*စုန်းထီးကြီးဦးဘသာနှင့် ပါးစပ်စီးတဲ့ မကပ်စေး*
****************************************************
(၁)
ကျုပ်တို့ရွာမှာ မကပ်စေးလို့ပြောလိုက်ရင်တော့ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပုပု၀၀မိန်းမကြီးတစ်ယောက်ကို ပြောတာပဲဗျာ၊ မကပ်စေးက အသက်က သုံးဆယ့်ငါးလောက်ရှိသဗျ၊ အညာသူအသားအရေအတိုင်း ညိုမည်းမည်းပဲပေါ့ဗျာ၊ ဈေးဆိုင်ဖွင့်ပြီး မိုးလင်းမိုးချုပ် ဈေးထိုင်ရောင်းနေရတာဆိုတော့ လူကလည်း အဆီပိတ်ပြီး ဝလာတာပေါ့ဗျာ၊ အရပ်ကလည်း ခပ်ပုပုကိုးဗျ၊ မကပ်စေးက တခြားနေရာမှာသာ ကပ်စေးနဲတတ်ပေမယ့် သူစားဖို့အတွက်ကျတော့ ကပ်စေးမနဲဘူးဗျာ၊ ဒါကြောင့်လည်း ဆိုင်စောင့်ရင်း အမြဲတမ်းတစ်ခုမဟုတ်တစ်ခုစားပြီး ပါးစပ်ကလေးတလှုပ်လှုပ်ရယ်ဗျ၊ ဒါကြောင့် သူ့ရုပ်က ဝက်ရုပ်၊ ပုပ်တောင်းရုပ်ကြီးဖြစ်နေတာကိုးဗျ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် အခုခေတ် ရုပ်ရှင်သရုပ်ဆောင် ကစ်ကစ်ရုပ်မျိုးပဲ၊ အသားကတော့ အတော်ကလေးပိုမဲတာပေါ့ဗျာ။
မကပ်စေးဆိုတဲ့စကားအတိုင်း အလွန်ကပ်စေးနဲတဲ့သူဗျ၊ ဈေးရောင်းနေပေမယ့် လက်ကလည်းအလွန်တိုတဲ့သူ၊ ဈေးရောင်းတဲ့အခါလည်း အလွန်တိကျတယ်၊ ချိန်ခွင်ကိုတောင်လျှာအစောင်းခံတဲ့လူမဟုတ်ဘူးဗျာ၊ တစ်ခါသားကလည်း ကျုပ်ကိုအမေက ကြက်သားနဲ့ရောချက်ဖို့ အာလူးသွားဝယ်ခိုင်းတယ်ဗျာ၊ ကျုပ်လည်း မကပ်စေးတို့ဆိုင်ကိုပဲ ပြေးခဲ့တာပေါ့ဗျာ၊ အာလူးငါးဆယ်သားဝယ်တော့ မကပ်စေးက အာလူးတွေကိုကောက်ပြီးချိန်ရှာတယ်ဗျ။ ချိန်ခွင်လျှာက သူ့အိမ်ထဲမှာ တန်းလို့မတ်လို့ပေါ့ဗျာ။
“ရပြီ ငါးဆယ်သား၊ ပေးတော့”
ကျုပ်ပြောတော့ မကပ်စေးက ခေါင်းခါလိုက်ပြီး
“ဟဲ့နေပါအုံး၊ ငါးဆယ်သားကို နှစ်ကျပ်သားလောက်ကျော်နေသဟ၊ ဒီမှာတွေ့လား”
မကပ်စေးက ပြူးပြဲကြီးကြည့်တယ်ဗျ၊ ကျုုပ်သေချာကြည့်တော့ ချိန်ခွင်လျှာက အာလူးတွေဖက်ကို မဆိုစလောက်ကလေး ယိုင်နေပါရောဗျာ။
“ဟာဗျာ၊ နှစ်ကျပ်သားလောက်ပဲ ပေးလိုက်ရောပေါ့ဗျာ”
“အောင်မယ်၊ နင်တို့ နှစ်ကျပ်သားနှစ်ကျပ်သားနဲ့ နင့်လိုလူဆယ်ယောက်လောက်လာဝယ်ရင် နှစ်ဆယ်သားလောက် ငါကဆုံးမှာပေါ့ဟဲ့၊ မပေးနိုင်ပါဘူး၊ ငါက တိကျမှကြိုက်တာ”
မကပ်စေးက အာလူးတစ်လုံးကိုပြန်ထုတ်ပြီး အာလူးခပ်သေးသေးတစ်လုံးကောက်ထည့်တယ်ဗျ၊ ဒီတော့လည်း နည်းနည်းလိုနေပြန်ရောဗျာ၊ အာလူးတွေတစ်လုံးပြီးတစ်လုံးပြောင်းချိန်ရင်း နောက်ဆုံးကျတော့မှ ငါးဆယ်သားနဲ့ကွက်တိလောက်ကျသွားတော့တယ်၊ ကျုပ်လည်း ချိန်ခွင်လျှာကိုသေချာကြည့်လိုက်ပြီးတော့
“ဟာ၊ မကပ်စေး၊ ဒီမှာချိန်ခွင်လျှာက မညီဘူးနော်ဗျ၊ အလေးတွေဘက်ကို နည်းနည်းကလေးစောင်းနေသလားလို့”
မကပ်စေးက ပြုံးရယ်ရင်း
“အလတ်ကောင်ရာ၊ အလွန်ဆုံးလိုရင် နှစ်ကျပ်သားပေါ့၊ ကဲယူသွားတော့”
“ဟောဗျာ၊ သူကျတော့ နှစ်ကျပ်သားတောင်အပိုမပေးနိုင်ပဲနဲ့ အခုသူများကိုကျတော့ နှစ်ကျပ်သားလျှော့ပေးရသလားဗျ”
“ဟဲ့၊ ငါကဈေးရောင်းနေတာ စီးပွားရေးလုပ်နေတာဟဲ့၊ တိကျမှရမယ်၊ နင်တို့က ဒီအာလူးတွေကို စားမှာမဟုတ်လား၊ နှစ်ကျပ်သားလောက် လျှော့စားလို့လည်း ဘာမှမဖြစ်မသွားပါဘူးအေ၊ ရော့ရော့ ယူသွားတယ်”
အဲဒါသာကြည့်ပေတော့ဗျာ၊ ကျုပ်လည်း မကပ်စေးပေးတဲ့အာလူးတွေကို ယူခဲ့ရတော့တာပေါ့။ ဈေးဝယ်တဲ့အကြောင်းပြောတော့ ကျုပ်ကြီးဒေါ် ဒေါ်ပြုံးကြီးကို သွားသတိရသဗျာ၊ ကြီးဒေါ်ပြုံးက ဈေးဝယ်ရင် အဆစ်တောင်းလိုက်ရမှ ကျေနပ်တဲ့လူဗျ၊ ဈေးကိုလည်း ဆစ်တဲ့အပြင် ဝယ်ရင်လည်း အဆစ်ကလေး ပိုပိုသာသာရမှ ကြိုက်တတ်တဲ့လူစားမျိုး၊ ငါးပိဝယ်ရင် ငံပြာရည်အဆစ်တောင်းတဲ့လူပေါ့ဗျာ၊ ကြက်သွန်ဝယ်ရင် ပဲလက်တစ်ဆုပ်လောက် ရလိုက်ရမှ ကျေနပ်တဲ့လူမျိုး၊ နောက်ဆုံး ဘာကိုမှအဆစ်မရဘူးဆိုရင်တောင် ဈေးရောင်းတဲ့ဆိုင်ခေါင်မိုးက ထန်းလက်ခြောက်ကိုလက်တစ်ဆစ်လောက်ချိုးဖဲ့ယူသဗျာ၊ ဒါမျိုးလူတွေလည်း လောကမှာရှိသားဗျ။
