တစ်ခါတစ်ရံ လူတို့၏ စိတ်သည် တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းတွင် ကောင်းမှု၊ မကောင်းမှု နှစ်မျိုးစလုံး ကို ရယူ သိမ်းပိုက်နိုင်ကြောင်း သူ သံသယဖြစ်မိသည် ကတော့ အမှန်ပင်။
သူ့အကြားအာရုံထဲသို့ တိုးဝှေ့ ဝင်ရောက်လာသော သီချင်းသံလေးတစ်သံ။ ဝေးဝေးလံလံမှ မဖြစ်နိုင်။ သူ့ကို သယ်ဆောင် သွားနေသည့် Taxi ကားပေါ်မှလည်း မဟုတ်။
ဒရိုင်ဘာက သူ စေညွှန်ရာ အရပ်သို့ ကားကို ဂရုစိုက် မောင်းနှင်နေဆဲကာလ။ မြို့လယ်ပိုင်းမို့ ကားက ရှုပ်ရှုပ်ထွေးထွေး ရှိလှသည်။ သူက ကားနောက်ခန်းမှာ တစ်ယောက်တည်း။
ဟော… နောက်တစ်ကြိမ် ကြားလာပြန်ပြီ။ သားစိုး၏ ကိုကြီးကျော် တေးသွား။ ဘယ်နေရာကလဲ၊ ဘယ်အရပ် ဆီကလည်း.. သိပ်မကြာလိုက်…၊ စက္ကန့်ပိုင်းအတွင်း မှာပင် သူ့ဦးနှောက်က အကြားနှင့်အမြင်ကို လားရာ တစ်ခုတည်းဆီသို့ တွန်းပို့ပစ်လိုက်သည်။
တွေ့ပြီ… ကူရှင်ပေါ်မှာ ဟမ်းဖုန်းလေးတစ်လုံး…။ ချက်ချင်းဆိုသလို လက်က ကောက်ကိုင်မိလျက်သားဖြစ် သွားသည်။ ခရီးသည် တစ်ယောက်ယောက် ကျန်ခဲ့တာ ဖြစ်မည်။ မျက်နှာတစ်ပြင်လုံး ခလုတ်များ မပါ။ ဖန်သား ပြင် အပြည့်။ သာမန်ဖုန်းတွေထက် အနည်းငယ် ပိုလေး
သလို ဧရိယာမှာလည်း အနည်းငယ် ပိုကျယ်သည်ဟု ထင် သည်။ ဘယ်လို အမျိုးအစားမှန်းတော့ သူ မသိ။ ဖန်သားပြင်ပေါ်တွင် ကောင်လေးတစ်ယောက်ပုံ ပေါ်နေ ပြီး အောက်တွင် အင်္ဂလိပ်လို Ko Gyi Kyaw ဆိုသော စာတန်းက ခပ်စိမ်းစိမ်းလေး။
နောက်တစ်ကြိမ် ထပ်အော်ပြန်ပြီ။ ဖုန်း၏တုန်ခါ မှုနှင့်အတူ သည်တေးသွား၊ သည် အပိုဒ်… ပြီးတော့ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်..။ သူသည် အသံကို ရပ်ပစ်လိုက်ချင်ပြီ။ ဖုန်းဆီမှ အသံကြောင့် နားလည် မထောင်၊ ပြောလည်း မပြောသော သူ့အား ရှေ့မှဒရိုင်ဘာ သံသယဝင်သွားမှာ စိုးသည်။ ခက်သည်က သူ ဟမ်းဖုန်း များအကြောင်း နားမလည်ပါ။ အသံတိတ်သွားအောင် သူ မစွမ်းဆောင်နိုင်ပါ။
သည်နေရာတွင် သူဖုန်းများနှင့် မရင်းနှီး ဟု မဆိုလိုချင်။ ပင်ကိုဗီဇကိုက တော်တန်ရုံ မစူးစမ်းတတ်၊ မလေ့လာတတ်သော ဉာဉ်ဟုပင် ဆိုရမည်။ အိမ်ဖုန်းများ ဆိုလျှင်တော့ သူ ကောင်းကောင်း ဆက်တတ်သည်။ စကားပြောခွက်ကို ဘယ်လက်နှင့် မမည်၊ ခလုတ်တွေ ကို နှိပ်မည်၊ ပြီးလျှင် နားထောင်လိုက်ရုံသာ။ သို့သော် စကားပြောခွက်ကို သည်အတိုင်း ထားပြီး နံပါတ်တွေ ကို နှိပ်၊ နောက်ခလုတ် တစ်ခုနှိပ်ကာ လိုင်းအား မအား၊ ကိုင် မကိုင် စောင့်ရသည့်အလုပ်မျိုးကိုတော့ သူ အစော ပိုင်းက နားမလည်ခဲ့ပါ။
“ကိုညိုမင်းရယ်.. ရှင့်မလဲ ဒီအရွယ်ကြီးရောက်နေပြီ၊
ဒါလေးတောင်.. ဟော့ဒီ ဘေးက ဖုန်းပြောခွက် ပုံပါတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပဲ”
အခ ငွေကြေးယူ ဖုန်းပိုင်ရှင် တစ်ခါ ပြထားလို့ သူသည် တစ်ချက်ကို ကောင်းကောင်းမှတ်သားထား သော်လည်း ကိုယ့်ထံ ဆက်ထားသည့် ဖုန်းနံပါတ်ကို ပြန်ကြည့်ဖို့တော့ ယခုထိ မလုပ်တတ်သေး။ ဝန်ခံစရာ တစ်ခုလည်း ရှိပါသေးသည်။ မြို့ထဲလိုနေရာမျိုးရောက်၍ ဖုန်းဆက်ဖို့ ကြုံလာလျှင် ဘယ်တော့မှ ကိုယ်တိုင်နံပါတ် များကို နှိပ်လေ့ မရှိ။ ဖုန်းစာအုပ်လေး ထုတ်ကာ ဘယ်သူ ဘယ်ဝါဟု လက်ညှိုးလေး ထောက်ပြလျက် ဒါလေး နှိပ်ပေးဖို့ ပြောတတ်သည်။ သူ့ အားနည်းချက်က မည်သူ့ ဖုန်းနံပါတ်ကိုမှ အလွတ် မရသလို နံပါတ်များနှိပ်သည့် အခါတွင်လည်း စမ်းတဝါးဝါးနှင့် နှေးတိနှေးကွေး နိုင် လှသည်။ ဆက်သွယ်ရေးက ကောင်မလေးတွေသာဆို လျင် နံပါတ်ကို တစ်ချက်သာ ဝေ့ခနဲကြည့်လိုက်ပြီး တဖြောင်းဖြောင်း နှိပ်သွားပုံကိုကြည့်ပြီး သူ သိမ်ငယ် စိတ်ဝင်မိတာလည်း ဖြစ်နိုင်ပါသည်။
