ရေခဲစက်အခွဲတွေထပ်ဖွင့်လာနိုင်သည်အထိစီးပွားတစ်ဟုန်ထိုးတက်လာခဲ့ရပါသည်။ နှစ်ပေါင်းများစွာအတူတစ်ကွလက်တွဲလုပ်ကိုင်လာကြပြီး တူသားဆွေမျိုးအရင်းလိုဖြစ်နေပြီမို့ ‌စိတ်ရင်းကောင်းလှသောအလုပ်ရှင်က
ကိုကို့ကို အခြားမြို့ကရေခဲစက်တစ်ခုကို အကြွေးဖြင့်အပြီးရောင်းပေးလိုက်ပြီး လစဉ်ဖဲ့ဆပ်စေလေတာကြောင့် နှောင်းတို့လင်မယားမှာ ရေခဲစက်တစ်စက်စတင်ပိုင်ဆိုင်ခဲ့ရလေသည်။

နှောင်းတို့လည်း ထိုမြို့သို့အပြီးပြောင်းနေကြပြီး ကိုယ်ပိုင်ထမင်းဆိုင်တစ်ဆိုင်ပါထပ်ဖွင့်လိုက်သလို၊ ကိုကိုကလည်း လူကြိုက်များလှသောအချိုရည်တစ်မျိုးကို မြို့မှာတစ်ဦးတည်းကိုယ်စားလှယ်ယူလိုက်ချိန်မှစကာ တစ်ဖြည်းဖြည်း အိမ်ပိုင်ယာပိုင်အဆင့်သို့ကြိုးစားလှမ်းတက်နိုင်ခဲ့ကြပါသည်။ အိမ်ထောင်သက်အနှစ်သုံးဆယ်အတွင်းမှာ နှောင်းတို့မှာစုစုပေါင်းသားသမီးလေးယောက်ထွန်းကားခဲ့ကြပါသည်။ နှောင်းအသက်ဆယ့်ခြောက်နှစ်မှာသမီးကြီးကိုမွေးခဲ့ပြီးနှစ်နှစ်ခြားစီမှာသားနှစ်ယောက်၊ သမီးတစ်ယောက်ထပ်ရခဲ့တာကြောင့် နှောင်းအသက်လေးဆယ့်လေးနှစ်မှာ သမီးအငယ်ဆုံးတောင်အသက်နှစ်ဆယ်အရွယ်အပျိုကြီးဖား ဖားဖြစ်လို့နေပေပြီ။

အိမ်ထောင်သက်ဘယ်လောက်ပဲကြာကြာ
ကိုကိုသည်နှောင်းကိုချစ်ခင်မြတ်နိုးဆဲ၊ သူ့ဇနီးကိုအလွန်အကျွံသဝန်ကြောင်အူတိုတတ်ဆဲပါပင်။

သားသမီးတွေအားလုံးကိုပညာတတ်ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်ခဲ့သလို သမီးကြီးကိုလည်းသင့်တော်သောအမျိုးကောင်းသားလေးနှင့်တင့်တောင်းတင့်တယ်ထိမ်းမြားပေးခဲ့ပြီး ယခုဆို
နှောင်းတို့မှာငယ်ငယ်ရွယ်ရွယ်နှင့် မြေးနှစ်ယောက်ရဲ့ဖိုးဖိုးဖွားဖွားတွေတောင်ဖြစ်လို့နေပေပြီ။

သားနှစ်ယောက်မှာ တစ်ယောက်ကသင်္ဘောသားဖြစ်သလို၊ အငယ်ကောင်ကတော့ဘွဲ့ရပြီးကတည်းက ရန်ကုန်မြို့သို့တက်သွားပြီးကွန်ပြူတာဆိုင်တွင်ဝင်ရောက်အလုပ်လုပ်ကာ ကွန်ပြူတာနှင့်ပတ်သက်သည့်ပညာရပ်များကိုဆည်းပူး၍ ကိုယ်ပိုင်ကွန်ပြူတာအရောင်းနှင့်ပြုပြင်ဆိုင်ဖွင့်နိုင်ရန်ကြိုးစားနေလေသည်။

