သရဲ အခေါ်မှားသွားသူ

သရဲ အခေါ်မှားသွားသူ(စ/ဆုံး)
—————————-

တစ်နေ့သ၌ လူတစ်စုသည် အခေါင်းတစ်ခုကိုထမ်း၍ သင်္ချိုင်းကုန်းဆီသို့ လေးလံသောခြေလှမ်းများ၊ ဝမ်းနည်းကြေကွဲနေသည့် မျက်နာအမူအရာများဖြင့် လျှောက်လှမ်းသွားနေကြသည်။
ထို့နောက် သင်္ချိုင်းထဲ၌အဆင်သင့်တူးထားသော မြေကျင်းအနားတွင်အခေါင်းအား ခဏမျှချကာ အလောင်း၏မျက်နာပေါ်ရုံလောက် အခေါင်း၏အဖုံးကိုဖွင့်လိုက်လေ၏။

အခေါင်းထဲရှိ အလောင်းမှာမိန်းကလေးတစ်ယောက်ဖြစ်ကာ လှပပြေပြစ်နေသည့်မျက်နာပိုဲင်ရှင်မျိုးဖြစ်သည်။ သေဆုံးသူ၏မိဘဆွေမျိုးများ၊ သူငယ်ချင်းမိတ်ဆွေများက ရှိူက်ကြီးတငင်ငင်ဖြင့် ငိုယိုနေကြလေသည်။

ထိုသို့ငိုကြွေးသူများထဲတွင် အောင်ခင်ဟုဆိုသောသူက အဆိုးဆုံးပင်။ လည်ချောင်းများကွဲအက်လောက်သည်အထိ အော်ငိုနေလေသည်။ ပါးစပ်မှလည်း ” ခင်ရွှေ… နင့်နောက်ကိုငါလိုက်ခဲ့မယ်… နင်မရှိပဲ ငါဘယ်လိုမှအသက်ဆက်မရှင်ချင်တော့ဘူး… နင့်အနောက်ကိုငါလိုက်လာခဲ့မယ်…” ဟု ပြောဆိုနေကာ အခေါင်းကြီးအားဖက်၍ ရူံးပွဲကျ ငိုနေတော့လေသည်။ အကြောင်းမှာ သေဆုံးသူသည် သူ၏မကြာသေးမီကမှ လက်ထပ်ထားသည့် ဇနီးမယား ဖြစ်နေခြင်းကြောင့်ပင်။

ထိုအချိန် အနီးရှိ လူကြီးများက…

“အောင်ခင်… မင်းစိတ်ကိုထိန်းထားစမ်း… သင်္ချိုင်းမှာအခုလိုကြီး အော်မငိုကောင်းဘူး”

“ဟုတ်ပါတယ်… သားရယ် ဖြစ်ပြီးတာတွေလဲဖြစ်ကုန်ပါပြီ… ကံစီမံရာအတိုင်းပဲပေါ့လေ…
အမေတို့က ဘာတတ်နိုင်မှာလဲ”

ထိုအချိန် အောင်ခင်ကတော့ အခေါင်းကြီးအားဖက်၍ ငိုနေဆဲပင်။ ထို့နောက် လူကြီးက…

“ကဲ…ကဲ… သဂြိုလ်ဖို့လုပ်တော့… ”

“မရဘူး… မလုပ်ပါနဲ့… ခင်ရွှေရေ… မိန်းမ…မိန်းမ”

အောင်ခင်သည် အခေါင်းကြီးအား
အတင်းပြန်လိုက်ဆွဲနေသောကြောင့် ရွာ၏ကာလသားသုံး၊ လေးယောက်လောက်က အောင်ခင်ကိုအတင်းချုပ်ထားရလေသည်။ အောင်ခင်ကလည်း “မလုပ်ပါနဲ့… မလုပ်ကြပါနဲ့…” ဟုအော်ဟစ်ရုန်းကန်နေရင်းပင် အရုပ်ကြိုးပြတ်သလို ပျော့ခွေသွားကာ သတိလစ်သွားတော့သည်။

*********************

” ယောကျာ်းရေ… ယောကျာ်း…ဟီး…ဟီး… အဟင့်…အဟင့်…ယေကျာ်း…”

“မိန်းမ…ခင်ရွှေ၊ ခင်ရွှေ…”

“သား… သတိရလာပြီလား… တော်သေးတာပေါ့ကွယ်”

“သူငယ်ချင်း… အောင်ခင်..မင်း ငါ့ကို.ငါတို့ကိုမှတ်မိပါတယ်နော်”

အောင်ခင်သည် မည်သည်မျှပြန်မဖြေကာ နှူတ်ဆိတ်နေပြီး ကြောင်တောင်တောင်ဖြင့် ဟိုကြည့်၊ သည်ကြည့်လုပ်နေသည်။ သူရောက်ရှိနေသည့်နေရာမှာ သူ၏အိပ်ခန်းထဲတွင်ဖြစ်သည်။ သူ့အနားတွင်လည်း သူ့အမေနှင့်တကွ သူ့သူငယ်ချင်းမိတ်ဆွေများက ဝန်းရံနေ၏။ ထို့နောက်…

“ရေ… ရေဆာတယ်…ရေပေးပါ”

ထိုအခါ အောင်ခင်၏အမေဖြစ်သူ ဒေါ်ဥမ္မာက အနီးရှိရေအသင့်ထည့်ထားသည့် ရေခွက်အား လှမ်းပေးသည်။ အောင်ခင်က ခိုရေကို အငမ်းမရသောက်လိုက်သည်။ ထို့နောက်…

” အမေ… ခင်ရွှေရော… ခင်ရွှေဘယ်သွားလဲ”

အောင်ခင်၏အမေးကြောင့် အမေဖြစ်သူ ဒါ်ဥမ္မာနှင့်တကွ အောင်ခင်၏သူငယ်ချင်းများကပါ မျက်ရည်များ စို့တက်လာတော့သည်။

” သား…ဘာမှမမှတ်မိဘူးလား”

ဒေါ်ဥမ္မာသည် အောင်ခင်အား အံသြနေသည့်မျက်လုံးဖြင့်တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်လေသည်။ ထို့နောက်…

“သားရဲ့မိန်းမ… ခင်ရွှေ၊ ခင်ရွှေကလေ…
မနေ့ကပဲ…”

“မဟုတ်ဘူး… အဲ့တာအမှန်မဟုတ်ဘူး… သားအိပ်မက်မက်နေတာပါ… ခင်ရွှေမသေဘူး… မသေဘူး…”

