*မြင့်ဆောင် နှင့် သက်ပျောက်ကုန်း*📖📖📖
************************************
(၁)
တောမရွာအနောက်ဘက်၌ သင်္ချိုင်းမြေနှင့်တဆက်တစပ်ထဲရှိနေသော တောင်ကုန်းတစ်ကုန်းရှိပြီး ထိုတောင်ကုန်းကို သက်ပျောက်ကုန်းဟု အမည်မှည့်ခေါ်ထားကြသည် ထိုတောင်ကုန်းပေါ်ကို ရောက်သွားသူများ တနည်းမဟုတ်တနည်းနဲ့တော့ သေဆုံးသွားကြတာချည်းဖြစ်သည်။
တောမရွာသူရွာသားများကလည်း ထိုတောင်ကုန်းပေါ်တွင် သင်္ချိုင်းမှတစ္ဆေသရဲများ သွားရောက်စုဝေးနေထိုင်ဟုကြသည်ဟုအယူရှိပြီး ထိုတောင်ကုန်းကို ဝေးဝေးကရှောင်ကြသည် ဒါပေမဲ့ ထိုတောင်ကုန်း အောက်ခြေလယ်လျှိုလေးကိုတော့လုပ်ကိုင်သူရှိပြီး သူ့ကို ရွာသူရွာသားများက သရဲကြီးဝင်းလှိုင်ဟု နာမည်ပေးထားသည်။
သူကလည်း ထိုနာမည်နှင့်လိုက်အောက်ပင် အပြောကြမ်းအဆိုကြမ်းကြီးဖြစ်ပြီး သူအပြောအဆိုကြမ်းတာကတော့ လူလူခြင်းအပေါ်မဟုတ်ပဲ သူပိုင်ကျွဲများအပေါ်ဖြစ်သည် သူ ထိုကျွဲနှစ်ကောင်ကိုအလုပ်ခိုင်းသည့်အချိန်၌ ကျွဲများကို မိုးမွန်နေအောင်ဆဲတတ်ပြီး မညှာမတာလည်းရိုက်နှက်ခိုင်းစေတတ်သည် ဒါကြောင့် ကျွဲနှစ်ကောင်မှာလည်း သူ့ဆိုလျှင် အင်မတန်ကြောက်ကြပြီး ဟိတ်ဆိုသည်နှင့်ပင် ရောက်သည့်နေရာမှာ ရပ်နေကြသည်အထိပင်ဖြစ်သည်။
သူ၏ အရိုက်အနှက်ကြမ်းမှုကြောင့်ကျွဲနှစ်ကောင်မှာလည်း ပိန်တူးနေပြီး တစ်ကောင်မှာ သူရိုက်နှက်ထားသဖြင့် မျက်လုံးတစ်ဖက်ပင် ကန်းနေပြီဖြစ်သည် ဒါပေမဲ့ ဝင်းမြိုင်ကြီးကတော့ သနားရမှန်းညှာတာရမှန်းမသိပဲ ဆက်လက်ခိုင်းစေနေမြဲဖြစ်သည်။
ဒါကြောင့်ရွာသားများကလည်း သူ့ကိုသရဲကြီးဟု နာမည်ပေထားကြချင်းဖြစ်ပြီး သရဲကြီးဝင်းမြိုင်မှာလည်း ရွာသားများပေးထားသည့်နာမည်ကြောင့် သူ၏စိတ်ကမကြောက်သည်ထက်ပင် ပို၍မကြောက်ပဲဖြစ်နေသည်။
အခုလည်း သရဲကြီးဝင်းလှိုင်တစ်ယောက် သက်ပျောက်ကုန်းပေါ်ရှိ ရုံးပင်ကြီးအောက်မှာ တုန်းလုံးလှဲနေရင်း ဤကုန်းမြေကို ရှင်းလင်း၍သီးနှံစိုက်ပျိုးဖို့စဉ်းစားမိလိုက်သည် ဒါပေမဲ့ဤကုန်းသည် သူပိုင်သောကုန်းမြေမဟုတ် ဦးသန်းအောင်ပိုင်သောကုန်းမြေဖြစ်ပြီး ဦးသန်းအောင်သည်လည်း ဤကုန်းသည် အခြောက်အလှန့်ကြမ်းရုံသာမက လူ့အသက်ပါ နှုတ်ယူတတ်သော ကုန်းဆိုးကုန်းကြမ်းဖြစ်၍ မလုပ်ရဲမကိုင်ရဲပဲ ဤအတိုင်းသားပြစ်ထားရသည်။
ဒါကိုသိသော သရဲကြီးဝင်းမြိုင်လည်း ရွာနှင့်နီးနီးနားနား သွားရလာရလွယ်ကူသောဤကုန်းမြေအား အလဟဿဖြစ်မယ့်အတူတူ ဦးသန်းအောင်ဆီခွင့်တောင်၍ သူသီးနှံ့စိုက်စားမည်ဟု ဆုံးဖြတ်လိုက်ပြီး ကျွဲသွင်းချိန်အိမ်ပြန်ရောက်လျှင် ဦးသန်းအောင်ဆီသွား၍ ခွင့်တောင်းလိုက်မည်ဟု စဉ်းစားထားလိုက်သည်။
(၂)
သရဲကြီးဝင်းလှိုင်လည်း သူစဉ်းစားထားသည့်အတိုင်း နေဝင်မိုးချုပ် ကျွဲများကိုအိမ်သို့သွင်းပြီးသည်နှင့် ဦးသန်းအောင်အိမ်ဘက်ကို ထွက်လာခဲ့တော့သည် ဦးသန်းအောင်လည်း ဝိုင်းဝမှနေ၍ ဆံပင်ကြီးခါးလည်လောက်ဖြင့် သူ့ဆီလျှောက်လာသော ကိုဝင်းမြိုင်ကြီးကို မြင်လိုက်ရပြီး
“လာကွာ ဝင်းမြိုင်ကြီး ဘာကိစ္စရှိလို့တုန်းကွ”
သူလည်း မလာစဖူးရောက်လာသော ဝင်းမြိုင်ကြီးကို ဆီးကြိုနှုတ်ဆက်လိုက်ပြီး တန်းလျှားပေါ်၌ ထိုင်ခိုင်းလိုက်သည် ကိုဝင်းမြိုင်ကြီးလည်း တန်းလျှားပေါ်ဝင်ထိုင်ရင်း
“ကိစ္စကတော့ ဒီလိုဦးလေးရေ ဦးလေးမလုပ်ရဲတဲ့ သင်္ချိုင်းနားကကုန်းကို ကျွန်တော်လုပ်ချင်လို့ဗျာ့ အဲ့ဒါဦးလေးဆီခွင့်လာတောင်းတာ”
