ငွေယားချောင်းထဲမှဘီလူး(စ/ဆုံး)
———————————
မိုးဦးကျစ ရာသီမို့ မြေသင်းနံ့လေးက သင်းပျံနေ ခဲ့သည်။ တစ်ဖြောက်ဖြောက် ရွာနေသည့် မိုးစက်လေး များ၏ အသံ ကို ကြားနေရသည်။ မြေသင်းနံ့ လေးနှင့် မိုးစက်များသည် ဝါနုတို့ သူငယ်ချင်း တစ်သိုက်ကို ပျော်ရွှင်စေခဲ့ပါသည်။ ဝါနု ၊ ကြွက်ပိ ၊ ဖိုးပိန် နှင့် မိပု တို့ ကလေး တစ်သိုက်သည် ရွာနံဘေး ချောင်းကလေး ထဲတွင် မိုးရေချိုးရင်း ကူးခပ် ပျော်ရွှင် နေကြသည်။
ဝါနုတို့ သူငယ်ချင်း တစ်သိုက် အတွက် ဒီ မြယား ကျေးရွာလေးနှင့် ငွေယား ချောင်းကလေး သည် လွတ်လပ်စွာ အချိန်မရွေး သွားလာ နိုင်သော နေရာများ ဖြစ်နေခဲ့သည်။ မြန်မာပြည် တောင်ဘက် ဖျား ကော့သောင်းမြို့ အနီးတွင် တည်ရှိသည့် မြယားရွာလေး သည် သဘာဝ အတိုင်း အေးချမ်းစွာ ရှိနေခဲ့သည်။ မြစ်ချောင်း အင်းအိုင် ပေါများလှသော ဒေသတွင် တည်ရှိနေသည့် မြယား ရွာလေးသည် ရွာလုံးကျွတ် တံငါလုပ်ငန်းဖြင့် အသက်မွေးသည့် တံငါရွာလေးလည်း ဖြစ်၏။မြယားရွာ နံဘေးတွင် ရေချိုရေငန်စပ် ငွေယားချောင်း ကလေး တစ်ခုလည်း ရှိသည် ။ မြယားရွာ အထွက်မှ ရေကန်ကြီးငယ် အချို့သည် မိုးတွင်းဆို ရေများ ပြည့်လျှံ့ နေပြီး ကြာပန်းများပင် ဖူးပွင့်လျှက် ရှိသည်။
ရွာမှ ရွာကျော် ဇော်များ ဖြစ်သော ဝါနုတို့ ကလေး တစ်သိုက်သည် ကြာပန်းတွေ ခူးလိုက် ၊ ရေကူးလိုက် ဖြင့် မိုးတွင်းဆို အတိုင်းမသိ ပျော်ရွှင် နေခဲ့သည်။ အချိန်အားဖြင့် လွတ်လပ်ရေး ရပြီးစ ရောင်စုံ သူပုန်များ သောင်းကျန်း နေသည့် ကာလမို့ တိုင်းပြည်ရေး ကလည်း မငြိမ်သက်လှ။ ရွာသူရွာသား များက မိမိရွာကို မိမိတို့ဘာသာ ကိုယ်ထူ ကိုယ်ထ ကာကွယ် နေရသည့် အချိန်။လူကြီးများ ငါးဖမ်း ပိုက်ထောင် မြုံးထောင် နေသည့် အချိန် ကလေးများမှာ လွတ်လွတ်လပ်လပ် ရွာဝန်းကျင် အနှံ လျှောက်သွား ကစား နေကြခြင်း ဖြစ်၏။ ယခုလည်း ငွေယားချောင်း ထဲ ရေဆင်းချိုးနေသော ဝါနုတို့ သူငယ်ချင်း တစ်သိုက် သည် အုန်းအုန်းထလျှက် ဆူညံ ပျော်ပါးလျှက်။
“ဟဲ့ဝါနု ရွာအနောက်က ရေကန်ကြီးက ကြာပန်းတွေ ပွင့်နေပြီ…ငါတို့ ကြာပန်းခူးပြီး ကြာဆစ်ရိုး ပန်းကုံးတွေ လုပ်ကြမယ်”
” အေး….ဒီနေ့ချောင်းထဲမှာ ရေချိုးနေတာ ဆိုတော့ မနက်ဖြန်ကျရင် ကန်ဘက် သွားကြမယ်…မယ်….”
ဝါနု၏ စကားသံ မဆုံးလိုက်ရ ဝါနု၏ မျက်လုံးများက ပြူးကျယ် သွားရသည်။
” ဘာ ….ဘာဖြစ်လို့လဲ …ဝါနု”
ကလေးများ အားလုံး ဝါနု အကြည့်ရောက်ရာ ဆီကြည့် မိတော့ ကလေးတစ်သိုက် ရေဆော့ နေသည့် ခပ်လှမ်းလှမ်း ရေထဲမှ အမွှေးအမျှင်များ ထူလပျစ် မျက်နှာကြီးနှင့် နီရဲနေသော မျက်လုံးကြီး တစ်စုံကို တွေ့လိုက် ရသည်။
” အား…..”
” အား…..”
