အကြွေပန်း

အကြွေပန်း(စ/ဆုံး)

—————

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို ခြေခံ၍ရေးဖွဲ့ပါသည်။

ဦးအောင်နိုင်သည် ပြည်နယ်တစ်ခုရှိ မြို့လေးတစ်မြို့၏ ဌာနဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်ကာ ဘာသာခြား လူမျိုးတစ်ဦးဖြစ်သည်။

သူသည် ငွေကြေးနှင့်ပက်သက်လာလျှင် အလွန်နာမည်ကြီးသူဖြစ်ကာ သူ့ဌာနကလဲ မြေယာနှင့်မလွတ်ကင်းသော ဌာနဖြစ်လေရာ လည်လွန်းသည့် ဦးအောင်နိုင်တစ်ယောက်ဥပဒေနားမလည်သူများအား လှည့်ပတ်ကာ မြေယာများကို မတရားသိမ်းယူလျှက်ရှိသည်။

သူ၏ဥစ္စာဓနများ တဖြေးဖြေး တိုးလာလျှက်ရှိသော်လည်း တစ်ဖက်တွင်ကား မြေယာဆုံးရှူံးသူများ၏မျက်ရည်များနှင့် နာကျည်းမှုများလည်း တိုးပွားလျှက်ရှိလေသည်။
သို့သော်သူကား ဂရုမစိုက်ပေ။

ဦးအောင်နိုင်တွင် တက္ကသိုလ်တက်နေသည့် ချစ်စဖွယ်လှသွေးကြွယ် ဆယ်ကျော်သက်အရွယ် မဒီ ဟူသော သမီးပျိုလေးတစ်ဦးလည်းရှိသေးရာ သမီးကိုကား ဦးအောင်နိုင်အလွန်ပင်ချစ်မြတ်နိုးလေသည်။

ဦးအောင်နိုင်တို့နေထိုင်ရာ ဝန်ထမ်းအိမ်ယာ နှင့်မနီးမဝေးတွင် ချောင်းကျယ်ကြီးတစ်ခုလဲရှိရာ ထိုချောင်းအား ကျော်ဖြတ်ဆောက်ထားသော တံတားကြီးကလည်း ထိုဒေသ၏သွားရေးလာရေးအတွက် အလွန်အရေးပါလှလေသည်။

ထိုတံတားကြီး အောက်ရှိ ချောင်းရေပြင်ကျယ်ကြီး၌ထိုနေရာတစ်ဝိုက်တွင်နေထိုင်သူများက ရေချိုး၊အဝတ်လျှော်ကြကာ အချို့ကရေလာကူးတတ်ကြသေးသည်။

အထူးသဖြင့် ဦးအောင်နိုင်တို့ဌာန၏ ဝန်ထမ်းအိမ်ယာနှင့် နီးသောကြောင့် ထိုဝန်ထမ်းအိမ်ယာမှမိသားစုများက ထိုချောင်းအား အသုံးပြုမှုအများဆုံးဖြစ်ကြလေသည်။

ထိုအိမ်ယာများမှ ချောင်းသို့သွားသောလမ်းတွင်ပျံကျ ကုန်စုံဆိုင်လေးတစ်ဆိုင်လည်း ရှိရာ ထိုကုန်စုံဆိုင်ပိုင်ရှင်၏ မြေယာသည် မဒီ၏ ဖခင်ထံ အပေါင်ရှူံးကာ အိမ်ယာမဲ့သလိုပင်ဖြစ်ခဲ့ရလေသည်။

ထိုပတ်ဝန်းကျင်တွင် ထိုသို့သောအကြောင်းအမျိုးမျိုးဖြင့် ဦးအောင်နိုင်လက်တွင်း မြေယာရှုံးကာ ဘဝပျက်သွားသော အိမ်ထောင်စုများက ဦးအောင်နိုင်ကို အလွန်မုန်းတီးကာ ဦးအောင်နိုင်မိသားစုအား ဖယ်ကျဥ်ထားကြတော့သည်။

ဦးအောင်နိုင်ကား အပြုံးမပျက်ပေ။မကြာမီ ဦးအောင်နိုင်တစ်ယောက် အခြားတစ်နေရာသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်လေရာ သူသိမ်းယူထားသောမြေများအား အကွက်များရိုက်ကာ ပြန်လည်ရောင်းချတော့သည်။

