ဝိညာဉ်ဖော်သည့် လူသတ်သမား

**** ဝိညာဉ်ဖော်သည့် လူသတ်သမား ***
စ/ ဆုံး
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်အား အခြေခံ၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
အခန်း(၁)
” ဟူးးး”
သူ၏နှုတ်မှသက်မရှည်ကြီးအားမှုတ်ထုတ်လိုက်မိ၏။
” ကိုထွန်း ဘာလို့ သက်မတွေ ခဏခဏချနေရတာလဲ ၊ သက်မတစ်ခါချရင် အသက်တစ်ရက်တိုသတဲ့”
” တော်စမ်းပါမိတိုးရာ ….ယုံတမ်းစကားတွေလာပြောမနေနဲ့ ၊ ငါ့ဟာငါ ချချင်ချမယ် မချချင်မချဘူး ၊ လူကစိတ်ညစ်နေရတဲ့ထဲ ဘေးကနေဘာတွေလာပြောနေမှန်းမသိဘူး ”
” အလိုတော် တော်က ဘာတွေများတွေးပြီးစိတ်ညစ်နေရတာလဲ ၊ အိမ်ရဲ့စီးပွားရေးကလဲ စားလောက်သောက်လောက်ပါတယ် ၊ အခုဆို မီးသွေးဈေးတွေကလဲတက်နေတော့ ကျုပ်တို့လုပ်ငန်းလေးက မဆိုးပါဘူး ၊ ရှင့်ဘေးမှာ ရှင့်မယားကျုပ်တစ်ယောက်လုံးလဲရှိတယ်၊ ဟော သမီးလေး ရွှေလုံးလဲရှိတယ် ကဲ ဘာလိုသေးလဲ ”
မိန်းမဖြစ်သူစကားကြောင့် ကိုထွန်းတစ်ယောက် ခေါင်းအားတဗျင်းဗျင်းကုတ်ကာ
” ငါတွေးနေတာက တစ်ခြားပါကွာ ၊ ငါ့အမေအကြောင်း တွေးနေတာပါဟ မိတိုးရ ၊ အမေက ခုတလောနေသိပ်မကောင်းဘူးကွ၊ ပထွေးငတင်ကလဲ သိတဲ့အတိုင်း တစ်ချိန်လုံးမူးနေတာ ၊ ငါ့ညီမ သဲသဲကလဲ ပိန်ညှော်နေတာပဲ ၊ ငါအမေ့ကိုအရမ်းသနားတယ် မိတိုးရာ ”
” အလိုတော် အိုးကမပူစလောင်းက ပူနေပြန်ပြီ ၊ ရှင့်ပထွေးငတင်က ရှင့်ကို လူလိုဆက်ဆံတာမှမဟုတ်တာ ၊ မူးလာရင် ကျွဲရိုက်နွားရိုက်နဲ့ လူစိတ်မရှိတဲ့ကောင် ၊ သူ့သား ငအောင်နဲ့ သူ့သမီးမိသဲကိုပဲ လူထင်တာလေ ”
” ဩ ဒါကလဲ ငအောင်နဲ့ သဲသဲက သူ့သားသမီးအရင်းကိုး ငါက မယားပါသားဆိုတော့ သားသမီးအရင်းနဲ့ ဘယ်တူပါ့မလဲ.. ပထွေးငတင်က မူးလာရင် အမေ့ကို ပြဿနာရှာသေးတာ ၊ အမေတစ်ယောက် နေမကောင်းတဲ့ကြားက ဘယ်လောက်ထိ သောကရောက်နေရှာမလဲ ”
ယောက်ကျားဖြစ်သူစကားကြောင့် မိတိုးက သက်မရှည်ကြီးအားချလိုက်ကာ
” ကိုထွန်းရယ် ၊ ရှင့်မလဲ ၀ဋ်ကြွေးပဲ ၊ ဒီတော့ ရှင်က ဘာလုပ်ချင်တာလဲပြော .. ရှင်ကျွန်မကိုဘာကြောင့်လက်ထပ်လဲဆိုတာ မေ့နေပြီထင်တယ် ၊ ရှင်ပဲ ငရဲကျနေသလိုခံစားရတဲ့အိမ်ကနေလွတ်မြောက်ပြီး အေးချမ်းတဲ့မိသားစုလေးဘ၀လေးထူထောင်ပါရစေဆိုပြီး ကျွန်မကိုလက်ထပ်ခွင့်တောင်းခဲ့တာလေ ၊ ကျွန်မနဲ့လက်ထပ်ပြီးတော့လဲ ရှင့်အမေကို ရှင့်စိတ်ကြိုက်ထောက်ပံ့ပေးကမ်းလဲ ကျွန်မက ဘာတစ်ခွန်းပြောလို့လဲ ၊ ဒီလောက်နဲ့မကျေနပ်ရင်လဲ ရှင့်သဘောပဲ ”
” သိပါတယ်မိန်းမရာ၊ မင်းငါ့အပေါ်သိပ်ကောင်းမှန်းငါသိပါတယ်၊ ဒါကြောင့် ငါက အရက်၊မိန်းမကိစ္စကင်းအောင်နေပြီး မင်းတို့သားအမိအပေါ်အိမ်ထောင်ဦးစီးကောင်းပီသအောင်နေခဲ့တာပဲမဟုတ်လား ၊ ခုက ငါ့အမေနေမကောင်းလို့ပါကွာ ”
” အင်း …အဲ့ဒီတော့ ရှင်က ဘာလုပ်ချင်တာလဲပြော၊ ယောက်ျားစိတ်ချမ်းသာရင်ပြီးတာပဲ ”
မိတိုး၏စကားကြောင့် ကိုထွန်း၏မျက်နှာမှာ ပြုံး‌ယောင်သန်းလာပြီးနောက်
” ဒီတစ်ခါမီး‌ေသွးအော်ဒါမှာထားတဲ့ အိတ်အရေအတွက်ရရင် မီးသွေးဖုတ်တာခဏနားပြီး တစ်လလောက်အမေ့တို့ဆီပြန်ပြီး လုပ်ကျွေးချင်တယ်မိန်းမ၊ အမေနေကောင်းတာနဲ့ ကိုယ်ချက်ချင်းပြန်လာခဲ့မယ်နော် ”
