” အိမ်နောက်မှာ ငါနေတယ် ” (စ-ဆုံး)

” အိမ်နောက်မှာ ငါနေတယ် ” (စ-ဆုံး)

=============================

ညနေဝင်ရီတရော်အချိန်၊ မန္တလေးမြို့၊ ၁၉လမ်း မြောက်ဘက်ရှိ၊ မလဲသာရပ်ကွက်၌ရှိသော ပျဉ်ထောင်အိမ်တစ်ခုဝယ် ။
အလုပ်က ပြန်လာသော လူပျိုကြီး ကိုအောင်သည် ၊ သူ၏ အိမ်ရှိ မီးဖိုခန်း၌ တယောက်တည်း အလုပ်ရှုပ်နေ၏။ ကိုအောင်က ညနေတိုင်း ဆေးဖြစ်ဝါးဖြစ် ဝီစကီ ၄ပက်ခန့်ကို သောက်သုံးတတ်သည်ဖြစ်ရာ၊ ယနေ့ညနေတွင် တယောက်တည်း သီးသန့် သောက်လိုသဖြင့် ဆိုင်မှာ မထိုင်ပဲ အိမ်မှာပဲ သောက်ရန်အတွက် အမြည်း စီစဉ်နေခြင်း ဖြစ်သည်။
ကိုအောင်သည် ငရုတ်သီး အစိမ်းတောင့်လေးတွေ အညှာခြွေပြီး ၊ ကြက်သွန်နီဥကို အကွင်းလိုက် ပါးပါးလှီးနေရာမှ ၊၎င်း၏ ကျောပေးနေရာ၌ ရှိသော သစ်သားစင်လေးပေါ် နောက်မလှည့်ပဲ လက်လှမ်းလိုက်သည်။
လက်က စင်ပေါ်ကို နေရာအနှံ့ လိုက်စမ်းနေ၏။သို့သော် ဘာကိုမှ မစမ်းမိ ၊ သစ်သားစင်ပေါ်က ဆင့်ကြမ်းခင်းကိုသာ စမ်းမိလေ၏။
” ဟင်! ဘယ်ရောက်သွားတာတုန်း”
ကိုအောင်ခမျာ သစ်သားစင်လေးပေါ် အသေအချာ လှည့်ကြည့်ရင်း၊ခေါင်းကို တဗျင်းဗျင်းကုတ်၏။တောင်ကြည့်မြောက်ကြည့်နဲ့ ပါးစပ်က ငြီးငြူသည်။
“ဟူး သေချာပါတယ် ၊ ခုနကမှ ငါ ဒီစင်ပေါ်တင်ခဲ့တာ ၊ အခု ဘယ်ပျောက်သွားတာပါလိမ့်နော် ”
ပါးစပ်က ထိုသို့ ရေရွတ်ရင်း ကိုအောင်တယောက် လွန်ခဲ့သော မိနစ်အနည်းငယ်က သစ်သားစင်လေးပေါ်တင်ထားခဲ့တဲ့ ငါးကြီးချဉ် အသားထုပ်ကို မီးဖိုချောင် နေရာအနှံ့ ဒေါင်းတောက်အောင် ရှာနေမိပါ၏။
သူ့စိတ်ကူးက ငါးကြီးချဉ်ကို အစိမ်းသုပ်ပြီး ဝီစကီနဲ့ မြည်းမယ်ပေါ့။ ကြက်သွန်နီဥကို အခွံခွာပြီး၊ အကွင်းလိုက် ပါးပါးလှီးနေတုန်း သူ စင်ပေါ်မှာ တင်ထားခဲ့တဲ့ ငါးကြီးချဉ်ထုပ်က စုံးစမြုပ် သွား၏။ ဘယ်ကို ခြေထောက်ပေါက် ပြေးသည်မသိ။
ဖက်စိမ်းပင် မဖြည်ရသေး။ ကြိုးတွဲလောင်းလေးနှင့် တင်ထားခဲ့ခြင်း ဖြစ်၏။သူ နောက်ကျောပေး ကြက်သွန်လှီးနေချိန် ကြောင်တကောင်များ ချီပြေးသလားလို့ တွေးလိုက်မိလေတော့၊
” တောက်! ဒါ ဟိုဘက်အိမ်က ဖြူမ လက်ချက်ပဲ နေမှာ ၊ သွားပါပြီကွာ။ ငါ့အမြည်းလေးတော့ ကုန်ပါပြီ ၊အပျိုကြီးတို့များ ကြောင်ကိုသာ မွေးပြီး ၊ အစာကျ ဝလင်အောင် မကျွေးကြဘူး ၊ တတ်လည်း တတ်နိုင်ပါ့ ”
ဒေါသတွေ အလိပ်လိုက် ထွက်သွားသည်။ ဟိုဘက်အိမ်က ဖြူမကို ရိုးစွပ်မိလေတော့ ၊ သူနှင့် သိပ်အစေးမကပ်လှသော ဖြူမရဲ့သခင် အပျိုကြီး မမြတ်နိုးကိုပါ ရောယောင် အပြစ်တင်လိုက်မိသည်။
ဟိုဘက်အိမ်က အပျိုကြီးဆိုလေတော့ ၊ ကိုအောင်လည်း ဘာထူးလဲ။ အသက်သာ ၃၀ကျော်ပြီ ၊ အခုထိ ချစ်သူရည်းစားဟူ၍ မည်ကာမတ္တတောင် မရှိသေး။
မမြတ်နိုးကတော့ အသက်၂၅နှစ်ခန့် ရှိပြီ ဖြစ်ပြီး ၊ အမေတခု သမီးတခု ဘဝဖြင့် ဖုန်းရုံးတခုတွင် အလုပ်လုပ်လေ၏။ ရည်းစားသနာ ရှိသည်ဟူလည်း မကြားမိချေ။
ကိုအောင်တို့အိမ်နဲ့ အပျိုကြီးမမြတ်နိုးတို့အိမ်က ခပ်ကျဲကျဲ သစ်သားဝင်းထရံတခုသာ ခြားထား၏။ ထိုသစ်သားဝင်းထရံ အကြားကနေ ဖြူမသည် ကူးလာတတ်၏။
လူပျိုကြီး တကိုယ်တည်း နေသော အိမ်ဘက်သို့ ဖြူမသည် စားကျွင်းစားကျန်များ လာရောက်မွှေနှောက်တတ်လေ၏။
ကိုအောင် တပတ်စာ ဝယ်ထားတတ်သော၊ ငါးခြောက်တို့ ၊ ဝက်အူချောင်းတို့မှာ မကြာခဏ ဖြူမ လက်ချက်ဖြင့် တက်တက်ပြောင် ကုန်သွားတတ်သည်။
ကိုအောင်က မန္တလေးဇာတိ ရွာနေပြည်ထိုင်မဟုတ်။ ၎င်းဇာတိက အညာဘက်မှ ဖြစ်သည်။ လွန်ခဲ့သော တလခန့်ကမှ ဒီအရပ်ကို အလုပ်ကိစ္စနှင့် ပြောင်းလာသူ ဖြစ်သည်။ ပွဲစားမှတဆင့် အိမ်ငှားနေခြင်း ဖြစ်သည်။
အိမ်ပိုင်ရှင်မှာ အခြားသူ မဟုတ်။ကိုအောင်နှင့် အစေးမကပ်လှသော မမြတ်နိုးပင်ဖြစ်လေ၏။
မမြတ်နိုးတို့ခြံက မျက်နှာဖွင့် ပေ၄၀၊ အလျား ပေ၇၀ရှိလေ၏။ ထို့ကြောင့် မျက်နှာဖွင့် ပေ၂၀ အကန့်ခွဲကာ ၊ တထပ် ပျဉ်ထောင်အိမ်ငယ်လေး တလုံး ဆောက်လုပ်ပြီး အိမ်ငှားစားခြင်း ဖြစ်သည်။ တထပ်ပျဉ်ထောင်အိမ်လေးသည် ၉ပေခန်း လေးခန်းဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ထိုပျဉ်ထောင်အိမ်၌ အိပ်ခန်း ၂ခန်းပါရှိသည်။ထို့အပြင် အနောက်တွင် အဖီဆွဲထားသော မီးဖိုခန်းပါဝင်၏။ နေချင်စဖွယ် သပ်သပ်ရပ်ရပ် ရှိသည်။ရေလောင်းအိမ်သာကို ခြံအနောက်၌ တသီးတသန့် ဆောက်လုပ်ပေးထားသည်။ ရေလောင်းအိမ်သာနှင့်တွဲလျက်တွင် အုတ်ရေချိုးကန်တလုံး ပါရှိ၏။
မီးဖိုခန်းမှာ တံခါးမရှိ။ ကြောင်အိမ်တော့ ရှိ၏။ သို့ပေမယ့် ကိုအောင်သည် လူပျိုကြီးဖြစ်ရာ ၊ အိမ်မှုကိစ္စများ၌ မေ့မေ့လျော့လျော့ ရှိတတ်၏။ ငါးခြောက်ကို စားလောက်ရုံ ခုတ်ထစ်ပြီး ၊ မီးဖုတ်ပြီးလျင်၊ ကျန်သော ငါးခြောက်ပြားကို ကြောင်အိမ်ထဲ ပြန်မထည့်မိ။ မေ့လျော့နေတတ်သည်။ ထိုအခါ ဖြူမ လက်စာ မိတော့၏။
အခုလည်း သူ အရက်နှင့်မြည်းမည်ဟု ရည်ရွယ်ထားသော ငါးကြီးချဉ် အသားထုပ်ကို ဖြူမ လာဆွဲသွားသည်ဟုတွေးမိကာ ၊ ဒေါပွနေလေ၏။
သို့ဖြင့် ကိုအောင်သည် ဖြူမ ရှိမည်ဟု ထင်ရသော မမြတ်နိုးတို့ ခြံဘက်သို့ ပြတင်းတံခါး ဖွင့်ကာ ကြည့်လိုက်သည်။
” ဟင် ! ဖြူမက မြတ်နိုး ပေါင်ပေါ်မှာ ထိုင်နေတာပါလား ”
ကိုအောင် အံဩသွားသည်။ တဖက်ခြံထဲက ဒန်းပေါ်၌ မြတ်နိုးသည် ဖြူမကို ပေါင်ပေါ်တင်ကာ ဒန်းစီးနေသည်ကို မြင်လိုက်ရ၍ အံအားသင့်နေမိသည်။
ဒီလိုဆိုရင် ဖြူမက တရားခံ မဖြစ်နိုင်တော့ပေ။ တရားခံကား ဘယ်သူနည်း။ ကိုအောင် စဉ်းစားရခက်သွားသည်။တခြား ကြောင်တကောင်ဘဲလား။
မီးဖိုချောင်မှ ထွက်၍ ခြံအနောက်ဘက်ကို လျှောက်လာခဲ့သည်။ အိမ်သာသို့ သွားသည့် လမ်း၌ မျောတိုင်တတိုင် စိုက်၍ အုပ်ဆောင်းပါမီးသီးတလုံး ထွန်းထားသည်ဖြစ်ရာ ၊ ထင်သာမြင်သာ ရှိနေ၏။ ကိုအောင် ပတ်ဝန်းကျင်ကို စေ့ငုစွာ အကဲခတ်လိုက်သည်။
ဟော တွေ့ပါပြီ။ ရေချိုးကန်ရှိရာနှင့် မလှမ်းမကမ်း၌ နှီးကြိုး ပြေလျော့နေသော ဖက်စိမ်းတခု။
ကိုအောင် ထိုနေရာသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားပြီး၊ ဖက်စိမ်းရွက်ကို ကောက်ယူလိုက်သည်။ ဖက်စိမ်း၌ ငါးကြီးချဉ်အသားနံ့က စွဲနေသဖြင့် သူ ပျောက်သွားသော ငါးကြီးချဉ်ထုပ်မှ ဖက်စိမ်းမှန်း သိသွားလေ၏။ ဒါဆိုရင် သူခိုးသည် အနီးတဝိုက်မှာပင် ရှိနေလိမ့်ဦးမည်ဟု တွေးလိုက်မိသည်။
ကိုအောင်ရဲ့ စိတ်ထဲမှာက ကြောင်တကောင်ဟုသာ တွေးမိခြင်း ဖြစ်ရာ၊ အနီးအနားက တွေ့ရတဲ့ အလော်တော် ရိုက်ကောင်းမည့် တုတ်တချောင်းကို ကောက်ယူလိုက်၏။
” ဂျွတ် ဂျွတ် ပလပ် ပလပ် ”
