ဓားပြီး၊ တုတ်ပြီး(စ/ဆုံး)
———————–
လက်ပံ့တန်းကျေးရွာလေးပင်ဖြစ်သည်။ လက်ပံ့တန်းကျေးရွာလေးသည် နွေရာသီသို့ရောက်ရှိလာပါက လယ်ကွင်းပြင်များနှင့် ထန်းပင်ကြီးများ၊ သက်တမ်းရင့် ညောင်ပင်ကြီးများဟာ အရိပ်ကောင်းကြီးများကိုပင် ပေးနေလျက်၊ အလွန်ပင် လက်ရာကောင်းမွန်လွန်းလှသော ပန်းချီကားတစ်ချပ်ကိုပင် ခံစားကြည့်ရှု့နေခဲ့ရသည်ဟု ထင်မြင်စေလောက်သည်။ ထိုကျေးရွာလေး၏ အသက်မွေးဝမ်းကျောင်းမှာ လယ်ယာလုပ်ငန်းများပင်ဖြစ်ပြီး၊ စံပါး၊ နမ်း၊ ပြောင်း၊ မြေပဲ စသည်တို့သည်လည်း ထိုကျေးရွာလေးအတွင်းမှ အများဆုံးထွက်လေ့ရှိပါသည်။ ရွာထိပ်အစွန်းဆုံးတွင် ထန်းတောဆီမှ ထန်းရည်များအား အော်ဒါဝယ်ယူထားရင်း ထန်းရည်ရောင်းသည့် ကိုဘတင်ဟူသော လူတစ်ဦးရှိပေသည်။ ကိုဘတင်နေထိုင်ရာ တဲလေး၏ မျက်နှာချင်းဆိုင်တဲလေးတွင် ကိုအေးမောင်ဟူသော လူတစ်ဦးနေထိုင်၏။
တောရွာလေး၏သဘာဝအရ တစ်အိမ်နှင့်တစ်အိမ်ခြံစည်းရိုးဟူ၍မရှိ၊ မိမိတို့၏ဝါးတဲလေးများအရှေ့ အိမ်တိုင်းလိုလိုတွင် ကွစ်ပျစ်ကလေးများစွာ ထိုးထားခဲ့သည်က ထိုရွာလေး တစ်ရွာတည်းတွင်သာ အများဆုံးမြင်တွေ့စေနိုင်သည်။ ထန်းရည်ရောင်းသည့် ကိုဘတင်ဟာ မိမိကိုယ်တိုင်သည်လည်း ထန်းရည်ကြိုက်တတ်ပြီး၊ ထန်းရည်ရောင်းသည့် အလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေသည်။ ကိုဘတင်တဲလေး၏ မျက်နှာချင်းဆိုင်တဲလေးတွင် အရက်သေစာ သောက်စားခြင်းမရှိ၊ အေးဆေးစွာနေထိုင်တတ်သော ကိုအေးမောင်တို့မှာ တစ်ဦးနှင့်တစ်ဦး မသင့်မြတ်ကြပေ။ ငယ်သူငယ်ချင်းများသည်လည်းဖြစ်ပြီး၊ ထိုသူတို့၏ မိဘများလက်ထက်ကတည်းမှ တစ်မိသားစုနှင့်တစ်မိသားစု မသင့်မြတ်လာခဲ့ခြင်းပင်ဖြစ်ပေသည်။
မကြာခဏ ခိုက်ရန်ဖြစ်ပွားမှု့များကြောင့် ရွာလူကြီးထံသို့ သွားရောက်ရလေခါ၊ နှစ်ဦးစလုံးသည်လည်း မကြာခဏထိပ်တုံးခတ်ခြင်းများကိုပင် ခံခဲ့ရဘူးပေသည်။ ခိုက်ရန်ဖြစ်ပွားသည်ဟုဆိုခြင်းငှာ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်၊ ရိုက်နှပ်ခြင်းပင်မဟုတ်၊ တစ်ဦးကိုတစ်ဦးကို ကြည့်မရ။ စောင်းမြောင်းပြောဆိုခြင်းမှအစပြုလေရင်း ဆဲဆိုခြင်းလောက်သာလျင် ဖြစ်ပေသည်။ ရွာလူကြီးသည်လည်း ကိုဘတင်နှင့် ကိုအေးမောင်တို့အား သင့်မြတ်စွာနေထိုင်ကြရန်အတွက် မကြာခဏဆိုဆုံးမလေ့ရှိခဲ့သည်။ သို့သော် ဘယ်ဘဝမှရေစက်ကြောင့်ပင်မသိ၊ တစ်ဦးနှင့်တစ်ဦး မြင်တွေ့လိုက်ရပြီဆိုပါက၊ စောင်းမြောင်းခြင်းများကိုပင် ပြုလုပ်ကြပြီး၊ ဆဲဆိုခြင်းများနှင့် အမျိုးသမီးကြီးများ ခိုက်ရန်ဖြစ်ပွားသကဲ့သို့ပင် အော်ဟစ်ဆဲဆိုလေ့ရှိကြသည်။
