ပတ်သက်ခဲ့မိလေသမျှ(စ/ဆုံး)
—————————–
မှန်ထဲ၌ မိမိကိုယ်ကို ကြည့်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။
မှန်တင်ခုံမှထကာ ခန္ဓာကိုယ်အားလည်း တစ်ပတ်လည် ပတ်ကြည့်လိုက်သေး၏။
ထိုကဲ့သို့ မှန်ထဲ၌ မိမိကိုယ်ကိုယ် အရိပ်ကြည့်နေသူမှာ ဆယ်ကျော်သက်အရွယ် မနူးမနပ် အပျိုဖျန်းလေးတော့မဟုတ်ပါချေ။
” အမေ အိမ်ရှေ့မှာ ဦးမင်းဒင် ရောက်နေပြီ”
” အေး လာပြီ၊ လာပြီ ”
အခန်းထဲမှ မြီးကောင်ပေါက်အရွယ်ပမာ ပြေးထွက်သွားသော မိခင်ဖြစ်သူအား ကြည့်ကာ မြတ်တစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိ၏။
မိခင်ထွက်သွားပြီးနောက် miss universe ရေမွှေး၏ ရနံ့က တစ်အိမ်လုံး၌ မွှန်ထူလျက် ကျန်နေခဲ့၏။
မြတ်သည် အိမ်ရှေ့ဧည့်ခန်း၌ ချိတ်ဆွဲထားသော ဖခင်၏ ဓာတ်ပုံလေးအား တမ်းတ မြတ်နိုးစွာ ကြည့်ရင်း
” ဖေဖေရယ် ၊ အဖေ့ကို အရမ်းသတိရတာပဲ၊ ခုနေချိန်မှာ အဖေသာရှိနေသေးရင် သမီးတို့မိသားစုလေး အရမ်းပျော်စရာ ကောင်းမှာပဲ ”
ဝေ့သီလာသော မျက်၀န်းမှမျက်ရည်များကြောင့် ဖခင်ဖြစ်သူ၏ ဓာတ်ပုံလေးပင် ဝေဝါးသွား၏။
” မမ သားသား ဗိုက်ဆာတယ်”
” အင်းပါ မောင်လေးရယ်၊ ကဲ မောင်လေး ညီမလေးတို့ရေ မမကြီးတို့ ထမင်းစားကြရအောင်ဟေ့ ”
” ဟုတ်လာပါပြီမမကြီး…”
” ဘာဟင်းလဲမမ…”
” သားက စပ်ချဉ်ကြော်စားချင်တာ….”
မြတ်သည် မောင်လေးညီမလေးများနှင့်အတူ ထမင်းစားနေရင်း
” အင်းမေမေပါ ငါတို့နဲ့ ထမင်းအတူစားရင်ကောင်းမှာ ”
ဟုတွေးလိုက်မိ၏။
” မမ စားလေ ”
” အင်းပါညီမလေးရယ်”
မြတ်သည် သမီးအကြီးဆုံးဖြစ်ကာ သူ့အောက်၌ မောင်လေးနှစ်ယောက် ညီမလေးနှစ်ယောက်ရှိ၏။
ဖေဖေသည် အငယ်ဆုံးမောင်လေး တစ်နှစ်ကျော်အရွယ်၌ အက်ဆီးဒန့်ဖြစ်ကာ တိမ်းပါးသွားခဲ့သဖြင့်
မေမေသည် ‘မုဆိုးမ’ရာထူးအား မလိုချင်ပဲ လက်ခံခဲ့ရသည်။
ဖခင်ရှိစဉ်က အုန်းသီး ငှက်ပျောသီးပွဲစားအလုပ်ဖြင့် စီးပွားရေး အဆင်ပြေခဲ့သော်လည်း ဖခင်ဖြစ်သူတိမ်းပါးသွားပြီးနောက် အလုပ်မရှိသော မိခင်သည် သူ၏မိတ်ဆွေတစ်ဦးနှင့် စပ်တူ နှစ်လုံးဒိုင်ကိုင်သည်။
လောင်းကစားဆိုသည်မှာ နိုင်တစ်ခါရှုံးတစ်လှည့်ဖြင့် သာ။
ထိုအခါမေမေသည် နေ့စဉ်အနိုင်ရဖို့အရေး နတ်မေးဓာတ်ပေး ပြုလုပ်လေတော့သည်။
ထိုအခါဗေဒင်ဆရာလိုလို ၊ နတ်ဆရာလိုလိုဖြစ်သော ဦးမင်းဒင်နှင့် မိခင်ဖြစ်သူတို့ ဆုံဆည်းခဲ့၏။