ရေကန်ရဲ့အနောက်ဘက်က မြိန်ရေရှက်ရေ စားသောက်နေတဲ့အသံ ထွက်လာသည်။ ကိုအောင် တုတ်ကို ကိုင်၍ ရေကန်အနီးကို ခြေသံ မကြားရအောင် ခပ်ဖွဖွလေး နင်းပြီး၊ တိုးကပ်သွားလိုက်သည်။
” ပလပ် ပလပ် ”
အသံက နီးကပ်လေ ကျယ်လာလေပဲ။ ဒါကြောင့် ကိုအောင် တုတ်ကို မြှောက်ကိုင်ပြီး … ရေကန်အနောက်ကို လွှားခနဲ ခုန်လိုက်၏။
” ဘုတ် ”
ခြေထောက်က ရေကန်အနောက်က မြက်ဖုတ်ပေါ် ရောက်သွားသည်ဆိုတာနှင့် ကိုအောင် တုတ်ကို ရိုက်ရန် အပေါ်သို့ မြှောက်လိုက်၏။
” ဟင် … ”
သို့သော် တုတ်ကိုင်ထားသော လက်သည် လေထဲ၌ ရပ်တန့်သွား၏။ ပါးစပ်ကလည်း ဟင်ခနဲ အာမေဋိတ်သံထွက်သွားပြီး ၊ လူက မျက်လုံးပြူးသွားလေ၏။ သူ ထင်ထားသည်က ကြောင်တကောင်၊ အခုတွေ့နေရသည်က ကြောင်မဟုတ်။
ကိုအောင် မတ်တတ်ရပ်နေရာကို ကျောပေးလျက်၊ ရေကန်၏အနောက်တွင် ခပ်ငယ်ငယ် ကလေးတယောက်သည် ငုတ်တုတ် ထိုင်နေ၏။
၅နှစ်၆နှစ်ခန့်သာ ရှိမည်ဟု ခန့်မှန်းနိုင်၏။ အထက်အောက်တွဲလျက်ဂါဝန်လေးအင်္ကျီကို ဝတ်ထား၏။နဂိုက အဖြူရောင်ဟု ထင်ရသည့် ဂါဝန်အင်္ကျီမှာ အရောင်အဆင်း မပေါ်တော့။
ဖြူလျော် ညစ်နွမ်းနေလေပြီ။
ပလပ် ပလပ် ဟူသော စားသောက်နေသည့်အသံမှာ ထိုကလေးမထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဟိတ် ကလေး ၊ မင်း ဘယ်သူလဲ”
ကိုအောင်၏ အသံကြောင့် ထိုကလေးငယ်သည် သူ၏ ဦးခေါင်းကို တဖြည်းဖြည်း လှည့်လာ၏။
မည်းပုပ်နေသော ရုပ်ဆင်းအင်္ဂါ ပျက်စီးနေသည့် မျက်နှာတခု။ နီရဲနေသော မျက်လုံးအစုံ။ ငါးကြီးချဉ် အသားစများ ပလုပ်ပလောင်း စားထားသည့်အတွက် ပါးစပ်မှာ ငါးအသားစများက တိုးလို့တွဲလောင်း။ခြုံ၍ ဆိုရသော် မကောင်းဆိုးဝါး သရဲတကောင်။ ဒါ့အပြင် ထိုမကောင်းဆိုးဝါး သရဲမလေး၏ အနောက်၌ …။
” အား! ဘာကြီးလဲ ”
ကိုအောင် လေထဲ မြှောက်ကိုင်ထားတဲ့ လက်ထဲက တုတ်ကို လွှတ်ချလိုက်မိသည်။ ခေါင်းမွှေးအပါအဝင် တကိုယ်လုံးက ရှိသမျှ အမွှေးအမှင်တွေ ကြောက်ရွံစိတ်ကြောင့် ထောင်ထကုန်၏။
ထိတ်လန့်ကြောက်ရွံစိတ်က တကိုယ်လုံးကို လွှမ်းခြုံသွားပြီး ဆောက်တည်မဲ့ အော်ဟစ်လိုက်မိသည်။
” အောင်မယ်လေး! သရဲ သရဲ ”
_____________
(၂)
အသိစိတ် ပြန်ကပ်လာတော့ သူ အိပ်ရာထဲ ရောက်နေပြီ။ မျက်လုံးကို တောင်ရွေ့ မြောက်ရွေ့ ကြည့်လိုက်တော့ သူ့ဘေးနားမှာ လူတချို့ ထိုင်နေကြသည်ကို တွေ့လိုက်မှ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။
သူ့ဘေးနား ထိုင်နေသူတွေကို အသေအချာကြည့်တော့ အိမ်ရှင် ဒေါ်အမာ၊ သူ့သမီး မြတ်နိုး၊ ခေါင်ရင်းအိမ်က ကျန်းမာရေးမှုး အငြိမ်းစား ဦးစိန်မောင်၊ နောက်တယောက်က သူတို့ လမ်းထဲက ဆယ်အိမ်ခေါင်း ကိုညွန့်။
ဦးလေးစိန်မောင်က သူ၏ လက်ကောက်ဝတ်က သွေးကြောကို စမ်းကြည့်ပြီး၊
” ဘယ်လိုနေသေးလဲ ငါ့တူကြီး၊ သက်သက်သာသာ ရှိပြီလားကွဲ့၊ အင်း အခုတော့ မောင့်မှာ အဖျားလဲ မရှိပါဘူး ”
ဦးလေးစိန်မောင်က ယခင်က ကျန်းမာရေးမှုးတယောက်ဖြစ်၍ ကိုအောင် မဖျားကြောင်း အတည်ပြု၏။ ဆယ်အိမ်ခေါင်း ကိုညွန့်က …
” ငါ့ညီ အိမ်နောက်ဖေးမှာ လဲကျနေတယ်လို့ မြတ်နိုးက ဖုန်းဆက်တာနဲ့ အစ်ကိုတို့ လာကြည့်ကြတာ။
လဲကျနေတဲ့ ငါ့ညီကို အစ်ကိုနဲ့ဘကြီးစိန်တို့ပဲ တယောက်တဖက်တွဲပြီး အိမ်ထဲ ခေါ်လာကြတာ။
ဘယ်လိုဖြစ်တာလဲ၊ ချော်လဲတာလား ။ ခေါင်းကို ထိသွားသေးလား”
ကိုညွန့် ပြောမှ သူ ခေါင်းကို စမ်းကြည့်မိသည်။ခေါင်းထိပ်တည့်တည့်က အနည်းငယ် နာနေ၏။ နောက်တော့ သူ သတိရသွားသည်။ ကိုင်မြှောက်ထားတဲ့ တုတ်က ခေါင်းပေါ် တည့်တည့် လွတ်ကျသွားခဲ့သည်မဟုတ်လား။ ထိုတုတ်ကြောင့် သူ သတိလစ်သွားသည်တော့ မဟုတ်။
သရဲကို မြင်တွေ့ပြီး ကြောက်စိတ်ကြောင့် နောက်ပြန် ဆုတ်ရင်း ချော်လဲရာမှ ခေါင်းနဲ့ မြေပေါ်ကအမာခံတခုခု ထိ၍သာ သတိလစ်သွားခြင်း ဖြစ်သည်။
” ကျွန် … ကျွန်တော် အသေအချာ မြင်လိုက်တယ် …၊ ရေကန် အနောက်မှာ … ”
သူ့စကားက မဆုံးသေး၊ အိမ်ရှင်ဖြစ်သော ဒေါ်အမာနှင့် မြတ်နိုးတို့နှစ်ယောက် မျက်နှာပျက်သွားကြသည်။
ဒေါ်အမာတို့သားအမိသည် ခေါင်းရင်းအိမ်က ဦးလေးစိန်မောင်ကို အားကိုးတကြီး လှမ်းကြည့်လိုက်ကြ၏။ ဆယ်အိမ်ခေါင်း ကိုညွန့်ကတော့ သူတို့ ထိုသို့ ဖြစ်သွားသည်ကို သတိမထားမိ။ လက်ရှိ လူနာဖြစ်သော ကိုအောင် အား မေးခွန်းထုတ်လိုက်၏။
” ရေကန်နောက်မှာ ဘာဖြစ်တုန်း ငါ့ညီ ၊ ဆက်ပြောလေ ”
ဆယ်အိမ်ခေါင်း ကိုညွန့်မေးခွန်းက ကိုအောင်အား နည်းနည်းတော့ တွေဝေသွားစေ၏။ သူ ဆက် ပြောမည့်စကားကို ဆယ်အိမ်ခေါင်းရော ၊ ဒီမှာ ရှိနေသူတွေပါ ယုံပါ့မလားဟု တွေးနေခြင်း ဖြစ်သည်။ ယုံလျင်ကောင်း၏။ မယုံလျင် သူ ငပေါကြီး ဖြစ်နေလိမ့်မည်။
ဤနေရာ၌ မြတ်နိုးက ကိုအောင်၏ အခက်အခဲကို ဝင်ဖြေရှင်းပေးသွားသည်။
” ဟုတ်တယ် ၊ အဲ့ဒီ ရေကန်အနောက်က ရေပိုက်က အရင်အိမ်ငှားတွေလက်ထက်ကတည်းက ပေါက်နေတာ။ ကျွန်မလဲ ပြင်မယ် ပြင်မယ်နဲ့၊ သတိမေ့နေတာ ။
အဲ့ရေပိုက်က ရေမလုံတော့ ရေကန်ထဲ ရေဖြည့်ရင် အတော်ကြာတယ်လေ ”
မြတ်နိုး ပြောသည့်သဘောက ကိုအောင် ရေပိုက်ပြင်ရန် အသွား ချော်လဲသည်ဟု ဆိုလိုခြင်းပင်။ ဆယ်အိမ်ခေါင်း ကိုညွန့်လည်း ထိုသို့ သဘောပေါက်သွားဟန်ရှိသည်။
” ေဩာ် … ဒါဆိုလဲ အဲ့ဒီ ရေပိုက်ကို အမြန်လဲ ပေးလိုက်ပေါ့ မြတ်နိုးရယ် ၊ မတော်တဆ ခေါင်းကို ထပ်ထိရင် လူ ဒုက္ခရောက်နေပါအုံးမယ်။
ငါ့ညီကလဲ နောက်ဆို ချော်လဲတတ်တဲ့နေရာကို သတိနဲ့သွား၊ အခုလို ဖြစ်တော့ အားလုံးက စိုးရိမ်နေကြရတယ်မို့လား ။
ကဲ ဒါဖြင့် ၊ ကျွန်တော် ပြန်အုံးမယ် ဒေါ်အမာရေ၊ ဦးစိန်မောင်လဲ ရှိနေတာပဲ ၊ မသက်သာရင်တော့ ဖုန်းဆက်ပေါ့။ ကျွန်တော် သုခကာရီ လှုမှုရေးကား ခေါ်ပေးပါ့မယ် ”
ဆယ်အိမ်ခေါင်း ကိုညွန့်က ထိုသို့ ပြောဆို နုတ်ဆက်ပြီး အိမ်ထဲမှ ထွက်သွား၏။ ကျန်သော ဦးစိန်မောင်နှင့် ဒေါ်အမာတို့ သားအမိမှာ တဦးကိုတဦး ကြည့်ရင်း တစုံတရာကို ထိန်ဝှက်ထားဟန်ဖြင့် မေးဆတ် ခေါင်းငြိမ့်ပြကြသည်။ ဒါကို အကင်းပါးသော ကိုအောင်က မြင်တော့ လှဲလျောင်းနေရာမှ ချက်ချင်း ထထိုင်ကာ …
” ကျွန်တော် ရေကန်အနောက်မှာ ကောင်မလေး တယောက်ကို တွေ့ခဲ့တယ် ၊ ဒါပေမဲ့ … အဲ့ဒီကောင်မလေးက … လူမဟုတ်ဘူး ”
ဦးလေးစိန်မောင်က
” ဟေ … ”
ဒေါ်အမာနှင့် မြတ်နိုးတို့သားအမိနှစ်ယောက်က ပြိုင်တူ အသံထွက် ဘုရားတ ကြ၏။
” အို … ဘုရား ဘုရား ”
ကိုအောင်က ဒေါ်အမာတို့ သားအမိကို စိုက်ကြည့်လိုက်ပြီး …
” ဒါနဲ့ဆို သုံးလေးခါရှိပြီဗျ၊ အရင်တခါက အိမ်ထဲက ထိုင်ခုံတလုံးပေါ်မှာ ၊ ဟိုအရင်တခါက အိမ်အဝင်ပေါက်က လှေကားထစ်မှာ ၊ တခါကတော့ ကျွန်တော့ အိပ်ရာဘေးမှာ”
