သိုက်စောင့်မောင်နှမ****
စ/ဆုံး
အခန်း(၁)
” ကဲ စောအယ်ဝါးရေ ဆရာတော်ကျောင်းအတွက် ကြက်သွန်အိတ်လှည်းပေါ်တင်လိုက်တော့…ဆရာတော်ကိုကပ်လှူဖို့ ခေါပုတ်တွေလဲ မမေ့စေနဲ့”
” ဟုတ် မိုးမိုး “
” မောင်ဖေနဲ့ အိုက်စံ မိုးမိုးဆီ မကြာခဏလာလည်ကြနော် ..မိုးမိုးမျှော်နေမယ် …”
စောအယ်ဝါး၏မိခင်စကားကြောင့် မောင်ဖေက
” ကျုပ်တို့မကြာခဏလာခဲ့ပါ့မယ် … မိုးမိုးလဲ ကျန်းမာရေးဂရုစိုက်ပါ “
” အေး အေး ကဲဒါဆိုသွားကြတော့ “
” ဟုတ်ကဲ့၊ ကဲ အိုက်စံရေ အပြန်တော့ မြင်းလှည်းကို မင်းမောင်းတော့ “
စောအယ်ဝါးသည် မိခင်အားနှုတ်ဆက်ကာ အိုက်စံအား မြင်းလှည်းမောင်းရန်ပြောလိုက်၏။
” ရလားမောင်ဖေ ၊ ကြက်သွန်အိတ်နဲ့မို့ ကြပ်နေလား “
” ရတယ်စောအယ်ဝါး ၊ မင်းရော အဆင်ပြေလား “
” အေး ပြေတယ် “
အိုက်စံမောင်းနှင်သော မြင်းလှည်းလေးသည် လမ်းမထက်၌ တရိပ်ရိပ်ပြေးနေ၏။
” စောအယ်ဝါး “
” ဟေ ဘာလဲ အိုက်စံ”
” နော်ဒေးဖောရဲ့ သမီးက အတော်လေးလှတယ်နော် “
” ဘာလဲ အဲ့ဒီကောင်မလေးကို မင်းကသဘောကျလို့လား “
” လှလို့လှတယ်ပြောတာပါကွာ ဟဲ ဟဲ “
အိုက်စံ၏ အမူအရာအားကြည့်ကာ မောင်ဖေက
” အိုက်စံရာ မင်းတတ်မြောက်ချင်တဲ့ပညာရပ်ကိုသာ ကျွမ်းကျင်အောင်အာရုံထားပြီးသင်စမ်းပါ ၊ နောက်ပိုင်း မင်းဆေးဆရာဖြစ်လာတဲ့အခါမှ ကြိုက်တဲ့မိန်းခလေးရွေးစမ်း၊ ခုမှ အသက်က ဆယ့်ရှစ်နှစ်မို့လား ၊ ခုချိန်ဒါတွေစိတ်၀င်စားနေရင် မင်းပညာရပ်အပေါ်လေးနက်တဲ့စိတ်တွေ ပေါ့သွားလိမ့်မယ် “
” အေးပါကွာ မောင်ဖေရာ ငါသိပါတယ် ၊ အဲ့ဒီကောင်မလေးက အတော်လေးလှလို့ သဘောကျမိယုံပါကွာ ၊ ဩဒါနဲ့ မောင်ဖေ မင်း…နော်ဒေးဖောတို့အိမ်၀ိုင်းထဲမ၀င်ခင် မင်းကလက်ညိုးထောင်ပြီး ပါးစပ်က တတွတ်တွတ်ရွတ်သေးသလိုပဲ ၊အဲ့ဒါ ဘာလုပ်တာလဲ “
” ဩ အောက်လမ်းစက်တွေရှင်းတာလေ ၊ အရင်ဆရာတွေလာတုန်းက အဲ့ဒီစက်တွေကြောင့် နော်ဒေးဖောဆိုတဲ့မိန်းမကြီးဆီ သရဲကောင်က ၀င်ပူးပြီး ရန်တွေလုပ်တာ၊ စက်ရှင်းလိုက်တော့ ငါအိမ်ထဲ၀င်သွားလဲ အဲ့ဒီသရဲကောင်က ထကြွမလာတော့ဘူး၊ သူတို့က မာယာပရိယာယ် အလွန်များတတ်ကြတယ်၊ ဒါကြောင့် သူ့ဟာသူ ကိုယ်တော်ကြီးလို့ဆိုပြီး ညှာစားနေတာ ၊ ပြီးတော့ သူက ခန္ဓာရှင်ကို သူ့ရဲ့မူလရုပ်ကိုကွယ်ပြီး လှည့်စားထားတော့ ဟိုက တစ်ကယ်ကိုယ်တော်ကြီးထင်ပြီး သူပူးသမျှလက်ခံတာပေါ့ “
မောင်ဖေ၏ စကားအားနားထောင်ရင်း စောအယ်ဝါးက
” အဲ့ဒီအောက်လမ်းစက်တွေကို ဘယ်သူက ထားခဲ့တာလဲ “
” သူ့အိမ်မှာနတ်ကတော်ရော၊ ဘိုးတော်လိုလို မယ်တော်တွေလိုလိုတွေရော ၀င်ထွက်သွားလာနေတော့ အဲ့ထဲက အောက်လမ်းတတ်တဲ့သူတစ်ယောက်ယောက်က ထားခဲ့တာပေါ့၊ သူတို့က အောက်လမ်းပွဲတင်တာကို နော်ဒေးဖောက အရိုအသေပြုရှိခိုးမိလို့ သရဲကောင်က သူ့ဆီ၀င်ပူးနိုင်တာပေါ့ကွာ ၊ သူကတော့ ဒါတွေမသိတော့ ခုလိုဒုက္ခရောက်ရတာ “
” ဟုတ်တယ်နော် ငါတို့ဆိုလဲ အမှန်အတိုင်းဘယ်သိနိုင်ပါ့မလဲ …ဒါနဲ့ ငါမင်းကိုမေးစရာရှိတယ်မောင်ဖေ ၊ ငါလဲ အရင်တစ်ခါကတည်းက မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး “
” ဘာများလဲ စောအယ်ဝါး “
” ဟိုတလောက ငါ့ဆီကိုသားအမိနှစ်ယောက် ဗေဒင်လာမေးကြတယ် ၊ သူတို့ဗေဒင်လာမေးရင်းနဲ့ သူတို့အိမ်မှာအာရဗီဘာသာနဲ့ရေးထားတဲ့အင်းတစ်ခုတွေ့လို့ယူလာကြတယ်၊ အရင်နေခဲ့တဲ့ အိမ်ရှင်တွေက ဘာသာခြားလူမျိုးတွေတဲ့၊ငါသိချင်တာက အချို့ဘာသာခြားဆရာတွေကလဲ အတော်လေးစွမ်းကြတယ်၊ သူတို့အင်းတွေဘာတွေဆွဲတဲ့အခါမှာရော ပါဠိလိုတွေပဲ ရွတ်ကြတာလား မောင်ဖေ “
” ဘယ်လိုပြောရမလဲစောအယ်ဝါး လောကီပညာဆိုတာက
တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပဲ။
