ခြေသံပိုင်ရှင်

ခြေသံပိုင်ရှင်(စ/ဆုံး)

——————

“နန်း နင်BE.d ၀င်ခွင့်အောင်တယ် ”

” ဟယ် ဟုတ်လား ”

နန်းတစ်ယောက် ပျော်လွန်း၍ ထပင်ခုန်မိသွားသည်ထင်၏။

“ဆရာမ ဆရာမ ဘာဖြစ်လို့လဲဟင်”

နန်းတစ်‌ယောက် ခုန်ပေါက်နေသည်အားကြည့်ကာ ကလေးတစ်ချို့က ပြေးလာ၍ မေးမှ သတိရသွားကာ အိန္ဒြေအမြန်ပြန်ဆယ်ကာ

” အင်း ဆရာမ စာမေးပွဲ အောင်လို့ပါကွယ် ”

” ဟင် ဟုတ်လား ၊ဆရာမတွေက စာမေးပွဲ ဖြေရသလား ဒီစာမေးပွဲအောင်ရင် ရာထူးတိုးတာလား”

” အင်းဟုတ်တယ် ဆရာမတွေကလဲ သားတို့သမီးတို့လို စာမေးပွဲတွေ ဖြေရတယ်၊ အမြဲလေ့လာသင်ယူနေရတာပါပဲ ၊ ဒီစာမေးပွဲအောင်ရင် ဆရာမတို့ သင်တန်းနှစ်နှစ်တက်ပြီးရင် အထက်တန်းပြရာထူးတိုး လျှောက်လို့ရပြီလေ ”

” ဟင် ဒါဆို အထက်တန်းပြဖြစ်ရင် ဆရာမက သမီးတို့ ကျောင်းကနေ ပြောင်းရမှာပေါ့ ”

ပြောရင်း ညှိုးငယ်သွားသော တပည့်မလေးအား ကြည့်ကာ နန်းတစ်ယောက် ပြုံးလိုက်ပြီးနောက်

” ဩ သမီးရယ် ပြောင်းဖို့က အဝေးကြီးလိုပါသေးတယ်၊ သင်တန်းတွေက နှစ်နှစ်လောက်တက်ရအုံးမှာ ၊ ပြီးရင် ‌ရာထူးတိုးက လျှောက်ရအုံးမှာလေ ၊ လျှောက်တိုင်းလဲ မရတဲ့ ပညာရေးဌာနမှာ ပြောင်းရဖို့က မသေချာပါဘူး သမီးရဲ့ ”

” အင်း သမီးတို့ကျောင်းသာ အထက်တန်းကျောင်းကြီးဖြစ်ရင်ကောင်းမှာနော် ၊ဒါဆို ဆရာမ အထက်တန်းပြဖြစ်လဲ ပြောင်းစရာမလိုတော့ဘူးလေ ”

တပည့်မလေးသည် ကျောင်းအ၀င်၀ရှိ ဆိုင်းဘုတ်ကြီးအား ခပ်တွေတွေစိုက်ကြည့်ရင်း ဆိုရှာလေသည်။နန်း
ယခုတာ၀န်ကျရာကျောင်းသည် အလယ်တန်းကျောင်းပင်ဖြစ်၏။

တပည့်လေးတွေ ပြန်သွားပြီးမှ နန်းတစ်ယောက် အမေနှင့်အဖွားထံ ဖုန်းလှမ်းဆက်လိုက်၏။
အမေနှင့်အဖွားကလဲ ၀မ်းသာနေရှာလေသည်။

” ငါ့သမီးရယ် ၊ ငါ့သမီးက တော်တယ်ဆိုတာ အမေသိပြီးသား ၊ ဆယ်တန်းတုန်းကလဲ နှစ်ချင်းပေါက်အောင်တယ်၊ BE.d ၀င်ခွင့်ကလဲ နှစ်ချင်းပေါက်အောင်တယ် ၊ အမေသမီးအတွက် ဂုဏ်ယူတယ် ”

