ပဟေဠိဆန်သောရွာ(စ/ဆုံး)
—————————
ဤကမ္ဘာမြေကြီးတွင် ထူးခြားဆန်းကြယ်သောအရာများစွာရှိသည်။ဘုရားရှင်လက်ထက်တော်ကပင် နဂါး ဘီလူးစသော ဆန်းကြယ်သော ပုဂ္ဂိုလ်များတည်ရှိခဲ့ခြင်းကို ထောက်၍ မမြင်အပ်သော အရာများကို ငြင်းဆန်နိုင်ခြင်းမရှိပေ။
ကိုလိုနီခေတ်။၁၉၃၀
ထန်းခြောက်ကုန်းရွာလေးသည် သာယာပြီး လှပတင့်တယ်သော ရွာကလေးတစ်ရွာဖြစ်ပေသည်။ဆန်ရေစပါးပေါများပြီး အလှူအတန်းများကို စည်တီးကာ ရွာနီးစပ်များမှမြို့တိုင်အောင် အထိ လှူဒါန်းလေ့ရှိ၏။အလှူကြီးများကိုလည်း မကြာခဏ စည်ကားစွာကျင်းပကြပေသည်။
နွေရာသီတွင် ရွာ၏ ကိုးနဝင်းဘုရားစေတီပွဲမှာအစည်ကားဆုံးသော ပွဲတော်တစ်ခုဖြစ်ပေသည်။သတင်းကျွတ်အခါသမယတွင် ဆီမီးပူဇော်ပွဲနှင့်အတူ ကိုးနဝင်းဘုရားပွဲတော်အား ကျင်းပလေ့ရှိသည်။
လပြည့်ညတွင် ကောင်းကင်ကြီးသည် ကမ္ဘာမြေအား အလင်းရောင်များပေးစွမ်းနေသည်။လရောင်နှင့်အတူ ဆီမီးများထိန်ထိန်သာသာလျက် ပျော်ရွှင်စွာ ဘုရားပွဲတော်အား ကျင်းပနေသည့်မြင်ကွင်းမှာ သိပ်ကိုအေးချမ်းသာယာလှပေ၏။လုံမပျိုလေးတချို့၏ လက်တွက် ပန်းနှင့်ပြုလုပ်ထားသည့် ဆီမီးများကို ကိုင်ဆိုင်ထားပြီး ကလေးငယ်များသည် အရုပ်လှည်းလေးများပေါ်တွင် ဖယောင်းတိုင်မီးလေးများထွန်းညှို့ထား၏။အိုးစည်သံများနှင့်အတူ ကာလသား ကာလသမီးများ၏ ကဗျာစပ်ပွဲများကိုလည်း တွေ့ရပြန်ပါသေးသည်။တကယ့်ကို မြတ်နိုးဖွယ်ရာ ဓလေ့တစ်ခုဖြစ်ပေသည်မဟုတ်လား။သို့သော် ထိုရွာလေးထံသို့ ပျော်ရွှင်ခြင်းမှသည် ဝမ်းနည်းဖွယ်ကောင်းသော အဖြစ်အပျက်တချို့က ဝင်ရောက်လာခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရုတ်တရက်ဆိုသလို ထန်းခြောက်ကုန်းရွာလေးသည် သုသာန်တစပြင်ကဲ့သို့ပြောင်းလဲသွားခဲ့သည်…..။
@@@@
၂၀၁၀ခုနှစ်
နောက်တစ်ပတ်တွင် ဒဂုံတက္ကသိုလ်တတိယနှစ်မြန်မာစာအထူးပြုအတန်းမှ ကျောင်းသားကျောင်းသူများ လေ့လာရေးခရီးသွားကြရပေမည်။ဤခရီးမှာ တက္ကသိုလ်မှစီစဉ်ထားခြင်းမဟုတ်ဘဲ ကျောင်းသားကျောင်းသူများ၏ စီစဉ်မှုဖြင့်သွားရောက်မည့်ခရီးဖြစ်၏။ထိုအဖွဲ့တွင် စုရေချယ် လည်းအပါအဝင်ပင်။စုရေချယ် မှာ ထိုအဖွဲ့တွင်အသက်အငယ်ဆုံးဖြစ်ပြီး အများ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရသူဖြစ်သည်။လူကောင်သေးသေး အရပ်ပုပုနှင့် အသားမှာ ဝင်းဝါပြီး အတော်လေး ဖြူ၏။မျက်မှန်ပါဝါထူကြီးနှင့် စာဂျပိုးဟုပင်ခေါ်ကြသည်။မြန်မာစာကိုလည်း အတော်လည်းလိုက်စားခဲ့ပြီး