ရုံးခန်းထဲကရယ်သံ(စ/ဆုံး)
————————-
ဤ ဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။
ဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်၏ အမည်နာမ များကို လွှဲပြောင်းရေးဖွဲ့ထားပါသည်။
ဆရာမလေး သီရိသည် လက်မှ အပြောင်းအရွှေ့ order စာရွက်လေးအားကြည့်၍ ပြုံးေနလေသည်။
သီရိ လက်ရှိ တာဝန်ထမ်းဆောင်နေသော ရွာကလေးသည် တောင်ပေါ်ဒေသ ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး အင်မတန်မှ ခက်ခဲသောကြောင့် အဆင်မပြေမှု များစွာဖြင့် ကြုံတွေ့ ခဲ့ရလေသည်။
ထိုဒေသလေး တွင် နှစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုတော့ မိမိနေထိုင်ရာ ဇာတိမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ခွင့် ရပြီဖြစ်သောကြောင့် သီရိ အင်မတန်မှ ပျော်ရွှင်နေမိလေသည်။
ထိုကျောင်း ကို မြို့လေး၏ မည်သည့် ရပ်ကွက်တွင်ရှိသည်ကိုကား မသ်ိရသေးပေ။
သို့သော် ဤကား အကြောင်းမဆန်းချေ။
မြ်ို့ပေါ် ဆိုမှဖြင့် မည်သည့်ကျောင်းဖြစ်နေပါစေ သီရိအတွက် သွားလာရေး မခက်ခဲတော့ချေ။
” ဆရာမကြီး သမီးမြို့ပေါ် ပြောင်းရတော့မယ်… ဒီရွာလေးမှာ ဆရာမကြီးနဲ့ အတူ တာဝန်ထမ်းဆောင်ရတာ တစ်သက်မမေ့ပါဘူး… စိတ်ထားကောင်းပြီး အမေရင်းလို စောင့်ရှောက်ပေးတဲ့ ဆရာမကြီးကို သမီး အမြဲ ရိုသေ.. သတိရနေမှာပါ ” ဟု ဆိုကာ ထိုရွာလေး၏ ကျောင်းအုပ်ဆရာမကြီးအား သီရိ နှုတ်ဆက်ကတော့လိုက်တော့ ဆရာမကြီးက မျက်ရည်များဖြင့် ဆုများပေးရှာလေသည်။
သီရိ စိတ်မကောင်းဖြစ်မိသော်လည်း မတတ်နိုင်ချေ။
ဝန်ထမ်းဆိုသည်ကား ကျရာနေရာ တွင်တာဝန်ထမ်းဆောင်ရပြီး ပြောင်းရရွှေ့ကြရသည်မှာ အစဥ်အလာတစ်ရပ်ကဲ့ သို့ဖြစ်နေပြီမို့ တွေ့ဆုံကြုံကွဲ ဓမ္မတာတရား ကို ဝန်ထမ်းတိုင်း ကြုံဖူးနေကျမို့ သိပ်တော့ မဆန်းပါချေ။
ဆရာမလေး သီရိ၏ ပစ္စည်းများ တင်ထားသော ထော်လာဂျီ လေးသည် ထိုရွာလေးအား ကျောခိုင်းကာ တဒုတ်ဒုတ်ဖြင့် ခုတ်မောင်းလေပြီ။
ဆရာမကြီး နှင့် ကျောင်းသူကျောင်းသား လေးများသည် မျက်ရည်များဖြင့် သီရိတ်ို့၏ ထော်လဂျီလေးအား အဝေးရောက်သည်အထိ လက်ပြနှုတ်ဆက်ကြလေသည်။
သီရိလည်း မျက်ရည်များဖြင့် ဆရာမကြီးနှင့် တပည့်လေးများအား အဝေးရောက်သည်အထိ လက်ပြနှုတ်ဆက်ရင်း စိတ်မကောင်းဖြစ်နေတော့သည်။
ထိုရွာလေးမှ အိမ်သို့ပြန်ရောက်ပြီးသောအခါ ဆရာမလေး သီရိတစ်ယောက် အနားမယူအားသေးပေ။
အပြောင်းအရွှေ့ order ဖြင့် မြို့နယ်ရုံးသို့ သွားရောက်အကြောင်းကြား ရပြန်သည်။
မိမိတာဝန်ကျရာကျောင်းသည် မည်သည့် အရပ်၌ ရှိသည်ကိုလည်း အပြေးအလွှား စုံစမ်းရသည်။
ယခုတာဝန့်ကျရာ ကျောင်းအုပ်ကြီးနှင့်လည်း တွေ့ဆုံကာ အလုပ်ဝင်ရောက်ကြောင်း သတင်းပို့ရလေသည်။
ဝန်ထမ်းတစ်ဦး ပြောင်းရရွေ့ရသည်မှာ မလွယ်ကူလှချေ။
