သားဆိုးမိခင်

သားဆိုးမိခင်(စ/ဆုံး)

———————-

“သား အောင်မိုး မင်း အရက်တွေကိုလျှော့သောက်ပါလားသားရယ်
သားကျန်းမာရေးထိခိုက်နေလိမ့်မယ်”

ဒေါ်မိုးတင် တစ်ယောက် ကုတင်ပေါ်ပက်လက်လှန်ပြီးလူမြင်မကောင်း
အောင်မူးရူးနေသည့်သားဖြစ်သူအား
မိခင်မေတ္တာဖြင့်ပြောလိုက်လေသည်။

“ဟာ ခင်ဗျားကိုယ့်နေရာကိုယ်နေစမ်းပါ
ကျုပ်ဟာကျုပ် ကြိုက်လို့သောက်တာ
ဘာဖြစ်လို့လဲ ခင်ဗျားကြီးအသက်ကြီးပြီး
အေးအေးဆေးဆေးနေစမ်းပါ”

ကိုအောင်မိုးကအာလေးလျာလေးအသံဖြင့်
မအေကိုရိုင်းစိုင်းစွာပြောလိုက်လေသည်။

“သြော် သားရယ် အမေကသားအတွက်
ပြောတာပါ ”

“ဟာဗျာ တော်စမ်းပါ နားငြီးလွန်းလို့ ”

ဒေါ်မိုးတင်လည်း သားဖြစ်သူဆီမှ
တုံ့ပြန်လာသည့်စကားကြောင့် မျက်ရည်များ
ကျဆင်းလာခဲ့လေသည်။

“အေးပါ မင်းမကြိုက်ရင် အမေမပြောတော့ပါဘူး’

ဒေါ်မိုးတင်လည်း အိမ်ထဲမှထွက်လာပြီး
အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ကာ မနက်ဖြန်လှည့်လည်
ရောင်းချရန်အတွက် ကန်စွန်းရွက်၊ချဉ်ပေါင်ရွက်၊ဆူးပုပ်စသည့်အရွက်များကို
ချည်နေလိုက်လေသည်။

ဒေါ်မိုးတင် ဟင်းရွက်ကန်စွန်းများ
ရောင်းဖို့ပြင်နေရင်း ကွယ်လွန်သွားသည့်
ခင်ပွန်းဖြစ်သူ ဦးမျိုးမင်း၏ စကားများကို
ပြန်လည်ကြားယောင်လာသည်။

“မမိုးတင် မင့် သားသမီးကို ချစ်တာလည်း
ချစ်တာပေါ့ကွာ သိပ်ပြီးတော့အလိုမလိုက်နဲ့
တော်ကြာရောင့်တက်နေမယ်
မင့်သားက မိဘအပေါ်ကောင်းမယ့်အကောင်
မဟုတ်ဘူးကွ”

“ကိုမျိုးမင်း ရှင်ကလည်းတော်
ကျုပ်သားကိုဒီလောက်ကြီးလည်းမပြောပါနဲ့
သားက အခုဘာလုပ်နေလို့လဲ
ပြောပါဦး”

“ဟ ဘာလုပ်ရမှာတုံး မမိုးတင်ရ
မင့်သား အခုတလောအရက်တွေသောက်သောက်နေတာ
မင်းမသိဘူးလား”

“သြော် လူငယ်ပဲတော် အရက်သောက်တာ
ဘာဆန်းတာမှတ်လို့ သူ့ဟာသူ အေးအေးဆေးဆေးသောက်တာပါတော်
ဘယ်သူ့မှရန်မရှာပါဘူးတော့်”

“ဟာ မမိုးတင် မင်း မွေးထားတဲ့
မအေမှဟုတ်ရဲ့လားကွာ ဟင်
အေး ငါကတော့ ဆုံးမလို့ရသလောက်
ဆုံးမနေမှာ မင်းမကြိုက်လည်း မတတ်နိုင်ဘူးကွာ
မမိုးတင် မင်းငါမရှိမှသိမယ် ”

