လူမိုက်(စ/ဆုံး)
————–
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေပြု၍ရေးဖွဲ့ပါသည်။
ကာယကံရှင်များ ထိခိုက်မည်စိုးသောကြောင့် အမည်များ၊နေရာများ၊နေရာများအား အမည်ပြောင်းလဲ ရေးဖွဲ့ထားပါသည်။
ဤဇာတ်လမ်း ဖြစ်ပွားရာနေရာကား နယ်မြို့လေးတစ်မြို့ဟုပင်ဆိုရပေမည်။
“ဟျောင့် ကျော်ကျော် မင်းနဲ့ ကလျာ ပြတ်သွားပြီဆို ”
ဟုဖိုးချစ်မှမေးရာ ကျော်ကျော်က စီးကရက်အားမီးညှိလိုက်ကာ အားရပါးရ ဖွာရှိုက်ပြီး မီးခိုးများအားမှုတ်ထုတ်ရင်း
“အင်း လေ ဘာဖြစ်လို့လဲ ”
“ဟာ ကလျာက မင်းကို တစ်ကယ် ချစ်ရှာတာကွ ။မင်းပဲ ကလျာကို မရခင်တုန်းကတော့ အသဲ အသန်ပဲ ကလျာ မှာ ဘာအပြစ်ရှိလို့လဲ ကွာ၊သနားပါတယ်”
“ဟျောင့် သနားရင် မင်းသွားယူလိုက်လေကွာ ဒီကိုလာပြီး အုန်းလာမစားနဲ့”
ကျော်ကျော်ဆိုသည်မှာ ထိုမြို့လေးတွင် တာဝန်ကျနေသော ဝန်ထမ်းအရာရှိကြီးတစ်ဦး ၏သားတစ်ယောက် ဖြစ်သည်။
သူသည် တစ်ဦးတည်းသောသားဖြစ်သည့်အားလျှော်စွာမိခင်ဖြစ်သူမှ အင်မတန်ပင် အလိုလိုက်သူဖြစ်လေရာ မိခင်ကိုမိခင်မှန်းမသိအောင် အလွန်ပင် ထိန်းရခက်သော သားဆိုးသားမိုက်တစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေတော့သည်။
“သားလေး ကျော်ကျော် မင်းအဘိုးနေမကောင်းလို့ အမေ့မြို့ပြန်ပြီး အဘိုးဆီလူနာကူစောင့်ပေးပါလားသားရယ် အဖိုးကလဲ သားကို တဂျီဂျီမေးနေတာ”
“ဟာ အသက်ကြီးပြီလေ သေတော့ရော ဘာဆန်းလဲ ၊ဟိုလူ့မေး ဒီလူ့ခေါ်နဲ့ သွားရလာရတာ လွယ်တာမှတ်လို့ သေရင်လဲ သေပါစေဗျာ၊မသွားနိုင်ဘူး ဒီည စင်တင်သွားမို့ဘော်ဒါတွေနဲ့ ချိန်းထားတယ်”
ကျော်ကျော် ဖခင်က သားဖြစ်သူ၏မိုက်ရိုင်းေသာစကားများအားကြားရလျှင်
“ငါ့ အလုပ်က လူဆိုးတွေကို ဆုံးမတဲ့အလုပ်၊ အေ မင်းလိုမိုက်ရိုင်းတဲ့သားကိုလဲ ဆုံးမတယ်ကွာ”
ဟု ဆိုကာ ကျော်ကျော့်အား လက်သီးဖြင့် ဆွဲထိုးလိုက်၏။
ကျော်ကျော့်မိခင်က
“မလုပ်ပါနဲ့ အစ်ကိုရယ် သားကိုမေ သေချာဆုံးမလိုက်ပါ့မယ်”
“အေ မင်းအဲ့လို ရှေ့ဆီး နောက်ကာ တွေလုပ်လို့ ဒီကောင် အပါးဝနေတာ ၊တစ်နေ့ မင်းသားကြောင့် မင်းဒူးနဲ့ မျက်ရည်သုတ်နေရမယ်၊ မအေကို လူမထင်ပဲ နင်ဘဲငဆ ပြန်ပြောတဲ့သားက ဘုန်းကြီးလို့အ သက်မရှည်၊ အသက်ရှည်လဲ ဘုန်းမကြီးဘူးကွ၊လူ မိုက် ဆိုတာ ဘယ်တော့မှ ဇာတ်သိမ်းမလှဘူးကွ ကျော်ကျော် မင်းသတိထားနေပေါ့ကွာ ”
ဟုဆိုကာစိတ်တိုတိုဖြင့် ရုံးဖက် ထွက်သွားတော့သည်။
