တမလွန်မှဘဝခြားမေတ္တာ(စ/ဆုံး)
~~~~~~~~~~~~~~~~
ကျုပ်ရဲ့ အဒေါ်တွေ ရှိတဲ့ ဧရာဝမြစ်ဝကျွန်းပေါ်ဒေသလေးကရွာလေး
တစ်ရွာကိုအလည်အပတ်အနေနဲ့ရောက်သွားတုန်းကပေါ့။ ရွာနံမည်
ကို မဖော်ပြတော့ဘူး…ကျေးလက် ဖွံ့ဖြိုးမူ အားနည်းနေသေးတဲ့ ရွာ
လေးတစ်ရွာပဲ ဆိုပါတော့ဗျာ။ ဆေးရုံ/ဆေးခန်း/ ကျောင်းတွေမရှိ
သေးဘူး။
အဲဒီကလူတွေ ကျန်းမာရေးတစ်ခုခုဖြစ်ရင် ဇလွန် ဒါမှမဟုတ်…ဟင်္သာ
တမြို့ပေါ်ထိတက်ကြရတာဗျ။ ဒီရွာရဲ့တစ်ဖက်ရွာမှာတော့ ကျေးလက် ဆေးပေးခန်းလေးတစ်ခုရှိပီး…မြို့ကလာတဲ့ ဆေးမှူးလေးတစ်ယောက် အမြဲနေတယ်ဆိုပဲ။ ဒါက အဲဒီရွာရဲ့ ဖွံ့ဖြိုးတိုးတက်မူအားနည်းနေတဲ့
အပိုင်းကဏ္ဍလေးတစ်ခုပဲဆိုပါတော့ဗျာ။
ကျုပ် အဲဒီကို စစရောက်ချင်းနေ့မှာပဲ စာရေးသူဆိုတဲ့ ထုံးစံအတိုင်း
တစ်ရွာလုံးကိုလှည့်ပတ်စပ်စု စနည်းနာတာပေါ့။အဲဒီမှာ အဒေါ်နဲ့နှစ်ခြံ
ကျော်လောက်က အနှိပ်သည်အလုပ်နဲ့အသက်မွေးကြောင်းပြုတဲ့ ဦး
လေးကြီး တစ်ယောက်ကိုသတိထားမိတယ်။ ဒါနဲ့ ဒေါ်လေးကိုမေး
ကြည့်လိုက်တော့…သူ့နံမည်က ဦးအုန်းလှတဲ့…စကားလည်းနဲလှသလို…အမြဲတစေ ခပ်အေးအေးနေတတ်တဲ့ သူ့ရဲ့ အမူအကျင့်ကြောင့် ရွာကလူတွေက ဦးအုန်းလှလို့ မခေါ်ပဲ ဦးကျောက်ရုပ်လို့လည်း ခေါ်
ကြတယ်ဗျ။
သူ့မှ မွေးရာပါမသန်မစွမ်း သားလေးတစ်ယောက် လည်းရှိသေးတယ်
တဲ့ဗျ။ ဇနီးဖြစ်သူကတော့ အဲဒီကလေးကိုမွေးပီးပီးချင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားပီလို့သိရတယ်။
ကျုပ် သူ့ကို သတိထားမိတာ တခြားကြောင့် မဟုတ်ဘူးဗျ။ မိုးလင်းက
နေ မိုးချုပ်အလုပ်ကို တကုပ်ကုပ်နဲ့ လုပ်နေတာကို နေ့စဉ်ဒူဝမြင်တွေ့
နေရလို့ပဲဗျို့။ နေ့ဘက်မှာဆို သူတတ်ကျွမ်းတဲ့ အကြောပြင် ပညာ
လေးနဲ့ နင်းနှိပ်တဲ့ အလုပ်ကို လုပ်တယ်။ ညနေဘက် ရောက်ပီဆိုရင်
ကိုယ်ပိုင်ဆိုက်ကားလေးတစ်စီးကို လှည့်ပတ်နင်းပီး ငွေကိုအတင်း
ကုန်းရုန်းရှာနေတော့တာပဲဗျို့။
ညနက်လို့ တခြားဆိုက်ကားနင်းဆရာတွေ သိမ်းရင်တောင်သူ မသိမ်း
နိုင်သေးဘူး။ ခရီးသည်ရနိုးနိုးနဲ့ဓနိမိုး ဂိတ်တဲထဲမှာ ဇွဲကောင်းစွာစောင့်
ကောင်းတုန်းပေါ့။ နောက်ဆုံး ကိုးနာရီကျော်…ဆယ်နာရီလောက်
ရွာထဲမှာ လူသွား လူလာလုံးလုံး မရှိတော့ဘူးဆိုမှ သူ့ဆိုက်ကား
လေးကို လေလေးတချွန်ချွန်နဲ့ နင်းပီး ပြန်သွားတတ်တာဗျ။
ကျုပ် အဲဒီမှာနေတာ ရက်လေးနဲနဲကြာလာတော့ သူနဲ့ မျက်မှန်းတန်းမိ
လာတယ်။ သူကလည်း ကျုပ်ဟာ မြို့က အလည်လာတဲ့ စာရေးသူ
ပေါက်စ မှန်း သိတယ်ဗျ။ တစ်ရက် ကျုပ် သူနဲ့တွေ့တော့ နူတ်ဆက်
စကားလေးပြောရင်း မေးမြန်းစပ်စုကြည့်တာပေါ့။
” ဗျို့ !! ဦး ကျောက်ရုပ် မာရဲ့နော် … ဒါကဘယ်ကိုလဲဗျ ”
ကျုပ်အဲဒီလို သူ့နံမည်ပြောင်ကို ခေါ်ပီး နူတ်ဆက်လိုက်ပေမဲ့…သူက
စိတ်ဆိုးသွားပုံမရဘူး။ ကျုပ်ကိုတောင် ပြုံး ပြပီး ပြန်နူတ်ဆက်တယ်။
” မာပါတယ် ဆရာလေးရဲ့…ဟိုဘက်ရွာကို သွားပီး လေဖြန်းနေတဲ့ သူတစ်ယောက်ကို နှိပ်နှယ်ပေးမလို့ပါ ”
” အေးဗျာ !! ဦးကျောက်ရုပ်ကြီး ကြည့်လိုက်ရင် အလုပ်နဲ့လက် ပြတ်
တယ်ကို မရှိဘူးနော် ”
” လုပ်နိုင်မှ တော်ကာ ကြမှာ ဆရာလေးရေ… လူဗမယ်သားနဲ့ ကျနော့်
