အသက်သွင်းကောက်ရိုးရုပ်

အသက်သွင်းကောက်ရိုးရုပ်(စ/ဆုံး)

————————————-

မယ်ဇလီရွာသည် နယ်စပ်မြို့ဖြစ်သော ကြူကုတ်နှင့် အနည်းငယ်လှမ်းသော နေရာ၌ ရှိ၏။ လူနေအိမ်ခြေ ၇၀ခန့်သာ ရှိသော ရွာငယ်လေး တစ်ရွာဖြစ်သည်။

နယ်စပ်နှင့် နီးသော ရွာငယ်လေး ဖြစ်သည့်အလျောက် အတန်ငယ် စီးပွားဖွံ့ဖြိုး၏။ ရွာရှိ အိမ်များမှာ တိုက်ခံ ပျဉ်ထောင် ၊ သို့မဟုတ် လုံးချင်း ၂ထပ်တိုက်များသာ ဖြစ်ကြပြီး၊ ပျဉ်ထောင်အိမ် အနည်းအကျဉ်းသာ ရှိသည်။

ထိုရွာလေး၏ အရှေ့ဖျား၌ ခြံဝန်းကျယ်ကြီးနှင့် တိုက်အိုကြီးတစ်လုံး ရှိသည်။ယခင်က လှပခန့်ငြားခဲ့မည် ဖြစ်သော်လည်း ယခုအခါ ထိမ်းသိမ်းမည့် အိမ်ရှင် မရှိသည်မှာ ၁၀နှစ်နီးပါး ကြာမြင့်ပြီဖြစ်သောကြောင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။

တစ်ယောက်စကား တစ်ယောက်နားဖြင့် အဆင့်ဆင့် ပြောခဲ့ဖူးသည်မှာ ထိုအိမ်ကြီး၏ ပိုင်ရှင်သည် ယခင်က ဒုစရိုက်မှုများစွာ ကျုးလွန်ခဲ့သော မှောင်ခိုဂိုဏ်းရာဇာ တစ်ဦး၏ အိမ်ဟု ဆိုကြသည်။

၎င်းအမည်မှာ ဦးအိုက်စံဟု သိရပြီး၊ ယခင်က ထိုတိုက်အိမ်ကြီးတွင် ၎င်းနဲ့အတူ ချောမောလှပသော နန်းသူဇာဆိုသည့် ဇနီးမယားနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြဖူးသည် ။

ဦးအိုက်စံသည် ၎င်း၏ ဇနီးမယားကို အလွန်ချစ်မြတ်နိုးပြီး ၊ ချစ်ဇနီးအလိုကျ ဒုစရိုက်လုပ်ငန်းများကို စွန့်လွှတ်ပြီး ၊ ဤရွာငယ်လေးမှာ အခြေချ နေထိုင်သည်ဟုလည်း သိရသည်။ ၎င်း၏စိတ်ကူးမှာ စုဆောင်းရှာဖွေထားသော ပစ္စည်းဥစ္စာတို့ဖြင့် ချစ်စရာ ဇနီးလေးနဲ့အတူ ၊ သားသမီးများ ပွားစီး၍ ဘဝကို အေးချမ်းသာယာစွာ ဖြတ်သန်းတော့မည်ဟု တွေးတောထားခဲ့ခြင်း ဖြစ်မည်။

သို့သော် ၎င်းမှာ ဆန္ဒမပြည့်ဝခဲ့ရှာပေ။ နန်းသူဇာသည် ခြံထဲက စိုက်ခင်းများကို ရေလောင်းရင်း မြွေဆိုးတစ်ကောင် ကိုက်သတ်ခံရ၍ ရုတ်တရက် ဆုံးပါးသွားခဲ့ရှာသည်။ ဦးအိုက်စံကား ယင်းအဖြစ်ဆိုးကြောင့် ယူကြုံးမရ ဖြစ်ကာ ရူးသွပ်လုမတတ် ဖြစ်ကျန်ခဲ့ရှာ၏။ ဦးအိုက်စံသည် ၎င်းချစ်မြတ်နိုးသော ဇနီးအား ၎င်းပိုင်ခြံကြီးထဲတွင် မြုပ်နှံခဲ့ပြီး ၊ နန်းသူဇာ ကြိုက်နှစ်သက်သာ နှင်းဆီပင်များကို ထိုမြေပုံပေါ်၌ တယုတယ စိုက်ခဲ့သည်ဟု ဆိုကြသည်။

ခြံကျယ်ကြီးမှာ အလွန်တရာ ကျယ်ဝန်းပြီး ၊ နှစ်ထပ်တိုက်အိမ်ကြီးသည် ခြံကျယ်ကြီး၏ အနောက်ဘက်ကျရာ၌ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် တိုက်အိမ်ကြီး၏ အရှေ့ မြေကွက်လပ်သည် တမျှော်တခေါ်ကြီး ကျယ်ဝန်း၏။ နန်းသူဇာ၏ မြေပုံသည် ထိုကျယ်ဝန်းသော မြေကွက်လပ်တစ်နေရာမှာ ရှိပြီး ၊ နန်းသူဇာကွယ်လွန်ပြီးနောက် အလေ့ကျပေါက်ပင်များကြောင့် စိုက်ထားသော နှင်းဆီပင်များကို ကျော်လွှားဖုံလွှမ်းကာ တောထူနေပြီ ဖြစ်သည်။

နန်းသူဇာ ကွယ်လွန်ပြီး ၊ တစ်နှစ်ကျော်ကျော်ခန့်တွင် ၊ ရွာထဲက ၁၂နှစ်သမီးငယ်လေးတစ်ယောက်သည် ထိုခြံဝန်းကျယ်ကြီး အနီး ပျောက်ဆုံးသွားဖူးသည်။နောက်တစ်နေ့ နေ့လယ်တွင် ရွာရှိ လူများက ထိုခြံဝန်းကျယ်ကြီးထဲကို အတင်းဝင်ရောက် ရှာဖွေကြရာ ၊ အိမ်ရှင် ဦးအိုက်စံနှင့် ပဋိပက္ခ ဖြစ်ကြ၏။ နောက်ဆုံး၌ ဦးအိုက်စံသည် တစ်ခြံလုံးကို စိတ်တိုင်းကျ ရှာဖွေခွင့် ပြုခဲ့သည်ဟုဆို၏။

ရွာသားများက အသေအချာ နှံ့စပ်စွာ ရှာဖွေကြသော်လည်း ကလေးမလေးကို ရှာမတွေ့ကြပဲ ပြန်သွားကြရသည်။

ထိုပြသနာ၏နောက် ၃ရက်အကြာတွင် တိုက်အိမ်ကြီးထဲမှ သေနတ်သံ တစ်ချက် ပြင်းစွာ ထွက်ပေါ်လာသည်။ ရွာသားများက သေနတ်သံကြောင့် ဦးအိုက်စံအား စိုးရိမ်တကြီးဖြင့် ဝင်ရောက် ကြည့်ရှု့သည့်အခါ ၊ တိုက်အိမ်ကြီး၏ အောက်ထပ် တွင်၊ သေနတ်ဒဏ်ရာဖြင့် ဦးအိုက်စံ၏ အလောင်းကို တွေ့လိုက်ကြရသည်။