ဒီတခါ မြတ်နိုးတို့သားအမိထံမှ အံဩဟန် မပြတော့။ ဦးစိန်မောင်ကိုသာ အကူအညီ တောင်းခံသလို ကြည့်နေကြသည်ကို တွေ့ရ၏။ မြတ်နိုးတို့သားအမိကို ကြည့်၍ ကိုအောင် သင်္ကာမကင်း ဖြစ်သွားသည်။ သူတို့သားအမိသည် အဘယ်ကြောင့် ဦးလေးစိန်အား အားကိုတကြီး ကြည့်နေကြပါသနည်း။
” အခုတခါက ညသန်းခေါင်မဟုတ်ပဲ ၊ နေဝင်ဖျိုးဖြချိန်မှာ ခြောက်လှန့်တာဆိုတော့ ၊ ကျွန်တော် မပြောပဲ မနေနိုင်တော့လို့ ဖွင့်ပြောလိုက်တာပါ ”
ကိုအောင်သည် သူ ကြုံတွေ့ခဲ့ရသည့် ချောက်ချားဖွယ်ရာများကို ပြန်လည် စဉ်းစားရင်း ကြောက်ရွံ့ထိတ်လန့်စွာ ကိုယ်နေကျုံ့သွား၏။
ပထမတခါက … ၊
___________
(၃)
ဒီအိမ်လေးကို စပြောင်းလာခါစက ကိုအောင် အထူးကျေနပ်နေမိသည်။ လုံးချင်းအိမ်လေး ဖြစ်သည်ကတကြောင်း၊ အိမ်အနောက်ဘက်၌ မြေကွက်လပ်ကျယ်လေး ပါသည်ကတကြောင်း ၊ ရပ်ကွက်က လူနေသန့်သည်ကတကြောင်း ၊ အမျိုးမျိုး အဖုံဖုံ ကျေနပ်စရာ ဖြစ်နေ၏။
ဒီလိုအိမ်မျိုးကို တလမှ ငွေကျပ်တသိန်းဆိုသည်က အလွန်ပဲ အဖိုးချိုသာနေသည်မဟုတ်လား။ အိမ်ရှင်က ၆လစာသာပေး၍ စာချုပ်ပါဟု ဆိုသော်လည်း သူက တနှစ်စာ အပြည့်ပေး၍ စာချုပ်လိုက်သည်။
ပထမ စပြောင်းလာသည့် ရက်တပါတ်အတွင်း ဘာမှ စိတ်အနှောက်အယှက် ဖြစ်စရာ မတွေ့ခဲ့။ ရံဖန်ရံခါ လာတတ်သော စပီကာ အကျယ်ကြီးဖွင့်ရောင်းတတ်သည့် ထီတွန်းလှည်းမှ လွဲ၍ ကျန်သည့်အချိန်များမှာ ဆိတ်ငြိမ်အေးချမ်း၏။
အထူးသဖြင့် ည၈နာရီနောက်ပိုင်းတွင် သူနေထိုင်သော ဤအိမ်ကလေး အရှေ့မှ လူသူလေးပါး ဖြတ်သွားဖြတ်လာမရှိ။ ဆိတ်ငြိမ်လွန်းနေ၏။
အမှန်တော့ နောက်မှ သူ သိခဲ့ရတာက ဤအိမ်လေးသည် သရဲခြောက်သည်ဟု နာမည်ကြီးသောကြောင့် ညဘက်ဆိုလျင် ရပ်ကွက်ထဲက ကလေးများသာမက လူကြီးများကပါ တခြားလမ်းမှ ရှောင်ကွင်း သွားကြသောကြောင့် ဖြစ်သည်။
တနေ့၌ ကိုအောင်သည် အလုပ်မှ နောက်ကျစွာ ည၉နာရီလောက်မှ အိမ်ကို ပြန်ရောက်လေ၏။
ထုံးစံအတိုင်း ကိုအောင်သည် ဝက်နံကင်သုပ်တပွဲ၊ အရည်သောက် ပြည်လုံးချမ်းသာတပွဲ ပါဆယ်ဆွဲ၍ အိမ်ပေါ်တက်ခဲ့သည်။
ညစာ မစားမီ မနေ့က လက်ကျန် အရက်ပုလင်းကို ထုတ်၍ ဝက်နံကင်ဖတ်လေးများစားလိုက် ဟင်းချိုရည်လေး သောက်လိုက်နှင့် မြည်းဦးမည်။
နောက်ဖေး မီးဖိုထဲက ပန်းကန်ပြားတို့ ဖန်ခွက်တို့ကို ယူ၍ ဟင်းများကို ထည့်သည်။ ဖန်ခွက်ထဲကို အရက်နှင့်ရေရောစပ်ထားပြီး ၊ ဘလူးတုစပီကာဖြင့် သီချင်းအေးအေးလေးတွေ ကြားသာရုံ ခပ်တိုးတိုး ဖွင့်လိုက်သည်။
စပီကာမှ သူ သိပ်ကြိုက်သော အာဇာနည်၏ သီချင်းချိုချိုလေးတွေ ထွက်ပေါ်လာ၏။ သီချင်းနားထောင်ရင်း အရက်ကို တစိမ့်စိမ့် ဇိမ်ခံ သောက်နေသည်။သို့ဖြင့် တနာရီခန့်အကြာ ည ဆယ်နာရီ၌ ပုလင်းထဲက လက်ကျန် အရက်ကုန်သွား၏။
အရက်သောက်ပြီးတော့ ထမင်းစားသည်။ သီချင်းသံအေးအေးက ထွက်ပေါ်နေဆဲ။
ညနေစောင်း အလုပ်ထဲမှာ အဆာပြေ မန်းမြို့တော်ပေါက်ဆီ စားထား၍ ထမင်းက သိပ်မစားနိုင်။ ဒီလိုနဲ့ စားလက်စကို လက်စသတ်လိုက်သည်။
စားပွဲပေါ်မှာ နံကင်သုပ်လက်ကျန်တွေ၊ ပြည်လုံးချမ်းသာ ဟင်းလက်ကျန်တွေကို ဒီအတိုင်း ပစ်ထားလိုက်သည်။ မနက်ကျမှ အလုပ်မသွားမီ ကြွပ်ကြွပ်အိတ်တလုံးထဲ စုထည့်၍ အမှိုက်ခြင်းထဲ လွှင့်ပစ်တော့မည်။
အိမ်အနောက်က ရေကန်နှင့်အိမ်အကြားက မြေကွက်လပ်သို့ ဆင်းလာခဲ့သည်။ သူ့ လက်ထဲတွင် ဘလူးတု စပီကာလေး ပါလာ၏။ မြေကွက်လပ်မှာ ချထားတဲ့ ထန်းပက်လက်ကုလားထိုင်ပေါ် သူ ပျင်းရိစွာ လှဲလျောင်းလိုက်သည်။ ဘလူးတုစပီကာကို မြေပေါ် ချထားလိုက်၏။ ပက်လက်ကုလားထိုင်ပေါ် မျက်စိကို စုံမှိတ်၍ သီချင်းကို တစိမ့်စိမ့် နားဆင်နေလိုက်သည်။
၅မိနစ် ၁၀မိနစ်လောက်အကြာမှာ သူ ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်လုလု ဖြစ်သွားသည်။ အဲ့ဒီအချိန် … မြေပေါ်ချထားတဲ့ ဘလူးတု စပီကာမှ သီချင်းသံနှင့်အတူ လေတိုးသံတွေပါ တရှဲရှဲနှင့် ရောယှက်ပါလာ၍ သူ နိုးလာခဲ့သည်။
” ဂျစ် … ရှဲ … ရှဲ ”
အာဇာနည်ရဲ့ သီချင်းသံက ပျောက်သွားပြီး၊ စပီကာထဲက ဂျစ်ရှဲရှဲ ဟူသော လေတိုးသံများသာ ဆက်တိုက် ထွက်ပေါ်လာနေ၏။
သူ စပီကာကို ယူ၍ ပိတ်လိုက်ပြီး၊ အိပ်ရာဝင်ရန် ထလိုက်သည်။ စပီကာ ခလုပ်ကို ပိတ်လိုက်သဖြင့် အသံက မထွက်တော့ ။
ထိုအခိုက် နောက်ဖေး မီးတိုင်က မီးလုံးသည် မှိတ်ချည်လင်းချည် ဖြစ်သွား၏။ သူ့နားထဲ ခြေသံသေးသေးလေး တခု မြေပေါ် ရှပ်တိုက်လျှောက်လာသလို ကြားလိုက်ရပြန်သည်။ ထိုအသံက တိုးဖျော့လွန်း၏။ မသေချာ။
ရေချိုးကန်ဘက်ကို သူ လှမ်းကြည့်လိုက်သည်။ ဘာကိုမျှ မတွေ့ရ။ ခါတိုင်းလိုပင် ငြိမ်သက်လျက်သား။
ဒါပေမဲ့ ခြေသံတိုးဖွဖွလေး သဲ့သဲ့မျှ ကြားရပြီး သူ့အနီးက တစုံတယောက် ဖြတ်လျှောက်သွားသလို ခံစားရပြန်သည်။ အဲ့သည်နောက်တော့ …
” ဂျီ … ဂျစ် … ရှဲ ”
” အောင်မယ်လေး ”
သူ လန့်ဖျန့်ပြီး လက်ထဲက ဘလူးတု စပီကာကို လွှတ်ချလိုက်သည်။ အသေအချာ ခလုတ်ကို ပိတ်ထားသည့် ဘလူးတုစပီကာက အသံကျယ်ကြီး ထွက်လာသည်မဟုတ်လား။
မြေပေါ်ကျသွားသော ဘလူးတုစပီကာသည် တဂျီဂျီ တဂျစ်ဂျစ်နှင့် အသံထွက်နေဆဲ။ သူ ချက်ချင်း မကောက်ရဲသေး။ အသာ ကြည့်နေသေး၏။ တအောင့်လောက်ကြာမှ စပီကာကို အမြန်ကောက်ယူ၍ ခလုတ်ကို ပိတ်လိုက်၏။ ခလုတ် ပိတ်လိုက်သည်နှင့် အသံက ရပ်သွားပြန်၏။
သူ ခုနက ခလုတ်ကို အသေအချာ မပိတ်မိသည်များလား။
သို့ဖြင့် အိမ်ထဲသို့ သူ ပြန်ဝင်လာပြီး၊ စပီကာလေးကို အရက်သောက်သည့် စားပွဲပေါ် တင်ထားလိုက်သည်။
အခန်းထဲကို ဝေ့ဝဲ ကြည့်မိသည်။ ဒီကနေ့ည ဘာဖြစ်နေမှန်းမသိ။ ထူးခြားနေ၏။ အိမ်ထဲမှာ သူ တယောက်တည်း ရှိသည်ဟု ခံစားလို့မရ။
တစုံတဦးက သူ့အား စောင့်ကြည့်နေသည်ဟု ခံစားနေရပြန်သည်။ တအိမ်လုံးအနှံ့ မျက်လုံးက ကစားကြည့်ပေမဲ့ ဘယ်သူမှ မရှိ။ အလုပ်ပင်ပန်း၍ အားနည်းနေခြင်းများလား။ ဒါမှမဟုတ် အရက်မူးနေခြင်းလော။
” အို အိပ်တာပဲ ကောင်းပါတယ်၊ စိတ်ရှုပ်စရာတွေ မတွေးတာပဲ ကောင်းတယ် ”
ထိုသို့ တွေးပြီး သူ အိပ်ရာဝင်ခဲ့သည်။ အရက်သောက်ထားသည်မို့ ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်။ သို့သော် သူ ကြာကြာ အိပ်မပျော်နိုင်ခဲ့ ။ ည ဆယ့်နှစ်နာရီသာသာခန့်မှာ သူ လန့်နိုးလာခဲ့၏။
အကြောင်းကား သူ၏ အိမ်ရှေ့မှာ စူးစူးဝါးဝါး ထိုးဟောင်နေသော ခွေးများကြောင့်ပင်။ ဆူညံ ပွက်လောရိုက်အောင် ဟောင်နေကြသည်မှာ အိမ်ကို သူခိုးကပ်သည့်ပမာ။
လက်နှိပ်ဓာတ်မီးကို ယူ၍ အိမ်အရှေ့ထွက်ကြည့်ရန် အခန်းထဲမှ ထွက်ခဲ့သည်။ အိမ်ရှေ့ခန်းမှာ မီးပိတ်ထားသဖြင့် မည်းမှောင်နေ၏။ လက်နှိပ်ဓာတ်မီးဖြင့် အိမ်ရှေ့တံခါးဆီသို့ ထွက်လာခဲ့သည်။