မှာအသက်ကြီးလာရင် မလွယ်ဘူးဗျ…ဒီတော့ အခုထဲက စုစောင်းထားနိုင်မှ အဆင်ပြေမှာဗျို့… ကဲ !! သွားဦးမယ် ဆရာလေးရေ ”
ဦးအုန်းလှခေါ် ဦးကျောက်ရုပ်က စကားစဖြတ်ပီးတာနဲ့ အပြေးတပိုင်းသုတ်ချေတင်တော့တာပဲဗျို့။ သူ့ခမျာ အလုပ်ဆိုတာနဲ့ အချိန်မရွေး…
နေရာမရွေးတကုပ်ကုပ်နဲ့ကို လုပ်နေရရင် ကျေနပ်နေတော့တာပဲဗျို့။
⏰⏰⏰⏰
” ဂျိန်းးး !! ဂျိမ်းးးး !! ဂျလိမ်းးး !! ”
ဒီနေ့က ကဆုန် လပြည့်နေ့ကြီးဗျ… မနက်ထဲက မိုးတွေ အုန်းအုန်း
ကျွတ်ကျွတ် ရွာလိုက်တာမှ ပြောမနေပါနဲ့တော့။ ကျုပ်လည်း ကျုပ်ရဲ့ အဒေါ်နဲ့ အတူ မိုးလင်းထဲက ရွာဦးဘုန်းကြီးကျောင်းကိုရောက်နေ
တာ။ ကျောင်းမှာ အသံမစဲ မဟာပဌာန်းပွဲကြီးသုံးည တိတိ လုပ်မှာမို့
လိုဗျ။
ဒေါ်လေးက ပဌာန်းပွဲ ဖြစ်မြောက်ရေး အတွက် တစ်ဦးထဲ မတည်အလှူ
ရှင်ပဲ ဆိုပါတော့ဗျာ။ ဒီတော့ ဒေါ်လေးက ကျုပ်ကိုကျောင်းမှာ လိုအပ်
တဲ့ ဗာယီယလေးတွေ လုပ်ကိုင်ပေးဖို့ ခေါ်လာတာ။
မိုးကလည်း ကောင်းချက်ဗျာ။ ဒီကြားထဲ လေကြမ်းလေးကပါ ပါသေး
တော့ ဘုန်းဘုန်းတွေ ပဋ္ဌာန်းရွတ်တဲ့ လော်စပီကာက အသံတောင်
ကျောင်းပေါ်ကနေ သေချာလေး အားစိုက် နားထောင်မှကြားရတာဗျို့။ ညနေ စောင်းလို့မိုးချုပ်တဲ့ ထိတောင် တအုန်းအုန်းနဲ့ ရွာနေတုန်းပဲဗျ။
ကျုပ်လည်း တစ်နေကုန် လုပ်ကိုင်နေရတာဆိုတော့ အိမ်ကိုပြန်ပီးအနား
ယူချင်လှပီ။ မိုး မပြတ်တာနဲ့ မပြန်နိုင်ဖြစ်နေတာဗျ။ ဒေါ်လေးကတော့
ကျောင်းမှာပဲ ရွာထဲက လူတစ်ချို့နဲ့ နေခဲ့ကြမှာလေ။
အချိန်ကလည်း မနည်းတော့ဘူးဗျ။ ကျုပ်လည်း မိုးအစဲကို ထိုင်မစောင့်နိုင်တော့တာနဲ့ ဒေါ်လေးကို အကျိုးအကြောင်းပြောပီး ထီးလေးဖွင့်လို့
ထွက်လာခဲ့လိုက်တယ်။
ကျောင်း ပြင်ကို ခြေချမိလိုက်တာနဲ့ ပြင်းထန်တဲ့လေပြင်းဒဏ်ကို စပီး
ခံရတော့တာဗျ။ ဖွင့်ထားတဲ့ ထီးကိုတောင် အားချင်းပြန်ပိတ်လိုက်ရ
တယ်။ မဟုတ်ရင် ထီးကောလူကော လွင့်ပီး မြောက်တက်သွားမှာ
အမှန်ပဲဗျို့။
ရွာလမ်းမ ပေါ်မှာလည်း လေပြင်းဒဏ်ကြောင့် သစ်ပင် သစ်ကိုင်းတွေ
ကျိုးပြတ်လွှင့်စင်နေကြတာမှ ပွထနေတာပဲ။ ဒီတော့ ကျုပ်မှာ သတိကြီး
ကြီးထားပီး သစ်ပင်ကြီးတွေအောက်ကနေ ရှောင်ကွင်းသွားနေရတယ်။
မတော်လို့ ကိုယ်ကဖြတ်သွားတဲ့အချိန် သစ်ကိုင်းက ကျိူးအကျနဲ့ဆို
မှ ဒုက္ခများမယ်။
ကျုပ် ဒေါ်လေးတို့ အိမ်နားရောက်ခါနီးတော့ ကိုယ့်ရှေ့ကနေ လာနေတဲ့ လူတစ်ယောက်ကို လျှပ်စီးလက်တဲ့ အချိန်နဲ့ရုတ်တရက် တွေ့
လိုက်ရတာဗျ။ မိုးထဲလေထဲဆိုတော့ဘယ်သူမှန်းမသဲကွဲသေးဘူး။ အနားကပ်မှပဲ အသေချာ မြင်ရတော့တာဗျို့။ ဘယ်များလဲ မှတ်တယ်… ဦး ကျောက်ရုပ်ကြီးဖြစ်နေတာဗျ။
ခေါင်းမှာဝါးခမောက်လေးဆောင်းပီး ပုဆိုးကိုတိုတိုဝတ်လို့ပေါ့ဗျာ။
သူ့ ပုံစံကရေးကြီးသုတ်ဖျာနဲ့ တစ်ခုခုကို အလျင်လိုနေတဲ့ပုံမျိုး။ ဒါနဲ့
ကျုပ်လည်း အိမ်ထဲ မဝင်ဖြစ်သေးပဲ… သူ့ကို မေးလိုက်ရတယ်။
” ဟာ !! ဦးကျောက်ရုပ် …မိုးကြီးလေကြီးကျမှ ဘယ်ကိုလဲဗျ ”
” အော် !! ဆရာလေးကိုး… အိမ်က သားက အဖျားတွေကြီးပီး သတိ
ရတစ်ချက် မရတစ်ချက်နဲ့ဖြစ်နေလို့ …ဟိုဘက်ရွာက ဆေးမှူးလေးကို သွားပင့်မလို့လေ ”
” ဟင် !! ဒီလို အချိန်ကြီးကျမှဗျာ…မိုးကြီးလေကြီးနဲ့ အန္တာရယ် မများ
လွန်းဘူးလား ”