ဦးမျိုးမင်းပြောခဲ့သည့် စကားများ
အခုအကုန်မှန်နေလေသည်။

ဖအေမရှိသည့်နောက်ပိုင်း ကိုအောင်မိုး
အရင်ကထက်အရက်များပိုသောက်လာပြီး
မိခင်အပေါ်ရမ်းကားတတ်လာသည်။

အရင်ကထက်ရိုင်းစိုင်းလာသည်။
ဦးမျိုးမင်းရှိစဉ်အခါက ဖခင်ဖြစ်သည့်အတွက်
အနည်းငယ်ကြောက်သေးသည်။

ဖခင်မရှိတော့ မိခင်ဖြစ်သူအား
ပြန်လှန်တတ်လာခဲ့ကာ လူ့ငရိုင်းကြီး
ဖြစ်မှန်းမသိဖြစ်လာတော့သည်။

“ကိုမျိုးမင်းရယ် ရှင်ပြောတာတွေအကုန်မှန်နေပါပေါ့လား
အခုရှင့်သားရဲ့ ရိုင်းစိုင်းမှုတွေ
ဆိုးသွမ်းမှုတွေကို ရှင်မမြင်နိုင်တော့ဘူးပေါ့တော်
ရွှတ် ဟီး ဟီး ဟီး အင့် အင့်”

ဒေါ်မိုးတင် စဉ်းစားရင်း
ကျလာသည့်မျက်ရည်များကိုလက်ဖမိုးဖြင့်
သုတ်လိုက်သည်။

================

“ဟောဒီက အရွက်စုံရမယ် အရွက်စုံ”

“ဒေါ်ကြီးမိုးတင် လာပါဦး”

“သြော် မိသက်ဆွေ လာပြီလာပြီ”

ဒေါ်မိုးတင် အသက်အရွယ်က ၆၀ကျော်ပြီဖြစ်သည့်အတွက် အသွားအလာ
လှုပ်ရှားမှုကငယ်စဉ်အခါကလောက်
မြန်ဆန်မှုမရှိတော့။

“နေဦး နေဦး ကျွန်မကူပြီးချပေးမယ်”

“ကျေးဇူးပါပဲ မိသက်ဆွေရယ်
ကဲ ဘာအရွက်ယူမလည်း ဒီနေ့တော့
အစုံပါတယ် သခွားသီးလေးပါရလာလို့
ရောင်းဖို့အတွက်ထည့်လာခဲ့တယ်အေ့”

“ဒေါ်ကြီးမိုးတင်ရယ် နေကလည်းပူပါဘိနဲ့
ဒေါ်ကြီးကိုကြည့်ပြီးကျွန်မစိတ်မကောင်းဖြစ်မိ
တယ်တော် သားလုပ်သူကလည်း
ငမူးငရူးဘာမှအားကိုးလို့မရပဲ
အချိန်တန်ရင်မအေဆီက အရက်ဖိုး
တောင်းဖို့ပဲတတ်တယ်”

“ငါလည်း သူ့ကိုစိတ်ကုန်မိပေမယ့်
သားသမီးဆိုတော့လည်း သိတယ်မလား
တောင်းဆိုးပလုံးဆိုးသာ ပစ်ရတယ်
သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံ
မရှိဘူးမလား တော်တော်များများကငါ့ကို
စိတ်မကောင်းဖြစ်ပြီးသနားနေကြတာ
ငါသိပါတယ် ငါ့ကိုကူလည်းကူညီပါတယ်
ငါ့ဝဋ်ကြွေးပေါ့ဟယ် ဆပ်လို့မကုန်မချင်း
ဆပ်နေရဦးမှာပေါ့အေ ”

“သြော် စကားကောင်းနေလိုက်တာ
ဟင်းရွက်ဝယ်ဖို့တောင်မေ့နေပြီ
ကျွန်မကို ကန်စွန်းရွက်၃စီးနဲ့ ဆူးပုပ်ရွက်
၁စီးပေး”

“အေးအေး ရော့ရော့ ”

“ဒေါ်ကြီး ရော့ပိုက်ဆံ”

