သရဲမွေးတဲ့ခြံ(စ/ဆုံး)
——————-
ဦးကံအေး၏ ခင်ပွန်းကြီးဆယ်ပါးကန်တော့သံမှာ
သူ၏ ခြံကျယ်ကြီးအတွင်း ပျံ့လွင်လျက်ရှိနေသည်။
“ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့
တိုင်အောင်…
ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးအပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓအရှင်
ကိုယ်တော်မြတ်ကြီးအပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်
မြတ်ကြီးတို့ အပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌
ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို့အပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုး
ကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အ
ပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာ
ဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော
လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အပေါ်၌
ဂုဏ်ကျေးဇူးကြီးမားကုန်သော တရား ဓမ္မာ တို့ကို
ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့
အပေါ်၌
ထမင်းတစ်လုတ်၊ ရေတစ်မှုတ်စသည့်ဖြင့် ပေးကမ်း
ချီးမွမ်းမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့
၏ အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်
ပြစ်မှားမိခဲ့သည်ရှိပါသော် ထိုအပြစ်တို့ကို ပျောက်
ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရ
သော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံ
သော ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်း
ဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူ
သော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ
သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေ
သား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့လည်း စိတ်ကြံတိုင်း၊
တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍
နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား”
ဦးကံအေးက သူ၏ခြံဝိုင်းကြီးအတွင်းရှိ ခြေတံရှည်
အိမ်ကြီးအပေါ်ထပ် ဘုရားခန်းဆီမှနေ၍ နံနက်ခင်း
နိစ္စဓူဝ ပြုမူနေကျ အလေ့အထအတိုင်း ဘုရားကို
ကြည်ညိုစွာ ရှိခိုးရင်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့
နေစဉ် အိမ်ကြီးနံဘေး ကြက်ခြံထဲ ရောက်ရှိနေသော
ဦးဘကွန်းက ကြက်တင်းအတွင်းမှ ကြက်ဥခိုးနေရာ
က လက်တွန့်သွားသည်။
အမှန်တော့ သူ၏ခါးပိုက်ဆောင်ထဲတွင် ကြက်ဥ
နှစ်လုံးရောက်နှင့်နေပြီးပြီ ဖြစ်သော်လည်း သုံးလုံး
ရအောင် ခိုးမည်ဟု ဆုံးဖြတ်ထား၍ နောက်ထပ်
တစ်လုံးထပ်ခိုးရန် လက်လှမ်းလိုက်စဉ်မှာ အိမ်
ကြီး အပေါ်ထပ်ဆီမှ ဦးကံအေး၏ ခင်ပွန်းကြီး
ဆယ်ပါး ကန်တော့ခန်းကို ကြားလိုက်ရသဖြင့်
လက်တွန့်သွားခြင်း ဖြစ်သည်။
သူ၏နားထဲမှာလည်း “ထမင်းတစ်လုတ်၊ ရေတစ်
မှုတ် စသည့်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော
ကျေးဇူးရှင်ပုဂ္ဂိုလ်တို့အပေါ်၌”ဆိုသော စကားလုံး
များသည် လွင့်ထွက်မသွားဘဲ နားစည်ကို ရိုက်
ခတ်ပဲ့တင်လျက်ရှိပါ၏။
အမှန်တော့ ကြက်ဥခိုးနေသော ဦးဘကွန်း လက်
တွန့်သွားရခြင်းမှာလည်း နောက်အကြောင်းတစ်
ကြောင်း ရှိပေသည်။ ဦးကံအေးနှင့် ဒေါ်နှင်းမြတို့
ခြံမှာ အစိမ်းသရဲတွေ့ထားသည်ဟု နာမည်ကြီး
ခြင်းပင်။ ဒါကလည်း မြို့ပေါ်တက်နေသော ဦး
ကံအေး၏ သားကြီးက ဆရာတစ်ယောက်နှင့်
စီမံထားခဲ့ခြင်းပင်။
သို့သော် ဦးဘကွန်း၏ မျက်လုံးထဲတွင် ကိုပိန်၏
အရက်ပုန်းဆိုင်မှ အရက်ပုလင်းကြီး ရောက်လာ၍
ထိုကြက်ဥတစ်လုံးကို ခိုးဖြစ်အောင်ခိုးပြီး သူ၏
ခါးပိုက်ဆောင်ထဲသို့ မကွဲအောင် အသာထည့်
လိုက်သည်။ ထိုစဉ် သူ၏ ခါးကြားမှာ အမြဲဆောင်
နေကျ ဓါးမြှောင်ပြုတ်ကျသွား၍ ပြန်ကောက်ယူ
ရပြန်သည်။
“ကိုကံအေးရေ… ဒီမှာ ဘုရားဆွမ်းတော်တင်ဖို့
ဆွမ်းကျက်နေပြီ။ ဖန်ပုလင်းထဲက ကြံသကာနဲ့
တစ်လက်စတည်း ဆွမ်းတော်ကပ်လိုက်ပတော့”
အိမ်အောက်ထပ် မီးဖိုဆောင်မှ အရုဏ်ဆွမ်းအမှီ
ထချက်နေသော ဦးကံအေး၏ဇနီး ဒေါ်နှင်းမြ၏
အသံကို ကြားလိုက်ရ၍ ကြက်ခြံထဲရောက်နေ
သော ဦးဘကွန်း မှောင်ရိပ်မှာ အသာခိုနေလိုက်
ရသည်။
“အေး…အေး လာပါပြီကွာ။ ကင်ပွန်းရွက်တွေ စည်း
ဖို့ ပြင်ပေတော့၊ တော်တော် ဖောက်သည်ကောင်မ
လေးတွေ ရောက်လာရင် စောင့်နေရဦးမယ်”