မေမေသည် ကလေးငါးယောက်မိခင်ဖြစ်သော်လည်း တောင့်တုန်း ဖြောင့်တုန်းပင်။
ဖေဖေဆုံးပြီးနောက် မိခင်အား ကမ်းလှမ်းသူများရှိခဲ့ဖူးသော်လည်း မေမေသည် ငြင်းပယ်ခဲ့၏။ယခု ဗေဒင်ဆရာယောင်ယောင် အကြားအမြင်ဆရာယောင်ယောင် ဦးမင်းဒင်နှင့်တွေ့တော့မှ တတွဲတွဲဖြစ်နေသည်။
မြတ်သည်ပင် ဆယ့်ရှစ်နှစ်အရွယ်သမီးပျို ဖြစ်နေလေပြီ၊ ထို့ကြောင့် မေမေ့ အသက်သည် လေးဆယ့်ငါးနှစ်အရွယ်ခန့်သို့ရောက်ရှိနေပြီ ။
ထို့ကြောင့် မြတ်အနေနှင့် မေမေ့အား တည်ငြိမ်စေချင်သည်။
စီးပွားရေးလုပ်သည်က ပြဿနာမဟုတ်သော်လည်း ယောက်ျားတစ်ဦးနှင့် တတွဲတွဲလုပ်နေခြင်းက ပြဿနာပင်။
ပတ်၀န်းကျင်ကလည်း မိခင်အားကြည့်ကာ တီးတိုးသဖန်းပိုးထိုးနေကြပြီ။
အမှန်တိုင်းဆိုရလျှင် မြတ်သည် ဖေဖေ့နေရာ၌ မည်သူ့ကိုမျှ အစားမထိုးနိုင်ပါ။
ထို့ပြင် ဦးမင်းဒင်အား မြတ်က မနှစ်မျို့ပေ။
ဦးမင်းဒင်၏ မျက်လုံးများက ကြောက်စရာကောင်းသည်ဟု ထင်မိသည်။ထိုလူကြီးနှင့်အကြည့်ချင်းဆုံပါက မိမိ၏ အသွေးအသားထဲထိ စိမ့်သွားသလိုခံစားရ၏။
ထိုလူကြီး၏ မျက်လုံးသည် စူးရှလွန်းကာ လူတစ်ဉီး၏ စိတ်အား လွှမ်းမိုးချုပ်ကိုင် နိုင်သော မျက်လုံးမျိုးဟု မြတ် ထင်နေမိသည်။
ညနေခင်း မှောင်ရီသန်းချိန်ရောက်မှ မေမေသည် နွမ်းလျစွာဖြင့် အိမ်သို့ပြန်ရောက်လာသည်။
အသွားတုန်းက ဆယ်ကျောက်သက် မိန်းခလေးတစ်ဦးပမာ သွက်လက်နေသလောက် ပြန်ရောက်လာချိန်၌ ထောင်ထဲ၀င်တော့ရခါနီး အကျဉ်းသားတစ်ဦး၏ ခြေလှမ်းမျိုးနှင့် ပြန်လာစမြဲ။
ထိုအချိန်၌ မေ့မေ့ထံမှ ရေမွှေးရနံ့လဲမသင်း မျက်လုံး၏အကြည့်များသည်လည်း မလင်းတော့ပါချေ။
” မေမေ ၊ နောက်ကျတယ်နော်”
” ငါပင်ပန်းလာတယ် မြတ်နိုး ၊ ငါ့ကို ဆရာမလုပ်နဲ့”
မြတ်အား လိုအပ်သည်ထက် ပိုဒေါသထွက်ကာ အော်ဟစ်လာသော မိခင်ဖြစ်သူအား ကြည့်ရင်း မြတ် မဲ့ပြုံးပြုံးလိုက်၏။
” မေမေ ပင်ပန်းနေတာသိတယ်၊ ဒါပေမဲ့ မေမေ့ပုံစံကိုကြည့်လိုက်အုံး ၊ အသွားတုန်းက ပုံစံနဲ့ တစ်ခြားစီပဲ၊ အမေသိလား ပတ်၀န်းကျင်က မေမေ့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်တဲ့အကြည့်…”
မြတ်၏စကားပင်မဆုံးသေး
” တော်စမ်းမြတ်နိုး ၊ ငါ့ကို ဆရာမလုပ်နဲ့၊ ငါဘာမှ မဟုတ်တာမလုပ်ဘူး၊ ငါ့စီးပွားရေးငါသိတယ်”
