မချည်နှောင်သင့်သော သံယောဇဉ်

မချည်နှောင်သင့်သော သံယောဇဉ် (စ/ဆုံး)

—————————————–

နံနက် (၃)နာရီခွဲအချိန်
ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်ငြိမ်သက်နေကာ
တစ်ခါတစ်ရံ ခွေးအူသံများကို ကြားနေရသည်။
ညဦးက ပြင်းပြင်းထန်ထန် မိုးသက်လေများ
တိုက်ခိုက်ပြီး မိုးများရွာကတည်းက ပျက်သွားသော
မီးသည် ယခုအချိန်ထိ ပြန်မလာသေးပေ။
ထို့ကြောင့် အိမ်များတွင် သာမက လမ်းများတွင်ပါ
မှောင်မည်းနေသည်။ သက်ကိုသည် အိပ်နေရာမှ
နိုးလာသည်။ပြန်အိပ်ဖို့ ကြိုးစားသော်လည်း နေ့ခင်း
တုန်းက အချိန်ကြာကြာအိပ်ထားမိသည့်အတွက်
ပြန်အိပ်မပျော်ပဲ ဖြစ်နေသည်။

ထိုအချိန်တွင် လမ်းအကွေ့ နားက ဆွဲဆွဲငင်ငင်အူလိုက်သော
ခွေးအူသံများကို ကြားလိုက်ရသည်။
ညဘက်လူရှင်းသည့် အခါတွင် ထိုနေရာ၌
တစ္ဆေတစ်ကောင်ကို အမြဲတွေ့ရတတ်ပြီး
ယခု သူတို့ မိသားစု ငှားနေသော ဦးဝင်းထက်ခြံထဲသို့
ဝင် ဝင်သွားသည်ဟူသော လူများ၏စကားကြောင့်
သက်ကိုတစ်ယောက်ပို၍ ပို၍ကျောစိမ့်လာမိသည်။
တစ်ယောက်တည်း အိပ်ရာထဲတွင် ဟိုစဉ်းစား
ဒီစဉ်းစား ဟိုလိမ့် ဒီလိမ့် လှိမ့်ရင်း အပေါ့သွားချင်လာသည်။

ထို့ကြောင့် ဘေးတွင်ရှိသော မီးခလုတ်ကို ဖွင့်ကြည့်ရာ
မီးမလာသေးသဖြင့် ဓါတ်မီးကိုဖွင့်ကာ အခန်းထဲမှ
ထွက်လာခဲ့သည်။အိမ်တံခါးကိုဖွင့်၍ခြံထဲဆင်းမည်
အလုပ်တွင် ခြံအနောက်ဘက်ရှိ အိပ်သာသို့
တစ်ယောက်တည်း မသွားရဲတော့ဘဲ။
အိမ်ပေါ်သို့ ပြန်တက်လာကာ အမေဖြစ်သူအား
လှုပ်နှိုးလိုက်သည်။

“အမေ …အမေ …သားအပေါ့သွားချင်လို့ ခဏလောက်
လိုက်ခဲ့ပေးပါ ”

“အင်း …အင်း အမေလိုက်ခဲ့မယ် သားအရင်သွားနှင့်”

အမေသည် အိပ်ချင်မူးတူးအသံဖြင့် ပြန်အိပ်သွားသော
ကြောင့် ထပ်နှိုးမနေတော့ဘဲ သူတစ်ယောက်တည်း
အရဲစွန့်ကာ ခြံထဲသို့ ဆင်းလာခဲ့သည်။

သက်ကိုတို့ မိသားစု ဦးဝင်ထက်၏ခြံထဲတွင် လာငှား
နေသည်မှာ (၂)လကျော်ပြီ ဖြစ်သည်။အဖေသည်
ဆောက်လုပ်ရေးတစ်ခုတွင် ညစောင့်တစ်ယောက်ဖြစ်ပြီ
အမေသည် စက်ချုပ်သည်။ရပ်ကွက်ထဲရှိ လူများက
ဤခြံထဲတွင် သရဲခြောက်သည်ဟု ပြောကြသော်လည်း
တခြားအိမ်များထက် အိမ်ငှားခ သက်သာသည့်အပြင်
အိမ်မှာလည်း တောင့်တောင်တင်းတင်း ရှိသောကြောင့်
သူတို့မိသားစုအတွက် တော်တော်လေး အဆင်ပြေလှသည်။
ယခုထက်ထိလည်း ဒီခြံထဲ၌ တစ္ဆေသရဲဆိုတာကို
သူတို့မမြင်ဘူး မတွေ့ဘူးခဲ့ချေ။

သက်ကိုတစ်ယောက် ဓါတ်မီးအလင်းရောင်ကို
အားပြု၍လျှောက်လာရင်း လူတွေပြောကြသည်။
သရဲရှိသည်ဟူသော စကားများကိုပြန်ကြားယောင်ကာ
ကြောက်စိတ်များ ဝင်နေမိသည်။

“ဝူး…ဝူး…ဝေါ …ဝေါ”

ထိုစဉ်လေအေးများ တိုက်ခတ်လာပြီး မိုးထပ်ရွာတော့မည်ပုံစံ
ဖြစ်လာသောကြောင့် ဘာမှထပ်စဉ်းစားမနေတော့ဘဲ
အိမ်သာဆီသို့ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။
အိမ်သာရှေ့သို့ရောက်သောအခါ သူ့အနောက်မှ
ခြေသံလိုလို ကြားရ၍ သက်ကို လှည့်ကြည့်သည်။

သူ့အနောက်တွင် ဘယ်သူမှ မရှိသောကြောင့်
ကြောက်စိတ်အနည်းငယ် ပြန်ဝင်လာသောလည်း
နားကြားမှားတာပဲ ဖြစ်မည်ဟု မှတ်ယူကာ
အိပ်သာတံခါးကို ဖွင့်လိုက်သည်။

“ရှပ် ရှပ် ရှပ်”

အိပ်သာရှေ့မှ လမ်းလျှောက်သံကို ကြားလိုက်ရသောကြောင့်
သက်ကို တံခါးကြားမှ အပြင်မှ ချောင်းကြည့်လိုက်သည်
လိမ္မော်ရောင် အနွေးထည်အင်္ကျီလေးကို
ဝတ်ထားသော အမေဖြစ်သူသည် အိပ်သာရှေ့တွင်
လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်
သက်ကိုမှာ အမေဖြစ်သူကိုတွေ့လိုက်ရသဖြင့်
ကြောက်စိတ်များပြေလျော့သွားကာ အားတက်သွားသည်။
အပေါ့သွားပြီးနောက် တံခါးကို ဖွင့်လိုက်သည်။
အိပ်သာရှေ့တွင် သူ့ကို ကျောခိုင်းပြီး ရပ်စောင့်နေသော
အမေ့အားတွေ့လိုက်ရသည်။တံခါးဖွင့်သောကြောင့်
အမေကသူ့အား…
“လာ…သွားမယ်”

ဟုပြောကာ အရှေ့မှ အရင်ထွက်သွားသည်။
ထိုအသံမှာ အမေဖြစ်သူ၏အသံမဟုတ်ကြောင်း
သက်ကို သတိထားမိသည်။သို့သော် အမေသည်
အိပ်ရာမှထ၍ သူအနောက်သို့ လိုက်လာပေးရသော
ကြောင့်အိပ်ချင်မူးတူးဖြင့် အသံတစ်မျိုး ဖြစ်နေတာ
ဖြစ်မည်ဟု တွေး၍ အမေ့အနောက်မှ လိုက်လာခဲ့သည်

အမေသည် ဓါတ်မီးလုံးဝမပါဘဲနှင့် အမှောင်ထဲတွင်
ခပ်မြန်မြန် လျှောက်နေသည်။အိပ်သာသွားရာ လမ်းတစ်
လျှောက်တွင် ရွှံ့ဗွတ်များရှိနေ၍ သဲအိတ်များဖို့ထားသည့်
နေရာမို့ အုတ်နီခဲလေးများ ခင်းသည့်နေရာ ခင်းထားသည်

မျက်စိမကောင်းသဖြင့် အမြဲဂရုတစိုက် လျှောက်တတ်
သော အမေသည် ယခု ဘာအလင်းရောင်မှမရှိဘဲနှင့်
မြန်မြန်ဆန်ဆန် လျှောက်နေသည့် အတွက် သက်ကို
တစ်ယောက် အံ့သြနေသည်။ထို့ပြင် အမေချော်လဲပြီး
ထိခိုက်မိမှာကိုလည်း စိုးရိမ်သဖြင့်…
“အမေ…သားကို ခဏစောင့်လေ ဓါတ်မီးလည်း မပါဘဲနှင့် အမေ
ချော်လဲဦးမယ်”