“ကဲ ငါဒါလေးကုန်အောင်လှည့်ရောင်း
လိုက်ဦးမယ်အေ”

“ဟုတ်ကဲ့ ဒေါ်ကြီး ကျွန်မ မပေးမယ်”

မိသက်ဆွေက စျေးတောင်းအား ကူပြီးမတင်ပေးလိုက်လေသည်။

လှုပ်စိလှုပ်စိဖြင့် တရွေ့ရွေ့ သွားနေသည့်
ဒေါ်မိုးတင်၏ကျောပြင်အားကြည့်ရင်း
မိသက်ဆွေစိတ်မကောင်းဖြစ်နေမိသည်။

===============

“အဖွားကြီး ပြန်လာရင်လည်း
အရက်ဖိုးလေးဘာလေးလုပ်ဦး”

စျေးရောင်းပြီးပြန်မလာအိမ်ပေါက်ဝရောက်ခါစ
ကိုအောင်မိုးပြောလိုက်သည့်စကားကြောင့်
ရင်ဝကိုစို့နင့်သွားသလို ဒေါ်မိုးတင်ခံစား
လိုက်ရသည်။

“သားရယ် အမေ ဒီနေ့စျေးရောင်းမကောင်းလို့
လက်ထဲပိုက်ဆံသိပ်မကျန်ဘူး သားရဲ့
မနက်ဖြန်မှအမေပေးမယ်နော်”

“ဟာ ခင်ဗျားပြောလိုက်ရင် ဒီလိုပဲ
ခင်ဗျားဆီက ပိုက်ဆံတောင်းရတာ
အောက်ကျလိုက်တာဗျာ ခင်ဗျား
ဒီငွေလေး ၅၀၀ ၁၀၀၀ မရှာနိုင်လောက်အောင်
တော်တော်ညံ့နေတာလား ”

“ဟင်…ဘ ဘယ်လိုပြောလိုက်တာလည်း
သားရယ် အမေ့မှာတကယ်မရှိလို့ပါ
သားရဲ့ ရှိရင်သားကိုပေးမှာပေါ့ သားရယ်
အမေ့ကိုဒီလောက်ကြီးမပြောပါနဲ့
သားရယ် အဟင့် ဟင့် ”

ဒေါ်မိုးတင်သားဖြစ်သူ၏ကြမ်းတမ်းသည့်စကား
ကြောင့်မျက်ရည်များဟန်မဆောင်နိုင်အောင်
ကျဆင်းလာခဲ့လေသည်။

ကိုယ်မွေးထားသည့်သားက ယခုလို
ကြမ်းကြမ်းတမ်းတမ်းပြောဆိုသည့်အတွက်
ဘယ်မိခင်မဆိုစိတ်မကောင်းဝမ်းနည်းမိမှာ
အမှန်ပင်။

“ပြောလိုက်ရင် မျက်ရည်ကကျလာပြီ
တော်ဗျာ ကျုပ်ဟာကျုပ်အရက်ဖိုး ရအောင်
ကြံဖန်ရတော့မှာပဲ”

ကိုအောင်မိုးလည်းပြောပြောဆိုဆို
မီးဖိုချောင်ထဲဝင်သွားလေသည်။

ထို့နောက် ထမင်းချက်သည့်ဒန်အိုးအား
ယူကာမီးဖိုချောင်ထဲမှပြန်ထွက်လာကာ

“အဖွားကြီး ကျုပ်ဒီဒန်အိုးကို
အရက်ဆိုင်မှာပေါင်ပြီးအရက်နဲ့လဲသောက်မယ်”

“မ မလုပ်ပါနဲ့ သားရယ် ဒီဒန်အိုးလေးက
မင်းအဖေနဲ့ အမေ အိမ်ထောင်စပြီးကျကတည်းကသုံးလာတဲ့
ဒန်အိုးလေးပါသားရယ်
ဒီဒန်အိုးလေးမရှိရင် အမေတို့ဘာနဲ့ ထမင်းချက်စား
ကြမှာလည်းသားရဲ့ မလုပ်ပါနဲ့နော်”

