ဥစ္စာစောင့်မလေးနဲ့ကတိစကား(စ/ဆုံး)
————————————–
“ချစ်မောင်တို့… ဖိုးတုတ်တို့။ဟေ့ကောင်တွေ ဘယ်ရောက်ကုန်ကြလဲ..”
ရွာဦးဘုန်းကြီးကျောင်းမှပြန်လာသော ရွာသူကြီးဦးဗန်ကောင်းမှာ သူ့တူနှစ်ယောက်ကိုမတွေ့သဖြင့်
အော်ခေါ်နေခြင်းဖြစ်သည်။
“ဗျာ..သူကြီး ..ကျုပ်ဒီမှာရှိပါတယ်ဗျ။”
“ဗျာ..
ကိုနောက်မှထူး လူသာအရင်လာခဲ့.. ဒီကို”
သူကြီးက ခေါ်နေသောကြောင့် ချစ်မောင်တစ်ယောက် နွားချေးကျုံးလက်စကို ခဏရပ်ခဲ့ပြီး
နွားတဲအပြင်သို့ထွက်လာခဲ့လေသည်။
“ဗျာ ဆိုပြီး အခုထိ
မလာကြသေးပါလားဟ”
ချစ်မောင်တိို့ညီအစ်နှစ်ယောက်ငယ်ငယ်ကတည်းကနေအခုထိဦးလေးသူကြီးကြောက်နေရလေသည်။သူကြီးက အသက်ကြီးပေမယ့် ထစ်ကနဲ့ဆို စိတ်မြန်လက်မြန် ဒေါသထွက်လည်းလွယ်သောလူကြီးတစ်ယောက်လည်းဖြစ်လေသည်။
“ကျုပ် ..ရောက်ပါပြီ …သူကြီး
ဘာများ ခိုင်းစရာရှိလို့လည်း ”
“ဟိုကောင် ဖိုးတုတ် တစ်ယောက်ကော ဘယ်သွားလည်း”
“ဖိုးတုတ်လား.. အရီးလေး မယ်သုန် ခိုင်းလို့ ရွာထဲသွားတယ်သူကြီး ”
“အေး …ဖိုးတုတ်ပြန်လာရင်ပြောလိုက်။မင်းတို့ နှစ်ယောက်စလုံး မနက်ဖြန် မြို့ကိုသွားရမယ်။
ပြီးတော့ ..မြို့ကနေ ငါတို့ ရွာက ကလေးတွေစာသင်ပေးမယ့် ကျောင်းဆရာလေးကိုသွားကြိုရမယ် …ကြားလား..”
ချစ်မောင်တို့ သာယာကုန်းရွာလေးမှာ ခေတ်ပညာတတ်ဆိုမရှိသလောက်ကို ရှားတယ်လေ။ရွာကလူတွေအများစုက လက်လုပ်လက်စားတွေများတော့ သားသမီးတွေကို ပညာတတ်ကြီးဖြစ်သည်အထိ မထောက်ပံ့နိူင်ကြဘူး။သေစာရှင်စာလောက်သင်ပြီး ယာလုပ် တောတက် ဝါးခုတ်ပြီး လတ်လောဝမ်းရေးအတွက်အဆင်ပြေသလို ကြိုးစားရုန်းကန်နေကြရတဲ့သူတွေများသည်။
ဒါကြောင့်မို့လည်း ရွာသူကြီး ဦးဗန်ကောင်းမှာ သူရွာအတွက်ဆိုတတ်နိူင်သည့်ဘက်က စွမ်းစွမ်းတမံကူညီဖေးမနေခြင်းဖြစ်သည်။
“အဲ့ဒီတော့ ….ဒီနေ့ကတည်းက လုပ်စရာရှိတာ လုပ်ပြီး ..မနက်ဖြန် မြို့သွားဖို့အတွက် ပြင်ဆင်ထား။အဲ့တာ မင်းနှစ်ယောက်ကိုကြိုပြီးအသိပေး
ထားတာ။အေး …ငါပြောချင်တာ ဒါပဲ သွား..
လုပ်စရာရှိတာတွေ သွားလုပ်ချေတော့”
သူကြီးကတော့ ဖြစ်ချင်တာတွေကို ပြောပြီးသည်
မို့
ကျုပ်ကိုကျောပေးပြီး အိမ်အပေါ်ထပ်ကိုတက်သွားလေသည်။
“တောက်
ဟဲ့ …နွား သွားလေ အောင်မာ ဘာတွေ ပေကပ်ကပ်လုပ်နေတာလဲ..တစ်လမ်းလုံး ဖြောင့်ဖြောင့်တန်းတန်းလာခဲ့ပြီး..ရွာနားရောက်မှ ပေကပ်ကပ်လုပ်နေတယ်။နာတော့မှာပဲ ဒင်းတို့ကတော့..”