” မတတ်နိုင်ဘူး ဆရာလေးရယ်…သားလေး အခြေနေက စိုးရိမ်ရတယ်
ဆရာ သွားမပင့်လို့ မဖြစ်ဘူး ဆရာလေးရဲ့ ”
” ဒုက္ခပါပဲဗျာ !! ဆေးမှူးလေးက … ဒီလိုအခြေနေမှာ ဦးကျောက်ရုပ်
သွားပင့်တော့ကော လိုက်ပါ့မလား ”
” မရရအောင်တော့ ပင့်ရမှာပဲ ဆရာလေးရာ ”
ဦးကျောက်ရုပ်ရဲ့ လေသံနဲ့ အမူအရာက ဖခင်တစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ဘာမဆိုကျော်လွှားပီး သားဖြစ်သူအတွက် ဆရာမရ ရအောင်
သွားပင့်လာမဲ့ပုံမျိုးဗျ။ ကျုပ်လည်း သူ့အတွက် စိုးရိမ်မိရုံကလွဲလို့ ဘာများတတ်နိုင်မှာလဲ…ဒါနဲ့ပဲ သူ့ကို ပြန်ပြောလိုက်ရတယ်။
” အေးဗျာ !! ဒါဆိုလည်း သတိလေးတော့ ထားပီး သွားဦးနော်
ဦးကျောက်ရုပ် အပင်ကြီးတွေ အောက်ကနေလည်း ရှောင်ကွင်းပီး
တော့လည်း သွားဦးဗျ ”
” ဟုတ်ကဲ့ပါ ဆရာလေး ”
ဦးကျောက်ရုပ် အပြေးတပိုင်းနဲ့မိုးထဲလေထဲ ထွက်သွားတော့ ကျုပ်
လည်း အဒေါ်ဖြစ်သူတို့ ဝိုင်းထဲကို လှမ်းဝင်လာခဲ့ လိုက်တယ်။
အိမ်ထဲ ရောက်တော့ အဒေါ်ရဲ့ ယောကျာ်း… ကျုပ်နဲ့ ဦးလေးတော်
စပ်သူက အိပ်တောင်နေပီဗျ။ အချိန်ကလည်း ည ဆယ်နာရီကျော်
ဝန်းကျင်လောက်ရှိပီကိုး။
ဒါနဲ့ ကျုပ်လည်း စိုရွဲနေတဲ့ အဝတ်အစားတွေကိုလဲလှယ်လိုက်ပီး…
ကိုယ်လက်သုတ်သင်လို့ အိပ်ရာဝင်ခဲ့လိုက်တယ်။ အိပ်ခါနီး ဘုရား
ရှိခိုးတော့…ဦးကျောက်ရုပ်ကို သတိရမိလိုက်ပီး သွားလေရာမှ ခလုတ်
မထိ ဆူးမငြိပဲ ဘေးအန္တာရယ်ကင်းရှင်းပါစေလို့တောင် မေတ္တာပို့ပေးမိလိုက်သေးတာဗျ။
မိုးက အစောလေးကနဲ့စာရင် အနည်းငယ်တော့ စဲသွားပီ။ ကျုပ်လည်း
ဘုန်းကြီးကျောင်းမှာ တစ်နေကုန် လုပ်ကိုင်နေရတာနဲ့ ပင်ပန်းထား
တော့ မကြာပါဘူး နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်သွားတော့တာပဲဗျို့။
⏰⏰⏰⏰
နောက်နေ့ မနက် ကျုပ် အိပ်ရာနိုးတော့…တစ်ညလုံးအငြိုးတကြီးနဲ့
ရွာနေတဲ့ မိုးကလုံးလုံးစဲသွားပီ။ နိုးနိုးခြင်းပဲ ခေါင်းရင်းနှစ်ခြံကျော်က
ဦးကျောက်ရုပ်ရဲ့ ခြံဝိုင်းထဲမှာ ဆူဆူညံညံ အသံတွေနဲ့ ရွာသူ/ရွာသား
တွေ စုရုံးနေတာကိုလည်း တွေ့လိုက်ရတယ်။ အဒေါ် ဖြစ်သူရဲ့ အမျိုးသားလည်း အဲဒီကို ရောက်နေတာဗျ။
ဒါနဲ့ ကျုပ်လည်း ကမန်းကတန်းမျက်နှာထသစ်လိုက်ပီး ဦးကျောက်ရုပ်
တို့ဝိုင်းထဲကို လှမ်းဝင်သွားလိုက်တယ်။ ခြံဝိုင်းထဲ လှမ်းဝင်ပီးတာနဲ့
ကွပ်ပျစ်ပေါ်မှာ ရွာသားတစ်ချို့နဲ့ စကားစမြည် ထိုင်ပြောနေတဲ့ ဦးလေး
တော်သူနားကို လှမ်းသွားလိုက်ပီး အကျိုးအကြောင်းမေးကြည့် လိုက်
တာဗ်။
” ဦးလေး !! ဒီမှာ ဘာဖြစ်လို့ လူတွေ စုရုံးနေကြတာလဲ ”
” အော် !! တူရီး လာလေကွာ… ဒီမှာလာဝင်ထိုင် ”
ဦးလေးတော်သူက နေရာထိုင်ခင်းပေးပီးတော့မှ ကျုပ်ရဲ့အမေးကိုပြန်
ဖြေလိုက်တာဗျ။
” ဦးကျောက်ရုပ်ကြီး ဆုံးပီကွ တူရီးရ ”
” ဗျာ !! ”
ကျုပ်ဘယ်လိုမှ ထင်မှတ်မထားတဲ့ အကြောင်းအရာကြောင့် အံ့သြတ
ကြီး ဖြစ်သွားတာဗျ။ ပီးတော့ ဦးလေးဖြစ်သူကိုလည်း သေချာအောင်
ပြန်မေးလိုက်ရတယ်။
” ဟုတ်…ဟုတ်လို့လား ဦးလေးရ ”
” ဟုတ်တယ် တူရီး… ဒီမနက်ပဲ ကိုင်းထဲဆင်းတဲ့သူတွေ ရွာနောက်က ကိုင်းတောထဲမှာ သူ့အလောင်းကို တွေ့တာကွ ”
” ဟာ !! ဘယ်လိုများဖြစ်ရတာလဲဗျာ…ကျနော်ညက ဘုန်းကြီးကျောင်း