သရဲဝင်းမြိုင်ကြီးလည်း သရဲကြီးဘွဲ့ကိုရထားပေမဲ့ လူကြီးသူမများနဲ့ စကားပြောဆိုရာတွင်တော့ ချောမောပြေပြစ်လှသည် သူသရဲဘွဲ့ကိုရသည်မှာလည်း နေရာတကာဆိုးသွမ်းနေ၍မဟုတ်ပဲ ကျွဲနွားအရိုက်ကြမ်းချင်းနှင့် မကြားဝံ့မနာသာ ဆဲဆိုတတ်ခြင်းတို့ကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ အသားမဲမဲကြီးဖြင့် ဆံပင်ရှည်ကြီးကျောလယ်လောက်ထား၍ လူငယ်လူရွယ်များအပေါ်၌ အာဝါးအာဝါးဖြင့်ပြောဆိုတတ်ခြင်းတို့ကြောင့်လည်းဖြစ်သည်။
ယခု သရဲဝင်းမြိုင်ကြီး သူလာရသည့်အကြောင်းကိုပြောလိုက်တော့ဦးသန်းအောင်က
“မင်းပြောတာ သက်ပျောက်ကုန်းကိုပြောနေတာလားကွ”
“ဟုတ်တယ်ဦးလေး အဲ့ဒီကုန်းကိုပြောနေတာ”
“ဖြစ်ပါ့မလားကွ အဲ့ဒီကုန်းက အင်မတန်ကြမ်းတဲ့ကုန်းနော်”
ဦးသန်းအောင်လည်း မလုပ်နဲ့ဟုမပြောပဲ ထိုကုန်းသည် အင်မတန်ကြမ်းတမ်းသော ကုန်းဟုသာပြောလိုက်သည် ထိုအကြောင်းကိုလည်း သရဲဝင်းမြိုင်သိပြီးသားဖြစ်၍
“သိပါတယ်ဗျာ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ မကြမ်းပါဘူး”
ဦးသန်းအောင်လည်း သရဲဝင်းမြိုင်ကြီးကိုကြည့်လိုက်ပြီး
“မင်းသေချာစဉ်းစားပါဦးကွာ အဲ့ဒီအကွက်က ဘယ်သူမှလုပ်ကိုင်ရဲတဲ့အကွက်မဟုတ်ဘူး မင်းတစ်ခုခုဖြစ်မှာကို မကြောက်ဘူးလား”
“မကြောက်ပါဘူး ဦးလေးရာ ကျွန်တော့်လယ်တွေလည်း အဲ့ဒီနားမှာရှိတာပဲ ဘာမှမဖြစ်ပါဘူ နောက်ပြီး နေ့လည်းနေ့ခင်း ကျွန်တော် ကျွဲကျောင်းရင်း အဲ့ဒီကုန်းပေါ် အမြဲတက်အိပ်နေတာပဲ ဘာမှမဖြစ်ပါဘူး”
ကိုဝင်မြိုင်ကြီးလည်း ထိုကုန်းနဲ့ပတ်သက်ပြီး သူ့အတွက် ကြောက်လန့်စရာမရှိကြောင်းပြောလိုက်တော့
“အေးလေ ငါကမင်းတစ်ခုခုဖြစ်မှာစိုးရိမ်လို့ပြောတာကွ ဒါပေမဲ့ မင်းလုပ်ရဲတယ်ဆိုရင်လည်း လုပ်ပေါ့ကွာ ငါကတော့ အဲ့ဒီအကွက်ထဲကို သွားကိုမသွားရဲတာကွ”
ဦးသန်းအောင်လည်း သရဲဝင်းမြိုင်ကြီးသည် သူနှင့် လယ်နီးနားချင်းဖြစ်သလို သူ့လယ်များကိုလည်း သီးစားဖြင့်လုပ်ကိုင်ပေးနေသူဖြစ်သည် ဒါကြောင့် ယခုလိုလာယောက်ပြောဆိုနေတာကို အားလည်းနာသလို သူကိုယ်တိုင်က ကျွဲနွားမရှိ၍ ထိုအကွက်ကို လုပ်ကိုင်နိုင်မည်မဟုတ် ဒါကြောင့်ရှေ့ကောင်း နောက်ကောင်းဖြစ်လုပ်ခွင့်ပေးလိုက်သလို ကိုဝင်မြိုင်ကြီးလည်း သူလုပ်ချင်သောအကွက်ကို လုပ်ခွင့်ရသွားပြီးမို့ ဦးသန်းအောင်ကို ကျေးဇူးတင်စကားပြောပြီး အိမ်ကိုပြန်သွားတော့သည်။
(၃)
နောက်နေ့မနက်ရောက်တော့ သရဲဝင်းမြိုင်ကြီးလည်း စောစောပင်တောထဲသွား၍ ကျွဲများကို သက်ပျောက်ကုန်းပေါ်၌ လွှတ်ကျောင်းထားပြီး သူကတော့ ထိုကုန်းအိုင့်ပိုင်း လေးရှိ သစ်ပင်များခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းနေသည်။
ထိုအခိုက် သူ ကျွဲကျောင်းရင်း သွားသွားအိပ်နေသည့် ရုံးပင်ကြီးရှိရာ တောင်ကုန်းထိပ်ပေါ်မှ လူကြီးတစ်ယောက်ဆင်းလာပြီး သစ်ပင်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းနေသည့် သရဲဝင်းမြိုင်ကြီးကို ရပ်ကြည့်နေသည် ဝင်းမြိုင်ကြီးလည်း ထိုလူကြီး တောင်ကုန်းပေါ်မှ ဆင်းလာတာကိုမသိပဲ သူ့ရှေ့တောများကိုသာ ဆက်ခုတ်နေသည် ထိုအချိန် သူ့နောက်ရောက်နေသည့်လူကြီးက
“ငါ့တူ မင်းဒီတောတွေကို ဘာလုပ်ဖို့ ခုတ်နေတာတုန်းကွ”
