လင်နိူင်မိန်းမ

လင်နိူင်မိန်းမ(စ/ဆုံး)

——————-

“ငါတော့သီးမခံနိုင်တော့ဘူးကွာ….

ထိုင်တောင်မထိုင်ရသေးပဲ.. ရောက်ရောက်ချင်း
စံရွှေမြင့်က ပြောလိုက်သည်။
လက္ဘက်ရည်ဆိုင်မှာ အရင်ရောက်နေတဲ့
စိန်မင်းထွန်းနဲ့ အောင်ဆန်းဝင်းက
စံရွှေမြင့်ကို ပြုံးဖြီးဖြီးနဲ့ ကြည့်နေကြသည်။

“ဘာတွေဖြစ်လာပြန်ပြီလဲ ဖိုးစံ..

“အိမ်ကမိန်းမ ငါ့အပေါ်အနိုင်ကျင့်နေတယ်လို့
ခံစားနေရလို့ကွ….

“မင်းကခုမှ ..ခံစားနေရတယ်..တင်မေဝင်းက
မင်းကိုနိုင်တယ်လို့ ငါခံစားမိနေတာကြာပြီ…

စီးကရက်ကို မီးညှိရင်း အောင်ဆန်းဝင်းက
ပြောလိုက်သည်။

“ဟကောင်…တင်မေဝင်းက ဖိုးစံကို..
အနိုင်ကျင့်တာမဟုတ်ပါဘူးကွာ..
ဂရုစိုက်တာပါ…ငါတော့အဲလိုပဲမြင်တယ်…
ဟုတ်တယ်မို့လား ဖိုးစံ.. ..

စိန်မင်းထွန်းက လက္ဘက်ရည်တစ်ငုံသောက်ရင်း
မေးသည်။

“မဟုတ်ဖူးကွ..ကန့်သတ်ချုပ်ချယ်တာ…
အပြင်ပန်းကကြည့်ရင်တော့ မင်းပြောသလို
ထင်ရတယ်.. တကယ်က ဖိနှိပ်တာကွ..
ငါပြောမယ်ကွာ..ခု..ငါဝတ်လာတဲ့အဝတ်စား..
အစက.ငါတကယ်ဝတ်ထားက ပေါ့ပေါ့ပါးပါး
ဖြစ်အောင်ဆိုပြီး တီရှပ်လက်အတိုလေး
ဝတ်ထားတာကွ..ဒါကိုမရွှေချောက ..
အောက်ကဝတ်ထားတဲ့ ဘောင်းဘီနဲ့
အဲဒီအင်္ကျီနဲ့မလိုက်ဖူး…ကလက်တယ်..
ဒီအပြာရောင်တီရှပ်လက်ရှည်လေး ဝတ်သွား
တဲ့ကွာ..ဒါနဲ့ မဝတ်ချင်ပဲ ငါဝတ်ခဲ့ရတယ်….

စံရွှေမြင့်က မကျေမချမ်းနဲ့ပြောသည်။

“အေးလေ ..အဲဒါဂရုစိုက်တာလေကွာ..
ဒီပြင်မိန်းမဆို..မင်းဘာဝတ်သွားတယ်ဆိုတာတောင်..
သိလိုက်မှာမဟုတ်ဖူး..တင်မေဝင်းက..
မင်းကိုချစ်လို့ အသေးစိတ်
လိုက်ကြည့်နေတာပါ…