သို့သော် နေထိုင်သည်က မျက်နှာချင်းဆိုင်၊ ခြံစည်းရိုးသည်လည်း မရှိသည်ကြောင့် တစ်ဦး၏နေအိမ်ကိုပင် တစ်ဦးမှ လှမ်းကြည့်လိုက်ရုံနှင့် လှမ်းမြင်တွေ့စေနိုင်သည်။ ကိုဘတင်သည်လည်း ကိုအေးမောင်အား အမှတ်မထင် တွေ့ရှိလိုက်ရပါက စောင်းမြောင်းပြောဆိုသကဲ့သို့၊ ကိုအေးမောင်သည်လည်း ကိုဘတင်အား တွေ့ရှိလိုက်ရသည်နှင့် ဦးစွာစောင်းမြောင်ပြောဆိုကြခြင်းပင်ဖြစ်သည်။ တစ်နေ့ ကိုအေးမောင်တစ်ယောက် အလုပ်ကိစ္စတစ်ခုနှင့် မြို့ပေါ်သို့တတ်ရန်အတွက် ထော်လာဂျီကားပေါ်သို့ သူ၏တပည့်လေးတစ်ဦးနှင့် ရောက်ရှိနေခဲ့လေ၏။ ကိုဘတင်သည်လည်း ထိုနေ့မှပင် မြို့ပေါ်သို့ တတ်ရောက်ရန်ရှိသည်ကြောင့် မြို့ပေါ်သို့တတ်ရောက်လျင် စီးနင်းရသော ထော်လာဂျီကားဆီသို့ပင် တပည့်လေးတစ်ဦးနှင့် ဦးတည်လာခဲ့လေသည်။
“ဟာ.. ဟိုမှာဆရာ… ဘတင်တို့ဆရာတပည့်တွေပါလား”
“ဟင်… ဟာ… အကုသိုလ်ကောင်တွေနဲ့ မဆုံချင်ပါဘူးဆိုမှ တည့်တည့်လာတိုးနေတယ်”
ထော်လာဂျီကားလေးအပေါ်၌ ဦးစွာရောက်ရှိနေခဲ့သော ကိုအေးမောင်၏တပည့်ဖြစ်သူမှာ ကိုဘတင်နှင့်သူ၏တပည့် နှစ်ဦးသား ထော်လာဂျီကားရှိရာဆီသို့ ဦးတည်လာနေခဲ့ပြီဟု ပြောဆိုပြသလေခဲ့သည်။ ထို့ကြောင့် ကိုအေးမောင်သည်လည်း မျက်နှာကြောကိုပင် ခပ်တင်းတင်းအမူယာများသို့ ပြောင်းလဲလိုက်စေရင်း ထော်လာဂျီလေးအပေါ်၌ပင် မထင်မဲ့မြင်ပြုမူနေလိုက်သည်။ ကိုဘတင်သည်လည်း ထော်လာဂျီလေးအပေါ်သို့ တတ်ရောက်လိုက်သည်နှင့် ကားလေးအပေါ်တွင် ဦးစွာရောက်ရှိနေခဲ့သော ကိုအေးမောင်နှင့် တပည့်ဖြစ်သူတို့ကိုပင် မြင်တွေ့လိုက်ရလေသည်။ သို့နှင့် ကိုဘတင်သည်လည်း နေရာအလွတ်လေးတွင် ဝင်ရောက်ထိုင်လိုက်သည်နှင့် ကိုအေးမောင်နှင့် မျက်နှာချင်ဆိုင်နေရာလေးတွင် ထိုင်မိသွားခဲ့လေသည်။
“ဒုက္ခပါပဲ… ရေစက်က အခုချိန်ထိကို မကုန်နိုင်ပါလား။ အကုသိုလ်များလိုက်တာနော်”
အပြင်ဘက်သို့ပင် မျက်နှာမူလိုက်ပြီး ကိုဘတင်တစ်ယောက် ထိုကဲ့သို့ပင် မကြားတကြားပြောဆိုလိုက်စေသည်။ ထိုအခါ ကိုအေးမောင်သည်လည်း မိမိအား စောင်းပြောနေသည်ကိုပင် သိရှိလိုက်ရသည်နှင့် နံဘေး၌ရှိနေခဲ့သော တပည့်ဖြစ်သူအား ပြောဆိုသည့်ပုံစံများဖြင့် ထိုကဲ့သို့ပြောဆိုလေခဲ့သည်။
“သူရာမေဒယဆိုတဲ့ကံကို ငါတို့ကတော့ ထိန်းသိမ်းတယ်ကွမောင်မြရ။ သူများကို မူးယစ်စေတဲ့ ပစ္စည်းရောင်းသူတွေဟာ နောင်ဘဝတွေမှာ အရူးဖြစ်တတ်တယ်ကွ”
ကိုအေးမောင်၏ပြောဆိုလိုက်သော စကားများကြောင့် ကိုဘတင်သည်လည်း မိမိအား စောင်းမြောင်းပြောဆိုလိုက်ခြင်းဟု သိရှိလိုက်ရသည်နှင့် သူသည်လည်း နံဘေး၌ရှိနေခဲ့သော တပည့်ဖြစ်သူအား ထိုကဲ့သို့ပင် ပြန်လည်ပြောဆိုလာခဲ့လေသည်။
“မောင်ဝင်းမောင်ရေ… လူတွေကလည်း တယ်ခတ်ကြပါလား။ အရမ်ကြောက်ဖို့ကောင်းတယ်ကွ။ ပါးစပ်က ဘုရားဘုရား။ လက်က ကားယားကားယားနဲ့… ဘုရားလိုလို၊ တရားလိုလိုနဲ့ တကယ်တမ်းကြတော့ ဘုရားဖြစ်မဲ့ အုတ်နီခဲကျိုးတွေက ပိုများတယ်။”
“ဟေ့ကောင်ဘတင်… မင်းဘယ်သူ့ကိုပြောတာလဲ”