ရုံးသို့ သွားလိုက် တာဝန်ကျရာ နေရာ၏ အကြီးအကဲဖြင့် တွေ့ဆုံရသည့် အပြင် လက်ရှိ တာဝန်ထမ်းဆောင်မည့် နေရာတွင် အဆင်ပြေရန် အစည်းအဝေး တက်ရောက်ကာ သင်ပြမည့် ဘာသာရပ်များ အချိန်ဇယားများ ညှိရနှိုင်းရ ဖြင့် အလွန်အလုပ်ရှုပ်လေသည်။
” ဒါဆို သမီးမနက်ဖြန် ကစပြီး ကျောင်းတက်နိုင်မလား.. ဝန်ထမ်းအင်အားက မလုံလောက်တော့ ကလေးတွေကလဲ စာနောက်ကျနေတာဆိုတော့.. ဆရာမလေး အလုပ်စောစောဝင်လေ ကောင်းလေပဲ… လကုန်ရင် အခန်းဆုံးစစ်ဆေးခြင်းတွေကလည်း ရှိတော့ သင်ခန်းစာ လေး မီအောင်ပေါ့ ဆရာမလေး ” ဟု ဆရာမကြီးက တောင်းဆိုရာ ”
ရပါတယ် ဆရာမကြီး ကျမ မနက်ဖြန် ပဲ အလုပ်စဝင်လိုက်ပါ့မယ် ” ဟု ကတိပေးပြီး သီရိ အိမ်ပြန်ခဲ့ တော့သည်။
သီရိ အိမ်ပြန်ရောက်တော့ အမေက ” သမီးအဆင်ပြေလား… ကျောင်းအုပ်ကြီးနဲ့ ရောတွေ့ ခဲ့လား… ဘယ်နေ့ အလုပ်စဝင်ရမှာလဲ ” ဟု မေးလေရာ
” ဟုတ်အမေ အဆင်ပြေပါတယ်.. ဆရာမကြီးကလည်းသဘောကောင်းပါတယ် အမေ.. နက်ဖြန်ပဲ အလုပ်စဝင်ရမယ်… ကလေးတွေ သင်ခန်းစာ တွေ နောက်ကျနေလို့တဲ့ အမေ” ဟု ဆိုရင်း ရေတစ်ခွက်ကို မော့သောက်လိုက်သည်။
” ဟင်တစ်ရက်လေးတောင် အိမ်မှာမနားတော့ဘူးလား… ပင်ပန်းလိုက်တာသမီးရယ်.. နက်ဖြန်တစ်ရက်လောက် အိမ်မှာ အေးဆေးနားပြီးမှ နောက်ရက်မှ အလုပ်စဝင်တာ မဟုတ်ဘူး… ငါ့သမီး ပင်ပန်းနေမှာ စိုးလို့ပါ ” ဟုပြောရင်း အမေက သီရိအား ဂရုနာသက်စွာ ကြည့်လေသည်။
” နေပါစေအမေရယ် ကျောင်းပိတ်ရက်မှပဲ အေးဆေး နားတော့မယ်… ကလေးတွေက စာနောက်ကျနေတော့ တစ်ရက်လဲ တစ်ရက် သင်ခန်းစာ ပြီးအောင်ပေါ့… ” ခုသမီး အရမ်းပင်ပန်းနေလို့ နားတော့မယ် အမေ ဟု ဆိုရင်း အခန်းထဲ ဝင်သွားေလသည်။
သီရိမိခင်လည်း သမီးလေး မိမိ တို့မျက်စိရှေ့ မှာတင် ကျောင်းတက်ရတော့ မည်ကို တွေးရင်း ကျေနပ်လျှက် ရှိလေသည်။
ဆရာမ သီရိလေးအား ကျောင်းသားကျောင်းသူများနှင့် ဆရာမကြီးက ကျောင်းစုဝေးးပွဲတွင် မိတ်ဆက်ပေးလေသည်။
” ဒါက အခုမင်းတို့ကို စာသင်ပေးမယ့် ဆရာမအသစ် ဒေါ်သီရိပဲ… ဆရာမပြောစကားကို နားထောင်ကြ…. ဆရာမလေး စာသင်ရင် သေချာဂရုစ်ိုက်ကြပါ ” ဟု ဆိုရာ ကလေးများက ” ဟုတ်ကဲ့ ပါ ဆရာမကြီး ” ဟု တစ်ပြိုင်တည်း ဖြေကြလေသည်။
ဆရာမသီရိလေးသည် ထိုကျောင်းတွင် ရှိသော ဆရာမအားလုံးထက် အသက်ငယ်ကာ
ကျက်သရေ ရှိသော အသွင်အပြင်ကြောင့် ကလေးများက ဆရာမလေး သီရိအား အထူးစိတ်ဝင်စားကာ နှစ်သက်နေကြသည့် အမူအယာ ဖြင့် ကြိုကြလေသည်။
ကလေး များသည် အသစ်အဆန်းများအား စိတ်ဝင်စားသောကြောင့် ဆရာမလေး သီရိအပေါ် စိတ်ဝင်စား စူးစမ်းလိုကြသည်မှာ အဆန်းတော့ မဟုတ်ချေ။
ဆရာမလေး သီရိ သည် ထိုမြို့ရှိ မိမိအိမ်နှင့် ရပ်ကွက်ကြီး နှစ်ခုခြားသော ကျောင်းလေး၌ တာဝန်ထမ်းဆောင်လျှက်ရှိရာ တစ်လကျော် ကြာလာပြီ ဖြစ်လေသည်။
သွက်လက်၍ ပျော်ပျော်နေတတ်သော သီရိသည် ထိုကျောင်းမှ ဆရာမများနှင့် ညီအစ်မကဲ့သို့ ရင်းနှီးနေပြီ ဖြစ်လေသည်။
တစ်နေ့ ကျောင်းအားလပ်ချိန်၌ သီရိနှင့် မဝါတို့ထွေရာလေးပါး စကားစမြည်ပြောနေကြလေသည်။