ဦးကံအေးအသံကြားရပြီး မီးဖိုဆောင်ရှိရာ အောက်
ထပ်သို့ ဆင်းလာသော ခြေသံကို ကြားလိုက်ရသည်။
ဒေါ်နှင်းမြက မီးခွက်တစ်ခွက်ကို ကိုင်ပြီး အိမ်အောက်
ထပ် ကင်ပွန်းရွက်များ စုပုံထားရာ ကွပ်ပျစ်ဆီသို့
ထွက်လာသည်။
“ဟင်း”
သူတို့ဇနီးမောင်နှံနှစ်ယောက် ကိုယ့်ကိစ္စနှင့်ကိုယ်
အလုပ်ရှုပ်နေကြရာမှ သူတို့ခြံထဲသို့ ခိုးဝင်လာသော
ဦးဘကွန်း သက်ပြင်းချလိုက်မိသည်။ ဦးဘကွန်း
မကြာခဏ ပြုလုပ်နေကျအတိုင်း ဦးကံအေးတို့
ကြက်ခြံမှ ထွက်ပြီး မှောင်ရိပ်ခိုကာ သူ့ခြံရှိရာ
ခြံစည်းရိုးအနီးသို့ ခြေသံလုံလုံဖြင့် လျှောက်
လာသည်။
“အီ အီ အီ အီ”
ဦးကံအေးတို့ မွေးထားသော ခွေးကြီး ရန်လုံက
သူ့ကို လူရင်းမို့ ဟောင်ခြင်း မပြုဘဲ အမြီးနန့်ကာ
နှုတ်ဆက်သည်။ ရန်လုံသည် အမည်နှင့်လိုက်
အောင် ဦးကံအေးတို့အိမ်နှင့် ခြံအတွက် ရန်လုံ
သော အစောင့်ခွေးကြီးပင် ဖြစ်သော်လည်း
ခြံနီးချင်း ဖြစ်သော ဦးဘကွန်းကိုမူ သိနေသဖြင့်
ဟောင်ခြင်း၊ ဆွဲခြင်းပင် မပြုချေ။
ရန်လုံနှင့်အတူ သူ့ခွေးအနီပင် ပါလာသေးသည်။ ဦးဘကွန်း၏ခြံနှင့်ဦးကံအေးတို့ခြံစည်းရိုးကို အ
လွယ်တကူ ဆက်သွယ်နိုင်ရန် ဖောက်ထားသော
မလွယ်ပေါက် ဝါးကပ်တံခါးလေးကို ဦးကံအေး
အသံမကြားအောင် အသာမဖွင့်ပြီး သူ့ခြံဘက်သို့
ကူးလိုက်သည်။ သူ့ခြံဘက်ရောက်မှ ဝါးကပ်တံခါး
လေးကို အသာပြန်ပိတ်ပြီး ဦးကံအေးတို့အိမ်ဘက်
ကို အသာလှမ်းကြည့်လိုက်မိသည်။
ဦးကံအေး၏ဘုရားခန်းမှ မီးလင်းနေသလို ဘုရား
ရှိခိုးသံတွေ ဆက်၍ လွင့်ပျံလာနေဆဲ ရှိသေးသည်
XXXXXX
မနက်အရုဏ်တက်မှာ ကောင်းမှုသုစရိုက်ကို အာရုံ
ပြု၍ လုပ်ဆောင်နေကြသူတွေရှိသလို မကောင်းမှု
ဒုစရိုက်ကို ကြံဆကျူးလွန်သူတွေလည်း ရှိသည်။
ထိုမကောင်းမှု ဒုစရိုက် ကျူးလွန်နေသူတွေ ကိုပိန်
၏ အရက်ပုန်းဆိုင်မှာ ရောက်ရှိနေကြလေပြီ။
အမှန်တော့ ကိုပိန်မှာ သူ၏ အရက်ဆိုင်ကို ညလုံး
ပေါက် ဖွင့်ထားသည်ကား မဟုတ်။ ရွာထဲမှာ အသု
ဘရှိ၍ အသုဘ ဖဲဝိုင်းမှ လာလာဝယ်နေသဖြင့်
တံခါးဝတွင် စောင့်အိပ်ပြီး ရောင်းနေရခြင်း ဖြစ်
သည်။ ခုတော့ အရုဏ်တက်ပြီ ဖြစ်၍ တံခါးကို
အပြီး ဖွင့်ပြီး ကောင်တာတွင် ဝင်ထိုင်ကာ ဖဲ
သမားများကို တစ်လုံးပြီး တစ်လုံး ရောင်းချ
နေခဲ့ပေပြီ။ ရွာမှာ အသုဘ ရှိ၍ ရွာခံတွေအ
ပြင် တခြား ရွာမှ မျက်နှာစိမ်းတွေပင် ပါလာ
တတ်သည်။
ဖဲသမားတွေဆိုတာကလည်း အသုဘအိမ်စောင့်
အကြောင်းပြကာ သောက်သောက်စားစား ဖဲရိုက်
ကြသူများ ဖြစ်၏။ ထိုစဉ်တော့ တစ်လုံးစ နှစ်လုံး
စ လာလာဝယ်ပြီး သောက်တတ်ကြသည်။
ဟော…မနက်မိုးလင်း အရှုံးအနိုင်ပေါ်အောင် ရိုက်
ကြပြီဆိုတော့ နိုင်လူတွေက…
“ကိုပိန် ကျုပ်တို့ဝိုင်းကို ကြိုက်သလောက်ချပေး၊
အမြည်း ဘာရှိသလဲ အကုန်ချ။ မနေ့က တော
ကြောင်သား ရှိသေးတယ် မဟုတ်လား၊ အချို
ရည်ကော၊ စီးကရက်ပါ ချပေး”
“ဒါမှ တို့တင်မင်းကြီးကွ။ ဒီညလည်း နိုင်ပါစေ”
“ဒီညလည်း နိုင်ဦးမှာ။ တင်မင်းတို့က ဖဲမှော်အောင်
ထားတဲ့ကောင်။ ဖဲစီးပြီးဆိုရင် အသုဘ ခုနှစ်ရက်
ခုနှစ်လီစီးတဲ့ကောင်။ ကဲ…ပျော်ပျော်ပါးပါး စားကြ
သောက်ကြ။ တင်မင်းတို့က နိုင်ပြီဆိုရင် ကိုယ်ရဲ
ဘော်တွေကို ပစ်မထားဘူး”
ဖဲနိုင်သူဝိုင်းက အူမြူးဝမ်းစုနေသလောက် ဖဲရှုံး
သည့်သူတွေက အူခြောက်ဝမ်းဟောက်လှသည်
အထူးသဖြင့် ခိုးမှုဖြင့် ထောင်ကျပြီး မကြာမီက
လွတ်လာသော လှကျော်စိန်တစ်ယောက်တည်း
ငေါင်နေသည်။
“ကိုလှကျော်စိန် တစ်ပိုင်းတည်း တော်ပြီလား၊
ခင်ဗျား ဖဲရှုံးတယ်ဆိုတာ ကြားပြီး စိတ်မကောင်း
ပါဘူး။ ကိုယ်ဖောက်သည်ကို ပစ်မထားပါဘူးဗျာ။
အမြည်းဝယ်မစားနိုင်ရင် ကျနော် အမြည်းပေး
ပါ့မယ်။ ဟေ့…မာလကျစ် ရှောက်သီးတစ်စိတ်
ပေးလိုက်ပါကွာ။ အရက် ထပ်ယူဦးမလား”
“နေပါစေ ကိုပိန်။ အသုဘအိမ် နောက်တစ်ခေါက်
ပြန်သွားပြီး ဘိုင်ပွတ် ပွတ်လိုက်ဦးမယ်”
ဖဲရှုံးသူ လှကျော်စိန် ကပျာကယာသောက်ပြီး
ထသွားသည်။ လှကျော်စိနိလို ဖဲရှုံးသူတွေလည်း
တစ်ယောက်စ နှစ်ယောက်စ ဝိုင်းဖွဲ့၍ ခြောက်
ကပ်ကပ် သောက်ကြပြန်သည်။
“ဟို ခေါင်းဖြူကြီး ဝိုင်းစကတည်းက မွှေသွားတာ
ကွ။ လက်ထိပ်အိမ်က ဖဲချိုးကတည်းက ဘူစဉ်ကြီး
စချိုးတယ်လေကွာ”
“ဘယ်ခေါင်းဖြူကြီးလဲ”
“ဘယ်သူရှိရဦးမလဲ၊ ဒီရွာထဲမှာ ခေါင်းဖြူကြီး ဖဲရိုက်၊
ကြက်တိုက်၊ အရက်သောက် အချိန်မစီးတာ ဘယ်
သူရှိဦးမလဲ။ ဦးဘကွန်းကြီးလေကွာ”
ဦးဘကွန်းဟူသော နာမည်ကို ကြားလိုက်ရ၍
အရက်ပုန်းဆိုင်ရှင် ကိုပိန် ခေါင်းထောင်သွားသည်။
ကိုပိန် ဦးဘကွန်းကို ဗမာကြက်ဥတွေ မှာထားသည်