ကျော်ကျော်ကား ဖခင်ဖြစ်သူကိုမူ ပြန်မပြောရဲ ။ဖခင်က လုပ်မည်ဆိုလျှင် သေအောင်လုပ်တတ်သောကြောင့် ဖခင်ကိုကား ကြောက်ရလေသည်။
သူသည် မိဘအရှိန်အာဏာ ဖြင့်မောက်မာသလို သူ့အမေ၏အလိုလိုက်မှုများအား အခွင့်ကောင်းယူလျှက် အပေါင်းအသင်း တစ်သိုက်ကို ဦးဆောင်ကာ ဆိုးသွမ်းနေသည့်အပြင် ရုပ်ရည်ကလေး သနားကမား ရှိရာ မြာပွေလိုက်သေးသည်။
ယခုလည်း ရုံးစာရေးမလေး အလှပဂေး ကလျာကို မရမက ချစ်ခွင့်ပန်ပြီး ကလျာ အချစ်ကိုရရန်မနည်းကြိုးစားပြီးမှ ငြီးငွေ့ကာ ဖြတ်ပြစ်လိုက်ပြန်သည်။
ကလျာက ကျော်ကျော်ထံ ဖုန်းဆက်ကာ
“ကျော်ရယ် ကလျာ့မှာ ဘာအပြစ်ရှိလို့လဲ ၊
ကျော်ပဲကလျာ့ကို အချစ်သက်သေတည် ပြီး ဘုရားမှာ သစ္စာရှိရှိ ချစ်ပါ့မယ်လို့ သစ္စာရေ
သောက်ထားကြတာ မေ့သွားတာလား၊
ကလျာ့ကို ဘာတွေမကြိုက်လို့လဲ ပြောပါကျော်… ကလျာ ပြင်ပါ့မယ်”
“အေ မင်းမာနကြီးလွန်းလို့ တမင်ချိုးတာကွာ သိပြီလား”
“ရပါတယ် ကျော်ရယ်၊ ကျော့်သဘောပါပဲ၊ကလျာ့မာနက ဘယ်သူ့ကိုများ ထိခိုက်နေလို့လဲ၊အင်းပါ ထားပါတော့လေ၊လူဆိုတာ ပြောင်းလဲတတ်ကြတာပဲ၊ကျော်သာ သစ္စာ ဆိုထားသလို သစ္စာ စူးပြီး အသေဆိုးနဲ့ မသေပါစေနဲ့လို့ ဆုတောင်းပေးပါတယ်”
ဟုဆိုကာ ကလျာကဖုန်းကို ချလိုက်သည်။
ဝမ်းနည်းမှုကြောင့် ကျလာသော မျက်ရည်တွေ ကို ကလျာတစ်ယောက် သူ၏လက်ဖမိုးလေးနှင့်သုတ်လိုက်လေသည်။
ထို့နောက်ကလျာက ဘေးဘီဝဲယာအား မလုံမလဲ ကြည့်ကာလုပ်စရာ စာရွက်အထပ်လိုက်ကြီးကို ဘေးတွင်ချပြီး တံဆိပ်တုံးများအား စိတ်ပါလက်ပါ ထုရိုက်လိုက်တော့သည်။
ကလျာတစ်ယောက် စိတ်ညစ်စရာများအား အလုပ်ဖြင့်ပြေပျောက်စေရန်ကြိုးစားလိုက်ခြင်းဖြစ်သည်။
ကလျာက မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီး ဌာနမှာ ဆ.သ.ရ (၃)ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသူလဲ ဖြစ်သည်။
ထိုအချိန်က mpt အော်ပရေတာ တစ်ခုတည်းသာ ရှိသေးကာ ကလျာ ကိုင်သောဖုန်းမှာလဲ ငါးသိန်းတန် CDMA အမျိုးအစားဖြစ်သည်။
ကျော်ကျော်ကလျာ့ကို စတွေ့စဥ်က ကလျာ့ဖုန်းလေးသို့ အမြဲစာပို့ခဲ့သည်။ထိုစဥ်က keypad ဖုန်းလေးများသာသုံးသေးသော ကာလလေး တစ်ခုဖြစ်သည်။
ကျော်ကျော်သည် ကလျာနှင့်ရည်းစား ဖြစ်သည်မှာ သိပ်မကြာသေးပေ။
ကလျာက ရိုးရိုးလေးနှင့်လှရက်သူပင်။
အနေအေးသော ကလျာအား သူမ၏သူငယ်ချင်း များက ကျော်ကျော်နှင့်သဘောမတူကြပေ။
ကလျာအား ကတိသစ္စာ အမျိုးမျိုး ပေးကာ ကျော်ကျော်ချစ်ခွင့်ပန်သည်။