ညက အရက်သောက်သည့် စားပွဲရှေ့မှ ဖြတ်သွားပြီးမှ ၊ မျက်လုံးထောင့်မှာ မသင်္ကာဖွယ်ရာ အရိပ်တခု စားပွဲ အရှေ့ထိပ်က ထိုင်ခုံမှာ ထိုင်နေသယောင်ယောင် မြင်လိုက်ရသည်ဟု ထင်မှတ်၍ ၊ လက်နှိပ်ဓာတ်မီးဖြင့် နောက်ပြန်လှည့် ထိုးကြည့်လိုက်သည်။
ထိုင်ခုံတွင် မည်သူမျှ ရှိမနေ။ ထိုအခိုက် ဟောင်နေသော ခွေးများအသံ တိခနဲ ရပ်သွား၏။ သို့သော် စက္ကန့်ပိုင်းမျှ အကြာ၌ အိမ်ရှေ့မှ ပျင်းရိလေးတွဲ့စွာ ထွက်ပေါ်လာသော ခွေးအူသံကြီးက သူ့အား ကြက်သီးမွေးညင်း ထသွားစေ၏။
” ဝု … အု … အု … အူး ”
သူ အိမ်ရှေ့တံခါးကို ဂလန့်ဖြုတ်၍ တွန်းဖွင့်လိုက်သည်။ အေးစက်စက် လေက သူ့အား ထိတွေ့ပွတ်တိုက်သွားသည်မှာ လူတယောက်က ဝင်တိုက်သွားသည့်အလား။
လက်နှိပ်ဓာတ်မီးဖြင့် ခြံတံခါးရှေ့က လမ်းပေါ်ရောက်အောင် ထိုးကြည့်သည်။ ခွေးလေခွေးလွင့်တသိုက် သူ့ခြံရှေ့မှာ စုရုံးနေကြသည်ကိုသာ တွေ့ရ၏။ တခြားသော မသင်္ကာစရာ ထူးခြားမှု တစုံတရာကို မတွေ့ရချေ။ သေချာအောင် အိမ်ရှေ့က မြေပြင်ပေါ်အထိ သူ ဆင်း၍ ဟိုကြည့်ဒီကြည့် လုပ်သည်။ အမှတ်တမဲ့ မျက်လုံးများက မြတ်နိုးတို့ အိမ်ဘက်ကို အကြည့်ရောက်သွားသည်။
မြတ်နိုးတို့အိမ်က ပြတင်းပေါက်တခုမှ ခန်းဆီးစ လိုက်ကာသည် လှုပ်ရမ်းသွား၏။ လူတယောက်က သူတို့အိမ်ဘက်ကို ခိုးကြောင်ခိုးဝှက် ကြည့်နေဟန်တူ၏။ ထိုအိမ်၌ သားအမိနှစ်ဦးသာ နေသည်ဟု သိထားရာ၊ ခန်းဆီးစ နောက်ကွယ်က ခိုးကြောင်ခိုးဝှက် ကြည့်နေသော လူသည် ဒေါ်အမာ သို့မဟုတ် မြတ်နိုး သာ ဖြစ်လိမ့်မည်။
သူ အိမ်ပေါ်သို့ ပြန်တက်ခဲ့သည်။ တံခါးကို ပိတ်သည်။ ခုနကလိုပဲ စားပွဲရှေ့မှ အဖြတ်၊ ဒီတခါတော့ သူ ထိတ်ခနဲ ဖြစ်သွား၏။ စားပွဲခုံ ထိပ်တည့်တည့်က ထိုင်ခုံပေါ်တွင် ကလေးမလေး တယောက် ငုတ်တုတ် ထိုင်နေပါ၏။
ဖြူလျော်ဖွေးဆွတ်နေသော မျက်နှာဖွေးစုတ်စုတ်။ လှုပ်ရှားမှုမရှိ ၊ ပကတိ တည်ငြိမ်နေသော မျက်သူငယ်အိမ်။ ညစ်ထေးထေး အကျႌနှင့်တဆက်တည်းဂါဝန်။ ဖရိုဖရဲ ဆံပင်ကောက်ကောက်ကလေးများ။
ရုတ်တရက်ကြည့်လျင် အလွန် ထိတ်လန့်ဖွယ်ရာ ကောင်းနေ၏။ သို့သော် ကိုအောင်သည် ရိုးသားသည်ဖြစ်ရာ ထိုကလေးမလေးကို ရပ်ကွက်ထဲက ကလေးဟု ထင်မိ၍ …
” ကလေး ဒီအချိန်ကြီး ဘယ်ကလာတာလဲ ၊ မိဘတွေ စိတ်ပူနေမှာပေါ့ ၊ လာ လာ ဦး အိမ်ပြန်လိုက်ပို့ပေးမယ်နော် ”
ကလေးမလေးက ဘာမှ ပြန်မဖြေ။ သူ့အား စိမ်းစိမ်းကြီး စိုက်ကြည့်နေ၏။ ဒါကို ကိုအောင်က ဘယ်လိုတွေးလဲဆိုတော့ …
” အင်း သူ့မိဘတွေက ရိုက်လိုက်လို့ စိတ်ကောက်ပြီး ထွက်လာတာနဲ့ တူတယ်။ အိမ်ကို ပြန်ချင်ပုံ မရဘူး ”
ထိုသို့ တွေးမိတော့ သူ ချော့မော့ပြီး လိုက်ပို့ပေးမှဟု တွေးလိုက်မိပြန်ရာ၊
” လာပါ ကလေးရယ် ၊ ဦး မင်းရဲ့မိဘတွေကို မရိုက်အောင် ပြောပေးမယ်နော်။ စိတ်ချ ကလေးကို မရိုက်စေရပါဘူး ”
ကိုအောင် စားပွဲအနီးသို့ တိုးကပ်သွားသည်။ ထိုအခါ ကလေးမလေးက အသံစူးစူးဖြင့် ဟစ်အော်လေ၏။ သို့သော် ထိုအသံသည် ကလေး၏ ပါးစပ်က ထွက်လာသည်ဟု မထင်။ သူ့အနီး ကပ်၍ အော်လိုက်သည်ဟု ခံစားလိုက်ရသည်။
” ဘယ်မှ ပို့စရာမလိုဘူး ၊ ငါ ဒီအိမ်မှာ နေတာ … ”
အသံသည် စူးခြစ်လွန်း၏။သူ၏ နားစည်များကို အပ်ချွန်ဖြင့် ထိုးဆွလိုက်သလို ဖြစ်သွားရာ ၊ သူ ယောင်ရမ်း၍ နားနှစ်ဖက်ကို ပိတ်လိုက်မိသည်။ ထိုအခိုက် ထိုင်ခုံမှ ကလေးမလေးသည် ကြမ်းပြင်ပေါ်သို့ ဆင်း၍ နောက်ဖေးပေါက်သို့ ပြေးသွားလေ၏။ ကိုအောင် အတင်းလိုက်ဖမ်းသော်လည်း မမိပေ။
နောက်တော့မှ ဟင်းလင်းပွင့်နေသော နောက်ဖေးတံခါးကို ကြည့်၍ သူ အလွန် အံအားသင့်သွားသည်။ အိမ်ထဲက ပြေးထွက်သွားသော ကလေးမလေးသည် အပြင်ရောက်သည်နှင့် ရုတ်တရက်ကြီး ပျောက်ကွယ်သွားလေ၏။
ကိုအောင် တံခါးဆီသို့ ရောက်သည့်အခါ ခြံနောက်ထဲ၌ ကလေးမလေးကို လုံးဝ ရှာမတွေ့တော့ချေ။
ထိုအခါမှ သူ့အား တစ္ဆေခြောက်ခြင်းပါလားဟု သိရှိသွားပြီး ၊ နောက်ဖေးတံခါးကို အလျင်အမြန် ဆွဲပိတ်လိုက်သည်။ ပြီးလျင် အပေါ်အောက် တံခါးဂလန့် ထိုး၍ သူ၏ အိပ်ခန်းရှိရာသို့ ပြေးလေတော့သည်။
အိပ်ရာကို ရောက်သည်နှင့် စောင်ကို ခေါင်းမြီးခြုံ၍ မျက်စိကို စုံမှိတ်ကာ အိပ်ပစ်လိုက်၏။
___________
( ၄ )
” နောက်တခါတော့ ကျွန်တော် အလုပ်ကအပြန် မိုးချုပ်သွားခဲ့တယ်။ တယောက်တည်း နေရတာ ကြောက်လို့ ကျွန်တော် ညဘက်ဆို မူးအောင် သောက်ပြီးမှ အိပ်တယ်လေ။
မူးပြီး အိပ်ပျော်သွားရင် ဘာမှ မသိတော့ဘူးပေါ့။ ဒါပေမဲ့ အဲ့ဒီနေ့က ညဘက်ကြီး ငိုသံလိုလို ကြားရလို့ တရေးနိုးလာတဲ့အချိန် ၊ ကျွန်တော့အိပ်ရာ နံဘေးမှာ အဲ့ဒီကလေးမလေးကို ငိုရှိုက်နေတာကို မြင်လိုက်ရပြန်တယ်။
တကယ်ကို ရှိုက်ကြီးတငင် ငိုနေတာဗျ။ ကျွန်တော် ကြောက်ရမလား၊ သနားရမလား မဝေခွဲတတ်တော့ဘူး။ ကြောက်ကလည်း ကြောက်၊ သနားကလည်း သနားနဲ့ ၊ နောက်ဆုံး အရဲစွန့် မေးလိုက်တယ်။
သမီးလေး ဘာလို့ ငိုနေတာတုန်းလို့ ။ အဲ့ဒီအခါ ကလေးမလေးက ကျွန်တော့ကို မော့ကြည့်ပြီး ၊ ငါ့ကို ဘယ်သူကမှ မချစ်ကြလို့ပါ တဲ့။
ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်သွားတယ်ဗျ။ သူ လူဘဝတုန်းက ဘာဖြစ်ခဲ့မှန်းလဲ ကျွန်တော်က မသိဘူးလေ။ သူ့မိဘတွေက သူ့ကို ဂရုမစိုက်ကြဘူးနဲ့တူပါတယ်။ ဒါကြောင့်သာ သူ့ကို ဘယ်သူကမှ မချစ်ဘူးလို့ စိတ်စွဲနေပုံရတယ်၊
ဒါနဲ့ ကျွန်တော်က သူ့ကို အားပေးတဲ့အနေနဲ့ ဘယ်မိဘမဆို သားသမီးကို ချစ်ကြမှာပါ။ သမီးရဲ့ မိဘတွေလဲ သမီးကို ချစ်မှာပေါ့လို့ ပြေရာပြေကြောင်း ပြောလိုက်တော့ ၊
လားလား … ကလေးမလေးက ကျွန်တော့ကို ဒေါသတကြီး ကြည့်ပြီး ၊ မချစ်ဘူး မချစ်ဘူး ၊ သူတို့ မချစ်လို့ ငါ့ကို စွန့်ပစ်လိုက်တာပေါ့လို့ အသားကုန်အော်ပြောပြီး အရင်တခါလို အိမ်နောက်ဖေးတံခါးဆီ ပြေးထွက်သွားပြီး ပျောက်သွားပြန်တယ်။ နောက်တခါကျ အိမ်ရှေ့က လှေကားထစ်မှာ တွေ့တာဗျ။ သူ တခုခုကို မျှော်နေသလိုပဲ ။ လမ်းမဘက်ကို ငိုင်ငိုင်လေး ငေးကြည့်နေတာ ကျွန်တော် မြင်လိုက်တယ်။ ည ဆယ့်တစ်နာရီခွဲလောက် ရှိပြီထင်တယ်။ ခဏနေတော့ သူ့ မျက်လုံးလေးတွေက ဒေါသသကြောင့် အရောင်တောက်လာတယ်။ လမ်းမဘက်ဆီကို အသေအချာကြည့်ပြီး သူ တောက်ခေါက်လိုက်တယ်။ ကျွန်တော်လဲ အံဩတာနဲ့ သူ ကြည့်တဲ့ဘက်ဆီကို လှမ်းကြည့်လိုက်တယ်ဗျ။