“ဘာကြီးလဲ…”
မျောက်ဝံလိုလို လူလိုလို သတ္တဝါ ကြီးက ခေါင်းပိုင်း လေးသာ ရေပေါ်မှာ ဖော်၍ ဝါနုတို့ ကလေး တစ်သိုက် ကိုကြည့်နေကြသည်။ သူ၏ မျက်နှာကို မိုးရေစက်များ ကြောင့် သေချာ မမြင်ရ ပေမယ့် မီးကျီးခဲလို နီရဲ နေသည့် မျက်လုံးကြီး တစ်စုံကိုတော့ ထင်ထင်ရှားရှား မြင်နေရ ပါသည်။ စောစောက ပျော်ရွှင်စွာ ဆော့ကစား နေသော ကလေးများအားလုံး အသားကုန် အော်ဟစ် ကာ ချောင်းရိုးပေါ် အတင်း အလုအယက် တက်ပြေး ကြတော့ သည်။
” ရေထဲမှာ အကောင်ကြီးဟေ့”
” ရေထဲက သရဲကြီး…ပြေးကြဟေ့”
ထိုနှင့် ဝါနုတို့ ကလေး တစ်သိုက်မှ အစပြုသော ရေထဲမှ သရဲကြီး အကြောင်းသည် မြယား တစ်ရွာလုံးသို့ တောမီးပမာ ပျံ့နှံ သွားတော့သည်။
” ကလေးတွေ ချောင်းထဲမှာ အကောင်ကြီး တစ်ကောင် တွေ့ခဲ့တယ်တဲ့”
” ချောင်းထဲမှာ သရဲကြီး တစ်ကောင် ရောက်နေတယ် ”
” ချောင်းထဲက သရဲ ကြီးတဲ့ဟေ့”
*******************
အခန်း-(၂)
ညရင်ခွင် အောက်တွင် မြယား ရွာလေးသည် တိတ်ဆိတ်စွာ အိပ်မောကျလျှက် ရှိသည်။ ထိုစဉ် ငွေယား ချောင်းရိုး ထဲမှ မဲမဲကောင်ကြီး တစ်ကောင် သည် ချောင်းထဲမှ နေ၍ လှုပ်လှုပ်ရွရွနဲ့ ကမ်းပေါ် တက်လာကာ မြယား ရွာထဲသို့ ဝင်လာခဲ့သည်။ ခွေးအူသံများက ဆူညံစွာ ထွက်ပေါ် လာ၏။ လူသူကင်းရှင်းနေသော ရွာလမ်းမထက် ခါးကိုင်း နေသော သတ္တဝါ ကောင်ကြီးသည် လှုပ်လိ လှုပ်လဲ့ လျှောက်လှမ်း လာသည်။ သူ၏ ခန္ဓာကိုယ်မှ ရေစက် တို့ကလည်း တစ်တောက်တောက် ကျနေသည်။ တစ်ကိုယ်လုံး အမွှေးအမျှင်များ ထူထပ်စွာ ရှိနေပြီး သူ၏ ခန္ဓာကိုယ် အမွှေးအမျှင်များတွင် နုံးမြေများပင် ကပ်နေ၏။ နားရွက်များသည်လည်း လူလက် တစ်ထောင် ကျော်ကျော်ခန့် ထောင်မတ် ရှည်လျား နေသည်။ မျက်လုံး နှာခေါင်း ၊ ပါးစပ် နေရာ များလောက်သာ အမွှေးအမျှင် နည်းပါးပြီး မြင်ရသော အသားစိုင် အချို့က နီရဲ နေ၏။ ထိုသတ္တဝါကြီးသည် ရွာအစွန်ဆုံး အိမ်တစ်အိမ်သို့ ဝင်သွား ခဲ့ကာ ကြက်ခြံမှ ကြက်များကို ဖမ်းယူ တော့သည်။
” ကတော် ….ကတော်…”
ကြက်များ၏ ရုတ်ရုတ် သဲသဲ တွန်သံများကို မကြားပဲ အိမ်ရှင်များက တုပ်တုပ်မလှုပ် အိပ်မော ကြနေ ကြသည်။ ထူးဆန်းစွာ နံဘေးအိမ်များ မှလည်း ကြက်တွန်သံများ ကို မကြားလိုက်ကြ။
မနက်ခင်း၏ လင်းရောင်ခြည်များ မြယား ရွာလေးသို့ ဖြာကျ လာခဲ့သည်။
” အမလေး ….ကိုရင်မောင်ရေ …. ဒီကို လာကြည့်ပါဦး တော် ကျမတို့ ကြက်တွေ အကုန် သေနေပြီ”
ကိုရင်မောင်တို့ ကြက်ခြံမှ ကြက်များသည် အမွှေးများ ဖွာလန်ကြဲကာ တစ်ချို့မှာ ခေါင်းတစ်ခြား ကိုယ် တစ်ခြား ၊တစ်ချို့မှာ ဗိုက်ပွင့် လျှက် ၊ တစ်ချို့မှာ အရိုးချည်းသာ ပုံစံ အမျိုးမျိုးဖြင့် သေဆုံးလျှက် ရှိသည်။ ကိုရင်မောင်၏ ဇနီး ဒေါ်မယ်မ ကတော့ သူ့ခြံမှ ကြက်များ သေဆုံး ကုန်သဖြင့် အော်ဟစ် ငိုကြွေးလျှက်။
” အမလေး ကျမ ကြက်တွေ ကုန်ပါပြီတော်… အီး …ဟီး …ဟီး”
ထိုနှင့် မြယား ရွာတွင် ညစဉ် တစ်အိမ်လျှင် တစ်မျိုးစီ တိရိစ္ဆာန် များ ရက်ဆက် သေဆုံး လာခဲ့သည်။ မနက်ခင်းတွင် တစ်အိမ်အိမ်မှ တိရိစ္ဆာန် များသေဆုံး ကြောင်း ပူညံပူညံ အသံများ နေ့စဉ် ကြားလာရသည်။
