မိုးသည်းထဲကကောင်မလေး(စ/ဆုံး)
——————————-
မိုးသံ တဖျောက်ဖျောက် ကျနေသံမှလွဲလျှင်.. အရာအားလုံး တိတ်ဆိတ်နေသည်။မီးကလဲ မလာ။
လျှပ်စစ်မီးအိမ်ကလဲ အားမသွင်းထားသောကြောင့်.. အသုံးပြုလို့ မရ။ဖယောင်းတိုင် ခပ်ကြီးကြီး တစ်တိုင်ကိုသာ ထွန်းပြီး.. အေးစက်နေသော သောက်လက်စ ကော်ဖီ တစ်ခွက်ကို မော့ချလိုက်သည်။သဘက်ခါ အပ်ရမည့် စာမူ တစ်အုပ်အတွက်..ဟန်ထူး တစ်ယောက် ဘာရေးလို့ ရေးရမှန်းမသိ။
“ဒေါက်.. ဒေါက်..”
တခါးခေါက်သံနဲ့ အတူ..
“ဟန်ကြီး.. ဟန်ကြီး.. တံခါး ဖွင့်စမ်းပါဦးဟ..”
ဟန်ထူး..တံခါး ကို ဆွဲဖွင့်လိုက်ပြီး..
“ဟာ.. ကိုသိန်းအောင် မိုးတွေလဲ ရွှဲလို့ပါလား…
အရေးကြီး ကိစ္စရှိလို့လားဗျ..”
“ဟုတ်တယ်.. အဲ့တာ ကျွန်တော်ပြောမလို့.. ခင်ဗျားအိမ်ရှေ့က လမ်းထိပ်.. လူသတ်ခံရတာဗျို့.. ရဲတွေလဲ ဝိုင်းလို့.. ထွက်ကြည့်စမ်းပါဦး..”
ဟန်ထူး ရုတ်တရက် လန့်သွားသည်။
“ဟာ.. ဟုတ်လား.. ကျွန်တော်လိုက်ခဲ့မယ်..ခဏ.”
ဆိုပြီး.. နံရံမှာ ချိတ်ထားတဲ့ မိုးကာလေး၀တ်ပြီး.. ထီးတစ်ချောင်း ဆွဲထုတ်လာခဲ့သည်။
မိုးက အပြင်မှာ တော်တော်ကို သည်းနေသည်။
ကျွန်တော် အခင်းဖြစ်တဲ့နားရောက်တော့.. ဓာတ်ပုံရိုက်သူက ရိုက်… ရဲတွေနဲ့ တော်တော်လေး အလုပ်ရှုပ်နေတာတွေ့တော့.. ကျွန်တော် လူတွေ ကြားထဲ တိုး၀င်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“ကောင်မလေး တစ်ယောက်.. ရက်ရက်စက်စက် အသက်ခံရတာပါအေ..”
ဆိုပြီး.. ကျွန်တော်နဲ့ အိမ်နီးနားချင်း.. ဒေါ်မိုးမိုးက ပြောလိုက်ခြင်း ဖြစ်သည်။သွေးတွေက မြင်မကောင်းအောင် စီးကျနေပြီး..ရုပ်အလောင်းကို ပလပ်စတစ်နဲ့ ဖုံးထားသည်။ကျွန်တော် ထိုနားခေတ္တမျှ.. စပ်စုပြီး.. မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင် ၀င်ထိုင်လိုက်သည်။အကျိုးအကြောင်း ဘယ်က စဖြစ်တယ်ဆိုတာမေးပြီး.. ဇာတ်လမ်းတစ်ပုဒ်ဆင်ဖိ့ု ပြင်လိုက်သည်။ပတ်၀န်းကျင်က ဖြစ်ပျက်နေတာကို လေ့လာ ကိုယ့်ရဲ့ စိတ်ကူးလေးနဲ့ ပုံဖော်ပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးတာ.. ကျွန်တော့်ရဲ့ အားသာချက်။အေးစက်နေတဲ့ လေညှင်း အထိအတွေ့နဲ့အတူ.. ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ရှိုက်ခနဲ ဖွာပစ်လိုက်သည်..။
“ကိုဟန်ကြီး..”
“ဘာတုန်း..”
“ဒါလေး ယူမလား .. ကျွန်တော် စျေးလျော့ပေးပါ့မယ်..အသုံးလိုလို့..”
ကျွန်တော် မျက်မှောင်ကြုတ်ကြည့်လိုက်တော့.. ငထွန်း လက်ထဲက စိန်လက်စွပ်တစ်ကွင်း။ငထွန်းကြည့်တော့လဲ တုန်တုန်ယင်ယင်နဲ့ မျက်နှာ အမူအယာက ပျက်နေသည်။ဒီကောင် ဘယ်က ခိုးလာပြန်ပြီလဲ။
“မင်း ဆေးတွေ သုံးနေတာဆို.. ငါ သတင်းတွေကြားတယ်..”
“မဟုတ်ပါဘူး .. ကိုဟန်ကြီးရာ.. ကျွန်တော်ကောက်ရလို့ ..၅သောင်းပဲပေး..”
ဟင်..