ကပြန်လာတုန်းက တောင် သူ့နဲ့ဆုံလို့ စကားပြောလိုက်သေးတာပဲဟာ ”
” ပိုးထိသွားတာကွ…တစ်ကိုယ်လုံးမဲချိတ်ပီး ခြေသလုံးမှာလည်းအစွယ်
ရာ နှစ်ပေါက်နဲ့လို့တော့ အလောင်းကို တွေ့ခဲ့တဲ့ သူတွေကပြော
တယ်…အခုပဲ ရွာက တာဝန်ရှိသူတွေနဲ့ ကာလသားတွေ…သူ့ရဲ့
အလောင်းကို သွားကောက်နေကျပီကွ ”
” ဖြစ်မှ ဖြစ်ရလေဗျာ…ညက ကျနော်နဲ့တွေ့တော့ သူ့သားအဖျားတွေ
ကြီးနေလို့ဟိုဘက်ရွာက ဆရာသွားပင့်မယ်ဆိုပီး ပြောသွားတာဗျ ”
ကျုပ် အဲဒီလိုပြောလိုက်တော့ ဦးလေးဖြစ်သူက မျက်မှောင်တစ်ချက်ကျုံ့
ပီး စဉ်းစားနေတာ…အတော်လေးကြာတော့မှ ပြန်ပြောတာဗျို့။
” ဟာ !! သူပိုးထိတဲ့ ကိုင်းတောနေရာက တစ်ဖက်ရွာကို အမြန်ဆုံး
ရောက်နိုင်တဲ့ ဖြတ်လမ်းပဲကွ…အဲဒီကနေသွားရင် အချိန်တိုလေးနဲ့
ရောက်တယ်… မိုက်လိုက်တဲ့ လူကွာ…ကိုယ့်ရွာကိုယ့်ရပ်အကြောင်း
လည်း မသိတာမို့လို့…ခုလို မိုးဦးကျချိန် ကိုင်းတောမှာ အကောင်ရှည်
တွေ ခိုအောင်းတတ်တာ သိသိကြီးနဲ့ကွာ ”
ကျုပ်လည်း ဦးလေးရဲ့ စကားကြောင့် ဦးကျောက်ရုပ်ကြီး ဆုံးပါးသွား
ရတဲ့ အကြောင်းအရင်းမှန်ကို ရိပ်စားမိလိုက်တယ်။ ဦးကျောက်ရုပ်ကြီး
သားသမီးဇောနဲ့ သူ့အသက်ကို မငဲ့ကွက်ပဲ တစ်ဖက်ရွာကို အမြန်
ရောက်ရင် ပီးယောဆိုပီး သွားတာဗျ။ အခုတော့ လိုရာကို မရောက်
နိုင်ပဲ လမ်းတစ်ဝက်မှာတင် အသက်ပေးလိုက်ရပီပေါ့ဗျာ။ ဝိုင်းထိုင်နေ
ကျတဲ့ ရွာသားတွေလည်း ကျုပ်လိုပဲ ဦးကျောက်ရုပ်ရဲ့အဖြစ်ကို တွေးမိပီး တောက်တခတ်ခတ်နဲ့ ဖြစ်ကုန်ကျတာပေါ့ဗျာ။
ကျုပ်လည်း အခုမှပဲ ဦးကျောက်ရုပ်ရဲ့ သားကို သတိရလိုက်မိတယ်။
ဒါနဲ့ပဲ ဦးလေးဖြစ်သူကို မေးရတော့တာပေါ့။
” ဦးလေး !! ဦးကျောက်ရုပ်ရဲ့ သားကော ဘယ့်နဲ့နေသေးလဲ ”
” သက်သာသွားပါပီကွာ… ဟောဒီက ဆရာလေး အချိန်မှီကုသပေး
လိုက်နိုင်လို့ အသက်အန္တာရာယ်စိုးရိမ်စရာ မရှိတော့ပါဘူး ”
ဦးလေးဖြစ်သူက ပြောရင်းနဲ့ ဝိုင်းထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို
မေးငေါ့ ပြလိုက်တာဗျ။ ဒီတော့မှ ကျုပ်လည်း အဲဒီလူကို သတိထားမိ
လိုက်တာ။ ကျုပ်နဲ့ အသက်မတိမ်းမယိမ်းလောက်လို့တော့ ထင်ရ
တယ်။ အသားဖြူဖြူ မျက်လုံးမျက်ခုံး ခပ်ကောင်းကောင်းနဲ့ လူပုံချော
တစ်ယောက်ဗျ။ ဒါနဲ့ ကျုပ် သူ့ကို စကားစ လိုက်တယ်။
” ဟောဒီက အကိုက ဆေးဆရာလားဗျ ”
” ဟုတ်ပါတယ် !! ကျနော် ဟိုဘက်ရွာက ဆေးမှူးလေးပါ ”
” ဗျာ !! ဟိုဘက်ရွာက ဆေးမှူးလေး ဟုတ်လား…ဆရာ့ကို ဘယ်သူ
လာ ပင့်တာလဲ ”
” ညတုန်းက ဒီရွာက လူတစ်ယောက်ပဲ လာပင့်တာလေ ”
” ဟင် !! ဒါဆို ဆရာက ညထဲက ဒီ ရွာကိုရောက်နေတာပေါ့နော် ”
” ဟုတ်ပါတယ်ဗျာ ”
ဆေးမှူးလေး စကားကြောင့် ကျုပ်လည်း နားရှုပ်သွားတာဗျို့။ ဒါနဲ့ပဲ
ဦးလေးဖြစ်သူဘက်ကို လှည့်ပီးမေးလိုက်ရတယ်။
” ဦးလေး !! ဦးလေးပြောတော့…ဦးကျောက်ရုပ်က ဟိုဘက်ရွာကို
မရောက်ပဲ…လမ်းမှာတင် ပိုးထိပီးဆုံးတာဆို … အခုကဘယ်လိုဖြစ်
ရတာလဲ…ညတုန်းက ရွာက လူတစ်ယောက်ယောက်ကများ ဒီဆရာ
လေးကို သွားပင့် လာလို့လား ”
ကျုပ်အဲဒီလိုမေးလိုက်တော့…ဦးလေးဖြစ်သူက ခေါင်းကို တစ်ချက်ခါ
ရမ်းလိုက်ရင်းက ပြန်ပြောတယ်။
” ဟုတ်တယ်လေ ကိုင်းတောထဲကခြေရာတွေအရဆိုရင်ဦးကျောက်ရုပ်
