လာခေါ်သူ(စ/ဆုံး)
——————
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေပြု၍ ရေးသားပါသည်။
မထားသည် အသက်အရွယ်အားဖြင့် လေးဆယ်ခန့်ရှိကာ ဌာနဆိုင်ရာ တစ်ခုမှစာရေးမတစ်ဦးဖြစ်သည်။မထားယောက်ျားက မထားထက်အသက် ခုနှစ်နှစ်ခန့်ငယ်ကာ မြေယာပွဲစား ယောင်ယောင် ကယ်ရီသမားယောင်ယောင်ဖြင့် ကြုံရာ ကျပန်းလုပ်စားသူတစ်ဦးဟုဆိုလျှင်လည်းမမှားပေ။
မထားနေထိုင်ရာဒေသက အညာဒေသရှိမြို့လေးတစ်မြို့ဖြစ်သည်။ မထားကဆွေကြီးမျိုးကြီးထဲကဖြစ်သည်။
မထားနှင့်သူ့အမျိူးသားအား အိမ်က သဘောမတူသောကြောင့် မထားတို့လင်မယားသည် သင့်တော်ရာ အိမ်လေး၌ ဌားရမ်းနေထိုင်ကြလေသည်။
မထားဌားရမ်းနေထိုင်ရာအိမ်က ရပ်ကွက်တစ်ခုမှ အိမ်ဝိုင်းတစ်ဝိုင်းတည်းတွင် လုံးချင်းအိမ်နှစ်လုံးရှိကာ အိမ်တစ်လုံးလျှင် အိမ်သာတစ်ခုစီ သီးသန့်ရှိပြီး ထရံကာ မြေစိုက်အိမ်လေးများဖြစ်သည်။
အခြားအိမ်တစ်လုံးမှာလည်း ဝန်ထမ်းမိသားစု များနေထိုင်သောကြောင့် ဘာပြသနာမှ မရှိအေးချမ်းသော ပတ်ဝန်းကျင် လေးဟုဆိုရမည်ပင်။
မထားနေထိုင်ရာ အိမ်ဝိုင်းကတော့ ဝိုင်းသာကာရံထားကာ အိမ်ဝိုင်းတံခါးတော့မရှိချေ။
မထားသည် အိမ်ထောင်ကျပြီး ငါးနှစ်ကျော်ကြာသော်လည်း သားသမီးမထွန်းကား။
မထားက ညအိပ်ရာဝင်လျှင် ညစဥ် ဘုရားဝတ်ပြုပြီးမှ အိပ်လေ့ရှိသူလည်းဖြစ်သည်။
တစ်ရက် မှောင်ရီသန်းချိန် ၌မထားတို့လင်မယားလည်း ထမင်းဟင်းများ အပြင်မှဝယ်လာကာ စားသောက်လိုက်ကြပြီး ဘုရားဝတ်ပြုကာ ညအိပ်ရာစောစောဝင်ကြတော့သည်။
မထားလည်း အိမ်မက်လိုလို ၊တစ်ကယ်လိုလိုနှင့် အင်္ကျီ လက်မောင်းပြတ် စကတ်အရှည် ကြီးကိုဝတ်ဆင်လျက် (ကိုးကန့်တိုင်းရင်းသားဝတ်စုံနှင့်ဆင်တူသည်ဟုထင်ရ) ဆံပင်ကတုံးဆတောက်ကေနှင့် ရုတ်မကြီးတစ်ဦး မထားတို့လင်မယား ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည်ဟု မြင်မက်လေသည်။
ဆိုင်ကယ်နောက်မှ လေအဟုန်ဖြင့် လွင့်မျော လိုက်ပါလာပြီးလျှင် ထိုအမျိုးသမီးကြီးက
မထား အိမ်ပေါက်ဝ ၌ရပ်ကာ ခါးကြီးထောက်လျက် မထားအား စူးစူးစိုက်စိုက်နဲ့ကြည့်နေသည်ဟု မြင်မိလေသည်။
ထိုအမျိုးသမီး၏အသက်အရွယ်မှာ ငါးဆယ်ဝန်းကျင်ခန့်ဟု ခန့်မှန်းရသည်။