အဲ့တုန်းက ဟောဒီက ဦးလေးစိန်နဲ့ မြတ်နိုးတို့ ကျွန်တော့အိမ်ရှေ့က ဖြတ်သွားတာ မြင်လိုက်ရတယ်။ ဦးလေးစိန်က မြတ်နိုးကို အိမ်ပြန်လိုက်ပို့တာနဲ့ တူပါတယ်။ ကျွန်တော် သတိထားမိတာက အဲ့ဒီကောင်မလေး တောက်ခေါက်သံကို ဦးလေးစိန်ရော မြတ်နိုးပါ ကြားလိုက်ကြတယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တောက်ခေါက်သံအဆုံးမှာ ဦးလေးတို့နှစ်ယောက် ကျွန်တော့်အိမ်ထဲကို အထိတ်တလန့်နဲ့ ရပ်ကြည့်လိုက်တာ ကျွန်တော် မြင်လိုက်တယ်။
တစ္ဆေမလေးက ဘယ်သူ့ကို မကျေနပ်တာလဲ ။ ဦးလေးစိန်ကိုလား၊ မြတ်နိုးကိုလား ။ ဒါမှမဟုတ် နှစ်ယောက်စလုံးကိုလားပေါ့။
ဒါပေမဲ့ ကျွန်တော် ပြန်ဆင်ခြင်ကြည့်တော့ ကောင်မလေးဟာ ငါ မမြင်နိုင်တဲ့ ပရလောကသားတယောက်ကို မြင်ပြီး တောက်ခေါက်တာလဲ ဖြစ်နိုင်ပါတယ်ပေါ့ ။
ထုံးစံအတိုင်း သူကတော့ မကျေနပ်တာ တခုခုဆို ဒေါသထွက်ပြီး အိမ်အနောက်ထဲ ပြေးဝင် ပျောက်ကွယ်သွားတာပါပဲ။ ”
ကိုအောင်က ထိုသို့ ပြောပြီး သူ့ရှေ့က လူသုံးယောက်ကို အသေအချာ အကဲခတ်နေလိုက်သည်။
သုံးယောက်အနက် မြတ်နိုးသည် အသည်းနုဟန်တူ၏။ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျနေ၏။ ဒေါ်အမာက သူ့သမီးကို အသာလက်ကုတ်မှ မြတ်နိုးသည် ဘာမှ မဖြစ်ဟန် မျက်တောင်ကို ပုတ်ခတ်၍ လက်ကိုင်ပုဝါဖြင့် မျက်ရည်တွေ သုတ်ပစ်လိုက်သည်။
အတည်ငြိမ်ဆုံးကတော့ ဦးလေးစိန်မောင် ဖြစ်၏။ တခုခုကို စဉ်းစားနေဟန်နှင့် ဘာတခုမှ မှတ်ချက်မပေးချေ။
စကားဝိုင်းသည် အတော်လေး ငြိမ်သက်သွားပြီးမှ ဦးစိန်မောင်က …
” မောင်အောင် ပြောတာကို ဦးလေး လက်သင့်ခံပါတယ်။ ပရလောကဆိုတာ ရှိပါတယ်။ ဦးလေး ကျန်းမာရေးမှုးဘဝနဲ့ ဒေသအသီးသီးမှာ နေ့ညတာဝန်တွေ ထမ်းဆောင်ဖူးတော့ နာနာဘာဝဆိုတာကို ကြုံဖူးမြင်ဖူးပါတယ်။
မောင်အောင် ပြောသလို ၊ ဒီအိမ်မှာ သရဲ ခြောက်တယ်ဆိုရင်လဲ၊ ဒီည ဦးလေးအိမ်မှာ လာအိပ်ပါလား ။ မနက်ဖြန်ကျရင် ဒီအိမ်မှာ သရဲ ထပ်မခြောက်အောင် ဦးလေး လောကီဆရာ တပါးကို ပင့်ဖိတ်ပြီး အပနှင်ပေးပါ့မယ်။ ဒါမှ မကျေနပ်သေးလဲ မောင်အောင် ပေးထားတဲ့ အိမ်လခကို ပြန်ယူပြီး ၊ ဒီအိမ်ကနေ ထွက်နိုင်ပါတယ် … ”
ကိုအောင် စိတ်ထဲမှာ တမျိုးကြီး ဖြစ်သွားသည်။ အိမ်ရှင် မြတ်နိုးတို့သားအမိက ဘာမှ မပြောဘဲ၊ သူစိမ်း ဖြစ်သူ ဦးစိန်မောင်က ဝင်ရောက် စီမံခန့်ခွဲပေးနေသောကြောင့် ဖြစ်သည်။ ပြီးတော့ ဦးစိန်မောင် စီမံပေးတာကို မြတ်နိုးရော ဒေါ်အမာပါ ငြင်းဆန်ခြင်း မရှိချေ။ ဒါက ထူးခြားသည်ပဲမဟုတ်လား။
” ရပါတယ် … ကျွန်တော် မလိုက်တော့ပါဘူး ဦးလေး၊ ဒီမှာပဲ အိပ်ပါ့မယ်။ ခုနက ရုတ်တရက်ကြီးမို့ ကျွန်တော် ထိတ်လန့်သွားတာပါ။
အိမ်လခ ပြန်ပေးမယ်ဆိုလို့ ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါလဲ ကျွန်တော် စဉ်းစားပါအုံးမယ်။ ဆက်နေသင့် မနေသင့်ပေါ့။
သြော် ဒါနဲ့ အဲ့ဒီညက ဦးလေးစိန်မောင်နဲ့မြတ်နိုး ညဘက်အချိန်မတော် ဘယ်က ပြန်လာတာလဲဗျ ။ ဒီလို မေးလို့ စိတ်မရှိပါနဲ့နော်။မြတ်နိုးကို ညဖက် အပြင်ထွက်တာ တခါမှ မမြင်ဖူးလို့ပါ ”
အလွန်တည်ငြိမ်သော ဦးစိန်မောင်၊ ဒီတခါတော့ မျက်နှာက ပျက်ယွင်းသွား၏။ ပြီးလေမှ အိန္ဒြေဆယ်ပြီး………” သြော် … အဲ့ဒီညက ဦးလေးအိမ်မှာ မြတ်နိုးက ကိုရီးယားဒရမ်မာ ဇာတ်လမ်းတွဲ လာကြည့်တာကွဲ့။ ဟင်းဟင်း ဇာတ်ကားက ကောင်းနေတော့ အချိန်ကို မကြည့်မိဘူး။ နောက်ကျသွားတယ်ဆိုပါတော့ကွယ်။ ဒါကြောင့် ဦးလေးက အိမ်အပြန် လိုက်ပို့ပေးတာပါ ”
ထိုသို့ ဦးစိန်မောင်က ပြောပြီး ၊ မြတ်နိုးဘက်သို့ လှည့်ကာ ဟုတ်တယ်နော် မြတ်နိုးဟု သူ့စကားကို ထောက်ခံမှု ရယူ၏။ မြတ်နိုးက စကားနဲ့ မဖြေ၊ ခေါင်းသာငြိမ့်ပြ၏။
ထို့နောက် ဦးစိန်မောင်ကပင် နုတ်ဆက်စကား အရင်ဆို၍ မနက်ဖြန်ကို နာမည်ကြီး လောကီဆရာ တယောက်ကို သူ ခေါ်ပေးမည်ဟုဆိုကာ ထပြန်သွား၏။ အိမ်ရှေ့ပေါက် လှေကားရောက်မှ ကိုအောင်၏အနီး ထိုင်နေကြသော ဒေါ်အမာနှင့် မြတ်နိုးအား
” မြတ်နိုးတို့ကရော မပြန်သေးဘူးလား ၊ ပြန်တော့လေ ၊ မိုးချုပ်နေပြီပဲ”
အမိန့်သံဆန်သော ဦးစိန်မောင်စကားကြောင့် ဒေါ်အမာက အရင်ထ၍ မြတ်နိုးလက်ကိုဆွဲကာ …
” ကဲ … မောင်အောင် ၊ ဒေါ်လေးတို့လဲ ပြန်လိုက်အုံးမယ်ကွယ်။ တခုခု လိုအပ်ရင် အိမ်ဘက်ကို လှမ်းအသံပြုလိုက်ပေါ့ကွယ် ”
ကိုအောင်လည်း ဧည့်သည်များကို ခြံရှေ့တံခါးဝ ရောက်သည်အထိ လိုက်ပို့ပေးသည်။
ဒေါ်အမာနှင့် မြတ်နိုးတို့ ခြံအပြင်ရောက်သွားမှ ခြံတံခါးကို ပိတ်၍ အိမ်ဆီသို့ ခြေလှမ်းလိုက်သည်။
ထိုအခါ … နီရဲနေသော မျက်လုံးအစုံနှင့် ခြံထဲမှ ထွက်သွားသူများကို ဒေါသတကြီး ကြည့်နေသော တစ္ဆေမလေးအား အိမ်ရှေ့က လှေကားထစ်မှာ ရပ်နေသည်ကို မြင်တွေ့လိုက်ရလေတော့၏။
__________
(၅)
တဟူးဟူးနဲ့ တိုက်ခတ်နေသော လေပြင်းနဲ့အတူ မိုးသီးမိုးပေါက်တွေက တဗြောင်းဗြောင်းနဲ့ သွပ်အမိုးပြားပေါ်ကို ခုန်ပေါက်ကျဆင်းနေကြ၏။
ဒီတခါ မိုးက အငြိုးတကြီးဖြင့် ရွာနေသလား အောက်မေ့ရသည်။ လမ်းပေါ်မှာ ဒူးဆစ်လောက်အထိ ရေမြုပ်နေလေရဲ့ ။
” ဘုန်း …. ဝုန်း ”
” ဖျစ် … ဖျစ် … အုံး ”
ကိုအောင် အိပ်ရာပေါ်ကနေ ငုတ်တုတ် ထထိုင်လိုက်မိသည်။ နောက်ဖေး ရေကန်အနီးက ပိတောက်ပင်အိုကြီး လဲကျသံကြောင့် ဖြစ်သည်။
ရေကန်နှင့်အိမ်သာပေါ်ကို ထိုပိတောက်ပင်အိုကြီးက ခပ်ကိုင်းကိုင်း အုံ့ဆိုင်းနေသည်မှာ နှစ်အတော်ကြာမြင့်ပြီ ဖြစ်သည်။ မိုးသက်လေပြင်းကြောင့် သူ့ခမျာ မြေပေါ်၌ မရပ်တည်နိုင်တော့ဟန်တူ၏။
ရေကန်ပေါ်ကို ဘုန်းခနဲ ပြိုလဲသွားရှာပြီ ဖြစ်သည်။ ကိုအောင် နောက်ဖေးတံခါးကို ဖွင့်၍ ရေကန်ရှိရာသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။ သူထင်သည့်အတိုင်း ပိတောက်ပင်အိုကြီးက ရေကန်ဘောင်ကို ရိုက်ခွဲပစ်လိုက်လေပြီ။ အုတ်စီရေကန်ငယ်မှာ တစစီကျိုးပဲ့လျက် ရှိလေ၏။
” အဟစ် ဟစ် အင့်အင်းအင်း ”
ရေကန်အခြေမှ ကလေးတယောက်၏ ငိုသံကဲ့သို့ ရှိုက်သံသဲ့သဲ့ ထွက်လာသည်။ အနောက်ဘက် မြတ်နိုးတို့အိမ်မှ လက်နှိပ်ဓာတ်မီးရောင်သည် လဲပြိုနေသော ပိတောက်ပင်အိုပေါ် ကျရောက်လာသဖြင့် ကိုအောင် လှမ်းကြည့်လိုက်ရာ …
” ဟင်! မြတ်နိုးပါလား ”
မှန်၏။မြတ်နိုးသည် ထီးတချောင်းကို ဆောင်း၍ ပြိုလဲသွားသော ပိတောက်ပင်အိုကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်နေခြင်း ဖြစ်သည်။
သို့ဖြင့် ကိုအောင်လည်း အသံပြုလိုက်သည်။ ပျက်စီးသွားသော အိမ်သာအမိုးနှင့် ကွဲသွားသော ရေကန်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြပြီး၊
” အပင်က အိုနေပြီဆိုတော့ လေပြင်းဒဏ်ကို မခံနိုင်တော့ဘူးနေမှာ၊ အမြစ်ကနေ လဲတာဗျ ။ ရေကန်တော့ ကွဲသွားပြီ။ အိမ်သာ သွပ်မိုးတွေလဲ ပိတောက်ကိုင်းကြောင့် ပေါက်ပြဲကုန်ပြီနေမှာ ”