တခြားဘာသာရပ်များနှင့်မတူ မြန်မာစာဘာသာရပ်တွင်အတော်လေး အမှတ်များသူဖြစ်သည်။ဆယ်တန်းတွင်(၇၃)မှတ်နှင့် ဂုဏ်ထူးတော့မရခဲ့ချေ။သို့သော် အတန်းတွင် မြန်မာစာနှင့်ပတ်သတ်၍ ဆရာဆရာမများမေးသမျှ ရသည့်ကျောင်းသူတစ်ယောက်ပင်။ပေစာကျမ်းစာများကို လေ့လာစူးစမ်းလိုစိတ်ရှိ၍ မြန်မာစာမေဂျာကိုယူခဲ့သည်ဟု အမြဲပြောလေ့ရှိသည်။ယခုလည်း စာပေလေ့လာရေးအတွက် အတော်လေးစိတ်လှုပ်ရှားကာ ပြင်ဆင်စရာများကို ပြင်ဆင်ထုတ်ပိုးနေလေသည်။
“သမီး နောက်တစ်ပတ်မှသွားမှာမဟုတ်လား ဘာလို့ပစ္စည်းတွေထည့်နေတာတုန်း”
“ဟီး သမီးစိတ်လှုပ်ရှားနေလို့ပါ မာမီရဲ့ အရင်နှစ်တွေကဆို သမီးကို ငယ်သေးတယ်စိတ်မချလို့ဆိုပြီး ခရီးတွေမလွှတ်ခဲ့ဘူးလေ ခုမာမီတို့ခွင့်ပြုတုန်းသွားရမှာမို့ပျော်လည်းပျော်တယ် အဲ့ဒါကြောင့် လိုအပ်တာတွေကြိုတင်ပြင်ဆင်နေတာမာမီ…”
“အမှန်တိုင်းပြောရရင် မာမီက မလွှတ်ချင်ပါဘူးကွယ် စိတ်ထဲလည်းတမျိုးဖြစ်နေတယ်သိလား ဒါပေမယ့်လည်း သမီးလည်းအသက်အရွယ်တစ်ခုရလာပြီ နောက်ဆို ဒီအရွယ်ရဲ့လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေကို မခံစားရတော့မှာဆိုးလို့ ခွင့်ပြုတာနော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ထိန်းထိန်းသိမ်းသိမ်းလည်းနေနော် ယောက်ျားလေးတွေလည်းပါမှာဆိုတော့ အနေအထိုင်တော့ဆင်ခြင်သမီးရဲ့ ခုခေတ်ကဘယ်သူမှယုံရတာမဟုတ်ဘူး…”
“ဟုတ်ပါပြီ မာမီရယ် သမီးက မာမီတို့ဖွားဖွားတို့ရဲ့လက်မှာပဲကြီးပြင်းလာတာပါ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့ မြန်မာမိန်းကလေးပီသဖို့ အဲ့စကားတွေကလည်းထပ်နေပါပြီ သမီးကိုလည်းစိတ်ချ မာမီတို့ရဲ့စကားဆိုတသွေမတိမ်းလိုက်နာပြီးသားပါ ခုဗိုက်ဆာပြီ ဘာချက်လဲဟင်…”
“မာမီ့သမီးကတော့လေ အစားကတော့စိတ်ချရပြီးသားပဲ သမီးကြိုက်တဲ့ကြက်သားဟင်းပေါ့ သမီးဒယ်ဒီကတော့ ပြန်မလာဖြစ်ဘူးတဲ့ ဒီနေ့အလုပ်မအားလို့ ဖွားဖွားကြီးကိုအခန်းထဲမှာသွားခေါ်ခဲ့ချေ ထမင်းအတူတူစားရအောင် မာမီပြင်ဆင်ထားလိုက်မယ်…”
“ဟုတ်မာမီ…”
စုရေချယ်မှာ တစ်ဦးတည်းသော
သမီးဖြစ်ပြီး အဖေအမေအဖွားတို့နှင့်
အတူ အေးချမ်းတဲ့မိသားစုကလေးကိုလည်းပိုင်ဆိုင်ထားသည်။
*****
“ကဲ ဟိုမှာ စုရေချယ် ရောက်လာပါပြီ…”
“ဟီး ဘာလို့လဲမမသီရိ စုကိုမျှော်နေကြတာလား…”
“အမြဲ ပြုံးရယ်နေတာပဲနော် စိတ်ချမ်းသာတယ်သိလား မျှော်နေတာကြာပေါ့ မနက်ဖြန်ခရီးသွားကြတော့မယ် ကြားထဲမှာစာမလာသတင်းမကြား ဖုန်းလည်းမကိုင်လို့လေ..”