ဝင်းမြိုင်ကြီးလည်း သူ့နောက်မှ မေးလိုက်သည့်အသံကိုကြား၍ ရုတ်တရက်လှည့်ကြည့်လိုက်တော့ သူတောစခုတ်ခဲ့သည့်နေရာလေးတွင် ရပ်နေသော အသက်ကြီးကြီးလူကြီးတစ်ယောက်ကို မြင်လိုက်ရသည် ထိုလူကြီးသည် အသက်ကြီးပေမဲ့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး တိုက်ပုံအင်္ကျီရင်ဘတ်ဖွင့်၍ ပုဆိုးကွက်ထောက်ကြီးကိုဝတ်ထားသည် ခေါင်း၌ပဝါတစ်ထည်ကို ပတ်ထားပြီး ရောင်တစောင်းနှင့်ဖြစ်ကာ ဝင်းမြိုင်ကြီးကို သေချာကြည့်နေသည် ဝင်းမြိုင်ကြီးလည်း ထိုလူကြီးကို ကြည့်ပြီး
“ကျုပ်ဒီအကွက်ထဲမှာ သီးနှံစိုက်ဖို့ခုတ်နေတာဗျာ့ ဒါနဲ့ ဦးကြီးက ဘယ်ကတုန်းဗျာ့”
ဝင်းမြိုင်ကြီးလည်း တောခုတ်နေရာမှ ခဏရပ်၍ သူ့ဆီရောက်လာသော လူကြီးကို ပြန်မေးလိုက်သည် ထိုအခါ လူကြီးက
“ခုတ်မနေပါနဲ့ကွာ ဒီအတိုင်းထားလိုက်စမ်းပါ ဒီမှာလည်း နေထိုင်ကြတဲ့သူတွေရှိတယ်ကွ”
ထိုလူကြီးလည်း သူဘယ်ကလာဆိုတာကို မပြောပဲ ဝင်းမြိုင်ကြီးကို တောမခုတ်ဖို့ပြောသည် ဝင်းမြိုင်ကြီးကလည်း သူတို့ရွာကမဟုတ်သလို သူနဲ့လည်းမသိကျွမ်းသော ထိုလူကြီးကို သိပ်ဂရုမစိုက်ပဲ
“ဦးကြီးကသာ ဒီမှာနေတဲ့လူတွေရှိတယ်လို့ပြောတာ ကျုပ်တော့တစ်ယောက်မှ မမြင်ပါလားဗျာ့”
ဝင်းမြိုင်ကြီးသည် ထိုစကားကို မထေ့မဲ့မြင့်ပုံစံဖြင့် ခပ်ပြုံးပြုံးပြောလိုက်ချင်းဖြစ်ပြီး သူ့စိတ်ထဲမှာလည်း ထိုလူကြီးပြောသော ဤနေရာတွင်နေသူများရှိသည်ဆိုသောပြောစကားသည် မကျွတ်မလွတ်သေးသော နာနာဘာဝမကောင်းဆိုးဝါးများကို ရည်ညွှန်း၍ပြောမှန်းသိနေသလိုပင်ရှိသည် ဒါပေမဲ့ သူလည်းဤနေရာတွင် နေထိုင်လာသည်မှာ သူ့တစ်သက်ပင်ဖြစ်ပြီး ထိုအတောအတွင်း သူ့၌တစ်စုံတစ်ရာ အန္ဓရာယ်မရှိပဲ နေချင်သလိုနေနိုင်၍ သိပ်ပြီး ဂရုမစိုက်ပဲ ခပ်ပေါ့ပေါ့ပင်ပြောလိုက်ချင်းဖြစ်ပြီး ထိုလူကြီးက
“မင်းမှာတခြားအကွက် လုပ်စရာမရှိတော့ဘူးလားကွ”
“မရှိတော့ဘူးဗျာ့ ဒါလည်းကျုပ်အကွက်မဟုတ်ဘူး ဒီအကွက်ပိုင်ရှင်ကမလုပ်ရဲလို့ သူကိုပြောပြီး ကျုပ်လာလုပ်တာ”
“အကွက်ပိုင်ရှင်တောင်လာမလုပ်ရဲတာကွာ မင်းလည်း လုပ်ချင်မနေစမ်းပါနဲ့”
ထိုစကားတော့ ထိုလူကြီးသည် ဝင်းမြိုင်ကြီးအား ဒုက္ခမရောက်စေလို၍ ပြောလိုက်ချင်းဖြစ်ပြီး ဝင်းမြိုင်ကြီးကတော့ ဘာမှပြန်မပြောသေးပဲအတန်ကြာစဉ်းစားနေမိသည် သူ့စိတ်ထဲ၌လည်း ဦးသန်းအောင်ဆီက မရမကခွင့်တောင်းခဲ့ပြီးပါမှ ဤလူကြီး မလုပ်ခိုင်း၍မလုပ်ပဲနေရမည်ကို ရှက်သလိုလိုဖြစ်နေမိသည် ထို့ပြင် သရဲကြီးဘွဲ့ရထားသောသူသည် သူလုပ်ကိုင်ချင်လှပါသည်ဆိုသော ဤနေရာကို လုပ်ကိုင်ခွင့်ရပါလျှက် မလုပ်ပဲနေလျှင် ရွာသူရွားသားများ သူ့ကွယ်ရာတွင် လှောင်ပြောင်နေကြမှပဲဟုတွေးပြီး အဖြေပြန်မပေးနိုင်ပဲဖြစ်နေသည်။
သူထို့သို့ဖြစ်နေတာကိုမြင်တော့ သူ့အားဤအကွက်ကို မလုပ်ရန်လာပြောသော လူကြီးလည်း ကုန်းပေါ်ကိုပြန်တက်သွားသည် ဝင်းမြိုင်ကြီးလည်း သူ့အတွေးနှင့်သူမို့ ထိုလူကြီးကုန်းပေါ်ပြန်တက်သွားတာကိုပင် မသိလိုက်ပဲ သူ တစ်ခုခုကို ဆုံးဖြတ်ပြီး၍ ထိုလူကြီးကို လှည့်ပြောမယ်လုပ်လိုက်တော့ ထိုလူကြီးကိုမတွေ့ရတော့ သူလည်း ဘယ်မှလိုက်ရှာမနေတော့ပဲ တောကိုသာ ဆက်ခုတ်နေလိုက်ပြီး သူ ထိုလူကြီးကို ပြောမည့်စကားက ဤနေရာကို ဆက်လုပ်မည်ဟူသော စကားပင်ဖြစ်သည်။
(၄)