ဘာမဆို အဆစ်လိုချင်တဲ့ ကြီးဒေါ်ပြုံးက မကပ်စေးနဲ့တွေ့မှ ကျွတ်တော့သဗျို့၊ ကြီးဒေါ်ပြုံးက တစ်ရက်တော့ မကပ်စေးဆိုင်မှာ ဈေးဝယ်ရင်း အဆစ်တောင်းမိပါရောဗျာ၊ ဟိုကလည်း ကုပ်ကုပ်စဆိုတော့ သူတောင်းတဲ့အဆစ်ကိုပေးမလားဗျာ၊ ဒီအချိန်မှာပဲ ကြီးဒေါ်ပြုံးက ဘာလုပ်သလဲဆိုတော့ မကပ်စေးဆိုင်ခေါင်မိုးမှာ မိုးထားတဲ့ထန်းလက်ခြောက်တွေကို လက်တစ်ထွာလောက်ဖြတ်ယူလိုက်တာပါပဲ။
“အောင်မယ် အဒေါ်ကြီး၊ ဒါဘာလုပ်တာလဲ”
“နင်ငါ့ကို ကုန်စည်အဆစ်မပေးချင်ဘူးမဟုတ်လား၊ ဒါပေမယ့် ငါကတော့ နင့်ဆီက မရရတဲ့နည်းနဲ့ အဆစ်ယူရမှာပဲအေ့၊ ဟောဒီထန်းလက်က နင့်ဆီက ငါယူတဲ့အဆစ်ပေါ့”
“အောင်မယ်လေးတော်၊ ကျုပ်ဆိုင်ခေါင်မိုးကို ချိုးတဲ့အဒေါ်ကြီး၊ ရှင့်အိမ်ခေါင်မိုးလည်း ကျိုးပါစေတော်”
မကပ်စေးက ပြောထဲ့လိုက်တယ်ဗျ၊ ကြီးဒေါ်ပြုံးကတော့ အောင်နိုင်သူအပြုံးနဲ့ဆိုင်ကနေပြန်ထွက်လာတာပေါ့ဗျာ၊ အဲ၊ တိုက်ဆိုင်တာလားတော့မသိဘူးဗျ၊ အဲဒီညနေမှာပဲ ကျုပ်တို့ရွာကို လေနီကြမ်းကျတယ်ဗျ၊ လေနီကြမ်းဆိုတာမျိုးက ကျုပ်တို့အညာနဲ့တော့ မစိမ်းတော့ဘူးဗျ၊ တချို့အိမ်တွေဆိုရင် လေဒဏ်ခံနိုင်အောင်လို့ အိမ်ခေါင်မိုးမိုးထားတဲ့ သက်ကယ်တွေ၊ ထန်းလက်မိုးတွေအပေါ်ကို ဝါးလုံးတွေ၊ ဝါးကပ်တွေနဲ့တင်ပြီး သေချာခိုင်အောင်တုပ်ထားတတ်ကြတယ်မဟုတ်လားဗျာ၊ အခုလည်း လေနီကြမ်းတိုက်တာ ဘေးနားက အိမ်နှစ်လုံးက ဘာမှမဖြစ်ပေမယ့် ကြီးဒေါ်ပြုံးတို့ အိမ်ခေါင်မိုးကတော့ အမိုးကြီးကျွတ်ပြီး လန်သွားတာပေါ့ဗျာ၊ ကြီးဒေါ်ပြုံးလည်း အဲဒီကတည်းက မကပ်စေးဆီမှာ အဆစ်မတောင်းရဲတော့တာပါပဲဗျာ။
(၂)
မကပ်စေးဟာ ကပ်စေးအလွန်နဲပြီးတော့ ပါးစပ်လည်းကြမ်းတယ်ဆိုပေမယ့် တစ်ရွာလုံးက သူနဲ့မကင်းနိုင်ဘူးဗျ၊ သူတို့မိသားစုက ငွေပင်ငွေရင်းလေးရှိတော့ ရွာကလူတွေကို ငွေထုတ်ချေးတယ်ဗျ၊ အဲဒီခေတ်က ဒီခေတ်လို၊ နေ့ပြန်တိုးတွေဘာတွေမရှိဘူးလေဗျာ၊ ငွေချေးပြီးရင် သီးနှံပေါ်ဘာပေါ်ကျမှ အတိုးနဲ့ပြန်ဆပ်ရတာကိုးဗျ၊ ရာသီတိုးလို့ခေါ်ကြတာကိုး၊ ရွာမှာကလည်း တောသူတောင်သား လယ်သမားတွေများတော့ စိုက်ခါနီး ပျိုးခါနီးဆိုရင် မကပ်စေးဆီကနေ ငွေပင်ငွေရင်းချေးယူပြီး စိုက်ပျိုးကြတာကိုးဗျ၊ ဒါကြောင့်လည်း မကပ်စေးကို မချစ်သော်လည်း အောင့်ကာနမ်းရတယ်ဆိုသလိုပေါ့။
ဟော၊ ငွေတိုးမချေးဘူးဆိုရင်တောင်မှ ဘာလေးညာလေး၊ လူ့အသုံးအဆောင်လေး လိုချင်ပြီဆိုရင် မကပ်စေးဆီကိုပဲလှည့်ရတယ်မဟုတ်လား၊ ရွာမှာ အိမ်ဆိုင်က မကပ်စေးတစ်ဆိုင်ထဲရှိတာကိုးဗျာ၊ သူ့ဆိုင်မှာ ထယ်သွားကအစ အပ်အစဆုံး လိုတာအားလုံးရနိုင်တယ်ဆိုတော့ အိမ်မှာတစ်ခုခုလိုပြီဆိုရင် မကပ်စေးဆီပဲ ပြေးရတော့တာပါပဲ၊ ဒါကြောင့်လည်း သူနဲ့မကင်းနိုင်ဘူးလို့ပြောရတာဗျ။
လူတွေက မကပ်စေးဆီမှာ ဈေးသာဝယ်ရတာ လန့်တာတော့ ခပ်လန့်လန့်ရယ်ဗျ၊ ဘာလို့လဲဆိုတော့ မကပ်စေးက ကပ်စေးနဲတဲ့အပြင် နှုတ်ကလည်းသိပ်စီးတယ်လို့ဆိုသဗျာ၊ ကလေးအမေတစ်ယောက် ကလေးခါးတစ်ခွင်ချီပြီး ဈေးသွားဝယ်တာပေါ့ဗျာ၊ မကပ်စေးက ကလေးကိုတွေ့တော “၀၀ကစ်ကစ်နဲ့ ချစ်စရာကြီးပါလား” လို့ပြောလိုက်တာ၊ နောက်တစ်နေ့မှာပဲ အဲဒီကလေးက အပြင်းဖျားတော့သဗျို့၊ သုံးရက်လောက်ဖျားပြီးတော့ ၀၀တုတ်တုတ်ကလေးလေးက ပိန်ပိန်မျောမျောလေးဖြစ်သွားပါရောဗျာ၊ ဒါကြောင့် မကပ်စေးပါးစပ်ကို လူတွေကြောက်ကြတာဗျ၊
တစ်ခါသားကလည်း ကာလသားလူပျိုဟိုင်းတစ်ယောက် မကပ်စေးဆီဈေးဝယ်ရင်း ရိသဲ့သဲ့သွားလုပ်ပြန်သတဲ့ဗျာ၊ မကပ်စေးက ပျစ်ပျစ်နှစ်နှစ်ဆဲလွတ်ပါရောဗျာ၊
“ရုပ်ကဖြင့် ချေးစိမ်းပန်းပြီးသေမယ့်ရုပ်နဲ့များ၊ လူကိုလာပြီး ရည်းစားစကားလာပြောနေသေးတယ်”
မကပ်စေးက အဲဒီလိုပြောပြီးနောက်တစ်နေ့မှာပဲ လူပျိုဟိုင်းကြီး ချေးတွေပန်းပါတော့တယ်ဗျာ၊ အဲဒီလူပျိုကြီးလည်း ကြောက်လန့်ပြီးတော့ ရွာကထွက်သွားတာ အခုထိကိုပြန်မလာတော့ပါဘူး၊ တစ်ရပ်တစ်ကျေးမှာ အိမ်ထောင်ကျသွားတယ်လို့ ပြောတာပဲ။