၅သောင်းတဲ့..။
ကျွန်တော် တစ်ချက်စဉ်းစားလိုက်သည်။ပြီးလျှင် စျေးဆစ်မနေတော့ပဲ ချက်ချင်းထုတ်ပေးပြီး.. ထိုနေရာက ထထွက်ဖို့ ပြင်လိုက်သည်။ကျွန်တော် ပတ်၀န်းကျင်ကို တစ်ချက် အကဲခတ်လိုက်ပြီး..ကိုသိန်းအောင်နား သွားကာ..
“ကိုသိန်းအောင် ကျွန်တော်ပြန်တော့မယ်ဗျာ..”
“ဟုတ်ပြီ.. ဟန်ကြီး”
ကျွန်တော်.. မိုးပေါက်တွေ ကြားထဲကနေ အိမ်ကို ပြန်လာခဲ့သည်။လက်စွပ်ကို စာရေးတဲ့ စားပွဲခုံမှာ တင်ပြီး..စိုစွတ်နေတဲ့ ခေါင်းကို တဘတ်တစ်ထည်နဲ့ ခြောက်အောင် သုတ်လိုက်သည်။.ရေးလက်စ စားပွဲမှာ ထိုင်ပြီး..ဇာတ်လမ်း ပြောင်းဖို့ ကျွန်တော် စဉ်းစားလိုက်သည်။ဇာတ်လမ်းခေါင်းစဉ်တစ်ခုကို ချရေးလိုက်ပြီး.. အတွေးတွေက ဇာတ်လမ်းကို ဖန်တီးနေသည်။
“ဒေါက် ဒေါက် ဒေါက် ”
“ဟာကြာ..”
ကျွန်တော် စိတ်ပျက်စွာ ကျွတ်တစ်ချက်သတ်လိုက်သည်။စာရေးနေတဲ့ အချိန် အာရုံနောက်တာ ကျွန်တော် လုံး၀မကြိုက်။ခြေသံ ခပ်ပြင်းပြင်းနဲ့ တခါးမဆီကို သွားကာ.. ဘယ်သူလဲ မေးပြီး ဆောင့်ဖွင့်လိုက်သည်။
“ကျွန်မ ..”
ဟင်..
မိုးရေတွေ စိုရွှဲနေတဲ့ မိန်းကလေးတစ်ယောက်။ နှုတ်ခမ်းတွေ ပြာပြီး.. တစ်ကိုယ်လုံး တုန်ယင်နေသည်။
“ဟိုလေ..”
“မင်းက ဘယ်သူလဲ..”
ကျွန်တော် မျက်မှောင်ကြုတ်ပြီး ကောင်မလေးကို စိုက်ကြည့်လိုက်သည်။မျက်တောင် မည်းနက်နက်မှာ မျက်ရည်စတွေ ခိုပြီး.. ကျလာမယ့် မျက်ရည်တွေကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။
“ပြောလေ.. ဘာကိစ္စလဲ”
“ဟိုလေ..ဆည်းဆာ.. မိုးတွေမိပြီး အရမ်းအေးနေလို့ ခဏလောက်မိုးခိုချင်လို့ပါ”
ကျွန်တော် စိတ်ညစ်သွားသည်။
“အဆင်မပြေဘူးဗျ .. ကျွန်တော်က စာရေးဆရာ တစ်ယောက်တည်း နေတာ ပတ်၀န်းကျင်က တစ်မျိုး မြင်သွားရင် မကောင်းဘူး”
ဆိုပြီး.. တံခါးကို ဆွဲပိတ်လိုက်သည်။ စိတ်ထဲတော့ မကောင်း။မကူညီချင်လို့တော့ မဟုတ်ပါ။ပတ်၀န်းကျင် အမြင်မှာ မိန်းကလေးတစ်ယောက် ကျွန်တော့် အိမ်ထဲ ရောက်နေတာ သိလျှင် အထင်အမြင် လွဲသွားသည်။ကျွန်တော့်ရဲ့ သိက္ခာကိုတော့.. ထိခိုက်မခံနိုင်ပါ။ဆည်းဆာတဲ့ နာမည်လေးကတော့ လှသားပဲ။မျက်လုံးဝိုင်းဝိုင်း တုန်ယင်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို မျက်လုံးထဲ မြင်ယောင်လာသည်။ကျွန်တော် တစ်ချက်ပြုံးလိုက်မိပြီး အတွေးတွေဖျက်ကာ.. ရေးလက်စ စာမူကို ဆက်ရေးနေလိုက်သည်။
“ဂျိမ်း..”
အမလေးဗျ။
မိုးခြိမ်းသံ။ လျှပ်စီးတွေ တလက်လက်နှင့် မိုးက သည်းသထက် သည်းလာသည်။စောနက ကောင်မလေးရော .. ကျွန်တော့ အိမ်ရှေ့မှာ ရှိနေတုန်းလား။ဒါမှ မဟုတ် မိုးရွာထဲပဲ ဆက်သွားလေသလား။ဒီချိန် မိုးတွေမိနေမယ်ဆိုလျှင်.. နေမကောင်းဖြစ်သွားနိုင်သည်။ကျွန်တော် တံခါးဖွင့်ပြီး ထွက်ကြည့်မိလိုက်လျှင် အိမ်ရှေ့မှာ ရှိမနေတော့ ။အင်းပေါ့ သူလည်း တခြားတစ်နေရာမှ မိုးခိုချင် ခိုနေမှာပေါ့တွေးပြီး ကျွန်တော် တံခါးကို ဆွဲပိတ်လိုက်သည်။
“ဒေါက်..ဒေါက်”
တံခါးခေါက်သံကြားတာနှင့် ကျွန်တော် ချက်ချင်း တံခါး ဆွဲဖွင့်လိုက်သည်။ထိုမိန်းကလေးပဲ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေလျှင်..