ပြောနေရင်းနှင့်ပင် အောင်ခင်သည် ဝမ်းနည်းကြေကွဲစွာဖြင့် ငိုလေတော့သည်။

“ဟီး…ဟီး…ခင်ရွှေ့ဆီသွားမယ်… ခင်ရွှေနောက်လိုက်သွားမယ်…”

“သူငယ်ချင်း… အောင်ခင်… မင်းစိတ်ကိုမင်း ထိန်းထားပါဦး သူငယ်ချင်းရာ…”

“သားရယ်… စိတ်ထိန်းပါဦး… အမေ့မှာကဒီသားလေးတစ်ယောက်ပဲရှိတော့တာ…သားကအခုလိုဖြစ်နေရင် အမေကဘယ်လိုလုပ်နေရမှာတုန်း….ဟီး…ဟီး…”

“အမေ… သားကခင်ရွှေ့ကို အရမ်းချစ်တာ…သူနဲ့မခွဲနိုင်ဘူး…အမေရယ်…သူနဲ့တွေ့ချင်တယ်…ခင်ရွှေနဲ့ တွေ့ချင်တယ်အမေရယ်…ဟီး..ဟီး…”

ဤသို့ဖြင့် သား၊ အမိနှစ်ယောက်သား ဖက်ကာကြေကွဲစွာဖြင့်ငိုယိုနေကြလေသည်။ အနီးရှိ အောင်ခင်၏ သူငယ်ချင်းကပါ အောင်ခင်တို့သား၊ အမိကိုကြည့်ပြီး မျက်ရည်လေးများဝဲနေတော့သည်။

************************

‘သေသောသူ ကြာရင်မေ့’ ဆိုသည့်စကားက အောင်ခင်အတွက်တော့မဟုတ်ခဲ့ပေ။ အောင်ခင်သည် အချိန်အတော်ကြာသည့်တိုင် ခင်ရွှေအား တစ်နေ့မှမေ့မရ။ အသက်ရှူတိုင်း သတိရနေတော့သည်။ ညားကာစ လင်၊ မယား ဖြစ်သော်လည်း ရည်စားသက်တမ်းကသုံးနှစ်ရှိခဲ့သေးသည်။ ထိုသံယောဇဉ်တို့က အောင်ခင်အား အထပ်ထပ်ရစ်ပတ်နေပြီး ဘယ်သွားသွား၊ ဘာလုပ်လုပ် စိတ်မပါ။ ခင်ရွှေနှင့်နှစ်ယောက်အတူရှိခဲ့သည့် နေ့ရက်များကို တမ်းတကာ သတိရလွမ်းဆွတ်နေတော့သည်။ အချိန်များနောက်ပြန်ရစ်လို့ ရလျှင်ကောင်းမည်ဟုလည်း ခဏခဏတွေးနေမိလေသည်။

“အောင်ခင်ရေ… အောင်ခင်…”

အောင်ခင်၏အတွေးများကို ဖျက်ဆီးလိုက်သည့်သူမှာ အောင်ခင်၏အချစ်ဆုံး ငယ်ပေါင်းရင်းချာသူငယ်ချင်း ဖိုးတုတ် ဖြစ်သည်။

“လာခဲ့…ဖိုးတုတ်…ခြံတံခါးဖွင့်ထားတယ်”

ဖိုးတုတ်သည် အိမ်အပေါ်သို့တက်လာပြီး အောင်ခင်အနားတွင် ဝင်ထိုင်လိုက်သည်။

“အောင်ခင်… အပြင်သွားရအောင်…မုန့်လေးဘာလေးသွားစားကြမယ်လေ”

“မသွားချင်ပါဘူး… ငါမလိုက်တော့ပါဘူးကွာ…”

ဖိုးတုတ်သည် မျက်နှာကဇီးရွက်လောက်သာကျန်ပြီး၊ ငိုင်တိုင်တိုင်ဖြစ်နေသည့် အောင်ခင်အားကြည့်၍ သက်ပြင်းချလိုက်မိတော့သည်။ ထို့နောက်…

“သူငယ်ချင်းရာ… ဖြစ်ချိန်တန်လို့ ဖြစ်ပြီးတာတွေလဲ ဖြစ်ခဲ့ပြီးပြီ၊ အချိန်တွေလဲအတော်နှောင်းခဲ့ပြီလေ….
ဒါကိုမင်းက အခုထိလိုက်ပြီးခံစားနေရင်…မင်းပင်ပန်းတာပဲအဖတ်တင်တာပေါ့”

“မင်းက ဘာသိလို့လဲ… ငါခင်ရွှေကိုတစ်ကယ်ချစ်တာကွ… ငါသူ့ကိုဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူး…ငါအခု သူ့ကိုခဏလေးပြဲဖစ်ဖြစ် တွေ့ချင်တယ်ကွာ…”

အောင်ခင်၏ စကားသံတွင်ငိုသံက အပြည့်အဝလွှမ်းမိုးထားလေသည်။ ထိုအဖြစ်အပျက်အား ကြည့်မနေနိုင်သည့် ဖိုးတုတ်က အကြံတစ်ခုရသွားလေသည်။

“အောင်ခင်… မင်း ခင်ရွှေကိုတစ်ကယ်တွေ့ချင်တာလား…”

“ဟာ… မင်းကလည်း ဘယ်လိုမေးလိုက်တာလဲ တွေ့ချင်တာပေါ့ကွ”

“အေးပါ… မင်းကိုငါ ခင်ရွှေနဲ့တွေ့နိုင်မယ့် အကြံတစ်ခုပေးမယ်”

ဖိုးတုတ်၏စကားကြောင့် အောင်ခင်၏မျက်နှာမှာ ကြည်လင်ဝင်းလဲ့ကာ တောက်ပသွားလေသည်။ ထို့နောက် ဖိုးတုတ်၏အကြံကိုလည်း အောင်ခင်က အလျင်အမြန်ပင် လက်ခံလိုက်တော့သည်။

“ဒီနေ့တော့… ငါမအားသေးဘူး… မနက်ဖြန်မနက် ရှစ်နာရီလောက်ငါ့အိမ်လာခဲ့… ငါသူနဲ့မိတ်ဆက်ပေးမယ်”

“အေးပါ… ဖိုးတုတ်ရာ ငါဆက်ဆက်လာခဲ့ပါ့မယ်”