မကပ်စေး နှုတ်စီးတာက လူတွေတင်မကဘူးဗျ၊ မကပ်စေးက ညနေငါးနာရီလောက်ဆိုရင် ဆိုင်ပိတ်ပြီဗျာ၊ ဆိုင်ပိတ်ပြီးလို့ ရေမိုးချိုးပြီးရင် ရွာထဲလှည့်ပြီး အကြွေးပတ်တောင်းတတ်တယ်၊ တစ်ခါတုန်းကလည်း မကပ်စေးတစ်ယောက် အကြွေးတောင်းဖို့ဆိုပြီး ရွာနောက်ပိုင်းက ကိုရင်မြတို့ခြံထဲကိုဝင်သွားသဗျာ၊ ကိုရင်မြက စိုက်တာပျိုးတာဝါသနာပါတယ်ဆိုတော့ သူ့အိမ်ရှေ့ဘူးစင်ကြီးထိုးပြီး ဘူးသီးတွေစိုက်ထားတာ မနည်းဘူးဗျ၊ ဘူးစင်မှာ ဘူးသီးကြီးတွေ သီးနေတာကိုမြင်တော့ မကပ်စေးက ပျော်ရွှင်သွားပြီး
“ဟယ်၊ ဘူးသီးကြီးတွေက နုပြီးထွားလိုက်တာတော်၊ ဘူးရွက်တွေဆိုရင်လည်း စိမ်းညှို့နေတာပဲ”
မကပ်စေးအဲဒီလိုပြောပြီး သုံးရက်လောက်အကြာမှ ကိုရင်မြဘူးစင်က ဘူးသီးကြီးတွေက ပုပ်လိုက်လာတယ်တဲ့ဗျာ၊ ဘူးရွက်တွေလည်း ဘာမှန်းမသိဘဲ ညှိုးရော်လိုက်လာပါရော၊ တစ်ပတ်လောက်ကြာတော့ ဘူးပင်တွေအကုန် အမြစ်ပုပ်ပြီးသေကုန်ပါရောတဲ့ဗျာ၊ ဒါတွေက မကပ်စေးနှုတ်စီးလို့ဖြစ်တာလို့ ရွာထဲပြောကြတာပဲဗျာ။
ဒီနေ့လည်းကြည့်အုံးဗျာ၊ ကျုုပ်မနက်စာစားပြီးတော့ ယာခင်းထဲဆင်းမယ်အလုပ်မှာ အမေက ကျုပ်ကိုပြောပါရော။
“ဟဲ့အလတ်ကောင်၊ နင်ယာထဲမဆင်းခင်၊ မကပ်စေးဆိုင်မှာ ဇာဂနာသွားဝယ်ပေးစမ်းပါဟယ်၊ ငါ့ဆံပင်ဖြူတွေပေါက်နေတာ အငယ်မကိုနှုတ်ခိုင်းမလို့”
ကျုပ်လည်း အမေပေးတဲ့ပိုက်ဆံကိုယူခဲ့ပြီးတော့ မကပ်စေးဆီကိုလာခဲ့တော့တယ်ဗျ၊ မကပ်စေးက သူ့ဆိုင်ထဲမှာထိုင်နေတယ်၊ လက်ထဲမှာလည်း ကျုပ်တို့ဘက် ဗယာကြော်လို့ခေါ်တဲ့ မတ်ပဲကြော်ကိုင်ထားပြီး တဂျွတ်ဂျွတ်နဲ့စားနေသဗျာ။
“မကပ်စေး၊ ဇာဂနာရှိရင် တစ်ချောင်းလောက်ပေးစမ်းပါဗျာ”
ကျုပ်ပြောတော့ မကပ်စေးက ခေါင်းညိတ်ပြီး မတ်တပ်ထဖို့ကြိုးစားတယ်ဗျ၊ သူ့ကိုယ်လုံးက ဝက်ကိုယ်လုံးကြီးဆိုတော့ တော်တော်နဲ့မထနိုင်ဘူးပေါ့ဗျာ၊ လက်တစ်ဖက်က ဆိုင်တိုင်ကိုအားစိုက်ကိုင်ပြီးမှ ထနိုင်တယ်ဗျာ၊ ကျုပ်လည်း မကပ်စေးကိုမြင်တော့ မနေနိုင်တော့တာနဲ့။
“မကပ်စေးကလဲဗျာ၊ အမြဲတမ်းအစားနဲ့ပါးစပ်နဲ့မပြတ်တော့ ဝနေတာပေါ့ဗျ”
“အောင်မယ်၊ နင်ကများငါ့ကိ ဝတယ်ပြောရတယ်ရှိသေး၊ ငါ့ပါးစပ်နဲ့ငါစားတာ ဘာဖြစ်သလဲ”
“စားတာတော့စားတာပေါ့ဗျာ၊ မကပ်စေးကိုယ်လုံးက လိပ်ခါးရှည်ကိုယ်လုံးဖြစ်နေပြီဗျ၊ ဒါကြောင့် လင်မရတာ”
“ဟောတော်၊ ငါ့ဆိုင်လည်းလာဝယ်သေးတယ်၊ ငါ့ကိုလည်း စော်စော်ကားကားနဲ့၊ ငါက မလိုချင်ဘူးဟေ့၊ မလိုချင်လို့ မယူတာ၊ သိပြီလား”
မကပ်စေးက ဆိုင်အမိုးနားမှာ ချိတ်ထားတဲ့အိတ်တစ်လုံးထဲကနေ ဇာဂနာတစ်လက်ကိုထုတ်ပေးတယ်ဗျ၊ ကျုပ်ပိုက်ဆံပေးလိုက်တော့ မကပ်စေးက ပြန်အမ်းရင်း
“ငါ့ပဲပြောနေရသေးတယ်၊ နင်တောင်မှ ဝလာပြီအလတ်ကောင်၊ ဝလို့လှလို့ပါလားဟဲ့”
မကပ်စေးပြောတဲ့စကားကြားပြီးတော့ ကျုုပ်ရင်ထဲ ဒိန်းခနဲဖြစ်သွားသဗျာ၊ သူက ဝတယ်တို့ ပိန်တယ်တို့ပြောရင် အဲဒီအပြောခံရတဲ့လူက တစ်ခုခုဖြစ်တတ်တယ်ဆိုပြီး ကြားဖူးထားတယ်မဟုတ်လား၊ ဒါနဲ့ကျုပ်လည်း ဘာမှမပြောတော့ဘဲ ပြန်အမ်းတဲ့ပိုက်ဆံကိုယူပြီး အိမ်ကိုအပြေးပြန်လာခဲ့တယ်ဗျ။
(၃)
“ဟေ့အလတ်ကောင်၊ ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာတုန်းကွ”
“ဘာဖြစ်ရမလဲဗျာ၊ မကပ်စေးက ကျုပ်ကို ဝတယ်လို့ ပြောလွှတ်လိုက်လို့ ရင်ဖိုပြီးပြန်လာတာဗျ”
ဦးဘသာက နွားတစ်အုပ်မောင်းလာရင်း ရယ်ကျဲကျဲနဲ့နားထောင်နေသဗျ။
“ဝတယ်ပြောတာ ဘာဖြစ်လို့လဲအလတ်ကောင်ရ၊ တကယ်လည်းဟုတ်တာပဲ၊ မင်းဗိုက်တောင်မှ နည်းနည်းစူထွက်နေသလားလို့”
“ဟာဗျာ၊ ဦးဘသာမသိဘူးလားဗျ၊ မကပ်စေးက နှုတ်စီးတယ်လေဗျာ၊ သူပြောရင် တစ်ခုခုတော့ဖြစ်တာပဲမဟုတ်လား”
ဦးဘသာက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“ဒါမျိုးကိုတော့ တို့ဗမာအယူအဆမှာ အံ့ကျတယ်လို့ခေါ်သကွ”
“အံ့ကျတယ်တဲ့လား”
“ဟုတ်တယ်ကွ၊ ရှေးလူကြီးသူမတွေအယူအရတော့ သစ်သီးဝလံ၊ အသီးအပွင့်တွေ ကြီးထွားဖွင့်ဖြိုးနေတာကိုမြင်ရင် တအံ့တသြနဲ့ လက်ညှိုးထိုးပြီးတော့ ကောင်းချီးစကားမပြောကြားရဘူးလို့ တားမြစ်ခဲ့ကြတယ်ကွ၊ ဥပမာဆိုပါတော့ကွာ၊ ဒီငှက်ပျောသီးကြီးက ကြီးလိုက်တာ၊ ထွားလိုက်တာ၊ မာလကာသီးက ကြီးလိုက်တာ လက်သီးဆုပ်လောက်ရှိတယ်၊ ဖရုံသီးကြီးပုံများ ရေအိုးကြီးလောက်ရှိတယ် ဆိုပြီးတော့ လက်ညှိုးထိုးပြီးတော့ အားရဝမ်းသာမပြောရဘူးတဲ့ကွ၊ အဲဒီလိုပြောတာ အခန့်မသင့်လို့ နှုတ်စီးတဲ့လူနဲ့တွေ့ရင် သီးပွင့်နေတဲ့အသီးအပွင့်တွေ၊ အပင်တွေက ကန်းသွားတယ်၊ သိမ်သွားတယ်၊ ရှုံ့တွန့်ညှိုးနွမ်း ခြောက်သွေ့သွားတတ်ကြတယ်တဲ့ကွ၊ အဲဒါကို အံ့ကျတယ်လို့ခေါ်ကြတာပေါ့”