နွားများသည် သေဆုံးလျှက် ခေါင်းချည်းသာ ကျန်ခဲ့သည်။ ကြက်များ ဘဲငန်းများ ဆိုလျှင် အမွှေးစုတ်ဖွာကာ အရိုးချည်း ကျန်၏။ ခွေးများပင် ဗိုက်ပွင့်၍ လည်းကောင်း ၊ အရိုးများသာ ကျန်၍ လည်းကောင်း သတ္တဝါ တို့၏ အလောင်းကောင်များကို ဟိုတစ်နေရာ ဒီနေရာ ပြန့်ကျဲကာ တွေ့လာရသည်။
မြယား တစ်ရွာလုံး ထိုကိစ္စကို လျစ်လျူ မရှု့နိုင် တော့ပါချေ။ ထို့ကြောင့် တစ်ရွာလုံး သူကြီး မြအုန်း အိမ်၌ စုစည်းကာ အစည်းအဝေး ထိုင်ကြ တော့၏။
” သူကြီး ကျုပ်တို့ ရွာမှာ တိရိစ္ဆာန် တွေနေ့စဉ် သေနေတာ ဟုတ်တော့ မဟုတ်တော့ဘူးဗျ”
” ဟုတ်တယ် သူကြီး…. ဒီရက်တွေ ညဆို တစ်ရေးမှ မနိုးဘူး အိပ်လိုက်ရင် တစ်ချိုးတည်းပဲ ဘာမှကို မသိတော့တာ တစ်ခုခု ထူးဆန်းတယ်လို့ ထင်နေမိတယ်”
“ဟုတ်တယ်ဗျို့ ကျုပ်လည်း တူတူပဲ”
” ကျုပ်လဲ အဲ့ဒီ့ အတိုင်းပဲ ဗျို့”
“ဟုတ်ပါ့တော် အရင်ကဆို နည်းနည်း ပါးပါး တစ်ရေးနိုးသေး အခုမှ လုံးဝကို မနိုးတာ”
” ဟုတ်တယ် တိရစ္ဆာန် တွေ ပျောက်နေတယ် ဆိုလို့ သတိထား အိပ်တာတောင် ညဉ့်နက်လာရင် သူ့အလိုလို အိပ်ပျော် သွားတယ် တစ်ရေးမှ မနိုးဘူး”
သူကြီးမြအုန်းက တစ်ယောက်တစ်ပေါက် အလုအယက် ဝိုင်းပြောကြသော သူ့ရွာသားများအား
” အေး ငါလည်း နင်တို့ကို အဲ့ဒီ့ ကိစ္စ ဆွေးနွေးဖို့ ခေါ်လိုက်တာ….ဒီတော့ တို့ရွာမှ ဖြစ်နေတာတွေက သာမန် မဟုတ်တော့ဘူး သေသေချာချာ သိရအောင် တို့တွေ ဒီည ကင်းစောင့်ပြီး စောင့်ကြည့် ကြမယ်”
“ဟာ …ကောင်းတယ် ….ကောင်းတယ် သူကြီး လုပ် ကျတော်တို့ စောင့်ပေးမယ်”
“ဟုတ်ပါတယ်ဗျို့”
“ဟုတ်တယ်”
” သဘောတူပါတယ်”
ထိုနှင့် ရွာရှိ သန်သန်မာမာ ယောကျော်းသားများကို ရွေးထုတ်ကာ တုတ်ဓားများ အသင့်ဆောင် ထားစေပြီး ယနေ့ည ကင်းစောင့်ရန် အစီအစဉ်များ ရေးဆွဲ ကြတော့သည်။
********************
အခန်း-(၃)
ညသည် ကမ္ဘာ မြေပေါ် ချဉ်းနင်း ဝင်ရောက် လာခဲ့ ချေပြီ။ လမင်းသာသော ညချမ်းတွင် အိပ်မပျော် နိုင်သော မြယား ရွာသူ ရွာသားများသည် တုတ်ဓား ကိုယ်စီ ကိုင်ကာ တိရစ္ဆာန် များသေဆုံးရခြင်း အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စောင့်ဆိုင်း နေကြသည်။ အတန်ငယ် ညဉ့်နက် လာသောအခါ ငွေယားချောင်းဘက်မှ လှုပ်လှုပ်ရွရွနှင့် မဲမဲ အကောင်ကြီး ထုံးစံ အတိုင်း တက်လာ၏။ ထိုအကောင် ကြီး ပေါ်လာသည်နှင့် ကင်းစောင့် နေသော ရွာသားများ သည် အလိုလို အိပ်ငိုက် လာကြသည်။ တစ်ချို့ဆို မျက်လုံးကို အတင်းပြူးကျယ် ထားသော်လည်း သတိ လက်လွတ် အိပ်ပျော် သွားကြသည်။
မောင်ဝင်း တစ်ယောက် သူငယ်ချင်းများ နှင့်အတူ ကင်းစောင့် နေရင်း ရုတ်တရက် အလွန်ပင် အိပ်ငိုက် လာခဲ့သည်။ အနီးမှ သူငယ်ချင်း များကို ကြည့်လိုက် သောအခါ တစ်ရှူးရှူးတခေါခေါနှင့် အိပ်မော ကြသွား ကြချေပြီ။ မောင်ဝင်း တစ်ယောက်လည်း မျက်ခွံများ လေးလံလာကာ အိပ်ချင် လာခဲ့ပြီ။ ထိုစဉ် ငွေယားချောင်း ဘက်မှ တက်လာသည့် မဲမဲ သဏ္ဍာန်ကြီး ကိုမြင်လိုက် ရသည်။
” ဟာ တွေ့ပြီ ငါတို့ရွာက တိရစ္ဆာန် တွေကို ခိုးစားနေတဲ့လူ…ဟေ့ကောင်တွေ ထ ထ ထကြကွ”
မောင်ဝင်းသည် မိမိနံဘေးမှ သူငယ်ချင်းများကို လှုပ်နိုး သော်လည်း သူငယ်ချင်းများက တုပ်တုပ်မျှ မလှုပ်ကြ။