” မဝါ ဒီကျောင်းက အရင်က ရေကန်ကြီးကို ပြန်ဖို့ပြီးဆောက်ထား တာဆိုဟုတ်လား… အပေါ်ထပ်ရုံးခန်းထဲ မဝါတို့ ဘာလို့ သိပ်မနေကြတာလဲ… ” ဟုမေးရာ မဝါက ” နင်သိလား သီရိ…. အေးလေ နင်က ခုမှ ေပြာင်းလာခါစ ဆိုတော့ ဘယ်သိမလဲ… ဒီကျောင်းက အရင်က ရေကန်ဟောင်း ဆိုတော့ နတ်စိမ်းတွေ ရှိတယ်တဲ့… အပေါထပ်ရုံးခန်းကလဲ.. သရဲခြောက်တယ် ပြောတယ်… တစ်ခါတစ်ရံ အဖြူရိပ်ကြီး ရုံးခန်းထဲ ဝင်သွားတာ တွေ့လိုက်ရတယ်လို့ ပြောင်းသွားတဲ့ ဆရာမ တွေ ပြောပြဖူးတယ်… ငါကတော့ မတွေ့ဖူးပါဘူး… ” ဟု တိုးတိုးဆိုလေသည်။
သီရိလည်း မဝါအား ပုခုံးလေး တွန့်ပြပြီး ဘာ စကားမှ ဆက်မဆိုမိချေ။
သီရိ တို့ကျောင်းသည် ဝန်ထမ်းဦးရေ အလွန်နည်း သောကြောင့် ဆရာမများ နားချိန်မှာ တစ်ဦးစီသာ နားကြရလေသည်။
တစ်ဦးက off ချိန်ဆိုလျှင် ကျန်ဆရာမများ အားလုံးက အတန်းဝင်နေကြရလေသည်။
ထိုအခါမျိုးတွင် ကျန်ဆရာမများက သူတို့၏ နားချိန်လေးအား ကျောင်း၏ မုန့်ရောင်းသော ဆိုင်လေးတွင်သာ နားကြလေသည်။
သူတို့ အားလုံးက ကျောင်းစျေး အလှည့်ကျ ရောင်းကြလေသည်။
သီရိကတော့ ကျောင်းစျေး မရောင်းပေ။
ထို့ကြောင့် ကျောင်းစျေး ဆိုင်လေးသည်လည်း သီရိနှင့် သိပ်မရင်းနှီးသော နေရာလေး ဖြစ်နေသောကြောင့် သီရိ၏ အားလပ်ချိန်များကို ရုံးခန်းထဲ ၌ သာ အချိန်ကုန်လွန်စေသည်။
အားလပ်ချိန်ဟု ဆိုသော်လည်း ထိုအချိန်လေး ၌ ကလေးစာအုပ်များအား စစ်ဆေးရ… နေ့စဥ် မှတ်တမ်း… သင်နည်း မှတ်စုများအား ရေးရ… သင်ခန်းစာ ကြိုတင် ဖတ်ရှုလေ့ လာရသော အလုပ်များ ကို လုပ်နေရသည်သာ ဖြစ်သည်။
ထိုကျောင်း၌ မကြာမီ အထွေထွေ ဝန်ထမ်း မအေး ဆိုသူ ရောက်ရှိလာရာ မအေးနှင့် သီရိ တို့သည် ရုံးခန်းထဲ ၌ အဖော်ရလျှက်ရှိ သည်။
သို့သော်လည်း ဝန်ထမ်းအင်အား နည်းသည်မို့ အထွေထွေ ဆရာမလေး မအေး သည်လည်း ဆရာမ တစ်ဦးဦး ကျောင်းမလာလျှင် အစားထိုး အတန်းဝင်ပေးရ.လေသည်။
မအေးသည် သီရိထက် အသက်ငယ်လေသည်။
ကျောင်းအုပ်ဆရာမကြီးကား ဆီးချိုသွေး ချို ရောဂါ ရှိ၍ သိပ်ကျန်းမာရေး မကောင်းချေ။
ဆရာမကြီးသည်. ရုံးခန်း၏ အောက်ထပ် အခန်း၌ နေထိုင်လေသည်။
ရုံးမှ တောင်းသော များမြောင်လှသော စာရင်းဇယားများအား မအေးက ကူပေးရသည်မို့ မအေးသည် အားလပ်သည်နှင့် ဆရာမကြီး အခန်း၌ သာ အချိန်ကုန်ဆုံးသည်က များလေသည်။
ထို့ကြောင့် ရုံးခန်းသည် များသော အားဖြင့် ပိတ်ထားကာ သီရိအားလပ်ချိန်လေး ၌သာ ရုံးခန်းတံခါး ဖွင့်ကာ လူရှိသည်ဟု ဆိုရပေမည်။
ရုံးခန်းဘေး ၌ စာသင်ခန်း နှစ်ခန်း ရှိသောကြောင့် ရုံးခန်း၌ လူမရှိသော်လည်း ေဘး စာသင်ခန်းမှ ကလေးများ၏ အသံဖြင့် ဝေဆာလျှက် ရှိလေသည်။
တစ်နေ့ မအေးသည် ရုံးခန်းထဲ ရှိ ဗီဒိုထဲ၌ လ်ိုအပ်သော စာရွက်စာတန်းများအား ရှာဖွေလျှက် ရှိစဥ် သီရိလည်း off ချိန်မို့ ရုံးခန်းထဲ သို့ ဝင်လာလေသည်။
” ညီမလေး အေးရေ အလုပ်ရှုပ်နေတာလား..” ဟုမေးရာ ” ဟုပ်ပ… ရုံးက ဘယ်နှစ်ခုနှစ်က စာရင်းတွေ တောင်းနေမှန်း မသိဘူး… စာရင်းဟောင်းတွေ ရှာနေတာ ” ဟု ဆိုလေသည်။
