*ကျောက်ဘီလူးဖုန်းဆိုးမြေ*အစ/အဆုံး
******************************************
—————————————
အခန်း( တစ် )
မိုးဦးကကျနေပြီမို့ တနေကုန်မနက်မိုးလင်းထဲက မိုးတွေက စွေပြီးရွာနေသည်။
မလုံမလဲ ဓနိပစ်များကြားမှ မိုးစက်မိုးပေါက်များက
မြအောင် တို့တဲအတွင်းစိုရွှဲနစ်နေလေပြီ။
မြအောင် မိန်းမ သန်းခင် နှင့် ခလေးတသိုက်ကတော့ အနည်းငယ်မိုးလုံအောင်ဖာထေးထားသော
အမိုးနေရာလေးအောက်မှာ အိပ်စက်၍နေကြလေပြီ။
မြအောင် ဆေးလိပ်မီးကို ရဲနေအောင်ဖွာရှိုက်ပစ်လိုက်သည်။
ဆေးပေါ့လိပ်မှာ အတော်လေးကိုတိုရှာနေလေပြီ။
ဒီတစ်တိုကိုကုန်ရင် ထပ်သောက်စရာပင်
ဆေးလိပ်မရှိတော့ပေ။
လွတ်လပ်ရေးရပြီးကာစ ဆိုပေမယ့်
အခြေခံလူတန်းစားနင်းပြားတွေ၏ဘဝက
မတောင်သာပေ။
လယ်ပိုင် ယာပိုင် သမားတွေအဖို့က အဆင်ပြေပေမယ့် သူများဆီမှာ လယ်ခစားနဲ့လုပ်ရတဲ့ မြအောင်တို့အဖို့ အဆင်မပြေလှပေ။
မနှစ်က သန်းခင် ကလေးမီးဖွားပြီး ကျန်းမာရေးမကောင်းဖြစ်ခဲ့သည်။
ဗိုက်ကြီးနဲ့တုန်းကလည်း ကောက်စိုက်ပျိုးနူတ်မဆင်းနိူင်ခဲ့သလို မွေးဖွားပြီးချိန်ကျတော့လည်း
တရှောင်ရှောင်ဖြစ်နေ၍ ခလေးငါးယောက်နှင့်
မြအောင်တို့မိသားစု ကြပ်တည်းရလေပြီ။
သန်းခင် သာကျန်းမာရေးကောင်းနေလျှင်
ထိုမျှလောက် ဒုက္ခမရောက်။
သန်းခင်က လည်လည်ဝယ်ဝယ်ရှိပြီး
စျေးလေးဘာလေးရောင်းချတတ်သူပါ။
ငါးယောက်မြောက်ကိုယ်ဝန်မှာ သန်းခင်လည်း
အသက်က လေးဆယ်နားကပ်နေ၍ ချုလျုချာချာ
ဖြစ်လာခဲ့ရသည်။
အရင်နှစ်တွေကဆို ဆန်ပုတ်ထဲမှာ ဆန်က
အနည်းဆုံး တင်းနှစ်ဆယ်ခန့်ရှိသည်။
ဒီနှစ်တော့ ဝမ်းစာစပါးလည်းမရှိသလို ဆပ်ရမည့်
အကြွေးတွေက မနည်းမနောပေ။
အကြွေးထူလျှင် ရှင်ဘုရင်ဆပ်ဆိုသည့်စကားရှိသည်မို့ အကြွေးအတွက်က ခဏဘေးဖယ်ထားပြီး
လောလောလတ်လတ် စားဝတ်နေရေးအတွက်
မြအောင် အကြံအိုက်နေရလေပြီ။
“”ဟူး””
ကုန်သွားပြီဖြစ်သည့် ဆေးလိပ်တိုကိုပြာခွက်ထဲထည့်၍ လေပူကြီးတစ်ချက်မူတ်ထုတ်လိုက်ပါသည်။
ထိုစဥှ….