“ဒါကြောင့်နေမယ်ဗျ၊ တလောက ကျုပ်တို့အိမ်အနောက်ဘက် နွားတင်းကုပ်ခေါင်မိုးပေါ်မှာတင်ပြီးစိုက်ထားတဲ့ ကျောက်ဖရုံသီးတွေ တော်တော်ကြီးလာတော့ ကျုပ်က လက်ညှိုးညွန်ပြတာကို အမေက လက်ညှိုးနဲ့မထိုးရဘူးတဲ့ဗျာ၊ လက်သီးဆုပ်နဲ့ပြရတယ်ဆိုပဲဗျ”
“အင်းပေါ့လေ၊ ဒါကလည်း အံ့ကျမှာစိုးလို့ ကာကွယ်ချင်တာဖြစ်မှာပေါ့၊ တကယ်လို့ ကိုယ်စိုက်ပျိုးထားတဲ့သီးနှံတွေကို တစ်ယောက်ယောက်က လက်ညှိုးထိုးလို့ အံ့ကျတော့မယ်ထင်တာနဲ့ အိမ်မှာရှိတဲ့ ပုဆိုးစုတ်၊ ထမီစုတ်တွေကို ဖြဲစုတ်ပြီးတော့ သစ်ပင်ရဲ့ပင်စည်၊ သစ်ကိုင်းတွေမှာ ဖဲပြားလေးလို ချည်ပေးထားလိုက်ရတယ်ကွ၊ အဲဒီလိုလုပ်ရင် အံ့မကျတော့ဘူးတဲ့၊ အံ့ကျတာနဲ့ပတ်သက်လို့ နောက်တစ်နည်း အံ့ကျတာလည်းရှိသေးသကွ”
“ဆက်ပါအုံးဗျာ”
“အဲဒါကတော့ ကလေးသူငယ်တွေနဲ့ဆိုင်သကွ၊ ကလေးတွေ ဝဖြိုုးနေတယ်ဆိုရင် ဝလိုက်တာ၊ ထွားလိုက်တာလို့မပြောရဘူး၊ ထမင်းစားတဲ့ကလေးကိုလည်း အစားကြီးလိုက်တာလို့မပြောရဘူး၊ နောက်ပြီးတစ်ခါ ဆော့ကစားလွန်းတဲ့ကလေးတွေကိုလည်း ဆော့လိုက်တာလို့ မပြောဆိုရဘူးကွ၊ ခုနကလို နှုတ်စီးတဲ့လူနဲ့တွေ့တော့ အံ့ကျသွားတတ်တယ်၊ အံ့ကျရင် အဲဒီကလေးက ချူချာလာမယ်၊ ရောဂါဘယထူပြောလာမယ်၊ ပိန်လှီသွားမယ်လို့ ယူဆကြတယ်ကွ”
“ဒါလည်းပြောလို့တော့မရဘူးနော်ဗျ၊ အဲဒီလိုဖြစ်ရင် ဘယ့်နှယ့်လုပ်ကြမလဲ”
“ရှေးလူကြီးတွေကတော့ ကလေးအံံ့ကျရင် လင်းနေရွက်၊ နောက်ပြီး မင်းတို့ဆော့တဲ့ ဂုံညင်းဒိုးစေ့နဲ့ ကလေးတစ်ကိုယ်လုံးကို အထက်ကနေအောက်ကို ပွတ်သပ်ဆွဲချပေးရတယ်၊ ပြီးရင် ဂုံညင်းစေ့ဒိုးကို မီးဖုတ်ပြီးတော့ သူပေါက်ကွဲထွက်တဲ့အရပ်မှာ ခုနက အရွက်တွေကိုစွန့်ပစ်ပေးရတယ်၊ ဒါမှ အံ့မကျတော့မှာတဲ့ကွာ၊ ဒါကြောင့်မို့ ရှေးလူကြီးသူမတွေက လိုလာရင်သုံးလို့ရအောင်ဆိုပြီးတော့ ဂုံညင်းဒိုးစေ့ထွက်တဲ့ ဒိုးသီး၊ ဒိုးတောင့်တွေကို နေအိမ်တံစက်မြိတ်မှာ ချိတ်ဆွဲထားတတ်ကြတာပေါ့ကွာ”
“ဟုတ်မယ်၊ ဟုတ်မယ်၊ အကိုကြီးသမီး မွေးတုန်းက အရီးညိုကို တံစက်မြိတ်မှာ ဒိုးတောင့််ကြီးလာချိတ်သွားတာ ဒါကြောင့််နေမှာဗျ၊ အခုထိတောင် အိမ်မှာတွဲလောင်းကြီးရှိနေသေးတယ်”
“အေးအေး၊ ငါလည်းသွားတော့မယ်၊ နွားအုပ်ကျောင်းဖို့ နေတောင်မြင့်နေပြီဟ”
“ဒါနဲ့ဦးဘသာရာ၊ အခုမကပ်စေးက ကျုပ်ကိုဝတယ်လို့ပြောလိုက်တယ်မဟုတ်လား၊ ကျုပ်ဖြင့် နေရတာ စိတ်မဖြောင့်ပါဘူးဗျာ၊ ကျုပ်တစ်ခုခုများဖြစ်နေမလား ဦးဘသာ”
“မင်းကတော့ တွေးကြောက်နေပြန်ပါပြီကွာ၊ အံ့ကျတယ်ဆိုတာ ကလေးတွေဖြစ်တယ်လို့ပဲကြားဖူးတာပါကွ၊ လူကြီးဖြစ်တယ်လို့တော့ တစ်ခါမှ မကြားဖူးပါဘူးကွာ၊ တွေးပူမနေစမ်းပါနဲ့”
ဦးဘသာပြောမှ ကျုုပ်လည်း စိတ်သက်သာရာရတော့တယ်ဗျ၊ အင်းလေ၊ လူပျိုကြီး ချေးပန်းတယ်ဆိုတာကလည်း အဲဒီနေ့က နေပြင်းပြင်းနဲ့ပဲဟင်းတွေစားလိုက်တယ်ဆိုလားပဲ၊ တိုက်ဆိုင်သွားတာ ဖြစ်မယ်လို့ပဲ ကျုပ်ယူဆပြီး အိမ်ကိုအပြေးပြန်လာခဲ့ပါတော့တယ်ဗျာ။
အိမ်ရောက်တော့ အမေ့ကိုဇာဂနာပေးပြီး ယာထဲဆင်းတယ်၊ ညနေတော့ ယာထဲကပြန်လာတယ်၊ အဲဒီအထိအကောင်းဗျ၊ ယာထဲကပြန်အရောက်မှာ ရေချိုးမယ်ဆိုပြီး ရေခွက်ကိုင်လိုက်တော့ စဉ့်အိုးထဲမှာ လူမျက်နှာကြီးပေါ်လာသဗျာ၊ ကျုပ်ဖြင့် လန့်သွားလို့ ထတောင်အော်လိုက်မိတယ်၊ ကျုပ်ဘေးနားမှာ ပုဆိုးလေးပခုံးပေါ်တင်ပြီး ရေချိုးဖို့လုပ်နေတဲ့အကိုကြီးက
“ဟာ အလတ်ကောင်ရာ၊ လန့်လိုက်တာကွာ၊ ဘာဖြစ်တာလဲ”
“ဟိုလေ၊ ရေ၊ ရေအိုးထဲမှာ မျက်နှာကြီးတစ်ခုဗျ”
အကိုကြီးက အနားလာကြည့်တယ်ဗျ၊ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ ကျုပ်မျက်နှာက အထင်းသားပေါ်နေပါရောဗျာ။