ဒေါ်မိုးတင်က သားဖြစ်သူကိုအောင်မိုး၏
လက်ထဲမှ ဒန်အိုးအား အရိုးပေါ်အရေတင်
နေပြီဖြစ်သည့် လက်ကလေးများဖြင့်
လုယူရှာပေမယ့် သန်မာလှသော ကိုအောင်မိုး၏
လက်အားယှဉ်၍ မလုယူနိုင်ရှာပေ။

“ဖယ်စမ်းဗျာ ”

“ဘုတ် ”

“အောင်မယ်လေး အား”

အားပါလှသောတွန်းချက်ကြောင့် ဒေါ်မိုးတင်
တစ်ယောက်မြေပေါ်ပစ်လဲကျသွားလေသည်။

“အဲ့မှာတစ်ခါတည်းသေသွားရင်
သိပ်ကောင်းမယ် ခင်ဗျား”

ကိုအောင်မိုးက မြေပေါ်လဲကျကာနာကျင်
နေသောမိခင်ကို ရက်စက်ရိုင်းစိုင်းစွာပြောဆိုပြီး
ထွက်သွားလေတော့သည်။

“သားရယ် မင်းကံကြီးထိုက်တော့မှာပဲ
သားရဲ့ အမေ သားကိုလိမ္မာအောင်
ဘယ်လိုဆုံးမရမှာလဲသားရယ်”

ဒေါ်မိုးတင် မြေပေါ်ထိုင်ကာငိုယိုနေခိုက်
အိမ်နီးချင်းလင်မယားရောက်လာကြလေသည်။

“ဒေါ်မိုးတင် ထ ထနိုင်ရဲ့လားရှင်
ကျွန်မတို့လည်း အောင်မိုးကို ကြောက်လို့
မလာရဲဘူး အခုသူမရွိလို့ လာတာ
ဘယ်နားနာသွားသေးလဲဟင်”

“ခြေထောက် ခေါက်သွားတာ မြခင် ဒေါ်ကြီး
မထနိုင်ဘူး”

“တောက် တော်တော်ရိုင်းတဲ့အကောင်
မိဘကိုမိဘမှန်းမသိ ရိုင်းတဲ့ကောင်
ဒင်း ကံကြီးထိုက်မယ်”

“မပြောပါနဲ့တော့ ကိုစည်သူရယ်
လာ ဒေါ်မိုးတင်ကို အိမ်ထဲတွဲပြီး
ထားလိုက်ကြအောင်”

“အေးအေး ဒေါ်ကြီးရရဲ့လား ပြီးမှ
အနှိပ်သည်ခေါ်ပေးမယ်နော်”

ကိုစည်သူနှင့်မမြခင်တို့လင်မယားက
ဒေါ်မိုးတင်အားအိမ်ထဲထိတွဲပြီးကုတင်ပေါ်
အိပ်ခိုင်းလိုက်သည်။

“အေး ကျေးဇူးပါပဲ စည်သူရယ်
မင်းတို့လင်မယား ကူညီလို့သာရယ်
နို့မို့ဆို ဒေါ်ကြီး မြေပေါ်မှာဘယ်အချိန်ထိ
လဲနေမယ်မသိဘူး”

“ရပါတယ်ဗျာ အိမ်နီးနားချင်းအချင်းချင်းကူညီပေးရတာ
ပင်ပန်းတယ်လို့မထင်ပါဘူး
ဒါဆိုရင်ကျွန်တော်အကြောပြင်ဆရာကို
သွားပင့်လိုက်ဦးမယ် မြခင် မင်းဒေါ်ကြီးကို
သေချာလေးကြည့်ပေးထားဦး ”

“အင်းပါ စိတ်ချ မြန်မြန်သွားပြီး
မြန်မြန်ပြန်လာခဲ့ ဒီမှာဒေါ်ကြီးခြေထောက်က
ရောင်နေပြီ”