“”ကိုမြအောင်…ရှင်မအိပ်ဘူးလား””
“”အိပ်မပျော်ဘူး မိသန်းခင်
အိမ်မှာကစားစရာလည်းမရှိ၊ လယ်ရှင်တွေကလည်း
ကူလီခကို အရမ်းနှိမ့်ကြတော့
သူများလယ်မှာလည်းငါမလုပ်ချင်ဘူး။
ငါဘာသာငါ ကိုယ့်ပိုင်လယ်လုပ်ချင်တယ်ဟာ””
“”လယ်ပိုင်မှ မရှိပဲ လယ်ကူလီမလုပ်လို့
တော်က ဘာလုပ်ချင်လို့လဲ””
သန်းခင်နှင့် စကားထိုင်ပြောနေရင်း
မျက်စိထဲမှာ သချိုင်းကုန်းနားက ပစ်ထားသော
ဖုန်းဆိုးမြေအလူးလူးနှင့် လယ်ကွက်ကြီးကို မြင်ယောင်လာပါသည်။
လယ်ရှင်မှာ ရွာလယ်မှ လယ်ပိုင်ရှင် ဦးပေါက်စ
ဖြစ်သည်။
ကွင်းလှရွာမှာ ဦးပေါက်စပိုင်သောလယ်မြေက
ထက်ဝက်ခန့်ရှိသည်။
ထိုလယ်ကွက်ကိုတော့ ဦးပေါက်စ မလုပ်ပေ။
လုပ်မည့်သူလည်းမရှိသလို အရဲစွန့်ပြီး
လုပ်မည်ဟုဦးပေါက်စ ရည်ရွယ်လိုက်တိုင်း
အိမ်သားတစ်ဦး ဦး ဘေးတွေ့တတ်သည်။
လယ်အငှားယူသူရှိ၍ နှစ်ဦးသုံးဦးယူဘူးသည်။
လယ်လုပ်ဖို့နေ နေသာသာ အန္တရာယ် တစ်ခုမဟုတ်
တစ်ခုဖြစ်တတ်သလို အသက်သေဆုံးသည့်အထိ
ဘေးတွေ့ခဲ့ကြပြန်သည်။
လယ်ကွက်ကြီးတွင် စိတ်ဖလူးပင်ကြီးတပင်ရှိပြီး
ထိုအပင်ကြီး၏ အနီးတွင် အနည်းငယ်မို့မောက်နေသော မြေဂမု တခုရှိသည်။
ထိုဂမုကြီးမှ ညဘက်များတွင်
အပုတ်နံများထွက်ခြင်း၊ ညည်းသံများကြားရခြင်း
မြွေအော်သံကဲ့သို့သော အသံများကြားရခြင်းတို့
သတင်းထွက်နေပြီး နောက်ဆုံးတွင်
ထိုလယ်ကွက်ကြီးမှာ အနှစ်နှစ်အလလ ပစ်ထားခြင်းခံရသော မြေဆိုးမြေကြမ်းကြီးဖြစ်နေခဲ့လေသည်။
ထိုလယ်ကွက်ကြီးမှာ ဆယ်ဧကခန့်အထိကျယ်ဝန်းပါသည်။
ထိုလယ်ကွက်ကြီးကို မြအောင် လုပ်ခွင့်ရလျှင်
အတော်လေးအဆင်ပြေမည်ဟုတွေးလိုက်မိသည်။
“”မိသန်းခင်…ငါမနက်ကျရင် ဦးပေါက်စဆီ
လယ်အငှားသွားတောင်းမယ်။
ဆိတ်ဖလူးပင်ကြီးရှိတဲ့ လယ်ကွက်ကြီးကို
ငါ လုပ်မယ်ဟာ
နင်သိမ်းထားတဲ့ နားကပ်လေး ထုတ်ပေး
မြို့တက်ပြီးအပြတ်ရောင်းမယ်။
လိုတာထပ်ချေးပြီး လယ်လုပ်မယ်ဟာ””
“”ကိုမြအောင်ရယ်..ရှင်ရူးနေလား…
နားကပ်ရောင်းချင်သပဆိုလည်း ရောင်း
လယ်လုပ်ချင်လည်းလုပ်ပါတော်
ဘယ်နှယ့် ဆိတ်ဖလူးပင်ကြီးရှိတဲ့ သချိုင်းကုန်းနားကလယ်ကိုမှ တော်က လုပ်ချင်ရတာတုံး
ကိုရင်သာလှ အဲ့ လယ်ကို လုပ်မယ်ပဲကြံသေး
ပိုးထိသေတာ ရှင်မသိတာမှတ်လို့တော်””
“”ငါမသိလို့မဟုတ်ဘူး သိတယ် မိသန်းခင်
မွဲလွန်းတဲ့ ငါ့ဇာတာ ကို ငါရွှဲ့ချင်တာ။
မနက်ကျဦးပေါက်စ ဆီလယ်အငှားသွားတောင်းမယ်။
သေသေရှင်ရှင် အဲ့ လယ်ကွက်ပဲ ငါလုပ်မယ်။
နင်တို့က ဒီမှာပဲနေကြပေါ့။
ငါကတော့ ဟိုမှာတဲထိုးပြီးနေမယ်။
အကယ်၍များ..ငါသေသွားရင် ခလေးငါးယောက်နဲ့
နောက်လင်သာယူဟာ””
“”တော်….ပေါက်ကရ ယူစရာလား””
“”ဟား….ဟား…ဟား””
သန်းခင်အပြောကြောင့် မြအောင်အူလိူက်သဲလိူက်
ရယ်မောလိုက်ပါသည်။