မထားလည်း အိပ်ရာမှလန့်နိုးလာကာ
“မင်းမင်း ထ.. ထ ..ငါတို့ဟင်းဝယ်ပြီး အိမ်ထဲဝင်လာတုန်းက ဖိ ဖတ် လုပ်ပြီး မဝင်ခဲ့ရဘူးထင်တယ် ၊ငါ့အိပ်မက်ထဲမှာ တရုတ်မကြီး ေတယောက် ငါ့တို့ဆိုင်ကယ်နောက်ကလိုက်လာပြီး အိမ်ပေါက်ဝမှာ ငါ့ကို လက်ခါးထောက်ပြီးကြည့်နေတာ ကြောက်စရာကြီး ”
ဟုပြောသူ့ယောက်ျား မင်းးမင်းကလည်း
“မထားရယ်အိမ် မက်မက်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီးငါ့ကို နိုးနေတာ၊မထားလည်းဘုရားရှိခိုးအိပ်တာပဲ ”
ဟုပြောပြီး ပြန်အိပ်သွားတော့သည်။
မထားလည်း ဆက်၍အိပ်မရတော့သောကြောင့် ရေနွေးကြမ်း ထသောက်ရန် အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်။
အပြင်၌ခြေသံ တရှပ် ရှပ်ကြားရသောကြောင့် ထရံပေါက်ကြားမှ အိမ်အပြင်ကို လှမ်းကြည့်လိုက်ရာ လမ်းပေါ်၌ ဂတုံးဆံတောက်ကေနှင့်တရုတ်မကြီးက လက်ကို နောက်ပစ်လျှက် မထားအိမ်ရှေ့၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျှက် ရှိသည်ကို မထားတွေ့လိုက်ရတော့သည်။
မထားတို့ခြံဝိုင်းအား ကပ်ကြားများဖြင့်ကာရံထားပြီး မထားအိမ်က လမ်းနှင့်လည်းနီးသောကြောင့် အိမ်ထဲမှကြည့်လျှင်လမ်းအား ကောင်းစွာမြင်ရသောအနေအထားဖြစ်သည်။
မထားလဲ အိပ်ယာထဲ အလျှင်အမြန်ဝင်ကာ
“မင်းမင်းထကြည့်ဦး ဟိုတရုတ်မကြီးက တစ်ကယ်ရှိနေတာ ”
ဟုဆိုရာ မင်းမင်းလဲ အိပ်မှုန်စုတ်ဖွားနှင့်ထကာ ထရံပေါက်မှ အပြင်ဖက်ချောင်းကြည့်တော့ မည်သည့်အရာမှရှိမနေပါ။
“မထားရာ ဘာမှမရှိပါဘူးဟ”
မထားလဲ ထရံပေါက်မှ အပြင်ချောင်းကြည့်လိုက်သောအခါ ဘာမှမတွေ့ရတော့။
မင်းမင်းက
“မထား စိတ်ထင်တာဖြစ်မှာ… ပါဒီပတ်ဝန်းကျင်မှာ ဘယ်တရုတ်လူမျိုးမှလည်း မရှိဘူး ဇာတ်ကားတွေကြည့်ပြီး စိတ်စွဲတာနေမှာပါ ကဲလာ မနက်ရုံးတက်ရဦးမယ် မို့လား ညနက်နေပြီ အိပ်တော့”
ဟုဆိုလေသည်။
မထားလဲ မိမိမျက်လုံးနှင့် တပ်အပ်မြင်ရသည်မို့ အိပ်မက်မဟုတ်မှန်းတော့သိသော်လည်း ဘာမှပြန်ပြောမနေတော့ဘဲ အိပ်ယာယာထဲဝင်ကာ အိပ်လိုက်တော့သည်။
နောက်ရက်မနက်ရုံးသွားတော့ စိတ်တွေက လေးလံနေလေသည်။
မိမိနောက်၌ ထိုတရုတ်မကြီး လိုက်လာနေသည်ဟုလည်းထင်မိသည်။