ဟု အော်ပြောလိုက်သည်။အနောက်မှ သက်ကို အော်ပြောလိုက်သော
စကားကြောင့် အရှေ့မှလျှောက်နေသော အမေသည်
နေရာမှတင် ရပ်သွားသည်။သက်ကိုလည်း ဓါတ်မီး
အလင်းရောင်ဖြင့် အုတ်နီခဲလေးများ အပေါ်၌
ဂရုတစိုက် လျှောက်လာခဲ့သောအခါ အမေဖြစ်သူမှာ
အရှေ့သို့ ဆက်မသွားဘဲ ရပ်နေသောကြောင့်
“အမေ…သွားမယ်လေ”
ဟု ပြောလိုက်သည်။အမေသည် သူ့စကားကို တုံ့ပြန်
မှုလည်း မရှိ။အရှေ့သို့လည်း ဆက်၍ မသွားချေ။
ထို့ကြောင့် …
“အမေ …သွားမယ်လေ”
ဟု နောက်တစ်ခေါက် ထပ်ပြောလိုက်ရာ အမေသည်
သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာလေသည်။

သူအော်လိုက်သောအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို
ဖုံးလွှမ်းသွားသည်။အနွေးထည် လိမ္မော်ရောင်ဝတ်ဆင်
ထားသော မိန်းမမှာသူထင်ထားသလို သူအမေမဟုတ်
မျက်နှာကြီးတွင် နှာခေါင်းပါးစပ်တို့ မရှိဘဲ မျက်လုံး
ဟောက်ပက်ကြီးသာရှိသော တစ္ဆေသရဲမ ဖြစ်သည်။

သက်ကိုမှ ထိုသရဲမနှင့် နီးကပ်စွာ ရပ်နေရာမှ ကြောက်
လန့်တကြား နောက်ပြန်ဆုတ်လိုက်သည် အုတ်နီခဲ
မစီထားသောနေရာ ရွှံ့ဗွက်ထဲသို့ ကျသွားပြီး ဟန်ချက်
ပျက်ကာ လဲကျသွားလေသည်။

XXXXXX

ကျော်ဇင်တို့မိသားစုသည်ရန်ကုန်မြို့ကြီးသို့ ရောက်လာခဲ့
သည်မှာ (3)လကျော်သာရှိသေးသည်။သူတို့၏ဇာတိမှာ
ဧရာဝတီတိုင်းဘက်မှဖြစ်ပြီး ရန်ကုန်သို့ အလုပ်လုပ်ရန်
တက်လာခြင်းဖြစ်သည်။ရန်ကုန်သို့ရောက်ရောက်ချင်းက
မိန်းမ၏အစ်မဖြစ်သူအိမ်တွင် နေခဲ့သော်လည်း အိမ်၌
မရီးဖြစ်သူ၏ယောင်္ကျားနှင့် ယောက္ခမများပါရှိနေ၍
ရေရှည်တွင် အဆင်မပြေလှပေ။ထိုကြောင့် မရီးမိတ်ဆွေ
တစ်ယောက်၏အဆက်အသွယ်ဖြင့် ဦးဝင်းထက်ခြံထဲ
ရောက်လာခဲ့ကြသည်။

ဦးဝင်းထက်သည်မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူမှာ
လွန်ခဲ့သောအနှစ်(20)ကျော်ခန့်က ကိုယ်ဝန်ဆိပ်တက်ကာ
ဆုံးသွားသည်ဟု သိရသည်။အလုပ်မှ ဆေးပင်စင်ယူပြီးနောက်
ဦးဝင်းထက်သည် အိမ်၌ကုန်စုံဆိုင်ဖွင့်ကာ ခြံထဲ၌
အိမ်ဌားများထားသည် ။ခြံထဲ၌အရှေ့ဆုံးအိမ်သည်
ဦးဝင်ထက်၏နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်၍
အိမ်ဘေးတွင် အိမ်ငှားများဖြတ်သွားရန် လမ်းလေးရှိသည်။
အနောက်တွင် ပျဉ်ထောင်အိမ်လေး (4)လုံးရှိပြီး
ဖြစ်သည်။သို့သော် (2)အိမ်မှာ သူတို့နှင့် မရှေးမနှောင်း
ပြောင်းလာသူများ ဖြစ်ကြောင်း သိရသည်။

မိန်းမဖြစ်သူ မအိသည် မနက်ဘက်၌စျေးတွင်
မုန့်ဟင်းခါးရောင်းပြီး သူသည် ရပ်ကွက်များ၌
ရေခဲခြစ် ရေခဲသုပ် လိုက်ရောင်းသည်။သူတို့
လင်မယားတွင် (8)နှစ်ကျော်အရွယ် သားလေး
တစ်ဦးရှိပြီး သားလေးအား အနောက်လမ်းက
အလယ်တန်းကျောင်းတွင် ထားသည်။
မအိမှာ မနက်ခင်း၌ စျေးတွင် မုန့်ဟင်းခါးရောင်းသည်အတွက်
မနက်(3)နာရီကျော်လောက်ကပင် ထ၍ စျေးဝယ်ထွက်
ရန် ပြင်ဆင်ရသည်။

တစ်ခါတစ်ရံ မီးဖိုချောင်ရှိ သံဆန်ကာကွက်များမှတစ်ဆင့်
အပြင်သို့ ကြည့်မိလျှင် ခြံထဲတွင် မှောင်မည်းနေပြီး
တစ်စုံတစ်ယောက်က သူမအား ပြန်စိုက်ကြည့်နေသလို
ခံစားရသည်။သို့သော် ထိုအရာကိုစိတ်ထဲမထားဘဲ
နေလာခဲ့သည်မှာ ယခုဆိုလျှင် (1)လကောင်းကောင်း
ကျော်လာပြီဖြစ်သည်။သူမ၏မုန့်ဟင်းခါးမှာ စျေးသင့်ပြီး
အရသာလည်း ကောင်းသောကြောင့် စားသူများ၍
နံနက်(9)နာရီ မထိုးခင်ပင် ကုန်ကုန်သွားတတ်သည်။

တနေ့၌နောက်ဆုံးစားနေသူ ထွက်သွားပြီး၍ မအိဆိုင်
သိမ်းနေချိန်တွင် စျေးထဲ၌ အသီးရောင်းသော ဒေါ်
အေးစိန်ရောက်လာပြီး ခုံတွင် ဝင်ထိုင်ကာ …

“ဟဲ့ …ညည်းကို ငါတစ်ခု မေးရဦးမယ် ”

“မေးလေ …အဒေါ်”

“ညည်းတို့ က ဦးဝင်းထက်ခြံထဲမှာ ငှားနေတာဆို ဟုတ်လား”

“ဟုတ်တယ်လေ…ဘာဖြစ်လို့ လဲ”

“အောင်မလေး ညည်းတို့ ပဲ မကြောက်မလန့် တော်။
ကျုပ်ကို အိမ်လခမပေးဘဲ အလကား လာနေပါလို့
ခေါ်ရင်တောင် ကျုပ်မနေဘူး”

“ဘာများဖြစ်လို့လဲ အဒေါ်”

“ဒေါ်အေးစိန်စကားကြောင့် မအိသည် ဆိုင်သိမ်းနေတာကို
ရပ်လိုက်ပြီး သိလိုချင်စိတ်ဖြင့် မေးလိုက်သည်။
သူမမေးလိုက်သော စကားကြောင့် ဒေါ်အေးစိန်သည်
သူမအား တအံ့တသြ ကြည့်ပြီး …
“ဟယ် …ညည်းတို့ ဘာမှမသိကြဘူးလား
သရဲရော အခြောက်မခံရဘူးလား
အဲဒီခြံမှာ သရဲရှိတယ်တဲ့”

“သရဲ”

“အေး…ဟုတ်တယ်။အရင်လူတွေက အဲဒီသရဲကြောင့်ပဲ
ပြောင်းပြောင်း ပြေးရတာ ဒါကြောင့် လူမမြဲဘဲ အမြဲ
လူသစ်တွေချည်းပဲ ဖြစ်နေတာ”

“လူသစ်တွေပဲတော့ မဟုတ်ပါဘူး ဦးသိန်းကျော်တို့
လင်မယားဆို နေလာတာ ကြာပါပြီ”

“အောင်မလေး …အဲဒီဦးသိန်းကျော်တို့ လင်မယားက
အရမ်းကပ်တာ ။ သူတို့ ပေးရသက်သာရင် ပြီးရော။
ညတိုင်း သရဲခြောပ်ခံရရင်တောင် ဂရုမစိုက်ဘဲဆက်
နေမယ့်လူစားမျိုးတွေ”

“ကျမတို့ ပြောင်းလာတာ(1)လကျော်ပါပြီ။ခုထိတော့
အဒေါ်ပြောတဲ့ သရဲကို မမြင်ဖူးသေးပါဘူး”

“ညည်းတို့ လောလောဆယ် ကံမြင့်နေလို့ ဖြစ်မှာပေါ့တော်။
အယုံအကြည်မရှိသလို မျိုးနဲ့တော့ ပေါ့ပေါ့မနေနဲ့ ”