” အင်းပါ ယောက်ျားရယ် ၊ ယောက်ျားသဘောပဲ ”
” ဟားး ၀မ်းသာလိုက်တာမိန်းမရာ ၊ မီးသွေးရောင်းရငွေအကုန်လုံး မိန်းမနဲ့သမီးအသုံးစရိတ်အတွက်ယူထားကြားလား ”
” ဟင် ရှင်ကရော ..ရှင့်အမေအတွက် ဆေးဖိုးဝါးခ မယူတော့ဘူးလား ”
” ဟောဒီမှာတွေ့လား ကိုယ့်မှာ လုပ်စားစရာခြေလက်တွေပါတယ် ၊ ပြီးတော့ အဲ့ဒီနေရာက ကိုယ့်နယ်မြေပါ ၊ ကိုယ့်အတွက် အလုပ်မရှားဘူးမိတိုးရ ၊ မိန်းမခွင့်ပြုပေးတာနဲ့တင် ကိုယ်က ကျေနပ်နေပြီ၊ ကိုယ်မရှိတုန်း မိန်းမလဲ မိဘရဲ့အိမ်ကိုပြန်နေနော် ၊ မိန်းမနဲ့သမီးလေးချည်းဆိုတော့ ကိုယ်စိတ်မချဘူး ”
” အင်းပါ ကိုထွန်းရယ် ၊ ကျုပ်တို့အတွက်စိတ်ချစမ်းပါ ၊ ဟိုရောက်လို့ ပထွေးငတင်နဲ့ အဆင်မပြေရင် ချက်ချင်းပြန်ခဲ့၊ သူသား ငအောင်ကလဲ ရှင့်အပေါ် မိုက်ရိုင်းပါဘိနဲ့ ၊ ရှင့်မို့ အဲ့ဒီအိမ်ပြန်ချင်နေတာ ”
” ရပါတယ်မိန်းမရာ၊ တစ်ကယ်လို့ အဆင်မပြေရင် ကိုယ်ချက်ချင်းပြန်ခဲ့မယ် ဟုတ်ပြီလား ”
ကို၀င်း၏ စကားကြောင့် မိတိုးက ခေါင်းညိမ့်ပြရုံမှတပါး အခြားမရှိပါချေ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
ကိုထွန်း၏ အသက်မှာ နှစ်ဆယ်ကျော်အရွယ်ခန့်ဖြစ်၏။
သူ လက်ရှိနေထိုင်ရာ အရပ်သည် မယ်ဇလီကုန်း ဖြစ်ကာ သူ၏မိခင်နေထိုင်ရာအရပ်မှာမူ လက်ပံကုန်းဖြစ်၏။
မယ်ဇလီကုန်းနှင့် လက်ပံကုန်းရပ်တို့သည် မိုင်လေးဆယ်ခန့်ကွာဝေးကာ မယ်ဇလီကုန်းသည် ရွာငယ်လေးဖြစ်ကာ လက်ပံကုန်းသည် မြို့ငယ်လေး၏ အစွန်အဖျားရပ်ကွက်လေးဖြစ်လေသည်။
သူ၏ဖခင်မှာ သူ..ခုနစ်နှစ်သားအရွယ်၌ တိမ်းပါးသွားသဖြင့် မိခင်ဖြစ်သူက ငတင်ဆိုသည့်သူနှင့် နောက်အိမ်ထောင်ပြုခဲ့၏။
ငတင်သည် အရက်မူးလာလျှင် သွေးဆိုးကာ ပြဿနာရှာက မယားပါသားဖြစ်သည့် သူ့အား မုန်းတီးနေတတ်၏။
သူ၏ မိခင်ဖြစ်သူသည် နောက်အိမ်ထောင်နှင့် သားတစ်ယောက် သမီးတစ်ယောက်ထပ်မံမွေးဖွားခဲ့ကာ သားဖြစ်သူမှာ ငအောင်ဟုခေါ်ကာ သမီးဖြစ်သူမှာ သဲသဲဟု အမည်တွင်လေသည်။
ငအောင်သည် သူနှင့် အသက်ရှစ်နှစ်ခန့်ကွာကာ ယခုဆိုလျှင် ငအောင်သည်ပင် လူပျိုပေါက်အရွယ်ရောက်နေပြီဖြစ်၏။ ငအောင်သည် ငတင်၏သွေးပါသူပီပီ မိုက်ရိုင်းလှ၏။
အရွယ်လေးရောက်မည်မကြံသေး အပေါင်းအသင်းတရုန်းရုန်းနှင့် ထန်းရည်တော၌ မွေ့လျော်နေတတ်လေပြီ။
ဖခင်ဖြစ်သူငတင်က ငထွန်းအား နှိမ်သဖြင့် ငအောင်ကလဲ ငထွန်းအား ငယ်စဉ်ကလေးဘ၀ကပင် အစ်ကိုတစ်ယောက်ဟုမသတ်မှတ်ပဲ မိုက်ရိုင်းခဲ့၏။
အငယ်ဆုံးဖြစ်သူ သဲသဲကမူ မိန်းခလေးပီပီ အနေအေးရှာကာ ငထွန်းအားလည်း သံယောဇဉ်တွယ်ရှာလေသည်။
ယခုအချိန်၌ သဲသဲပင် ဆယ်နှစ်အရွယ်သို့ပင် ရောက်ရှိနေပေပြီ။
” အမေရေ အမေ ”
” ဟယ် ကိုကြီးထွန်း သဲသဲတို့ဆီလာလည်တာလား ”
” ဟုတ်တယ်ညီမ ၊ ဒါနဲ့ အမေရော ”
” အိပ်ခန်းထဲမှာကိုကြီး ၊ နေ‌သိပ်မကောင်းလို့ ဆေးသောက်ပြီးလှဲနေတာ ”
ငထွန်းလဲ မိခင်ဖြစ်သူ၏ အခန်းထဲ၀င်ကာ
” ဟင် အမေ ၊ နေမကောင်းဘူးလား ၊ ပိန်သွားလိုက်တာ အမေရာ ”
” အေး..ဟုတ်တယ် .. ဒါနဲ့ မင်းပိုက်ဆံဘယ်လောက်ပါလဲ ၊ ငါဆေးဖိုးငွေလိုနေလို့ ”
” ဩ ဈေးဖိုးလောက်တော့ပါပါတယ် ၊ အမေ့ကို တလှည့်လာလုပ်ကျွေးတာ ၊ အမေနေကောင်းမှ ရွာပြန်တော့မယ် ရော့ အမေ ဒီမှာဈေးဖိုး”