ထိုအမျိုးသမီး၏ပုံစံက မိမိတို့အညာဒေသပုံစံနှင့်အလွန်ကွဲပြားသောကြောင့် မထားမျက်လုံးထဲ၌ ထိုပုံရိပ်ကစွဲထင်နေသည်။
တစ်နေကုန်ရုံး၌လည်း အဆင်မပြေ၊ စာရင်းဇယားတွေလဲ မှားယွင်းကာလုပ် နေမိသည်။
ညနေရုံးဆင်းတော့ အမေအိမ်သို့သွားကာ ညက ကြုံရသည်များအားပြောပြလိုက်တော့
မထား မိခင်က
“သမီး ကံများနိမ့်နေသလား……. ကျောင်းကဘုန်းကြီးဆီသွားပြီး ဗေဒင်မေးပါလား အဲဒီဘုန်းကြီးက ဗေဒင်အရမ်းမှန်တယ်”
ဟုဆိုလေသည်။
နောက်ရက်မနက်တွင် မထားတို့သားအမိလည်း ဘုန်းကြီး ကျောင်းသို့သွားကာ ဗေဒင်မေးကြသည်။
ဘုန်းကြီးက တွက်ချက်ပေးကာ
“ဒကာမကြီး လိပ်ပြာအရမ်းလှနေတယ် သတိထားပါ ၊အချို့အရာတွေက ယတြာ ချေလို့မရဘူး။ ဘုန်းကြီး တတ်နိုင်တာတော့ လုပ်ပေးလိုက်မယ်”
ဟုဆိုကာ ဆေးဖယောင်းတိုင်များ စွန့်လိုက်လေသည်။
မထားလဲ နောက်ရက်ကစပြီး ညနေစာအား နေမဝင်ခင် လင်မယားနှစ်ယောက် ညစာစားကြသည်။
ဘုန်းကြီးပေးလိုက်သော ဆေးဖယောင်းတိုင် အား ထွန်းပြီး ပဌာန်းရွတ် ပုတီးစိတ်နှင့် ဘုရားတရား ပိုမြဲလေတော့သည်။
ဘေးအိမ်မှ ဝန်ထမ်းဖြစ်သူ မိတ်ဆွေကိုလည်း ကြုံရသည်များ ပြောပြလိုက်တော့ သူတို့မိသားစုလည်း အတော်ကြောက်ရှာသည်။
ထိုမိတ်ဆွေက ကိုယ်ဝန်နဲ့ ဆိုတော့ စိုးရိမ်ရှာမည်ပေါ့။
ထိုမိတ်ဆွေက အိမ်ရှင်တွေကို ပြောလိုက်သည်ထင်၊ နောက်ရက် အိမ်ရှင်မှ ဝန်းထရံသေချာ ခတ်ကာ ဝိုင်းတံခါးပင်လာတပ်ပေးသွားလေသည်။
ဘေးအိမ်မှ မိတ်ေဆွကလည်း
“မထားရေ ဝိုင်းနဲ့ခြံလဲ လုံသွားပြီ၊တစ်ဝိုင်းလုံးလဲ ပရိတ်ရေနဲ့ ဖျန်း ထားလိုက်ပြီး ဟိုတရုတ်မကြီးလည်း အိမ်ထဲဝင်မရလောက်တော့ဘူး”
ဟုပြောလေသည်။
ဝိုင်းနှင့်ခြံလုံနေတော့ ပို၍ပင် စိတ်လုံခြုံရသည်မဟုတ်လား။
မထားအား အမေတို့က အိမ်ထောင်ကျစ က စိတ်တိုပြီးစကား မပြောသော်လည်း နောက်ပိုင်း အမေတို့အိမ်သို့ မထားတို့လင်မယား နှစ်ဦးလုံး အဝင်အထွက်တော့ ရှိကြသည်။
မထား ယခုအိမ်သို့ပြောင်းလာသည်မှာ သုံးနှစ်ခန့်ရှိသေးသည်။
မထား တို့ အိမ်ထောင်ကျစက ပထဦးဆုံး ဌားနေသော အိမ်တွင် အိမ်ရှင်အဖွားကြီးက အပေါ်ထပ်၊ မထား တို့လင်မယားက အောက်ထပ်တွင်ဌားရမ်းနေထိုင်ကြသည်။
အိမ်ရှင်သားသမီးများက တစ်မြို့ထဲ နေသော်လည်း အမေအိုကြီးအား လာမကြည့်ကြ။