“မင်း..ကိုး.. မိုးရွာထဲ ဆက်သွားနေတယ် ထင်နေတာ.. ပစ်ထားရင်လဲ ကျွန်တော်က အကြင်နာတရား မရှိတဲ့သူ ဖြစ်နေဦးမယ်..အထဲ၀င် မိုးရွာထဲ ဆက်နေရင် ဖျားလိမ့်မယ်..”လို့ ပြောမိလိုက်သည်။
@@@@
အခန်းထဲရောက်တာနှင့်.. သင့်တော်မည့် ၀တ်စုံ တစ်စုံ ထုတ်ပေးလိုက်သည်။
ကျွန်တော်ပေးထားတဲ့ ၀တ်စုံကို ပုံမကျ ပန်းမကျ ၀တ်ဆင်ထားသော သူမ .. မလိုက်ဖက်ပေမယ့် တစ်မျိးတစ်မည် ချစ်စရာကောင်းနေသည်။ဆံပင်တွေကို တဘက်နဲ့သေချာ သုတ်နေတဲ့ သူမကို ငေးကြည့်နေမိလျှင်.. ရင်ထဲ အမျိုးအမည် မသိတဲ့ ခံစားချက်က ၀င်လာသည်။အချစ်နဲ့ ထိတွေ့ခံစားဖူးခြင်း မရှိတဲ့ ကျွန်တော့်အတွက် ရင်တွေပဲ ခုန်နေသလို နေရခက်လာသည်။ကျွန်တော် မနေတတ်စွာပဲ ချောင်းတစ်ချက် ဟန့်လိုက်မိလျှင်..
“ကျေးဇူးပါနော် အစ်ကို ..ဆည်းဆာက..ဒီဘက် လမ်းထဲ မျက်စိလည်ပြီး ရောက်လာတာ”တဲ့..
ကျွန်တော် သူမ မျက်လုံးတွေကိုပဲ စိတ်၀င်စားနေမိသည်။
“အစ္ကို..”
“ဗျာ.. ဟုတ် ဟုတ်ကဲ့.. ညီမ နားချင်နားလေ ကျွန်တော် အလုပ် လုပ်လိုက်ဦးမယ်..မိုးတိတ်မှ ပြန်ပေါ့..”
ဆိုပြီး.. စာရေးတဲ့ဘက် လှည့်လိုက်မိသည်။ဘယ်ကလဲ ဘယ်သွားမလို့လဲ အကြောင်းရင်း မေးဖို့ သတိမရ။သူမကို မျက်နှာချင်း မဆိုင်မိဖို့သာ တွေးလိုက်မိသည်။ကျွန်တော့် စိတ်တွေ တည်ငြိမ်မှ ဖြစ်မယ်လေ။ကျွန်တော် ကိုယ်တိုင် ခံစားရမယ့် ပူလောင်ရမယ့် အရာတွေ မလိုချင်။ဇာတ်လမ်းထဲသာ အာရုံစူးစိုက်ပြီး .. ၀တ္ထ ုတစ်ပုဒ်ကို ပီပြင်အောင် ရေးလိုက်သည်။အချိန် အတော်ကြာတာနှင့် ဇက်တွေ လေးလံ ကိုက်ခဲ လာလျှင်.. လမ်းထလျှောက်ဖိ့ု အပြင် ဧည့်ခန်းထဲက ဆက်တီမှာ အိပ်ပျော်နေသော သူမကို မြင်လျှင်.. ရင်ထဲက ခံစားချက်တစ်ခု တိုး၀င်လာသည်။ဘယ်လိုရေစက်မျိုးကြောင့် ဆုံရလေသလဲ ကောင်မလေးရယ်။ကျွန်တော် သူမနဲ့ မျက်နှာချင်းဆိုင်က ဆက်တီမှာ ၀င်ထိုင်ပြီး သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကိုသာ တစိမ့်စိမ့် ထိုင်ကြည့်နေမိသည်။သူမက ကျွန်တော့် စိတ်ကူး ပုံစံထဲ မိန်းကလေးမျိုး မဟုတ်ပေမယ်.. စိတ်ကို ဖမ်းစားညှို့ယူနိုင်သည်.။ကျွန်တော် အခန်းထဲ ၀င်ပြီး.. စောင်ပါးလေး တစ်ထည် သူမအပေါ် လွှားပေးကာ.. စာရေးစားပွဲခုံပေါ် ပြန်ထိုင်လိုက်သည်။
အိမ်မက်လှလှ မက်ပါစေ ကောင်မလေးရေ..။
@@@@@@
အခန်းထဲ အလင်းရောင် တစ်ချို့ ၀င်လာသောကြောင့်.. မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။ မိုးတောင် လင်းနေပြီပဲ။မိုးရာသီမို့.. မိုးက မစဲချင်သေး။ဟူးးး..ကျွန်တော် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ပုခုံးပေါ်မှ အိစက်စက် အရာတစ်ခုကို ဖယ်လိုက်လျှင် .. ညက သူမကို ခြုံပေးခဲ့တဲ့ စောင်လေး။
ဟင်..