ထိုအခါ ဦးအောင်နိုင်သိမ်းယူစဥ်က ကြေးနှင့် ပြန်ရောင်းချသောစျေးကား အဆမတန်ကွာသောကြောင့် မြေပိုင်ရှင်များမှ ဦးအောင်နိုင်အား ပို၍မုန်းတီးလာကြတော့သည်။

ထိုပတ်ဝန်းကျင်တွင် နေထိုင်သော မမူတို့လင်မယားသည် ထမင်းဟင်းများရောင်းချသူများဖြစ်လေရာ ထိုဌာနက ဝန်ထမ်းများကလည်း မမူဆိုင်လေးတွင်အများဆုံးလာစားသောက်ကြသည်။

မမူသည် ထမင်းလာရောက်စားသောက်သူများထံမှ ဦးအောင်နိုင်အကြောင်းကား တစ်နေ့တစ်မျိုးမရိုးအောင်ကြား ရသော်လည်း ကောင်းသတင်းတစ်ခုမျှပင်မရှိချေ။

ထိုအထဲတွင် လူပြောအများဆုံးသတင်းမှာ ဦးအောင်နိုင် အခြားတစ်မြို့သို့ ပြောင်း​တော့မည် ဟူသောသတင်းပင်ဖြစ်သည်။

မမူ၏ယောက်ျားအား တစ်ခါတစ်ရံတွင် ဘုန်းကြီးကျောင်းမှ ဆရာတော်က ခေါ်ကာ ကျောင်းကကားဖြင့် ကျောင်းအတွက်လိုအပ်သောပစ္စည်းများအား မြို့သို့တက်ကာ ဝယ်ခြမ်းခိုင်းတတ်လေသည်။

ဦးအောင်နိုင်၏ မိသားစုမှာ အိမ်ပြောင်းရန်အတွက်ထုပ်ပိုးပြင်ဆင်လျှက်ရှိရာ မဒီလဲ မိမိပစ္စည်းများအား ထုပ်ပိုးကာပျော်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ယခုနေရာထက် ဖခင်ထပ်မံပြောင်းရမည့် တာဝန်ကျရာနေရာက ပို၍စည်ကားသောကြောင့် ဖြစ်သည်။

မဒီက သူမမိခင်အား

“မေမေ ပစ္စည်းတွေ ထုပ်ပိုးပြီးပြီ၊အရမ်းပင်ပန်းလို့ လန်းသွားအောင် ချောင်းထဲ ရေသွားစိမ်လိုက်ဦးမယ်နော်”ဟုဆိုကာ တံတားဘက်သို့ထွက်လာခဲ့သည်။

မဒီရေချိုးမည့်ချောင်းဖက်ထွက်လာရင်း ခေါင်းလျှော်ရည် မေ့နေခဲ့သောကြောင့် လမ်းရှိပျံကျ ကုန်စုံဆိုင်လေးတွင် ခေါင်းလျှော်ရည်ထုပ်လေးအား ဝင်ဝယ်လိုက်သေးရာ ဆိုင်ရှင်အဖွားကြီးက

“ဟဲ့ကလေးမ ရေချိုး မလို့လား အပူရှပ်ဦးမယ်”

“သမီးတို့ပြောင်းဖို့ပစ္စည်းသိမ်းတော့ဖုန်တွေနဲ့မို့ ရေချိုးချင်နေပြီ ”

မဒီထွက်သွားတော့ ဆိုင်ရှင်အဖွားကြီး၏သမီးက

“အမေမို့ အောင်နိုင်သမီးကို သွားပြောနေတယ်။ သူ့အဖေက အကျင့်ကောင်းတာမဟုတ်ဘူး၊
သူ့ကြောင့်သမီးတို့ဘဝပျက်တာ တစ်ကယ်ဆို သမီးတို့မြေကို တန်ရာတန်ကြေးလေး ပေးသင့်တာ ခုသူပြန်ရောင်းစားတော့ မတရား စျေးတင်ပြီးပြန်ရောင်းတာ အတော်အတ္တကြီးတဲ့လူ သူ့သမီး သူ့မယားမှလူထင်တာ တစ်နေ့သူတို့မိသားစုလဲ မျက်ရည်ကျရဦးမှာ ”

မဒီ ချောင်းထဲသို့ရောက်သောအခါ လူများရှင်းလင်းလျှက်ရှိသည်မို့ ထမီရင်လျားကာ အားရပါးရ ချောင်းထဲခုန်ချကာ ရေကူးလိုက်သည်။သူ့အား ချောင်းကြည့်နေသော မျက်ဝန်း တစ်စုံအား မတွေ့မိခဲ့ ။