ကိုဝင်းမြိုင်ကြီးလည်း သူဆုံဖြတ်ထားသည့်အတိုင်းပင် တောခုတ်ဆက်ခုတ်နေသလို သူ့ကိုလာတားသည့် လူကြီးလည်း သူအမြဲတမ်းအိပ်နေသည့် ကုန်းထိပ်ရှိ ရုံးပင်ကြီးအောက်မှနေပြီး သူ့ကိုလှမ်းကြည့်နေသည် ထိုလူကြီးသည်ဤအကွက်ထဲမှာနေသည့် သရဲကြီးတစ်ကောင်ဖြစ်ပြီး ကျန်ဤကုန်းပေါ်မှာနေသည့် တစ္ဆေသရဲ မကောင်းဆိုးဝါးတို့၏ ခေါင်းဆောင်လည်းဖြစ်သည်။
ဒါကြောင့် သူ ဤကုန်းပေါ်မှနေသည့် တစ္ဆေသရဲ မကောင်းဆိုးဝါးများ ထိမိခိုက်မိမရှိအောင်နဲ့ နေစရာနေရာမပျက်အောင် ဝင်းမြိုင်ကြီးကို တောဆက်မခုတ်ရန်တားချင်းဖြစ်သည် ထိုသရဲကြီးသည် ဝင်းမြိုင်ကြီးမို့သာ ဤလိုတားဆီးနေခြင်းဖြစ်ပြီး ကျန်သူများဆိုပါက ကုန်းပေါ်သို့ပင် ကြာကြာနေခွင့်မပေး ဝင်းမြိုင်ကြီးကိုတော့ ငယ်စဉ်ထဲကပင် ဤကုန်းအောက်ခြေရှိလယ်လျှိုလေးထဲမှာလုပ်ကိုင်နေသူဖြစ်၍ သူတို့မြင်တွေ့နေကြဖြစ်ပြီး ဝင်မြိုင်ကြီး၏အကျင့်စရိုက်ကိုလည်း သိရှိထားသည် သူတို့လည်း မကောင်းဆိုဝါး တစ္ဆေများဖြစ်သည့်အလျှောက် ဝင်းမြိုင်ကြီး၏ ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတာတွေ ကျွဲနွားတွေကို မညှာမတာ ရိုက်နှက်တာတွေကို သဘောကြနေကြသည်
ဒါကြောင့် ဤကုန်းပေါ်မှာပင်ကျွဲကျောင်းခွင့်ပြုထားပြီး နှောက်ယှက်ခြင်းမပြု ဒါပေမဲ့ အခုလိုမျိုး သူတို့နေထိုင်သည့် သစ်ပင်သစ်တောများကို ခုတ်ထွင်ရှင်းလင်းမှာကိုတော့ မလိုလား ဒါကြောင့် ရုံးပင်အောက်မှာရပ်နေသည့် သရဲကြီးလည်း ဝင်မြိုင်ကြီးအား သူတို့နှင့်ခေါ်ထားရန်ဆုံးဖြတ်လိုက်ပြီး သူခန္ဓာကိုယ်ကို လေးဖက်ထောက်၍ မျက်စားနေသော ကျွဲတစ်ကောင်နားသို့ပြေးကပ်လိုက်သည် သူထိုကျွဲနားရောက်သည်နှင့် ထိုကျွဲ၏ခန္ဓာကိုယ်ထဲသူ၏ဝိညာဉ်အားဝင်ပူးလိုက်သည်။
သရဲအပူးခံလိုက်ရသောကျွဲလည်း ရုတ်တရက်ပင် အသိစိတ်ပျောက်သွားပြီး တညွှညွှအော်ကာ ခေါင်းတရမ်းရမ်း လည်တရမ်းရမ်းဖြစ်လာပြီး သူ့သခင်ရှိသည်နေရာသို့ တန်းတန်းမတ်မတ်ပင်လျှောက်လာသည် ထိုကျွဲထိုသို့ အမူအယာ ပြောင်းသွားတာမြင်တော့ ကျန်ကျွဲတစ်ကောင်လည်း ထိုကျွဲသည် မိမိအားပြန်ခတ်ချင်၍ အမူအရာပြောင်းသွားသည်ဟုထင်လိုက်ပြီး ထိုကျွဲနောက်မှ လိုက်လာသည် ထို့နောက် ဝင်းမြိုင်ကြီးခုတ်ထားသော တောစလေးရောက်တော့ ရှေ့မှသရဲပူးနေသောကျွဲအား နောက်မှထိုးခတ်လိုက်သည် သရဲပူးနေသော ကျွဲလည်း နောက်သို့လှည့်၍ တစ်ချက်နှစ်ချက်မျှ ခတ်လိုက်ရုံဖြင့် သူ့အားခတ်သောကျွဲလည်း မခံနိုင်ပဲ ရွာဘက်ကိုထွက်ပြေးသွားသည်။
ဝင်းမြိုင်ကြီးလည်း ကျွဲနှစ်ကောင်ခတ်သံကြား၍ နောက်လှည့်ကြည့်လိုက်တော့ အရင်နိုင်သော ကျွဲသည် ရွာဘက်ထွက်ပြေးသွားတာကိုမြင် လိုက်ရပြီး မျက်လုံးတစ်ဖက်ကန်းနေသည့် ကြောက်ကျွဲက ခေါင်းကြီးမော့လျှက် သူ့ဆီတန်းတန်းလာနေတာကို မြင်လိုက်ရသည် ဝင်းမြိုင်ကြီးလည်း ထိုကျွဲအားအသာချော့၍ ကြိုးကိုဖမ်းကိုင်ရန် တကျွတ်ကျွတ်စုပ်သပ်ရင်း ကျွဲရှိရာသို့လျှောက်လာခဲ့သည် သူ့စိတ်ထဲ၌လည်း ထိုကျွဲထို့သို့ဖြစ်နေချင်းမှာ သူခတ်လိုက်သော ကျွဲအားမကျေနပ်၍ ဒေါသဖြစ်နေခြင်းဟုသာ ထင်ပြီး သူ့ကိုအန္ဒရာယ်ပြုမည်ဟုမထင် ဒါကြောင့်ပေါ့ပေါ့ဆဆပင်ကျွဲနားကပ်သွားပြီး သူကျွဲနားရောက်သည်နှင့် သရဲပူးနေသောကျွဲလည်း သူ၏ဗိုက်ကိုထိုးခတ်လိုက်သည် ဝင်းမြိုင်ကြီးလည်း ရုတ်တရက်ဖြစ်၍ ဘယ်လိုမှမရှောင်တိမ်းနိုင်တော့ပဲ အားကနဲအော်ကာ ကျွဲချိုဖျားတွင်မြောက်ပါသွားတော့သည်။