မြတ်နိုးက တဖက်ခြံထဲမှ လှမ်းအော် သတိပေးသည်။
” ကိုအောင် … အဲ့ဒီရေကန်ဘက် ထပ်မသွားနဲ့အုံး ၊ မနက်ကျမှ ကျွန်မ အလုပ်သမား ခေါ်ပြီး ရှင်းပေးမယ်။
ရှင် အဲ့ဒီဘက်ကို လုံးဝ မသွားနဲ့နော်။ အန္တရာယ်များလို့ သတိပေးတာပါ။ အိပ် အိပ် ကိုအောင် ပြန်အိပ်။
ကျွန်မလဲ အသံတွေကြားလို့ ထွက်ကြည့်တာ ၊ အပင်လိုက် ပြိုတယ် ထင်မထားဘူး။ ကိုင်းပဲ ကျိုးကျတယ် မှတ်တာ ”
မြတ်နိုးလေသံက တစုံတရာကို အလာန်အမင်း စိုးရိမ်မကင်း ဖြစ်နေဟန် တူသည်။
ကိုအောင် ခေါင်းငြိမ့်ပြရင်း …
” ဟုတ်ကဲ့ မြတ်နိုး ၊ ကျွန်တော်လဲ အိမ်ထဲ ဝင်တော့မှာပါ ၊ အိပ်တာတော့ အိပ်ပျော်မယ် မထင်တော့ဘူး။
ခဏနေရင်ပဲ မိုးလင်းတော့မှာမဟုတ်လား ၊ အော် ဒါနဲ့ ခုနက ရေကန်နားက ကလေးငိုသံလိုလို ကြားလိုက်ရသလိုပဲ ၊ မြတ်နိုးရော ကြားမိလိုက်သေးလား ”
မြတ်နိုးက ဘာမှ ပြန်မပြောတော့၊ တွေတွေငေးငေးဖြင့် သူတို့အိမ်ထဲကို ဖြေးလေးစွာ ဝင်သွားလေ၏။ သူ ပြောတာကို မကြားသယောင် ပြုသွားသည်။
လေပြင်းကြောင့် မြို့နယ်လျှပ်စစ်ဌာနက မီးဖြတ်ထားပုံ ရ၏။ တလမ်းလုံး မီးပျက်နေသည်။ အချိန်က မနက် ၄နာရီသာသာခန့် ရှိပြီ ဖြစ်သည်။မိုးက မတိတ်သေး။ ရွာနေဆဲပင်။
ကိုအောင်လဲ အိမ်ထဲသို့ ပြန်ဝင်ခဲ့ပြီး၊ အိပ်မပျော်တော့သဖြင့် ၊ ဖယောင်းတိုင် တတိုင်ကို မီးထွန်းညှိကာ စားပွဲပေါ် ထွန်းထားလိုက်သည်။ ကိုအောင် တမင်သက်သက် နောက်ဖေး တံခါးကို မပိတ်ပဲ ထားခဲ့သည်။
မကြာခင် ကြမ်းခင်းသစ်သားပေါ်သို့ ကလေးခြေရာ ရေစိုကွက်လေးတွေ တကွက်ချင်း နင်းလျှောက်လာသည့်မြင်ကွင်းကို မြင်လိုက်ရသည်။
ခြေရာရေစိုကွက်ကလေးသည် ထုံးစံအတိုင်း ၊ စားပွဲခုံ ထိပ်က ထိုင်ခုံအနီးမှာ ရပ်တန့်သွားသည်။
စားပွဲခုံပေါ် ထွန်းထားသော ဖယောင်းတိုင်မီးမှာ လေဖြင့် မှုတ်လိုက်သကဲ့သို့ ဟုတ်ခနဲ ငြိမ်းသွားလေ၏။
တခန်းလုံးသည် မှောင်အတိကျသွားလေသည်။ ကိုအောင်က အိတ်ထဲက မီးခြစ်ကို ထုတ်၍ ထောက်ခနဲ ခြစ်လိုက်သည်။
မီးတောက်သည်နှင့် ကိုအောင်၏ မျက်နှာအနီးသို့ ဖွေးစွတ်နေသော ကလေးမျက်နှာ တခု တိုးကပ်လာပြီး
” မီး မ ထွန်း နဲ့ ”
ယောင်ယောင်မှားမှားနဲ့ ကိုအောင်ခမျာ မီးခြစ်ကို ပိတ်လိုက်ရ၏။ သူ၏ နှာဝမှာ အပုပ်နံ့တခု ဟောင်ခနဲ တိုးဝင်လာ၏။ လက်ဖြင့် နှာခေါင်းကို အမြန်ပိတ်လိုက်သည်။
” ဟင်းဟင်းဟင်း အဲ့ဒါပဲလေ ၊ လူတွေက ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူးဆို ”
တစ္ဆေမလေးထံမှ နာကျင်အက်ကွဲနေသော လှိုဏ်သံသဲ့သဲ့မျှ ထွက်လာသည်။ ဒီတခါ ကိုအောင် မိမိရရ မေးတော့မည်ဟု ဆုံးဖြတ်ကာ ကြောက်စိတ်ကို အတတ်နိုင်ဆုံး ထိမ်းချုပ်၍ …
” ငါထင်တာ ပြောရရင် မင်းကို လူတွေက မချစ်တာမဟုတ်လောက်ဘူး ကလေး ၊ မင်းက လူတွေကို မုန်းတီးနေတာမို့လား ”
ထိုစကားသည် တစ္ဆေမလေးအတွက် မည်မျှတာသွားသည်မသိ။ ခါတိုင်းလို ဒေါသထွက် မလာပဲ ၊ ငြိမ်သက်သွားသည်။ တအောင့်ခန့်အကြာ၊
” ဟုတ်တယ် ၊ ငါ လူတွေကို မုန်းတယ်၊ လူတွေက ဘယ်လောက်တောင် အကြင်နာမဲ့သလဲဆိုတာ နင်မှ မခံစားဖူးတာ ။
ငါကတော့ ငါ့မိဘအရင်းတွေကတောင် ငါ့ကို မလိုချင်လို့ စွန့်ပစ်ခြင်း ခံခဲ့ရတာလေ ။
ငါ အရမ်းမုန်းတယ် ၊ အထူးသဖြင့် ငါ့ကို ရက်ရက်စက်စက် စွန့်ပစ်သွားတဲ့ ငါ့အမေကို ငါ မုန်းတယ် ၊ သူတို့ တခဏတာ ခန္ဓာကိုယ်သာယာဖို့အတွက်နဲ့ ဘာတာဝန်ယူမှုမှ မရှိပဲ ငါ့ကို စွန့်ပစ်ခဲ့တာ ငါ သိပ်မုန်းတယ် ”
ကိုအောင် တစ္ဆေမလေးရဲ့ ခံစားချက်ကို ရိပ်ဖမ်းသံဖမ်းလောက်သာ နားလည်ပေမယ့် ၊ တိတိပပ မသိနိုင်။ ထို့ကြောင့် မေးခွန်း ထုတ်လိုက်မိသည်။
” ငါ့ကို မင်းရဲ့ လူ့ဘဝတုန်းက အကြောင်း ပြောပြပါလား ကလေး ၊ ငါ ကူညီနိုင်တာဆို ကူညီချင်လို့ပါ ”
သူ၏ မေးခွန်းမှာ ရယ်စရာမပါပေမယ့် တစ္ဆေမလေးက နာနာကျင်ကျင် ရယ်မောလိုက်သည်။
” ဟင်းဟင်းဟင်း … ဟားဟားဟား ၊ ငါရဲ့ လူ့ဘဝဟုတ်လား ၊ ငါ့မှာ လူဘဝကို တနာရီ တမိနစ်တောင် နေခွင့် မရခဲ့ပါဘူး ၊ ငါ့ကို သူတို့ လူလောက ရောက်လာမှာကို မလိုလားကြဘူးလေ ၊ အဲ့ဒီတော့ ငါ့ရဲ့ လူဘဝဇာတ်ကြောင်းဟာ ပြောပြစရာ မရှိဘူး ၊ မင်း သိချင်ရင်တော့ ငါ့ကို မလိုလားကြတဲ့ ငါ့မိဘအကြောင်းကို ပြောပြပါ့မယ် … ”
တစ္ဆေမလေးသည် အတိတ်က သူမ၏ မိဘနှစ်ပါး ဖြစ်သူတို့၏ ရက်စက်ယုတ်မာမှုကို တလုံးတပါဒမကျန် ရှင်းလင်းစွာ ပြောဆိုတော့လေ၏။
ကိုအောင်သည် တစ္ဆေမလေး ပြောသော ဇာတ်ကြောင်းကို နားထောင်၍ ရင်ထုမနာ ဖြစ်ရလေသည်။ ဇာတ်လမ်းက အလွန် ကြေကွဲဖွယ်ရာ ကောင်းသည်မဟုတ်လော။
_________
(၆)
နောက်တနေ့ နံနက်စောစောမှာ မြတ်နိုးကိုယ်တိုင် ၊ ကိုအောင်အား သူမတို့အိမ်ဘက်သို့ မျက်နှာသစ်၊ ရေချိုးဖို့ လာခေါ်၏။
ကိုအောင် နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး၊ မမြတ်နိုးတို့ အိမ်ဘက်သို့ သွား၍ နံနက်ခင်း ပြုဖွယ်ကိစ္စများကို အပြီးဆောင်ရွက်လိုက်သည်။ မြတ်နိုးက ကိုအောင် အလုပ်သွားခါနီးအထိ ကိုအောင်တို့ အိမ်ဘက်တွင် မပြန်ပဲ ရှိနေပေးသည်။ ကိုအောင် အလုပ်သွားမည်ပြုတော့ …
” စိတ်ချနော် ကိုအောင်၊ နောက်ဖေးက သစ်ပင်လဲတာကို ဒီကနေ့ အကုန် ရှင်းထားပေးမယ်။ တလက်စတည်း ကွဲသွားတဲ့ ရေကန်ပါ အသစ်ပြန်လုပ်ပေးထားလိုက်မယ် ။ စိတ်ချပြီးသာ သွား ၊ ခါတိုင်းလို ည ၇နာရီလောက်မှ ပြန်လာမှာမို့လား ။ ကိုအောင် ပြန်ရောက်ချိန်ဆို အားလုံး ပြင်ပြီးလောက်ပါပြီ ”
အံ့တော့ အံ့ဩစရာ။ မြတ်နိုးသည် ခါတိုင်းနဲ့မတူ ။ ကိုအောင့်အား ရွှန်းရွှန်းဝေနေအောင် စကားတွေ လာပြောနေ၏။ သူက အိမ်ရှင်ဆိုတော့ လုပ်ပေးရမယ့် ဝတ္တရားရှိလို့ နေမှာပေါ့ဟု တွေးစရာရှိ၏။ သို့ပေမဲ့ ကိုအောင်က မြတ်နိုးအား ခနိုးခနဲ့ ပြုံးပြလိုက်ပြီး …
” ရပါတယ်ဗျာ ၊ ဖြေးဖြေးသာ လုပ်ပါ။ ကျွန်တော် အလုပ်စောပြီးတောင် နောက်ကျမှ ပြန်ခဲ့ပါ့မယ်။
ဟင်းဟင်း မမြတ်နိုး လုပ်စရာ ရှိတာကိုသာ ပြီးပြတ်အောင် လုပ်ပေါ့”
” ရှင်! ကိုအောင့် စကားက တမျိုးကြီးပါလား ၊ ကျွန်မက ဘာလုပ်စရာ ရှိရမှာလဲ၊ ရေကန်ပြင်ရုံနဲ့ သစ်ပင် ရှင်းရုံပါပဲ ရှင့် ”
” အင်းလေဗျာ ၊ ကျွန်တော်ကလဲ အဲ့ဒါကိုပဲ ပြောတာပါ ၊ ကဲပါဗျာ … ကျွန်တော် ချိန်းထားတာလေး တခုရှိလို့ သွားတော့မယ်ဗျို့ ”
ကိုအောင်က ထိုသို့ပြောပြီး အိတ်ကို ဆွဲ၍ အိမ်ထဲကနေ ထွက်လာခဲ့သည်။ မမြတ်နိုးကတော့ ကိုအောင်၏ နောက်ကျောကို ကြည့်၍ ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့လေ၏။
ကိုအောင် ထွက်သွားပြီး မိနစ်ပိုင်းမျှ အကြာ၌ ဦးစိန်မောင်နှင့်အတူ သစ်ပင်ခုတ်ထွင် ရှင်းလင်းမည့် လူအချို့ ရောက်လာကြ၏။