သူ့၏ရေစိုအလှအားကြည့်ကာ လူတစ်ဦးမှာစိတ်ရိုင်းဝင်လျှက် ရှိလေသည်။

မဒီသည်အဝတ်များအားစုပုံထား ကျောက်ပြားလေးပေါ်သို့ ပြန်လာကာ ခေါင်းလျှော်ရန်ခေါင်းလျှော်ရည်ထုတ်လေးအား ပါးစပ်ဖြင့်ကိုက်ဖောက်၍ ဆံပင်များရှေ့ချလျှက် ခေါင်းလျှော်ရည်များအား ဆံပင်ပေါ်တင်လိုက်စဥ် သူမ၏ဦးခေါင်းအား အရာတစ်ခုဖြင့်ရိုက်ခံလိုက်ရကာ မူးသွား၏။

ထို့နောက်သူမ၏ ခန္ဓာကိုယ် အား ကျောက်ပြားနောက်က ခြုံအတွင်းသို့ ကြမ်းတမ်းစွာ ဆွဲယူခံလိုက်ရသည်။

သူမ၏ထမီပင်ကျွတ်ကျန်ရာ သူမ ကြောက်လန့်တကြားအော်ဟစ်တော့သည်။
သူမ၏ခန္ဓာကိုယ်ပေါ်တွင် အုပ်မိုးလာသောလူတစ်ယောက် ။

သူမက အားကုန်ရုန်းကန် အော်ဟစ်သော်လည်း အင်အားချင်းမမျှပဲ သူမ၏ ဘဝအား ညှာတာမှုမရှိ ကြမ်းတမ်းစွာ နင်းချွေ ခံလိုက်ရလေသည်။
သူမခန္ဓာကိုယ် အောက်ပိုင်းကား နာကျင်လွန်း၍ သွေးများပင် ဒလဟော ထွက်လာလေသည်။

ထိုသူသည်သူမ၏ အသွေးအသားအား စားသုံးသည်သာမက သူမ၏လည်မျိုအား သူ့လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာညှစ်ထားလေသည်။

ပျံကျ ဆိုင်လေးတွင် အော်သံသဲ့သဲ့ကြားရသောကြောင့် အဖွားကြီးက

“ဟဲ့ အော်သံကြားသလိုပဲ အောင်နိုင်သမီးများလား မသိဘူး သွားကြည့်ကြဦး ”

” အမေ့ဘာသာ အမေသွားကြည့်၊ အောင်နိုင်မိသားစု တော့ သမီးမကြည့်ချင်ဘူး”

ဟု ဆိုရာ အဖွားကြီးလဲ ဘာမှပြန်မပြောတော့ဘဲ ချောင်းဖက်ထွက်လာလိုက်သည်။

ချောင်းသို့ရောက်သောအခါ အဖွားကြီးကမျက်စိသိပ်မကောင်းသောကြောင့်

“ဟင်တံတားအောက်မှာ လင်မယားတွေစကားများပြီး နပန်းသတ်နေကြတာလားမသိဘူး”

ဟု တွေးရင်း “ဟေ့ “ဟုလှမ်းအော်ရာ လူတစ်ယောက်က လှည့်ကြည့်လာကာ ချောင်းထဲ ဝုန်းခနဲခုန်ချသွားလေသည်။

ထိုသူက အင်္ကျီအပြာနုရောင်အား ဝတ်ဆင်ထားလေသည်။ထိုအခါမှ ထိုလူအုပ်မိုးထားသောအရာကား ဝတ်လစ်စလစ်ဖြင့် အမျိုးသမီးမှန်းသိရာ အဖွားကြီးက ပြန်ပြေးလာပြီး ပတ်ဝန်းကျင်အား အကူအညီ ​​တောင်းတော့သည်။

မမူ အမျိုးသားက ဘုန်းကြီးမှာသောပစ္စည်းများအား ဝယ်ကာ ကားဖြင့် မောင်းပြန်လာစဥ် ချောင်းဘေး အနီးခြုံနေရာတွင် ကားရပ်ကာအပေါ့သွားရန်ဆင်းလိုက်သည်။

