ခြောက်လွှာမှာခြောက်တတ်သည်

ခြောက်လွှာမှာခြောက်တတ်သည်(စ/ဆုံး)

—————————————-

“နာမည်က ရဲရင့်နော်”

“ဟုတ်ကဲ့ခင်ဗျ”

“ကျောင်းက အဝေးသင်ဆိုတော့ ဘယ်လို စဥ်းစားထားလဲ ”

“ဟုတ်ကဲ့ ကျောင်းက ဆက်မတက်တော့ပါဘူးခင်ဗျ”

ဟိုတယ် မန်နေဂျာဟု ခေါ်သော အသက် လေးဆယ်အရွယ် လူကြီး တစ်ယောက် မှ မေးသော မေးခွန်းကို ကျနော် မဆိုင်းမတွ ပင် ဖြေလိုက်သည်။ အမှန်တွင်တော့ ကျောင်းက ဆက်တက်ရဦးမှာပင်။ သို့သော်လည်း လောလောဆယ် အလုပ်ရဖို့က အရေးကြီးသည်။

အဝေးသင်တွေ ဖွင့်ဖို့က နောက်ထပ် ခုနှစ်လ လောက်တောင် လိုသေးသည်မို့ ကျောင်းဆက်မတက်တော့ပါ ဟု ပေါ့ပါးစွာ ဖြေလိုက်ရခြင်း ဖြစ်သည်။

ဆက်လက်၍ မန်နေဂျာဆိုသူက

“ဘာလို့ ဆက်မတက်တော့တာလဲ ”

ထိုမေးခွန်းကို ကျနော် ရိုးရိုး​ဖြေလို့ မရပါ။ ၎င်းမေးခွန်းသည် ကျနော်အတွက် ယခု ဟိုတယ် တွင် အလုပ်ရ မရ အဆုံးအဖြတ်ပေးမည့် မေးခွန်းဖြစ်ကောင်း ဖြစ်နေနိုင်သော ကြောင့် ကျနော့် မျက်နှာကို ပန်းနုသွေးပုံစံ အတင်းပြောင်းပြစ်ကာ မျက်နှာငယ်လေးဖြင့်

” ဟုတ်ကဲ့ ကျနော်က ငွေရေးကြေးရေး အခက်အခဲကြောင့် ဆက်မတက်ဖြစ်တော့တာပါခင်ဗျ ”

ထိုအခါ မန်နေဂျာ ဆိုသူသည် ကျနော့်အား သနားစရာ သတ္တဝါ တစ်ကောင် သဖွယ်ကြည့်ကာ မည်သည့်စကားမျှ ဆက်မပြောသေးပဲ အတန်ကြာ စဥ်းစားနေသည့်ဟန် ရှိသည်။

ကျနော်၏ စိတ်ထဲမှာကား “အင်း အမေ မှာတဲ့စကားကတော့ မှန်လေ ပြီ ။
” ငါ့သား လူ့အောက်ကျို့တယ်ဆိုတာ ကိုယ့်အသားပဲ့ပါသွားတာမဟုတ်ဘူး။ ကျို့လို့ရတယ်။ကိုယ့်ထက် ဉာဏ်ပညာ၊ အတွေးအခေါ် ပိုရင့်ကျက်တဲ့ လူဆီမှာ ဆို ပိုလို့တောင် အောက်ကျို့ရတယ် ။”

“ငါ့ညီ မင်းက နယ်က ဆိုတော့ နေဖို့ကို ကိုယ်တို့ဘက်က စီစဥ်ပေးရမှာလား ”

နယ်က အမေ့ဆီသို့ ရောက်သွားသော အတွေးကို
မန်နေဂျာ လုပ်သူ၏ စကားကြားမှ ကျနော် ကမန်းကတမ်း ပြန်ဖြေလိုက်ရသည်။

“ဟုတ် ဟုတ်ကဲ့ ခင်ဗျ။ အဆောင်စီစဥ်ပေးစေချင်ပါတယ်။ ”

“အေး ဒါဆို မင်း မနက်ဖြန်ကစပြီး အလုပ် စဆင်းလို့ရပြီကွာ”

ထိုစကားကြားမှ ကျနော့် ရင်ဘတ်ထဲရှိ အပူလုံးကြီး ကျသွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် ယခု အလုပ် မတိုင်ခင် အခြား အလုပ်တစ်ခု လုပ်ခဲ့ပါသေးသည်။ အဆင်မပြေသောကြောင့် အလုပ်ထွက်လိုက်ရာမှ နေဖို့ စားဖို့ အခက်အခဲ ရှိသောကြောင့်ပင်။

ထိုသို့ဖြင့် ကျနော် ၎င်း ဟိုတယ်ကြီးသို့ အလုပ် လုပ်ခွင့်ရခဲ့ပါသည်။

ဟိုတယ်ကြီးဟု ဆိုရာ၌ အရမ်းကြီးကျယ်ခမ်းနားလှသော ဟိုတယ်တော့ မဟုတ်ပေ။ သို့သော်လည်း အရမ်း သေးငယ်လှသည်လည်းမဟုတ်ပါ ။ ကျနော် ရောက်ရှိ အလုပ်လုပ်ခဲ့စဥ်က ၎င်း ဟိုတယ်သည် 3 star အဆင့်သာ ရှိသေးသော အလယ်အလတ် အဆင့်မျှသာ ။

“ရဲရင့်ရေ ဧည့်သည် အကျ များနေလို့ အထုပ်တွေ ဝိုင်းကူ ပေးလိုက်ပါဦးကွယ်”

နေ့လည် 2 နာရီ ထိုးပြီဖြစ်သောကြောင့် အပြင်ထွက်ရန် ပြင်နေသော ကျနော့်အား Reception (ဧည့်ကြိုကောင်တာ)မှ အစ်မ တစ်ယောက်က အကူအညီ တောင်းလေရာ အထုတ်များကို ဝင်ရောက် ကူဆွဲ လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ကွယ် ”

ကျေးဇူးတင်ဟန် ပြောလာသော အသံပိုင်ရှင်ကို တစ်ချက်ကြည့်မိရာ အသက် 50 နီးပါး အန်တီ ကြီးတစ်ယောက်နှင့် သူမ၏ ဘေးတွင် အသက် 60 နီးပါး အဘိုးကြီးတစ်ဦးကို တွေ့ရသည်။ ပုံစံတွေကတော့ ဝင်းဝင်းလက်လက်တွေ ဆွဲထားပုံအရ ဘော့စိ တွေ ဖြစ်ဖို့များသည်ဟု တွေးလိုက်မိသည်။