မောင်ဝင်း၏ မျက်လုံးက မတရား မှေးစက် အိပ်ချင် နေပေမယ့် မိမိတို့ ရွာကို ဒုက္ခ ပေးနေသော ထိုအရိပ်မဲ ကို ဘယ်သူလဲ သိရအောင် အတင်းမျက်လုံး ပြူးပြဲကာ စောင့်ကြည့် နေရသည်။ ထိုအရိပ်မဲ သဏ္ဍာန်ကြီး အနီးရောက်၍ ပီပြင်ထင်ရှားစွာ မြင်လာရသောအခါ
” အမလေး ….ဘာကြီးလဲ”
အိပ်ချင်နေသော မောင်ဝင်း၏ မျက်လုံးများ ပြူးကျယ် ဝိုင်းသွားရသည်။ အမွှေးစုတ်ဖွား ၊ နားရွက်
ထောင်ထောင် နှင့် လူလိုလို ၊ မျောက်ဝံလိုလို သတ္တဝါကြီး။ ထိုသတ္တဝါကြီး သည် ရွာလယ်ပိုင်းမှ မသေး တို့အိမ်ရှိ ဝက်ခြံသို့ ဝင်ရောက် သွားကာ ဝက်များကို ဖမ်းယူ စားသောက် တော့သည်။ ဝက်များ၏ အော်သံက ညဉ့်အမှောင်ကို ထွင်းဖောက် ထွက်ပေါ် လာပေမယ့် ရွာရှိ လူတစ်ယောက်မျှ မနိုးကြ။ မောင်ဝင်းသည် သူငယ်ချင်း များကို နှိုးမရသည့် အဆုံး အိပ်ချင် စိတ်ကို ကြိုးစား ထိန်းချုပ်ရင်း ထိုအကောင်ကြီး နောက်မှ မသိအောင် ခိုးလိုက် လာခဲ့သည်။ ဝက်ခြံ ထဲမှ ဝက်များကို အရှင်လတ်လတ် ဖမ်းယူ စားသောက် နေသော ထိုအကောင်ကြီးသည် ပါးစပ် ဟလိုက်သော အခါ ချွန်မြ နေသော သွားအစွယ် ဖွေးဖွေးများ ရှိနေသည်ကို တွေ့လိုက် ရသည်။
မောင်ဝင်း တစ်ယောက် လွန်စွာ တုန်လှုပ် ခြောက်ခြား မိသွားပြီး လန့်၍ မအော်မိအောင် မိမိကိုယ် မိမိ ထိန်းချုပ် ထားလိုက် ရသည်။ ထိုစဉ် ထိုအကောင်ကြီး သည် မောင်ဝင်း သူ့နောက်တွင် လိုက်ပါ ချောင်းကြည့် နေသည်ကို သိသွားဟန် ရှိသည်။ ဆတ်ခနဲ နောက်သို့ လှမ်းကြည့် လိုက်သည်။ မောင်ဝင်းသည် နီရဲ နေသော ထိုအကောင်ကြီး၏ မျက်လုံးများနှင့် ရင်ဆိုင် မိလိုက်သောအခါ သတိလက်လွတ် တုန်လှုပ် ခြောက်ခြား သွားသည်။ ထိုအကောင်ကြီးသည် သူစားသောက် နေသော သွေးသံ ရဲရဲ ဝက်အသေကြီး ကို လွှတ်ချကာ ထိုင်ရာမှ ဆတ်ခနဲ ထ၍ မောင်ဝင်းထံ တစ်ဟုန်ထိုး ပြေးဝင် လာ၏။
” အား……..”
ညဉ့် အမှောင်တွင် မောင်ဝင်း၏ အော်ဟစ် လိုက်သံကြီးက အလွန်ပင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သို့သော် ထိုအသံကြောင့် နိုးလာသည့်လူ တစ်ဦး တစ်လေ မှပင် မရှိ။
*************
အခန်း-(၄)
နေမင်း၏ ရောင်ခြည်များ ဖြာကျ လာသောအခါ မြယား ရွာလေး ပြန်လည် နိုးထလာခဲ့သည်။ မသေးတို့ အိမ်မှ စူးခနဲ အော်ဟစ် လိုက်သံ ထွက်ပေါ် လာ၏။
” အမလေး …. လာကြပါဦး ဒီမှာ မောင်ဝင်း ….မောင်ဝင်း”
မောင်ဝင်းသည် မသေးတို့ အိမ်ရှေ့ ဝက်ခြံ နားတွင် လဲကျ နေသည်။ မောင်ဝင်း၏ ရင်ဘတ်တွင် ကြီးမားသော ညိုမဲ ေနသည့် လက်ဝါးရာကြီးကို တွေ့လိုက်သည်။ ရွာသားများသည် မောင်ဝင်းကို ဆေးကုပေးဖို့ ဆေးဆရာအပြေးအလွှား သွားခေါ် သူခေါ် အိပ်ပျော် သွားသော ကင်းသမားများကို ဆူသူဆူနှင့် အုတ်အော် သောင်းနင်း ဖြစ်နေကြသည်။ မောင်ဝင်းသည် သေဆုံးသွားခြင်း မဟုတ်သော်လည်း သတိလစ် မေ့မျော နေခြင်း ဖြစ်သည်။ ရွာမှ ဗိန္ဒော ဆရာ ဦးကျော်က တတ်သလောက် မှတ်သလောက် ဆေးမြီးတိုများနှင့် ကုသသော အခါ မောင်ဝင်း တစ်ယောက် အနည်းငယ် သတိပြန်လည် လာသည်။
” အကောင်ကြီး …. အကောင်ကြီး …. ငွေယားချောင်းဘက် က အကောင်ကြီး”