ထိုစဥ် လူတစ်ယောက်သည် ရေစိုဝတ်များဖြင့် ခြုံထဲမှထွက်လာရာမမူယောက်ျားနှင့်ပက်ပင်းတိုး၏။

ထိုသူသည် မမူယောက်ျားအား တွန်းဖယ်ကာ ထွက်ပြေးသွားသောကြောင့်

“ဟာဒီလူ ဘာတွေများ လောနေတာလဲ ငါ့တောင် တွန်းသွားတယ် ”
ဟုရေရွတ်ကာ ကိစ္စပြီးလျှင် ကားပေါ်ပြန်တက်ကာ မမူဆိုင်သို့ မောင်းလာလေသည်။

ထိုအချိန်တွင် မဒီမုဒိမ်းကျင့်အသတ်ခံရသောသတင်းအားကြားလျှင်

“ဟာ ကျုပ်ခုဘဲ တွေ့လိုက်တယ် အဲလူမျက်နှာ ကျုပ်ကောင်းကောင်းမှတ်မိတယ်။ အင်္ကျီက အပြာနုရောင်နဲ့ ”

ပျံကျဆိုင်က အဖွားကြီးပြောသည်နှင့်တိုက်ဆိုင်သည်မို့ ဦးအောင်နိုင်တို့ဌာနက လူများ၊ရဲတပ်ဖွဲ့ဝင်များက တရားခံအား အပူတပြင်းရှာကြလေသည်။

ဦးအောင်နိုင်ကား ချစ်သမီးလေး သွေးအိုင်ထဲ၌ ဝတ်လစ်စလစ်ဖြင့် လဲကာ အရှက်တကွဲ အသတ်ခံရသည်ကို ကြည့်ကာ ရူးမတက်ပင် ခံစားလိုက်ရသည်။သူ့အမျိုးသမီး ကား မြေပေါ်တွင် လူးလှိမ့်ငိုကြွေးနေသည်။

ဦးအောင်နိုင်က

“ကျုပ်သိတယ်…ကျူပ်ကို မကျေနပ်လို့ ကျုပ်သမီးကို လုပ်ကြံတာ ကျုပ်ကို လာလုပ်ကြ ကျုပ်ကို လာသတ်ကြ ကျုပ်သမီးမှာ အပြစ်မရှိဘူး… ”

အရူးကြီးတစ်ယောက်လို အော်ဟစ်ငိုယိုနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ကြရသည်။

မကြာမီ တရားခံအား ဖမ်းမိလေသည်။တရားခံသည် တစ်ကိုယ်လုံး နှင်းခူများပေါက်နေသော ခြေသလုံးအိမ်တိုင် ကြုံရာကျပမ်းသမား တစ်ဦးဖြစ်သည်။
ရုပ်ရည်အားဖြင့် အင်မတန်ကြည့်ရဆိုးသူ တစ်ဦးလည်းဖြစ်လေသည်။

သနားစရာ မဒီလေးခဗျာထိုသူအား မသေမီမည်မျှမုန်းတီးနာကျည်း နေမည်မသိရှာပေ။

တရားခံအား မည်မျှစစ်ဆေး စေကာမူ သူ့အဖေအား မကျေနပ်၍ မဟုတ်ကြောင်း၊ကလေးမအား မြင်မြင်ချင်း ချစ်ခင်စွဲလမ်း၍သာ ကြံစည်မိကြောင်း သို့သော် ကလေးမက သူ့မျက်နှာအား မြင်တွေ့သွားကာ ကလေးမအောက်ပိုင်းက သွေးထွက်လွန်သွားသောကြောင့် အခြေအနေ မကောင်းဘူးဟု ထင်ကာ သတ်ပြစ်မိကြောင်း၊ကလေးမလေး သေ.. မသေ တစ်ခါပြန်၍လာကြည့်စဥ် သူ့အား ဝိုင်းဝန်း ဖမ်းဆီးတာမို့ အဖမ်းခံရကြောင်း ကလေးမလေး ခေါင်းလျှော်စဥ် ဦးခေါင်းနောက်အား ဝါးဆစ်ဖြင့်ရိုက်ကာစတင် ကြံစည်ကြောင်း စသည်ဖြင့် ဝန်ခံထွက်ဆိုလေသည်။

ဦးအောင်နိုင်က မိမိတို့အိမ်ပြောင်းရန် ခေါ်ယူထားသော ကားဖြင့်သမီးအလောင်းအား ရင်နာစွာ သယ်ယူခဲ့ရလေသည်။