မအိသည် ဒေါ်အေးစိန်၏စကားများကို နားထောင်ပြီးနောက်
ဆိုင်ဆက်သိမ်းကာ ဆိုက်ကားဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
ဆိုက်ကားပေါ်တွင် ဤအိမ်၏အကြောင်းကို သေချာ
မစုံစမ်းဘဲ လခသက်သာတာကိုသာ ကြည့်ပြီး ပြောင်း
လာမိသည်မှာ မှားများမှားလေပြီလားဟု တွေးနေမိသည်
ညနေဘက် ထမင်းစားပြီးနောက် ကြက်သွန်နီများကို
ကျော်ဇင်ကပါ သူမနှင့်အတူ လိုက်ကူ ခွာပေးနေသည်။
ထိုအချိန်တွင် သူမသည် မနက်က ကြားလာသော
အကြောင်းတို့ကို ယောင်္ကျားဖြစ်သူအား ပြောပြရန်
စကားအစချီလိုက်သည်။
“အစ်ကို စျေးထဲမှာအသီးအနှံရောင်းတဲ့ ဒေါ်အေးစိန်ကို
သိတယ် မဟုတ်လား”
“ဟို မျက်နှာပြဲပြဲနဲ့ အဒေါ်ကြီးကို ပြောတာလား”

“ဟုတ်တယ် ”

“အင်း …သူက ဘာဖြစ်လို့လဲ”

“အဲဒီအဒေါ်ကြီးကလေ အိသက်ကို ဒီနေ့ ဒီခြံရဲ့အကြောင်း
လာပြောပြတယ်”

“ဘာအကြောင်းများလဲ …အိသက်ရဲ့”

“ဟိုလေ ဒီခြံထဲမှာ သရဲရှိတယ်တဲ့”

မဖြစ်နိုင်ဘူး အိသက်ရယ် လူတွေ တမင်သက်သက်
လျှောက်ပြောနေကြတာပါ ”

“ဒေါ်အေးစိန်က လျှောက်ပြောတတ်တဲ့ လူစားတော့
မဟုတ်ဘူး အစ်ကိုရယ်”

“အိသက်…ကိုယ်တို့ အခု သရဲမပြောနဲ့ သရဲရဲ့ အရိပ်
အယောင်တောင် မမြင်ဖူးဘူး ခြောက်တာလည်း
အရင်တုန်းက ဖြစ်မှာပါကွာ”

“ဘာပဲဖြစ်ဖြစ် အိသက်တို့ တခြားနေရာကိုပြောင်းဖို့
လုပ်ကြရအောင်နော်”

“အိမ်ပြောင်းတယ်ဆိုတာ ထင်သလောက် မလွယ်ဘူးအိသက်
ဒီအိမ်လခက ကိုယ်တို့ ဝင်ငွေနဲ့ အဆင်ပြေတယ်
ပြီးတော့ တခြားမှာဆို ဒီလိုရပ်ကွက်မျိုးရမှာ မဟုတ်ဘူး
ဒီလို ရပ်ကွက်မှာပဲ ထပ်နေချင်ရင် ဒီအိမ်လခရဲ့ တစ်ဆ
ကျော်လောက် ထပ်ပေးရလိမ့်မယ်။ကိုယ်တို့က
ထပ်ရှာရင်တောင် သားလေးကျောင်းရှိနေတဲ့ အတွက်
ဒီမှာပဲ ထပ်ရှာရမှာလေ။ဒါကြောင့် ပြောင်းဖို့ကို သားလေး
ဒီတစ်နှစ် ကျောင်းပြီးမှာပဲ ပြန်စဉ်းစားကြအောင်”

ကျော်ဇင် သေချာရှင်းပြသော် စကားကြောင့် အိသက်လည်း
အဖက်ဖက်မှ စဉ်းစားပြီး စိတ်ကို လျော့လိုက်ကာ
ခေါင်းညိတ်လိုက်လေသည်။

XXXXX

စျေးထွက်ရန် မနက်စောစောထ၍ လုပ်စရာရှိသည်များ
လုပ်နေရသော်လည်း မအိမှာ အရင်နေ့များထက်
ကြောက်လန့်နေမိသည်။ခြံထဲရှိ အုန်းပင် သရက်ပင်များ
ကလည်း ရုတ်တရက် လှမ်းကြည့်လိုက်လျှင် မကောင်း
ဆိုးဝါးများ ရပ်နေသည့်အလား ထင်ရသည်။ထို့ကြောင့်
သံဆန်ကာကွယ်များမှ တစ်ဆင့် အပြင်ဘက်သို့
မကြည့်မိစေရန် သူမကိုယ်သူမ ထိန်း၍အလုပ်ထဲတွင်သာ
အတတ်နိုင်ဆုံး စိတ်နှစ်ပြီး လုပ်စရာ ရှိသည်များ
ဆက်လုပ်နေလိုက်သည်။

“အဟင့် …အဟင့် …ဟင့်”

မိန်းခလေးတစ်ယောက်၏ငိုသံကို ကြားလိုက်ရသော
ကြောင့် သူမလုပ်နေသော အလုပ်များကိုရပ်ကာ
သေချာအာရုံစိုက် နားထောင်လိုက်သည်။ငိုသံမှာ
သူမအနောက်ဘက်မှလာသော အသံဖြစ်သည်။
သူမသည် ထိုငိုသံကို အဆက်မပြတ်ကြားနေရပြီး
သူမရှိရာသို့ လျှောက်လာနေသော ခြေသံတစ်ခုကိုလည်း
ထပ်ကြားလိုက်ရသည်။သူမမှာ တစ်ကိုယ်လုံးတုန်ယင်
နေပြီး သရဲမအား တွေ့ရမည်ကို စိုးရိမ်ကြောက်လန့်
နေသည်။ထို့ကြောင့် ငုတ်တုတ်ထိုင်ချလိုက်ပြီး နားနှစ်
ဖက်ကို လက်ဖြင့်ပိတ်ကာ မျက်စိနှစ်လုံးကို အတင်းမှိတ်
ထားလိုက်သည်။
“အား”

သူမ ပခုံးပေါ်သို့ လက်တစ်ဖက် လာရောက်ဆုပ်ကိုင်
လိုက်ကြောင့် အသားကုန်အော်ချလိုက်သည်။
“အိသက်…အိသက်…ဘာဖြစ်တာလဲ…မျက်စိဖွင့်ကြည့်
ပါဦး”

ယောင်္ကျားဖြစ်သူ၏အသံကြောင့် မျက်စိကို မဝံ့မရဲ
ဖွင့်လိုက်သည်။စိုးရိမ်တကြီးဖြင့် သူမအား ကြည့်နေသော
ယောင်္ကျားဖြစ်သူက တွေ့ရသည်။

“ဘာဖြစ်တာလဲ အိသက်”

“ဟို…ဟို …မိန်းမတစ်ယောက်ငိုသံ”

“ဘယ်ကလဲ”

“ခနတုန်းက သေချာကြီးကြားနေတာပါ ဘာလို့
အခု မျကားရေတာ့တာလဲ”

“အိသက်ရယ်…အိသက်မနေ့တုန်းက ဒေါ်အေးစိန်ပြောတဲ့
စကားတွေကြောင့် အကြောက်လွန်ပြီး ကြားမိကြားရာ
ကြားနေတာ ဖြစ်မှာပေါ့ စိတ်ထဲမထားပါနဲ့”

ကျော်ဇင်သည် မအိအား နှစ်သိမ့်ပေးပြီးစျေးထွက်ရန်
ပြင်ဆင်စရာရှိသည်များကို ဝိုင်းပြင်ဆင်ပေးလိုက်သည်။

“အူဝဲ အူဝဲ အူဝဲ ”

နေ့လယ်ဘက် ခဏပြန်အိပ်နေချိန်တွင် ကလေးငယ်၏
စူးစူးဝါးဝါးငိုသံကြောင့် မအိ အိပ်ရာမှ နိုးလာခဲ့သည်

“အူဝဲ …အူဝဲ”

ထိုငိုသံမှာအိမ်ဘေးက ချမ်းမြေ့ကလေးငိုသံဖြစ်သည်။
မအိသည် အိပ်နေရာမှထ၍ အိမ်ပေါက်တွင်ရပ်ကာ
ဘေးအိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။
အိမ်ထဲတွင် ချမ်းမြေ့သည် သမီးလေးအာူ အငိုတိတ်ရန်
ချော့မြှူနေသည်။ချမ်းမြေ့မှာ အိမ်က သဘောမတူသော
သူနှင့် အိမ်ထောင်ကျပြီး မိဘများက အိမ်ရိပ်ပင်
အနင်းမခံသောကြောင့် အိမ်ငှားနေရင်းအခု ဒီခြံထဲသို့
ရောက်လာခဲ့ခြင်းဖြစ်သည်။ချမ်းမြေ့၏ယောင်္ကျား
အောင်ထက်ဟိန်းမှာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်
ညနေ(၅)နာရီရုံးဆင်းပြီး (၇)နာရီလောက်မှအိမ်သို့
ပြန်ရောက်သောကြောင့် ကျန်အချိန်များ၌အိမ်တွင်
ချမ်းမြေ့နှင့် ကလေး(၂)ယောက်သာရှိသည်။