မြတ်နိုးက ၎င်းတို့ကို နောက်ဖေးသို့ ခေါ်ဆောင်သွားလေသည်။ လဲကျနေသော သစ်ပင်ကို ကြည့်၍ ဦးစိန်မောင်က အလုပ်သမားခေါင်းကို …
” လှဆောင်ရေ အရင်ဆုံး သစ်ပင်က အကိုင်းအလက်တွေကို ခုတ်ကွာ ၊ ပြီးတော့ ဦးလေးပြောတဲ့ဟာကို ရှာကြည့်ပေါ့ ၊ တွေ့ရင် ဘာမှ မလုပ်နဲ့။ ငါ့ကိုသာ လာပြော ”
သို့ပေမဲ့ ဦးစိန်မောင် ရှာခိုင်းသော ပစ္စည်းမှာ သစ်ပင်ကြီး ခုတ်ထွင် ရှင်းလင်းပြီးသည့် ညနေစောင်းအထိ ရှာလို့ မတွေ့ချေ။
ဦးစိန်မောင်သည် ရေကန်အနောက်က မြေကျွင်းကို ကြည့်၍ စဉ်းစားမရနိုင်အောင် ဖြစ်နေ၏။
မြတ်နိုးသည် ဦးစိန်မောင်အနီးသို့ တိုးကပ်၍ …
” ဦးလေး ဒီနေရာမှာ မြုပ်ခဲ့တာ သေချာရဲ့လားနော် ၊ နေရာများ မှားသလား ”
” အို မမှားပါဘူး မြတ်နိုးရဲ့ ၊ ဦးလေး ရေကန်အနောက်မှာ အသေအချာ မြုပ်ခဲ့တာပါ ၊ တိရစ္ဆာန်တကောင်ကောင်များ ချီသွားလားကွယ် ”
မြတ်နိုးကား စိတ်ရှုပ်သွားဟန်တူ၏။ သူမကိုယ်တိုင် ထိုမြေကျွင်းအနီးသို့ တိုးကပ်သွားကြည့်၏။
” ဦးလေး ဒီမြေကျွင်းက ဦးလေး လူတွေ တူးထားတာ ဟုတ်ရဲ့လား ”
အလုပ်သမားများက အိမ်ပြန်သွားကြပြီဖြစ်သည်။ အိမ်နောက်ဖေး၌ ဦးစိန်မောင်နှင့် မြတ်နိုးတို့ နှစ်ယောက်သာ ကျန်နေရစ်ခဲ့ချိန် ဖြစ်လေ၏။
” ဟေ့အေး အဲ့ဒါတော့ ဦးလေးလဲ မမေးရသေးဘူး ၊ ဘာလို့လဲ … သူတို့ပဲ တူးတာနေမှာပါ မြတ်နိုးရဲ့ ၊ ဒီမှာ ဘယ်သူ ရှိတာမှတ်လို့ ”
မြတ်နိုး ပြန်စဉ်းစား၏။ မနက်က မြတ်နိုးသည် ကိုအောင်အား သူတို့အိမ်လာပြီး ရေချိုး ၊ အိမ်သာတက်ဖို့ လာခေါ်တော့ သတိထားမိတာ တခုရှိသည်။ ကိုအောင်၏ လက်နှင့်ခြေတို့တွင် မြေမှုန်များ ၊ ရွံ့များ ပေကျံနေ၏။
ဒါဆိုရင် ကိုအောင်များ ဤမြေကျွင်းကို တူးခဲ့သလား ။ ထိုအခိုက် ကျွင်းဝမှ မြတ်နိုးအား တစုံတယောက်က နောက်မှ တွန်းချလိုက်သကဲ့သို့ အရှိန်ဖြင့် မြေကျွင်းထဲ ပြုတ်ကျသွားလေ၏။
” အို့ အမေ့ ”
မြေကျွင်းမှာ လူကြီး လက်တံတောင် ၆တောင်ခန့် အနက်ရှိသဖြင့် မြတ်နိုး တလိမ့်ခေါက်ခွေ ပြုတ်ကျသွားသည်။ ဦးစိန်မောင်သည် စိုးရိမ်တကြီးဖြင့် ကျွင်းဝသို့ ပြေးလာ၏။
” မြတ်နိုး မြတ်နိုး ရရဲ့လား ၊ ဘာဖြစ်သွားသေးလဲ ”
တိုက်ဆိုင်မှုဟု ဆိုရမလား၊ လူသည် ကံဇာတာ နိမ့်ချိန်၌ အကုသိုလ်က အလုံးအရင်းလိုက် အကျိုးပေးတတ်လေ၏။
” ဂျွတ် … ဂျွတ် … ”
လမ်းမီးတိုင်သည် တဂျွတ်ဂျွတ်နှင့် အသံမြည်ကာ ဝုန်းခနဲ ကျိုးကျသွားသည်။ လမ်းမီးတိုင် ကျိုးကျသည့်ဘက်သည် ဦးစိန်မောင်၏ ခေါင်းတည့်တည့်ပင် ဖြစ်လေ၏။
ဓာတ်ကြိုးများသည် ပြတ်တောက်ကုန်၏။ လျှပ်စစ်မီး ပြန်လာချိန် ဖြစ်သောကြောင့် ဓာတ်ကြိုးသည် မီးပွားများ ခတ်၍ ဖွာထွက်ကုန်လေ၏။
ဦးစိန်မောင်သည် လွတ်မြောက်လို့ လွတ်မြောက်ငြားဆိုပြီး မြေကျွင်းထဲသို့ ခုန်ချလိုက်၏။ ကံသီစွာ ဓာတ်တိုင် ထိမည့်ဘေးမှ လွတ်သွား၏။
မြေပေါ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးသည် မြွေတကောင်ပမာ တွန့်လိမ် ခုန်ပေါက်လျက်ရှိသည်။
တစုံတယောက်က ကိုင်ဆွဲ တွန်းပို့နေသကဲ့သို့ … ပြတ်တောက်နေသော ဓာတ်ကြိုးသည် မြေကျွင်း ရှိရာသို့ ဦးတည် သွားနေသည်။
မြေကျွင်းမှာ ရေအစိုဓာတ်ကြောင့် လျှပ်စစ်ဓာတ်ကြိုးသာ အထဲကျပါက ဦးစိန်မောင်ရော ၊ မြတ်နိုးပါ အသက်ရှင်နိုင်ဖွယ် မမြင်။
ထိုအခိုက် အိမ်နောက်ဖေး တံခါးကနေ ဘယ်အချိန်က ပြန်ရောက်နေသည် မသိသော ကိုအောင်က လှမ်းအော် ပြောလိုက်သည်။
” မလုပ်နဲ့ သမီးလေး ၊ မလုပ်ပါနဲ့ ။ မင်း ဒီလို ဘဝမှာ ဆက်ပြီး မနေချင်တော့ရင် ဓာတ်ကြိုးကို လွှတ်လိုက်ပါကွယ် ”
ကိုအောင် မြင်နေရသည်က လျှပ်စစ်စီးနေသော ဓာတ်ကြိုးကို တစ္ဆေမလေးက ကိုင်လျက် မြေကျွင်း ရှိရာသို့ သွားနေခြင်း ဖြစ်သည်။
တစ္ဆေမလေးသည် သူမအား သမီးလေးဟု ခေါ်လိုက်သံကြောင့် တုန့်ခနဲ ရပ်သွားပြီး ၊ ကိုအောင်အား လှည့်ကြည့်ရှာသည်။ တစ္ဆေမလေး၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေရာမှ တဖြေးဖြေး အရောင်ဖျော့လာသည်။ ပြီးနောက်တော့ သူမသည် ဒေါသစိတ်ကို လျော့ချလိုက်ဟန်တူပါ၏။ ကိုင်ထားသော ဓာတ်ကြိုးကို လွှတ်ချပစ်လိုက်သည်။ မြေကျွင်းထဲက ဦးစိန်မောင်နှင့် မြတ်နိုးတို့မှာ ထိုအခါမှ သက်ပြင်းကိုချ၍ အသက်ကို ဝအောင် ရှုနိုင်ကြတော့သည်။
ကိုအောင်သည် အိမ်ထဲက မိန်းခလုပ်ကို ပြေးချလိုက်သည်။ မိန်းချလိုက်သဖြင့် လျှပ်စစ်သည် ပြတ်တောက်သွား၏။ ဓာတ်ကြိုးလည်း ထိုအခါမှ ငြိမ်သက်သွားတော့လေ၏။
ကိုအောင်၏ အကူအညီဖြင့် ဦးစိန်မောင်နှင့်မြတ်နိုးတို့ မြေကျွင်းထဲမှ အပေါ်သို့ တက်လာနိုင်သည်။
မြတ်နိုးမှာ ကိုအောင်အား ရဲရဲ မကြည့်ရဲ။ ခေါင်းကိုသာ ငုံ့ထားလေ၏။ ဦးစိန်မောင်ကတော့ ကြောက်လွန်းလို့လား မသိနိုင်။ ဒူးများ တဆတ်ဆတ် တုန်နေလေ၏။
အိမ်ထဲ ရောက်သည့်အခါ ၊ ကိုအောင်က သူတို့နှစ်ဦးကို ရေတခွက်စီ ခပ်တိုက်၏။ စိတ်ငြိမ်လောက်ပြီဆိုမှ၊
သူ မနက်က ယူသွားသော အိတ်ထဲမှ ပလစ်စတစ်ဖြင့် အထပ်ထပ် ရစ်ပတ်ထားသော အထုပ်တထုပ်ကို သူတို့နှစ်ဦး အရှေ့သို့ ချပေးလိုက်ပြီး …
” ခင်ဗျားတို့ တနေကုန် ရှာနေတာ ဒီအထုပ်လား ၊ အထဲမှာ ဘာပါတယ်ဆိုတာ ကျုပ် ပြောပြရအုံးမလား ဦးစိန်မောင်နဲ့ မမြတ်နိုး ”
အထုပ်ကို မြင်လိုက်သည်နှင့် ဦးစိန်မောင်သည် ချက်ချင်း မျက်နှာပျက်သွားတော့သည်။ မမြတ်နိုးကတော့ တသိမ့်သိမ့် ရှိုက်ငိုနေပါ၏။
” အဲ့ဒီ အိတ်ထဲက သန္ဓေသားလောင်းဟာ ခင်ဗျားတို့ နှစ်ယောက် တိတ်တိတ်ပုန်း ညားပြီး ၊ ရလာတဲ့ သန္ဓေသားလောင်း မဟုတ်လား။
ခင်ဗျားတို့ဗျာ သွေးသားဆန္ဒကို ဦးစားပေး၊ ကမြင်းချင်တိုင်း ကမြင်းခဲ့ကြပြီးမှ ၊ အရှက်ကွဲမှာ ကြောက်ပြီး ကလေးကို ရက်ရက်စက်စက် ဖျက်ချပစ်ခဲ့တယ်။
ကျန်းမာရေးမှုးဟောင်း ဖြစ်တဲ့ ဦးစိန်မောင်က ဒီဇာတ်လမ်းကို ကြိုးကိုင်စီမံခဲ့တယ်မဟုတ်လား။ မြတ်နိုးကလဲ ဘာထူးလဲ ။ ဦးစိန်မောင်နဲ့ အလိုတူအလိုပါ ဒီကလေးကို မလိုချင်တာနဲ့ ဖျက်ချပစ်ခဲ့တာပဲလေ။
ပြီးတော့ ခင်ဗျားတို့ လူမဆန်စွာနဲ့ သန္ဓေသားလောင်းကို ပလပ်စတစ်နဲ့ အထပ်ထပ်ပတ်ပြီး ရေကန်အနောက်မှာ တွင်းတူး မြုပ်ခဲ့တယ်။
ရက်စက်လိုက်ကြတာဗျာ၊ ခင်ဗျားတို လူလို့ ခေါ်ထိုက်သေးရဲ့လား။ ကိုယ့်ရင်သွေးအပေါ်မှာ လုပ်ရက်လိုက်ကြတာ။
ဘာဖြစ်လဲ ၊ ကမျင်းကြောထပြီးမှတော့ ကိုယ့်တာဝန် ကိုယ်ယူရမှာပေါ့ ။ ဘာလဲ ရပ်ကွက်က ကဲ့ရဲ့မှာကို ကြောက်ကြတာလား။