“ဟား၊ ဟား ကိုယ့်မျက်နှာအရိပ်ကို ကိုယ်ပြန်မြင်ပြီးကြောက်တဲ့ကောင်၊ ဒီတစ်ခါပဲတွေ့ဖူးသေးတယ်ကွာ၊ ဟား၊ ဟား”
“မရယ်နဲ့အကိုကြီးရ၊ ကျုပ်မျက်နှာမဟုတ်ဘူး၊ မျက်နှာဖြူဖြူကြီးတစ်ခုဗျ”
“မင်းကတော့လုပ်တော့မယ်၊ အလတ်ကောင်၊ ရေချိုးစရာရှိလည်းမြန်မြန်ချိုး၊ ငါလည်းပြီးရင်ချိုးရအုံးမယ်ကွ”
အကိုကြီးပြောတော့မှ ကျုပ်လည်း ရေအိုးထဲက ရေကို ဒန်ဖလားနဲ့ခပ်ပြီးတော့ လောင်းချလိုက်တာပါပဲဗျာ၊ ထူးထူးဆန်းဆန်းပါပဲဗျာ၊ ရေအိုးထဲက ရေတွေက အေးစက်နေတာလွန်ပါရော၊ မသိရင် ရေခဲရေတွေများလားလို့တောင် ထင်ရတယ်ဗျ၊ အကိုကြီးလည်း ရေချိုးဖို့စောင့်နေတာဆိုတော့ ကျုပ်လည်း ရေအိုးထဲက ရေတွေကိုခပ်ခပ်ပြီး မြန်မြန်လောင်းချလိုက်တယ်၊ သုံးခွက်ပဲလောင်းရသေးတယ် တစ်ကိုယ်လုံးကိုချမ်းတက်လာတာဗျာ၊ အညာရာသီဥတုက ဒီလောက်မအေးပါဘူးဗျာ၊ အခုမှ ဘယ့်နှယ့် ရေကအေးလိုက်တာလွန်ပါရော၊ ကျုပ်ဆပ်ပြာတောင်မတိုက်နိုင်တော့ပါဘူး၊ လေးငါးဆယ်ခွက်လောင်းပြီးတော့ ပုဆိုးရေလဲပြီး အိမ်ပေါ်ကိုပြေးတက်လာခဲ့ပါရောဗျာ။
လက်ကလေးနှစ်ဖက်ကို ရင်ဘတ်နားကပ်ပြီး မေးတဆတ်ဆတ်တုန်ရင်း ပြေးတက်လာတဲ့ကျုပ်ကို အဖေက အထူးအဆန်းနဲ့ကြည့်တယ်ဗျ။ ကျုပ်အဝတ်အစားလဲပြီးတဲ့အထိ ချမ်းနေတုန်းပဲဗျာ၊ ချမ်းတာကမှ တော်တော်ချမ်းချမ်းပါ၊ ဟိုးရိုးတွင်းခြင်ဆီထဲကနေပြီး ချမ်းနေသလားတောင်ထင်ရတယ်ဗျ၊ ရေမိုးချိုးပြီး မိသားစုတွေ ညစာစုစားကြတော့ ကျုပ်မဟန်နိုင်တော့ပါဘူးဗျာ၊ ထိုင်ခုံတန်းပေါ် ဆောင့်ကြောင့်ထိုင်ပြီး ဒူးနှစ်ဖက်ကလည်း တဆတ်ဆတ်တုန်နေသဗျ။
“အလတ်ကောင်၊ နင်ဘာဖြစ်နေတာလဲ”
“ချမ်း၊ ချမ်းလိုက်တာအမေရာ”
“ဘယ်လိုဖြစ်တာလဲဟဲ့၊ ဒီအချိန်ကြီးမှာ အချမ်းထရတယ်လို့၊ မီးယပ်ချမ်းလို့ ပြောရအောင်ကလည်း နင်က ယောက်ျားကြီးမဟုတ်လား”
“မသိဘူးအမေရာ၊ ကျုပ်ချမ်းတယ်၊ ကျုပ်ချမ်းတယ်ဗျ၊ အီးဟီး”
ထမင်းတစ်လုပ်နှစ်လုပ်ပဲစားနိုင်တယ်ဗျာ၊ ကျုပ်အိမ်ပေါ်ကိုအပြေးတက်လိုက်ပြီးတော့ စောင်တွေအထပ်ထပ်ခြုံထားရပါရော၊ တစ်အိမ်လုံးမှာ ရှိသမျှစောင်တွေအကုန်ခြုံတာတောင်မှ မနွေးဘူးဗျာ၊ အဖေကတော့ ကျုုပ်ကိုစမ်းကြည့်ပြီး
“အလတ်ကောင်တော့ ဖျားပြီထင်တယ်ကွ၊ ကဲ အကြီးကောင်ရေ ဆေးဆရာဦးမှတ်ကြီးကို ပြေးပင့်စမ်းကွာ”
မကြာပါဘူးဗျာ၊ အကိုကြီးနဲ့ ဆေးဆရာဦးမှတ်ကြီးရောက်လာကြတယ်။ ဦးမှတ်ကြီးက ကျုပ်ကိုစမ်းသပ်ပြီးတော့
“ခြေဖျားလက်ဖျားတွေလည်း အေးစက်နေပါလား၊ ငှက်ဖျားထတာဖြစ်မယ်ထင်တယ်၊ ကျုပ် ငန်းဆေးပေးခဲ့မယ်၊ ကွမ်းရွက်ပြုတ်ရည်နဲ့ တိုက်ဗျ”
အမေက ကွမ်းရွက်ပြုတ်ရည်တွေယူလာတယ်ဗျ၊ ခုမှ မီးဖိုပေါ်ကချတာဆိုတော့ အငွေ့တွေတထောင်းထောင်းနဲ့ပေါ့ဗျာ၊ အမေက မတ်ခွက်တစ်လုံးနဲ့ခပ်ပေးတော့ ကျုပ်လည်း မတ်ခွက်ကိုလက်နဲ့ကိုင်လိုက်တော့တယ်။
“ဟဲ့ အလတ်ကောင်၊ ကိုင်းကနေကိုင်လေဟာ၊ ဒီလောက်ပူတာကို”
အမေက ပူတယ်လို့သာပြောပေမယ့် ကျုပ်လက်တွေမှာ အပူဆိုတာကို မခံစားရဘူးဗျ၊ အမေပူတယ်ဆိုတဲ့မတ်ခွက်ကို ကျုပ်ကလက်နဲ့ပဲကိုင်ထည့်လိုက်တာ၊ ပြီးတော့ နွေးလိုနွေးငြားနဲ့ အဲဒီမတ်ခွက်ကိုမော့လိုက်လိုက်ပါရောဗျာ၊ အငွေ့တထောင်းထောင်းထနေတဲ့ ကွမ်းရွက်ပြုတ်ရည်တွေက ကျုပ်လည်ချောင်းထဲကိုစီးဝင်သွားသဗျာ၊ ဒါပေမယ့် ပူနွေးတဲ့ခံစားချက် တစ်ချက်မှတောင်မဖြစ်ဘူးဗျ၊ ရေနွေးပူကြီး မော့သောက်နေတဲ့ကျုပ်ကို အိမ်ကလူတွေက အထူးအဆန်းနဲ့ ကြည့်နေကြတယ်ဗျာ။ ကျုပ်လည်း မတ်ခွက်ကိုပစ်ချလိုက်ပြီးတော့
“ချမ်းလိုက်တာ၊ ချမ်းလိုက်တာအမေရာ၊ ကျုပ်ကိုရေနွေးပူပေးစမ်းပါ”
အမေတို့က ဘာမှမလှုပ်ရှားတဲ့ ကျုပ်လည်း ကွမ်းရွက်ပြုတ်ထားတဲ့ ဒန်အိုးကြီးကိုလက်နှစ်ဖက်နဲ့ဆွဲယူလိုက်ပြီးတော့ ပါးစပ်ထဲကိုစောင်းပြီး သောက်လိုက်ပါရောဗျာ၊ ကွမ်းရွက်ပြုတ်ရည် ပူပူကြီးကို မော့ချနေတဲ့ကျုပ်ကိုကြည့်ပြီးတော့ ဆေးဆရာကြီးရော အိမ်ကလူတွေအားလုံးကရော အကုန်ထိတ်လန့်ကုန်ကြသဗျာ။
“အလတ်ကောင်က ရိုးရောရိုးရဲ့လား”
အဖေက ရေရွတ်လိုက်တယ်၊ ဆေးဆရာဦးမှတ်ကြီးက