ဖိုးတုတ်သည်အောင်ခင်နှင့် စကားပြောပြီးပြန်သွားသည့်အခါ အောင်ခင်ကတော့ ပျော်ရွှင်တက်ကြွနေလေသည်။ အကြောင်းမှာ ဖိုးတုတ်က မနက်ဖြန်တွင် လူတစ်ယောက်ဆီသို့ အောင်ခင်အား ခေါ်သွားပေးမည်ဟု ဆိုသောကြောင့်ဖြစ်သည်။ ထိုသူက သရဲ၊ တစ္ဆေများနှင့်ပတ်သတ်ပြီး နားလည်ကျွမ်းကျင်သူတစ်ယောက်ဟုလည်း သိရလေ၏။

နံနက်မိုးသောက် ရောင်နီလင်းသည်နှင့်တပြိုင်နက် အောင်ခင်မှာအိပ်ယာနိုးနေသည်။ ထိုအချိန် သူ့အမေဖြစ်သူက…

“ဟင်…သား…အစောကြီးနိုးနေတာလား…”

“ဟုတ် အမေ…ဒီနေ့ သူငယ်ချင်းတွေနဲ့အပြင်လျှောက်လည်မို့ စောစောထပြီးပြင်ဆင်နေတာ”

အောင်ခင်၏ တက်ကြွစွာပြောလိုက်သည့်စကားကြောင့် ဒေါ်ဥမ္မာလည်း ကျေနပ်ပျော်ရွှင်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် အောင်ခင်သည်အိမ်အပြင်တောင်မထွက်ပဲ အိမ်ထဲတွင်သာနေကာ လောကကြီးကိုအရှူံးပေးထားသူ တစ်ယောက်အသွင်ဖြစ်နေခြင်းကြောင့်ပင်။ တစ်ချိန်လုံး မျက်နာငယ်လေးဖြင့် ဝမ်းနည်းကြေကွဲနေသည့်သူက ယခုကျမှတက်တက်ကြွကြွဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အမေဖြစ်သူဒေါ်ဥမ္မာလည်း ပျော်ရွှင်နေလေသည်။

“သား… ပိုက်ဆံလိုရင်အမေ့ကိုပြောနော်…ကြားလား”

“ဟုတ်…အမေ”

အောင်ခင်သည် မနက်စာတောင်မစားပဲ တိုင်တွင်ကပ်သည့်နာရီကိုကြည့်ကာ အချိန်တွေမြန်မြန်ကုန်ပါစေတော့ဟု ဆုတောင်းနေမိသည်။ အတန်ငယ်ကြာပြီးနောက် အောင်ခင်သည် တက်ကြွသောခြေလှမ်းများဖြင့် ဖိုးတုတ်အိမ်သို့ဦးတည်၍လျှောက်လှမ်းသွားတော့သည်။

“ဖိုးတုတ်ရေ… ဖိုးတုတ်”

“သြော်…လာ..လာ…အိမ်ထဲဝင်ခဲ့…
အောင်ခင်ရေ…သားသူငယ်ချင်းက အိပ်တုန်း”

“ဟဲ့ ဖိုးတုတ်… ဖိုးတုတ် နေဖင်ထိုးနေပြီ မထသေးဘူးလား…ဒီမှာအောင်ခင်ရောက်နေတယ်”

“နေ..နေ… အန်တီလုပ်စရာရှိတာလုပ်ပါ…သားဘာသာပဲ ဝင်နှိူးလိုက်တော့မယ်”

“အေး…အေး…သားရေ”

“ဟေ့ရောင်…ဟေ့ရောင်… ထတော့… ”

“ဟာ… အောင်ခင်ရာ… အစောကြီးရှိသေးတယ်လေကွာ”

“မစောတော့ဘူး… ခုနှစ်နာရီခွဲနေပြီကွ၊ ထ ထ မင်းပြောတဲ့ ဟိုဆရာကြီးဆီ သွားမယ်”

“ငါချိန်းထားတဲ့အချိန်က ရှစ်နာရီလေကွာ”

“မရဘူးကွာ… စောစောသွားတော့ ပိုကောင်းတာပေါ့”

“အေးပါကွာ… ထပါပြီ… မျက်နာလေးဘာလေး သစ်ပြီး တစ်ခုခုစားပါရစေဦး”

“မစားနဲ့တော့ ကြာတယ်…ငါအပြင်မှာကျွေးပါ့မယ်ကွ”

“ဟေ…အေး…အေး…အေးပါကွာ…”

ဤသို့ဖြင့် အောင်ခင်နှင့် ဖိုးတုတ်တို့သူငယ်ချင်းနှစ်ယောက်သည် ဆိုင်ကယ်တစ်စီးဖြင့် တစ်နေရာဆီသို့ ဦးတည်၍မောင်းသွားတော့လေသည်။ ထိုအချိန် အောင်ခင်၏ ဖုန်းမှအသံမြည်လာသည်။

“ကလင်…ကလင်…ကလင်…ကလင်…”

“ဟယ်လိုအမေ”

“သား…အောင်ခင်…အခု ဘယ်ရောက်နေလဲ”

“. မြို့ထဲမှာ လျှောက်လည်နေတာ… သူငယ်ချင်းတွေနဲ့…ဘာဖြစ်လို့လဲအမေ”

“သား…အဒေါ် အူအတက်ပေါက်လို့ ဆေးရုံတင်ထားရတယ် အဲ့တာအမေသွားမလို့
လေး၊ ငါးရက်လောက်ကြာမယ်… အဲ့တာသားတစ်ယောက်တည်း အဆင်ပြေရဲ့လားလို့လှမ်းမေးတာ”

“သြော်…ရတယ်…အမေ…အဆင်ပြေတယ်…သားအတွက်မပူနဲ့ စိတ်ချ”

“အေး…အေး… သားရေ ဒါဆိုအမေသွားမယ်နော်…
အိမ်သော့ကို ဘေးအိမ်မှာ ပေးခဲ့မယ်ကြားလား
အစစအရာရာ ဂရုစိုက်ပြီးနေနော်”

“ဟုတ်…ဟုတ်…အမေ”

ထို့နောက် …ဆိုင်ကယ်ဖြင့် တစ်နာရီလောက်ကြာအောင် မောင်းပြီးသည့်အခါတွင် အိမ်တစ်အိမ်၏အရှေ့သို့ ဆိုင်ကယ်ကို ထိုးရပ်လိုက်လေ၏။ ဖိုးတုတ်က အိမ်ရှေ့ရှိ လူခေါ်ခေါင်းလောင်းအား တီးခတ်လိုက်သောအခါ အိမ်အတွင်းမှ အသက်ခြောက်ဆယ်ကျော်အရွယ်လောက်ရှိပြီဟု ခန့်မှန်းရလောက်သည့် အဖိုးကြီးတစ်ယောက် ထွက်လာသည်။