“ဆောရီးပါနော် စု စာတမ်းတချို့လေ့လာနေတာနဲ့ ဖုန်းလည်းမကိုင်ဖြစ်ပါဘူး…ပြီးတော့ ရေဝင်ပြီးကြောင်တောင်တောင်ဖြစ်နေလို့ ဖုန်းလည်းမကိုင်ဖြစ်ပါဘူး…”
“ကဲပါ စုက အဖွဲ့ထဲမှာအငယ်ဆုံးလည်းဖြစ်တယ် အပေါင်းအသင်းလည်းသိပ်မရှိလို့ မသီရိက စုကိုအပေါင်းအသင်းတိုးအောင်လုပ်ပေးဖို့ ပြီးတော့ ခုခရီးစဉ်မှာ သူတို့လေးယောက်က ဦးဆောင်ကြမှာမို့ ဒီဘက်က လှိုင်နဒီ၊သူက နှင်းစက်၊ဟိုဘက်က အောင်ရဲကျော်နဲ့ နန္ဒစိုင်းတဲ့ မသီရိရဲ့ ငယ်သူငယ်ချင်းတွေ အားလုံးပဲမှတ်ထားနော် ဒီကညီမလေးက စုရေချယ် ကျန်တဲ့သူတွေကဝောာ့စုနဲ့ရင်းနှီးပြီးသားပါပဲ…”
“ဟုတ်ကဲ့ အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ရှင့် သင်ပြလမ်းညွှန်ပါဦးနော်..”
အဖွဲ့ထဲက လှိုင်နဒီမှ
“စုပုံစံလေးက အေးအေးဆေးဆေးလေးနော် ယဉ်ယဉ်လေးနဲ့လှ ငါသာယောက်ျားလေးဆို သူ့ကိုကြွေမိမှာ…”
“နဒီတို့က လုပ်ပြီ ခုမှတို့မိတ်ဆက်ပေးထားတာ မျက်နှာပျက်အောင်မလုပ်နဲ့လေကွာ ဟိုမှာတို့ညီမလေးရှက်သွားဦးမယ် ခုထိရည်းစားဝောာင်ထားဖူးသေးတာမဟုတ်ဘူးနော် သိပ်မစကြနဲ့ ကဲကဲ ဒီနေ့စာတမ်းကိစ္စဆွေးနွေးကြပြီး အိမ်ပြန်ကြတာပေါ့ မနက်ခရီးထွက်ကြရမှာဆိုတော့…”
“ဟုတ်ကဲ့မမသီရိ….”
စုရေချယ်အပါ အားလုံးပေါင်း ၁၈ယောက်ဖြစ်သည်။ကျောင်းသူကျောင်းသားသဘာဝ စစနောက်နောက်ပျော်ပျော်ရွှင်ရွှင်နှင့် စာတမ်းကိစ္စများကို တိုင်ပင်ပြီးနောက် အိမ်ပြန်ကြပြီး နောက်နေ့တွင် ခရီးဆက်ရန်ပြင်ဆင်ကြ၏။
@@@@
“ငါ့လက်ပြန်ပေး ဟီးဟင့်….”
“အဘ ထပါဦး အဘထပါဦး…”
“အမေ သားကိုယ်လုံးရှာမတွေ့တော့ဘူး ဟီး…ဟင့်..”
သွေးသံရဲရဲနှင့်ကိုယ်လက်အင်္ဂါမပြည့်စုံသူများ၏ အော်ဟစ်ဆူညံနေသော အရာများအား စုရေချယ်တစ်ယောက် မျက်ဝါးထင်ထင်မြင်နေရ၍ ကြောက်လန့်တုန်လှုပ်နေမိသည်။
“သားကို ကယ်ပါ…”
“အား…..”
လက်ပြတ်ကြီးနှင့်အတူ သားကိုကယ်ပါဆိုသော စကားကြောင့် စုရေချယ်ကြောက်လန့်တကြားထအော်လိုက်မိသည်။
စုရေချယ်အသိဝင်လာသည်နှင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူ၏စာကြည့်စားပွဲပေါ်တွင် ထိုင်လျက်သားအိပ်ပျော်နေမိခြင်းဖြစ်သည်။
ခဏအကြာတွင် စုရေချယ်၏ အမေရောက်လာကာ..
“သမီးလေး ဘာဖြစ်လို့လဲ…ခုထိမအိပ်သေးဘူးလား..”