ဦးအိုက်စံကား သေနတ် ကျည်ဆံကြောင့် စုပ်ပြတ်နေသော သွေးသံရဲရဲ မျက်နှာကြီးနှင့် ထိုင်ခုံတစ်လုံးပေါ် ပက်လက်လှန် မှီလျက် သေဆုံးနေခြင်း ဖြစ်သည်။ သူ၏ အနီးတွင် နှစ်လုံးပြုး သေနတ်အရှည်တစ်လက်ကို တွေ့ရသည်။

လူအများက ဦးအိုက်စံသည် နှစ်လုံးပြုးသေနတ်ဖြင့် ၎င်း၏ မေးအောက်ကို ထောက်၍ မောင်းဖြူတ်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကျည်ဖူးကြောင့် ရှေ့မျက်နှာ တစ်ခြမ်းလုံး စုပ်ပြတ်သတ်သွားခဲ့သည်ကို အားလုံးက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ဦးအိုက်စံသည် အဘယ်ကြောင့် မိမိကိုယ်ကို သေကြောင်း ကြံစည်ရသနည်းဆိုတဲ့ ပဟေဠိကို ယခုထက်တိုင် ရေရရာရာ အဖြေမပေးနိုင်ကြသေး။

 

ထို့အတူ ထိုတိုက်အိမ်ကြီးအနီး၌ ပျောက်ဆုံးသွားသော ၁၂နှစ်အရွယ် ကလေးမလေးကိုလည်း ယနေ့ထက်တိုင် ရှာဖွေ့တွေ့ရှိခြင်း မရှိကြ။

ဦးအိုက်စံသည် ၎င်းပိုင်ခြံဝန်းကြီးထဲတွင် နှင်းဆီခင်းကြီး စိုက်ပျိုးထားပြီး ၊ မည်သည့်နေရာ၌ မနန်းသူဇာကို မြုပ်နှံထားသည်ဟုလည်း ရွာသားများက ဂဃနဏ သိရှိခြင်း မရှိကြချေ။

သို့သော် ထိုစဉ်က နှင်းဆီခင်းကြီး၏ အလယ်တစ်နေရာ၌ ထူးဆန်းစွာ စိုက်ထူထားသော ကောက်ရိုးဖြင့် ပြုလုပ်ထားသည့် စာခြောက်ရုပ်ကြီး တစ်ခုကတော့ မားမားကြီး ရပ်တည်လျက် ရှိနေသေးသည်ကို မြင်တွေ့ခဲ့ဖူးကြသည်။

ထိုစာခြောက်ရုပ်ကြီးမှာ တွေ့ဖူးသူတိုင်းက အလွန်အသက်ဝင်သည်ဟု ဆိုကြသည်။၎င်းမှာ ကောက်ရိုးခြောက်များဖြင့်သာ ဖွဲ့စည်းထားခြင်းမဟုတ်ပဲ၊ ဦးခေါင်း၌ တိရစ္ဆာန်တစ်ကောင်၏ မေးရိုး၊ခန္ဓာကိုယ်၌ အမျိုးအစား မသိနိုင်သော ရင်ဘတ်ရိုးများ ပါဝင်ဖွဲ့စည်းထားသည်ဟု ဆိုကြသည်။

ပို၍ ထူးဆန်းသည်က စာခြောက်ရုပ်ကြီး၏ ရင်ဘတ်ရိုး နှစ်ခုကြား၌ ထိုးချင်းဖောက်ခတ်နေသော တစ်တောင်ခန့်ရှိမည့် တုတ်လုံးအချွန်တစ်ခုကို စိုက်ဝင်လျက်ရှိသည်ကို မြင်ကြ တွေ့ကြရခြင်းပင်။

နောက်တစ်ခုက ထိုနေရာ၌ သွေးစခြောက်တို့ မတွေ့ရပဲ ၊ စာချောက်ရုပ်ကြီး၏ ပါးစောင်ကောက်ရိုးစများတွင် သွေးကဲ့သို့သော နီညိုညိုအရောင်များ ခြောက်သယောင်း စွန်းပေနေသည်ကို တွေ့ကြရသည်ဟု ဆိုကြ၏။ သို့သော် လူ၏ သွေးဟုလည်း အတတ် မည်သူကမှ မစွပ်စွဲနိုင်ကြချေ။

ကြည့်ရသည်မှာ လွန်စွာ ရုပ်ဆိုးအကျည်းတန်လှပြီး ၊ အော့နှလုံးနာဖွယ် ကြောက်မက်ဖွယ်ကောင်းလှ၍ ၊ ထိုစာခြောက်ရုပ်ကြီးကို လမ်းသွားလမ်းလာများ မမြင်ရစိမ့်အလိုငှာ ၊ ရွာသားများက တွန်းလှဲပစ်ကြသည်။

ထို့နောက် စာခြောက်ရုပ်ကြီးကို လူအချို့က သယ်မ၍ အိမ်ကြီး၏ အောက်ထပ်ထဲသို့ ပစ်ထည့်ထားလိုက်ကြသည်။

အားလုံးသော ရွာသူရွာသားတို့က တညီတညွတ်တည်း ဆိုသော စကားတစ်ခုရှိ၏။ ဦးအိုက်စံသည် သေလွန်ပြီးနောက် မကျွတ်လွတ်ပဲ ထိုတိုက်အိမ်ကြီး အနီးသို့ ဝင်ရောက်လာသူများကို နေ့ညမပြတ် ခြောက်လှန့်လေ့ရှိသည်ဟူပင်။

ရွာသားအချို့မှာ လက်တွေ့ ခြောက်လှန့်ခံရသည်ဟုဆိုကြ၏။ ခြောက်လှန့်ခံရသူများထံမှတဆင့် တစ်ရွာလုံးကို သတင်းပျံ့နှံသည်ဖြစ်ရာ ထိုအိမ်ကြီးအနီးအနားကို မည်သူမျှ မဝင်ရဲကြတော့ချေ။

ထို့ကြောင့် ထိုအိမ်ကြီးအရှေ့မှာ မြက်ရိုင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး၊ တိုက်အိမ်ကြီးမှာလည်း စောင့်ရှောက်သူမရှိ၊ အထူးပင် ယိုယွင်းပျက်ဆီးနေပြီ ဖြစ်သည်။

ဤကား လွန်ခဲ့သော ဆယ်နှစ်ခန့်က အဖြစ်အပျက်တချို့နှင့် လက်ရှိ အိမ်အိုကြီး၏ အခြေအနေပင် ဖြစ်လေ၏။

____________

၂။

အောင်အောင်က ဇေယျာပိုင်၏ မျက်နှာကို ကြည့်ရင်း … အံအားသင့်စွာ၊

” ဟင်! မင်းမျက်နှာမှာလည်း အညိုအမည်းတွေ စွဲလို့ပါလား ပိုင်ပိုင်၊ ဘာဖြစ်လာပြန်ပြီလဲ ”