သူ၏ဝမ်းဗိုက်မှာလည်း ကျွဲချိုကြီး ဟိုဘက်ဒီဘက်ဖောက်ဝင်နေပြီး လူလည်း ထိုဒါဏ်ရာဖြင့်ပင် အသက်ထွက်သွားရတော့သည် ဝင်းမြိုင်ကြီး အသက်ထွက်သွားသည်နှင့် ကျွဲအားပူးကပ်နေသော သရဲကြီးလည်း ကျွဲခန္ဓာကိုယ်မှ ခွါထွက်သွားပြီး သူနေသော ရုန်းပင်ကြီးရှိရာ တောင်ကုန်းပေါ်ကို ပြန်တက်သွားတော့သည်။
သရဲပူးကပ်နေရာမှ ခွါထွက်သွားသောကျွဲလည်း သူချိုဖျားတွင် သူ့သခင်ရောက်နေတာကိုမြင်ပြီး လန့်ဖြတ်၍ခါထုတ်လိုက်သည် ဒါပေမဲ့ သူချိုသည် ချိုသပိတ်ဖြစ်နေ၍ ခါထုတ်လို့မရပဲ ခါထုတ်လေ အတွင်းထဲသို့ စိုက်ဝင်လေဖြစ်နေသည် သူ၏ခေါင်းမှာလည်း ဝင်းမြိုင်ကြီး ဒဏ်ရာမှထွက်သော သွေးတို့ဖြင့်စိုရွှဲနေပြီး သူလည်း ထိတ်လန်ကြောက်ရွံ့ကာ ရွာဘက်သို့ပြေးထွက်လာတော့သည်။
(၅)
ဝင်းမြိုင်ကြီး၏ ထိတ်လန့်ကြောက်ရွံ့ဖွယ် အော်သံကြီးကိုကြားလိုက်ရပြီး ရွာသားများလည်း ထိုဘက်ကိုလှည့်ကြည့်နေကြသည် ထိုအချိန် ဝင်းမြိုင်ကြီးကို ခေါင်းပေါ်တင်၍ ပြေးလာသော ကျွဲကိုမြင်လိုက်ရပြီး
“ဟာ ဟိုကျွဲဘယ်လိုဖြစ်တာတုန်းကွ သူ့ခေါင်းပေါ်က ဝင်းမြိုင်းကြီးမဟုတ်လား”
“ဟုတ်တယ်ဗျာ့ အဲ့ဒါ ဝင်းမြိုင်ကြီးပဲ သူ့ကိုကျွဲခတ်လိုက်ပြီထင်တယ်”
ရွာသားများလည်း ခမ်လှမ်းလှမ်းမှပြေးလာသော ကျွဲကို ကြည့်ပြီးပြောလိုက်သည် ထို့နောက် ထိုကျွဲသူတို့အနား ရောက်လာတော့
“ဟာ ဝင်းမြိုင်ကြီးတော့ ဗိုက်ပေါက်သွားပြီကွ အသက်မရှိလောက်တော့ဘူး”
ရွာသားတစ်ယာက်က ထိုသို့ပြောလိုက်ပြီး ကျန်ရွာသားများက
“ဟုတ်တယ်ဦးသန်းအောင် ဘယ်လိုလုပ်မတုန်း”
“ဘယ်လိုလုပ်ရမှာတုန်းကွ သူ့ကိုကျွဲချိုပေါ်က ချွတ်ယူရမှာပေါ့ ကဲအဲ့ဒီကျွဲကို ဝိုင်းဖမ်းကွာ”
ရွာသားများလည်း ကျွဲချိုပေါ်တွင် အသက်ပျောက်နေသည့် ဝင်းမြိုင်ကြီး၏ ခန္ဓာကိုယ်ကြီးကို ချွတ်ယူရန် ကျွဲကိုဝိုင်းဖမ်းကြသည် ဒါပေမဲ့ နဂိုကတည်းက လန့်ဖြတ်နေသော ကျွဲသည် လူများအုပ်ကြွက်အုပ်ကြွက် ဖြစ်နေတာမြင်တော့ ပို၍လန့်ဖြတ်သွားပြီး အနားအကပ်မခံပဲ ပတ်ပြေးနေတော့သည် ရွာသားများလည်း ကျွဲကိုအမျိုးမျိုးကြိုးစာဖမ်းသော်လည်းမရ ဒါနဲ့ နောက်ဆုံးသူတို့လည်း ကြံရာမရဖြစ်ပြီး ထိုကျွဲကို အသေဖမ်းရန်ဆုံးဖြတ်လိုက်သည်။
ကျွဲသည်လည်း ရွာထဲလည်းဝင်လိုမရသလို ရွာဘေးပတ်ပြေးနေ၍လည်းမဖြစ် ရွာသားများက သူ့ကိုလိုက်ဖမ်းနေကြပြီး သူကလည်း ရွာသာများကို ထိတ်လန့်နေသည် ဒါကြောင့် သူ့စားကျက်ဖြစ်သည် သက်ပျောက်ကုန်းဆီကို ပြန်ပြေးလာပြီး သူထိုနေရာသို့ရောက်တော့ နောက်မှလိုက်လာသည့် ရွာသားများလည်း လှံဖြင့်ဝိုင်းထိုးသတ်လိုက်တော့သည် သူတို့ ထိုသို့လုပ်ရသည်မှာလည်း ဖမ်းမမိရုံသက်သက်ကြောင့် မဟုတ်ပဲ လူခတ်သတ်ထားသောကျွဲအား ဆက်ပြီးမထားချင်တော့တာကြောင့်လည်းဖြစ်သည်။
ရွာသားများလည်း ထိုကျွဲသေကြီး ချိုပေါ်မှ ဝင်းမြိုင်ကြီးကို ဖြုတ်ယူလိုက်ပြီး သင်္ချိုင်းဘက်သို့ သယ်ဆောင်သွားကြသည် သူအားခတ်သတ်ခဲ့သည့်ကျွဲကိုတော့ သက်ပျောက်ကုန်း အောက်ခြေရှိ ဝင်းမြိုင်ကြီး၏ လယ်ကွက်ထဲမှာပင် မြှုပ်နှံလိုက်ကြသည်။
(၆)
ထိုညမှာပင် သရဲဝင်းမြိုင်ကြီးတစ်ယောက် သရဲဘဝကို တကယ်ရောက်ရှိသွားပြီဆိုတာ သူ၏အလောင်းအား စောင့်နေကြသည် ရွာသားများသိရှိလိုက်ပြီး သူနှင့်အတူ ကျွဲကြီးတစ်ကောင်ကိုပါ တွေ့လိုက်ရ၍ ထိုကျွဲသည်လည်း သူ့အားသရဲပူး၍ ခတ်သတ်လိုက်သည့် ကျွဲဖြစ်နိုင်ပြီး ဝင်းမြိုင်ကြီးကဲ့သိုပင် တစ္ဆေသရဲဘဝကို ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရသည်။