မဟုတ်လား။ ဦးဘကွန်းသည် ငွေရှိလျှင် အရက်
သောက်တတ်၍ ငွေမရှိသည့်အခါ သူ့အိမ်မှာရှိ
သည့် ပစ္စည်းအတိုအစတွေကို ကိုပိန့်ထံမှာ အ
ရက်နှင့် လဲ၍ သောက်တတ်သည်။
ခုတလော သူ့အိမ်မှာ မွေးထားသည်ဆိုသော်
ဗမာကြက်တွေဥသည့် ကြက်ဥတွေနှင့် လဲ၍
ကိုပိန့်ထံမှာ သောက်တတ်သည်။ ကိုပိန်က ထို
ဗမာကြက်ဥနှင့် သူကြီးဦးရွှေသီးကို ယောက်ျား
အားဆေးအဖြစ် လက်ဆောင်ပေး မျက်နှာလုပ်
ရသည်။ ဗမာကြက်ဥစျေးကလည်း ကောင်းလှ
သည်။ လိုချင်တိုင်း ဝယ်၍ မရ။ အပြင်မှာ တစ်
လုံးကို ငါးရာစျေးဖြစ်နေပြီ။
ခုတော့ အရက်သောက် ဖဲရိုက် ဘိုင်ကျနေသော
ဘကွန်းကြီးဆီက ဗမာကြက်ဥစစ်စစ် သုံးလုံးကို
အရက်တစ်လုံး၊ အမြည်းငါးကျပ်ဖိုးလောက်နှင့်
ကိုပိန် အချောင်ရလျက်ရှိ၏။
XXXXX
“လူတွေမှာ လောဘ၊ ဒေါသ ၊ မောဟတွေဖက်
ပြီလာဆိုမှဖြင့် အဝိဇ္ဇာအမိုက်တိုက်ကြီးက ဖုံး
လွှမ်းသွားတော့တာပဲ ကိုဘကွန်းရဲ့”
ဦးကံအေးက ခြံနီးချင်းဖြစ်သူ ဦးဘကွန်းအား
လောဘ နှင့် ပတ်သက်သော အကြောင်းအရာ
ကို တရားသဘောနှင့် ယှဉ်ပြီး ပြောဆိုနေသည်။
“ပျံလွန်တော်မူသွားရှာပြီဖြစ်တဲ့ မင်းကွန်းဆရာ
တော် ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသက
ဘင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ဂါထာကို အမြွက်
ဖွင့်ပြီး မေတ္တာဘာဝနာတရား ဘယ်လိုဟောကြား
ခဲ့သလဲဆိုရင်…”
ဦးကံအေးက ဘာသာတရား ကိုင်းရှိုင်းသူပီပီ
အာဝဇ္ဇန်းရွှင်လျက် လောဘကနှင့် ပတ်သက်
သော တရားဓမ္မကို ဘယ်လိုပင် ပြောနေစကာ
မူ ဦးဘကွန်း၏ နားထဲသို့ ဝင်နေတာက ဦးကံ
အေး၏ဇနီး ဒေါ်အေးမြ စောစောက သူ့အား
ပြောသွားခဲ့သော စကားများသာဖြစ်၏။
“ကိုဘကွန်းရယ် ရှင့်မလဲ အသက်ငါးဆယ်ကျော်
လို့ပဲ ခြောက်ဆယ်ထဲရောက်နေပြီ။ ခုအထိ လောင်း
ကစားနဲ့ အသောက်အစားကို မဖျောက်နိုင်သေးဘူး
လား။ ဖဲရိုက်ဖို့ဆိုရင်တော့ ရှင် အခုလာချေးတဲ့ ငွေ
တစ်ထောင်မချေးနိုင်တော့ဘူး။ အရင်က ချေးထား
တဲ့ ငွေတွေလည်း ပြန်ဆပ်သေးတာ မဟုတ်ဘူး”
ဒေါ်နှင်းမြမှာ ထိုသို့ပြောပြီး ဦးဘကွန်းကို ဧည့်ခံရန်
မီးဖိုထဲဝင်သွားကာ လက်ဖက်သုတ်လျက်ရှိသည်။
ငွေချေးပြီး ပြန်မပေးတတ်သည့် ဦးဘကွန်းအား
ငွေမချေးပေမည့် တစ်ရွာတည်းသားတွေလည်းဖြစ်၊
ခြံနီးချင်းတွေလည်း ဖြစ်နေ၍ အစားအသောက်နှင့်
ပက်သက်၍ စေတနာမပျက်နိုင်သေးချေ။
ဦးဘကွန်း ထမင်းမစားရသေးဘူးဆိုလျှင် သူတို့
အိမ်မှာ ရှိတာနဲ့ ပြင်ဆင်ကျွေးမွေးတတ်သည်။
“လောဘဟာ တပ်မက်မှုကို အခြေခံတယ်ဗျာ၊ ခု ခင်ဗျားအလောင်းအစားမက်နေတာသူတစ်ပါးငွေ
ကြေးကို လိုချင်လို့ဆိုတဲ့ တပ်မက်တဲ့ စိတ်အပေါ်
အခြေခံနေတာပဲ၊ လောဘမီးကို အကြောင်းပြုပြီး
ဒေါသမီးတောက်တယ်၊ ဒေါသမီးကို အကြောင်း
ပြုပြီးတော့ မောဟမီးတောက်တယ်၊ မောဟမီး
တောက်တော့ ငရဲမီးတွေ လောင်မြိုက်ခံရတဲ့ကိန်း
ကို ဆိုက်ကရော”
ဦးကံအေးက တရားသမားပီပီ သူ့သူငယ်ချင်းဖြစ်သူ
ဦးဘကွန်းအား လောဘသတ်ရန်၊ အလောင်းအစား
ကိုစွန့်ရန် ဘယ်လိုပဲ တရားပြနေစေကာမူ ဦးဘကွန်း
ကတော့ တရားစကားတွေကို မကြားတစ်ချက် ကြား
တစ်ချက် ဖြစ်နေ၏။
ဦးဘကွန်း၏ မျက်လုံးထဲမှာ အသုဘဖဲဝိုင်းမှ ငွေပုံကြီး
ကိုသာ ဖြစ်နေရသည်။
“လပ်ကွ” “ကိုးကွာ” “ဟောဒီမှာ ကုလားသုံးကောင်”
ဖဲဝိုင်းမှာ အော်သံတွေကိုပဲ ကြားနေရပြန်သည်။
ထိုအခိုက် ဦးကံအေး၏ဇနီး ဒေါ်နှင်းမြ လက်ဖက်
ပန်းကန်ဖြင့် ရောက်လာကာ ဦးကံအေးတို့ ရေနွေး
ကြမ်းဝိုင်းမှာ ချပေးရင်း ဝင်ထိုင်သည်။
“ရွှေနီ ပုဇွန်ခြောက်နဲ့သုတ်ထားတဲ့ မောင်ရမ်း
လက်ဖက်ရှင့်။ စားလိုက်ပါဦး ကိုဘကွန်းရယ်။
ကျမတို့က ကျမတို့မှာရှိတာ ကြိုက်သလိုဝင်
စားသွားနိုင်တယ် ကိုဘကွန်းရယ်။ အစားအ
သောက်နဲ့ဆိုရင် မနှမြောပါဘူး။ ငွေရေးကြေး
ရေးကတော့ ဆင်ခြင်နေကြရပြီရှင့်။ ကျမနဲ့
ရှင့်သူငယ်ချင်း ကိုကံအေးတို့လည်း အသက်
အရွယ်တွေ ထောက်လာကြပြီမဟုတ်လား။
သားသမီးတွေ ကျပြန်တော့လည်း မြို့ပေါ်
မှာ သူတို့စီးပွားနဲ့ သူတို့”
“သိပါတယ်ဗျာ။ မြို့ပေါ်မှာ ခင်ဗျားတို့သားသမီး
တွေ ဆိုင်ကြီးကနားကြီးနဲ့ ဖြစ်ထွန်းနေကြတာ။
ခင်ဗျားတို့မှာ သားသမီးတွေ လက်လွှတ်ပြီး
အဘိုးကြီး အဘွားကြီး နှစ်ယောက်တည်း ခြံ
ထွက် သီးနှံကို လင်မယားနှစ်ယောက် ရောင်း
ချသုံးစွဲနေကြရတာကိုပဲ ပြောမလို့ မဟုတ်လား”
“ဟုတ်တယ်၊ ဒါပဲပြောစရာရှိတော့ ပြောရမှာပေါ့
ကိုဘကွန်းရယ်”
“အင်းလေ ခင်ဗျားတို့ မှာက ခြံထွက်သီးနှံတွေ
ရောင်းချလို့ရသေးတယ်၊ ကျုပ်မှာက ခြံထဲမှာ
