သုဿန်ကျောင်းမှာအိပ်တဲ့ည

သုဿန်ကျောင်းမှာအိပ်တဲ့ည (စ/ဆုံး)
————————————

အခုကျုပ်ပြောပြမယ့်အဖြစ်အပျက်တွေက ၂၀၁၃ ခုနစ်လောက်က ကျုပ်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပါ၊ ကျုပ်ဘဝမှာ မမေ့နိုင်စရာအဖြစ်အပျက်တစ်ခုဆိုရင်လည်း မမှားဘူးပေါ့ဗျာ၊ ဒါနဲ့ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးရအုံးမယ်၊ ကျုပ်ကိုတော့ လူတွေက ရဲလေးလို့ခေါ်တယ်ဗျ၊ ကျုပ် လူပျိုပေါက်အရွယ်လောက်က ရွာကနေထွက်လာပြီးတော့ ပန်းရံဆရာတွေအနောက်လိုက်ပြီး ပန်းရံလိုက်လုပ်နေတဲ့အချိန်ပေါ့။

မြစ်ကြီးနားမြို့အနားမှာ အထက်မော်ဖောင်းဆိုတဲ့ရွာကြီးတစ်ရွာရှိတယ်၊ အဲဒီရွာကြီးမှာ သုဿန်ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းတစ်ခုရှိတယ်၊ ကျုပ်တို့ပန်းရံအဖွဲ့က အဲဒီကျောင်းမှာ သိမ်ကျောင်းဆောက်လုပ်ဖို့အတွက် သွားရောက်လုပ်ကိုင်ပေးကြရတယ်၊ တစ်နယ်တစ်ကျေးဆိုတော့လည်း ခရီးထွက်ပြီးသွားရတယ်ဆိုပါတော့၊ ပန်းရံဆရာကြီးနာမည်က ဦးဇော်ဝမ်းတဲ့ဗျ၊ သိမ်ကျောင်းမဆောက်ခင် ပထမဦးဆုံးသွားရတဲ့ပန်းရံအဖွဲ့ဆိုတော့ လူလေးငါးခြောက်ယောက်ပဲပါတယ်၊ လိုတဲ့လူတွေကို အနီးအနားက လူကြမ်းတွေ၊ ပန်းရံဆရာတွေခေါ်ပြီး ခိုင်းမယ်လို့စီစဉ်ပြီးတော့ ဆရာကြီးဦးဇော်ဝမ်းနဲ့အတူ ကျုပ်ရယ်၊ အကြီးကောင်လို့ခေါ်တဲ့လူရယ်၊ ပြီးတော့ ဇင်ကိုဆိုတဲ့တစ်ယောက်ရယ် လေးယောက်သား မြစ်ကြီးနားကိုတက်ခဲ့ကြတယ်ပေါ့ဗျာ။

သုဿန်ကျောင်းဆိုတဲ့နာမည်ကြောက်လို့ အကြီးကောင်နဲ့ ဇင်ကိုက သိပ်တောင်မလိုက်ချင်ဘူးဗျ၊ ဒီကောင်နှစ်ကောင်က လူကောင်ကသာထွားထွားကျိုင်းကျိုင်းကြီးတွေဆိုပေမယ့် သရဲတော့ သိပ်ကြောက်တတ်တဲ့ကောင်တွေ၊ ဒါပေမယ့် ဦးဇော်ဝမ်းက မလိုက်လို့မရဘူးဆိုလို့သာ မငြင်းဆန်နိုင်ဘဲ လိုက်လာခဲ့ရတာ၊ ဟိုရောက်တော့မှ ဘာဖြစ်လို့ သုဿန်ကျောင်း လို့ခေါ်သလဲဆိုတာကို သိလိုက်ရတယ်ဗျာ။

သိမ်ကျောင်းဆောက်မယ့် ကျောင်းဝန်းထဲမှာ ခြေတံရှည်ကျောင်းဆောင်တစ်ခုရှိတယ်၊ အဲဒီဘက်က သစ်တွေပေါတယ်ဆိုတော့ သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ကျောင်းကြီးပေါ့ဗျာ၊ ကျောင်းအောက်အမြင့်က လူတစ်ရပ်စာမကမြင့်တယ်၊ အပေါ်ထပ်မှာပဲ အကာရှိပြီး လူနေလို့ရတယ်၊ သိမ်ကျောင်းဆောက်မှာဆိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ဘိလပ်မြေတွေ၊ တံခါးခွေဖို့အတွက် ကျည်းဘောင်တွေကို ကျောင်းအောက်ဘက်မှာ စုပုံပြီးသိမ်းဆည်းထားတယ်၊