“လာ…လာ…ဝင်ခဲ့ကြ”

“ဟုတ်…လာ…အောင်ခင်”

ထို့နောက် ထိုအဖိုးကြီးသည် အောင်ခင်တို့သူငယ်ချင်းနှစ်ယောက်အား အတန်ငယ်ကျယ်သည့် အခန်းတစ်ခန်းထဲတွင် နေရာထိုင်ခင်းပေးလေ၏။ ထို့နောက်…

“ဆိုပါဦး… လာရင်းကိစ္စ”

“ဟုတ်…ဆရာ… ဒါကတော့ ကျွန်တော့်သူငယ်ချင်း အောင်ခင်ပါ… လွန်ခဲ့တဲ့ နစ်လလောက်က သူ့ရဲ့မိန်းမက သေဆုံးသွားပါတယ်… အခုသူကသူ့ရဲ့မိန်းမနဲ့ ခဏလောက်တွေ့ချင်တယ်ဆိုလို့ ဆရာကြီးဆီခေါ်လာတာပါ”

ထိုအချိန် မုတ်ဆိတ်မွှေးကိုသပ်ကာ စဉ်းစားနေသည့် အဖိုးကြီးကို အောင်ခင်ကမျှော်လင့်တကြီးဖြင့် ကြည့်နေလေ၏။
ထို့နောက်…

” ဒီကိစ္စက လွယ်လွယ်နဲ့ပြောပြလို့မရဘူးကွဲ့…”

ထိုအခါ အောင်ခင်က စိတ်မရှည်သည့်လေသံဖြင့်…

“ပြောပြပါ ဆရာ… ပိုက်ဆံဘယ်လောက်ကုန်ကုန်ပါ… သူနဲ့ခဏလောက်ဖြစ်ဖြစ် အရမ်းတွေ့ချင်နေလို့ပါ”

“ဒီမှာ… ကောင်လေး…. ကျုပ်ကပိုက်ဆံကြောင့်ပြောနေတာမဟုတ်ဘူး…

ကောင်လေးရဲ့ မိန်းမက ဆုံးသွားတာနှစ်လလောက်ရှိနေပြီတော့
သရဲ၊ တစ္ဆေအဖြစ် ရှိချင်မှရှိတော့မှာ
သူ့ရဲ့ကောင်းမှူကုသိုလ်အလိုက် အခြားဘုံ၊ ဘဝမှာ ရောက်ကောင်းရောက်နေနိုင်တယ် အတိအကျတော့ပြောလို့မရဘူးပေါ့

ပြီးတော့တစ်ခုခုအမှား၊ အယွင်းဖြစ်ပြီး အကုန်ဒုက္ခရောက်ကုန်မှာဆိုးလို့ပြောနေတာ”

“သားစကားပြောမှားသွားလို့… တောင်းပန်ပါတယ်ဆရာ… သားကသူ့ကိုအရမ်းချစ်တာ…
အခုထက်ထိ သူ့ကိုတစ်ရက်မှမေ့မရဘူး… သူ့ကိုခဏလေးပဲဖစ်ဖြစ်… တွေ့ချင်လို့ပါဆရာ”

ထို့နောက် ဆရာကြီးသည် မျက်နှာငယ်လေးဖြင့် မျက်ရည်ကလေးများဝဲကာပြောနေသည့် အောင်ခင်အား ဂရုဏာသက်ကာ သရဲခေါ်နည်းကို ပြောပြလိုက်တော့သည်။ ထို့နောက်…

“ဒီမှာကောင်လေး… ကျုပ်ကိုကတိတစ်ခုပေး.”

“ဟုတ်… ဆရာ ”

“အခုပြောပြလိုက်တဲ့ သရဲခေါ်နည်းကို တစ်ကြိမ်ပဲအသုံးပြုရမယ်… အခြားဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့…တကယ်လို့ ကောင်လေးရဲ့ မိန်းမကိုတွေ့ခဲ့ရင်လည်း သူ့ကို ခဏခဏ ခေါ်တွေ့ခြင်းမျိုးတွေမလုပ်ပါနဲ့… သရဲ၊ တစ္ဆေဘဝဆိုတာ အင်မတန်မှ ပင်ပန်းဆင်ရဲတာ..
သူ့အတွက် ကောင်းမှူကုသိုလ်လေးလုပ်ပြီး အမျှဝေပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ ဆရာ… စိတ်ချပါ…
ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့လည်း ကတိပေးပါတယ် ”

*********************

အောင်ခင်သည် ဖိုးတုတ်နှင့်အတူ မုန့်စားသောက်ပြီးနောက် သူ၏အိမ်သို့ပြန်ရောက်လာလေသည်။ အမေဖြစ်သူ ဒေါ်ဥမ္မာကမရှိသဖြင့် တစ်ယောက်တည်းဖြစ်နေလေ၏။ ဤအခြေအနေကသာ သူ၏မိန်းမဖြစ်သူ ခင်ရွှေ(သရဲ)အား တွေ့ဆုံရန်အတွက် ကောင်းမွန်သည့်အနေအထားပင်ဖြစ်သည်။ သို့သော် အချိန်ကအလွန်စောလွန်းနေသောကြောင့် အောင်ခင်သည် အမြန်ဆုံးမိုးချုပ်စေရန်သာ ထိုင်၍ဆုတောင်းနေတော့လေ၏။

အနောက်ဂေါ်ရာကျွန်းဆီသို့ နေလုံးကြီးကတိုးဝင်၍ပျောက်ကွယ်သွားလေသည်။ အောင်ခင်သည် သူ၏ဆန္ဒများ ပြည့်ဝတော့မည်ဖြစ်သည့်အတွက် ရင်ခုန်စိတ်လှူပ်ရှားနေသည်။ ထို့နောက် အောင်ခင်သည် သူ၏အင်္ကျီအိတ်ကပ်ထဲတွင်ခေါက်၍ ထည့်ထားသည့် စာရွက်တစ်ရွက်ပေါ်၌ ရေးသားကာမှတ်သားထားသော သရဲခေါ်နည်းအား အခေါက်ခေါက်အခါခါ ဖတ်ကြည့်နေလေ၏။

သရဲခေါ်နည်း
**********
၁။ အသား၊ ငါး နှင့် နို့ထွက်ပစ္စည်းများအား သုံးရက်ကြို၍ ရှောင်ကြဉ်စားသုံးရမည်။