ဟမ်းဖုန်းများနှင့် ပတ်သက်လာလျှင်လည်း ထို အတိုင်းပင်။ ဖုန်းပါသော မိတ်ဆွေတစ်ဦးဦးနှင့် ကြုံခိုက် ဆက်သွယ်စရာ ပေါ်လာလျင် ဘာလေးတော့ နှိပ်ပေးပါ လို့ပဲ ပြောတတ်သည်။ ခေါ်လို့ရလျှင် တစ်ဖက်က လှမ်းဆက်၊ သူကပြောပြီးလျှင် မိတ်ဆွေထံ ဖုန်းကို ထိုးပေး လိုက်တာချည်း။ ထို့ကြောင့် ဖုန်းတွင် ပါဝင်သော ဖန်ရှင် များမှာလည်း သူနှင့်ဝေးသည်။ အသေးအဖွဲ့ မက်ဆေ့စ်ချ် ပို့တာလောက်၊ ဓာတ်ပုံ ရိုက်တာလောက်၊ FM ထောင်တာလောက်ပင် သူ မစူးစမ်းခဲ့ပါ။ သည်နေရာ တွင် သူ့တူလေးတစ်ယောက်နှင့်တော့ ကွာသည်။ သူ့တူ လေးက အသက် ၁၂ နှစ်ပင် မပြည့်တတ်သေး။ ဟမ်းဖုန်း တွေအကြောင်း၊ ကွန်ပျူတာတွေအကြောင်း အင်တာနက် ထဲ မည်သို့ဝင်ရမည်ဆိုတာတွေ ကောင်းကောင်းသိနေ သည်။ ကိုယ်ပိုင်ရှိလို့တော့ မဟုတ်၊ နီးစပ်ရာဝန်းကျင် တွေကြား ကျင်လည်ရင်း တဖြည်းဖြည်း နားလည်ခဲ့တာ ပဲဖြစ်သည်။ သည်တော့မှ ငါ့အဖြစ်တွေ တော်တော်လေး နောက်ကျကျန်နေခဲ့ပြီလို့ တွေးရင်း စိတ်မသက်သာဖြစ်မိ သည်။ တစ်ခါတလေတော့လည်း ငါ အသက်ကြီးပြီပဲ၊ ငါနဲ့ မဆိုင်တော့ပါဘူး။ လူငယ်တွေအတွက်ပဲ လိုတာပါ
ဟု ဖြေတွေး တွေးတတ်သေးသည်။
မည်သို့ပင်ဆိုစေ ယခုတော့ ပြဿနာတက်ပြီ။ ဖုန်းမြည်သံက မကြာမကြာ ထထ အော်နေသည် မဟုတ်ပါလား။ နားနား ကပ်ကြည့်တော့ ဖုန်းပြောသူ၏ အသံကို မကြားရ။ ဘယ်လို ပိတ်ရမှန်းလည်း မသိ။ ဒရိုင်ဘာ ရိပ်မိသွားမှာလည်း စိုးသည်။ အကယ်၍ ဒရိုင်ဘာသာ သည်ကိစ္စ သိသွားလျှင် သူ့ကားပေါ်မှ ကောက်ရ သည်မို့ သူ့လက်ထဲအပ်မှ ကောင်းမည်။ အပ်လိုက်ရမှာကို ဝန်မလေးသော်လည်း ထိုသူသည် ဘယ်လိုလူစားမျိုးလဲ။ ပိုင်ရှင်လက်ထဲ ပြန်ပေးပါ့မလား။ သူကတော့ မယုံကြည်နိုင်ပါ။ ကားပေါ် ပါသွားသည့် ပစ္စည်း ပြန်ပို့ပေးသည့် ဒရိုင်ဘာမျိုး ခပ်ရှားရှားပင်။ ယခုလည်း ပြန်ပေးသည့်တိုင် ငွေညှစ်နေဦးမလား။ စိတ်မချနိုင်ပါ။ မြည်လာပြန်ပြီ။ မဆီမဆိုင် ဂျူး ရေးသည့် နာရီပြင်ဆရာ ဝတ္ထုတိုလေးထဲက တိုင်ကပ်နာရီကြီး ထုတ် ပိုးပြီးအသွား ထထမြည်နေသည့်အသံကြောင့် ကသိ ကအောက် ဖြစ်ခဲ့ရသော သူမစိတ်ကိုလည်း ဖျတ်ခနဲ အမှတ်ရလိုက်မိပြန်၏။
ကြည့်… ထပ်ခေါ်နေပြန်ပြီ။ သည်တစ်ခါတော့ ကံကောင်းသည်ဆိုရမည်။ ထိပ်ပိုင်းမှာပါသည့် ဘုသီး လေးကို လက်က မတော်တဆ နှိပ်မိရာမှ အသံပျောက် သွားသည်။ သူ ပျော်သွားသည်။ တစ်လမ်းလုံး သူ့ကို ဒုက္ခတွေ ပေးနေသည့်အသံ။ သောကတွေ ပွားစေသည့် အသံ… အခုမှ သက်ပြင်းကို ကောင်းကောင်းချနိုင်တော့ ၏။ စောစောကသာသိလျှင် ဘယ်လောက်ကောင်းမလဲ ဟု သူ့ကိုယ်သူ မကျေမနပ်ဖြစ်မိသေးသည်။
ကားက သင်္ဃန်းကျွန်း ဘက်သို့ တရိပ်ရိပ်ပြေး နေဆဲ။ သူနှင့် ချိန်းထားသော လုပ်ငန်းရှင်ဆီ ရောက်ရန် သိပ် မလိုတော့။ လုပ်ငန်းရှင်မှာ သူနှင့်သွေးရင်းသားရင်း လို ရင်းနှီးနေသူဖြစ်ပြီး ဘဝတစ်လျှောက်လုံး ရုန်းကန် ကြိုးစား ရိုးဖြောင့်မှုတွေကြားက ခြေနှစ်ချောင်းကို မားမား မတ်မတ်ရပ်လျက် စီးပွားရှာနိုင်ခဲ့သူ၊ စိတ်ဓာတ်ရေးရာမှာ လည်း ပြည့်ဝသူ၊ သူ့ဆရာဆီ အမြန်ဆုံးရောက်ချင်လှ ပြီ။ ရောက်မှ သူ့ထံ အကူအညီ တောင်းလျှင် ဖုန်းပိုင်ရှင် နှင့် ဆက်သွယ်နိုင်မည်မို့လား။
စိတ်လက်သက်သာတော့မည် ကြံကာရှိသေး လက်ထဲ
မှ ဖုန်းမှာ တုန်ခါမှုတွေ ဖြစ်လာပြီး ခေါ်သံကို စတင်ကြားရပြန်ပါပြီ။
‘ဟာ ပြဿနာပဲ.. ဘယ်လိုဖြစ်တာလဲ”
ခေါင်းထဲနည်းနည်း နောက်သွားသည်။ စိတ် လည်း ပျက်သွား၏။ စောစောက ဘုကလေးကို ကမန်းကတန်း နှိပ်လိုက်တော့မှ အသံ ပျောက်သွားပြန်သည်။
“ဟူး”
သည်လိုနှင့် တစ်ဖက်က ခေါ်လိုက်၊ သူက ဘု ကလေးကို နှိပ်လိုက်နှင့် ပတ်ချာလည်နေတော့၏။ တော်တော်လေး စိတ်မောနေပြီ။ နဖူးမှာ ချွေးဥလေးတွေ စို့လို့။ ဒရိုင်ဘာကတော့ သူ့ အဖြစ်ကို ရိပ်စားမိပုံ မပေါ်။ ကားကိုသာ ဂရုစိုက် မောင်းနေသည်။
နောက်ဆုံးတော့ သူ့ဆရာတိုက်ရှေ့ ရောက်လာ တော့သည်။ ၊ ကားခ ပေးပြီး ဆင်းလိုက်သည်နှင့် တစ်ပြိုင် နက် သူ့ တစ်ကိုယ်လုံး လှောင်အိမ်ခွာ ငှက်တစ်ကောင် လို ပေါ့ပါးလွတ်လပ်သွား၏။ သူ့ဆရာကို မြင်မြင်ချင်း… “လုပ်ပါဦး ဆရာရေ.. ကျွန်တော် တစ်လမ်းလုံး ဒုက္ခရောက်လာခဲ့လို့” ဆရာက မျက်မှောင်တစ်ချက်ကြုတ်ကာ သူ့ကိုကြည့်ရင်း..