” မင်းငွေကလဲ နည်းလိုက်တာ ၊ မအေဆီလာတာကို ဒီလောက်ငွေလေးနဲ့၊ မိန်းမကိုကျ တောင်းပြည့်ကျပ်ပြည့် အပ်ခဲ့တာပေါ့ဟုတ်လား ”
” အမေရယ် ၊ သားနောက်ရက် အလုပ်လုပ်ပြီး ငွေရှာပေးပါ့မယ် ဟုတ်ပြီလား ၊ အမေသာကျန်းမာရေး ဂရုစိုက် ”
ထိုစဉ် ပထွေးဖြစ်သူပြန်ရောက်လာကာ
” ဟိုကောင် အခန်းထဲ၀င်ပြီးဘာလုပ်နေတာလဲ ၊ ငါမရှိတုန်း ငါ့မိန်းမအခန်းထဲ၀င်ပြီး ကြာခိုမလို့လား ”
” ဟာဗျာ ဦးတင်ကြီးကလဲ ဒါက ကျုပ်အမေပါဗျ ”
” ဟ မင်းက ယုံရတာမှ မဟုတ်တာ ၊ ငွေဘယ်လောက်ပါလာလဲ ငါ့ကိုအပ်စမ်း ”
” မပါဘူးဦးလေး ၊ နောက်ရက်မှ အလုပ်လုပ်ပြီးပေးမယ် ”
” အေး မပေးလို့ကတော့ သိမယ် ၊ ခုငါရေချိုးမလို့ ရေသွားထမ်းချေ ”
သူလဲ ဘာမှထပ်မပြောတော့ပဲ ရေထမ်းပုံးယူကာ မြစ်ဆိပ်ဖက်ထွက်လာခဲ့၏။
ဘယ်လိုဖြစ်ဖြစ် မိခင်ဖြစ်သူအနားနေရဖို့အရေးကြီးသည်။ မိခင်အား အလွန်သနားမိ၏။
သူရှိနေလျှင် အနည်းဆုံးတော့ ပထွေးဖြစ်သူ ရိုက်ပုတ်နှိပ်စက်မှုမှ ကာကွယ်ပေးနိုင်သည် မဟုတ်လော။
” ဟယ် ငထွန်း ဘယ်တုန်းကပြန်ရောက်တာလဲ ”
” အစောတုန်းကပဲ ပြန်ရောက်တာမကြီး ၊ ဒါနဲ့ ..မငယ်ရော နေကောင်းလား ”
” အေး ကောင်းပ ၊ အိမ်လာခဲ့အုံးဟေ့ ၊ မနေ့ကပဲ မငယ်က မင်းကိုသတိရတယ်ပြောနေတာ ”
” ဟာ လာမှပေါ့ဗျ ၊ ကိုယ့်ကျေးဇူးရှင်တွေအိမ်ကို လာရမှပေါ့ ၊ ရေဖြည့်ပြီးတာနဲ့လာခဲ့မယ်ဗျာ ”
မကြီးနှင့်မငယ်တို့သည် ညီအစ်မများဖြစ်ကြကာ အထူးသဖြင့် မငယ်သည် ကို၀င်းအား တူတစ်ယောက်လိုစောင့်ရှောက်ပေးကမ်းကျွေးမွေးခဲ့၏။
အိမ်မှာထမင်းမစားရသည့်ရက်များ၌ မငယ်က ကျွေးမွေးခဲ့ရှာသည်။
မငယ်သည် အလွန်စိတ်သဘောထားပြည့်၀သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ ကိုထွန်း၏ ကျေးဇူးရှင်ဆိုလျှင်လဲ မမှားပါချေ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
” လာဟေ့ကိုထွန်း ဘယ်တုန်းကရောက်တာလဲ ၊ မင်းမိန်းမနဲ့ကလေးရော နေကောင်းကြလား ”
” ကောင်းတယ်မငယ်၊ အမေနေမကောင်းဘူးဆိုလို့ အမေ့ကိုတစ်လှည့်လာလုပ်ကျွေးတာ ”
” အင်း မင်းစိတ်ရင်းကိုတော့လေးစားပါတယ် ၊ ဒါပေမဲ့ ငတင်က မငအပေါ်အပါး၀လွန်းတော့ ငါက ဒီကိုပြန်မလာစေချင်ဘူး ၊ မနေ့ကတောင် အိမ်သာကျင်းအသစ်တူးမလို့တိုင်ပင်ရင်း မင်းကိုသတိရနေတာ ၊ မင်းကို ၀ဋ်ကျွတ်ပြီလို့ပြောလို့မဆုံးသေးဘူး အခုပြန်ရောက်လာပြန်ပြီ ”
” ဟာ ကျုပ်မှ မနေနိုင်တာ မငယ်ရာ ၊ အမေက နေမကောင်းဘူးဆိုတော့ ခဏပြန်လာလုပ်ကျွေးတာ အမေနေကောင်းတာနဲ့ပြန်မှာ ၊ ဒါနဲ့ အိမ်သာကျင်းအသစ်တူးမယ်ဆို ကျုပ်တူးပေးမယ် ”
” ကောင်းတာပေါ့ ငထွန်းရာ ၊ နင်တူးပေးတော့ လက်ရာသေသပ်တယ် ၊ အဖိုးအခကိုတော့ သူများထပ်ကို ပိုပေးမှာ ခု ဘာမှမစားရသေးဘူးမို့လား ၊ ငါတို့အိမ်မှာစားသွား၊ ထမင်းတွေဟင်းတွေ ပိုနေတာအများကြီး ၊ ချဉ်ရေဟင်း အငံကြော် ၊ ငါးဆုပ်ချက်ထားတာ ”
” ဟာ ဒါဆိုမစားရသေးတာနဲ့အတော်ပဲ ပြောနေရင်းဗိုက်တောင်ဆာလာပြီ ”
” ဆာရင် နောက်ဖေးထဲ ကိုယ်တိုင်ခူးခပ်စားချေ၊ ငါတို့အကုန်စားပြီးပြီ ၊ ဘယ်သူ့အတွက်မှချန်မနေနဲ့ဟေ့ ”
ငထွန်းလဲ နောက်ဖေး မီးဖိုချောင်ထဲ၀င်ကာ ခူးခပ်စားသောက်လိုက်၏။