ချောင်းနံဘေးက ကျောက်တုံးကြီးတစ်တုံးပေါ် တင်ပလွှဲ ထိုင်လိုက်ရင်း လောကကြီးတစ်ခုလုံးကို ထီမထင်သည့်အပြုံးမျိုးဖြင့် ခပ်ထေ့ထေ့ပြုံးကာ ဇေယျာပိုင်က …

” ထုံးစံအတိုင်းပေါ့ ၊ ဟိုခွေးမသားကြီးငါ့ကို ဗျင်းလွှတ်လိုက်တာ ”

အောင်အောင် သိလိုက်ပြီ။ ဇေယျာပိုင်တစ်ယောက် သူ့ပထွေးဦးစိုင်းလူနှင့် ပြသနာ တစ်ခုတက်ခဲ့ပြီဟု။

ဇေယျာပိုင်၏ ပထွေး ဦးစိုင်းလူသည် ကိုယ်ခန္ဓာ အဆစ်အပေါက် ကြမ်းသလောက် ၊ စိတ်ထားကလည်း ကြမ်းတမ်းသူ ဖြစ်သည်။ ထစ်ကနဲဆို သူ့စိတ်နဲ့မတွေ့လျင် လက်ပါတတ်သူဖြစ်သည်။

ယခင်က ဦးစိုင်းလူသည် နယ်စပ်မှာ မှောင်ခိုပစ္စည်းများ ရောင်းဝယ်ဖောက်ကားခဲ့သူ ဖြစ်ပြီး ၊ ယခုလည်း အခွင့်အခါ ကောင်းတိုင်း နယ်စပ်မြို့သို့ တက်ကာ စီးပွားရှာတတ်သည်။

ငွေစရွှင်သော ဦးစိုင်းလူကို နန်းယဉ်ထွေးက အားကိုးအားထားဖြစ်စေရန် လက်ထပ်ပေါင်းသင်းခဲ့သည်။ နန်းယဉ်ထွေးခမျာမှာ အပျိုစင်တော့မဟုတ်။ ဇေယျာပိုင်ဟူသော ၁၂နှစ်အရွယ် သားတစ်ယောက်နှင့် မုဆိုးမလေး ဖြစ်သည်။

နန်းယဉ်ထွေးမှာ ကလေးတစ်ယောက်အမေဆိုငြားလည်း သင့်တင့်သော ရုပ်ရည်နှင့် ပြည့်ဖြိုးသော ကိုယ်လုံးရှိသည်။ ရုပ်ကြမ်းကြမ်း စိုင်းလူကို မုဆိုးမလေးနန်းယဉ်ထွေးက လက်ထပ်ခဲ့ခြင်းမှာ သားကလေးရှေ့ရေးအတွက် ဖြစ်သည်။ လင်သေမုဆိုးမ နန်းယဉ်ထွေးအတွက် ကလေးတစ်ယောက်ကို ကောင်းစွာ ပြုစု မပျိုးထောင်နိုင်။ ထို့ကြောင့် ငွေစရွှင်သော စိုင်းလူအား အထင်ကြီးပြီး လက်ထပ်ခဲ့ခြင်းပင်။

စိုင်းလူက အိမ်ထောင်ကျစတော့ နန်းယဉ်ထွေးအပေါ် ချစ်ခင်သလို ၊ ဇေယျာပိုင်ကိုလည်း တည့်အောင်ပေါင်းခဲ့သည်။ သို့ပေမယ့် ၆လတစ်နှစ်ခန့်အကြာ စိုင်းလူရဲ့ ဇာတိသဏ္ဍာန်က ပေါ်လာ၏။ စိုင်းလူသည် မမူးလျင်တော့အကောင်း ၊ မူးလာလျင် သွေးဆိုး၏။မိန်းမဖြစ်သူ နန်းယဉ်ထွေး နှင့် ဇေယျာပိုင်ကို အနိုင်ကျင့် နှိပ်စက်တတ်သည်။

နန်းယဉ်ထွေးမှာ မိမိလင်ယူမှားသဖြင့် သားလေး ဇေယျာပိုင်ပါ ကျွန်ဝယ်ရာ အဆစ်ပါသကဲ့သို့ နှိက်စက်ခံရသည်ဖြစ်ရာ ၊ စိုင်းလူ အရက်သောက်နေလျင် ဇေယျာပိုင်အား သူငယ်ချင်းတစ်ယောက်အိမ် သွားနေဟု ရှောင်ခိုင်းတတ်သည်။ ဇေယျာပိုင်ခမျာ မည်မျှပင် ဆာလောင်နေပါစေ စိုင်းလူ မူးနေသည့် ညများတွင် အိမ်သို့မပြန်ရဲ။ တစ်နေရာမှာ ပုန်းခိုနေတတ်ပြီး ၊ စိုင်းလူ အိပ်ချိန်မှ အိမ်ပြန်လာရဲသည်။ ထိုအချိန်မှ ထမင်းစားရဲသည်။ နောက်ပိုင်း ဇေယျာပိုင် သိလာသည်။ စိုင်းလူသည် နန်းယဉ်ထွေး တစ်ယောက်တည်း ရှိချိန်ဆို ရိုက်နှက် နှိပ်စက်ခြင်း မရှိ။ မယားပါသား သူ့အား မျက်မုန်းကျိုးကာ အငြိုးတကြီး ရန်ရှာတတ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်သွားတော့သည်။

ယခုလည်း နေ့ခင်းကြီး အရက်မူးလာပြီး ဇေယျာပိုင်အား အပြစ်မရှိ၊ အပြစ်ရှာပြီး ရန်ပြု ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။ ဇေယျာပိုင်မှာ ၁၃နှစ် အရွယ် ရောက်လာပြီ ဖြစ်၍ မိမိအား အကြောင်းမဲ့ အပြစ်ရှာ ရန်ပြုခြင်းအပေါ် တွန်းလှန်လိုစိတ်များ ထွက်ပေါ်လာသည်။ ထို့ကြောင့် မူးနေသော စိုင်းလူက သူ့အား ထပ်မံထိုးကြိတ်မည် ပြုလာသောအခါ ၎င်းအား တွန်းပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ဇေယျာပိုင်က ကြောက်ကန်ကန်ပြီး တွန်းလှဲလိုက်တာ စိုင်းလူက မူးနေသူဆိုတော့ ဖင်ထိုင်လဲကျသွား၏။ စိုင်းလူ ဘာဖြစ်သွားလဲ ဇေယျာပိုင် လှည့်မကြည့်ရဲ ။ အတင်းထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။ စိုင်းလူကတော့ အယုတ်နတ္တတွေ ဆဲဆိုကြိမ်းမောင်း နေခဲ့မည်မှာ မလွဲပေ။

ယခု ဇေယျာပိုင်သည် စိတ်ညစ်ညစ်နဲ့ ချောင်းတံတားအောက် ရောက်လာခြင်း ဖြစ်ပြီး ၊ ထိုနေရာ၌ အရင်ရောက်နှင့်နေသော ငါးမျှားနေသည့် အောင်အောင်နှင့် ဆုံတွေ့ခြင်း ဖြစ်၏။

” ဒါဆို … ဒီည ငါနဲ့အတူ အိမ်လိုက်ပြီး အိပ်ပါလား ပိုင်ပိုင် ”