မောင်ဝင်းသည် ပြင်းစွာသော အဖျားရှိန်တက်၍ ငွေယားချောင်းဘက်က အကောင်ကြီး ဟူသော စကားကိုသာ အော်ဟစ် နေတော့သည်။ ထိုစဉ် ရွာဦး ဘုန်းတော်ကြီးကျောင်းမှ ကပ္ပိယကြီး သာမောင်သည် ရောက်လာခဲ့ပြီး
” ဝေ့ မောင်ဝင်း ဘာဖြစ် နေတာလဲဟေ့”
” ကပ္ပိယကြီးရယ် ဒီမှာ မောင်ဝင်းလေ ညက ကင်းစောင့်တာ…မနက်ကျတော့ ရင်ဘတ်မှာ လက်ဝါးရာကြီးနဲ့ မသေးတို့ ဝက်ခြံနား လဲနေတာ တွေ့တာပဲ …. အခုလည်း ငွေယားချောင်း ဘက်က အကောင်ကြီးလို့ ကယောင် ကတမ်း အော်နေတယ်”
ကပ္ပိယကြီး သာမောင်က မောင်ဝင်းကို တစ်ချက် ဝေ့ကြည့် လိုက်ရင်း
” ဟေ့ မောင်ဝင်း ဖြစ်နေတာ သမာရိုးကျ ဟုတ်မယ် မထင်ဘူး နင်တို့ ဒီလို ကုနေလို့ မရလောက်ဘူး ဆရာတော်ဆီ ခေါ်လာခဲ့ကြ”
ကပ္ပိယကြီးသာမောင်၏ စကားကြောင့် ရွာသူရွာသား များသည် သတိလစ် မေ့မျော နေသော မောင်ဝင်းကို ရွာဦးကျောင်းသို့ ထမ်းစင်နှင့် ခေါ်လာခဲ့ ကြသည်။ ရွာဦးကျောင်း ဆရာတော် ဦးနန္ဒိယသည် အကျင့်သီလ ၊ သမာဓိ နှင့် ပြည့်စုံသည့် ဆရာတော် တစ်ပါး ဖြစ်၍ တစ်ရွာလုံးက လေးစား ကြည်ညို ကြသည်။ ဆရာတော်၏ ကျောင်းဝန်းထဲသို့ မောင်ဝင်းကို တင်ထားသော ထမ်းစင်သည် ဝင်ရောက် လာသောအခါ
” ဟာ မသွားဘူး …. ငါမသွားဘူး”
သတိလည်လိုက် မလိုက်လိုက် ဖြစ်နေသော မောင်ဝင်း သည် စူးစူးဝါးဝါး ကမူးရှုးထိုး ထအော် တော့သည်။ ထမ်းစင်ထဲမှပင် အတင်းထထိုင်ရန် ပြင်တော့သည်။ ရွာသားများက အတင်းဝိုင်း၍ ချုပ်နှောင်ကာ ဆရာတော့် ကျောင်းပေါ်သို့ ခေါ်လာ ရသည်။ ဆရာတော်၏ ရှေ့တော် မှောက်သို့ ရောက်တော့လည်း မောင်ဝင်းသည် အတင်း ဝူးဝူး ဝါးဝါး အော်ဟစ် ရုန်းကန်လျှက်။ ပက်လက် ဝါးကြိမ် ကုလားထိုင်ပေါ် ထိုင်ကာ ပုတီး စိပ်နေသော ဆရာတော်က မိမိကျောင်း ပေါ် ရုန်းရင်းဆန်ခတ် ရောက်လာသူ မောင်ဝင်း နှင့် ရွာသား တစ်သိုက်ကို တောက်ပစူးရှသော မျက်ဝန်း များ နှင့် စိုက်ကြည့် နေ၏။ အထူးသဖြင့် မောင်ဝင်းသည် ဆရာတော်ကို တွေ့သောအခါ မျက်ထောင်နီကြီးများနှင့် ဝူးဝူးဝါးဝါး အော်ဟစ် ရုန်းကန်သည်။ ဆရာတော်က ရွာသား များအား
” မောင်ဝင်းကို ဘုရားကျောင်းဆောင်ရှေ့ ပို့လိုက်ကြဟေ့”
***********
အခန်း-(၅)
ရွာသားများသည် ဆရာတော်၏ အမိန့်အတိုင်း ဘုရားကျောင်းဆောင်ရှေ့ မောင်ဝင်းကို ချုပ်နှောင်၍ ပို့ကြသည်။ မောင်ဝင်းကတော့ အငြိမ်မနေ အော်ဟစ် ရုန်းကန် နေဆဲ။ ဆရာတော် ဦးနန္ဒိယသည် တည်ငြိမ်စွာ ထိုင်ရာမှ ထ၍ လျှောက်လှမ်းလာသည်။ ထို့နောက် ဘုရားကျောင်းဆောင် ပေါ်တွင် ဆီမီးနံ့သာများ ထွန်းညှိ လိုက်သည်။ ထို့နောက် ဆရာတော်သည် မောင်ဝင်း၏ ရှေ့တွင် ထိုင်ကာ မေတ္တာသုတ်တော် ၊ ရတနာ့ သုတ်တော် ၊အာဋာနာဋိယ သုတ်တော်များ စတင် ရွတ်ဖတ်တော့သည်။ ထို့နောက် ဆရာတော်သည် ယက္ခဘီလူးများ ကို အစိုးရသော ကုဝေရ နတ်မင်းကြီးအား နှုတ်မှ စတင် ဖိတ်၏။ ထိုအခါ မောင်ဝင်းသည် အတင်း ကမန်းကတန်း ထ၍
” မလုပ် …. မလုပ်ပါနဲ့ ဆရာတော် ကုဝေရနတ်မင်းကြီးကို မပင့်ပါနဲ့ဗျာ”
” အေး မင်းအဲ့ဒါဆို ဒီကလေးနဲ့ ဒီရွာကို ဘာလို့ ဒုက္ခ ပေးနေရတာလဲ ရေဘီလူး”
” ကျတော် ကျတော် ဗိုက်ဆာလို့ ဒီရွာထဲ စားစရာ ဝင်ရှာ စားမိတာပါ ဆရာတော် ”
” မင်းအဲ့ဒီလို လုပ်လို့ ရမလား ရေဘီလူး….