တွန်းတိုက်ပါ များလျှင် ကျောက်တိုင်ကျောက်သားများပင် ယိုင်နဲ့တတ်လေရာ ကလျာတစ်ယောက် ကျော်ကျော့်အား အသိအမှတ်ပြုကာ နောက်ဆုံး ကျော်ကျော့်အချစ်အားလက်ခံလိုက်သည်ကား အဆန်းတော့မဟုတ်။
ကျော်ကျော်နှင့်ကလျာ စတွေ့ကြသည်ကလဲ မဆန်းပေ။
ကျော်ကျော်၏မိခင်ဖြစ်သူက အဘိုးနေမကောင်းတာမို့ မြို့သို့ပြန်ခိုက် ကျော်ကျော်၏ဖခင်စေခိုင်းမှုကြောင့် မြန်မာ့ဆက်သွယ်ရေးသို့ အိမ်က ကြိုးဖုန်း ဘေလ်ဆောင်ရန်နှင့် ကျော်ကျော်ကိုင်သော GSM ၁၆သိန်းတန် ဖုန်းအား (ထိုစဥ်အခါက )ဆက်သွယ်ရေးရုံးတွင် billဆောင်ရန်သွားရင်းကျော်ကျော်တစ်ယောက် ကလျာအားတွေ့ကာ အသဲအသန်ကြွေခဲ့သည်။
ကလျာကလည်း မာနမင်းသမီးလေးမို့ ကျော်ကျော် ကလျာ့အချစ်ကို ရရန်အတော်ကြိုးစားခ့ဲရသည်။
တစ်ကယ်တမ်း ကလျာ့အချစ်ကို ရတော့
စည်းမျဉ်းစည်းကမ်းတွေကြား မနေတတ်သောကျော်ကျော်တစ်ယောက်က ချစ်သူကလျာ၏စည်းမျဥ်းတွေကြား၌ ငြီးငွေ့လာသည်။
ကျော်ကျော့်အမေက သားလေးအား ဖခင်ကွယ်ရာ၌ အလိုလိုက် အကြိုက်ဆောင်သည်ကို အလုပ်တာဝန်တွေများပြားသော ကျော်ကျော်၏ဖခင်က သတိမမူမိခဲ့။
သတိမူမိသောအချိန်တွင်ကား ကျော်ကျော်မှာ လူပေတစ်ယောက်ဘဝသို့ပင် ရောက်ရှိနေပေပြီ။
ကျော်ကျော့်အမေကား သားဆိုးအမေတပေပေဘဝသို့ ရောက်မှန်းမသိ ရောက်လာတော့သည်။
ကျော်ကျော်သည် ကလျာ့နှင့်ချစ်သူတွေ ဖြစ်နေချိန်တွင် ပုဂ္ဂလိက ဘဏ်တစ်ခုတွင်ဘဏ်ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော သဲနုနှင့် ထပ်မံဆုံဆည်းခဲ့သည်။
သဲနုသည် ရဲတင်းသည်။
သွက်လက်သည်။
လိုက်လျောညီထွေနေတတ်သူမို့ ကျော်ကျော်နှင့်မကြာခင်ပင် အလွန်ခင်မင်ကြသူတွေဖြစ်သွားသည်။
ကျော်ကျော်က ကလျာနှင့်ချစ်သူတွေ ဖြစ်သော်လည်း တတွဲတွဲမနေရ ။
ကလျာ့စည်းကမ်းအရ ဖုန်းလေးနဲ့ message ပို့ကြရသည်က များသည်။
သတိရလျှင်လဲ ဖုန်းသာပြောကြရသည်။
ရုံးသို့လဲ မလာခိုင်း၊ ရုံးမှလူကြီး တွေကို မိမိကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေချင်သောကြောင့်ဟု ဆိုသည်။
သဲနုနှင့်ကား ကျော်ကျော်နှင့်အလွန်တပူးပူးတတွဲတွဲ လုပ်နိုင်သည်။
ဆိုင်ကယ်စီးလျှင် ကျော်ကျော့် ကလစ်ဘီးနောက်မှ သဲနုက သမီးရည်းစားမဟုတ်ပဲခါးဖက်ကာပင် လိုက်တတ်သေးသည်။
ချစ်သူဖြစ်သူ ကလျာကား သူ့အားခါးပင်မဖက်ဖူး။
အရှက်ကြီးသောကလျာအား ပြောလျှင်လဲ ဆင်ခြေဆင်လက်များသာ ပေးတတ်သေးသည်။
စကားပြောလျှင် ညုတုတုနှင့် ပြောတတ်သော သဲနုအနား ပျားပိတုန်းတွေဝဲပျံနေသည်ကား သိပ်မထူးဆန်းလှပေ။
ကျော်ကျော်ကား သဲနုနှင့်တွဲရသည်ကို ဂုဏ်ယူသည်။