ဟုတ်တယ်….သေမထူးနေမထူး
ဆိတ်ဖလူး လယ်ကွက်ကို ငါလုပ်မယ်။
#################
.အခန်း ( နှစ် )
မနက်မိုးလင်းသောအခါ မြအောင်လယ်ပိုင်ရှင်
ဦးပေါက်စထံသို့သွား၍ ဆိတ်ဖလူးပင်နှင့်တောင်မို့ကြီးရှိရာမြေကွက်ကို လယ်အငှားတောင်းလိုက်လေတော့သည်။
မြအောင်၏စကားကြောင့်ဦးပေါက်စမှာ
တဟားဟားရယ်လေတော့သည်။
“”မြအောင် ရာ စီးပွားရေးမကောင်းလို့သေချင်တယ်ဆိုလည်း ရိုးရိုးသေစမ်းပါကွာ။
သရဲသတ်လို့သေရတာ အဆင်မပြေလှပါဘူး။
အဲ့လယ်ကို လုပ်မယ်လို့ ရည်ရွယ်လိုက်တာနဲ့
ငါ့အိမ်မှာ တစ်ယောက်မဟုတ်တယောက်
ဘေးဥပဒ်တွေဖြစ်ကြရတာ။
နောက်ဆို သေဖို့ပဲကျန်တော့တယ်။
မလုပ်ချင်စမ်းပါနဲ့ကွာ။
တောင်ပိုင်းက လယ်တစ်ကွက်ရှိသေးတယ်။
အဲလယ်ကိုလုပ်ချင်သပဆို လုပ်စမ်းပါကွာ””
မြအောင် ခေါင်းခါလိုက်သည်။
ဘာကြောင့်မှန်းမသိ မြအောင် ဆိတ်ဖလူးပင်ကြီးရှိရာလယ်ကွက်ကိုသာလုပ်ချင်သည့်အာသီသကပြင်းပြနေသည်။
သေချင်လို့များ..ကိုယ့်သေတွင်း ကိုယ့်ရှာတာလားလို့
တွေးမိသေးသည်။
သေသွားလည်း…အေးပါတယ်။
လူရယ်လို့ဖြစ်လာကတည်းက တခါဘူးကယ်မှ
ပြေပြေလည်လည်မရှိခဲ့ပေ။
အိမ်ထောင်ကျတော့လည်း မိသန်းခင်က မွေးလိုက်သည့်ခလေးတွေ။
ဒါတောင် ပျက်ကျသွားတာတွေ၊အသေမွေးတာတွေရှိသေးသည်။
မိသန်းခင် ကိုချည်းအပြစ်လည်းပြောမရပေ။
ခလေးမလိုချင်ရင် လင်မယားအတူမနေမှရမည့်ခေတ်လေ။
တခါတရံအရပ်လက်သည်က ခလေးဝေးအောင်ဆိုပြီး သားအိမ်အကြောကို နှိပ်နယ်ပေး၍အကြောတင်ပေးလေမှ ခလေးဝေးကြခြင်းဖြစ်သည်။
မိသန်းခင်ကတော့ ဘယ်အကြောကိုနှိပ် နှိပ် ၊
မရသည့်လူတန်းစားထဲမှာပါနေပါသည်။
အလုပ်အကိုင်ကရှားပါး ခလေးတွေကများ။
ကြာတော့သေလည်းအေးရော ဆိုသည့်စိတ်ပင်ဖြစ်လာမိပါတော့သည်။
“”ဦးပေါက်စရယ်..ကျုပ်ကိုယ်ကျုပ် သေလူလို့သဘောထားပြီးပြီဗျာ
ခင်ဗျားပေးလုပ်မှာလား၊ မပေးလုပ်ဘူးလား
ဒါပဲပြော””
ဦးပေါက်စ ခေတ္တမျှစဥ်းစားခန်းဝင်လိုက်သေးသည်။
ပြီးမှ သက်ပြင်းရှည်ကြီးကိုချကာ
“”မြအောင်…မင်းလုပ်ချင်တာနော်
ငါခိုင်းတာမဟုတ်ဘူး။သိတ်လုပ်ချင်တယ်ဆိုရင်လုပ်ကွာ။
တစ်နှစ်အလကားလုပ်၊ တပြားမှလည်းမပေးနဲ့။
စပါးလည်းမပေးနဲ့ ဟုတ်ပြီလား။
တကယ်လို့များမင်းသေသွားရင်တော့
ငါ့ကိုလာမခြောက်နဲ့နော့်။မင်းဘာသာမင်း
လုပ်ချင်လွန်းတာငါနဲ့မဆိုင်ဘူးနော်””
နောက်ဆုံးမှာဦးပေါက်စခွင့်ပြုချက်ဖြင့် လယ်လုပ်ခွင့်ရခဲ့လေတော့သည်။
နောက်နေ့မှာပင် ဆိတ်ဖလူးပင်ကြီးရှိရာ သင်္ချိုင်းကုန်းနားရှိလယ်ကွက်ကြီးကို စတင်၍
သမန်းပင်များ၊ မြက်ပင်ရှည်များ၊ တောဝင်နေသောအပင်များကိုရှင်းလင်းခြင်းအမူ့ပြုပါတော့သည်။
အိမ်ကထဲက တနေလုံးစားသောက်နိူင်ရန် ထမင်းဟင်း၊ သောက်စရာရေဘူး၊ ကွမ်းဆေးလိပ်တို့ကို
ယူဆောင်သွားပါတော့သည်။
