ဘီလူးသုံးမြွှာပူး(စ/ဆုံး)
~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။
သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင်လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ မခင်ကြည်မှာ ထူးခြားသည့် ချဉ်ခြင်းများကို တောင့်တခဲ့လေသည်။ ထိုချဉ်ခြင်းများအား သူမ၏ ယောက်ျားဖြစ်သူ ကိုအောင်မော် မှတစ်ပါး အခြားသူများအား မပြောရဲခဲ့ပေ။၎င်းချဉ်ခြင်းများမှာ အသားများကို အစိမ်းလိုက် စားလိုခြင်း၊ သွေးတို့ကို သောက်လိုခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ ကိုအောင်မော်အား တရှုပ်ရှုပ် နမ်းရင်း ကိုအောင်မော်အား ” အောင်မော် နင့်အသားတွေက မွှေးနေတာပဲ။ ငါ စားချင်လိုက်တာဟာ ” ဟူ၍ ပြောတတ်လေ သည်။
ထိုအခါမျိုး၌ကား ကိုအောင်မော်မှာမူ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်သွားကာ
“ဟာ … နင်ကလည်း”
ဟူ၍ ပြောပြီး မခင်ကြည်၏ ဘေးမှ ကမန်းကတန်း ထွက်သွားရတတ်၏။ထိုကဲ့သို့ ထူးခြားနေသော မခင်ကြည်၏ ချဉ်ခြင်းများအား ကိုအောင်မော်မှာ ရွာထဲရှိ ခေါင်းသုံးလုံး ပညာရှိများထံသို့ လည်းကောင်း၊ လူကြီးသူမများ ထံသို့လည်းကောင်း သွားရောက် ပြောပြရလေသည်။ မပြောလို့လည်း မဖြစ်။ ၎င်း၏ အသားကိုပင် စားချင်လောက်သော ချဉ်ခြင်းကို ကိုအောင်မော်တစ်ယောက် လန့်နေရသည် မဟုတ်ပါလော။ ထိုချဉ်ခြင်းအား ကြားသိရချိန်မှစ၍ ကိုအောင်မော်မှာ မခင်ကြည်နှင့် မအိပ်ရဲတော့ပေ။ခေါင်းသုံးလုံး ပညာရှိများနှင့် လူကြီးသူမ များက ၎င်းတို့၏ အတွေ့အကြုံ နှင့် ဗဟုသုတ များအရ ထိုကဲ့သို့ ထူးခြား ကြမ်းကြုပ်သော ချဉ်ခြင်းများကို ထောက်ဆ၍ မခင်ကြည်မှာ စင်စစ် ဘီလူးကဲ့သို့ ရက်စက်၊ ကြမ်းကြုပ်မည့်သူကို ကိုယ်ဝန်လွယ်ထားရသည်ဟု မှတ်ချက်ပြုကြလေသည်။
ဤသို့ဖြင့် မခင်ကြည်၏ ကိုယ်ဝန်မှာ ရင့်မှည့်ရာမှ မွေးဖွားချိန်သို့ ရောက်ရှိ လာခဲ့လေတော့သည်။” အူဝဲ … အူဝဲ … အူဝဲ ”” အောင်မလေး ….. ”မခင်ကြည်အား မီးဖွားပေးသော လက်သည် အဒေါ်ကြီး လန့်ဖြတ် အော်လိုက်မိသည်။ ထိုအော်သံကြောင့် မီးဖွားရာအခန်း၏ ရှေ့တွင် မိမိ၏ မိန်းမ မခင်ကြည် လွယ်လင့်တကူ မီးဖွားနိုင်စေရန်အတွက် အင်္ဂုလိမာလသုတ်ကို လည်းကောင်း၊လူကြီးသူမများ ပြောသကဲ့သို့ ဘီလူး မွေးဖွားမလာစေရန် လည်းကောင်း ဆုတောင်း ရွတ်ဆိုနေသည့် ကိုအောင်မော်မှာလည်း စိုးရိမ်မှုနှင့်အတူ လန့်သွားလေသည်။” ဒေါ်ဒေါ်တင် ဘာဖြစ်တာလဲ … ”” ဘာဖြစ်လို့ အလန့်တကြား အော်ရတာလဲ။ ကျွန်တော့်ကို သိရအောင် ပြောပါဦး”ကိုအောင်မော်က ထိုသို့ စိုးရိမ်တကြီး လှမ်းမေးလိုက်သည့်အခါ -” ဘာမှ … ဘာမှ မဖြစ်ပါဘူး အောင်မော်၊ ခဏနေရင် မင်းလည်း ဝင်ကြည့်လို့ ရပြီပဲ”ဟူ၍မီးဖွားခန်းထဲမှ ဒေါ်တင်က ကိုအောင်မော်အား လှမ်းပြောလိုက်လေသည်။