စီးပွားရေးအဆင်ပြေကြသော်လည်း အမေအိုကြီးထံ ဟင်းတစ်ခွက်မရောက်ပေ။
မထားကသာလျှင် စားဦးစားဖျား အမေကြီးထံပို့ကာ ခြေဆုပ်လက်နယ်ပြုစု ပေးသောကြောင့် သားအမိရင်းပမာ မထားတို့ချစ်ခင်ကြလေသည်။
တစ်ရက်တွင်အမေအိုကြီးက
“ထားထားရေ အမေကြီး သေသွားရင်လဲ ဒီအိမ်မှာသာ ဆက်နေနော်။ဖြစ်နိုင်ရင် သမီးကိုပဲ အိမ်နှင့်ခြံ ပေးခဲ့ချင်တာ”
ဟု ပြောရှာလေသည်။
မထားကလည်း
“အမေရယ် ဘယ်ဖြစ်ပါ့မလဲ အမေ့သားသမီးတွေ ရှိတယ်လေ သမီးက သူစိမ်းပါ၊အမေ့ကို ပြုစုတာလဲ သမီး တို့အမေ့အရိပ်မှာ နေတာလေ၊ ပြီးတော့ အမေက အိမ်လခရယ်လို့ တစ်ခါမှလာတောင်းတာလဲ မဟုတ်ဘူး၊ သမီးလဲ အမေ့အိမ်မှာ နေရတာ စိတ်ချမ်းသာတယ်၊ ပြီးတော့ အမေက သမီးရုံးသွားလို့ မိုးတွေ ရွာလာရင်လည်း သမီးအဝတ်တွေ သိမ်းထားပေးတာလေ သမီးကတောင် ကျေးဇူးတင်ရဦးမှာမို့လား ”
ဟု ပြန်ပြောလိုက်သည်။
အမေအိုကြီးက
“အို အေ ညည်းကလဲ လကုန်လစာထုတ်ရက်ဆို အိမ်လခ အမြဲပေးတာ လေ၊ ငါ့အတွက် မုန့်ပဲ သရေစာတွေလဲ ဝယ်ခ့ဲ သေးတာ ၊အိမ်လခ ကတောင်းစရာမှ မလိုတာအေ ၊ငါ့သားသမီးတွေသာ ညည်းခြေဖျား မှီအောင် တစ်ခါလောက်များ ငါ့ကိုပြုစုပေးတာ ခံချင်စမ်းမိတယ်အေ ”
ဟု မျက်ရည်ဝိုင်းလျှက်ပြောရှာလေသည်။
တစ်ဦးမေတ္တာ တစ်ဦး စေတနာနှင့်ပင် ရက်မှနှစ်စား ရာသီ စက်ဝန်းနှစ်ခုကျော်မျှ အေးချမ်းစွာ လည်ပတ်ခ့ဲလေသည်။
အမေအိုကြီး နာမကျန်း တရှောင်ရှောင်ဖြစ်တော့လည်း မထားတို့လင်မယားပင် ပြုစု၍ ဆေးရုံ ပို့ပေးရသည်။
အမေအိုကြီး ဆေးရုံ တက်ကာသေခါနီး မှ သူ့သားသမီးတွေ ရောက်လာကာ မျက်ရည်ခံထိုးကြသည်။
အမေအိုကြီး က မထားတို့လင်မယား အား သူမရှိတော့လျှင်လဲ အိမ်၌ပေးနေရန်တဖွဖွ မှာကြား ကာ အနိစ္စရောက်သွား ရှာလေသည်။
အမေအိုကြီး ဆုံးပြီး တော့သူ့သမီးက
” မထားရေ အားတော့နာပါတယ်၊ အမေ့အိမ်ရောင်းတော့ မှာမို့ အိမ်ပြောင်းပေးဖို့ အိမ်ရှာ ပါ ၊တစ်လအချိန်ပေးမယ် ၊ကျွန်မတို့လည်း စီးပွားရေး လုပ်နေတော့ ပိုက်ဆံလိုတယ်လေ ပြီးတော့ အိမ်ရောင်းရတ့ဲ ငွေထဲက အမေ့ကို ကုသိုလ် ေကာင်းမှုလုပ်ပေးရဦးမှာ”
ဟုပြော၏။
မထားလဲ အံ့ဩမိသည်။
အမေတစ်ယောက်လုံး ရှိစဥ်ကတော့ တစ်မြို့ထဲ နေပြီး တစ်ခါမှ လာမကြည့်ကြ။