“ဘာမှ မပူပါနဲ့ဗျာ၊ ငန်းဆေးသောက်ပြီး တစ်ရေးအိပ်လိုက်ရင် ကောင်းသွားမှာပါ၊ ကဲ ဆေးဖိုးကတော့ တစ်ကျပ်၊ ခြေကြွခကတော့ ညကြီးမင်းကြီးဆိုတော့ ငါးကျပ်ပဲပေးဗျာ”
အဖေလည်း ဦးမှတ်ကြီးကို ဆေးဖိုးကန်တော့လိုက်တော့တယ်၊ ဦးမှတ်ကြီးက ဘာမှမပူဖို့ပြောပြီး အိမ်ပေါ်ကပြန်ဆင်းသွားပါရောဗျာ၊ ဦးမှတ်ကြီးကသာ မပူနဲ့ဆိုပေမယ့် အဖေတို့အမေတို့က ကျုပ်ကိုပူပန်နေပြီဗျ၊ ကျုပ်ကလည်း သက်မှမသက်သာပဲကိုး။
“အီးဟီး၊ ချမ်းတယ်အမေ၊ ချမ်းတယ်”
“လုပ်ပါအုံးရှင်၊ ကျုပ်အထင်တော့ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးထင်တာပါပဲ”
အဖေက စဉ်းစားနေတယ်ဗျ၊ ကျုပ်လည်း တုန်တုန်ယင်ယင်နဲ့
“ဦးဘသာကိုခေါ်ပေးပါဗျာ”
အမေက အဖေ့မျက်နှာကိုကြည့်တယ်ဗျ၊ အမေ့အကြည့်ကို ကျုပ်သိပါတယ်ဗျာ၊ ဦးဘသာက စုန်းဆိုတော့ အမေကသိပ်ပြီးမခေါ်ချင်တဲ့ပုံစံပဲဗျ။
“ဦးဘသာကိုခေါ်ပေးပါအဖေရာ၊ ဦးဘသာက ကုတတ်မှာဗျ”
နောက်ဆုံးတော့ အဖေက ခေါင်းညိတ်ပြလိုက်တယ်ဗျ၊ တော်ရုံတန်ရုံ စုန်း၊ ဖုတ်၊ သရဲလောက်ကို ဦးဘသာက နိုင်တယ်ဆိုတော့ အကိုကြီးက ဦးဘသာအိမ်ကိုအပြေးသွားပါရောဗျာ၊ သိပ်မကြာခင်မှာပဲ ဦးဘသာရောက်လာသဗျ၊ ဦးဘသာလာတော့ ကျန်တဲ့လူတွေက ကျုပ်အနားကနေ ရှဲပေးသွားကြတယ်၊ ကျုပ်ကတော့ စောင်ပုံကြီးထဲမှာ ငုတ်တုတ်ထိုင်လို့ပေါ့ဗျာ။
“အလတ်ကောင်၊ မင်းဘာဖြစ်တာလဲ”
“ချမ်းတယ်၊ အီးဟီး၊ ချမ်းတယ်ဗျ”
ဦးဘသာက ကျုပ်လက်ကိုကိုင်ကြည့်ပြီးတော့ အာရုံခံသလိုလုပ်နေတယ်ဗျ၊
“ဟာ အလတ်ကောင်၊ မင်းကိုယ်လုံးက အပူဓါတ်တွေဆုတ်နေပြီကွ”
ဦးဘသာပြောတော့ ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ၊ အဖေကလည်း
“အပူဆုတ်သွားရင် သေပြီမဟုတ်လား ဦးဘသာ”
“သေတာမှန်ပေမယ့် အခုအလတ်ကောင်ပုံစံကြည့်ရတာ သေကောင်ပေါင်းလဲတော့မဖြစ်ဘူးကွ၊ သေအောင်လုပ်တာတော့ မဟုတ်ဘူးထင်တယ်”
ဦးဘသာက ကျုပ်ကိုသေချာကြည့်ရင်း
“မင်းဘာတွေစားမိ၊ ဘာတွေပြောမိသေးလဲအလတ်ကောင်”
ကျုပ်လည်း ခေါင်းခါလိုက်ရင်း
“မ . . . မကပ်စေး ဦးဘသာ၊ မကပ်စေး”
ဦးဘသာက ဒီတော့မှသတိရသွားတယ်။
“ဟာ၊ ဟုတ်သားပဲ မင်းကိုမနက်က မကပ်စေးက ဝလို့လှလို့ပါလားလို့ ပြောလိုက်တယ်မဟုတ်လား”
အဖေတို့ အမေတို့လည်း မျက်လုံးတွေပြူးကုန်တယ်ဗျ။
“ဟင်၊ မကပ်စေးက နင့်ကိုဘာပြောလိုက်လို့လဲ အလတ်ကောင်ရာ”
အမေက မေးတော့တယ်၊ ကျုပ်ဖြင့် စကားပြောဖို့မပြောနဲ့ ပါးစပ်ဟရတာတောင်မှ မဟချင်တော့ဘူးဗျာ။ ဦးဘသာက အမေ့ဘက်ကိုကြည့်ပြီး
“မနက်တုန်းက အလတ်ကောင်က မကပ်စေးဆီကနေ ဘာသွားဝယ်တယ်ဆိုလားပဲ၊ အဲဒီမှာ မကပ်စေးနဲ့စကားပြောမိတော့၊ မကပ်စေးက အလတ်ကောင်ကို ဝလို့လှလို့ပါလားလို့ပြောလိုက်သတဲ့ဟ”
“ဟင်၊ မကပ်စေးက နှုတ်စီးတယ်မဟုတ်လားတော့၊ အလတ်ကောင်တော့ တစ်ခုခုဖြစ်ပြီထင်ပါရဲ့”
ဦးဘသာက စမ်းသပ်ပြီးတော့
“မကပ်စေးက နှုတ်စီးယုံတင်မကဘူးကွ၊ မင်းကိုလုပ်ထားတဲ့အထဲမှာ ပညာခန်းလည်းတွေ့တယ်၊ တန်တော့ မင်းကိုစုန်းနည်းနဲ့ဆော်လိုက်တာပဲဟေ့”
“လုပ်ပါအုံးဦးဘသာ၊ ကျုပ်သား အလတ်ကောင်ကို ကယ်ပါအုံးတော့”
အမေကတော့ တော်တော်စိတ်ပူနေတာပါဗျာ။
“ဘာမှမပူပါနဲ့ ဒီလောက်ပညာက ငယ်ပါသေးတယ်၊ ကိုင်း၊ ထုံးတစ်ဘူးရယ်၊ ဆေးရွက်ကြီးတစ်ခေါက်လောက်ရယ်၊ ဆားနည်းနည်းရယ်ယူလာခဲ့ဟေ့”
အကိုကြီးက ဦးဘသာခိုင်းတဲ့အတိုင်း ယူလာတယ်ဗျ၊ အရင်ဆုံး ကျုပ်ကိုအင်္ကျီချွတ်ခိုင်းပြီးတော့ ဦးဘသာက ထုံးထဲလက်နှိုက်ပြီးတော့ ကျုပ်ခြေတွေလက်တွေမှာ အစင်းကြောင်းတွေဆွဲတယ်ဗျာ၊ လက်ချောင်းထိပ်မှာလည်း ထုံးတွေသုတ်တယ်၊ ပြီးတော့ လက်ကောက်ဝတ်မှာ ထုံးတစ်ရစ်၊ တံတောင်နဲ့ ပခုံးမှာလည်း ထုံးတစ်တစ်ရစ်ဆီဗျာ၊ ဒီနည်းအတိုင်း ခြေထောက်တွေကိုလည်းလုပ်တယ်ဗျ၊ ပုဆိုးကိုလည်း အရှည်လုံရုံ မတင်ထားတာပေါ့ဗျာ၊ အဝတ်အစားတွေချွတ်ထားရတော့ ကျုပ်ဖြင့် ချမ်းလိုက်တာပြောမနေပါနဲ့ဗျာ။
ပြီးပြီဆိုရင်ပဲ ဆေးရွက်ကြီးခေါက်ကိုကိုင်ပြိးတော့ကျုပ်ခြေတွေလက်တွေကနေပြီး အပေါ်ဘက်ကိုသပ်ချသဗျ၊ ခြေဖျားကနေစပြီး သပ်ချလာတာ နောက်တော့ဒူး၊ ဒူးကနေမှ ပေါင်၊ ပေါင်ကနေဆက်ပြီး ဝမ်းဗိုက်၊ ရင်ဘတ်နဲ့နောက်ဆုံးလည်ပင်းအထိ သပ်ယူတယယ်ဗျာ၊ ကျန်တဲ့ခြေလက်တွေကိုလည်း ဒီနည်းအတိုင်းပဲလုပ်ပေးလိုက်တယ်၊ သပ်နေရင်းနဲ့လည်း ပါးစပ်ကနေ ပွစိပွစိရွတ်ဖတ်နေပါရော၊ ဒီအချိန်အထိ ကျုပ်မသက်သာသေးဘူးဗျာ။