သမီးလေး အလွန်ပြောင်းချင်ရှာသော မြို့လေးသို့ လိုက်ပါပြောင်းရွှေ့ခွင့်မရတော့ပေ။

ဩ ယခုတော့ ဦးအောင်နိုင်၏ ငွေများကလည်း သမီးလေးအား မကယ်နိုင်တော့ ။ဦးအောင်နိုင် တစ်ယောက် ဝမ်းနည်းပူဆွေးကာ အစားပင် မစားနိုင်တော့ပေ။

ဦးအောင်နိုင်က ဘာသာခြားတစ်ဦးမို့ မဒီအတွက် ဆွမ်းသွတ် အမျှဝေခြင်းမပြုလုပ်ပဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားလေတော့သည်။

မဒီ၏ ဝိညာဥ်သည် ချောင်းဘေး၌လည်းကောင်း၊တံတားပေါ်တွင်လည်းကောင်း၊ကားများအား တား၍ အမျိုးမျိုး ခြောက်လှန့်လေတော့သည်။

တစ်နေ့ ကားသမား တစ်ဦးအားညအချိန်တွင် တံတားပေါ် ၌မိန်းခလေးတစ်ဦးက ကားကိုတားကာ

“ဦးသမီးကို လမ်းကြုံလိုက်ခွင့်ပေးပါ သမီးအဖေပြောင်းသွား တဲ့ မြို့လေး ဆီကို သမီး အရမ်းသွားချင်လို့ပါ ”

ဟုဆိုကာ ကားခေါင်းထဲဝင်ထိုင်လေသည်။

မကြာမီ ထိုမိန်းမပျို၏ အောက်ပိုင်းတွင်သွေး များဒလဟော စီးကျလာကာ မျက်နှာက ကြောက်စရာ အသွင်ပြောင်းသွားပြီး

“ငါသိပ်နာကျင်တယ် ငါသွားလို့မရဘူး ငါ့ကိုကယ်ပါ ငါ့ကိုခေါ်သွားပေးပါ. ”

ဟုဆိုကာ ဝတ်လစ်စလစ် ခန္ဓာကိုယ်ဖြင့် ကားသမား ကိုယ်ပေါ်ခွကာ လည်ပင်းအားညစ်ရာ ကားသမားလည်း အကြောက်လွန်ကာ သတိလစ်မေ့မြောသွားသည်။

တစ်ခါတစ်ရံ ညအချိန်ချောင်းထဲ၌ ရေကူးနေသော မိန်းခလေးအားလည်းကောင်း၊ကိုယ်တီးလုံး သွေးသံရဲရဲဖြင့် ဆံပင်ဖျားလျား ချကာ ချောင်းဘေးတွင်ပြေးနေသော မိန်းမငယ် ကိုလည်းကောင်း တွေ့ကြရသည်။

တစ်နေ့သောအခါတွင် ထိုတံတားကြီးတွင်ကားကြီးတစ်စီး ဖြတ်စဥ် တံတားကျိုးကျလေတော့သည်။

ထိုတံတားကျိုးကျမှုကြောင့် လမ်းပိတ်ကာ ကားများထိုနေရာတွင် ဟိုဘက်ကမ်းဒီဘက်ကမ်း၌ သောင်တင်နေကြတော့သည်။
ထိုနေရာကား လမ်းလွှဲလဲ မရှိချေ။

ထိုကားများထဲတွင် စစ်ကိုင်းချောင်မှ မယ်သီလရှင် တစ်ပါးလည်းပါဝင်လေသည်။ဆရာလေးသည် သာသနာပြု ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

မမူတို့လင်မယားလည်း ထမင်းဟင်းများအား ကားတန်းရှည်ကြီးတွင်သွားရောက်ရောင်းချရင်းဆရာလေးနှင့် ဆုံကြ၏။

ဆရာလေးက မမူတို့ထံတွင် ထမင်းဟင်းများဝယ်ယူကာ

“ဤနေရာဝိုက်တွင် မကျွတ်မလွတ်ဘဝဖြင့် စားရမဲ့သောက်ရမယ့် မမြင်အပ်သော နာနာ ဘာဝများအား ကျွန်ုပ် မှ အလှူပြုပါသည်…လာရောက်စား သောက်ကြပါ.. ”