“မင်းစကားက ဘာကြီးတုံးကွ”
သူ ချက်ချင်း မပြောနိုင်သေး။ ရေတစ်ခွက်ကို ခပ် သောက်ပြီးမှ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ… ‘ဒီမှာ ဆရာရေ.. ဆရာ့ဆီလာရင်း ဟမ်းဖုန်း တစ်လုံး ကောက်ရလာခဲ့လို့”
လက်ထဲကဖုန်းကို သူ့ဆရာလက်ထဲ ထိုးထည့်ပေး လိုက်တော့ သူ့ဆရာ ဘာမှ မထူးဆန်းသလို ကြည့် သည်။ ပြီးမှ နားမလည်ဟန်ဖြင့်…ဒါနဲ့ ဒုက္ခက ဘာဆိုင်လဲ”
သူက ဟက်ခနဲ ရယ်ကျဲကျဲလေး လုပ်လိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရတော့သည်။ သည်တော့ မှ သူ့ ဆရာ ခပ်မွမွလေး ပြုံးသည်။ သူ့ဆရာမှာ တော် တန်ရုံ အရယ်အပြုံး နည်းသူ။ စကား နည်းသူ။ လုပ် စရာရှိ သည်ကိုသာ တစ်စိုက်မတ်မတ် လုပ်တတ်သူ။ “မင်းနှယ်ကွာ.. ဖြစ်မှဖြစ်ရလေ… ဖုန်းမကိုင်တတ် တဲ့ လူမှ ဖုန်းကောက်ရတယ်လို့”
“ဟုတ်ပါရဲ့ ဆရာရယ်”
ကြည့်ဦး… ခုတော့ အသံက တိတ်လို့။ ခေါ်ရတာ လက်ပန်းကျသွားလို့ ထင်သည်။ ဆရာက ဖုန်းကို ဟို ဟိုသည်သည် လုပ်ကြည့်သေးသည်။
“တစ်ဖက်က ဖုန်း လော့ခ်ချထားတယ်ထင်တယ်” “ဒါဆို”
“သူ့အခေါ်ကိုပဲ ထပ်စောင့်လိုက်ပေါ့။ ခေါ်လာရင် အောက်ခြေက အစိမ်းရောင်လေးကို လက်ကလေးနဲ့ အသာရွှေ့လိုက်။ ဒါဆို ပြန်ဆက်လို့ရပြီ” ‘ဒါ ဘာအမျိုးအစားလဲဆရာ
‘အိုင်ဖုန်း… အမျိုးအစား တော်တော်လေး ကောင်း
“ကျွန်တော် တော်တော်ညံ့တာပဲနော်”
“မညံ့ပါဘူး… ကိုယ့်လက်ထဲဖုန်းသာရှိလို့ ပြပေး မယ် သူရှိရင် တစ်ရက်တည်းနဲ့ ကောင်းကောင်းကြီး နားလည်သွားမှာပါ”
ဖုန်းတစ်လုံးသည် သူ့အတွက်တော့ သည်လောက် လည်း အရေး မကြီးလှပါ။ ဆက်သွယ်စရာလည်း များများစားစား ရှိသည်မဟုတ်။ လိုအပ်လာလျှင် ပတ်ဝန်းကျင်မှာ ဆက်သွယ်ရေးတွေ ပေါမှပေါ။ ဆရာက ဖုန်းကို သူ့လက်ထဲ ပြန်ထည့်ပြီးနောက် ထို အကြောင်းကို တမည်တဖွဲ့ ဆက်မနေတော့ပါ။ အလုပ် အကြောင်းသာ စိတ်ဝင်တစားပြောနေသည်။ သူ့မှာ ဆရာ့စကားတွေ နားထောင်နေရသော်လည်း တစ်ခါ တစ်ခါ အိတ်ကပ်ထဲရှိ ဖုန်းပေါ် စိတ်က ရောက်ရောက် သွားသည်။ အခုမှ ဘာလို့ ထူးထူးခြားခြား ငြိမ်သက် နေရတာလဲ။ အခု သူ ဖုန်းဖွင့်တတ်သွားပြီလေ… ဆက်ပါတော့လား.. ဘာဖြစ်နေတာလဲ။
ဆရာနှင့် နာရီဝတ်ကျော်ကျော် စကားပြောဖြစ် သည်။ ထို့နောက် လုပ်ငန်းအတွက် ကြိုတင်ငွေ ငါး သောင်း ထုတ်ပေးသည်။ ဆရာ့ကို နှုတ်ဆက်တော့ ဖုန်း အကြောင်းတစ်ခွန်းပင်မဟ။ လုံးလုံး မေ့သွားပုံရသည်။ ဆရာတို့ နေထိုင်ရာအရပ်မှာ လူကုံထံ ရပ်ကွက်မို့ လိုင်းကား မရှိ။ Taxi ပင် ဖြတ်သွားဖြတ်လာ တစ်စီးတ လေ။ ထို့ကြောင့် လမ်းထိပ်ထိ လျှောက်ရသည်။ “ကိုကြီးကျော် ကိုကြီးကျော် x တို့ကိုကြီးကျော်”
လာပါချေပြီ။ သူ မျှော်လင့်နေသည့်အသံ။ စိတ် မဖြောင့်နိုင်ဘဲ စောင့်နေရသောအသံ။ စောစောက ဘယ် နားသွား အိပ်ပျော်နေမှန်းမသိသော အသံ။ သူ ဖုန်းကို ထုတ်ကာ တစ်ဖက်မှ အစိမ်းရောင်လေးကို တစ်ဖက်သို့ အောင်မြင်စွာ ဆွဲရွှေ့လိုက်နိုင်ပါပြီ… အိုကေ။ ‘ဟဲလို”
“အခု ဖုန်းဆက်နေတာ ဘယ်သူပါလဲ ခင်ဗျာ” လူငယ်တစ်ယောက်ရဲ့ အသံ။ အပြောက ယဉ်ယဉ် ကျေးကျေး သိမ်သိမ်မွေ့မွေ့ ။
“ကိုကြီးကျော်ဆိုတာ မင်းလား”
‘ဟုတ်ပါတယ် ခင်ဗျာ’
“အေး… မင်းဖုန်း ငါ့ လက်ထဲမှာ” “ကျွန်တော် ဦးလေးကို ဘယ်မှာ လာတွေ့ ရမလဲ
ခင်ဗျာ”
ရုတ်တရက် သူ ပြန် မဖြေတတ်။ ဘယ်နေရာမှာ ဆုံရမှန်းမသိ။ နောက်မှ လမ်းထိပ်ရှိ Sky ဆိုသော လက်ဖက်ရည်ဆိုင်ကို အမှတ်ရလိုက်သည်။ ကျယ်ကျယ် ဝန်းဝန်း၊ သားသားနားနား။ နီယွန်ဆိုင်းဘုတ်ကြီးနှင့်မို့ ရှာရတာလွယ်မည်။ ထို့ကြောင့် Sky သို့လာရန် ချိန်း လိုက်သည်။
သူ သံပရာရည်တစ်ခွက်မှာကာ ထိုင်စောင့်နေလိုက် သည်။ ‘ကျွန်တော် ဦးလေးဆီ နာရီဝတ်အတွင်း ရောက် အောင် လာခဲ့ပါ့မယ်… မြို့ထဲကနေလာရမှာမို့ပါ” ဟု တောင်းပန်တိုးလျှိုးသည့်အသံကို နားထဲမှ ပြန်ကြားနေမိ ၏။ မိနစ်နှစ်ဆယ်ကျော်လောက်မှာပင် ဖုန်းသံထပ်မြည် လာသည်။
“မင်း အခုဘယ်မှာလဲ”
‘ဆိုင်ထဲ ရောက်နေပြီ ဦးလေး”