က အသွားတစ်လမ်းပဲရှိသေးတာကိုပြနေတာကွ…ဒီတော့ အသွားမှာ
တင် ပိုးထိတယ်ဆိုတာသေချာတယ်…ပီးတော့ ဒီဆရာလေးကို ပင့်ဖို့
နေနေသာသာ ဦးကျောက်ရုပ်ရဲ့ကလေး ဖျားနေတာတောင် ဘယ်သူမှ သိကြတာမဟုတ်ဘူး…ညက မိုးကြီးလေကြီးနဲ့အကုန်အိပ်ကောင်းနေ
ကြတာလေကွာ… တစ်ယောက်ယောက်က သိတယ်ထားဦး… အဲဒီလို အချိန်မျိုးကြီးမှာ ဘယ်သူမှ သွားမှာ မဟုတ်ဘူးကွ ”
” ဗျာ !! ”
ဦးလေးဖြစ်သူရဲ့ စကားကြောင့် ကျုပ်စိတ်ထဲ ပိုလို့ရှုပ်ထွေးနောက်ကျိသွားတာပေါ့ဗျာ။ ဘယ်သူကများ တစ်ဖက်ရွာက ဆေးမှူးလေးကို သွား
ပင့်တာလဲ ဆိုတာ လုံးဝကို စဉ်းစားလို့ မရတော့တာဗျို့။ ဒါနဲ့ ဦးလေး
ကိုပြောလိုက်ရတယ်။
” ဦးလေး ပြောပုံ အရဆို ဒီကိစ္စက တော်တော်တော့ ဆန်းကြယ်နေပီ
ဗ် ”
” ဟုတ်တာပေါ့ ငါ့တူ !! ငါတို့ အားလုံးလည်း အဲဒီကိစ္စကို အဖြေရှာ
နေကြတာကွ ”
ဦးလေးပြောသလိုပဲ ကျုပ်လည်း ဘယ်လိုမှ အဖြေရမရတာနဲ့ ဆေးမှူး
လေးကို မေးကြည့်လိုက်တယ်။
” ဆရာ !! ဆရာ့ကိုညက လာပင့်တဲ့ သူရဲ့အကြောင်းကို ပြည့်ပြည့်စုံစုံ
လေး ပြောပြပေးလို့ရမလားဗျ ”
ကျုပ်အဲဒီလို ပြောလိုက်တော့ ဆေးမှူးလေးကလည်း ခေါင်းကိုတစ်
ချက်ညိမ့်ပြပီး အားချင်းပြန်ပြောတယ်။
” ရတာပေါ့ ဗျာ …ညက အဖြစ်က ဒီလိုဗျ ”
××××××××××××××××××××××××××××××××××××××
⏰⏰⏰⏰⏰
” ဆရာ … ဆရာ !! ဆရာရှိပါလား ”
မိုးက ကောင်းကောင်းနဲ့မို့ ညဦးပိုင်းထဲက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်
နေသော ဆေးမှူးလေးကိုနေနိုင် တစ်ယောက် နားထဲဝင်လာတဲ့ အက်
ရှရှအသံ တစ်ခုကြောင့်ရုတ်တရက်လန့်နိုးသွားတယ်။ တစ်နေ့နဲ့တစ်
ည သည်းထန်စွာရွာနေတဲ့ မိုးက အခုတော့ ခပ်ပါးပါးလေးသာ ကျဆင်း
နေတော့တာပေါ့။
” ဆရာလေး !! ဆရာလေး အထဲမှာ ရှိလား ”
ဟော !! ဆေးပေးခန်းရဲ့ အပြင်ဘက်ကနေ သူ့ကို ခေါ်နေတဲ့ အသံကို
ကြားလိုက်ရပြန်တယ်။ ဒါနဲ့ ကိုနေနိုင်လည်း အသံပြုရင်း မေးလိုက်ရ
တော့တာပေါ့။
” ဘယ်သူများလဲဗျ … အချိန်မတော်ကြီးကြမှ ဘာကိစ္စများရှိလို့လဲ ”
” ကျနော် တစ်ဖက်ရွာကပါ…အိမ်မှာ ကလေးတစ်ယောက် အသည်း
အသန်နေမကောင်းဖြစ်နေလို့ ဆရာလေးကို လာပင့်တာပါဗျာ ”
” ဟင် !! ”
လူနာဆိုတဲ့ အသံကြောင့် ကိုနေနိုင်တစ်ယောက် အိပ်ယာထဲက လူးလဲထလိုက်ပီး ဆေးခန်းတံခါးကို ဖွင့်ရင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်
တော့…ဆေးခန်းရဲ့ အပြင်ဘက် မှောင်ရိပ်တစ်နေရာမှာ ရပ်နေတဲ့ လူ
တစ်ယောက်ရဲ့ ပုံသဏ္ဍာန်ကို မသဲမကွဲတွေ့လိုက်ရတာပေါ့။
” ဟေ့လူ !! လာလေဗျာ…အဲဒီမှာ ရပ်မနေနဲ့လေ…ဆေးခန်းထဲဝင်လာ
လို့ရပါတယ် ”
ကိုနေနိုင် အဲလိုပြောလိုက်တော့…ဆေးခန်းရဲ့အပြင်ဘက် မှောင်ရိပ်ထဲ
မှာ ရပ်နေတဲ့ သူကလည်း အသံသြသြကြီးနဲ့ ပြန်ပြောတယ်။
” မဝင်တော့ပါဘူး… အိမ်မှာ လူနာက စိုးရိမ်ရတဲ့ အခြေနေမို့ ဆရာ
လေး အခုချက်ချင်းလိုက်ကြည့်ပေးမှ ဖြစ်မှာမို့လို့ပါ ”
အမှောင်ထဲက လူရဲ့ စကားကြောင့် ကိုနေနိုင်တစ်ယောက် လက်က
လတ်ပတ်နာရီကို ကြည့်လိုက်တော့ အချိန်က သန်းခေါင်ကျော်လို့
တစ်ချက်တီးဖြစ်နေပီ။ ဒါနဲ့ အဲဒီလူကို ပြန်ပြောလိုက်ရတာပေါ့။
” ခင်များရဲ့ လူနာက အတော်လေး စိုးရိမ်ရလို့လား…အခုက အချိန်