ကျောင်းရဲ့ ခေါင်းရင်းဘက်မှာတော့ ကချင်သချိုင်းဆိုတာရှိတယ်၊ အုတ်ဂူတွေထိုးထိုးထောင်ထောင်နဲ့ ကျောင်းဆောင်ကြီးပေါ်ကနေကြည့်လိုက်ရင် တကယ့်ကျောချမ်းစရာမြင်ကွင်းကြီးပါ၊ ပြီးတော့ ကျောင်းဆောင်ကြီးရဲ့ ညာဘက်မှာ ပေတစ်ရာသာသာလောက်ပဲရှိမယ့် ကွင်းကလေးတစ်ခုရှိတယ်၊ အဲဒီကွင်းရဲ့ဟိုဘက်မှာတော့ ဗမာသချိုင်းဆိုတဲ့ သချိုင်းကုန်းကြီးပေါ့၊ အုတ်ဂူတွေရော မြေပုံတွေရော အများကြီးပဲဗျ၊ မှတ်တိုင်တွေဆိုရင်လည်း ထိုးထိုးထောင်ထောင်နဲ့ပါ၊ ခက်တာက အဲဒီအနားမှာလူနေအိမ်ခြေဆိုတာ မရှိဘူး၊ သုဿန်တွေ ပတ်ပတ်လည်ဝိုင်းနေတဲ့ကျောင်းမို့လို့ သုဿန်ကျောင်းလို့ခေါ်ကြတယ်ထင်ပါတယ်ဗျာ။

ကျောင်းဆောက်တဲ့ဦးဇင်းက အဲဒီကျောင်းမှာမနေဘူးဗျ၊ ရွာထိပ်နားက ကျောင်းမှာနေတယ်၊ ရောက်ရောက်ချင်းမှာပဲ ဇင်ကိုတို့ကစတာပဲဗျာ၊ ဦးဇင်းက ကျုပ်တို့ကိုဒီကျောင်းဆောင်မှာနေရဲလားမေးတော့ ကျုပ်တို့လည်းနေရဲပါတယ်ပေါ့၊ ဦးဇင်းပြန်တော့မှ ဇင်ကိုတို့ကစတာပါပဲဗျာ၊ သုဿန်ကြီးမြင်တာနဲ့ မနေရဲဘူးတို့ ဘာတို့လုပ်ပါရော၊ ဒါနဲ့ဦးဇော်ဝမ်းက မင်းတို့ယောက်ျားမဟုတ်ဘူးလား ဘာညာနဲ့ ချော့တစ်ခါ ချောက်တစ်လှည့်နဲ့ ပြောထားရလို့ ဒီကောင်တွေ မနေချင်ပဲနဲ့ နေလိုက်ကြရတယ်။

အဲဒီနေ့ကတော့ ဘာမှအလုပ်မလုပ်ဖြစ်ပါဘူး၊ ဦးဇင်းကျွေးတဲ့ ဟင်းပေါင်းနဲ့ထမင်းစားပြီးတော့ နောက်တစ်နေ့လုပ်ငန်းစဖို့ပစ္စည်းတွေစုံမစုံကို သေချာကြည့်ပြီးစစ်ဆေးရတယ်၊ ဆောင်းဦးပေါက်လောက်ဆိုတော့ ရာသီဥတုကလည်းအေးတာနဲ့ ညနေရောက်တော့ ကျောင်းဆောင်ပေါ်ကိုတက်ပြီး အိပ်ဖို့ပြင်ကြရတယ်၊ အကြီးကောင်နဲ့ ဇင်ကိုတို့ကတော့ ချမ်းတယ်ဆိုပြီး ရှိသမျှပြတင်းပေါက်တွေ အကုန်လိုက်ပိတ်တော့တာပါပဲ၊ ဒါပေမယ့် သူတို့ဘာလို့လိုက်ပိတ်သလဲဆိုတာ ကျုပ်က သိပြီးသားပါ၊

ကျောင်းဆောင်ပေါ်မှာက ဟောတိုက်ကြီးဆိုတော့ အားလုံးကိုအတိုင်းသားမြင်နေရတယ်၊ ကျောင်းဆောင်ပေါ်မှာတော့ ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ သေးသေးမွှားမွှားပစ္စည်းလေးတွေကို ခြေရင်းဘက်မှာစုပုံထားတယ်၊ ခြင်ဆိုတာလုံးဝမရှိဘူး၊ အဲဒါနဲ့ကျုပ်တို့လေးယောက်သား ဖျာခင်းပြီးတော့ တန်းစီးပြီးအိပ်ကြမယ်ပေါ့။