ဟိုဟိုသည်သည် လှမ်းကြည့်တော့ သူ့ဆီ တည့် တည့် လျှောက်လာသည့် ကောင်လေး သုံးယောက်။ အလွန်ဆုံးရှိ ဆယ့်ခြောက်ဆယ့်ခုနစ်ထက် မပို။ ရွယ်တူ လေးတွေ။ ကျန်နှစ်ယောက်စလုံး ဟမ်းဖုန်းကိုယ်စီနှင့်။ ‘ထိုင်ကြကွာ’
သူက နေရာပေးတော့ အားလုံး ဝိုင်းထိုင်ကြသည်။ ခေတ်ကို လျှပ်တိုက်ပြေးနေသည့် ဖတ်ရှင်ဝတ်စုံ ဒီဇိုင်း လေးတွေ ကိုယ်စီဝတ်လို့။ မျက်နှာလေးတွေက နုနု
နယ်နယ်၊ ကြည်ကြည်စင်စင်။ ပြုံးနေသော်လည်း မျက် လုံးများတွင်တော့ သောကအမောတို့ မပျောက်ချင်သေး။ သားတို့.. ရှေ့ဆောင်ရုံရှေ့မှာ ဆင်းကြတာ’ “အေး… ငါက အဲဒီကနေ ငှားတာ။ ဖုန်းတောင် ကျန်ခဲ့ရတယ်လို့ကွာ”
“သားတို့ ဘီယာ သောက်ထားကြတာ။ ဖုန်းပျောက် တော့ ရီဝေဝေတွေတောင် ဘယ်ရောက်လို့ ပျောက်ကုန် မှန်း မသိပါဘူး ဦးရယ်”
ပိုင်ရှင်ကောင်လေးက ရယ်ကျဲကျဲဖြင့် ဆိုသည်။ သူ သက်ပြင်းကို အသာချလိုက်သည်။ ဘာကြောင့်မှန်း တော့ မသိ။ နောက် ကောင်လေးက သူ့ထံ တစ်စုံတစ်ရာ လှမ်းပေးသည်။
“အခု သားတို့ဆီမှာ တစ်သောင်းပဲ ကျန်တော့တယ် ဦးလေး။ နည်းတယ်လို့တော့ မထင်ပါနဲ့။ ဒါ သားတို့ရှိ အကုန်ပဲ”
သူ မျှော်လင့်မထားသော ကိစ္စ။ ယောင်လို့ပင် မတွေးမိသောအဖြစ်။ သူ့ဆန္ဒက စေတနာသန့်သန့်ဖြင့် ပြန်ပေးချင်ရုံသက်သက်။
‘ဟေ့ကောင်တွေ.. ငါ မင်းတို့ဆီက ငွေလိုချင်လို့ ပြန်ပေးတာ မဟုတ်ဘူးကွ”
“ဟုတ်ပါတယ်… သားတို့ကလည်း အခုလို ပြန်ပေး တဲ့စေတနာကို ကန်တော့တဲ့ သဘောပါ”
သူ ဖုန်းကို ပြန်ပေးလိုက်သည်။ သူတို့က ငွေကို အတင်းပေးသည်။ သူ လက်မခံပါ။ လက်ခံလိုက်လျှင် သူ့သိက္ခာ တစ်သောင်းပဲ တန်သွားမည်ပေါ့။ ကြုံတုန်း စကားစမြည်ပြောကြည့်တော့ အားလုံးကျောင်းသားလေး တွေ။ မိဘလုပ်စာ ထိုင်စားနေသူတွေ။ မိဘတွေက အထိုက်အလျောက် ရှာနိုင်ဖွေနိုင်သူတွေ။ နောက်ဆုံးငွေ ကို လက်မခံတော့ သံပုရာရည်ဖိုးရှင်းကာ ကျေးဇူးတင် ကြောင်း အထပ်ထပ် ပြောလျက် နှုတ်ဆက်ပြန်သွားကြ ၏။ ထိုစဉ်က ပီတိဆိုသော အရာကို ခြေခြေမြစ်မြစ် နားမလည်ခဲ့သော်လည်း ကြည်နူးစိတ်တော့ ဖြစ်ခဲ့မိ သည်မှာ အမှန်ပင်။
နှစ်နှစ်နီးပါးလောက်တော့ ကြာခဲ့မည်ထင်သည်။
သူ့တွင် ရောဂါဆန်းတစ်မျိုး မသိမသာ စွဲကပ်လာခဲ့ သည်။ တစ်ခါတစ်ရံ ထိုရောဂါကြောင့် အစားအသောက် ခြိုးခြံချွေတာရတာတွေ ရှိလာသည်။ ကြိုက်လွန်းသော လက်ဖက်ရည်၊ မနေနိုင်သော ကွမ်းယာ၊ ဆေးလိပ် တို့ကို ပင် သိသိသာသာ လျှော့ချလိုက်ရတာမျိုး ရှိသည်။ ရောဂါ ဇာစ်မြစ်ကို ပြန်သုံးသပ်ရလျှင် နှစ်သိန်းတန် ဖုန်းကဒ်များ လှိုင်လှိုင် ရောင်းချပေးသော ကာလနောက်ပိုင်းမှ စတင် သည်ဟု ဆိုရမည်။
နှစ်သိန်းတန် ဖုန်းများ ချပေးလိုက်သည့်နောက်ပိုင်း ငါးသိန်း တုန်းကလို မဟုတ်ဘဲ လူတော်တော်များများ လက်ထဲသို့ ဖုန်းလေးတွေ အဆပေါင်းများစွာ ခုန်ပေါက် ဆင်းလာကြသည်။ အရောင်စုံစုံ၊ အသွေးလှလှ၊ ပုံစံ အမျိုးမျိုး ဟမ်းဆက်တွေနှင့်။ သွားရာလမ်းတစ်လျှောက် ကားစီးရာလမ်းတစ်ကြော ဟိုကထုတ်ဆက်လိုက်၊ သည် က ထုတ်ပြောလိုက်နှင့် မြိုင်မြိုင်ဆိုင်ဆိုင်။ ဆယ်ကျော် သက်လေးတွေတင်မက လူလတ်ပိုင်း၊ သက်ကြီးပိုင်းတွေ ပင် ဖုန်းလေးတွေတကိုင်ကိုင်။ သူနေသော ပတ်ဝန်းကျင် မှာလည်း အပြိုင်အဆိုင် ဝယ်ကုန်ကြပြီ။ ကုန်စိမ်းသည် မညို၊ ဘိန်းမုန့်သည် စိုးကြီး၊ ဝက်သားတုတ်ထိုးသည် ဦးစိန်၊ လမ်းဘေး ထမင်းကြော်သည် ဒေါ်တင့်… ပြောရ လျှင် အများကြီး။ ဘယ်နေရာသွားသွား၊ ဘယ်နေရာ လည်လည် အသိမိတ်ဆွေတွေနှင့် ဆုံဖြစ်ကြလျှင် သူတို့ ခါးမှာ ဖုန်းလေးတွေ ကိုယ်စီချိတ်လို့။ အိတ်ထောင်တွေ ထဲ ထည့်လို့။ ဟန်လုပ်ကြလေရော့သလားမသိ။ လူကျပ် ကျပ်ထူလျှင် ဖုန်းလှမ်းလှမ်းခေါ်ရတာအမော။ “ရှိုးထုတ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါလေးရှိ တော့ အချိန်ကုန် သက်သာတယ်။ အလုပ် တွင်တယ်၊ ခရီးကို ချုံ့ပစ်တယ်။ လူသက်သာတယ်” သူပြောတာလည်း မဆိုးပါ။ ရှိနေရင်တော့ ကောင်းဆုံးပေါ့။ သိပ်မကြာ… တူလေးအား သူ့အဖေက ဖုန်းဝယ်ပေးလိုက်သည် ဆိုသောအခါ သူ ဖုန်းကိုင်ချင် စိတ်တွေ တဖြည်းဖြည်းဖြစ်လာသည်။ အရင်က ဖုန်းကို စိတ်မဝင်စားသော်လည်း ယခုအများသူငါ ကိုင်တာတွေ ကြည့်ပြီး အားကျလာသလား၊ ခေတ်မမီတော့ဟု ထင် လာသလား ခွဲခွဲခြားခြားတော့ သူ မသိ။ ဖုန်းကိုင်ချင် သည့်ရောဂါကတော့ တစ်နေ့တခြား ကူးစက်လာသည်