ပုံမှန်ဆို ဟိုတယ်တွင် အလာများသည်က နိုင်ငံခြားသား အများစုပင် လာရောက် တည်းခိုကြလေ့ ရှိသည် ။ ယခုမှ ပထမဆုံး မြန်မာ စုံတွဲကို တွေ့ရသည့်အပြင် အသက်ခပ်ကြီးကြီးပိုင်းတွေ မို့ ဘုရားလာဖူးတာဟုပင် ထင်မိသည်။

“ကဲ ရဲရင့်ရေ ကူလက်စနဲ့ကွယ် အခန်း နံပါတ် (***)ကို လိုက်ပို့ပေးလိုက်ပါဦးကွယ်။ Bell Boy(ဧည့်သည်ကိုကြိုကာ အခန်းတွင်းသို့ လိုက်ပို့သူ) လေးတွေက အပြင်ခန သွားလို့ပါ ဒီမှာ အခန်းသော့”

ယခုမှ သတိထားမိသည် ။ ထို အစ်မသံသည် ခါတိုင်းနှင့်မတူ ။ အင်မတန် ပျော့ပျောင်းကာ သာယာနာပျော်ဖွယ် ရှိလှသည်။ လိုတစ်မျိုး မလိုတစ်မျိုး လူ့သဘာဝ ကို ကျနော် နားလည်သည် ဖြစ်ရကား

“ရပါတယ် အစ်မ ” ဟု ပြော၍ အထုပ်များကိုင်ကာ ဓာတ်လှေကားဆီသို့ လျှောက်ခဲ့လေတော့သည် ။ ထိုအခါမှ ထို အန်တီကြီးတို့ စုံတွဲမှာ ကျနော့်နောက်မှ မှီအောင်ပြေးလိုက်​ခဲ့လေ တော့သည်။

” တီ တောင်”

မြည်သံနှင့်အတူ ဓာတ်လှေကား ပွင့်လာသည်။ကျနော် သည်လည်း အထုတ်တွေနှင့်အတူ အရင် ဝင်လိုက်သည်။ ပြီးနောက်တွင် ထိုအန်တီကြီးတို့ စုံတွဲ လည်း လိုက်ဝင်လာသည်။ နှစ်ဖက်မြင် မှန်ဖြင့် ဓါတ်လှေကား နံရံကို ပြုလုပ်ထားသော ကြောင့် ဟိုတယ်အပြင်ဘက်တွင် သွားလာနေသော ကား၊ ဆိုင်ကယ်တို့ကို အတိုင်းသား မြင်နေရသည်။ သွားလိုသည့် အထပ် နံပါတ်ကို နှိပ်လိုက်ကာ ဟိုတယ်အပြင်ဘက်မှ သွားလာနေသော ကား ဆိုင်ကယ် တို့ကို ကျနော် ကြည့်နေမိသည်။

“အန်တီ တို့က ရန်ကုန်ကပါ ”

ကျနော့်ကို ကြည့်ကာ ထို အန်တီကြီးမှ နှုတ်ဆက်စကားအရင် စပြောသည်။

” ဟုတ်ကဲ့ ဘုရားဖူးလာ တာလားခင်ဗျ”

ထိုသို့ မေးလိုက်သည့် ကျနော့် အမေးကို ထိုအန်တီကြီးနှင့် ဘေးတွင်ရပ်နေသော အဘိုးကြီးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးစိစိ ဖြစ်ကုန် ကြသည်။ပြီးနောက်တွင်မူ ထိုအန်တီကပင် ဆက်လက်၍

“မဟုတ်ပါဘူးကွယ် ။ အန်တီတို့က ဟန်းနီးမွန်း ထွက်လာတာပါ “ဟု ပြန်ဖြေပြီး ရယ်နေတော့သည်။

ထိုအဖြေစကားကြောင့် အညာသား ကျနော့်အဖို့ အံ့သြမိသွားသော်လည်း “အေးလေ မြို့သူ မြို့သားတွေပဲ ။ ဒီအရွယ်ကို ကြီးတယ်လို့ ဘယ်ထင်ပါ့မလဲ “ဟု ဖြေတွေးကာ

” အော် ဟုတ်လားခင်ဗျ ” ဟု သာ ပြန်ဖြေလိုက်သည်။

ထိုအချိန် ဓာတ်လှေကား တံခါး ပွင့်သွားသောကြောင့် ကျနော် အထုတ်တွေ ဆွဲကာ သွားလိုသည့် အခန်းရှိရာ သို့ ခပ်သွက်သွက် လျှောက်ခဲ့သည်။
အခန်းရှေ့ ရောက်သောအခါ အခန်းတံခါးဖွင့်လိုက်ပြီး
လိုအပ်သည်များကို ရှင်းပြလျက် အချိန်မရွေး reception ကို ဖုန်းဆက်နိုင်ကြောင်း ပြောပြကာ ပြန်ထွက်မည် လုပ်သည့်အခါ

“ညီလေး ”

အမယ် တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော အသက် 60 နီးပါး အဘိုးကြီး အရွယ်ဆီမှ “ညီလေး “ဟု ခေါ်သံကြောင့် ကျနော် ရယ်ချင်သွားမိသည်။ သို့သော်လည်း ရယ်ချင်စိတ်ကို အတင်းမြိုချကာ

“ဟုတ် အကိုကြီး”

“အကိုကြီးကို Red လေး တစ်လုံးလောက် ဝယ်ပေးပါလားကွာ ”

ထိုစကားကြောင့် ကျနော် လက်မှ နာရီကို ငုံ့ကြည့်လိုက်သည်။ပြီးနောက်

“ဟုတ် အကိုကြီး ဝယ်ပေးချင်ပါတယ် ၊ ဒါပေမဲ့ ကျနော့်မှာ သွားစရာလေးရှိလို့ပါခင်ဗျ။အောက်မှာ bell boy တွေ ရှိပါတယ် ။ သူတို့ကို ခိုင်းလို့ရပါတယ်ဗျ”

ရိုသေစွာ ပြောလာသော ကျနော့် အဖြေကို ထို အဘိုကြီး သဘောမကျဟန်ဖြင့်

” လုပ်ပါ ညီလေးရာ အကိုကြီးက ရန်ကုန်ကနေ တောက်လျှောက် ကားစီးလာတာ ပင်ပန်းနေလို့ပါကွ မုန့်ဖိုးပေးမယ်လေကွာ ”

မုန့်ဖိုးဆိုသော စကားကြောင့် ကျနော် မျက်လုံးများ အရောင်လက်လာသည်။

“ကဲပါဗျာ အဲ့လို ဆိုလည်း ဝယ်ပေးပါ့မယ် ။ပိုက်ဆံပေးလိုက် ” ဟုဆိုရာ ဝမ်းသာအားရ ပိုက်ဆံလေးသောင်း ထုတ်ပေးလေသည်။