အင်းဘောင် မျဉ်းသားတာကစလို့အင်းဆံသွင်း သိဒ္ဓိတင်တာကအဆုံး…ရွတ်ဖတ် ရတာတွေဟာ ဆရာတစ်ဦးနဲ့တစ်ဦး မတူဘူးစောအယ်ဝါး ။
အင်းဆွဲတဲ့အခါ ရွတ်ရမယ့်ဂါထာတွေက မိမိတို့ သက်ဆိုင်ရာအလိုက် သမာဓိ ဖြစ်လွယ်တဲ့ အရာကို ရွတ်ကြ ဖတ်ကြတာပါ။
အာရပ် အစ္စလာမ်ဘာသာဝင်တစ်ယောက်က အင်း စီရင်တဲ့အခါ
အာရဗီလိုရွတ်မှာဖြစ်ပြီး
လောကီဆရာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ ကျင့်စဉ်တွေမှာ
(الله)အလ္လာရှင်မြတ်ရဲ့ ဂုဏ်တော်
(၉၉) ပါး ပါဝင်မယ်။
လောကီဆရာ ဟိန္ဒူ ဘာသာဝင်တစ်ယောက်ရဲ့ကျင့်စဉ်တွေမှာ
(ဥုံ ) ရွတ်ဖတ်မှု အခန်းကဏ္ဍတွေပါမယ်။
ဗုဒ္ဓဘာသာဝင် လောကီဆရာတစ်ယောက်ကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်ကိုးပါးကို ရွတ်ဖတ်ပူဇော်ပွါးများ လေ့ရှိတာပေါ့ကွာ ။
လောကီဆရာတွေဟာ မိမိတို့ သမာဓိအလွယ် ရစေနိုင်တဲ့ မိခင်ဘာသာတရားကျမ်းဂန်လာ ထွဋ်မြတ်တဲ့ စကားလုံး၊ အက္ခရာတွေကို လောကီပညာရပ်အတွင်းဆွဲယူ အသုံးပြုလေ့ ရှိကြတာပေါ့ကွာ “
မောင်ဖေ၏စကားအား စောအယ်ဝါးက ခေါင်းတညိမ့်ညိမ့်ပြုကာဖြနားထောင်နေရင်း
” ဩ အဲ့ဒီလိုကိုး ၊ ခုမှ သဘောပေါက်တော့တယ် “
အိုက်စံသည် မြင်းလှည်းမောင်းနေရင်းမှ
” မောင်ဖေ ..ငါလဲ မင်းကို တစ်ခုမေးအုံးမယ် “
” မေးလေကွာ တစ်ခုမဟုတ်ဘူး အများကြီးမေး ဟုတ်ပြီလား “
မောင်ဖေ၏ အပြောကြောင့် စောအယ်ဝါးရော အိုက်စံပါ အားရပါးရပြုံးလိုက်ကြ၏။
” မင်း အစွဲရှင်းတုန်းက နော်ဒေးဖောမျက်စိထဲ ငါ့ကိုရေစင်ခပ်ခိုင်းခဲ့တယ်နော် ၊ အဲ့ဒီရေစင်ကဘာရေစင်လဲ “
” ဩ အဲ့ဒါက မမြင်အပ်တာကိုမြင်ရစေတဲ့ရေစင်တစ်မျိုးပေါ့အိုက်စံ”
မောင်ဖေ၏ စကားကြောင့် စောအယ်ဝါးသည် တစ်ခုခုအား တွေးတောနေဟန်ပြုကာ
“ဩ မင်းပြောမှ ငါကြားဖူးတာလေးပြန်အမှတ်ရလာတယ်မောင်ဖေ ၊ အချို့ဆရာတွေ အသုံးပြုတဲ့ ဣစ္ဆာသယဆေးက မမြင်အပ်တဲ့ဘုံသားတွေကို မြင်ရတဲ့အပြင် ကိုယ်ပါပျောက်တဲ့ဆေးဆို ဟုတ်လား၊ အဲ့ဒီဆေးက ဆေးမြစ်လား ဖော်စပ်ထားတဲ့ဆေးလား “
” ဖော်စပ်ထားတဲ့ဆေးပေါ့ စောအယ်ဝါး “
” ဟင် ဟုတ်လား ၊ ဆေးကို ဘယ်လိုဖော်စပ်ရတာလဲ “
“ဣစ္ဆာသယဆေးအစီအရင်ကို စီရင်တဲ့အခါ
ပုပ်သင်သည်းခြေ၊ဖားအိုင်းသည်းခြေ ၊နွားနက်သည်းခြေ၊ အိမ်မြှောင်တစ်ကောင်လုံး၊ အိမ်မြှောင်ဥတစ်လုံး အဲ့ဒီငါးမျိုးကို သားဦးနို့ရည်နဲ့ကြိတ်ပြီး ဆေးအတောင့် လုပ်ပြီးသုံးကြတာ စောအယ်ဝါး “
” အဲ့လိုဆေးတောင့်လုပ်ပြီးရင် ဘယ်လိုသုံးရတာလဲ မောင်ဖေ “
“အဲ့ဒီဆေးကိုမျက်စေ့မှာ ကွင်းပြီးကြည့်ရင် စုန်း၊တစ္ဆေ၊မြေဖုတ်တို့ကိုမြင်ရမယ်။
ညာမျက်လုံးကိုကွင်းကြည့်လျှင်ညပင်ဖြစ်သော်လည်းနေ့လိုလင်းနေလိမ့်မယ်။
မေးအောက်ကိုသုတ်ရင်ကိုယ်ပျောက်တယ်။
ထိပ်ကိုသုတ်လိမ်းရင်ဖက်ရွက်လ်ိုပေါ့ပါးမယ်။
လက်ညှိုးကိုသုတ်ပြီးညွှန်ရင် အညွှန်ခံရသူသေတတ်တယ်။လက်ဝါးကိုသုတ်လိမ်းပြီး တံခါးကိုပုတ်ရင်တံခါးပွင့်မယ်။
မန်ကျီးရွက်ကိုသုတ်လျှင်ပိတုန်းဖြစ်မယ်။
လက်မှာလိမ်းပြီးငွေကိုကိုင်ရင် ငွေကကြေးဖြစ်မယ်။
နဖူးမှာမှန်ကူလျှင်အမှောင့်အတွက်ကောင်းသတဲ့ စောအယ်ဝါး။
(ဗားမဲ့ဗားတမော့လက်တွေ့အစီအရင်ကျမ်းတတိယတွဲစာမျက်နှာ၉၈)
လက်ညှိုးမှာသုတ်ပြီး သူတစ်ပါးကိုညွှန်တာမျိုးတော့ ရှောင်ရှားသင့်တာပေါ့ကွာ “
” ဩ တယ်လဲ စွမ်းတဲ့ဆေးပဲ ၊ လောကီပညာရပ်ဟာ ထူးဆန်းလိုက်တာ “
” အဲ့ဒီဆေးကို ဖော်စပ်ပြီး သုံးမလို့လား စောအယ်ဝါး “
အိုက်စံ၏ အမေးကြောင့် စောအယ်ဝါးသည် ခေါင်းအားဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး
” မသုံးပါဘူး အိုက်စံရာ ၊ ဗဟုသုတ ရအောင် မေးကြည့်တာပါကွာ “
မြင်းလှည်းလေးသည် သစ်ပင်ရိပ်ကြီးများအုံ့မိုးနေသော လမ်းလေး၌ တရိပ်ရိပ်ပြေးနေ၏။