“မဟုတ်ဘူး မာမီ သမီးအိပ်မက်ဆိုးမက်ပြီး ယောင်သွားတာ..ဆောရီးပါ မာမီအိပ်ရေးပျက်သွားပြီ…”
“အိပ်ရေးမပျက်ပါဘူး သမီးလေး အဆင်ပြေရဲ့လားကွယ် မျက်နှာမှာလည်းချွေးတွေချည်းပဲ မနက်ခရီးထွက်ရမှာကို ဒီကလေးနဲ့တော့…အိပ်ရာမှာလည်းမအိပ်…”
“သမီးအဆင်ပြေပါတယ် အိပ်တော့မယ်နော် မာမီလည်းပြန်အိပ်လိုက်ဦး… Good Nightပါမာမီ”
“Good night ပါကွယ်…”
စုရေချယ်လည်း ဘာမှဆက်မတွေးဘဲ အိပ်ရာဝင်ကာအိပ်လိုက်လေသည်။
@@@
စုရေချယ် ခရီးထွက်ရမည်မို့ ဘုရားရှိခိုးပြီး အဖွားဖြစ်သူနှင့် အဖေအမေတို့ကိုကန်တော့ပြီးမှ အိမ်ကထွက်ရန်ပြင်လိုက်လေသည်။
“မြေးလေး ခဏလေး…”
“ဘာလို့လဲဖွားဖွား…”
“ဒီမှာ ဖွားဖွားငယ်ငယ်ကတည်းကဆွဲလာတဲ့အဆောင်ဆွဲကြိုးလေး သမီးကိုယ်နဲ့မခွာဆောင်ထားပါနော် လည်ပင်းကနေမချွတ်နဲ့ အန္တရာယ်ကင်းတဲ့ခရီးလမ်းဖြစ်ပါစေကွယ်…”
“ဟုတ်ကဲ့ဖွားဖွား သမီးဆွဲထားပါ့မယ် ဖွားဖွားလည်းကျန်းမာရေးဂရုစိုက်ပါနော် ပြည်ကနေ မလိုင်နဲ့မုန့်တွေဝယ်ခဲ့မယ် တာ့တာဖွားဖွား…”
“အေးအေးမြေးလေး…”
အားလုံးကို နှုတ်ဆက်ကာထွက်ခဲ့လေသည်။
@@@
ခရီးစဉ်တွင်မြန်မာစာ ဆရာဆရာမနှစ်ဦးနှင့် ကျောင်းသား၁၈ဦးတို့လိုက်ပါလာကြသည်။ကားပေါ်တွင် ယောင်္ကျားလေးများက ဂစ်တာတီးပြီး မိန်းကလေးများက သီချင်းများသီဆိုကာ ခရီးစတင်ထွက်ခဲ့ကြလေသည်။လေ့လာရေးနှင့်အတူ ပေါ့ပေါ့ပါးပါး ခရီးစဉ်အဖြစ်ပျော်ရွှင်နေကြ၏။စုရေချယ်မှာတော့ နောက်ဆုံးခုံတွင် သီရိနှင့်အတူထိုင်ကာ စာတမ်းတချို့ကို ကြည့်ရင်း ညကအိပ်မက်အကြောင်းက ခေါင်းထဲဝင်လာပြန်သည်။
“စု ဘာဖြစ်လို့လဲ…မျက်နှာလည်းမကောင်းပါလား…”
“ညက အိပ်ရေးပျက်ထားလို့တင်တယ် အိပ်မက်လည်းမကောင်းလို့လေမမ…”
“ကျွီ…အုန်း..ဘုတ်.”
“အား…အမလေး…ဘာဖြစ်တာတုန်း…”
“ကားဆရာကြီး ဘာဖြစ်တာလို့လဲ…”
ကားမှာအရှိန်ဟုန်ပြင်းစွာနှင့် တစ်စုံတစ်ခုကိုဝင်တိုက်မိပြီး ရပ်တန့်သွားခြင်းဖြစ်ကာ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူအားလုံး အလန့်တကြားဖြစ်ကုန်ကြသည်။
“မသိဘူးဗျ ကျွန်တော်တစ်ခုခုကို အရှိန်နဲ့ဝင်တိုက်မိသလိုပဲ ဒါပေမယ့် ဘာမှလည်းမတွေ့ဘူး..”