“ဆည်းဆာ.. ”
ခေါ်နေသော်လည်း အပ်ကျသံပင်မကြား။ ကျွန်တော် တစ်အိမ်လုံး ပတ်ရှာနေမိသည်။အိမ်ရှေ့တံခါးပေါက် မသိမသာလေး ဟနေတာ မြင်လိုက်လျှင်.. သူမ ပြန်သွားသည်လို့ပဲ တွေးလိုက်သည်။မျက်လုံးထဲက သူမ ပုံရိပ်ခုထိ ဖျက်မရသေး။ဆက်တီပေါ်မှာ သူအတွက် ထုတ်ပေးထားတဲ့ ၀တ်စုံလေးက ခေါက်လျက်လေး။ကျွန်တော် လေးပင်စွာပင် ထလိုက်ကာ တစ်နေ့တာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လိုက်သည်။တစ်နေ့လုံး မျက်လုံးထဲမှာ သူမကိုပဲ မြင်မိနေတာ ကျွန်တော်သာလျှင် အသိဆုံး မဟုတ်လား။ညနေ ရုံးဆင်းတာနှင့် ကျွန်တော် မနေ့က ချရေးထားသော စာများကို ကွန်ပြူတာထဲ စီထည့်နေလိုက်သည်။ပြတင်းပေါက်က မိုးစက်များကို မြင်လျှင် သူမကို သတိရ လွမ်းဆွတ်လာသည်။ဆည်းဆာဆိုတဲ့ ကောင်မလေးရေ.. မင်း ကိုယ့်ဆီ တစ်ခေါက်လောက် ရောက်လာပါဦးလား။နေရပ်လိပ်စာ ဖုန်းနံပါတ် ဘာတစ်ခုမှ မသိလိုက်ရ။ နာမည်လေး တစ်ခုနဲ့ သူမ ပုံရိပ်သာ ရင်ထဲမှာ ကျန်ခဲ့သည်။နောက်တစ်ခါဆို မင်းနဲ့ ပတ်သတ်တဲ့ အရာ မှန်သမျှ သိခွင့်ရှိသောသူသည် ကိုယ်သာ ဖြစ်ပါရစေ ဆည်းဆာရေ။
ဒီနေ့လဲ..
ညဉ့်နက်တာနှင့် မိုးတွေ သည်းကြီးမည်းကြီး ရွာချလာသည်။ကျွန်တော် အိပ်ယာထဲကနေ ထထိုင်ပြီး .. တစ်စုံတစ်ရာကို သတိရမိလိုက်သည်။ဆည်းဆာများ ကျွန်တော့ဆီ ရောက်လာလေ မလား။မဆိုင်တာတွေ တွေးနေမိလိုက်သည်။ဆက်အိပ်၍မရတာနှင့် ကျွန်တော် ဧည့်ခန်းထဲထွက်ကာ ရေခဲသေတ္တာထဲက ရေတစ်ဘူးကို ထုတ်ပြီး သောက်လိုက်သည်။
“ဒေါက် ဒေါက် ဒေါက်..”
ဆည်းဆာလား..။
ကျွန်တော် တွေဝေ မနေဘဲ ချက်ချင်းတံခါးကို ဆွဲဖွင့်လိုက်သည်။
“ဟင် မိုးတွေ ရွှဲနေတာပဲလား..ဆည်းဆာ”
“ဆည်းဆာ အထဲ ၀င်မယ်နော်..”
ဆိုပြီး သူမ ဆက်တီမှာ ၀င်ထိုင်သည်။
သူမ မနေ့ကအသုံးပြုခဲ့သော တဘက်နဲ့ ၀တ်စုံကို ကမ်းပေးလိုက်သည်။
ကျွန်တော် သူမကို မေးစရာရှိနေတာတော့ အမှန်ပါ။သူမ အ၀တ်အစားလဲပြီး.. ရေစိုနေတဲ့ ဆံပင်ကို တဘက်နဲ့ သုတ်နေလျှင်..
“ဆည်းဆာ..ဘာလို့ မိုးတွေ ရွှဲလာရတာလဲ”
သူမ မျက်နှာ သိသာစွာ ပျက်ယွင်းသွားသည်။
“မနေ့က မျက်စိလည်ပြီး ရောက်လာတယ် ပြောတယ်။ ဒီနေ့ရော မျက်စိလည်တာပဲလား..”
ကျွန်တော့် အပြောကို သူမ အေးစက်စွာ ပြုံးသည်။
ကျွန်တော့်ရဲ့ မျက်လုံးတွေကို သေသေချာချာ ကြည့်ပြီး..
“ဆည်းဆာ ဒီတစ်ခါ .. ကိုကို့ဆီ လာတာဆိုရင်ရော..”တဲ့..
ဘယ်လို။
ကိုကို တဲ့လား..။
ရင်တွေ ခုန်ရလွန်းလို့ အသက်ရှုတွေတောင် မြန်လာသည်။
“ကိုယ့်ဆီလာတယ်..”
“အင်းလေ.. ဆည်းဆာက ကိုကိုနဲ့ တစ်လမ်းကျော်က မနီလာနဲ့ ညီအစ်မ တစ်၀မ်းကွဲတော်တယ်။မနေ့က သူ့ဆီလာရင်း .. ကိုကို့အိမ် မှားရောက်လာတာ..”
