အောက်လမ်း

အောက်လမ်း(စ/ဆုံး)

—————–

ညိုစာအတော်အတန် ဖတ်တတ်တဲ့ အရွယ်ကတည်းက ကားတွန်း၊တေဇ ၊မိုးသောက်ပန်း စာအုပ်တွေဖတ်တယ် ။

ညိုတို့ငယ်တုန်းက စာအုပ်ဆိုင်တွေမှာ တစ်အုပ်ကို တစ်ကျပ်နဲ့ကာတွန်းစာအုပ်လေးတွေငှားဖတ်ဖူးတယ်။

တွတ်ပီ၊ သမိန်ပေါသွပ်၊ လေးမွန်ထွေးမွန် ​၊ပြာဂလောင် ပြာလချောင် ၊ဘိုဘို စတာတွေအရမ်းကြိုက်ခဲ့တယ်။

နောက်ပြီး စိတ်ကူးယဥ် ဖြူဖြူ ကိုလည်းရမ်းဖတ်တယ်။

ပန်းချီ ဧရာထဲက မင်းသားပုံ မင်းသမီး ပုံလေးတွေကို အရမ်းကြိုက်တယ်။

ငယ်သေးတော့ စာအုပ်ပိတ်ထားရင် စာအုပ်ထဲက ပုံလေးတွေ အသက်ဝင်ပြီး လှုပ်ရှားနေမလား ဆိုပြီး စာအုပ်ကိုခဏခဏဖွင့်ကြည့်ဖူးတယ်။

ညို့အမေက မှုခင်း၊ရောင်ပြန်၊ သူရဇ္ဇ၊ဂမ္မီရ
စတာတွေ ဖတ်တော့ နောက်ပိုင်း ကာတွန်းမဖတ်တော့ပဲ မေမေဖတ်တဲ့ မဂ္ဂဇင်းတွေကို လိုက်ဖတ်တယ်။

အဲဒီကတည်းက ပရလောက စာရေးဆရာတွေကို အရမ်းလေးစား အားကျခဲ့ရတာပါ။

မဂ္ဂဇင်းတွေကဗဟုသုတကို အရမ်းတိုးပွား စေတယ်။

ညို ဝတ္ထုတော့ သိပ်မဖတ်ဘူး။

စာအုပ်က ထူလွန်းတော့ အချိန်ပေးရလို့လေ။

အချိန်ပေးရတာချင်းတူတူ ပရလောကနဲ့ ပက်သက်တဲ့စာတွေကိုပဲ ပိုစိတ်ဝင်စားတာလဲပါတယ်။

အမေက စျေးသွားရင် မှုခင်းတို့ ရောင်ပြန်တို့လို မဂ္ဂဇင်း အဟောင်းတွေ ဝယ်လာပေးတတ်တယ်။

ပြီးရင် သားအစ်မိနှစ်ယောက် စာအုပ်ကိုယ်စီနဲ့ အငြိမ်ပဲ။

ကျောင်းစာ လုပ်ပြီးရင် အားတဲ့အချိန်စာဖတ်တော့တာပဲ။

ဖတ်ဖူးတဲ့ထဲမှာ ပထမံဆရာသိမ်း ၊
ကွင်းပိုင်ကြီး အဲလိုစာတွေ ဖတ်ရတာ သိပ်ကြိုက်တယ်။

အဖွား အေးတို့ ပြောင်းလာပြီးတော့ အားရင် အဖွားအေး ဆီရောက်တော့တာ ။

စာဖတ်တာထက် ဖြစ်ရပ်မှန်ကိုယ်တွေ့ကို ပိုနား ထောင် ချင်တယ်လေ။

ညိုဒီတစ်ခါရေးမှာကတော့ အဖွားအေး ကြုံခဲ့ရတဲ့ အောက်လမ်းတတ်တဲ့ မိန်းမကြီးအကြောင်းပါပဲ။