မငယ်တို့ညီအစ်မနှင့် ငထွန်းသည်ကား ဤမျှအထိ ရင်းနှီးသူများဖြစ်ကြလေသည်။
” အားဗိုက်ကိုပြည့်သွားတာပဲ ထမင်းကလဲ မြိန်တာ ၊ အိမ်မှာအမေက နေမကောင်းတော့ ပြန်တော့မယ်မငယ်၊ မနနက်ဖြန်မနက်မှ စောစောလာပြီး အိမ်သာကျင်းတူးပေးတော့မယ် ”
” အေး ပြန်တော့ ၊ တော်ကြာ ငတင်က မင်းကိုပြဿနာရှာနေလိမ့်မယ် ”
ငထွန်း၏ နောက်ကျောပြင်အားကြည့်ကာ မငယ်တစ်ယောက်သက်မရှည်ကြီးအားချလိုက်မိ၏။
” အင်း ငထွန်းခဗျာ သနားစရာ ၊ မအေနေမကောင်းလို့တဲ့ မိန်းမနဲ့ကလေးကိုပစ်ပြီး သူ့မအေကို လာလုပ်ကျွေးတာ ၊ အင်မတန်မှ မိဘအပေါ်သိတတ်တဲ့ကလေး ”
” ဟုတ်ပါ့ငယ်ရာ ၊ သူ့လိုသားမျိုးရတာကံကောင်းတာပဲ ၊
ငါလဲ သူ့လိုသိတတ်တဲ့သားမျိုးလိုချင်လိုက်တာ ”
မကြီးသည် ငထွန်းအားကြည့်ကာ ညည်းညည်းညူညူ ပြောရှာလေသည်။
နောက်နေ့မနက်၌ ငထွန်းသည် ခပ်စောစောအချိန်၌ပင် မငယ်တို့၏အိမ်သို့ရောက်ရှိလာကာ အိမ်သာကျင်းအားစတင်တူးပေးလေတော့၏။
“ငထွန်းရေ နေ့လည်စာအတွက်အသင့်ပဲ၊ မင်းကြိုက်တဲ့ ငါးချဉ်သုပ်ထားပေးတယ် ”
မငယ်၏စကားကြောင့် ငထွန်းသည် သူ၏မျက်နှာမှချွေးများအား ပုဆိုးဖြင့်သုတ်ကာ
” ဟာ မငယ်လက်ရာကတော့ ဆွေမျိုးမေ့တော့မယ်၊ ပြောရင်း ဗိုက်တောင်ဆာလာပြီ ၊ ကျုပ်နားပြီး နေ့လည်စာစားတော့မယ်ဗျာ ”
” အေး နားတော့လေ ၊ ကျင်းက အတော်တောင်နက်နေပြီ ၊ ထမင်းစားပြီး တရေးလောက်မှေးလိုက်အုံး ၊ ပြီးမှ ကျင်းကိုအချောသပ်ပေါ့ အရေးမှမကြီးတာ ”
” ဟုတ်ကဲ့မငယ် ဒါဆို ကျုပ်ထမင်းစားပြီး အမေ့ကို ခဏ ပြန်ကြည့်အုံးမယ် ”
” အေး အေး ကိုယ့်နှိုင်းကိုယ် ခူးခပ်စားသွားချည်၊ ငါ မေဦးကိုသိပ်လိုက်အုံးမယ် ”
” သူ့အမေကဘယ်သွားလို့လဲ မငယ်”
” ဈေးသွားတယ်လေ ငါ့လည်း တူမလေးကိုထိန်းနေရတာနဲ့ ကလေးယူဖို့တောင် ငြီးငွေ့လာပြီ ”
မငယ်၏စကားကြောင့် ငထွန်းက တစ်ချက်ပြုံးလိုက်ကာ သူ၏သမီးငယ်လေးအားသတိရသွား၏။
မေဦးသည် မငယ်၏အစ်မ မကြီး၏ သမီးဖြစ်ကာ သုံးနှစ်အရွယ်ခန့်သာရှိသေး၏။
မငယ်သည်လဲ အိမ်ထောင်သည်ဖြစ်ကာ သားသမီးမထွန်းကားသေးပါချေ။
ငထွန်းသည် စားသောက်နေစဉ် မိခင်ဖြစ်သူနှင့် ညီမငယ်မိသဲတို့အကြောင်းတွေးနေမိ၏။
မနက်က ထမင်းကြော်စားကြကာ နေ့လည်အတွက် ထမင်းတစ်လုံးသာတည်ထားကာ ဟင်းမရှိသေးပေ။
ညီမငယ်မိသဲသည် ရှုးရှဲလက်ဖက်လေးဖြင့်သာ ဖြစ်သလိုစားသောက်ရရှာသည်မို့ အိမ်ပြန်လျှင် ကြက်ဥလေး၀ယ်ပြန်ကာ ကြော်ကျွေးမည်ဟု စဉ်းစားနေမိလေသည်။
သူလည်း အိမ်အပြန်လမ်းရှိ ဈေးဆိုင်လေးရှေ့၌ရပ်ကာ
” ကြီးတော်အုန်းရေ ”
” ‌ငထွန်းပါလား ဘာယူမလို့လဲ ”
“ကျုပ်ကိုကြက်ဥလေး‌လုံးလောက်အမ်းစမ်းပါ ၊ ညနေကျမှ ပိုက်ဆံလာပေးမယ်”
” အေးရတယ် မင်းအမေငါ့ဆိုင်မှာ အကြွေးယူထားတာ မနည်းတော့ဘူးငထွန်းရ”
” ဟင် ဟုတ်လား ၊ အဲ့ဒါဆို အမေ့အကြွေးစာရင်းပါတွက်ထားလိုက် ညနေကျရင် လုပ်အားခထုတ်ပြီးရင် အကြွေးတွေအကုန်လုံး လာဆပ်ပေးမယ်ဗျာ ”
” ရပါတယ်ငထွန်းရယ် ၊ ရှိမှဆပ်ပါ ၊ ငါကအကြွေးရှိကြောင်းပဲပြောပြတာပါအေ ၊ မင်းမလဲ ၀ဋ်ကြွေးပဲ ၊ အိမ်ထောင်ကျပြီးတာတောင်မှ မအေနေမကောင်းလို့ တလှည့်လာလုပ်ကျွေးရှာသား ၊ ငတင်ကတော့ လူ့ဘော်ကျော့ပါအေ ၊ မင်းမအေကလဲ ဒီလောက်လိမ္မာတဲ့သားကို အကောင်းမြင်တာမဟုတ်ဘူး ”