“ကဲကဲ အောက်ဆင်းကြည့်ကြတာပေါ့ဗျာ…အားလုံးလည်းညောင်းနေကြရောပေါ့…”
ဆရာကြီး လှိုင်ဦးစကားကြောင့် ကားဆရာနှင့်အတူ ကျောင်းသားကျောင်းသူများအားလုံးအောက်ဆင်းလိုက်ကြသည်။ကားဆရာပြောသလိုပဲ အရှိန်အဟုန်ပြင်းစွာတိုက်မိလိုက်သော်လည်း မည်သည့်အရာကိုမှမတွေ့ သို့သော် ကားနောက်ဘီးမှာ ထူးဆန်းစွာပေါက်နေသည်။
“ဟုတ်တယ်ကားဆရာ ဘာမှလည်းမတွေ့ပါဘူးဗျာ…”
“ဒါပေမယ့်ဆရာကြီး ကားနောက်ဘီးပေါက်နေတယ်ဗျ…”
“အဲ့ဒါဆို ကားဆရာကိုကူညီပြီး ဘီးလဲပေးလိုက်ကြပါဦး သားတို့…”
“ဟုတ်ကဲ့ဆရာကြီး…”
ကျောင်းသားတချို့လည်း ကားဆရာကိုကူညီကာ ကားဘီးလဲကြသည်။
အနီးတဝှိုက်မှာလည်း ကွင်းပြင်ကြီးနှင့် သစ်ပင်တချို့သာရှိ၏။အချိန်အတန်ကြာသော် ကားဘီပြင်၍ ပြီးသည်နှင့် ခရီးဆက်နှင်ကြသည်။
အချိန်ခဏမျှဆက်နှင်ပြီးနောက်
“ဝေါ…ဝေါ…”
ပတ်ဝန်းကျင်တခုလည်းမဲမှောင်ကာ လေများရုတ်တရက်တိုက်ခတ်လာ၏။ကားသည် လေ၏တိုက်ခတ်မှုနှင့်အတူ မှောင်မည်းနေသော အခြေနေကြောင့်စက်ရပ်လိုက်ရသည်။
ကျောင်းသားကျောင်းသူတချို့လည်း ခရီးစဉ်အားသိပ်အားမရတော့ပေ။အားလုံးငြိမ်သက်လျက်။ကားစက်ရပ်ပြီးနောက် လေသည်လည်းတိုက်ခတ်မှုအားလျော့နည်းလာသည်။ခဏအကြာမှာပဲ ပတ်ဝန်းကျင်တွင် မီးတုတ်များနှင့် လူများ နွားလည်းများနှင့်လူများကိုကားပေါ်မှ လှမ်းမြင်ကြရ၏။
“ကဲကဲ ဒီအခြေနေနဲ့တော့ ဒို့တွေဒီအနီးအနားကဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် အိမ်တစ်အိမ်အိမ်ပဲဖြစ်ဖြစ် အကူညီတောင်းပြီးနေကြရအောင် ကလေးတို့ရေ ပွဲတော်တစ်ခုခုရှိပုံပဲ နွားလှည်းတွေနဲ့သွားနေကြတာတွေ့တယ်”
“ကဲကဲ အားလုံးပဲကားအောက်ဆင်းပြီး ရွာထဲကိုအကူညီသွားတောင်းကြရအောင်…”
“ဟုတ်ကဲ့ဆရာကြီးနဲ့ဆရာမ…”
ကားဆရာတော့ ကားပေါ်မှာပဲနေခဲ့ကာ ကျောင်းသားကျောင်းသူများက ကိုယ်စီလွယ်အိတ်များလွယ်၍ မီးတုတ်နှင့်လူများရှိရာသို့ ထွက်လာကြသည်။ကားဆရာအား မနက်ဖြန်(၁၀)နာရီပြန်တွေ့ရန်ပြောဆိုခဲ့လေ၏။
@@@
အတန်ငယ်လမ်းလျှောက်ပြီး လူအချို့၏ညွှန်ကြားမှုနှင့်အတူ ပွဲတော်တစ်ခုကိုရောက်ခဲ့သည်။ပွဲတော်မှာ အလွန်စည်ကားသိုက်မြိုက်လှပေသည်။ဆီမီးများထိန်ထိန်သာနေပြီး အပြုံးကိုယ်စီနှင့် လူရွယ်စုံမျိုးစွယ် ပျော်ပါးကခုန်ပြီး ခြင်းလုံးပြိုင်ပွဲများ၊စကားရည်လုပွဲများကို ကျင်းပနေ၏။သို့သော်ရွာသူရွာသားများ၏အဝတ်အစားမှာ ယခုခေတ်အဝတ်အစားများနှင့်မတူ ရှေးခေတ်အဝတ်အစားအပြင်အဆင်များဖြစ်သည်။မိန်းကလေးများမှဆံဝိုင်းများနှင့် ယောက်ျားသားများမှာ သျှောင်ထုံးများနှင့် ထိုးကွင်းများကိုထိုးထားကြသည်။သို့ပေမယ့်ထိုအရာကိုသတိမထားမိဘဉ ကျောင်းသားကျောင်းသူများ ပွဲတော်ဆီအာရုံများရောက်နေကြသည်။