၂။ မှန်ကြီးကြီးတစ်ချပ်လိုအပ်သည်။ ထိုမှန်ကြီးကို မိမိ၏အရှေ့၌ ထောင်၍ထားရမည်။

၃။ သရဲခေါ်မည့်နေရာသည် တိတ်ဆိတ်ငြိမ်သက်နေသည့်နေရာသာဖြစ်ရမည်။ သရဲခေါ်မည့်သူမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေရ။

၄။ မိမိ၏စိတ်ကို အတတ်နိုင်ဆုံးအေးဆေးတည်ငြိမ်အောင်ထားရမည်။ စိတ်ရှူပ်နေသည့်အချိန်၌ စမ်းသပ်ပါကအဆင်မပြေ။ သရဲခေါ်နေစဉ် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့် သတ္ထုပစ္စည်းများ၊ စားပွဲတင်နာရီ၊ ဟန်းဖုန်း စသည်တို့အားဖယ်ရှားထားရမည်။

၅။ သရဲခေါ်သည့်အခါ မိမိခေါ်တွေ့ချင်သည့် သရဲ၏ ဓာတ်ပုံ၊ အသုံးအဆောင်ပစ္စည်းတစ်ခုခုအား လက်ထဲတွင်ကိုင်ထားရမည်။ သို့မှသာ သူနှင့်ပတ်သတ်ခဲ့သည့် အမှတ်တရခံစားချက်များ
ပေါ်ပေါက်လာမည်ဖြစ်သည်။

၆။ ဖယောင်တိုင်ကြီးတစ်တိုင်အား သရဲခေါ်မည့်သူ၏ နောက်ကျောဘက်တွင် ထွန်းထားရမည်။

၇။ ဆည်းဆာနေဝင်ချိန်ရောက်သည်နှင့် စတင်ခေါ်ယူ၍ရလေသည်။

၈။ သရဲအားခေါ်ယူသည့်အခါ မိမိအရှေ့တွင်ထောင်ထားသည့် မှန်ကြီးကိုသာ အာရုံစိုက်၍ကြည့်နေရမည်။ ပထမဆုံးအနေဖြင့် လက်ထိပ်ကလေးများ ကျဉ်လာသည်ကိုခံစားရပေမည်။ ထို့နောက်တွင်မူ အရှေ့၌ထောင်ထားသည့် မှန်ထဲ၌ တိမ်ခိုး၊ မြူခိုးများဖုံးလွှမ်းလာပေမည်။ ထိုအချိန်၌ အလွန်အရေးကြီးလာပြီဖြစ်သည်။ မည်သည့်အသံ၊ မည်သည့်အနှောင့်အယှက်မျိုးမှ ဖြစ်ပေါ်မလာစေရန် အထူးဂရုစိုက်ရပေလိမ့်မည်။ ထို့နောက် ခေါ်ယူတွေ့ဆုံသည့်သရဲ၏ပုံရိပ်အား မှန်ထဲတွင် အတိုင်းသားပေါ်ပေါက်လာပါလိမ့်မည်။

၉။ မှန်ထဲတွင် မြင်တွေ့နေရသည့် သရဲနှင့်အပြန်အလှန် စကားပြောဆိုနိုင်ပါသည်။ အချိန်အားဖြင့် အလွန်ဆုံး ဆယ်မိနစ်အထိသာဖြစ်သည်။

၈။ ဤသရဲခေါ်နည်းသည်ကား အနောက်နိုင်ငံ များ၌အသုံးပြုကြသည့် အလွန်ထိရောက်သော သရဲခေါ်နည်းတစ်မျိုးပင် ဖြစ်သည်။

အောင်ခင်က သက်သက်လွတ်သမားဖြစ်သည့်အတွက်ကြောင့် သုံးရက်ကြိုတင် အစားရှောင်စရာမလိုတော့ပဲ ချက်ချင်းပင် သရဲခေါ်နည်းအားစမ်းသပ်လိုက်တော့သည်။ အောင်ခင်သည် သူ၏အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်တစ်ချပ်အရှေ့၌ မတ်တပ်ရပ်လိုက်သည်။ သူ၏အနောက်ဘက်ရှိ စားပွဲခုံပေါ်တွင်လည်း ဖယောင်းတိုင်တစ်တိုင်ထွန်းထားသေးသည်။ အိမ်တစ်အိမ်လုံးတွင် အောင်ခင်တစ်ယောက်တည်းသာ ရှိနေသဖြင့် လွန်စွာမှတိတ်ဆိတ်နေလေ၏။

ထို့နောက်အောင်ခင်သည် သေဆုံးသွားပြီဖြစ်သည့် ခင်ရွှေ၏ဓာတ်ပုံအား လက်ထဲ၌ကိုင်ထားကာ သူတို့နှစ်ယောက်၏
အမှတ်တရအဖြစ်အပျက်များကို လေးလေးနက်နက်တွေးတောနေလေသည်။ ထိုသို့တွေးတောကာ မှန်ကိုသာစူးစိုက်၍ကြည့်နေရင်းပင် အောင်ခင်၏လက်ထိပ်ကလေးများက စပ်ဖျဉ်းဖျဉ်းကလေး ဖြစ်လာ၏။ ထိုအခါ အောင်ခင်တစ်ယောက်အလွန်ပျော်သွားသည်။ ဤအရာက သရဲနှင့်ဆက်သွယ်မှူရရှိတော့မည့် ရှေ့ပြေးနိမိတ်ဖြစ်နေခြင်းကြောင့်ပင်။

ထို့နောက် မှန်ပေါ်၌ အောင်ခင်၏ပုံရိပ်ကပျောက်ကွယ်ကာ မြူခိုး၊ မြူမှူန်များပေါ်လာသည်ကို အံသြဖွယ်ရာ တွေ့လိုက်ရလေသည်။ အောင်ခင်သည် ထိုအချိန်၌ကြောက်စိတ်ကလုံးဝမရှိ ခင်ရွှေနှင့်တွေ့ဖို့ရန်အတွက်သာ စိတ်ဆန္ဒပြင်းပြနေလေသည်။ ခဏကြာတော့ မှန်ပေါ်ရှိ မြူခိုးများကပျောက်ကွယ်ကာ ပေါ်ပေါက်လာသည့်ပုံရိပ်ကြောင့် အောင်ခင်တစ်ယောက် အံသြသွားတော့သည်။ ထိုအရာမှာ အောင်ခင်၏ ပုံရိပ်ပင်။