သာယာသည် ။
sexy ဆန်သောသဲနုအား ပုရိသတွေ မျက်လုံးကျွတ်မတတ်လိုက်ကြည့်တတ်သော သဲနုအား ကျော်ကျော် ပိုင်ဆိုင်လိုစိတ်ပြင်းပြလာသည်။
ထို့ကြောင့်လဲ ကလျာ့ကို ဖြတ်ပြစ်ပြီးသဲနုကို ချစ်ခွင့်ပန်လိုက်သည်။
သဲနုကား ကျော်ကျော်နှင့် သူငယ်ချင်းမက ရည်းစားမကျ သောအခြေအနေမျိုးပင်။
သဲနု ရွေးချယ်ရန် ဆုံးဖြတ်ထားသူကား ဆန်စက်ပိုင်ရှင်၏သား မင်းသူဆိုသောကောင်လေးပင် ဖြစ်သည်။
မင်းသူကား တစ်ဦးတည်းသောသား ဖြစ်ကာ မိဘချမ်းသာသော်လည်း မော်ကြွားမှုမရှိ မိဘလုပ်ငန်းတွင်လဲ ကိုယ်တိုင်ဦးစီးကာ လုပ်ကိုင်နေသူဖြစ်၍ ရုပ်ကလဲ သားသားနားနားနှင့်လူကြီးဆန်လွန်းသောသူဖြစ်သည်။
သဲနုဘာလုပ်လုပ် အပြစ်မတင်တတ်သော လူရိုးလေးလည်း ဖြစ်သည်။
သဲနုက ကျော်ကျော့်အား ပေါ်ပင်တွဲသော်လည်း တစ်ခါတစ်ရံ ကျော်ကျော့်ထံ မင်းသူအကြောင်းရင်ဖွင့်တတ်သည်။
အရင်က ကျော်ကျော်က သဲနုနှင့်သူငယ်ချင်း မို့ မင်းသူအား အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း ယခုမူကား သဲနုအား ချစ်ခွင့်ပန်ထားသူမို့ မင်းသူအကြောင်းပြောလျှင် ကျော်ကျော်တစ်ယောက်ခံပြင်းကာ ကျွဲမြီးတိုလေသည်။
“တော်စမ်းပါ သဲနုရာ နင့်အကောင်အကြောင်း ငါ့ရှေ့မပြောနဲ့ ကျော်ကျော်ဆိုတာ ဘယ်တော့မှ second နေရာမရောက်စေရဘူး၊ အေ နင့်ကောင်က ဘယ်လောက် သတ္တိရှိလို့လဲ ၊ငါဆိုတဲ့ကောင်က သတ္တိ ရှိရင် ဆိုင်ကယ်ချင်း ပြိုင်တိုက်ဝံ့တယ် နော်သိလား ငါအသဲရော ဦးနှောက်ရော အားလုံး နင့်အတွက်ပေးဆပ်ရဲတယ် baby”
ဟုဆိုကာ စီးကရက်အား ရှိုက်ဖွာကာ သဲနုမျက်နှာဆီ မှုတ်ရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
သဲနုက ညုတုတု မျက်နှာဘေး နှင့် ကျော်ကျော်အား ပြန်ကြည့်ကာ ခိုးခိုးခစ်ခစ် ရယ်နေသည်။
သဲနုဆိုသည်ကား မိမိကိုယ်ကို အထင်ကြီးကာ ဘယ်ယောက်ျားမှ မိမိအားမကြိုက်သူမရှိဟုထင်နေသူ။
ကျော်ကျော်ကား လက်ရဲဇတ်ရဲရှိသူ၊ ရုပ်ရည်ကား နိုင်ငံခြားမင်းသားနှင့်ခပ်ဆင်ဆင်တူ၍ အရာရှိဝန်ထမ်း၏တစ်ဦးတည်းသောသား၊ သုံးနိုင်ဖြုန်းနိုင်သူမို့ ထိုမြို့ရှိ လူငယ်များနှင့် နှုတ်ခမ်းနီမလေး တွေကြား၌ starဆိုလျှင်မမှား ။
ကျော်ကျော်က ဆ.သ.ရ ရုံးတွင် ပုရိသ တော်တော်များများ၏ အသဲကျော် ကလျာဆိုတဲ့ နတ်မိမယ်ထံ ခစားနေသည်ဟု ကြားတုန်းက သဲနု စိတ်အတော်တိုသည်။
ကျော်ကျော့်လို starက မိမိအား ကြိုက်သည်ဟု ဆိုကာ ဂုဏ်ယူချင်သောသဲနုက ကျော်ကျော် မိမိအလုပ်လုပ်ရာ ဘဏ်သို့လာစဥ် အပြေးတစ်ပိုင်းသွားကာ မိမိအားသတိထားမိရန် ပြုမူပြသည်။
