မုဆိုးဖို

မုဆိုးဖို(စ/ဆုံး)
————

ကျုပ်ကတော့ ယုံကို မယုံနိူင်တော့တာ။
ဒီလိုကြီးဖြစ်သွားလိမ့်မယ် ဆိုတာကိုပေါ့။
…….

အဲဒီနေ့က နေ့ခင်းဘက် အလုပ်ထဲမှာ …
ကျုပ် သူငယ်ချင်းမ ဝေဝေလွင်က ဖုန်းဆက်တယ်.

“စိုင်းအောင် နင်ခုပြန်လာခဲ့တော့…
ခင်ရူပါ ဆုံးပြီ…

ကျုပ်..နားကြားများလွဲလေသလား…
ခင်..သေပြီလို့ပြောလိုက်တာများလား..
တဖက်ကိုဘာမှပြန်မပြောနိူင်ပဲ..
ကစဉ့်ကလျားနဲ့ ကျုပ်အသိစိတ်တွေက ..
ခုန်ပေါက်ပြေးလွှားကုန်တယ်…

“ငါပြောတာကြားလား ပြန်လာခဲ့တော့
နင့်မိန်းမ ဆုံးပြီ..ဟင့်..ဟင့်…..

ခင်..ဆုံးပြီတဲ့..
မနက်က ကျုပ်အလုပ်လာခါနီးတောင်..
အစ်ကို..လမ်းကို ဆိုင်ကယ် ဂရုစိုက်
စိုက်ပြီးစီးနော်..ဆိုပြီး
ကျုပ်ကို စိတ်မချနိုင်ဖြစ်နေသေးတာ..ခုတော့……

တွေတွေကြီးရပ်ပြီး မျက်ရည်တွေ ဖြိုင်ဖြိုင်ကြီး
ကျနေတဲ့ ကျုပ်ကို လုပ်ဖော်ကိုင်ဖက် တွေက
ဝိုင်းမေးကြတယ်…

“ကိုစိုင်း ဘာဖြစ်လို့လဲ.. .ဆိုပြီးပေါ့..
ကျုပ်.. ဗြုန်းကနဲ့ မဖြေနိုင်ခဲ့ဘူးဗျာ..
ရင်ထဲလည်း ဆို့နင့် နေတယ်..
မယုံနိူင်တာလဲပါတယ်..
“ကိုစိုင်း…
သူတို့က ကျုပ်လက်ကိုကိုင်ပြီးခေါ်တယ်…
ကျုပ်ကိုကြည့်ပြီး သူတို့အားလုံး..
စိုးရိမ် နေကြတယ်…..

“ခင်ဆုံးလို့တဲ့ဗျာ…

ဟာ…
ဟင်…
အို….

အားလုံး အာမေဋိတ်သံတွေနဲ့ငြိမ်ကုန်ကြတယ်။

“အောင်ကိုလတ် မင်းက စိုင်းအောင်ကို
ဆိုင်ကယ်နဲ့ခေါ်သွား…ငါတို့ အလုပ်တွေ
လက်စသတ်ပြီး အားလုံးလာခဲ့မယ်..
သွားသွား မြန်မြန် ပြန်…
….. ….

ခြံထဲဝင်လိုက်တာနဲ့ ကျုပ်အိမ်မှာ ကမ္ဘာပျက်
နေပြီ။

“သားကြီး …မင်းမိန်းမကြည့်ပါအုံး…
ဆိုပြီး ကျုပ်အမေက ကျုပ်ကိုဖက်ပြီးပြောတယ်..
ဘေးအိမ်က မတင်မိုးက ကျုပ်သမီး
အငယ်မလေးကို ချီထားရင်း ငိုနေတယ်..
ဘေးဘီကိုကြည့်ရင်း ကျုပ်သား အကြီးကောင်ကိုကျုပ်ရှာကြည့်မိတယ်။

“ကျနော့် သားရော…

“သူ့ဦးလေး ကျောင်းလိုက်ခေါ်နေတယ်..