ထိုအခါ အောင်ခင်သည် တစ်ခုခုလွဲမှားနေသည်ကိုသိလိုက်သည်။ အမှန်ဆို ယခုအချိန်၌ သူ၏မိန်းမဖြစ်သူ ခင်ရွှေ၏ပုံရိပ်ကပေါ်ပေါက်လာရတော့မည် မဟုတ်ပါလား။ ထို့နောက် အောင်ခင်သည် သရဲခေါ်နည်းအားပြန်ထုတ်ဖတ်၍ အစကနေပြန်စလေတော့သည်။ စိတ်တွေကလည်းလှူပ်ရှားနေလေ၏။ သရဲခေါ်နည်းအတိုင်း တတွေမတိမ်း လိုက်လုပ်ကြည့်သော်လည်း အချိန်အတော်ကြာသည့်တိုင် မည်သို့မျှမထူးခြားလာပေ။ ထို့ကြောင့် အောင်ခင်လည်း စိတ်ပျက်သွားကာ မှန်အရှေ့မှလှည့်ထွက်လာတော့သည်။ ထိုအချိန်၌ မှန်ထဲတွင် ပေါ်နေသည့်ပုံရိပ်က အောင်ခင်၏နောက်ကျော ဖြစ်မနေပေ။

အောင်ခင်သည် အိပ်ယာထဲ၌လဲလှောင်းကာ ” ခင်ရွှေတစ်ယောက် ကျွတ်လွတ်သွားပြီး ကောင်းရာမွန်ရာ ဘဝကိုရောက်ရှိနေလောက်ပြီ” ဟုတွေးတောနေသည်။ မျက်လုံးကမှိတ်ထားသော်လည်း အိပ်တော့မပျော်သေးပေ။

ထို့အချိန် သူ၏အခန်းအတွင်း၌ပင် ခြေသံတစ်စုံအား ကြားလိုက်ရလေ၏။ အောင်ခင်လည်း အသံကြားလိုက်ရသဖြင့် ခေါင်းထောင်၍ကြည့်လိုက်လေသည်။ မည်သည့်အရာမျှမတွေ့ပေ။ အခန်းမီးပိတ်ထားသော်လည်း ဧည့်ခန်းမီး၏အလင်းရောင်က အိပ်ခန်းထဲအထိ ဝင်ရောက်နေသောကြောင့် ဘေးပတ်ဝန်းကျင်အား ကောင်းစွာမြင်နေရလေသည်။

ထိုအခါ အောင်ခင်က တစ်ခုခုကိုတွေးမိသွားပြီး…

“ခင်ရွှေ… မိန်းမ…မိန်းမ… ခင်ရွှေလား…”

တစ်ဖက်မှ မည်သည့်အသံမျှပြန်မကြားရသဖြင့် အောင်ခင်လည်းအိပ်မြဲတိုင်းပြန်အိပ်လိုက်လေသည်။ အိပ်၍တော့မပျော်သေး။ စောစောကကြားလိုက်ရသည့်ခြေသံကြောင့် ဇဝေဇဝါဖြစ်နေလေသည်။ အောင်ခင်သည် ဘယ်ဘက်သို့ စောင်း၍အိပ်နေရာမှ ညာဘက်သို့တစ်ဖန်လှည့်လိုက်သည့်အချိန် မသိစိတ်ကနေ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ
သူ့ကုတင်အပေါ်တွင် ရောက်နေသည့်အရာက အကောင်ကြီးကြီး၊ အမွှေးအမျှင်များဖုံးလွှမ်းနေသည့် သတ္တဝါတစ်ကောင်ပင်။ မသိလျှင် လူဝံကြီးတစ်ကောင်နှင့်တူ၏။ ထိုသတ္တဝါ၏ မျက်နာအပေါ်သို့ ဆံပင်များကရှည်ကျကာ ထိုဆံပင်၏အနောက်မှ နီရဲနေသော မျက်လုံးတစ်စုံနှင့် ရင်ဘတ်အထိတောင် ရှည်ကျနေသည့် လျှာကြီးအား မျက်ဝါးထင်ထင်မြင်တွေ့ရတော့သည်။

“အား…”

အောင်ခင်၏ အလန့်တကြားဖြင့် အော်လိုက်သည့်အသံမှာ အိမ်တစ်အိမ်လုံးသို့ ဖုံးလွှမ်းသွားတော့သည်။ ထိုနောက်… ချက်ချင်းဆိုသလိုပင် ထိုသတ္တဝါကြီးက အောင်ခင်၏မျက်စိအရှေ့မှ ပျောက်ကွယ်သွားတော့သည်။ အောင်ခင်တစ်ယောက် ရင်တွေတဒုန်းဒုန်းဖြင့်ခုန်နေကာ မောပိုက်နေလေသည်။ သူမြင်တွေ့လိုက်ရသည့်အရာမှာ ပရလောကသား နာနာဘာ့ဝဆိုသည်ကတော အသေအချာ။ သူ၏ သေဆုံးသွားသူဖြစ်သည့် မိန်းမဖစ်သူ ခင်ရွှေမဟုတ်သည်ကလည်း အသေအချာပင်။

အားကိုးရာမဲ့နေသည့် အောင်ခင်သည် သူ၏အခန်းမီးအား လျင်မြန်စွာပြေးဖွင့်ပြီးနောက် ကုတင်ပေါ်သို့ပြေးတက်လိုက်သည်။ ထိုအချိန် သူ၏ခေါင်းရင်းဘက်ပြတင်းပေါက်တံခါးမှ ဂျက်ထိုးထားသည်ကိုဖြုတ်လိုက်သည့်အသံက ပီပြင်စွာထွက်ပေါ်လာလေသည်။ အောင်ခင်လည်း ခြေရင်းဘက်သို့ထပြေးတော့လေ၏။

ထို့နောက် ပြတင်းပေါက်တံခါးမှာ လေမတိုက်ပဲ သူ့အလိုလိုဖွင့်ချည်၊ ပိတ်ချည်ဖြစ်နေကာ “တစ်ဒုန်းဒုန်း” ဖြင့်ဆူညံနေတော့လေသည်။ အောင်ခင်ကတော့ အသံတစ်စုံတစ်ရာကြားလိုက်ရသည့်အခါတိုင်း အော်ဟစ်နေရုံမှလွဲ၍ မည်သို့မျှမတတ်နိုင်ပေ။

ခဏကြာတော့ ပြတင်းပေါက်တံခါးမှာ ဖွင့်လျက်သားဖြင့် ငြိမ်သွားတော့သည်။ ထို့နောက် ကုတင်အနားမှကပ်၍ လမ်းလျှောက်သွားသည့်အသံအား ကုတင်ပေါ်ထိုင်နေသည့် အောင်ခင်က အတိုင်းသားကြားနေရလေသည်။ အောင်ခင်တစ်ယောက် သွေးပျက်စရာကောင်းလောက်အောင်
ကြောက်လန့်နေလေသည်။