“ဟ… ငါ့ပါးစပ်နဲ့ငါပြောတာ… မင်းတို့ကိုဘာပြောမိလို့တုန်း။ မင်းဟာမင်း မလုံမလဲဖြစ်နေတာ။ အေးဆေးနေစမ်းပါ အေးမောင်ရာ။ မင်းနဲ့မပတ်သတ်ချင်ဘူး”
“ဘာပြောလိုက်တယ်ကွ”
“ဘာဖြစ်ချင်လဲကွာ…”
သူနိုင်ကိုယ်နိုင် စကားနိုင်လုကြရင်း ကိုဘတင်နှင့်ကိုအေးမောင်တို့မှာ ထော်လာဂျီအပေါ်မှ ဆင်းလျက် မြေပြင်အပေါ်၌ပင် နပန်းလုံးကုန်ကြတော့သည်။ ပတ်ဝန်းကျင်မှ လူများမှလည်း ထိုသူနှစ်ဦးကိုပင် ဝိုင်းဝန်းဖြေရှင်းပေးခဲ့ရင်း ရွာလူကြီးထံသို့ခေါ်ဆောင်သွားခဲ့ကြလေသည်။ ရွာလူကြီးသည်လည်း ထုံးစံအတိုင်း ကိုအေးမောင်နှင့်ကိုဘတင်တို့အား ထိပ်တုံးခတ်လျက် အပြစ်ပေးထားခဲ့ရသည်။ ထိပ်တုံးမှ လွတ်မြောက်လာသည့် အချိန်တွင် ကိုဘတင်တစ်ယောက် ထန်းရည်များအား အလွန်အကျွန်သောက်ထားခဲ့မိ၏။ သူ၏တပည့်ဖြစ်သူများသည်လည်း ကိုဘတင်၏နံဘေးမှနေ၍ မြောက်ထိုးပင့်ကော် စကားများကိုပင် ပြောဆိုခဲ့လေသည်။ ထိုနေ့ညပိုင်းတွင်မူ ထန်းတောအတွင်း၌ ကိုဘတင်၏တပည့်ဖြစ်သူများမှာ ထိုကဲ့သို့ပင်ပြောဆိုလာကြ၏။
“ဆရာတင်… ဟိုလူက ဆရာ့ကိုတော်တော်စော်ကားတာပဲဗျ။ ဒီလူက ဘာကောင်တုန်း။ ဆရာ့ကိုများ မခန့်လေးစားနဲ့”
“ဟုတ်တယ်ဆရာတင်… ဒီကောင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် ကျွန်တော်တို့ဆုံးမပေးရမလား”
“နေစမ်းပါကွာ… မင်းတို့မလိုပါဘူး။ ဒီကောင့်ကြောင့် နေ့လည်က ငါ့အလုပ်ကိစ္စတွေ ပျက်ကုန်ရတယ်။ ဒီကောင့်ကို ငါလည်းလုံးဝကျေနပ်တာမဟုတ်ဘူး”
“ဒါများဆရာရာ… ဒီလူ့ကို တစ်ခါတည်းရှင်းပစ်လိုက်ပါလားဗျ။”
“ဟုတ်တယ်ဆရာ… ကျွန်တော်တို့ပါဆရာနဲ့လိုက်ပြီး၊ ဒီလူ့ကိုဆုံးမပေးမယ်။”
“အေး… ဟုတ်တယ်။ ငါ့အဖေကပြောဘူးတယ်။ အေးမောင်အဖေက ဘုရားယောင်ယောင်၊ တရားယောင်ယောင်နဲ့ တကယ်တော့ ငါ့အမေကို ကြာကူလီရိုက်ချင်ခဲ့တာ။ အဖေသိတာမြန်လို့ပေါ့… မဟုတ်ရင်မလွယ်ဘူး။ ပြီးတော့ ဒီကောင့်ကြောင့် ငါ့ကိုရွာတောင်းပိုင်းက နှင်းနှင်းကလည်း ပြန်မချစ်ခဲ့ပဲ ခါးခါးသီးသီးငြင်းဆန်ခဲ့တာ။ ဒီတော့ ဒီကောင့်ကို မနက်မိုးလင်းတာနဲ့ ငါမမြင်ချင်တော့ဘူး”
“ရတယ်ဆရာ… ကျွန်တော်တို့ဒီညတွင်းပဲ ဒီကောင့်ကိုရှင်းပစ်လိုက်မယ်”
“နိုးနိုး… ဒီပြသနာက မင်းတို့နဲ့မဆိုင်ဘူး။ ငါ့ကိစ္စ.. ဒီတော့ မင်းတို့ပြန်တော့ ငါ့ဟာငါသွားရှင်းမယ်။”
“ဖြစ်ပါ့မလားဆရာ… ဆရာတစ်ယောက်တည်းနဲ့ ဖြစ်ပါ့မလား”
“အောင်မာ… ငါ့ကိုများ အထင်သေးအမြင်သေးနဲ့ ကြည့်နေလိုက်… မနက်ရောက်တာနဲ့ အေးမောင်သေပြီဆိုတဲ့သတင်း မင်းတို့ကြားစေရမယ်”