ကိုအောင်မော်မှာ ဒေါ်တင်၏ စကားထစ်သွားပုံကို ထောက်ဆ၍ မခင်ကြည်မှာ အမှန်ပင် ဘီလူးလေးကို မွေးဖွားလိုက်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သို့ရာတွင် ကိုအောင်မော်မှာ မိမိ၏ မူရင်းစိတ်မှ လက်ခံ နားလည်လိုက်သည့် အကြောင်းအရာအား ဖုံးကွယ်ပစ်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်အုပ်ချီကာ ” မဟုတ်ပါစေနဲ့ ..၊ မဟုတ်ပါစေနဲ့ ..၊ သမ္ဗုဒ္ဓေ x x x ၊ ဣတိပိတော x x x…” စသည်ဖြင့် တသွင်သွင် ရွတ်ဆိုနေတော့သည်။
” အောင်မော် .. ၊ အောင်မော် ..”” ဟေ့ … အောင်မော် ”” အမလေးဗျ … ဘီလူးလေး မဟုတ်ပါစေနဲ့ ၊ ဣတိပိတော …”မီးဖွားခန်းမှ ထွက်လာသော ဒေါ်တင်မှာ ကိုအောင်မော်အား ဖြည်းဖြည်း သက်သာ ခေါ်မရသည့်အဆုံး ကိုအောင်မော်၏ ကျောကို အသာရိုက်၍ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း စိုးရိမ်ပြီး အကြောက်လွန်နေသည့် ကိုအောင်မော်မှာ လန့်သွားကာ ဆိုမိဆိုရာ ရွတ်ချလိုက်ခြင်း ဖြစ်လေသည်။” ဒေါ်ဒေါ်တင် … ဘာလေးလဲဗျ …၊ ကျုပ်ကို မြန်မြန်ပြောစမ်းပါ …”” မင်းဟာမင်းပဲ ဝင်ကြည့်တော့ အောင်မော်၊ ဒေါ်ဒေါ်တင် မပြောချင်ဘူး ” ဒေါ်တင်၏ မျက်နှာမှာ မကောင်းပေ။
ကိုအောင်မော်မှာ တံခါးသဖွယ် ပိတ်ကာထားသည့် ခန်းစီးစကို ကိုင်၍ အတန်ငယ် တွန့်ဆုတ်နေလေသည်။ ယခင် သားကြီး ကောင်းကျော် အား မွေးဖွားခဲ့စဉ်က လက်သည် အဒေါ်ကြီး ဒေါ်ဒေါ်တင်၏ မီးဖွားခန်းမှ အထွက်ကိုပင် မစောင့်။ ဒေါ်တင်မှ ” အောင်မော်ရေ ၊ ဝင်လာလို့ရပြီ ” ဟုဆိုကာမှရှိသေး။ ကိုအောင်မော်မှာ အခန်းတွင်းသို့ ရောက်ရှိနေပေပြီ။ယခုမူ မိမိ မမြင်တွေ့ချင်သည့် မြင်ကွင်းအား မြင်တွေ့ရမည်ကို သိနေသည့်အတွက် အတန်ငယ် တွန့်ဆုတ်နေခြင်း ဖြစ်သော်လည်း ” အို … ဘာပဲဖြစ်ဖြစ်ဒါဟာ ငါ့ရဲ့ရင်သွေးတွေပဲ ” ဟူသော ဖခင်စိတ်ကို ဖြစ်စေပြီး ခန်းစီးစကို မတင်ကာ အခန်းတွင်းသို့ ဝင်သွား လေသည်။
” အောင်မော်လား …”” ဟုတ်တယ် ခင်ကြည် … ငါပဲ”မောဟိုက် နွမ်းလျနေသည့် မခင်ကြည်၏ အသံတွင် ဝမ်းနည်းနေသည့် ဓာတ်တို့ပါနေသည်ကို အောင်မော် သိသည်။” ကလေးတွေရော ခင်ကြည် …”မွေးဖွားလာသည့် ကလေးများကို မမြင်၍ ကိုအောင်မော် မေးလိုက်ခြင်း ဖြစ်လေသည်။” ကလေးတွေက ငါ့ စောင်အောက်မှာ၊ နင် မြင်သွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ စောင်နဲ့ ဖုံးထားတာ”” ခင်ကြည်ရယ် … ငါ စိတ်မကောင်း ဖြစ်တာက အကြောင်းမဟုတ်ပါဘူးဟာ၊ ကလေး မွန်းပြီး အသက်ရှူကြပ်နေပါ့မယ်”” စောင်ကို ခပ်ဖွဖွလေးပဲ ဖုံးထားတာပါ၊ ပြီးတော့ နင်ထင်သလို …… ”” ကလေး မဟုတ်ဘူး၊ ကလေးတွေ … ၊ တစ်ယောက်တည်း မဟုတ်ဘူး အောင်မော်၊ သုံးယောက်တောင် မွေးတာ”” ဟင် …. သုံးယောက်တောင် …”ကိုအောင်မော် အလန့်တကြားရေရွတ်လိုက်သည်။
ထို့နောက် ကိုအောင်မော်သည် မိမိ၏စိတ်ကို တင်းကာ ” အို… ငါက ဘာကိုကြောက်နေရမှာလဲ၊ ဒါ ငါ့ရဲ့ကလေးတွေပဲ” ဟူ၍စိတ်တွင်းမှ ရေရွတ်ရင်း ကလေးများကို ဖုံးလွှမ်းထားသည့်စောင်အား အသာအယာ ဆွဲဖယ်ကြည့်လိုက် လေသည်။ ထိုအချိန်၌ မခင်ကြည်မှာမူ မျက်စိကို အသာပိတ်၍ သက်ပြင်းကို အသာချလိုက်လေတော့သည်။