အခါကလည်းမရှိ…ပီးတော့ မိုးကလည်းစပ်စပ်နဲ့ မြွေပါး…ကင်းပါး
ရန်ကကြောက်ရသေးတယ်ဗျ…ဒီတော့ ခင်များ ရွာနံမည်နဲ့ ခြံလိပ်စာ
ကို ပေးထားခဲ့လေ…မနက်ကျ ကျုပ် ဆက်ဆက်လိုက်လာခဲ့ပါ့မယ် ”
” မနက်မှဆိုရင် လူနာက အသက်မှီမှာ မဟုတ်ဘူးဆရာ…ဒါ့ကြောင့်
အခုပဲ လိုက်ကြည့်ပေးပါ… ဆရာ့ရဲ့ ခြေကြွခကို ကျနော် ထိုက်ထိုက်
တန်တန်ပေးပါ့မယ် ”
” ဟာ !! ကျုပ်က ငွေရေးကြေးရေးစကားပြောနေတာမဟုတ်ဘူးဗျ…
ဒီလို မိုးလေးတစပ်စပ်နဲ့ မှောင်ကြီးမဲကြီးထဲမှာ အန္တာရာယ်များလို့
ပြောနေတာ…ခင်များ ဒီနယ်သားဆိုရင် ဟောဒီဒေသမှာ မြွေဆိုး
တွေ အလွန်ပေါတာသိမှာပေါ့ ”
” သိပါတယ်ဆရာ…အဲဒီတွက် မပူပါနဲ့…ဆရာဘာမှ မဖြစ်စေရပါဘူး
…ကျနော် ရှေ့ကနေလမ်းရှင်းပေးပါ့မယ် ”
ကိုနေနိုင်တစ်ယောက် အမှောင်ထဲကလူရဲ့ စကားကြောင့် စိတ်ရှုပ်ထွေး
နောက်ကျိသွားတယ်။ အမှောင်ထဲကလူက သူမလိုက်မချင်းလက်လျှော့
ပီး ပြန်သွားမဲ့ပုံမပေါ်ဘူး။ ဒါနဲ့ ခေါင်းကိုတဗြင်းဗြင်းမြည်အောင် ကုပ်ပီး လူနာလိုက်ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်ရတော့တာပေါ့။
” ကဲ…ကဲ !! ဒါဆိုလည်း လိုအပ်တာလေးတွေ ယူလိုက်ဦးမယ်ဗျာ ”
ကိုနေနိုင်တစ်ယောက် ဆေးအိတ်ထဲ လိုအပ်တာမှန်သမျှ အကုန်စု
ထည့်ပီး မိုးကာကောက်ဝတ်လိုက်တယ်။ ပီးတော့ ဓာတ်မီးကိုဆွဲပီး
ဆေးခန်းရဲ့ အပြင်ကို လှမ်းထွက်လိုက်တာပေါ့။
ကိုနေနိုင် ထွက်လာတာကို မြင်တော့ အမှောင်ထဲကလူကလည်းချာခနဲ
လှည့်ထွက်သွားတယ်။ ကိုနေနိုင် လည်း အမှတ်တမဲ့ဆိုတော့ လက်ထဲ
ကဓာတ်မီးနဲ့ အဲဒီလူရဲ့ နောက်ကျောကို ဖျတ်ခနဲထိုးကြည့်မိလိုက်တော့
အဲဒီလူရဲ့ ပုံသဏ္ဍာန်ကို မထင်မရှားတွေ့ လိုက်ရတယ်။
ကိုနေနိုင် ဓာတ်မီးနဲ့ထိုးလိုက်တာကို ရှေ့က လျှောက်နေတဲ့ လူက
လည်းသိတော့ နောက်ကို လှည့်မကြည့်ပဲနဲ့ ပြောပါယော။
” ဆရာလေး !! ဓာတ်မီးကြီး ပိတ်ထားလိုက်ပါလား ”
” ဟာ !! ဓာတ်မီးမဖွင့်မှတော့ စမ်းတဝါးဝါးနဲ့ သွားနေရမှာပေါ့ ”
” အဲဒီတွက် စိတ်မပူပါနဲ့…ကျုပ်သွားတဲ့ လမ်းအတိုင်းသာလိုက်ခဲ့ပါ…
ဆရာလေး ဘာမှ မဖြစ်စေရပါဘူးလို့…ရဲရဲကြီး အာမခံပါတယ်ဗျာ ”
ကိုနေနိုင် စိတ်ထဲဘဝင်မကျ ဖြစ်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့
စကားတွေ ရှည်ရှည်ဝေးဝေး သိပ်မပြောချင်တော့တာနဲ့ သူပြောတဲ့
အတိုင်း ဓာတ်မီးကို ပိတ်ပေးလိုက်တယ်။
ကိုနေနိုင်စိတ်ထဲမှာတော့ အဲဒီလူရဲ့ပြောပုံဆိုပုံနဲ့ အပြုမူတွေက
အတော်လေး ထူးခြားနေတယ်လို့ခံစားမိတာအမှန်ပဲ။ အတော်ကြာ
အောင်လျှောက်လာတော့ ရှေ့ခပ်လှမ်းလှမ်းမှာ ရွာကြီးတစ်ရွာကိုလှမ်း
မြင်နေရပီ။
ရှေ့က လျှောက်နေတဲ့လူကတော့ အခုချိန်ထိစကားတစ်ခွန်းမှ မပြောပဲ ခပ်သုတ်သုတ်လှမ်းနေတာပေါ့။ အဲဒီလူသွားတဲ့နောက်ကလိုက်နေရင်း
တစ်လမ်းလုံး မှောင်ကြီးမဲကြီးစမ်းတဝါးဝါးသွားလာနေရတာ မြွေဆိုး/
မြွေဟောက်တွေ့ဖို့မပြောနဲ့ ခလုတ်လေးတစ်ချက်တောင် မတိုက်မိ
တာကိုလည်း ကိုနေနိုင်အရမ်းအံ့သြနေမိတယ်။
” ရောက်ပီ ဆရာလေး !! လူနာက အဲဒီအိမ်ထဲမှာပဲ ”
ကိုနေနိုင်တစ်ယောက် ပဟေဋ္ဌိဆန်တဲ့ လူရဲ့အကြောင်းကိုတွေးနေတာ
နဲ့ ရွာထဲဝင်လာပီး ခြံကြီးတစ်ခြံရှေ့ ရောက်နေတာတောင် မသိလိုက်