ရင်းနှီးလာတော့ လိုတာထက် ပိုလိုက်လျောက မာယာတွေနဲ့ စည်းရုံးသည်။
တစ်ဖက်က မာနခဲကလျာက ချစ်သူဖြစ်လျှက်နှင့် တွေ့ခွင့်မပေးသော ကျော်ကျော်အား သဲနုက ဟားတိုက်လှောင်သည်။
ကျော်ကျော့် ဆိုင်ကယ်နောက်ကလိုက်စီးလျှင် ရင်အပ်ခါးဖက် လိုက်စီးသော သဲနုအပေါ် ကျော်ကျော်က သာယာလာကာ ကလျာ့အား ဖြတ်လိုက်တော့သည်။
ထို့နောက် မိမိအားချစ်ခွင့်ပန်လာသော ကျော်ကျော်အား သဲနုဂုဏ်ယူမဆုံးပေ။
သဲနုကား အပေါ်ယံက အဆင်ပြေသယောင် ရှိသော်လည်း အိမ်တွင်းရေး၌ သာမန်လူတန်းစား မျှသာရှိသော သူ့မိသားစုဘဝမှ ရုန်းထွက်ကာ သူဌေး ကတော်မကြီးဖြစ်ချင်သူ။
သဲနုတစ်ယောက် ချမ်းသာသော ပုရိသများအား အီစီကလီလုပ်ကာကြိုးရှည်ရှည်နှင့်လှန်ထားသည်။
ထိုအထဲတွင် မင်းသူကားသဲနုဘဝအိပ်မက်ပင်။
မင်းသူက အနေအေးပြီး အချမ်းသာဆုံးဖြစ်သောကြောင့် သူမရွေးချယ်ရန် စဥ်းစားထားလေသည်။
မင်းသူအားရွေးချယ်မည်စဥ်းစားထားသော်လည်း ၊စတိုင်လ် ခပ်မိုက်မိုက် သုံးနိုင်ဖြုန်းနိုင်သော ကျော်ကျော့်အားလဲ လက်မလွှတ်။
တစ်နေ့မင်းသူ အဖေငွေလွှဲခိုင်းတာကြောင့် သဲနုတို့ ဘဏ်သို့လာစဥ် ဘဏ်တွင်ငွေလာထုတ်နေသော ကျော်ကျော်နှင့်မင်းသူဆုံလေတော့သည်။
ကျော်ကျော်က
“ဟျောင့်မင်း.. ယောက်ျားမို့လား.. သတ္တိရှိရင် ဆိုင်ကယ်ချင်း ပြိုင်တိုက်မလား “ဟု ဘလိုင်းကြီး စိန်ခေါ်လေသည်။
ကောင်မလေး အများရှေ့မှာ အပြောခံရသောကြောင့် မင်းသူကရှက်သော်လည်း ဘာမှပြန်မပြောပေ။
မင်းသူနှင့်အတူပါလာသော အလုပ်သမားကောင်လေးကား အံတကြိတ်ကြိတ်နဲ့ ကျော်ကျော့်ကို မကျေနပ်ပေ။
ကျော်ကျော်က မင်းသူဘဏ်ထဲကအထွက် ထပ်မံ၍ စိန်ခေါ်ပြန်သည်။
မင်းသူ ဒေါသများ ချုပ်တီးကာ အိမ်သို့ပြန်လာခဲ့သည်။
နောက်မကြာမကြာ ဆိုင်ကယ်ချင်းပြိုင်တိုက်ရန်စိန်ခေါ်နေတော့သည်။
သဲနုကလည်း ကျော်ကျော့်လုပ်ရပ်အား ဂုဏ်ယူမဆုံး ။
ဟုတ်သည်လေ မိမိကို လိုချင်လွန်း၍ မြို့မျက်နှာဖုံးသားနှစ်ယောက် ပြိုင်ပွဲလုပ်ကြလျှင် ဒီမြို့မှာ မိမိလောက် လှသူမရှိမှန်းသိကြမည်။
မိမိကို အားလုံးက ပုရိသတို့၏အသဲကျော် နတ်သမီးတစ်ပါးမှန်းတစ်မြို့လုံး သိသွားမည်ဟုတွေးကာ ကျေနပ်နေလေသည်။
မင်းသူခုတစ်လော မျက်နှာမကောင်းတာကြောင့် မင်းသူအမေက
“သား နေများမကောင်းဘူးလား သားရယ် မျက်နှာကလဲ မအီမသာနဲ့”