” ဩ ကြီးတော်အုန်းရယ် ၊ အမေ့ကိုအပြစ်မတင်ပါနဲ့ဗျာ ၊ ဦးတင်ကြီးကဆိုးတော့ သူလဲ ကြောက်ရလို့ပေါ့ ၊ ကဲ ကျုပ်သွားတော့မယ် အမေနဲ့ညီမလေးတို့ ထမင်းဆာနေလောက်ပြီ ”
ကြက်ဥထည့်ပေးထားသော အိတ်လေးအားဆွဲကာ ထွက်ခွာသွားသော ငထွန်းအားကြည့်ကာ
ကြီးတော်အုန်းက
” အင်း သနားစရာကောင်းလိုက်တဲ့ငထွန်း၊ မိဘအပေါ်အင်မတန်မှသိတတ်ရှာတာပါလား ”
ဟုရေရွတ်နေလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၄)
” အမေရေ အမေ ”
” ဘာလို့ အသံဗြဲကြီးနဲ့အော်နေတာလဲ ၊ ခင်ဗျားအမေ မသေသေးဘူး ”
” ဟ ငအောင်ရ ၊ ငါ့အမေက မင်းအမေမဟုတ်ဘူးလား ၊ စကားပြောတာ မမိုက်ရိုင်းစမ်းပါနဲ့ညီရာ ၊ မင်းက အသက်ငယ်ငယ်လေးရှိသေးတယ် ”
ထိုအချိန်၌ ငတင်က အခန်းထဲမှထွက်လာကာ
” ဟေ့ကောင် ငထွန်း ၊ မင်းက ငါ့သားကို ဘာဆရာလုပ်တာလဲ ၊ မနေ့တစ်နေ့ကမှ ရောက်လာပြီး ဆရာ‌ကြီးလေသံနဲ့ မင်းစောက်ချိုးပြင်ကွာ ”
” ကျုပ်က အမေ့ကိုထမင်းစားပြီးပြီလား မေးမလို့ပါ ၊ မစားရသေးရင် ‌ကြက်ဥကြော်ကျွေးမလို့ ”
သူ့လက်ထဲမှ ကြက်ဥများအားကြည့်ကာ ငအောင်က
” အမြည်းလိုနေတာနဲ့အတော်ပဲ ၊ အဲ့ဒီကြက်ဥတွေ ကျုပ်ယူသွားမယ် ”
” ဒါအမေနဲ့ညီမလေးစားဖို့အတွက်ကွ .. မင်းအမြည်းအတွက်မဟုတ်ဘူး ”
” မဟုတ်ရင် ခွဲတယ်ကွာ ကဲ ”
“ခွပ် ….”
ငထွန်းသည် မြေပေါ်၌ ကွဲကျနေသောကြက်ဥများအား ကြည့်ကာ လွန်စွာဒေါသထွက်သွား၏။
” ဟင် မင်း မင်း …မိုက်ရိုင်းလှချည်လား ..မင်း…မင်းကွာ”
သူလဲ ငအောင်၏ ရင်ဘတ်အား ဆောင့်ဆွဲပြီး ထိုးမည်ပြုပြီးမှ စိတ်ထိန်းလိုက်၏။ထိုစဉ် သူ၏‌ဦးခေါင်းတစ်ခုလုံး ပူခနဲဖြစ်သွားလေသည်။
” ဟင် ကိုကြီး ငထွန်းခေါင်းမှာသွေးတွေ အမေရေ အမေ လာကြည့်ပါအုံး …”
ညီမဖြစ်သူ၏ အထိတ်တလန့်အော်သံအား နောက်ဆုံးကြားလိုက်ရပြီးနောက် အရာအားလုံး အမှောင်တိကျသွားလေသည်။
” အငယ်မရေ အငယ်မ ”
” ဟင်မကြီး အလန့်တကြားနဲ့ဘာဖြစ်လာတာလဲ ”
” ငထွန်းသေပြီတဲ့ဟဲ့ ခုသူ့အိမ်မှာ ရဲတွေအများကြီးရောက်နေကြတယ် ”
အစ်မဖြစ်သူ၏စကားကြောင့် အငယ်တစ်ယောက် အံ့ဩသွားကာ
” ဟင် ဘယ်လိုဖြစ်တာလဲ ၊ အစောလေးတင်ကပဲ ထမင်းစားသောက်ပြီး အိမ်ခဏပြန်မယ်ဆိုပြီးပြန်သွားတာလေ ‘”
” အရပ်ထဲက ပြောကြတာကတော့ ငထွန်းက မိသဲကို မုဒိမ်းကျင့်လို့ ငအောင်က ရိုက်လိုက်ရင်း လက်လွန်သွားတယ်ပြောတာပဲ ”
” ဟာ မဖြစ်နိုင်တာ မကြီးရာ ၊ ငထွန်းက သူ့ညီမကို အဲ့လိုလုပ်ပါ့မလား ၊ ဟို ငတင်တို့သားအဖနဲ့စကားများရင်း သတ်လိုက်ကြတာနေမှာ ”
” ငတင်က အိမ်မှာမရှိဘူးဆိုပဲ ..သူ့မအေကိုယ်တိုင်က အဲ့လိုပြောတာတဲ့ …”
” ဟင် ဟုတ်လား ၊ ဖြစ်တော့မဖြစ်နိုင်ဘူး သူ့မအေကိုယ်တိုင်က လိမ်တာနေမှာ …ဩ သနားစရာကောင်းလိုက်တဲ့ငထွန်း သေတာတောင်နာမည်ပျက်ကြီးနဲ့ ၊ တစ်နေ့အမှန်တရားတော့ပေါ်မှာပေါ့ ၊ မဟုတ်တာလုပ်တဲ့သူတွေကတော့ ပြန်ခံစားကြရမှာပဲ ၊ဒါနဲ့ အခု ငထွန်းအလောင်းကရော ”
