အတ္တလွန်(စ/ဆုံး)
————-
အိမ်ထောင်တစ်ခုမှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အိမ်ထောင်ရေးဖောက်ပြန်မှ အိမ်ထောင်ပြိုကွဲကြတာမဟုတ်ပါဘူး။
ဘယ်သူမှမဖောက်ပြန်ပဲ ကွဲကွာ
သွားကြတဲ့ လင််မယားတွေ အများကြီးပါ။
တစ်ချို့ မိဘတွေရှိတယ်။
အိမ်ထောင်ကျသွားတဲ့သားကို လွှတ်မပေးပဲခုထိ ရင်ဝယ်ပိုက်ချင်တုန်း။
ကိုယ့်အိမ်နဲ့ကိုယ် အိမ်ခွဲနေတာတောင် သားလာမှ ဆေးခန်းသွားမယ်။
သားရေ…. အမေ့ကိုလမ်းထိပ်က သရက်သီးမှည့်လေး ဝယ်လာပေးပါဦး။
သားယူလာပေးတဲ့ ရေကပဲပိုချိုနေသယောင်ယောင်။
အိမ်မှာ အဖေရှိတယ်။
ညီမရှိတယ်။
သူတို့ကိုမခိုင်းဘူး။
အိမ်ထောင်ကျသွားတဲ့သားကိုမှ မရရတဲ့နည်းနဲ့ခိုင်းနေတာကတော့ ဘဝင်မကျလှဘူး။
သူ့အမေက သူဒီနေ့ဘာဟင်းနဲ့စားတယ်။
အိမ်ကိုဘယ်သူလာတယ်။
ဘာစကားပြောသွားတယ်ကအစ သားဖြစ်သူကိုဖုန်းနဲ့လှမ်းပြောတာ။
အလုပ်ကအိမ်ကိုပြန်ရောက်တာနဲ့ ဖုန်းကဝင်လာပြီ။
ရေကိုအရင်မချိုးနဲ့ဦး။
ရေတစ်ခွက်ကိုအရင်သောက်ဦး။
ပြီးမှရေချိုးဆိုတာကအစ။
ဒီနေ့ သားဘာဟင်းနဲ့စားလဲ။
ချဥ်ငံစပ်တွေသိပ်မစားနဲ့နော်။
သားနဲ့မတည့်ဘူး။
ဗိုက်အောင့်လိမ့်မယ်။
သူ့သားကဖြင့်ကင်းမွန်ချဥ်စပ်ပန်းကန်မှာသူ့လက်ချည်းပဲ။
သူ့အမေကပြောလိုက်တော့မှမစားတော့ဘူး။
ကြက်ဥကြော်နဲ့ပဲစားတော့မယ်ဆိုတော့ကြက်ဥထကြော်ပေးရတယ်။
အိမ်ထောင်ဦးအစပိုင်းမှာတော့သိပ်ပြီးမသိသာဘူး။
ကိုယ်လဲနေသားမကျပေမယ့် ငါကအိမ်ထောင်သည်ဖြစ်သွားပြီလေ။
မိသားစုရဲ့ဝီစိကိစ္စတွေကိုဒီလောက်ခေါင်းထဲမှာထည့်ပြီးမစဥ်းစားတော့ဘူး။
အိမ်မှာက အမေနဲ့ညီမလေးပဲရှိနေတာဆိုပေမယ့်လည်း သူတို့အဆင်ပြေအောင်နေတတ်ကြတယ်။
မနက်တစ်ကြိမ် ညနေတစ်ကြိမ်တော့ဖုန်းဆက်ဖြစ်တယ်။
အမေနဲ့ညီမလေးရဲ့ ကြည်လင်ရွှင်ပျတဲ့အသံလေးတွေကိုကြားရတယ်။
ဘာလိုအပ်သေးလဲအမေလို့မေးလိုက်ရင် ဘာမှမလိုဘူး။
အားလုံးအဆင်ပြေတယ်။
ငါ့သမီးသာကောင်လေးနဲ့အဆင်ပြေအောင်နေဆိုတဲ့အမေ့ရဲ့စကားလေးတွေကြားရပြန်တော့ စိတ်ချမ်းသာရတယ်။
တစ်မြို့ထဲနေတာဆိုပေမယ့်လည်း အလုပ်ကတစ်ဖက်။
အိမ်အလုပ်ကတစ်မျိုးနဲ့ အမေ့အိမ်ကို နှစ်ပါတ်လောက်နေမှတစ်ခေါက်ရောက်ဖြစ်တယ်။
မနက်မိုးလင်းတာနဲ့ခုနစ်နာရီမထိုးခင်သူကအလုပ်သွားရတယ်။
ကိုယ့်အလုပ်ကတော့ကိုးနာရီမှဆိုတော့နည်းနည်းအဆင်ပြေတယ်။
သူ့အမေက မနက်ငါးနာရီဆိုဘုရားရှစ်ခိုးဖို့ဖုန်းနဲ့လှမ်းနှိုးတယ်။
သူကတော့အိပ်ယာထဲကနေမထချင်ထချင်နဲ့မျက်လုံးကိုအတင်းပွတ်ပြီးထရတယ်။
ကျမကတော့ဆက်အိပ်နေတုန်း။
တစ်ရက်လည်းမဟုတ်ဘူး။
နေ့စဥ်ရက်ဆက်ဆိုတော့ ကိုယ်လည်းငြိုငြင်လာတယ်။
ဘုရားတရားကြည်ညိုတာတော့ကောင်းတဲ့အလုပ်ပါ။
စိတ်ကွက်စရာမရှိဘူး။
ဒါပေမယ့် ပိတ်ရက်လိုနေ့တွေမျိုးကျရင် အိပ်ယာထဲမှာလင်ကိုယ်မယားနှစ်ယောက်စကားစမြည်ပြောမယ်။