” ဟာ …….”မြင်လိုက်ရသည့် မြင်ကွင်းက ကိုအောင်မော်ကို မျက်လုံးပြူးသွား စေသည့်အပြင် ပါးစပ်ပါ အဟောင်းသား ဖြစ်သွားစေသည်။ ကိုအောင်မော် မြင်လိုက်ရသည်မှာ ခရမ်းချဉ်သီးလုံးခန့်ရှိသော မျက်လုံးခြောက်လုံးပင် ဖြစ်လေသည်။” ခင်ကြည်ရယ် … ကလေးတွေ မျက်လုံးက ကြီးလှချည်လား၊ ပြီးတော့လည်း မျက်လုံးက နီစပ်စပ်နဲ့ …”ထိုသို့ ကိုအောင်မော်မှ ပြောလိုက်သည့်အခါ မခင်ကြည်သည်–” ကလေးတွေကို အနှီးနဲ့ပတ်ထားလို့ နင်က မျက်လုံးကိုပဲ မြင်ရသေးတာ …”” ကျန်တဲ့ နေရာတွေကရော ဘာလိုဖြစ်နေတုန်း၊ ငါ့ကို ပြောပါဦး ခင်ကြည်”” သူတို့ လက်သည်း၊ ခြေသည်းတွေကလည်း အရှည်ကြီးတွေပဲ အောင်ကျော်၊ ပြီးတော့ လက်ချောင်းတွေကလည်း အဖျားရှုးသွားတဲ့ ပုံစံမျိုးတွေ …”ဤသို့ ကလေးမွေးပြီးစ မခင်ကြည်မှ အားနည်းသော လေသံဖြင့်ဖြည်းဖြည်းချင်း ပြောလိုက်သည့် အခါ ကိုအောင်မော်မှာ ကလေးများကို အနှီးဖြည်၍ ထပ်မကြည့်ဖြစ်တော့ပါ။
ထို့နောက် ၎င်း၏ မိန်းမဖြစ်သူ မခင်ကြည်အား –” ခင်ကြည်ရယ် … ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ဟာ၊ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက ငါတို့ရဲ့ ကလေးတွေပဲ၊ နင်ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးခဲ့ရတာ မဟုတ်လား၊နင်လည်း ကလေးမွေးထားရလို့ ပင်ပန်းနေပြီ၊ အနားယူလိုက်ဦးနော်”” ဒီကိစ္စကို ငါ လူကြီးတွေနဲ့ သွားပြီးတိုင်ပင်လိုက်ဦးမယ် …”” အင်း ”” အခု ကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ရမယ့် ကိစ္စမဟုတ်ဘူး အောင်မော်၊ သေချာစဉ်းစားပြီး လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မယ် ”ရွာသူကြီး ဖြစ်သူ ဦးသာအေးမှ ကိုအောင်မော်အား ပြောလိုက်ခြင်း ဖြစ်သည်။” ဟုတ်ကဲ့ပါ သူကြီး၊ သူကြီးတို့က လုပ်သင့်တာကို လုပ်ကြပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လိုက်နာဖို့ အသင့်ပါပဲ”” အေးကွယ် …၊ ငါ ပြောတဲ့အတိုင်း မင်းတို့ လိုက်နာမယ်ဆိုတာ ငါလည်း သိပြီးသားပါ၊ ဒါပေမယ့် ဒီကိစ္စက ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ ပြီးမယ့် ကိစ္စတော့ မဟုတ်ပေဘူး၊ ဒါကြောင့် ရွာက လူကြီးတွေကို ခေါ်ပြီး စည်းဝေးရတာပေါ့ကွယ်၊ ဒီဘက်က ဦးကြီးတင်မြက ဘယ်လို ဖြစ်သင့်တယ် ထင်သလဲဆိုတာ ပြောပါဦး”သူကြီးဦးသာအေးသည် ၎င်း၏ ညာဘက်၌ ထိုင်နေသော ဦးကြီးတင်မြအား လှမ်း၍ မေးလိုက်ခြင်း ဖြစ်လေသည်။