” ဆေးရုံသယ်ဖို့လုပ်‌ေနကြပြီ ၊ သူတို့သားအမိ‌သုံးယောက်ကိုလဲ စစ်မေးဖို့ စခန်းကိုခေါ်သွားကြမှာတဲ့ ၊ ငါလဲ သွေးထွက်သံယိုတွေမကြည့်ရဲတာနဲ့ပြန်လာတာ ၊ ငထွန်းခေါင်းမှာ သွေးတွေမှ အိုင်လို့ ၊ ပြောနေရင်းတောင် ကြက်သည်းထတယ် ၊ သနားပါတယ်အေ ၊ မိသဲခဗျာ ဘာတွေမြင်လိုက်တယ်မသိ စကားတောင်မဆိုနိုင်ရှာဘူး ၊ အရမ်းကြောက်နေပုံပဲ ”
မကြီးတစ်ယောက် ကတုန်ကရင်ဖြင့်ဆိုကာ ရေအိုးမှရေတစ်ခွက်အားခပ်ကာ မော့ချလိုက်၏။
ငထွန်း၏ သတင်းကား နေ့ချင်းညချင်းထိုနယ်တဝိုက်ပျံ့နှံ့သွားကာ လူအများက အမျိုးမျိုးပြောဆိုဝေဖန်လျက်ရှိကြလေသည်။
” အူးး ဝူ ဝူ….”
ညည့်အချိန်၌ ရပ်ကွက်အတွင်း၌ ခွေးများက ဆွဲဆွဲငင်ငင်အူနေလေသည်။
“မငယ် …မငယ် ”
သူ၏ အမည်အားခေါ်နေသံအား ကြားနေရသဖြင့် လန့်နိုးလာ၏။
” ဟင် အိမ်ရှေ့က ဘယ်သူလဲ ”
” ကျုပ်ပါ မငယ်ရ ”
သူလည်း အမှောင်ရိပ်၌ ရပ်နေသော ထိုသူအားစူးစိုက်ကြည့်လိုက်ရာ
” ဟင် င ..ငထွန်း မင်း …မင်းက သေပြီမို့လား ‘”
” အီးဟီး ဟီး ၊ ကျုပ်အသတ်ခံရတာမငယ်ရ ၊ ကျုပ် ကြီးတော်အုန်း‌ဆိုင်မှာ အကြွေးပေးမယ်ပြောထားတာ ၊ ကျုပ်ကျင်းတူးတဲ့ လုပ်အားခကို အကြွေးဆပ်ပေးပါ၊ ခု ကျုပ်နေစရာမရှိဘူး ၊ ဘာလုပ်ရမလဲမသိဘူး ၊ ကျုပ်ကို မတရားသတ်တာ မကျေနပ်ဘူးမငယ်ရ . .ကျုပ်ခုလိုဘ၀နဲ့မနေချင်ဘူး ”
” ငါ ငါ ကြီးတော်အုန်းကို အကြွေးဆပ်ပေးပါ့မယ်၊ မင်းကိုသတ်တဲ့သူကို ရအောင်ဖော်ထုတ်ပါ ငါ့မောင်ရ ၊ မင်းကို မဟုတ်တာတွေပြောနေတာ ကြားပြီးရင်တွေနာတာ ၊ မင်းက မိဘကိုသိတတ်သူပဲ ၊ နတ်ကောင်းနတ်မြတ်တွေက မင်းကို ကူညီမှာပါ ၊ မင်းအတွက် ကုသိုလ်ကောင်းမှုလဲ ပြုပေးပါ့မယ် ငါ့မောင်ရယ် ”
မငယ်တစ်ယောက်ပြောနေရင်း ငထွန်းအား သနားလွန်းသဖြင့် မျက်ရည်များပင်ကျလာလေသည်။
” မိန်းမ မိန်းမ ညဘက်ကြီး ဘာလို့ငိုနေတာလဲ ”
ခင်ပွန်းဖြစ်သူ၏ လှုပ်နှိုးမှုကြောင့် မငယ်တစ်ယောက် လန့်နိုးလာ၏။
သူ၏မျက်နှာ၌လည်း မျက်ရည်များစိုစွတ်နေ၏။
” ဟင် ကျုပ် ကျုပ်အိမ်မက်မက်နေတာ ယောက်ျား ၊ အိမ်မက်ထဲမှာ ငထွန်းရောက်လာပြီး သူအိမ်သာကျင်းတူးငွေနဲ့ ကြီးတော်အုန်းဆိုင်မှာ အကြွေးဆပ်ပေးဖို့လာပြောတာ၊ ပြီးတော့ သူမတရားအသတ်ခံရတာတဲ့”
” မင်းစိတ်စွဲနေလို့နေမှာပါမိန်းမရာ ၊ ဒီည ခွေးတွေလဲ အရမ်းအူတယ် ၊ ဘာမှမတွေးနဲ့တော့ အိပ်တော့ ၊ ဘုရား၀တ်ပြုအိပ် ”
ခင်ပွန်းဖြစ်သူစကားကြောင့် မငယ်လဲ ဘာမှထပ်မပြောတော့ပဲ ပြန်အိပ်ရန်ကြိုးစားလိုက်၏။
သူ၏စိတ်ထဲ၌လည်း ငထွန်းအား သတ်သည့် လူသတ်သမားအား အမြန်ဆုံးဖမ်းမိပြီး အဖြစ်မှန်ပေါ်ပေါက်ပါစေဟုသာ အကြိမ်ကြိမ်ဆုတောင်းပေးနေမိလေသည်။
နောက်ရက်မနက်၌ မငယ်တစ်ယောက် ကြီးတော်အုန်း၏ ဆိုင်လေးသို့ရောက်လာကာ
” ကြီးတော်အုန်း ”
” လာလေ မငယ် ၊ မလာစဖူး အလာထူးပါလား ”
” ဟုတ်တယ် ၊ ဒါနဲ့ ငထွန်းက ကြီးတော်အုန်းကို အကြွေးပေးစရာရှိတယ်ဆို ဟုတ်လား ”
” ဟုတ်ပ မငယ်ရယ် ၊ သူမသေခင်နေ့လည်က သူ့အမေနဲ့သူ့ညီမလေးစားဖို့ကြက်ဥလေးလုံးအကြွေးလာယူသွားရှာတာ ၊ သူ့လိုမ‌ေအနဲ့ညီမကိုအဲ့‌ေလာက်ချစ်တဲ့လူက သူ့ညီမကို ပြုကျင့်မယ်တဲ့လား ၊ သူတော်ကောင်းလေးပါအေ ၊ မအေကြီးကိုက လင်ဘက်ပါပြီး လီဆယ်နေတာ ၊ သူ့မအေကသာ စိတ်ဓာတ်ကမကောင်းတာ ၊ သူ့ခဗျာ အဲ့ဒီနေ့က ကြက်ဥ အကြွေးလာယူရင်း သူ့အမေအကြွေးပါတွက်ထား ညနေလုပ်အားခရရင်လာဆပ်မယ်ပြောရှာတာပါအေ ၊ ငါ့နဲ့ တွေးမိတိုင်း စိတ်မကောင်းလွန်းလို့ မျက်ရည်ပါကျရတယ် ”