” တော်ပါပြီ အောင်အောင်ရာ ၊ မင်းတို့အမေက ငါ … မင်းနဲ့ပေါင်းတာ မကြိုက်ဘူးနဲ့ တူပါတယ် ၊ ငါလာရင် မင်းအမေရဲ့ မျက်နှာက ရှုသိုးသိုးကြီး ၊ ငါ့ကို မလိုလားမှန်း အသိသာကြီးပါကွာ ၊ ငါ မလိုက်တော့ပါဘူး ”

ဇေယျာပိုင် ပြောတာ မှန်နေ၍ အောင်အောင်တစ်ယောက် သက်ပြင်းမောကြီး ချလိုက်သည်။ နောက်တော့ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် …

” ငါ မေ့နေလိုက်တာ ပိုင်ပိုင်ရာ ၊ ငါ့ဆီမှာ ကောင်းညှင်းထုပ်တွေ ပါလာတယ် ၊ လာ စားလှဲ့ကွာ ။ငါးကတော့ ၃ကောင်ပဲ ရသေးတယ်၊ ဒီနေ့ ငါး သိပ်မဆွဲဘူးကွ ၊မဆွဲဆို ရေကလည်း ကြည့်ပါအုံး ၊ တနေ့တခြား ပါးလာတယ်။ နောက်ဆို ရေရော ရှိပါအုံးမလားပဲ … ”

ဟုတ်သည်။ချောင်းရေက ဒူးဆစ်မြုပ်ရုံလောက်သာ ရေရှိ၏။အနည်းငယ် ကြည်လင်သော ချောင်းရေတွင် အောင်အောင် ငါးမျှားနေသည်မှာ မည်မျှ ကြာမြင့်ပြီ မသိ။ သူ့ရှေ့က ပလိုင်းထဲတွင် လက်တစ်ဝါးစာ အရွယ် ငါး၃ကောင် ထည့်ထားသည်ကို တွေ့ရသည်။ သူ့နံဘေးတွင်တော့ အဆာပြေ စားစရာအဖြစ် ကောက်ညှင်း ဖက်ထုပ်များကို ရှိသည်။ ၆ထုပ် ၇ထုပ်လောက်ရှိလိမ့်မည် ။

” ဟီးဟီး ယူလာတုန်းကတော့ ၁၀ထုပ်ကွ ၊ ငါ စားထားတာ ၃ထုပ်လောက်ရှိမယ် ။ လာပါ ကျန်တာလေး အတူတူစားရအောင် ”

အောင်အောင်သည် သူ၏ ငါးမျှားတံကို သိမ်းပြီး အိတ်အရှည်ထဲသို့ တစ်ခါတည်း ထည့်လိုက်သည်။ သဘောကတော့ ငါးဆက်ပြီး မမျှားတော့ဟူ၍ ဖြစ်မည်။ ဇေယျာပိုင်လည်း လူကြီးလက်ညှိုးတစ်ချောင်းစာလောက် ရှိမည့် ကောက်ညှင်းဖက်ထုပ်တစ်ထုပ်ကို ဖြည်စားလိုက်သည်။ ခပ်စေးစေးနှင့် အေးစက်နေသော ကောက်ညှင်းတစ်ထုပ်သည် သူ့ဗိုက်ထဲက ဆာလောင်မွတ်သိပ်မှုကို အတန်ငယ် သက်သာသွားစေသည်။ သူ နောက်တစ်ထုပ် ထပ်၍ ဖြည်စားလိုက်ပြန်သည်။ သူစားနေပုံက ဆာလောင်နေမှန်းသိသာ၍ အောင်အောင်သည် သူ့အား သနားပြီး စိတ်မကောင်းဖြစ်ဟန် ကြည့်နေ၏။

အောင်အောင်က နေဝင်တော့မည်ကို မော့ကြည့်ရင်း …

“ငါ ပြန်တော့မယ် ပိုင်ပိုင် ၊ ရော့ ကျန်တဲ့ ကောက်ညှင်းထုပ်တွေ မင်းယူထားလိုက်တော့ ၊ အော် … ဒါနဲ့ ၊ ဒီည မင်း အိမ်ပြန်မှာလား ၊ မပြန်ရင် ဘယ်မှာ ညအိပ်မှာလဲ ”

ဇေယျာပိုင် အောင်အောင်၏ ပခုန်းတစ်ဖက်ကို လက်တင်လိုက်ရင်း …၊

” ငါ့အတွက် စိတ်ပူမနေနဲ့ အောင်အောင် ၊ ငါ ခါတိုင်းလိုပဲ ဦးစိုင်းလူ အိပ်ချိန်ကျ အိမ်ကိုပြန်မှာ ၊ မင်း စိတ်ချလက်ချသွား ”

အောင်အောင်က ခေါင်းငြိမ့်သည်။ ပြီးလျင် တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးဟန်နဲ့

” မင်းမှာ မီးခြစ်ပါလား ၊ ရော့ ငါရထားတဲ့ ငါး သုံးကောင်ပါ ၊ မင်း ယူလိုက်တော့ ၊ ဆာရင် အဲ့ဒီငါးကို ကင်ပြီး ၊ ကောက်ညှင်းထုပ်နဲ့ စားလိုက်ပေါ့ ၊ ကဲ ငါ ပြန်ပြီ သူငယ်ချင်း ”

သူ့အား ကျောခိုင်းထွက်ခွာသွားသော အောင်အောင်သည် တကယ့်သူငယ်ချင်းကောင်းပါလားဟု ဇေယျာပိုင် တွေးရင်း ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။

__________

၃။

” ဟေ့ကောင် ! … မပြေးနဲ့ ”

သူ့နောက်က သေမင်းတမာန်ရဲ့ အသံဆိုးကြီးအလား ထွက်ပေါ်လာတဲ့ အသံကြောင့် ဇေယျာပိုင်ရဲ့ ခြေလှမ်းများက ပို၍ လျင်မြန်လာကြသည်။

သူ ချောင်းတံတားအောက် ငါးကင်နဲ့ကောက်ညှင်းဖက်ထုပ် စားနေစဉ်မှာ ပထွေးဖြစ်သူ ၊ စိုင်းလူသည် ဓားတစ်ချောင်းကို ကိုင်၍ ရောက်လာခြင်း ဖြစ်သည်။ စိုင်းလူသည် ဇေယျာပိုင်က သူ့အား ပြန်လုပ်ရကောင်းလားလို့ ဒေါသူပုန်ထကာ လိုက်ရှာနေခြင်း ဖြစ်သည်။

” ဟေ့ကောင် … မင်းကများ ငါ့ကို ပြန်ခံသတ်ချင်သေးတယ်ဟုတ်လား ၊ လာလေကွာ ၊ မင်းတောင် သေရဲမှတော့ ငါက ဘာလို့ မသတ်ရဲရမှာလဲ ။ မင်းလိုကောင်ကို သတ်ပြီး ၊ ငါက ဟိုဘက်မှာ တစ်နှစ်လောက် အေးအေး သွားနေလိုက်လည်း ဘာမှ မဖြစ်ဘူးကွ ၊ အေး … ဒီကနေ့တော့ မင်း သေနေစေ့တဲ့ နေ့လိုပဲ မှတ်ထားတော့ ၊ မိလို့ကတော့ ငါ့ဓားနဲ့ ခုတ်သတ်ပစ်မယ်ဟေ့ ၊ လွတ်အောင်သာ ပြေးစမ်း ”