အတန်ငယ်ကြာသောအခါ မီးဖိုခန်းအတွင်းမှ ရေခဲသေတ္တာနှင့်
ကြောင်အိမ်၏ တံခါးများအား ဖွင့်လိုက်ပိတ်လိုက်လုပ်နေသည့်အသံကို ကျယ်လောင်စွာကြားနေရသည်။ ကြွေပန်းကန်များကျကွဲသံ၊ စတီးပန်းကန်များအားပစ်ချလိုက်သည့်
အသံများလည်း ကြားနေရကာ တစ်အိမ်လုံးဆူညံပွက်လောရိုက်နေလေ၏။

အောင်ခင်လည်း ကြောက်လန့်ရုံမက ငိုသံများပါ ပါဝင်နေသည့်အသံဖြင့်အော်ဟစ်နေကာ စောင်ကိုခေါင်းမြီးခြုံ၍သာ နေနေတော့လေသည်။ နားနှစ်ဖက်ကိုပိတ်ထားသော်လည်းပဲ ဆူညံသံများကကြားနေရလေသည်။

ဤသို့ဖြင့် ခဏမျှကြာသောအခါ ဆူညံသံများကတိတ်ဆိတ်သွားတော့သည်။ အောင်ခင်ကတော့ ကြောက်နေဆဲပင်။ တစ်ကိုယ်လုံးတွင်လည်း ချွေးတွေကရွှဲနေလေသည်။
ထိုအချိန် အောင်ခင်ခြုံထားသည့်စောင်အား တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်သလို လေထဲတွင်လွင့်ထွက်သွားတော့သည်။

“အား… အား… ကယ်ကြပါဦး ”

အောင်ခင်က ကယ်ပါ၊ ယူပါဟု တစ်ဆာဆာအော်နေသော်လည်း သူ၏အသံအားမည်သူမျှမကြားသလိုပင် ဖြစ်နေသည်။ ထို့နောက် အောင်ခင်အား တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သလို အနောက်သို့ပက်လက်လန်ကျသွားလေသည်။ ထိုအချိန် အောင်ခင်၏ကိုယ်ပေါ်သို့ ရောက်လာသည့်အရာအား ကြီးမားပြီး ကြောက်စရာကောင်းသည့် သရဲတစ်ကောင်ပင်ဖြစ်သည်။ ထိုသရဲကြီးသည်
သူ၏ စက်ဆုပ်ဖွယ်ရာကောင်းသည့် ပါးစပ်ကြီးကိုဖြဲလိုက်ရာ ထိုပါးစပ်အတွင်းမှ လျှာအရှည်ကြီးက အောင်ခင်၏ ရင်ဘတ်ပေါ်သို့အလိပ်လိုက်ကျနေလေသည်။ အမွှေးအမျှင်များဖုံးလွှမ်းနေကာ၊ ရှည်လျား ချွန်ထက်သော လက်သည်းကြီးများရှိနေသည့် လက်ကြီးတစ်စုံက အောင်ခင်၏လည်ပင်းအား ညှစ်နေလေသည်။

အောင်ခင်သည် သူ၏လည်ပင်းမှာနာကျင်မှူမရှိသလို သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့်အရာမှမရှိသလိုခံစားနေရသည်။ သို့သော် မြင်တွေ့နေရသည့် အရာကြောင့် သေမတက်ကြောက်လန့်နေသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ အော်ဟစ်နေလေ၏။

အချိန်အတော်ကြာကာမှ ထိုသရဲကြီးက အောင်ခင်၏အပေါ်မှရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားလေသည်။ သို့သော် ခြေသံများ၊ ပစ္စည်းပစ္စယများအား ရိုက်ခွဲ၊ ပစ်ပေါက်သည့်အသံများက အဆက်မပြတ်ထွက်ပေါ်နေလေ၏။

ထိုသို့ တစ်ညလုံးဆူညံပွက်လောရိုက်နေသည့် အခြေအနေသည် နံနက်အာရုဏ်တက်အချိန်မှ ပျောက်ကွယ်သွားတော့သည်။ အောင်ခင်လည်း မိုးလင်းသည်နှင့်တစ်ပြိုင်နက် အိမ်အတွင်းရှိပြန့်ကြဲရှူပ်နေသော ပစ္စည်းများကိုကျော်ခွကာ ဖိုးတုတ်ဆီသို့ အပြေးနှင်လေ၏။

“ဟေ့ရောင်…. ဖိုးတုတ်”

“ဟာ အောင်ခင်… ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့… ”

“သြော်… ဦးလေး… ဦးရဲ့သား ဖိုးတုတ်ရှိတယ်”

“ရှိတယ်…ရှိတယ် အိပ်နေတုန်း”

ထိုအချိန် ဖိုးတုတ်က အိမ်ထဲမှထွက်လာပြီး…

“အောင်ခင်… ဘာဖြစ်လာတာလဲ … မင်းအသံကြားလို့ငါတောင်လန့်နိုးသွားတာပဲ
လာ… အိမ်ပေါ်တက်လေ”

“မတက်တော့ဘူး…
မင်းကိုပြောစရာရှိလို့… ဒီကို ခဏလာဦး”

ဖိုးတုတ်သည် အိမ်အောက်သို့ဆင်းလာပြီးနောက် အောင်ခင်ပြန်ပြောပြသည့် အကြောင်းအရာများအား ကြားသိလိုက်ရချိန်တွင် အလန့်တကြားဖြစ်သွားကာ ချက်ချင်းပင် ဆိုင်ကယ်တစ်စီးဖြင့် အောင်ခင်နှင့်အတူ တစ်နေရာသို့ထွက်သွားလေ၏။
ဖိုးတုတ်၏ အဖေဖြစ်သူကတော့ သံသယမျက်လုံးများဖြင့် ကြည့်နေလေသည်။

အတန်ငယ်ကြာသောအခါ ဖိုးတုတ်နှင့်အောင်ခင်တို့နှစ်ယောက်သားသည် စိတ်ပျက်လက်ပျက်ဖြင့် ဖိုးတုတ်၏အိမ်သို့ပြန်ရောက်လာလေ၏။

“ဖိုးတုတ်… ဘယ်လိုလုပ်ကြမလည်း…ဟိုဆရာကြီးက သုံး၊ လေးရက်လောက်ကြာမှ ပြန်လာမှာ… ငါအိမ်ကိုမပြန်ရဲတော့ဘူးကွာ”

အောင်ခင်၏အသံမှာ တုန်တုန်ယင်ယင်ဖြစ်နေလေသည်။

“အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့ကွာ… ငါတို့နည်းလမ်းတစ်ခုခုတော့တွေ့မှာပါ…”

“မင်းက မမြင်ဖူးတော့ ဒီစကားပြောထွက်မှာပေါ့…. ငါညက သေမတက်ကြောက်နေခဲ့တာကွ”

ထိုအချိန် ဖိုးတုတ်၏အဖေဖြစ်သူက ဖိုးတုတ်နှင့်အောင်ခင်တို့၏အနားသို့ရောက်လာလေသည်။

“အောင်ခင်… မင်းဘာဖြစ်လာတာလဲ ငါ့ကိုမှန်မှန်ပြောစမ်း… မင်းပုံစံက တစ်ခုခုကိုကြောက်နေတယ်ဆိုတာ ငါသတိထားမိနေတယ်”

“ဗျာ… ဟို… ဟိုလေ… ဦးလေး”

“ဒီလိုအေဖေရ…….”