တော့ နေရပါရဲ့။ ကိုယ့်ခြံမဟုတ်တော့တဲ့အတိုင်း
ဘဲ ခြံထဲကသီးနှံကို စားရုံပဲ စားရတယ်။ ရောင်း
လို့က မဖြစ်။ အိမ်နဲ့ နေရပါရဲ့ အိမ်က သွပ်တစ်
ချပ် ပျဉ်တစ်ချပ်ကိုတောင်မှ မထိရဲဘူး”
“ရှင် အဲဒီလို ဖြစ်မှာပေါ့။ ဖဲရိုက်၊ကြက်တိုက်၊ အ
ရက်သောက် လုပ်နေတာကိုး။ ဖဲရိုက်၊ ကြပ်တိုက်
ရင်း ရှုံးပါများတော့ ခြံတွေ၊ အိမ်တွေ ပေါင်ထား
ရပြီ မဟုတ်လား။ ရှင့်ကို အဲဒီအလောင်းအစား
က ဒုက္ခပေးနေတာ။ ရှင် နောင်တ မရနိုင်တာ
အံ့ပါရဲ့နော်”
“ဟုတ်သားပဲ ဘကွန်းရယ်။ ဟိုတစ်နေ့က မင်းရဲ့အိမ်
က ရာဝင်စဉ့်အိုးကြီးကို ရွာထဲက တင်မင်းတို့လှည်းနဲ့
လာတိုက်သွားတာ မြင်ပြီး ငါ စိတ်မကောင်းလိုက်တာ။
အဲဒီစဉ့်အိုးကြီးကို မင်း ဖဲဝိုင်းမှာ ဖဲရှုံးလို့ ငွေငါးရာမ
ဆပ်နိုင်တာနဲ့ လာသယ်သွားတာဆို။ မင်းကွာ ရှိတဲ့
ပစ္စည်းတွေလည်း ပြောင်ပြီ။ နောင်တရမှပေါ့ကွာ။
ပြီးတော့ မင်းတို့ငါတို့အရွယ်တွေက တရားဖက်ကြ
ရမယ့် အရွယ်တွေ”
“အေးပေါ့ကွာ။ ငါလည်း ဝါသနာကို မစွန့်နိုင်လို့
ခုလိုဖြစ်ရတာပါ။ တဖြည်းဖြည်း မျှဉ်းပြီး ဖြတ်ပါ့
မယ်ကွာ။ ခုတော့ ငါ့ကို ငွေငါးရာလောက် ချေး
လိုက်ပါဦးကွာ၊ ငါရှုံးထားတာတွေ အသုဘအိမ်
ဖဲဝိုင်းမှာ ရင်းစားပြန်ရအောင် ရိုက်ချင်းသေးလို့ပါ”
ငွေကိုသာ အတွင်ချေးနေသော ဦးဘကွန်းကို
ဦးကံအေးပါ စိတ်ပျက်သွားလေသည်။
“ဝုတ် ဝုတ် ဝု ဝူ အူး”
ထိုစဉ် ဦးဘကွန်းမွေးထားသော ခွေးကြီးငနီမှာ ရန်
လုံနှင့် ဆော့ကစားနေရာမှ ဦးဘကွန်းဆီပြေးလာ
ပြီး ပွတ်သီးပွတ်သပ် လုပ်ကာ အစားတောင်းပါ
လေတော့သည်။
ခွေးမွေးတတ်သူများပီပီ ခွေးအထာကို သိနေသော
ဦးကံအေးက သူ့မိန်းမ ဒေါ်နှင်းမြအား လှမ်း၍ ပြော
လိုက်သည်။
“ဘကွန်း ခွေးငနီကြီး ထမင်းမစားရသေးဘူးနဲ့
တူတယ်။ နှင်းမြရေ ရှိတာလေးနယ်ဖတ်ပြီး
ကျွေးလိုက်ပါဦး။ ဘကွန်းနဲ့ ငါတို့ဟာ လူသူ
ငယ်ချင်းတွေ ဖြစ်သလို ဘကွန်းခွေးငနီနဲ့ ငါ
တို့အိမ်က ရန်လုံတို့လည်း ခွေးသူငယ်ချင်း
တွေပဲဟာ။ တစ်ကောင်စားရရင် တစ်ကောင်
လည်း စားရပါစေပေါ့ကွာ။ ငနီလည်း ခုတ
လော တို့အိမ်မှာချည်းလိုလိုပဲ”
“အိမ်မှာချည်းပဲလိုလို ဖြစ်နေမှာပေါ့ရှင့်၊ သူ့သ
ခင်က အိမ်မကပ်တော့ သူ့မှာလည်း နပ်မှန်
အောင်တောင်မှ စားရတာမှ မဟုတ်ဘဲ။ လာ
လာ ငနီ နင့်မှာလည်း စားချိန်မစားရ၊ တစ်ဒုက္ခ
ပါပဲ။ ခွေးဖြစ်ရတဲ့ အထဲ ကံက ဆိုးရှာသေးတယ်”
ဒေါ်နှင်းမြက ပြောဆိုပြီး ထသွားကာ မီးဖိုထဲမှ
ထမင်းကျန် ဟင်းကျန်များကို နယ်ဖတ်၍ အိမ်
အောက်ရှိ ခွေးစာခွက်ထဲတွင် ထည့်ကျွေးနေ
ပြန်သည်။
XXXXX
ဦးဘကွန်းနှင့် ဦးကံအေး ဒေါ်နှင်းမြတို့ လင်မယားမှာ တစ်ရွာတည်းသား ငယ်သူငယ်ချင်းတွေ ဖြစ်ကြသည်။
ယခင်က သူတို့ခြံမှာ ခြံကျယ်ကြီးများဖြင့် ခြံထွက်သီး
နှံနှင့် ပန်းပင်များ စိုက်ကာ ဝင်ငွေကောင်းခဲ့ကြသည်။
ခြံသမားဆိုတာက မပျင်းမရိ ရာသီအလိုက် စိုက်ပျိုး
နေလျှင် ငွေရွှင်သူများ ဖြစ်ကြသည်။ သူတို့တစ်တွေ
မိရိုးဖလာ ခြံကြီးတွေ ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကာ
ခြံစိုက်ရင်းဖြင့် သားသမီးတွေ ကြီးပြင်းအောင် မွေး
မြူနိုင်ခဲ့ကြသည်။
ဦးဘကွန်းက ငယ်စဉ်ကတည်းက အသောက်အစား၊
လောင်းကစားဖက်၍ ဦးဘကွန်း၏မိန်းမ ဒေါ်စိန်မေက
ချည်းပဲ လုပ်ငန်းများကို ဂရုတစိုက် အပင်ပန်းခံ လုပ်
နိုင်ခဲ့၍သာ ဦးဘကွန်းသားသမီးတွေ ဒုက္ခမရောက်ခဲ့
ခြင်း ဖြစ်၏။ ဒေါ်စိန်မေ သေဆုံးသွားချိန်မှာ သားသ
မီးတွေလည်း အရွယ်ရောက်နေကြပြီမို့ အိမ်ထောင်
ရက်သားပြုကာ မြို့ပေါ်တက် စီးပွားရှာရင်း မြို့ပေါ်
သွားရောက် နေထိုင်ကြတော့သည်။
ဦးကံအေး၊ ဒေါ်နှင်းမြတို့လည်း ဦးဘကွန်းတို့နည်းတူ
ပင် သားသမီးများ အတောင်အခက်စုံပြီ ဖြစ်ရကား
မြို့ပေါ်တက်၍ စီးပွားရှာကြသူတွေ၊ အစိုးရဝန်ထမ်း
လုပ်သူတွေ လုပ်ကုန်ကြလေပြီ။ သူတို့ အဘိုးကြီး
အဘွားကြီးတွေသာ မူလစိုက်ပျိုး စားသောက်ရာ
ရွာရှိ ခြံကြီးတွေမှာ ကျန်ရစ်ခဲ့ကြရတော့သည်။
သား သမီးတွေက မြို့ကို ခေါ်သော်လည်း သူတို့
မှာ မနေနိုင်ကြပြန်။
“နင်တို့မြို့မှာ မွန်းမွန်းကြပ်ကြပ်နဲ့ မနေတတ်ပါဘူး
အေ။ ငါတို့တောမှာက နေကျင့်ရနေပါပြီ။ ပြီးတော့
ငါတို့သေရင်လည်း အဘိုးအဘွား၊ အဖေအမေတွေ
ခေါင်းချခဲ့တဲ့ သင်္ချိုင်းမှာပဲ သေပါရစေတော့ကွယ်”
ဦးကံအေးနှင့် ဒေါ်နှင်းမြတို့မှာ တောသူတောင်သား
သဘာဝအရ ရွာနှင့် ခြံမှာ အနေမပျက် နေနေရသော်
လည်း ဦးဘကွန်းမှာက ထိုသို့မဟုတ်။ ဦးဘကွန်း၏
အသောက်အစား မဖျောက်နိုင်သောဥာဉ်၊ လောင်း