“အမလေး ငါ့ညီမ က အထွေထွေ ရာထူးသာ ပြောတာ ကုလသမ္မဂ္ဂ အတွင်းရေးမှူး နီးနီး အလုပ်ရှုပ်နေပါလား ” ဟု စနောက်လေရာ
” အဟီး..ဟီး… အဟက် ဟက် ဟက် ” ဟူသော ခြောက်ကပ်ကပ်ရယ်သံ ကြီးအား ကြားလိုက်ရလေသည်။
သီရိလည်း ထိုရယ်သံကြီးအား ကြားလိုက်ရလျှင်.. ဟင်.. ဟုပင် အာမေဋိတ် သံထွက်သွားလေသည်။
” မအေးရယ် ဘယ်လိုရယ်သံ ကြီး နဲ့ များ ရယ်နေတာလဲ ” ဟု သီရိက လှမ်းမေးရာ
” မအေးက အံ့သြသော အကြည့်ဖြင့် စာရင်းများ ရှာနေရာမှ သီရိအား လှည့်ကြည့်ပြီး.. မမ.. ကျမမရယ်ဘူးနော်… ဘာရယ်သံမှလည်း မကြားဘူး.. စာရင်း စာရွက်တွေ မတွေ့လို့ စိတ်ညစ်နေတာ… မနောက်နဲ့နော် မမ… ညီမက ကြောက်တတ်တယ်” ဟု မျက်နှာငယ်လေး ဖြင့် ဆိုရှာလေသည်။
ဟုတ်ပါသည်… မအေးမျက်နှာသည် အလွန်စိတ်ရှုပ်ဟန် ဖြစ်နေလေရာ သီရိ လည်း ကြောင် ပင် ကြောင်သွားလေသည်။
သီရိ ထိုင်နေရာ နေရာနှင့် ရုံးခန်းဗီဒိုရှိရာ နေရာသည် အရှေ့ ထပ်နှင့် အနောက်ထပ် ဖြစ်ကာ ကြားတွင် ၁၅ပေ ခန့် ဝေးသည်ဟု ဆိုရပေမည်။
သီရိကြားရသော ရယ်သံသည် သီရိ၏ ဘေး ဘက် အတော်နီးနီးမှ ကြားရသော အသံဖြစ်လေသည်။
သီရိလည်း မအေးကြောက်မည် စိုးသောကြောင့် ” အေး ဟိုဘက်ခန်းက ကလေးတွေ ရယ်နေတာနေမှာ.. အစ်မ နားကြားမှားတာ ” ဟုသာ ပြန်ပြောလိုက်ရသော်လည်း… ထိုအသံ ကြီးသည် လူကြီးတစ်ဦး၏ အာဂေါင်ခြစ်ကာ ခြောက်ကပ်ကပ် ရယ်သံ ကြီးမှန်း သီရိတစ်ဦးသာ သိပါသည်။
သီရိဘဝ၌ ဤမျှ ခြောက်ကပ် ကွဲအက်နေသော ရယ်သံမျိုး မကြားဖူးချေ ။
နေ့ခင်းကြောင်တောင် လူရှိရက်နှင့် ဤသို့ ဆိုလျှင် ညအချိန်၌ မည်သို့ များ ဖြစ်နေမည်နည်းဟု စဥ်းစားရင်း” မဝါပြောတာ မှန်နေမလားပဲ… ဒီရုံးခန်းထဲ မှာ သရဲ ရှိတယ်ဆိုတာ ” ဟု စိတ်ထဲမှ တွေးလိုက်မိလေသည်။
ဤ ကျောင်း၏ ယခင်က အတိတ်သမိုင်းကိုလည်း သီရိသိရှိလိုလှပေသည်။
ဤကျောင်း ရှိရာ ရပ်ကွက်ထဲ၌ သီရိ၏ ငယ်သူငယ်ချင်း တစ်ဦး ရှိသည်။
သူသည် သီရိနှင့် ညီအစ်မလို ချစ်ခင်ကာ အလွန် သဘောကောင်းသူလည်း ဖြစ်သည်။
သူသည် ငယ်စဥ် ကလေး ဘဝကတည်းက ထိုရပ်ကွက်လေး ထဲ၌ ကြီးပြင်းလာသူမို့ ဤ ကျောင်းအကြောင်းကို ကောင်းကောင်းသိပေလိမ့်မည်။
ကျောင်းပိတ်ရက် တစ်ရက်တော့ သူ့ထံ သွားတွေ့ရဦးမည်ဟု သီရိ တွေးထားလိုက်သည်။
သီရိကား ယခင်တာဝန်ကျရာ ကျောင်းများ၌ လည်း ပရလောကသားများနှင့် ရင်ဆိုင်ရဖူး သူမို့ သိပ်တော့ မကြောက်တတ်ပေ။
နောက်ရက်တော့ ကလေးများ အား ထူးချွန်ပြိုင်ပွဲ အတွက်လေ့ကျင့်ပေးရ.. အခန်းဆုံးစစ်ဆေးခြင်းများ နှင့် အလုပ်ရှုပ်လျှက်ရှိရာ သီရိ ရုံးခန်းကိစ္စအား သတိမရအားပေ။
ထိုနေ့ သီရိ အပေါ်ထပ် စာသင်ခန်းတစ်ခန်း၌ စာသင်နေစဥ် ကလေး နှစ်ဦး အောက်သွားချင်သည်ဟု ခွင့်တောင်းသဖြင့် ခွင့်ပေးလိုက်လေသည်။
ထိုစာသင်ခန်း ထဲမှ ကလေးနှစ်ဦး ထွက်ပြီး အောက်ဆင်းစဥ် ကလေးတစ်ဦးက လှေကားပေါ်မှ ပြုတ်ကျလေသည်။