သူတို့သုံးဦးလုံးသည် စကားဆက်မဆိုဖြစ်ကြပဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြလေသည်။
အိုက်စံမောင်းနှင်လာသော မြင်းလှည်းလေးသည် မကြာမီ ဘုန်းကြီးကျောင်းဝိုင်းအတွင်း ကွေ့၀င်သွားလေတော့သည်။
နေရပ်သို့ပြန်ရောက်သောအခါ သူတို့သုံးဦးသည် ဆရာတော်ထံ ၀င်ရော ဦးခိုက်ကာ ပြန်ရောက်ပြီဖြစ်ကြောင်းလျှောက်ထားလျှက် မိမိတို့နေထိုင်ရာ အဆောင်အသီးသီးသို့ ၀င်ရောက်သွားကြကာ လုပ်ဆောင်စရာရှိသည်များအား လုပ်ဆောင်နေကြလေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
” ကိုဖိုးထောင် တစ်ဖက်ရွာက မှာထားတဲ့ဝါးတွေကများတော့ ရှင့်တစ်ယောက်တည်း သွားပို့လို့ ဖြစ်ပါ့မလား ၊ ကျုပ်ပါလိုက်ခဲ့ရမလား “
” ရပါတယ်မိန်းမရာ ၊ မင်းကလဲ မပေါ့မပါးကြီးနဲ့ဆိုတော့ မလိုက်နဲ့တော့ ၊ ဝေးတဲ့ခရီးမှမဟုတ်တာ ၊ ဟိုကို စောစော ရောက်မှာပါ ၊ ဟိုရောက်လို့ ဝါးချ၊ ငွေကောက်ပြီး ငါချက်ချင်းပြန်ခဲ့မယ် “
” လမ်းမှာဂရုစိုက်အုံး ၊ဟိုရောက်ရင် သေရည်တွေသောက်စားမနေနဲ့၊ ရှင်က သေရည်သောက်ပြီးရင် သွေးအလွန်ဆိုးတဲ့သူ၊ပြီးတော့ နှစ်ရွာကြားက ဘုရားငုတ်တိုနားရောက်ရင် သတိထား ၊ အဲ့ဒီနေရာက သိုက်နယ်မြေမို့ကြမ်းတယ် ၊ အမှားမလုပ်မိစေနဲ့ “
” မင်းတို့မိန်းမတွေက အဲ့ဒါခက်တာပဲ၊ သူများပြောတိုင်းယုံ၊ သူများပါးစပ်နဲ့လမ်းဆုံးနေကြတယ် ၊ သူများသိုက်ဆို လိုက်သိုက်ကြ၊ သူများကျတ်မြေဆိုလဲ လိုက်ကျတ်လိုက်ကြတယ်၊ ရွာပြင်က မြေရိုင်းကြီးကိုလဲ ကျတ်မြေဘာညာနဲ့၊ ဟော သူများတွေကျတ်မြေလို့ပြောတဲ့နေရာမှာ ဘိုးပေါ်က လယ်တွေသွားစိုက်တော့ စပါးတွေဖြစ်လိုက်တာမှ စပါးအထွက်တိုးတယ်ဆိုတဲ့ ဘိုးအေးလယ်ထက်တောင် နှစ်ဆထွက်သေး၊ အဲ့လိုဖြစ်ထွန်းပြန်တော့လဲ ဟော …မကြာဘူး ဘိုးပေါ်ကြီးကို ကျတ်ပြုစားလို့သေမှာ စောင့်ကြည့်နေဆိုပြီး ပြောကြပြန်ရော၊ခု ဘိုးပေါ်ကြီးတောင် အသက်ရှစ်ဆယ်ကျော်ပြီ၊ သူ့ကိုပြောတဲ့သူတွေသာ သေသွားကြတာ ဘိုးပေါ်ကြီးက ခုထိ ကျန်းမာတာမှဒေါင်ဒေါင်ကိုမြည်လို့ ၊ ယုတ်စွအဆုံး နှာစေးချောင်းဆိုးဖြစ်သံတောင် မကြားမိဘူးမဟုတ်လား “
” ဩ ဒါကတော့ ဘိုးပေါ်က အထက်လမ်းဂိုဏ်းက ဆရာမို့လေ ၊ သူက စမတွေ မျိုထားတယ်ဆိုလား ၊ အင်းတွေထိုးထားတယ်ဆိုလား၊ အဲ့ဒါကြောင့်ပေါ့ “
” တော်တော့ သဲညှာ ၊ မင်းတို့က သူများပြောတိုင်းယုံကြတာ၊ ဘုရားငုတ်တိုဆိုတာကလဲ ငါတို့မွေးကတည်းက သွားဆော့ခဲ့တဲ့နေရာ ၊ သိုက်ရှိတာမှန်ရင် သိုက်ဆရာတွေဘာတွေလာပြီး သိုက်တူးကြမှာပေါ့ကွ ၊ ခုဟာက သိုက်ဆရာမပြောနဲ့ နတ်ကတော်တောင် အဲ့ဒီဘုရားငုတ်တိုကိုစိတ်မ၀င်စားဘူး ၊မင်းနဲ့ပြောနေရင် ဒီနေ့ပြီးမှာတောင်မဟုတ်ဘူး ၊ ပေးတော့ ငါ့ထမင်းထုတ် ၊ ကဲ ငါသွားတော့မယ် ၊ အချိန်တန်ရင် အိမ်ပြန်လာမယ် ဟုတ်ပြီလား “
ထမင်းထုတ်အားယူကာ ဝါးတင်ထားသော နွားလှည်းအားတအိအိမောင်းကာ ထွက်ခွာသွားသော ခင်ပွန်းဖြစ်သူအားကြည့်ကာ သဲညှာတစ်ယောက် သက်မရှည်ကြီးအား ချလိုက်မိ၏။
” ဟူးးး”
ကိုဖိုးထောင်သည် လူရွတ်၊ လူ့ဂွစာတစ်ဦးဖြစ်၏။
ဖူးစာရေစက်ရှိ၍သာ သူနှင့်ညားခဲ့ရသော်လည်း လုံး၀မတည့်၊
မိမိက အကောင်းပြောသော်လည်း ဘုကန့်လန့်ပြန်ပြောတတ်သော ယောက်ျားဖြစ်သူကြောင့် သဲညှာအမြဲ စိတ်ရှုပ်ရသည်။
ကြာတော့ ဆိုးဆိုးကောင်းကောင်း ပြောလိုစိတ်မရှိတော့ ။
ယခုလဲ ရွာနှစ်ရွာကြားက ဘုရားငုတ်တိုအကြောင်းပြောမိသည်နှင့် သူ့အယူအဆကို ချပြနေပြန်သည်။
ထိုဘုရားငုတ်တိုနေရာသည် လူပြောများလှ၏။
သဲညှာတို့အဖွားငယ်ငယ်ကဆိုလျှင် လပြည့်ညများ၌ နန်း၀တ်နန်းစားနှင့် မိန်းမလှလေးတစ်ဦးအား တွေ့ရတတ်သည်ဟုဆို၏။