ဟုတ်ပါသည်။ နန်းတစ်ယောက် ပညာရေးနှင့် အကျိုးပေးသည်ဟုပင်ဆိုရမည်လား မပြောတတ်။
BE.d ၀င်ခွင့်အား နှစ်ချင်းပေါက်အောင်မြင်ရန်မှာ မလွယ်ကူပေ။
ဖြေနိုင်ချင်း မဖြေနိုင်ချင်းထက် ဘာသာပြလိုအပ်ချက်၊ ကန့်သတ်ဦးရေများနှင့် ရုံးပိုင်း၊သင်ကြားရေးပိုင်၊ ကာယ ပိုင်း ခွဲဝေမှုကြောင့် အလွန် ကံကောင်းပါမှ အောင်စာရင်း၌ ပါ၀င်ခွင့်ရတတ်ကြသောကြောင့် ဖြစ်လေသည်။

မြန်မာနိုင်ငံ အထက်ပိုင်းမှ သူများအားလုံးက BE.d စာပေးစာယူသင်တန်းအား စစ်ကိုင်းပညာရေးတက္ကသိုလ်၌ တက်ရောက်ကြရလေသည် ။
ထို့ကြောင့် နန်းသည်လည်း စစ်ကိုင်းပညာရေး တက္ကသိုလ်၌ သင်တန်းတက်ရန် အကြောင်းဖန်လာခဲ့လေတော့သည်။

နန်းတို့၏ ပညာရေးတက္ကသိုလ် စာပေးစာယူသင်တန်းအား နှစ်သုတ်ခွဲတတ်ရ၏။
ပထမအသုတ်အနေဖြင့် ဆယ်လပိုင်း၌ Assignment အတွက် တစ်လနီးပါးတက်ရ၏။
ဒုတိယအသုတ်အနေဖြင့် လေးလပိုင်းကုန်၌ တက်ရကာ ဤတစ်ကြိမ်၌ စာမေးပွဲဖြေဆိုရန်အတွက်တက်ရောက်ကြရခြင်းဖြစ်၏။

ရှစ်လပိုင်း အပြောင်း‌အရွှေ့များ၌ နန်းတို့ကျောင်းသို့ နွယ်နီဟူသော ဆရာမလေး ပြောင်းလာခဲ့၏။
နွယ်နီသည် လက်ရှိကျောင်းရှိရာ ရွာ၌ အခြေချနေထိုင်သူဖြစ်၏။
သူ၏ဖခင်မှာ ယခင်က လက်ရှိကျောင်း၏ ကျောင်းအုပ်အဖြစ်တာ၀န်ထမ်းဆောင်ခဲ့ဖူးကာ လက်ရှိအချိန်၌ အငြိမ်းစားယူကာ ထိုရွာ၌ပင် ကုန်စုံဆိုင်ကြီးတစ်ဆိုင်ဖွင့်လှစ်ထားလေသည်။
နွယ်နီ၏ မိခင်မှာ နွယ်နီကလေးဘ၀ကတည်းက တိမ်းပါးသွားရှာပြီဖြစ်လေရာ နွယ်နီသည် သူ၏ မိသားစုရှိရာ ထိုရွာလေးသို့ ပြန်ပြောင်းလာခဲ့ခြင်းဖြစ်သည်။
နွယ်နီသည် ရိုးသားအေးဆေး၍ အပျိုကြီးတစ်ယောက်ဖြစ်ကာ ကြောက်လဲ ကြောက်တတ်သူဖြစ်လေသည်။

” မမနန်းက BE.d ၀င်ခွင့် အောင်ထားတယ်ဆို ”

” ဟုတ်တယ်နွယ်နီ ”

” ကျွန်မလဲ အောင်ထားတယ်”

” ဟယ် ဟုတ်လား ဒါဆို အဖော်ရတာပေါ့ တို့တွေသင်တန်းအတူတူ တက်ရတာပေါ့ ”

” ဟုတ် မမနန်းက ဘာမေဂျာလဲ ”

” Economic….နွယ်နီကရော ”

” ကျွန်မက Chemistry”

” Aww မေဂျာတော့ မတူကြဘူးနော် ၊ မေဂျာမတူလဲ အတူတက်လို့ရတာပဲလေနော် ”