သီရိလည်း အမြန်ပြေးထွက်ကာ ကလေးအား ပြေးထူရလေသည်။
ကျန်တစ်ဦးမှာလဲ ကြောင်တောင်တောင်ဖြင့် ထိတ်လန့်နေဟန်ရှိလေသည်။
” သားရယ်..ဘယ်လိုဖြစ်တာလဲ လှေကားက ဆင်းတာ ကောင်းကောင်းဆင်းမှပေါ့…ခုတော့ ကျပြီ ” ဟုဆိုရာ ထိုကလေးက ငိုမဲ့မဲ့ မျက်နှာဖြင့် ” သားကို နောက်ကတွန်းချတာ ဆရာမ… သားအာ့ကြောင့် ပြုတ်ကျတာ ” ဟုဆိုရာ ကျန်ကလေးတစ်ယောက်က ” သားမတွန်းချဘူးဆရာမ… သားတစ်ကယ် မတွန်းချဘူး… သူ ရုတ်တရက် ရှေ့ထိုးပြီး ပြုတ်ကျတာ ” ဟု အကြောက်အကန်ငြင်းလေသည်။
ကလေးသည် လက်အလွန်နာကျင်နေဟန် ရှိလေသည်။
ဆရာမကြီးနှင့် ကျန်ဆရာမများလည်း ပြာယာခတ်လျှက်ရှိလေသည်။
သီရိလည်းထိုကလေးအား ဆိုင်ကယ်ဖြင့် တင်ကာ ဆရာမ မဝါနှင့် အတူ ဆေးခန်းသို့ လိုက်ပို့ပေးကြရလေတော့သည်။
ဆေးခန်းသို့ရောက်သောအခါ ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးအက်သွားသည်ဟု သိလိုက်ရသည်။
ကလေးလက်အား ပတ်တီးစည်းကာ ကလေးမိဘများထံ အကျိုးအကြောင်း ပြောကာ အပ်နှံရသေးသည်။
ကလေး မိဘများက ဆင်းရဲ ရှာသောကြောင့် ဆေးဖိုးငွေကို သီရိပဲ ကုန်ကျခံကာ ကလေးမိဘများအားလည်း သုံးစွဲရန် ငွေတစ်သောင်း လှူခဲ့ သေးသည်။
ကလေး မိဘ အိမ်မှ အပြန် မဝါက ” သီရိရေ မမြင်ရတဲ့ ပရလောက သားတွေကများ တွန်းချသလား မသိဘူး… မနှစ်ကလဲ ကလေးတစ်ယောက် လှေကားပေါ်က ပြုတ်ကျပြီး ခေါင်းကွဲ သွားတယ်… အာ့ ကလေးတုန်းကလည်း နောက်ကတစ်ယောက်ယောက် တွန်းလိုက်တာလို့ ပြောတယ်”ဟု ဆိုလေသည်။
“မမတို့ ဒီကျောင်းမှာ ပရိတ်တွေ ဘာတွေ မရွတ်ကြဘူးလား.”.. ဟုမေးရာ ” ဟင့်အင်း တစ်ခါမှ မရွတ်ဘူး” ဟု ပြန်ပြောလေရာ သီရိ သက်မရှည်ကြီးအား ဟူးခနဲ ချလိုက်မိသည်။
နက်ဖြန်စနေနေ့မို့ သူငယ်ချင်းထံ ဤကျောင်းအကြောင်း စုံစမ်းရမည်။
နောက်မှ ကျောင်းအုပ်ကြီးနှင့် တိုင်ပင်ကာ ဘုန်းကြီးပင့်ကာ အန္တရာယ်ကင်းတရားနာ.. ကမ္မဝါ ဖတ်ရန်လည်း ပြုလုပ်မှရပေမည်။
ရေကန်ဟောင်း မို့ အစောင့်အရှောက်များ က နှောင့်ယှက်သည်လည်း ဖြစ်နိုင်သည်။
ရုံးခန်းထဲက ရယ်သံ ပိုင်ရှင်လည်း ဖြစ်နိုင်သည် မဟုတ်လား။
စနေနေ့ကျောင်းပိတ်ရက်မို့ သီရိ သူငယ်ချင်းဖြစ်သူ နန်းလုံ ဆီ ရောက်ခဲ့တော့သည်။
” နန်းလုံ ရေ.. သူယ်ချင်း… ဘာတွေလုပ်နေတာလဲ ဟေ့ ” ဟု အော်ရင်း နန်းလုံ အိမ်ထဲ ဝင်သွားရာ ” အမေလေး. ဆရာမကြီး သီရိ ခုမှပေါ်လာတယ်… ငါ့ရပ်ကွက်ထဲက ကျောင်းမှာ တာဝန်ကျတာတောင် ဝင်လည်ဖော်မရဘူး… လာ လာ ငါလည်း ပျင်းလို့ ဧည့်သည်မျှော်နေတာ… နေဦး လက်ဖက်သုပ်လိုက်ဦးမယ်… အရင်လို ချဥ်ငံစပ်လေး သုပ်လိုက်မယ်ဟေ့… ” ဟု အားရဝမ်းသာ ကြိုလေသည်။
အေး ငါလည်း ခရမ်းချဥ်သီး ညှပ်ကူမယ် လက်ဖက်သုပ်လေး စားရင်း စကားပြောကြတာပေါ့ ဟု ပြောရင်း နန်းလုံ ခါးအားဖက်ခါ သူငယ်ချင်းနှစ်ယောက် မီးဖိုချောင်ထဲ ဝင်ကြလေသည်။
“ရော့ စားဟေ့ သီရိရေ… ထမင်းလေးပါ ထည့်လိုက်ဦးမယ်… ငါ့သူငယ်ချင်း ပိန်နေမှာ စိုးလို့ ” ဟု ဆိုရင်း နှစ်ယောက်သား တဟားဟား ရယ်မိကြလေသည်။