ရှေ့ရေးနောက်ရေးတိုင်ပင်မယ်။
ရုပ်ရှင်ထဲကအကြောင်းတွေပြောကြမယ်။
ဒီနေ့ခေတ်စားနေတဲ့လူမှု့ကွန်ယက်ကအကြောင်းတွေဝေဖန်ကြမယ်။
အခွီလေးတွေကိုအတူတူကြည့်မယ်။
ခုတော့ဒီလိုမဟုတ်ပါဘူး။
မနက်ငါးနာရီဆိုအိပ်ယာကကမန်းကတန်းထ။
ဘုရားစင်ရှေ့ရောက်။
ရှည်လျားလှတဲ့ဘုရားစာတွေကိုဆို။
ပဌာန်းဒေသနာတော်တွေကိုရွတ်။
အမျှတွေဝေ။
ပြီးရင်ဖုန်းနဲ့လှမ်းပြီး အဖေနဲ့အမေ့ကို သားကန်တော့ပါတယ်ဆိုပြီးလှမ်းပြော။
ဟိုဘက်ကလည်း လိုချင်တဲ့ဆုရော မလိုချင်တဲ့ဆုတွေပါလှမ်းပေး။
သြဝါဒတွေချွေ။
တစ်နေ့လည်းမဟုတ်ဖူး။
နိစ္စဒူဝနေ့စဥ်ဆိုတော့ မြင်ပြင်းကပ်လာတယ်။
ကိုယ်လဲဗုဒ္ဓဘာသာပါ။
မိဘအဆုံးအမအောက်မှာနေခဲ့သူပါ။
ဘာသာတရားလည်းကိုင်းရှိုင်းပါတယ်။
ဒါပေမယ့်ဒီလောက်ကြီးကျတော့ မြင်ရတာအဆင်မပြေလှဘူး။
တစ်ရက်မှာတော့ပြောမိတယ်။
နင်ဟယ် စိတ်မညစ်ဖူးလား။
နေ့တိုင်းမနက်အစောကြီးထနေရတာ။
ဘာစိတ်ညစ်စရာရှိလဲ။
အမေကငါ့ကိုကောင်းတဲ့အလုပ်လုပ်ဖို့ပြောတာလေ။
ကျေးဇူးတောင်တင်နေသေးတယ်။
ငါ့သဘောအရဆိုရင်လုပ်ဖြစ်မှာမဟုတ်ဖူး။
အော်..အေး. အေး..။
ငါမှားတာပါ။
ငါ့ဘက်ကမှားတာပါ။
တရားလိုတရားခံကျေနပ်နေတာငါကကြားထဲကဝင်လျှာရှည်မိတယ်။
ကိုယ်ဖြစ်စေချင်တာက မနက်ပိုင်းအလုပ်မသွားခင်လေး အိမ်အလုပ်လေးကိုလည်းနည်းနည်းပါးပါးကူညီပြီးလုပ်ပေးစေချင်တယ်။
ဥပမာ..။
မိန်းမရေ..ဒီနေ့တော့ ကိုယ်ကော်ဖီဖျော်ပေးမယ်။
ကိုယ့်လက်ရာလေးမြည်းပေးပါဦးဆိုတာမျိုး။
အဝတ်တွေကိုလျှော်မယ့်ခြင်းထဲကိုယ်စုပေးခဲ့တယ်နော်။
အဲသလိုလေး။
အိမ်ရှေ့ကအပင်လေးတွေကိုယ်ရေလောင်းပေးထားတယ်။
အဲဒါမျိုးလေးတွေကို ကိုယ်ကြားချင်တာ။
ခံစားချင်တာ။
ခုတော့အဝတ်တွေကိုချွတ်ပြီးပုံထား။
ရေချိုးခန်းထဲမြန်မြန်ဝင်။
ရေကိုငါးခွက်လောက်ချိုး။
ပြာရိပြာယာနဲ့ကော်ဖီကိုသောက်။
အဝတ်အစားကို နောက်ကကျားလိုက်လာသလိုဝတ်။
မေ့လျော့ပြီးအတွင်းခံမဝတ်သွားမိလို့လမ်းတဝက်ရောက်မှဒေါသတကြီးနဲ့ပြန်လာဝတ်ရတာမျိုးလည်းရှိဖူးတယ်။
ပိတ်ရက်များမှာတော့ သူနဲ့နှစ်ယောက် အနီးနားကစားသောက်ဆိုင်မှာသွားစားတယ်။
သားဘယ်မှာလဲ။
အပြင်မှာမုန့်စားနေတယ်အမေ။
ဟိုဘက်ကဘာပြောလိုက်တယ်မသိ။
သူ့မျက်နှာညိုနေတယ်။
စားရတာအဆင်မပြေတော့ဘူး။
နှစ်ယောက်မှာ တစ်ယောက်က မျက်စေ့မျက်နှာမသာမယာဖြစ်နေတော့ ကျန်တစ်ယောက်ကဘယ်လိုစိတ်မျိုးနဲ့စားဝင်တော့မှာလဲ။
အင်မတန်စားကောင်းတဲ့စားကောင်းသောက်ဖွယ်ဟာ အပူကကူးစက်လာတော့အရသာမဲ့ပြီလေ။
သူ့ဆီဖုန်းထပ်ဝင်လာတယ်။
အမေရင်တွေပြည့်ပြီးအန်လို့တဲ့ ကိုယ်ခဏသွားဦးမယ်။
စားသောက်ဆိုင်မှာ ကျမတစ်ယောက်ထဲကျန်ခဲ့တယ်။
တစ်ယောက်ထဲအိမ်ပြန်ခဲ့တယ်။
ညဥ့်အတော်နက်မှ သူပြန်လာတယ်။
ကျမဘာတစ်ခုမှ မမေးတော့ဘူး။
အိပ်နေလိုက်တော့တယ်။
.
.
.