” အမေ့ကို စီးပွားရေးလုပ်လို့ အပြစ်တင်နေတာမဟုတ်ဘူး၊ အဲ့ဒီဦးမင်းဒင်ကြီးနဲ့လိုက်သွားပြီးရင် ဒီလိုပုံစံကြီးနဲ့ ပြန်လာတာကို မကြိုက်တာ ”
” နင် တော်စမ်း မြတ်နိုး၊ ငါကမအေ၊ ငါ့ကို စော်ကားတဲ့စကားတွေ လာမပြောနဲ့ ”
” ဒုန်း ”
မိခင်သည် သူ့အားအော်ဟစ်ကာ အခန်းတံခါးအား ဆောင့်ပိတ်လိုက်၏။
သူတို့အား မျက်လုံးဝိုင်းများဖြင့် ကြည့်နေရှာသော မောင်လေးညီမလေးများအားကြည့်ကာ မြတ်က တစ်ချက်ပြုံးလိုက်ပြီး
” လာ မမတို့ မုန့်သွား၀ယ်စားရအောင် ”
သူတို့လည်း လမ်းထိပ်ကုန်စုံဆိုင်ကြီးဘက်သို့ ထွက်လာခဲ့ကြ၏။
” ဟယ် မြတ်နိုးလေးက မမြင်တာကြာတော့ လှလာလိုက်တာ၊ အပျိုဖားဖားကြီးကိုဖြစ်လို့၊ ကြည့်စမ်း နင်တို့ ညီအစ်မသုံးယောက်လုံး အချောတွေချည်း ၊ ဩ မြတ်နိုး ညည်းကိုငါသတိပေးရအုံးမယ်”
” ဟုတ် ဒေါ်ဝိုင်း ”
“နင့်အမေဆီ ခုတလောလာနေတဲ့လူက ဗေဒင်ဆရာဆိုလား ၊ သူက အတော်တော့် စွမ်းသတဲ့၊ သူက သူများလင်မယားတွေဘာတွေ ကွဲချင်ရင်လဲ လုပ်ပေးသတဲ့၊ အချို့သူဌေးတွေရဲ့ မယားငယ်တွေဆို သူ့ဆီသွားပြီးလုပ်ခိုင်းကြတာ ၊ ပီယအဆောင်ဆိုလား ဘာဆိုလား၊ သူက နင့်အမေဆီခဏခဏလာနေတော့ ညည်းတို့ကလေးတွေကိုပါ ပညာနဲ့ လုပ်သွားအုံးမယ်၊ ညည်းတို့က မိန်းကလေးတွေဆိုတော့ စိုးရိမ်လို့ပါ”
” ဟုတ် ဒေါ်ဝိုင်း ၊ သမီးတို့သတိထားပါ့မယ် ”
“အေး၊ အေး ”
မုန့်ဆိုင်မှ ပြန်လာသော လမ်းတစ်လျှောက်၌ မြတ်တစ်ယောက် တွေးနေမိ၏။
ထိုလူကြီးသည် မေမေ့ကိုပင် သူ့ပညာဖြင့် ပြုစားထားလေပြီလော။
XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၂)
” မေမေ ”
” ပြောမြတ်နိုး ၊ အမေ့ကို ဘာပြောမလို့လဲ ”
” ဦးမင်းဒင်ကြီးနဲ့ မတွေ့ပါနဲ့တော့လားအမေ”
မြတ်နိုးစကားကြောင့် မိခင်က ဆံထုံးထုံးနေရင်းမှ တစ်ချက်ပြုံးကာ
” ဘာလို့လဲသမီး”
” သူက ဗေဒင်ဆရာရော ဟုတ်ရဲ့လား၊ အောက်လမ်းဆရာများလား ”
” မဟုတ်ပါဘူး ၊ သူက ခုနစ်ရက်သားသမီးတွေကို ကယ်ပေးနေတဲ့သူပါ၊ ဘယ်သူကဘာပြောလို့လဲ ”
“အင်း ထားပါတော့ ၊ ဒါနဲ့ အမေကနေ့တိုင်း သူနဲ့ဘယ်ကိုလိုက်သွားတာလဲ ”
” သမီး အမေက မဟုတ်တာ သွားလုပ်တာမဟုတ်ဘူးဆိုတာကတော့ ယုံပါ ”
” အမေ့ကို ခုတလောကြည့်ရတာ ပိန်သွားသလိုပဲ၊ အမေပင်ပန်းရင် သမီးအလုပ်ထွက်လုပ်မယ်အမေ၊ လမ်းထိပ်ကုန်စုံဆိုင်က ဒေါ်ဝိုင်းကလဲ သမီးကို ခေါ်နေတာ ”