ဘူး။ ဟိုလူကပြောတော့မှပဲ သတိ ပြန်ဝင်လာတော့တာ…ဒါနဲ့ပြန်
ပြောလိုက်ရတာပေါ့။
” အော် !! ရောက်တောင်လာပီလား…ဒါဖြင့်လည်း အထဲဝင်ပီး လူနာအခြေနေ ကြည့်ရအောင် ”
” ကျနော် လိုက်လို့မရဘူး… ဆရာလေးပဲဝင်သွားလိုက်ပါ ”
” ဟင် !! ခင်များက ကျုပ်ကိုလာပင့်တာလေ…ခင်များမလိုက်လို့ဘယ်
ဖြစ်မလဲ ”
” ကျ…ကျနော်…ဝင်လို့မရလို့ပါဗျာ ”
အက်ရှရှ ဖြစ်နေတဲ့ အဲဒီလူရဲ့အသံဟာ ဒီတစ်ကြိမ်တော့ ကြေကွဲဆိုနင့်
မူတွေနဲ့ ပြည့်နှက်နေတယ်လို့…ဆေးမှူးလေးကိုနေနိုင်တစ်ယောက်
ခံစားမိလိုက်တယ်။ ဒီတော့ ကိုနေနိုင်လည်း သက်ပြင်းတစ်ချက်ကိုချ
လိုက်ပီး ပြန်ပြောလိုက်တယ်။
” ဒါဆို ခင်များနဲ့ အိမ်ထဲက လူနာနဲ့က ဘာတော်လဲ ”
” ဆွေမျိုး နီးစပ်တော်တယ်ပဲ ထားလိုက်ပါတော့ဗျာ ”
စကားဆုံးတာနဲ့ ပဟေဌိဆန်တဲ့ အဲဒီလူဟာ အိမ်လေးကို တစ်ချက်
မျှော်ကြည့်လိုက်ပီး အမှောင်ထုထဲကို လေးလံထိုင်းမှိုင်းတဲ့ ခြေလှမ်း
အစုံနဲ့ ကျောခိုင်းထွက်ခွာသွားတယ်။ ဒီတော့မှ ကိုနေနိုင် သတိထား
မိလိုက်တာက… မိုးရေထဲ အတူတူလာတာဖြစ်ပါလျက်နဲ့…အဲဒီလူရဲ့
အဝတ်အစားတွေဟာ တစ်စက်ကလေးမှ စိုရွှဲနေခြင်း မရှိတာပါပဲ။
ကိုနေနိုင်တစ်ယောက် အခုမှပဲ ကျောထဲက စိမ့်လာသလို…ဝမ်းပဲသွား
ချင်လာသလိုလို သရိုးသရီဖြစ်လာတယ်။
ပီးတော့ မီးအိမ်လေးထွန်းထားပုံရတဲ့ အိမ်လေးကိုကြည့်ရင်း အထဲဝင်
သင့် မဝင်သင့် ဆိုတာလည်း စိတ်ထဲမှာ ချီတုံချတုံဖြစ်နေမိတယ်။
” အိုကွာ !! ငါက လူ့အသက်ကို ကယ်ဖို့လာတာပဲ…ငါလှည့်ပြန်သွားလို့အထဲမှာ တကယ်ဒုက္ခ တွေ့နေတဲ့ လူမမာရှိနေရင် အသက်တစ်
ချောင်း အလကားဆုံးရှုံးရလိမ့်မယ်…ရောက်လာမှတော့ မထူးပါဘူး
အခြေနေဝင်ကြည့်လိုက်တာပဲကောင်းပါတယ်…ဘာမှတော့ မဖြစ်တန်
လောက်ပါဘူးလေ ”
ကိုနေနိုင်တစ်ယောက် နူတ်ကနေ တစ်ကိုယ်ထဲတီးတိုး ပြောရင်း
စိတ်ကို တင်းလိုက်ပီးအိမ်လေးထဲကို လှမ်းဝင်သွားလိုက်တော့တယ်။
⏰⏰⏰⏰
” ကဲ !! ညက အဖြစ်အပျက်ကတော့ အဲဒါပါပဲဗျာ ”
ကိုနေနိုင်တစ်ယောက် ရှင်းပြချက်ဆုံးသွားတော့ အာခြောက်သွားဟန်
နဲ့ဘာစကားမှ ဆက်မဆိုတော့ပဲ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ပီး
သောက်နေတော့တာဗျ။ ကျုပ်လည်း သူ့ကို ခဏလောက်စောင့်နေ
လိုက်သေးတယ်။ သူ ရေနွေးသောက်တာ ပီးတော့မှ မေးလိုက်ရတာ
ဗျို့။
” နောက်တော့ ဘာတွေဆက်ဖြစ်သေးလဲ…ဆေးမှူးလေးရ ”
” ဘာဖြစ်ရမှာလဲ ကိုယ့်လူရာ…ကျနော် အထဲဝင်သွားတော့ ဖျာစုတ်
လေးတစ်ချပ်ပေါ်မှာ အဖျားတွေကြီးပီး သတိလစ်နေတဲ့ ကလေးကို
တွေ့လိုက်ရတော့တာပေါ့…ဒါနဲ့ သေချာ စမ်းသပ်ပီး သုံးနာရီခြား
တစ်ခါ ဆေးသုံးလုံးဆက်တိုက်ထိုးပေးလိုက်တာ … မိုးလင်းပိုင်း
ကျတော့မှပဲ သက်သာသွားတာဗျ… ကျနော်သာ နည်းနည်းလေး
နောက်ကျသွားရင် ဟောဒီအိမ်ထဲက ကလေးက သေမှာကျိန်းသေပဲ ”
” ဒါဆို ဒီကလေး တော်တော် ကံကြီးတယ်လို့ဆိုရမှာပေါ့ ”
” အေးဗျ !! ကလေးကံကြီးတယ်ဆိုတာထက်…ညက ကျနော့်ကိုမရရ
အောင်လာပင့်တဲ့ လူကို ကျေးဇူးတင်ရမှာဗျို့ ”
” သိပ်ဟုတ်တာပေါ့ ဆေးမှူးလေးရာ…ဒါနဲ့ အဲဒီလူရဲ့ နံမည်ကိုမမေး
လိုက်မိဘူးလား ”
” မမေးမိဘူးဗျ…ကျုပ်လည်း ကလေးကို ကုနေရင်း အဲဒီလူများ လာ