ကိုယ့်မွေးနေ့မှာ သူပေးတဲ့မွေးနေ့လက်ဆောင်လေးက စိန်သေးသေးလေးပါတဲ့လက်စွပ်လေး။
ချစ်သူပေးတဲ့လက်စွပ်လေးကို လိုင်းပေါ်တင်ပြီးဂုဏ်ဆာလိုက်ဦးမယ်။
ဒီနေ့ညနေတော့သူနဲ့ကျမရဲ့ပါတီပွဲကိုမီးမှိန်မှိန်လေးထွန်းပြီးကျင်းပမယ်။
စားသောက်ဆိုင်က အစားအသောက်အနည်းငယ် မှာလိုက်တယ်။
ဝိုင်တစ်ပုလင်းပါမှာလိုက်တယ်။
မီးတွေအားလုံးပိတ်ပြီး ဖယောင်းတိုင်ထွန်းလိုက်တယ်။
ဆယ်ဖီတွေများများရိုက်တယ်။
အင်တာနက်ပေါ်တင်ရမယ်လေ။
သူကဝိုင်မသောက်ဖူးတဲ့။
အံ့ဖွယ်ပါတကား။
နေ့တိုင်းငါးပါးသီလခံယူတာမို့မသောက်ပါရစေနဲ့တဲ့။
အော်..ဘုရားဒကာရယ်။
ရပါတယ်။
အတင်းမတိုက်ပါဘူး။
သူ့ဆီကဖုန်းသံကြားတယ်။
သူ့ညီမလေးဘာဖြစ်တယ်ဆိုလား။
သူပြေးထွက်သွားတယ်။
သွားပေါ့။
ငါဘာမှမဖြစ်ပါဘူး။
ဝိုင်ကိုတစ်ခွက်ပြီးတစ်ခွက်သောက်ပြီးဇိမ်နဲ့နေလိုက်တယ်။
အမှတ်တရပါပဲ။
ချစ်သူနဲ့အတူပြီးဆုံးအောင်မဆင်နွှဲလိုက်ရတဲ့တစ်ဝက်တပြက်ငါ့ရဲ့မွေးနေ့လေးပေါ့။
ညကသူဟိုအိမ်မှာအိပ်တယ်။
မနက်မိုးလင်းမှ ပြန်လာတယ်။
မနက်အစောစာတောင်စားခဲ့ပြီးပြီတဲ့။
အမေကသေချာကျွေးလိုက်တယ်တဲ့။
မေးလိုက်မိတယ်။
ရှင့်ညီမလေးဘာဖြစ်လို့လဲ။
မင်းလိုင်းပေါ်တင်လိုက်တဲ့စိန်လက်စွပ်ကိုသူမြင်သွားပြီးစိတ်ကောက်တော်မူတယ်တဲ့။
အော်ငိုတယ်။
တက်တဲ့အထိတောင်ဖြစ်သွားတယ်။
ဆေးခန်းတောင်ရောက်တယ်။
ဟိုနေ့ကအမေကလည်း ကိုယ်တို့နှစ်ယောက်စားသောက်ဆိုင်မှာစားနေတယ်ပြောလိုက်လို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး ငါတို့သားလေးက အမေတို့ကိုမချစ်တော့ဘူးဆိုပြီး ငိုယိုတယ်။
ဗိုက်တွေအောင့် အန်နဲ့ကွာ။
စိတ်မကောင်းဖြစ်သွားတော့ဗိုက်ထဲမှာအစာမကြေဖြစ်သွားတယ်နဲ့တူပါတယ်။
ကိုယ့်မှာတစ်ညလုံးလဲမအိပ်ရပါဘူး။
ကိုယ့်လက်ကလေးကိုဆုပ်ကိုင်ပြီးမှိန်းနေတဲ့အမေ့မျက်နှာလေးသနားစရာ။
အမယ်လေး….ဘုရား..ဘုရား။
ငါတော့လူရွေးမှားပြီနဲ့တူတယ်။
မကြားဖူးတာတွေလည်းကြားရ။
မကြုံဖူးတာတွေလည်းကြုံရပါတကား။
.
.
.
တစ်ရက်မှာတော့ သူအလုပ်ကတော်တော်လေးမိုးချုပ်မှ ပြန်ရောက်တယ်။
မိသားစု ဒင်နာတဲ့။
ကိုယ်လည်းမသိရပါလားဆိုတော့။
အေးကွာ..အမေကအလုပ်စောစောဆင်းပြီး ရွှေဘဲကိုတန်းလာခဲ့ပါဆိုတော့ကိုယ်လည်းသွားလိုက်ရတယ်။
ဖုန်းဆက်သေးတယ်။
ရှင် ဖုန်းမကိုင်ဘူး။
ဟုတ်တယ်ကွာ..အပြစ်တင်ရင်လည်းခံရတော့မှာပဲ။
အမေကသူနဲ့အတူရှိနေတဲ့အချိန် ဖုန်းလာရင်မကြိုက်ချင်ဘူး။
ဒါကြောင့်ပါ။
သူတို့မိသားစု ဒင်နာမှာ ကျမ မပါဘူးပေါ့။
ကျမကို မိသားစုဝင်လို့ မသတ်မှတ်ဘူးပေါ့။
.
.
.