ဇေယျာပိုင် တကယ်တန်းကျတော့ ပထွေးဖြစ်သူ စိုင်းလူကို ငယ်ကြောက်မဟုတ်လား။ ယခုလို သူ့အားသတ်ရန် ဓားကြီးကို ကိုင်လာတာ မြင်တော့ ဆောက်တည်ရာမရ အတင်းကာရော ပြေးလေတော့သည်။ စိုင်းလူကလည်း နောက်မှ ကြုံးဝါးရင်း လိုက်လာနေ၏။

ဇေယျာပိုင် ခြေဦးတည့်ရာ ပြေးနေမိခြင်း ဖြစ်သည်။ သူ ခြေဦးတည့်ရာ အရပ်ကား ရွာအရှေ့ဖျားက တသီးတသန့် ရှိနေသော တိုက်အိမ်အိုပျက်ကြီးဖြစ်ပြီး၊ထိုအိမ်အိုကြီး၏ ပျက်ဆီးယိုယွင်းနေသော ခြံတံခါးဝဆီသို့ ရောက်မှန်းမသိ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်၌ လတစ်ခြမ်းက သာနေ၍ အိမ်အိုကြီးကို မြင်နေရသည်။ လရောင်အောက်တွင် မကောင်းဆိုးဝါး မိစ္ဆာဆိုးတစ်ကောင်သည် မြက်ရိုင်းတောအလယ်၌ ငုတ်တုတ်ထိုင်နေသည့်အလား အိမ်အိုကြီး၏ သဏ္ဍာန်ထီးထီးကြီးက ပေါ်လွင်နေပါ၏။

အိမ်အိုပျက်ကြီးကို ကြည့်၍ ဇေယျာပိုင်သည် ခြံဝင်းထဲကို မဝင်ရဲ ၊ ငေးမောနေစဉ်မှာ ၊

” ဟားဟား မင်း ဘယ်ထိ ပြေးမှာလဲ ဇေယျာပိုင် ၊ ကြိုက်သလောက်ပြေး ငါ့လက်က မလွတ်ပါဘူးကွ ”

ခပ်လှမ်းလှမ်းဆီမှ ၊ စိုင်းလူ၏ အသံကို ကြားလိုက်ရသည်။ သူ့မျက်လုံးထဲမှာ စိုင်းလူရဲ့ ရက်စက်သော မျက်နှာကြီးကို ပြေးမြင်လိုက်တော့ ၊ မထူးစိတ်ဖြင့် ခြံကြီးထဲကို ဝင်ရန် ဆုံးဖြတ်လိုက်သည်။

သူ ရွဲ့စောင်းနေသော ခြံတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ လူတစ်ကိုယ်စာ ပွင့်သွားသည်နှင့် သူသည် အတွင်းသို့ ပြေးဝင်သွားခဲ့သည်။

ဇေယျာပိုင်သည် ယခုအခါ၌ ခြောက်လှန့်တတ်သော အိမ်အိုကြီးက တစ္ဆေသရဲထက် သူ့အား လက်ငင်း သတ်ဖြတ်မည့်သူ၏လက်မှ လွတ်ရန်ကိုသာ ဦးစားပေးပြေးနေမိတော့သည်။

အသက်ဘေးမှ လွတ်စိမ့်ငှာ မြက်ရိုင်းပင်များအကြားမှ တိုးဝှေ့ဖြတ်သန်းရင်း ဇေယျာပိုင်သည် အိမ်အိုကြီးအနီးသို့ ချည်းကပ် ရောက်ရှိသွားသည်။

လရောင်ကြောင့် တိုက်အိမ်အိုကြီး၏ ပြင်ပသဏ္ဍာန်ကို ကောင်းစွာ မြင်နေရသည်။ သူ မော့ကြည့်မိသော အိမ်အိုဟောင်းကြီးမှာ ထုထည်ခိုင်ခံ့စွာ ဆောက်လုပ်ထား၍ တော်တော့သည်။ ပြတင်းတံခါးများမှာ ရွဲ့စောင်း ပြုတ်ကျလုနီးနီး တွဲလွဲခိုနေကြသည်။

အပေါ်ထပ် လသာဆောင်ဟုခေါ်သော ဝါးရံတာမှာလည်း အကာအရံဟူ၍ မရှိတော့ချေ။ လက်ရန်းတိုင်များမှာ မြေပေါ်သို့ ကျသည်က ကျ ၊ ဆွေးမြေ့ပေါက်ပြဲသည်က ပေါက်ပြဲကျိုးပဲ့လျက်ရှိသည်။ တံခါးအထက်က မှန်လည်ပေါက်များမှာလည်း ငှက်များ အသိုက်ဖွဲ့ထားရှိမှုကြောင့် ကောက်ရိုးမျှင်များ တွဲလွဲကျ ပွစာခတ်နေသည်။

အိမ်ရှေ့တွင် ယခင်က လှပခဲ့မည် ထင်ရသော နှစ်ယောက်စီး သံဒန်းမှာလည်း ဆေးရောင်များ ပြယ်လွင့်ပြီး သံချေးရောင် အထပ်ထပ်တက်ကာ ညစ်ထေး ငြိမ်သက်လျက်ရှိသည်။

အရာရာသည် အနတ္တသဘောကိုဆောင်လျက် အနိစ္စသို့သာ ဦးတည်လျက် ရှိနေကြသည်။

ဇေယျာပိုင်သည် အိတ်ထောင်ထဲက မီးခြစ်ကို စမ်းလိုက်မိသည်။ မီးခြစ်ကို ထောက်ကနဲ ခြစ်လိုက်ပြီး အိမ်မကြီးတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။

တံခါး ပွင့်သွားသည်နှင့် အိမ်ကြီးအောက်ထပ်မှ အေးစက်သော လေသည် သူ၏ မျက်နှာထံသို့ အပြေး ဝင်ရောက်လာ၏။

လက်ထဲက မီးခြစ်မှ မီးတောက်ငယ်ပင် ငြိမ်းလုလု ဖြစ်သွားသည်။ သူ၏ မျက်နှာသည်လည်း ရေခဲရေနှင့် ပက်ဖျန်းခံရသဘိကဲ့သို့ အေးကနဲ ဖြစ်သွားသည်။

ကြက်သီးမွှေးညှင်းများစွာ တစ်ကိုယ်လုံး၌ အဖီးဖီးထလျက် ကျောရိုးတလျောက်မှ အေးစိမ့်လာသော ခံစားမှုသည် ထူးဆန်းစွာ ဖြစ်ပေါ်လာ၏။

စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာ ထားလျက် မီးတောက်ကို လက်တစ်ဖက်က မငြိမ်းအောင်ကာရင်း အောက်ထပ် အခန်းတစ်ခုလုံးကို မျက်စိရှင်ရှင်ထား လေ့လာအကဲခတ်လိုက်သည်။