ထိုကဲ့သို့ပင်ပြောဆိုလေခဲ့ရင်း ကိုဘတင်တစ်ယောက် ယိုင်တိယိုင်တိုင်ခြေလှမ်းများဖြင့် အိမ်အပြန်လမ်းသို့ဆီ ဦးတည်သွားခဲ့လေသည်။ ထို့နောက် သူ၏နေအိမ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး၊ ကိုအေးမောင်၏နေအိမ်အတွင်းသို့ပင် တိတ်တဆိတ် သူ၏နေအိမ်အတွင်းမှ အကဲခတ်နေလေခဲ့သည်။ တပေါင်းလပင်ဖြစ်သည်ကြောင့် ထိုညချမ်းလေးသည် ပူလောင်မှု့ဒဏ်များစွာ အနည်းငယ်သတ်ရောက်နေစေခဲ့သည်။ သို့သော် တပေါင်းလ၏ ညချမ်းလေပြေလေးများမှာ လွန်စွာလက်ဆတ်အေးမြနေခဲ့လေသည်။ ထို့ကြောင့် ကိုအေးမောင်သည်လည်း နေအိမ်အတွင်းမှနေ၍ ဖျာလိပ်နှင့်ခေါင်းအုံးကိုပင် ယူဆောင်လျက် အိမ်ရှေ့ကွပ်ပျစ်လေးအပေါ်တွင် အိပ်စက်ရန်အတွက် ပြင်ဆင်နေခဲ့လေသည်။
ထိုမြင်ကွင်းများကိုပင် သူ၏နေအိမ်အတွင်းမှ အကဲခတ်ကြည့်ရှု့နေခဲ့သော ကိုဘတင်တစ်ယောက် ကောင်းစွာမြင်တွေ့နေခဲ့ရပေသည်။ သူ၏ရန်ဘက်ဖြစ်သော ကိုအေးမောင်တစ်ယောက် အိပ်စက်သွားမည့် အချိန်ကိုပင် စောင့်စားနေလျက်၊ လက်အတွင်း၌လည်း ငှက်ကြီးဓားရှည်ကြီးအား ကိုင်ဆောင်ထားခဲ့သည်။ ထို့နောက် ညနက်လာခဲ့သည်နှင့်အမျှ ကိုဘတင်သည်လည်း ဓားရှည်ကြီးကိုပင် ကိုင်ဆောင်လျက် သူ၏နေအိမ်အပေါ်မှ တိတ်တဆိတ် ဆင်းသတ်လာခဲ့စေသည်။ မျက်နှာချင်းဆိုင် နေအိမ်ဖြစ်သော ကိုအေးမောင်၏ နေအိမ်အရှေ့သို့ပင် ရောက်ရှိလာခဲ့ပြီး၊ ထိုအိမ်ရှေ့တွင်မူ ကိုအေးမောင်၏ဟောက်သံကြီးကိုပင် ကြားသိနေခဲ့ရလေသည်။ ထို့ကြောင့် ကိုဘတင်တစ်ယောက် ကောင်းစွာသိရှိလိုက်ရသည်က ကိုအေးမောင်တစ်ယောက် အိပ်မောကျနေခဲ့ပြီးဟူသော အတွေးစိတ်ပင်ဖြစ်နေစေခဲ့သည်။ နေအိမ်ခြံအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့ရင်း ကွပ်ပျစ်အပေါ်တွင် ခြေပစ်လက်ပစ်အိပ်မောကျနေခဲ့သော ကိုအေးမောင်ကိုပင် မဲပြုံးပြုံးလျက် အသင့်ကိုင်ဆောင်ထားခဲ့သော ဓားရှည်ကြီးနှင့် လည်ပင်းဆီသို့ အားပြင်းစွာခုတ်ပိုင်းလိုက်လေတော့သည်။
ကိုအေးမောင်သည်လည်း မိမိကိုယ်မိမိ သေဆုံးသွားခဲ့ရပြီဟူ၍ပင် သိရှိလိုက်ရမည်လား။ သိရှိလိုက်ရမည့်ပုံမပေါ်ချေ။ အဘယ့်ကြောင့်နည်း။ ထိုကဲ့သို့အိပ်မောကျနေခဲ့ချိန်၌ အသက်ခံလိုက်ရသည်ကြောင့်ဖြစ်သည်။ လည်ပင်းဆီသို့ အားပြင်းစွာခုတ်ပိုင်းလိုက်ရင်း ရင်ဝတည့်တည့်အားလည်း ဓားချွန်ဖြင့်ထိုးစိုက်ခဲ့သေးသည်။ ကိုအေးမောင်ကြီးတစ်ယောက် သွေးအိုင်အတွင်း၌ တုန့်တုန့်မလှုပ် သေဆုံးသွားခဲ့ပြီးဖြစ်သော်ကြောင့် ကိုဘတင်သည်လည်း သွေးရူးသွေးတန်းနှင့်ပင် သူ၏နေအိမ်အတွင်းသို့ ပြန်လည်ပြေးဝင်သွားခဲ့လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများစွာစွန်းထင်သွားခဲ့သည်ကြောင့် ဦးခေါင်းမှနေ၍ရေချိုးခဲ့ရပြီး၊ ခြေတုန်လက်တုန်အဖြစ်များနှင့် ရှိနေစေခဲ့ရလေသည်။