သမီးငယ်လေးကတော့ ကျောင်းပြီးခါစဖြစ်ပြီး ထမင်းဆိုင်ကိုနိုင်နင်းစွာဦးစီးပေးနိုင်နေလေပြီ။ သားသမီးတွေလက်လွှတ်ရပြီမို့ ကိုကိုကနှောင်းကိုထမင်းဆိုင်မထွက်စေတော့ပဲ သမီးငယ်၊ မန်နေဂျာတို့နှင့်လွှဲထားခိုင်းပြီးအေးအေးညောင်းညောင်းသာနေစေတော့သည်။ နှောင်းကအလုပ်မလုပ်ရပဲမနေတတ်သူမို့ ထမင်းဆိုင်ထိုင်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သူအိမ်ခြံမြေပွဲစားများထံမှပညာသင်ယူရင်း ပွဲစားအလုပ်ကိုကြိုကြားကြိုကြားစတင်လုပ်ဆောင်လာခဲ့ပြီး အပေါင်းအသင်းဆန့်လာခဲ့ပါသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက အခက်အခဲမှန်သမျှကို လက်ချင်းမြဲမြဲတွဲ၍ အေးအတူပူအမျှရင်ဆိုင်ဖြတ်သန်းလာခဲ့ကြသူတွေမို့ တစ်ကယ့်ကိုရဲဖော်ရဲဖက်ငယ်လင်ငယ်မယားစစ်စစ်တွေဖြစ်တာကြောင့်သံယောဇဉ်ထုထည်က‌မသေးလှပါပေ။
ဒီတစ်သက်တော့ ချစ်ခင်အားကိုးရတဲ့ခင်ပွန်းသည်၊ သားသမီးမြေးမြစ်တစ်သိုက်နဲ့ ဘဝနေဝင်ချိန်အထိ ပျော်ရွှင်အေးဆေးစွာလျှောက်လှမ်းသွားရတော့မည်ဟု နှောင်းယုံကြည်ထားခဲ့ပါသည်။

************

ရိုးသားကြိုးစားပြီးအခြေအနေတစ်ခုအထိရောက်အောင်တက်လှမ်းနိုင်ခဲ့သည့် ကိုကို၏ကိုယ်ကျိုးမဖက်တတ်သောပရဟိတစိတ်ဓါတ်နှင့် ထိရောက်အောင်မြင်သောအများအကျိုးဆောင်ရွက်ချက်များကြောင့်မြို့သူမြို့သားများ၏ယုံကြည်ကိုးစားမှုကိုခံယူရရှိကာ မြို့မျက်နှာဖုံးတစ်ဦးဖြစ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ကိုကိုသည် ရပ်ရွာအကျိုးပြုလုပ်ငန်းများကိုယခုထက်ပို၍တိုးတက်အောင်သယ်ပိုးထမ်းဆောင်လိုသည့်ဆန္ဒကြောင့်ရွေးကောက်ပွဲဝင်ခဲ့ပြီးနောက်မှာ သူတို့မြို့ကိုယ်စားပြုလွှတ်‌တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။ သို့သော် များမကြာမှီမှာပင်နိုင်ငံ၏ အခြေအနေများပြောင်းလဲသွားပြီး ကိုကို့ကိုနိုင်ငံရေးပုဒ်မများဖြင့်ဖမ်းဆီးကာစွဲချက်တင်ခံရလေတော့သည်။

ထိုနေ့ရက်များသည် နှောင်းဘဝတွင် မီးပုံထဲခုန်ဆင်းရသူပမာ၊ ပူပြင်းဆင်းရဲလွန်းခဲ့ရပါသည်။ အားကိုးရမယ့်သားကြီးသမီးကြီးတွေကလည်း
တစ်ခြားတစ်မြို့တစ်ရွာမှာလုပ်ငန်းကိုင်ငန်း‌တွေနဲ့အသီးသီးမအားလပ်ကြသလို၊ အနားမှာရှိတဲ့သမီးငယ်လေးကလည်းဆိုင်တစ်ဖက်နှင့်မို့ နှောင်းတစ်ယောက်တည်း ကိုကို့လွတ်မြောက်ရေးအတွက် မိတ်ဆွေတွေအကူအညီနဲ့ သက်ဆိုင်ရာကိုဝင်ထွက်သွားလာကာ တတ်နိုင်သမျှကြိုးစား၍လမ်းစရှာဖွေရတော့သည်။

ထောင်ဒါဏ်နှစ်ရှည်ချမှတ်နိုင်သောအမှုများကို
ရင်ဆိုင်နေရစဉ်တွင် ကိုကိုအချုပ်ထဲ၌သက်‌တောင့်သက်သာရှိစေရေး၊ ပြစ်ဒါဏ်လျှော့ပေါ့ကျခံရစေရေးအတွက် အစွမ်းကုန်မျက်နှာအောက်ချ၍ လိုက်လံညှိနှိုင်း၊ ဝပ်တွားခယခဲ့ရသလို ငွေတွေလည်းသောက်သောက်လဲကုန်ခဲ့ရပါသည်။ တစ်သက်လုံးပင်ပင်ပန်းပန်းသမ္မာအာဇီဝလုပ်ကိုင်ရှာဖွေခဲ့ရသောငွေကြေးဥစ္စာတွေဘယ်လောက်ပဲကုန်ကုန် ကိုကိုအမြန်ဆုံးအပြစ်မှလွတ်ရန်သာအရေးကြီးသည်မို့ အရွယ်ရှိဆဲ၊ လှပတောင့်တင်းဆဲဖြစ်သောသူ့ကို ထိကပါးရိကပါး၊ ရိသဲ့သဲ့လုပ်လိုသောလူတစ်ချို့ကိုလည်း သည်းခံအောင့်အီးကာပြောဆိုဆက်ဆံခဲ့ရပါသည်။