အခန်း၏ တစ်နေရာ၌ အလှပန်းအိုး တင်သည့် ခုံမြင့်တစ်လုံးပေါ်တွင် ကြေးဝါဒေါက်ခံ ဖုယောင်းတိုင်ကြီး တစ်တိုင်ကို သူ မြင်တွေ့လိုက်ရ၍ အားရဝမ်းသာဖြစ်သွားသည်။ ထိုနေရာသို့ သူသည် ကမန်းကတမ်း လျှောက်သွားလိုက်သည်။

” ဇွိ ! ဘုတ် … ဘုတ် ”

” အံမယ်လေး ! ဘာကြီးတုန်း ”

ကြမ်းပြင်တစ်နေရာ၌ လူတစ်ယောက်၏ ကိုယ်ပေါ်သို့ တက်နင်းလိုက်သည့်ပမာ ဇွိကနဲ နစ်ဝင်သွားသည့် သူ၏ ခြေထောက်များမှ တုန့်ပြန်ခံစားသိရှိရပြီး ရုတ်တရက်ကြီး လန့် ခုန်လိုက်မိသည်။

မီးရောင်ဖြင့် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ ကြမ်းပြင်ပေါ်၌ အလျားလိုက်ကြီး လှဲလျောင်းနေသော စာခြောက်ရုပ်ကြီးကို မြင်တွေ့လိုက်ရပြီး ရုတ်တရက် လန့်သွားသေးသည်။

သို့သော် ဝိဉာဉ်မဲ့ စာခြောက်ရုပ်တစ်ခုပါလားဟူသော အသိဖြင့် ၊ ထိုနေရာမှ ရှောင်ကွင်းကာ ဖယောင်းတိုင်ကို မီးညှိလိုက်သည်။

” ကျွီ … ကျွီ … ”

သူ …ဖယောင်းတိုင်အား မီးညှိနေစဉ်မှာ သူ၏ အနောက်ဖက်မှ လှုပ်ကုလားထိုင်သည် တကျွီကျွီနှင့် လှုပ်ခတ်သွားသည်။ခုံပေါ် ထိုင်နေသည့် လူ နိုးထလာသည့်အလားပင်။ (ထိုထိုင်ခုံသည် ဦးအိုက်စံ နောက်ဆုံး ထိုင်သွားသော ခုံပင် ဖြစ်၏။)

ဖယောင်းတိုင် မီးထွန်းပြီး လှည့်လိုက်တော့ ထိုလှုပ်ကုလားထိုင်မှာ ချက်ချင်း ငြိမ်သက်သွား၏။

ဇေယျာပိုင် မီးခြစ်ကို အိတ်ထောင်ထဲ ပြန်ထည့်ရင်း အခန်း၏ ချောက်ချားမှု အထူး သတိထား ကြည့်နေလိုက်၏။

စာခြောက်ရုပ်ကြီး၏ ရင်ဘတ်နေရာလောက်တွင် နောက်ဖျား၌ လက်ကိုင်ဘုသီးပါသော သပ်ချွန်တစ်ခု ထိုးသွင်းထားသည်ကို မြင်တွေ့ရသည်။

ထိုအခိုက် အိမ်ကြီး၏ အပြင်ဘက်မှ လက်နှိပ်ဓာတ်မီးဖြင့် လှမ်းထိုးသော အလင်းရောင်တန်းကို သူ မြင်လိုက်ရသည်။ အလင်းတန်းနဲ့အတူ အသံကိုပါ ကြားလိုက်ရသည်။

” ဟေ့ကောင် ဇေယျာပိုင် ၊ မင်း ဘယ်မှာ ပုန်းနေတယ်ဆိုတာ ငါသိတယ်နော် ၊ အခု ထွက်ခဲ့စမ်း ခွေးကောင်လေး ”

ဟင် … ဒါ ဦးစိုင်းလူ အသံပါလား ၊ သူ ငါ့ကို သတ်ဖို့ ဒီအထိ လိုက်လာတာလား …

ဇေယျာပိုင် ချက်ချင်းပဲ ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပစ်လိုက်သည်။ ဒီအိမ်ကြီးထဲမှာ သူ ရှိနေတာ စိုင်းလူ သိလို့ မဖြစ်ဘူးမဟုတ်လား။

” သူ့ လက်ထဲမှာ ငါ့ကို ခုတ်သတ်ဖို့ ဓားပါလာတယ် ။ ငါ လက်ကြည့်သက်သက်နဲ့ သူ့ကို ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ လက်နက် တစ်ခုခု ရှာလေမှ ”

ထိုအကြံကို တွေးမိသည်နှင့် ဇေယျာပိုင်သည် အခန်းထဲကို ပြူးပြဲ ကြည့်မိသည်။ အခန်း၏ ပြတင်းပေါက်မှန်လည်အချို့မှ လရောင်သည် ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ၊ နေ့ကဲ့သို့ မဟုတ်ပေမယ့် ခပ်နီးနီးက အရာဝတ္ထုများကိုတော့ မြင်နိုင်၏။

သူ ဝေ့ဝဲ ကြည့်မိပေမယ့် အခန်းထဲတွင် တုတ်၊ဓား၊လွှ၊ပုဆိန်ကဲ့သို့သော လက်နက်ဟူ၍ မမြင်။ နောက်ဆုံးတွင် သူနဲ့ အနီးဆုံးက ကြမ်းပြင်ပေါ်ရှိ ကောက်ရိုးခြောက် အရုပ်ကြီး၏ ကိုယ်ပေါ်က လက်ကိုင်ပါ သပ်ရိုးချွန်၌သာ အကြည့်ရပ်နေမိသည်။ သို့ဖြင့် ဇေယျာပိုင်လည်း ရသည့် လက်နက်ကိုသာ ဆောင်ယူထားရန် ဆုံးဖြတ်ချက်ချ၍ ကောက်ရိုးခြောက် အရုပ်ထံမှ သပ်ရိုးချွန်ကို ဆွဲနုတ်လေတော့သည်။ သူ၏ လက်ထဲသို့ သပ်ရိုးချွန် ဆွဲကိုင် ယူမိလေသော်အခါ …၊

” အင်းဟင်းဟင်း … ”

ငြီးတွားသံ အကျယ်ကြီးသည် အခန်း၏ လေးဘက်လေးတန်မှ ထွက်ပေါ်လာသည်။ ဇေယျာပိုင် ထိတ်လန့်စွာ သပ်ရိုးချွန်ကို လက်မှ လွှတ်ချလိုက်မိသည်။

” ဒေါက် ! … ဂျစ် ဂျစ် … ”

သပ်ရိုးချွန်သည် ကိုယ်ထည်အလုံး ၊ အဖျားက ချွန်မြနေသည်ဖြစ်ရာ ကြမ်ပြင်ပေါ် ကျသည်နှင့် ခပ်လှမ်းလှမ်းသို့ လိမ့်သွားလေ၏။ နံရံကပ် ဘီရိုအခြေနှင့် တိုက်မိသောအခါမှ ရပ်တန့်သွား၏။