တစ်ရက်မှာတော့ သူအလုပ်ကအပြန်။
ဒီထမင်းဗူးလေးက ဘယ်သူ့ဟာလဲ။
အေးကွာ..သန့်သန့်လေးဆေးထားလိုက်ပါ။
အဖေရယ်လေ..အိမ်မှာပင်လယ်စာနဲ့ခေါက်ဆွဲကြော် ကြော်စားကြတာ ကိုယ့်ကိုကျွေးချင်လွန်းလို့ဆိုပြီး အလုပ်ထဲကိုလာပို့ရှာတယ်။
ချွေးတွေထွက်ပြီး သနားဖို့ကောင်းလိုက်တာကွာ။
ကိုယ်လေ ခေါက်ဆွဲကြော်စားပြီးမျက်ရည်တောင်ဝဲတယ်။
မိဘမေတ္တာများ တုနှိုင်းဘွယ်ရာမရှိဆိုတာအမှန်နော်။
သူကမိဘမေတ္တာဘွဲ့ ချီးမွမ်းနေချိန်မှာ ကိုယ်ကတော့ ပြောင်သလင်းခါအောင်စားထားတဲ့ဆီဝေ့ဝေ့နဲ့ ထမင်းဗူးလေးကို
ဆေးနေတယ်။
အတွေးတစ်ခု ဝင်နေတယ်။
ကျွေးချင်ရင် နှစ်ယောက်စာပေးလေ။
ခုလို တစ်ယောက်စာပဲ သီးသန့်ပေးတာကတော့ ဘာသဘောလဲ။
.
.
.
ရုံးပိတ်ရက်တစ်နေ့မှာတော့ မိတ်ဆွေတစ်ယောက်ရဲ့အလှုသွားဖို့ပြင်ဆင်ရပါတယ်။
တက္ကစီပေါ်တက်ရုံရှိသေးတယ်။
သူ့အိမ်ကဖုန်းဆက်တယ်။
ကိုကြီး..အမေက အိမ်ကိုခဏလာပါတဲ့။
သူကအလှုကိုသူလိုက်လာခဲ့မယ်သွားနှင့်လို့ပြောပြီး ကားတစ်စီးကိုတားလိုက်တယ်။
ကိုယ်နဲ့ဆန့်ကျင်ဘက်အရပ်ကိုတူရှူထွက်သွားတယ်။
အလှုအိမ်ကနေ ကိုယ်ပြန်လာတဲ့အထိသူရောက်မလာခဲ့ဘူး။
ညနေမိုးစုန်းစုန်းချုပ်မှ မျက်နှာ မချိုမချဥ်နဲ့သူပြန်ရောက်လာတယ်။
အမေက ကိုယ်ကြိုက်တဲ့ငါးရံ့အူချက်လို့ထမင်းအတူစားရအောင်ခေါ်လိုက်တာ။
ဟင်းတွေကဖွယ်ဖွယ်ရာရာစုံနေတာပါပဲ။
ထမင်းစားပြီးတော့ ဘုရားတက်ချင်တယ်ပြောတာနဲ့လိုက်ပို့ရသေးတယ်ဆိုပဲ။
ကျမ နားမလည်နှိုင်တော့ပါဘူး။
သူ့အမေဟာ ကျမကိုတော့ရန်မလုပ်ဘူး။
ချိုသည်ခါးသည် ဘာစကားမှမပြောဘူး။
သွေးမထိုးဘူး။
သူကောင်းကြောင်းချွေးမ မကောင်းကြောင်းကိုလည်းတစ်ခွန်းတပါဒမှမပြောဘူး။
ဒါဆိုခုလုပ်ရပ်တွေကဘာကြောင့်လဲ။
သူတို့သားကိုပဲအချစ်ပိုနေတာလား။
မင်္ဂလာဆောင်တုန်းကလည်း ထွေထွေထူးထူး ဘာကိစ္စမှမရှိပါပဲအေးဆေးစွာပြီးဆုံးခဲ့တယ်။
ကျမတို့ကရိုးရှင်းစွာပဲ ဧည့်ခံပွဲလေးကျင်းပခဲ့တာပါ။
ဟိုတယ်ကြီးတွေမှာခမ်းနားကြီးကျယ်စွာမင်္ဂလာပွဲသုံးလေးပွဲလုပ်မှာထက် တည်တံ့ခိုင်မြဲမှု့ကသာအရေးကြီးပါတယ်လေ ဆိုတဲ့စိတ်ကိုသွင်းပြီး တရားရုံးမှာ လက်မှတ်ရေးထိုးတယ်။
ရင်းနှီးတဲ့မိတ်ဆွေတွေဖိတ်ပြီး ဧည့်ခံပွဲလေးလုပ်လိုက်တယ်။
ကုန်ကျငွေလည်း အတော်လျော့သွားတယ်။
စိတ်လည်းမညစ်ခဲ့ရဘူး။
ကျမဘက်ကအမျိုးတွေကတော့အတင်းစကားဆိုကြတယ်။
ကောင်လေးဘက်ကတတ်နှိိုင်ပါရက်နဲ့နင်ကကိုမတော်ရသေးတဲ့ယောက်ခမကိုငဲ့ညှာသနားနေတယ်တဲ့။
ဟုတ်ပါတယ်။
ကျမက ကျမတို့အတွက်နဲ့ အိမ်ထောင်ဦးမှာသူများမငြိုငြင်စေချင်ဘူး။
အထူးသဖြင့်နှစ်ဘက်မိဘကိုပိုပြီးအနှောင့်အယှက်မဖြစ်စေချင်ဘူး။
သူ့မိဘများငွေကြေးတောင့်တင်းပါတယ်။
ပွဲရုံလုပ်ငန်းကိုဖခင်ကြီးကဦးဆောင်တယ်။
သူ့ညီမလေးကလည်းခုမှအထက်တန်းပါ။