===============

ကိုစည်သူလည်းအကြောပြင်သည့်အနှိပ်သည်အားဒေါ်မိုးတင်အိမ်သို့ ပင့်လာခဲ့လေသည်။

“အင်း ခြေထောက်အမှေးပါးလေး
လွဲသွားတာပါ ဘာမှမပူနဲ့ ကျွန်တော်
လိမ်းဆေးပေးခဲ့မယ့် တနေ့၂ခါလိမ်းပေး
လိုက်မြန်မြန်သက်သာသွားမှာပါ
ခြေထောက်ကိုအခုလောလောဆယ်
သွားသွားလာလာမလုပ်စေချင်ဘူး
လုံးလုံးသက်သာသွားပြီဆိုမှ
သွားပေါ့ဗျာ ”

“ဟုတ်ကျေးဇူးပါခင်ဗျာ ဟိုလေ ဒါက ဆေးဖိုးလေး
ကန်တော့တာပါခင်ဗျာ”

“ဟာ ရပါတယ် မလိုပါဘူး မလုပ်ပါနဲ့”

“ဘယ်ဟုတ်မလည်းရှင် ကျွန်မတို့က
ဆေးပညာဖိုးလေးကန်တော့တာပါရှင့်
လက်ခံပေးပါနော်”

မမြခင်တို့လင်မယားကဇွတ်အတင်း
ပေးသဖြင့်အကြောပြင်ဆရာက ကန်တော့ကြေးငွေအားလက်ခံလိုက်သည်။

“ဒါဖြင့် ကျွန်တော့်ကိုပြန်ခွင့်ပါဦးနော့”

“ဟုတ်ကဲ့ ကောင်းပါပြီခင်ဗျ
ကျေးဇူးအထူးတင်ပါတယ်ဗျ”

အကြောပြင်ဆရာထွက်သွားပြီးပြီးချင်း
ဒေါ်မိုးတင်၏အိမ်ထဲသို့ လူတစ်ယောက်
အသည်းအသန်ပြေးဝင်လာပြီး

“ဒေါ်ကြီးမိုးတင် ဒေါ်ကြီး ”

“ဟေ ဘယ်သူလဲ”

ဒေါ်မိုးတင်က ကုတင်ပေါ်မှအသံပြုလိုက်လေသည်။

“ဟဲ့ ဖိုးသာထူး အေမာတေကာနဲ့
ဘာဖြစ်လာတာလဲ ”

ဟောဟဲလိုက်အောင်ပြေးလာသောဖိုးသာထူးအားမမြခင်ကမေးလိုက်လေသည်။

“ဟို ဟို ကို ကိုအောင်မိုးလေ”

“ဘာလဲ အောင်မိုးဘာဖြစ်လဲ”

“ငါ့သားအောင်မိုး ဘာဖြစ်လို့လဲ ဖိုးသာထူး”

ဒေါ်မိုးတင်နှင့်ကိုစည်သူတို့က မေးလေသည်။

“ကိုအောင်မိုး အရက်ဝိုင်းမှာ ငကျော်တို့
အဖွဲ့နဲ့ရန်ဖြစ်တာ ငကျော်က ကိုအောင်မိုးကို
ဓါးနဲ့ထိုးလို့ သေပြီဗျ”

“ဟင်”

“ဟာ”

“ဘာ ဘာပြောတယ် ငါ့ ငါ့သားအောင်မိုး
သေပြီဟုတ်လား ဖိုးသာထူး ”

“ဟုတ်တယ် ဒေါ်ကြီး ကိုအောင်မိုးကို
ငကျော်ကမသေမခြင်းဓါးနဲ့ထိုးသတ်လိုက်တာဗျ
အခုရွာလူကြီးက မြို့ ကရဲစခန်းကို
အကြောင်းကြားထားပြီးပြီ
ငကျော်တို့အုပ်စုကိုလည်း ရွာလူကြီးက
ဖမ်းထားတယ်ဗျ ”

“အောင်မယ်လေး အမေ့သား လူမိုက်ကြီး
ဟောဒီက မအေအိုကြီးကိုထားခဲ့ပြီပေါ့
အမေ့ကိုပြုတဲ့အပြစ်ဒဏ်တွေ မင်းပြန်ခံရပြီပေါ့
သားရေ ဟီး ဟီး အီး ဟီး”