ကစားမစွန့်နိုင်သော အကျင့်တွေကြောင့် မြို့ပေါ်
တက်သွားလျှင် တာရှည်နေ၍ မဖြစ်။
သားအိမ်သွားလျှင် သူစိမ်းဖြစ်သော ချွေးမကို
မျက်နှာပူစရာဖြစ်ခဲ့သည်။ သမီးအိမ်နေပြန်ပါ
ကလည်း သားမက်တွေ အနေခက်ပြန်သည်။
မြေးတွေအတွက် စံနာမူနာယူစရာ ဘိုးအေကောင်း
တစ်ယောက် ဖြစ်မလာနိုင်သူ့ကို ဘယ်သားသမီး
အိမ်ကမှ ကြာကြာလက်ခံထား၍ မဖြစ်ကြ။
ယင်းကြောင့်ပင် ဦးဘကွန်း မြို့ပေါ်မှာ သွားမနေနိုင်
တော့ဘဲ သူ့ရွာ၊ သူ့ခြံမှာ ပြန်နေမြဲ နေနေရခြင်းဖြစ်၏။
အစက စိုက်ပျိုး၍ စားလောက်အောင် တစ်ဧက
လောက် ရှိသော ခြံကြီးမှာ ဦးဘကွန်း တတိတတိ
နှင့် ဖဲ့၍ ရောင်းသည်မှာ ယခုအခါ၌ ပေငါးဆယ်
ပတ်လည်သာ ကျန်တော့သည်။ ထိုပေငါးဆယ်
ပတ်လည် ခြံကြီးထဲမှာပင် သီးပင် စားပင်များကို
တောင်မှ ဦးဘကွန်း မခူးရဲ၊ မဆွတ်ရဲတော့။
သူပိုင်မဟုတ်တော့ဘဲ ပေါင်နှံထားရလေပြီ။ ဦးဘ
ကွန်းမှာ ဦးကံအေးတို့ထံမှ ငွေချေး၍ မရသဖြင့် စိတ်
ပျက် လက်ပျက်ဖြစ်ကာ သူ၏ အိမ်ဘက်သို့ ပြန်
လျှောက်လာခဲ့သည်။
သူရင်းတွေ ဖြစ်၍ နှစ်ခြံတစ်ခြံ ဖြစ်နေသော အလယ်
မှ ခြားထားသည့် ခြံစည်းရိုး၏ မလွယ်ပေါက် ဝါးတံ
ခါးပေါက်ကို မဖွင့်ပြီး သူ့အိမ်ဘက်သို့ ဝင်လာခဲ့သည်။
အိမ်သို့ပြန်အရောက်မှာ သူ့ခြံထဲဝင်လာသော အရက်
ပုန်း ဆိုင်ရှင်ကိုပိန်ကို တွေ့လိုက်ရသဖြင့် အံ့အား
သင့်သွားသည်။
“ဟာ…ဦးဘကွန်း ခင်ဗျားကို တွေ့မှတွေ့ပါမလား
လို့၊ ခင်ဗျားဆီက ဗမာကြက် ဝယ်ချင်လို့ဗျာ”
“ဘယ်ရှိမလဲ ငပိန်ရ”
“ဗျာ…ဗမာကြက်ဥတော့ရှိပြီး ဗမာကြက်တော့
မရှိတော့ဘူး ဟုတ်လား”
ဦးဘကွန်း သူစကားပြော လောကြီးသွားမှန်း စဉ်း
စားပြီး အမြန်ပြင်ပြောရသည်။
“ကြက်တွေက ခြံထဲမှ အစာလိုက်စားနေလို့
မရှိဘူးလို့ ပြောတာပါ”
“ဒါဆို မနက်ကျရင် ဗမာကြက်ဖတစ်ကောင်ဖမ်း
ယူခဲ့ဗျာ။ မြို့ပေါ်ကနေ အသုဘကိုလာကြတဲ့
သူတို့ဆွေမျိုးတွေထဲက တစ်ယောက်က ဗမာ
တိုက်ကြက်ကောင်းကောင်း လိုချင်လို့တဲ့။ ကြက်
ဖကောင်းကောင်းဆိုရင် ငွေမြိုးမြိုးမြက်မြက်ရမှာ
အဲဒီလူတွေက ကြက်သမားတွေဗျ”
ကိုပိန့်စကားကြောင့် ငွေလိုနေသော ဦးဘကွန်း
မျက်လုံးထဲမှာ ဦးကံအေးနှင့် ဒေါ်နှင်းမြတို့ ခြံ
ထဲမှ ဗမာတိုက်ကြက်ဖများကို ပြေးမြင်လိုက်
သည်။
“မင်းတို့လိုချင်တဲ့ တိုက်ကြက်ဖကို ညအိပ်တန်း
တက်ချိန်ဖမ်းပြီး မနက်ကျတော့ ငါ မင်းဆိုင်ကို
လာနေကျ တိုင်း လာပို့မယ် ဖြစ်မလား”
“ဖြစ်တာပေါ့ မနက် သူတို့အပြန် ကျုပ်ဆိုင်
ဝင်မော့ကြရင်း ယူသွားကြဖို့ ကျုပ် ပြန်ချိန်း
လိုက်မယ်”
“ဒါဆို စရံအဖြစ် ငါ့ကို ငွေတစ်ထောင်ပေးခဲ့။
စျေးက ပုတ်ပြတ်စျေး၊ တစ်ကောင်ငါးထောင်
ပဲ ဖြစ်မလား”
“ကျုပ်အတွက် ပွဲစားခငါးရာပေးရင် ဖြစ်တယ်”
“ပေးမယ်ကွာ”
“ဒါဖြင့် ရော့ စရံတစ်ထောင်၊ ခင်ဗျား လာဖြစ်
အောင် လာနော်။ ကတိဖျက်ရင်တော့ ခင်ဗျား
အိမ်က သွပ်တွေကို ခွာအရောင်းပဲ”
သို့ဖြင့် ဦးဘကွန်းနှင့် အရက်ဆိုင်ပိုင်ရှင် ကိုပိန်
တို့က အရောင်းအဝယ် လွယ်လွယ်ကူကူ ဖြစ်
သွားကြတော့သည်။
XXXX
“ဘကွန်းတို့က ခေါင်းဖြူပေမယ့် ကျောင်းသူ
ကိုတော့ ဝယ်နိုင်သေးသကွ”
ဦးဘကွန်းကြီးအသံက အသုဘအိမ် ဖဲဝိုင်းမှာ
ညံထွက်နေသည်။ ညံထွက်နေမှာပေါ့။ ကိုပိန့်ဆီ
က ငွေတစ်ထောင် ရရချင်း ဖဲရိုက်ချင်နေသော
ဦးဘကွန်း ရေငတ်သူ ရေတွင်းထဲကျသလို ဖြစ်
သွားကာ ဖဲလာရိုက်ရာမှ နိုင်ပြီးရင်း နိုင်နေခြင်း
ကြောင့် အူမြူးနေခြင်းဖြစ်၏။ ပြီးတော့ ဖဲနိုင်သူ
ကို ငွေမျက်နှာနှင့် ဖားတတ်သော လူ့အောက်
တန်းတို့ထုံးစံအရ ဘေးမှ မျက်နှာလို မျက်နှာရ
တစ်ခွက် တစ်ဖလား တိုက်သူတွေ ရှိသဖြင့်
အရက်ရှိန်ဖြင့် အူမြူးသလို ပါးစပ်က ရူးပြီး အရွယ်
နှင့် မလိုက်အောင် ပြောချင်ရာ စွတ်ပြောနေခြင်း
ဖြစ်သည်။
မကောင်းသော အလေ့အထနှင့် ယဉ်ပါးနေသူ
တွေကြားမှာ ထိုသို့သော စကားမျိုးကို မည်သူ
တမျှ ရိုင်းသည်ဟု အလေးထားပြောလေ့ရှိသူ
မရှိ။ သူ့ထက်ငါ စကားအတင်အစီး နှုတ်လျှာ
အကြမ်းပြိုင်နေသည့်နှယ် ထင်ရသည်။
ဦးဘကွန်းရှေ့မှာ ငွေတွေ ပုံနေသည်။ ကိုပိန်ဆီ
က ရလာသော ငွေတစ်ထောင်အပြင် ငွေတစ်
သိန်းလောက်နိုင်နေလေပြီ။ ဖဲဝိုင်းတကာလည်
ရိုက်၍ ဖဲသမားအထာကို ကျွမ်းကျင်နေပြီ ဖြစ်
သော တင်မင်းကြီးက သွေးဆူနေသော ဦးဘ
ကွန်းကို မခံချင်အောင် ဆွပေးလိုက်သည်။
“ဒီမှာ ဦးဘကွန်း တစ်ခါတစ်လေလေး နိုင်ရုံနဲ့
သိပ်ကြီးကျယ်ပြီး ဟောင်ပွာ ဟောင်ပွာ လုပ်
မနေနဲ့။ ခင်ဗျား သတ္တိရှိရင် ခင်ဗျားရှေ့မှာ ချ
ထားတဲ့ ပိုက်ဆံနဲ့ တိုက်စား ရိုက်ရဲသလား”