###################
လယ်ကွက်ကြီးမှာ ရွာစွန်တွင်လည်းဖြစ်ပြန်၊
သင်္ချိုင်းမြေနှင့်လည်းဆက်စပ်နေသောကြောင့်
နေ့ခင်းနေ့လည်၌ပင် လူခြေတိတ်နေပြီး၊
အနည်းငယ်ခြောက်ချားစရာကောင်းနေပါသည်။
ခပ်လှမ်းလှမ်းမှ နွားကျောင်း၊ ဆိတ်ကျောင်းနေသော
ရွာထဲမှ လူငယ်အချို့က မြအောင်ကို အံသြသလိုလှမ်းကြည့်နေကြပါသည်။
“”ဗျို့..ကိုမြအောင်….မကြောက်မရွံဗျာ””
“”ဦးမြအောင်ရေ ဘုရားတရားကိုများများသာလုပ်နော်””
ဟူ၍စနောက်သွားကြပြီး မြအောင်မှ လက်ရပ်ခေါ်သည်ကိုပင် မလာဝံကြပဲ ခပ်ဝေးဝေးသို့ပြေးကုန်ကြပါသည်။
နေကလည်းပူ လယ်ကွက်ကြီးတစ်ခုလုံးကလည်း
တကယ့်ကို ဖုန်းဆိုးမြေကြီးဖြစ်နေ၍
လယ်ရှင်းရသည်မှာအလွန်ပင်ပန်းလှသည်။
နေ့လည် ၌ အရိပ်အာဝါသရှိသောဆိတ်ဖလူးပင်ကြီးအနီး၌ပင် ထမင်းထုတ်ကိုဖြည်၍ ဆာဆာလောင်လောင်နှင့် စားပစ်လိုက်ပါသည်။
စားသောက်ပြီးသောအခါ အသင့်ပါလာသော
အရက်ပုလင်းကိုထုတ်၍ အနည်းငယ်မော့သောက်လိုက်သည်။
အိမ်လုပ်ငပိကောင်ကို ငရုတ်သီးစိမ်းနှင့် ဆီပါရုံလေးထည့်ကြော်ထားသော ငပိဟင်းမှာ
ဗိုက်ကိုအဆီရစ်စေပြီး လူကိုငိုက်မြည်းလာစေပါသည်။
လူခြေက တိတ်နေပြီး ဟိုးဘက်ခပ်လှမ်းလှမ်းမှာ
အုတ်ဂူဖြုဖြုများကိုမြင်နေရသည်။
ကြည့်ဖွယ်ရာမကောင်းသောရှုခင်းအချို့ကိုကြည့်လိုက် အရက်ကလေးအနည်းငယ်သောက်လိုက်နှင့်
အပင်ကြီးအောက်၌ အိပ်ပျော်၍သွားပါတော့သည်။
မှေးကနဲ အိပ်ပျော်သွားစဥ်
“”ဟေ့ရောင်:…မင်းချည်းပဲ မသောက်နဲ့လေကွာ
ငါလည်းသောက်ချင်တယ်။
ငါလည်းစားခထင်တယ်ကွ။
ငါလေ အဖော်မရှိလို့ ပျင်းနေတာကြာပြီကွာ။
မင်းနဲ့ငါ သူငယ်ချင်းလုပ်ရအောင်””
စကားသံတို့သည် နားထဲတွင် အသေအချာကြားနေရပါသည်။
အိပ်မက်ဟုပင်မထင်ရပဲ။
အနားနားမှာလာထိုင်ပြီးပြောနေသလို ကြားနေရခြင်းဖြစ်ပါတော့သည်။
#################
အခန်း…(သုံး)
“”ဟေ့ရောင် ထပါဦးကွ
ငါ မင်းနဲ့သူငယ်ချင်းဖြစ်ချင်လို့ပါ””
အသံကြီးက လူသားတစ်ဦး၏အသံမျိုးမဟုတ်ပဲ
လှိုဏ်သံလိုလို၊ သတ္တုသံလိုလို မျိုးကြီးဖြစ်သည်။
ပင်ပန်းမှု့အရှိန်ကြောင့် ခဏဆိုပြီး မြအောင်အိပ်လိုက်ပေမယ့် နိူးလာတော့့ ညနေပင်အတော်စောင်းနေပြီဖြစ်ပြီး တိမ်တွေပင် အညိုရောင်သန်းနေခဲ့ပါပြီ။
လူက အိပ်ချင်မူးတူးဖြစ်ပြီး ခုနကကြားလိုက်ရသည့် စကားသံပေါ်ထွက်လာရာသို့လိုက်ရှာမိခဲ့ပါသည်။
အသေအချာကိုကြားလိုက်တာပါ။
အနားမှာ ဘယ်သူမှလည်းရှိမနေပေ။
ခဏဆိုပြီး အိပ်လိုက်မိကာမှ နေဝင်ရီတရောကြီးရောက်သွားသည့်မိမိ၏အဖြစ်ကို အံသြနေမိသည်။
“”ငါ..ဒီမှာပါ
ဘယ်တွေလိုက်ကြည့်နေတာလဲ
ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်။
ဖြစ်လို့ရမှာလား…မရဘူးလား ပြော
သူငယ်ချင်းဖြစ်လို့မရရင်တော့ ရန်သူပဲဖစ်ကြတာကောင်းမယ်ထင်တယ်။