” မလုပ်ပါနဲ့သမီးရယ်၊ သမီးမရှိရင် ကလေးတွေကို ဘယ်သူကကြည့်မှာလဲ၊ သမီးမောင်လေး အငယ်ဆုံးက ကိုယ်မနိုင်သေးဘူး၊ သမီးလစာနဲ့လည်း အမေတို့စားလောက်မှာ မဟုတ်ဘူး ၊ စိတ်မပူပါနဲ့၊ အမေလုပ်ကျွေးပါမယ် ”
” မေမေ ဦးမင်းဒင်ကြီးလာနေပြီ ”
” အေးအေး မေမေခုပဲ လာခဲ့မယ်လို့ပြောလိုက်”
မေမေသည် သူ့ဆံထုံးထက်၌ နှင်းဆီတပွင့်အား ကပြာကယာ ကောက်ပန်ကာ
” ကဲ မြတ်နိုး မေမေသွားတော့မယ်၊ မေမေ့ဗီဒိုပေါ်မှာ ပိုက်ဆံ၊ ကလေးတွေကို ကောင်းတာလေး၀ယ်ကျွေးလိုက်”
မေမေသည် ယခင်နေ့များနည်းတူ ကပြာကယာ ပြေးထွက်သွားပြန်လေသည်။
နေ့လည်စာစားပြီးနောက် မြတ်သည် မောင်အငယ်ဆုံးလေးအား သိပ်နေစဉ်
” မြတ်နိုးရေ ၊ မြတ်နိုး ”
” ဟယ် အန်တီစိန်၊ ဘယ်ကလာတာလဲ ”
” အိမ်ကပဲ ၊ ဒါနဲ့ ညည်းအမေရော ”
” အပြင်သွားတယ်လေ ”
” ဆရာမင်းဒင်နဲ့လား ”
” ဟုတ်တယ်အန်တီစိန်၊ ဒါနဲ့ အန်တီတို့ နှစ်လုံးကိစ္စရော အဆင်ပြေလား ”
” ဟမ် ညည်းမသိသေးဘူးလား ၊ ငါနဲ့ ညည်းအမေနဲ့ ဖက်စပ်မကိုင်တာကြာပြီ၊ ငါက နင့်အမေကို အရင်လို အတူလုပ်ရအောင်လို့ပြောတာ ညည်းအမေက မလုပ်တာဟေ့ ”
” ဟင် ဟုတ်လား ၊ ဒါဆို အမေက ခုဘာအလုပ် လုပ်နေ တာလဲ ”
” ဆရာမင်းဒင်နဲ့ အလုပ်အတူလုပ်နေတာလေ ၊ အခု ငါညည်းဆီလာတာလဲ ဒီကိစ္စ ပြောမလို့ ”
” ဘာများလဲ အန်တီစိန်”
အန်တီစိန်သည် သူ့အားကြည့်ကာ ပြောမည့်အရေးမပြောပဲ ချည်တုံချတုံ ဖြစ်နေဟန်တူသည်။
သူလည်း ရင်တထိတ်ထိတ်ဖြင့် အန်တီစိန်ပြောလာမည့် စကားအား နားစွင့်နေမိ၏။
” အင်း ဒီရပ်ကွက်ရဲ့ အစွန်ကြီးမှာ နှစ်ထပ်တိုက်အိုကြီးရှိတာ ညည်းလဲသိမှာပေါ့ ”
” ဟုတ်”
သူက လွန်စွာစိတ်၀င်စားသွား၏၊ ထိုသရဲခြောက်သော တိုက်အိုကြီးနှင့် မေမေသည် အဘယ်သို့ ဆက်စပ်နေလေသနည်း ။
” အဲ့ဒီတိုက်ဟာ ညည်းတို့လက်ထက်မပြောနဲ့ ငါတို့ငယ်ကတည်းက သရဲခြောက်တယ်လို့ နာမည်ကြီးတယ်၊ ဒီတိုက်က အရင်က ချစ်တီးကုလားတွေပိုင်တဲ့တိုက်ပဲ၊ တစ်နေ့တော့ ဓားပြတစ်စုက အဲ့ဒီချစ်တီးကုလားအိမ်ကိုဓားပြတိုက်ရင်း လက်လွန်သွားပြီး လူသတ်မှုကျူးလွန်ခဲ့ကြတယ်၊ ရတနာပစ္စည်းတွေကို ဖွက်ထားတာကို မပြောလို့ ဓားပြတွေက လူကိုသတ်လိုက်တာ၊ အသတ်ခံရတဲ့ ချစ်တီးရယ် ခြံစောင့် မာလီလင်မယားရယ်က ခုထိမကျွတ်ဘူးတဲ့”
” အဲ့ဒါနဲ့ အမေနဲ့က ဘာဆိုင်လို့လဲ ”
” ဟဲ့ ညည်းကလဲ လောလိုက်တာ ၊ ငါ့စကားပြီးအောင်နားထောင်အုံး”
” ဟုတ်”