“မင်းက ငစားပဲ ဘိုစိန် ငါ့မိန်းမအကြောင်း
ငါအသိဆုံးပါကြာ…

စံရွှေမြင့်က ကုန်နေတဲ့ ရေနွေးဓာတ်ဗူးကို မ, ကြည့်ရင်းပြောသည်။

“မင်း..တင်မေဝင်း အကြောင်းမသိလို့..
ခုလိုပြောနေတာ…ပြီးခဲ့တဲ့ တစ်ပါတ်က
ဒီကောင်နဲ့ငါ လက္ဘက်ရည်ဆိုင်မှာ
ဘောလုံးပွဲကြည့်မယ်ဆိုပြီး..အလုပ်ထဲ
ကတည်းချိန်းသွားတာ..မင်းလည်းသိနေတာပဲ..
ဖိုးစံက သူ့အိမ်လာခေါ်ဆိုတာနဲ့ ၇နာရီလောက်
ငါကသွားခေါ်တော့ တင်မေဝင်းက
ဘာပြောတယ်ထင်လဲ..
ကိုအောင်ဆန်းဝင်း ကလည်း ညဘက်ဘောလုံး
ပွဲတွေကြည့်ရင်..အိပ်ရေးပျက်မှာပေါ့..
မနက်ကျတော့လည်း..ရှင်တို့က ရုံးတက်ရသေး
တာ…တော်ကြာ ကျန်းမာရေးတွေ မကောင်းဘူး
ဖြစ်ကုန်မယ်..အင်္ဂလန်မှာကန်နေတဲ့..
ဘောလုံးပွဲကို ရှင်တို့က ဒီကနေများ..
ကြည့်ချင်နေသေးတယ်…
မောင့်ကိုမထည့်တော့ဘူးနော်..
သားလေးကလည်းနေသိပ်မကောင်းလို့…
ဆိုပြီး..ပိတ်ပြောတာကွာ..အောင့်သက်သက်
နဲ့ ငါပြန်လာခဲ့ရတယ်…..

ထို့သို့ အောင်ဆန်းဝင်းက ပြောသည်။

“ဒါနဲ့ မင်းသားက စကားပြောတက်ပြီလား…

“ပြောပြီလားကွာ..၂နှစ်ပြည့်ပြီလေ…
ဒီကောင့်အကြောင်းတော့မပြောနဲ့ ..
ဟိုတလောက သူ့အမေနို့ကို ဒီကောင်က
စို့နေတုန်း..ငါက စ ချင်တာနဲ့..
သားသား…မေမေ့ချိုချိုကို ဖေဖေလည်းစို့မယ်..
ဆိုပြီး စ လိုက်တာကွာ..
နောက်နေ့မနက် ငါ့ခယ်မလည်းအိမ်လာရော..
တီတီ..ပေပေက သားသားဆီက..မေမေ့
ချိုချို..လု့ချို့တယ်ဆိုပြီး..မပီကလာပီကလာနဲ့
လုပ်တာ..ဟိုက အပျိုလေကွာ..မျက်နှာကို
ရှက်ပြီး ရဲတွတ်နေတာပဲ…ငါလဲ ရှက်တာနဲ့
ဖင်ကုတ်ခေါင်းကုတ်လုပ်ပြီး..အပြင်လစ်
ထွက်လာရတာဟေ့…

ဟား..ဟား…

စံရွှေမြင့် အပြောကြောင့် ကျန်တဲ့ကောင်တွေက
အားပါးတရ ရယ်ကြသည်။

“ကလေးတွေက အဲဒီအရွယ်တွေမှာ..
သူတို့တွေရဲ့ မှတ်ဥာဏ်က အရမ်းအလုပ်လုပ်
တာကွ..တွေ့သမျှမြင်သမျှ အကုန်မှတ်ပြီး..
အကုန်လုပ်တော့တာ..စကားပြောစအရွယ်
ဆိုတော့ လူကြီးတွေသင်သမျှ
လိုက်ပြောကြတာ….
အင်း..ဒီတိုင်းဆို..ထောင်တက်နေတဲ့
မင်းမိန်းမကို..ဦးချိုးဖို့တော့လိုနေပြီ..ဖိုးစံ.

စိန်မင်းထွန်းက ပြောတော့ စံရွှေမြင့်က..

“လုပ်စမ်းပါ ဘိုစိန်ရာ..မင်းက
ငယ်ငယ်ကတည်းက ..ငါတို့ထဲမှာ..ဥာဏ်အပြေး
ဆုံးပဲ..ဒီမိန်းမ လွန်နေပြီကွ..

“မင့်သား..ဘာကြိုက်တက်လဲ…

“သကြားလုံး..သိပ်ကြိုက်တာကွ..ဒီကောင်က..

“အေး..အဲဒါဆို..သကြားလုံး များများဝယ်သွား..

စိန်မင်းထွန်း စကားကြောင့် အောင်ဆန်းဝင်းက
ခေါင်းရမ်းပြီး..