ဦးကြီးတင်မြက –” ခင်ကြည် မွေးလာတာ ဘီလူးလေးတွေလို့ပဲ ဦးကြီးကတော့ ပြောရလိမ့်မယ်၊ ဒါကို မင်းနားထဲမှာ ရိုင်းတယ်လို့ မအောက်မေ့နဲ့ အောင်မော် ”” ဟုတ်ကဲ့ပါ ဦးကြီး၊ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ပါဘူး ”” အဲဒီ ဘီလူးလေးတွေ မွေးလာတဲ့ကိစ္စက တော်ရုံကိစ္စ မဟုတ်ပေဘူး၊ အခုလို သူတို့ အရွယ်မရောက်သေးခင်မှာ ပြဿနာ မရှိနိုင်ပေမယ့် ကြီးလာတဲ့အခါကျရင် တစ်ရွာလုံး ဒုက္ခရောက်သွားနိုင်တယ်၊ ဒါကြောင့် ဦးကြီး အကြံပြုချင်တာကတော့ … ”ဦးကြီးတင်မြသည် သူ၏ စကားအား ဆက်ပြောရကောင်းနိုး၊ မပြောရကောင်းနိုးဖြင့် ကိုအောင်မော်၏ မျက်နှာအား လှမ်းကြည့်လိုက်လေသည်။
ထိုအခါ ကိုအောင်မော်က –” ဦးကြီး ပြောချင်တာကို ဆက်ပြောပါ ဦးကြီး ”” အေးကွယ် … ဆက်ပြောရမယ်ဆိုရင်တော့ မိဘချင်း ကိုယ်ချင်းမစာလို့တော့ မဟုတ်ပေဘူး၊ ဒီဘီလူးလေးတွေကို အခုချိန်ကတည်းကပဲ သုတ်သင် ရှင်းလင်းသင့်တယ်လို့ ဦးကြီးကတော့ အကြံပြုချင်တယ် ”ဦးကြီးတင်မြသည် လူကြီးပီပီ စကားကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလေသည်။ ထိုသို့ ဦးကြီးတင်မြက အကြံပြုလိုက်သည်တွင် သူကြီးမှ ဦးကြီးတင်မြ၏ဘေးတွင် ထိုင်နေသော ဘကြီးရန်အေး အား လှမ်း၍ မေးလိုက်သည်။” ဘကြီးရန်အေးကရော ဘယ်လိုများ အကြံပြုချင်ပါသေးလဲ ခင်ဗျာ”ထိုအခါ ဘကြီးရန်အေးသည် ကိုအောင်မော်အား တစ်ချက်ကြည့်ပြီး သူကြီး ဘက်သို့ မျက်နှာမူကာ” ဘကြီးကတော့ဖြင့် ဘီလူး မွေးလာတဲ့ကိစ္စကို ကြားဖူးပါရဲ့၊ ဒါပေမယ့် လက်တွေ့တော့ မမြင်ခဲ့ဖူးပါဘူး၊ အခုမှသာ မြင်ဖူးတာ ”” ဟုတ်ကဲ့၊ ပြောပါဦး ဘကြီး ”သူကြီးဖြစ်သူ ဦးသာအေးမှ ဝင်ထောက်ပေးလိုက်ခြင်း ဖြစ်သည်။” ဘကြီး ကြားဖူးတဲ့အတိုင်းဆိုရင် စောစောက ကိုတင်မြ ပြောသွားတဲ့အတိုင်း လုပ်ပစ်ခဲ့ကြတာပဲ ”ထို့နောက် ဘကြီးရန်အေးသည် ကိုအောင်မော်ဘက်သို့ လှည့်၍” အောင်မော်၊ အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ပြီး အနိုင်ယူရတယ်ဆိုပေမယ့် ခံတပ်တွေ အထပ်ထပ်ချပြီး ကြိုတင်ကာကွယ်တာထက် စာရင် အဲဒီ အန္တရာယ်က ကိုယ်နဲ့ လက်တစ်ကမ်းမှာလည်း ရှိနေမယ်၊ ပြီးတော့ အင်အားနည်းနေတဲ့ အချိန်လည်း ဖြစ်နေမယ်ဆိုရင်တော့ ခံတပ်တွေ ဆောက်ထားဖို့ထက် အဲဒီအန္တရာယ် ကြီးထွားမလာခင်ချေမှုန်းပစ်သင့်တယ်လို့ ဘကြီးကတော့ ထင်တယ် ”ထိုသို့ ဘကြီးရန်အေးမှ ကိုအောင်မော်အား ပြောလိုက်သည့်အခါ သူကြီးဦးသာအေး၏ ဘယ်ဘက်တွင် ထိုင်နေသော ဘကြီးထွန်းငွေက –” ဟုတ်တယ် အောင်မော်၊ ဘကြီးထွန်း လည်း ကိုရန်အေး ပြောသလို ဖြစ်သင့်တယ်လို့ ထင်တယ် ”” ဟုတ်ကဲ့ ဘကြီးထွန်း ”” ဦးကြီးတင်မြတို့၊ ဘကြီးရန်အေးတို့၊ ဘကြီးထွန်းတို့ကတော့ သူတို့ရဲ့ အတွေ့အကြုံ ၊ အမြော်အမြင်တွေနဲ့ အခုကိစ္စမှာ ဖြစ်သင့်တယ် ထင်တာကို ပြောပြီးသွားကြပြီ ၊ ဒီဘက်က ဦးကြီး၊ ဘကြီး တို့ရဲ့ အကြံညဏ်တွေကိုလည်း သိပါရစေဦး ခင်ဗျာ ”သူကြီးမှ ကျန်သည့် လူကြီးများအား မေးမြန်းလိုက်လေသည်။