ရန်သူဖြစ်ရင်တော့ မင်းကို ငါကသတ်မှာ
ဟား….ဟား….ဟား…””
အသံနက်ကြီးမှာ ဆိတ်ဖလူးပင်ကြီးနားရှိတောင်ဂမုကြီးမှာလာနေခြင်းဖြစ်သည်။
မြအောင်မှာ ရင်တွေတလှပ်လှပ်ဖြစ်နေသည့်အလား
ကတုန်ကရင်ဖြစ်ပြီးကြောက်လန့်နေမိသည်။
သို့ပေမယ့်..ဒီလယ်ကိုလာရင် ဒီလို အနိဋ္ဌာရုံတွေမြင်ရကြားရမယ်ဆိုတာတွက်ပြီးသားပါ။
မိမိကိုယ့်မိမိတောင် သေလူလို့သဘောထားခဲ့ပြီးလေမှပဲ ကြောက်တတ်ရင်နှစ်ခါသေရသည်။
ဒီတော့ ဟန်ကိုယ်ပြီး မကြောက်ချင်ယောင်ဆောင်ရမယ်လို့ တင်းပစ်လိုက်မိတယ်။
“ဘယ်ကနေ အော်ပြောနေတာလဲ
သူငယ်ချင်း လုပ်မယ်ဆိုလည်း အလုံးအထည်ပြလေဗျာ။
ကျုပ်ကလည်း ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ပါဘူး။
ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်””
“”ကျုပ်ကိုမြင်ရင်ခင်ဗျားလန့်သွားလိမ့်မယ်
ခင်ဗျားကျုပ်ရဲ့ အသွင်သဏ္ဍာန်ကို မြင်ဝံပါမလား””
တကယ်တော့ မြအောင်လည်း ငပေငတေဆိုပေမယ့်
နဖူးတွေ့ဒူးတွေ့ကြီးဆို ကြောက်တတ်ပါတယ်။
ဒါပေမယ့်…အသံရှင်ဟာ ကျုပ်ကိုဒုက္ခပေးချင်နေတဲ့ပုံမဟုတ်ဘူး။
ဒါကြောင့်..ဒီလယ်ကြီးမှာ ဆက်လုပ်နိူင်ဖို့
ကျုပ် ရေလိုက်ငါးလိုက်နေမှဖြစ်မယ်လေ။
“”ဘယ်လို အသွင်အပြင်ပဲဖြစ်ဖြစ် ကျုပ်မြအောင်နဲ့တောင်သူငယ်ချင်းဖြစ်ချင်လို့ အသင်တောင်းဆိုနေသေးတာပဲ။
ကျုပ်ကို လိပ်ပြာလွင့်အောင်ထိတော့ ကြောက်အောင်ပြမယ်မထင်ပါဘူးလေ””
မြအောင် စကားကိုချိန်ချိန်ဆဆပြောချလိုက်တယ်ဆိုရင်ပဲ တောင်ဂမုကြီးအပေါ်မှာ မီးခိုးငွေ့ခပ်မိူင်းမိူင်းကြီးတစ်လုံးဟာ ရုတ်တရက်အလုံးလိုက်ပေါ်လာပါတယ်။
“”ဟား….ဟား….ဟား..ဟား””
မီးခိုးလုံးကြီးထဲကနေ အရပ်ရှစ်ပေနီပါး
ထွားထွားကြိုင်းကြိုင်းတုတ်တုတ်ခိုင်ခိုင်နှင့်
အသားအရည်မှာ နက်ပြာရောင်နီးပါးဖြစ်၍
အမွေုးအမျှင်ထူထဲစွာသော ဘီလူးကြီးတစ်ကောင်ပေါ်လာပါသည်။
ရုတ်တရက်မြင်လိုက်ရ၍ ကျောထဲ စိမ့်ကနဲဖြစ်သွားသည့်အထိလန့်သွားသည်။
မျက်နှာကြီးမှာ မြေသားကြီးအက်ကွဲထားသကဲ့သို့
အက်ကွဲကြောင်းရာများထနေပြီး မျက်လုံးတို့မှာနီးရဲ၍ပြုးကျယ်လွန်းလှပြီး စေ့ထားသောပါးစပ်ပြဲကြီးမှာပင် အစွယ်လေးချောင်းမှာအပေါ်နှစ်ချောင်း
အောက်နှစ်ချောင်းတိုးထွက်နေပါသည်။
အဝတ်အစားမပါပဲ ကိုယ်ခန္ဓာဟာ ဗလာကျင်းနေပါသည်။
အရှက်လုံရုံနေရာလေးမှာ သရေချပ်ပြားလိုအရာတစ်ခုသာဖုံးအုပ်ထားပါသည်။
မြအောင် စိုက်ကြည့်နေစဥ်မှာပင် အခိုးအငွေ့အလုံးကြီးက တောင်ဂမုလုံးကြီးထဲ ဝင်သွားပါသည်။
နေဟာအတော်လေးကို ဝင်စပြုနေခဲ့ပါပြီ။
“”ငါ ဒီတောင်ဂမုလုံးကြီးထဲမှာနေတယ်””…….ဟု
အထဲမှအသံပေးလာပါသည်။
မြအောင်လည်း အခေါင်းပေါက်ကြီးဖြစ်နေတဲ့ဂမုပေါက်ကနေ အသံလာရာကို ဝင်လုလုဆည်းဆာအလင်းရောင်နဲ့ငုံကြည့်လိုက်တယ်။