ကျုပ်ကို ခြေရင်းဘက်အစွန်ဆုံးမှာအိပ်ခိုင်းတယ်၊ ဦးဇော်ဝမ်းက ခေါင်းရင်းဘက်ထိပ်ပေါ့၊ အလယ်မှာတော့ သရဲကြောက်တတ်တဲ့ အကြီးကောင်နဲ့ ဇင်ကိုတို့အိပ်ကြတယ်၊ အိပ်တာတောင်မှ စောင်တွေကိုခေါင်းမြှီးခြုံပြီးတော့ကို အိပ်တာပါ၊ ဦးဇော်ဝမ်းကတော့ ဘာမှမကြောက်ဖို့ပြောတယ်၊ သုဿန်ဆိုပေမယ့် ဘာမှကြောက်စရာမကောင်းဘူး၊ ပရလောက တစ္ဆေသရဲတွေဆိုတာ လူတွေကိုရန်မပြုနိုင်ဘူး၊ တကယ်တမ်းကြောက်ဖို့ကောင်းတာက လူလူချင်းဆိုပြီး ဟိုကောင်တွေမကြောက်အောင် တရားတွေဟောပြနေတာပေါ့၊ ဒါပေမယ့် ဟိုကောင်တွေကတော့ မျက်နှာတွေပျက်နေပြီ။

ဖြစ်ချင်တော့ အဲဒီကျောင်းဆောင်မှာ မီးမရဘူး၊ မီးကမသွယ်ရသေးတာ၊ ဒါနဲ့ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်ကလေးတစ်တိုင်ထွန်းပြီးတော့ အိပ်လိုက်ကြတယ်၊ တစ်နေကုန်ကားစီးပြီးလာရတာဆိုတော့ ကျုပ်ဖြင့်ခေါင်းချလိုက်တာနဲ့ မှေးခနဲအိပ်ပျော်သွားတော့တာပါပဲ။ တစ်မှေးလောက်ရတော့ တဒုန်းဒုန်းအသံကြောင့် ကျုပ်လန့်နိုးလာမိတယ်။

ကျောင်းဆောင်ကြီးထဲမှာလည်း မှောင်လို့ပိန်းလို့ဗျ၊ ကတ်စီယိုလက်ပတ်နာရီကလေးကို မီးဖွင့်ပြီးကြည့်လိုက်တော့ ညဆယ့်တစ်နာရီကျော်ပြီးနေတဲ့အချိန်၊ ခုနက ကျုပ်ကြားလိုက်တဲ့ တဒုန်းဒုန်းအသံက ဘယ်ကလာတာလဲဆိုတာကို ကျုပ်တွေးနေမိတယ်။

မကြာပါဘူး ကျုပ်တို့ခေါင်းရင်း ပြတင်းပေါက်ကို တဘုန်းဘုန်းထုသံကြားရပါရောဗျာ၊ အသံအနေအထားအရတော့ အပြင်ကလာတဲ့အသံဘဲဗျ၊ ပြတင်းပေါက်တံခါးချပ်ကို လက်နဲ့ပုတ်တဲ့အသံမျိုး၊ ဒါပေမယ့် အပြင်ကနေတစ်ယောက်ယောက်က လက်နဲ့ပုတ်ရအောင်ကလည်း ကျောင်းဆောင်ကြီးက ခြေတံရှည်ကျောင်းဆောင်ကြီး၊ ကျောင်းအောက်ထပ်ကလည်း လူတစ်ရပ်ထပ်တောင်မြင့်တယ်ဆိုတော့ ဘယ်လူက ဒီလိုပုတ်မှာလဲလို့ပေါ့ဗျာ။

ကျုပ်ဘေးကိုကြည့်လိုက်တော့ ကျန်တဲ့လူတွေလည်းနိုးတဲ့ပုံပဲ၊ ဦးဇော်ဝမ်းက ထပြီးချောင်းတွေဘာတွေဟန့်တယ်၊ အဲဒီအခါကျတော့ အသံကပျောက်သွားပါရော။

“ငှက်တွေဘာတွေဖြစ်မှာပါကွာ၊ ပျံရင်းသန်းရင်း ကျောင်းဆောင်ကပြတင်းပေါက်ကို ဝင်တိုက်မိတာဖြစ်မှာပါ”

ဦးဇော်ဝမ်းက ဟိုနှစ်ယောက်မကြောက်အောင် ဖြည့်ပြောနေပုံရတယ်ဗျ၊ ဒါနဲ့မကြာပါဘူး ခြေရင်းဘက်က ပြတင်းပေါက်ကို တစ်ခါထပ်ပုတ်ပါရော၊ နှစ်ခါတောင်ပုတ်တယ်ဆိုတော့ ငှက်ဖြစ်စရာအကြောင်းမရှိတော့ဘူးလေဗျာ၊ ပြီးတော့ တဖြည်းဖြည်းပိုဆိုးလာတယ်၊ ပြတင်းပေါက်နှစ်ခုသုံးခုကို ပြိုင်တူ တဝုန်းဝုန်းနဲ့ပုတ်ပြန်ရော၊ ကျုပ်က သရဲဆိုတာကို လက်ခံပေမယ့် ကြောက်တော့မကြောက်တတ်ဘူး၊ အခုပြတင်းပေါက်တွေပုတ်နေတာကလည်း တစ်ချက်နှစ်ချက်မဟုတ်ဘဲ တစ်နာရီလောက်ဆက်တိုက်ဖြစ်နေတော့ ကျုပ်ကြောက်ရမယ့်အစား ဒေါသတွေထွက်လာတယ်၊ ဦးဇော်ဝမ်းက ဘုရားစာတွေဘာတွေရွတ်၊ မေတ္တာတွေဘာတွေပို့နေတာပေါ့၊ ဒါပေမယ့် ဘာမှမထူးပါဘူး။