အဖွားအေး ပြောပြခဲ့စဥ်တုန်းက အတိုင်းပဲ ပြန်ရေးသား ဖော်ပြလိုက်ပါတယ်။

မအေးနွယ်တို့နေထိုင်ရာက ညောင်ရွှေမြို့နယ်ပါ။

မအေးနွယ်ရဲ့ သမီးလေး အိမ်ထောင်ကျပြီးတော့နောက်ပိုင်းမှာ ခြစ်ခြုပ်စုဆောင်းထားတာလေးနဲ့ အစွန်အဖျားရပ်ကွက်လေးမှာ မြေကွက်လေးဝယ်ပြီး ထရံကာ တစ်ထပ်အိမ်လေး ဆောက်နေကြပါတယ်။

ဖွားအေးရဲ့ယောက်ျား ကိုစိုးအတွက်က သွားရေးလာရေး အဆင်ပြေအောင် စက်ဘီးလေးတစ်စီးဝယ်ထားလိုက်တယ်။

အိမ်ဝိုင်းကတော့ မခတ်နိုင်သေးပါဘူး။

သမီးအိမ်ထောင်ကျပြီး သားလေး တစ်ယောက်ရှိပါတယ် ။
ဖိုးသားလို့ပဲ ချစ်စနိုးခေါ်ကြတာပါ။

ဖိုးသားလေးဟာ ဖြူဖြူလုံးလုံးလေးနဲ့ စကားတီတီတာတာနဲ့ အလွန်ချစ်စရာ ကောင်းပါတယ်။

အိမ်ဝိုင်းကိုမကာနိုင်သေးတော့ စဝယ်စဥ်က ပါတဲ့အတိုင်း အရင်ပိုင်ရှင်တွေထောင့်လေးထောင့်မှာစိုက်ထားတဲ့ သစ်သားငုတ်လေးငုတ်ရှိပါတယ်။

ဒီငုတ်တွေက ဖွားအေး ဝိုင်းကွက်လေးရဲ့
နယ်နိမိတ်ပဲမဟုတ်လား။

အစွန်အဖျားရပ်ကွက် ဆိုတော့လည်း ဒီလိုပဲ ဖြစ်သလို နေကြတာပါပဲ။

မအေးနွယ် တစ်နည်းအားဖြင့်ဖွားအေးနွယ်က အိမ်ရှေ့မှာမနက်ဆို မုန့်ဟင်းခါးလေး အသုပ်လေးတွေ စားပွဲလေးနဲ့ ချရောင်းပါတယ်။

ဖွားအေးနွယ်က ကလေးချစ်သူ​ ဖြစ်ပြီး
မုန့်လာစားသူတွေကိုလည်း စေတနာပါပါနဲ့ လက်သာတော့ မနက်ဆို ဖွားအေးနွယ် အိမ်လေးရှေ့မှာ စည်ကားနေတတ်တယ်။

မြေးအနှစ်ဆိုတဲ့အတိုင်း ဖိုးသားလေးကို မျက်စိအောက်က အပျောက်ကို မခံပါဘူး။

မြေးအဖွားတွေအပြင် ဖွားအေးညီမနဲ့ သမီးတွေကလည်း မကြာမကြာ လာလည်တတ်ကြပါတယ်။

လမ်းက အရှေ့အနောက် သွယ်တန်းနေတာဖြစ်ပြီး ဖွားအေးတို့အိမ်က ​ေမြာက်ဖက်ကိုလှည့်ဆောက်ထားတာပါ။

တစ်နေ့တော့ ဖွားအေးအိမ်အနောက်ဖက်ဝိုင်း ကွက်လေးကို အခြားသူတစ်ဦးက ဝယ်ယူကာ နှစ်ထပ်ပျဥ်ထောင်အိမ်ဆောက်ကာ ပြောင်းရွေိ့လာကြသည်။