ထိုည၌ သင်္ချိုင်းဇရပ်ပေါ်တွင် တင်ထာသော ဝင်းမြိုင်ကြီး၏ အလောင်းအား စောင့်နေကြသည့် ကိုထွေး ငညိုနှင့် မောင်ဦးတို့သုံးရောက် ဇရပ်ပေါ်၌ရှိေနစဉ် သင်္ချိုင်းနှင့် တစပ်ထဲဖြစ်နေသည့် သက်ပျောက်ကုန်းပေါ်နေပြီး ကျွဲနှာမှုတ်သံ တဖူးဖူးကိုကြားလိုက်ရပြီး
“ဟေ့ကောင်တွေ ဒို့ကိုတော့ ကိုဝင်းမြိုင်ကြီးခြောက်နေပြီကွ”
မောင်ဦး ထိုသို့ပြောလိုက်တော့ ကိုထွေးက
“ခြောက်တော့လည်း ခြောက်ပေါ့ဗျာ ကျုပ်တို့ဒီညတော့ နောက်ဆုံးအနေနဲ့ ကိုဝင်းမြိုင်ကြီးအတူ နေပေးလိုက်အောင် ရွာထဲမှာလည်း ကျုပ်တို့ကလွဲပြီး သူ့ကိုစောင့်ပေးမဲ့လူ မရှိဘူဗျာ့”
“ဒါတော့ ဒါပေါ့ကွာ သိပ်ကြမ်းကြမ်းတမ်းတမ်းကြီး ခြောက်ရင်တော့ ငါကတော့ထွက်ပြေးမှာဗျာ့”
ကိုညိုလည်း သူ့စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်ပြီး ရှေ့မှာချထားသည့် အရက်ခွက်ကို မော့သောက်လိုက်သည် သူတို့လည်း ဤအတိုင်းတော့ လာမစောင့်ရဲကြ ရဲဆေးအဖြစ် ရွာထဲမှ အရက်မူးအောင်သောက်လာခဲ့ပြီး အခုလည်း သူတို့ယူလာသော အရက်အား ဆက်သောက်နေကြခြင်းဖြစ်သည် ဒါပေမဲ့ အသိစိတ် မပြောက်မချင်း ကြောက်စိတ်ကတော့ ရှိနေကြတုန်းပဲဖြစ်၍ တစ်ယောက်နဲ့တစ်ယောက် အရိပ်အခြေကြည့်နေကြပြီး တစ်ယောက်ပြေးတာနှင့် ကျန်သည့် နှစ်ယောက်ပါ ထပြေးကြမည်ဖြစ်သည် ဒါပေမဲ့ အခုအချိန်ထိအောင် အိန္ဒြေမပျက်ရှိနေကြသေးပြီး အရက်ကိုသာ ဆက်သောက်နေကြသည် ထိုအချိန် သူတို့စောစောကကြားလိုက်ရသည့် ကျွဲနှာမှုတ်သံကို ပို၍ကျယ်ကျယ်လောင်လောင်ကြားလိုက်ရပြီး
“ဟ ကိုညို ကျုပ်တို့တော့ ရွာပြန်တော့မှ ဖြစ်မယ်ဗျာ့ ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူး”
သူတို့ထဲတွင် သရဲအကြောက်ဆုံးဖြစ်သည် မောင်ဦးကပြောလိုက်တော့
“နေစမ်းပါဦးဗျာ ခင်ဗျားကလည်း ကျွဲနှာမှုတ်သံကြားတာနဲ့ ရွာပြန်ရမယ်လို့ အခုသေတာလူဗျာ့ ကျွဲမဟုတ်ဘူး”
ကိုထွေးလည်း လူသေပြီး ကျွဲလိုတော့ ခြောက်မှာမဟုတ်ဘူးဆိုတာသိ၍ ပြောလိုက်တော့
“ဟကောင်ရ မင်းမူးနေပြီလား အခုဟာ လူတင်သေတာမဟုတ်ဘူးကွ ညနေက ဒို့လှံနဲ့ထိုးသတ်လိုက်တဲ့ ကျွဲကိုရော ဘယ်သွားထားမတုန်း”
မောင်ဦး ထိုသို့ပြောလိုက်တော့ ကိုထွေးလည်း တစ်ချက်စဉ်းစားလိုက်ပြီး
“ဒါတော့ ဒါပေါ့ဗျာ ဒါပေမဲ့ ကျွဲကတော့ သေပြီးသရဲမဖြစ်လောက်ပါဘူး”
ကိုထွေးလည်း သူ့အမြင်ကို ပြောလိုက်တော့
“ပြောလို့ရမလားကွ ကျွဲဆိုတာလည်း သက်ရှိသတ္တဝါပဲကွ နောက်ပြီး ဒီကျွဲကရိုးရိုးတန်းတန်းသေတာမဟုတ်ဘူး လူခတ်သတ်လို့ လှံနဲ့ထိုးသတ်ခဲ့ရတာ”
မောင်ဦး၏ဆိုလိုရင်းသည် မသေခင်တုန်းကတည်းက လူတစ်ယောက်ကို ခတ်သတ်ထားပြီး သေတော့လည်း မချိမဆန့် လှံဖြင့်ဝိုင်းထိုးခံရ၍ သေသွားသလို သူသေသည့်နေရာသည်လည်း အင်မတန်မှ တစ္ဆေသရဲပေါများသည့် သင်္ချိုင်းဘေး သက်ပျောက်ကုန်းနေရာမှာဖြစ်၍ တိရစ္ဆာန် ပင်ဖြစ်သော်လည်း တစ္ဆေသရဲဖြစ်နိုင်သည်ဆိုတာကို တွက်ဆ၍ပြောလိုက်ခြင်းဖြစ်ပြီး သူထိုသို့ပြောလိုက်တော့ ကိုညိုက
“ဟုတ်တယ်ကွ ဒါလည်းဖြစ်နိုင်တယ် ဘယ်သူဘယ်ဝါ ဘာပဲဖြစ်ဖြစ် သူတို့မသေခင် နောက်ဆုံးစိတ်ဆွဲသွားတဲ့ ဘဝကိုရောက်မှာပဲ အခုလည်းအဲ့ဒီကျွဲက သူမသေခင် အနီးအနားက နာနာဘာဝ မကောင်းဆိုးဝါတွေကို မြင်သွားမှာပဲ ဒီတော့ မောင်ဦးပြောတာကို ငါထောက်ခံတယ်ကွာ”