အပူဆိုတာ…အင်မတန်ကူးစက်မြန်တယ်..
ကျုပ်တို့မိသားစုရဲ့အပူက..ဒီနေရာကို
ရောက်နေသူအားလုံးကို ကူးစက်ပူလောင်
နေတယ်…သေတဲ့သူကို သနားရမှာလား
အရွယ်မရောက်သေးတဲ့ လူမမယ်ကလေး
နှစ်ယောက်နဲ့ ကျန်နေခဲ့တဲ့ ကျုပ်တို့
သားအဖသုံးယောက်ကိုလား…
သေချာတာကတော့ ကျုပ်တို့မိသားစုလေးရဲ့
ဒေါက်တိုင်တစ်ခု ကျိုးပဲ့ပျက်စီးသွားပြီ…

“မမတင် ကျွန်မခေါင်းတွေမူးလို့ သမီးလေး
ခဏထိန်းပေးပါအုံးဆိုပြီး ကလေးကိုငါ့လက်ထဲ
ထည့်ပြီးတာနဲ့ လဲကျသွားတာ..အဲဒီကနေ
သတိပြန်လည်မလာတော့တာ..ဟီး..ဟီး..

ကျုပ်သမီးလေးကိုချီရင်း မတင်မိုးကပြောတယ်..
ကုတင်ပေါ်ပြင်ထားတဲ့ ခင့်ရဲ့အလောင်း..
အို…ကျုပ်အလောင်းလို့မပြောရက်ဖူး….
ခင့်လက်ကလေးကို ကျုပ်ကိုင်ကြည့်လိုက်တယ်..
နွေးနေတုန်းပဲ..ခင့်ကိုယ့်ငွေ့လေးရှိနေသေးတယ်.

“ခင် သေတာမှဟုတ်ရဲ့လား ဦးလေးမောင်..
ကြည့်ပါအုံး. ဗျာ..ကိုယ်လေးကနွေးနေသေးတယ်.

“ဟုတ်ပါတယ် မောင်စိုင်းအောင်..မင်းမိန်းမ
ဆုံးသွားရှာပါပြီ….

ကျုပ် ခင့်မျက်နှာလေးကို အပေါ်စီးကနေ
ငုံ့ကြည့်မိတော့ …ကျုပ်မျက်လုံးက..ကျလာတဲ့
မျက်ရည်တွေက တပေါက်ပေါက်နဲ့..
ခင့်ရဲ့ မျက်နှာလေးပေါ် ခုန်ဆင်းနေကျတယ်။

“ကလေးနှစ်ယောက်နဲ့ငါ့ကို ဘယ်လိုစိတ်ချပြီးများ
ထားခဲ့တာလဲ..မင်း.သိပ်ရက်စက်တယ် ခင်.

တိုးတိုးလေး..ကျုပ်က ခင့်ကိုပြောမိတယ်..
ခင်ကတော့ ကြားနိူင်မှာ မဟုတ်တော့ပါဘူး…

“ဖေဖေ…

G7.တက်နေတဲ့ ကျုပ်သားက နောက်ကနေ
ကျုပ်ခါးကို ဖက်ပြီးငိုတယ်…
သားရဲ့ကျောင်းက ဆရာ.ဆရာမတွေအားလုံး
ကျုပ်တို့အိမ်ကို လိုက်လာကြတယ်။
အားလုံးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေက
ဝဲနေကြတယ်…

“စိုင်းအောင်..ခင်ရူပါ သင်္ဂြိုလ်ဖို့ ငါတို့စီစဉ်
ရအောင်…

ကျုပ်သူငယ်ချင်း ခိုင်မင်းက ကျုပ်ကို ပြောတော့..

“မင်းတို့ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးကွာ..
ငါ..ခင့်အနားမှာပဲ နေချင်သေးတယ်…

ညနေ..၄နာရီလောက်ကျတော့..အိမ်မှာ
လူနည်းနည်းစဲသွားတယ်..
မိုးချုပ်တာနဲ့ နာရေးအိမ်ဆိုပြီး လူတွေပြန်လာ
ကြလိမ့်မယ်။
ကျုပ်အိမ်နောက်ဖေးက မီးဖိုခန်းလေးထဲ
ဝင်သွားမိတယ်။အရှင်သခင်မ မရှိတော့တဲ့
မီးဖိုခန်းလေးထဲမှာ အိုးခွက်ပန်းကန်လေးတွေက
ဂိုးဂိုးဂွမ်ဂွမ် အသံမကြားရပဲ ငြိမ်သက်နေကြတယ်.
သူတို့လည်း သူတို့အရှင်သခင်မအတွက်
ဝမ်းနည်းနေလောက်တယ်….