ကိုအေးမောင်အား သက်ဖြတ်ခဲ့သော် ငှက်ကြီးတောင်ဓားကိုပင် မြေအတွင်းသို့ မြှုပ်ထားစေခြဲ့ုပီး၊ လူသတ်တရားခံ မပေါ်ပေါက်နိုင်ရန်အတွက် ကိုဘတင်၏ဘက်မှ အစွမ်းကုန်ကြိုးပမ်းထားခဲ့ရပေသည်။ သူ၏စိတ်အတွင်း၌ ရန်ဘက်ဖြစ်သော ကိုအေးမောင်တစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်သော်ကြောင့် သက်ပြင်းတစ်ချက်ကိုပင် ခပ်ပြင်းပြင်းချလိုက်မိရင်း၊ ထိုတစ်ညအဖို့ အိပ်မပျော်စွာဖြင့် မိုးလင်းလာခဲ့စေသည်။ မိုးလင်းလာခဲ့သည်နှင့် ကိုဘတင်၏အတွေးထဲတွင် ကိုအေးမောင်ကြီး၏အလောင်းအား မည်သူများတွေ့ရှိသွားကြပြီနည်း။ ရွာလူကြီးနှင့် ရွာသားများသည်လည်း ကွပ်ပျစ်အပေါ်တွင် သေဆုံးနေခဲ့သော ကိုအေးမောင်၏အလောင်းကိုပင် တွေ့ရှိခဲ့ပြီးပြီလားဟူသော အတွေးစိတ်များဖြင့် သူ၏နေအိမ်အတွင်းမှနေ၍ အကဲခတ်ကြည့်ရှု့လိုက်လေသည်။
ထိုအခါမြင်တွေ့လိုက်ရ၏။ ကိုအေးမောင်တစ်ယောက် ကွပ်ပျစ်ပေါ်တွင် သေဆုံးနေခဲ့သည့် မြင်ကွင်းများပင်မဟုတ်။ ကိုအေးမောင်၏ခြံအတွင်းတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရောက်ရှ်ိမနေခဲ့ပဲ၊ ရှင်းလင်းနေခဲ့သည့် မြင်ကွင်းများပင်ဖြစ်သည်။ ကွပ်ပျစ်အပေါ်မှ သွေးသံရဲရဲဖြင့် ကိုအေးမောင်အလောင်းအား မမြင်တွေ့ရတော့ပဲ၊ ရေစည်နားတွင် မျက်နှာသစ်နေခဲ့သော အရှင်လက်လက် ကိုအေးမောင်အား ကိုဘတင်တစ်ယောက် အံ့သြတကြီးမြင်တွေ့လိုက်ရလေသည်။
“ဟာ… ဘယ်လိုဖြစ်ရတာလဲ… အေးမောင်… အေးမောင်.. မင်းမသေဘူးလား။ ငါ… ငါအမြင်မှားနေတာလား။ ဟာ… မဟုတ်သေးပါဘူး။ ငါကိုယ်တိုင် ဓားနဲ့ခုတ်သတ်ခဲ့တာ။ မင်းသေသွားပြီး၊ မင်းသေသွားပြီး။ မင်းငါ့ကိုသရဲဘဝနဲ့ ကိုယ်ထင်ပြနေတာလားအေးမောင်။ မင်းသေသွားပြီလေ။ ငါကိုယ်တိုင်မင်းကို သတ်ခဲ့တာ။ မင်းသေသွားပြီ။ မင်းသေသွားပြီ”
တစ်ညလုံးမျှ မအိပ်ခဲ့ရသေးသည်ကြောင့် မိမိဟာ အမြင်မှားနေခဲ့ခြင်းပင်လား။ မိမိကိုယ်တိုင် လည်ပင်းဆီသို့ ဓားဖြင့်ခုတ်သတ်ခဲ့ရုံတင်မက၊ သူ၏ရင်ဝတည့်တည့်အားလည်း ဓားဦးဖြင့်ထိုးစိုက်ခဲ့သေးသည်။ ယခု အဘယ့်ကြောင့် အရှင်လတ်လတ်ဖြင့် မျက်နှာသစ်နေခဲ့ရသနည်း။ မိမိသည်လည်း အမြင်မှားနေခဲ့ခြင်းလုံးဝမဖြစ်နိုင်။ ဤသို့ဆိုလျင် အေးမောင်၏ဝိဥာဉ်မှာ မိမိအားကိုယ်ထင်ပြသနေခဲ့ခြင်းပင်လား။ ဤအရာသည်လည်း လုံးဝမဖြစ်နိုင်။ ကိုဘတင်တစ်ယောက် အတွေးပေါင်းစုံနယ်ကျဲလာခဲ့ပြီး၊ နံဖူးပြင်မှ ချွေးသီးများသည်လည်း စီးကျလာခဲ့လေတော့သည်။ ထို့နောက်…
“မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင် သူ့ကိုအသေသတ်ခဲ့တာ။ ကွပ်ပျစ်အပေါ်မှာ သွေးသံရဲရဲနဲ့ သူ့အလောင်းကိုလည်း ငါကိုယ်တိုင်ကန်ပစ်ခဲ့သေးတယ်။ အေးမောင်ဘာကြောင့် အခုလိုအသက်ရှင်နေရတာလဲ….။ အိုး…”
ချွေးသီးများပင်လျင် စီးကျနေခဲ့ပြီး၊ ကိုဘတင်တစ်ယောက် တစ်ဦးတည်းသာလျင် အတွေးပေါင်းစုံဖြင့် ယောက်ယပ်ခတ်နေခဲ့တော့သည်။ ထို့နောက် တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်များကိုပင် ချလျက်၊ ကိုအေးမောင်၏နေအိမ်အတွင်းသို့ အရဲစွန့်လျက်အသွားရောက်လေခဲ့တော့သည်။
“အေးမောင်…”