ဆိုင်ကယ်တဝီ ဝီ ၊ကားတဝီဝီ မောင်းနေကြတာ တောင် လမ်းကြုံပင် ဝင်မကြည့်ဖူးကြ။
မအေသေပြီး အလောင်းပင် မြေမကျသေး အိမ်ရောင်းပြီး အမွေခွဲရန်တာဆူ နေကြလေပြီ။
သူတို့က ချမ်းသာလျှက်နှင့် မအေအိမ်ရောင်းရမှ ကုသိုလ်ပြုပေးနိုင်မည့် ပုံနှင့် ပြောနေတာ ကို ကြည့်ပြီး မထားတစ်ယောက် ရွံရှာမိသည်။
မထား ဒီတစ်သက် ကလေး မရလဲ ဝမ်းနည်းစရာ မလိုတော့ ၊အမေအိုကြီး ရဲ့ သားသမီး မျိုးမွေး လာလျှင် ဒုက္ခ ဟုသာ တွေးမိတော့သည်။
ဒီလိုနဲ့ မထားတို့ လင်မယား ထိုအိမ်မှ ပြောင်းကြပြီး ဒုတိယ မြောက်အိမ်အဖြစ် လုံးချင်းအိမ်လေး တစ်လုံး၌ ငှားရမ်းနေထိုင်ကြပြန်သည်။
ထိုအိမ်သို့ ရောက်သောအခါ မထား ဘုရား ရှိခိုးပြီး ချိန်၌ ပုဆိုး ကွက်စိပ်အပြာနှင့် ယောက်ျား တစ်ဦး ဖြတ်ကနဲ ဖြတ်သွားတာ မြင်လိုက်သည်။
မထားလဲ အရိပ်တွေ့ရာဘက် သို့ အလျှင်အမြန် လိုက်ကြည့်တော့ မတွေ့ရတော့။
ထိုသူအား မထားတစ်ဦးတည်း ပင်မြင်သည် မဟုတ်။ မထား အမျိုးသားလဲ ထိုသို့ မကြာခဏ တွေ့ရလေသည်။
တစ်ည မထား ရေအိမ်သွား ရန် တစ်ဦးထဲ ထွက်လာစဥ် အိမ်သာတံခါးအား ဆွဲဖွင့်လိုက်ရာ ပုဆိုးကွက်စိပ်အပြာ အကျီနို့နှစ်ရောင်နှင့်ဝတ်ကာ ဆေးလိပ်ရဲ နေအောင် ခဲကာ ငုတ်တုတ်ထိုင်ေနသော ထိုသူကို ရုတ်တရက်တွေ့ လိုက်ရသည်။
မထားလဲ
“အမယ်လေး ”
ဟုအော်ကာ ထိုလူအား ဓာတ်မီးနှင့် ပစ်ပေါက်ပြီး အိမ်ထဲ ဝင်ပြေး၏။
ထိုအခါ ထိုသူက မထားနောက်သို့ ခုန်၍လိုက်လာရာ တစ်ခါခုန်လျှင် အကွာအဝေးအတော် ရောက်သောကြောင့်
မထား အိမ်ထဲအရောက် ထိုသူလဲ တံခါးအရောက် မိခါနီးသီသီလေးပင်။
မထားလဲ အိမ်တံခါး အလျှင်အမြန်ပိတ်ရာ ထိုသူက အိမ်တံခါးအား တပုတ်ပုတ်ဖြင့် ရိုက်သည်။
မထား ယောက်ကျားလဲ
“မထား ဘာဖြစ်တာလဲ အပြင်က ဘယ်သူလဲ ”
ဟုမေးရာ မထားလဲ ဘုရားစင်ပေါ် လက်ညှိုးထိုးတော့ မထားအား မင်းမင်းက ပရိတ်ရေ တိုက်လိုက်သည်။
မထားလဲ ရေသောက်ပြီး မှယောက်ကျားဖြစ်သူမင်းမင်းအား ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ကာ တုန်နေအောင် ကြောက်နေရှာသည်။
မထားအားမိလျှင် ဂုတ်ချိုးသတ်မည်လားပင်မသိ။