“စိတ်ကိုထိန်းမှပေါ့ ဒေါ်ကြီးရယ်
သူ့အကျိုးပေးနဲ့သူ ဖြစ်သွားတယ်လို့ပဲ
မှတ်လိုက်ပါရှင် မအေကိုစော်ကားတဲ့အကောင်သူပြုတဲ့ကံ
နေ့တောင်မကူးပဲပြန်ခံရတာပေါ့
ဒေါ်ကြီးရယ်”

“မိန်းမ မင်းဒေါ်ကြီးရှေ့မှာ ဘယ်လိုပြောလိုက်တာလည်း”

ကိုစည်သူက မိန်းမဖြစ်သူအားငေါက်လိုက်သည်။

“ရပါတယ် စည်သူရယ် မြခင်ပြောတာ
အမှန်တရားတွေပါ
ဒေါ်ကြီးစိတ်မဆိုးပါဘူးကွယ်
ဟုတ်တယ် သူပြုတဲ့ကံကသူ့ကိုပြန်ဒဏ်ခက်
သွားတယ်လို့ ဒေါ်ကြီးမှတ်ယူလိုက်မယ်
သားဆိုးသားမိုက်တစ်ယောက်ရဲ့ ဆိုးသွမ်းရိုင်းစိုင်းမှုတွေကို
ဒေါ်ကြီးဒီကနေ့ကစပြီး
ခံစရာမရှိတော့ဘူးပေါ့ကွယ်”

ဒေါ်မိုးတင်ပြောလိုက်သည့်စကားကြောင့်
ကိုစည်သူတို့လင်မယားအံ့သြခဲ့ရလေသည်။

ဝမ်းနှင့်လွယ်ပြီးမွေးခဲ့ရသည့်သားသေဆုံးသွား
သည့်အတွက်ဒေါ်မိုးတင်ဝမ်းနည်းရသလို
ဝမ်းနှင့်လွယ်ပြီးမွေးထားသည့်သား၏
ဆိုးသွမ်းရိုင်းစိုင်းမှုဒဏ်မှလွတ်ပြီဟု
သိလိုက်ရတဲ့အသိ ထိုအရာနှစ်ခုကြောင့်
ဒေါ်မိုးတင်၏မျက်နှာမှာဝမ်းနည်းခြင်းမှ
ပြောင်းလဲ၍ တည်ငြိမ်ခြင်း၊အေးချမ်းခြင်းသို့
ခုန်ကူးကာပြောင်းလဲသွားတော့သည်။

သားဆိုးသားမိုက်တစ်ယောက်၏
ဇာတ်သိမ်းကိုဒေါ်မိုးတင်ကောင်းစွာမြင်ခဲ့ရပေပြီ
မဟုတ်ပါလား

=============

ကိုအောင်မိုးမရှိတော့သည့်နောက်ပိုင်း
ဒေါ်မိုးတင်အား ကိုစည်သူနှင့်မမြခင်
တို့လင်မယားက သူတို့နှင့်အတူနေရန်ပြောပေမယ့်
ဒေါ်မိုးတင်ကလက်မခံပေ။

သူ့ဘဝကိုအေးချမ်းစေမည့် နေရာကိုသာ
သူသွားပြီးအေးအေးဆေးဆေးနေ
လိုကြောင်းပြောလေသည်။

ထို့ကြောင့် ကိုစည်သူတို့လင်မယားနှင့်
တိုင်ပင်ပြီး မြို့ မှာရှိသော တရားရိပ်သာသို့
ဒေါ်မိုးတင်အားပို့ဆောင်ပေးလိုက်လေသည်။

ပြီးပါပြီ…

စာဖတ်သူများအားလုံးရွှင်လန်းကြပါစေ
ဇာတ်လမ်းလေးကိုဖတ်ပြီးရင်
လက်မလေးနှိပ်ခဲ့ကြနော် စာဖတ်သူတို့
#အောင်ဓူဝံ