နောက်ဆုံးပိုင်ဆိုင်မှုအားလုံးကုန်သလောက်နီးပါးဖြစ်လာချိန်အထိ အမှုအခြေအနေကထူးခြားမလာပဲ ထောင်ဒါဏ်နှစ်ရှည်ကျခံရတော့မည့်အချိန်တွင် နှောင်းမိတ်ဆွေတွေထံမှတစ်ဆင့်အဆက်အသွယ်ကောင်းတစ်ခုရလာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်သည်
သူတို့နယ်တစ်ကြောတွင် ကျိကျိတက်ချမ်းသာပြီး အထက်သို့တိုင်သြဇာပေါက်ရောက်၍မီးသေသော၊ မိန်းမအရှုတ်အရှင်းသတင်းထွက်သော၊ သားကြီးသမီးကြီးများရှိ‌သောမုဆိုးဖိုသူဌေးကြီးတစ်ဦးဖြစ်ပါသည်။ ဒီလိုသတင်းတွေကြားရတာကြောင့်
ထိုပုဂ္ဂိုလ်ကိုချဉ်းကပ်၍အကူအညီတောင်းရန် ‌‌နှောင်းအကြိမ်ကြိမ်အဖန်ဖန်စဥ်းစားပြီးမှ ကိုကို့အတွက်သာဆိုလျှင်အသက်ပါပေးဝံ့သည်မို့ အချိန်ဆွဲမ‌နေတော့ပဲစတင် အကောင်အထည်ဖော်
ရပါတော့သည်။

တိုက်ဆိုင်လွန်းသည်လို့ပဲဆိုရမည်လားမသိတော့ပါပေ။ ဖြစ်ချင်တော့ ထိုသူဌေးကြီးက နှောင်းကိုအတွေ့မှာ အလွန်ချစ်ခင်စုံမက်သွားပြီး နှောင်းလိုသမျှငွေကြေးနှင့်အခြားအကူအညီများအားလုံးကိုမဆိုင်းမတွပေးသလို နှောင်းကိုတရားဝင်လက်ထပ်လိုကြောင်းပေါ်ပေါ်တင်တင်ခွင့်တောင်းလေတော့သည်။ နှောင်းကအနေမှန်ကာတည်ကြည်ပြီး ကိုကို့အပေါ်မှာသစ္စာရှိသူမို့၊ မိမိသည်လင်ရှိမယားဖြစ်ပြီး ခင်ပွန်းမှလွဲ၍မည်သူ့ကိုမှ လက်မခံနိုင်ကြောင်း၊ ခင်ပွန်းအတွက်ယခင်ကအမျိုးမျိုးကြိုးစားခဲ့သမျှအရာမရောက်ခဲ့တာကြောင့် ဒုက္ခရောက်လွန်း၍သာဇွတ်မှိတ်၍လာရောက်အကူအညီတောင်းခံရတာဖြစ်ကြောင်း၊ လူကြီးလူကောင်းပီသစွာနဲ့အကူအညီပေးမည်ဆိုလျှင် တစ်သက်တာကျွန်ခံရမည်ဆိုလျှင်တောင် ပျော်ပျော်ကြီးကျွန်ခံမည်ဖြစ်သော်လည်း ကာမပိုင်လင်ရှိပါလျှက်ကယ်နှင့် သူတစ်ပါး၏အပျော်မယားတော့အဖြစ်မခံနိုင်ပါကြောင်းပြတ်ပြတ်သားသားအရေးဆိုခဲ့ပါသည်။

နှောင်း၏အိန္ဒြေသိက္ခာနှင့်ကိုယ်ကျင့်တရား၊ ခင်ပွန်းအပေါ်ထားရှိသည့်မယိုင်လဲသောသစ္စာတရားတို့ကိုလေးစားသွားသောကြောင့် သူဌေးကြီးက နှောင်း၏ ဆန္ဒနှင့်ဆန့်ကျင်၍မည်သည့်အခွင့်အရေးမှမယူပဲ ခင်ပွန်းလွတ်မြောက်ရေးအတွက်အာမမခံနိုင်သော်လည်း အတတ်နိုင်ဆုံးကူညီပေးမည်ဖြစ်ကြောင်း၊ သို့သော် သူ့ကမ်းလှမ်းချက်သည် ထာဝရတည်မြဲနေမည်ဖြစ်ပြီး နှောင်းစိတ်ပြောင်းသွားသည်ရှိသော် သူ့ရင်ခွင်ကအမြဲကြိုဆိုနေပါကြောင်းပြောကြားခဲ့ပါသည်။