ထိုအချိန်၌ အိမ်အပြင်ဖက်တွင် တောက်ခေါက်သံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရပြီး ဖက်ကြမ်း ဆေးလိပ်န့ံလဲ တစ်အိမ်လုံး မွန်ထူလျှက် ရှိလေသည်။
ကြောက်လွန်း၍လင်မယား နှစ်ယောက်လုံးအိပ်မပျော်နိုင် ဘဲ ဘုရားစာသာ တစ်ညလုံးထိုင်ရွတ်ကာ ငုတ်တုတ်မိုးလင်းခ့ဲရလေသည်။
နောက်ရက် မနက်တော့ မထားတို့လင်မယား လည်း အိမ်ရှင် အိမ်သို့သွားရောက်ကာ အိမ်ပြောင်းမည့်အကြောင်းပြောရင်း ထိုသူအကြောင်းလဲ ပြောပြလိုက်လေသည်။
အိမ်ရှင်ကလဲ ထိုသူမှာ မိမိသား အရက်သမား ဖြစ်ကြောင်း ၊သေဆုံးစဥ်ကလဲ မထား ပြောသော အဝတ်အစားများ ဖြင့် ဝတ်ဆင်ထားကြောင်း၊ ထိုအိမ်၌ တစ်ဦးတည်း နေကာ အပြင်ဘက် တန်းလျားခုံတွင် အိပ်ရင်း အအေးပတ်သေဆုံးတာ ဖြစ်ကြောင်း ၊သေဆုံးပြီး အချိန်အတော်ကြာမှ သိရှိခ့ဲကြောင်း၊ ဆွမ်းသွပ်အမျှပေးဝေခ့ဲ ပါကြောင်း မထားတို့က ထိုအိမ်၌ပထမဆုံး ဌားရမ်းသူများ ဖြစ်ကြောင်း သိရှိခဲ့ရ၏။
မထားတို့လဲ ထိုအိမ်မှာ ဆက်လက်မနေရဲ တော့သောကြောင့် ယခုနေထိုင်ရာ အိမ်သို့ ပြောင်းရွေ့လာကြခြင်း ဖြစ်လေသည်။
တစ်ရက်တော့ မထား အမေအိမ်၌ ညနေစာ စားပြီး စကားပြောနေကြစဥ် ခွေးက ဆွဲဆွဲငင်င် အူလိုက်သောကြောင့် မထား အမေက
“ဒီခွေးနှယ် စောစောစီးစီးလာအူနေတယ်”
ဟုပြောရင်း
“မင်းမင်း ခွေးသွား မောင်းချေ”
ဟုပြောလို့မှမဆုံးသေး မထား ခန္ဓာ ကိုယ် တဆတ်ဆတ် တုန်လာကာ မျက်လုံးကြီး ပြူးလျက် တအင်းအင်း အံကြိတ်ခါ ညဥ်းညူသောကြောင့် အားလုံးပြာယာ ခတ်ကုန်ကြ၏။
မထား အစ်မတွေရော ဘေးအိမ်က မထားတူမတွေရော သူ့ထံဝိုင်းအုံလာကြသည်။
မထားက အားလုံးကို မြင်ရနေရသည်။
ကိုယ်ကလှုပ်မရ။
အားလုံးကလဲ အပမှီသည်ဟုဆိုကာ ပရိတ်ရေနဲ့ ဖြန်းကြသည်မှာခေါင်း တခုလုံးပင်စိုရွှဲသွားတော့သည်။
မထား ခေါင်းကို ဆလောင်းဖုံးဖြင့် အုပ်ကြသည်။
သို့ပေမဲ့ အခြေအနေက ထူးမလာပေ။
အိမ်၏အပြင်ဖက်တွင် သစ်ပင်ကို ဖြတ်ထား သော သစ်ငုတ်တို တစ်ခုရှိသည်။
ထိုသစ်ငုတ်တွင် ကတုံးဆံတောက်နှင့် တရုတ်မကြီးက ငုတ်တုတ်ထိုင်နေကာ မထားအား စိုက်ကြည့်နေသည်။
ထိုအမျိုးသမီးကြီးအား မထားတစ်ဦးတည်းကသာ တွေ့မြင်ရပြီး အခြားသူများက မထား ပြူးပြီးပြန် ကြည့်နေရာ သစ်ငုတ်ကိုကြည့်ကြသော်လည်း မည်သည့်အရာမှ မတွေ့ရှိကြပေ။
ထိုအမျိုးသမီးကြီးက မထားအား