ထိုမိန်းကလေးအား ပရိုးပရီသွားလုပ်မိသော ကာလသားတစ်ဦးသည် တစ်ညလုံးမြေပြင်အား ရေထင်ကာ ကူးခတ်နေသည်ဟုလည်းဆို၏။မနက်လင်းသောအခါ ထိုသူသည် လက်များက ပွန်းပဲ့ကာ သွေးများပင်ထွက်နေသည်ဟု ဆိုကြ၏။
နောက်ပိုင်း ထိုသူမှာလဲ သွက်သွက်ခါသည်အထိ ရူးသွားသည်ဟု ဆိုကြလေသည်။
မည်သို့ပင်ဖြစ်စေ နောက်ပိုင်း ထိုဘုရားငုတ်တိုနေရာအား တတ်နိုင်သမျှရှောင်သွားကြသည်။
ထိုနေရာ၌ မဟုတ်တာလုပ်ဖို့မပြောနှင့် စကားကြမ်းကြမ်းပင်မဆိုရဲကြချေ။
တစ်ဘက်ရွာသို့သွားမည်ဆိုပါက ထိုဘုရားငုတ်တိုနေရာအား မဖြစ်မနေဖြတ်သွားကြရလေရာ ဖြတ်သွားသူတို့သည် ထိုနေရာ၌ ခရီးတစ်ထောက်နားလေ့မရှိပဲ ခပ်သွက်သွက်သာ ဖြတ်ကျော်လေ့ရှိကြလေသည်။
” ကိုဖိုးထောင် ညနေစောင်းနေပြီ ဒီမှာပဲ အိပ်သွားပါလား “
” ဟာ ကျုပ်မိန်းမ သဲညှာက ကိုယ်၀န်ကြီးနဲ့မို့ ကျုပ်ပြန်မှရမယ် အေ့ …ဂေ့ “
” ခင်ဗျားအတော်လေးမူးနေပြီ ကိုဖိုးထောင် ၊ ပြီးတော့ ခင်ဗျားတစ်ယောက်ထဲ ဘုရားငုတ်တိုရှေ့ဖြတ်ရမှာ “
” ဟာ ဘာဖြစ်လဲဗျာ ၊ ဘုရားငုတ်တိုမှာ ဘာကြောက်စရာရှိလို့လဲ ၊ လာပြန်ပြီနောက်တစ်ယောက် ၊ အလကားနေရင်း သွေးကြောင်နေတာ “
” သွေးမကြောင်ဘူးကွ ၊ အဲ့ဒီနေရာက သိုက်နေရာတဲ့၊ နတ်ကြီးတယ်ကွ “
” တော်စမ်းပါ ကိုသန်းမောင်ရာ ၊ နတ်ကြီးတော့ နတ်လေးနိုင်တာပေါ့ကွာဟား ဟား ဟား ၊ ဖိုးထောင်က သိုက်မကလို့ ဘာနေနေ မကြောက်ဘူး၊ ဟော့…ဒီတပိုင်းကျန်တာလေးယူပြီး ခင်ဗျားတို့ပြောတဲ့ဘုရားငုတ်တိုက သိုက်မြေမှာ သွားသောက်အုံးမယ်၊ ကံကောင်းရင် သိုက်က မိန်းမလှလေးနဲ့ ဟဲ ဟဲ ဟဲ “
” ဟာ အဖေရာ ဒီလူကြီးက တစ်ကယ်မူးနေပြီ အဖေ့မိတ်ဆွေဖိုးထောင်က လူရွတ်ဗျ ၊ တော်ကြာ မဟုတ်တာတွေလျှောက်လုပ်လို့ တစ်ခုခုဖြစ်နေမယ် ၊ ကျုပ်ပဲ သူ့ကိုလိုက်ပို့ပြီး ဟိုဘက်ရွာက ကိုကြီးတို့အိမ်မှာအိပ်တော့မယ် “
ကိုသန်းမောင်၏ သားဖြစ်သူစကားကြောင့် ဖိုးထောင်က မျက်ခုံးနှစ်ဖက်အား ရှုံ့လိုက်ပြီး
” အောင်မာ ငါ့ကိုများကြောက်မယ်ထင်နေ ၊ ဒီမှာ မောင်ကျော် မင်းအဖေ သန်းမောင်ကိုသာ အဖော်လုပ်ပေးလိုက် ၊ ကဲ ဟောဒီအမဲခြောက် လက်ကျန်လေးပါ ယူသွားမယ် ၊ ဘုရားငုတ်တိုမှာ သိုက်က မိန်းမလှလေးနဲ့ အရက်လေးသောက် အမြည်းလေးမြည်းရင်း ဟဲ ဟဲ ဟဲ “
ပြောရင်းဆိုရင်း အရက်ပုလင်းလက်ကျန်အား ခါးကြားထိုးရင်း အမဲခြောက်ကြော်လက်ကျန်အား အိတ်ထဲထည့်လျက် နွားလှည်းပေါ်တက်ကာ မောင်းထွက်သွားသော ကိုဖိုးထောင်အားကြည့်ကာ ဦးသန်းမောင်တို့ သားအဖနှစ်ယောက်လုံး သက်မရှည်ကြီးအား ချလိုက်မိ၏။
ကိုဖိုးထောင်တစ်ယောက် မဟုတ်တာ ဘာမှမလုပ်ပါစေနှင့်ဟုသာ ဆုတောင်းယုံမှတပါး အခြားမရှိပါချေ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
လ၏ အလင်းရောင်ကြောင့် ပတ်၀န်းကျင်အား ကောင်းစွာမြင်နေရ၏။
လေပြည်များဝေ့ဝဲတိုက်ခတ်လာမှုကြောင့် အသားထဲထိပင် စိမ့်အေးသွားကာ ကြက်သည်းများပင်ထလာသည်။
” ဩ ဘုရားငုတ်တိုရှေ့တောင်ရောက်ပြီပဲ “
သူသည် နွားလှည်းအား ရပ်ကာ ခါးမှအရက်ပုလင်းအား ဆွဲထုတ်ကာ တကြိုက်မော့လိုက်ပြီးနောက်
” အေ့ ဂေ့ …ဘယ်မှာလဲ သူတို့ပြောတဲ့သိုက်က သူတွေ ၊ ဟဲ ဟဲ ရှိရင် ကျုပ်အရက်သောက်တဲ့နေရာ အဖော်လာလုပ်စမ်းကြပါ “
“
သူလဲ အမဲကြော်အား ထုတ်ယူကာ ဝါးလိုက်သေးသည်။
ထို့နောက် အပေါ့စွန့်ချင်လာသဖြင့် လှည်းပေါ်မှဆင်းကာ ထိုနေရာအနီးရှိသစ်ပင်ဘေး၌ အပေါ့စွန့်လိုက်၏။ထိုသို့စွန့်နေရင်းမှ သူ့စိတ်ထဲ၌ တစ်မျိုးတမည်ခံစားလာရသဖြင့် ဘေးဘီဝဲယာအားကြည့်လိုက်ရာဘုရားငုတ်တိုဘေး၌ လက်ခါးထောက်ကာ သူ့အား ခပ်စိမ်းစိမ်း ကြည့်နေသူ လူရွယ်တစ်ဦးအား တွေ့လိုက်ရလေသည်။
” ဟေ့ကောင် မင်းက ဘယ်ရွာကလဲ ၊ အမယ် အ၀တ်အစားကလဲ တောက်တောက်ပြောင်ပြောင်နဲ့ ဒီဘက်မှာ ပွဲလမ်းသဘင်လဲ ရှိတယ်မကြားမိပါဘူး”
” တောက် …..”