“ကိုချစ်မောင် ”
ဆရာလေးခေါ်သံကြောင့် ကိုချစ်မောင်တစ်ယောက် ဆရာလေးဘက်သို့ မျက်နှာမူရင်း
“ဗျာ …ဆရာလေး ဘာများအဆင်မပြေလို့လဲ။ အပေါ့အလေးများစွန့်ချင်နေလို့လား” ဟုမေးလိုက်သဖြင့် ဆရာလေးက
“မဟုတ်ပါဘူးဗျာ ..ဟိုလေ ရွာအပြင်က စေတီလေးတစ်ဆူက”
“သြော် အဲ့ဒီစေတီလေးလား”
ကျွန်တော်စကားပင်မဆုံးသေး ကိုချစ်မောင်က စကားဖြတ်ပြောတာကြောင့် ဆက်မပြောပဲ ခဏငြိမ်နေလိုက်လေသည်။ပြီးတော့မှ ကိုချစ်မောင်က
“အဲ့စေတီကုန်းလေးက နှစ်အတော်ကြာပြီ ဆိုပဲ။မပြုပြင်ပဲထားတာ..ကျုပ်တို့အဘိုးတွေပြောတာကတော့…..အဲ့စေတီလေးမှာ ဥစ္စာ စောင့်တွေရှိတယ်လို့တော့ ပြောတာပဲ။တစ်ခါတစ်ရံ အဲ့စေတီလေးရဲ့ အနားတစ်ဝိုက်မှာ နန်းဝတ်နန်းစားနဲ့
လူအချို့ကိုတွေ့ရတတ်တယ်ဗျ။ကျုပ်တော့မကြုံဖူးဘူးပေါင်..ဟိုကောင် ဖိုးတုတ်ကတော့ ကြုံဖူးတယ်တဲ့လို့တော့ပြောတာပဲဗျ။ဒါနဲ့
ဆရာလေးလို ခေတ်ပညာတတ်တစ်ယောက်က..
အဲ့တာတွေကို အယုံအကြည်ရှိလို့လား”
ကိုချစ်ဖေက မေးလာသည့်အတွက်ကြောင့်
“ကျုပ် ယုံပါတယ်ဗျ…သရဲ တစ္ဆေ
တို့ ဥစ္စာစောင့်တို့ဆိုတာ ဘုရားရှင်လက်ထပ်ကတည်းကရှိခဲ့တာမဟုတ်လား။ဒီတော့ ….ကျုပ်ကသူတို့ရှိတယ်ဆိုတာ လက်ခံပါတယ်”
“ကဲ ရောက်ပြီ ဆရာလေးရေ ”
တစ်လမ်းလုံး စကားတွေပြောရင်း လာခဲ့တာမို့
ရွာကိုဘယ်လိုရောက်လာမှန်း မသိလိုက်ဘူး။
“ဟော ဆရာလေးတို့ရောက်လာကြပြီလား..မယ်သုန်ရေ
ရေနွေးကြမ်းနဲ့ လက်ဖက်ပန်းကန်လေးပြင်ခဲ့ပါအုံး။ဒီက ဆရာလေးအမောပြေစားရအောင်လို့”
ခဏကြာတော့ သူကြီးကတော်ဖြစ်သူက ရေနွေးကြမ်းလက်ဖက်သုပ်ပန်းကန်တို့ဖြင့်လောကွပ်ပြုငှာရှာလေသည်။
“ဆရာလေး စားနော် ဘာမှအားမနာနဲ့ကိုယ့်အိမ်လိုသဘောထားပြီးစား”
သူကြီးကတော်က စကားပြော ဖော်ရွေလှသည်။
“ကျုပ်နာမည် ဦးဗန်ကောင်းပါ ။
ဒီသာယာကုန်းရွာလေးရဲ့ သူကြီးပေါ့..ဒါကတော့ ကျုပ်ဇနီး မယ်သုန် သူတို့တစ်တွေကတော့ ာကျုပ်တူနှစ်ယောက်ချစ်မောင်နဲ့ဖိုးတုတ်တဲ့”
“ဟုတ်ကဲ့ …လမ်းမှာကတည်းက မိတ်ဆက်ပေးလို့
ရင်းနှီးပါပြီဗျ။”
“သြော် ….. အေးအေး..အခုလိုရင်းနှီးသွား တော့လည်းကောင်းတာပေါ့”
သူကြီးက အတော်လေး သဘောထားပြည့်ဝလေသည်။
“ဟုတ်….ဆရာလေး…..လိုအပ်တာရှိရင်ပြောပါ။
ကျုပ်တို့ အစစအရာရာ အားလုံးကူညီပေးပါ့မယ်”
ရိုးသားပြီးပွင့်လင်းပျူငှာကြတာကြောင့်ကျွန်တော်အတော်ကလေး ဝမ်းသာမိလေသည်။
“ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်။
အခုလို တကူးတက လာကြိုပေးတာကိုပဲ
ကျေးဇူးတင်မဆုံးဖြစ်နေတာ”
“ဟာ မလိုပါဘူး ဆရာလေးရယ်….
ကျုပ်တို့က အိမ်ရှင်တွေပဲ။”
“ကျွန်တော့်နာမည်က စောမြတ်သာပါ ဗျ။ ”
စကားပင်မဆုံးသေး
“အို ကျုပ်ကတော့ ဆရာလေးလို့ပဲခေါ်မယ်ဗျာ …ဘယ်နှယ်လဲ့ ရတယ်မဟုတ်လား”
သူကြီးကတော့ စကားပြောရင်ပြတ်ပြတ်နဲ့လိုရင်းတိုရှင်းပြောတတ်သူတစ်ယောက်ဟုမှတ်ချက်ချမိလေသည်။
“ကျုပ်တို့လည်း ဆရာလေးလို့ပဲ ……တရင်းတနှီးခေါ်မယ်လေဗျာ နော်… ဆရာလေးအဆင်ပြေမယ် မဟုတ်လား”
အားလုံးက တစ်ညီတစ်ရွတ်တည်း ပြောနေတာမို့
“ဟုတ်ကဲ့ သူကြီးတို့ ကိုချစ်ဖေတို့
အဆင်ပြေသလိုသာ ခေါ်ပါဗျ။ရပါတယ်”
“ကဲ …..ဆရာလေးလည်းခရီးကပန်းလာတော့နားချင်ရောပေါ့။ချစ်မောင်နဲ့ဖိုးတုတ် ဆရာလေး အထုပ်အပိုးတွေကိုပါ အိမ်ပေါ်တင်ခဲ့လိုက်ကွာ”
သူကြီးက ခိုင်းတာကြောင့် ကိုချစ်မောင်တို့ညီအစ်ကိုမှာ အထုပ်ပိုးတွေရှိရာလှည်းဆီသို့သွားလေသည်။
“နေပါစေသူကြီး ..ကျွန်တော် ကျောင်းမှာပဲ နေပါ့မယ်။”
“ဟာ ..မဟုတ်တာပဲ ဆရာလေးရယ်…..