” ဟုတ်တယ်မမနန်း၊ ဩ ကျွန်မသူငယ်ချင်း နှစ်ယောက်လဲ ရှိသေးတယ် ၊ သူတို့တွေကလဲ အပျိုကြီးတွေချည်းပဲ ၊ နောက်မှ မမနန်းနဲ့ မိတ်ဆက်ပေးမယ် ”

” ဟုတ်ညီမ ၊ မမကတော့ ဒီဘက်ပြောင်းလာတာမကြာသေးတော့ မိတ်ဆွေသိပ်မရှိဘူး ၊အဆောင်ကိစ္စ ဘာညာကတော့ နွယ်နီ့ကိုပဲ အားကိုးရမှာပဲ ”

” ရတယ်မမနန်း နွယ်နီ့သူငယ်ချင်းတွေက မိတ်ဆွေပေါကြတယ် ၊ သူတို့ ချိတ်ပြီးထားကြပြီ၊။”

” ဒါဆိုရင်တော့လဲ အဆင်ပြေတာပေါ့”

နန်းနှင့် နွယ်နီတို့သည် စကားပြောနေရင်း ကျောင်းတက်ခေါင်းလောင်းသံကြောင့် ပြောလက်စ စကားများဖြတ်ကာ တာ၀န်ကျရာအတန်းအသီသီးသို့ ၀င်သွားကြလေတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၂)

နွယ်နီသည် နန်းအား သူ၏သူငယ်ချင်းဖြစ်သူ မ‌အေး(ဘာသာခြား)..ဆု တို့နှင့်မိတ်ဆက်ပေးရာ နန်းတို့လေးဦးသည် မကြာမှီ တစ်သားတည်း ဖြစ်သွားကြ၏။

နန်းက ဘောဂဗေဒ အထူးပြု၊ နွယ်နီနှင့်ဆုက ဓာဓုဗေဒ၊ မအေးက ရူပဗေဒ အထူးပြုဖြင့် ပညာရေးတက္ကသိုလ်အဝေးသင် ပထမနှစ်အား သွားရောက်ကြရလေတော့သည်။
လေးယောက်လုံး အတွင်းဆောင်၌ နေကြရာ လေးယောက်တစ်ခန်းမို့ အတော်လေးပင်အဆင်ပြေခဲ့၏။

နန်းတို့နေထိုင်ရာ အဆောင်ကြီးသည် အတွင်းအကျဆုံး အဆောင်ဖြစ်၏။ အဆောင်၏ တောင်ဘက်၌ ၀န်ထမ်းအိမ်ရာ အနည်းငယ်သာရှိကာ ထိုအိမ်ယာများ၏အနောက်၌ တက္ကသိုလ်၏ အုတ်တံတိုင်းသာရှိတော့သည်။

နန်းတို့လေးယောက်နေသောအခန်းသည် အဆောင်D အခန်း ၅ ဖြစ်လေသည်။

ပထမတစ်ဖြတ်သည် Assignment သာ တင်ရသည့်ကာလပတ်မို့ သင်တန်းသူ ဆရာမများသည် စိတ်လွတ်လပ်ပေါ့ပါးကာ ပိတ်ရက် များ၌ စစ်ကိုင်း၊မန္တလေး ပြင်ဦးလွင် အနီးတစ်ဝိုက်သို့ အုပ်စုလိုက်သွားရောက်လည်ပတ်ကြ၏။

ထမင်းအား မိမိတို့နေသောအဆောင်များ၌ လာရောက်ရောင်းချကြ၏။
အစားအသောက် အပြေသည်ဟုပင်ဆိုရပေမည်။
မပြေသည်က ချိုးရေ ကိစ္စပင်ဖြစ်၏။
နန်းတို့၏အဆောင်သည် အတွင်းအကျဆုံးအဆောင်မို့ ရေလွှတ်သည့်အခါ အခြားအဆောင်များရရှိပြီးမှ နန်းတို့နေထိုင်ရာ အဆောင်သို့ နောက်ဆုံးမှ လာတတ်၏။