ထိုအခါ ကျန်သည့် လူကြီးများမှ အထူးအထွေ ပြောစရာ မရှိသည့်အကြောင်း၊ ဦးကြီးတင်မြနှင့် ဘကြီးရန်အေးတို့၏ အကြံပြုချက်များအတိုင်း လုပ်သင့်ကြောင်းကို ပြောဆိုလေသည်။” ကဲ … အောင်မော်ရေ၊ ဒီကလူကြီးတွေရဲ့ စကားကို မင်းလည်းကြားပြီ မဟုတ်လား၊ ဒါကြောင့် ငါတို့ လုပ်သင့်တာဟာ ….. ”သူကြီးမှာ စကားကို မဆက်သေးဘဲ ကိုအောင်မော်ကို ကြည့်ကာအားနာနေသယောင် ရှိလေသည်။သို့ရာတွင် မပြော၍လည်း မပြီးသည့် ကိစ္စဖြစ်သည့်အတွက် ဘာပဲဖြစ်ဖြစ် ပြောရမှာပဲ ဟူသော မျက်နှာဖြင့် –” ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် အောင်မော်၊ ဒီဘီလူးလေး သုံးကောင်ကို ငါတို့တွေ အခုကတည်းက သတ်ပြီးမြေမြုပ်ပစ်တာဟာ အကောင်းဆုံး၊ ဒါဟာ ရေရှည်ကိုကြည့်ပြီး ပြောတယ်ဆိုတာ မင်းလည်း သိတာပဲ၊ အခုကစပြီး မင်းမိန်းမ ခင်ကြည်ကိုလည်း ဘီလူးလေးတွေကို နို့မတိုက်ဖို့ ပြောလိုက်ကွာ၊ ပြီးတော့ မနက်ဖြန်ကျရင်ရွာအနောက်ဘက်က ကျီးအာရိုးနားမှာ မြေမြုပ်ကြမယ် ”” ဟုတ်ကဲ့ပါ သူကြီး ”မှတ်ချက် ။ ။ ရိုး ဆိုသည်မှာ ရေကောနေသည့် ချောင်းကျဉ်းတစ်ခုနှင့် တူလေသည်။ကျီးအာရိုး …များသောအားဖြင့် ရွာ၏ အမှိုက်သရိုက်များကို စွန့်ပစ်ရာနေရာ ဖြစ်လေသည်။
ထိုကျီးအာရိုး၏ မလှမ်းမကမ်းတွင် လူတစ်စု တလှုပ်လှုပ် တရွရွဖြင့် ရှိသည်ကို တွေ့ရလေသည်။ ၎င်းလူစုထဲမှ တစ်စုံတစ်ယောက်သော လူတစ်ယောက်သည် ဓားကြီးတစ်လက်အား ကိုင်ဆောင်ထားသည်။ ၎င်း၏ ရှေ့၌ မွေးဖွားစ ကလေးငယ် နီတာရဲလေး သုံးယောက်ကို ပက်လက် အနေအထားဖြင့် တွေ့ရလေသည်။အဆိုပါ မြင်ကွင်းအား ဘေးသူစိမ်း တစ်ယောက်သာ မြင်ပါက အလွန် ရက်စက်ကြမ်းကြုပ်သော လူတစ်စု ဟူ၍ မှတ်ချက်ပြုသွား ပေလိမ့်မည်။ အမှန်စင်စစ်မှာမူ နောက်အခါတွင် လာလတ္တံ့သော လွန်စွာကြီးမားသည့် အန္တရာယ်အား ကြိုတင် ဖယ်ရှားခြင်းသာ ဖြစ်ပေသည်။
ရွာတွင် အမဲသား ပေါ်ရာ၌ နွားများကို သတ်ဖြတ်ပေးလေ့ ရှိသည့် ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား အားဖြင့် မဟုတ်ဘဲ အသာအယာ မြှောက်ကာ နီတာရဲ ကလေးသုံးယောက်၏ ချက်အနားဆီသို့ ဦးတည်၍ ခုတ်ချလိုက်လေသည်။ထိုအခိုက် အနီးအနားရှိ လူကြီးများမူ မျက်စိအား အသာ ပိတ်ထားလိုက်ကြသည်။ မလုပ် မဖြစ်၍ လုပ်သင့်သော အလုပ်ကို လုပ်ရခြင်း ဖြစ်စေကာမူ မွေးဖွားစ ကလေးငယ် သုံးဦးအား ဓားဖြင့် ပိုင်းဖြတ်သော မြင်ကွင်းအား အဘယ်သို့ မျက်လုံးပြူး၍ ကြည့်ရှုနိုင်ပါလိမ့်မည်နည်း။
” ဟာ ….. ”ကိုဖိုးထောင်၏ အလန့်တကြား အော်လိုက်သံကြောင့် အနီးအနားတွင် ရှိသော လူကြီးများ မျက်လုံး ဖွင့်ကြည့်လိုက်သည်။” ဘာဖြစ်တာလဲ ဖိုးထောင် … မင်းဟာက အလန့်တကြား ”” သူကြီး … ဒီဘီလူးလေးတွေကို ခုတ်လို့မရဘူးဗျ ”” ဟေ… ဘာဖြစ်လို့ ခုတ်လို့မရတာလဲဟ၊ အသားက မာနေလို့လား ”” မဟုတ်ဘူး သူကြီး၊ ကျွန်တော် ခုတ်ပြီး ဓားကိုလည်း ပြန်ဆွဲထုတ်လိုက်ရော ခုတ်ထားတဲ့ နေရာက ပြန်ဆက်သွားတယ်သူကြီး ”” ဟေ ….. ”သူကြီးပါမက လူကြီးများ အပါအဝင် ကလေးများ၏ ဖခင်ဖြစ်သူ ကိုအောင်မော်ပါ အံ့သြစွာ ရေရွတ်လိုက်မိသည်။” နောက်တစ်ခေါက် ထပ်ပြီး