လေဦးမလားဆိုပီး တစ်ချက်တစ်ချက် ခြံရှေ့ကို လှမ်းလှမ်းကြည့်ပါ
သေးတယ်ဗျာ…ဒါပေမဲ့ မိုးလင်းပီး ကလေးသက်သာသွားတဲ့ အထိ သူ့အရိပ်ယောင်ကို မမြင်ရတော့တာဗျ…မိုးလင်းတော့မှ ကျနော်လည်း
ဒီရွာက လူကြီးအိမ်ကို မေးမြန်းပီး အကျိုးအကြောင်းသွားပြောပြရတာ
ဗျို့ ”
ဆေးမှူးလေး ကိုနေနိုင်ရဲ့ စကားအဆုံးမှာ ကျုပ်အပါအဝင် ရှိသမျှလူ
အားလုံးရဲ့ အတွေးထဲမှာ ပဟေဋ္ဌိပေါင်းများစွာနဲ့ ရှုပ်ထွေးကုန်ကြတာ
ပေါ့ဗျာ။ အားလုံးရဲ့ အတွေးထဲမှာ တူညီတာတစ်ခုကတော့ ညကဆေး
မှူးလေးကို သွားပင့်တဲ့သူဟာ ဘယ်သူဖြစ်မလဲဆိုတာပဲပေါ့။
” ဟေ့ !! ဖယ်ကြ…ဖယ်ကြဟေ့… အလောင်းသယ်လာပီ… တိုးမောင်
တို့…ညှက်ကြီးတို့ လာကူကြပါဦးဟ ”
ဟော !! အကုန်လုံး အတွေးကိုယ်စီနဲ့ ငြိမ်သက်တိတ်ဆိတ်နေတုန်း
… ဝိုင်းဝကနေ ဦးကျောက်ရုပ်ကြီးရဲ့ အလောင်းကို သွားသယ်လာတဲ့
လူတွေ ပြန်လာတဲ့ အသံကိုကြားလိုက်ရတာဗျ။
ကျုပ်လှမ်းကြည့်လိုက်တော့… တစ်ကိုယ်လုံးတောင့်တင်းပီး မည်းချိတ်
နေတဲ့ ဦးကျောက်ရုပ်ကြီးရဲ့ အလောင်းကို ဝါးကပ်ကြီးတစ်ခုပေါ်တင်ပီးသယ်လာတာကိုတွေ့လိုက်ရတယ်။
” ဟာ !! အဲဒါ…အဲဒါ ”
ရုတ်တရတ် ဆေးမှူးလေးကိုနေနိုင် အလန့်တကြားနဲ့ထအော်လိုက်
တော့… အားလုံးရဲ့ အကြည့်က သူ့ဆီရောက်သွားတာပေါ့။ ကျုပ်ရဲ့
ဦးလေးဖြစ်သူက ဆေးမှူးလေးကို မေးတယ်။
” ဆေးမှူးလေး !! ဘာများဖြစ်လို့လဲ ”
ဦးလေးရဲ့ အမေးကို ဆေးမှူးလေးက မျက်လုံးကြီးပြူးပီး တုန်ရင်နေ
တဲ့ အသံနဲ့ပြန်ဖြေတယ်။
” ည…ညက ကျ…ကျနော်ကို လာ…လာခေါ်တာ … အဲ့…အဲ့ ဒီလူ…အဲဒီလူပဲဗျ…မျက်နှာကိုသေချာမမြင်ရပေမဲ့…အဝတ်အစားနဲ့ ကိုယ်လုံး
ကိုယ်ထည်အရပ်အမောင်းကို ကျနော်ကောင်းကောင်းကြီးမှတ်မိတယ်”
” ဟာ !! ”
” ဟယ် !! ”
” ဟင် !! ”
” အလို !! ”
အလောင်းသယ်လာတဲ့ လူတွေကလွဲလို့…ကျုပ်တို့အားလုံး ဟာခနဲ
ဟင်ခနဲ ဖြစ်ကုန်ကြတာပေါ့ဗျာ။ ကျုပ်လည်း ဒီတော့မှ တစ်စုံတစ်ရာ
ကိုတွေးမိတော့ ကြက်သီးတွေတဖြန်းဖြန်းထပီး မျက်ရည်တွေစို့တက်
လို့လာတယ်။
အဲဒါတခြားဟုတ်ရိုးလား… ဦးအုန်းလှခေါ် ဦးကျောက်ရုပ်ကြီးဟာ ညက
သားဖြစ်သူအတွက် ဆရာသွားပင့်တာ…လမ်းမှာတင်ပိုးထိပီးဆုံးသွား
တာလေဗျာ။ ဒါပေမဲ့ သားဇောနဲ့ ဦးကျောက်ရုပ်ကြီးဟာ သေသွား
တာတောင် ဝိဥာဉ်ဘဝနဲ့ ဆေးဆရာဆီကို ရောက်အောင်သွားခဲ့ပီး
မရရအောင် သွားပင့်လာတာဗျ။
ကျုပ်လိုပဲ တခြားသူတွေလည်း တွေးမိကြ…သိကြမှာပါဗျာ။ ဆေးမှူး
လေး ကိုနေနိုင်ဆိုရင်ပါးစပ်အဟောင်းသားနဲ့ ခြေတွေလက်တွေ တုန်
ရင်လို့နေတာပဲဗျို့။
တမလွန်ရောက် ဖခင်တစ်ဦးရဲ့ ကြီးမားလွန်းတဲ့ မေတ္တာတရားကို
သိရှိ နားလည်လိုက်ရပီး အားလုံးရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်မိုးတို့
က…တိုင်ပင် မထားပဲ ဖြိုင်ဖြိုင် ရွာသွန်းမိကြတာပေါ့ဗျာ။ သြော် !!
အနန္တဂုဏ်အင် မာတာပိတု မိဘတို့ရဲ့ မေတ္တာဟာ ဘယ်အရာနဲ့မှ
နိူင်းယှဉ် တန်ဖိုးဖြတ်၍မရအောင် ကြီးမားလွန်းလှပါလေ တကား။
×××××××××××××××××××××××××××××××××××××××
ပြီးပါပြီ။
#ဤဇာတ်လမ်းလေးကို ကျနော့်အားပြောပြပီးရေးသားရန်အခွင့်အရေး
ပေးပါသော အမည်မဖော်လိုသူ စာရေးသူတစ်ဦးအား ကျေးဇူးအထူး
ပင်တင်ရှိပါသည်။
✍️✍️ ~ M T