အိမ်ကိုလဲ ရေနံဂျီးများ ဝနေအောင်သုတ်ထားပြီးအပြင်မှ လှမ်းကြည့်လျှင် အိမ်ကြီးကမဲမှောင်လျက်တယ်။

ထိုအိမ်ပိုင်ရှင်က အသက်၄၀ခန့်အမျိုးသမီးကြီး ဖြစ်ကာ သူနဲ့အတူ သမီးနှစ်ဦး ပါလာတယ်။

ထိုအမျိုးသမီး… ဖွားအေးတို့အရပ်သို့
ရောက်ပြီး သိပ်မကြာမီ သူကနတ်ဟောသလို ဗေဒင်ဟောသလိုနဲ့ ဧည့်သည်များ သူ့ထံရောက်ရှိနေတတ်တယ်။

ထူးခြားတာက ညဘက် ဖိုးသားလေးက ထိုအိမ်ကြီးဖက်ကို ကြည့်ကာ” ကြောက်တယ် ကြောက်တယ်”ဟုဆိုကာ အလန့်တကြားထငိုတတ်တယ်။

အိမ်အသစ်ဟု ဆိုသော်လည်း ညအချိန်တွင်
ထိုအိမ်ကြီးကို ကြည့်ရသည်မှာ တစ္ဆေတစ်ကောင် ငုတ်တုတ်ထိုင်နေသည်နှင့်ပင်တူနေသေးတော့တယ်။

ကလေးမပြောနှင့် ဖွားအေးပင် ထိုအိမ်ကြီးကို ကြည့်ကာ ကြက်သည်းထမိတယ်။

ထိုအချိန်က လျှပ်စစ်မီးမရှိသောကြောင့် ညအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းကာ ခွေးများလည်း ထိုအိမ်ကြီးကို ကြည့်ကာ အူတတ်တယ်။

အရင်က ဖွားအေး အိမ်ရှေ့တွင် ညအခါ ကလေးများ နှင့် စည်ကားနေတတ်သော်လည်း ထိုသားအမိတွေ ပြောင်းလာပြီးသည့်နောက်ပိုင်း ဘယ်ကလေးမှ မလာတော့ပဲ ခြောက်ကပ်နေတယ်။

သာမန်အားဖြင့် ဖွားအေးက ပတ်ဝန်းကျင်နှင့် တဟဇာတ ဖြစ်ကာ ရင်းနှီးလွယ်သော်လည်း ထိုမိန်းမကြီး မျက်နှာထား တင်းမာမှုကြောင့် စကားပင်မပြောဖူးပါ။

ထိုသားအမိသည် ပတ်ဝန်းကျင်နှင့် အရောမဝင်လိုသည်မှာ သိသာလှပေတယ်မဟုတ်လား။

ဖွားအေးလဲ စိတ်ထဲတွင် ေနရသည်မှာ စနိုးစနောင့်ရှိလှတယ်။

တစ်နေ့ ဖွားအေးရဲ့အသိ မယ်တင်မှ မနက်စောစောပေါက်ချလာပြီး

“ဖွားအေးအိမ်ကို ညနေဖက်မလာရဲလို့ မနက်လာတာ ။ဟိုအိမ်မဲက သားအမိတွေက အောက်လမ်းဆရာမတွေတဲ့ ။သရဲလဲ မွေးထားတာတဲ့။ဖွားအေး မြေးလေးကို သတိထားဦး။ဖွားအေးလဲ ဂရုစိုက်နော် ။”

ထိုသို့သတိပေးပြီး ကသုတ်ကရက်ထွက်သွားလေတယ်။

ဟိုသားအမိတွေ ပြောင်းလာပြီးကတည်းက စျေးလဲ သိပ်ရောင်းမကောင်းတော့။

ပတ်ဝန်းကျင်က လူတွေက ထိုသားအမိကိုကြောက်ကာ
သိပ်မလာရဲကြတော့တာထင်တယ်။

တစ်နေ့ ထိုအိမ်မဲကြီးမှ ဝန်းထရံခတ်တော့တယ်။

ဝန်းထရံခတ်တော့ ဖွားအေးတို့အိမ်ထောင့်မှာ စိုက်ထားတဲ့ ငုတ်အပြင် သူတို့ဘက်ကိုနှစ်ပေခန့်ပိုယူပြီး
သူတို့ ခြံ​ခတ်ကြတော့တယ်။