ထိုအခိုက် အံသြဖွယ်ကောင်းသည်မှာ၊ သက်မဲ့ ကောက်ရိုးခြောက် အရုပ်ကြီးသည် ကြမ်းပြင်ပေါ် လှဲလျောင်းနေရာမှ တအိအိနဲ့ ထူမလာသည်။

ကောက်ရိုးခြောက် အရုပ်ကြီးသည် သူ၏ကောက်ရိုးခြေထောက်ကို အားယူ၍ ယိမ်းနွဲ့ကာ အသက်ဝင် မတ်တတ်ရပ်လာခြင်း ဖြစ်သည်။ ဇေယျာပိုင်ခမျာ အံဩလွန်း၍ မှင်သက်ငေးမော နေမိသည်။

ကောက်ရိုးခြောက် အရုပ်ကြီး၏ ပါးစပ်ပေါက်သည် တိရစ္ဆာန်တစ်ကောင်၏ မေးရိုးအစုံကို အသုံးပြုထားသဖြင့် ဟပ်ပဲ့ပဲ့ ပါးစပ်ကြီးမှာ အလွန်ကြောက်စရာကောင်းလှသည်။ ထို့အပြင် ခန္ဓာကိုယ်မှာလည်း အမျိုးအမည်မသိ နံရိုးများနှင့်ကောက်ရိုးခြောက်များကို ရောယှက် တည်ဆောက်ထားခြင်း ဖြစ်ရာ ၊ မားမားကြီး မတ်တတ် ထရပ်လာသောအခါ မြင်တွေ့ရသူအဖို့ အသည်းအူကလီစာများ ပြုတ်ထွက်လုမတတ် ထိတ်လန့်သွားစေသည်။

လှုပ်ရှားလာသော ကောက်ရိုးခြောက် အရုပ်ကြီးသည် ၎င်း ရှေးဦးစွာ မြင်တွေ့ရသော ဇေယျာပိုင်ထံ တစ်လှမ်းခြင်း တိုးကပ်လာ၏။ ၎င်း၏ ပုံပန်းမကျသော ကောက်ရိုးလက်ကြီးမှာလည်း ကြောက်မက်ဖွယ်ရာ ရှည်လျား ဆန့်တန်းလာလေ၏။

ဇေယျာပိုင် သတိဝင်၍ အနောက်သို့ ဆုတ်ခွာလိုက်သည်။

တစ်လှမ်း … နှစ်လှမ်း … သုံးလှမ်းမြောက် ခြေလှမ်း၌ ဇေယျာပိုင် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အနောက်၌ နံရံကပ်ဘီရိုတစ်လုံး ခံနေသောကြောင့်ပင်။ ဇေယျာပိုင်၏ ခြေထောက်သည် သပ်ရိုးချွန်ကို စမ်းမိသွားသည်။

ကြောက်လန့်ဖွယ်ရာ ကောက်ရိုးခြောက် တစ္ဆေကြီးကို ပြန်လည် ခုခံရန် ခြေထောက်အောက်က သပ်ရိုးချွန်ကို အမြန်ကောက်ယူလိုက်သည်။

ထိုသပ်ရိုးချွန်ကို လက်မှာ မြဲမြံစွာကိုင်၍ ကောက်ရိုးခြောက် တစ္ဆေကြီးကို တိုက်ခိုက်ရန် လေပေါ်မြှောက်ကိုင်လိုက်သည်။ကောက်ရိုးခြောက် တစ္ဆေကြီးထံမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

” ဂူး … ”

ဇေယျာပိုင် အံဩသွားပြန်သည်။ သူ့လက်က သပ်ရိုးချွန်ကို ကောက်ရိုးခြောက်တစ္ဆေကြီးမြင်သောအခါ အလွန်အမင်း ကြောက်လန့်သွားဟန်နှင် မျက်နှာကို လက်ဖြင့်ကာရင်း ကိုယ်ကို နောက်သို့ ယို့သွားခြင်း ဖြစ်၏။

ဇေယျာပိုင် နားလည်လိုက်ပြီ။ ကောက်ရိုးခြောက်တစ္ဆေသည် ဤသပ်ရိုးချွန်အား ကြောက်လန့်ခြင်းပင် ဖြစ်လိမ့်မည်။ သေချာအောင် ဇေယျာပိုင်က သပ်ရိုးချွန်ဖြင့် တစ္ဆေကြီးအား ထိုင်ရန် အချက်ပြလိုက်သည်။

” အင်းဟင်း … ”

ကောက်ရိုးခြောက်ကြီးသည် သခင်၏ အမိန့်ကို နားခံသည့် ခွေးလိမ္မာတစ်ကောင်အလား ၊ ကြမ်းပြင်ပေါ်သို့ ဒူးထောက် ထိုင်ချလိုက်ပြီး ၊ ငြိမ်သက်နေလေ၏။

ကောက်ရိုးခြောက် တစ္ဆေကြီးသည် ၎င်း၏ ဝိဉာဉ်အား နုတ်ယူသွားသော ဤသပ်ရိုးချွန်အပေါ် အထူးပင် ကြောက်ရွံတုန်လှုပ်နေ၏။ ထိုသပ်ရိုးချွန်ဖြင့် ယခင် အိမ်ကြီးရှင် ဦးအိုက်စံက ၎င်း၏ ဝိဉာဉ်အား မလှုပ်ရှားနိုင်အောင် ချုပ်နှောင် သတ်ဖြတ်ထားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုပင်ကျော်ခဲ့ပြီမဟုတ်လား။

ထို့ကြောင့် သူ့ရင်ဝကို ဆယ်စုနှစ်တစ်ခုစာ စူးနင့်ဝင်ခဲ့သော ထိုသပ်ရိုးချွန်အပေါ် ကျိန်စာတစ်ခုအလား လွန်စွာမှ ကြောက်လန့်နေခြင်း ဖြစ်ပါသည်။

တကယ်တော့ သူ့အား စတင် ဖန်တီးခဲ့သူမှာလည်း ဦးအိုက်စံပင် ဖြစ်သည်။ ဇနီးသည် မရှိသည့်နောက်ပိုင်း ဦးအိုက်စံသည် အဖော်မဲ့ အထီးကျန်နေ၍ ကောက်ရိုးခြောက် အရုပ်တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် ဦးအိုက်စံသည် ရိုးရိုး သာမန် စာခြောက်ရုပ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းမဟုတ်။ သေလွန်ပြီး မြေမြုပ်ထားသော တိရစ္ဆာန်တို့၏ အရိုးများကို ညအချိန် တူးဖော်အသုံးပြုခဲ့ရုံသာမက ၊ အရုပ်ကြီး ပြီးစီးသွားသည့်အခါ အသက်ပါသွင်းခဲ့သည်။ သူ၏ ခြံတွင်းကို သူစိမ်း ဝင်မလာနိုင်ရန်အတွက် ခြောက်လှန့်စေရန် ရယ်ရွယ်ခဲ့သည်။ ကောက်ရိုးခြောက် အရုပ်ကြီးသည် သူထင်ထားတာထက် ပို၍ တာဝန်ကျေခဲ့သည်။