နောက်တော့ ကျုပ်လည်းစိတ်ပေါက်ပေါက်နဲ့ထအော်ထည့်လိုက်တယ်။

“ဟေ့ကောင်သရဲ၊ မင်းသတ္တိရှိရင် ပြတင်းပေါက်ချည်းပုတ်မနေနဲ့၊ တံခါးဝကို လာပုတ်လှည့်ကွ”

ကျုပ်အော်ပြီးမကြာဘူး ပြတင်းပေါက်ကိုတဘုန်းဘုန်းပုတ်နေတဲ့အသံတွေကရပ်တန့်သွားတယ်၊ အကြီးကောင်နဲ့ ဇင်ကိုက ကျုပ်ကိုဒေါသတွေထွက်နေကြတယ်ဗျာ၊ ဘာဖြစ်လို့ သရဲကိုသွားစိန်ခေါ်တာလဲဆိုပြီးတော့ပေါ့၊ ကျုပ်ကလည်း စိန်ခေါ်ချင်တဲ့စိတ်တော့မရှိဘူး။ ဒီအတိုင်းအိပ်မရလို့ ပြောမိပြောရာ ပြောထည့်လိုက်တာ။

(၂)

လှေကားကနေတက်လာရင် ဝင်ဝင်ခြင်းမှာပဲ တံခါးမကြီးရှိတယ်၊ အေးတဲ့ဒေသမို့လို့လားတော့မသိဘူး အိမ်တွေကို လုံလုံခြုံခြုံဆောက်ထားတတ်ကြတယ်၊ တံခါးမကြီးကလည်း တံခါးရွက်တွေအထူကြီးပဲ၊ ကျုပ်ပြောပြီးမကြာဘူး လှေကားအတိုင်း တဒေါက်ဒေါက်နဲ့ တက်လာတဲ့အသံကိုကြားရတယ်၊ အကြီးကောင်တို့ဆိုရင် မျက်လုံးပြူးမျက်ဆန်ပြူးတွေဖြစ်ကုန်ပြီ။

“ဟေ့ကောင်ရဲလေး၊ မင်းပြောလိုက်လို့ အခုသရဲက ကျောင်းပေါ်တက်လာပြီကွ”

“ဒုက္ခပါပဲကွာ၊ တံခါးကိုတွန်းဖွင့်ပြီး ငါတို့ဆီရောက်လာရင် ဘယ့်နှယ့်လုပ်မလဲ”

ဒီအချိန်မှာပဲ ကျောင်းဆောင်တံခါးကို တဝုန်းဝုန်းနဲ့ပုတ်တော့တာပါပဲ၊ ပုတ်တာမှ တစ်ချက်နှစ်ချက်ပုတ်တာမဟုတ်ဘူးဗျ၊ လူတွေအများကြီးက လက်တွေအများကြီးနဲ့ နေရာအစုံကိုပုတ်နေသလိုမျိုးကိုပုတ်တာ။ ဒီလောက်ခိုင်ပြီး ထူတဲ့တံခါးမကြီးတောင်မှ တဝုန်းဝုန်းနဲ့လှုပ်လာတာပဲ၊ အတွင်းကနေ အပေါ်ချက်၊ အောက်ချက်ချထားလို့ ပွင့်တော့မပွင့်ဘူး။

နောက်ဆုံးနားမခံနိုင်တော့တာနဲ့ ကျုပ်လည်းတောက်တစ်ချက်ထခေါက်လိုက်တယ်၊ အနားမှာရှိတဲ့ ဖယောင်းတိုင်ကိုထွန်းပြီး ကျောင်းဆောင်ပေါ်ကိုလိုက်ရှာကြည့်တော့ သုံးပေလောက်ရှိမယ့် နှစ်တစ်လက်မ တုတ်တစ်ချောင်းကိုတွေ့လိုက်ရတယ်၊ ဒါနဲ့ အဲဒီတုတ်ကိုကောက်ကိုင်လိုက်ပြီး

“ဦိးဇော်ဝမ်း၊ ကျုပ်တော့ သည်းမခံနိုင်တော့ဘူးဗျာ၊ ဒီကောင်တွေကို ကျုပ်ထွက်ရိုက်မယ်”