“အဲ့ဒီရတနာတွေကို လာရှာကြသူတွေမနည်းဘူး၊ အကုန် လန့်ပြေးကြရတဲ့သူချည်း ၊ ပြီးခဲ့တဲ့နှစ်ကတော့ အဲ့ဒီရတနာတွေကို တစ်ဦးတစ်ယောက်ရသွားတယ်တဲ့ ”
” ဘယ်သူလဲ အန်တီစိန်၊ ဘယ်သူရသွားတာလဲ ”
” မင်းဒင် ၊ ဆရာမင်းဒင်တဲ့ ”
” ဟမ် ဟုတ်လား ၊ သူ့ကို မခြောက်ကြဘူးလား သရဲတွေက ”
” ဘယ်ခြောက်မှာလဲ ၊ သူက အင်မတန်တော်တဲ့ အောက်လမ်းဆရာတဲ့ ”
” အန်တီရယ် ၊ ဟုတ်မှလည်းပြောပါ ခုခေတ်မှာ ဒါမျိုးတွေက ရှိရဲ့လား”
“ယုံတာမယုံတာ ညည်းအပိုင်းပဲ၊ အဲ့ဒီမင်းဒင်ရဲ့ပညာက အတော်အဆင့်မြင့်တယ်၊ သူက ညည်းအမေကို သဘောကျနေတာ၊ ဒါကြောင့် ညည်းအမေဆီ မရရအောင်ချဉ်းကပ်တာ၊ သူက ဆရာဆိုတော့ နှစ်ခါမပြုစားရဘူး ညည်းအမေက သူ့နားမှာကပ်တော့တာပဲ၊ ခုလဲ သူကဗေဒင်တွေဘာတွေဟောရင်း ဆေးကုရင် လူနာရှင်တွေ ပြုစားထားသူတွေ ၀င်ပူးရင် ညည်းအမေခန္ဓာကို အသုံးပြုတယ်၊ ရှင်းရှင်းပြောရရင် ညည်းအမေက ကြားခန္ဓာအဖြစ် အသုံးချခံရတယ် ၊ ဒါပေမဲ့ ပိုက်ဆံကတော့ မင်းဒင်ကအများကြီးပေးတယ်ထင်တယ်၊ ငါစိုးရိမ်တာက နင့်အမေကို လက်ထပ်မယ်ဆိုပြီး နင်တို့တစ်မိသားစုလုံးပါ သူ့လက်ထဲ ရောက်သွားမှာစိုးလို့၊ ညည်းရော ညည်းညီမ နှစ်ယောက်ကိုပါ စိုးရိမ်လို့ပြောတာ ”
” အမေတို့က လက်ထပ်မှာတဲ့လား”
” အေး ငါပြောတယ်တော့မပြောနဲ့ ၊ မနေ့က ညည်းအမေငါ့ဆီကိုလာပြီး အဲ့ဒီကိစ္စလာတိုင်ပင်တာ၊ ငါလည်းမတားရဲဘူး ၊ ဟိုအောက်လမ်းဆရာသိရင် စိတ်ဆိုးပြီးငါ့ကို ပြုစားမှာစိုးလို့ ”
” စိတ်ချ အန်တီစိန်၊ သမီးအသက်နဲ့လောင်းကြေးထပ်ပြီး အဲ့ဒီကိစ္စကို တားမယ်”
” အေး ညည်းကိုယုံတယ်၊ ခု မင်းဒင်က ဟို ချစ်တီးအိမ်ကြီးကို၀ယ်ပြီး သူ့ဗေဒင်ခန်းလုပ်နေတယ် ၊ အိမ်ကိုတော့ သေချာပြင်ထားတာပေါ့ ၊ ညအဲ့ဒီအိမ်ရှေ့ဖြတ်သွားသူတွေက အိမ်ဝိုင်းထဲမှာ အရိပ်လို အရာတွေကို တွေ့တယ်တဲ့ ၊ အချို့ကတော့ မင်းဒင်မွေးထားတဲ့ သရဲတွေပြောတာပဲ ”
” ဟင် ကြောက်စရာကောင်းလိုက်တာ ”
” ကဲ ကဲ ငါပြန်တော့မယ်၊ ခဏနေ သူတို့ပြန်လာလို့ငါ့ကို တွေ့သွားရင် မကောင်းဘူး ”
” ဟုတ် အန်တီစိန်”
အိမ်ထဲမှခပ်သုတ်သုတ်ထွက်သွားသော အန်တီစိန်အားကြည့်ရင်း အန်တီစိန်ပြောစကားများအား ပြန်လည်ကြားယောင်နေမိသည်။
ထိုနေ့က မိခင်ဖြစ်သူအိမ်သို့ပြန်လာချိန်က စော၏။
မိခင်နှင့်အတူ ဦးမင်းဒင်ပါ လိုက်လာ၏။