ဖွားအေးလဲ

“သမီးရေ ခြံခတ်တာ မှားနေပြီနော်။ဒီမှာဖွားအေးဝိုင်းကွက်က ဒီငုတ်လေးငုတ်ရိုက်ထားတယ်”

အဲလိုပြောတော့ အဲဒီအမျိုးသမီးကြီးက

“နင့်မှာ ဘာသက်သေရှိလဲ”

လို့မေးလာတာကြောင့် အရင်ဝိုင်းပိုင်ရှင်ကို ခေါ်ရတော့တာပေါ့။

ဖွားအေးရဲ့ ဝိုင်းပိုင်ရှင်က ရပ်ရွာလူကြီးတစ်ဦး ဖြစ်တာကြောင့်ရယ်၊ သက်သေ အထောက်အထား ​ရှိတာကြောင့် သူတို့ နောက်ပြန်ဆုတ်ပေးရတာပေါ့။

လူကြီး တွေပြန်တော့ အဲဒီမိန်းမက

” ဒီညနင်တို့တွေ အသေပဲ …ငါ့ကို ဘာများမှတ်နေလဲ”
ဆိုပြီး ကြိမ်းမောင်းတော့တယ်။

အဖွားအေးလဲ အရမ်းလန့်သွားတယ် ။

အဲဒီနေ့က ဖိုးသားလေး ကို သူ့အမေ လာခေါ်သွားလို့တော်သေး။
ဖိုးသားလေးကို ညမှ သူ့အဖေလာပို့မှာလေ။

အဲ့လိုနဲ့ ဖွားအေးတို့လင်မယားလဲ ညဘက် မှောင်ရီသန်းတော့ အိမ်တံခါးပိတ်ပြီး နေကြတယ်။

မကြာဘူး အနောက်ဖက်အိမ်က မန္တန်ရွတ်သံလိုကြားလိုက်ရတော့ လင်မယားနှစ်​​ယောက်အနောက်ဘက်ထံရံကြားကချောင်းကြည့်တဲ့အခါ
အနောက်အိမ်က မိန်းမကြီးက မီးဖိုကြီးတစ်ခုဖိုထားတယ်။

ပြီးတော့ မီးဖိုရှေ့မှာ မဲမဲအရုပ်လို့ ထင်တ့ဲအရာတွေ ချထားတယ်။

ပြီးတော့အရုပ်ရှေ့မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းထားတယ်။

ဖွားအေးတို့အိမ်ဖက်လှည့်ပြီး ဂါထာလိုရွတ်လိုက် လက်နဲ့ မီးဖိုကြီးကို သပ်လိုက်
သူ့ထမိန်စ တွေကို မီးထဲခါလိုက်နဲ့ အဲလိုလုပ်တိုင်း မီးဖိုထဲမှာ
အဝါရောင်မီးတောက်ကြီး ပေါ်လာလိုက် ရောင်စုံမီးတောက်ကြီး ပေါ်လာလိုက်နဲ့ အင်မတန်မှ ကြောက်စရာ ကောင်းတယ်။

အဖွားအေးလဲ ကြည့်နေရင်း မျက်ရည်တောင်ကျမိတယ်။
သူထွန်းထားတဲ့ဖယောင်းတိုင်လဲ ကုန်ရော ဖွားအေးသမီးနဲ့ ဖိုးသားလေးကို လက်စွဲပြီး ဖွားအေးအိမ်ရှေ့ရောက်လာကြတယ်။