ကျုပ်အိမ်မှာ တည်းရောပေါ့။ကျောင်းမှာက ဆရာလည်းတစ်ယောက်တည် ဘယ်အဆင်ပြေပါ့လဲ။”
သူကြီးက သူအိမ်မှာနေဖို့အတွက် ပြောရှာလေသည်။
“နောက်ပြီး ကျုပ်အိမ်က အကျယ်ကြီး
ဆရာလေးလွတ်လွတ်လပ်လပ်လည်း နေလို့ရတာပဲ။ချစ်မောင်နဲ့ဖိုးတုတ် လည်းရှိတော့ ဆရာလေးလည်း အဖော်ရတာပေါ့။”
“ကျွန်တော့်အတွက် အလုပ်တွေပိုနေပါ့မယ်..
ပြီးတော့ တစ်ယောက်တည်းနေရတာ ပိုပြီးအဆင်ပြေမယ်ထင်လို့ပါသူကြီး။”
တားမရသည်မို့ သူကြီးက
“ဒါဆိုရင်လည်း ဆရာလေး သဘောပါ..ဒီတစ်ညတော့ ကျုပ်အိမ်မှာပဲ အိပ်ပါ။နောက်နေ့မနက်မှ ကျောင်းကိုကျုပ်တူနှစ်ယောက်လိုက်ပို့ခိုင်းပါ့မယ်။”
ကျွန်တော်လည်း သူကြီးကိုအားနာတာမို့ အဲ့တစ်ည သူကြီးအိမ်မှာပဲ အိပ်လိုက်ရလေသည်။
နောက်နေ့မနက် ရောက်တော့ ကိုချစ်မောင်တို့ညီအစ်ကိုလိုက်ပို့ပေးသဖြင့် ကျွန်တော်နေမည့်
အဆောင်သို့ရောက်ခဲ့လေသည်။ခဏအကြာမှာတော့
“ဆရာလေးကျုပ်တို့ ပြန်လိုက်ပါအုံးမယ်။လုပ်စရာလေးတွေ ရှိသေးလို့.. နောက်မှ လာလည်မယ်နော် ဆရာလေး”
ကိုချစ်မောင်က ပြန်တော့မည်ဟု ပြောလေသဖြင့်
“ဗျာ ..ဟုတ်ကဲ့ ..ကျောင်းပိတ်ရက်လာခဲ့ပေါ့ ။”
“ဟုတ်.. ဆရာလေး ဒါဆိုရင်သွားပြီနော်.. ဆရာလေး”
“ကောင်းပါပြီဗျာ…. ကောင်းပါပြီ”
ကျွန်တော်လည်း ကျောင်းအတွက်လိုအပ်တာလေးတွေပြင်ဆင်ရင်း အချိန်တွေကုန်လွန်မှန်းမသိကုန်သွားလေသည်။
“ဆရာလေး …ဗျို့ဆရာလေး”
ခေါ်သံကြောင့် ကျွန်တော်လည်း ကျောင်းအောက်သို့ဆင်းလာခဲ့လေသည်။
“ဟာ ..ကိုဖိုးတုတ်ပါလား
လာလေဗျာ ဒီမှာထိုင်ဆိုပြီး”
ကျောင်းရှေ့ မန်ကျည်းပင်ကြီးအောက် ကွမ်းပျစ်
ရှိရာသို့ လက်ညိုး ညွှန်လိုက်လေသည်။
ပြီးတော့ ကိုဖိုးတုတ်က
“လုပ်စရာတွေရှိရင် ပြောရောပေါ့ဆရာလေးရယ်။ကျုပ်တို့ လုပ်ပေးပါ့မယ်..နောက်ဆို ဆရာလေး တစ်ယောက်တည်းမလုပ်ပါနဲ့ဗျာ။”
“လုပ်စရာမရှိတော့ပါဘူးဗျာ ။ဒါနဲ့စကားမစပ် ကိုဖိုးတုတ်ကဘယ်ကိုသွားမလိုလဲ။လက်ထဲမှာလည်း ချိုင်တစ်လုံးနဲ့”.
“ဟုတ်ပါရဲ့ စကားပြောနေတာနဲ့ပဲ လာရင်း ကိစ္စ
ပြောဖို့မေ့သွားတယ်။သူကြီးက ကျုပ်ကိုဆရာလေးနဲ့အဖော်ရအောင်ဆိုပြီး အိပ်ဖော်လွှတ်လိုက်တာ။ချိုင့်ထဲက စကားပြောရင်းစားဖို့ အရီးလေးက ထန်းလျက်ကြော် ထည့်ပေးလိုက်တာလေ။”
ချိုင့်ကိုမြောက်ကိုင်ရင်းပြောတာဗျ။
“သြော် ..ဒုက္ခ ခံလို့ဗျာ”
“ရပါတယ် ဗျာ ကျုပ်တို့အတွက်ကတော့ အပန်းမကြီးပါဘူး”
“ကဲ ဒါဆိုလည်း အဆောင်ပေါ်က စောင့်ဗျာ။ကျွန်တော်
ရေချိုးလိုက်အုံးမယ်”
ကျွန်တော်ရေမိုးချိုးအဆောင်ပေါ်ရောက်တော့
အပြင်မှာကအတော်ကလေးမှောင်နေပြီဗျ။
“လာဗျာ ကိုဖိုးတုတ်
ဒီမှာထိုင်” ဆိုပြီးနေရာပေးလိုက်သည်။
ကျုပ်လည်းဆရာလေးရဲ့နဘေးမှာထိုင်လိုက်ပြီး
“ဆရာလေး နေရောကောင်းရဲ့လား..