စမ်းကြည့်စမ်းပါဦးကွာ … ”” ဟုတ်ကဲ့ သူကြီး ”ကိုဖိုးထောင်မှာ ယင်းကဲ့သို့ သူကြီးအား ပြောကြားပြီးနောက် အစကဲ့သို့ မဟုတ်ဘဲ ဓားကို အားဖြင့်မြှောက်ကာ ကလေးများ၏ ခန္ဓာကိုယ် အလယ်တည့်တည့်သို့ ခုတ်ပိုင်း ချလိုက်လေသည်။ ၎င်း၏ ဓားချက်ကြောင့် ကလေးငယ်များ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းစီ ပြတ်သွားလေသည်။ သို့ရာတွင် သွေးကတော့ ထွက်မလာပေ။ သူကြီး အပါအဝင် ဘေးနားမှ လူကြီးများမှာ မည်သို့ မည်ဖုံ ဖြစ်လာမည်ကို တွေ့မြင်လိုသော မျက်လုံးများဖြင့် နှစ်ပိုင်း ပြတ်သွားသည့် ကလေးငယ် သုံးဦးအား ဝိုင်းဝန်း ကြည့်ရှုနေကြသည်။
ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား မြေပြင်မှ ပြန်နုတ်သည့်အခိုက် အလွန် ထူးဆန်းစွာပင် နှစ်ပိုင်းဖြစ်နေသော အနှီ ဘီလူးလေးများ၏ ခန္ဓာကိုယ်သည်တရွေ့ရွေ့ ပြန်ဆက်သွားကြသည်ကို အထင်းသား မြင်လိုက်ရလေသည်။ သြော် … အံ့ဖွယ်ရှိစွတကား။အနီးအနားမှ လူများလည်း အဆိုပါ မြင်ကွင်းအား လက်တွေ့ မြင်လိုက်ရသဖြင့် အံ့သြ မှင်သက် သွားကြသည်။1234ခဏ အကြာတွင် သူကြီး၏အသံ ထွက်လာသည်။” ဘကြီးရန်အေး ကျုပ်တို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ ”” အတော်တော့ အံ့သြစရာ ကောင်းသား၊ ဒါပေမယ့် အလုပ်တစ်ခုကို လေးနက်စေချင်ရင် သုံးကြိမ် လုပ်ရတယ်၊ ဘကြီးတို့ သြကာသကို သုံးကြိမ် ဆိုတာပဲ ကြည့်ပါလား၊ ဒီတော့ … နောက်တစ်ခေါက် ထပ်စမ်းကြည့်ကွာ၊ မရတော့လည်းတစ်မျိုး ကြံကြသေးတာပေါ့ ”ယင်းသို့ ဘကြီးရန်အေးမှ ပြောလိုက်သည့်အခါ သူကြီးမှ နွားသတ်သမား ကိုဖိုးထောင်အား လှမ်းပြောလိုက်လေသည်။” ဟေ့ … ဖိုးထောင်၊ နောက်တစ်ခေါက် ထပ်လုပ်ကွာ ”ကိုဖိုးထောင် ထပ်ပိုင်းလိုက်သော်လည်း ယခင် အတိုင်းပင်ပြန်ဆက်သွားကြသည်။ ရော် … ခက်ပြီ။ ဒီလိုသာ ပြန်ပြန်ပြီး ဆက်သွားမယ်ဆိုရင် အလုပ်က ပြီးတော့မည်မဟုတ်။ ဘေးနားမှ လူကြီးများလည်း မည်သို့ လုပ်ကြရမည်ကို ကြံဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ မျက်လုံးများသာမက စကားသံများပါ တိတ်ဆိတ် နေသောကြောင့် ဖြစ်လေသည်။” သူကြီး ၊ ဒီလို လုပ်ကြည့်ပါလား … ”” ဘယ်လိုလဲ၊ ဘကြီးထွန်း ”” အရင်ဆုံး တွင်းနှစ်တွင်းကို ခပ်ဝေးဝေးမှာ တူး၊ ပြီးတော့ ဘီလူးလေးတွေကို ခုတ်ပြီးပြီးချင်း တစ်ပိုင်းစီကို ယူပြီး တူးထားတဲ့ တွင်းနှစ်တွင်းထဲမှာမြှုပ်လိုက်ရင် မကောင်းဘူးလား၊ ဒီလိုဆို ပြန်ဆက်လို့လည်း မရတော့သလို မြှုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့ ”” ဟာ ဟုတ်တာပေါ့၊ ဘကြီးထွန်း ပြောသလိုဆိုရင် ပြန်မဆက်တော့ဘူးပေါ့၊ ဒီလိုဆို တွင်းနှစ်တွင်း အရင်တူးကြရအောင်ဟေ့ ”သူကြီးဦးသာအေးမှ ထိုသို့ လောဆော် ပြောကြားရင်း ၎င်းကိုယ်တိုင် ပေါက်ပြားတစ်လက်အား ကောက်ယူကာ တူးလေတော့သည်။