မြင်ရပါသည်။
ထိုဂမုအပေါက်ကြီးထဲမှာ နက်ပြာရောင်ကျောက်ဘီလူးရုပ်ကြီး တစ်ခုပါ။
ကျောက်ဘီလူး ရုပ်ကြီးဆိုပေမယ့် တစ်တောင်ကျော်ကျော်ခန့်သာရှိပြီး ပုလုံးလုံးသဏ္ဍာန်ဖြစ်ပြီး
မျက်နှာမှာ ခုနကမြင်လိုက်ရသကဲ့သို့ပင် ပတ်ကြားအပ်ကြီးဖြစ်နေပြီး အစွယ်ဖွေးဖွေးများကိုမြင်လိုက်ရပါသည်။
“”သူငယ်ချင်းဖြစ်တာတော့ ဟုတ်ပါပြီ
ဘာလုပ်ပေးရမလဲ အဆွေ ကျုပ်ကလူဆင်းရဲတစ်ယောက်ပါ။
ဒါပေမယ့် မိတ်ဆွေဖြစ်ပြီမို့ တတ်နိူင်တဲ့ တောင်းဆိုမူ့ဆိုရင် လုပ်ပေးပါ့မယ်။
ပြီးတော့ဒီလယ်ကွက်ကိုဘယ်သူမှလုပ်လို့မရအောင်
အဆွေကလုပ်ထားတာဆိုရင် ကျုပ်ကိုတော့လုပ်ခွင့်ရအောင်လုပ်ပေးပါနော်””
မြအောင်စကားဆုံးတော့ ချက်ချင်းတုန့်ပြန်သံမကြားရသေးပေ။
အတန်ကြာသည့်အထိ ငြိမ်သံတိတ်ဆိတ်နေပါသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း နေရောင်မရှိတော့ပဲ
နီကျင်ကျင်ဖြစ်၍နေပါပြီ။
“”ငါ..အသားစိမ်းနဲ့ သေရည်သောက်ချင်တယ်
ငါ့ကို ကျွေးပါလားသူငယ်ချင်း””
“”ကျွေးတာကအကြောင်းမဟုတ်ဘူး။
ကျုပ်ကလူဆင်းရဲလေ။
ထမင်းငတ်တော့မှာမို့ အရဲစွန့်ပြီးဒီလယ်ကိုလုပ်ဖို့လာခဲ့တာ။
အခုလောလောဆယ် ကျုပ်သောက်နေတဲ့အရက်တပိုင်းကိုသောက်ဗျာ။
အသားစားချင်ရင်တော့ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည်စောင့်ပေးဗျာ။
ရှာကြံပြီး မရရအောင်ကျွေးမယ်
အခု အရက်ကိုအသင်ဘယ်လိုသောက်မလဲ””
“”တောင်ဂမုပေါက်ကနေ ကျုပ်ရဲ့ ကျောက်ဘီလူးရုပ်ပါးစပ်ဝကိုလောင်းချလိုက်ပါ””
ပြောသည့်အတိုင်းပင်လောင်းချပေးလိုက်ပါသည်။
အတွင်းမှ “”…ဂလု…ဂလု:..ဂလု””…ဆိုသည့်မြိုချသံကြီးကိုကြားလိုက်ရပါသည်။
“”သူငယ်ချင်း…အရမ်းမှောင်နေပြီ အသင်ပြန်တော့
မပြန်ခင် ကျုပ်ရုပ်တုကြီးရဲ့ဖင်အောက်ကို ဂမုပေါက်ကနေလက်နိူက်လိုက်ပါ။
အသင်လည်းသုံးပါ။
ကျုပ်အတွက်လည်းနောက်နေ့ကစလို့
စားဖွယ်ရာနဲ့သေရည် ယူလာပေးပါ””
မြအောင် ကျောက်ဘီလူးကြီးဖင်အောက်သို့
လက်နိူက်လိုက်ရာ ရွှေဒဂ်ါးတပြားပါလာပါသည်။
ရွှေရောင်မှာ အမှောင်ထဲ၌ပင်လက်လက်ထနေပါတော့သည်။
ထိုနေ့က အတော်လေးမှောင်မှရွာထဲရှိမိမိ၏အိမ်သို့ပြန်ရောက်ခဲ့လေသည်။
ပြန်ရောက်တော့ မိသန်းခင်မှာအံသြဝမ်းသာနေပါတော့သည်။
“”တော့ ပြန်မှလာပါ့မလားလို့ရှင်
အလောင်းလိုက်ကောက်ရပြီမှတ်နေတာ””
“”တယ်…သေနာမ ဒီလောက်တောင်တွေးရသလား
ဟဲ့ မိသန်းခင် မောင်စန်းဆီမှာကြက်တစ်ကောင်နဲ့
သာကျော်ဆီမှာ အရက်သုံးလုံးသွားဝယ်ပေးစမ်း””
“”ဘယ်ပိုက်ဆံ နဲ့ ဝယ်ရမတုန်း””
“”ပျိုးဝယ်မယ့်ပိုက်ဆံထဲက ယူပြီးသွားဝယ်ချေ
ငါကအခု ဦးပေါက်စအိမ်ဘက်သွားပြီး
ဒါလေးသွားရောင်းမလို့””
ပါလာသည့်ရွှေဒဂ်ါးနှင့်အဖြစ်အပျက်အစုံကို ပြောပြလိုက်ပါတော့သည်။