“ချမ်းမြေ့ရေ …ကလေးက ငိုလှချည်လား”

“ဟုတ်တယ် …အမေရေ သမီးလေးက ဒီရက်ပိုင်း
အရမ်းငိုတာပဲ ချော့လို့လည်း မရဘူး”

“သူ…နေမကောင်းတာ ဘာတွေများဖြစ်နေလို့လား”

“မဟုတ်ဘူး အစ်မ မနေ့ညက သူ့အဖေလည်း
မသင်္ကာလို့ ဆရာဝန် သွားပြတယ် ဆရာဝန်က
ဘာမှမဖြစ်ပါဘူးတဲ့ ”

“ဟုတ်လား ဒါဆို ကလေးက အကြောင်းမရှိဘဲ
ဘာလို့ ဒီလောက်တောင်ငိုနေတာလဲ မသိဘူး”

“မပြောတတ်ပါဘူး အစ်မရယ် တိတ်လည်း ခဏပဲ
ညနေဘက်ပိုဆိုးတယ်”

ချမ်းမြေ့သည် သမီးလေးကို ကြည့်၍ စိတ်မချမ်းမသာ
စွာဖြင့် ပြောလေသည်။ထိုအချိန်တွင်

“မေမေ …သားပြန်လာပြီ”

“ဟဲ့ …သား ဒီနေ့ ကျောင်းက ဘာလို့
စောစောသောလွှတ်တာတုံး ပြီးတော့
သားတစ်ယောက်တည်း ပြန်လာတာလား”

“ဆရာမက မနက်ဖြန်စာမေးပွဲအတွက် ခုံတွေ
စီပြီးတော့ ပြန်ချင်တဲ့သူ ပြန်လို့ရပြီပြောလို့ လွင်ဟိန်းနဲ့
အတူတူ ပြန်လာတာ သူ့အမေက သားကို
ခြံရှေ့ထိ ပို့ပေးခဲ့တာ”

“အေး…အေး ထမင်းချိုင့်ကို သူ့နေရာသူသွားထားပြီး
စာတွေ လုပ်နေ ပြီးရင် မေမေ လာခဲ့မယ်”

သားလေးသည်မအိ၏စကားကို နားထောင်ပြီးနောက်
အိမ်ပေါ်သို့ တက်သွားသည်။

ညနေထမင်းစားသော အချိန်တွင် သားလေးက
အဖေဖြစ်သူအား…

“ဖေဖေ…သားတို့ခြံထဲမှာ သရဲရှိတယ်ဆို”

ဟု မေးလိုက်သောကြောင့် ကျော်ဇင်သည်
မအိကို ထမင်းစားနေရာမှ လှမ်းကြည့်လိုက်သည်

“သားကို ဘယ်သူပြောလဲ ”

“သားတို့ အခန်းထဲက ဖူးပွင့်ငုံ ပြောတာ”

“သားရယ် …သူတို့ က ဒီခြံထဲမှာ နေဖူးလို့လား
သားကို ကြောက်အောင် တမင်သက်သက်ပြောနေကြတာပါ”

“အဲဒီကောင်မလေးတင်မဟုတ်ဘူး ဖေဖေရဲ့
ဟိုမုန့်ဆိုင်က ဒေါ်သောင်းကြီးကလည်း နင်တို့ခြံထဲမှာ
သရဲရှိတယ် မကြာခင် ပြောင်းပြေးရလိမ့်မယ်လို့ ပြောတယ်”

“မဟုတ်ပါဘူး…သားလေးရယ် အဲဒီဒေါ်သောင်းကြီးနဲ့
ဖေဖေက သိပ်တည့်တာ မဟုတ်ဘူး ဒါကြောင့်
သားကို ခြောက်ပြောနေတာ။နောက်နေ့ သားလေးကို
အဲ့လို ထပ်မခြောက်အောင် ဖေဖေ အဲ့ဒီမိန်းမကြီးကို
သွားပြောလိုက်ဦးမယ်”

“မေမေ …ဖေဖေ ပြောတာ ဟုတ်လားဟင်”

“ဟုတ်တာပေါ့ သားရဲ့ သူတို့ သက်သက်မဲ့ လျှောက်
ပြောနေကြတာပါ ကဲ…သားလေး ငါးကြော်စားမလား
မေမေခွါပေးမယ်”

မအိသည် သားလေးမကြောက်အောင် ပြောပြီး
စကားလမ်းကြောင်း လွှဲလိုက်သောလည်း
ငါးကြော်ခွါရင်း လက်များ တုန်ယင်နေမိသည်။

XXXX
နောက်တနေ့

ဟဲ့ …ကလေးတွေ …မပြေးနဲ့လေ ဖြည်းဖြည်းသွား”

လွယ်အိတ်ကိုလွယ်ပြီး ထမင်းချိုင့်ကိုယူကာ
အိမ်ပေါ်မှ ပြေးဆင်းသွားသော သားနဲ့ သမီးကို
ဒေါ်စန်းဝင်းသည် အဝတ်များ ခေါက်နေရာမှ အော်ပြော
လိုက်သည် ။
ကလေးနှစ်ယောက်ကတော့ သူတို့အမေ၏အသံကို
ကြားပုံမပေါ်။ကလေးပီပီကျောင်းသို့ စောစောရောက်၍
သူငယ်ချင်းများနှင့် ကစားရန်ကိုသာ စိတ်ရောက်နေပြီး
ခြံထဲမှ ပြေးထွက်သွားကြသည်။

“ဒီကလေးတွေတော့လေ …အခုကတည်းက စကားကို
နားမထောင်ချင်ကြတော့ဘူး”

ဒေါ်စန်းဝင်းသည် တစ်ယောက်တည်း ပွစိပွစိပြောရင်း
ကျန်ရစ်ခဲ့သည်။

“ချမ်းမြေ့ ရေ …ချမ်းမြေ့ ”

“ဒေါ်စန်းဝင်းပါလား …လာလေ အိမ်ပေါ်တက်”

“ဒီမှာ ညည်းအတွက် ခရမ်းသီး ငါးပိချက်”

“ဘာလို့ နှစ်ရက်ခြားတစ်ခါလောက်ကို ဟင်းတွေ
ယူလာရတာလဲ ဒေါ်စန်းဝင်းရယ် ဒေါ်စန်းဝင်းဒို့
မိသားစု စားဖို့ အတွက်ပဲ ထားလိုက်ပါ”

“စားစမ်းပါအေ …ငါညည်းကလေးတစ်ဖက်နဲ့
ချက်ရပြုတ်ရတွေ ရှုပ်နေမှာစိုးလို့ နိုင်သလောက်
ယူလာပေးတာ”

“ကျေးဇူးပါပဲ ဒေါ်စန်းဝင်းရယ် ဒီမှာ အကြော်တွေ
စားပါဦး”

“ရတယ် …မစားတော့ဘူး ဒါနဲ့ ညည်းမိဘတွေ
ပြန်မဆက်သွယ်သောသေးဘူးလား”

“ဟင့် အင့်…အမေက စိတ်ဆိုးမပြေသေးဘူးထင်တယ်
ဟိုနေ့ကတော့ အစ်ကိုကြီးနဲ့ ဘုရားပွဲမှာ တွေ့တယ်
သမီးလေးအတွက် မုန့်ဖိုးပေးသွားတယ်”

“အင်း…ပေါ့လေ မိသားစုမှာ မိန်းကလေးက
ညည်းတစ်ယောက်တည်းပါတာ။နောက်ပြီး အောင်ထက်ဟိန်းကလည်း
မိန်းမနဲ့ ကလေးပေါ်တာဝန်ကျေတဲ့ လူကောင်းတစ်
ယောက်ပါ အနှေးအမြန် ပြန်လက်ခံမှာပါ”

“ချမ်းမြေ့လည်း အမေတို့ဆီ တစ်ခါတလေ
ပြန်သွားချင်ပါတယ် ”

“ညည်းတို့ ဒီမှာနေတယ်ဆိုတာ ညည်းမိဘတွေသိလား”

“သိမယ် ထင်တယ်”

“စိတ်မပါညစ်နဲ့အေ…မကြာခင် ညည်းမိဘတွေ
ညည်းကို ပြန်လာခဲ့မှာပါ။ဒီလို ချစ်စရာကောင်းတဲ့မြေးလေးလည်း
ရှိနေပြီပဲ”

“ဟုတ်ကဲ့ ဒေါ်စန်းဝင်း”

“သွားတော့မယ် အဝတ်လျှော်စရာလေး ရှိသေးလို့”

“သြော် …ဟုတ်ကဲ့”

XXXX

ဦးသိန်းကျော်တို့ လင်မယားသည် ည(8)နာရီကျော်
ဝန်းကျင်တွင် လက်ဖက်သုပ်စားရင်း မြန်မာကားကို
ထိုင်ကြည့်နေသည်။ထိုအချိန်တွင် သူတို့ ထိုင်နေသော
ဖျာကြီးကို တစ်ယောက်ယောက်က အိမ်အောက်မှ
တုတ်ဖြင့် ထိုးနေသကဲ့သို့ ဖျာကြီးသည် ကြွတက်လာသည်။