တွင်းနှစ်တွင်းမှာ ခြေလှမ်းငါးဆယ်ခန့် ကွားဝေးလေသည်။” ဟေ့ အသင့်ပြင်ထားကြနော်၊ ခုတ်ပြီးတာနဲ့ တစ်ခါတည်းယူပြီး ပစ်ကြ ”သူကြီးမှ ကိုအောင်မော် အပါအဝင် လူလတ်ပိုင်းအရွယ် လေးယောက်အား ပြောလိုက်သည်။ သူကြီးအပါအဝင် ထိုခြောက်ယောက် လူစုသည် နီတာရဲ ဘီလူးလေး သုံးယောက်၏ ခေါင်းပိုင်းနှင့် ဖင်ပိုင်းတွင် သုံးယောက်စီ နေရာယူထားကြသည်။ ဤနေရာ၌ သူကြီးမှာ အဘယ်ကြောင့် ၎င်းကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်နေသနည်း ဟူမူ သူကြီးအောက် ငယ်သော သူမှာ ကိုအောင်မော်၊ ကိုဖိုးထောင်နှင့် အခြား လေးယောက်သာ ရှိပြီး ကျန်သည့်လူများမှာ သူကြီးထက် အသက်ကြီးသော ရွာ၏ ရပ်မိရပ်ဖ လူကြီးများသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ ကလေး၊ လူငယ်၊မိန်းမ စသူတို့အား ယခု နေရာသို့ မလာရန် သူကြီးမှ တားမြစ်ထားပြီး ဖြစ်လေသည်။” ဟေ့ ဖိုးထောင်၊ ခုတ်ကွာ ”ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား ဘီလူးလေးများကို ခုတ်ပိုင်းရန် အသင့်ပြင်လိုက်သည်။ သနားကြင်နာမှု မရှိ၊ကြောက်ရွံ့ခြင်း မရှိသည့် နွားသတ်သမား ကိုဖိုးထောင် အတွက်မူ ယခုကိစ္စသည် ထမင်းစား ရေသောက် ဖြစ်နေသော်လည်း ပိုင်းပြတ်သွားမည့် ဘီလူးလေးများ၏ ခြေပိုင်းမှ ဆွဲရမည့် လူများမှာ ချွန်သည့် သဏ္ဍာန်ရှိသော ခြေသည်းရှည်ကြီး များကို ကြည့်၍ အနည်းငယ် ရွံ့နေဟန် ရှိလေသည်။
ထို့ထက် ဘီလူးလေးများ၏ ခေါင်းပိုင်းကို ယူရမည့် လူများမှာ နီကြောင်ကြောင် မျက်လုံးကြီး များနှင့် လက်သည်း ရှည်ကြီးများကို ကြည့်ကာ ပို၍ ရွံ့နေဟန် ရှိကြသည်။ အနှီ ဘီလူးပေါက်စလေးများမှာ မူကား ၎င်းတို့အားသတ်ဖြတ် ခံရခြင်းထက် ဆာလောင် မွတ်သိပ်သည့် အသံများဖြင့် ” အူဝဲ ” ဟူသော မွေးဖွားစ ကလေးငယ်တို့၏ အစွမ်းထက် ဂါထာ မန္တာန်ကိုသာ တွင်တွင်ကြီး ရွတ်ဆိုနေတော့သည်။ဤသို့ဖြင့် ဘီလူးလေးများ၏ အပေါ်ပိုင်း သုံးပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း၊ အောက်ပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း မြှုပ်နှံပြီး ရွာဆီသို့ ပြန်ခဲ့ကြလေသည်။
ယင်းကိစ္စမှာလည်း ရွာထဲ၌ ရေပန်း အစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေလေတော့သည်။ အချို့သော သူများက စိုးရိမ်လွန်းသော လေသံဖြင့် ပြောကြသေးသည်။” ဘီလူးလေးတွေ မြေကြီးထဲမှာ ပြန်ဆက်သွားရင် ဘယ့်နှယ်လုပ်မလဲ ”” အေ ညည်းကလည်း မဖြစ်နိုင်ပါဘူး ”” မဖြစ်နိုင်ဘူး မပြောနဲ့တော်ရေ … ၊ တကယ်လို့သာ ကျုပ်ပြောတဲ့ အတိုင်း ဖြစ်ခဲ့ရင် ကျုပ်တို့ရွာတော့ ပြာကျမှာပဲ ”” ဖွဟဲ့ ..၊ လွဲပါစေ ၊ ဖယ်ပါစေ ”ထိုရက်ပိုင်းက ကိုအောင်မော်နှင့် မခင်ကြည်တို့မှာလည်းအိမ်ပြင်သို့ မထွက်ဝံ့ကြပေ။ ယင်းသို့ အိမ်ပြင် မထွက်ရခြင်း၏ နောက်ထပ် အကြောင်းမှာလည်း မီးဖွားပြီးစ မခင်ကြည်အား စိတ်မကောင်း မဖြစ်ရန် ကိုအောင်မော်က အားပေးစကားများ ပြောရင်း မခင်ကြည်၏ ဘေးတွင် အနေများနေခြင်း ကြောင့်လည်း ဖြစ်လေသည်။