ဆရာလေးကြည့်ရတာ တစ်ခုခုကို ဖြစ်နေသလိုပဲ။”
“ကျွန်တော် သိချင်တာလေးရှိလို့ ….အဲ့တာကိုဖိုးတုတ်ကိုမေးရင်ကောင်းမလားလို့ စဥ်းစားနေတာ
။”
“ဘာများသိချင်လို့လဲ မေးပါဗျ ။ကျုပ်သိသလောက်ပြောပြပါ့မယ်”
အဲ့တော့မှကျွန်တော်က
“ရွာအပြင်ကစေတီလေးအကြောင်း သိသလောက်ပြောပြလို့ရမလား။ပြီးတော့ ဥစ္စာ စောင့်တွေရှိတယ်လို့လည်း ကိုချစ်ဖေကပြောတယ်လေ။”
“သြော် ထုံးဖြူဖြူနဲ့ စေတီလေးဟောင်းလေးကိုပြောတာလား”
“အင်း …ဟုတ်တယ် ”
ကိုဖိုးတုတ်က ရေနွေးကြမ်းတစ်ခွက်ကို ရှူးကနဲ့မြည်အောင်မော့သောက်ရင်း
“သူကြီး ကျုပ်ကိုတော့ပြောပြဖူးတယ်ဗျ။ တစ်ခါက ကျုပ်တို့ရွာကို အသက်ခပ်ငယ်ငယ် ဆရာတစ်ယောက် ဆေးလာကုရင်း ဖြစ်ခဲ့တာတဲ့။ အဖြစ်အပျက်ကတော့ ဒီလိုဗျ”
သာယာကုန်းရွာလေးသို့ အထက်လမ်းဆရာတစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုဆရာ၏ နာမည်မှာ ဆရာကိုသိန်းဟု ခေါ်ပြီး အသက်အရွယ်မှာလည်း (၂၅)နှစ်ခန့် လူငယ်တစ်ယောက် ဖြစ်သည်။ ဆရာကိုသိန်းမှာ လူသာငယ်ပေမဲ့ ပညာက မငယ်ပေ။ စုန်းတိုက် နတ်တိုက် ကဝေ အောက်လမ်း စတဲ့ ပရောဂများကို နိုင်နင်းစွာ ကုသနိုင်၏။
“လူနာက စိုးရိမ်ရလောက်တဲ့အခြေအနေတော့မရှိတော့ပါဘူး။အသက်ကကြီးလာပြီဆိုတော့ လည်း
အားနည်းတဲ့အခါ ရောဂါအခံက ပြန်ထလာတဲ့သဘောမျိုးပါ။ကျုပ်ပေးတဲ့ ဆေးကိုသာ ပုံမှန်တိုက် မကြာခင် ပြန်ကောင်းလာပါလိမ့်မယ်။”
“ဆရာ ဆေးဖိုးဝါးခလေးလက်ခံပေးပါအုံး”
ပြောပြောဆိုဆိုဖြင့် ဒေါ်တင်ယုံက ကျုံ့အိပ်ကလေးနဲ့မှ ငွေကို ဆေးဆရာထံတရိုတသေကမ်းပေးနေလေသည်။
“ကျုပ် လက်မခံပါစေနဲ့အရီးလေး..
ကျုပ်က စေတနာနဲ့ကုပေးတဲ့ ဆရာပါ။ကျုပ်အတွက် အသပြာ မလိုပါဘူး.အရီးပဲ ပြန်ယူထားလိုက်ပါ။
နောက်နေ့ ကျုပ်လာတဲ့အခါ ဝင်ကြည့်ပေးပါ့မယ်။အခုတော့ ကျုပ်ကို သွားခွင့်ပြုပါအုံး..အခြားရွာကလူနာတွေရှိသေးတာမို့။”
“သာဓုသာဓုပါ …လူလေးရယ်သွားလမ်းလာလမ်းမှာခလုတ်မထိဆူးမငြိပါစေနဲ့…ဘေးမထိရန်မခပဲ နတ်ကောင်းနတ်မြတ်များလည်း စောင့်ရှောက်ပါစေတော်”
ကျုပ်လည်း
“ပေးတဲ့ ဆုနဲ့ပြည့်ပါစေ အရီး” ဆိုပြီး
နောက်တစ်ရွာဆီသို့ ခရီးဆက်ခဲ့လေသည်။
“ဟဲ့.. ခင်ရီ ညည်းကို အမေ တစ်ခါတည်းပြောထားမယ်နော်..