ကိုညို့လည်း မောင်ဦးပြောသည့် ကျွဲလည်း တစ္ဆေဖြစ်နိုင်သည်ဆိုသည့်စကားကို ထောက်ခံလိုက်ပြီး သူလည်း နေရာမှအနည်းငယ်ရွေ့လိုက်သည် သူထိုသို့နေရာရွေ့လိုက်တာကိုမြင်တော့ မောင်ဦးက
“ကိုညို ပြေးတော့မပြေးနဲ့ဗျာ ပြန်မယ်ဆိုလည်းအတူ ပြန်ကြတာပေါ့”
“မပြေးပါဘူးကွ ငါခြေကျင်လို့ နေရာရွေ့တာပါ”
ကိုညိုလည်း ထိုသို့ပြောပြီး အိန္ဒြေရရပြန်နေလိုက်သည် သူလည်း ဒီအထဲမှာ အသက်အကြီးဆုံးဖြစ်၍ ကျန်သည့်လူများ သူပြောသလို လိုက်လုပ်မည်ဆိုတာကို သိနေပြီး သူပြန်မည်ဆိုလျှင် ထပြန်မည်ဖြစ်သည် ဒါပေမဲ့ အခုတော့သူပြန်ဖို့ စိတ်မကူးသေးပဲ ဝင်းမြိုင်ကြီးကိုသာ သူတို့ကိုမခြောက်လှန့်ဖို့ စိတ်ထဲမှပြောနေမိသည် ထိုသို့ဖြစ် သူတို့စကားပြောနေတုန်း ကျွဲနှာမှုတ်သံသည်လည်း ပျောက်သွားသည် သူတို့လည်း စကားဆက်မပြောကြတော့ပဲ ကိုယ့်အတွေးနဲ့ကိုသာနေရင်း အရက်ကိုသာ တစ်ခွက်ပြီးတစ်ခွက်သောက်နေကြသည် သူတို့စိတ်ထဲမှာလည်း မူးပြီးအိပ်ပျော်သွားရင် ဘာမှသိတော့မှာမဟုတ်ဘူးဆိုတာသိ၍ တမင်သောက်နေကြခြင်းဖြစ်သည်။
ဒါပေမဲ့ သူတို့မူးပြီး အိပ်မပျော်ခင်မှာပဲ သက်ပျောက်ကုန်းဘက်မှနေ၍ သင်္ချိုင်းဘက်သို့ တဝေါဝေါဆင်းလာသော အသံကြီးကိုကြားလိုက်ရပြီး သူတို့အားလုံး ထိုဘက်ကို လှည့်ကြည့်လိုက်ကြသည် ထိုအခါ သူတို့ရှိဘက်ကို လာနေသော မဲမဲအကောင်ကြီးတစ်ကောင် ထိုအကောင်ကြီး၏မျက်လုံးသည် တစ်လုံးထဲရှိပြီး ရဲရဲနီနေသည် ပါးစပ်မှလည်း တညွှညွှဖြင့်အော်နေပြီး ထိုအော်သံကိုကြားသည်နှင့် ကျွဲတစ်ကောင်ဖြစ်မှန်းသိလိုက်သည်။
သို့သော် ထိုကျွဲသည် ရိုးရိုးကျွဲတစ်ကောင်မဟုတ်ပဲ ဝင်းမြိုင်ကြီးကို ခတ်သတ်၍ သူတို့လှံဖြင့် ဝိုင်းထိုးသတ်လိုက်သည့် တစ်ဖက်ကန်းကျွဲဖြစ်နေပြီး ယခု သူ ကျွဲတစ္ဆေဘဝကို ရောက်နေပြီဖြစ်သည် သူတို့လည်း သူတို့ဆီ တညွှညွှအော်၍ လာနေသော ကျွဲတစ္ဆေကြီးကိုကြည့်ကာ ကြက်သီးများတဖြန်းဖြန်းထလာပြီး နေရာမှပြိုင်တူထလိုက်ကြသည် ထို့နောက် ဇရပ်ပေါ်မှခုန်ချကာ ရွာဘက်ကို ထွက်ပြေးခဲ့တော့သည်။
သူတို့ ထွက်ပြေးတာကိုမြင်တော့ ကျွဲတစ္ဆေကြီးလည်း တညွှညွှဖြင့်လိုက်လာပြီး သူဦးခေါင်းပေါ်မှာပါလာသည့် ဝင်းမြိုင်ကြီးကတော့ တဟားဟာဖြင့် အော်ရယ်နေသည် သူတို့လည်း နောက်သို့ပင်လှည့်မကြည့်တော့ပဲ ရွာသို့သာတကြိုးတည်းပြေးလာခဲ့ပြီး ရွာသို့ရောက်တော့ သုံးယောက်သားဟောဟဲစိုက်နေကြပြီဖြစ်သည် အသက်ကိုပင် မနည်းရှူနေကြရပြီး သူတို့အားအကြိုးအကြောင်းမေးမြန်းသူများကိုလည်း ဘာမပြန်မဖြေနိုင် ရွာသားများကလည်း သူတို့သုံးယောက် သရဲအခြောက်ခံလိုက်ရမှန်းသိပြီး ဘာမှဆက်မေးတော့ပဲ ရွာစည်းရိုးအတွင်းမှနေ၍ သင်္ချိုင်းကုန်းဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုအခါ လှည်းလမ်းအတိုင်း သင်္ချိုင်းဘက်သို့တရွေ့ရွေ့သွားနေသော ကျွဲတစ္ဆေကြီးကိုမြင်လိုက်ရပြီး သူ၏ချိုပေါ်မှာလည်း လူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူသည် ကျွဲခေါင်းပေါ်မှာ ဝမ်းလျှားကြီးမှောက်လျှက် ကွေးကွေးကြီး လိုက်ပါနေပြီး ထိုပုံကိုမြင်ရသည်မှာ ညနေက ဝင်းမြိုင်ကြီးကို ခတ်သတ်၍ ရွာသို့ပြန်လာသော ကျွဲ၏ပုံစံနဲ့ တစ်ပုံစံထဲဖြစ်နေသည် ထို့ကြောင့် ရွာသားများလည်း ဝင်မြိုင်ကြီးနဲ့သူ့ကျွဲ တစ္ဆေသရဲဘဝကို ရောက်ရှိသွားပြီဆိုတာ သိရှိလိုက်တော့သည်။