“ဟဲ့ ဟဲ့ …ဘာဖြစ်တာတုံး”

“အိမ်အောက်က ဘယ်သူလဲဟေ့”
ဦးသိန်းကျော်တို့ ပြောပြောဆိုဆိုဖြင့် ဖျာပေါ်မှ ထလိုက်ပြီး

ကိုသိန်းကျော် အောက်မှာ ဘယ်သူတွေ လာလုပ်
နေတာလဲ မသိဘူး သွားဆင်းကြည့်ပါဦး”

“အေး…ငါ ဆင်းကြည့်လိုက်မယ် ဓါတ်မီးရော”

“ရှင့်ဘေးမှာလေ ကိုသိန်းကျော်ရယ် နည်းနည်းပါးပါး
ပစ္စည်းတွေ ဘယ်မှာထားသလဲဆိုတာ မှတ်ထားဦး”

ဦးသိန်းကျော်သည် ဓါတ်မီးယူပြီး အိမ်အောက်သို့
ထိုးကြည့်ရာ မည့်သူကိုမှ မတွေ့ချေ။

“ဘယ်သူမှ မရှိပါဘူးဟ”

“ဟုတ်လို့လား ကိုသိန်းကျော်ရယ် အခုထိ ဖျာကြီးက
ကြွနေတုန်း”

“ဟုတ်တယ် အောက်မှာ ဘာမှ မရှိဘူး”

“ဖယ် ဖယ် ရှင်က မျက်လုံးကောင်းတာ မဟုတ်ဘူး
ကျမကြည့်မယ်”

ဒေါ်သန်းမြင့် ပြောပြောဆိုဆိုဖြင့် အိမ်ပေါ်မှဆင်းကာ
ယောင်္ကျားဖြစ်သူဆီမှ ဓါတ်မီးကိုယူ၍ အိမ်အောက်သို့
ထိုးကြည့်လိုက်သည်။ဘာမှမရှိ။အိမ်ပေါ်သို့ ပြန်ကြည့်
လိုက်သောအခါ ဖျာကြီးသည် ပုံမှန်အနေအထားပြန်
ဖြစ်နေသည်။

“ဖျာကြီးမကြွတော့ဘူး လာ…အိမ်ပေါ်ပြန်တက်ရအောင်”

သူတို့အိမ်ပေါ်သို့ ပြန်တက်လာပြီး ထိုင်မည်အလုပ်တွင်
ဖျာကြီးသည် ပြန်ကြွတက်လာသည်။
“အိမ်အောက်မှာ ဘယ်သူလဲ ထွက်ခဲ့စမ်း”

ဒေါ်သန်းမြင့် အနည်းငယ်ဒေါသထွက်လာပြီး အိမ်ပေါက်ဝသို့
သွား၍အသံမာမာဖြင့် ပြောလိုက်သည်။
“ကိုသိန်းကျော် ဓါတ်မီး ပြန်ယူလာခဲ့”

“ရော့ ဒီမှာ”

ဒေါ်သန်းမြင့်သည် အိမ်အောက်သို့ ဆင်း၍အိမ်အောက်အနှံ့
ဓါတ်မီးဖြင့် ထိုးကြည့်သည်။

“မိန်းမ ဘာတွေ့လဲ”

“ဘာ…ဘာ…မှ …မတွေ့.. ဘူး”

“ဘာလို့ မင်း အသံတွေ တုန်နေတာလဲ ဖျာကြီးက
အခုထိ ကြွနေတုန်း”

ဒေါ်သန်းမြင့် အိမ်ပေါ်သို့ ချက်ချင်းတက်ကာ အိမ်တံခါးကို
မြန်မြန်ပိတ်လိုက်သည်။

“ဘာဖြစ်လို့ တံခါးကို ပိတ်လိုက်တာလဲ”

“သရဲ …သရဲ လုပ်နေတာ ထင်တယ်”

“ဘာ…သရဲ ဟုတ်လား”

“ဟုတ် ဟုတ်တယ် ဒါကြောင့် ကျမတို့ ဘာကိုမှ
မမြင်ရတော့ပါ”

ဦးသိန်းကျော်လည်း မိန်းမ၏စကားကို နားထောင်ပြီး
ကြက်သီးများထလာသည် ။သူတို့လင်မယား ဖျာကြီးကို
ကြည့်၍ တုန်လှုပ်ချောက်ချားနေစဉ် ဖျာကြီးသည်
ပြန်ကျသွားသည်။

“သရဲ …သရဲမကြီး”

ဒေါ်စန်းဝင်းကလေးနှစ်ယောက်၏အော်သံသည် တစ်ခြံလုံးကို
ဖုံးလွှမ်းသွားသည်။

“ကလေးတွေ ဘာဖြစ်တာလဲ”

အိမ်ထဲမှ လူများအားလုံး ထွက်လာကြသည်။
ကလေးနှစ်ယောက်သည် ကာတွန်းစာအုပ်လေးများကို
ပိုက်ထားပြီး ဦးသိန်းကျော်၏အိမ်အောက်သို့ မျက်တောင်
မခတ်ဘဲ ကြောက်လန့်စွာကြည့်နေကြသည်။
သမီးငယ်လေးက အသားများ တဆတ်ဆတ်တုန်နေပြီး
ဘာစကားမှ မပြောနိုင်ရှာသောကြောင့် ဒေါ်စန်းဝင်း
သည် သား၏ပခုံးကို လှုပ်ကာ…

“သား…ဘာဖြစ်တာလဲ မေ့မေကို ပြောစမ်း”

“ဟိုအောက်မှာ မျက်လုံးအနီရောင်နှင့် မိန်းမကြီးက
သားတို့ကို စိုက်ကြည့်နေတယ်။လက်သည်းတွေကလည်း
အရှည်ကြီးပဲ။သားတို့ကို လာဖို့ခေါ်နေတယ်”

“ဘယ်မှာလဲ …ဘယ်မှာလဲ ဒေါ်သန်းမြင့်တို့ အိမ်အောက်မှာ”

သား၏စကားကြောင့် အဖေဖြစ်သူ ဦးအောင်တင်က…

“မိစန်း ကလေးတွေကို အိမ်ထဲ မြန်မြန်ခေါ်သွား
ငါအိမ်အောက်ကို သွားကြည့်လိုက်ဦးမယ်”

ဦးအောင်တင် အောင်ထက်ဟိန်းနှင့် ကျော်ဇင်တို့သည်
တုတ်များဆွဲကာ ဒေါ်သန်းမြင့်အိမ်အောက်သို့
ဓါတ်မီးဖြင့် သွားထိုးကြည့်ကြသည်။ဘာမှမတွေ့။
ဒေါ်သန်းမြင့်ကလည်း စောစောက သူတို့ကြုံခဲ့သမျှကို
ပြောလိုက်သည်။ထို့ကြောင့် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး အားလုံး ကြောက်လန့်ကာ
အသီးသီး အိမ်ထဲသို့ မြန်မြန်ပြန်ဝင်ခဲ့ကြလေတော့သည်

XXXX

အောင်ထက်ဟိန်းသည် မိန်းမအတွက် မနက်စာဝယ်ရန်
လမ်းထိပ်ပြည့်စုံလက်ဖက်ရည်ဆိုင်သို့ ရောက်လာခဲ့သည်
ဆိုင်ထဲသို့ ဝင်ဝင်ချင်းပင် ဆိုင်အနောက်ထောင့်ဘက်
တွင် ထိုင်၍ လက်ဖက်ရည် သောက်နေသော အိမ်ရှင်
ဦးဝင်းထက်က သူ့အား လှမ်းခေါ်လေသည်။

“ဟေ့ …အောင်ထက်ဟိန်း ဒီမှာ ထိုင်ပြီး လက်ဖက်ရည်
သောက်ဦးကွ”

“ဟုတ်ကဲ့ …ဦး”

“ဖိုးလုံးရေ …ကျဆိမ့်တစ်ခွက်ဟေ့”

“ဟုတ်ကဲ့ …ဦး”

ဦးဝင်းထက်သည် စားပွဲထိုးလေးအား လှမ်းမှာပြီးနောက်

“မင်းမိန်းမအတွက် မုန့်လာဝယ်တာလား”

“ဟုတ်တယ်…ဦးလေး သူက ကလေးတစ်ဖက်နဲ့ဆိုတော့
အပြင်သိပ်မထွက်ဘူးလေ။ဒါကြောင့် ကျနော်က
အလုပ်မသွားခင် ဝယ်ဝယ်ပေးသွားတာ”

“ဟုတ်တယ်ပေါ့ ကလေးအပြင် အိမ်မှုကိစ္စတွေလည်း
လုပ်ရဦးမှာ ဒါနဲ့ မင်းတို့ တစ်တွေ မနေ့ညက ဆူဆူညံညံနဲ့
ဘာဖြစ်ကြတာတုံး ငါညတုန်းက သိပ်နေမကောင်းတာနဲ့
စောစော အိပ်ရာထဲရောက်နေလို့ ဆင်းကြည့်တော့တာ”