ထို့နောက် ကျနော်လည်း သွားဝယ်ပြီး ပြန်လာသော အပြန်လမ်းတွင် ဒီလောက် အဖိုးတန်တဲ့အရက်သောက်မှတော့ မုန့်ဖိုးလည်း အတော်များများ ပေးမှာပဲ ဟု တွေးကာ ကျေနပ်နေမိသည်။

“ဒေါက် ဒေါက်”

တံခါခေါက်သံကြောင့် အခန်းတံခါး ပွင့်လာသည်။အရက်ပုလင်းနှင့် အတူ ရပ်နေသော ကျနော့်ကို တွေ့တော့

“ဟာ ညီလေး လာလာ အကိုကြီးက မျှော်နေတာ ကွ ”

“ဟုတ် ဒီမှာ အကိုကြီး ပိုတဲ့ ပိုက်ဆံ ”

“အော် အေး အေး ခနနေဦးနော် ငါ့ညီကို မုန့်ဖိုး ပေးမလို့ ”

ကျနော် ပေးသည့် ပိုသောပိုက်ဆံကို ယူကာ အဖိုးကြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။ “အော် ဒီအဖိုးကြီးနှယ် ပြန်အမ်းငွေထဲက ပေးလိုက်ရင် ပြီးနေတာကို၊ အေးလေ အနှုတ်လေးတွေမို့ မပေးချင်လို့နေမှာ “ဟု တွေးကာ ကျနော် စောင့်နေလိုက်သည်။

ခဏအကြာတွင် ထိုအဖိုးကြီး ပြန်ထွက်လာသည်။လက်ထဲတွင် နှစ်ရာ တန်လေးတစ်ရွက် ကိုင်လာတာကို တွေ့ရသည်။

“ကဲ ရော့ ညီလေး မုန့်ဖိုး ”

ကျနော် စိတ်တိုသွားမိသည်။ ဘယ်နှယ်ဗျာ အကောင်းစားအရက်ကို စျေးကြီးကြီး ဝယ်သောက်ပီးမှ နေပူထဲ ချွေးဒီးဒီးကျအောင် သွားဝယ်ရသော ကျနော့်ကို မုန့်ဖိုး နှစ်ရာ တဲ့ ။

ရန်ဖြစ်ဖို့ကလည်း ကိုယ့်အဖေအရွယ် ဖြစ်တဲ့အပြင် ဟိုတယ်ကို လာသော ဧည့်သည် ဖြစ်နေသောကြောင့် ကျနော် အတတ်နိုင်ဆုံးပြုံးပြရင်း လှမ်းယူကာ နှုတ်ပင်မဆက်ပဲ လှည့်ထွက်ခဲ့တော့သည်။

အပြင်ဘက်ရောက်သောအခါ Security(လုံခြုံရေး)ဦးလေးကြီးကို တွေ့မှ “ရော့ ဦးလေး ကွမ်းဖိုး “ဟု ဆိုကာ ပါလာသော နှစ်ရာကို ထုတ်ပေးလေရာ

“ဟ ရဲရင့်ရ စေတနာ ကောင်းလှချည်လား “ဟု ဆိုကာ လှမ်း ယူလေသည်။ ထို့နောက်

“ဘယ်လိုလဲ ဧည့်သည်နဲ့ အဆင်မပြေ ဖြစ်လာတာလားကွ ”

ထိုဦးလေးကြီး အမေးကို ကျနော် လက်ကာပြရင်း ဆိုင်ကယ်ကို လီဘာ တစ်ဆုံးဆွဲကာ မောင်းထွက်ခဲ့တော့သည်။

#########

“ဟ ရဲရင့် ပြန်လာပြီလားကွ”

မှောင်နေပြီ ဖြစ်သောကြောင့် အပြင်မှ ပြန်လာကာ
ဟိုတယ်ထဲသို့ ဝင်လာသော ကျနော့်အား လုံခြုံရေး ဦးလေးကြီးမှ မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ် ဦးလေး မိုးလည်းချုပ်ပြီလေဗျာ “ဟု ပြန်ဖြေကာ အထဲ သို့ ဝင်ခဲ့ပြီး ကျနော့်အခန်း ရှိရာ မြေအောက်ခန်းသို့ ဆင်းခဲ့တော့သည်။

စကားချပ်။ ၎င်းဟိုတယ်တွင် အလုပ်လုပ်သည့် သူများထဲတွင် နယ်မှ လာလုပ်သည်မှာ ကျနော် တစ်ယောက်ထဲပင် ဖြစ်သည်။ ထို့ကြောင့် ကျနော့်အတွက် မြေအောက်ခန်းတွင် ရှိသော အခန်းကို ပေးထားလေသည်။

မြေအောက်ထပ်တွင် အခန်း သုံးခန်းရှိသည်။ တစ်ခန်းမှာ စတိုခန်း ဖြစ်၍ ကျန်တစ်ခန်းမှာ မန်နေဂျာ စာကြည့်သည့် အခန်း ဖြစ်သည်။ သို့ရာတွင် မန်နေဂျာအား ၎င်းအခန်းတွင် တစ်ကြိမ်မျှ မတွေ့ဖူးပါ။ ထိုအခန်းသို့ ကြည့်မိလိုက်လျှင် ဆုံလည်ကုလားထိုင်တစ်လုံးရှိ ပြီး​ ထိုကုလားထိုင်၏ရှေ့တွင်တော့ စားပွဲ တစ်ချပ်ရှိသည်။ ထိုစားပွဲပေါ်တွင်တော့ ရှုပ်ပွနေသည့် စာရွက်စာတမ်းများ က နေရာ ယူထားသည်။သေချာ ကြည့်မိလျှင် ၎င်းအခန်းမှာ တိတ်ဆိတ်နေကာ ကြက်သီး ထဖွယ်ကောင်းလှသည်။

နောက်ဆုံးတစ်ခန်းက မူ ကျနော်နေသော အခန်းဖြစ်သည်။ ဝန်ထမ်းများ အိပ်ရန် လုပ်ထားသော အခန်းဖြစ်၍ အတော်အတန် ကျယ်ဝန်းသည်။ သို့သော် ညအိပ်ဝန်ထမ်းမှာ ကျနော် တစ်ယောက်သာလျှင်ဖြစ်သော​ကြောင့် ထိုအခန်းတွင် ကျနော်သာ အိပ်ရလေသည်။