နောက်နေ့မနက်ေရာက်တော့ ရွာသားများလည်း ဇရပ်ပေါ်မှာရှိနေသည့် ဝင်းမြိုင်ကြီး၏ ရုပ်အလောင်းကြီးအား ကောင်းမွန်စွာမြှုပ်နှံပေးလိုက်ကြပြီး သူ့အတွက်ရည်စူး၍ ကုသိုလ်ပြု ဆွမ်းသွပ် အမျှအတန်းပေးဝေခြင်းများ ပြုလုပ်လိုက်သည် ဒါပေမဲ့ ဝင်မြိုင်ကြီးကတော့ ကျွတ်လွှတ်မသွားသေးပဲ သူ့ကျွဲနှင့်အတူ သက်ပျောက်ကုန်းပေါ်မှာပင်ရှိနေတုန်းပင်ဖြစ်ကာ ထိုအကြောင်းကိုလည်း ညည ထိုကုန်းဘက်မှနေ၍ ကျွဲအော်သံလူအော်သံများကို ကြားပြီး သိနိုင်သည်။
ထို့ပြင် နေဝင်မိုးချုပ် သင်္ချိုင်းဘက်မှပြန်သွင်းလာသော ကျွဲများကိုလည်း သက်ပျောက်ကုန်းပေါ်မှ ဆင်းလာေသာကျွဲကြီးတစ်ေကာင်သည် လိုက်၍ခတ်တတ်ပြီး ထိုကျွဲကြီးသည် ဝင်းမြိုင်ကြီးနဲ့အတူ မကျွတ်မလွှတ်ပဲရှိနေသည့် ကျွဲတစ္ဆေကြီးဖြစ်သည်ဆိုတာ သူနှင့်ကြုံဖူးသည့်ရွာသားများအားလုံး သိရှိထားပြီးဖြစ်သည် ဒါကြောင့် နေဝင်မိုးချုပ်ဆိုလျှင် ထိုဘက်မှနေ၍ ကျွဲများကို မောင်းမလာရဲ့ကြတော့ပဲ တခြားဘက်မှနေ၍ လှည့်မောင်းနေရတော့သည်။
(၇)
ကိုမြင့်ဆောင်လည်း ဦးသန်းအောင်ပြောသော စကားများကို နားထောင်ပြီး
“ဒါဆို ကိုဝင်းမြိုင်ကြီးက ရွာသားတွေသူ့ကိုပေးထားတဲ့ နာမည်အတိုင်း တကယ်သရဲဝင်းမြိုင်ကြီး ဖြစ်သွားတာပေါ့”
“အေးပေါ့ကွာ အဲ့ဒီလိုပဲ ပြောရမှာပေါ့ ငါလည်း သူ့ကိုအဲ့ဒီအကွက်ကို လုပ်ခွင့်မပေးခြင်ပါဘူး ဒါပေမဲ့ သူကငါ့လယ်တွေကို နှစ်တိုင်းလုပ်ပေးနေကြကွ ဒါကြောင့်ငါလည်း အားနာတာနဲ့ လုပ်ခွင့်ပေးလိုက်တာ”
ဦးသန်းအောင် ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးကခေါင်းတညိတ်ညိတ်ဖြင့်လုပ်နေရင်း
“ဒါဆို အရင်ညိမ်နေတဲ့ သက်ပျောက်ကုန်းက အခုပြန်ပြီးလှုပ်ရှားလာတာပေါ့”
“ဟုတ်တယ်ဗျာ့ ဝင်းမြိုင်ကြီးနဲ့သူ့ကျွဲတစ္ဆေ အဲ့ဒီကုန်းပေါ်ရောက်ပြီးမှ ညဘက်လူတွေကောင်းကောင်းမအိပ်ရဲကြတော့ဘူးဗျာ့ ညညဆို အဲ့ဒီကုန်းဘက်က ဆဲသံဆိုသံအော်သံဟစ်တွေ ကြားနေရပြီး လပြည့်ညတွေဆိုပိုဆိုးတယ်ဗျာ့ ရွာသားတွေလည်း အဲ့ဒီအသံတွေများ ရွာဘက်ရောက်လာမလားဆိုတဲ့စိတ်နဲ့ ကောင်းကောင်းမအိပ်နိုင်ကြတော့ဘူးပေါ့ဗျာ နောက်ပြီး ထင်းခုတ်ဝါးခုတ်သွားတာကအစ အရင်လို စိတ်ဖြောင့်လက်ဖြောင့် မသွားရဲကြဘူးဗျာ့ တောဝင်တဲ့လမ်းကလည်း သင်္ချိုင်းကုန်းထဲက ဖြတ်ဖောက်ထားတာဆိုတော့ ပိုးဆိုးတာပေါ့ဗျာ”
ဦးသန်းအောင်လည်း လွန်ခဲ့တဲ့ နှစ်လလောက်ကဖြစ်ပြက်သွားသည့် သူတို့ရွာမှ ကိုဝင်းမြိုင်ကြီးအကြောင်းကို ပြန်ပြောနေရင်း သူတို့ရွာသားများ ဒုက္ခရောက်နေသည့် အကြောင်းကိုပါပြောလိုက်သည် သူလည်း ဝင်းမြိုင်ကြီးနဲ့သူ ဆွေတော်မျိုးစပ် မဟုတ်ပေမဲ့ သူအကွက်ကို လုပ်ကိုင်ရင်း ဖြစ်သွားတာဖြစ်၍ နည်းနည်းပါပါးတော့ စိတ်ထဲဇနိုးဇနောင့်ဖြစ်နေမိသည်။
ဒါကြောင့် ကပ္ပိယကြီးတို့ကို သူကိုယ်တိုင် လှည်းဖြင့်သွားခေါ်၍ ဝင်းမြိုင်ကြီးကို ဆက်ပြီးမခြောက်လှန့်နိုင်အောင်နှင့် သက်ပျောက်ကုန်းပေါ်မှ ဆင်းလာသော ကျွဲတစ္ဆေကြီးကိုလည်း နှိမ်နှင်းပေးရန် အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။
ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင်လည်း ဦးသန်းအောင် ပြောတာတွေကို နားထောင်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေတော့သည်။
စာစဉ်(၄၆)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်