သတ္တဝါရယ်
လို့ဖြစ်လာရင် အားလုံးက
သေမျိုးတွေချည်းပါ.. .
ဒါပေမဲ့.. စောသေးတယ်..
စောနေသေးတယ်…
၁၂အရွယ်ကျုပ်သားကြီးနဲ့..
၂နှစ်အရွယ် ကျုပ်သမီးလေးအတွက်..
အမေတစ်ယောက်အနေနဲ့ ခင် ရှိနေသင့်တယ်။
“ခင်ရက်စက်တယ်.. ..

….. . .

နောက်တစ်နေ့ မနက်ကျတော့
ကျုပ် ဆွေမျိုး အပေါင်းအသင်း..
ခင့် ဆွေမျိုး အပေါင်းအသင်း တွေက
ကျုပ်တို့ခြံလေးထဲမှာ အပြည့်ပါပဲ။

“အစ်ကို ခင် ခြေဖျားလက်ဖျားတွေ
ွအေးစက်နေလို့.. အစ်ကို့လက်နဲ့ နွေးအောင်
ဆုပ်ပေးပါအုံး..ဆိုတဲ့ ခင်က..
ခုတော့ ရေခဲတုံးကြီးလို ခင့်ခန္ဓာကိုယ်က..
အေးစက်တောင့်တင်းနေပြီ..
သမီးလေးကို ပွေ့ချီရင်း ခင့်ရဲ့ ရုပ်အလောင်းနား
ကျုပ်ထိုင်နေမိတယ်…

“မိုးအောင်..ခနနေ သင်္ဂြိုလ်တော့မှာ..
လိပ်ပြာခွဲရအောင်…

“ငါ့သားနဲ့ ငါ့သမီးကို ငါက ဘယ်သူ့ကို
ပေးရမှာလဲ.. ငါမလုပ်နိူင်ဘူးဟာ..
ယုံလည်းမယုံဘူး…

“လုပ်လိုက်ပါဟယ်..ခင်က နင့်ကိုပဲ..
ကလေးတွေပေးမှာပါ…နင်အဲလိုလုပ်နေရင်
ခင်ရူပါအသေမဖြောင့်ပဲနေမယ် စိုင်းအောင်…

“ခင်အသေမဖြောင့်ပဲနေမယ်..ဆိုတဲ့စကား
တစ်ခွန်းနဲ့တင်..ကျုပ်ခေါင်းငြိမ့်လိုက်တယ်။
မမြင်ရတဲ့ ပရလောကနဲ့ အရိုးစွဲနေတဲ့
ဓလေ့ထုံးစံ တွေကို တုဖက်ပြီး ကျုပ်မပြော
ချင်တော့တာလဲပါတယ်။

[လိပ်ပြာခွဲတယ်ဆိုတာ..သေသူမှာ..
လူမမယ်ကလေး တွေရှိခဲ့ရင်..
ကလေးတွေကို ဘယ်သူ ဘယ်ဝါနဲ့ထားခဲ့
မလည်းဆိုပြီး..ချိန်ခွင် လေးထဲ၌ ဝါဂွမ်းထည့်
၍ သေဆုံးသူ၏ ဝိညာဉ်အား ခေါ်ယူမေးမြန်း
ခြင်းဖြစ်သည်။ကလေးကို ပေးမယ်ဆိုလျင်
ဘယ်ဘက်က[သို့]ညာဘက်က ချိန်ခွင်ကို
သိသိသာသာ တဖက်စောင်းပြပါဟု ပြောဆို
ခိုင်းစေခြင်းပြုကြ၏။ဟုတ်သည်..မဟုတ်သည်
ကိုတော့.ကျနော် အငြင်းမပွားလိုပေ..]
[ပီယ]