ဟို ဆေးဆရာကိုသိန်းဆိုတဲ့ကောင်နဲ့ မပတ်သတ်
နဲ့ဝေးဝေးကရှောင်နော်”
ခင်ရီက ကျုပ်တို့သာယာကုန်းရွာရဲ့ သူဌေးကြီး
ဦးသုတ ဒေါ်မြရီရဲ့တစ်ဦးတည်းသောသမီးလေ။
အဲ့ဒီတော့ ခင်ရီ အမေဒေါ်မြရီက သာမန်လူဆို
သဘောမကျတာတော့မဆန်းပါဘူးလေ။
“သမီးလည်း သူ့ကိုစိတ်မဝင်စားပါဘူး အမေ..ဟိုတစ်နေ့က ဘုန်းကြီးကျောင်းကို ဆွမ်းပို့ပြီးအပြန် လမ်းမှာသူက နှုတ်ဆက်လို့ အလိုက်သင့်ပဲစကားပြန်ပြောမိလိုက်တာပါ။”
“အို ရှုတ်ရှုတ် ရှတ်ရှတ်တွေအေ…မပတ်သတ်နဲ့ဆို
မပါတ်သတ်နဲ့ပေါ့…အေး နောက်တစ်ခါ ညည်းနဲ့ဟိုအကောင် ပါတ်သတ်တဲ့အသံကြားလို့ကတော့ ညည်းနဲ့ကျုပ်နဲ့အတွေ့ပဲ”
ဦးသုတက ခင်ရီ ငယ်ငယ့်ကလေးတည်းကဆုံးပါးသွားတော့ ဖတဆိုးသမီးလေးကို ဒေါ်မြရီက အရမ်းချစ်ရှာလေသည်။
ရွာရှိ ဘယ်ယောက်ျားနဲ့မှ သူ့သမီးနဲ့တူတန်သည်မထင်။
ခင်ရီ က ရွာရဲ့ ကွမ်းတောင်းတိုင်ပန်းတောင်းကိုင်
နောက်သူဋ္ဌေးသမီးလည်းဖြစ်တော့ ရွာကကာလသားတော်တော်များများကခင်ရီကို အပြိုင်အဆိုင်ပိုးပန်းကြတာပေါ့။ခင်ရီကတော့ဘယ်သူ့ကိုမှ စိတ်မဝင်စား အားလုံးကိုငြင်းဆန်
နေခဲ့လေသည်။ အဲ့ဒီထဲမှာဆေးဆရာ ကိုသိန်းတစ်ယောက်လည်း အပါအဝင်ပေါ့ ။
တစ်နေ့ဆေးကုပြီးအပြန် သာယာကုန်းရွာအစွန်ဘုရား ပရဝဏ်နားရောက်တော့
ခေါင်းမှာလည်းပန်းတွေကဝေနေအောင်ပန်ထားပြီး ရှေးဆန်ဆန်အဝတ်အစားများကို ဝတ်ဆင်ထားသည့်မိန်းမငယ်လေးက ကျုပ်ကို တွေ့တွေ့ခြင်း
“အစ်ကို ဒီနေ့အပြန် နောက်ကျတယ်နော်..ကျွန်မအစ်ကို့ကိုစောင့်နေတာကြာပြီ”
ကျုပ်လည်း မိန်းကလေးပြောသည့်စကားကိုနားထောင်ရင်း
“ဘာ ..အရေးကိစ္စများရှိလို့ပါလဲ ”
“မရှိပါဘူး အစ်ကို ..အစ်ကို့ ကိုကူညီပေးချင်ရုံသက်သက်ပါ။အစ်ကိုက
၇ရက်သားသမီးတွေအပေါ်
စေတနာထားပြီး ကယ်ဆယ်နေတာမဟုတ်လား”
“ကျုပ် တတ်စွမ်းသလောက် ကူညီတာပါ။”
“ညီမ
ကဒီရွာသူတစ်ယောက်ပါ။အစ်ကို
နဲ့တွေရဖို့ကို အဘိုးဆီကနေမနည်းခွင့်တောင်းပြီးမှလာခဲ့ရတာပါ။လာမည့် လပြည့်နေ့ညနေ
ဒီလိုအချိန်ဒီနေရာကိုပဲ လာခဲ့ပါ။ကျွန်မစောင့်နေပါ့မယ်။လာသည့်အခါ အစ်ကိုတစ်ယောက်တည်းလာခဲ့ပါ။ကျွန်မကိုသွားခွင့်ပြုပါအုံး ”
ပြောပြီးသည်နှင့် ချာခနဲ့လှည့်ထွက်သွားသော မိန်ကလေးရဲ့ကျောပြင်ကိုငေးကြည့်ရင်း ကျုပ်အတွေးထဲမှာ မေးခွန်းပေါင်းများစွာနဲ့အဖြေရှာမရဖြစ်နေသည်။
သာယာကုန်းရွာမှာတော့ ဆေးဆရာလေးကိုသိန်းတစ်ယောက် ဘုရားနားမှာတစ်ယောက်တည်းစကားပြောနေတဲ့အကြောင်းက တစ်ရွာလုံးပါးစပ်ဖျားမှာ ပြောမဆုံးနိူင်အောင်ရှိလေတော့သည်။တစ်ချို့က ပယောကကုရင်း ရူးသွားတာဟု ပြောကြလေသည်။
အဲ့ဒီနေ့က ကျုပ်ဆေးဖော်စပ်ရန်လိုအပ်သည့်ဆေးမြစ်တွေကို တောင်ပေါ်မှ တူးပြီးအပြန်
လမ်းမှာ ရွာသားတစ်ယောက်နဲ့ဆုံတော့ ဆေးမြစ်တွေနဲ့ကျုပ်ကို အိမ်ရောက်သည်အထိလိုက်ပို့ပါရ
စေဟုဆိုသဖြင့် ကျုပ်လည်းမငြင်းသာပဲလက်ခံလိုက်လေသည်။လမ်းမှာစကားတွေဖောင်ဖွဲ့အောင်ပြောရင်း
“ဆရာလေး တစ်နေ့က ဘုရားနားမှာတစ်ယောက်တည်းစကားတွေပြောနေတယ်ဆို…
သရဲနဲ့ပြောနေတာလား”
မေးသည့်မေးခွန်းကြောင့်ကျုပ်အံ့သြသွားလေသည်။