အခြားအဆောင်များက ရေအပြည့်အ၀ရသော်လည်း နန်းတို့အဆောင်ကား မကြာခဏ ရေပြတ်တတ်လေသည်။

အဆောင်ကြီးတစ်ခု၌ A,B,C,D,E, F ဟူ၍ အဆောင်ခွဲ ခြောက်ခုရှိလေရာ အဆောင်ကြီးတစ်ဆောင်၌ သင်တန်းသူဦးရေသည်လဲ လေးရာခန့် ရှိလေ၏။
လုပ်ငန်းခွင်မှ လာကြသူများမို့ အသက်အရွယ်ကြီးရင့်သူကများ၏။
အသက်ငယ်ရွယ်သူများဟူ၍ သိပ်မရှိကြပေ။
အချို့က အတွင်းဆောင်၊ အချို့က အပြင်ဆောင်များ၌ နေကြရာ အပတ်စဉ်တစ်ခုလျှင် သင်တန်းသား ထောင်ချီ ရှိလေသည်။

နန်းတို့နေထိုင်ရာ အဆောင်သည် တောင်မြောက် အရှည်လိုက်ဖြစ်ကာ အဆောင်တစ်ဆောင်၌ ကျောကပ်အခန်းဆယ်ခန်းရှိရာ စုစုပေါင်းအခန်း ၂၀ ဖြစ်လေသည်။ပျမ်းမျှအားဖြင့် တစ်ဆောင်လျှင် သင်တန်းသူ အယောက်လေးဆယ်ရှိ၏။
အဆောင်၏ မြောက်ဘက်ဆုံး၌ အုတ်ကန်အကြီးကြီးတစ်ခုရှိကာ အုတ်ကန်၏ အရှေ့ဘက်ခြမ်း၌ အိမ်သာသုံးခန်း အနောက်ဘက်ခြမ်း၌လည်း အိမ်သာသုံးခန်းရှိ၏။
အုတ်ကန်နှင့် အိမ်သာသည် အနည်းငယ် မှောင်လေသည်။

” ဟဲ့ နန်း… ဘောဂဗေဒတဲ့… အခန်းဖော်လိုက်ရှာနေတယ် ကောင်မလေးတစ်ယောက် ”

” ဟယ် ဟုတ်လား ဒီမှာ ညီမလေး မမလဲ ဘောဂ”

” ဟယ်ဟုတ်လား မမ ၊ ဒါဆိုမနက်အတူသွားရအောင် စာသင်ခန်းကို ”

” အေးပါ သွားကြတာပေါ့ ”

“နန်းတော့ အဖော်ရသွားပြီဟေ့”

” ဟုတ်ပ မအေးရေ ”

နန်းက မအေးအား ပြုံးပြက ဖြေလိုက်လေသည်။

မအေး၏ ကုတင်သည် အတွင်းအကျဆုံး၊ မအေးဘေး၌ ဆု၊ ဆုကုတင်ပြီးမှ နန်း၏ကုတင်၊ နွယ်နီက အပေါက်နှင့်ကပ်လျက် ပြတင်းပေါက်ဘေးကပ်လျက်က ကုတင်ဖြစ်၏။
နန်းက မကြောက်တတ်သော်လည်း နွယ်နီနှင့်ဆုက အနည်းငယ် ကြောက်တတ်ကြသူများဖြစ်ကြ၏။

ထို့ကြောင့် အိပ်ခါနီးလျှင် နွယ်နီသည် ပြတင်းမှန်များအား စောင်ဖြင့်ကာထား၏။
မှန်ပြတင်းတံခါးသည် ခန်းဆီးတပ်ဆင်ထားခြင်းမရှိသဖြင့် ဆယ်နာရ္ီ အခန်းမီးများပိတ်ချိန်၌ အဆောင်ရှေ့စင်္ကြ့န်လမ်းမှမီးဖြင့် အပြင်ဘက္မြင်ကွင်းအား ကောင်းစွာမြင်နေရကာ ထိုမီး၏ အလင်းရောင်သည် နွယ်နီ၏ ကုတင်နေရာ၌ အတော်ပင် လင်းလျက်ရှိသောကြောင့်လည်းဖြစ်၏။