သူကြည့်နေစဉ်မှာပင် ထိုသူမှာ တက် တစ်ချက်ခေါက်လျက် စိတ်ဆိုးသည့်အမူအရာဖြင့် ဘုရားငုတ်တိုအတွင်း ၀င်သွားလေသည်။
” ဟင် ဒီဘုရားငုတ်တိုက လူ၀င်လို့ရလို့လား ၊ ငါ ငါ မျက်စိမှားတာများလား “
သူလဲ စပ်စုလိုစိတ်ရှိလာသည်နှင့် အုတ်အဟောင်းအပဲ့များစုပုံထားသော စေတီပျက်အနီးလျှောက်လာရာ
သူလျှောက်နေသော မြေပြင်၌ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ရေများက စီး၀င်လာ၏။
ဤနေရာ၌ မြစ်များချောင်းများလဲ မရှိသောကြောင့် သူလည်းကြောင်တောင်တောင်ဖြစ်သွား၏။
ထိုစဉ် အုတ်များဟိုတစ်စဒီတစ်စကျိုးပျက်နေသော စေတီငယ်သည် တဖြည်းဖြည်း သပ္ပါယ်သော စေတီငယ်လေးအဖြစ်ပြောင်းသွားကာ ထိုစေတီပတ်ပတ်လည်၌ ရေပြင်ကျယ်ကြီးအားတွေ့ရလေသည်။
သူ့ခန္ဓာကိုယ်ရင်ဘတ်ထိနီးပါးသည် ရေအောက်နှစ်မြှုပ်နေပြီဖြစ်၏။
ထိုစေတီဘေး၌လည်း သူ့အား ခပ်စိမ်းစိမ်းစိုက်ကြည့်နေသော လုလင်ပျိုတစ်ဦးနှင့် မိန်းခလေးငယ်တစ်ဦးအား တွေ့လိုက်ရ၏။
ထိုလုလင်ပျိုသည် အစောတုန်းက သူ့အား လက်ခါးထောက်ကာ စိုက်ကြည့်နေသော လုလင်ပင်ဖြစ်၏။
“ဟာ ရေတွေ တက်လာပြီ ၊ လုပ်ကြ လုပ်ကြပါအုံး ကျုပ်ရေနစ်သေတော့မယ် “
လုလင်ပျိုနှင့် မိန်းမငယ်တို့သည် သူ့အားကြည့်ကာ အားရပါးရ ရယ်မောနေကြလေသည်။
ဦးသန်းမောင်တို့သားအဖသည် ကိုဖိုးထောင်အားစိတ်မချသဖြင့် လိုက်လာရာ
” ဟာ အဖေ၊ ဟိုဘုရားငုတ်တိုရှေ့မှာ ကိုဖိုးထောင်လှည်းမို့လား “
” ဟာ ဒီကောင်တော့ ငါတို့ထင်တဲ့အတိုင်းပဲ မလုပ်သင့်တာလုပ်လို့ ဒုက္ခများပြီထင်တယ် “
ဦးသန်းမောင်တို့သားအဖလဲ ဘုရားငုတ်တိုဘက်သို့ကြည့်လိုက်ရာ စေတီပျက်ရှေ့ရှိ မြေကြီးပေါ်၌ ၀မ်းလျားမှောက်ကာ ရေကူးခတ်နေသည့်ဟန်ပြုနေသော ကိုဖိုးထောင်အား တွေ့လိုက်ရလေသည်။
” ဟာ ကိုဖိုးထောင် ခင်ဗျားဒီမှာဘာလုပ်နေတာလဲ “
” ဟာ သွားကြ ၊ ဖယ်ကြ ဖယ်ကြ ငါ့ကိုရေထဲဆွဲမချနဲ့ ၊ ငါရေနစ်သေလို့မဖြစ်ဘူး “
ဦးသန်းမောင်တို့သားအဖသည် ဖိုးထောင်အား မနည်းချော့မော့ကာ အိမ်သို့ခေါ်ပြန်လာရ၏။
” သဲ ညှာရေ ဟေ့ သဲညှာ “
” ဟင် ဦးသန်းမောင်တို့ပါလား ..ဟင် ကိုဖိုးထောင်က ဘယ်လိုဖြစ်လာတာလဲ လူတစ်ကိုယ်လုံးလဲ ဖုန်တွေနဲ့ လက်တွေကလဲ စုတ်ပြတ်လို့ “
” နင့်ယောက်ျားတော့ ဘုရားငုတ်တိုမှာ အမှားလုပ်မိပြီထင်တယ် “
” ဟင် ဘယ်လိုဘယ်လို ၊ ဒါ ဆို ဘယ်လိုလုပ်ရမှာလဲ ဦးသန်းမောင် “
” နေအုံး ဘိုးပေါ်ကို သွားခေါ်ခဲ့မယ်၊ ဘိုးပေါ်က ဘာလုပ်ရမလဲ ဆိုတာ သိလောက်ရဲ့ “
ထိုစဉ် ကိုဖိုးထောင်သည် အသံနက်ကြီးဖြင့် အော်ကာ ရုန်းကန်လေတော့သည်။
” ဟာ ရေတွေ ရေတွေ ၊ နင်တို့ဘာကြည့်နေတာလဲ ၊ ငါ့ကိုကယ်အုံး ငါ ရေနစ်တော့မယ် ၊ အား အသက်ရှူကြပ်တယ် လုပ်ကြအုံး “
ဖိုးထောင်တစ်ယောက် မျက်လုံးက ပြူးကြောင်ကြောင်ဖြင့် ဟိုဟိုဒီဒီကြည့်လျက် ပါးစပ်မှ ကယောင်ကတမ်းအော်နေ၏။
မကြာမီ ဘိုးပေါ်ရောက်လာကာ တတ်သလောက်မှတ်သလောက် ရွတ်ဖတ်ပြီး ဆိုင်ရာပိုင်ရာများအား တောင်းပန်သော်လည်း အခြေအနေမှာ ထူးမလာခဲ့ပေ ။
နောက်ဆုံး ဘိုးပေါ်လဲ လက်လျော့ကာ
” မနက်ကြရင် ဟိုဘက်ရွာက ဆရာဦးစံ၀ကို ပင့်ပြီးကုကြည့် ၊ သူက ပယောဂနိုင်တယ် “
ဖိုးထောင်၏ သတင်းသည် ညတွင်းချင်းပင် ပျံ့နှံ့လျက် တစ်ရွာလုံးနီးပါးလာကြည့်ကြကာ တစ်ယောက်တစ်မျိုးဝေဖန်ပြောဆိုလျက်ရှိကြလေသည်။
ဖိုးထောင်အား ကုသရန် ဆရာများတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားကြသော်လည်း အခြေအနေမှာထူးခြားမလာသည့်အပြင် ပို၍ပင်ဆိုးလာခဲ့၏။
ဖိုးထောင်၏မိန်းမ သဲညှာမှာလဲ ယောက်ျားဖြစ်သူအားကြည့်ကာ မစားနိုင်မသောက်နိုင်ဖြစ်ကာ မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရှာ၏။
ဖိုးထောင်၏ ကိုယ်ခန္ဓာ၌လည်း အနီရောင် အကွက်ကြီးများထကာ ယားယံလွန်းသဖြင့် ကုတ်နေရ၏။