ကတော့ အမှန်။
သည်နေရာတွင် ခက်နေသည်က သူ့ဝင်ငွေမှာ ဖုန်း တစ်လုံး ချက်ချင်းလက်ငင်း ကောက်ဝယ်နိုင်လောက် သည့် ပမာဏ မရှိ။ လူပျိုကြီးလည်းဖြစ်ပြန်၊ ရှေ့နောက် မကြည့် ထင်ရာသုံးတတ်သူများစာရင်းတွင် ပါဝင်သူမို့ သူ့မှာ စုမိဆောင်းမိဆိုတာမျိုးလည်း မရှိ။ ထို မရှိခြင်းများ ကြောင့် စေးစေးကုတ်ကုတ် ချွေတာစုဆောင်းလျှင် တောင် အနည်းဆုံး သုံးလေးလ အထက် ကြာနိုင်မည်။ တခြားသူထံမှလည်း အချေးအငှားလည်း သူမလုပ်လို ပြန်ပါ။ နေ့ပြန်တိုးနှင့် ဖုန်းဝယ်သည်ဆိုလျှင် လူကြားလို့မှ မကောင်း။ ထို့ကြောင့် သူ စီမံကိန်းချကာ အသေအချာ ပြင်ဆင်လိုက်၏။
အရင် လက်လွတ်စပယ် နေထိုင် စားသောက်တတ် သူက ခု အစစအရာရာ ချုပ်တီးနေရပြီဆိုတော့ တော် တော် ကသိကအောက် နိုင်လှသည်။ ပင်ပန်းဆင်းရဲလှ သည်။ သို့သော် ကိစ္စမရှိ။ သည်လိုသာ မလုပ်လျှင် သူ့ရည်မှန်းချက် ပြည့်လာမှာမဟုတ်။ ထို့ကြောင့် အကြိတ်အနယ် စုရတော့၏။ သည်ကြားထဲ သူ့တူလေး ရောက်လာလျှင် ဖုန်းကိုယူလျက် နည်းပညာများ သင်ယူ ရပြန်၏။ သည်နေရာတွင် သူ့တူလေးက ဆရာကြီး။ နောက် ဟမ်းဆက်များအကြောင်း လေ့လာသည်။ နှစ်သောင်းကျော်မှ သိန်းကျော်ထိ ရှိကြောင်း သူ သိလာ၏။
“လက်သည်းခွံလောက်ရှိတဲ့ ကတ်လေးကို နှစ်သိန်း တောင် ပေးရသတဲ့လားကွာ”
တူလေးက ခုမှ သိရသလားဆိုသော မျက်နှာပေး နှင့် သူ့ကို အထူးအဆန်းလို ကြည့်သည်။
တစ်ရက် နိုင်ငံခြားတွင် အလုပ် သွားလုပ်နေသော အသိတစ်ယောက် ပြန်လာရာမှ သူကိုင်နေသော ဟမ်း ဖုန်းကို ပြသည်။ ဗြုန်းဆို သူ သတိရလိုက်သည်မှာ တစ်ခါက ကောက်ရခဲ့ဖူးသော ဖုန်းနှင့် တစ်ပုံစံတည်း။ အမျိုးအစားကလည်း အတူတူ။
“ဒီဟမ်းဆက် ဘယ်လောက်ရှိလဲ ကိုသက်” မြန်မာငွေနဲ့တွက်ရင်တော့ ဆယ်သိန်းဝန်းကျင်ပဲ။
ခုတော့ ဈေးကျသွားပါပြီ။ ရှစ်သိန်းလောက်ဆို ရတယ်”
“ရှစ်သိန်း”
သူ့နှုတ်မှ တအံ့တသြ ရေရွတ်မိသည်။ သူ ကောက်
ရခဲ့တာ ငါးသိန်းတန်ကတ်နဲ့ဆို အနည်းဆုံးဆယ်သိန်း ကျော်တန်တဲ့ ဖုန်းတစ်လုံးပါလား။ အကယ်၍များ ၅ဝ နှင့် စလျှင်ဆိုရင်တော့… သူ မစဉ်းစားတတ်အောင်ပင်။ မိတ်ဆွေက သူ့ဖုန်းမှ ဖန်ရှင်များကို အမျိုးမျိုး လုပ်ပြ တော့ သူ့မှာ ရင်သပ်ရှုမော။ ဖုန်းကို ယူကာ ဟိုကလိ၊ သည်ကလိ လုပ်လိုက်သေးသည်။ ဟိုတစ်ချိန်တုန်းက တော့ ဖုန်းပင် မဖွင့်တတ်သော သူ့ ဘဝ။
ထိုညက သူတော်တော်နှင့် အိပ်မပျော်နိုင်တော့။ အတွေးတွေက ကောက်ရခဲ့ဖူးသော ဖုန်းဆီမှာသာ။ ထို အချိန်က သည်လောက်တန်ဖိုးရှိခဲ့မှန်း မသိခဲ့တာကို လည်း နောင်တရချင်သလိုလို။
“အဲဒီတုန်းကသာ ပြန်မပေးဖြစ်ခဲ့ရင်…” ဖုန်းကတ်ကိုသာ ဖြုတ်ထားလိုက်လျှင် ဘယ်လိုမှ မဝယ်နိုင်သော ဟမ်းဆက်ကို သူ ရမည်။
“ဟာ.. မဟုတ်သေးပါဘူး။ ဒါဆို.. ငါ့ကိုယ်ကျင့် တရားတွေ မြောင်းထဲ ရောက်ကုန်တော့မှာပေါ့။ ငါ လုပ်ခဲ့ တာတွေ မှန်တယ်။ ခုချိန်ထိ ငါ့လက်ထဲမှာရှိနေလည်း ငါ့လိပ်ပြာ ငါ လုံမှာ မဟုတ်ဘူး”
သူ့စိတ် တစ်မျိုးပြောင်းသွားပြန်သည်။ မေ့မေ့ ပျောက်ပျောက် ဖြစ်နေသည့်ကိစ္စ၊ ခုမှ ဘာလို့ ပြန်တမ်း တနေရပါလိမ့်။
“တကယ်လို့များ ခုလိုဖုန်းလိုအပ်ချိန်မှသာ ကြုံခဲ့ ရင် ငါ့သိက္ခာကို ငါထိန်းနိုင်ပါ့မလား။ နောက်ပြီး အရင် က ဖုန်းကို ပြန်သတိရနေတာဟာ နှမြောစိတ် ဝင်နေမိ တာလား
သူ ခေါင်းကို တွင်တွင် ခါယမ်းလိုက်ပြန်၏။ နား ထင်စပ်တွင် ချွေးလေးတွေက စိုစိုစွတ်စွတ်၊ ရင်အစုံမှာ လည်း နိမ့်ချည်မြင့်ချည်။