မိသန်းခင်လည်း ကြောက်လန့်အံသြစွာနားထောင်ရင်းနောက်ဆုံးမှာ မိသန်းခင်ကကြက်..နှင့် အရက်သွားဝယ်ပြီး မြအောင်လည်းလယ်ရှင်အိမ်သို့
ထွက်လာခဲ့လိုက်ပါတော့သည်။
#######################
လယ်ရှင်က ရွှေဒဂ်ါးအကြောင်းကိုမမေးပါပဲ
ထိုက်သင့်၍ရသည်ဟုသာပြောပြီးစျေးဖြတ်၍မြအောင်အား ငွေသားအချို့ပေးလိုက်ပါသည်။
“”မင်းနဲ့ထိုက်လို့မင်းရတာ မြအောင်
မင်းလာရောင်းလို့သာငါဝယ်ပေးလိုက်တာ။
အယ့်..လယ်နဲ့ပတ်သက်ပြီးအမှားမခံရဲလို့ မင်းကိုလည်းမစပ်စုတော့ပါဘူး။
အစစအဆင်ပြေပါစေ မြအောင်ရာ””
ထိုနေ့ညက မြအောင်တော်တော်ညဥ့်နက်မှအိပ်ရသည်။
ကြက်ကိုအကောင်းလုံးပြုတ်ပြီးမှ ပြန်ပြီးမီးကင်နေ၍ဖြစ်သည်။
နောက်နေ့မှာ ကြက်ကင်နှင့်အရက်ကို ညနေစောင်းတိုင်း ကျောက်ဘီလူး ကြီးအားကျွေးမွေးလိုက်ပါတော့သည်။
ဖုန်းဆိုးမြေဖြစ်နေသည့်လယ်ကွက်ကြီးမှာလည်း
ငါးရက်ခြောက်ရက်အတွင်း ခုတ်ထွင်ရှင်းလင်းပြီးဖြစ်သည်။
ထွန်ရေးငင်ဖို့သာ လိုပါတော့သည်။
ထိုလယ်ကို အေးရာအေးကြောင်းထွန်ယက်နိူင်တော့မည်မို့ မြအောင်ပျော်နေမိသည်။
ရွာထဲမှ လူအများလည်း စိတ်ဝင်တစားဖြင့်အံသြနေကြလေပြီ။
ညနေစောင်းနေဝင်ချိန်တိုင်း ကျောက်ဘီလူးကြီးနှင့်
စကားတွေပြောဖြစ်သည်။
ကျောက်ဘီလူး ကြီးဖင်အောက်မှ တစ်ပတ်တစ်ခါ
ရွှေဒဂ်ါးတပြား တပြားနိူက်ယူခွင့်ရခဲ့ပါသည်။
တစ်ခုသောဘဝ၌ အကုသိုလ်ကြီးမားခြင်းနှင့်
စည်းစိမ်ဥစ္စာတို့ကို အစွဲလွန်ရာမှ သေလွန်သောအခါ
ကျောက်ဘီလူးကြီးဖြစ်ခဲ့ရကြောင်း၊
မြုပ်နှံထားသော ရွှေဒဂ်ါးများအား စောင့်ရှောက်ရကြောင်း၊
ယခုနေရာသည် ပြောင်းရွှေ့လာသောနေရာများအနက်မှ တစ်ခုသောနေရာဖြစ်ကြောင်း၊
ဤနေရာမှနေ၍ အရင်လူများအား မလာဝံ့အောင်တမျိုး၊ အသံပြု၍တမျိုး၊ အနံဆိုးဖြင့်တမျိုး
ခြောက်လှန့်ခဲ့ကြောင်း ပြောပြလေသည်။
လူတို့နှင့် နီးကပ်စွာနေ၍မရပဲ မြအောင်အပေါ်အလွန်ခင်မင်သည့်ရေစက်ကြောင့်သာ
သူငယ်ချင်းဖြစ်ခဲ့ရကြောင်းကို ပြောပြလာခဲ့သည်။
ဤသို့ပင် ကာလအတန်ကြာသောအခါ…..
လယ်သိမ်းချိန်သို့ပင်တိုင်ခဲ့လေပြီ။
စပါးခင်းကြီးမှာအခြားစပါးခင်းများထက် အစေ့အဆံကောင်းပြီး အောင်မြင်ခဲ့သည်။
ကျောက်ဘီလူး ကြီးပေးသည့်ရွှေဒဂ်ါးတို့ဖြင့်
မြအောင်တို့မိသားစုမှာ ပြေလည်လာခဲ့ပြီဖြစ်ပါတော့သည်။
“”မိသန်းခင် ကိုယ့်ပြေလည်တာလူမသိစေနဲ့
တော်ရုံမကြွားဝါနဲ့ မရှိသလိုလေးနေနော်
ကျောက်ဘီလူကြီး အကြောင်းကိုလူတွေမသိစေနဲ့ဟ
တော်ကြာသိုက်ဆရာတွေ သတင်းရသွားရင်
ငါတို့ရော..ကျောက်ဘီလူးကြီးပါအန္တရာယ်ရှိတယ်””
“”အင်းပါ…ကိုမြအောင်ရယ်
ကျုပ်ကတော့မပြောဘူး
ဒါပေမယ့်…ရွာထဲမှာလူစိမ်းတွေရှင့်အကြောင်းကို
လိုက်မေးနေတယ်တဲ့””