ဖွားအေးသမီးက “အမေ့မြေး လမ်းလျှောက်တာ ကောင်းကောင်းမလျှောက်ဘူး။ ဟိုအိမ်ရှေ့မှာ ချော်လဲလာတာလေ ။ပြီးတော့ ပါးစပ်ကလဲ လူနီကြီး လူနီကြီး လို့ အော်နေတာ”

ဖွားအေးလဲ

“သမီးရယ် ဖုတ်ဖတ်မခါ ခဲ့ဘူးလား။နေဝင်တရီ ချော်လဲတာ မကောင်းဘူး”

“ခါခဲ့တာပဲ အမေ”

မအေးလဲ သမီးကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။

ပြောလဲပြီးရော အိမ်မည်းထဲက မိန်းမတစ်ယောက် လှိုက်လှိုက်လှဲလှဲ အော်ရီသံ ကြားရတော့တယ်။

ဖွားအေးတို့သားအမိလည်း အရမ်းလန့်သွားတယ်။
အဲဒီညက ဖိုးသားလေးလဲ ဖျားတော့တာပဲ။

နောက်ရက်ကြတော့ ဖိုးသားလေး ပါးမှာ အနာကြီးပေါက်လာတယ်။

အနာကြီးက ရဲမှည့်လာပြီး ပေါက်ထွက်ကာ အကောင်တွေ တက်လာတယ်။

ညဆို ဖိုးသားလေးက ပူတယ် ပူတယ် ဆိုပြီး
ဟိုနေရာ ပြောင်းအိပ်။

ဒီနေရာ ပြောင်းအိပ်နဲ့။

ဖွားအေးလဲ ဖိုးသားလေးနဲ့ လိုက်ပြီး တစ်အိမ်လုံးလှည့်ပတ်အိပ်ရတယ်။

အနာက ဆေးခန်းပြလဲ မသက်သာဘူး။

ပုတ်စော်တွေနံလာတယ်။

ပါးကြီးပေါက်ထွက်ပြီး အထဲကသွားတွေတောင်မြင်နေရတယ်။

နေ့ဖက်ဆို ဘာကျွေးကျွေးမရတဲ့ ဖိုးသားလေးက ညဆို တစ်ညလုံး အစာတောင်းတော့တာပဲ။

သူများတွေက ဖုတ်ဝင်တာနေမှာ ပြောကြတော့ဖိုးသားရဲ့ အိပ်ရာအောက်မှာ သြဇာရွက် ခုတယ်။

ခုံဖိနပ်ကို ခေါင်းအုံးအောက်ခုတယ်။ဒါပေမဲ့ ဘာမှ ထူးခြားမလာဘူး။

ဖွားအေးတစ်ယောက် မုန့်ရောင်းလဲ မထွက်နိုင်။

ညလဲ အိပ်ရေးပျက်တော့ ပိန်လာတယ်။

ဖိုးသားအမေလဲ တစ်ငိုငိုတရယ်ရယ် ဖြစ်နေပြီ ။

သူ့သားလေးကိုကြည့်ပြီး သနားလို့။

ဖိုးသားလေးက ဖွားအေးကို အရင်ကတည်းက ဖက်အိပ်နေကြကိုး။

ဖိုးသားလေး အိပ်ရင် ဖွားအေးအသားကိုထိထားမှ အိပ်ပျော်တာလေ။

ဖုတ်ကောင်တွေက လူသွေးအသားစုပ်ယူကြတယ်ပြောတာပဲ။

ဖွားအေးလဲ တစ်နေတစ်ခြား ဖြူဖတ်ဖြူရော်ဖြစ်လာတော့တယ်။

နောက်တော့ ဖွားအေးယောက်ျား ကိုစိုးလဲ ဆရာတစ်ယောက်ပင့်လာတယ်။

တစ်အိမ်လုံးလဲ ဖိုးသားအနာနဲ့ ပုတ်စော်တွေ နံနေပြီ။

ဆရာလဲ အိမ်ရှေ့ရောက်တော့ အိမ်ထဲကိုကြည့်ပြီး ချက်ချင်းပဲ

“သူများအောက်လမ်းနဲ့ လုပ်ထားတာပါ ။လုပ်တာက လူကြီးကို အသေလုပ်တာ။ ကလေးက ကံနိမ့်နေတော့ ခံရတာပါ။”