ဆိုလျှင် အပျော်တွေ အတိုင်းထက်အလွန် ဖြစ်လာသည်။မနီလာဆိုတာ ကျွန်တော်နဲ့ မောင်နှမတွေလို သိပ်ရင်းနှီးတဲ့ အစ်မ တစ်ယောက်။
“အခု ဆည်းဆာ ထွက်လာတာ.. မနီလာ သိလား..”
“ဟင့်အင်း.. မသိဘူး ..”
ဆိုပြီး ခေါင်းလေး ငုံ့သွားသည်။
“ကိုကိုက မနီလာနဲ့ အသိတွေလား..”တဲ့..
“ကိုယ်တို့က မောင်နှမ အရင်းတွေလိုကို ဖြစ်နေတာ.. ပြောပါဦး.. မနက်က ပြန်သွားတာ နှုတ်လဲ မဆက်ဘူး..”
ကျွန်တော် ၀မ်းသာအားရပြောနေပေမယ့် သူမ ဘက်က ဘာစကားမှ ထွက်မလာ။ တစ်နေရာကိုသာ စူးစိုက်ကြည့်နေသည်။ပြီးလျှင်.. ကျွန်တော် စာရေးတဲ့ စားပွဲနားသွားပြီး.. မနေ့ထဲက ကျွန်တော်မေ့ပြီး သိမ်းမထားလိုက်ရတဲ့.. လက်စွပ်လေးကို ကောက်ကိုင်သည်။သူမ မျက်ရည်တွေ ဝိုင်းကာ.. ထိုလက်စွပ်လေးကို ကောက်၀တ်လိုက်ပြီး..
“ဆည်းဆာနဲ့ လှတယ်နော်..”တဲ့..
ကျွန်တော် သူမလက်ကို ဆွဲယူကြည့်လိုက်လျှင်ပဲ သွေးကြောတစ်လျှောက် အေးစိမ့်သွားသည်။
“ကိုကိုက စာရေးဆရာလားဟင်..”
“အင်း..”
ကျွန်တော် သူမ မျက်လုံးတွေကိုသာ စိုက်ကြည့်နေမိသည်။သူမ အနားကနေ တစ်စက္ကန့်မှ မခွာလိုတော့..
“ဆည်းဆာ ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်.. ကိုကိုရေးမလား..”တဲ့..
“အင်း..ကိုကိုလဲ ဇာတ်လမ်းစဉ်းစားနေတာ..”
သူမရဲ့ စကားသံတွေက အဝေးကြီးကနေ လာနေတဲ့ အသံလို… ကျွန်တော့်ကို ကမ္ဘာတစ်ဖက် ဆွဲခေါ်သွားသည်။
“အဲ့တာဆို ပြောပြမယ်နော် .. ကောင်မလေး တစ်ယောက်ရှိတယ်… သူ ခရီးသွားရင်း မတော်တဆ အသတ်ခံရတယ်။အဲ့မှာ ကောင်မလေး ဝိညာဉ်က သူ့ကို သတ်သွားတဲ့ လူသတ်သမားကို ဖော်ထုတ်ချင်နေတယ်။လူသတ်သမားက ကောင်မလေးရဲ့လက်စွပ်ကို ကောင်လေးတစ်ယောက်ကို ရောင်းစားလိုက်တယ်။ထူးဆန်းတာက ကောင်မလေးက လက်စွပ်၀ယ်သွားတဲ့ ကောင်လေးကို မြင်အောင် ပြလို့ရတယ်”
သူမ စကားအဆုံး ကျွန်တော် ကြက်သီးတွေ ဖြန်းဖြန်းထ လာသည်။သူမ လက်မှာ ၀တ်ပေးထားတဲ့ လက်စွပ်ကိုတောင် မသင်္ကာသလို ဖြစ်လာသည်။
“ဆည်းဆာ ဆက်ပြောရမလားဟင်..”
“အော် အင်း.. အင်း..”
ကျွန်တော့်စိတ်ထဲ ဘ၀င်မကျတာ အမှန်ပါ။ တစ်စုံတစ်ခု ဖြစ်နေတဲ့ ခံစားချက်က မသိမသာ ၀င်လာသည်။
“ကိုကို..”
“အင်း.. ကိုကို နားထောင်နေတယ်”
ဆိုလျှင်..သူမ ကျွန်တော့လက်တွေကို သေချာ ဆုပ်ကိုင်ထားလိုက်ပြီး..
“နောက်ဆုံးပေါ့နော်.. ကောင်လေးကြောင့်ပဲ လူသတ်သမား ဘယ်သူဆိုတာ ပေါ်လာမယ်.. ကောင်မလေးက ကျွတ်သွားမယ်..အဲ့လိုလေး ဆိုရင်ရော..”တဲ့..
ကျွန်တော် ခေါင်းငြိမ့်လိုက်ပေမယ့်.. ရင်ထဲ တစ်ဆို့နေမိတာ အမှန်ပါ။
သူမ နဖူးလေးကိုသာ ခပ်ဖွဖွလေး နမ်းလိုက်ပြီး ရင်ခွင်ထဲ ထည့်ထားမိလိုက်သည်။
ထိုအခါ..
အိမ်ထဲက လျှပ်စစ်မီးတွေက မှိတ်လိုက် လင်းလိုက် ဖြစ်လာကာ.. နောက်ဆုံး တစ်အိမ်လုံး အမှောင်အတိ ကျသွားသည်..။
မိုးသည်းတဲ့ ညအချိန်တိုင်း ကောင်မလေး တစ်ယောက် ရောက်လာခဲ့လျှင်.. ထိုည ကျွန်တော့် အတွက် ရှည်လျားပေးသင့်တယ် မဟုတ်လား..