သို့နှင့် နှောင်းသည် ထိုပုဂ္ဂိုလ်နှင့်အတူ အမှုအတွက်အဆုံးအဖြတ်ပေးနိုင်သောအာဏာပိုင်များရှိရာမြို့‌တော်ကြီးဆီသို့မကြာခဏအတူတစ်ကွခရီးထွက်ရသလို၊ မိမိတို့မြို့တွင်လည်း ပြောဆိုဆက်ဆံရန်လိုအပ်သူများထံ နှစ်ဦးသားဥဒဟိုဝင်ထွက်သွားလာရတော့သည်။ ဤတွင် လူသတင်းလူချင်းဆောင်ဟုဆိုသော်လည်း နှောင်းတို့ကိုမနာလိုဝန်တိုသူ၊ မုန်းတီးသူတစ်ချို့၏ချဲ့ကားပြောဆိုမှု၊ မဟုတ်မမှန်ဇာတ်လမ်းထွင်၍ကောလဟာလဖြန့်ဝေမှုတို့ကြောင့် ထိုစကားများသည်အချုပ်ခန်းထဲမှကိုကို့ဆီသို့အလျင်အမြန်သတင်းရောက်သွားတော့ ကိုကိုတစ်ယောက်ယမ်းပုံမီးကျပေါက်ကွဲလေတော့သည်။

အချုပ်ထဲမှကိုကို့ကိုတွေ့ခွင့်ရသောနေ့တွင် ကြိုးစားထားသမျှတစ်ဖြည်းဖြည်းအရာထင်လာခဲ့သောဝမ်းသာစရာသတင်းတစ်ချို့ကို ပြောပြဖို့ ကြည်နူးစိတ်ဖြင့် နှောင်းရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သွားတွေ့ခဲ့ပါသည်။

“ကိုကို…နှောင်း ကိုကို့ကိုအားရစရာသတင်းတွေပြောပြစရာရှိတယ်သိလား… ကိုကိုအားမငယ်နဲ့တော့နော်… အခုကိုကို့ကိုအမိန့်ချရင်လေ….”

နှောင်းစကားမှမဆုံးသေး ကိုကိုသည် ကျားနာတစ်ကောင်မာန်ဖီနေသလိုအသွင်သဏ္ဌန်မျိုးဖြင့် နှောင်းကိုနာနာကျည်းကျည်းကြည့်ပြီးတောက်တစ်ချက်အကျယ်ကြီးခေါက်ကာ…

“တောက်… မိန်းမ-ျက်မ… နင်အဲဒီ ှာဘူးကောင်နဲ့စိတ်လိုလက်ရ -ိပ်ပေးပြီးမှ၊ မ-ားငယ်_ံပြီးမှ
ငါဒီအချုပ်ကလွတ်ရမယ်ဆို အဲဒီအစား ကြိုးစင်ပဲတက်လိုက်မယ်ကြားလား… နင်မ-ားငယ်-ံချင်လို့-ံတာကိုငါ့အတွက်ကြောင့်လို့လာလွှဲမချနဲ့… အ-ုတ်တ-ာမရဲ့…”

အချုပ်ခန်းသံတိုင်တောင်ကျိုးသွားလေမလားထင်ရအောင် လက်နှစ်ဖက်နဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းက နာကြင်မှုကိုအပြင်းအထန်ခံစားနေရသူလို မေးကြောကြီးတွေ‌၊ နဖူးကြောကြီးတွေထောင်ထလျှက်၊ နီရဲနေတဲ့မျက်လုံးကြီးတွေပြူးထွက်မတတ်အံကြိတ်ပြီး သွားကြားထဲကထွက်တဲ့‌ အေးစက်စက်‌ လေသံနဲ့ကိုကိုကပြောတော့ နှောင်းမျက်လုံးတွေပြာဝေသွားရပြီး နားနှစ်ဖက်ကိုတောင်ယောင်ရမ်းပိတ်လိုက်မိပါသည်။
အချုပ်ခန်းသံတိုင်သာခြားမထားရင် ကိုကိုသည်နှောင်းကိုကြိမ်းသေလည်ပင်းညှစ်သတ်ပြီးဖြစ်လောက်သည်။ တစ်သက်နဲ့တစ်ကိုယ် နှောင်းအပေါ်မှာစိတ်ဆိုးဖို့နေနေသာသာ စကားကြမ်းကြမ်းတောင်ပြောမထွက်ခဲ့သောကိုကိုသည်သွားပုပ်လေ လွင့်စကားတွေကိုယုံပြီး နှောင်းကိုအခုလိုဆက်ဆံသည်တဲ့လား။

“ကိုကို… ဘာလို့မဟုတ်တမ်းတရားတွေလျှောက်ပြောနေရတာလဲ… ကိုကိုတစ်သက်လုံးပေါင်းသင်းလာတဲ့မိန်းမရဲ့စိတ်ဓါတ်နဲ့ကိုယ်ကျင့်တရားကို ကိုကိုမသိဘူးလားဟင်”