နန်းတို့လေးယောက်လုံးသည် စောစောအိပ်တတ်ကြ၏။

နွယ်နီသည် ခေါင်းအုံးပေါ်မှောက်ကာ အိပ်နေစဉ်

” ရှပ် ရှပ် ရှပ် ”

ခြေသံကြောင့် သူလည်းနိုးလာ၏။

” ဟင် ခြေသံက ငါ့ခြေရင်းကပါလား ”

နွယ်နီလဲ ဘေးမှသူငယ်ချင်းများအား ကြည့်လိုက်ရာ သုံးယောက်လုံး သူတို့၏ ကုတင်အသီးသီး၌ အိမ်ပျော်နေကြပြီဖြစ်၏။

” ဟင် သူတို့တွေလဲ ရှိနေကြတယ်၊ ဘုရားရေ အခန်းထဲက နောက်တစ်ယောက်က ဘယ်သူများလဲ ”

နွယ်နီလဲ သူ့ခြေရင်းမှ ခြေသံရှင်အား လှည့်မကြည့်ရဲပေ။

” ဟင် ခြေသံက ငြိမ်သွားပါလား …သူ သူ ငါ့ကိုရပ်ကြည့်နေတာ နေမှာ”

နွယ်နီ၏ နားထဲ၌ အသက်ရှုသံပြင်းပြင်းအားကြားနေရ၏။
ထိုအသံသည် လူတစ်ဦးတစ်ယောက် အမောဖောက်နေသံနှင့်တူလှ၏။

” ဟင်း ”

ရင်ခေါင်းသံကြီးဖြင့် သက်္မချသံကြီးက တိတ်ဆိတ်နေမှုများကြားမှ ခြောက်ခြားစွာ ထွက်ပေါ်လာသည်။

နွယ်နီ၏ တစ်ကိုယ်လုံး တုန်ရင်ကာ ချွေးစေးများဖြင့်ရွှဲနစ်နေလေပြီ။

” ရှပ် ရှပ် ”

ခြေသံက တစ်လှမ်းချင်း သူနှင့်နန်း၏ ကုတင်ကြားထဲသို့ လှမ်းလာလေသည်။

” ဂျွတ် ”

သူ၏ ကုတင်ပေါ်သို့ တစ်ဦးတစ်ယောက်က ထိုင်လိုက်သဖြင့် ဂျွတ်ခနဲပင်မြည်သွား၏။
သူလဲ မှောက်အိပ်နေရာမှ မလှုပ်ရဲ။
ထိုအချိန်၌ ပတ်၀န်းကျင်တစ်ခုလုံး၌ အပ်ကျသံပင်ကြားရမတတ် တိတ်ဆိတ်နေ‌သည်မှာ မိမိ၏ နှလုံးခုန်သံအား မိမိပင်ပြန်ကြားနေရ၏။

” ဟင်း ”

သက္မချသံကြီးက ဒုတိယအကြိမ်ထွက်ပေါ်လာပြန်သည်။
ထိုသူ၏ မှီထိုင်နေမှုက သူ၏ခြင်ထောင်တစ်ဘက်ပင် တင်းကာ ပြတ်ကျမတတ်ဖြစ်နေ၏။

သူလည်း ဘယ်သူလဲ ဟူသော သိလိုမှုဖြင့် ထိုသူအား ကြည့်လိုက်ရာ

ဆံပင်ဂုတ်ဝဲ ၊ မျက်နှာကဖြူဆုတ်ကာ ခရမ်းရောင်နှုတ်ခမ်းဖြင့်ပြုံးလျက် ဖြူသောမျက်စံဖြင့် သူ့အား ခေါင်းကြီးစောင်းကာ ကြည့်နေသော အမျိုးသမီးငယ်တစ်ဦး ။

” အားးးး”

” အမယ်လေး ”

တိတ်ဆိတ်သော ည၌ ကျယ်လောင်သော အော်သံကြောင့် နန်းတို့အားလုံးလန့်သွားကြ၏။

” ဟင် နွယ်နီ ဘာ ဘာဖြစ်တာလဲ ”