ကျနော်အိပ်သော အခန်းဆီသို့ မရောက်ခင် မန်နေဂျာစာကြည့်ခန်းဟု ခေါ်သော ကြက်သီး ထဖွယ်အခန်းကို ဦးစွာ ဖြတ်လျှောက်ရသည် ။ ယင်း အခန်းရှေ့သို့ ရောက်လျှင် ကျနော် ထိုအခန်းကို မကြည့်မိအောင် ထိန်းထားလေ့ရှိသည်။ ၎င်းအခန်းတံခါးသည်လည်း ပွင့်ချင်သည့်အခါ ပွင့်နေတတ်ပြီး ပိတ်နေသည့်အခါ ပိတ်နေတတ်သည်။ တစ်ခါတစ်ရံ House Keeping(အိပ်ခန်းသန့်ရှင်းရေး) ကောင်မလေးတွေ အခန်းလာရှင်းသည်က လွဲရင် မည်သူမျှ အဝင်အထွက်မလုပ်ပေ။

ကျနော်သည်ကား အလွန်စပ်စုတတ်သော်လည်း ယင်းအခန်းအကြောင်းကိုတော့ သိခွင့်ရဖို့ မကြိုးစားရဲပါ။ အဘယ်ကြောင့်ဆိုသော် မြေအောက်ခန်းထဲတွင် ကျနော်တစ်ယောက်ထဲ အိပ်ရသည့်အပြင် ၎င်းအခန်းမှာ ကျနော်အိပ်သည့် အခန်းနှင့် ကပ်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။

သို့နှင့် အခန်းထဲ နေရသည်ကို ပျင်း ပျင်းရှိလာသည်နှင့် စာအုပ်တစ်အုပ်ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ကြက်သီးထဖွယ်အခန်းရှေ့သို့ ရောက်လျှင်

” ကျွီ ”

တံခါးပွင့်လာသည့်အသံ ဖြစ်သည်။ သို့ သော် ကျနော် လှည့်မကြည့်ပါ ။ တစ်စုံတစ်ယောက်ရှိမှန်းသိနေသော်လည်း ဟန်မပျက်ပင် မြေအောက်ခန်းမှ အပေါ်ထပ်သို့ တက်လာခဲ့သည်။ ထို့နောက် ဓာတ်လှေကားရှေ့သို့ ရပ်ကာ ဓာတ်လှေကား အလာ စောင့်နေလိုက်သည်။

“ရဲရင့် မောင်လေး ဘယ်လဲ”

“ပျင်းလို့ပါဗျာ ခြောက်လွှာမှာ လေညှင်းလေးခံရင်း စာအုပ်သွားဖတ်မလို့”

ထိုအခါ လှမ်းမေးသော အစ်မ၏ဘေးတွင် ရှိသော အစ်မ တစ်ယောက်မှ

“ဟယ် နင် ခြောက်လွှာကို သွားမလို့လား ၊ နင်မသိသေးဘူးလား”

“ဟဲ့ သီရိ ဘာတွေ လျှောက်ပြောနေတာလဲ ဘာမှ မဟုတ်ဘူး သွား သွား မောင်လေး”

ထို အစ်မနှစ်ယောက်ကို ကြည့်ကာ ကျနော် ဇဝေဇဝါဖြင့် ခြောက်လွှာသို့ တက်ခဲ့တော့သည်။
ခြောက်လွှာသို့ ရောက်လျှင် ကြောင်လိမ် လှေကားလေးမှ တစ်ဆင့် ဟိုတယ် အပေါ်ဆုံး ထပ်သို့ တက်ကာ လေညှင်းခံရင်း စာအုပ် ဖတ်နေလိုက်သည်။

ထိုစဥှ

“ရှပ် ရှပ် ရှပ် ရှပ်”

ခြေသံကြား၍ လှည့်ကြည့်လိုက်ရာ နိုင်ငံခြားသားစုံတွဲ တစ်တွဲ တက်လာသည်ကို တွေ့ရသည်။

ထိုစုံတွဲသည် ကျနော့်ကို မြင်တော့ ပြုံးပြကာ ဝိုင်ပုလင်းများ ထုတ်ကာ သောက်ဦးမလား ဟု မေးလေတော့သည်။ ကျနော်သည်လည်း ပျင်းသည်က တစ်ကြောင်း စပ်စု ချင်သည်က တစ်ကြောင်း ၊ နောက်ထပ် အဓိက အကြောင်းအရင်းသည်ကား ထိုနိုင်ငံခြားစုံတွဲကောင်မလေးက အတော်လေးလှသည်က တစ်ကြောင်းကြောင့် အတူ ဝင်ထိုင်ကာ နည်းနည်းပါးပါးဝင်ရောလိုက်ပြီး မမှုတ်တတ် မှုတ်တတ် ငပိသံဖြင့် စပ်စုလေတော့သည်။

ထိုအခါမှ သူတို့က ပြင်သစ်မှ လာကြခြင်းဖြစ်ကြောင်း ၊ ဒီရောက်မှ တွေ့ကာ သိကျွမ်းကြခြင်းဖြစ်ကြောင်း စသည်ဖြင့် သိခဲ့ရလေတော့သည်။

ထိုစုံတွဲလည်း သိပ်အကြာကြီးမထိုင်ပဲ ခနမျှ ထိုင်ကာ ကျနော့်အား နှုတ်ဆက်ပြန်ဆင်းသွားတော့သည်။ကျနော်လည်း လက်မှ နာရီကို ကြည့်ရာ ကိုးနာရီသာ ရှိသေးသောကြောင့် မဆင်းသေးဘဲ စာအုပ်ကိုသာ ဆက်ဖတ်နေလေသည်။

ထိုအခိုက်

“ရှပ် ရှပ် ရှပ် ရှပ်”

ခြေသံ ထပ်ကြားသော ကြောင့် နောက်ထပ် ဧည့်သည် တက်လာသည်ဟု ထင်ကာ ကျနော် နောက်လှည့်မကြည့်ခဲ့ပါ ။ စာအုပ်ကိုသာ ဖတ်မြဲ ဖတ်နေဖြစ်သည်။ ထိုစဥ်

“ရှပ် ရှပ် ရှပ် ရှပ်”

ဒီအခါမှာတော့ ကျနော် လန့်သွားသည်။အဘယ်ကြောင့်ဆိုသော် ခြေသံသည် ကျနော့် နောက်ကျောဘက်ဆီမှ ထွက်လာသောကြောင့်ပင်။ ကျနော် လန့်ကာ နောက်သို့ လှည့်ကြည့်သောအခါတွင် မည်သည့် အရာမျှ ရှိမနေပါ။ ဘေးပတ်ဝန်ကျင်းကို ကြည့်ရာတွင်လည်း ကျနော်မှ အပ သက်ရှိဟူ၍ ကြောင်တစ်ကောင်မျှပင် မရှိ ။
ထိုစဥှ

“ဝုန်း”

“ဝုန်း”