ဖိုးတုတ်က ကြားထဲမှဝင်၍ဖြစ်ကြောင်းကုန်စင်အား ပြန်ပြောလိုက်လေသည်။

“ဘာ… မင်းတို့ တော်တော်မိုက်တဲ့ကောင်တွေပဲကွာ
ပရလောကသားဆိုတာ တစ်ကယ်တော့ သနားဖို့ကောင်းတယ်ကွ မင်းတို့အခုလို မလုပ်သင့်ဘူး”

“ဟုတ်ပါတယ်… ဦးလေး သားလည်းနောင်တရနေပါပြီ… အခုဘာလုပ်ရမှန်းမသိတော့လို့…. ပြီးတော့အမေပြန်လာရင်လည်း အခုကိစ္စတွေကို မသိစေချင်လို့ပါ…. ဦးလေး အဆင်ပြေရင် ကူညီပေးပါဦး”

“အေးပါ…အေးပါ …. ဖြစ်ပြီးမှတော့ ဘာတက်နိုင်တော့မှာလဲ….လောလောဆယ် ဒီမှာခဏနေဦး”

ဖိုးတုတ်၏ အဖေသည် အိမ်အတွင်းသို့ဝင်သွားပြီး ခဏကြာတော့ ဖုန်တက်နေသည့်စာအုပ်အထူကြီးတစ်အုပ်အား ယူလာလေသည်။ စာအုပ်၏အဖုံးမှာ သစ်သားဖြင့်အသေအချာပြုလုပ်ထားပြီး ထိုသစ်သားအဖုံးအပေါ်၌ ” ဂါထာပေါင်းချုပ်” ဆိုသည့်စာသားအား ရေးထွင်းထားလေသည်။ ဖိုးတုတ်အဖေက ထိုစာအုပ်ထဲမှ တစ်ခုခုကိုလှန်လှော ရှာဖွေနေတော့သည်။ ထို့နောက် စာအုပ်ထဲမှဂါထာတစ်ပုဒ်အား အောင်ခင်ကို အရကျက်ခိုင်းလိုက်လေသည်။

ထို့နောက် ဖိုးတုတ်အဖေ၏ အကြံပေးချက်အတိုင်း အောင်ခင်၏အိမ်သို့ ဖိုးတုတ်ကပါနေ့လည်ခင်းကတည်းက ရောက်ရှိနေလေသည်။ အိမ်ထဲ၌ ရှူပ်ပွနေသည့် ပစ္စည်းများကိုလည်း နှစ်ယောက်အတူရှင်းလင်းလိုက်ကြတော့သည်။ ပြီးနောက် တစ်နေကုန် ရင်တထိတ်ထိတ်ဖြင့်သာ တီဗွီထိုင်ကြည့် နေကြလေ၏။

ဤသို့ဖြင့် နေဝင်ချိန်ရောက်လာသည့်အခါ အောင်ခင်သည် သူ့အခန်းထဲရှိ
မှန်အရှေ့တွင်ရပ်ကာ မှန်ကိုလက်ညှိူးထိုး၍ ဖိုးတုတ်အဖေ ကျက်ခိုင်းလိုက်သည့် ဂါထာအားကျယ်လောင်စွာ ရွတ်ဆိုလိုက်တော့သည်။

ဥုံ အဌ မဂ္ဂင်ဂါဏိ
တြိ ပိဋကတ်တရံ
သုံညံ မေ ဘဝိတ်သတိ
အမ်း အနိစ္စ. အမြဲမရှိ

အောင်ခင်သည် အခေါက်ခေါက်အခါခါ ဌာန်းကရိုဏ်းကျကျ ရွတ်ဆိုပြီးနောက် အနီးတွင်ရှိနေသည့် ဖိုးတုတ်အား မျက်စပစ်ပြလိုက်လေသည်။ ဖိုးတုတ်ကလည်း ခေါင်းကိုတဆတ်ဆတ် ညိမ့်ပြလိုက်သည်။ ထို့နောက် အောင်ခင်တို့နှစ်ယောက်လုံးသည် သတိဝိရိယဖြင့် အိပ်ယာဝင်ခဲ့ကြတော့သည်။ အချိန်အတော်ကြာသည်အထိ မည်သည့်အသံမှမကြားရသောကြောင့် အောင်ခင်တို့သူငယ်ချင်းနှစ်ယောက်သားသည် ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ အိပ်စက်အနားယူလိုက်ကြတော့သည်။ ထိုအချိန်မှစ၍ သရဲခြောက်လှန့်ခြင်းမခံရတော့ပေ။

ထိုညက ဖြစ်ခဲ့သည့်အဖြစ်အပျက်သည် အောင်ခင်အတွက်တော့ ပြန်တွေးမိလိုက်တိုင်း ကြက်သီးတဖျန်းဖျန်းထနေကာ မည်သို့မှမေ့ပျောက်မသွားနိုင်တော့သည့် အဖြစ်အပျက်လေးတစ်ခုအဖြစ် ကျန်ရှိနေတော့လေသည်။

— ပြီးပါပြီ —

စာဖတ်သူများအား
အစဉ်ချစ်ခင်လေးစားလျှက်…

စိုင်း (ချယ်ရီမြေ)

**အသိပေးချက်**

ဤဝတ္ထုထဲ၌ ထည့်သွင်းရေးသားထားသည့် “သရဲခေါ်နည်းနှင့် သရဲနိုင်ဂါထာ” မှာ လက်တွေ့ အမှန်တစ်ကယ်အသုံးပြု၍ရပါသည်။

စာရေးဆရာကိုလေးစားစွာဖြင့်
#credit