” သမီးလေး မြတ်နိုး ၊ လာအုံး ၊ သမီးကို အမေပြောစရာရှိတယ် ”
မြတ်နိုးလည်း ဧည့်ခန်းရှိ ဆက်တီခုံ၌ ၀င်ထိုင်လိုက်၏။
” ပြောပါအမေ ၊ ဘာများလဲ ”
” မေမေနဲ့ ဦးမင်းဒင်လက်ထက်တော့မယ် ”
” ဘာပြောတယ်အမေ၊ သမီးလုံး၀သဘောမတူနိုင်ဘူး၊ သမီးအဖေနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး”
” သမီးတို့မောင်နှမတွေကို ဦးက သားသမီးအရင်းလိုစောင့်ရှောက်မှာပါ၊ သမီးအမေကို ဦးက တစ်ကယ်ကို မေတ္တာသက်၀င်လို့ လက်ထပ်ချင်တာ၊ ဦးပုံစံနဲ့ ဘယ်မိန်းခလေးမဆို လက်ထပ်လို့ရတယ်၊ ဒါပေမဲ့ သမီးအမေကိုသာ တစ်ကယ်မေတ္တာရှိလို့လက်ထပ်ချင်တာပါ”
” တစ်မျိုးမထင်ပါနဲ့ ဦးမင်းဒင်၊ မေမေ့အသက်အရွယ်ကလဲ နောက်အိမ်ထောင် မပြုသင့်တော့ပါဘူး၊ ဦးမင်းဒင်မှာ မိန်းခလေး ပေါတာပဲ၊ အခြားသူကိုပဲ လက်ထပ်လိုက်ပါ ၊ ကျွန်မတို့ရဲ့ အေးချမ်းနေတဲ့ အသိုက်အမြုံကို မဖျက်ဆီးပါနဲ့”
” အမေတို့က မဖြစ်မနေလက်ထပ်ကြမယ်ဆိုရင်ရော ”
” သမီးသေမှပဲရမယ်၊ အမေတို့က သာ အတင်းရှေ့ဆက်တိုးရင် သမီးကိုယ့်က်ကိုယ် ကြိုးဆွဲချသေလိုက်မယ် ၊ မယံုရင် စမ်းကြည့်လိုက် ”
” ဟား ဟား ဟား ဟုတ်ပါပြီဗျာ ၊ ကြိုးဆွဲချတော့မသေပါနဲ့ ၊ သေချင်ရင် မခင်မြိုင်သေပြီးမှသေ ဟုတ်ပြီလား၊ကဲ ခင်ရေ ကိုယ်တို့လည်း ဒီဘ၀ ဒီလောက်ပါပဲ ၊ ဒီနေရာမှာ ခင်ရှိလို့သာနေတာ၊ ခင်နဲ့မှ လက်မထပ်ရရင် ကိုယ်လဲ ဒီမြို့မှာ ဆက်နေစရာ အကြောင်းမရှိဘူး၊ ခင်နဲ့ကိုယ်နဲ့တွေ့ဆုံခြင်းဟာ ဒီနေ့နောက်ဆုံးပါပဲ ”
အေးအေးဆေးဆေးပြောကာ အိမ်ထဲမှထွက်သွားသော ဦးမင်းဒင်အားကြည့်ကာ သားအမိနှစ်ဦး အံ့ဩစွာ ကျန်ရစ်ခဲ့ကြ၏။
XXxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
ဦးမင်းဒင် အလုပ်ခန်းဖွင့်ရာတိုက်သည် ၀ယ်ထားခြင်းမဟုတ်ပဲ ငှားရမ်းထားခြင်းသာဖြစ်သည်ဟု နောက်မှသိရ၏။
ဦးမင်းဒင်သည် အမှန်တစ်ကယ်ပင် ထိုအရပ်အား စွန့်ခွာသွား၏။
ပြဿနာက မြတ်၏မိခင်ပင်။
တငိုငို တရယ်ရယ်ဖြစ်နေ၏။
အစာလည်း ကောင်းကောင်းမစားပေ။
” အား ဗိုက်နာတယ် ဗိုက်နာတယ် ၊ အမယ်လေး အူတွေပါပြတ်ပြီးသေရပါတော့မယ် ၊ လုပ်ကြပါအုံး”
အိပ်ရာထက်၌ လူးလိမ့်နေသည့်မိခင်အားကြည့်ရင်း
” မောင်လေး ကားသွားငှား ၊ အမေ့ကို ဆေးရုံပို့မှရမယ်”
မိခင်ဖြစ်သူ၏ ရောဂါသည်ကား ရှာဖွေ၍မရ၊ ဝေဒနာအား လူးလှိမ့်ကာ ခံနေရ၏။