ကျနော် ထခုန် မိပါတော့သည်။ အပေါ်ဆုံးထပ်ဖြစ်၍ ရေစင်များ ထားရာ ၎င်း​ရေစင်များ၏ အပေါ်တွင် တင်ထားသော ပုံးနှစ်ပုံး ရှေ့ဆင့်နောက်ဆင့် ပြုတ်ကျသောကြောင့်ဖြစ်သည်။ ဒီလောက်ဆို ကျနော် နားလည်လိုက်ပါသည်။သို့သော် ကျနော် ချက်ချင်း ဆင်းမပြေးဖြစ်ပါ ။ သိတဲ့အတိုင်း ကျနော်ဆိုသည်မှာလည်း စပ်စုချင်စိတ်က ကြောက်စိတ်ထက် ပိုများနေသည်မဟုတ်ပါလား။

ကျနော် ထိုရေပုံးတွေ ပြုတ်ကျသွားပြီးနောက် ဖုန်းလေးထုတ်ကာ video ရိုက်ဖို့ ကြိုးစားကြည့်ရာ ညဖြစ်၍ ကျနော့် ဖုန်းစုတ်လေးတွင် မှောင်မည်းနေကာ မည်သည့်အရာမျှ မပေါ်သောကြောင့် ဖုန်းကို ပြန်သိမ်းကာ လက်လျှော့လိုက်ရသည်။

ထိုစဥှ

“အီး ဟီး ဟီး ဟီး ”

ရယ်သံလား ။ ငိုသံလား မသဲကွဲ သော လူတစ်ယောက်အသံကို ထိုရေလှောင်ကန် များနောက်ဘက်မှ ကြားရလေသည်။ ကျနော် ကျောချမ်းသွားမိသည်။ သို့သော် ကျနော် စပ်စု ချင်သေးသည်။ ထို့ကြောင့် ဖုန်းမီးလေးဖွင့်ကာ ထို ရေလှောင်ကန်များဆီသို့ တစ်ဖြည်းဖြည်းလျှောက်လာခဲ့မိသည်။

အနားသို့ရောက်သော အခါ ထို အသံပျောက်သွားသည်။ ကျနော် မကျေနပ် ။ ခုနလေးကတင် ဒီနားမှာ ကြားမိတာပဲ ဟု တွေးကာ လိုက်ရှာမိသည်။ ထို့နောက်

“အီး ဟီး ဟီး ဟီး”

အသံကို ထပ်ကြားရပြန်ပါသည်။ ယခုတစ်ခါ တွင်တော့ ကျနော် ရှေ့ဘက်နားတွင် ရှိသော ကန်နားလေးက ဖြစ်သည်။ ကျနော် ကြက်သီး တဖြန်းဖြန်းထသွားမိသည်။ သို့ သော် ခြေလှမ်းကတော့ ရှေ့သို့သာ ဦးတည်လျက်။

ရေလှောင်ကန် ဘေး မှ ပတ်ကာ အသံကြားရာ ကန် အနောက်ဘက်ကြားထဲသို့ ကျနော် လျှောက်သွားလိုက်သည်။ ဖုန်းမီးရောင် မှိန်မှိန်အောက်တွင်
ဟို တစ်စ ဒီတစ်စ ရေညှိပင် လေးတွေ မြင်ရသည်။ထိုမှ တစ်ဆင့် ရှေ့သို့ တိုးကာ ဖုန်းမီးလေးဖြင့် ကြည့်မိရာတွင်တော့

“ဟာ ”

ကျနော် ရှေ့ဆက်မတိုးဝံ့​​တော့ပါ ။ ရှေ့တွင် လူတစ်ယောက် ဟိုတယ်၏ မီးအလင်းရောင် မှိန်မှိန်အောက်မှာ ငုတ်တုတ်ကြီး ထိုင်နေပါသည်။ သူထိုင်နေပုံမှာ ဒူးနှစ်လုံးကြားတွင် ခေါင်းငုံ့ကာ ထိုင်နေခြင်းဖြစ်နေသည်ကို အလင်းရောင်မှိန်မှိန်ဖြင့် တွေ့နေရသည်။ ကျနော့်တွင် ပါလာသော ဖုန်းမီးနှင့် တော့ မထိုးကြည့်ဖြစ် ။ ထိုးလည်း မထိုးကြည့်ရဲပါ ။ထိုစဥ် ထိုလူမှာ ညည်းသံနှင့်အတူ ဦးခေါင်းလည်း လှုပ်လာကာ အပေါ်သို့ မော့ကြည့်သော အခါတွင်တော့

ကျနော် ချက်ချင်းပင် ဝတ်ထားသော ပုဆိုးကို စလွယ်သိုင်းကာ လှည့်ပြေးခဲ့တော့သည်။ တော်သေးသည် အောက်က ဘောင်းဘီ တစ်ထည် ဝတ်ထားလေ့ရှိသောကြောင့် အရှက်ကွဲမှာတော့ ပူရမည်မဟုတ် ။ ဓာတ်လှေကားရှေ့ ရောက်တော့ ဓာတ်လှေကားစောင့်ရင် အပေါ်ထပ်မှ အသံများကြားလာသောကြောင့် ဓာတ်လှေကားကိုတောင် မစောင့်နိုင်တော့ဘဲ ရိုးရိုးလှေကားမှ ပြေးဆင်းခဲ့ရတော့သည်။

အောက်သို့ ရောက်သောအခါ ပုဆိုးစွန်တောင်ဆွဲရင်း လျှာထွက်နေသော ကျနော့်ကို ကြည့်ကာ reception မှ အစ်မကြီးများ ပြုံးစိစိ ဖြစ်ကုန်ကြသည်။

“ဟဲ့ ရဲရင့် ဘယ်လိုတွေ ဖြစ်လာတာလဲ၊ တော်သေးတယ် ဧည့်သည်တွေ မရှိလို့ ။ ပုဆိုးပြင်ဝတ်ဦး ” ဟု ဆိုမှ

ကျနော် ခပ်တည်တည်ပင် ပုဆိုးဝတ်လိုက်ကာ

” အစ်မတို့ နောက်တာဗျာ ခြောက်လွှာက အကြောင်းကို ဘာမှ မပြောကြဘူး”

“ဟဲ့ နင် ဘာတွေ့ခဲ့လို့လဲ ”

ကျနော် တွေ့ခဲ့တာကို ပြောပြလေမှ မချော နှစ်ယောက် တခွီခွီ ရယ်ကြတော့သည်။ သိသိချင်း ဆင်းခဲ့ပါတော့လား ဟုပင် အပြစ်တင်နေကြတော့သည်။ ကျနော်လည်း ရှက်ရှက်နှင့်ပင် အိပ်ခန်းရှိရာ မြေအောက်ခန်းသို့ ဆင်းခဲ့တော့သည်။