ထိုအချိန်၌ ဆုသည်လဲ အိမ်သာသို့ သွားလိုသဖြင့် အိပ်နေရာမှ လန့်နိုးလာကာ နွယ်နီအား လိုက်ကူခိုင်းမည်ဟုတွေးလျက် နွယ်နီ့ထံအလာ နွယ်နီ၏ ကြောက်လန့်တကြားအော်သံကြောင့် ဆုသည်လည်း လွန်စွာလန့်သွားလေသည်။

နန်းသည်လည်း အခန်းမီးအားပြေးဖွင့်လိုက်၏။
မအေးသည် နွယ်နီအား တိုက်ရန်ရေအား အပြေးအလွှားခပ်လေသည်။

နွယ်နီသည် ကတုန်ကရင်ဖြင့် မျက်ရည်များပင်ကျနေရှာသည်။
သူ၏ တွေ့မြင်ရမှုအား ပြောပြသဖြင့် နန်းတို့လည်း ကြက်သည်းများပင်ထသွားကြ၏။

” အဟင့် ဟင့် နွယ်နီတော့ ဒီကုတင်မှ မအိပ်ရဲတော့ဘူး ‘

” ဆုလဲ မအိပ်ရဲဘူး ကြောက်တယ်”

” မအေးက namaz ဖတ်ရမှာမို့ ဒီဘက်ထောင့်ကုတင်လေးက အဆင်ပြေတယ် ”

” အင်းပါ နန်း ..နွယ်နီနဲ့ နေရာချင်း ချိန်းပေးမယ်နော်၊ နန်းက သရဲ မကြောက်တတ်ဘူး နွယ်နီ ၊ စိတ်အေးအေးထားပါ ၊ ကဲ လာ ခုပဲ ကုတင်ချင်း ချိန်းရအောင် ”

ထိုနေ့ညတွင်းချင်းပင် နန်းနှင့် နွယ်နီတို့သည် နေရာချင်းလဲကာ အိပ်လိုက်ကြလေသည်။

နန်းသည် နွယ်နီနေခဲ့သော ကုတင်ထက်၌ လဲလျောင်း နေရင်း တစ်ချိန်က ဤကုတင်၌ နေသွားခဲ့ဖူးသော သင်တန်းသူတစ်ဦးသည် အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားရင်း ဤ ကုတင်အား စွဲလမ်းပုံရ၏။
ထို့ကြောင့် လိပ်ပြာလှသောနွယ်နီက ထိုသူ၏ဝိညာဉ်အား တွေ့ခဲ့ရခြင်း ဖြစ်မည်ဟု ထင်နေမိ၏။

တစ်ကယ်လို့ ထိုသူသာ ငါ့ဆီရောက်လာရင် ဟူသောအတွေးက ကြီးစိုးလာသည်မို့ “အင်းပေါ့ လာမည့်ဘေး ပြေးတွေ့ရုံပေါ့လေ “ဟုသာ တွေးရင်း အိပ်ပျော်သွားလေတော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၃)

နန်းတို့သည် ကျောင်း၏အထှာအား မသိခဲ့ကြ၍ ဆိုင်ကယ်များအား ယူမလာမိသည်အား နောင်တရလျက်ရှိနေကြ၏။

နန်းတို့နေသော အဆောင်နှင့် စာသင်ဆောင်များသည် အတော်လေး အလှမ်းဝေးသောကြောင့်ဖြစ်၏။

သင်တန်း၌ ယခင်ပညာရေးကောလိပ် တက်ခဲ့စဉ်က ခင်မင်ခဲ့ရသော သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်မှာလည်း ပျော်စရာကောင်းလှ၏။

Assignment များရေးကြရသည်မှာလဲ လက္များ လိတ်မတတ်ပင်။
ထိုသင်တန်း၌ ပညာရေး ညီအစ်မများနှင့် အတော်လေး ခင်မင်ခဲ့ကြ၏။
အတန်းခေါင်းဆောင် ဆရာကိုခင်မောင်၀င်းသည်လည်း လွန်စွာသဘောကောင်းကာ သင်တန်းသားများအပေါ် ခေါင်းဆောင်ကောင်းတစ်ယောက် တာ၀န် ကျေပွန်လွန်းသူလဲ ဖြစ်လေသည်။