သူတို့ရယ်ရွယ်ထားတဲ့မင်္ဂလာစရိတ်ထဲကတချို့ကိုကျမတို့ အိမ်ထောင်ဦးအတွက်သုံးစေတယ်။
လုံးချင်းအိမ်လေးတစ်လုံးကိုနှစ်ချုပ်နဲ့ငှားပေးတယ်။
ကျမ ကျေနပ်ပါတယ်။
ကျမမှာ မုဆိုးမအမေအိုနဲ့ ညီမလေးတစ်ယောက်ပဲရှိတာ။
သူတို့နဲ့စာရင်အစစအရာရာချို့တဲ့ပါတယ်။
အမေ့ရဲ့ပင်စင်လစာလေးနဲ့ခြံထဲကသီးပင်စားပင်လေးတွေခူးဆွတ်ရောင်းပြီး အေးချမ်းစွာနေပါတယ်။
အမေငြင်းဆန်နေတဲ့ကြားထဲကပဲ ကျမဘက်ကလည်း တတ်နိုင်သမျှထောက်ပံ့မှု့ကိုပြုပါတယ်။
ကျမတို့စားဖို့အတွက် ငပိကြော် သရက်သီးသနပ် ငါးခြောက်ဖုတ် ချဥ်ပေါင်ကြော် စတဲ့ဟင်းအမယ်လေးတွေကိုအမြဲလုပ်ပေးတယ်။
အမေနဲ့အတူမနေရတော့မှ အမေ့လက်ရာလေးတွေကပိုစားကောင်းနေတယ်လို့ကျမထင်တယ်။
အမေ့ရဲ့မေတ္တာစေတနာတွေကြောင့်လို့ယူဆပါတယ်။
အမေက ကျမတို့ညီအစ်မကိုအမြဲပြောပါတယ်။
အချိန်တန်အရွယ်ရောက်ရင် အိမ်ထောင်ပြုရမယ်။
ကိုယ်ပိုင်မိသားစုဘဝလေးကိုတည်ဆောက်ရမယ်။
အမေကသမီးတို့နဲ့အမြဲကပ်မနေဘူး။
ကိုယ့်အိမ်ထောင်ဘက် ကိုယ့်သားသမီးလေးတွေနဲ့စည်းစည်းလုံးလုံးနေတာ အမေမြင်ချင်တယ်တဲ့။
သူများတွေကအမေ့ကိုပြောတယ်။
ဆရာမကလည်း သမီးတွေကအိမ်ထောင်မပြုပဲအမေနဲ့တသက်လုံးနေတော့ကောင်းတာပေါ့။
ငါကဒါမျိုးလက်မခံဘူးအေ။
ငါ့အနားမှာပဲတသက်လုံးနေရမယ်ဆိုတဲ့အတ္တငါ့မှာမရှိဘူး။
သူတို့ဘဝလေးတွေကိုသူတို့ဖန်တီးယူရမယ်။
မိသားစုလေးနဲ့နေရမယ်…တဲ့။
ကျမတို့အမေကအဲဒီလိုအမေပါ။
.
.
.
သောကြာနေ့ညဘက်မှာတော့ မနက်ဖြန်နှစ်ရက်အားလပ်ရက်မှာ ဘုရားတက်မယ်။
ရုပ်ရှင်မကြည့်ဖြစ်တာလည်းကြာပြီ။
ရုပ်ရှင်လည်းသွားကြည့်မယ်ဆိုပြီးနှစ်ယောက်သားတိုင်ပင်ထားတယ်။
ညဆယ့်တစ်နာရီလောက်မှာတော့ သူ့အိမ်ကဖုန်းဝင်လာတယ်။
သူ့ညီမလေးပျောက်နေလို့တဲ့။
သားအိမ်ကိုအမြန်လာပါတဲ့။
သူကပြာကယာပြေးထပြီး အလောတကြီးပြေးထွက်သွားပါတယ်။
တနင်္လါနေ့ရုံးတက်အမှီမျက်နှာမသာမယာနဲ့သူပြန်ရောက်လာတယ်။
သူ့ညီမက အိမ်ထောင်ပြုသွားတာတဲ့။
ကောင်လေးကသူတို့ပွဲရုံကအလုပ်သမားလေး။
နောက်ရက်များမှာလည်းသူ့အမေဟာ
ငိုယိုပြီးအချိန်တိုင်းဖုန်းဆက်နေတယ်။
သူကအမေကိုချော့မော့ပြီးပြေရာပြေကြောင်းပြောပြနေရတယ်။
ဖုန်းဆက်နေတဲ့ကြားက အိပ်မပျော်လို့ဆိုပြီး သူ့ကိုခေါ်ပြန်တယ်။
သူသွားရတယ်။
နောက်နေ့မနက်မှသူပြန်လာတယ်။
အိပ်ယာထဲမှာသူ့အမေကိုကလေးတစ်ယောက်လိုကျောလေးပုတ်ပြီးချော့မော့သိပ်မှသူ့အမေကအိပ်သတဲ့။
ထမင်းကိုလည်း သူကျွေးမှတစ်ပန်းကန်ကုန်အောင်စားတယ်တဲ့။
တနေ့ တနေ့သူတို့အကြောင်းတွေကိုကြားရနားထောင်ရတာ ကြာလာတော့ကျမစိတ်ပျက်လာတယ်။
သူကလည်းအလိုက်ကန်းဆိုးမသိစွာနဲ့ကျမနားမထောင်ချင်လို့စကားလမ်းကြောင်းလွှဲနေလဲ လက်တို့ပြီးအတင်းလိုက်ပြောနေတယ်။
ကျမတို့မှာ ကျမတို့နှစ်ယောက်ရဲ့ရှေ့ရေးနောက်ရေးဘာတစ်ခုမှ တိုင်ပင်ပြောဆိုဖို့အခွင့်အရေးမရှိခဲ့ပါ။