ထူထူပူပူနှင့် ဆင်းလာခဲ့ရာ ကြက်သီးထဖွယ် အခန်းကိုပင် မေ့ကာ အိပ်ခန်းထဲသို့ ရောက်သွားတော့သည်။ ထို့နောက်တွင်တော့ အိပ်ရာ ခင်းကာ တံခါးပိတ် မီးပိတ် အိပ်ရန် ပြင်ရ လေတော့သည်။
ကျနော့်တွင် အကျင့်တစ်ခုရှိသည်။ ထိုအရာကတော့ ကျနော် အရမ်းကြောက်လာလျှင် ရှိသမျှ မီး အကုန်ပိတ်အိပ်တတ်လေသည်။ အတော်များများ ကြောက်လျှင် မီးဖွင့် အိပ်တတ်ကြသော်လည်း ကျနော်၏ အတွေးသည်ကား မီးပိတ်ထားလျှင် မှောင်မည်းကာ မည်သည့်အရာမျှ မတွေ့ရဘဲ ကြောက်စရာ မလို ။ မီးဖွင့်ထားမှ အကုန်မြင်ရသည်။ အဲ့ဒါကမှ တကယ်ကြောက်စရာ ကောင်းသည်ဟု တွေးမိသောကြောင့် ကြောက်လျှင် ကျနော်သည် ရှိသမျှ မီး အကုန် ပိတ်အိပ်တတ်လေသည်။ယခုလည်း ကြောက်လာသောကြောင့် မီးအကုန်ပိတ်ကာ အိပ်ဖို့ ကြိုးစားရသည်။

“ဖလပ် ဖလပ် ဖလပ် ဖလပ်”

အချိန်အတော်ကြာ အိပ်ပျော်သွားသော ကျနော့်မှာ စာရွက်လှန်နေသည့် အသံတွေကြောင့် လန့်နိုးလာခဲ့ရသည်။ ဖုန်း ကို ထုတ်ကာ နာရီကြည့်မိတော့ 1 နာရီပင် ထိုးလေပြီ။ အသံများ သည် ကျနော့် အခန်းနှင့်ကပ်လျက် ရှိသော ကြက်သီးထဖွယ် အခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ဒီအချိန်ကြီး မန်နေဂျာလည်း လာမည်မဟုတ် ။ နေ့ခင်း ဘက်တောင် မန်နေဂျာကို ထိုအခန်းတွင်မမြင်ဖူး။
(နောက်ပိုင်းတွင် သိရသည်ကား သူလည်း ကြောက်လို့ မလာတာ ဟူ၍ ပင်)

ထိုသို့ဆိုလျှင် ထိုအခန်းထဲတွင် ရှိနေသူက မည်သူနည်း။

“အဟမ်း”

ရုတ်တရက်ထွက်လာသော ချောင်းဟန့်သံကြောင့်ကျနော် ဆက်ခနဲ တုန်သွားသည်အထိ လန့်သွားမိသည်။ ကျနော် အတော်လေး သိချင်သွားသည်။ လူမရှိသည့်အခန်းက ဘယ်သူ့ ချောင်းဟန့်နေတာလဲ ။ မြေအောက်ခန်းတွင်ရှိနေသည်က ကျနော် တစ်ယောက်သာလျှင် ရှိသည်။ ထုံးစံအတိုင်း ကျနော့် စပ်စု ချင်စိတ်က ရောက်လာသည်။ အခန်းမီးကိုတော့ သိချင်စိတ်ကြောင့် မဖွင့်မိ ။ဖုန်းမီးလေးဖွင့်ရင်း ကျနော့်အခန်းတံခါးကို အသာဖွင့်ကာ ထွက်လိုက်သည်။

” ကျွီ ”

ကျနော့် မျက်ခုံးနှစ်ဖက် အပေါ်သို့ မြင့်တက်သွားရသည်။ ကျနော်တောင် အဲ့ဒီ အခန်းရှေ့ မရောက်သေးဘဲ ထိုအခန်းတံခါးမှာ ကျွီခနဲ မြည်ကာ ပွင့်လာသည်။ အခန်းထဲသို့ ကျနော် ကြည့်မိတော့ အမယ် မီးတွေ လည်း လင်း လို့ ။ စားပွဲပေါ်ရှိ စာရွက်တွေက လေမတိုက်ပါပဲ တစ်ဖျက်ဖျက် လှန်သလို ဖြစ်နေသည်။ ထိုအချိန်ထိ ကျနော် သိပ် ကြောက်စိတ်မဝင်သေးပါ။

စာရွက်များ ဟိုလှန်သည်လှန် ဖြစ်နေသော စားပွဲ ရှေ့တွင်ရှိသည့် ဆုံလည် ကုလားထိုင်ကို မြင်တော့မှ ကျနော် ကျော ​ချမ်းသွားပါသည်။ ထိုင်ခုံမှာ လူတစ်ယောက်ထိုင်ကာ ဇိမ်ယူနေသကဲ့သို ဟိုလှည့် သည်လှည့် လှည့်နေသည်။ ခုံပေါ်တွင်ကား မည်သူမျှ ရှိမနေပါ။ ထိုစဥ်

“ကျိ”
“အမလေး ဗျာ မနှောက်ယှက်တော့ပါဘူးဗျ”

လှုပ်ရမ်းနေသည့် ထိုင်ခုံမှာ “ကျိ ” ခနဲ မြည်သံနှင့် အတူ အပေါက်ဝ တွင်ရှိသော ကျနော့် ဘက်သို့ “လျှော “ခနဲ လိမ့်ဝင်လာသည့်အခါတွင်တော့ ကျနော့် ကြောက်စိတ် ငယ်ထိပ်ရောက်ကာ အမလေး အော်ရင်း ပွင့်နေသော တံခါးကို” ဝုန်း” ခနဲနေအောင် ခြေထောက်နှင့် ကန် ပိတ်လိုက်လေရာ ကျနော် ဆီးခုံ မှာ “ကျင်” ခနဲ ဖြစ်သွားပြီး ပေါင်နှစ်ချောင်းလုံး” ပူ “ခနဲ ခံစားလိုက်ရလေမှ သွားပြီး ငါတော့ ကြောက်သေးတောင် ထွက်သွားပြီဟု သိလိုက်ရသည်။ထို့ကြောင့် အပေါ်ထပ်သို့ ပြေးမတက်တော့ဘဲ မိမိအခန်းသို့သာ ပြေးလာရင်း ရှိသမျှ စောင် အကုန်ဆွဲယူကာ ခေါင်းမြီး ခြုံနေလိုက်ရတော့သည်။ ယခုအခြေအနေနှင့် အပေါ်ထပ်သို့ ပြေးသွားပါ က နောက်ရက်တွင် ကျနော့်အား” ကြောက်သေးထွက်သည့်ကောင် “ဟု လှောင်ကြပေတော့မည်။ အသက်ပင် သေချင် သေပါစေ ။ အရှက်တော့ မခံနိုင်။