“ဟင်… ဘတင်။ မင်း’
“အေးမောင်”
“ဘာလဲဘတင်… ဘာပြသနာလာရှာတာလဲ’
“အေးမောင်… မင်း… မင်းလူစင်စစ်ပါနော်”
“အောင်မာ… မနက်စောစောစီးစီး မင်းငါ့ကိုရန်လာစနေပြီနော်။ ငါ့ခြံထဲကနေ အခုထွက်သွားစမ်း”
“နေ…နေပါဦးအေးမောင်ရာ။ မင်းကို ငါခဏလောက် ကိုင်ကြည့်ပါရစေလား”
“ဘာလုပ်တာလဲ။ မကိုင်နဲ့ဖယ်စမ်း’
မျက်နှာငယ်လေးဖြင့် ကိုဘတင်တစ်ယောက် ကိုအေးမောင်၏ခြံလေးအတွင်းသို့ ရောက်ရှိလာခဲ့ပြီး၊ ထိုကဲ့သို့ပင် မေးမြန်းနေခဲ့သည်။ သို့သော် ကိုအေးမောင်မှာ ကိုဘတင်အား ပုံမှန်အတိုင်းပါပင်၊ ခါးခါးသီးသီးခြံအတွင်းမှ မောင်းထုတ်လေခဲ့၏။ သို့သော်လည်း ကိုဘတင်မှာ ထွက်ခွာမသွားခဲ့ပဲ ကိုအေးမောင်၏ လက်ကိုပင်ကျစ်ကျစ်ပါအောင် ဖမ်းဆုပ်လိုက်လေသည်။ ထို့ကြောင့် ကိုအေးမောင်သည်လည်း မိမိ၏ရန်ဘက်မှာ မိမိ၏လက်အား အတင်းလုယူကိုင်လိုက်သည်ကြောင့် ကိုဘတင်ကိုပင် ရုတ်တရက်ထိုးမိလိုက်လေတော့သည်။ ကိုဘတင်သည်လည်း မြေပြင်အပေါ်သို့ လဲကျသွားခဲ့ပြီး၊ ကိုအေးမောင်ကိုပင် ထိုကဲ့သို့ပြောဆိုလေတော့သည်။
“အေးမောင်… ငါမှားပါတယ်ကွာ။ ငါ့ကိုထိုးပါ။ ငါ့ကိုထိုးပါ”
“ထွက်သွားစမ်း… ငါ့ခြံထဲကနေ မင်းအခုချက်ချင်းထွက်သွား’
“ထွက်သွားပါ့မယ်ကွာ… ခဏလေးပါ။ ခဏလေးပါနော် သူငယ်ချင်း။ မင်းကို ငါဝန်ခံစရာရှိလို့ပါ။ အေးမောင် မင်းတကယ်ဘာမှမဖြစ်ဘူးနော်။ မနေ့ညက ငါကိုယ်တိုင် မင်းခြံထဲကိုဝင်လာပြီး မင်းကို ဓားနဲ့ခုတ်သတ်ခဲ့တာကွ”
“ဘာ…”
မျက်နှာငယ်လေးဖြင့် ထိုကဲ့သို့ပြောဆိုလိုက်လေသော် ကိုဘတင်၏ပြောစကားများအဆုံးတွင်မူ ကိုအေးမောင်သည်လည်း မျက်လုံးပြူးဆံပြာဖြစ်သွားခဲ့လေသည်။ ထို့နောက် ကိုဘတင်၏ပုခုံးနှစ်ဖက်ကိုပင် ဆုပ်ကိုင်လိုက်ရင်း ထိုကဲ့သို့ပင်မေးမြန်းလေခဲ့သည်။
“ဘာ…ဘာပြောလိုက်တယ်။”
“ဟုတ်တယ်အေးမောင်… မနေ့ည သန်းခေါင်လောက်တုန်းက မင်းကွပ်ပျစ်အပေါ်မှာ အိပ်နေခဲ့တာမဟုတ်လား”
“ဟုတ်တယ်… ဆက်ပြော”
“မင်း…မင်းခြံထဲက ကွပ်ပျစ်အပေါ်မှာအိပ်နေတုန်း မင်းခြံထဲကိုငါရောက်လာပြီးတော့ မင်းလည်ပင်းကို ငါကိုယ်တိုင်ဓားနဲ့ခုတ်ပိုင်းခဲ့တာ။ မင်းကိုအသေသတ်ခဲ့တာ။ မင်းလည်း ကွပ်ပျစ်အပေါ်က သွေးအိုင်ထဲမှာ သေသွားခဲ့တာပဲ။ ဘာဖြစ်လို့ မနက်ရောက်တော့ မင်းကိုအရှင်လတ်လတ် အခုလိုမြင်နေရတာလဲ”
မျက်နှာငယ်လေးဖြင့် ထိုကဲ့သို့ပြောဆိုလာခဲ့သော ပြောစကားများအဆုံးတွင်မူ ကိုအေးမောင်သည်လည်း ကိုဘတင်၏ပုခုံးကိုပင် လွတ်လျက်၊ လွန်စွာအံ့အားသင့်နေခဲ့တော့သည်။ ထို့နောက် ကိုအေးမောင်၏နှုတ်မှလည်း တပြိုင်နက် ထိုကဲ့သို့ပင်ပြောဆိုလာခဲ့၏။
“မင်း… မင်းတကယ်ပြောနေတာလားဘတင်… မင်းငါ့ကိုအသေသတ်ခဲ့တာပေါ့… ဟုတ်…ဟုတ်လား”
“ဟုတ်ပါတယ်သူငယ်ချင်းရာ… ငါထန်းရည်မူးပြီး မင်းကိုသတ်ခဲ့တာ။ အဲ့ဒီအတွက် မင်းငါ့ကိုရဲတိုင်ပြီး၊ ဖမ်းရင်လည်း ငါကျေကျေနပ်နပ်ကြီး ဝန်ခံပါ့မယ်။ ဒါပေမယ့် မင်းဘာကြောင့်အခုလို မသေပဲ အသတ်ရှင်နေရတာလဲ”