“သိပ်ရိုက်ရဲတာပေါ့ တင်မင်းရာ။ ဘကွန်းဆိုတဲ့
ကောင်က မင်း လူမဖြစ်သေးခင်ကတည်းက
ဖဲရိုက်လာတဲ့ကောင်၊ သွေးက ရဲရဲတောက်ကွ၊
ကဲ စိန်လိုက်”
ဒါကိုပင် ဖဲရှုံး၍ ဦးဘကွန်းကြီးနောက်မှာထိုင်လျက်
ဘိုင်ပွတ် ပွတ်နေသော လှကျော်စိန်က ဦးဘကွန်း
ကြီးအား လက်ကုတ်ကာ ပါးစပ်ဖြင့်လည်း ခပ်တိုး
တိုးပြောသည်။
“ဦးဘကွန်းကြီး အကုန်မလုပ်နဲ့။ လေးငါးထောင်
ခြေစောင့် လက်စောင့် ထားဦးလေ”
“ဖဲရှုံးရင် ငြိမ်ငြိမ်နေတာ မဟုတ်ဘူး။ နိမိတ်မရှိ
နမာမရှိ ပါးစပ်ပုပ်ကြီးနဲ့ လာပြောတယ်၊ ကဲ…
ဟောဒီမှာ အောက်ရှိ အကုန်ပဲ ထိုးတယ်ကွ”
သူ့အတွက် ပြောသော လှကျော်စိန်ကို တံတောင်
နှင့် နောက်ပြန်တွက်ရင်း ငွေပုံကြီးကို နိုင်ချီဟန်
တက် ရှေ့ကို တိုးလိုက်သည်။
“ဟုတ်သားပဲကွ။ ဦးဘကွန်းကြီး ဖဲက တက်နေ
တာပဲ။ တစ်ဝိုင်းလုံးက ပိုက်ဆံ သူ့ပိုက်ဆံဖြစ်နေ
ပြီ။ ဒိုင်ကိုင်တဲ့ တင်မင်းကြီးတောင် မြော့မြော့ပဲ
ရှိတော့တယ်။ ဗျို့ …ဦးဘကွန်း ကံဇာတာတက်
နေတုန်း တင်မင်းကြီးကို အပြတ်သာဖြိုပစ်ဗျာ”
မစားရ ဝခမန်း မြှောက်ထားပင့်ကော်လုပ်ပေးသူ
တွေကလည်း ထိုနေရာမျိုးမှာ မရှားလှ။ သို့သော်
ဦးဘကွန်းကြီးခမျာ ကံဇာတာစန်းလက် ကြာကြာ
တက်ခွင့်မကြုံလိုက်ပါ။
ထိုတချီမှာပင် ဒိုင်တင်မင်းကြီးက အောက်ရှိအကုန်
စားသွားသဖြင့် တစ်ပြားတစ်ချပ်မျှပင် မကျန်တော့။
“ဟာ…ဦးဘကွန်းကြီး ကိုးကျနေတာကို ဒိုင်တင်
မင်းကြီးက တစ်သုံးလုံးနဲ့ စားသွားတယ်တဲ့ကွာ။
အံ့ရော…အံ့ရော”
ဒိုင်တင်မင်းကြီးက ဦးဘကွန်းရှေ့မှ ငွေတစ်သိန်း
ကျော် အပုံကြီးကို သိမ်းရင်း…
“ဟဲ ဟဲ ဟဲ နောက်ဆုံးတော့ ကျော်ဟိန်းဟာ
ကျော်ဟိန်းပါပဲကွာ၊ မိုးပေါ်မှာနေမင်း၊ လူ့ပြည်
မှာ တင်မင်းတဲ့ကွ”
“ဦးဘကွန်းကြီး သနားပါတယ် ဘိုးတင်မင်းရယ်၊
သူ့အရင်း တစ်ယောက်ကို ပြန်ပေးလိုက်ပါဗျာ”
“ကိုယ့်ကို ပြန်ထိုးမယ့်ဓါးကို ကိုယ်က ပြန်သွေး
ပေးနေရင် ရာဇဝင်ရိုင်းသွားမှာပေါ့။ ငွေတစ်
ထောင်တော့ မပေးနိုင်ဘူး၊ အရက်တစ်လုံးဖိုး
ငွေတစ်ဆယ်တော့ ပြန်ပေးလိုက်မယ်”
ဦးဘကွန်းမှာ တင်မင်းစကားကြောင့် နာသာ
ခံခက် ပိုဖြစ်သွားပြီး အရက်ဆိုင် ပိုင်ရှင် ကိုပိန်
နှင့် သူငွေရပေါက်ရလမ်း ဖန်တီးထားသည်ကို
တွေးမိကာ…
“မင်းဆီက အရက်တစ်လုံးဖိုး ငွေတစ်ဆယ်
ဘာလုပ်ဖို့လည်း၊ ဒီမှာကွ ငွေဆိုတာ နတ်ပြည်
မှာလည်း မရှိဘူး။ ငရဲပြည်မှာလည်း မရှိဘူး။
လူ့ပြည်မှာပဲ ရှိတယ်။ မင်းနဲ့ငါ မနက်ဖြန်ကျရင်
ဒီဝိုင်းမှာ ပြန်တွေ့ကြသေးတာပေါ့ကွာ။ ဟုတ်
လား နွားပျိုသန်လှ နွားအိုပေါင်ကျိုးရုံလောက်
ပေါ့ကွ”
XXXXX
ဦးဘကွန်းအဖို့ ထိုနေ့က နာရီပိုင်းအတွင်းမှာ လူတစ်ယောက်ကံကြမ္မာဆန်းကြယ်မှုတွေကို
အရိပ်လက္ခပြနေသည့် အဖြစ်အား တရားသ
မားမဟုတ်ဘဲ မိုက်တွင်းနက်နေသူမို့ ဆင်ခြင်
၍ သတိတရား မရနိုင်။
အသုဘအိမ်မှ အပြန် ကိုပိန့် အရက်ဆိုင်မှာ အ
ရက်တစ်ပိုင်း ဝင်သောက်ကာ ညရေးညတာ အ
တွက် တစ်လုံး အကြွေးဆွဲခဲ့ပြီး အိမ်သို့ ပြန်လာ
ရာ လမ်း၌ ဦးကံအေးကို ငှက်ပျောခိုင် ထမ်းလျက်
ဒေါ်နှင်းမြအား မချစ်စု သရက်သီး ခြင်းဆွဲအလာ
ခရီးဆောင်အိတ်တစ်လုံးနှင့် တွေ့လိုက်ရလေ
သည်။
“ဟေ့…ဘကွန်း ထုံးစံအတိုင်း အရက်ဆိုင်က ပြန်
လာတာပဲ မဟုတ်လား၊ မင်းတော့ ခက်နေပါပြီ။
မြို့ပေါ်ရောက်လို့ မင်းရဲ့သားသမီးတွေ မင်းကို
မေးလာရင် ငါတို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး”
“နင်တို့အဖေ မုဆိုးဖိုကြီးတစ်ယောက်ထဲ ပျော်သ
လိုသာနေနေတယ်လို့ပဲ ပြောလိုက်ကြပေါ့ကွာ။
ဒါထက် မင်းတို့က မြို့ပေါ်သွားမလို့လား။ ဆိုင်း
မဆင့် ဗုံမဆင့်ပါလားကွ”
“အေး…ငါ့သမီးတစ်ယောက် မျက်နှာမြင်တယ်
ဆိုလို့ဟေ့”
“ဟ…သမီးမျက်နှာမြင်တာများ အဆန်းလုပ်လို့၊
ယောက်ျားယူရင် ကလေးမွေးမှာပေါ့။ ဒါ ဓမ္မတာပဲ
ဟာ”
ဦးကံအေးတို့လင်မယားနှင့် ဦးဘကွန်းကြီတို့
တာလမ်းမကြီးပေါ်တွင် စကားရပ်ပြောနေစဉ်
လှကျော်စိန်မှာ မြို့မှရောက်လာသော မျက်
နှာစိမ်းဖဲသမားတစ်ယောက်အား အဖော်ပြု၍
အရက်ဆိုင်ဘက်သို့ အလာလမ်းအချိုးအကွေ့မှာ ကြုံဖြစ်သွားသည်။ လှကျော်စိန်က သူ့အဖော်အား
ရုတ်တရက် လက်ဆွဲကာ သစ်ပင်ကွယ်ကြီးအနား
ဝင်ရပ်ပြီး နားစွင့်နေလိုက်သည်ကို ဦးကံအေးတို့
မသိလိုက်ဘဲ စကားဆက်နေ၏။
“ဓမ္မတာတော့ ဓမ္မတာပေါ့ကွာ။ အဲဒီဓမ္မတာဟာ
တို့ အတွက် ရတနာကွ။ ငါ့သမီးအကြီးဟာ မိန်း
ကလေးတွေချည်း နှစ်ယောက်မွေးတာကွ။ ခုသုံး
ယောက်မြောက် ယောက်ျားလေးမွေးတယ်လေ။
မြေးမလေးတွေအတွက် နားထွင်းမင်္ဂလာလုပ်ရ