သူ့မိဘ သူ့ညီမအရေးနဲ့သာသူ့မှာအချိန်ကုန်နေတယ်။
ကျမ အမေ့ကိုဖွင့်ပြောမိတယ်။
သည်းခံပါသမီးရယ်။
မိဘကိုချစ်တာ သိတတ်တာကုသိုလ်ရပါတယ်။
သမီးကိုရိုက်တာနှက်တာလည်းမဟုတ်ဖူး။
အရက်သောက် လောင်းကစားလုပ်တာလည်းမဟုတ်ဖူး။
သမီးနားလည်ပေးလိုက်ပါ။
အမေ့ဆုံးမစကားကျမနားထောင်လိုက်တယ်။
သူ့အမေနှလုံးရောဂါဖြစ်နေပြီတဲ့။
အိပ်ယာထဲလဲတဲ့အဆင့်ရောက်နေတယ်။
သူကသူ့မိဘအိမ်ကနေမပြန်ရတော့ဘူး။
တစ်ရက်တော့ကျမလူမမာသတင်းမေးသွားလိုက်တယ်။
လိုအပ်ရင်ကျမလည်းအဲဒီအိမ်မှာနေပေးပြီးကူညီမယ်။
အဲဒီကနေပြီးအလုပ်ဆင်းမယ်ပေါ့။
ဒါပေမယ့် သူ့အမေက ကျမကိုဧည်သည်လိုပဲဆက်ဆံလိုက်တယ်။
သူ့သားသူ့အနားရှိတယ်ဆိုရင်ပဲသူတို့အဖို့ပြည့်စုံတယ်။
ကျမကူညီဖို့မလိုအပ်ဖူးဆိုတာကိုသွယ်ဝိုက်ပြီးပြောလိုက်တယ်။
ကျမ ပါးနပ်ပါတယ်။
အိပ်ဆွဲပြီးပြန်လာခဲ့တယ်။
သူကတစ်နေ့တစ်ကြိမ်တော့ဖုန်းဆက်ပါတယ်။
သူ့အမေရဲ့အခြေအနေအကြောင်းစီကာစဥ်ကာပြောပြတယ်။
ကျမကြားချင်တာဒီအကြောင်းမဟုတ်ဖူး။
မင်းအဆင်ပြေရဲ့လား။
ကျန်းမာရေးကိုဂရုစိုက်နော်။
အိမ်တံခါးတွေကိုသေချာပိတ်ထား။
အရေးအကြောင်းဆိုကိုယ့်ကိုဖုန်းဆက်နော်။
ကိုယ်မင်းကိုသိပ်လွမ်းနေတယ်။
အမြန်ဆုံးပြန်လာမယ်။
ဒါမျိုးစကားတွေကျမမျှော်လင့်တာ။
သူ့ဆီကကြားချင်တာပါ။
ဒီလိုနဲ့ ကျမနေတဲ့အိမ်မှာ သူပြန်မလာတာ ရက်ရှည်လာတော့ တစ်ယောက်ထဲ
နေရတာအဆင်မပြေတော့ပါဘူး။
အမေ့အိမ်ကိုခဏပြောင်းရွှေ့နေရတယ်။
အမေက ကျမကို သူ့ဆီနေ့တိုင်းဖုန်းဆက်ခိုင်းတယ်။
သူ့အမေရဲ့ကျမ်းမာရေးအခြေအနေကိုအရင်မေးပြီးမှ ကိုယ်ပြောချင်ရာကိုပြောခိုင်းတယ်။
သူကကျမစကားတွေကိုဘယ်တော့မှပြီးဆုံးအောင်နားထောင်မပေးပါဘူး။
သူ့မိသားစု အရေးကိစ္စတွေက အမြဲအရေးကြီးနေလို့ပါ။
အလုပ်ပိတ်ရက်တနေ့မှာတော့ ကျမမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ပျက်ကျသွားပါတယ်။
ဆေးရုံ ငါးရက်လောက် တက်လိုက်ရတယ်။
သူ့ကိုအကြောင်းကြားပါတယ်။
သူရောက်မလာခဲ့ပါဘူး။
အမေနဲ့ညီမဖြစ်သူက ကျမကိုအစွမ်းကုန်ပြုစုတယ်။
ဝန်ခံရရင် ကျမသူ့ကိုမျှော်နေမိတာအမှန်ပါ။
သူဟာအလုပ်တွေဘယ်လောက်ပဲများများ ကျမကသူ့မိန်းမလေ။
ကိုယ်ဝန်ပျက်ပြီးဆေးရုံရောက်နေတဲ့မိန်းမကိုလာကြည့်စေချင်တယ်။
လာကြည့်သင့်တယ်။
ကျမနဖူးလေးကိုသူ့လက်ကလေးနဲ့စမ်းပြီး မိန်းမနေကောင်းရဲ့လား….
ဝမ်းနည်းမနေပါနဲ့ကွာ…
ကိုယ်တို့ကလေးထပ်ယူလို့ရပါသေးတယ်…
အဲဒီအခါကျရင်ပိုပြီးဂရုစိုက်ကြတာပေါ့..
ဆိုတဲ့သူ့ရဲ့ဂရုဏာစကားကိုလည်းကျမကြားချင်တယ်။
ခုတော့တစ်ချက်လေးတောင်လာကြည့်ဖော်မရလောက်အောင်သူကဘာသဘောကိုဆောင်နေသလဲဆိုတာကျမ မသိပါ။
ကျမရင်ထဲမှာတော့ သူနဲ့ပတ်သက်ပြီးဘဝင်မကျဖြစ်သွားတာတော့အမှန်ပါ။
နောင်မှ ကျမသိရတာကတော့ အဲဒီအချိန်တွေတုန်းက သူ့အဖေလေဖြတ်လို့ဆေးရုံကြီးမှာတင်ထားရတယ်တဲ့။
.
.
.