“ဘိုစိန်.. ကလေးဖို့သကြားလုံးဝယ်သွားတာနဲ့
တင်မေဝင်းကို ဦးချိုးမှာ ဘာဆိုင်လို့လဲကွာ…

“မလောနဲ့ အောင်ကြီး.. ငါစနစ်တကျ
plan ချနေတာ….
ဖိုးစံ..မင်းမိန်းမ တင်မေဝင်းမှာ..မင်းနဲ့
မရခင်က ရည်းစားရှိလား…

“ရှိတယ်ကွ..ကျော်စွာဝင်းတဲ့ တက္ကသိုလ်
ပထမနှစ်မှာ တွေ့တာတဲ့ကွ..ဒါလဲ သူပြောလို့
ငါသိတာ..ငါတို့ညားစက အိပ်မပျော်သေးရင်
သူကရည်းစားတွေဘယ်နှစ်ယောက်ဖြစ်ခဲ့တယ်.
ငါကရည်းစားတွေ ဘယ်နှစ်ယောက်..
တွဲခဲ့တယ်ဆိုပြီး..တစ်ယောက်နဲ့တစ်ယောက်..
လှိမ့်ကြွားရင်း စောက်စကားတွေပေါခဲ့ကြတာကွ..

“စောက်ပေါ.လင်မယားပဲ…

အောင်ဆန်းဝင်းက စံရွှေမြင့်ကို ပစ်စလက်ခက်
ဝေဖန်လိုက်သည်။

“အဲဒါဆိုရပြီ..မင်းလုပ်ရမှာက…
………………….
…………………..
……………………
ကျန်တာတွေက မင်းအရည်ချင်းပေါ်
မူတည်သွားပြီ..ဖိုးစံ…

ဘာလုပ်ရမလဲဆိုတာ..စိန်မင်းထွန်းက
ရှင်းပြလိုက်သည်။

“ဟာ..ကောင်းလှချည်လား…

“ဒီမိန်းမတော့ သေပြီ….

ဖျောင်း….

စံရွှေမြင့် နဲ့ အောင်ဆန်းဝင်းက လက်ချင်း
ဖျောင်းကနဲ့ ရိုက်၍ ကြိမ်းဝါးလိုက်ကြသည်။

“ဒီညကိုတုတ်ကြီး ဘီယာဆိုင်ကနေ မင်းကို
ငါတို့စောင့်နေမယ်..မင်းရောက်လာမယ်လို့လဲ
ငါယုံတယ်..ဘာလို့လဲဆိုတော့.. .
ငါ့ထောင်ချောက်ထဲကို မင်းမိန်းမ ..တင်မေဝင်း
ပိုးစိုးပက်စက် မိမှာမို့လို့ပဲ…

ဆရာကြီးအထာနဲ့ စိန်မင်းထွန်းကပြောသည်။
ဒီတော့ စံရွှေမြင့်က.. ..

“စိတ်ချ..ညီကိုတို့ လူသားသိပ်မဆန်ပဲ
အရိုင်းဆန်တဲ့….
အိမ်က မိန်းမကို မှတ်လောက်အောင်..
ဆုံးမပြီး..ကိုယ်လာခဲ့မယ်..ဟဲဟဲ….
………………………………

ညနေ ရုံးဆင်းလို့ အိမ်ရောက်တာနဲ့..
စံရွှေမြင့် လက်ထဲက အိတ်တောင်မချရသေး..
တင်မေဝင်းက.. .

“မောင်.ပြန်ရောက်လာတာ ဟန်တာပဲ..
မိန်းမလေ..ဟိုဖက်လမ်းက မနီလာအပ်ချုပ်ဆိုင်
မှာ အထည်လေးတွေအပ်ထားလို့..
မောင်ပြန်လာပြီဆိုတော့ သားသား
ခေါ်မသွားတော့ဘူးနော်…
အဲဒါ ကလေးကြည့်ထားအုံးနော်..မောင်..
သားက လမ်းထိပ် ထွက်ထွက်သွားတာ…

ခါတိုင်းလိုဆိုရင်တော့ အလုပ်ကရောက်စမို့
စံရွှေမြင့် သူ့မိန်းမကို ကြည်ချင်မှ ကြည်မည်။
မနားရသေးပဲ ကလေးထိန်းခိုင်းလို့…
ခုတော့..ဘုရားသခင်က တင်မေဝင်း..
ကျဆုံးခန်းအတွက်..အဖက်ဖက်က
အဆင်ပြေအောင်..ဖန်တီး ပေးနေသလိုပဲ..