“ကဲ အလတ်ကောင်ရေ၊ မင်းပါးစပ်ကို ဟထားလိုက်စမ်း”
ကျုပ်ပါးစပ်ကိုဟထားလိုက်တော့ ဦးဘသာက ဆေးရွက်ခေါက်နဲ့လည်ပင်းကနေ တဖြည်းဖြည်းသပ်တင်ပါရောဗျာ၊ ဒီအချိန်ကျုပ်ပါးစပ်ထဲကနေ ဆောင်းတွင်းအာငွေ့မှုတ်သလိုမျိုး ရေငွေ့တွေက တဝေါဝေါနဲ့ထွက်လာပါရောဗျာ၊ မီးခိုးငွေ့တွေလိုတော့မဟုတ်ဘူးဗျ၊ ရေခိုးရေငွေ့တွေချည်းပဲထွက်တာ၊ ဦးဘသာက သပ်တင်လိုက်၊ အငွေ့တွေက ဝုန်းခနဲထွက်လိုက်နဲ့ပေါ့ဗျာ၊ အကြိမ်နှစ်ဆယ်လောက် သပ်တင်ပြီးပြီဆိုမှ ပါးစပ်ထဲက အငွေ့ကုန်သွားတော့တယ်၊ ကျုပ်လည်း အရမ်းမအေးတော့ဘဲ တဖြည်းဖြည်းနွေးလာတယ်ပေါ့ဗျာ။
ဦးဘသာက အကိုကြီးဆီက ဆားလက်တစ်ဆုပ်လောက်ယူပြီး ကျုပ်နဖူးမှာ ဆားနည်းနည်းပုံတယ်ဗျ၊ နောက်တော့လည်ပင်း၊ ရင်ညွန့်နေရာ၊ နို့အုံနှစ်ဖက်၊ ဒူးခေါင်း၊ ခြေထောက်နဲ့ လက်တွေမှာ ဆားတွေပုံလိုက်ပါရောဗျာ၊ အဲဒီဆားတွေပုံပြီး မကြာပါဘူးဗျာ၊ ဆားတွေက တဖြည်းဖြည်းနဲ့အရည်ပျော်ကျလာတာဗျ၊ ကျုပ်တို့ခေတ်ကတော့ အပွင့်ကြီးကြီးနဲ့ဆားကြမ်းကြီးတွေသုံးတာပေါ့ဗျာ၊ အဲဒီဆားကြမ်းတွေက တဖြည်းဖြည်းအရည်ပျော်လာရင်း နောက်တော့ ကျုပ်ရင်ဘတ်မှာ ဆားရေတွေနဲ့စိုရွဲသွားပါရောဗျာ၊ ကျုပ်လက်တွေခြေတွေလည်းတဖြည်းဖြည်း နွေးလာတာကို ခံစားမိတယ်ဗျ၊ ပြီးတော့မှ ဦးဘသာက ကျုပ်တစ်ကိုယ်လုံးကို ပုဆိုးတစ်ခုနဲ့သုတ်ပစ်ပြီး အဝတ်အစားတွေပြန်ဝတ်ခိုင်းတယ်။
“ဝမ်းသာလိုက်တာရှင်၊ ဦးဘသာကို ကျေးဇူးတင်ပါတယ်၊ ဟဲ့အကြီးကောင်၊ ပိုက်ဆံသွားယူခဲ့စမ်း”
ဦးဘသာက အမေ့ကိုလက်ကာပြပြီးတော့
“မလိုပါဘူး၊ အလတ်ကောင်က ကျုပ်ရဲ့တူလိုသားလိုခင်တဲ့လူပါပဲ၊ ကျုပ်သူ့ကိုကယ်ပေးရမှာပေါ့”
ဦးဘသာနဲ့စကားပြောနေတဲ့အချိန်ပဲ ကျုပ်နဖူးမှာချွေးတွေစို့လာတယ်ဗျာ၊ အဖေက ဦးဘသာကိုကြည့်ရင်း
“ဒါဆို မကပ်စေးက ပညာသည်ပေါ့ ဦးဘသာ”
ဦးဘသာက ခေါင်းခါပြီးတော့
“ဒီလိုမဖြစ်လောက်ဘူးသူကြီး၊ ကျုုပ်အထင်တော့ မကပ်စေးက နဂိုကတည်းက စေ့စေ့ပေါက်ပေါက်ရှိတယ်၊ ဈေးသာရောင်းနေရတာ လက်လည်းတိုတယ်၊ အပေါက်ကလည်း ဆိုးသေးတယ်ဆိုတော့ သူ့ကိုမကျေနပ်တဲ့သူများမှာပဲ သူကြီး၊ အဲဒီမကျေနပ်တဲ့အထဲမှာ ပညာသည်တစ်ယောက်ပါချင်လည်းပါနေနိုင်တယ်၊ ကျုပ်အထင်တော့ အဲဒီပညာသည်က မကပ်စေးကိုဘူးသွင်းတာနေမှာ၊ မကပ်စေးမသိခင် ဘူးအောင်သွားပြီးတော့ မကပ်စေးလည်း အလိုလိုနေရင်း ပညာတွေရသွားတဲ့ပုံပဲသူကြီးရဲ့”
“ဒါကြောင့် သူကတော့ မသိလိုက်မသိဖာသာပဲ သူများကိုပြောလိုက်ပေမယ့် သူ့ဝမ်းတွင်းက ဂန္ဓဗ္ဗစုန်းက လူတွေကိုလိုက်ပြီး ပြုစားဒုက္ခပေးနေတာပေါ့ သူကြီးရာ”
“ဒါဆို ကျုပ်တို့ မကပ်စေးကိုဘယ်လိုလုပ်ကြမလဲဦးဘသာ”
ကျုပ်မေးလိုက်တော့ ဦးဘသာကတွေးနေရင်း
“သူများထည့်သွားတဲ့ဘူးကို ငါတို့ပြန်ထုတ်ပေးလိုက်တာပေါ့ကွာ”
“ရပါ့မလားဦးဘသာရဲ့၊ သူ့ကိုဘယ်သူက ထည့်သွားသလဲတောင်မှ မသိတဲ့ဟာ၊ သူက ဘူးအထုတ်ခံပါ့မလား”
ဦးဘသာက ခပ်ပြုံးပြုံးနဲ့
“အိုကွာ၊ ဘူးထည့်တဲ့လူကလည်း သူမသိအောင်ထည့်တယ်ဆိုရင် ငါတို့ကလည်း သူမသိအောင် ထုတ်ပေးရတာပေါ့ကွ၊ မနက်ဖြန်မနက်တော့ မင်းငါ့ဆီလာခဲ့ အလတ်ကောင်ရေ”
ဦးဘသာက ပြန်သွားတော့တယ်၊ ကျုပ်လည်း လူကောင်းပကတိဖြစ်သွားပြီဗျ၊ ဆေးဆရာဦးမှတ်ကြီးကိုလည်း အကိုကြီးက ပြန်လိုက်ပို့ပေးလိုက်ပါတယ်၊ အဲဒီညတစ်ညတော့ ကျုပ်မှာအိပ်မရဘဲ ကုန်ဆုံးခဲ့တာပေါ့ဗျာ။
နောက်တစ်နေ့မနက်လင်းတာနဲ့ ကျုပ်လည်း ဦးဘသာအိမ်ကိုထွက်လာခဲ့တယ်၊ ဦးဘသာ အဝတ်အစားတွေဘာတွေလဲပြီး အဆင်သင့်ဖြစ်နေပြီဗျ။
“အလတ်ကောင်၊ မကပ်စေးဘာကြိုက်တတ်တယ်ဆိုတာ မင်းသိသလား”
“ဟာဗျာ၊ မကပ်စေးမကြိုက်တဲ့အစားအစာဆိုတာ ရှိမလားဗျ”
“အေးကွာ၊ ဒါဆိုရင်လည်း စားစရာတစ်ခုခုသွားဝယ်ခဲ့စမ်း”