“ဟာ… ဟုတ်ပြီ၊ ဆရာတော်ဘုရား..။ ရွာဦးဆရာတော်ဘုရားပေးခဲ့တဲ့… ဓားပြီးတုတ်ပြီး ဂါထာအစွမ်းကြောင့်ဖြစ်လိမ့်မယ်”
“ဘာ… ဘယ်လို။ ဓားပြီး၊တုတ်ပြီးဂါထာဟုတ်… ဟုတ်လားအေးမောင်”
“ဟုတ်… ဟုတ်တယ်ကွ… လာ.. ငါတို့ဆရာတော်ဆီသွားပြီး၊ အကြောင်းစုံပြောပြရမယ်”
ကိုအေးမောင်သည်လည်း ကိုဘတင်အား စိတ်ဆိုးမနေတော့ပဲ၊ ဆရာတော်ဘုရားပေးလိုက်သည့် ဓားပြီး၊တုတ်ပြီးဂါထာအကြောင်းလေးများအား အမှန်တကယ်ပင်လျင် အစွမ်းထက်ပါသည်ဟု ရွာဦးဘုန်းကြီးထံသို့ ပြန်လည်ပြောဆိုရန်အတွက် နှစ်ဦးသား အပြေးဦးတည်ခဲ့ကြလေတော့သည်။ လွန်ခဲ့သည့်(၁၀)ခန့်တွင် မိမိတို့ရွာလေးဆီသို့ သူပုန်းများစွာ လာရောက်သောင်းကြမ်းတတ်သည်ကြောင့် ရွာလူကြီးမှာ မိမိတို့၏ရွာလေးအား လုံခြုံရေးအတွက် အပိုင်းများစွာခွဲလေခါ လုံခြုံရေးစီးမံပေးထားခဲ့ရသည်။ ထိုအချိန်က ကိုအေးမောင်မှာ ရွာတောင်းပိုင်းလုံခြုံရေး ခေါင်းဆောင်ပင်ဖြစ်ပြီး၊ သူပုန်များနှင့် ကိုယ်တွေ့ရင်ဆိုင်တိုက်ခိုက်ခဲ့ဘူးသည်။
ထို့ကြောင့် ရွာဦးဆရာတော်ဘုရားထံသို့ ကိုအေးမောင်တစ်ယောက် သွားရောက်လေခဲ့ပြီး၊ မိမိအား ကာယသိဒ္ဓိအနေဖြင့် ဓားပြီး၊တုတ်ပြီးဂါထာတော်ကိုပင် ပေးအပ်ပါဟု တောင်းဆိုလျောက်တင်ခဲ့ဘူးသည်။ ဆရာတော်သည်လည်း ကိုအေးမောင်လျောက်တင်သည့်အတိုင်း သူ့အား ဂါထာအတိုလေးတစ်ပုဒ်ပေးခဲ့ဘူးလေသည်။ အမှန်တကယ်ပင်လျင် ထိုဂါထာလေးမှာ မိမိရွတ်ဆိုလာခဲ့သည်က ယခုနှင့်ဆိုလျင် (၁၀)တိုင်တိုင်ရှိခဲ့ပြီးဖြစ်ပါသည်။ နေ့၊ညမရွေး အချိန်အခါမရွေးရွတ်ဆိုမိနေသည်ကြောင့် ကိုအေးမောင်၏မသိစိတ်ထဲအထိ ရွတ်ဆိုဆွဲမြဲလာနေခဲ့သည်က ယခုရွာဦးဘုန်းကြီးဆီသို့ ဦးတည်နေခဲ့သည့်အချိန်ထိ တိုင်အောင်ပင်ဖြစ်လေခဲ့သည်။ ထို့နောက် ရွာဦးဆရာတော်ဘုရားထံသို့ ရောက်ရှိသွားခဲ့ကြပြီး၊ ကိုဘတင်သည်လည်း အကြောင်းစုံပြောဆိုလျက်၊ သူ၏အပြစ်များကိုပင် ဝန်ခံလိုက်လေသည်။ ကိုအေးမောင်မှာလည်း ကိုဘတင်အား အပြစ်တင်ပြောဆိုခြင်းများ ပြုလုပ်မနေတော့ပဲ ဆရာတော်ဘုရားပေးလိုက်သည့် ဂါထာတော်မှာ အင်မတန်အစွမ်းသည်များကိုပင် ပြောဆိုလေတော့သည်။
“အေးမောင်… မင်းကိုငါတကယ်တောင်းပန်ပါတယ်ကွာ။ ငါမှားပါတယ်။ မင်းအပေါ်ကို ငါရက်စက်ခဲ့မိတယ်။ ငါ့ကိုခွင့်မလွတ်ပါနဲ့သူငယ်ချင်းရာ”
“မဟုတ်တာပဲဘတင်ရာ… မင်းနဲ့ငါနဲ့က ငယ်သူငယ်ချင်းတွေပဲလေ၊ မင်းအပေါ်ကို ငါအပြစ်မမြင်ပါဘူး။ မင်းကိုခွင့်လွတ်ပါတယ်ကွာ’
“သူငယ်ချင်းအေးမောင်… မင်းကိုကျေးဇူးအရမ်းတင်ပါတယ်ကွာ။ ငါလည်း ဒီနေ့ဒီအချိန်ကစပြီး ဒီသေရည်သေရက်ကို တစ်သက်လုံးမသောက်တော့ဘူး။ ငါမသောက်တော့ဘူး”