“ဟိုအရာရှိရဲ့သား ကျော်ကျော်က သားကို ဆိုင်ကယ်ချင်း ပြိုင်တိုက်မလားလို့ လူရှေ့မရှောင် အမြဲ ကိုစိန်ခေါ်နေတာအမေရယ် ၊သားက မတိုက်ရင် သူကသားကို ငကြောက်ပုံမျိုးနဲ့ သူတို့အုပ်စု ဝိုင်းဟားနေတယ် အမေ ”
“သားရယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၃၈ဖြာ မင်္ဂလာ တရားတော်ထဲမှာ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေလို့ ပထမဆုံး ဟောထားတာ အကြောင်းမဲ့မဟုတ်ဘူး သား၊လူမိုက်နဲ့ နေရင် ပျက်စီး ရာ အကြောင်းတရား တွေပဲ မို့ပေါ့သားရယ်၊
ခုလဲ ကျော်ကျော်လို လူမိုက်ကို သား ပြိုင်မမိုက်ပဲ ရှောင်နေတာက အကောင်းဆုံးပဲ ပေါ့သားရယ် ”
ဟုပြောကာ ဆုံးမလိုက်သည်။
မင်းသူအဖေက
“ဟာ ဒီကောင်က ဒီလောက်စိန်ခေါ်နေတာ ဒီတစ်ခါစိန်ခေါ်ရင် ပြိုင်တိုက်လိုက်ကွာ ကျန်တာ အဖေရှင်းမယ်”
“ရှင် သားကို ဘယ်လိုပြောလိုက်တာလဲ ကျွန်မမှာ ဒီသားလေးတစ်ယောက်ပဲရှိတာ၊ သားလေးကို ဘာမှအဖြစ်မခံနိုင်ဘူး”
ဟုဆိုကာ ငိုရှာလေသည်။
မင်းသူအဖေက
“သူလဲ ယောက်ျား ကိုယ်လဲ ယောကျာ်း လေ ၊သူက လုပ်နိုင်ပြီး ကိုယ်က ရှောင်နေရင် ယောကျာ်း သိက္ခာကျတယ်ကွ ဒါ့ကြောင့်သား မပျော်တာ မင်းဘာသိလို့လဲ ”
တစ်နေ့မင်းသူနှင့် အလုပ်သမား ကောင်လေးတို့ နှစ်ယောက် အပြင်သွားရင်း ကျော်ကျော်နှင့် ဖိုးချစ်တို့နှစ်ယောက်စီးလာသောဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တွေ့ရာ ကျော်ကျော်ထုံးစံအတိုင်း
“ဟျောင့် မင်းသူ ငကြောက် မင်းသတ္တိရှိရင် ဆိုင်ကယ် ချင်းပြိုင်တိုက်မယ် မသေဘဲ ကျန်တဲ့ သူက သဲနုကို ယူလေကွာ ဟားဟား ငကြောက် ဘယ်လိုလဲ”
ဟုဆိုကာ ဘေးကကပ်လိုက်လာပြီး လီဗာအားတဗျင်းဗျင်း ဆော့နေ၏။
မင်းသူကလဲ
“ဟျောင့်ရတယ်လေ ပြိုင်ရုံပဲ ”
ဟုဆိုလိုက်လေသည်။
သူတို့သတ်မှတ်ရာ နေရာက ထိုမြို့၏ တံတားကြီး အနီးတွင်ဖြစ်သည်။
နေရာသတ်မှတ်ကာ ဆိုင်ကယ်နှစ်စီးအားခပ်လှမ်းလှမ်းဆီမှ မျက်နှာချင်းဆိုင်ထားလိုက်သည်။
ဆိုင်ကယ်နှစ်စီး ပေါ်မှလူလေးယောက်တို့သည် ဘာကိုမှ မတွေးတော မဆင်ခြင်ကြတော့ဘဲ စစ်တိုက်ထွက်လာသော စစ်သူကြီးများက ရန်သူနှင့် ထိုးစစ်ဆင်တော့မည့် မျက်နှာဘေးများဖြင့်သာ။
ထို့နောက် တစ်စီးနှင့်တစ်စီးလီဗာအသားကုန်ဖြဲကာ မျက်နှာချင်းဆိုင် အရှိန်ပြင်းစွာဝင်တိုက်လိုက်ကြတော့သည်။
ကျယ်လောင်သော ဆိုင်ကယ်ချင်းတိုက်သံ ကြောင့် အားလုံးအထိတ်တလန့် ဝိုင်းကြည့်လာကာ ယာဥ်ထိန်းရဲများအား အကြောင်းကြားသူက ကြားကြသည်။
မကြာမှီ လူမှုကယ်ဆယ်ရေးကားသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