××××××××××××××××××××××××××××××××××××
မနက်မိုးလင်း မျက်လုံးတွေ ဖွင့်တာနှင့် သူမကို မတွေ့ရတော့။
ဒီလိုပဲ ထွက်ပြေးနေတော့မှာလား.. ဆည်းဆာရေ..။
“ဟန်ကြီး..ဟန်ကြီး.. တခါးဖွင့်ပါဦးဟ”
ကျွန်တော် အိပ်ချင်မူးတူးနဲ့.. အိပ်ယာမှ ထကာ.. တံခါးကို သွားဖွင့်ပေးလိုက်သည်။
တံခါးဖွင့်တာနှင့် ကိုသိန်းအောင် နောက်မှာ မနီလာကို မြင်လျှင်..
“ဟင်.. မနီလာ..”
“ဟန်ထူးရေ.. အစ်မ ညီမလေးကို ကယ်ပါ..”
ဆိုပြီး ငိုကြီးချက်မနဲ့ ကျွန်တော့် ရင်ဘတ်ကို ထုပြီးငိုသည်။
ရုတ်တရက်..
ကျွန်တော် ဆည်းဆာ အတွက် စိတ်ပူသွားမိသည်။
“ဆည်းဆာလား မနီလာ.. သူ ဘာဖြစ်လို့လဲ.”
အလောတကြီး မေးနေလျှင်.. မနီလာရော ကိုသိန်းအောင်ရော.. ကျွန်တော့်ကို အံအားသင့်စွာကြည့်သည်။
“ဆည်းဆာကို.. ဟန်ထူး သိတယ်လား..”တဲ့..။
မနီလာ အမေးကို ကျွန်တော် ခေါင်းလေး ငုံ့ကာ ..
“သိတယ်.. မနီလာ.. သမြန်မနေ့က ကျွန်တော့် အိမ်ကို မှား၀င်လာတာ..”
“ဟင်.. ဘယ်ချိန်ကလဲ..”
ကျွန်တော် ပြောရမှာ အားနာလာသည်။ကျွန်တော်နဲ့ ဆည်းဆာကို အထင်မြင်လွဲမှာကိုလဲ စိုးရိမ်လာသည်။ကျွန်တော် မလိမ်ချင်တာနဲ့ စကားတွေ ထစ်ကာ..
“ည..ညသန်းခေါင်လောက်ပါ မနီလာ.. မိုးတွေ ရွှဲနေတာနဲ့ .. မိုးခို ခွင့်တောင်းလို့ အကူအညီပေးလိုက်တာ..”
ဆိုလျှင်..
“ဘုရားရေ.. ညီမလေး အိမ်မက်ပေးတာတွေက အမှန်တွေပေါ့နော်..”
ဆိုပြီး ငိုသည်။
ထိုအခါ နားမလည်သူက ကျွန်တော်ပင် ဖြစ်ပေတော့သည်။
“အဲ့ဆည်းဆာဆိုတာ မင်းနဲ့ငါ လမ်းထိပ် လူသတ်ခံရတယ်ဆိုပြီး သွားကြည့်တဲ့ ကောင်မလေးလေကွာ..”
“ဗျာ.. ဘယ်လို ကိုသိန်းအောင်.. ကျွန်တော်နားမလည်ဘူး..”
“အေး .. အဲ့နေ့က အသတ်ခံရပြီး သေတယ်ဆိုတဲ့ ကောင်မလေးက ဆည်းဆာလို့ ပြောနေတာ..”တဲ့..။
ကျွန်တော့်ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုပ်ရသည်။အသိစိတ်တွေ ကင်းမဲ့သွားသလို.. ရင်ထဲ ဟာခနဲ ဖြစ်သွားသည်။
“ဟုတ်လို့လား .. ကိုသိန်းအောင်ရာ.. မနေ့ညကတောင် ကျွန်တော့်ဆီ ထပ်လာသွားသေးတယ်..”
ဆိုလျှင် မနီလာက ကျွန်တော့်ကို ဓာတ်ပုံလေး တစ်ပုံ ထုတ်ပေးပြီး..
“မင်းပြောတာ သူမလား..”
ဆိုလျှင်..မျက်ရည်တွေက စီးကျလာသည်။
ဆည်းဆာ သေပြီ ဆိုတာ တကယ်ပေါ့..။
ဒါ.. ဒါဆို ကျွန်တော့်ဆီ မိုးသည်းညတိုင်း ရောက်ရောက်လာတာက..။
“ညီမလေးက အိမ်မက်ပေးတယ်.. သူ့လက်စွပ် မင်းကို ရောင်းတဲ့သူက လူသတ်သမားတဲ့.. သူ့ကို သတ်တဲ့သူကို ဖမ်းနိုင်မှ သူ ကောင်းရာကို သွားနိုင်မှာတဲ့။မင်းဆီမှာ သူ့လက်စွပ်လေး ရှိနေတယ် ပြောလို့.. မယုံရဲနဲ့ လိုက်လာတာ..”တဲ့။
ကျွန်တော် သိလိုက်ပါပြီ။ မနေ့ညက ကျွန်တော့် အတွက် သူမ ပေးခဲ့တဲ့ ဇာတ်လမ်းလေးက သူမရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဆိုတာ။ကျွန်တော် ဟန်မဆောင်နိုင်အောင် မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ခံစားချက်တွေကို မျိုသိမ့်ထားပါလျှက်နှင့် မျည်ရည်တွေက ဝဲတက်လာသည်။ကျွန်တော် မနီလာကို အကျိုးအကြောင်း အကုန် ရှင်းပြလိုက်ပြီး လက်စွပ်လေးကို ပြန်အပ်လိုက်သည်။ပြီးတော့.. တရားခံကို အမှုဖွင့်ဖို့ အတွက် ကူညီပေးရင်း တစ်နေကုန်ခဲ့သည်။
အိမ်ပြန်ရောက်တော့..