ကုတ်လွန်းသဖြင့် သူ၏အရည်ပြားများမှာ သွေးများပင် ဆို့နေလေသည်။
” မိသဲညှာ ညည်းဒီလိုချည်းငိုနေလို့တော့မဖြစ်ဘူး “
” အဟင့် ဟင့် …ဒါဆို သမီးဘယ်လိုလုပ်ရမှာလဲ ဘိုးပေါ် “
” တောင်ကြီးဘက်မှာ ငါကြားဖူးတဲ့ ဆရာတော်တစ်ပါးတော့ရှိတယ်၊အတော်အစွမ်းထက်တယ်တဲ့ ၊ အဲ့ဒီဆရာတော်ကိုသွားပင့်မှရမယ်ထင်တယ် “
” ဟင်ဟုတ်လား ဒါဆို သွားပင့်ရအောင်ဘိုးပေါ် ၊ ကိုဖိုးထောင်ပြန်ကောင်းဖို့အတွက်ဆိုရင် တောင်ကြီးဘက်တင်မကဘူး ဟိမ၀န္တာဘက်ထိ သွားပင့်ဆိုလဲ ပင့်မယ် ဘိုးပေါ် “
” အေး ဒါဆို နင်က လူနာရှင်မိသားစုဆိုတော့ နင်ပါလိုက်မှရမယ် မိသဲညှာ ၊ နင့်ယောက်ျားကိုတော့ သူ့အမေတွေ လာစောင့်ရှောက်ကြပါစေ၊ နင်ရယ် နင့်ရောင်းမ မိအေးရယ် ငါရယ် ၊ နင့်ရဲ့မောင် ဖိုးထူးရယ် လေးယောက် ဆရာတော်ကိုသွားပင့်ကြရအောင် “
” ဟုတ်ကဲ့၊ ဘယ်အချိန်သွားကြမလဲ ဘိုးပေါ် “
” မနက်ဖြန်ပဲ သွားကြတာပေါ့ “
ဘိုးပေါ်၏စကားကြောင့် သဲညှာလည်း ခရီးအတွက် လိုအပ်သည်များအား ပြင်ဆင်လေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၄)
ဘုန်းကြီးကျောင်းဝိုင်းအတွင်းသို့ မြင်းလှည်းတစ်စီး မောင်း၀င်လာ၏။
ထိုလှည်းပေါ်၌ အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ဦး ၊ အသက်၂၀ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက်နှစ်ဆယ်ကေျာ် ယောက်ျားပျိုတစ်ဦး ပေါင်း လေးဦးပါ၀င်၏။
” သူငယ် ဆရာတော်ရှိလား “
” ရှိပါတယ် ဒီဘက်ကျောင်းဆောင်ပေါ်မှာပါ “
” ဩ အေးအေး ကျေးဇူးပါကွယ် “
အဘိုးအိုဟုပင် ဆိုသော်ညား အမူအရာမှာ သွက်လက်နေသေး၏။ဤခရီးအား ထိုအဖိုးကြီးကပင် ဦးဆောင်ခဲ့ဟန်တူ၏။
” ကဲ ဗေဒင်ဆရာကြီး အဲ့ဒီလူတွေက ဘယ်လိုအပူနဲ့ ဘယ်လိုကြောင့်ရောက်လာတာလဲ ခန့်မှန်းကြည့်ပါအုံး”
အိုက်စံစကားကြောင့် စောအယ်ဝါးသည် အချိန်အခါအားကြည့်ပြီးနောက်
“လာတာက လေးယောက် ယောက်ျားနှစ်ယောက် မိန်းမနှစ်ယောက် ၊ ရောက်ချိန်က ဆယ်နာရီကျော်၊ ဦးဆောင်သူက အဖိုးကြီးဆိုတော့” ဟုတီးတိုးရေရွတ်ကာ ငါးမိနစ်ခန့်တွက်ချက်ပြီး
“ဗိုက်ကြီးသည်အမျိုးသမီးရဲ့ အပူနဲ့လာတာကွ ၊ သူ့ယောက်ျားရဲ့ ပြဿနာအတွက်ရောက်လာတာ ၊ သူ့ယောက်ကျားက သူတို့နေတဲ့အရပ်ရဲ့ မြောက်အရပ်မှာ အမှားလုပ်လာခဲ့တာ အမှားတောင်အတော်ကြီးတဲ့အမှားကွ “
စောအယ်ဝါး၏ စကားကြောင့် အိုက်စံသည်
” ဟာ တယ်ဟုတ်ပါလားကွ စောအယ်ဝါးရ ၊ ခဏနေမင်းပြောတာ ဟုတ်မဟုတ် သိရတော့မှာကွ “
” မောင်ဖေရေ မောင်ဖေ မင်းကို ဆရာတော်က ခေါ်ခိုင်းလိုက်လို့ “
ဘုန်းကြီးကျောင်းသားတစ်ဦး၏ လှမ်းခေါ်သံကြောင့်
” ဟော ဆရာတော်က ခေါ်နေပြီ မောင်ဖေ၊ငါတို့နှစ်ေယာက်လဲ သိရအောင် လိုက်ခဲ့မယ်ကွာ “
မောင်ဖေတို့လဲ ဆရာတော်ကျောင်းပေါ်သို့တက်လာကာ ဆရာတော်အားဦးခိုက်လိုက်၏။
ဆရာတော်သည် မောင်ဖေအားကြည့်ကာ
” ဒကာလေးမောင်ဖေ “
” တင်ပါ့ဘုရား “
” ဟောဒီဒကာမလေးရဲ့ အမျိုးသားမှာ ပြဿနာရှိနေတယ်တဲ့ “
” တင်ပါ့ဘုရား “
” အေး အေး ဒကာလေးမောင်ဖေကပဲ ပြဿနာပြေလည်တဲ့အထိ အစအဆုံးကူညီပေးလိုက်ပါ ၊ ကိုယ်တော်က ဒီနေ့ အရေးတကြီးကြွစရာရှိတယ် ၊ ကိုယ်တော်ကို ဒကာလေးအိုက်စံကပဲလိုက်ပို့ပေးတော့ ၊ မောင်ဖေက သူတို့ကို သေချာစစ်ဆေးပြီးကူညီပေးလိုက်၊ေစာအယ်ဝါးက မောင်ဖေနဲ့လိုက်သွားချေ ‘”
ဆရာတော်၏ မိန့်ဆိုချက်ကြောင့် စောအယ်ဝါးသည် အားရ၀မ်းသာဖြင့်
” တင့်ပါ့ဘုရား”
” ကဲ ကဲ ဒကာလေးအိုက်စံ ခုပဲ ကိုယ်တော်နဲ့လိုက်ခဲ့ချေ…”
” တင်ပါ့ဘုရား “
ဆရာတော်ကြွမြန်းသည်နှင့် အားလုံးက ဆရာတော်အား ဦးခိုက်လိုက်ကြလေသည်။
မောင်ဖေသည် သဲညှာဆိုသည့်အမျိုးသမီးအား စစ်ဆေးစမ်းသပ်ရာ သူ၏အမျိုးသားမှာ သိုက်စွဲဖြစ်ကြောင်းသိရလေသည်။