” ဩ ဒါဆိုညက ကျုပ်ဆီသူလာပြောတာတွေက အမှန်တွေပဲ ၊ သူက ကျုပ်တို့အိမ်မှာ အိမ်သာကျင်းလာတူးပေးနေတာလေ ၊ ကျင်းတူးခကို ညနေမှယူမယ်ပြောထားတာ ၊ သူက မတရားအသတ်ခံရတာတဲ့ ၊ သူအခုနေစရာမရှိဘူးတဲ့ ကြီးတော်အုန်းရယ် ၊ သနားလိုက်တာ ၊ ခု သူ့အကြွေးတွေ လာဆပ်ပေးတာပါ ”
” မယူပါဘူး မငယ်ရယ် ၊ သူလဲ သေသွားပြီပဲ ”
” ယူပါကြီးတော်ရယ်၊ ဒါမှ သူစိတ်ချမ်းသာရှာမှာ ”
ထိုအခါမှ ကြီးတော်အုန်းက အကြွေးရငွေများအား ယူလိုက်ကာ
” ဒီငွေနဲ့ သူ့အတွက် ကောင်းမှုကုသိုလ်လုပ်ပေးမယ်အေ ၊ သူ့မအေများ ဉာဏ်နဲချက် ၊ သူက သူ့သမီးကို ငထွန်းက မုဒိမ်းကျင့်လို့သတ်တယ်ပြောတော့ သူ့သမီးလဲ နာမည်ပျက် ၊ သူ့ကိုလုပ်ကျွေးနေတဲ့ သူ့သားလေး ငထွန်းလဲ သေတာတောင်နာမည်ပျက်နဲ့ ၊ ကြည့်နေပါ အမှုမှန်ပေါ်လာလို့ကတော့ သူတို့ကို ကျဉ်ထားမှာ ရွံလို့ ”
” ဟုတ်ပ မကြာဘူး အမှုမှန်ပေါ်မှာ ကြည့်ထား ”
အရပ်ထဲ၌ ငထွန်း၏ အကြောင်းကိုသာ ပြောဆိုကာ ငထွန်းအားသနားသူများရှိသကဲ့သို့ ပြစ်တင်သူများလဲ ရှိကြလေသည်။
ငထွန်း၏ မိန်းမ မိတိုးခဗျာ ရူးမတတ်ခံစားနေရရှာ၏။
တစ်ပတ်ခန့်ကြာသောအခါ ရဲစခန်းအတွင်း လူတစ်ဦးပြေး၀င်လာ၏။
” ကျုပ်ကိုဖမ်းပါ ၊ ကျုပ်ကိုဖမ်းကြပါ ၊ ကျုပ်က ငထွန်းကို ရိုက်သတ်တဲ့ သူပါ ၊ ကြောက်ပါပြီငထွန်းရဲ့ ငါ ငါ့နောက်ကိုမလိုက်ပါနဲ့တော့ ၊ ငါ စခန်းမှာ ဖြောင့်ချက်ပေးပြီး အဖမ်းခံပါပြီ ”
သူရူးတစ်ယောက်လို ပြူးတီးပြူးကြောင်ဖြင့် အော်ဟစ်နေသူသည်ကား ငထွန်း၏ ပထွေးဖြစ်သူ ဦးတင်ဆိုသူမှလွဲ၍ အခြားမဟုတ်ပါချေ။
မိသဲအားမုဒိမ်းကျင့်သည်ဟုဆိုသဖြင့် မှုခင်းဆရာ၀န်များက မိသဲ၀တ်သည့် အ၀တ်များအားစစ်ကြည့်ရာ မုဒိမ်းကျင့်ခံရသည့် အထောက်အထားတစ်ခုတစ်လေမှမတွေ့ရပေ။
ငတင်ဆိုသူမှာ လူသတ်မှုဖြင့် ထောင်ကျသွားခဲ့လေသည်။
အမှုမှန်ပေါ်ပေါက်လာသဖြင့် ငထွန်း၏ မိခင်အား ၀န်းကျင်မှ သာရေးလဲမဖိတ်၊ နာရေးလဲ မဖိတ်ပဲ ဝိုင်းကျဉ်ထားကြလေသည်။
သူ့မိခင်၏ ထွက်ဆိုချက်၌ ငတင်က သူ့အား အဖြစ်မှန်ပြောလျှင် သတ်မည်ဟု ခြိမ်ခြောက်သဖြင့် လီဆယ်ထွက်‌ဆိုရသည်ဟု ဆိုသဖြင့် အမှုမှ လွတ်မြောက်ခဲ့သော်လည်း လူမှူ၀န်းကျင်က သူ့မိခင်အား ခွင့်မလွှတ်ခဲ့ကြပါချေ။
ငတင်၏ ပြောဆိုမှုအရ သူသည် ငထွန်းအားသတ်ကာ တိမ်းရှောင်ခဲ့သည့်ညမှစ၍ ငထွန်းသည် သူ့နောက်တကောက်ကောက်လိုက်နေသည်ဟု ဆို၏။
သူအိပ်လျှင်လဲ သူ့ဘေး၌ ငုတ်တုတ်ထိုင်ကာ စိုက်ကြည့်နေသည်ဟုဆိုလေသည်။
နေ့နေ့ညည သူ့ဘေး၌ သွေးသံတရဲရဲ ပုံစံဖြင့် အရိပ်လို လိုက်နေရာ ငတင်သည် ခြောက်ခြားလာကာ ဒဏ်မခံနိုင်သည့်အဆုံး စခန်း၌ ကိုယ်တိုင်လာရောက် အဖမ်းခံ‌ရလေတော့သည်။
ထိုအမှုသည် ထိုနယ်တဝိုက်၌ သေသူဖော်သော လူသတ်သမားအဖြစ်နာမည်ကြီးခဲ့လေသည်။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိပါချေ။
တစ်နှစ်ခန့်ကြာပြီးနောက်
မကြီးတစ်ယောက် ဒုတိယမြောက်သမီးအား ဖွားမြင်လေသည်။
ထိုသမီးလေး၏အမည်အား မေနှောင်းဟု အမည်တွင်၏။
ထိုကလေး ငါးနှစ်အရွယ်သို့ရောက်သောအခါ
” အမေ ..”