ဟုခေါ်ကာ ဖက်ကြီးထဲ၌ ထမင်းဟင်းများအား ထည့်ပုံကာ အပင်ကြီးတစ်ပင်အောက်တွင် ချထားပေးလေသည်။

မမူကြည့်နေစဥ် ထိုထမင်းဟင်းများသည် မကြာမီ အလိုလိုကုန်သွားလေရာ မမူလည်း ကြည့်ရင်းကြက်သည်းများပင်ထ လာလေတော့သည်။
ထိုနေ့ညတွင် ဆရာလေးက ကားပေါ်တွင်ကျိန်းကာ ကားသမားက ကားအောက်တွင် ဖျာခင်းကာ အိပ်နေသည်။

ထိုအချိန်တွင် ကားပေါ်သို့ အမျိုးသမီးတစ်ဦး ကားပေါ်တက်သွားသည်ကို ကားအောက်မှ ကားသမားက တွေ့လိုက်ရသည်။သို့သော် အလွန်အိပ်ချင်နေသည်မို့ ကားသမားက ဆက်အိပ်နေ၏။

ကားပေါ်တွင်ကျိန်းနေသော သီလရှင်အား “ဆရာလေး… ဆရာလေး ”

ဟုခေါ်ရာ အသံကြောင့် သီလရှင်ကလည်း လန့်နိုးလာကာ

“ဟင် ညည်းက ဘယ်သူလဲ ”

“သမီးက မဒီ…ပါ၊ ဆရာလေး ကျွေးတာတွေ စားရလို့ ကျေးဇူးတင်ပါတယ်… သမီးက ဒီချောင်းနားမှာ မုဒိမ်းကျင့် အသတ်ခံရလို့ သေသွားတဲ့သူပါ….သမီးက ခုထိ ဘယ်မှသွားမရလို့ပါ အဖေကလဲ ဘာသာခြားမို့ သမီးကို အမျှဝေတာ တွေမလုပ်ပေးပါဘူး…ခုတော့ သမီးအဖေလဲ သေသွားပါပြီ…”

“ညည်းအဖေသေတာ ဘယ်လိုလုပ်သိတာလဲ..”

“အဖေ့တပည့်တွေ ရေလာချိုးရင်း.. ပြောတာသမီးကြားခဲ့ရတာပါ…သမီးနဲ့အတူ ဒီနားမှာ မကျွတ်မလွတ်သူတွေ အများကြီးရှိတယ်… သမီးအမေရှိတဲ့နေရာကို အရမ်းသွားချင်တယ်…အခြားသူတွေလဲ ကျွတ်ချင်ကြပြီ…ဆရာလေးပဲ သမီးတို့ကို ကယ်နိုင်မှာ… ဆရာလေးကိုသမီးတို့စောင့်နေတာကြာပြီ…သမီးတို့အတွက်ရည်စူးပြီး အလှူ ပြု အမျှပေး ဝေပေးပါ ဆရာလေး….”

ဟု သနားစဖွယ် တောင်းဆိုရာ ဆရာလေးက “အေးပါ.. စိတ်ချပါ… ”

“ဆရာလေးတို့မကြာမီပြန်ရတော့မှာ …ကျွန်မတို့တွေလဲ တံတားအမြန်ပြီးအောင် ကူပေးကြတယ် ”

ဟုဆိုပြီးနောက် ထိုအမျိုးသမီးငယ်သည် ကားပေါ်မှပြန်ဆင်းသွား၏။

ထိုသို့ဆင်းသွားသည်ကို လည်းကားသမားက တွေ့လိုက်ရသည်။
နောက်ရက်မမူတို့ ဆရာလေးထံ စျေးလာရောင်းရာ ဆရာလေးက

“ဒီချောင်းနားမှာ အသတ်ခံရလို့ သေသွားတဲ့ မဒီ ဆိုတဲ့ကလေးမကို သိလား ”

ဟုမေးရာ မမူလဲ အလွန်အံ့သြသွားက

“ဟင်ဆရာလေးက ဘယ်လိုသိတာလဲ…ဟုတ်ပါတယ် လွန်ခဲ့သော ခြောက်လလောက်တုန်းက သူ့အဖေ ပြောင်းခါနီးအသတ်ခံ လိုက်ရတာပါ… သူ့အဖေလဲ ပြောင်းသွားပြီးနှစ်လလောက်နေတော့ သူ့သမီးစိတ်နဲ့ပဲ ဆုံးရှာတာ ”