သူ့အဖေကပွဲရုံနဲ့အိမ်ကိုပေါင်နှံပြီး စပ်တူရှယ်ယာဝင်တယ်။
လုပ်ငန်းအသစ်လုပ်တယ်။
သိန်းပေါင်းများစွာသောငွေတွေလူလိမ်သွားတယ်။
ပွဲရုံနဲ့ အိမ်ဆုံးရှုံးသွားတယ်။
သူတို့မိသားစုကမ္ဘာပျက်ပြန်တယ်။
သူခေါင်းခဲနေပြီ။
အဖေဖြစ်သူက အိပ်ယာထဲမှာပက်လက်။
စားမှန်းမသိသောက်မှန်းမသိ စိတ်လွတ်တဲ့အဆင့်ကိုရောက်သလိုဖြစ်နေတယ်။
အမေဖြစ်သူကလည်း နှလုံးရောဂါသည်။
အဖေနဲ့အမေရဲ့မျက်ဝန်းတွေမှာ သားကိုအားကိုးတယ်ဆိုတဲ့အရိပ်တွေကထင်ဟတ်လို့နေတယ်။
သားကြီးသြရသဖြစ်တဲ့သူ့မှာ တာဝန်အပြည့်ရှိတယ်လို့သူခံယူထားတယ်။
သူ့မိသားစုဆီကနေရုန်းထွက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
မိုးတွေအလွန်ရွာတဲ့တနေ့မှာတော့ သူတို့နေတဲ့အိမ်ကနေဖယ်ပေးလိုက်ရတယ်။
ဆိတ်ငြိမ်ရပ်ကွက်ကလုံးချင်းအိမ်လေးဟာခြံဝင်းကျယ်ကျယ်လေးနဲ့ပါ။
သူတို့မောင်နှမတွေဒီအိမ်ဒီခြံထဲမှာ အတူပျော်ပါးကစားခဲ့ကြတယ်။
သီးပင်စားပင်တွေပန်းပင်လှလှလေးတွေ ဒန်းလေးတွေ ငါးမွေးကန်လေးတွေနဲ့ဒီခြံဒီအိမ်ဟာ ခုတော့သူတို့နဲ့မသက်ဆိုင်တော့ဘူး။
အိမ်ပြောင်းအိမ်ရွှေ့ကားပေါ်ကိုပစ္စည်းတွေတင်တော့ သူ့အမေဟာဝမ်းနည်းငိုကြွေးပြီးပုံလျက်သားလေးလဲသွားတယ်။
သူဟာ သတိလစ်သွားတဲ့သူ့အမေကို တတွတ်တွတ်ခေါ်ရင်းယောက်ျားတန်မဲ့မျက်ရည်တွေ ကျနေတယ်လို့ သူ့ကိုကူညီဖို့သွားတဲ့သူ့သူငယ်ချင်းက ပြန်ပြတယ်။
.
.
.
ကျမဘက်ကအမျိုးမျိုးစဥ်းစားတယ်။
ညဘက်ကိုလည်းအိပ်မပျော်ဘူး။
တစ်ပါတ်ဆယ်ရက်လောက်အချိန်ယူပြီးစဥ်းစားလိုက်တဲ့အခါမှာတော့အဖြေတစ်ခုထွက်လာတယ်။
ကျမ သူ့ကို စွန့်လွှတ်လိုက်တော့မယ်။
အမေကတော့လုံးဝလက်မခံဘူး။
အိမ်ထောင်တစ်ခုကိုလွယ်လွယ်နဲ့မကွဲကွာသင့်ဘူး။
ဆုံးဖြတ်ချက်မစောပါနဲ့။
တစ်ခုလပ်ဆိုတာမတင့်တယ်ဘူး…တဲ့။
ရှေးရိုးမစွဲပါနဲ့အမေ။
ကျမဘဝနစ်သွားလိမ့်မယ်။
ကျမမြင်ဖူးပါတယ်။
တချို့သောအိမ်ထောင်ဘက်တွေ။
မိန်းမဖြစ်သူကခလေးတွေမနိုင်မနင်းနဲ့မဝရေစားစားလို့။
သူတို့ကတော့သောက်စားမူးယစ်ပြီးအိမ်ကမိန်းမကိုရန်ထောင်။
အခန့်မသင့်ရင်ထမင်းပွဲကိုကန်ကျောက်ပြစ်။
လူမမယ်ခလေးတွေမှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ဒူးကလေးတွေတုန်လို့။
မိန်းမကိုဆံပင်ဆွဲပြီးပါးတွေနားတွေတဖြောင်းဖြောင်းမြည်အောင်ရိုက်နေတာကရှိသေးတယ်။
မိန်းမတွေကငဲ့ညှာပါတယ်အမေ။
ကလေးတွေရဲ့အဖေ။
သူတို့ရဲ့ချစ်ခင်ပွန်း။
အစစအရာရာကိုငဲ့ညှာပြီးဖြည့်တွေးပေးတတ်ကြပါတယ်။
အိမ်ထောင်ပြုတယ်ဆိုတာကွဲကွာဖို့မှမဟုတ်တာ။
သားသမီးဘက်ကိုလည်းငဲ့ညှာတယ်။
လင်ယောက်ျားကိုလည်းချစ်တယ်။
ဘယ်မိန်းမကမှကိုယ်ပြုထားတဲ့အိမ်ထောင်ကိုကွဲကွာဖို့ဆိုတာနှမ်းတစ်
စေ့လောက်တောင်မှစိတ်ကူးမရှိဘူး။
တစ်သက်လုံးသူနဲ့ပဲရိုးမြေကျပေါင်းဖက်မယ်လို့ဆုံးဖြတ်ထားသူတွေပါ။
ဒါပေမယ့်ခုဟာကတော့ ကျမဘက်ကိုနည်းနည်းလေးမှ ငဲ့ညှာခြင်းမရှိပဲသူကသူ့မိသားစုကို အလွန်အလေးထားနိုင်လွန်းတယ်။
ဘယ်မိန်းကလေးမှလက်မခံနိုင်ဘူးလေ။
ပြတ်ပြတ်သားသားပါပဲ။
ကျမသူ့ကိုကွာရှင်းလိုက်တယ်။