“ဟာ …ဘယ်ကသရဲဟုတ်ကမှာလည်း…လူပါဗျ။
ခင်ဗျားတို့ကျုပ်တို့လိုလူပါ။သရဲ
မဟုတ်ပါဘူး။ကျုပ်နဲ့အတူ အသားဖြူဖြူ
ရှေးဆန်ဆန် ဝတ်စားဆင်ယင်ထားတဲ့
ကောင်မလေးတစ်ယောက်နဲ့စကားပြောနေတာ။”
အဖြစ်အပျက်အားလုံးကို နားလည်အောင်ပြောပြပြီးသော်လည်း
“ဆရာလေး ကျုပ်ကတော့ရွာထဲကသူတွေပြောတာကိုလက်မခံနိူင်ဘူးဗျာ။”
“အဲ့တာဆိုရင် ခင်ဗျားရွာကိုပြန်ရင်ကျုပ်ခင်ဗျားနဲ့တစ်ခါတည်းလိုက်ခဲ့မယ်။ဟိုရောက်မှခင်ဗျားကိုသူနဲ့မိတ်ဆက်ပေးမယ်။အဲ့အခါကျမှ လူလားသရဲလား အကဲခတ်ပေါ့ဗျာ။”
နှစ်ယောက်သားစကားတပြောပြောနဲ့လာရင်း
ဘုရားနားရောက်လာလေသည်။
သူပြောတဲ့နေရာကိုတော့ရောက်နှင့်နေလေပြီ။
“ဆရာလေး နေတောင်ဝင်တော့မယ်…
အခုချိန်ထိ အရိပ်အယောင်တောင်မတွေ့ရသေးဘူး”
အချိန်ကအတော်ကလေးလင့်နေပြီမို့ မိန်းကလေးက လာမှလာပါမလားဟု ကျုပ်တွေးနေမိလေသည်။
“ဟော ..ပြောရင်းဆိုရင်း..ဟိုမှာလာနေပြီ”
မိန်းကလေးလာရာဆီကို ကျုပ်လက်ညိုးညွှန်ကာ ပြလိုက်လေသည်။
ထိုလူမှာ….
“ဆရာလေးမနောက်ပါနဲ့ဗျာ …ဘယ်မှာလဲ မတွေ့ပါဘူး”
မတွေ့ဘူး ဟူ၍သာပြောနေတာကြောင့် ကျုပ်လည်း
“ဟောဟိုမှာလေ အက်ျီအဝါဝိုင်းဆက်နဲ့ကျုပ်တို့ဆီလာနေတာ ..ခင်ဗျားကတော့ နောက်တတ်ပါပေ့ဗျာ ..လူတစ်ယောက်လုံးလာနေတာတောင်”
ထိုအခါ ကျုပ်နဲ့အတူလိုက်လာသူမှာကျုပ်ဘေးနားထိုင်ရာမှထကာ
“ဘယ်ကလားလူဟုတ်ရမှာလဲ သစ်တုံးကြီး လှိမ့်လာတာဗျ သစ်တုံးကြီး။ဆရာလေး…
ပြေး …ပြေးပြေး..ဆရာလေး ”
ဆိုပြီး ပါးစပ်ကအော်ရင်း ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးထွက်သွားတာကိုကြည့်ပြီး ကျုပ်မှာပါးစပ်က
“ဟင် “ဆိုသည့် အာမေဋိတ်သံကိုပင်ကျယ်ကျယ်မထွက်နိူင်
” အစ်ကို ရောက်နေတာကြာပြီလား”
“မကြာသေးပါဘူး ”
“ခုနကတစ်ယောက်က ဘယ်လိုဖြစ်ပြီး ပြေးထွက်သွားတာလဲ ”
“မသိပါဘူး ညီမလာတာကို သစ်တုံးကြီးလိမ့်လာတယ်လို့အော်ပြီးပြေးထွက်သွားတာပဲ”
“ခစ်..ခစ် …ခစ်….”
မိန်းကလေးက ပါးစပ်ကိုလက်ကလေးနဲ့ကွယ်ကာ
မခိုးတရို့ ရယ်နေလေသည်။
“ဘာဖြစ်လို့လည်းညီမ”
“ဘာမှမဖြစ်ပါဘူး အစ်ကိုပြောတာ သဘောကျမိ
လို့ပါ”
“ဟုတ်ပါပြီ..ဒါနဲ့ညီမအစ်ကို့ကို ပြောစရာရှိလို့လား”
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး…ဒီလိုပါ အစ်ကိုက ဒီရွာ
မှာရည်ငံနေသူရှိတယ်မဟုတ်လား”
ကျုပ်အံသြမိလေသည်။ကျုပ်ကလွှဲလို့မည်သူတစ်ဦးတစ်ယောက်မျှမသိသည့် ကိစ္စ။
“မအံ့သြပါနဲ့ အစ်ကို ညီမက ဒီရွာသူလေ”
ဟုပြောသဖြင့် ကျုပ်က
မိန်းကလေးချင်းမို့ မြွေမြွေချင်းခြေမြင်တာပဲဟု မှတ်ယူလိုက်လေသည်။
“ပြီးတော့ သူက အစ်ကို့ကို ငြင်းဆန်ခဲ့တယ်မဟုတ်လား”
အားလုံးကို သိနေသည့်မို့ကျုပ် မဖုံးကွယ်လိုတော့
“ဟုတ်တယ် ..မခင်ရီကို အစ်ကို တစ်ခါက
လူပျိုစကားပြောဖူးတယ် ….အစ်ကို့ကို သူ့အမေသဘောမကျဘူး။အဲ့တာကြောင့်မချစ်နိူင်ဘူးလို့ ခါးခါး သီးသီးငြင်းဆန်ခဲ့တယ်လေ။”
“ညီမ အစ်ကို့ကို သူနဲ့ဘဝလက်တွဲဖော်ဖြစ်အောင် ကူညီပေးမယ်ဆိုရင်ရော”