တစ်နေ့၌ ခြံအနီး လာရောက် ပန်းခူးသော ၁၂နှစ်အရွယ် ကလေးမလေးကို စာခြောက်ရုပ်ကြီးသည် ခြောက်လှန့်ရုံသာမက ဖမ်းယူ သတ်ဖြတ်ခဲ့သည်။

ဦးအိုက်စံ အလွန်တရာ ထိတ်လန့်သွားသည်။ ကောက်ရိုးခြောက်ရုပ်ကြီးသည် ကလေးမလေး၏ လည်ချောင်းသွေးကို အငမ်းမရ စုပ်မြို စားသုံးနေတာကို သူကိုယ်တိုင် မြင်တွေ့သွားလေပြီ။ထိုအခိုက်အတန့်၌ ဦးအိုက်စံ သဘောပေါက် နားလည်သွားပါသည်။ သူဖန်တီးထားသော မိစ္ဆာကောင်ကြီးသည် လူ့သွေးကို စားသုံးဖူးသွားလေပြီ ။ နောက်ရက်များတွင် လူသွေးကို စားသုံးရန်အတွက် ထပ်မံ သတ်ဖြတ် ပေတော့မည်။ စည်းပေါက်သွားပြီဟု ဆိုရလိမ့်မည်။ထိုအဖြစ်ကိုတော့ သူ လက်သင့် မခံနိုင်။ ထို့ကြောင့် သူ ဖန်တီးထားသော မိစ္ဆာကို သူပဲ သုတ်သင်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဦးအိုက်စံသည် စာခြောက်ရုပ်ကြီး၏ ရင်ဝအား အထူးစီမံထားသော သပ်ရိုးချွန်ဖြင့် ထိုးဖောက်၍ အသက်ဇီဝိန် ချုပ်ပစ်လိုက်တော့သည်။

ဦးအိုက်စံသည် သေဆုံးသွားသော ၁၂နှစ်အရွယ် ကလေးမလေးအတွက် အလွန်စိတ်မကောင်း ဖြစ်မိသည်။ကောင်မလေး၏ အလောင်းကို လူမသိသူမသိ သူ၏ ခြံထဲတွင်ပဲ ကိုယ်တိုင် ကောင်းမွန်စွာ မြုပ်နှံပေးလိုက်သည်။ ဦးအိုက်စံသည် နေ့ည ထိုအကြောင်းကိုပဲ စဉ်းစားတွေးတောရင်း ခံစားနာကျင်စိတ် အမြဲလိုလို ဖြစ်ပေါ်နေမိသည်။ နောင်တကြီးစွာ ရနေသည်။ ထို့ကြောင့် ထိုစိတ်ဖြင့်ပင် ၃ရက်မြောက်နေ့၌ မိမိကိုယ်ကို နှစ်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

___________

၄။

ဇေယျာပိုင် သပ်ရိုးချွန်ကိုကြည့်လိုက်၊ ကောက်ရိုးခြောက်တစ္ဆေကြီးကိုကြည့်လိုက် ၊ သဘောကျနေသည်။

သူ့လက်ထဲတွင် ဤသပ်ရိုးချွန် ရှိနေသမျှ ကောက်ရိုးခြောက်တစ္ဆေကြီးသည် သူ၏ အမိန့်ကို နာခံမည်မှာ မလွဲပေ။ ထို့ကြောင့် သူ စိတ်ကူးအသစ်တစ်ခု ရသွားသည်။

အဲ့ဒါကတော့ သူနှင့်သူ့အမေအား အရက်မူးလာတိုင်း နှိပ်စက်ညှင်းပန်းနေသော စိုင်းလူအား ကောက်ရိုးခြောက်တစ္ဆေကြီးနှင့် အပြီးတိုင် ဆုံးမရန် ဆုံးဖြတ်လိုက်ခြင်းပင် ။ ထို့ကြောင့် အိမ်အိုကြီးထဲကို ဝင်လာသော စိုင်းလူအား ဖမ်းဆီးရန် ကောက်ရိုးခြောက်တစ္ဆေကြီးအား အမိန့်ပေးလိုက်သည်။ တစ္ဆေကြီးသည် သခင်သစ်၏ အမိန့်ကို ထမ်းရွက်ရန် အိပဲ့ အိပဲ့နဲ့ ထွက်သွားလေသည်။

မကြာမီ စိုင်းလူ၏ ထိတ်လန့်ကြောက်ရွံသော အသံကြီး ထွက်ပေါ်လာသည်။

” အား … ”

ဇေယျာပိုင် ဟက်ကနဲ ရယ်မောလိုက်သည်။ သူ့အား အမြဲတစေ နှိပ်စက်ခြောက်လှန့်နေသော စိုင်းလူသည် ယခုအခါ၌ သူ့လက်ခုပ်ထဲက ရေ ဖြစ်နေလေပြီ။ သွန်လိုသွန် မှောက်လိုမှောက် သူ့သဘောကိုသာ ဆောင်နေတော့သည်။

နောက်တစ်နေ့ နံနက်တွင် လယ်ယာခွင်သို့ အလုပ်ဆင်း သွားသည့် ရွာသားအချို့သည် တိုက်အိမ်အိုကြီးအရှေ့အရောက်တွင် အံဩထိတ်လန့်စွာ စုရုံး နေကြသည်။

အဘယ်ကြောင့်ဆိုသော် … လူမိုက် စိုင်းလူသည် အိမ်အိုကြီး၏ ကျိုးပဲ့နေသာ ဝါးရံတာတွင် ကောက်ရိုးမျှင်များက ကြိုးတစ်ချောင်းသဖွယ် လည်ပင်း၌ ရစ်ပတ်လျက် ကြိုးဆွဲချ သေဆုံးနေသည်ကို မြင်တွေ့ကြရသောကြောင့် ဖြစ်လေသည်။

ရွာသားများသည် တာဝန်ရှိသူအား အကြောင်းကြား၍ အိမ်အိုကြီးထဲဝင်ရောက်ကာ တွဲလောင်းကျနေသော အလောင်းအား ဖြုတ်ယူကြသည်။

အလောင်းအား ရွာပြင်မှာ ပြင်ဆင်ကြရင်း ၊ အသက်၄၀ ဝန်းကျင်ခန့် ရွာသားကြီးများက … ၊

” ငါတို့ လွန်ခဲ့တဲ့ ဆယ်နှစ်က အိမ်အောက်ထပ် သွင်းထားတဲ့ စာခြောက်ရုပ်ကြီးက ဘယ်လိုလုပ် အပေါ်ထပ်က ဝါးရံတာမှာ ရောက်နေတာလဲ မသိဘူး၊ ပြီးတော့ စာခြောက်ရုပ်ကြီးရဲ့ ရင်ဘတ်မှာလည်း သပ်ရိုးချွန် မရှိတော့ဘူးကွ ”

ထိုစကားကို ကြားရသော အနီးအပါးက ဇေယျာပိုင်သည် ခါးကြားမှာ အင်္ကျီဖြင့် ဖုံးကွယ်ထားသည့် သပ်ရိုးချွန်အား အုပ်ကိုင်ရင်း ပြုံးနေလေတော့သည်။

ပြီးပါပြီ။

ပီပီ (မန္တလေး)
26.4.2021