နန်းသည် သင်တန်းတက်နေရသော်လည်း သမီးနှစ်ယောက်အား မကြာခဏသတိရမိလေသည်။
နန်းတို့လေးယောက်၌ နန်းတစ်ယောက်သာလျှင် အိမ်ထောင်သည်ဖြစ်ကာ ကျန်သုံးယောက္မှာ အပျိုကြီးများမို့ အလည်အပတ်အတိုင်အဖောက်ညီကြ၏။
နန်းသည်ပင် သူတို့နှင့်အတူ ကစားကွင်းသို့ ရောက်ခဲ့သေးလေသည်။

တစ်ည ထိုတစ်ည၌ ကျန်သုံးယောက်က အိပ်နေကြပြီဖြစ်၏။
နန်းသည် Assignment များအား လက်စသတ်ကာ ရေးနေလေသည်။
Assignment အား သင်တန်းဆင်းပြီးနောက်ပိုင်းမှ အေးဆေးတင်၍ရသော်လည်း အိမ်ထောင်သည် ကလေးအမေဖြစ်သော နန်းအတွက် အိမ်သို့ပြန်ရောက်လျှင် အချိန်ပေးနိုင်မည်မဟုတ်သောကြောင့် သင်တန်းကာလ၌ပင် အပြီးရေးရန်ဆုံးဖြတ်ထားသောကြောင့်ဖြစ်လေသည်။

” အင်း တစ်ဆောင်လုံးလဲ အိမ်မောကျနေပြီလားမသိဘူး တိတ်ဆိတ်လို့ ၊ ဩ နွယ်နီတို့တောင်အိပ်ပျော်နေကြပြီ ၊ မှန်ပြတင်းပေါက်က အလင်းကြောင့် သူတို့အိပ်မရတော့ပဲ နေမယ်၊ ငါ မှန်ကို စောင်ကာလိုက်တော့မယ် ”

နန်းလဲ သူ့ကုတင်ဘေးမှ မှန်ပြတင်းအား စောင်နှင့်ကာလိုက်၏။
ထို့နောက် ခြင်ထောင်ကြိုးများသွယ်နေစဉ်

” ရှပ် …ရှပ် …ရှပ် ”

အပြင်စင်္ကြ့ဘက္မှ ခပ်လေးလေး ခြေသံတစ်ခုအားကြားလိုက်ရ၏။
ခြေသံအရ အသက်ကြီးသော ဆရာမကြီး တစ်ဦးဦးဖြစ်မည်ဟုထင်မိ၏။
ထိုခြေသံပိုင်ရှင်သည် နန်းတို့အခန်းရှေ့မှ ဖြတ်ကျော်ကာ အိမ်သာဘက်သို့ သွားခြင်းဖြစ်သည်။

ကြည့်ရသည်မှာ A ,B, C အခန်းတစ်ခုခုမှ ဆရာမကြီးတစ်ဦးက အိမ်သာသွားခြင်း ဖြစ်ပေမည်။

” အင်း…ငါလဲ အဖော်ရှိတုန်း အိမ်သာသွားမှ ”

နန်းလဲ အိပ်ရာအားပြင်ပြီးနောက် အိမ်သာဘက်သို့ ခပ်သွက်သွက် ထွက်လာ၏။
ပုံမှန်အားဖြင့် အိမ်သာခန်းများအားလုံးသည် လူမရှိလျှင်ပွင့်နေတတ်သည်။
နန်းအိမ်သာအားကြည့်လိုက်ရာ အရှေ့ဘက်ဆုံးအခန်းသည် ပိတ်နေလေသည်။

နန်းလဲ ရေအိမ်ထဲ၀င်နေစဉ် ရှေ့ဆုံးခန်းအိမ်သာတံခါးသည် ပွင့်သွားကာ အစောလေးတင် ကြားရသော ခြေလှမ်းမျိုးဖြင့် နန်းရှိနေသော ရေအိမ်အခန်းအားဖြတ်ကျော်ကာ ရေချိုးခန်းအုတ်ကန်ကြီးဘက်ထွက်သွားလေသည်။