မှာလိုပဲ ခုမြေးယောက်ျားလေးမွေးတော့ သူကြီး
လာရင် ရှင်ပြုမင်္ဂလာလုပ်ရမှာမို့ ရတနာထပ်တိုး
လို့ တို့အတွက် အလေးထားစရာတစ်ခုပေါ့”
“အေး အေး ဒါဆိုလည်း ဟုတ်နေတာပဲ။ ဒါပေ
မယ့် ငါက ဒီညနေစာ မင်းတို့အိမ်ဘက်ကူးပြီး
စားမလို့ စိတ်ကူးထားတာ။ မင်းတို့မြို့တက်သွား
တော့ ငါ့အတွက် ညနေစာဒုက္ခပဲ”
“ရှင့်မလဲ အဓိကကျတဲ့ ထမင်းဟင်းကိုတော့
မှန်မှန် ချက်စားချင်ဘူး။ အရက်တော့ မှန်မှန်
သောက်နေတာပဲ။ ရှင့် အကြောင်းသိနေတဲ့
ရှင့်သူငယ်ချင်း ကိုကံအေးက ပြောလို့ ကျမ
ရှင့်အတွက် ထမင်းဟင်းထည့်ပြီး ရှင့်အိမ်မှာ
သွားပို့ထားပါတယ်၊ ဘုန်းရှင်ကံရှင်ကြီးရေ၊
ကဲ မြို့ကို ကားကြုံမီအောင် ကားလမ်းကို
ထွက်လိုက်ဦးမယ်၊ ကျုပ်တို့ခြံလည်း ညရေး
ညတာ ကြည့်ထားလိုက်ပါရှင်၊ အသုဘအိမ်
မှာ ဖဲဝိုင်းက ရှိနေတော့ သူခိုးသူဝှက်ပေါ
လှတယ်”
ဒေါ်နှင်းမြ ဦးဘကွန်းအား ယုံကြည်စိတ်ချစွာပြောပြီး
ဦးကံအေးနှင့်အတူ ရွာနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော
ကားလမ်းမကြီးဘက်သို့ ရွာလယ်တာလမ်းအတိုင်း
ထွက်သွားသည်ကို ကြည့်ကာ ဦးဘကွန်းကြီးမှာ
ကျေနပ်စွာ ပြုံးလိုက်မိချေသည်။
XXXXX
ဦးဘကွန်းသည် သူ့ကိုယ်သူ ယခုအချိန်အထိ ကံဇာ
တာ ဆန်းတက်သည့်အချိန် မကုန်သေးဟု အရက်
မူးရင်း တွေးနေမိသေးသည်။ ကြက်ဖကို ဖမ်းရမည်
မှာ ကြက်ဥခိုးရသလို လွယ်လိမ့်မည်မဟုတ်။
အသက်ရှင်လျက် အကောင်ဖြစ်နေ၍ အော်သံပြု
နိုင်သည်။ ဗမာတိုက်ကြက်မို့ သူ့ကိုထိလျှင် မှောင်
ထဲမှာ ဖြစ်ပေမည့် အတောင်ပံက တဖျတ်ဖျတ်ခတ်
ပြီး ပြန်၍ ခွပ်နိုင်သည်။
ထိုအခါ အိမ်ရှင်ဖြစ်သော ကိုကံအေးနှင့် မနှင်းဖြူ
တို့ နိုးသွားပြီး ပြဿနာတက်နိုင်သည်။ ခုတော့ ထို
သို့ မဟုတ်တော့ပြီ။ သူ့ကံဇာတာ ဆန်းတက်နေ
သော အိမ်ရှင်တွေကပင် အလိုလို ရှောင်တိမ်း
ပေးရသလို အကြောင်းက ဖန်လာသည်။
ဦးဘကွန်း၊ ဦးကံအေးတို့ လင်မယားပို့ပေးသော
ပဲကြီးနှပ်နှင့် ငါးခြောက်ထောင်းကြော်ကို ညနေ
စာ ထမင်းအဖြစ် မြိန်ရေရှက်ရေ စားပြီး ငါးခြောက်
ထောင်းကြော် အနည်းငယ်အား ညပိုင်း အရက်
ထသောက်လျှင် မြည်းရန် အမြည်းအဖြစ် ချန်
ထားလိုက်ပါသေးသည်။
ညနေ နေဝင်ရီတရော ကြက်တွေ အိပ်တန်းတက်
ချိန်မှာ ဦးကံအေး ခြံဘက်သွားပြီး ကြက်ဖတွေအိပ်
တန်းတက်သည့် နေရာများအား လိုက်လံကြည့်ရှု
မှတ်သားထားလိုက်သည်။
ကြက်မတွေအတွက် ဥတွေကို မြွေ၊ ကြွက်၊ မြွေပါ
ရန်သူတွေရန်က ကင်းအောင် ခြံကလေး သီးသန့်
ဆောက်ပေးထားပြီး ကြက်ဖတွေကျတော့ သစ်
ပင်တွေပေါ်မှာ အိပ်တန်းတက်ကြရသည်။
ဗမာကြက်ဖတို့သည် မည်သည် လွတ်လွတ်လပ်
လပ် အိပ်တန်းတက်မှ သန်စွမ်းတတ်သည်။ အ
နိမ့်ဆုံး သစ်ကိုင်းပေါ် အိပ်တန်းတက်နေသော
ကြက်ဖတစ်ကောင်၏ အနေအထားကို မှတ်သား
ထားကာ ဦးဘကွန်းအိမ်ဘက်သို့ ပြန်ကူးကာ
အရက်ထပ်သောက်ပြီး တစ်ရေးတစ်မော အိပ်
လိုက်သည်။ ကွပ်ပျစ်ပေါ် ခေါင်းချလိုက်သည်နှင့်
လေကလေးတဖြူးဖြူးနှင့်မို့ ဦးဘကွန်း နှစ်နှစ်
ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
“အော့ အီး အီး အွတ် အွတ် ”
အိပ်ကောင်းကောင်းနှင့် အိပ်ပျော်သွားရာက
ဦးကံအေးတို့အိမ်ဘက်မှ ကြက်တွန်သံကြောင့်
ဦးဘကွန်းက နိုးလာသည်။ ကြက်တွန်သံက
ဦးဘကွန်းကြီးအား “ဘကွန်းရေ လာပါတော့”
ဟု ဖိတ်ခေါ်နေသလို နားဝင်ချိုလွန်းလှကာ
ကိုပိန့်ဆီမှ ရလာမည့် ငွေသုံးလေးထောင်နှင့်
အသုဘဖဲဝိုင်းမှ ငွေတွေကို မျက်လုံးထဲမှာ
မြင်ယောင်လာခဲ့ပြန်သည်။
ဦးဘကွန်း ကွပ်ပျစ်ပေါ်မှ ဆင်းလိုက်သည်။ ဦးဘ
ကွန်း ကွပ်ပျစ်အောက်သို့ ရောက်အသွား၊ ခွေးတွေ
ဦးကံအေးတို့ ခြံဘက်မှ စူးစူးဝါးဝါးဟောင်သံကို
ကြားလိုက်ရပြန်သည်။
“ဝေါင်း ဝုတ် ဝုတ်”
“ဝုတ် ဝုတ် ဝူး အူး”
ကြက်တွန်သံက သာယာသလောက် ခွေးတွေဟောင်
သံက ကျက်သရေကင်းမဲ့လှသည်။ ငယ်စဉ်ကတည်း
က ဇရှိသော ဦးဘကွန်း ကွပ်ပျစ်ပေါ်မှ သူဆောင်နေ
ကျ ဓါးမြှောင်ကို လိုရမယ်ရ ကောက်ယူကာ ခါးကြား
ထိုးလိုက်သည်။
ဦးဘကွန်း ဒေါ်နှင်းမြတို့ ခြံမှာ သရဲ မွေးထားသည်
ဆိုတာ ကိုတော့ သူသတိရလိုက်သည်။ သို့သော်
အဲဒီသရဲကို သူမကြောက်တော့။ သူက နိုးနေကျ
ဖြစ်၍ အဲဒီသရဲနှင့် ယဉ်ပါးနေလောက်ပြီဟု ထင်
သည်။ ဘာကြောင့်မှန်းမသိ။ ခွေးနှစ်ကောင်ဟောင်
သံများကို ထပ်မံ၍ မကြားရတော့ဘဲ တိတ်ဆိတ်
သွားပြန်သည်။
“အော့ အီး အီး အွတ်”
ကြက်တွန်သံတွေ ထပ်ကြားရ၍ သူ့မျက်လုံးထဲမှာ
ငွေတွေ မြင်လာပြန်သည်။ ဦးဘကွန်း၏ခြေလှမ်းတွေ
ခြံစည်းရိုးအစပ်သို့ ရောက်သွားသည်။ ဦးကံအေးတို့