“အေးအေးဆေးဆေး သွားနော် မိန်းမ..
သားကို မောင်သေချာ..ဂရုစိုက်လိုက်မယ်..

တင်မေဝင်း ထွက်သွားတော့ သူ့သားကို
စံရွှေမြင့်က သကြားလုံးတွေ ထုတ်ကျွေး
လိုက်သည်။နောက်တော့ သူလိုချင်တဲ့
စကားတစ်ခွန်းကို ကလေးအား သင်ပေး
လိုက်သည်။ သူက ရှေ့က တိုင်ပေးသည်။
ကလေးက နောက်က လိုက်ပြောသည်။
ဆယ်ခါလောက် သင်လိုက်တော့ ကလေးက
လုံးဝ မှတ်မိသွားပြီ…

“မှတ်ဥာဏ်ထက်လိုက်တဲ့ အဖေ့သား…

ကလေးကို စံရွှေမြင့်က အားပါးတရ
ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် နမ်းလိုက်သည်။

နာရီဝက်လောက်ကြာတော့ တင်မေဝင်း
အိမ်ပြန်ရောက်လာသည်။
စံရွှေမြင့်က သူတို့သားမိနား မကပ်သေးပဲ
ရေချိုးနေလိုက်သည်။
ရေချိုးပြီးတာနဲ့ တင်မေဝင်းတို့ သားအမိ
ကာတွန်းကား ကြည့်နေတဲ့ အနားသူသွားလိုက်
သည်။ သူ့ကိုမြင်တာနဲ့ ကလေးက

“ဖေပေ..ကျော်ခြွာဝင်း…
“ဖေပေ..ချော်စွာဝင်း…

သူသင်ပေးထားတဲ့အတိုင်း ကလေးက
စခေါ်တော့သည်။ အစတော့ သူက
မကြားသလိုနေပြီး တင်မေဝင်းကို အကဲ
ခတ်ကြည့်လိုက်သည်။မပီတပီနဲ့ ဖေဖေ
ကျော်စွာဝင်း ဆိုပြီး ကလေးကခေါ်နေတာကြည့်ပြီး
တင်မေဝင်းက..
အံ့ဩနေသည်။ နောက်ပြီး သူကြားသွား
မှာကိုလည်း စိုးရိမ်နေပုံရသည်။

“သားသား လာ…ကာတွန်းကြည့်မယ်လေ…

ကလေး ပါးစပ်ပိတ်အောင် သူမက
ဇွတ်အတင်း ကလေးကိုခေါ်သည်။
ကလေးကလည်း စောစောက သကြားလုံး
အရှိန်နဲ့ သူကလှည့်မကြည့်တော့ ဆက်တိုက်
ခေါ်လေ..ဖြစ်နေသည်။

“ပေဖေ..ချော်ချာဝင်း…

“သား…ဖေဖေ့ကို ဘယ်လိုခေါ်လိုက်တယ်..

သူက အံ့ဩသလို အိုက်တင်နဲ့ ကလေးကို
မေးလိုက်သည်။

“ပေပေ ချော်ချာဝင်း.. ..

“ဖေဖေ ကျော်စွာဝင်းလို့. ငါ့သားက
ခေါ်တာလား….

ကလေးကခေါင်းညိမ့်ပြသည်။
ဒါနဲ့ စံရွှေမြင့်က မျက်နှာကြောတင်းတင်းနဲ့
တင်မေဝင်းကို ကြည့်လိုက်သည်။

“ဒါက ဘယ်လိုတွေဖြစ်တာလဲ…

“ဟင့်အင့်….မေမသိဘူး….

“မင်းအရူးကွက်တွေနင်းမနေနဲ့ တင်မေဝင်း…
ဘာကိစ္စ ကလေးက ငါ့ကို မင်းရည်းစားဟောင်း
နာမည်ခေါ်နေတာလဲ….

“အဲတာ မေလည်းမသိဘူး..ဘာလို့ ကလေးက
ခုမှ အဲနာမည် ထခေါ်လည်းဆိုတာ…

“သွေးက စကားပြောတာ…

“ရှင်…..