“ဒီက နောင်ကြီးတို့က ခရီးသွားတွေထင်တယ် ကျုပ်တို့ဘာကူညီပေးရမလဲ ကျုပ်ကဒီရွာသူကြီး ဦးအောင်နိုင်ပါ…”
သူကြီးဆိုသူမှာ အသက်အားဖြင့်(၅၀)ခန့်သာရှိသေးသည်။အရပ်ထောင်ထောင်မောင်းမောင်းနှင့် သျှောင်ထုံးထုံးထားကာ အကျီလည်ကတုံးနှင့် ပုဆိုးမှာအရှေ့တွင်အစအရှည်ကြီးကိုချထားသေးသည်။သူကြီးဘေးတွင် လူလတ်ပိုင်းနှစ်ဦးရပ်နေ၏။
“ဟုတ်ကဲ့ခင်ဗျ ကျွန်တော်တို့မြို့ကနေလာတဲ့ခရီးသွားတွေပါ အချိန်လင့်နေတာနဲ့ ဒီနားမှာဝင်တည်းဖို့အကူညီလေးတောင်းချင်ပါတယ်ဗျ…”
“ရပါတယ် ကျုပ်တို့ရွာမှာလည်း ပွဲတော်ရှိနေတုန်းအခွင့်သင့်တာလည်ပတ်လို့ရပါတယ်ဗျ ကဲမောင်တိုးနဲ့မောင်ပြူး ဒီက ဧည့်သည်တော်တွေကို ရွာထိပ်ကာ ဇရပ်ဆောင်ကိုပဲနေရာလိုက်ချပေးပြီး ပြန်ခေါ်ခဲ့ချေ။အေးဆေး လည်ပတ်လို့ရအောင်…”
“ဟုတ်ကဲ့သူကြီး…”
ရွာခံနှစ်ဦး၏ ဦးဆောင်မှုနှင့်အတူ အိမ်ကြီးတစ်လုံးဆီသို့ရောက်လာခဲ့သည်။ထိုအိမ်မှာ ဇရပ်ဟုဆိုရပေမည်။အမိုးနှင့်ကြမ်းပြင် အကာ သာရှိပြီးဟောခန်းကြီးသဖွယ်ဖြစ်သည်။ထူးဆန်းသည်က အဆောင်တွင်နားနေခွင့်မပြုဘဲ အားလုံးကို ပွဲတော်ဆီသို့ ပြန်ခေါ်ကာ ပွဲတော်အားလည်ပတ်စေသည်။
“ဒီနေရာက ဧည့်သည်တို့တည်းဖို့ပါ အပေါ့အလေးများစွန့်ပြီး ကိုယ့်လက်သန့်စင်ပြီးရင် ကျုပ်တို့နဲ့အတူ ပွဲတော်ကိုလိုက်ပါဆင်နွှဲပါဗျ ကျုပ်တို့အရှေ့ကစောင့်နေပါ့မယ်…”
“တချို့တဝက်တော့ နားခဲ့ဦးမယ်ထင်တယ်ဗျ အဆောင်မှာ နေခဲ့လို့မရဘူးလား…”
“မရပါဘူးဗျ သူကြီးကသေချာမှာလိုက်သလို ဧည့်သည်တော်တွေကို ကျုပ်တို့ရဲ့ပွဲတော်မှာပျော်ပါးစေချင်ပါတယ်..”
ငြင်းမရသည့်အဆုံး ဆရာနဲ့ဆရာမလည်း ကျောင်းသားကျောင်းသူများကို အတွေ့အကြုံသစ်ရအောင် လွတ်လွတ်လပ်လပ်လည်ပတ်ရန်အတူတူပွဲတော်ဆီပြန်လာခဲ့ကြ၏။
ရွာသူရွာသူများအားလုံးဖော်ရွှေစွာအပြုံးများနှင့်ဧည့်ခံကြိုဆိုကြပြီး။စားသောက်ပွဲများလည်းပြင်ဆင်ပေးသည်။စားသောက်ပြီးနောက် မုန့်ဈေးများတွင်လည်း ငွေကြေးမယူဘဲအခမဲ့ကျွေးမွေးပြန်သေးသည်။မိန်းကလေးအချို့ကိုသဘောကျကာ ကျောင်းသားတချို့မှာလည်း စနောက်နေကြသည်။မိန်းကလေးများမှာလည်း စိတ်ဆိုးခြင်းမရှိဘဲ လက်ဆောင်များအချို့ကိုလည်းပေးသေးသည်။
“အား…”
“တောင်းပန်ပါတယ်မမ သားမမြင်လိုက်လို့ပါနော်…”
စုရေချယ်အား ကလေးတစ်ယောက်မှဝင်တိုက်မိကာ ပြန်လည်တောင်းပန်နေခြင်းဖြစ်သည်။
“ရပါတယ်ကွယ်…ဟင် မင်း..မင်းက…”
“စုဘာဖြစ်လို့လဲ..”