ရပ်ကွက်ထဲက နတ်ကတော် ဒေါ်ဝင်းကြီးက
ဝါဂွမ်းတစ်ဖက်တစ်ချက်ထည့်ထားတဲ့
ချိန်ခွင်သေးသေးလေးကို တည့်မက်အောင်
ကိုင်လိုက်ပြီး…

“ကဲကဲ..လိပ်ပြာခွဲရအောင်.. နှစ်ဖက်ဆွေမျိုး တွေ
လာကြ..လို့လည်းဆိုလိုက်ရော…
အားလုံးက ဒေါ်ဝင်းကြီးနားဝိုင်းအုံလာကြတယ်။
စပ်စုချင်တဲ့လူတွေကလည်း အတင်းဝိုင်းအုံ
တိုးခွေ့ကြည့်နေကြတယ်။
ဇနီးသည် ဆုံးလို့ စိတ်သောကရောက်နေချိန်
ဒီလိုအရာတွေကြောင့် ပိုပြီး ကျုပ်စိတ်ပင်ပမ်း
ရတယ်။

“သမီးလေး.. ညဉ်းသားနဲ့ သမီးကို အမေ့ပေးခဲ့
အမေ စောင့်ရှောက်မယ်..ငါ့သမီးစိတ်ချသာ
သွားပါသမီးရယ်..ဟီး…

ခင့်အမေ..ကျုပ်ယောက္ခမကြီးက စပြီး
ကလေးတောင်းတယ်…

ချိန်ခွင်လေးက လုံးဝမလှုပ်ဘူး…

“ဘာလဲ..ညဉ်းကငါ့မယုံတာလား..
ငါက.ညဉ်းအမေပါအေ…ဆိုပြီး..သေတဲ့သူကို
ရန်လုပ်နေပြန်တယ်။

“သမီးခင်..သမီးကလေးတွေရော..သမီး.
ယောက်ျားရော..အမေတာဝန်ယူတယ်နော်..
အမေ့ကိုပေးခဲ့ပါ.သမီးရယ်..

ကျုပ်အမေက တောင်းတယ်..
ချိန်ခွင်လေးက..
ဒေါ်ဝင်းကြီးလက်ထဲက ငြိမ်နေတယ်။

“သူ့ကလေးတွေ ဘယ်သူ့နဲ့မှ စိတ်မချရှာတာ..
ဒေါ်ဝင်းကြီးက ပြောတော့..ကျိတ်ငိုတဲ့သူကငို.
အော်ငိုတဲ့သူကငိုနဲ့ဖြစ်ကုန်တယ်။

“ညီမလေး..ကလေးတွေ မမပေးခဲ့နော်..
ခင့်အစ်မ ကျုပ်မရီးကတောင်းတယ်။
ခင်ရှိတုန်းကတောင် ဆေးဖော်ကြောဖက်
မလုပ်တဲ့ သူက ကျုပ်ကလေးတွေတောင်းနေတယ်။
လူကြားထဲ..လူမြင်ကောင်းအောင်..သက်သက်
ဟန်ရေးပြနေတာ…
ငြိမ်နေတဲ့ချိန်ခွင်လေးကြည့်ပြီး

မပေးလည်းနင့်သဘောပဲအေ…

ကျုပ်သီးမခံနိူင်တော့ဘူးဗျာ..
ခင့်ကို စော်ကားနေကြပြီ..
ခင်သာဒါတွေသိရင် တော်တော်
်စိတ်မကောင်းဖြစ်မှာ..

“တော်ကြတော့ဗျာ..ကျနော်နဲ့ခင်နဲ့ရတဲ့
ကျနော့်သားနဲ့သမီးကို ဘယ်သူ့မှမပေးနိူင်ဘူး.
ခင်..မင်းကျေနပ်နပ် ..မကျေနပ်နပ်..
ငါကတော့ ငါ့သွေးသားတွေကို ငါပဲမွေးမယ်.
စောင့်ရှောက်မယ်..အဖေဖြစ်တဲ့ ငါ့ထက်..
ဘယ်သူမှ ကလေးတွေအပေါ်ကောင်းနိူင်မှာ
မဟုတ်ဖူး..ကလေးတွေ ငါနဲ့ထားခဲ့..