“သြော်…အဒါကလေ”

“ပြောလေကွာ”

ဟုတ် ဦးလေး ညတုန်းက ဒေါ်စန်းဝင်းကလေးနှစ်ယောက်
ဦးသိန်းဝင်းကျော်တို့ အိမ်အောက်မှာ သရဲတွေ့လို့တဲ့”

“ဟေ…ဟုတ်လား”

“ဟုတ်တယ် ဦးလေးရဲ့ ကျနော်လည်း ဦးလေးကို
တစ်ခုမေးချင်တယ် ဦးလေးခြံထဲမှာ သရဲရှိတယ်ဆိုတာ
တကယ်လား”

“ဟာ…ပေါက်ပေါက်ရှာရှာကွာ မင်းကိုဘယ်သူပြောလဲ”

“ဒီအတိုင်းပဲ သူများတွေ ပြောတာ ကြားတာ”

“ပတ်ဝန်းကျင် စကားကို လိုက်နားမထောင်ပါနဲ့ကွာ
ပတ်ဝန်းကျင်ဆိုတာ လိုက်စပ်စုမယ် မကောင်းတာတွေ
ပြောမယ် အဲဒီ့လောက်ပဲ သူတို့လုပ်တတ်တာ”

“ဟုတ်…ဟုတ်ကဲ့ …ဦးလေး စိတ်မဆိုးပါနဲ့
ကျနော်ကလည်း တစ်ဖက်စကားကိုပဲ မယုံတတ်လို့
ဦးလေးကို ပြန်မေးကြည့်တာပါ”

“ရပါတယ်ကွာ စိတ်မဆိုးပါဘူး”

မိုးများအုံ့လာသောကြောင့် ဒေါ်သန်းမြင့်တစ်ယောက်
အဝတ်များကို ကမန်းကတန်း လိုက်ရုတ်နေသည်။

ထိုအချိန်တွင် မအိသည် စျေးမှ ပြန်လာသည်။

“မအိတောင် ပြန်လာပြီလား”

“ဟုတ်တယ်…အဒေါ် ဒီနေ့ စောစောကုန်သွားလို့”

မအိသည် အိမ်တံခါးဖွင့်နေရင်း လှမ်းပြောလိုက်သည်
ထို့နောက် ဆွဲခြင်းတောင်းကြီးကို အိမ်ပေါက်ဝ၌ ချပြီး
ဒေါ်သန်းမြင့် အိမ်ဘက်သို့ ကူးလာသည်။

“အဒေါ်တို့ ညက သရဲခြောက်ခံတော့ မကြောက်ဘူးလား”

“အောင်မလေး.…ဘယ်လိုလုပ်မေးတာလဲ ကြောက်တာ
ပေါ့အေ”

“ဟိုတုန်းကရော အခြောက်မခံရဘူးလား”

“မခံရဘူးတော် သရဲခြောက်တယ်ဆိုပြီး ပြောင်းပြေး
သွားတဲ့ လူတွေပဲ မြင်ဖူးတာ။ကျုပ်တို့ က မနေ့ညကမှ
စအခြောက်ခံရတာ”

“သြော် …ဒါနဲ့ ဒေါ်စန်းဝင်းကလေးတွေ ကျောင်းသွားလား”

“မသွားဘူး သူတို့ခမျာ အိမ်ပေါ်ကတောင် မဆင်းရဲရှာဘူးလေ
သူတို့ အမေလည်း သူတို့ နားက တစ်ဖဝါးတောင်
ခွါလို့ မရဘူး”

ချမ်းမြေ့သည် သမီးလေးကို ချီထား၍ သီချင်းဆိုပြီး
ချော့သိပ်နေသည်။ဘေးပတ်ဝန်ကျင်တွင် သစ်ပင်များ
ဝိုင်းရံနေပြီး ငှက်ကလေးများ၏အသံသည်လည်း
တွန်ကျူးနေသံများကိုလည်း သာယာနာပျော်ဖွယ်ကြားနေရသည်။
သို့သော် တဒင်္ဂအတွင်း ရာသီဥတုသည် ချက်ချင်းအေးစိမ့်တက်လာကာငှက်ကလေးများ၏
အသံသည်လည်းပျောက်သွားသည်။သစ်ပင်ထက်မှ သစ်ရွက်များသည်လည်း
ချက်ချင်းနွမ်းကြွေကျကုန်ကာ ပတ်ဝန်းကျင်တွင်
အပုပ်နံ့များ လှိုင်လာသည်။ချမ်းမြေ့တစ်ယောက်
ကြက်သီးများ ထလာပြီး သမီးလေးအား တင်းကြပ်စွာ
ဖက်ထားလိုက်ကာ ဘေးပတ်လည်ကို ချောက်ချား
နေသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။
ထိုအချိန်တွင် သစ်ပင်တစ်ပင်အနောက်တွင်
ရပ်နေသော မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုမိန်းမသည် သူမအားမဲ့ပြုံးပြုံးပြကာ သူမအရှေ့သို့
ချက်ချင်းရောက်လာကာ သူမလက်ထဲမှ သမီးလေးအား
အတင်းလုယူလေတော့သည်။

“ကလေး…ငါ့ကိုပေး …ငါကိုပေး…ငါ့ကိုပေးစမ်း”

“မပေးဘူး မပေးဘူး ဒါ ကျမ သမီး”

သမီးလေးအား မရမက လာလုယူနေသောကြောင့်
ချမ်းမြေ့သည် သမီးလေးကို အတင်းပြန်ဆွဲထားရသည်

သို့သော် ထိုမိန်းမမှာ သူမထက် ပိုသန်မာနေသည်။
အင်အားချင်း မယှက်နိုင်တော့မှန်း သိ၍ သမီးလေးအား
စွန့်လွှတ်ရတော့မည်ဟု တွေးရင်း စိတ်ထဲဆိုနှင့်လာကာ
မျက်ရည်များ ကျလာသည်။

သမီးလေးကို လုနေသော မိန်းမသည် သူမပုံစံကို
ကြည့်၍ ကျေနပ်စွာ ပြုံးနေသည်။သူမတွင်ရှိသော
အားအင်များလည်း ယုတ်လျော့လာသလို ခံစားလာ
ရသည်။ထိုအချိန်တွင် သူမနှင့် ထိုမိန်မကြားက
မြေကြီးသည် အက်ကြောင်းရာများ ဖြစ်ပေါ်လာသည်

ခန္ဓာကိုယ်တစ်ခုလုံးလည်း ရုတ်တရက်အား
ပြန်ပြည့်လာသလို ခံစားရသည်။သူမသည် ရုတ်တရက်
ရရှိလာသော အားအင်များနှင့် သမီးလေးအား ထိုမိန်းမ
လက်မှ အားကုန်သုံး၍ ပြန်ဆွဲယူလိုက်သည်။
သူမလက်ထဲသို့ သမီးလေး ပြန်ပါလာသည်နှင့်
တစ်ပြိုင်နက် မြေကြီးသည်လည်း တစ်ခြမ်းစီ ကွဲထွက်
သွားပြီး အလယ်တွင် ချောက်ကမ်းပါးကြီးဖြစ်သွား
သည်။ထိုမိန်းမသည် ကြောက်လန့် တကြားဖြင့်
အနောက်ဆုတ်လိုက်ပြီး တစ်ဖက်မြေကြီးပေါ်တွင်
ရပ်ကာ သူမအား မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။

ချမ်းမြေ့ လန့်နိုးသွားသည်။ဘေးတွင် သူမခင်ပွန်းနှင့်
ကလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ဒါက အိပ်မက်ပါပဲဟု သူမကိုယ်ကို စိတ်ဖြေပြီး
ပြန်အိပ်ဖို့ကြိုးစားသော်လည်း သမီးလေးကို ဟိုမိန်းမ
ရသွားခဲ့ရင် ဘာဖြစ်သွားမလဲဟု စဉ်းစားကာ
စိုးရိမ်စိတ်များဖြင့် ပြန်အိပ်မပျော်နိုင်ခဲ့ချေ။

“ချမ်းမြေ့ရေ …ညီမမှာထားတဲ့ ပိတ်စတွေကို မလှဝင်းက
အစ်မရဲ့ တစ်ခါတည်းထည့်ပေးလိုက်တယ်
သူဒီည အဘထွက်ပွဲသွားမလို့ ဆိုင်စောစောပိတ်မှာမို့လို့တဲ့”

“ဟုတ်ကဲ့ …အစ်မ ထားခဲ့လိုက်လေ”

“ပြည့်ရဲ့လား စစ်ပါဦးတော် ပိတ်စတွေက အများကြီးကို”

“ဟုတ် …အစ်မ ခဏလေးနော်”