ကလေးငယ်မှာလည်း ဆူမည်ကိုကြောက်၍ထင်သည်။ လူအုပ်အတွင်းသို့ပြေးဝင်သွားလေသည်။
“စု ဒီကောင်လေးကို မြင်ဖူးနေသလိုပဲ အဲ့ဒါကြောင့်ပါ…”
“ကဲပါ ပျော်စရာရှိတာပျော်လိုက်ပါ မျက်နှာကြီးကမှိုင်နေသလိုပဲကွယ်..”
“အင်းလေ နဒီလည်းစုကို သတိထားနေတာ ပျော်ပျော်နေညီမလေး ဘဝဆိုတာတိုတောင်းတယ် သိပ်မစဉ်းစားနဲ့ပင်ပန်းတယ်..”
“ဟုတ်ကဲ့မမ စုမတွေးတော့ပါဘူး…”
လည်ပတ်စားသောက်ရင်းနှင့် အချိန်အတော်လင့်လာပြီးလူလည်းပါးလာပြီမို့ စုရေချယ်တို့အဖွဲ့လည်း အဆောင်ကိုပြန်ရန် သူကြီးအားခွင့်တောင်းပြီးပြန်ခဲ့ကြလေသည်။ဖုန်းလိုင်းများလည်းမမိဘဲ တစ်ဖွဲ့လုံးပင်ပန်းနေပြီမို့ အိပ်ကုန်ကြသည်။စုရေချယ်ကတော့ ပွဲဈေးတွင်ဝင်တိုက်မိသည့် ကလေးငယ်အား ပြန်မြင်ယောင်ရင်း အတွေးကိုဖြောင့်ကာ ဘုရားရှိခိုးရန်ပြင်ဆင်လိုက်သည်။
သို့သော် မေတ္တာသုတ်သာ အစချီရသေးသည် နားထဲတွင် ဆူညံသံတချို့ ထွက်ပေါ်လာ၏။ရပ်လိုက်ရင် ဆူညံသံရပ်တန့်သွားသလို ဘုရားရှိခိုးရန်ပြင်ဆင်လိုက်ရင်လည်း ဆူညံသံများထွက်ပေါ်လာ၍ စိတ်ထဲတွင် စနိုးစနောင့်ဖြစ်ကာဘုရားရှိခိုးခြင်းကို ရပ်တန့်လိုက်ရသည်။။
@@@
“မမ ဒီမှာဘာလို့တစ်ယောက်တည်းထိုင်နေတာလဲ..”
“မင်း ညကတွေ့တဲ့ကလေးမဟုတ်လား..”
“ဟုတ်ပါတယ်မမ သားနာမည်က
သတ္တိ အသက်(၉)နှစ်ရှိပြီ သားကိုတွေ့ဖူးလို့လားဟင် ပြီးေတာ့မမတို့ဒီမှာအချိန်အကြာကြီးနေမှာလား”
“မနေပါဘူး မမတို့က ဧည့်သည်တွေပဲ အချိန်တန်ရင်ပြန်ရမှာပေါ့ မင်းက မပြန်စေချင်လို့လား…”
“သားတို့ဘဝက ငရဲခံနေရသလိုပါပဲမမရယ် မမတို့လိုလူတွေနဲ့မတွေ့ကြတာမတော်ကြာပြီ…”
“ဘာလို့လဲ..”
“ကြာခဲ့ပါပြီ အားလုံးကို ကျွန်တော်တို့ကိုထားခဲ့ကြတာ အဲ့နေ့က ကျွန်တော်တို့ဒီနေ့လိုပဲ ပွဲတော်ကိုကျင်းပနေကြတာ တရွာလုံးပျော်ရွှင်နေကြတာပေါ့ အဲ့အချိန်မှာပဲ မီးလုံးကြီးတစ်ခုက ကျလာပြီးတော့ တစ်ရွာလုံးကို ပြာကျစေခဲ့တယ် သားလက်လည်းပြတ်သွားတယ် ဟီး…ဟီး..ဟင့်…”
စုရေချယ်ကို ပြောနေရင်းပင် ထိုကလေးငယ်မှာ သွေး သံများရဲရဲဖြင့် ညာဖက်လက်တစ်ဖက် ပြတ်နေသည့်မြင်ကွင်းကိုမြင်လိုက်သည်နှင့် စုရေချယ်လည်းအလန့်တကြားအော်ဟစ်လိုက်လေသည်။
“အား….အမေကယ်ပါ….”