” အမှန်ပဲ အစ်မကြီး၊ အစ်မကြီးရဲ့ အမျိုးသားက အစ်မကြီးတို့ထင်သလို သိုက်စွဲဆိုတာ သေချာသွားပြီ ဒါကြောင့် ကျုပ်တို့အခုပဲ သွားကြစို့ ၊ အချိန်က တန်ဖိုးရှိတယ် ၊ နောက်ကျသွားရင် မလွယ်ဘူး၊ ခုပဲ အစ်ကြီးရဲ့ အမျိုးသားရှိတဲ့အရပ်ဆီ အမြန်သွားကြရအောင်”
မောင်ဖေတို့သည် ထိုအမျိုးသမီးတို့၏ ရွာသို့ ညမိုးချုပ်မှ ရောက်ကြလေသည်။
မောင်ဖေနှင့် စောအယ်ဝါးသည် ဘိုးပေါ်ဆိုသည့် အဘိုးကြီး၏ အိမ်၌ တည်းခိုကြလေသည်။
ထိုနေ့ညက ကိုဖိုးထောင်သည် တစ်ညလုံးသောင်းကျန်းလျက်ရှိ၏။
နောက်ရက်မနက်စောစော၌ မောင်ဖေသည် ကိုဖိုးထောင်အိမ်သို့ရောက်ရှိလာ၏။
မောင်ဖေထိုအိမ်ထဲသို့၀င်လိုက်သည်နှင့်
” လာပြန်ပြီ နောက်ထပ်ဆရာတစ်ယောက် ၊ ဟား ဟား ဟား ငါ့ကိုများဘာထင်နေလဲ ၊ ခန္ဓာရှင်ရဲ့ အသက်ကို နုတ်ယူရမှ ကျေနပ်မယ်ဟေ့ … ဒင်းသေမှ ကျေနပ်မယ် “
ထိုအိမ်၌ လာရောက်ကြည့်ရှုနေသူများကလဲ မနည်းပေ။
ထို့ကြောင့် ဖိုးထောင်အား ၀င်ရောက်ပူးကပ်နေသော သိုက်စွဲသည် မာန်ပါပါဖြင့် အော်ဟစ်နေ၏။
အများအမြင်၌ သူ့အစွမ်းမည်မျှရှိသည်အား သိစေလိုဟန်ပေါ်သည်။
မောင်ဖေသည် မည်သည့်စကားမျှမဆိုပဲ လုပ်စရာရှိသည်များအားလုပ်ဆောင်နေ၏။
မောင်ဖေသည် ဘုရားကျောင်းဆောင်ရှေ့၌ ခန့်ညားစွာထိုင်ကာ
သူ၏ရှေ့၌ ရေတစ်ခွက်ကိုလဲ ချထား၏။
” စေတလုံးပိုင် ငါဆရာအမိန့် စွဲရင်းအတိုင်းငါ့ရှေ့ရောက်စေ “
ထိုသို့အမိန့်ပေးလိုက်သည်နှင့် ဖိုးထောင်၏ခန္ဓာကိုယ်ထဲသို့ သိုက်မှချက်ချင်း၀င်ပူးကပ်လာပြီးနောက် အစွဲပူးနေသော ဖိုးထောင်သည်
မောင်ဖေထိုင်သည့်အတိုင်းလိုက်ထိုင်ကာ
ပေါင်နှစ်ဖက်အား သူ၏လက်ဖြင့်တဖတ်ဖတ်ပုတ်ရင်း တဟားဟား အော်ရယ်လျက်
” ငါ့ကို မင်းလိုဆရာက အမိန့်ပေးချင်တိုင်းပေးလို့ရမယ်ထင်လား ၊ မင်းအမိန့်ပေးတိုင်း ငါကနာခံမယ်ထင်နေလား ၊ မင်းသာ တစ်ကယ်အစွမ်းရှိရင် ငါနေတဲ့ ဘုရားကုန်းမြေကိုလာခဲ့ ငါ့အကြောင်းသိစေရမယ် ၊ မင်းရော မင်းဘေးက ကောင်ပါ နောင်တရစေရမယ် “
အစွဲ၀င်ပူးကပ်နေသောဖိုးထောင်၏စကားကြောင့် စောအယ်ဝါး၏ မျက်နှာမှာ ဇီးရွက်ခန့်သာကျန်လေတော့သည်။
ပရိတ်သတ်များသည်လည်း အစွဲနှင့်ဆရာ အားပြိုင်တော့မည်ဟု တွေးကာ စိတ်၀င်တစားကြည့်ရှုနေကြလေသည်။
ထိုသို့အပြောသည် အစွဲ၏ ပရိယာယ်ဖြစ်ကြောင်း ရိပ်မိသော မောင်ဖေသည်
” မင်းခေါ်တိုင်းလာရအောင် ငါ့ကို မင်းတွေ့ဖူးတဲ့ဆရာတွေလိုများမှတ်နေလား ၊ မင်းခြောက်တိုင်းကြောက်ရအောင် ငါက သာမန်ဆရာမဟုတ်ဘူးဆိုတာ မင်းချက်ချင်းသိစေရမယ် ၊
ကဲ စောအယ်ဝါး ဒီဆီမီးတိုင်သုံးတိုင်ကို ဘုရားကျောင်းဆောင်ပေါ်မှာ ပူဇော်လိုက် “
မောင်ဖေသည် သူ၏လွယ်အိတ်အတွင်းမှ အလင်းတိုင်ငယ်သုံးတိုင်အား စောအယ်ဝါးအားပေးလိုက်၏။
စောအယ်ဝါးလဲ မောင်ဖေပေးသော အလင်းတိုင်သုံးတိုင်အားယူကာ ဘုရားကျောင်းဆောင်ရှေ့၌ ပူဇော်လိုက်၏။
ထိုဘုရားကျောင်းဆောင်ပေါ်မှ ထွန်းညှိထားသော အလင်းတိုင်သုံးတိုင်မှ မီးညွန့်များသည် အစွဲ၀င်ပူးနေသော ဖိုးထောင်ရှိရာအရပ်သို့ လှမ်း၍ ပေါက်လေတော့သည်။
မောင်ဖေသည်သူ၏ ရှေ့ရှိစားပွဲပေါ်၌ သူကိုယ်တိုင် အလင်းတိုင်ငါးတိုင်အား ထွန်းညှိပူဇော်လိုက်၏။
” ဟား ဟား ဟား တွေ့လား ဒီဆရာဂယောင်ခြောက်ခြားနဲ့ မီးတွေလျှောက်ထွန်းနေပြီ “
အစွဲပူးနေသော ဖိုးထောင်သည် မောင်ဖေအား ကြည့်ကာ ပျက်ရယ်ပြုနေ၏။
ဤသည်မှာ အစွဲက ပရိယာယ်ဖြင့် မောင်ဖေက သူ့အားကြောက်လာအောင်၊ ပရိတ်သတ်အထင်သေးအောင် ပြုခြင်းဖြစ်လေသည်။အလင်းတိုင်များထွန်းညှိ ကတည်းက အစွဲ၌ ပြင်းစွာသော အပူဓာတ်အား ခံစားနေရပြီဖြစ်၏။
သို့သော် အစွဲသည် မည်သို့မျှမဖြစ်ဟန်ဖြင့် မောင်ဖေအား အရေးမလုပ်ဟန်ပြုမူပြ၏။
မောင်ဖေသည် ဆီမီးငါးတိုင်အား ထွန်းညှိရခြင်းမှာ ဆရာတော်ဘုရားနှင့်တကွ နတ်မင်းကြီးလေးပါးအား ရည်ရွယ်၍ အရိုအသေပြုခြင်းဖြစ်သည်။
မောင်ေဖသည်အကြိမ်ကြိမ်ပျက်ရယ်ပြုနေသည့်သိုက်စွဲအား သည်းမခံနိုင်သည့်အဆုံး