” ဝုန်း ဂလုန်း ”

“ဖလပ် ဖလပ် ”

“ကျွီ ”

တစ်ဖက်အခန်းတွင်တော့ အသံများ ဆူညံနေတော့သည်။ကျနော် ခေါင်းပင် မထောင်ဝံ့ပါ။ ထိုညက အိပ်လို့တောင် မပျော်ခဲ့ရဘဲ မနက် ငါးနာရီထိုးသွားသောကြောင့် အလုပ်တန်းဆင်းခဲ့ရတော့သည်။

###########

“ရဲရင့် ပြန် လာပြီလား ကွ ”

ထုံးစံအတိုင်း အလုပ်ချိန်ပြီးသည်နှင့် အပြင်သို့ ထွက်ကာ မှောင်မှ ပြန်လာသော ကျနော်အား မြင်၍ လုံခြုံရေး ဦးလေးကြီး လှမ်းနှုတ်ဆက်သည်။

“ဟုတ် ဦးလေး ရော့ ဒီမှာ ကွမ်းဝယ်ခဲ့တယ်”

ကျနော် ကမ်းပေးသော ကွမ်း ထုပ်ကို လုံခြုံရေးဦးလေးကြီး က လှမ်းယူရင်း

“အေးကွာ ဒီ ဟိုတယ်တစ်ခုလုံးမှာ ငါ့ကို ဂရုစိုက်တာ ဆိုလို့ မင်းပဲ ရှိတယ်”

“ရပါတယ်ဗျာ အချင်းချင်းတွေပဲ”

လုံခြုံရေး ဦးလေးကြီး ကို ပြောရင်း ကျနော် အထဲကို ဝင်ခဲ့သည်။ မနေ့က အဖြစ်ကြောင့် အောက်သို့ ချက်ချင်း မဆင်းရဲပေ။

ဧည့်သည်တွေကို မနက်စာ ဘူဖေး ကျွေးသည့် ထမင်းစားခန်းထဲသို့ဝင်ကာ ဖုန်းထုတ်ပြီးကြည့်နေလိုက်သည်။ပြီးနောက် ကျနော် အကြံတစ်ခု ရသွားသည်။ ဒီ ထမင်းစားခန်းမှာပဲ ဒီညတော့ အိပ်မည်ဟုတွေးကာ အောက်တွင်ရှိသော စောင်များကို အမြန်ပြေးဆင်းယူ​ပြီး ထမင်းစားခန်းထဲသို့ ဝင်ခဲ့ရာ

“ဟဲ့ ရဲရင် ဘယ်လိုဖြစ်ပြန်တာတုန်း ခေါင်းအုံး တွေ စောင်တွေနဲ့ ”

ခေါင်းအုံးနှင့် စောင်များပွေ့လာသော ကျနော့်အား တွေ့၍ Reception မှ အစ်မက မေးခြင်းဖြစ်သည်။

” ဟုတ်တယ် အစ်မရေ ။ ဒီနေ့က ဧည့်သည် များတယ်မလား ။ အဲ့ဒါမို့ မနက်ကျရင် စောစော မထနိုင်မှာမို့ ဒီမှာပဲ အိပ်မလို့လေ ”

ခပ်တည်တည်နှင့်ဖြေသော ကျနော့် အဖြေကို ထိုအစ်မ ယုံသွားသည် ထင်သည်။ အေး အေး ဟု ဆိုကာ မည်သည့်စကားမျှ ဆက်မပြောတော့။

ကျနော်လည်း ထမင်းစားခန်းထဲသို့ ဝင်ကာ ဂျက်ဖာအဟောင်းများ ခင်းကာ လှဲလိုက်လေတော့သည်။ ထမင်းစားခန်းဆိုသည်မှာ လာသမျှဧည့်သည်အကုန် စားနိုင်ဖို့ လုပ်ထားသည့်အတွက်ကြောင့် အတော်လေး ကျယ်ပါသည်။

ကျနော်မှေးခနဲ အိပ်ပျော်သွားသည်။

“ကတောင် ကတောင် ကတောင်”

အသံကြားပြန်သည်။ ကျနော် သိသည်။ ဒီတစ်ခါ အိပ်ရေး ပျက် မခံနိုင်။ ထို့ကြောင့် ထကြည့်ဖို့ မစဥ်းစားပဲ ပြန်အိပ်ဖို့ ကြိုးစားသည်။

“ကတောင် ကတောင် ကတောင် ”

ထပ်ကြားရပြန်ပါသည်။ အိပ်ဖို့ကြိုးစားမရ သောကြောင့် ကျနော် ထကြည့်သည် ။

“ဘုရား ဘုရား ”

ရုတ်တရက် ဘုရား တ လိုက်ရလေတော့သည်။ မတ လို့လည်း မရ။ ဟိုတယ် ၏ ထမင်းစားခန်းထဲတွင် မသန်စွမ်းသည့် ဧည့်သည်များ လာပါက အသုံးပြုဖို့ရာအတွက် Wheel Chair(ဘီးတပ် ကုလားထိုင်) တစ်လုံးကို အခန်းထောင့်တွင် ထား ထားလေသည်။ ယခုမူ ထို ဘီးတပ် ကုလားထိုင်သည်ကား လူမပါဘဲ ထမင်းစားခန်းထဲတွင် လှည့်ပတ်ပြေးနေတော့သည်။

ကျနော် အမြင်မှားတာများလားဟု တွေးကာ မျက်လုံး နှစ်လုံးကို ပွတ်သပ်ကြည့်တော့ လည်း မထူးခြားပေ။ တော်သေးသည်က ကျနော့် ရှေ့တွင် ကောင်တာ တစ်ခုရှိ၍ ကျနော် ဆီတော့ မရောက်နိုင် ။ ကျနော် ကြည့်ရင်ဖြင့် ပင် ကြောက်စိတ်များ ဝင်လာပြီး အခန်းအပြင်ထွက်ကာ Reception မှ အစ်မတွေကို ခေါ် ပြလေရာ ထိုထိုင်ခုံမှာ ပကတိအတိုင်း မူလနေရာ မှ မရွေ့ပေ။