“အေးကွယ်… တစ်သက်လုံး မတည့်လာကြတဲ့ သူငယ်ချင်းနှစ်ယောက် အခုလိုသင့်မြတ်သွားကြတော့လည်း ဘုန်းကြီးဝမ်းသာပါတယ်။ တကယ်တော့ ဒကာကြီးအေးမောင်ကို ဘုန်းကြီးပေးလိုက်တဲ့ ဓားပြီးတုတ်ပြီးဂါထာဆိုတာက သရဏဂုံသုံးပါးဖြစ်တယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ရစ္ဆာမိ။ သရဏံဂုံတည်တဲ့ လူပုဂ္ဂိုလ်တွေဟာ လူချစ်လူခင်ပေါများခြင်း၊ ကပ်ဆိုးကြီးတွေကနေ လွတ်မြောက်နိုင်တယ်။ အချိန်နှင့်အမျှ အာဂုဏ်ဆောင်ပြီး နေ့စဉ်မှန်မှန်ရွတ်ဆိုနေမယ်ဆိုရင် (၉၆)ပါးဝေဒနာတွေလည်း မကပ်နိုင်ဘူး။ ဆင်းရဲဒုက္ခအပေါင်းကလည်း လွတ်မြောက်စေနိုင်တယ်။ မလှူဘူးတဲ့ အလှူကြီးတွေလည်း လှူဒါန်းနိုင်မယ်။ ကုန်သွယ်လယ်လုပ်၊ ခေါင်းရွက်ဗျပ်ထိုး၊ ပုခုံးထမ်းနှင့်လုပ်စားကိုင်စား အစရှိတဲ့ အလုပ်ကိုင်တွေမှာလည်း စီးပွားဥစ္စာတိုးတတ်ပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်လိမ့်မယ်။ အလွန်အဖိုးတန်တဲ့ သရဏံဂုံ(၃)ပါးပါပဲကွယ်။ ဒကာဘတင်က ဒကာအေးမောင်အိပ်မောကျနေတုန်း ဓားနဲ့ဝင်ခုတ်ခဲ့တယ်။ ဟုတ်တယ်။ သို့သော် ဒကာအေးမောင်ဟာ သရဏံဂုံတည်နေတဲ့ လူပုဂ္ဂိုလ်ဖြစ်နေတော့ အိပ်ပျော်နေမော၊ သတိလစ်နေခဲ့သော်လည်း သရဏံဂုံတည်နေတဲ့ ကာလပတ်လုံး နတ်ကောင်းနတ်မြတ်တွေက ထာဝစဉ်အရံအတားကနေပြီ မောင်အေးမောင်ဘေးမှာ သံကျပ်ဝဏ်အထိ အကာကွယ်ပေးနေခဲ့လို့ အခုလိုဓားပြီးတုတ်ပြီးပုံစံမျိုး ဖြစ်သွားခဲ့ရတာပဲ။”
“မှန်လှပါဘုရား… တပည့်တော်ကို အရှင်ဘုရား ဒီဂါထာလေးပေးထားတာ။ (၁၀)နှစ်ကျော်ရှိနေပါပြီ၊ တပည့်တော်(၁၀)နှစ်ကျော်လုံးလုံးမှာ နေ့စဉ်နဲ့အမျှ အချိန်တိုင်းရွတ်ဖတ်နေမိတော့ တပည့်အိပ်ပျော်နေခဲ့တဲ့အချိန်တိုင်အောင် တပည့်တော်ရဲ့မသိစိတ်က ရွတ်ဖတ်နေမိခဲ့တာ။ အရှင်ဘုရားကို တပည့်တော်ကန်တော့ပါရစေ အရှင်ဘုရား။”
“အေးကွယ်… သာဓု သာဓု သာဓု”
ထိုအချိန်မှစတင်လေခဲ့ပြီး၊ ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကတည်းမှ တစ်ဦးနှင့်တစ်ဦးမသင့်မြတ်ခဲ့ကြသော ကိုဘတင်နှင့်ကိုအေးမောင်တို့မှာ လွန်စွာချစ်ခင်ကြသည့် သူငယ်ချင်းများအဖြစ်နှင့် နေထိုင်သွားခဲ့ကြတော့သည်။ ကိုဘတင်သည်လည်း ထန်းရည်ရောင်းသည့် အလုပ်ကိုပင် အပြီးအပိုင်စွန့်လွတ်ခါ၊ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက် သရဏဂုံပွားများခြင်းများကိုပင် အချိန်နှင့်အမျှ ပြုလုပ်နေခဲ့စေတော့သည်။
ပြီး။
(လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ အမှန်တကယ်ပင်လျင် ဖြစ်ပျက်ခဲ့ဘူးသည့် အဖိုး၏ကိုယ်တွေ့ဖြစ်ရပ်မှန်လေး တစ်ခုပင်ဖြစ်ပါသည်။ အဖိုးသည် ကိုဘတင်အဖြစ်နှင့် ထိုအဖြစ်အပျက်လေးတွင် ကိုယ်တိုင်ကြုံတွေ့လာခဲ့ရသည့် ဖြစ်ရပ်ဆန်းလေးတစ်ခုအား စာရေးသူမှ စာစီချယ်သ ရေးသားတင်ပြလိုက်ရခြင်းပါသည်။)
စာရေးသူ-ထီးကလေး
(ရင်းနှင့်ရင်း၍ရေးသားသည်။)