‌အခြားအချုပ်သား‌တွေနဲ့ သက်ဆိုင်ရာတာဝန်ကျဝန်ထမ်း‌တွေရဲ့‌ရှေ့မှာစွပ်စွဲကြိမ်းမောင်းခံလိုက်ရတာ‌ ကြောင့်ရှက်ကြောက်ဝမ်းနည်းစိတ်နဲ့ နှောင်းရဲ့အသံကတိုးတိတ်တုန်ရီနေခဲ့ပါသည်။ ကိုကိုသည်အပြစ်မရှိပါပဲလပေါင်းများစွာအချုပ်အနှောင်ခံထားရသည်မို့စိတ်အခြေအနေပုံမှန်မဟုတ်ပဲ စိတ်ဓါတ်တွေကျဆင်းကာစိတ်ဖိအားများနေရှာလို့သာပေါက်ကွဲနေခြင်းဖြစ်မည်ဟုဖြေတွေးကာ နှောင်းအတတ်နိုင်ဆုံးချုပ်တည်းသည်းခံလိုက်ပါသည်။

“ဘာကွ… ငါကပဲမင်းကိုမဟုတ်မဟပ်စွပ်စွဲပြောတယ်ပဲရှိရသေး… မင်းတို့‌ တော်သလင်း ‌ေ-ွးဇာတ်ခင်းနေကြတာတွေဟုတ်လို့ကျော်၊ ပုပ်ဟောင်နေလို့ပေါ်လာတာပေါ့ကွ… သားသမီးနဲ့ယောကျာ်းမျက်နှာကိုမှမထောက် ပိုက်ဆံသာရမယ်ဆို လူတကာနဲ့ $$$#@#$..”

“ကိုကို… သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်သိရဲ့လား… အသက်နဲ့တောင်ကျိန်ပြီးသစ္စာဆိုရဲတယ်… ကိုကိုအမြန်ဆုံးလွတ်မြောက်နိုင်ဖို့ နှောင်း ရိုးရိုးသားသားကြိုးစားပေးနေတယ်ဆိုတာကျိန်ဆိုကျိန်ရဲတယ်ကိုကိုရဲ့”

နတ်ပူးသလိုတုန်ရီနေတဲ့နှောင်းတစ်ယောက်မျက်ရည်တွေတွေစီးကျလာရင်းက ကိုကို့ကိုတန်ပြန်အော်မိသည်။

“အေး… ဒါဆိုငါမေးမယ်… ငါမေးတာပဲမင်းပြန်ဖြေ… မင်းဘာမှစောဒကမတက်နဲ့”

နှောင်းသည် ကိုကို့မျက်လုံးတွေကိုရင်ဆိုင်ပြီးစူးစူးရဲရဲပြန်စိုက်ကြည့်နေလိုက်သည်။

“မင်းအဲဒီ-ှာဘူးကောင်နဲ့ *** မြို့က *** ဟိုတယ်မှာနှစ်ခါ‌တောင်မှသွား_ိပ်ကြတယ်ဆိုတာဟုတ်သလား”

ပြီးခဲ့သည့်လက သက်ဆိုင်ရာတာဝန်ရှိသူတွေကို
*** မြို့မှာ နှစ်ကြိမ်သွားကန်တော့ကြတော့ ကိုယ့်ကိစ္စကိုယ်တိုင်လိုက်ပြောမှယဥ်‌ကျေးမှုရှိရာကျမည်မို့နှောင်းပါအတူလိုက်ရပြီး *** ဟိုတယ်တွင် သီးသန့်တစ်ယောက်တစ်ခန်းစီယူကာ နှစ်ညတည်းခိုခဲ့ဖူးပါသည်။

“အဲဒီဟိုတယ်မှာသွားတည်းခဲ့တာတော့ဟုတ်တယ်… ဒါပေမယ့်…”

“မင်း$ပါးစပ်ကိုပိတ်ထား… မေးတာပဲဖြေ…
ပြီးတော့ မင်း ပိုက်ဆံသိန်းတစ်ထောင်လက်ခံပြီး အဲဒီအဖိုးကြီးနဲ့ အပေးအယူလုပ်ထားကြတယ်ဆိုတာရောဟုတ်သလား”

“ဟုတ်တယ်…ဒါပေမယ့် အဲဒီငွေတွေဘာကြောင့်ချေးတယ်ဆိုတာ….”

“တိတ်စမ်း… ငါသိချင်တာအကုန်သိရပြီ…
မင်းနဲ့ငါဒီနေ့ဒီအချိန်ကစလို့ ဘာမှပတ်သက်မှုမရှိတော့ဘူး… အကျင့်ပျက်တဲ့မိန်းမ-ုတ်…
ငါသိပ်ရွံသွားပြီ”

အပြင်လောကနဲ့ကင်းကွာနေပြီး အကြောင်းရင်းမှန်ကို‌ ခြေခြေမြစ်မြစ်မသိတဲ့အပြင်၊ ငါတကောကောပြီး၊ ငါလုပ်တာမှအမှန်၊ ငါထင်ထာမှအမှန် ခေါင်းမာလွန်းသော၊ သဝန်ကြောင်လွန်းသောကိုကို့ကို နှောင်းစိမ်းစိမ်းကြီးစိုက်ကြည့်နေမိသည်။ ဇွတ်တိုးပြီးရှင်းပြလိုက်လို့ရပေမယ့် အမှုကိစ္စမပြီးပြတ်ခင်၊ နှောင်းတို့ ပိုင်ရာဆိုင်ရာတွေနဲ့တိတ်တဆိတ်ညှိနှိုင်းပြီးသဘောတူညီချက်ရယူထားခဲ့ကြတာတွေအကုန်လုံးကို လူအများရှေ့တွင် ယခုအချိန်မှာ မည်ကဲ့သို့အကုန်ဖွင့်ပြောပြ၍ရနိုင်ပါမည်နည်း။