“”အေး..အစစသတိနဲ့နေရမယ်
နောက်ရက်ကျ မြို့တက်ပြီး ရွှေဒဂ်ါးတွေရောင်းရဦးမယ်။
ဦးပေါက်စဆီ ခဏခဏရောင်းလို့အဆင်မပြေတော့ဘူး””
များမကြာမှီ မြအောင်မြို့သို့ခဏတက်ရသည်။
ရွှေဒဂ်ါးသွားရောင်းရခြင်းပါ။
ပြန်လာသောအခါ ညနေစောင်းနေပြီဖြစ်ပါသည်။
ပြန်လာစဥ်ရွာထိပ်လောက်အရောက်မှာပင်
နားထဲ၌ အော်သံအချို့ကြားနေရသည်။
“”သူငယ်ချင်း ရေ ကယ်ပါ…ကယ်ပါ””
ကျောက်ဘီလူးကြီး၏အော်သံကိုကြားနေရသည်။
စိတ်ထဲ တမျိုးဖြစ်သွားပြီး အိမ်သို့ပင်မဝင်တော့ပဲ
လယ်ထဲသို့အသောနှင်လာလိုက်ပါတော့သည်။
လယ်ထဲသို့ရောက်သောအခါ တောင်ဂမုကြီးမှာ
ပေါက်တူးဖြင့် ဖြိုချခံထားရပြီး
အတွင်းမှကျောက်ဘီလူးရုပ်ကြီးမှာ မြေပြင်တွင် တစောင်းလဲနေပါသည်။
ကျောက်ဘီလူးကြီး ကို အပ်ချည်မျှင်တချို့ဖြင့်ချည်ထားသည်ကိုတွေ့လိုက်ရပါသည်။
“”ကျောက်ဘီလူးကြီး ဘာဖြစ်တာလဲ””
“”သူငယ်ချင်းမြအောင် ငါ့ကို သံမဏိကြိုးတွေနဲ့ချည်သွားပြီး သိုက်ဆရာတွေကဂမုထဲကရွှေဒဂ်ါးတွေအကုန်ယူသွားပြီ။
ငါ့ကိုလည်းရိုက်နှက်သွားကြတယ်။
ငါကသံမဏိကြိုးကြီးနဲ့အချည်ခံရတော့ ဘာမှပြန်မလုပ်နိူင်ဘူး””
“”ဘယ်က သံမဏိကြိုးရမှာလဲ
အပ်ချည်မျှင်လေးပါ ကျုပ်ဆွဲဖယ်ပြီးလွှင့်ပစ်ပေးမယ်””
ကျောက်ဘီလူးကိုယ်မှချည်မျှင်များကို ဆဲဲထုတ်လွှင့်ပစ်လိုက်သည်။
ချက်ချင်းဆိုသလို မီးခိုးလုံးကြီးနှင့် ကျောက်ဘီလူးကြီးပေါ်လာသည်။
“”မင်းနေခဲ့ သူငယ်ချင်း သိုက်တရာလူအုပ်နောက်ကိုငါလိုက်မယ်””
ပြောပြီးသည်နှင့်မီးခိုးလုံးကြီးရောဘီလူးကြီးပါ
ပျောက်သွားပါတော့သည်။
သိတ်မကြာခင်မှာပင် အဝေးဆီမှ
စူးစူးဝါးဝါးအသဖံနက်အချို့နှင့် ငယ်သံပါအောင်
အော်ဟစ်နေသံများ လယ်ကွက်ရှေ့မှသွေးသံတရဲရဲပြေးလွှားသံများမှာကမ္ဘာပျက်သည့်အလား
ဆူညံ၍သွားပါတော့သည်။
“”သူငယ်ချင်း ဒီရွှေဒဂ်ါးတဝက်ကို မင်းယူပါ။
စားလည်းစား လှူလည်းလှူပါ။
ငါ့အတွက်လည်းရည်စူးပြီးလှူဒါန်းပေးပါ။
ကြုံရင်ကြုံသလို အမျှပေးဝေပါ။
ဒီနေရာကနေ နောက်တနေရာကိုရွှေ့တော့မယ်။
ရောက်တဲ့အရပ်ကနေ သာဓု ခေါ်နိူင်တဲ့တနေ့
ငါလည်း ဘဝအသစ်တခုရလိမ့်မယ်
ဒီလယ်ကိုအပိုင်ဝယ်ပါ။
အမြဲတမ်း..စပါးအထွက်ကောင်းလိမ့်မယ်
ချမ်းသာတာကို လူမသိအောင်နေပါ။
မကြွားဝါပါနဲ့….
ကံမကုန်ရင် ပြန်ဆုံကြမယ်
ပြန်မဆုံခဲ့ရင်တော့ ငါကျွတ်လွတ်သွားပြီလို့မှတ်ပါ””
ထိုနေ့မှစ၍ ကျောက်ဘီလူးကြီးနှင့် ခွဲခွာခဲ့ရပါသည်။
အပိုင်ဝယ်လိုက်သောထိုလယ်ကွက်တွင် လယ်လုပ်ရင်း နှစ်ပေါင်းများစွာ တိုင်အောင်ပြန်လည်၍
မဆုံတွေ့ကြတော့သည်မှာ
မြအောင်၏ ပြုလုပ်ပေးသောကုသိုလ်ကောင်းမူ့တို့ကြောင့်သာဖြစ်ပါလိမ့်မည်။
မြအောင်မှာ မကြာခဏကျောက်ဘီလူးကြီးကို
သတိရနေမိပါတော့သည်။
ယွန်းနှင်းဆီခိုင်