” ဘာလဲ သမီး ”
” ကျုပ်ရဲ့ မိန်းမနဲ့ သမီးဆီကိုပို့ပေးပါလား ”
” ဟေ ”
သမီးဖြစ်သူ၏စကားကြောင့် မကြီးခဗျာ အံ့ဩသွား၏။
” ဟင် သမီးရဲ့ မိန်းမနဲ့ ကလေးက ဘယ်ကတုန်း၊ အမေက ဘယ်ကိုပို့ပေးရမှာလဲ ”
” ဟာ အမေလဲ သိသားနဲ့ ၊ မယ်ဇလီကုန်းက မိတိုးက ကျုပ်မိန်းမပဲ ၊ ကျုပ်သမီးနာမည်က ရွှေလုံးတဲ့ ”
သမီးဖြစ်သူ၏ မထင်မှတ်ထားသည့်စကားကြောင့် မကြီးသည် ညီမဖြစ်သူအားလှမ်းခေါ်လေတော့သည်။
“အငယ်မရေ အငယ်မ ”
” ဘာလဲ မကြီး အလန့်တကြားနဲ့ ”
” ဒီမှာနင့်တူမ မေနှောင်းက သူ့မိန်းမနဲ့ သူ့သမီးဆီပို့ပေးတဲ့၊ သူ့မိန်းမက မယ်ဇလီကုန်းက မိလုံးတဲ့ ၊ သူ သူ ကငထွန်း၀င်စားတာပဲ ”
” ငါနင့်ကိုမပြောဘူးလား ၊ မွေးကတည်းက ခေါင်းနောက်မှာ အနာကြီးပါလာကတည်းက ငထွန်း၀င်စားတာ နေမှာဆို နင်မှမယုံတာ ၊ ကဲ ငါတို့ သူ့ကို မယ်ဇလီကုန်းပို့ပေးကြရအောင် ”
မငယ်တို့ညီအစ်မလဲ မေနှောင်းလေးအား မယ်ဇလီကုန်းသို့‌ပို့ပေးကြလေတော့၏။
မေနှောင်းသည် မိတိုးအားတွေ့သောအခါ ငိုယိုကာ
” မိန်းမ အဆင်ပြေလား ၊ သမီးလေး ရွှေလုံးရော ၊ ငါ့နင်တို့သားအမိဆီ ပြန်မလာနိုင်တာခွင့်လွှတ်ပါကွာ ”
” အို အစ်ကိုရယ် အဟင့် ဟင့် ၊ တစ် တစ်ကယ်ပဲ အစ်ကိုပေါ့နော် ”
” ငါအခုနင်တို့သားအမိဆီလာရတာက အိမ်ယာအောက်က ဖျာအလယ်တည့်တည့်အောက်မှာ ငါစုထားတဲ့ငွေတွေရှိတယ်ဆိုတာ ပြောပြချင်လို့ ၊ အဲ့ဒီငွေက မင်းတို့သားအမိကို နားကပ်၀ယ်ပေးမို့စုထားတာပါ ”
မေနှောင်း၏ စကားကြောင့် မိတိုးလဲ ဖျာအားလှန်ကြည့်လိုက်ရာ အမှန်တစ်ကယ်ပင် ငွေများအားတွေ့လိုက်ရသဖြင့်
” အဟင့် ဟင့် ၊ ဟုတ်တယ် သူက ကိုထွန်း၀င်စားတာပဲ ၊ သူသေသွားတာ ၀မ်းနည်းပေမဲ့ ခုလို လူပြန်ဖြစ်နေတာသိလိုက်ရတော့ ၀မ်းသာလိုက်တာ အစ်မတို့ရယ် ”
” ငါတို့လဲ မယုံနိုင်အောင်ပါပဲ ၊ ဒါကြောင့် သူ့ကိုခေါ်ရင် တဗျာ ဗျာနဲ့ထူးတာနေမှာ ၊ အရင်ဘ၀ကသူ့အမေဟောင်းကိုတော့ စိတ်နာသွားလို့နေမှာ သူ့အမေကြောင်းတစ်ခွန်းမှ မပြောဘူး .. အင်း…အရင်ဘ၀က မိဘကိုသိတတ်သူမို့ချက်ချင်း လူပြန်ဖြစ်ခွင့်ရတာနေမှာ ”
မကြီး၏ စကားအား အားလုံးက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြလေ၏။
မေနှောင်းလေးပင် ယခုအချိန်၌ အသက်ဆယ့်ရှစ်နှစ်အရွယ်သို့ရောက်ရှိနေပြီဖြစ်လေသည်။

လေးစားလျက်
စာရေးသူ နန်းကြာညို