သူ၏လွယ်အိတ်အတွင်းမှ တစ်ထွာကျော် ခန့်ရှိသော ရွှေရောင်ပတ်ထားသည့် ကြိမ်တုတ်အားထုတ်ကာ ဘယ်လက်ဖြင့် ပြောင်းပြန်ကိုင်လျက် ကြိမ်တုတ်၏ ထိပ်ဖျားဖြင့် အစွဲပူးနေသော ဖိုးထောင်၏ငယ်ထိပ်အား ခပ်ဆတ်ဆတ်ရိုက်ကာ
” ငါလိုဆရာကို အာခံပျက်ရယ်ပြုသမျှ ကိုယ့်ဒဏ်ကိုယ်ခံ ပေတော့ဟေ့ “
ဟု မာန်ပါပါဖြင့် ဆိုလိုက်ရ အစွဲပူးကပ်နေသော ဖိုးထောင်သည်
” အား ခေါင်းတွေကွဲပါပြီ ၊ ကြောက်ပါပြီ ၊ အမိန့်ကိုနာခံပါ့မယ် “
ဟု ငယ်သံပါအောင်အော်လေတော့သည်။
ထို့နောက်တဖန် ဖိုးထောင်၏ နှုတ်မှ
” အဟင့် ဟင့် ဟင့် “
အမျိုးသမီး၏ ငိုသံထွက်ပေါ်လာပြန်သည်။
” ဟာ “
” ဟင် “
“မိန်းမအသံကြီးပါလား”
ကြည့်ရှုနေသော ပရိတ်သတ်သည် အံ့ဩသွားကြလေသည်။
မောင်ဖေသည် အစွဲပူးကပ်နေသော ဖိုးထောင်အား စိုက်ကြည့်ကာ
” ငါလိုဆရာကို လာမလှည့်စားနဲ့တော့ သိုက်စောင့်မောင်နှမ ၊ သင်တို့ဟာ မောင်နှမနှစ်ယောက်ဆိုတာ ငါသိတယ် ၊ ငါဆရာက သင်တို့ကို နစ်နာစေလိုတဲ့ရည်ရွယ်ချက်မရှိပါ ၊ သင်တို့က ငါဆရာအား ပမာမခန့်ပြုလွန်းတဲ့အတွက် ပညာပြရခြင်းသာဖြစ်တယ် “
ထိုအခါမှ အစွဲပူးကပ်နေသောဖိုးထောင်သည် ပဆစ်တုတ် လက်အုပ်ချီကာ မာန်ချလျက်
” ဟုတ်ကဲ့ မိုက်မှားစော်ကားမိတဲ့အတွက် ဆရာ့အား ကျုပ်တို့သိုက်စောင့်မောင်နှမကလည်း တောင်းပန်ပါတယ် ၊ ဤ ခန္ဓာရှင်ဟာ ကျုပ်တို့ကို စော်ကားမော်ကားပြောတဲ့အပြင် ကျုပ်တို့ပိုင်တဲ့သိုက်မြေပေါ်မှာ သေရက်ကိုသောက်တယ်၊ အမဲသားကိုလဲစားတယ်၊ ဒါ့အပြင် အပေါ့ပါစွန့်တဲ့အတွက် သူ့ကိုကျုပ်တို့က ကမ္မဇိတ္ထိအစွမ်းဖြင့် ပြုစားလိုက်ခြင်းဖြစ်တယ် ၊ သာမန်အားဖြင့် သူ့အပြုအမူဟာ ခွင့်လွှတ်စရာမဟုတ်သော်လည်း သင်လိုသမာဓိအားကောင်းသည့်ဆရာရဲ့ အစွမ်းကြောင့် ကျုပ်တို့လည်းဤထက် ပြုစားကာမရနိုင်တော့သည့်အဆုံး မာန်လျော့ပါတော့မယ်”
“ကောင်းပါပြီ၊ သင်တို့ကျေနပ်အောင် သူ့ကို တောင်းပန်ခိုင်းပါ့မယ်၊ သင်တို့မောင်နှမအတွက် သူ့ကို သိုက်ပွဲဆက်ခိုင်းမယ်၊ သူ့မိန်းမမှာလဲ ကိုယ်၀န်နဲ့မို့သနားသဖြင့် ကြေအေးပေးပါ ၊ နောင်ဘယ်တော့အခါမှ သူအပြစ်ထပ်မလုပ်စေရပါဘူး၊ သိုက်နန်းရှင် မောင်နှမခွင့်လွှတ်ကြေအေးေပးပြီး သူ့ကိုပြုစားထားတဲ့ အစွဲဟူသမျှ ပြန်ယူပေးပါ “
“ကောင်းပါပြီဆရာ၊ သူလဲ ကတိတည်ပါစေ၊ ကျုပ်တို့ ပြုစားထားတဲ့ အစွဲဟူသမျှ ပြန်ယူပါ့မယ်”
ဖိုးထောင်သည် သူ့ကိုယ်သူ လက်ဖြင့် သုံးကြိမ်သပ်ချပြီးနောက် ဘုန်းခနဲပင် ပစ်လဲကျကာ သတိမေ့မျောသွားလေသည်။
” ဟင် ကိုဖိုးထောင် ရှင် ရှင် ဘာဖြစ်သွားတာလဲ “
” ဘာမှစိတ်မပူနဲ့ အစ်မကြီး၊ သူ့ကို ဟော့ဒီရေခွက်ထဲကရေတွေ လူနာကိုတိုက်လိုက် ၊ မကြာမီ သူသတိပြန်လည်လာပါလိမ့်မယ် “
” ဟုတ်ကဲ့ပါဆရာ “
သဲညှာသည် ဆရာဖေ စေခိုင်းသည့် အတိုင်း ရေခွက်ထဲမှ ရေအား ဖိုးထောင်အားတိုက်လိုက်ရာ မကြာမီ သတိပြန်လည်လာလေသည်။
” ဟင် မိန်းမ ငါဘာဖြစ်သွားတာလဲ ၊ သူတို့က ဘယ်သူလဲ “
” ဟင် ကိုဖိုးထောင် ရှင် ရှင် သတိပြန်ရပြီနော် ၊ တော်ပါသေးရဲ့ ကျွန်မက ရှင့်ကို ရူးသွားပြီမှတ်နေတာ ဆရာဖေကယ်လို့ ၊ ဒီဆရာကယ်လို့သာရှင်သတိပြန်လည်တာ ဆရာ့ကို ဦးခိုက်လိုက် “
ကိုဖိုးထောင်နှင့် မသဲညှာတို့လင်မယားသည် ဆရာဖေအား ထိုင်ကန်တော့လေတော့သည်။
မောင်ဖေသည်လဲ သူ၏သမားဂုဏ်အား ဦးညွှတ်မှုကို လက်ခံလိုက်၏။
ထို့နောက် ကိုဖိုးထောင်အား နောင်အခါ မိမိမမြင်မတွေ့ရတိုင်း မယုံကြည်ပဲ အရာရာကို စော်ကားမှုမပြုသင့်ကြောင်း အထပ်ထပ်သတိပေးကာ ဘုရားငုတ်တိုနေရာ၌ သိုက်မောင်နှမအား ပွဲဆက်စေလျက် တောင်းပန်ခိုင်းလိုက်လေသည်။
နောက်နောင် သေရည်သေရက်အားလည်း မည်သည့်အခါမှ မသောက်ရန်ကိုဖိုးေထာင်အား အထပ်ထပ်မှာကြားလျက် မောင်ဖေနှင့် စောအယ်ဝါးတို့သည် မိမိတို့၏ နေရပ်ဖြစ်သော ဆရာတော်၏ကျောင်းသို့ ပြန်လာခဲ့ကြလေတော့သတည်း။
လေးစားလျက်
စာရေးသူ နန်းကြာညို