တက္ကသိုလ် တက်ကတည်းက နှစ်ယောက်သား အစားအသောက် ညီခဲ့သော သူငယ်ချင်းများ လည်း ဖြစ်လေသည်။
လက်ဖက်သုပ်စားရင်း ” နန်းလုံ.. ငါမေးစရာရှိလို့… ငါ့ကျောင်းက သရဲခြောက်တယ် ဟ… ” ဆိုရင်း မဝါက ရေကန်ဟောင်းမို့ နတ်စိမ်းများ ရှိတယ်ဟု ဆိုကြောင်း နှင့် ရုံးခန်းထဲက ရယ်သံ အကြောင်းအပါအဝင် ကျောင်းသားတစ်ဦး လှေကားပေါ်မှ ကျကြောင်း များကိုပါ ပြောပြလေသည်။
ထိုအခါ နန်းလုံက ” ဒါပဲလား ဟ… ငါအဲ့ဒီကျောင်းအကြောင်းပြောပြမယ်.. ” ဟု ဆိုရင်း အောက်ပါအတိုင်း အစချီ ပြောပြလေသည်။
အဲဒီကျောင်းလေးနေရာမှာ ဂျပန်ခေတ်က အဲ ဆေးရုံကြီး ရှိခဲ့ဖူးတယ်။
အဲဒီအဆောက်အဦးကြီး ပျက်စီးသွားပြီး သရဲခြောက်လို့ အဲဒီနေရာ ဟာ မြေဆိုးကြီး အဖြစ်ရှိခဲ့တယ်လို့ ငါ့အဖွားက ပြောပြဖူးတယ်။
အဲဒီနေရာဟာ ချိုင့်ကြီး မို့ နောက်ပိုင်း မိုးရေတွေ ဝင်ရင်း ရေကန်ကြီး ဖြစ်လာတာပေါ့…
အဲဒီကန်မှာ ဘဲကျောင်းသားတွေ က ဘဲတွေ ကျောင်းကြလို့ ဘဲကန်ဆိုပြီး နာမည်ကြီးတယ်။
အဲဒီကန်ကြီးမှာ ရေသွားကူးရင်း ရေနစ်သေကြတာလဲ မနည်းဘူးပဲ။
ရေက သိပ်မနက်ပေမဲ့ လူစားတယ်ပဲ ဆိုရမှာပေါ့။
လူအသေအပျောက်များ လို့ အဲဒီကန်ကြီးကို နောက်ပိုင်း ဘဲတွေတောင်မကျောင်းကြတော့ဘူး။
နောက်ပိုင်း အဲ့ဒီကန်ကြီးကို မြေဖို့ ပြီး စာသင်ကျောင်း ဆောက်လိုက်ကြတယ်။
ငါ့ဦးလေး ကိုယ်တွေ့ ကြုံတာလေး ပြောပြဦးမယ်။
ငါ့ဦးလေး မူလတန်း ကျောင်းသားဘဝက ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲ မှာ ပါတော့ ကလေးတွေကို ကန့်သွင်းပြီး လေ့ကျင့်ပေးတာပေါ့ ။
အဲတော့ ခု နင်တာဝန်ကျတဲ့ ကျောင်းက အသစ် ဆောက်လုပ်ပြီးခါစ လေ။
ကလေးတွေကို အဲ့ဒီကျောင်းမှာ ညအိပ်ပြီး ဘောလုံးလေ့ကျင့်ကြတာပေါ့ ။
သူတို့က အပေါ်ထပ်မှ အိပ်ကြရတယ် ပြောတယ်။
လေးတန်းကျောင်းသား ညီညီနှင့် အောင်အောင်တ်ို့ သည် ဘောလုံးကန်ရာတွင် အပေးအယူ ညီသော လက်တွဲဖော် ကစားသမား များ ဖြစ်ကြလေသည်။
ထိုနေ့က ညီညီ ဗိုက်အောင့်သဖြင့် စောစောပြန်နားရာ အဖော်အဖြစ်အောင်အောင်လည်း လိုက်ပါ နားရလေသည်။
ညီညီသည် ငယ်ပေမဲ့ ဘုရားတရား သိတတ်သောကလေး ဖြစ်သည်။
ညီညီတို့ သူငယ်ချင်းနှစ်ဦး ခြေလက်သန့်ရှင်းရေး ပြုလုပ်ပြီး ညီညီက အရင်ဦးစွာ တက်သွားလေသည်။
ကျန်ကလေးများကလည်း မနီးမဝေး၌ ဘော်လုံးလေ့ကျင့်ရင်း ဆရာမှ လူမစုံသဖြင့် အနားပေးလိုက်လေသည်။
အချိန်ကား ညနေ နေဝင်တရီ အချိန်ပင် ဖြစ်သည်။
ကျန်ကလေးများ ကလည်း ခြေလက် ဆေး နေကြသည်မို့ အောင်အောင်လည်း ထိုကလေးများနှင့် လေပေါနေစဥ် ေအာင်အောင်၏ အော်သံအား ကြားရလေသည်။
ညီညီက သူငယ်ချင်းအတွက် စိုးရိမ်ကာ ကျောင်းဆောင်ပေါ်သို့ တက်ပြေးရာ ကျန်ကလေးများလည်း လိုက်ပြေးတက်လာကြလေသည်။
အခန်းပေါက်အရောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကလေး အားလုံး ထိတ်လန့်ကာ ကြက်သေသေ သွားကြသည်။