လို့ချက်ချင်းပြောတယ်။

ပြီးတော့ ဖွားအေးသားမက်ကို ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးပင့် ခိုင်းလိုက်တယ်။

ဆရာက အိမ်ထဲ ဝင်၊ဘုရားဝတ်တက်ပြီး ဖိုးသားလေး အိပ်နေတဲ့ နေရာကိုလာတယ်။

ဆရာရောက်တော့ ဖိုးသားလေးက တအံ့တသြနဲ့ ဆရာ့ကို စိုက်ကြည့်နေတယ်။

ဆရာက ဘုရားသောက်တော်‌ရေ စွန့်လာပြီး သပြေခက်လေးနဲ့ ရွတ်ဖတ်ပြီး ဖိုးသားလေးပေါ်
ဘုရားရေလေး နဲ့တောက်လိုက်ရော
ဖိုးသားလေးက
“ဟာ မိုးတွေရွာတယ် မိုးတွေရွာလာပြီ ။သွားရတော့မယ်ဟေ့ ”

ဆိုပြီး ချက်ချင်းငြိမ်ကျ အသက်ထွက်သွားတော့တယ်။

အဲဒီချိန်မှာ ဖိုးသားလေး ခန္ဓာကိုယ်က အပုတ်နံ့တွေက မခံမရပ်နိုင်အောင် ထွက်လာတော့တယ်။

ဘုန်းကြီးတွေ ကြွလာတော့
​သက်ပျောက်တရားဟောပြီးညတွင်းချင်း ချက်ချင်းသဂြိုလ်လိုက်တော့တယ်။

ဖိုးသားသေတော့ သူ့အသက်က ခြောက်နှစ်ပဲ ရှိသေးတာပါ။

ဆရာက ဒီအရပ်ကမနေသင့်တဲ့ အရပ်မို့ မအေးတို့ကို အိမ်ပြောင်းဖို့ မှာခဲ့တယ်။

ဆရာက ခြေကြွခတောင်တစ်ပြားမှမယူပဲ ကူညီပေးခဲ့တာပါ။

မအေးတို့လဲ အဲဒီအိမ်လေးကို ရသလောက်စျေးလေးနဲ့ ရောင်းပြီး အခြားအရပ်ကို ပြောင်းခဲ့ကြတယ်။

ဒါက အဖွားအေးပြောပြတဲ့ ဝမ်းနည်းစရာကိုယ်တွေ့ ဖြစ်ရပ်မှန်လေးပါ။

ဟိုအောက်လမ်းတတ်တဲ့ သားအမိဘာဖြစ်သွားလဲဆိုတာတော့ ညို့ကိုမပြောပြလို့ မသိခဲ့ရပါဘူး။

ညိုခုချိန်ထိ အဖွားအေးပြောတာလေးပြန်ကြားနေသေးတယ်။
“သမီးရယ် မြေးလေးသေမယ်မှန်းမသိလို့ မြေလေး နှစ်ပေနဲ့ ပြောခဲ့မိတာပါ။ မြေးလေးသာ အသက်ရှင်မယ်ဆို ဖွားအေးလေ တစ်အိမ်လုံးလဲ အလကားပေးရဲပါတယ်”

ဆိုပြီးငိုရင်းပြောပြနေတဲ့ ဖွားအေး မျက်နှာလေးကို ပြန်လည်မြင်ယောင်ရင်း….

စာရေးသူ- Nan Kyarnyo