“ရှင်အဲဒီလိုပြောချင်ရာပြော ထင်ချင်ရာထင်ရုံနဲ့
အမှားဟာအမှန်ဖြစ်မသွားဘူးကိုကိုရဲ့….
ကျွန်မကိုလည်းတရားသဖြင့် အဖြစ်မှန်ကိုအသေအချာရှင်းပြခွင့်‌တော့ပေးရမှာ‌ပေါ့…
ရှင်ဒီလောက်တစ်ဖက်သတ်နိုင်ထက်စီးနင်းဆန်မှန်းကျွန်မမသိခဲ့ဘူး… ကျွန်မသစ္စာရှိခဲ့သမျှ၊ ရှင်လွတ် မြောက်အောင်မဆုတ်မနစ်ကြိုးစားခဲ့ရသမျှဟာလည်း ရှင်နဲ့လားလားမှမထိုက်တန်ဘူးဆိုတာ ရှင့်အသည်းထဲမှာစွဲနေအောင်သာမှတ်ထားလိုက်ပေတော့”

နှောင်းစိတ်ပျက်လက်ပျက်နှင့် ကိုကိုနှင့်တစ်ကွ၊ လင်မယားစကားများကြတာကို အကြည့်မျိုးစုံနဲ့ဝိုင်းဝန်းကြည့်ရှုနေကြတဲ့လူတွေရဲ့ရှေ့ကနေချာကနဲလှည့်ထွက်လာခဲ့လိုက်သည်။ ဖြစ်နိုင်လျှင် ရေခိုးရေငွေ့လို လူတစ်တစ်ကိုယ်လုံးအငွေ့ပျံပြီးပျောက်ကွယ်သွားချင်လှအောင် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရပါသည်။

************

ကိုကို့ကိုမကြည့်ချင်တော့လောက်အောင်စိတ်ပျက်သွားသည်ကတစ်ပိုင်း၊ သားတို့သမီးတို့ရဲ့ဖေဖေဆိုတဲ့လက်ကျန်သံယောဇဉ်ကတစ်ပိုင်းမို့ နာမည်နှင့်သိက္ခာကိုပွန်းပဲ့ထိခိုက်၊ အထင်အမြင်လွဲခံပြီး အရင်းအနှီးကြီးကြီးနဲ့အသေအလဲကြိုးစားထားခဲ့ရသမျှတွေဟာအောင်မြင်ရန်လက်တစ်ကမ်းအလိုမှာမှ ဖြိုချဖျက်စီးမပစ်လိုက်ချင်တာကြောင့် လုပ်လက်စတွေကိုဆုံးခန်းတိုင်အောင်ဆက်လက်လုပ်ကိုင်ပေးခဲ့ပါသည်။ ထို့ကြောင့် ကိုကိုသည် ထောင်ဒါဏ်ငါးနှစ်ကျခံရမည့်အစား ချုပ်ရက်အပါထောင်ဒါဏ်တစ်နှစ်သာလျှော့ပေါ့ကျခံရလေတော့သည်။

ကိုကိုသည် ထောင်ကအထွက်မှာ အိမ်ဘက်ကိုတောင် ခြေဦးလှည့်မလာတော့ပဲ ရွှေတူးရန်အတွက် တစ်ခြားတစ်မြို့တစ်ရွာကိုထွက်ခွာသွားသည်ဟုသာကြားသိရပါသည်။
ဒီအထိက ကိုကို့လုပ်ရပ်‌တွေ၊ အပြောတွေ၊ မိသားစုကိုတစ်ချက်ကလေးမှပြန်လှည့်မကြည့် မငဲ့ညှာပဲအကြွေးပုံထဲမှာပစ်ထားခဲ့တာတွေကို နှောင်းကစိတ်ပျက်စိတ်ကုန်ရုံသာရှိပါသေးသည်။ သံယောဇဉ်အမျှင်ကတော့တန်းဆဲပါပေ။

သုံးလခန့်အကြာမှာတော့ ရွှေတောမှာအလုပ်သွားလုပ်နေရာမှ ခေတ္တအိမ်ပြန်လာသည့်မောင်ဝမ်းကွဲလေးက နှောင်းဆီကိုလာတွေ့ပြီး အားတုံ့အားနာနဲ့….