မိုးချုပ်နေပြီ..။
ရင်ထဲ ပင်ပန်းသမျှကို ကြိတ်မှိတ်ပြီး ခံစားလိုက်သည်။မင်းကို ခေါင်းထဲကနေ ခဏလောက်တော့ ထုတ်ခွင့်ပြုပါ ဆည်းဆာရေ။
ဒီညလဲ သူမ ကျွန်တော့်ဆီ လာလိမ့်မယ်လို့ ယုံကြည်နေမိသည်။မိုးသည်းတဲ့ ညတွေ ရှည်ပါစေဗျာ။
ညသန်းခေါင်ရောက်တာနှင့် မိုးတွေ သည်းသထက် သည်းလာလျှင် ကျွန်တော် နာကျင်မှုတွေကြားက ပြုံးလိုက်မိသည်။
သူမ ကျွန်တော့်ဆီ မလွဲမသွေ လာဦးမှာမလား..။
“ဒေါက် ဒေါက် ဒေါက် ..”
တံခါးခေါက်သံနဲ့ အတူ။
“ကိုကို..”
ဆိုပြီး ဆည်းဆာရဲ့ ခေါ်သံ။
ကျွန်တော် တံခါး ဖွင့်မပေး။
“ကိုကို.. ဆည်းဆာ ကိုကို့ကို လာနှုတ်ဆက်တာပါ.. ဆည်းဆာ သွားရတော့မယ်..”တဲ့..
ကျွန်တော့် ရင်ထဲ ပူလောင်လာသည်။
ဆည်းဆာကို အဆုံးရှုံး မခံနိုင်ပါ။
နောက်ဆုံး အကြိမ်ဖြစ်ဖြစ် ဆည်းဆာကို မြင်တွေ့ချင်ပါသေးသည်။ပေါင်းစည်းလို မရတဲ့ ဘဝတွေမို့ ..
မဖြစ်နိုင်တာ ကိုယ်တိုင် အသိဆုံး မဟုတ်လား..။
ကျွန်တော် စိတ်ကို တင်းထားမိလိုက်သည်။
“ကိုကို.. ဆည်းဆာကို မတွေ့ချင်တော့ဘူးလား..”
ကျွန်တော် ဘာတစ်ခွန်း ပြန်မပြောလျှင် သူမရဲ့ အသံ ခေတ္တမျှ တိတ်သွားသည်။အချိန်အတန်ကြာမှ..
“အင်းပါ .. ကိုကို မတွေ့ချင်လဲ..ဆည်းဆာ နှုတ်မဆက်တော့ပါဘူး.. ကိုကိုရယ်..”
“မိုးသည်းထဲက ကောင်မလေးကို မေ့လိုက်ပါတော့နော်..ဟင့်”
ခနဲ ရှိုက်ငိုသံ နဲ့အတူ.. တံခါး၀ကနေ ပြေးဆင်းသွားတဲ့ အသံကြားလျှင်.. ကျွန်တော် မခံစားနိုင်စွာ ချက်ခြင်းပဲ တံခါးကို ဆွဲဖွင့်လိုက်မိသည်။
မိုးသည်းထဲ မိုးရေတွေ ရွှဲကာ ငိုနေတဲ့ ဆည်းဆာကို တွေ့လျှင်.. ကျွန်တော် ရင်ခွင်ထဲ ထည့်ကာ ရှိုက်ကြီးတငင် ဖက်ငိုလိုက်သည်။
ကိုယ်တို့ ရေစက်တွေက ဆိုးလိုက်တာ.. ဆည်းဆာရယ်..
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခုကို ဆုံဆည်းစေခဲ့တယ်။
ကျွန်တော် ဆည်းဆာရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး အိမ်ထဲ ခေါ်ကာ ဆက်တီပေါ် ထိုင်စေခဲ့သည်။
ပြီးတော့.. ဆည်းဆာ ၀တ်ဖို့ ယူနေကျ ၀တ်စုံလေးနဲ့ တဘက်လေးကို အခန်းထဲကနေ ထုတ်ယူခဲ့လျှင်..
ဟင်..
ဆည်းဆာ..
သူမ မျက်နှာပေါ်မှာ သွေးတွေ စီးကျနေပြီး .. တစ်ကိုယ်လုံး သွေးတွေ စွန်းနေသည်။
“ကိုကို..”
အက်ကွဲသံကြီးနဲ့ သူမ ကျွန်တော်ကို ခေါ်လိုက်လျှင်.. ခြေလှမ်းတွေ နောက်ကို ဆုတ်လိုက်မိသည်။
သူမ ပါးပြင်ပေါ် သွေးမျက်ရည်တွေ တစ်လှိမ့်ချင်း စီးဆင်းလာပြီး..