ခြံဘက်ကူးရန် ခေါက်ထားသော မလွယ်ပေါက်မှာ
ဝါးကပ်တံခါးကို အသာလှပ်၍ တစ်ဖက်ခြံသို့ ကူး
လိုက်သည်။
ဦးကံအေးတို့ အိမ်နှင့် ကြက်ခြံမှာ နီးကပ်
နေသလို သူညနေက မှတ်သားထားသော တိုက်
ကြက်ဖ အိပ်တန်းတက်ရာ သစ်ပင်မှာလည်း အိမ်
နှင့် ကပ်နေသည်။
ထို့ကြောင့် ဦးဘကွန်းသည် ဦးကံအေးတို့ အိမ်ကြီး
ဘက်သို့ အမှောင်ထဲမှာ အသာလျှောက်လှမ်းလာ
သည်။
“အီ အီ အီ ခူး ခ႐ူး”
ခွေးနှစ်ကောင်၏ ပုံမှန်မရသော အသက်ရှုသံ ခပ်ပြင်းပြင်းကြောင့် ဦးဘကွန်း၏လှမ်းနေသော
ခြေလှမ်းတွေ တုံ့သွားသည်။
“အော့ အီး အီး အွတ်”
“အွတ်”
ကြက်အော်သံ အော့အီးအီးအွတ် နောက်မှ နောက်
ဆက်တွဲအဖြစ် ဦးဘကွန်း၏ပါးစပ်မှ အွတ်ဟူသော
မချိမဆန့် အသံကြီး ထွက်လာပြီးနောက် ဦးဘ
ကွန်း ခန္ဓာကိုယ်ကြီး ယိုင်ထွက်သွားသည်။
အိမ်ဘက်မှာ မည်းမည်းအရာကြီး တစ်ခု ပြေးထွက်
လာပြီး ဦးဘကွန်းကို သိမ်း၍ ရိုက်လိုက်ရာ ဦးဘကွန်း
မှာ ကျင့်သားရနေသူပီပီ ယို့အရှောင် ဦးခေါင်းကို မထိ
ဘဲ ကျောကုန်းကို ထိသွားခြင်း ဖြစ်၍ ပါးစပ်မှ အွတ်ခနဲ
အသံကြီး ထွက်သွားရခြင်းပင်။
သတိရှိနေသော ဦးဘကွန်း လက်ထဲမှာ ဓါးမြှောင်
ဖြင့် ထိုမည်းမည်းအရာကြီးကို ဝင်ပူး၍ သူတစ်ပြန်
ကိုယ်တစ်ပြန် ဖြစ်ကာ လဲကျသွားသည်။
ထိုသို့လဲကျသွားစဉ် ဦးဘကွန်း၏ ဦးခေါင်းဆီသို့
နောက်ထပ် တုတ်ချက်များ ကျရောက်လာကာ…
“အောင်မယ်လေး ကယ်ကြပါဦးဗျာ”
မချိမဆန့် အော်သံကြီး ထွက်ပေါ်လာပြီးလျှင် သတိ
လစ်သွားလေတော့သည်။
XXXXXX
“ကျုပ်သူငယ်ချင်း ကိုဘကွန်းဟာ သူ့ဘာသာ
ဆိုးတာ နေပေမယ့် ကျုပ်တို့အပေါ် အင်မတန်
သစ္စာရှိတဲ့ သူငယ်ချင်းကြီးပဲ။ ကျုပ်တို့လင်မယား
မြို့ပေါ်အသွား သူ့ကိုခြံအပ်ခဲ့တုန်း ဖဲသမား သူခိုး
လှကျော်စိန်တို့ ကျုပ် အိမ်ဖောက်ထွင်းပြီး ဝင်အ
ခိုးမှာ သူနဲ့ တွေ့ပြီး အသက်စွန့်သွားရတာ စိတ်
မကောင်းစရာဗျာ”
“ဟုတ်တယ်ရှင် သူ့အသုဘ ကောင်းကောင်း မွန်
မွန်ဖြစ်အောင် ကျမတို့ အကုန်အကျ ခံမယ်။ သူ
ဘဝကူးကောင်းအောင် ကျမတို့ သူ့အတွက် ရည်
စူးပြီး အလှူအတန်း ပြုပေးမယ်”
သူတို့ခြံထဲတွင် ဦးခေါင်းဒဏ်ရာ ဒဏ်ချက်များဖြင့်
သေဆုံးနေသော ဦးဘကွန်း၏အလောင်းကို တွေ့
ကြရသဖြင့် ဦးကံအေးနှင့် ဒေါ်နှင်းမြတို့က အ
ကြောင်းရင်းကို မသိဘဲ တရားသမားပီပီ စေတနာ
စကားပြောကာ ဦးဘကွန်းကြီးအတွက် ယူကျုံးမရ
ဖြစ်နေကြသည်။
“ကျုပ်တို့လည်း ရွာမှ အသုဘပေါ်လို့ ဖဲဝိုင်းရှိနေ
တော့ လူစိမ်း အဝင်အထွက် ဂရုတစိုက်ကြည့်ပြီး
ညရေးညတာ ကင်းလှည့်နေတုန်း ခင်ဗျားတို့ ခြံ
ဘက်က ဦးဘကွန်းကြီးအော်သံကို ကြားလို့ ပြေး
အလာ ဖဲသမား ထောင်ထွက်သူခိုး ဦးကျော်စိန်
ဓါးဒဏ်ရာနဲ့ ပြေးထွက်အလာကို ကြုံပြီး ဖမ်းလိုက်
နိုင်တာပဲ။ ဦးဘကွန်းကြီးဟာ တစ်သက်လုံးဆိုးခဲ့
ပေမယ့် ဒီတစ်ခါတော့ သူ့နာမည်သူ အဖတ်ဆည်
သွားတာပဲ။ သူ့ကြောင့် ရဲဘက်ပြေး နာမည်ကြီး
လူဆိုး ဓါးမြင့်ဝင်းကိုတောင် ဖမ်းမိလိုက်သေးတယ်”
“ဖဲသမားလှကျော်စိန်နဲ့ အပေါင်းအပါဖြစ်တဲ့ ရဲ
ဘက်ပြေး ဓါးမြင့်ဝင်းဟာ ဝါရင့်သူခိုး ပီသပါပေ
တယ်။ ဦးကံအေးခြံထဲက ခွေးဟောင်မှန်းသိပြီး
ခွေးတွေမဟောင်နိုင်အောင် အင်ဒရင်း ပါတဲ့ အ
မဲသားတုံးပစ်ကျွေးပြီး ခွေးတွေသေတော့မှ အိမ်
ထဲကို အေးအေးဆေးဆေး ဝင်ပြီး ခိုးမယ်အလုပ်
မှာ ဦးဘကွန်းကြီးနဲ့ တွေ့သွားတာပဲ။ အသားထဲ
က လောက် ဖဲသမားလှကျော်စိန်တော့ ဆေးရုံ
မှာ ဦးဘကွန်း ဓါးချက်နဲ့ သေတမ်းစစ်ချက်ယူထား
ရာက ဦးဘကွန်း အသုဘချတဲ့နေ့မှာပဲ အသက်
ထွက်သွားတယ်”
ဦးဘကွန်းကြီး အသုဘချပြီးနောက် ဦးကံအေးနှင့်
ဒေါ်နှင်းမြတို့အိမ်မှာ သူကြီး၊ ရာအိမ်မှူးများနှင့် အိမ်
ရှင်တွေ ဦးဘကွန်းကြီးအကြောင်း ပြောဆိုချီးမွမ်း
နေကြစဉ် ထိုအကြောင်းရင်းခံကို သိသလိုလို၊
မသိသလိုလို ရှိနေသော အရက်ပုန်းရောင်းသူ
ကိုပိန်မှာ …
“တော်တော်မကောင်းတဲ့လူကြီး သေတာတောင်မှ
ငါ့ဆီက ငွေတစ်ထောင် အချောင်အဆစ်ပါသွား
သေးတယ်”
ဟူ၍ မချိတင်ကဲ နှမြောတသစွာ တွေးနေမိလေသည်။
အမှန်တော့…
ဦးကံအေး ဒေါ်နှင်းမြတို့၏ ခြံထဲသို့ အကြံတူ ဥာဏ်တူ
ဝင်ရောက် ခိုးဝှက်ကြမည့် သူတို့ကို ဦးကံအေးသားကြီး
ခြံထဲမှာ မွေးထားသော သရဲက ဝင်စီးပြီး ထိုဖြစ်ရပ်ဆိုး
ကြီး ကြုံဆုံသွားရခြင်းကို သူတို့ အားလုံး မတွေးမိကြ
ခြင်းပင်တည်း။
မူရင်းရေးသူ ဆရာ နတ်စက်ရှိန်
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)
ဆရာမနိုင် တစ္ဆေအိုင် စာအုပ်မှ ကောက်နုတ်တင်
ပြထားပါသည်။
credit