လူ့စည်း ဘီလူးစည်း ဆိုတာ ရှိတယ် မင်းက အခု စည်းတော်တော် ကျော်နေပြီ ….တခြားနေရာ မင်းဘာသာ သွားရှာ စားပါလား ဘာလို့ ငါတို့ရွာကမှ လာရှာစား ရတာလဲ”
” ဟုတ်ပါတယ် ဆရာတော် ကျတော်တို့လို တန်ခိုးနည်းတဲ့ ဘီလူးငယ်တွေဟာ အစာရေဆာ ရှာစားဖို့ လူတို့ ရပ်ရွာ တွေရဲ့ အခြေအနေ တွေကို စောင့်ကြည့် ရပါတယ်…… ပရိတ် ၊ ပဌာန်း ရွတ်သံ ကြားရတဲ့ လူ့ရပ်ရွာ တွေဆို ကျတော်တို့ဟာ အနားတောင် မကပ်နိုင်ပါဘူး….ဒါပေမယ့် ဒီရွာက တံငါရွာ လည်း ဖြစ်နေတော့ တရားဓမ္မအသံ လည်း သိပ်မကြား ရဘူး အဲ့ဒါကြောင့် ကျတော် အခုလို အလွယ်တကူ ဝင်ရောက် ရှာဖွေ စားသောက် နိုင်တာပါ”
” အိမ်း ဒါဆို မောင်ဝင်းကိုကော ဘာလို့ ဒီလို လုပ်ရတာလဲ”
” ဒီကောင်လေးက ကျတော့်ကို တွေ့သွားလို့ ကျတော့် အကြောင်း ပြန်ပြောမှာ ဆိုးလို့ ကျတော့် လက်ဝါးနဲ့ ရိုက်လိုက် တာပါ”
” အေး သူ့ကိုလည်း မင်းလုပ်ထားတာ မှန်သမျှ မင်းပြန် ယူသွား … နောက်တစ်ခါ လူတွေကို ထိခိုက်အောင် မလုပ်နဲ့ ကြားလား….လုပ်ရင် မင်းကို ကုဝေရ နတ်မင်းလက် အပ်လိုက်မယ်နော်”
“တင်ပါ့ ကျတော် မလုပ်တော့ ပါဘူး ဆရာတော်”
ထိုသို့ပြောပြီး မောင်ဝင်းသည် ခွေခနဲ လဲကျ သွားတော့သည်။ ရွာသားများက ရေများဝိုင်းတောက် ၊ ခြေမချိုး လက်မချိုး လုပ်မှ သတိပြန်ရ လာခဲ့သည်။ သတိပြန်ရ လာတော့ မောင်ဝင်းသည် လူကောင်း ပကတိ ပြန်ဖြစ်လာပြီး သူ့ရင်ဘတ်မှ အညိုအမဲစွဲ သလို ဖြစ်နေသော လက်ဝါး ရာကြီးသည်လည်း ပျောက်ကင်း သွားသည်။ ထိုမှ ရွာသားများ အားလုံး ဆရာတော်ကို ရှစ်ခိုး ဦးချကာ ဖြစ်စဉ်ကို မေးလျှောက် ၏။ ထိုအခါ ဆရာတော် ဦးနန္ဒိယက
” အိမ်း …. ရွာသူ ရွာသား အပေါင်းတို့ ဘုန်းဘုန်း မိန့်တာကိုနားထောင်ကြစမ်းကွဲ့…..ဒကာတို့ဟာ ဝမ်းရေး အတွက် နေ့တဓူဝ မအားလပ်အောင် လှုပ်ရှား နေကြ ရတယ် ဆိုတာ ဘုန်းဘုန်း နားလည် ပါတယ်လေ…. ဒါပေမယ့် ဘာသာတရား ကိုလည်း မမေ့လျော့ ကြလေနှင့် ….အခု ဖြစ်စဉ် မှာ ဒကာတို့ ရွာဟာ ရေဘီလူးရဲ့ နှောက်ယှက်ခြင်း ကိုခံရတာပဲ ”
” ရေဘီလူး တဲ့..”