“ဆည်းဆာလေ ကိုကိုရဲ့.. ကိုကို ဆည်းဆာကို ကြောက်နေတာလား..”
ဆိုပြီး ဆက်တီကနေ ထလာသည်။
“မလာနဲ့.. မင်း အခု ထွက်သွား..”
သွေးရူးသွေးတန်း အော်ဟစ်နေပေမယ့် အသံက ထွက်မလာ။
သူမကို ချစ်ပေမယ့်.. ဖြစ်လာတဲ့ ကြောက်ရွံ့စိတ်ကို တားဆီးလို့ မရ။
သူမ ညည်းတွားနဲ့ ငိုနေတာမြင်လိုက်လျှင်လဲ ရင်ထဲ နာကျင်လာသည်။
ကျွန်တော်နောက်ကို ဆုတ်ရင်း စောနက မိုးစိုစိုနဲ့ ၀င်ခဲ့တဲ့ ရေစက်တွေ ကျထားရာ နေရာကိုရောက်သွားလျှင်×× ရေနဲ့လျှောပြီး ခေါင်းနဲ့ အောက်ကြမ်းခင်း ရိုက်မိသွားသည်။
“အား”
ဆိုတဲ့ ညည်းသံတစ်ချက်က လွဲလို့.. နောက်ထပ်ဘာသံမှ မကြားရတော့။
မျက်လုံးထဲမှာ ဆည်းဆာရဲ့ ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေပြီး ပြောနေတဲ့ စကားသံတွေက မပီမပြင်.. ဝိုးတဝါး။
@@@@@@@@
ကျွန်တော် သတိရတော့.. ဆေးရုံ က အခန်းတစ်ခန်းထဲ..
ကျွန်တော် အတင်းကုန်းထလိုက်လျှင် ခေါင်းက မိုက်ခနဲ ဖြစ်သွားသည်။
“အရမ်းကြီး လှုပ်လှုပ်ရှားရှား မလုပ်နဲ့လေ.. ရှင် ခေါင်းပေါက်ထားလို့ ချုပ်ထားရတယ်။ ရှင့်သူငယ်ချင်း အပြင်ကို ခဏသွားတယ်။လှဲနေလိုက်ပါနော်”
ဆရာမလေး စကားတွေပြောပြီး ထွက်သွားလျှင် ရင်ထဲက ဒဏ်ရာက နာကျင်လာပြန်သည်။
အရာရာဟာ အိမ်မက်ပဲ ဖြစ်ပါရစေလား ဆည်းဆာရေ..။
ယောကျာ်းတန်မဲ့ မျက်ရည်တွေက ထိန်းမရ။
ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ မိုးစက်တွေ ကျနေတာ မြင်လျှင်.. ကျွန်တော် အားယူပြီး ထလိုက်သည်။အေးမြတဲ့ လေပြေ လေညင်းနဲ့အတူ ဆေးရုံပြတင်းပေါက်ကနေ တဖွဲဖွဲကျနေတဲ့ မိုးစက်တွေကို ကြည့်ပြီး.. နာကျင်စွာ ပြုံးလိုက်မိသည်။
သူမ ကျွန်တော့်ဆီ တဖန် ပြန်လာနိုင်ပါဦးမလား။
“ဒေါက် ဒေါက် ..”
အခန်းတံခါး ခေါက်သံနဲ့အတူ တံခါးပွင့်လာလျှင်..
အသက်ရှူသံတွေ မြန်လာသည်။
ဆည်းဆာ ကျွန်တော့်ဆီ ပြန်လာပြီ ထင်မိသည်။
“ဟာ.. ဟန်ကြီး သတိရနေပြီလား..”
အသံနဲ့ အတူ ကိုသိန်းအောင် ကျွန်တော့် အခန်းထဲ ၀င်လာကို မြင်လျှင်.. မျက်လုံးတွေကို မှိတ်လိုက်ပြီး နာကျင်မှုတွေကို မျိုချလိုက်ရသည်။
“သဘက်ခါ ဆည်းဆာ ရက်လည်မယ်တဲ့.. ”
ဆည်းဆာရေ.. မင်း ကောင်းရာမွန်ရာဘ၀ကို ဖြောင့်ဖြောင့် ကူးနိုင်ပါပြီကွာ..။
ကိုသိန်းအောင် ဆက် ပြောနေတဲ့ စကားသံတွေ ကျွန်တော် ကြားတစ်ချက် မကြားတစ်ချက်။
” မိုးသည်းထဲက ကောင်မလေးကို မေ့လိုက်ပါတော့နော်..”တဲ့..
ဆည်းဆာရဲ့ စကားသံလေးကိုသာ နားထဲ ပြန်ကြားနေမိသည်။ကျွန်တော်..ခေါင်းကို တွင်တွင်ရမ်းပြီး အသက်မပါစွာ ဟက်ခနဲ တစ်ချက် ရယ်ပစ်လိုက်သည်။
သေချာတာ တစ်ခုကတော့..
ကျွန်တော့် ရင်ထဲမှာ မိုးသည်းထဲက ကောင်မလေး တစ်ယောက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မည် မထင်..။
လေးစားစွာဖြင့်
နွေရွက်လွှာ
××××××××××××××××××××××××××××××××××××