အန်တီစိန်နှင့် မြတ် အလုပ်တွဲဖက်လုပ်ကိုင်ခဲ့၍သာ ငွေရေးကြေးရေးအတွက် အခက်အခဲမရှိခြင်းဖြစ်၏။
အန်တီစိန်၏ တူဖြစ်သူ ကိုမင်းသန့်ကလည်း မြတ်တို့အား အစစ အရာရာ ကူညီရှာသည်။
မြတ်၏မိခင်သည် တစ်လထက် တစ်လ ဗိုက်က ဖောင်းလာ၏။ ပတ်၀န်းကျင်မှလူများက ကိုယ်၀န်ရှိနေသည်ဟု ထင်ကြကာ ကဲ့ရဲ့ကြသဖြင့် အရှက်ကွဲကြရ၏။ အမှန်အားဖြင့် မခင်မြိုင်သည် အငယ်ဆုံးသားလေးအား မွေးဖွားစဉ်ကတည်းက သားကြောဖြတ်ခဲ့ပြီးဖြစ်၏။
” မြတ်၊ အန်တီမြိုင်ကို အထက်လမ်းဆရာနဲ့ ပြရအောင်၊ ကိုယ့်သူငယ်ချင်းရဲ့ အမေပြုစားခံရတုန်းက ကုတဲ့ဆရာရှိတယ်တဲ့”
” ဟုတ် ကိုမင်း၊ ကိုမင်း ကောင်းသလိုသာစီစဉ်ပါ ၊ မြတ်တော့ ဘာမှမသိတော့ဘူး၊ မေမေ့ကို မြန်မြန်နေကောင်းစေချင်တာပဲ သိတော့တယ် ”
ဒေါ်ခင်မြိုင်အား ဆရာအမျိုးမျိုးနှင့်ပြသော်လည်း မသက်သာပေ။
” မြတ် ၊ ရှမ်းပြည်ဘက်က ရှမ်းဘုန်းကြီးတစ်ပါးရှိတယ်၊ အရမ်းစွမ်းတယ် ၊ အန်တီမြိုင်ကို အဲ့ဒီဘုန်းကြီးဆီ ပြရအောင်”
” မြတ်လေ ကိုမင်းကို အရမ်းအားနာတာပဲ၊ မေမေ့အတွက် ကိုမင်းလဲ ပင်ပန်းနေပြီ”
” ရတယ်မြတ်၊ ကိုယ်က အန်တီမြိုင်ကို အမေလိုချစ်လို့ပါ၊ ကိုယ်ငယ်ကတည်းက ကိုယ့်အမေကဆုံးသွားတော့ အမေ့မေတ္တာမရခဲ့ဘူး၊ ဒါကြောင့် မြတ်အမေကို ကိုယ့်အမေအရင်းလို သဘောထားတာပါ”
မြတ်တို့သည် ရှမ်းမြောက်ဒေသရှိ ရှမ်းဘုန်းကြီးထံသို့ ထွက်လာခဲ့ကြ၏။
ထိုဘုန်းကြီးထံသို့ ရောက်သောအခါ ဘုန်းကြီးသည် မခင်မြိုင်အား စစ်ဆေးကာ
” ကျွတ် ကျွတ် ကျွတ် ၊ တယ်လဲ သနားစရာပဲ၊ ကုမရတော့ဘူး ၊ဒကာမကြီး၀မ်းထဲမှာ ကလီစာတွေ အတော်ကြီး ပျက်စီးနေပြီ၊ ဘယ်ဆရာမှလဲ မပြနဲ့တော့ မရတော့ဘူး ၊ နေအုံး ဘယ်သူက ဒီလောက်ထိ စွမ်းတဲ့ ပညာရပ်ကို သုံးတာလဲ ဆိုတာကိုတော့ တစ်ချက်စစ်ပေးမယ် ”
ရှမ်ဘုန်းကြီးသည် သံပုရာသီးဖြင့် ဒေါ်ခင်မြိုင်၏ ၀မ်းဗိုက်ပေါ်၌ တင်ကာစစ်ဆေးရာ သံပုရာသီးသည် ချက်ချင်း ခြောက်သွား၏။
” ဟာ သူက အောက်လမ်းမင်းဒင်နဲ့ တွေ့ခဲ့တာကိုး၊ အောက်လမ်းမင်းဒင်လို လူတွေကြောင့် ယောဒေသကြီးဟာ အလွန်နာမည်ကြီးရတာပဲ၊ ကောက်ရိုးကို မြွေအဖြစ်တောင်ပြောင်းနိုင်တဲ့ အတတ်ပေါ့၊ ဒီဒကာမကြီးဟာ အောက်လမ်းမင်းဒင်နဲ့လည်း ငြိစွန်းခဲ့ပုံရတယ် ၊ အင်း ကြောက်စရာကောင်းတဲ့ အောက်လမ်းဆရာနဲ့ ပက်သက်မိသူမှန်သမျှ အသေဆိုးနဲ့ပဲ သေကြရတာများတယ် ၊ ကဲ ကဲ ဆရာတော်ကုသမှုက ဒီလောက်ပါပဲ ”