ကျုပ်ရွာထဲထွက်ခဲ့တယ်၊ ရွာတောင်ပိုင်းက အကြော်ဖိုမှာ မကပ်စေးအကြိုက် ဗယာကြော်ဝိုင်းကလေးတွေ ပြားနှစ်ဆယ်ဖိုးဝယ်ပြီး ဖက်နဲ့ကိုင်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာအိမ်ကိုရောက်တော့ ဦးဘသာက အဲဒီဗယာကြော်ဝိုင်းကလေးတွေကို မန်းမှုတ်နေသဗျ။
“ရပြီအလတ်ကောင်၊ ဒီဗယာကြော်ဝိုင်းကလေးတွေကို မကပ်စေးကိုသာကျွေးလိုက်တော့၊ ကျွေးပြီးရင်တော့ တစ်ခုခုထူးခြားမယ်ထင်ပါ့ကွာ”
ကျုပ်လည်း မကပ်စေးဆိုင်အနားကိုရောက်လာခဲ့တာပေါ့ဗျာ၊ မကပ်စေးက ဆိုင်ရှေ့မှာ တံမြက်စည်းလှဲနေသဗျ။
“မကပ်စေး၊ မကပ်စေး”
“သြော်၊ အလတ်ကောင်ပါလား၊ ကဲ ဘာဝယ်ချင်လို့လဲ”
“ဘာမှ မဝယ်ပါဘူးဗျာ၊ ဗယာကြော်ဝိုင်းကလေးတွေ တွေ့တော့ မကပ်စေးကိုသတိရသွားတာနဲ့ မကပ်စေးစားဖို့ဝယ်လာခဲ့တာ”
မကပ်စေးမျက်လုံးတွေ အရောင်လက်သွားတယ်ဗျ။
“ဟယ်၊ ဒါဆို ဒါတွေက ငါ့အတွက်လား”
“ဒါပေ့ါဗျ၊ ရော့ ရော့”
ဗယာကြော်ထည့်ထားတဲ့ ဖက်ကိုလှမ်းပေးလိုက်တော့ မကပ်စေးက အားရဝမ်းသာယူတယ်၊ သူများကိုသာ ပေးဖို့တွန့်ဆုတ်ပေမယ့် သူများဆီကတော့ ဘာရရအချောင်လိုချင်တဲ့ မကပ်စေးက ကျုုပ်ဝယ်ကျွေးတဲ့ ဗယာကြော်တွေကိုတော့ အားရပါးရ ဝါးစားနေသဗျ၊ ကျုုပ်လည်း သူ့ကိုကြည့်ရင်း
“အင်း၊ စားဗျာစား၊ သူများဆီကရတာဆို တစ်ဖြဲနှစ်ဖြဲစားတတ်လွန်းလို့ ခင်ဗျားကိုသူများက ဘူးသွင်းခံရတာ၊ နည်းတောင်နည်းသေးတယ်ဗျာ၊ စားစား”
ကျုပ်စိတ်ထဲကနေ ရေရွတ်နေမိတယ်ဗျ၊ ဗယာကြော်ပြားနှစ်ဆယ်ဖိုးက မကပ်စေးစားလိုက်တာ ခဏနဲ့တင်ကုန်သွားတာပဲဗျာ၊ စားပြီးသွားပြီး မကြာဘူး မကပ်စေးတစ်ယောက် လေတွေတဝေါ့ဝေါ့နဲ့တက်ပြီး ပျို့တက်လာသဗျာ၊ ကျုပ်လည်း မကပ်စေးအနားကနေ အသာလစ်ထွက်လာပြီးတော့ ခြံကွယ်တစ်ခုမှာ ချောင်းကြည့်နေတာပေါ့ဗျာ၊ မကပ်စေးက ဆက်တိုက်ပျို့တက်လာရင်း နောက်တော့ ထိုးအန်ပါရောဗျာ၊ အန်တာကလည်းအဆန်းဗျ၊ ပါးစပ်ထဲကနေ ရေတွေနဲ့အတူ နီနီတွေ၊ ဝါဝါတွေ၊ စိမ်းစိမ်းတွေ ပျစ်ချွဲချွဲအရည်တွေက အန်ထွက်တာပါပဲဗျာ၊ အထဲမှာလည်း အလုံးလေးတွေ၊ အစေ့အဆန်လေးတွေလည်း ပါသေးတယ်ဗျ၊ မကပ်စေးတောင်မှ သူအန်တာကိုသူပြန်ကြည့်ရင်း လန့်သွားတယ်၊ နောက်တော့ အော်ဟစ်ရင်း ဆိုင်ထဲကိုပြန်ဝင်ပြေးသွားပါရောလား။
အဲဒီအချိန်ကတည်းက စပြီး မကပ်စေးတစ်ယောက် ပါးစပ်မစီးတော့တာပါပဲဗျာ၊ သူဘာပြောပြော ဘာမှမကိုဖြစ်တော့တာဗျာ၊ ဘာကြောင့်လည်းတော့မသိဘူး အရင်တုန်းက ကပ်စေးနဲသလောက် နောက်ပိုင်းကျတော့ အရင်ကလောက်မဆိုးတော့ဘူးဗျာ၊ အရင်က ကပ်စေးနဲတာထက်စာရင် အခုက တစ်ဝက်လောက်ပဲ နဲသွားတယ်ထင်ပါ့၊
အဲဒီနေ့က အိမ်ကကြက်ကလေး ကံဆိုးတဲ့နေ့ပေါ့ဗျာ၊ အမေက အိမ်ကြက်နဲ့အာလူးနဲ့ချက်မယ်ဆိုလို့ မကပ်စေးဆိုင်ကို ကျုပ်ပြေးလာခဲ့ရပြန်တာပေါ့၊ အားလူးငါးဆယ်သားပြောလိုက်တော့ မကပ်စေးက ချိန်ခွင်ထဲကောက်ထည့်ပြီးချိန်သဗျ။
“မကပ်စေး၊ ချိန်ခွင်လျှာက အာလူးတွေဘက်ကို နည်းနည်းရောက်နေသလားလို့၊ ငါးကျပ်သားလောက် ပိုမယ်ထင်တယ်၊ ပြန်နှုတ်လိုက်စမ်းပါဗျာ”
“အောင်မယ်လေး၊ ငါးကျပ်သားနဲ့တော့ ပြောမနေပါနဲ့တော့ဟယ်၊ ယူသွား၊ ယူသာသွားတော့”
ကျုပ်ဖြင့် ထူးဆန်းသွားတာပြောမနေပါနဲ့တော့။
“အင်း၊ မကပ်စေးတစ်ယောက် မကပ်စေးတော့တာ ဝမ်းသာစရာပါပဲဗျာ၊ မလှူတတ်ရင်ဈေးရောင်းဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လားမကပ်စေးရဲ့၊ အခုလို အာလူးငါးကျပ်သားပိုထည့်ပေးလိုက်တဲ့အတွက် မကပ်စေးလည်း ကုသိုလ်ရပါစေဗျာ”
ကျုပ်လည်း အမေပေးတဲ့ ပြားခြောက်ဆယ်ကိုပေးရင်း အာလူးတွေယူပြီးတော့ ပြန်ထွက်လိုက်တယ်ဗျ၊
“ဟဲ့အလတ်ကောင်၊ နင့်ဟာက ပြားခြောက်ဆယ်ထဲပါလား”
“ဟုတ်တယ်လေဗျာ၊ အာလူးငါးဆယ်သား ပြားခြောက်ဆယ်မဟုတ်ဘူးလား”
“အေး၊ အရင်ကတော့ပြားခြောက်ဆယ်၊ အခုတော့ အာလူးက ငါးဆယ်သားကို ပြားခုနစ်ဆယ်ဖြစ်သွားပြီဟဲ့”
“ဗျာ”
ကျုပ် ဗျာတစ်လုံးထဲပဲ ရေရွတ်လိုက်မိပါတော့တယ်ဗျာ၊ သြော်၊ မကပ်စေး၊ မကပ်စေး၊ မကပ်စေးတစ်ယောက်အရင်ကလို မစေးမကပ်တော့သလို အာလူးဈေးကလည်း အရင်ဈေးမဟုတ်တော့ဘူးတဲ့ဗျာ၊ တယ်လည်း စီးပွားရေးဈေးကွက် မြင်တတ်ပါ့ဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်