ချမ်းမြေ့သည် ရေနွေးကို ဓါတ်ဘူးထဲ လှယ်ပြီးနောက်
မအိနားသို့ လာထိုင်၍ပိတ်စများကို ပြည့်မပြည့်
စစ်လိုက်သည်။

“ပြည့်တယ်…အစ်မ”

“ဒါတွေက ညီမ ပြန်ရောင်းဖို့ လား”

“ဟုတ်တယ် အစ်မ ဟိုဘက်ရပ်ကွက်မှာ အဆောင်နေတဲ့
ကောင်မလေးတွေ ရှိတယ်လေ။သူတို့က မှာလို့”

“ဒီရက်ပိုင်း ညီမမျက်နှာတွေ ချောင်ကျနေတယ်နော်
နေမကောင်းဘူးလား”

“အင်း…ခေါင်းတွေကိုက်နေလို့ ဒီရက်ပိုင်း အိပ်မက်တွေ
လုံးဝမကောင်းတော့ ပြန်အိပ်လို့ မရဘူး ဖြစ်ဖြစ်နေတာ”

“ဘာအိပ်မက်မို့လို့လဲ”

ချမ်းမြေ့သည် ဒီရက်ပိုင်းအတွင်း အိပ်မက်ထဲတွင်
သမီးလေးကို လာလာလုနေသော သရဲမအကြောင်း
ပြောပြလိုက်သည်။

“ညီမပြောပုံအရဆိုရင် သရဲမက သမီးလေးကို
လိုချင်နေတာ များလား ကလေးကို သေသေချာချာ
ဂရုစိုက်ဦးနော်”

“ဟုတ် …အခုတော့ သမီးလေးကို ဘုန်းကြီးတစ်ပါး
ပေးထားတဲ့ ပရိတ်ကြိုးလေး ဆွဲပေးထားတယ်”

“အင်း…အင်း နေ့လယ်နေ့ခင်းတွေ အိမ်မှာ မနေရဲလည်း
အစ်မတို့ဆီမှာ လာနေ ။အောင်ထက်ဟိန်းပြန်လာမှ
အိမ်ကိုပြန်ပေါ့”

XXXXX

ဒီနေ့ ဦးသိန်းကျော်သည် သူငယ်ချင်းတစ်ယောက်၏
သားမင်္ဂလာပွဲသို့ သွားရင်း မတွေ့တာကြာပြီဖြစ်သော
သူငယ်ချင်းများနှင့် ပြန်တွေ့ကာ အေးအေးဆေးဆေး
စကားပြောပြီးမှ အိမ်ကို ပြန်လာခဲ့သည်။
ရေချိုးရမှာလည်း စောသေးသဖြင့် စွပ်ကျယ်လဲကာ
အိမ်ရှေ့တွင် ပက်လက်ကုလားထိုင်ချ၍ သတင်းစာ
ဖတ်နေလိုက်သည်။မနက်က စောစောထထားရသော
ကြောင့် သတင်းစာဖတ်ရင်း အိပ်ငိုက် အိပ်ငိုက်လာရာ
နောက်ဆုံး၌ အိပ်ပျော်သွားလေသည်။

“ကိုသိန်းကျော်…ကိုသိန်းကျော် ထ ထ”

မိန်းမဖြစ်သူ၏အသံကြောင့် ဦးသိန်းကျော်သည်
ရုတ်တရက် လန့်နိုးလာသည်။

“မိန်းမ ငါ့ကို ဘာခိုင်းစရာရှိလို့ နှိုးတာလဲ”

ဒေါ်သန်းမြင့် ကြောင်အမ်းအမ်းဖြစ်သွားပြီး
ရုပ်ရှင်ကြည့်နေရာမှ…

“ရှင်ကို ကျမ ဘယ်တုံးက နှိုးလို့လဲ။ဒီမှာ ကျုပ်ဟာ
ကျုပ် ရုပ်ရှင်ကြည့်နေတာကိုး”

နေကြာစေ့စားရင်း သူအား ပြန်ပြောသောကြောင့်
သူအိပ်မက်မက်နေတာပဲ ဖြစ်မည်ဟုတွေးကာ ပြန်အိပ်
လိုက်သည်။

“ကိုသိန်းကျော် ထလို့ ပြောနေတယ်လေ”

မိန်းမတစ်ယောက်အသံကို သဲသဲကွဲကွဲကြားလိုက်ရပြီး
နောက် ကုလားထိုင်သည် ရုတ်တရက် ဘေးသို့
လဲကျသွားသည်။

“အောင်မလေး…ကိုသိန်းကျော် ဘယ်လိုတွေ
ဖြစ်တာတုံး”

“ငါ့ခါး …ငါ့ခါး…ငါ့ခါးတော့ ကျိုးပါပြီ”

ဦးသိန်းကျော်သည် ခါးကို လက်ဖြင့် ကိုင်၍မထနိုင်ဘဲ
ညည်းညူနေရှာသည်။ဒေါ်သန်းမြင့်လည်း ရုပ်ရှင်ကြည့်
နေရာမှ ယောင်္ကျားဖြစ်သူအား ထူပေးရန် အိမ်ပေါ်မှ
ကမန်းကတန်း ဆင်းလာပြီး ထူပေးသည်။

“ကိုသိန်းကျော်…ဟိုမှာ ဟိုမှာ”

မိန်းမဖြစ်သူ၏မျက်နှာတွင် ကြောက်လန့်မှုအရိပ်အယောင်များ
ချက်ချင်းဖုံးလွှမ်းသွားပြီး ပြောနေသောကြောင့်
သူသည် မိန်းမမေးငေါ့ပြသော နေရာသို့ ကြည့်လိုက်သည်

“အောင်မလေး …သရဲ သရဲမကြီး”

အုန်းပင်ပေါ်သို့ တစ်လှမ်းချင်းနောက်ပြန်တက်နေသော
ကိုယ်ဝန်ကြီးနှင့် သရဲမသည် သူတို့အား ကြည့်ကာ
ရယ်ပြနေသောကြောင့် လင်မယားနှစ်ယောက်စလုံး
ထိတ်လန့်ကာ ပြိုင်တူအော်လိုက်လေတော့သည်။
XXXX

မအိသည် ညနေစာထမင်းဝိုင်းကို ယောင်္ကျားဖြစ်သူ
ရေချိုးမပြီးခင် စုံစုံလင်လင် ပြင်ဆင်နေသည်။
“ဂလု …ဂွမ်
မအိလက်ထဲ၌ကိုင်ထားသော ချင်းသုပ်ပန်ကန် လွတ်
ကျသွားပြီး ချင်းသုပ်များ မှောက်ကျကုန်သည်။
ထမင်းစားပွဲဝိုင်းတွင် မုဆိုးထိုင် ထိုင်နေသော သရဲမ
ကြီးကို မျက်တောင်မခတ်ဘဲ ရပ်ကြည့်နေမိသည်
စားပွဲပေါ်၌ ထမင်းနှင့် ဟင်းများပြန်ကျဲ့နေကာ
ဘေးတွင် ထမင်းနှင့် ဟင်းပန်ကန်များ မှောက်လျက်သား
ဖြစ်နေသည်။

သူမ ကြည့်နေစဉ်ပင် သရဲမသည် စားပွဲပေါ်သို့
တက်လိုက်ပြီ သူမဆီသို့ လေးဖက်ထောက်၍
လာနေသည်။စောစောက မှောက်ကျသွားသော
ချင်းသုပ်များကိုလည်း လက်ဖြင့် ကောက်စားရင်း
သူမခြေထောက်နားသို့ ရောက်လာသည်။

“အား …သရဲ မကြီး …လာကြပါဦး”

အိမ်အောက်တွင် ရပ်နေသော ကျော်ဇင်နှင့်
သားလေး၏အော်သံကြောင့် ဒေါ်စန်းဝင်းတို့ လင်မယား
ရောက်လာလေသည်။သရဲမမှာ ချက်ချင်းပင်
အခိုးအငွေ့များဖြစ်သွားကာ ပျောက်ကွယ်သွား
လေသည်။

“အိသက် …အိသက် …ဘာဖြစ်သွားသေးလဲ”

“မေမေ …မေ မေ”

မအိမှာ ဘာစကားမှ ပြန်မပြောနိုင်။မျက်စိထဲတွင်
သရဲမမျက်နှာကြီးကိုသာ စွဲနေ၍ ကြောက်နေမိသည်။
ရင်တွေတုန်နေသည်။

မျက်စိဖွင့်လိုက်သည်နှင့် ယောင်္ကျားနှင့်သားလေးအပြင်
ခြံထဲက လူများကိုလည်း တွေ့လိုက်ရသည်။

“အိသက်…သတိရလာပြီလား ဘယ်လိုနေသေးလဲ”

ကျော်ဇင်သည် မိန်းမအား စိုးရိမ်တကြီး မေးလိုက်သည်။
မအိအသံတွေ ခိုက်ခိုက်တုန်နေဆဲ။

“သရဲ …သရဲမ …အိမ်ထဲမှာ ရှိတယ်”

“အိသက်ရယ် …စိတ်ကို အေးအေးထားပါ
လူတွေ အများကြီး ရှိတာပဲ”