နန်းလဲ ရေအိမ်ထဲမှ ထွက်ကာ အုတ်ကန်ကြီးဘက် လက်ဆေးရန်ထွက်လာရာ ထိုနေရာ၌ မည်သူတစ်ဦးတစ်ယောက်္မျှ ရှိ‌မနေပေ။

” ဟင် ခုလေးတင် ထွက်သွားတဲ့ ဆရာမကြီးက ဘယ်ရောက်သွားပါလိမ့် ၊ ငါသေချာကို ကြားလိုက်တာပါ ခြေသံကဒီဘက်ကို ထွက်လာတာ၊ သူ့ခြေသံအရ သူဒီမှာပဲ ရှိရမှာ ”

နန်းလဲ ထိုဆရာမကြီးအား နှုတ်ဆက်ကာ အခန်းဘက်အတူတူပြန်မည်ဟုတွေးထားခါမှ မတွေ့ရသဖြင့် မကျေနပ်ပေ။
“အုတ်ကန်အနောက်ခြမ်းဘက်္မှာများလား ”

နန်းလဲ အနောက်ဘက်ခြမ်းဘက်သွားကာ အုတ်ကန်ဘေးဘက်ချောင်းကြည့်သော်လည်း မည်သူမျှမရှိပေ။
ရေချိုးကန်ကြီး၌ နန်းတစ်ယောက်သာ ရှိနေလေသည်။

ထိုအချိန်၌ ရေချိုးးကန်ထောင့်ဘက်္မီးသီးသည် ရုတ်တရက္မှိန်သွားကာ အိမ်မြှောင်တစ်ကောင်သည်လည်း ရုတ်တရက် စုတ်ထိုးလိုက်၏။
ထိုအချိန်၌ နန်း၏ တစ်ကိုယ်လုံးသည် ကြက်သည်းဖုများထလာလေသည်။

ထိုအခါမှ နန်းလဲ မပြေးရုံတမည် အခန်းဘက်သို့ ပြန်လာခဲ့လေသည်။
စင်္ကြန်လမ်း၌ နန်း၏‌ေနာက်‌ကျောအား တစ်ယောက်ယောက်က ရေချိုးခန်းအကွေ့တစ်နေရာမှ ချောင်းကြည့်နေသည်ဟုလည်းခံစားလိုက်ရ၏။

နန်းလဲ အခန်းထဲ၀င်ကာ တံခါးအားအမြန်ပိတ်လိုက်၏။
ထို့နောက် ဘုရား၀တ်ပြုကာ အိပ်ရာ၀င်ခဲ့လေတော့သည်။
ထိုနေ့ညက နန်းတစ်ယောက် အတော်လေးညဉ့်နက်္မှ အိပ်ပျော်သွားခဲ့လေသည်။
သို့သော် နန်းအိပ်ပျော်သွားသည်အထိ ထိုခြေသံပိုင်ရှင်သည် ရေအိမ်ဘက်္မှ ပြန်လာခဲ့ခြင်း မရှိပါချေ။

ဒုတိယအသုတ် သင်တန်းပြန်တက်သောအခါ နန်း၏ သမီးနှစ်ယောက်ပါ လိုက်ခဲ့သဖြင့် အတွင်းဆောင်၌ မနေဖြစ်တော့ပဲ အပြင်ဆောင်၌သာ အခန်းပြတ်ငှားနေဖြစ်ခဲ့လေတော့သည်။

နန်းတစ်ယောက် ” စစ်ကိုင်းပညာရေးတက္ကသိုလ်” ဟူသည့်အကြာင်းများအား‌ ကြားလေတိုင်း နန်းကြံုခဲ့ရဖူးသော ခပ်လေးလေးခြေသံပိုင်ရှင်အကြောင်းအား ယနေ့တိုင် တွေးမိနေဆဲပင် ဖြစ်လေသတည်း။

လေးစားလျက်
စာရေးသူ နန်းကြာညို