“ဟင့်အင်း ဟင့်အင်း… ငါ့ပစ္စည်းသာ ပျောက်သွား ရင် ဘယ်လောက် စပ်ပူစပ်လောင်ဖြစ်လိမ့်မလဲ။ အနည်း ဆုံး မရအရတော့ ကြိုးစားကြည့်မှာပဲ။ ပြန်ဆက်သွယ် တဲ့လူကို ငါ အရမ်း ကျေးဇူးတင်နေမိမှာ
သူပြန်ပြီး ငြိမ်သက်သွားပြန်သည်။ ခေါင်းထဲမှာ လည်း ရှုပ်ထွေးနောက်ကျလာ၏။ အတွေးတွေက ဟို ရောက်သည်ရောက်။ သက်ပြင်းတွေ ချခဲ့ရတာလည်း
အကြိမ်ကြိမ်။ နောက်ဆုံး မိုးလင်းခါနီးမှ မှေးခနဲအိပ် ပျော်သွား၏။
ထိုနေ့က ကောင်းကင်တွင် ယခင်နေ့များလို တိမ်ရိပ် မိုးရိပ်တွေ ရှိမနေ၊ ထူးထူးခြားခြား ကင်းစင်နေသည်။ စိတ်ပျက်စရာကောင်းသော မကြာမကြာ မိုးရွာမှုမှ လွတ် မြောက်လာသော နေ့တစ်နေ့။ ညနေပိုင်း ခြေခင်းလက်ခင်း သာသောကြောင့် အလုပ်ကိစ္စနှင့် ပတ်သက်ကာ စကား ပြောစရာရှိသော မိတ်ဆွေတစ်ယောက်နှင့်ဆုံရန် ဆုံးဖြတ် လိုက်၏။ သို့သော် စိတ်ကူးရတိုင်း ကောက်ကာငင်ကာ ထသွားလို့ မဖြစ်သေး။ အိမ်တွင်ရှိ မရှိ မိတ်ဆွေ၏ ဟမ်းဖုန်းကို ဆက်ရဦးမည်။ နို့မို့ လိုင်းကားကို တိုးတိုး ဝှေ့ဝှေ့စီး၊ ကားခကုန်၊ လူပင်ပန်းခံ သွားကာမှ ဟိုရောက် လို့ မရှိဘူး၊ အပြင် ထွက်သွားတယ်ဆိုလျှင် သူမောမည်။ ရှိုးထုတ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါလေးရှိ တော့ အချိန်ကုန် သက်သာတယ်။ အလုပ် တွင်တယ်၊ ခရီးကို ချုံ့ပစ်တယ်၊ လူသက်သာတယ်’
မိတ်ဆွေစကားကို သူ သတိပြန်ရလိုက်တော့ ထောက်ခံချင်သလို ဖြစ်သွားသည်။ ဘယ့်နှယ် လူငယ်
တွေကြားမှာပင် အိုင်တီခေတ်လို့ ပြောနေကြသည့်
အင်ဖော်မေးရှင်း၊ တက်ခနိုလိုဂျီသတင်းနှင့် နည်းပညာ အကြောင်းတွေ ဖလန်းဖလန်းထအောင် ပြောနေသည့် အချိန်အခါမျိုးတွင် သူ့မှာ ဖုန်းတစ်လုံးလောက်တောင် မရှိခြင်းက မည်မျှကြေကွဲစရာ ကောင်းနေပါလဲ။ အလွန် နောက်ကျ ကျန်ခဲ့သည့်နိုင်ငံတစ်နိုင်ငံနှင့် တူမနေပေဘူး လား။ စိတ်ချ။ နောက်ထပ် နှစ်ပတ်လောက်ဆို ဖုန်း ကတ်ဖိုး နှစ်သိန်းပြည့်တော့မည်။ ဟမ်းဆက်နှင့် ငွေဖြည့်ကတ် အတွက်တော့ နောက်တစ်ကျော့။
ဖုန်းဆက်တော့ မိတ်ဆွေက သူရှိသည်၊ လာခဲ့ပါ။ စောင့်နေပါမည် ဆို၏။ ထို့ကြောင့် သူ ထွက်လာခဲ့သည်။ မိတ်ဆွေနေသော ရပ်ကွက်လေး၏ မြောက်ဘက်တွင် ဘုန်းကြီးကျောင်းတွေ ရှိနေသောကြောင့် တိတ်တိတ် ဆိတ်ဆိတ် အေးအေးချမ်းချမ်းရှိလှသည်။ သူ လျှောက် လာရာ ကတ္တရာလမ်းအိုတစ်လျှောက် လူသွား လူလာ တော့ သိပ်မပြတ်လှ။ တစ်နေရာအရောက်…
“ဟင်”
လမ်းနှင့် မလှမ်းမကမ်း စေတီတစ်ဆူ၏ ခြေရင်း အုတ်လှေကားပေါ်တွင် ခွေခွေလေး အိပ်နေသော လူ တစ်ယောက်။ ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်၊ သစ်ရိပ်၊ ဘူတာနှင့် မှတ်တိုင်နားခိုရာတို့တွင် ထိုကဲ့သို့ မူး၍ လှဲနေ တတ်သော အရက်သမား အများအပြား မြင်ဖူးသည်။ မထူးဆန်းလှပါ။ သို့သော် ယခုလူကတော့ နည်းနည်း ထူးခြားသလိုပင်။ အသက်က သုံးဆယ်ပိုပိုပင် ရှိဦးမည်။ ဥပဓိရုပ်က မဆိုး။ အသားက ညိုညို၊ အဖြူရောင်ရှပ် အင်္ကျီလည်ကတုံးက ခပ်သန့်သန့်။ အနက်ဘက်ကဲနေ သည့် လုံချည်။ အစိမ်းရောင် ကတ္တီပါ ဖိနပ်လေးက ညစ်ညစ်ထွေးထွေး မဖြစ်သေး။ ခေါင်း မခုထားသော တစ်ဖက်လက်ပေါ်တွင် အဖြူရောင်နာရီဝိုင်းလေး။ သူ အထူးစိတ်ဝင်စားသွားသည်က ခါးတွင် ချိတ်ထားသော ကြက်သွေးရောင် အိတ်စွပ်လေးနှင့် ဟမ်းဖုန်း။ “ဒီလောက်တောင် သောက်ရတယ်လို့ကွာ”
စိတ်ထဲမှာ ကရုဏာ သက်စွာ ဆိုမိသည်။ ဘာလို့ သည်လိုနေရာမျိုးမှာ လာအိပ်နေရပါလိမ့်။ အဖော်မပါ ဘူးလား။ သတိလွတ်အောင် ဖြစ်ခဲ့ရသလား။ တကယ် တမ်းပြန်တွေးကြည့်လျှင် ထိုအဖြစ်မျိုးမှာ မဆန်းလှပါ။ နဂိုကတည်းက လောကကြီးဟာ တရွဲ့တစောင်းမို့လား။ သည်ကြားထဲ လူတွေရဲ့စိတ်ခံစားချက်က ထွေထွေပြား ပြား။ သည်လို ဝတ်ကောင်း စားကောင်း၊ ဟမ်းဖုန်း တစ်လုံးနှင့် လူတစ်ယောက် အရက်မူးပြီး လမ်းဘေး မအိပ်ရဘူးလို့ မည်သူမှ ပညတ်ထားတာမှမဟုတ်။ သူ့ မှာလည်း သူ့အကြောင်းတော့ ရှိလိမ့်မပေါ့။