မအိသည် ဘာမှ ဆက်မပြောတော့သော်လည်း
သူမ၏မျက်လုံးများသည် ဂနာမငြိမ်စွာဖြင့် နေရာအနှံ့သို့
လိုက်ကြည့်နေသည်။

XXXX

“စား …မိန်းမ ဒီမှာ မင်းကြိုက်တဲ့ အမဲသား ဟင်း…ထည့်စား”

ဦးအောင်တင်သည် စီးကရက်ဝယ်ဖို့ လာရင်း
အိမ်ထဲမှ စကားသံများကို ကြားလိုက်ရသည်။
အစက ဆိုင်၌ လူမရှိသဖြင့် ပြန်ထွက်သွားဖို့
လုပ်သော်လည်း ထိုအသံမှာ ဦးဝင်းထက်၏အသံ
ဖြစ်နေသောကြောင့် သိလိုစိတ်ပြင်းပြကာ
ခြေသံဖွဖွနင်း၍ အိမ်ထဲသို့ ဝင်လာခဲ့သည်။

“ဖြည်းဖြည်းစား…မိန်းမ ရေသောက်ဦး ”

အသံလာရာ အခန်းဆီသို့လျှောက်လာရာ
အခန်းထဲတွင် ဦးဝင်းထက်ထိုင်နေပြီး သူမမြင်နိုင်သော
တစ်စုံတစ်ယောက်အား စကားပြောကာ
အရှေ့ဇလုံထဲသို့ ဟင်းများ ခပ်ထည့်ပေးနေသည်ကို
တွေ့လိုက်ရသည်။

“မောင်ဝင်းထက် …မောင်ဝင်းထက် တံခါးဖွင့်ပါဦးကွာ”

မနက်အိပ်ရာနိုးနိုးချင်း အိမ်အပြင်မှ ခေါ်သံကြားရသောကြောင့်
ဦးဝင်းထက် တံခါးလာဖွင့်ပေးသည်။

“ဟာ…အစ်ကို …လာ အိမ်ထဲဝင်ဦး ”

“မဝင်တော့ဘူး လက်ဖက်ရည်ဆိုင်သွားမယ်
မင်းအခုမှ အိပ်ရာထတာလား”

“ဟုတ်လား…ခဏလေးနော် ကျနော် မျက်နှာသွားသစ်
လိုက်ဦးမယ်”

ကိုယ်လက်သန့်ရှင်းပြီးနောက် ဦးဝင်းထက်တစ်ယောက်အစ်ကို
ဝမ်းကွဲဖြစ်သူ ဦးရဲထက်နှင့် လက်ဖက်ရည်ဆိုင်သို့
ရောက်လာခဲ့သည်။စားပွဲထိုးလေးအား လက်ဖက်ရည်နှစ်ခွက်နှင့်
အကြော်များမှာ လိုက်ပြီးနောက်…

“ဘာကိစ္စရှိလို့လဲ…အစ်ကို”

“မင်းခြံထဲမှာ သရဲခြောက်တယ်ဆိုတ့ ဲ ကိစ္စနဲ့
ပတ်သက်ပြီးတော့ပေါ့ကွာ”

“အစ်ကိုကလည်း ကျနော်ခြံထဲမှာ ဘယ်လိုလုပ်ပြီး
သရဲရှိရမှာလဲ တမင်သက်သက် သွားပုပ်လေလွင့်
လျှောက်ပြောနေကြတာပါဗျာ မယုံပါနဲ့”

“မလိမ်နဲ့ မောင်ဝင်းထက် မင်းမိန်းမကို မင်းကိုယ်တိုင်
နေ့တိုင်းထမင်းကျွေးပြီး အိမ်မှာနေခွင့်ပေးထားတာ
ငါအကုန်သိပြီးပြီ။မလုပ်ကောင်း လုပ်ကောင်းကွာ”

“ဗျာ…ဘယ်လိုလုပ်ပြီးသိတာလည်း”

“ငါ့ကို မင်းအိမ်ငှားတွေ အရင်လာပြောတာ
ဒါကြောင့် နောက်နေ့တွေ မင်းမိန်းမကို ထမင်းကျွေးချိန်
မင်းအိမ်ထဲကို ငါကိုယ်တိုင် လာချောင်းကြည့်တော့
မင်းမိန်းမကို ထမင်းကျွေးနေတာ ငါ့မျက်စိနဲ့ တပ်အပ်
မြင်ခဲ့တယ်”

ဦးဝင်းထက် ဘာမှပြန်မပြောနိုင်ပဲ ခေါင်းငုံ့နေရှာသည်။

“မင်းကွာ …မင်းမိန်းမ မကျွတ်မလွတ်ဖြစ်နေလည်း
ကျွတ်လွတ်ပြီး ဘဝကူးကောင်းအောင် မင်းလုပ်ပေး
ရမှာပေါ့ အခုတော့ မင်းကိုယ်တိုင်ကိုက အိမ်မှာ
နေခွင့်ပေးပြီး ကျွေးမွေးထားတယ် မင်း ဒီလိုတွေ
လျှောက်လုပ်နေတာနဲ့ မင်းမိန်းမ ဘယ်လို ဘဝရောက်
နေပြီလဲ ဆိုတာ မင်း သိလား မင်းအယူမှားနေပြီး
ဒိဋ္ဌိဖြစ်နေပြီကွ”

သို့သော်တစ္ဆေမက…
ထို့နေ့က အစ်ကိုဖြစ်သူသည် နားလည်အောင်
ပြောပြသောကြောင့် ဦးဝင်းထက်တစ်ယောက်
သူ့လုပ်ရပ်တွေ မှားနေမှန်း သိသွားသည်။

“နင်တို့ကြောင့် ငါ့ယောင်္ကျားက ငါ့ကို အမျှဝေတော့မယ်
နင်တို့ မနေနိုင်ရင် နင်တို့ပဲ ပြောင်းသွားကြပါလား
ဒါ င့ါအိမ် ငါ့ခြံ နင်တို့ကုိ လုံးဝမကျေနပ်ဘူး
သာဓုလည်း လုံးဝမခေါ်ဘူး”

အိမ်ငှားများအားလုံး ထိုအိပ်မက်ကြီးကို ပြိုင်တူမက်ပြီး
နိုးလာကြသည်။

“ဒုန်း…ဒုန်း …ဒုန်း…ဘုတ်…ဘုတ် …ဘုတ်”

နိုးနိုးချင်းပင် ခေါင်းမိုးပေါ်မှ ခြေသံပြင်းပြင်းဖြင့်
လျှောက်နေသောအသံများ အိမ်ထရံကို ပြင်းထန်စွာ
ပုတ်ခတ်နေသော အသံများကို ကြားလိုက်ရသည်။

အိမ်ငှားများမှာ အပြင်လည်းမထွက်ရဲ။ပြန်လည်းမအိပ်ရဲ
တော့ဘဲ ကိုယ့်အိမ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက်
ပူးကပ်စွာ ထိုင်နေကြရသည်။မနက်(၆)နာရီထိုးမှသာ
ထိုအသံများပျောက်သွားလေသည်။

နောက်ရက်များတွင် …
ဦးဝင်းထက်သည် မိန်းမဖြစ်သူအတွက် ကုသိုလ်ကောင်းမှုပြု၍
အမျှပေးဝေခဲ့သော်လည်း မကျွတ်မလွတ်ဘဲ
နောက်နေ့များ၌ ခြောက်လှန့် မှုများ ပိုမို ဆိုးရွာလာခဲ့သည်

ထို့ကြောင့် ကမ္မဝါကိုနှစ်ခါတိတိ ထပ်ရွတ်ဖတ်ခဲ့ရလေသည်။
ထို့နောက်မှသာ ခြံထဲတွင် အေးအေးချမ်းချမ်းနှင့်
ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

(၃)လကြာသောအခါ ချမ်းမြေ့တို့ မိသားစုအား
ချမ်းမြေ့မိဘများက ပြန်လက်ခံသဖြင့် ချမ်းမြေ့တို့သည်
မိဘဆီတွင် သွားနေရန် ထိုခြံမှ ဦးစွာ ပြောင်းသွားသည်
ထို့နောက်တွင် ဦးဝင်းထက်က ခြံကြီးအား
ရောင်းတော့မည်ဆိုသောကြောင့် တခြားအိမ်ငှားများလည်း
အသီးသီး ပြောင်းရွှေ့သွားကြသည်။

ခြံကြီးကို ရောင်းပြီးသွားသောအခါ ရရှိလာသော
ပိုက်ဆံများအား ဦးဝင်းထက်သည် လိုအပ်သော
နေရာများတွင် လှူဒါန်း၍ သာသနာ့ဘောင်ထဲသို့
အပြီးဝင်သွားလေတော့သည်။

မူရင်းရေးသူ ဂျိုဂျိုး
ဂမ္ဘီရလောက မဂ္ဂီရလောက မဂ္ဂဇင်းမှ ကူးယူတင်ပြသည်။