ထိုနေရာကား အသားစများဖွာလှန်ကြဲလျှက်၊ဆိုင်ကယ်များကကြေမွနေကာ သွေးများလည်းချင်းချင်းနီသွားတော့သည်။
အရာရှိကြီး၏ တစ်ဦးတည်းသော သား ကျော်ကျော်ကား ဦးနှောက်များပင် ပွင့်ထွက်ကာ နေရာမှာပင် ရုပ်ပျက်ဆင်းပျက်ပွဲချင်းပြီး သေဆုံးသွားလေသည်။
ကျန်သုံးဦးကားသွေးသံရဲရဲ များနှင့် မြင်မကောင်း။
ထိုနေရာ၌ပင် ကျော်ကျော့်သူငယ်ချင်းဖိုးချစ်လဲထပ်မံ သေဆုံးသွားသည်။
မင်းသူနှင့် သူ့အလုပ်သမား ကောင်လေးကား ဆေးရုံသွားလမ်း၌ထပ်မံသေဆုံးသွားကြပြန်သည်။
လူမိုက်ရော လူမိုက်နှင့်ပြိုင်မိုက်မိကြသူများအားလုံးပါ အသက်သေဆုံးကြရလေသည်။
လူငယ်များအတွက် သင်ခန်းစာယူဖွယ်ရာ အဖြစ်ဆိုးကြီး တစ်ခုပင်။
နှစ်ဖက်မိဘများမှာလည်း တစ်ဦးတည်းသော သားလေးတွေမို့ အရူးမီးဝိုင်းဖြစ်ကာ ရင်ထုမနာ အဖြစ်ဆိုးကြီးဒဏ်အား အလူးအလဲ ခံကြရလေသည်။
သဲနုကား သူထင်ထားသလို မဖြစ်လာတဲ့အပြင် အီစီကလီ မိန်းကလေးမို့ အများ၏ အထင်သေးကဲ့ရဲ့ခြင်းကို ခံရလေသည်။
သဲနုအား မင်းသူနှင့်ကျော်ကျော့် မိခင်နှစ်ဦးလုံးအပြင် ထိုအသိုင်းအဝိုင်းနှစ်ခုလုံး၏ မုန်းတီးခြင်းကိုပါ ခံရလေသည်။
မင်းသူအမေကား” သြ သားလေးရယ် အမေ့စကားနား မထောင်ဘဲ အဖေ့စကား နားထောင်ခဲ့လေသလား”ဟုဆိုကာ သူ့ယောက်ျား အား စကားပင်မပြောတော့ပေ။
နောက်ပိုင်းသားစိတ်ဖြင့် အိပ်ယာထဲလဲကာ ဆေးအတော်ကုယူ ရတော့သည်။
မင်းသူအဖေကလဲ “ငါ့သားလေးကို ငါတားလိုက်ရမှာ ၊ယောက်ျား တစ်ယောက်ရဲ့ မာနကို ထိပါးလို့ မခံချင်စိတ်ရဲ့ နောက်ကွယ်မှာ ငါ့သားအသက်ပေးရမယ်မှန်း မသိခဲ့လို့ ပြောမိတာပါ သားရယ် အဖေ့ကို ခွင့်လွှတ်ပါကွာ ”
ဟုပြောရင်း မျက်ရည်များသုတ်လိုက်သည်။မင်းသူအဖေကား နောင်တရမဆုံးတော့ချေ။
ကလျာတစ်ယောက်ကတော့
“ကျော်ကျော်ရယ် သစ္စာတရားက ဒဏ်ခတ်ရင်အသေဆိုးနဲ့ သေရမယ်မှန်းမသိလို့ သစ္စာ ဖောက်ခဲ့တာမဟုတ်လား၊ငါနင့်ကို ခွင့်လွှတ်ပါတယ် ”
ဟုဆိုကာ ကျော်ကျော်ပေးထားတဲ့ အမှတ်တယ ပုံလေးအား မီးရှို့လိုက်လေသည်။
ကြာခဲ့ပါပြီ။
တစ်မြို့လုံး စုတ်တသတ်သတ်နဲ့ ကြေကွဲခဲ့ရသော အဖြစ်ဆိုးကြီးကို အချို့ပင်မေ့ကြလေပြီ။
ကိုညီဆိုတာက ၁၄နှစ်အရွယ်လူပျိုပေါက် ကောင်လေး ။
ကိုညီ၏ဖခင်က ကုန်ကားမောင်းသည့် ကားသမားတစ်ဦး။
ကိုညီအဖေက သုံးလေးရက်မှ အိမ်သို့ပြန်လာကာ ပြန်လာလျှင်လဲ ကားပိုင်အိမ်၌ကားအပ်ကာ ညနက်မှ အိမ်ပြန်လာလေ့ရှိသည်။
တစ်နေ့၌ကိုညီ့အဖေက အိမ်သို့ ည၁၁နာရီခန့်မှ ပြန်လာကာ
“သားကိုညီရေ အဖေ့အတွက် ထမင်းကျန်သေးလား”