“ဟဲ့ကလေးမ ငါကိုခု……ဘုရားက လွှတ်လို့လာခဲ့တာ ၊ငါနေတာက နင်အခုငှားနေတဲ့ အိမ်ကြီးနားက တမာပင်မှာနေတာ…ငါ့ ကို နင့်အဒေါ် မစန်းကို ရှာပြီး ခေါ်ခိုင်းတာကြာပြီ၊ ငါမရှာတတ်လို့ နင့်ဆီ လာမေးမလို့ နင့်အိမ်ဝိုင်းထဲ ဘယ်လိုမှ ဝင်မရဘူး ။ခုသူ့အိမ် ဘယ်မှာလဲ ပြောတော့ အချိန်နီး နေပြီ ၊နင့်အဒေါ်မစန်းအိမ်က ဘယ်အိမ်လဲ ”
ဟုသစ်ငုတ်ကြီး ပေါ်မှာ ဆောင့်ကြောင့်ထိုင်လျက် မထားအား လှမ်းမေးလေသည်။
မထားတို့ထိုင်သည့်နေရာနှင့် ထိုသစ်ငုတ်က ခြံဝင်းတံခါးသာ ခြားလေသည်။
မထားလဲ ဘေးက ဒေါ် စန်းအိမ်ဘက်သို့ လက်ညှိုးထိုးပြကာ
“ဟို ဟို အိမ်”
ထိုတရုတ်မကြီးက ထိုအိမ်ဘက်သို့ ထသွားလေသည်။
ထိုအခါ မထားတူမက
“အမယ်လေး အန်တီထား ဘာလို့သမီးတို့ အိမ်ဘက် လက်ညှိုးထိုးပြတာလဲ ”
ဟုမေးကာ ကြောက်အားလန့်အားဖြင့် ငိုသည်။
ထိုအခါမှ မထားလဲ စကား ပြန်ပြောလို့ရကာ တွေ့သမျှကို ပြန်ပြောပြလိုက်ပြီး ခန္ဓာ ကိုယ်လဲ ပင်ပန်းလွန်းသောကြောင့် မေ့သွားတော့သည်။
ထိုအချိန်တွင် မထား၏အဒေါ်မှာ ရန်ကုန်က သူ့သားထံသို့ သွားရောက်လည်ပတ်နေသောကြောင့် အိမ်၌ရှိမနေချေ။
မထားတူမက အစ်ကို ဖြစ်သူထံ အပြေးအလွှား ဖုန်းဆက်ကာ အကျိုးအကြောင်း ပြောပြပြီး အမေအားဂရုစိုက်ရန် မှာကြားလေသည်။
နောက်ရက်မနက်၌ မထားအဒေါ်က အကောင်းကြီးကနေ ဘာရောဂါမှမရှိဘဲ ကောက်ခါငင်ကာဖြင့် ရန်ကုန်၌ပင်ကွယ်လွန်သွား လေတော့သည်။
မထား တူမက သူ့အမေဆုံးတာ မထားကြောင့်ဟု ဆိုကာ ယနေ့ထက်တိုင် မထားအား စကားမပြောတော့ချေ။
မထားအဒေါ်အိမ်၌ ကွန်လုံ ဆရာတော် ရဟန္တာ မြတ်ကြီး၏ ဆံတော်ကို ဘုရားစင်၌ပူဇော်ထား ခြင်းကြောင့် ပရလောကသား ဖြစ်သူ တရုတ်မကြီးက မစန်းအိမ်အား ရှာမတွေ့ခြင်းပေလား ။
မည်သို့သောအကြောင်းများ ကြောင့် မထားထံ မေးမြန်းရသည်ဟူကား ပရလောကသား တရုတ်မကြီးသာ သိရှိပေလိမ့်မည်။
ထိုနောက်ပိုင်း မထားလဲ ထိုတမာပင်ရှိရာ ပတ်ဝန်းကျင်၌ မနေလိုသောကြောင့် အခြားတစ်နေရာသို့ ပြောင်းရွေ့သွားပါတော့သည်။
ထိုပရလောကသား တရုတ်မကြီးကတော့ ထိုတမာပင်ကြီး၌ နေထိုင်ပြီး မည်သူတွေကို လိုက်ခေါ်နေဦးမည် ဆိုတာကတော့……
လေးစားလျက်
စာရေးသူ -Nan Kyarnyo