“ဟ ဖြစ်ပါ့မလားရဲလေးရ၊ ငါကလည်း မမြင်မစမ်းနဲ့ကို”

ဦးဇော်ဝမ်းက သက်လတ်ပိုင်းလောက်တုန်းက မြွေပေါက်ခံရလို့ အမြင်အာရုံထိထားတယ်ဗျ၊ ကံကောင်းလို့မသေဘဲ အမြင်အာရုံတွေတော့ပျက်စီးသွားတယ်၊ ဆိုးဆိုးဝါးဝါးတော့ ပျက်စီးသွားတာမဟုတ်ဘူး၊ ဒါပေမယ့် ညဘက်မှောင်တဲ့အချိန် အလင်းရောင်အားနည်းတဲ့အချိန်ဆိုရင် သူက သိပ်မမြင်ရဘူး။

“ဟာ၊ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေကိုထွက်ရိုက်မယ်ဗျာ”

ဟိုနှစ်ယောက်ကတော့ ကြောက်လို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ထားကြတယ်၊ ကျုပ်ထလိုက်တော့ ဦးဇော်ဝမ်းကလည်း ဖယောင်းတိုင်တစ်တိုင်ကိုင်ပြီး မတ်တပ်ရပ်တယ်။

“အေးကွာ၊ ရိုက်မယ်ဆိုရင်လည်း ရိုက်သာရိုက်ကွာ၊ မေတ္တာပို့လို့မရတဲ့အကောင်တွေကိုဆင်းရိုက်မှအေးမယ်”

ဦးဇော်ဝမ်းလည်း စိတ်ပေါက်ပေါက်နဲ့လိုက်ထလာခဲ့တယ်၊ ဒီအချိန်အထိကျောင်းတံခါးကြီးက တဝုန်းဝုန်းနဲ့လှုပ်နေတုန်းပဲ၊ ကျုပ်ကျောင်းတံခါးအနားကိုရောက်တော့ ဇင်ကိုက ကျုပ်ကိုတောင်းပန်တယ်။

“မလုပ်ပါနဲ့ရဲလေးရာ၊ အဲဒီတံခါးကို မဖွင့်စမ်းပါနဲ့ကွ၊ ဟိုက သရဲ၊ မင်းကလူလေကွာ တုတ်နဲ့ရိုက်လို့ရပါ့မလားကွ”

သူတို့နှစ်ယောက်က ကြောက်ကြောက်နဲ့သာပြောနေတာ နှစ်ယောက်စလုံးက ဟိုးဘုရားကျောင်းဆောင်အောက်ကို ရောက်နေကြပြီ၊ ကျုပ်လည်းမထူးတော့တာနဲ့ ဦးဇော်ဝမ်းကိုကြည့်လိုက်တယ်။

“ဦးဇော်ဝမ်း ချက်ဖြုတ်ဗျာ၊ ကျုပ်အပြင်ထွက်ရိုက်မယ်”

ဦးဇော်ဝမ်းက တံခါးအောက်မှာထိုးထားတဲ့ချက်တွေကိုအရင်ဖြုတ်တယ်၊ နောက်တော့အပေါ်ချက်ကို လက်နဲ့ထိထားပြီး ကျုပ်ကိုအသင့်ဖြစ်ပြီလားလို့မေးတယ်၊ ကျုပ်ကလည်း နှစ်တစ်လက်မတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်တယ်၊ ဦးဇော်ဝမ်းတံခါးကို ဝုန်းခနဲဆွဲဖွင့်လိုက်တာနဲ့ ကျုပ်လည်း ပါးစပ်ကနေ သရဲကိုအော်ဆဲပြီး တုတ်နဲ့ထွက်ရိုက်တာပါပဲ၊

ဒါပေမယ့် တံခါးဖွင့်ပြီးအပြင်ရောက်သွားတဲ့အခါ ဘာဆိုဘာမှကိုမရှိဘူးဗျာ၊ ခုနက တဝုန်းဝုန်းနဲ့ထုနေတဲ့ကောင်တွေ ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်ကြတာ၊ ကျုပ်လည်း ဒီကောင်တွေကို မိုးမွှန်အောင်ဆဲဆိုလိုက်ပြီးတော့ တုတ်ကိုဝှေ့ယမ်းနေမိတယ်၊ ဆယ့်ငါးမိနစ်လောက်အထိ ဒီကောင်တွေပေါ်မလာတော့မှ တံခါးပြန်ပိတ်ပြီး ပြန်အိပ်နေလိုက်တယ်၊ ဒီကောင်တွေ ကျုပ်ကိုကြောက်သွားတာလားတော့မသိဘူး အဲဒီညက နောက်တစ်ခါထပ်မလာတော့ဘူး၊ ကျုပ်က လာများလာမလားဆိုပြီး ညသန်းခေါင်ကျော်တဲ့အထိစောင့်နေသေးတယ်၊ ပြတင်းပေါက်တွေကို တဝုန်းဝုန်းထုဖို့မပြောနဲ့ ဘာသံမှတောင်မကြားရတော့ဘူး၊ အဲဒီတော့မှ ကျုပ်တို့လည်းအိပ်ရေး၀၀အိပ်ရတယ်ပေါ့ဗျာ။