မြင်လိုက်ရသော မြင်ကွင်းကား ညီညီအား ခေါင်းမပါသော ဂျပန်ဝတ်စုံ ဝတ်ထားသော ခေါင်းပြတ်ကြီး မှ ပါး ဘယ်ပြန်ညာပြန် ရိုက်နေသော မြင်ကွင်းပင် ။
ထိုမြင်ကွင်း အား ကြည့်ကာ ကလေးအားလုံး ထိတ်လန့်ကာ ငယ်သံပါအောင် အော်လျှက် ကျောင်းအပေါ်ထပ်မှ ဝရုန်းသုန်းကား ပြေးဆင်းကြလေသည် ပါးစပ်မှလည်း..” ဂျပန် ခေါင်းပြတ်သရဲကြီး… ခေါင်းမပါတဲ့ သရဲကြီး ” ဟု အော်ကြလေသည်။
ဆရာတွေလည်း ကလေးများအား အတင်းချော့မော့ကာ ပရိတ်ရေများ တိုက်ကြရလေသည်။
ပါးရိုက်ခံလိုက်ရသော ညီညီကား သတိလစ်နေသဖြင့် မနည်းပင် နာနှပ်ယူရလေသည်။
ညီညီ၏ ပါးနှစ်ဖက်သည်လည်း လက်ဝါးရာကြီး ဖြင့် နီရဲ ရောင်ကိုင်းနေလေသည်။
ညီညီသတိရ၍ ပြန်ပြောပြသည်မှာ
” သားကျောင်းပေါ်ရောက်တော့ သားနားမလည်တဲ့ စကားနဲ့ စစ်သားတွေ ဝင်လာကြတယ်…. သားလဲ သရဲတွေမှန်းသိတော့ ဘုရားစာ အကျယ်ကြီးအော်ဆိုတော့ စစ်သားတွေက စိတ်ဆိုးပြီး သူတို့လူတစ်ယောက်ကို အော်ခေါ်တယ်… အဲဒီလူကြီးက ခေါင်းမပါဘူး… ဒေါသ တကြီး ဝင်လာပြီး သားကို ပါးတွေ ရိုက်တော့တာပဲ ” ဟု ဆိုလေသည်။
အဲဒီနောက်ပိုင်း အဲဒီကျောင်းမှာ ကလေးတွေ ညအိပ်ညနေ မထားကြတော့ တာပဲ သူငယ်ချင်းရေ။
ညီညီကတော့ ဘော်လုံးကို မကန်နိုင်တော့တာတဲ့။အဲဒီနှစ်က ငါ့ဦးလေး အောင်အောင်တို့ ဘောလုံးအသင်း ရှုံးခဲ့တာပေါ့ သူ ငယ်ချင်းရေ ဟု ဆိုလေသည်။
နန်းလုံ အိမ်မှ အပြန် သီရိ အတော်လေး စိတ်မကောင်း ဖြစ်ရလေသည်။
ဤ ကျောင်းကြီး၌ မကျွတ်မလွတ်သော သူများစွာ ရှိနိုင် ပေသည်။
ဆရာမကြီးက ကျောင်းထဲ၌ တစ်ဦးတည်း နေနိုင်တာကိုလည်း အံ့သြမိသည်။
ဆရာမကြီးကိုလည်း မေးရဦးမည်။
နောက်ရက် ကျောင်းဖွင့်သောအခါ ဆရာမကြီး သည် သူ့ရပ်ရွာသို့ ပြန်သွားသည်မို့ ကျောင်းသို့ မရောက်သေးချေ။
ထိုအချိန်က ကျောင်းမတက်သေးသည်မို့ ဆရာမအားလုံး မုန့်စျေးတန်းလေး၌ စု နေကြပြီး အကြောင်းအရာ တစ်ခုအား ဆွေးနွေးနေဟန် ရှိလေသည်။
သီရိကျောင်းဝန်းထဲ ရောက်ပြီးမကြာမီ ” ဆရာမ.. ဆရာမကို အခြား ဆရာမတွေက ခေါ်ခိုင်းလိုက်လို့ ပြောစရာ ရှိတယ်တဲ့ ” ဟု ဆိုသောကြောင့် ဆရာမများ ရှိရာသို့ သီရိ ထွက်လာခဲ့ တော့သည်။
ဆရာမ အဝင်းက ” သီရိရေ ငါပြောစရာ ရှိတယ်… ငါဒီမနက် က duty မို့ ကျောင်းကို စောစော လာတာ… ငါလာတော့.. ဆရာမကြီးက သူဝတ်နေကျ ကုတ်အဝါလေးနဲ့ သုံးတန်းအခန်းထဲမှာ ထိုင်နေတာ… ငါကလည်း ဆရာမကြီး အစောကြီး ကလေးတွေ အခန်းထဲ မှာ ဘာလုပ်နေတာလဲ မသိဘူး ဆိုပြီး အပေါ်ရုံးခန်းထဲ လက်မှတ်တက်ထိုးပြီး အောက်ပြန်ဆင်းလာတော့ ဆရာမကြီးကို မတွေ့တော့ဘူး…. ငါလဲ ဟိုဟို ဒီဒီ လိုက်ရှာတော့ ဆရာမကြီး အခန်း လဲ သော့ခတ်ထားတာ တွေ့တယ်…. ငါလဲ ဆရာမကြီး အရေးကြီးလို့ တစ်နေရာများ သွားသလား ဆိုပြီး ကျောင်းစောင့်ကို မေးကြည့်တော့မှ ဆရာမကြီး သူ့ရွာကို စနေနေ့ ကတည်း က ပြန်သွားတာ ခုထိ ပြန်မရောက်သေးဘူး… ငါ့ကို အမြင်မှားတာနေမှာတဲ့…. ငါကတော့ သေချာကို မြင်လိုက်ရတာ… ဒုက္ခပဲ ဆရာမကြီးများ တစ်ခုခု ဖြစ်နေသလား မသိဘူး… ငါတို့ခုပဲ အဲဒါ ပြောနေကြတာ ” ဟု ဆိုရင်း အဝင်းတစ်ယောက် မျက်ရည် များပင် ဝဲနေလေသည်။