ရှမ်းပြည်ဘက်မှ ပြန်လာပြီးနောက်ပိုင်း ဒေါ်ခင်မြိုင်၏ အခြေအနေမှာ ပိုဆိုးလာ၏။
” အား သေရပါတော့မယ် အဟင့် ဟင့် ၊ အမယ်လေး လေး နာလိုက်တာ ”
” အမေ အမေ ”
မြတ်သည် မိခင်အခန်းထဲသို့ ၀င်လိုက်ရာ အပုတ်နံ့များက မခံနိုင်အောင် လှိုက်တက်လာ၏။
” မောင်လေး ကိုမင်းဆီကို ဖုန်းသွားဆက်စမ်း၊ မမမြတ်က အရေးကြီးတယ် ၊ အမြန်လာပါလို့ ”
” ဟုတ်မမ ”
ဆိုးရွားသော အပုတ်နံ့ကြီးက အောဂလီဆန်ဖွယ် လှိုက်တက်နေ၏။
မိခင်ခန္ဓာကိုယ်ရှိ အပေါက်မှန်သမျှထဲမှ မဲပုတ်နေသော အရည်များက စိမ့်ထွက်နေ၏။
” မြတ် ဟာ နံလိုက်တာ ဘာအနံ့ကြီးလည်း ”
အားလုံးက နှာခေါင်းများပိတ်ထားကြ၏။ ကလေးများသည် မနေနိုင်တော့သဖြင့် အိမ်ထဲမှ ထွက်သွားကြ၏။
မြတ်သည် သူ့မိခင်၏ အခန်း၀၌ ရပ်ကာငိုနေသည်။
မင်းသန့်သည် အခန်းတံခါးအား ဖွင့်ကြည့်လိုက်ရာ မြတ်မိခင်၏ ဗိုက်မှာ အက်ကွဲစပြုနေ၏။
” လာ မြတ် မြန်မြန်လာ ၊ အန်တီမြိုင်ခန္ဓာကိုယ်ကအရည်တွေ အရမ်းထွက်နေတယ်၊ ကိုယ် နာကူကား ခေါ်လိုက်မယ်၊ ချက်ချင်းခေါ်မှရမယ် ”
မခင်မြိုင်၏ မျက်၀န်းမှမျက်ရည်များစီးကျလာ၏။
အမြန်သေဆုံးရန်သာ ဆုတောင်းနေမိ၏။
” အား …အီး… ဗျစ်… ဗျစ်… ဗျစ် ..ပြုတ်..”
ဗိုက်တစ်ခုလုံး ပွင့်ထွက်ကာ ပူစပ်နာကျင်ခြင်းအားလုံးသည် လေဟာပြင်နှင့်အတွေ့၌ နိဂုံးချုပ်ခဲ့လေပြီ။
” ဟာ မခင်မြိုင်ဗိုက်ကြီး ပွင့်ထွက်သွားလို့တဲ့၊ အထဲက ထမှီအထက်ဆင့်စုတ်၊ ပလတ်စတစ်အိတ်အပိုင်းအစ၊ ဆံပင်ရှုပ် ၊ ဘရိတ်ဓားအစုတ်တွေပါ ထွက်လာသတဲ့”
” အောက်လမ်းဆရာများ တယ်ကြောက်စရာပဲ၊ ဟဲ့ ကလေးတွေ သွားမကြည့်ကြနဲ့၊ ညကြ အိမ်မက်ဆိုး မက်လိမ့်မယ်”
မခင်မြိုင်၏ သတင်းသည် ထိုရပ်ကွက်ထဲ၌သာမက မြို့နယ်တစ်မြို့နယ်လုံး ထိတိုင် လူပြောများခဲ့ကြ၏။
ဒေါ်ခင်မြိုင်ဆုံးပြီးနောက် မကြာမီ မြတ်နိုးနှင့် ကိုမင်းသန့်တို့သည် လက်ထပ်ခဲ့ကြ၏။
မှတ်မှတ်ရရ မြတ်နှင့် မင်းသန့်တို့လက်ထပ်ပြီး နှစ်လပြည့်သောနေ့၌ သူတို့အိမ်၏ထုတ်တန်း၌ မြတ်တစ်ယောက်သည် ပြဿနာကြီးငယ် အကြောင်းပြချက်မရှိပါပဲ မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့၏။
မြတ်တစ်ယောက် အဘယ်ကြောင့် မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ရလေသနည်း ဟူသည်ကဖြင့်…..
လေးစားလျက်
စာရေးသူ နန်းကြာညို