မနက်ခင်းရောက်လို့ ကွမ်းထွက်ဝယ်သလိုလိုနဲ့ အနီးအပါးမှာ စုံစမ်းကြည့်လိုက်တော့မှ အဲဒီကျောင်းမှာ ဘယ်သူမှမနေရဲဘူးတဲ့ဗျာ၊ ပန်းရံအဖွဲ့တွေလည်း ပြန်ပြန်သွားကြတာ သုံးလေးဖွဲ့ရှိနေပြီဆိုပဲ။ ဒါနဲ့ ကျုပ်တို့တွေ တိုင်ပင်ကြရတာပေါ့ဗျာ၊ ဆက်နေမလား ပြန်မလားလို့ပေါ့၊ ဒီလိုချည်းသာ ရက်ဆက်နေရင်တော့ မလွယ်ဘူးမဟုတ်လား၊ သရဲကြောက်တာထက် ညအိပ်ကောင်းကောင်းမအိပ်ရရင် အလုပ်ပျက်တယ်လေဗျာ။

ဦးဇော်ဝမ်းကတော့ ဆက်နေဖို့နားချတယ်၊ သူဆရာတော်ကိုလည်းပြောကြည့်မယ်၊ သုံးလေးညဆက်နေကြည့်လို့မှ အကြောင်းမထူးရင်တော့ ပြန်တာပေါ့ကွာတဲ့။

ဆရာတော်ကိုဖြစ်ကြောင်းကုန်စင်ပြောပြတော့ ဆရာတော်ကလည်း မနေရဲရင် ပြန်ပါတဲ့ လမ်းစရိတ်ပြန်ပေးမယ်ဆိုပဲ၊ တကယ်တော့ အဲဒါလာနှုတ်ဆက်တာတဲ့ဗျာ၊ ဘာမှမလုပ်ပါဘူးတဲ့၊ သူတို့လာနှုတ်ဆက်တာကလည်း ခပ်ကြမ်းကြမ်းကိုးဗျ၊ ဦးဇော်ဝမ်းနဲ့ဆရာတော်က အတော်ခင်ကြတာဆိုတော့ မပြန်ဘူးလို့ပဲငြင်းလိုက်ပါတယ်၊ မနက်ပိုင်းကျုပ်တို့အလုပ်လုပ်တဲ့အခါ ဆရာတော်တွေ ဦးဇင်းတွေက လုပ်ငန်းလုပ်နေတာကိုလာကြည့်တယ်၊ ပြီးတော့ စကားစမြည်ပြော၊ ကျုပ်တို့ကို ဧည့်ခံတာပေါ့။

မနက်စာကျတော့ဟင်းပေါင်းနဲ့ ဆွမ်းကျန်တွေစားလို့ရတယ်ဆိုပေမယ့် ကျုပ်တို့က ညစာမစားလို့မရဘူးလေဗျာ၊ အဲဒီတော့ ညစာချက်ရတာပေါ့၊ ပန်းရံလိုက်တဲ့လူတော်တော်များများက ထမင်းဟင်းလောက်တော့ ချက်တတ်တယ်မဟုတ်လား၊ တောသားလည်းတောသားကိုး၊ ဒါနဲ့ ထမင်းကို အလှည့်နဲ့ချက်ကြတယ်၊ တစ်ရက်တစ်ယောက်ချက်ကြေးပေါ့၊ ထမင်းချက်တဲ့လူက ညနေလေးနာရီလောက်ဆို ညစာထမင်းချက်တယ်၊ ဟင်းကတော့ ဝယ်စားဖြစ်တာများပါတယ်၊ ချက်ရင်လည်း ချဉ်ရည်ဟင်းတို့ဘာတို့လောက်ချက်ပြီး ဖြစ်သလိုစားကြတာပါ။

ဇင်ကိုနဲ့ အကြီးကောင်ကတော့ ညနေဆိုတာနဲ့ အိမ်သာတွေဘာတွေအပြီးတက်ထားပြီးကြပြီ၊ ညဆို အိမ်သာဘက်ခြေဦးတောင်မလှည့်ရဲဘူး၊ မလှည့်လည်း မလှည့်ချင်စရာပဲလေဗျာ၊ အိမ်သာက ကျောင်းဆောင်နဲ့ခပ်လှမ်းလှမ်း ဟိုးဗမာသချိုင်းအစပ်နားမှာ သွားဆောက်ထားတာ၊ အိမ်သာအနောက်မှာတော့ အုတ်ဂူကြီးတွေက အတိုင်းသားပဲ၊ အလွန်ဆုံးဝေးလှ ပေသုံးဆယ်လောက်ရှိတာဆိုတော့ သူတို့မတက်ချင်တာလည်းမပြောနဲ့လေဗျာ။