“.ရေဘီလူး နှောက်ယှက်တယ် တဲ့ဟေ့”
ရွာသားများ အားလုံး ဆရာတော်၏ စကားကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ထို့နောက် ရွာသူကြီး မြအုန်းက
” ရေဘီလူး နှောက်ယှက်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး သေချာ ရှင်းပြ မိန့်ကြားပါဦး ဆရာတော်”
” အိမ်း …. တို့များရဲ့ ရှင်တော်မြတ်ဗုဒ္ဓ ဟောကြားတော် မူတဲ့ တရားတော်တွေ ထဲမှာ ယက္ခ ဘီလူးတွေ အကြောင်း ပါဝင်တယ်ဒကာတို့…..ဘုရားရှင် လက်ထက်တော် ကတည်းက ဘီလူးတွေ ဝင်သောင်းကျန်းတဲ့ မြို့ရွာ တွေလည်း ရှိခဲ့ ဖူးတယ် …. ဘုရားရှင် လက်ထက်တော်က ဝေသာလီပြည်ကို ဘီလူးတွေ ဝင်တဲ့ အခါ ငတ်မွတ် ခေါင်းပါးခြင်းတွေ ၊ ရောဂါ ဘေးတွေ ဖြစ်ပြီး လူတို့ အတိဒုက္ခ ရောက်ကြရတယ်….. အဲ့ဒီ့ အခါမှာ ရှင်တော်မြတ်ဘုရား ဟာ ” ရတနာ့သုတ်” ပရိတ်တော်ကို ချီးမြှင့်ဟောကြား တော်မူခဲ့တယ် ….. ရတနာ့သုတ် တရားတော်ကြောင့် ဘီလူးတွေဟာ လူ့တို့ ရပ်ရွာ လူ့ပြည်ရွာမှာ မနေနိုင် တော့ပဲ ထွက်ပြေး ကြရတယ် …. နောက်ဖြစ်စဉ် တစ်ခုက ဘုရားရှင်ရဲ့ သားတော် ရဟန်းမထေရ်များ တရားဒေသနာ ဟောကြားတော် မူတဲ့ နေရာအချို့မှာ လည်း ဘီလူးများ လာရောက် ခြောက်လှန့်
နှောက်ယှက် ကြဘူးတယ်…ဒီဘီလူးတွေကြောင့်
လူတို့ဟာ ကြောက်ရွံ့ ထိတ်လန့်ကာ တရားမနာနိုင်ဘဲ ထွက်ပြေး ကြတယ် …. ရဟန်းတော်များက ဘုရားရှင် အား ထိုဖြစ်စဉ်အား လျှောက်ထားတဲ့ အခါမှာ ဘုရားရှင်ဟာ အာဋနာဋိယ သုတ် ကို ချီးမြှင့် ဟောကြားတော် မူခဲ့တယ် … ထိုအခါကျမှ ဘီလူးတို့ ခြောက်လှန့်ခြင်း ရန်ကနေ ကင်းဝေး သွားကြရတယ်…. ဒါကြောင့် ဘီလူးဆိုတဲ့ သတ္တဝါ ဟာ ဘုရားရှင် လက်ထက် တော်ကတည်းက အထင်အရှား ရှိနေခဲ့ပြီး ဖြစ်တယ် ဒကာတို့ ….. ဘီလူးတွေမှာလည်း အမျိုးမျိုး ရှိတယ် ဒကာတို့ …..တန်ခိုးကြီးတဲ့ ရတနာ သုံးပါးကို ကိုင်းရှိုင်း တဲ့ နတ်ဘီလူးကြီးတွေ ကို လူတို့ သာမန် မျက်လုံးနဲ့ မမြင်တွေ့နိုင်ဘူး …. လူတို့ ရပ်ရွာနားတွင် လည်း ထိုဘီလူးများဟာ မနေကြဘူး.. မြင်းမိုရ်တောင် ရဲ့ မြောက်အရပ်မှာ ကုဝေရ နတ်မင်းကြီး အုပ်ချုပ်ပြီး အဲ့ဒီ့ နတ်ဘီလူးတွေဟာ နေထိုင် ကြတယ်…. အခု …ဒကာတို့ ကြုံတွေ့ နေရတဲ့ ဘီလူးဟာ တန်ခိုးဣတိပတ် နည်းပါးတဲ့ ဘီလူးငယ် အနွယ်သာ ဖြစ်ချေတယ်….ဘီလူးငယ်များမှာလည်း ကုန်းဘီလူး ၊ မြေဖုတ်ဘီလူး၊ ရေဘီလူးဆိုပြီး ရှိကြတယ် …. ထိုအထဲကနေ ယခု ရွာကို ဝင်တဲ့ ဘီလူးဟာ ရေဘီလူး ဖြစ်တယ်….ရေဘီလူးများ ဟာ တိရစ္ဆာန် နဲ့ လူတို့ အသွေးအသားများကို စားသောက် လိုကြသူများ ဖြစ်တယ်…ဒကာတို့ ရွာကို အခု နှောက်ယှက်တဲ့ ဘီလူးဟာ အစမှာတော့ တိရစ္ဆာန် အသွေးအသားတွေ ကို စားသောက်မယ်….. နောက်တော့ တစ်ဆင့် တက်ပြီး လူတို့ရဲ့ အသွေးအသားကိုပင် စားသောက် လိမ့်မယ်”
” အိုး ကြောက်စရာ ကြီးပါလား”
” အို ကြောက်စရာကြီး”
” နောက်ဆို လူအသွေးအသားပါ စားမှာတဲ့”
ဆရာတော်၏ စကားအဆုံး ရွာသားများအားလုံး တစ်ယောက် တစ်ပေါက် အုန်းအုန်းကျွက်ကျွက် ဖြစ်သွား ကြသည်။
***************
အခန်း-(၆)
ထို့နောက် ဆရာတော်က ရွာသား အပေါင်းအား
” ကဲ ဒကာတို့ ရွာမှာ ဖြစ်နေတဲ့ ဖြစ်စဉ် အကြောင်း အခုသေချာ သိကြပြီမလား”