သီရိတို့လည်း ဆရာမကြီး အတွက် အလွန်ပင်စိုးရိမ်ကြကုန်လေသည်။
ထိုနေ့တွင် ဆရာမကြီး မှာ အတော်နှင့် ရောက်မလာချေ။
မနက်ဆယ်နာရီ ခန့်အချိန်မှ ဆရာမကြီးသည် ဆွဲခြင်း လေးဆွဲကာ တိုက်ဆိုင်စွ ဆရာမ အဝင်းပြောသော ကုတ်အဝါ လေးအား ဝတ်ဆင်ပြီး ကျောင်းသို့ ရောက်ရှိလာ လေသည်။
ထိုအခါမှ အားလုံး စိတ်အေးသွားကြလေသည်။
ဆရာမကြီးက လမ်းတွင် လိုင်းကား ပျက်နေသဖြင့် ကျောင်းနောက်ကျကျောင်း ပြောပြရာ အဝင်းကလည်း သူမြင်တွေ့သည်များ အား ပြောပြလေသည်။
ထူးဆန်းသော အဖြစ်အပျက် တစ်ခုဟု ပင်ဆိုရပေမည်။
ယခင် က သီရိ အား ပရလောက သားများက အမျှရလိုခြင်း… ကျွတ်လွတ်ချင်သောကြောင့် ကိုယ်ထင်ပြခြင်းမျိုး အကြိမ်ကြိမ်ကြုံခဲ့ ဖူးပြီး ဖြစ်ရာ ယခုတစ်ကြိမ်တွင်လဲ ရုံးခန်းထဲ မှ ရီသံပေးကာ သီရိအား သူတို့ ရှိကြောင်း အသိပေးရင်း ကျွတ်လွတ်ချင်သောကြောင့် အကြောင်းတရား အမျိုးမျိုး ဖန်တီး နေကြခြင်း ဖြစ်ပေမည်။
ထို့ကြောင့် ဆရာမလေး သီရိကပင် တစ်ဦးတည်း အလှူရှင် အဖြစ်မတည် လှူဒါန်းကာ ဘုန်းကြီး သုံးပါး အား ထို စာသင်ကျောင်းလေး သို့ ပင့်ဆောင်ပြီး ဆွမ်းနှင့်တကွ လှူဘွယ်ဝတ္ထု အစုစု အား ကျောင်းတွင် ရှိနေ ကြကုန်သော မမြင်အပ်သော ပရလောကသား အားလုံး အတွက် ရည်စူးလှူ ဒါန်းကာ အမျှ ပေးဝေ ကြလေသည်။
“အားလုံး ကြားကြား သမျှ အမျှ.. အမျှ… အမျှ… ယူသော် မူကြပါ ကုန်သော်… သာဓု.. သာဓု… သာဓု ” ဟူ သော အမျှပေးဝေသံ အပြီး ကျောင်းကြီး သည် သိမ့်ခနဲ တုန်သွား လေသည်။
သီရိ ၏ နားထဲ တွင် ကျောင်းထဲ ခြေသံ အမြောက်အများ ပြေးထွက်သွား သံများ ကြားလိုက်ရပြီး ထိုလမ်းတလျှောက် ခွေး များတောက်လျှောက် အူသံ များအား ကြားရလေသည်။
ထိုခြေသံ များအား အခြား သူများက ကြားရပုံ မပေါ်ပေ။
” အမလေး ခွေးတွေကလဲ မနက်ခင်းကြီးကို အူလိုက်တာ ဘာလို့လဲ မသိဘူး ” ဟု မဝါ ဆိုလေသည်။
သီရိတစ်ယောက်ကတော့ မဝါအား မည်သို့ မျှ ပြန်မပြော မိပါတော့ချေ။
နောက်ပိုင်း သီတာ ထိုကျောင်းလေးတွင် တာဝန်ထမ်းဆောင်သော တစ်လျှောက်လုံးတွင် ကလေးများ လှေကား ပေါ်မှ ပြုတ်ကျခြင်း မရှိသလို ယခင်နှစ်များ ကဲ့ သို့ ကျောင်းမှ ကလေးများ အသေ အပျောက် မရှိတော့ ချေ။
သီရိလည်း ထိုကျောင်း မှ အခြားကျောင်းတစ်ကျောင်းသို့ ထပ်မံပြောင်းရွှေ့ ခဲ့ရပြန်လေသည်။
ဆရာမကြီးသည်လည်း မည်သည့် အသက်အန္တရာယ်မျှ မတွေ့ ကြုံ ရပဲ ယခုအချိန်တွင် ပင်စင်ယူသွားပြီဖြစ်လေသည်။
ဆရာမလေး သီရိသည် ရုံးခန်းထဲ မှ ရယ်သံအား အကြောင်း ပြု ကာ ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့ရသည့် အတွက် ပြန်တွေး တိုင်း ပီတိများ ဖြစ်နေလေတော့ သည်။
လေးစားစွာဖြင့်
စာရေးသူ Nan Kyarnyo