သူခခ ယယတောင်းပန်တယ်။
သူ့ကိုမကွာရှင်းဖို့။
သူ့ကိုနားလည်ပေးဖို့ နားလည်မှု့ရှိပေးဖို့
ကိုတော့ထပ်ကာတလဲလဲပြောနေတယ်။
နာလည်မှု့။
နားလည်မှု့ဆိုတဲ့စကားကသုံးလုံးထဲပါ။
ဒါပေမယ့် လိုက်နာဖို့ကတော့အတော်ခက်ခဲပါတယ်။
ကျမသူ့ကိုမမက်မောတော့ပါဘူး။
အိမ်ထောင်ကျကတည်းက မိသားစုကိုဒီလောက်ဖက်တွယ်နေရင် ကျမအတွက်ခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဖူး။
သူ့မိဘကလည်း သူ့ကိုအိမ်ထောင်သည်ဆိုတဲ့စိတ်နဲ့လွှတ်မပေးဘူ။
ငါ့သား ငါတို့သား ငါတို့လိုအပ်ရင်အမြဲအဆင်သင့်ဖြစ်နေရမယ်။
မိဘအတွက်ဆိုအဓိကနေရာမှာရှိနေရမယ်။
မိဘအတွက် သူကအသက်ကိုတောင်ပေးဖို့ဝန်မလေးသူဆိုတော့။
သူကအစကတည်းက အိမ်ထောင်မပြုသင့်သူပါ။
မိဘကိုချစ်လွန်းတဲ့သားသမီးကမိဘအနားမှာပဲတသက်လုံးနေသင့်တယ်။
အိမ်ထောင်ပြုတယ်ဆိုရင်လည်း မိဘနဲ့အိမ်သူသက်ထားကို လိမ်မာပါးနပ်စွာနဲ့ခွဲခြားသိမြင်နိုင်ရမယ်။
အိမ်ထောင်ပြုထားပြီး ကိုယ့်စိတ်ကရာနှုန်းပြည့်မိဘဆီမှာရှိနေတာမျိုးကတော့မဖြစ်သင့်ဘူး။
ဘယ်မိန်းမကမှလက်မခံနိုင်ပါဘူး။
နေစရာအိမ်မရှိတော့တဲ့သူ့မိဘအတွက်ကိုယ်ပိုင်နေစရာအိမ်တစ်ဆောင်သူဖန်တီးပေးရဦးမယ်လို့သူ့မှာဆန္ဒရှိတဲ့အကြောင်းရင်းနှီးတဲ့မိတ်ဆွေဆီကကြားရတယ်။
တော်လိုက်တဲ့သား။
လိမ္မာလွန်းတဲ့သား။
မိဘအပေါ်သိတတ်တဲ့သား။
ဒီလိုသားမျိုးမွေးလို့ကတော့ဘယ်နှစ်ယောက်မွေးမွေးဆိုပြီး ကျမအမေကတော့သာဓုအကြိမ်ကြိမ်ခေါ်နေတယ်။
သုဝဏ္ဏသာမဆိုတာဇာတ်နိပါတ်တော်ထဲမှာမှရှိတာမဟုတ်ဖူးနော်။
အပြင်မှာလဲတကယ်ရှိတာပဲ။
မိသားစု ကိုချစ်တဲ့သူ့ရဲ့အချစ်တွေကိုကျမတို့လိုက်မမှီပါ။
သူများတွေကတော့ပြောပါတယ်။
မယူခင်က နင်မသိဘူးလားတဲ့။
ဟုတ်ကဲ့ရှင်။
ဘယ်လိုလုပ်သိမလဲရှင်။
ဒီလိုမျိုးသိရင်ကောဘယ်ယူပါ့မလဲ။
ဝေးဝေးရှောင်မှာပေါ့။
ချစ်သူဘဝမှာလည်းတစ်ယောက်ရဲ့အကျင့်စရိုက်ကိုတစ်ယောက်ကအပေါ်ယံလောက်ပဲခန့်မှန်းနိုင်တာပါ။
.
.
.
အနောက်နိုင်ငံရောက်နေတဲ့ငယ်သူငယ်ချင်းလေးကမထင်မှတ်ပဲဆက်သွယ်လာတယ်။
ကျမအစွမ်းကုန်ကြိုးစားရပါတယ်။
သူ့ဘက်ကငွေရေးကြေးရေးကအစ တာဝန်ယူပေးလေတော့အရာအားလုံးဟာရေကန်အသင့်ကြာအသင့်ဖြစ်ရပါတယ်။
သံရုံးဗီဇာရတဲ့နေ့ကတော့ ထီဆုကြီးပေါက်သလို ဝမ်းသာလုံးဆို့ပြီးမျက်ရည်ဝဲဝဲနဲ့။
အကြောင်းစုံကိုသိထားတဲ့ကျမအမေကတော့ လေယာဥ်ကွင်းမှာ ကျမလက်ကလေးကိုကိုင်ပြီး ရင်ထဲမှာဆို့နေလို့စကားမဆိုနိုင်ဘူး။
ကျမ ကတိပြုပါတယ်အမေ။
အမေနဲ့ညီမလေးကိုကျမ ကောင်းကောင်းမွန်မွန်ထားမှာပါ။
အမေကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်နေပေးပါ။
.
.
.
ကျမတို့မိန်းမတွေမှာလေ အိမ်ထောင်ပြုတယ်ဆိုတာကိုယ်မှီခိုအားထားဖို့ အရိပ်ကောင်းကိုရှာကြတာပါ။
ကောင်းမွန်တဲ့အရိပ်ကောင်းဖြစ်ဖို့လိုအပ်ပါတယ်။
ဒါပေမယ့်..
သူတပါးရဲ့အရိပ်အမိုးကိုရှာနေတာထက် ကိုယ့်အစွမ်းအစနဲ့ကိုယ်တိုင်ဖန်တီးယူတဲ့အရိပ်အမိုးကပိုကောင်းပါလိမ့်မယ်။
အမျိုးသမီးတိုင်းတောက်ပသောကြယ်ပွင့်ပိုင်ရှင်များဖြစ်ကြပါစေ။
.
.
.
#ခင်လှမြတ်ခိုင်