“အစ်မနှောင်း ကျွန်‌တော့်ကိုစိတ်မဆိုးပါနဲ့‌နော်…
အစ်ကိုလေ အရင်တစ်ပါတ်ကပဲ ရွှေတောမှာ သူ
ထမင်းလပေးစားတဲ့ဆိုင်က ကလေးတစ်ယောက်အမေမုဆိုးမကိုအတိအလင်းလက်ထပ်ပြီးယူလိုက်ပြီဗျ. ကျွန်တော့်ကိုတောင် သစ္စာဖောက်မကိုသတင်း ကောင်းလေးသွားပေးလိုက်ပါဦးလို့ ခနဲ့လိုက်သေးတယ်”

မောင်ဝမ်းကွဲလေးရဲ့စကားအဆုံးမှာ နှောင်းရင်ထဲကကြွတ်ဆတ်အက်ကွဲနေတဲ့နှလုံးသားကအပြင်ခုန်ထွက်လာကာအင်္ဂ‌တေကြမ်းပြင်ပေါ်အစိတ်စိတ်
အမွှာမွှာကျကွဲသွားခဲ့ရပါသည်။
နာသည်။ ပြောမပြတတ်အောင်ကိုအတိုင်းအဆမဲ့နာကြင်ရကာ သူ့အပေါ်ရှိခဲ့ဖူးသောအချစ်၊ ထားခဲ့ဖူးသောသစ္စာ… အရာအားလုံး တစ်ထိုင်တည်းမှာ အစအနတောင်မကျန်အောင်ကုန်ဆုံးပျောက်ပျက်သွားခဲ့‌ရပါလေပြီ။

တစ်ခဏအကြာမှာ မခံချိမခံသာမဲ့ပြုံးတစ်ခုက
ဗလာမျက်ဝန်းနဲ့နှောင်းရဲ့နှုတ်ခမ်းဖျားမှာတွဲလွဲခိုလာခဲ့ရပါသည်။
ကိုကိုက နှောင်းရင်ဘတ်ထဲကို မညှာမတာ ဓါးနဲ့
တစ်ဆုံး အားကုန်ထိုးစိုက်ချလိုက်ပြီဆိုတော့…
နှောင်းကလည်း သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့လောကရဲ့အမှန်တရားကို ကိုကို ကိုယ်ချင်းစာနားလည်ခံစားတတ်လာအောင်သင်ပေးဖို့တာဝန်ရှိလာတာပေါ့ကိုကိုရယ်…
နှောင်းဆိုတာကလည်း ကိုကို့ခြေရာကိုထပ်ချပ်မကွာတက်ညီလက်ညီလိုက်နင်းနိုင်ခဲ့တဲ့ရဲ‌ဖော်ရဲဖက်လိုမိန်းမတစ်ယောက်ဆိုတာ ကိုကိုမေ့နေမှာစိုးလို့ပါ…

အတောမသတ်နိုင်အောင် ခြောက်ခြောက်ကပ်ကပ်နာနာကြင်ကြင်အော်ရယ်နေတဲ့နှောင်းရဲ့မျက်ဝန်းတစ်စုံကမျက်ရည်စတို့သည်ဘယ်သူမှ
မသိလိုက်ခင်မှာ ကြွေလွင့်သွားခဲ့ရပါသည်။

************

သမီးကြီးချီထားသောမြေးမငယ်လေးသည် ဆူးထွင်ထားသောနှင်းဆီပန်းစည်းကို သူ့အမေပေါ်မှကိုယ်လေးကိုကိုင်း၍ အဖွားဖြစ်သူဝင်၍အိပ်ပျော်နေသောသေတ္တာပုံးကြီးထဲသို့ထည့်ပေးလိုက်လေသည်။

ဖွားဖွားကြီး၏သေတ္တာဘေးတွင်တော့ သေတ္တာနှုတ်ခမ်းဘောင်ကိုကိုင်ကာ မျက်ရည်ဝဲနေသောမျက်ဝန်းများဖြင့် ကြင်ကြင်နာနာငုံ့ကြည့်နေသော
ဖိုးဖိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရပါသည်။
ဖေဖေ၊ ဦးဦးနှစ်ယောက်၊ အန်တီငယ်နဲ့၊ မမတို့ကလည်းမျက်နှာမကောင်းစွာနဲ့ဖွားဖွားကြီးနံဘေးမှာရှိနေကြပါသည်။

“အန်ကယ်… သမီးတို့မိသားစုကိုအစစအရာရာ စေတနာအပြည့်နဲ့ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက်ရော…. မေမေသက်ရှိထင်ရှားရှိစဉ်ကလည်း မေမေ့မျက်နှာတစ်ချက်မညှိုးရအောင်၊ စိတ်ချမ်းသာပျော်ရွှင်အောင်ထားပေးခဲ့တဲ့အတွက် စိတ်ရင်းနဲ့ကျေးဇူး တင်ကြောင်းပြောပါရစေရှင်”

အန်တီငယ်ရဲ့စကားအဆုံးမှာ ခေါင်းတစ်ချက်ဆတ်ပြလိုက်တဲ့ဖိုးဖိုးကြီးရဲ့မျက်ဝန်းထဲကမျက်ရည်စတွေဖွားဖွားကြီးကိုယ်ပေါ်လွင့်ကျသွားတာကိုလည်းမြေးမငယ်လေးတွေ့လိုက်ရပါသည်။

ပြီးခဲ့တဲ့မိုးတွေရွာနေတဲ့နေ့တစ်နေ့တုန်းကလည်း…..