မနေ့တစ်နေ့ကမှ ခင်မင်ရင်းနှီးသည့် မိန်းကလေးက ကျုပ်အကြောင်းလည်းအကုန်သိနေသည်။ ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စ ကိုပါကူညီမယ်ဆိုတော့စိတ်ထဲမှာ သက်ာမကင်းဖြစ်နေလေသည်။
“သိမ့်ပြီးလည်း စဥ်းစားတွေဝေမနေပါနဲ့။ညီမက အစ်ကို့ကို အခုလိုကူညီတာရှေးရေစက်ကြောင့်ကူညီပေးတာလို့ပဲသဘောထားပါ။လူတိုင်းကိုတော့ ကူညီလို့မရဘူး။နောက်ပြီးညီမကူညီတယ်ဆိုတာကို ဘယ်သူကိုမှမပြောပါဘူးလို့အစ်ကိုကတိပေးပါ။”
သူချစ်ရသူနဲ့ အတူတူဘဝကိုဖြတ်သန်းရမည်ဆိုတာကြောင့် ဝမ်းသာနေသည့်မို့မသိစိတ်က သဘောတူရန် တိုက်တွန်းနေလေသည်။
အတန်ငယ်အောင် ငြိမ်နေလိုက်ပြီး
“အစ်ကို ကတိပေးပါတယ် ညီမ”
“ဒါဆိုရင် နောက်တစ်ခါ
အစ်ကို ဒီရွာကိုရောက်ခဲ့လို့…အစ်မခင်ရီနဲ့ ဆုံတဲ့အခါ ……..ဒီ ပစ္စည်း လေးကို သူကိုပေးလိုက်ပါ။”
ပြောပြောဆိုဆိုနဲ့မိန်းကလေးက ကျုပ်ကို ယွန်းဘူးလေးတစ်ဘူးပေးလေသည်။
ကျုပ်လည်း ဖွင့်ကြည့်လိုက်တော့
“ရွှေရောင်တလျက်လျက်ယိုဖိတ်နေသည့် ဆံထိုးလေး ..မထိရက်လောက်အောင် လက်ရာကသေသပ်လွန်းပြီး ဆံထိုးတစ်ခုလုံးကို
အဖိုးတန်ရတနာများဖြင့်စီခြယ်ထားလေသည်။”
ကျုပ်လည်း ဒီလောက်လှပပြီး အဖက်ဖက်ကပြည့်စုံလွန်းသည့်ဆံထိုးကို ကြည့်လို့မဆုံးဖြစ်နေလေသည်။
“နောက်ဆုံးအရေးကြီးတာတစ်ခု မှာခဲ့ပါရစေ။
ပြီးတော့ ဒီယွန်းဘူးလေးကိုကိုယ်နှင့်မကွာ ထားပါ။ဒီပစ္စည်းကို အစ်ကို့ကောင်မလေး တစ်ယောက်တည်းကိုသာ ပေး ပေးပါ။ဘယ်သူရှေ့မှာမှ ထုတ်ပြီး မပြပါနဲ့။”
မိန်းကလေးက တစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်ပူပန်နေလေသည်။
“ညီမကို ကတိတစ်ခုလောက်ထပ်ပေးပါ။
ဒီပစ္စည်းလေးကို မခင်ရီမှလွဲ၍ ဘယ်လိုအကြောင်းကြောင့်နဲ့မှ လူအများရှေ့ထုတ်မပြပါဘူးလို့”
မိန်ကလေးက ကတိပေးရန် တောင်းဆိုနေတာမို့
“ကျုပ်လည်း ဘယ်သူ့ကိုမှ ထုတ်မပြပါဘူးလို့”
ကတိပေးလိုက်မိလေသည်။
“ဆေးဆရာလေး.. ဗျို့ဆေးဆရာလေးရှိလားဗျ”
“ကျုပ် ဒီမှာရှိပါတယ်”
“ကယ်ပါအုံး …. ကယ်ပါအုံးဆရာလေးရယ် ။
ကျုပ်ညီလေးကို ”
ဆေးဆရာလာပင့်သည့် လူက ကယ်ပါအုံးဟူ၍သာပြောနေတာကြောင့် ကျုပ် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေလေသည်။
“ပြောပါအုံး ဘာဖြစ်လာလည်းဆိုတာကို”
” ကျုပ်ညီလေး….
ကိုယ်တွေကလည်းတအားပူပြီး
ပါစပ်ကလည်း ကယောင်ကတန်းတွေပြောနေလို့။
အဲ့တာဘာဖြစ်မှန်းမသိလို့ ဆရာလေးကို လာပင့်တာပါ။လိုက်ခဲ့ပါနော်ဆရာလေး ”
“ကျုပ်ဆေးလွယ်အိပ်ကို ယူပြီး အခုလိုက်ခဲ့ပါမယ်။”
လူနာအိမ်ရောက်တော့ သတင်းလာမေးသူ လူနာအခြေအနေလာမေးမြန်းသူတွေ ခြေချင်းလိမ်နေကြလေသည်။
“ဟော..ဆေးဆရာ ကြွလာပြီ..လမ်းလေးခဏလောက်ဖယ်ပေးကြပါ”
ကျုပ်လည်း လူနာရှိရာအိပ်ယာ ဆီသို့ရောက်လာခဲ့လေသည်။
“လူနာက အပြင်းဖျားပြီး
ကယောင်ကတန်းတွေပြောနေတာပါ။ရော့ ..ဒီဆေးကို မနက် နဲ့ ည အချိန်မှန်အောင် တိုက်။သူမနက်ဖြန်လောက်ဆို သက်သာသွားမှာပါ။ဘာမှစိုးရိမ်စရာမရှိပါဘူး။”
“ကျေးဇူးပါ ဆရာလေး ”
“ရပါတယ်ဗျာ ”
“ကျုပ်ကို ပြန်ခွင့်ပြုပါအုံး။”
“တက်လူရေ …တက်လူ “.