“ရဲရင့် ရယ် နင်အမြင် မှားတာနေမှာပါ အိပ်ချင်မူးတူးနဲ့ ဒါပဲ ဒါပဲ ငါတို့လည်း အလုပ်ရှိသေးတယ်” ဟုဆိုကာ ပြန်ထွက်သွားတော့သည်။
ကျနော်မှာ မူကား အသေအချာကြီး မြင်ထားပါလျက် ယခုကဲ့သို့ အရူးလုပ်ခံရသည်ကို မကျေမနပ်ဖြစ်ရင်း ပြန်အိပ်ဖို့ ကြိုးစားရလေတော့သည်။

########

“ရဲရင့် ရေ အန်တီ ခနမှေးလိုက်ဦးမယ် ၊ ပင်ပန်းနေလို့ ။ဂျာကြီးလာရင် လာပြောဦးနော် ”

နံနက်စာ စားသည့်အချိန်ကျော်လွန်သွား​သော ကြောင့် ဧည့်သည်များ သောက်ရန် Juice(ဖျော်ရည်) ဖျော် နေသော ကျနော့်အား Chef အကူ အန်တီကြီးမှာ လာပြောသောကြောင့်

” ဟုတ် အန်တီ အေးဆေး အိပ်၊ ဂျာကြီး လာရင် ပြောမယ် ”

” အေး အေး ကျေးဇူး ကျေးဇူး”

ထိုအန်တီ ကြီး ပြန်လှည့်သွား ကာ ထမင်းစားခန်းနှင့် ကပ်လျက်ရှိသော စတိုခန်းထဲ ဝင်သွားလေသည်။

ကျနော်လည်း လုပ်စရာရှိတာ လုပ်နေလိုက်သည်။
ထိုစဥှ

” ဟဲ့ ဟဲ့ ရဲရင့် ရေ လုပ်ပါဦး”

ဖိနပ်ပင် မစီးနိုင်ပဲ ဆံပင်တွေ ဖွာလန်ကြဲကာ မျက်လုံးပြူး မျက်ဆန်ပြူး ပြေးလာသော အန်တီကြီးကို တွေ့လိုက်ရသည် ။

“ဟာ ဘာဖြစ်တာလဲ အန်တီ ”
ထိုအခါ ကျနော့်အမေးကို ငိုသံပါကြီးဖြင့်

” မနက်က ပင်ပန်းလို့ အန်တီ အဲ့ဒီစတိုခန်းထဲမှာ မှေးခနဲ အိပ်ပျော်သွားတာ ၊ အဲ့ဒါ အန်တီ နားထဲမှာ နာမည်ခေါ်သံကြားလို့ မျက်လုံး ဖွင့်ကြည့်လိုက်တာ ဆံပင်ဖားလျားကြီး ချပြီး အန်တီရှေ့မှာ မားမား ကြီး ရပ်နေတာ ပြောရင်းတောင် ကြောက်လာပြီ ”

” ဟုတ်လို့လား အန်တီရယ် လာ ကျနော် လိုက်ကြည့်မယ် ဟုတ် မဟုတ် ”

ထိုစတို ခန်းသို့ ကျနော် သွားကြည့်ရာ မည်သူ့ကိုမျှ မတွေ့ခဲ့ရပါ ။ထို့ ကြောင့်

” အန်တီရယ် ဘာမှ မရှိပါဘူး။ အန်တီက ဆံပင်ဖြန့်ချပြီး အိပ်တာကိုး ။ စိတ်ခြောက်ခြားပြီး မြင်မိမြင်ရာ မြင်တာ ပေါ့ ” ဟု ဖြေသိမ့်လိုက်ရသည်။

ပြောသာပြောလိုက်ရတာ ။ ကျနော်ကိုယ်တိုင်လည်း ကြုံဖူးတာမို့ ထိုအန်တီကြီး မြင်တာကိုတော့ အကြွင်းမဲ့ ယုံကြည်​နေမိပါသည်။

ဤတွင် ကျနော် ရေးသားသော ” ခြောက်လွှာမှာ ခြောက်တတ်သည်” ဟူသော ဖြစ်ရပ်ဆန်း ပရဝတ္ထုတို တစ်ပုဒ်အား အဆုံးသတ်လိုက်ရပေသည်။

မှတ်ချက်။ နောင်အခါ ထိုဟိုတယ်တွင် အလုပ်လုပ်နေစဥ်ကာလတစ်လျှောက် ကျနော်သည် ခြောက်လွှာသို့လည်း တက်ပြီး စာမကြည့်ရဲ​ခဲ့ပါ။ ထမင်းစားခန်းထဲသို့လည်း ဝင်ပြီး မအိပ်ရဲတော့ပါ။ ကြက်သီးထဖွယ်အခန်းသို့လည်း ဝင်မစပ်စုတော့ပါ။ မသိသလိုသာ နေဖြစ်ခဲ့ပါသည်။ ​တစ်ချို့အရာတွေက မြင်နေ သိနေပေမဲ့ မသိချင်ယောင် မမြင်ချင်ယောင် ဆောင် တတ်ရသည်ဟု ကျနော် ယုံပါသည်။ စာဖတ်သူတို့လည်း အဆိုပါ ဟိုတယ်၏ နာမည်ကို သိချင်နေကြတယ် ဆိုရင်တော့ အဲ့ဒီ သိချင်တဲ့ စိတ်ကလေးကို မသိသလို နေပေးကြပါလို့ တောင်းဆိုပါတယ်ဗျ😊😊လုံးဝမနေနိုင်ဘူးဆိုရင် cb မှာ လာမေးပေးပါ ။ ဘယ်နားလေးက ဆိုတာလောက်တော့ ဖြေပေးပါ့မယ်။ သရဲ ဝိဉာဥ် ဆိုသည်မှာ ဆေးရုံ ဆေးခန်း ၊ စာသင်ကျောင်း စသည့် တို့အပြင် ဘုန်းကြီးကျောင်းကဲ့သို့သော လူအဝင်အထွက်များသည့်နေရာများတွင် တွေ့ရတတ်သော ကြောင့် ဟိုတယ် လို နေရာမျိုးတွင်လည်း ရှိနေနိုင်ပါသည်။ ဟိုတယ်တိုင်းမဟုတ်ပေမဲ့ အတော်များများ ကတော့ ရှိကြမယ်လို့ ထင်ပါတယ် ။ ကဲ ဒီလောက်ဆို စာဖတ်ပရိတ်သတ်တို့လည်း ဟိုတယ်တွေမှာ တည်းခိုဖြစ်ခဲ့ရင် သတိထားကြည့်ကြပါလို့ ။ ရေစက်ရှိရင်တော့ ကျနော့်လို ခြောက်လွှာမှာ အဖြစ်မျိုးနဲ့ ကြုံရနိုင်ပါတယ်လို့ ပြောကြားရင်းနဲ့……။

သတ္တဝါများ ကျန်းမာ ကြပါစေ ။

ရဲရင့် အဂ္ဂါ