“မင်း..ဒီကလေးက အဲဒီကောင်နဲ့……

“မဟုတ်ပါဘူး မောင်ရယ်….
ယုံပါ..ကိုကျော်စွာနဲ့ ဖြစ်ခဲ့ပေမဲ့
မောင်ပြောတဲ့ အဆင့်ဆိုတာဝေး.လို့.
ဖက်ရမ်းနမ်းရှုပ်တောင် သူနဲ့မလုပ်ဖူးပါဘူး…

ငိုရင်း..တင်မေဝင်းက ပြောသည်။

“မင်းငါ့ကို လိမ်လို့ရချင်ရမယ်…
သွေးကိုလိမ်လို့မရဘူးကွ…
မင်းကွာ….

“မောင်ရယ်..ယုံပါနော်..မဟုတ်ပါဘူး
မောင်တစ်ယောက်တည်း ပါ..
မေက မောင်ကလွဲလို့ ဘယ်ယောက်ျားနဲ့မှ
မနေဖူးပါဘူး..
တင်မေဝင်းက စံရွှေမြင့် လက်ကိုကိုင်၍
ပြောသည်။

“တောက်..ဒီမိန်းမ..ကဲကွာ..

ဖျန်း…ဖျန်း….

“မင်းငါ့အသားမထိနဲ့ ငါမင်းကို မသတီဘူး..

စံရွှေမြင့်က တစ်ဖက်လှည့်၍ ပြုံးလိုက်သည်။
တစ်သက်လုံးက မရိုက်ဖူးတဲ့ မိန်းမကို…
နှစ်ချက်ကြီးတောင် ဆော်ထည့်လိုက်သည်။
ဒီပြင့်နေရာတွေဆို သိပ်နာသွားမှာစိုးတာနဲ့
ဖင်ကို နှစ်ချက်ဆင့်ချလိုက်ခြင်းဖြစ်သည်။
နောက်တော့ သူက အပေါ်အင်္ကျီ ကောက်ရှို
လိုက်ပြီး အပြင်ထွက်ဖို့လုပ်လိုက်သည်။

“မောင် ဘယ်သွားမလို့လဲဟင်…

ငိုသံပါလေးဖြင့် တင်မေဝင်းကမေးသည်။

“ငါဟာငါ ဘယ်သွားသွား….

“ပြန်လာအိပ်နော် မေတို့သားမိနှစ်ယောက်ထဲ
အိမ်မှာ ကြောက်လို့..မအိပ်ပဲ မေထိုင်စောင့်
နေမယ်…

“ဒီကရှေ့ ကျက်ကျက်မင်းသတိထား….

ခပ်တည်တည် ကြိမ်းဝါးပြီး ကိုတုတ်ကြီး
ဘီယာဆိုင်ဖက် ထွက်လာလိုက်သည်။
ဆိုင်ရောက်တော့ စိန်မင်းထွန်း နဲ့
အောင်ဆန်းဝင်းကို သူ့အောင်ပွဲအကြောင်း
ဂုဏ်ယူစွာနဲ့ပြောသည်။

“မင်းကရိုက်တာတော့ဟုတ်ပါပြီ..
ပါးမရိုက်ပဲ ဖင်ရိုက်တာကြီးကတော့
နည်းနည်းများ ကသီကလင်နိုင်နေလားလို့…

အောင်ဆန်းဝင်းကပြောသည်။

“သိပ်နာနေမှာစိုးလို့ ဖင်ချလိုက်တာကွ.
ဟားဟား…

သုံးယောက်စလုံး ဘီယာတွေ အကြိုက်သောက်
ပြီးအောင်ပွဲခံကြသည်။

“ဟာ…ငါမတွေးမိတဲ့ ဟာကွက် ရှိနေတယ်ကွ..

ဘီယာခွက်ကို အလန့်တကြားချပြီး
စိန်မင်းထွန်းက အော်သည်။

“ဘာလဲ..ဘာဟာကွက်လဲကွ….

စံရွှေမြင့်က ပြူးတူးပြဲတဲဖြင့်မေးသည်။

“တင်မေဝင်းက တကယ်လို့များ သူ့သားကို
ဖေဖေကျော်စွာဝင်း ဆိုတာ ဘယ်သူက
ခေါ်ခိုင်းတာလဲဆိုပြီး မေးခဲ့ရင်………

ဖြီး……..