“ဖေဖေဆုံးသွားရှာပြီတဲ့မေမေရယ်…
နေ့ညမရွေးအရက်တွေချည်းလှိမ့်သောက်နေခဲ့လို့အသည်းကျွမ်းသွားတာတဲ့”

လို့သူမရဲ့မေမေက ဖွားဖွားဆီကို ငိုယိုပြီးဖုန်းဆက်နေတာကြားလိုက်ရသေးသည်။

မနေ့ညကတော့ ခရစ္စမတ်ညမို့ မီးလေးတွေထွန်းပြီးအိမ်သား‌တွေအားလုံး‌ဝိုင်းဖွဲ့စားသောက်ပျော်ရွှင်နေကြတုန်းမှာ ဖုန်းဝင်လာကာ ဖွားဖွားကြီးအိပ်‌နေရင်းကရုတ်တရက်ဦးနှောက်သွေးကြောပေါက်ပြီးဆုံးသွားပြီဆိုပြီး မေမေတို့ငိုနေတာကြားရပြန်ပါသည်။

“သမီးတို့မေမေက ဒို့တစ်တွေကို နှုတ်မဆက်ပဲထွက်ခွာသွားခဲ့ပေမယ့် သမီးတို့သားတို့အားလုံးက အန်ကယ့်ရဲ့သားသမီးတွေပါပဲ…
သမီးတို့မေမေဟာ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုကိုအန်ကယ်နားလည်လာအောင်သင်ကြားပေးခဲ့တဲ့သူဖြစ်တာကြောင့် တန်ဖိုးထားချစ်ခင်ခဲ့ရသလို သမီးတို့ကိုလည်းချစ်ခင်လျှက်ပါပဲကွယ်…
မေမေရှိစဥ်တုန်းကလိုပဲ အန်ကယ့်အိမ်ကိုဝင်ကြထွက်ကြပါနော်…..
သမီးတို့မေမေဟာ သူဖြူစင်ခဲ့ပါလျှက်ကအစွပ်စွဲခံ၊ အစော်ကားခံခဲ့ရလို့ မခံချင်စိတ်နဲ့ဒေါသအလျောက်အန်ကယ့်ကိုလက်ထပ်ခဲ့ပေမယ့် သူ့တစ်သက်တာလုံးမှာ သမီးတို့ဖေဖေတစ်ယောက်တည်းကိုပဲစွဲစွဲမြဲမြဲချစ်သွားခဲ့တာပါ…
သမီးတို့ဖေဖေဆုံးပြီလို့ကြားလိုက်ရကတည်းက
တစ်မှိုင်မှိုင်တစ်တွေတွေနဲ့အစားပျက်အအိပ်ပျက်ရာကစပြီးကျန်းမာရေးချို့ယွင်းလာခဲ့တော့တာပါပဲ
မေမေရော… ဖေဖေရော… အချစ်ကြီးချစ်တတ်ပြီး၊ အမျက်လည်းကြီးတတ်ကြတဲ့သူတွေ နောင်ဘဝမှာဒီလိုအထင်အမြင်လွဲမှုမျိုး၊ မာနချင်းပြိုင်၊ အိုးရွဲ့ကိုစလောင်းရွဲ့နဲ့ဖုံးသလိုအပြန်အလှန်ကလဲ့စားချေကြတဲ့အဖြစ်မျိုးတွေထပ်ပြီးမကြုံမဆုံကြပါစေနဲ့လို့သာ အန်ကယ်ဆုတောင်းပေးလိုက်ပါတယ်ကွယ်”

လူကြီးတွေဘာလို့မျက်နှာမကောင်းကြသလဲ၊ ငိုနေကြတာလည်းဆိုတာ ငါးနှစ်သမီးလေးတစ်ယောက်အနေနဲ့ဉာဏ်မမှီပေမယ့် အိပ်ပျော်နေတဲ့ဖွားဖွားကြီးရော… ဆုံးသွားပြီဆိုတဲ့ဖိုးဖိုးကြီးရော ဘယ်တော့မှအိမ်ကိုပြန်မလာကြတော့ဘူးဆိုတာကိုတော့သူသိပါသည်။

ငယ်စဉ်က သူ့ကို‌ချီပိုးချော့မြှုအလိုလိုက်ခဲ့ကြတဲ့ ဖွားဖွားကြီးနဲ့ဖိုးဖိုးကြီးတို့နှစ်ဦးရဲ့ပျော်ရွှင်ကြည်နူးနေခဲ့ကြတဲ့ပုံရိပ်လေးတွေကို မြေးမလေးစိတ်ထဲမှာဝိုးတစ်ဝါးပြန်မြင်ယောင်လာကာအမှတ်ရနေမိပါတော့သည်။

“ပြီးပါပြီ”

#Way
၁၆၁၀၂၀၂၄