“အင်း..အဲဒီက​လေးမက ပြောပြတယ်.. သူ့အဖေဆုံးတာလဲ သူသိတယ် ပြောတယ် သူ့အဖေက ဘာသာခြားမို့ အမျှဝေတာတွေ မလုပ်ပေးလို့ ဆရာလေးကို လုပ်ပေးဖို့ ညက အကူအညီလာတောင်းတာ… ဆရာလေးကလဲ ခရီးသွားဆိုတော့ ညည်းတို့ကို အကူအညီပြန်တောင်းတာ… ညည်းတို့ သူနဲ့ ကျန်တဲ့ပရလောကသားတွေ ​အတွက် ရည်စူးပြီး အလှူလုပ် အမျှဝေပေးပါ… ဆရာလေး အလှူငွေမတည်ပေးမယ် ”

“တပည့်တော်ကလဲ ကိုယ်ဝန်နဲ့..လင်မယား နှစ်ယောက်တည်း ရှိတာဆိုတော့ တပည့်တော်တို့ကတော့ မလုပ်ပေးနိုင်ပါဘူး…ဒါပေမယ့် သူ့အဖေရဲ့ တပည့်တွေရှိတယ်… သူတို့ကို ပြောရင် သူတို့က လူများတော့ သေချာပေါက် လုပ်ပေးနိုင်မှာပါ…”ဟုဆိုရာ ဆရာလေးက” အေး ..ပိုကောင်းတာပေါ့… ရော့….ငွေငါးသောင်း အလှူပြုရာနေရာမှာ ထည့်ဖို့ဆရာလေးကုသိုလ်ပါ…ရော့..ဒါက ဆရာလေးဖုန်းနံပါတ်…”

ဟုဆိုကာ ငွေငါးသောင်းနှင့်ဆရာလေး ဖုန်းနံပါတ် အားမမူထံပေးလာ၏။

မမူတို့လင်မယားလဲ ဦးအောင်နိုင်တပည့်များအား ပြောကာ အကူအညီတောင်းရာ အားလုံးကလည်း ဝမ်းသာအားရဖြင့် အလှူပြုပေးရန်သဘောတူကြလေသည်။

မမူကလဲ

“ရော့ပါ ဒါက ဆရာလေးက အလှူပြုတဲ့အထဲ ထည့်လှူပေးဖို့ပေးသွားတဲ့အလှူငွေ ​ငါးသောင်းပါ…ဩ ဆရာလေးကသေချာ မှာသွားတယ်… အလှူပြုခါနီး ချောင်းဘေးက ကျောက်ပြားသုံးပြား ရှိတဲ့ နေရာမှာ မဒီကိုသွားခေါ်ဖို့ သေချာမှာသွားပါတယ် “ဟုဆိုလိုက်​​ လေသည်။

ထိုအလှူပြုသောမနက်တွင် မမူလည်း သွားရောက်ကာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်‌ဆိုခဲ့သည်။

မဒီနှင့် ထိုဝန်းကျင်တွင်ရှိသော ပရလောကသား အားလုံးကိုလဲဖိတ်ကြားထားသောကြောင့် အားလုံးကလည်း သာဓုခေါ်ကြမည်ဟု ထင်ပါသည်။

နောက်ရက်တော့မမူက ဆရာလေးထံသို့ ဖုန်းဆက် အကြောင်းကြားလေရာ ဆရာလေးက.

“အေး..အေး… ဆရာလေး သိတယ်… မဒီနဲ့ ပရလောကသားတွေက သူတို့ကျွတ်လွတ်သွားပြီ ဖြစ်ကြောင်းနဲ့ ဆရာလေးကို ကျေးဇူးတင်ကြောင်း လာပြောသွားကြတယ်… သာဓု သာဓုသာဓု ပါ ဒကာမကြီးမမူရေ…”

ဟုဆိုရာ မမူတစ်ယောက် ဝမ်းသာလွန်း၍ မျက်ရည်များပင်စီးကျလာလေသည်။

ဩ… အကြွေပန်း လေးတစ်ပွင့်ဖြစ်ခဲ့ရတဲ့ မဒီဆိုသည့် မိန်းကလေး နောက်ဘဝဆက်တိုင်း အချွေခံရတဲ့ ဘဝမှ ကင်းဝေးပါစေဟု ဆုတောင်းရင်း..
လေးစားလျက်
စာရေးသူ Nan Kyarnyo