“တင်ပါ့ ဘုန်းဘုန်း”
” တပည့်တော်တို့ ရွာကို ကယ်တင် ပေးပါဦး”
” တပည့်တော်တို့ ဘယ်လို လုပ်ရမလဲ ဘုရား”
” ဒီဘီလူးကို တပည့်တော်တို့ ဘယ်လို တိုက်ထုတ်ရမလဲ ဘုရား”
ရွာသားများက တစ်ယောက် တစ်ပေါက် အလုအယက် ဝိုင်းဝန်း မေးလျှောက် ကြသည်။ ထိုအခါ ဆရာတော် ဦးနန္ဒိယက ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ကာ
” ဟုတ်ပြီ ဒီကိစ္စကို ဖြေရှင်းမယ့် နည်းက ရှိပြီးသားပါ …. လွယ်ပါတယ် ဒကာတို့ ….ဒီဘီလူးကို ဘုန်းဘုန်းတို့ ဒကာတို့ ကိုယ်တိုင်ပဲ တိုက်ထုတ် ရမယ် …. တိုက်ထုတ်ဖို့ ဆိုတဲ့ နေရာမှာ တုတ်ဓားနဲ့ ဘီလူးကို သွား ဖမ်းဖို့ ပြောတာမဟုတ်ဘူး…. စောစောက ဘီလူးပြောသွား တဲ့ အထဲမှာကိုက အဖြေရှိပြီးသား ဖြစ်တယ် ဒကာတို့… ပရိတ်ပဌာန်း စတဲ့ ဓမ္မ တရားသံများ ရွတ်ဖတ်သံ ကြားတဲ့ လူ့ရပ်ရွာ တွေ ဆိုရင် သူတို့ ဘီလူးတွေဟာ အနားတောင် မကပ်နိုင်ဘူးတဲ့ ကြားလိုက် ကြလား…..ဒီတော့
ဒကာတို့ ဒီကိစ္စကို တို့များ ဘုရားရှင်ရဲ့ တရားတော် တွေ နဲ့သာ ဖြေရှင်း ရမယ်…. ဘုန်းဘုန်း တို့ရွာဟာ တံငါသည်တွေ များတဲ့ တံငါ ရွာကြီး ဖြစ်တယ်…. အားလုံး မိုးလင်းက မိုးချုပ် ဝမ်းရေးအတွက် အလုပ်လုပ် နေရတာမို့ ညဆို မောပြီး အိပ်သွားကြတာ ဘုရားတောင် သေချာ ဖြောင့်ဖြောင့်တန်းတန်း ရှစ်ခိုး နိုင်တဲ့လူ ရှိကြရဲ့ လားမသိဘူး …. ဒါကြောင့် ရေဘီလူး တောင် ဝင်တဲ့ အထိ ဖြစ်ရတာ ….အဲ့ဒီ့တော့ မိမိတို့ ရဲ့ နေအိမ် ရပ်ရွာ တွေကို ဘီလူးသဘတ် ရန်က ကာကွယ် စောင့်ရှောက်ဖို့ တစ်ဦး တစ်ယောက်ကနေ စပြီး တစ်အိမ်သားလုံး ၊ ပြီးတော့ တစ်ရပ်ရွာလုံးဟာ ဗုဒ္ဓ ဘုရားရှင် ဟောကြားတော် မူတဲ့ ပရိတ်တော်တွေ တရားတော်တွေကို ရွတ်ဖတ် ပွားများ ကြပါ ကုန်လေ့ာ….ဒီနည်းလမ်းဟာ ရေဘီလူးကို တိုက်ခိုက် နိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်တယ် ဒကာတို့…..”
” တင်ပါ့ ဘုရား”
” တင်ပါ့”
“တင်ပါ့ ဘုရား”
ရွာသားများအားလုံးလည်း ဆရာတော် ဦးနန္ဒိယကို ရှစ်ခိုး ဦးချလိုက် ကြသည်။ ထို့နောက် ထိုနေ့ညမှ စကာ ညချမ်း ချိန်ခါ ၊ နံနက် အာရုံတက် ချိန်ခါ များတွင် မြယား ရွာလေး၌ ပရိတ်တရားတော်များကို ရွတ်ပွားနေသံများ ဝေစီ လာခဲ့သည်။ ညနေမိုးချုပ် သည်နှင့် ကြေးစည်သံ တစ်ဝေဝေ ၊နံနက် လင်းသည် နှင့် ကြေးစည်သံ တစ်ဝေဝေ ပရိတ်တရား ရွတ်ပွား အားထုတ်သံများ လွှင့်ပျံလျှက် ရှိသည်။ များမကြာမီ ရက်များအတွင်း ဆရာတော် ဦးနန္ဒိယ ဦးစီးသော အန္တရာယ် ကင်း ပရိတ်ရွတ်ဖတ် ပွဲကြီး ၊ အသံမစဲ မဟာ ပဌာန်းရွတ်ပွဲကြီးများလည်း မကြာခဏ ဆိုသလို ပေါ်လာခဲ့၏။ တိရစ္ဆာန်များ သေဆုံးခြင်းသည် လည်း လုံးဝ မရှိကြတော့။ ရွာသား အားလုံး ချမ်းသာစွာ အိပ်စက်ရပြီး ပျော်ရွှင်ဖွယ် ရွာလေး တစ်ရွာ ဖြစ်လာ ခဲ့သည်။ ငွေယား ချောင်းထဲတွင်လည်း အမွှေး ထူလပျစ်နှင့် မဲမဲ အကောင်ကြီးကို ဘယ်သောအခါမှ မတွေ့ကြရ တော့ချေ။ မိမိတို့၏ နေ့စဉ် ဘဝတွင် မည်မျှပင် အလုပ်များများ ပြုဖွယ်ရှိသော ကုသိုလ်ကံ ကောင်းမှု့ အချို့ကို မမေ့လျော့ကြလေနှင့် ။ ကောင်းမှု့ ကုသိုလ်ကံ အဟုန်သည် သံသရာထိပင် မစောင့် လက်ငင်း ကောင်းကျိုး ပေးလေသတည်း။
(ပြီးပါပြီ )
*******