သူ ကြာကြာ ရပ်မကြည့်ဝံ့ပါ။ လူသွားလူလာ ကျဲကျဲ ပါးပါး ရှိနေသည်။ ဖြတ်သွားဖြတ်လာ ကားတချို့ ရှိနေ သည်။ မတော် သူ့အား တစ်မျိုးမြင်သွားလျှင် မကောင်း။ ထို့ကြောင့် သူထိုလူကို ကျောခိုင်းလိုက်သည်။ သူ လက်ချက်နှင့်သာ မတွေ့ ပါစေနဲ့ဟု ဆိုရပေတော့မည်။
မသမာမိတ်ဆွေနှင့်တွေ့ တော့ လမ်းက လူအကြောင်းကို ပြောပြဖြစ်သည်။ သို့တစေ မိတ်ဆွေက သာမန်ကာလျှံ ကာ‘ဟုတ်လား”ဆိုသော စကားတစ်လုံးမှလွဲလျှင် ထူးထူး ထွေထွေ ဆက် မပြောပါ။ လုပ်ငန်းကိစ္စသာ ဦးစားပေး
ပြောဖြစ်သွား၏။
“ခုတစ်လော… ခင်ဗျား အလုပ်တွေ အရမ်း လုပ်နေတယ်နော်”
“ဒီလိုပါပဲဗျာ… လုပ်စရာကိစ္စလေးတစ်ခုရှိနေလို့” ရည်ရွယ်ရင်းကို တခြား သူအား ပြောလို့မဖြစ်။ ယခုအချိန်မှာ စိတ်ကူးနှင့် လက်တွေ့ တစ်ဝက်စီ တည် ဆောက်နေဆဲ။ ဖြစ်လာမှ ရှိတာကို သိသွားတာကိစ္စမရှိ။ တစ်နာရီလောက် ပြောဆိုပြီးတော့ သူ မိတ်ဆွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ စေတီလေးကို အဝေးက ပင် ကြည့်လာခဲ့သည်။ လဲနေသူထိုနေရာတွင် မရှိတော့။ အမူးပြေ၍ ထသွားဟန်ရှိသည်။ အုတ်လှေကားလေးက တော့ သည်လိုလူမျိုး ဘယ်နှဦးများ ပါမစ်ပေးခဲ့ပြီးပြီလဲ မသိ။ တကယ်ဆိုလျှင် ထိုနေရာလေးသည် အေးချမ်းလှ ၏။ အနီးရှိ သစ်ရိပ် ဝါးရိပ်တွေက စိမ်းစိမ်းဖြာဖြာ။ သဘာဝလေအေးက ညင်းညင်းဖြူးဖြူး။ သူကိုယ်တိုင် လည်း မူးဖူးသူ တစ်ယောက်မို့ သည်လိုအရသာမျိုးကို ခံစားနားလည်ပေးလို့ရသည်။
သူ ဆက်လျှောက်လာခဲ့သည်။ ခပ်လှမ်းလှမ်းတစ် နေရာအရောက် မြက်ပင်ထူထူကြားထဲတွင် နီညိုရောင် ပစ္စည်းလေးတစ်ခု ဖျတ်ခနဲ တွေ့လိုက်ရ၏။ ဘာပါလိမ့် ဆိုပြီး သွားကြည့်တော့ စောစောကလူ ခါးတွင် ချိတ် ထားသော အိတ်စွပ်နှင့် ဟမ်းဖုန်းလေး။ သူ့နှလုံးသွေး တွေ တဒိတ်ဒိတ် ခုန်လာသည်။ ကြည့်စမ်း.. သူ ပြုတ်ကျ ကျန်ခဲ့တာပါလား၊ ဒုတိယအကြိမ် သူ ကောက်ရပြန်ပြီ။ ဘေးဘီကို မသိမသာ ဝေ့ဝဲကြည့်တော့ အရှေ့ဘက်မှ ဈေးသည်တစ်ဦး လျှောက်လာနေတာ တွေ့ ရ၏။ လှမ်း ကောက်တာမြင်လျှင် ဈေးသည်စိတ်ထဲ ဇဝေဇဝါဖြစ်သွား နိုင်သည်။ သံသယ ဝင်သွားနိုင်သည်။ ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ… မထူးတော့သည့်အဆုံး… သံသယကို အရှက်နှင့်လဲလိုက်သည်။ တခြားမဟုတ်၊ လမ်းဘေး ဆီးသွားချင်ယောင်ဆောင်ကာ ဖုန်းကို ကောက်လိုက်ခြင်း ပင်။ ထိုမိန်းမကြီး သူ့ကို ဖျတ်ခနဲပင် စောင်းငဲ့ကြည့်သွား မည်မထင်။ ခပ်ဝေးဝေးရောက်မှ ဖုန်းကို လွယ်အိတ်ထဲ ထိုးထည့်ကာ ခြေလှမ်း သွက်သွက်လျှောက်၊ လိုင်းကား စီးလျက် အိမ်သို့ သုတ်ခြေတင်တော့၏။
အိမ်ကိုရောက်တော့ အမှောင်က အင်ပါယာချဲ့လာ
ပြီ။ တံခါးတွေကို အသေအချာ ဆွဲပိတ်ပြီး လွယ်အိတ်ထဲ က ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းအိတ်လေးမှာ ဖုန်တ ချို့ ရွှံ့တချို့နှင့် ပေပေ စွန်းစွန်း။ အိတ်အတွင်းမှ ဟမ်း ဆက်လေးကို ထုတ်လိုက်သည်။ စခရင်အပြည့်၊ အောက် နားဆီမှ ဘဲဥပုံ ခလုတ် သေးသေးလေး နှစ်ခုသာပါပြီး i-mobile ဟူ၍ ရေးထား၏။ ဘယ်လောက် တန်မှန်း တော့ သူ မသိ။ တစ်သိန်း ဝန်းကျင်လောက်ရှိမည်ဟု တော့ ခန့်မှန်းသည်။ တစ်ပတ်တစ်ပတ် ဈေးကွက်ထဲ ဝင်လာသည့် ဟမ်းဆက်တွေက မှိုလိုပေါက်နေသည်မို့ သူ လိုက်မမီနိုင်တော့။ အတုနှင့်အစစ်လည်း မခွဲခြား တတ်။
သူ ဖုန်းကိုဖွင့်ကာ လက်ကလေးနှင့် ဟိုဘက်သပ် လိုက်၊ သည်ဘက်ရွေ့လိုက်နှင့် အလုပ်ရှုပ်နေ၏။ အရုပ် တွေ စာတန်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာလိုက်၊ ပြောင်း သွားလိုက် နောက်ထပ် အသစ်တွေ အစီအရီ ပေါ်လာ လိုက်နှင့် သူတော်တော့်ကို စိတ်လှုပ်ရှား ရင်ခုန်နေပြီ။ နောက် သူ တစ်ဦးဦးဆီသို့ ဖုန်းဆက်ရန် စိတ်ကူးပေါ် လာသည်။ ပြဿနာက မည်သူ့ဆီ ဆက်ရမှန်းမသိ။ အကြောင်းမရှိဘဲ ဆက်လျှင် ခပ်ကြောင်ကြောင်ဖြစ်ဦး မည်။ လှိုင်သာယာရှိ ညီမဝမ်းကွဲတစ်ယောက်တော့ ရှိသည်။ ဝယ်ထားတာ မကြာသေး၊ သူ့ကိုဆက်ကြည့် ရင်တော့ အဆင်ပြေနိုင်သည်။ ထို့ကြောင့် လက်ညှိုး လေးဖြင့် နံပါတ်တွေကို ဟိုတို့သည်တို့ လုပ်လိုက်တော့ ချက်ချင်း လိုင်းဝင်သွားသည်။