“အဲ့ဒါဆို ငါဘာဖြစ်မှာလဲဟျောင့်…

ပါးစပ်ထဲက ဘီယာတွေ သီးတဲ့အထိ
စံရွှေမြင့် တုန်လှုပ် နေသည်။

“ဟာ..ဒါက ဒီကောင် ဘိုစိန်တွေးတာပါ..
မင်းမိန်းမ အဲလောက် ဥာဏ်မပြေးပါဘူး..
မပူနဲ့ မပူနဲ့.. .

အာလေးလျှာလေးဖြင့် အောင်ဆန်းဝင်းက
ဝင်ပြောသည်။
ည၁၂နာရီထိုးတော့ ဆိုင်ပိတ်တော့မှာမို့
သူတို့ပြန်ကြသည်။

“မင်းမကြောက်နဲ့နော် ဖိုးစံ..နည်းနည်းမှ
မင်းလျှော့လို့မရဘူး..ငါတို့ မင်းအိမ်ဝထိ
လိုက်ပို့မယ်…

သူတို့ပြောရင်း..စံရွှေမြင့် အိမ်ရောက်လာသည်။
အောင်ဆန်းဝင်းနဲ့စိန်မင်းထွန်းက
အမှောင်ရိပ်ထဲက အသာကွယ်ပြီး
အခြေနေကြည့်နေသည်။

ဒုန်း..
ဒုန်း..

“ဟေ့ တံခါးဖွင့်စမ်း ကောင်မ…

“မောင်ပြန်လာပြီလား..

တင်မေဝင်းအသံနဲ့အတူ တံခါးပွင့်လာသည်။

“ပြန်မလာလို့ ငါက ဘယ်ဇရပ်သွား…

ဖျောင်း…

ဖျောင်း…

ဖျောင်း…

“အမလေး..သေပါပြီဗျ..ကြောက်ပါပြီ
မိန်းမရ..တော်ပါတော့

“လာခဲ့စမ်း နင်ကများ ငါ့ကို ကလီကမာတွေ
ပြောပြီး..

ဖျောင်း..ဖျောင်း..

တင်မေဝင်းက မျက်တံမြတ်စည်းရိုးနဲ့ စံရွှေမြင့်ကို
အတင်းလှိမ့်ရိုက်နေသည်။

“ဟျောင့်တွေ ..လာဆွဲပါအုံးဟ..
မင်းတို့ကောင်တွေ ရက်စက်လှချည်လား…

စံရွှေမြင့်က အိမ်ဝကြည့်ပြီးအော်သည်။

“အော်..အလိုတူအလိုပါ..သူများမြှောက်ပေးတဲ့
မသာတွေ ဘယ်မလဲ..သေမယ်မှတ်…

ထမီတိုတိုဝတ်ပြီး လက်ထဲက တုတ်ကြီးနဲ့
တင်မေဝင်းက ထွက်လာသည်။
ဒါကိုကြည့်ပြီး စိန်မင်းထွန်းရော
အောင်ဆန်းဝင်းပါ အလန့်တကြား ပြေးကြသည်။
နှစ်ယောက်လုံးက မူးနေတော့
ပြေးလိုက် လဲလိုက်ဖြစ်နေကြသည်။
ခွေးတွေကလည်း ဆူပွက်နေအောင်
ဟောင်ပြီး သူတို့နောက် လိုက်ကိုက်နေသည်။
နောက်မှ ရပ်ကွက် ဓမ္မာရုံထဲဝင်ပြေးလို့
ခွေးတွေရန်ကလွတ်တော့သည်။

ဓမ္မာရုံထဲ ထိုင်ရင်း သူတိုနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
ငိုမဲ့မဲ့ လေးတွေဖြင့်ကြည့်မိသည်။
လင်နိူင် တဲ့မိန်းမကို ဘယ်တော့မှ…
တော်လှန်ပုန်ကန်လို့ မရဘူးဆိုတာ..
စုတ်ပြက်သတ်နေတဲ့ သူ့တို့ဒူးတွေ..
တံတောင်တွေကြည့်ပြီး…
သင်ခန်းစာ ရလိုက်ကြလေတော့သည်။

၁၅.၇. ၂၀၂၃..နေ့လည် ၁နာရီ၅၈

#ပီယ