“စု ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ…”
စုရေချယ်၏ အော်ဟစ်သံကြောင့် အကုန်လုံးအိပ်မောကျနေရာမှ နှိုးလာကြသည်။ပတ်ဝန်းကျင်၏ ဖြစ်ပျက်မှုကြောင့် အားလုံးလည်း အံ့ဩတကြီးဖြစ်ခဲ့ရ၏။
“အား…ကြွက်ကြီး…ဂူ ဂူတွေ…”
တစ်ဖွဲ့လုံးအိပ်ရာမှနှိုးလာသော်အခါ အုတ်ဂူများကြားတွင်ဖြစ်နေပေသည်။စုရေချယ်လည်း အဖွားဖြစ်သူပေးထားသည့်ဆွဲကြိုးလေးကိုင်ကာ အိပ်ရာမှလန့်နိုးလာပြီး ပို၍ ကြောက်လန့်တကြားဖြစ်နေမိသည်။
“ကဲကဲ အထုပ်အပိုးတွေသယ်ပြီး ဒီနေရာကအမြန်ဆုံးထွက်ကြရအောင် စုရောအဆင်ပြေရဲ့လား ဘာဖြစ်တာတုန်းကွဲ့…”
“ဒီကအမြန်ဆုံးသွားကြရအောင်နော် စုလမ်းမှာပြောပြပါမယ်…”
လမ်းမှာ စုရေချယ်ပြောပြ၍ အားလုံးလည်းတုန်လှုပ်ခြောက်ခြားကုန်ကြသည်။အတန်ငယ်လမ်းလျှောက်ပြီးသော် ကားလမ်းမကိုတွေ့ကာ ကားနားတွင်လည်း ကားသမားနှင့် လူအချို့ရပ်နေသည်ကိုတွေ့ရ၍ အားလုံးဝမ်းသာကုန်ကြသည်။
@@@
“ဆရာတို့ရယ်ကျုပ်ဖြင့်စိုးရိမ်လိုက်ကြရတာဗျာ ဒီမှာ တစ်ဖက်ရွာက လူတွေကပြောတယ် ဆရာတို့သွားတဲ့ရွာက ကျတ်ရွာတဲ့ ကိုလိုနီခေတ်က ဗုံးအကြဲခံရပြီးတရွာလုံးနီးပါးပျောက်ခြင်းမလှပျောက်ပြီး ကျတ်ရွာဖြစ်ကုန်တာတဲ့ဗျာ…”
“…ဟင်…”
“ဟာ…ဟုတ်မယ် သူတို့ပေးတဲ့လက်ဆောင်တွေက မနက်ကျ ကျောက်ခဲတွေပဲတွေ့တယ် ပြီးတော့ဓာတ်ပုံတွေပြန်ကြည့်တာပုံတွေမတွေ့ရတော့ဘူး…”
စုရေချယ်၏ အိပ်မက်နှင့် တစ်ထပ်တည်းတူနေ၍ အဖြစ်အပျက်များနှင့်အတူ စုရေချယ်ကိုကြည့်လိုက် ကျန်ခဲ့သောကွင်းပြင်ကိုကြည့်လိုက်နှင့်ဝေခွဲမရဖြစ်နေကြသည်။
“ကဲကဲ ဆရာတို့ရန်ကုန်ပဲပြန်ကြရအောင်ကွယ် ဒီရွာအတွက်ကုသိုလ်ကောင်းမှုပြုနိုင်အောင်လည်း စီစဉ်ကြတာပေါ့…”
ခရီးစဉ်ကိုဖျက်ကာ ရန်ကုန်သို့ ပြန်ရန်စီစဉ်လိုက်လေသည်။
စုရေချယ်အား ကလေးငယ်တစ်ယောက်မှာ ငိုပြီး လက်ပြနှုတ်ဆက်နေခဲ့သည်။စုရေချယ်မှာ ထိုကလေးငယ်၏ နှုတ်ဆက်မှုကိုတော့ မတွေ့မမြင်ခဲ့ပေ။။
ပြီးပါပြီ။
ဆက်လက်ကြိုးစားပါဦးမည်။
စုသစ္စာ(ဓနုဖြူ)