၎င်းတို့၏ သားဦးဖြစ်သူ မောင်ကောင်းကျော်ကို လောလောဆယ် ဘွားအေ၏ အိမ်၌သာနေရန် မှာထားလေသည်။ဤကဲ့သို့ ဘီလူးလေးများအား မြှုပ်နှံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော နေဝင်ဖြိုးဖျ အချိန်တွင် သူကြီးဖြစ်သူ ဦးသာအေး၏ အိမ်ဆီသို့ တစ်ယောက်သော လူတစ်ဦးသည် တန်းတန်းမတ်မတ် လျှောက်လှမ်းလာလေသည်။ ထိုအချိန်၌ သူကြီးဦးသာအေးမှာ ရေနွေးကြမ်းအိုးအား ရှေ့၌ချကာ အိမ်ရှေ့ကွပ်ပျစ်တွင် အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေသည့်အခိုက် ဖြစ်သည်။” အောင်မော်ပါလား၊ လာလေကွယ် ”” မင်းလက်ထဲမှာ ပေါက်ပြားကြီးနဲ့ ပါလား၊ ဘယ်ကပြန်လာတာလဲကွယ့်၊ ယာထဲကလား ”” မဟုတ်ပါဘူး သူကြီး၊ ကျွန်တော် …. ”ကိုအောင်မော်မှာ စကားအား ရှေ့ဆက်မပြောသေးဘဲ ရေနွေးကြမ်း တစ်ခွက်အား ကောက်ယူ၍ မော့ချလိုက်သည်။ထို့နောက် –” ကျွန်တော် ကျီးအာရိုးက ပြန်လာတာ သူကြီး ”” ဟေ … မင်းက ဘာသွားလုပ်တာလဲ ”” ကျွန်တော့် သားလေးတွေဖြစ်တဲ့ ဘီလူးလေးတွေကို သွားဖော်ကြည့်တာပါ သူကြီး၊ ဒါပေမယ့် …. ”” ဒါပေမယ့်၊ ဘာဖြစ်လဲ အောင်ကျော်၊ ဘာတွေ့ခဲ့လို့လဲ ”သူကြီးဦးသာအေးမှ သိချင်ဇောဖြင့် အလောတကြီး မေးလိုက်သည်။
ကိုအောင်မော်၏ စကားများတွင် တစ်စုံတစ်ခုသော ထူးခြားသည့် အကြောင်းများ ပါနေသည်ကို သူကြီးဦးသာအေး သိနေသည်။” ကျွန်တော် ဘာမှ မတွေ့ခဲ့ဘူး သူကြီး၊ တွင်းနှစ်တွင်းလုံးကို ဖော်ကြည့်ခဲ့တာ မြေစာတွေက လွဲလို့ ဘာမှ မတွေ့တော့ဘူး သူကြီး ”” ဟေ …. ”” ခွေးတွေ ဘာတွေများ တူးယက်ပြီး စားသွားတာလားကွယ် ”” မဖြစ်နိုင်ပါဘူး သူကြီး၊ ကျွန်တော်တို့ တူးခဲ့တဲ့တွင်းကလည်း နက်တော့ ခွေးတွေ တူးယက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး သူကြီး၊ ဒါ့ထက် တွင်းနှစ်တွင်းလုံးက လက်ရာ ခြေရာ မပျက်ဘူး ”သူကြီး ဦးသာအေးသည် အဝေးသို့ငေးကြည့်ရင်း စဉ်းစား တွေးတောဟန်ဖြင့် ဤသို့ ပြောလိုက်လေသည်။” ဒါဆို အတော် စဉ်းစားဖို့ကောင်းတဲ့ ကိစ္စပဲ … ”နောက်တစ်နေ့ နံနက်တွင် သူကြီးသည် ရွာထဲမှ ကိုအောင်မော် အပါအဝင် လူငယ်၊ လူလတ်ပိုင်းများအား ခေါ်ဆောင်ကာ ဘီလူးလေးများကို မြှုပ်နှံထားခဲ့ရာ တွင်းနှစ်တွင်းအား သွားရောက် တူးဖော်ကြည့်ကြလေသည်။ ကိုအောင်မော် ပြောသည့်အတိုင်းပင် ဘီလူးလေးများမှာ ရှိမနေတော့ပေ။
အဆိုပါ တွင်းနှစ်တွင်း ကြားကိုလည်း တူးဖော်ကြည့်ကြ သကဲ့သို့ ဘီလူးလေးများကို မြှုပ်နှံခဲ့ရာ ကျီးအာရိုးနားတစ်ဝိုက် တူးဖော်ဖြင့် ရှာဖွေ ခဲ့ကြလေသည်။သို့ရာတွင် ဘီလူးလေးများ၏ အစအနကိုပင် မတွေ့ခဲ့ရပေ။ ထိုနေ့ ထိုအချိန်မှစ၍ ကိုအောင်မော်နှင့် မခင်ကြည်တို့မှ သုံးမြွှာပူး မွေးဖွားလာခဲ့သော ဘီလူးလေးများမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့ သတည်း။
#Credit
ရွှင်လန်းချမ်းမြေ့ကြပါဇေ