“ဗျာ.. ဦးလေး
ကျုပ် ဒီမှာ ”
“ဆရာလေးကို ပြန်လိုက်ပို့ပေးလိုက်ပါအုံး”
တက်လူဆိုသည့် လူငယ်လေး က ကျုပ်ဆီ အပြေးလေးလာကာဆေးလွယ်အိတ်ကို ယူလေသည်။
“နေပါစေဗျာ ကျုပ်ပါသာ ပြန်ပါ့မယ် ..
နောက်ပြီး ကျုပ်နေတဲ့ရွာနဲ့ ခင်ဗျားတို့ သာယာကုန်းရွာကသိမ့်ဝေးတာမှမဟုတ်ပဲ။လူနာကိုသာ ဂရုစိုက်ပါ။”
ကျုပ်လည်း အိမ်ပေါ်ကအဆင်း
“ဆရာလေး ဟိုတလောက ရွာနားကဘုရားကုန်းလေးမှာ တစ်ယောက်တည်း စကားတွေပြောနေတာ ကျုပ်နွားလိုက်ရင်းတွေ့လိုက်တယ်။”
“ပြီးတော့ …ကျုပ်တို့ရွာက ငတိုးဆရာလေးနဲ့ဘုရားမှာ ထိုင်နေတုန်း ဆရာလေးစကားပြောနေတဲ့သူကလူ မဟုတ်ဘူး သရဲဆိုပြီး ရွာထဲမှာ သတင်းတွေပျံနေတယ်။”
“အဲ့တာအမှန်ပဲလား ဆရာလေး ”
အားလုံးက ဝိုင်းမေးနေသည်မို့
“အာ မဟုတ်တာ လူပါဗျ ။ဘယ်နှယ့် သရဲ ဖြစ်ရမှာတုန်း..ကျုပ်နဲ့စကားပြောရင်း ကျုပ်ကိုတောင် လက်ဆောင်ပေးသွားသေးတယ်။ခင်ဗျားတို့ယုံအောင် သက်သေပြမယ်။ဟောဒီမှာကြည့် သူပေးခဲ့တဲ့ လက်ဆောင် ”
ဆိုပြီး
လွယ်အိတ်ထဲမှ ယွန်းဘူးလေးကို အားလုံးရှေ့မှာထုတ်ပြီး အဖုံးလေး ဖွင်ရန် ဟန်ပြင်လိုက်စဥ်
“ဖောင်း “ကနဲ့ဆိုတစ်စုံတစ်ယောက်က
ဇာတ်ပိုးကို အနောက်ကနေ
အရှိန်ပြင်းပြင်းရိုက်ချလိုက်လေသည်။အသံသာကြားရပြီး ဘယ်သူဘယ်ဝါ
ရိုက်လိုက်မှန်း တစ်ယောက်မှ မသိလိုက်ပေ။
ဆေးဆရာလေး ကိုသိန်းတစ်ယောက် အိမ်ပေါ်မှ လှိမ့်ကျပြီး သတိလစ်သွားလေသည်။လက်ထဲကယွန်းဘူးလေးလည်း လက်မှလွတ်ကျပြီး မြေပြင်
နှင့်ရိုက်မိကာ အဖုံးမှာဖွင့်လျက်သား ဖြစ်သွားလေသည်။
“ဟာ….”
“ဟင်..”
ဆိုသည့်အသံများ ပြိုင်တူထွက်ပေါ်လာလေသည်။မြေပြင်ပေါ်ကျသွားသည့်ယွန်းဘူးလေးထဲမှာတော့
ပြာတွေနဲ့သာ ပြည့်နေလေသည်။
“ဟူး …”
ကိုဖိုးတုတ် မောသွားဟန်တူသည်။အေးနေပြီဖြစ်တဲ့ ရေနွေးကြမ်း အကျန်လေးကို မောသောက်ပြီး ထန်းလျက်ကြော်လေးတစ်ဖဲ့ဝါးကာ ဆက်ပြောလေသည်။
“ဆေးဆရာလေးသတိပြန်ရလာတော့ အရင်လိုမဟုတ်တော့ပဲ…စိတ်မနှံ့သည့် အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်ငိုလိုက်နဲ့ နောက်ဆုံးတော့ သွပ်သွပ်ခါအောင်ရူးသွားတော့တာပါပဲဗျာ။ကဲ့ ..ဆရာလေးရေ…အဖြစ်အပျက်ကတော့ အဲ့တာပဲ။ရှေးလူကြီးတွေ စကားပုံတွေထဲကလို
နတ်နဲ့နဂါး မလှည့်စားနဲ့ နောက်တစ်ခုက လူမှာကတိ မင်းမှာ သစ္စာ တဲ့။လူတွေက သူတို့ဖြစ်ချင်ရာ လိုချင်တာရမယ်ဆိုရင် ပေးထားတဲ့ကတိဖျက်ဖို့ ဝန်လေးကြသူတွေမဟုတ်ဘူးဗျ။အချိန်လည်းမနည်းတော့ဘူး ကျုပ်လည်းအိပ်ချင်နေပြီ။
ဆရာလေးလည်းအိပ်တော့လေ”
ဆိုကာကိုဖိုးတုတ်မှာ အိပ်ခန်းဆီသို့ဝင် သွားလေသည်။
စိတ်ရှည်လက်ရှည်ဖြင့် လိုအပ်သမျှ အကုန်လုံးကူညီပေးပါသော
ဆရာကိုဖြိုး(ကျိုက်လတ်)
အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း
စာဖတ်သူများကို ထာဝရလေးစားလျှက်
ကိုနောင်ချို (နတ်မောက်)