မျက်နှာထားတင်းတင်းနဲ့ ကျုပ်က ဒေါ်ဝင်းကြီးကို
ကြည့်လိုက်တယ်..
ဒေါ်ဝင်းရဲ့လက်က သိသိသာသာကြီး
ချိန်ခွင် တစ်ဖက်ကိုလှုပ်ပြလိုက်တယ်။

“အဲတော့ ခင်ရူပါက သူ့ကလေးတွေကို
မောင်စိုင်းအောင်ကိုပေးလိုက်ပြီ…..

“သနားပါတယ်..

“ဒါကြောင့် ဘယ်သူတောင်းတောင်း
မပေးတာကိုး…

စကားပေါက်စုံပြောပြီး အကုန်လုံးက
စုတ်တသပ်သပ်ဖြစ်နေကြတယ်။

အချိန်ကျတော့ ခင့်ရဲ့ အလောင်းကို
အခေါင်းထဲထည့်လိုက် ပြီး..
နိဗ္ဗာန်ယာဉ် ပေါ်တင်လိုက်ကြတယ်။
ကျုပ်ရင်ထဲမှာ တကယ့်ကို ဟာလာဟင်းလင်းကြီး
ဖြစ်သွားတာ…အသက်မရှိတော့ပေမဲ့
ခင့်ခန္ဓာကိုယ်ရုပ်အလောင်းရှိနေတုန်းက
ဖြေသာသေးတယ်..ခုကျတော့မှ
ဒီတစ်ဘဝတော့ တကယ်ဝေးပြီဆိုတဲ့အသိ
က ကျုပ်ကိုနှိပ်စက်ပူလောင်စေတယ်..
“သွားတော့ ခင်ရေ..ဆိုပြီး ကျုပ်နုတ်က
တိုးတိုးလေးပြောမိတယ်။

သားကြီးက..အမေ..အမေ.လို့ခေါ်ပြီး
ငိုတက်ပေမဲ့..ကျုပ် ပွေ့ချီထားတဲ့ သမီးလေးက
ဘာမှမသိရှာပဲ လူတွေကို မျက်လုံးပြူးလေးနဲ့
ကြည့်နေရှာတယ်။သမီးလေးဘဝမှာ..ငယ်ရွယ်
လွန်းတော့ အမေဆိုတာ..မကြာခင်ပဲ ..
သူ့အာရုံကနေ ပျောက်ကွယ်သွားတော့မှာ..

“သနားပါတယ် ကလေး၂ယောက်နဲ့
ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးဖိုဖြစ်သွားတာ..

တိုးတိုးလေးဆိုပေမဲ့..ကျုပ်နားက ကြားဖြစ်အောင်
ကြားလိုက်မိတယ်..

မုဆိုးဖို…ငါက..မုဆိုးဖိုတဲ့လား…

သေသူမှာ..အနိစ္စ..
ကျန်ရစ်သူက ဒုက္ခ ဆိုတဲ့အတိုင်း…
ကျန်နေခဲ့တဲ့ ကျုပ်တို့ သားအဖရဲ့ ဒုက္ခကို
မင်းကတော့ သိနိူင်တော့မှာ မဟုတ်တော့ပါဘူး..
ခင်ရေ…သူတို့ပြောတဲ့ မုဆိုးဖို ..ငါ့ဘဝထက်
အမိမဲ့သားရေနည်းငါး ..ဖြစ်သွားရှာတဲ့
သားနဲ့သမီးကို မင်းမို့ ထားရစ်ခဲ့တယ်ကွာ…

ကျုပ်ဆုတောင်းမိတယ်..
နောင်သံသရာမှာ..မနေကျလို့…
ခုလိုပြန်ဆုံကြရင်…
လောက သင်္ခါရ တရားအတိုင်း
သေကွဲ..ခွဲကြရမယ်ဆိုရင်…
ကျုပ်အရင်သေပါရစေ…
ကျန်ခဲ့တဲ့ ဒုက္ခ.. .
မုဆိုးဖို..တစ်ယောက်ရဲ့ဒုက္ခက..
အရမ်းကြီးလွန်းလို့ပါ…ဗျာ

၂၅.၇.၂၀၂၃.ညနေ.၄နာရီ ၃၈

#ပီယ