“ဟဲလို ဘယ်သူလဲ”
တာလဲ”
“ငါ ငါပါ… အေးကြည်ရဲ့၊ ညိုမင်းပါ”
“အစ်ကို့အသံတွေ တစ်မျိုးကြီး… ဘာလို့ တုန်နေ
“မတုန်ပါဘူးဟ၊ နင်ထင်လို့ပါ”
‘ကဲပြော ဘာကိစ္စလဲ”
“အဲ ဟိုလေ… ဟို နင်နေကောင်းလားလို့…
မေးချင်လို့”
“အစ်ကို့စကားက ဘာကြီးမှန်းလည်း မသိဘူး။ နေကောင်းလို့ ခုလိုပြောနေတာပေါ့။ နေစမ်းပါဦး။ အစ်ကို ခု ဘယ်က ဆက်နေတာလဲ” ‘အဲ ဟို လမ်းထိပ်အရက်ဆိုင်က”
“အစ်ကို အရက်တွေသောက်ပြီး ကျွန်မကို ရစ်ဦး မလို့လား။ တော်ပြီ။ တော်ပြီ… ကောင်းမှပြန်ဆက်။ မူး နေရင် ကျွန်မဆီ ဖုန်းမဆက်နဲ့လို့ ပြောထားတယ် မဟုတ်လား”
တစ်ဖက်က ဖုန်းပိတ်သွားသည်။ တော်ပါသေးရဲ့ အရက်နှင့် ရောသွားသည်ကိုပင် ကျေးဇူးတင်ရဦးမည်။ တော်ပြီ.. တော်ပြီ။ ဘယ်သူ့ဆီမှ မဆက်လိုတော့။ ကောက်ရထားမှန်း သိသွားလို့ မဖြစ်။ နောက် သူ ဆက်စဉ်းစားနေသည်မှာ…
“ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ… ဘာဆက်လုပ်ရမလဲ”
ဖုန်းကို ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားမိ၏။ ‘ဒါလေးသာ ငါ့လက်ထဲ ထားလိုက်ရင် ဟမ်းဆက် ဖိုး မကုန်တော့ဘူး။ ငွေ ဆက်စုစရာ မလိုတော့ဘူး။ အပင်ပန်းခံစရာ မလိုတော့ဘူး။ နို့မို့ အစားဆင်းရဲ၊ အသုံး ဆင်းရဲ”
ဖုန်းကို ပိတ်ပစ်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် အမူးသမားလူ၏ပုံရိပ်က ပေါ်လာပြန်၏။ “ဒီလူ့ကိုကြည့်ရတာ လူကောင်း တစ်ယောက်ပါ။ ပညာတတ်ပုံရတယ်။ စိတ်ထားလည်း ကောင်းမယ့် သူမျိုး။ ပျောက်မှန်းသိရင်တော့ စိတ်မကောင်းရှာမှာပဲ… မူးသာ မူးတာပဲ။ ဘယ်လောက် နှမြောလိုက်မလဲ” ဖုန်းကို ပြန်ဖွင့်ကာ စားပွဲပေါ်တင်လိုက်ပြီး သူက တော့ အခန်းကျဉ်းလေးထဲ ခေါက်တုံ့ခေါက်ပြန်။ ‘ငါ မစားရက်၊ မသောက်ရက် ဆက်စုတယ်ထား ဦး။ နောက်ထပ် သုံးလလောက်နေမှ ဟမ်းဆက်ဖိုးရမှာ။ စိတ်ပျက်လိုက်တာ။ အို… ဒါ သူများဥစ္စာ ခိုးယူတာမှ မဟုတ်တာ၊ ကောက်ရတာပဲ။ ကံတရားက ငါ့ကို ဖေး မလိုက်တာ။ ဒါ ငါနဲ့ထိုက်လို့ပဲ”
ဖုန်းကို ပိတ်ပစ်လိုက်ပြန်သည်။ စိတ်တွေ ဂနာမငြိမ် ဖြစ်နေသည်က အသေအချာ။
‘ငါ့ဘဝမှာ မရိုးမဖြောင့်တာတွ မလုပ်ခဲ့ဖူးဘူး။ ဒါကို ငါ့ဆရာတွေ၊ ငါ့မိတ်ဆွေတွေ၊ ငါ့ဆွေမျိုးသားချင်း တွေ အကုန်သိတယ်။ ဒါကြောင့်လည်း ငါ ခုချိန်ထိ ငတ်ငတ်ပြတ်ပြတ် မဖြစ်ခဲ့ဖူးဘူး။ ရိုးသားတဲ့ဂုဏ်ဟာ ထမင်းစား လက်မှတ်ပဲ။ ငါဟာ တစ်သိန်းလောက်ပဲ
တန်တဲ့ လူတစ်ယောက်လား”
သူ ဖုန်းကို ပြန်ဖွင့်လိုက်ပြန်သည်။ လက်တွေက တဆတ်ဆတ်တုန်၏။ မျက်လုံးတွေက ဖုန်းလေးအပေါ် တပ်မက်စိတ်တွေ အထင်အရှားရှိနေဆဲပင်။ ယင်းအခိုက်မှာပင်…
ဖုန်းခေါ်သံ ပေါ်လာပါပြီ။
ဟုတ်သည်။ ပိုင်ရှင်ဆီက ဖုန်းခေါ်တာပဲဖြစ်သည်။ သူ့နှလုံးခုန်သံတွေ တဒုန်းဒုန်းမြန်လာသည်။ တစ်ကိုယ် လုံးလည်း အေးစက်တောင့်တင်းလို့။ လက်တွေက ကတုန်ကယင်။ အသက်ပြင်းပြင်း ရှူထုတ်သံတွေ ဒ တိုင်းသား ကြားနေရသည်။
ဖုန်းကို ကောက်ကိုင် နားထောင်လိုက်ရမလား။ ဒါမှမဟုတ် ပိတ်ပစ်လိုက်ရမလား။
သူ ဘယ်လိုမှ ဝေခွဲ မရနိုင်တော့။ တစ်ဖက်က အဆက်မပြတ် ခေါ်နေပေပြီ။ သူ့မျက်လုံးတွေ ပျာဝေလာ
သည်။ ဆုံးဖြတ်ချက်ကိုလည်း ပိုင်ပိုင် နိုင်နိုင် မချနိုင် သေး။ ဖုန်းထဲတွင် သွင်းထားသည့် ခေါ်သံက နည်းနည်း တော့ ထူးခြားသည်။ အောင်မြင်မှုတွေရနေသည့် အဆို တော် အောင်လ၏ သီချင်းလေးတစ်ပိုဒ်။ အခန်းကျဉ်း လေးထဲမှာတော့ ထိုအသံက ဝေ့ဝဲ လှိုက်ခတ်နေသည်။ “ငါ မှားတာရှိရင်တောင်းပန်ပါတယ်
တစ်ခါတစ်ရံ လူတို့၏ စိတ်သည် တစ်ချိန်တည်း တစ်ပြိုင်နက်တည်းတွင် ကောင်းမှု၊ မကောင်းမှု နှစ်မျိုး စလုံးကို ရယူ သိမ်းပိုက်နိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက် ယုံကြည်လိုက်၏။
ရွှေအမြုတေမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၃]