အဲဒီညတော့ ဘာအခြောက်အလှန့်မှ မရှိတော့ဘူးဗျ၊ ဦးဇင်းပြောသလို လူသစ်တွေမို့လို့ နှုတ်ဆက်တာများလားပဲ၊ ဒါပေမယ့် ညတစ်နာရီ နှစ်နာရီလောက်ရောက်တော့ ကျောင်းအောက်ကိုလူရောက်နေသလိုမျိုးအသံတွေကြားရတယ်၊ ကျောင်းအောက်က ပစ္စည်းတွေကို ဟိုကောက်ကိုင် ဒီလျှောက်ရွေ့နဲ့လုပ်နေပြန်ပါရော၊ ကျုပ်က အပေါ်ကနေ အော်ထည့်လိုက်ရင်တော့ ပစ္စည်းတွေကိုပြန်ချပြီး တဝုန်းဝုန်းနဲ့ပြေးသွားကြတယ်၊ မနက်ထကြည့်ရင် ပစ္စည်းတွေက သူ့နေရာနဲ့သူ ရွေ့တောင်မရွှေ့ဘူးဗျို့၊ ထူးတော့ထူးဆန်းသား။

ဦးဇင်းကတော့ မှာတယ်၊ ကျောင်းဆောင်အနားမှာ စားကြွင်းစားကျန်တွေမစွန့်ပစ်ဖို့နဲ့ လူတွေစားသောက်ပြီးရင် ပန်းကန်တွေအိုးခွက်တွေကို ကျောင်းဆောင်ပေါ်မှာပဲ သိမ်းဖို့မှာတယ်၊ သူ့အကြောင်းနဲ့သူရှိလို့မှာတာဖြစ်မယ်ဆိုပြီး ကျုပ်တို့လည်းလိုက်နာကြပါတယ်၊

တစ်ရက်ကျတော့ ညနေဖက်ထမင်းစောစောစားပြီး ညဘက်ရွာထဲသွားလည်ကြမယ်လို့ စိတ်ကူးလိုက်ကြတယ်၊ အဲဒီလိုနဲ့ ညနေငါးနာရီလောက်ထမင်းစားပြီးတော့ ရွာဘက်ကိုထွက်ခဲ့ကြတာပေါ့ဗျာ၊ ဦးဇော်ဝမ်းနဲ့ကျုပ်နဲ့ကတော့ လက်ဖက်ရည်ဆိုင်လေးထိုင်ပြီး စကားတွေဘာတွေပြောတာပေါ့၊ အကြီးကောင်နဲ့ဇင်ကိုက နည်းနည်းပါးပါးသောက်တတ်တယ်ဆိုတော့ အရက်ဆိုင်သွားပြီးသောက်ကြတာပေါ့ဗျာ၊ ညရှစ်နာရီလောက်မှ ကျုပ်တို့ပြန်လာခဲ့ကြတယ်၊ ဒါတောင် အကြီးကောင်တို့နှစ်ယောက် နောက်ကျနေလို့ သူတို့ကိုမနည်းစောင့်ခေါ်ပြီးပြန်လာခဲ့ကြရတာ၊

ကျောင်းဆောင်ကြီးကိုပြန်ရောက်တော့ အားလုံးလည်းမောမောပန်းပန်းနဲ့အိပ်လိုက်မိတယ်၊ ညသန်းခေါင်အချိန်လောက်ရောက်တော့ မြေပြင်ပေါ်မှာလူတွေပြေးလွှားနေသလို တရှပ်ရှပ်အသံတွေကြားလိုက်ရတယ်၊ ပြီးတော့ ဒန်အိုးဒန်ခွက်အသံတွေလည်း ကြားလိုက်ရပါရောဗျာ၊ ဒီတော့မှ အားလုံးသတိရသွားတယ်။

“ဇင်ကို ဒီနေ့က မင်းထမင်းချက်တဲ့နေ့ဆိုတော့ ထမင်းအိုးတွေကို သိမ်းထားခဲ့ရဲ့လား”

ဇင်ကိုက မျက်လုံးပြူူးမျက်ဆန်ပြူးနဲ့

“ကျုပ်လည်း ရွာထဲသွားရမယ်ဆိုတော့ စိတ်လောနေတာနဲ့မသိမ်းထားခဲ့မိဘူး ဦးဇော်ဝမ်း”

“ဟေ၊ ဒါဆိုရင်တော့ ပရလောကသားတွေက ငါတို့ထမင်းအိုးကို စားသောက်နေပြီထင်တယ်ဟေ့”