ပတ်ဝန်းကျင်ကို အပြစ်မတင်နဲ့။ပတ်ဝန်းကျင်ဆိုတာက မကောင်းတာလုပ်ရင် အပြစ်ပြောမယ်ဆိုတာ ငယ်ရွယ်တဲ့ မြတ်နိုးက မသိနားမလည်လို့ပဲထား ၊ဒီမယ် ဦးစိန်မောင်၊ ခင်ဗျားကြီးက အသက်ကြီးပြီ ကျွင်းနှုတ်ခမ်း ရောက်နေပြီ၊ ခင်ဗျားအသိဉာဏ် အတွေ့အကြုံနဲ့ တားမြစ်ရမယ့်အစား ၊ ခင်ဗျားကိုယ်တိုင်က ဖောက်ပြန်ခဲ့တာပဲ။ အခု ဒီအိမ်မှာ ခြောက်လှန့်နေတဲ့ တစ္ဆေဆိုတာ တခြား ဘယ်သူမှ မဟုတ်ဘူး ။ ဘယ်သူလဲ ခင်ဗျားတို့ သိကြရဲ့လား။
ခင်ဗျားတို့ ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရင်သွေးငယ် သမီးလေးဗျ ၊ သမီးလေး ”
မြတ်နိုး ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။ ဦးစိန်မောင်ကတော့ သူ့အပြစ်တွေ လူသိကုန်ပြီဆိုပြီး ခေါင်းကြီးကို ငုံ့ချထားလေတော့၏။
” ကဲ … ဦးစိန်မောင် ခင်ဗျား ငြင်းအုံးမလား ၊ ခင်ဗျားတို့ ကျုးလွန်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ထားအုံးမလား၊ အသိဉာဏ်နည်းနည်းနဲ့ ဆက်ပြီး ဖုံးကွယ်ငြင်းဆိုနေမယ်ဆိုရင်တော့ ၊ သမီးလေးက ကျေနပ်နိုင်မှာမဟုတ်ဘူး။ သူ့ဒေါသနဲ့ တရားစီရင်မယ်ဆိုရင်တော့ ခုဏက အဖြစ်အပျက်ကို ခင်ဗျားတို့ မမေ့ကြနဲ့ပေါ့။ ကျုပ်သာ အရောက်မမြန်ရင် ခင်ဗျားတို့ ခုချိန် ဓာတ်လိုက် သေနေကြပြီ ”
ထိုအခါ ဦးစိန်မောင်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ၊
“ဟုတ်ပါတယ် မောင်အောင်ရယ်၊ ဦးလေးဟာ အသက်ကြီးပြီး အချိန်မစီးတဲ့ လူ့အန္ဓတယောက်ပါ။
ရိုးသားတဲ့ မြတ်နိုးကိုလဲ ဦးလေးပဲ ဖျားယောင်းသွေးဆောင် ဖျက်ဆီးခဲ့မိပါတယ်။ နောက်တော့ မြတ်နိုးဟာ ဦးလေးကို မလွန်ဆန်နိုင်တာနဲ့ ဦးလေး စီမံတာကို နာခံခဲ့တာပါကွယ်။
ဒီအဖြစ်အပျက်တွေ အားလုံးရဲ့ တရားခံဟာ ဦးလေးပါ ။ ငွေကြေး ကြပ်တည်းနေတဲ့ မြတ်နိုးတို့ သားအမိကို ဦးလေးက အကွက်ချပြီး သိမ်းသွင်း စည်းရုံးခဲ့တာပါ။
ပထမဆုံး ငွေကို အတိုးနည်းနည်းနဲ့ ချေးခဲ့ပါတယ်။ ငွေလုံးငွေရင်း နစ်လာတော့ ၊ သူတို့သားအမိရဲ့ ဒီအိမ်ခြံမြေကို ဦးလေးက အရောင်းအဝယ် စာချုပ်နဲ့ မတရားသိမ်းယူခဲ့ပါတယ်။ သူတို့ခမျာ အိမ်ပေါ်ကနေ လက်လွတ် ဆင်းပေးရမယ့် အခြေအနေ ဖြစ်လာတော့ ၊ ဦးလေးက … မြတ်နိုးကို စည်းရုံး သိမ်းပိုက်ခဲ့ပါတယ်။ လူတွေ မသိအောင် တိတ်တိတ်ပုန်း ညားနေကြတယ်ဆိုပါစို့ကွယ်။ မြတ်နိုးမှာ ကိုယ်ဝန်ရှိလာတော့ ၊ အရှက်တကွဲ အကျိုးနည်းဖြစ်မှာ ကြောက်ပြီး ဦးလေးကိုယ်တိုင် ကိုယ်ဝန်ပျက်ကျအောင် ဆေးဝါးတွေ ပေးခဲ့၊ တိုက်ခဲ့မိပါတယ်။ ကိုယ်ဝန်ပျက်ကျတော့ သန္ဓေသားလောင်းကို အိမ်အနောက်က ရေကန်ဘေးမှာ ဦးလေးကိုယ်တိုင် မြေမြုပ်ခဲ့တာပါ။
ဟူး … ဒါတွေအားလုံးရဲ့ အရင်းအမြစ် တရားခံဟာ ဦးလေးပါပဲကွယ်။ ငြင်းစရာ မရှိပါဘူး။
မကြာမီ အပြင်မှာ ရပ်စောင့်နေသော ရပ်ကွက်လူကြီးနှင့် ရဲတပ်ဖွဲ့အချို့ အိမ်ပေါ်တက်လာကြသည်။ ဒါတွေ အားလုံးကို ကိုအောင်က တနေကုန် လှည့်ပတ် စီမံထားခဲ့ခြင်း ဖြစ်သည်။
သန္ဓေသားလောင်းကို သက်သေအဖြစ် သိမ်းဆည်းသည်။ ဦးစိန်မောင်ကို တရားမဝင် ကိုယ်ဝန်ဖျက်ချရာတွင် ကူညီအားပေးမှု ဖြင့် ဖမ်းဆီးသည်။ မြတ်နိုးကို ကိုယ်ဝန်ဖျက်ချသည့် မိခင် အဖြစ် ဖမ်းသည်။ မကြာမီ သူတို့နှစ်ဦးကို လက်ထိတ်တခုတည်းဖြင့် တွဲလျက် ခတ်၍ ရဲစခန်းဆီသို့ ဖမ်းဆီး ခေါ်ဆောင်သွားလေ၏။
______
(ဇာတ်သိမ်း)
အဝတ်အစားတွေ သိမ်းဆည်း ထုပ်ပိုးပြီးနောက် ၊ အိမ်ရှေ့ကို ထွက်လာခဲ့သည်။ မကြာမီ သူ ဖုန်းဆက်ခေါ်ထားသော အငှားကားသည် ရောက်လာတော့မည် ဖြစ်သည်။
အိမ်တံခါးကို သော့ခတ်၍ အနောက်ဖက်အိမ်က ဒေါ်အမာထံ သွားပို့လိုက်သည်။
ခြံရှေ့တံခါးဝမှာ အထုပ်အပိုးတွေနဲ့ ကားစောင့်ရင်း ပျဉ်ထောင်အိမ်လေးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက် ငေးမောလိုက်သည်။
ပျဉ်ထောင်အိမ်လေးသည် ပကတိ ငြိမ်သက်နေ၏။ သူ့အား နုတ်ဆက်မည့် တစ္ဆေမလေးလည်း မရှိတော့ဘူးမဟုတ်လား။
သူ ဒီအိမ်က မထွက်ခွာမီ ၃ရက်ခန့်က ရွှေဒါး ပရိယတ္တိစာသင်ကျောင်းက ဆရာတော်နှင့် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့သည်။ ထီး၊သင်္ကန်း၊သပိတ်တို့ကို အပါးစေ့ ကပ်လှုခဲ့သည်။
သူ၏ ကုသိုလ် အစုစုကို အိမ်နောက်ဖေးက တစ္ဆေမလေးအား ခေါ်ယူ၍ ကုသိုလ်အမျှ ပေးဝေခဲ့သည်။
ထိုနေ့က သူ့အိမ်လေးထဲတွင် သင်းပျံ့သော ကလေးပေါင်ဒါရနံ့လေး နေရာအနှံ့ မွှေးကြိုင်နေခဲ့သည်။
ကိုအောင် သိလိုက်ပါပြီ။ တစ္ဆေမလေးသည် ယခုရောက်နေသော ဘုံဘဝ ထက် သာလွန်မြင့်မြတ်နေရာသို့ ရောက်သွား၍သာ မွှေးပျံ့သော ရနံ့ဖြင့် နှုတ်ဆက် သွားခြင်း ဖြစ်လိမ့်မည်။
ဘာပဲ ပြောပြော သူ မမြင်နိုင်ပေမယ့် တစ္ဆေမလေးအတွက် ဝမ်းသာကြည်နူးမိသည်။ မနက်က ရေကန်နံဘေးမှာ သူ ဈေးကဝယ်လာခဲ့သော တက်ဒီဝက်ဝံမွှေးပွရုပ်ကလေး ချထားပေးခဲ့သည်။ထိုအရုပ်ကလေးသည် သူ၏ နောက်ဆုံး လက်ဆောင် ဖြစ်ပါ၏။
ဝက်ဝံရုပ် လက်ဆောင်ပေးရင်း၊
” သမီးလေးရေ … ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမျိုး မကြုံတွေ့ပါစေနဲ့တော့လို့ ဦး ဆုတောင်းပေးခဲ့ပါတယ်နော်၊နောက်ဘဝကျရင် သမီးကို သိပ်ချစ်ကြတဲ့ မိဘများနဲ့သာ ကြုံတွေ့ပါစေကွယ် ”
မကြာမီ အငှားကားသည် အိမ်ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။ သူ အထုပ်အပိုးတွေကို ကားနောက်ခန်းတွင် တင်လိုက်သည်။
အထုပ်တခုသည် တင်ရင်းနှင့် ပြေကျသွားလေ၏။ ထိုအထုပ်ထဲမှ အရုပ်တခု ထွက်ကျလာသည်။
” ဟင်! တက်ဒီဝက်ဝံရုပ်ကလေး ”
သူ အရမ်း အံဩသွားသည်။ ဒီအရုပ်ကလေးက သူ ဈေးမှ ဝယ်လာခဲ့သော တစ္ဆေမလေးအား ပေးခဲ့သည့် လက်ဆောင်အရုပ်လေးမဟုတ်လား။
ဘယ်လိုလုပ် အထုပ်ထဲ ပြန်ပါလာခဲ့သလဲ။
သူ ပျဉ်ထောင်အိမ်လေး ရှိရာသို့ ပြန်လှည့်ကြည့်လိုက်သည်။ ပျဉ်ထောင်အိမ်လေးသည် ငြိမ်သက်တိတ်ဆိတ်လျက်ပင်။
နောက်ဆုံးတွင် သူ အရုပ်ကလေးကို အထုပ်ထဲ ပြန်မထည့်တော့ပဲ ၊ ရင်ခွင်ထဲပိုက်ကာ ကားရှေ့ခန်းသို့ ဝင်ထိုင်လိုက်၏။
ကားသမားက သူ့အား တအံတဩ ကြည့်သည်။ အသက်၃၀ကျော်အရွယ် ဤလူကြီးက ကလေးကစားစရာ အရုပ်လေးကို ရင်ခွင်ပိုက်လာသောကြောင့် အထူးအဆန်း ဖြစ်နေ၏။
သူက ကားဆရာကို ပြုံးပြရင်း …
” ဒါ ကျွန်တော့ သမီးလေးပါဗျာ ”
ဟုဆိုလိုက်တော့ ကားဆရာက ဘာမှ ပြန်မပြော ၊ သဘောကျနှစ်ခြိုက်စွာ ပြုံးရင်း ကားကို မောင်းထွက်လိုက်သည်။
သူ၏ စိတ်ထဲတွင် အရုပ်ကလေးကို ပွတ်သပ်ပေးရင်း …
” လိုက်ချင်တယ်ဆိုမှတော့ ခေါ်ရမှာပေါ့ သမီးရယ် ” ဟုသာ တီးတိုးရေရွတ်လိုက်မိတော့သည်။
ကားစထွက်လာကတည်းက သူရော ကားဆရာရော သတိထားမိတာ တခု ရှိ၏။ အဲ့ဒါကတော့ ကားအတွင်းခန်းသည် ကလေးပေါင်ဒါရနံ့လေး သင်းသင်းမွှေးနေခြင်းပင်။

ပြီးပါပြီ။

ပီပီ(မန္တလေး)
#crd