“အာ အဖေကလဲ အစောကတည်းက အမေ့ဆီဖုန်းတော့ကြိုမဆက်ဘူး၊ ထမင်းကျန်ဟင်းကျန်အကုန် အိမ်ကခွေးကို ကျွေးလိုက်ပြီ”
“ကိုညီရေ သားအဖေစားဖို့ တံတားထိပ်က အလင်းပေါက်ရောင်းတဲ့ဆိုင်မှာ ခေါက်ဆွဲကျော်သွားဝယ်ပေးလိုက်ဦး ၊သားစားချင်ရင် သားအတွက်ပါ တစ်ပွဲပိုဝယ်ခဲ့”
မိခင်စေခိုင်းမှုကြောင့် ကိုညီတစ်ယောက် ခေါက်ဆွဲကြော်၀ယ်ရန် အိမ်မှထွက်လာခဲ့၏။
ဒီအရပ်ဒီဒေသက သူမွေးကတည်းက ကျင်လည်ခဲ့သည်မို့ညဘက်အပြင်ထွက်လာခဲ့သော်လည်း မကြောက် ။
အမေပေးသောပိုက်ဆံလေးအားကိုင်ကာ ခပ်သုတ်သုတ်ထွက်လာရင်း လမ်းမကြီးဖက် ရောက်လာသည်။
ပတ်၀န်းကျင်တစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်လျှက်ရှိရာ လေအေးအနည်းငယ် တိုက်ခတ်လာသောကြောင့် စိမ့်အေးကာ ကြက်သည်းများပင် ထလာသည်။
ခုချိန်အဖော်လေးဘာလေးရှိရင်ကောင်းမှာဟုတွေးမိသည်။
တံတားအလွန် ဓာတ်တိုင်အောက်တွင် လူနှစ်ယောက်ကထိုင်ကာ တစ်ယောက်က မတ်တတ် ရပ်လျှက် ဆေးလိပ်များသောက်နေသည့်လူသုံးယောက်ကို တွေ့လိုက်ရသည်။
ကိုညီကလဲ အင်း…ဟိုမှာ အစ်ကိုကြီးတွေ ရှိနေတာပဲ တော်သေးတယ်ဟုတွေးကာ ထိုဓာတ်တိုင်အောက်ဖြတ်အပြီး ထိုလူသုံးယောက် အားကြည့်ရာ မျက်လုံးဟောက်ပက်သွေးသံတရဲရဲနှင့် သူ့အား ပြုံးပြနေသည်မို့
“အမလေး သရဲတွေဗျ”
ဟုအော်ရင်း စားသောက်ဆိုင်ဘက်သို့ ထွက်ပြေးတော့သည်။
ထို့နောက် ဟိုလူတွေများလိုက်လာမလားဟု ထင်ကာလှည့်ကြည့်တော့ ထိုလူသုံးယောက် ပျောက်ချင်းမလှပျောက်သွားကြ၏။
စားသောက်ဆိုင်ကလဲ အကျိုးအကြောင်းမေးကာ ပရိတ်ရေတိုက်ပြီး ခေါက်ဆွဲကြော် ထုတ်နှင့်ကိုညီအား …ဆိုင်ကယ်ဖြင့်.. အိမ်အရောက်ပြန်လိုက်ပို့ပေးကြရလေတော့သည်။
အိမ်ရောက်တော့ ကိုညီကြောက်ကာ လန့်ဖျားဖျားတော့သည်။
ထိုအခါ အိပ်မက်ထဲ၌ ရုပ်ပျက်ဆင်းပျက် လူတစ်ဦးက
” ငါတို့လူစားလဲဖို့ စောင့်နေတာ မင်းကဆိုင်ကယ်မပါတော့..လဲမရဘူး…ဆိုင်ကယ်စီးလာတဲ့ သူနဲ့ပဲ..လူစားလဲလို့ရတာ၊
ငါတို့လဲ သူများလူစားလဲတာခံထားရတာကွ ဟီးဟီး ဟီး ”
ဟု ဆိုကာ ပါးစပ်ပြဲကြီးဖြင့် လာရယ်ပြနေသည်။
သိပ်မကြာမီ ထိုနေရာ၌ ဆိုင်ကယ်တစ်စီးနှင့် သဲကားတို့တိုက်ကြရာ ဆိုင်ကယ်စီးသူက ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားလေတော့သည်။
ထိုနေရာလေးသည် မကြာခဏ ယာဥ်တိုက်မှုများ ဖြစ်ပွားတတ်သောကြောင့် အကြောင်းသိ မြို့ခံများ သတိထားစရာ နေရာလေး တစ်ခုအဖြစ်တည်ရှိနေလေတော့သည်။
လေးစားလျက်
စာရေးသူ Nan Kyarnyo