ဦးဇော်ဝမ်းပြောသလိုပဲ အိုးခွက်ပန်းကန်တွေကို ကိုင်ဆွဲနေတဲ့အသံတွေဗျ၊ ပန်းကန်တွေကလည်း စတီးပန်းကန်တွေဆိုတော့ တဒေါင်ဒေါင်နဲ့အသံကြားနေရတယ်၊ ကျုပ် ကျောင်းဆောင်ပေါ်ကနေ လှမ်းပြီးအော်ဟစ်လိုက်ပေမယ့် အသံတွေကရပ်မသွားဘူး၊ ကျောင်းဆောင်အောက်ကိုဆင်းပြီးတော့လည်း အိုးခွက်တွေကိုသွားမယူရဲတော့တာနဲ့ ဒီအတိုင်းပဲငြိမ်ပြီးနားထောင်နေမိတယ်။

ထမင်းချက်တဲ့ဒန်အိုးကိုဆိုရင် တဂျစ်ဂျစ်နဲ့ခြစ်နေတဲ့အသံကိုတောင်ကြားလိုက်ရတယ်ဗျာ၊ ညတစ်နာရီလောက်ကျော်တော့မှ အသံဗလံတွေတိတ်ဆိတ်သွားတယ်၊ ဇင်ကိုနဲ့သားကြီးဆိုရင် အမူးတောင်ပြေပြီး ငုတ်တုတ်ထိုင်လို့ဗျို့၊ မနက်မိုးလင်းတော့ ကျုပ်တို့ဆင်းကြည့်ကြတယ်၊ ပန်းကန်တွေ၊ ရေခွက်တွေ၊ ဒန်အိုးတွေဆိုရင် ပြန့်ကျဲနေတာပါပဲဗျာ၊ မြေပေါ်ကနေ ဟိုတစ်စဒီတစ်စလိုက်ကောက်ရတယ်၊ ပန်းကန်တွေဆိုရင် သွားတွေနဲ့ခြစ်ထားပုံရတယ် ခြစ်ရာတွေကိုပြန့်ကျဲနေတာပါပဲ၊ အိုးတွေဆိုရင်လည်း ပိန်လို့လိမ်လို့ဗျာ၊ ဒန်အိုးမှာဆိုရင် တော်တော်ကြီးတဲ့လက်ကြီးနဲ့ကိုင်ထားတဲ့ လက်ရာကြီးကျန်နေခဲ့တယ်၊ ဒီလက်ချောင်းတစ်ချောင်း တစ်ချောင်းက တော်တော်ကြီးပြီး တော်တော်လည်းတုတ်တယ်ဗျ၊ ကျုပ်တို့ နောက်နေ့တော့ အဲဒီဒန်အိုးတွေနဲ့ မချက်စားရဲတော့လို့ သုဿန်အနားမှာ သွားလွှင့်ပစ်လိုက်ကြတယ်။

အဲဒီအဖြစ်တွေကတော့ မှတ်မှတ်ရရပါပဲ၊ နောက်ပိုင်းတော့ ခြောက်တာလှန့်တာမရှိသလောက်ပဲ၊ ညဆိုရင် ကျောင်းဆောင်ပေါ်တက်ပြီးတော့မှ ထမင်းစားပြီး အိုးခွက်တွေကို ကျောင်းပေါ်မှာပဲသိမ်းထားလိုက်တော့တယ်၊ စားကြွင်းစားကျန်တွေကိုလည်း စနစ်တကျသတိထားပြီး စွန့်ပစ်တော့ တစ်ခါတစ်ခါ အသံဗလံကြားတာလောက်ကလွဲပြီး ဘာမှဆက်မဖြစ်တော့ဘူး၊ သိမ်ကျောင်းကြီးဆောက်တော့ အနားအလုပ်သမားတွေနဲ့ လူတွေအများကြီးဝိုင်းဆောက်ကြလို့ ပျော်စရာတော်ကောင်းပါသေးတယ်၊ သရဲကြောက်တတ်တဲ့ဇင်ကိုနဲ့ အကြီးကောင်တောင်မှ နောက်ပိုင်း ညဘက်အိမ်သာတွေဘာတွေတက်ရဲသွားပါတော့တယ်။ ဒါက ဆရာတော်ပြောသလို ပရလောကသားတွေက ကျုပ်တို့ကို နှုတ်ဆက်တာနေမှာပါ၊ သုဿန်ကျောင်းပြီးသွားလို့ ကျုပ်တို့အဖွဲ့အဲဒီကနေပြန်ခဲ့ပေမယ့် ကျုပ်ကတော့ အဲဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို မနေ့တစ်နေ့ကလိုမျိုး ပြန်ပြီးမှတ်မိနေပါသေးတယ်ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်